← Chapters

အခန်း (၁၅၉-၁၆၀)

Vol. 16 Ch. 159-160

အခန်း (၁၅၉-၁၆၀)

Vol. 16 Ch. 159-160

အခန်း (၁၅၉) ကောင်းကင်ကို မော့ကြည့်ရန် ကြိုးစားနေသော ပုရွက်ဆိတ် တစ်ကောင်...ခုံးဝူတောက်က ဘာလို့ ဒီလောက်တောင် ကြောက်စရာကောင်းနေတာလဲ

တစ်ချိန်တည်းမှာပင်...

ကောင်းကင်ဘုံများနှင့်အသင်္ချေနယ်မြေများရှိ ရေနက်ပိုင်း နဂါးမျိုးနွယ်တွင်...

အားကောင်းသော နဂါးချီစွမ်းအင်များဖြင့် ပြည့်နှက်နေသည့် ရေနက်ပိုင်းနဂါးမျိုးနွယ်၏ အကြီးအကဲအများအပြားသည် ခမ်းနားကြီးကျယ်သော ခန်းမကြီးတစ်ခုတွင် စုဝေးနေကြ၏။

"ဟဲ ဟဲ... ကောင်းကင်ဘုံတာအိုနယ်မြေမှာ ပုန်းကွယ်နေတဲ့ ရှေးဟောင်းမဟာတာအို အမှတ်အသားက ထွက်ပေါ်လာပြီလို့ ငါ ကြားတယ်... ငါတို့ရဲ့ တွက်ချက်မှုတွေအရဆိုရင် မင်းသားအောင်းခုံးက နတ်ဘုရားဘုရင်နယ်ပယ်ကို ချိုးဖျက်ဝင်ရောက်သွားလောက်ပြီ မဟုတ်လား..."

"တခြားတာအိုနယ်မြေတွေက အဲ့ဒီအရူးတွေက ကောင်းကင်ဘုံတာအိုနယ်မြေမှာ အချင်းချင်း ရန်ဖြစ်ပြီး တိုက်ခိုက်နေကြတာ... တစ်ယောက်မှတောင် နတ်ဘုရားဘုရင်ကို ချိုးဖျက်ဝင်ရောက်နိုင်တာမျိုး မရှိသေးဘူးလို့ ငါ ကြားတယ်..."

"အထူးသဖြင့် အချိန်လေဟာနယ် တားမြစ်နယ်မြေက ခုံးဝူတောက်ပဲ... သူက တော်တော်လေး အထင်ကြီးစရာ ကောင်းတယ်လို့ ငါ ကြားတယ်..."

"အခု ငါတို့ရဲ့ မင်းသားအောင်းခုံးက နတ်ဘုရားဘုရင်နယ်ပယ်ကို ရောက်သွားပြီဆိုတော့ ခုံးဝူတောက် ဆိုရင်တောင် ဘာဖြစ်လဲ... ဒီ ရှေးဟောင်းမဟာတာအို အမှတ်အသားက မင်းသားအောင်းခုံးရဲ့ လက်ထဲကိုပဲ ရောက်လာမှာ မဟုတ်ဘူးလား..."

ရေနက်ပိုင်း နဂါးမျိုးနွယ်မှ အဆင့်မြင့်အရာရှိ အများအပြားသည် ရယ်မောကာ ဆွေးနွေးနေကြ၏။

အရာအားလုံး သူတို့၏ အစီအစဉ်အတိုင်း ဖြစ်နေသည်။

မင်းသား အောင်းခုံးကို အချိန်အတော်ကြာအောင် သိုသိုသိပ်သိပ် တိုးတက်ခွင့် ပေးခဲ့ခြင်းမှာ အဆုံးတွင် ရှေးဟောင်းမဟာတာအို အမှတ်အသားကို သူ တစ်ချက်တည်းနှင့် လုယူနိုင်ရန်အတွက်ပင်။

ဤအခိုက်အတန့်တွင် ရေနက်ပိုင်းနဂါးမျိုးနွယ်မှ အဆင့်မြင့်အကြီးအကဲ အများအပြားသည် တစ်ခုခုကို အာရုံခံမိသွားပုံရသည်။

သူတို့၏မျက်နှာများပေါ်ရှိ ဝမ်းသာမှုများ ချက်ချင်းအေးခဲတောင့်တင်းသွားပေ၏။

ရေနက်ပိုင်းနဂါးမျိုးနွယ်၏ ပထမဆက်ခံသူ ဖြစ်သော မင်းသားအောင်းခုံး၏ အသက်တံဆိပ်ပြား ကျိုးပဲ့သွားလေပြီ။

ထိုမျှမက မင်းသားအောင်းခုံးကို လျှို့ဝှက်စွာ စောင့်ရှောက်ပေးနေသော တာအို အစောင့်အရှောက် အနည်းငယ်သည်လည်း တစ်ချိန်တည်းမှာပင် သေဆုံးသွားခဲ့ကြသည်။

"သေစမ်း..."

ဒေါသတကြီး ဟိန်းဟောက်သံတစ်သံက ရေနက်ပိုင်း နဂါးမျိုးနွယ်၏ အနက်ရှိုင်းဆုံးနေရာမှ ထွက်ပေါ်လာခဲ့သည်။

"ရေနက်ပိုင်း နဂါးမျိုးနွယ်ရဲ့ ပထမဆက်ခံသူကို ဘယ်သူက သတ်ရဲတာလဲ..."

"တန်ပြန်သက်ရောက်မှုကို ငါ ခံစားရရင်တောင်မှ ဒီ ဧကရာဇ်က အဲ့ဒီသေသင့်တဲ့ကောင်ကို ဆွဲထုတ်ပစ်မယ်..."

ရေနက်ပိုင်း နဂါးမျိုးနွယ်၏ ဘိုးဘေးနယ်မြေ အနက်ရှိုင်းဆုံး နေရာတွင် မင်းသား အောင်းခုံး၏အဘိုးဖြစ်သော စွမ်းအားကြီးမားသည့် နတ်ဆိုးဧကရာဇ်တစ်ပါးထံမှ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများ ပေါက်ကွဲထွက်လာသည်။

သူသည် သူ၏ မူလအစ သွေးအနှစ်သာရ ကိုပင် လောင်ကျွမ်းပစ်ခဲ့ပြီး ကြီးမားသော တန်ပြန်သက်ရောက်မှုကို ခံစားရကာ မင်းသား အောင်းခုံး၏ခန္ဓာကိုယ်တွင် သူ ချန်ထားခဲ့သော ချီစွမ်းအင် အနည်းငယ်မှတစ်ဆင့် တစ်ဖက်လူ မသေမီ မြင်တွေ့ခဲ့ရသည့်မြင်ကွင်းကို သူ တွက်ချက်လိုက်သည်။

မင်းသားအောင်းခုံး၏ ရှုထောင့်မှ ကြည့်မည်ဆိုပါက....

ကြောက်မက်ဖွယ်ကောင်းသော ပြင်ပနယ်မြေ နတ်ဆိုးချီများ ထုတ်လွှတ်နေသည့် ပုံရိပ်တစ်ခုသည် ပေါ့ပေါ့ပါးပါး လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်ရုံသာ ဖြစ်ပေ၏။

မင်းသားအောင်းခုံး၏ လုံခြုံရေးကို လျှို့ဝှက်စွာ ကာကွယ်ပေးနေသော တာအို အစောင့်အရှောက်များအပါအဝင် မင်းသားအောင်းခုံးသည် ဤကြောက်မက်ဖွယ်ကောင်းသော ပုံရိပ်၏ စွမ်းအားကို လုံးဝ မတားဆီးနိုင်ခဲ့ဘဲ သွေးမြူ အစုအဝေးများအဖြစ် ချက်ချင်းပေါက်ကွဲသွားသည်။ သူတို့၏ နတ်ဘုရားစိတ်ဝိညာဉ်များပင်လျှင် လုံးလုံးလျားလျား အမြစ်ပြတ်သတ်ဖြတ်ခြင်းခံလိုက်ရပေ၏။

ထို့နောက် ချက်ချင်းဆိုသလိုပင်...

ကြောက်မက်ဖွယ်ကောင်းသော နတ်ဆိုးချီများ ထုတ်လွှတ်နေသည့် ထိုပုံရိပ်သည် တစ်ခုခုကို သတိပြုမိသွားပုံ ရပြီး သူ၏ခြေလှမ်းများကို ရပ်တန့်ကာ သူ၏အကြည့်ကို အနည်းငယ် တိမ်းစောင်းလိုက်သည်။

လူသားများ နားလည်နိုင်စွမ်းထက် များစွာ ကျော်လွန်သော အရှိန်အဝါတစ်ခု သူ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာပြီး အဆုံးမဲ့ အချိန်နှင့် လေဟာနယ်ကို ဖြတ်ကျော်ကာ သူ့ကို ပြန်လည် ကြည့်ရှုနေသည့်အလားပင်။

"ဖူး..."

စွမ်းအားကြီးမားသော နတ်ဆိုးဧကရာဇ်သည် သူ၏သွေးချီစွမ်းအားများ ပြောင်းပြန်ဆူပွက်လာပြီး ပြင်းထန်စွာ ဒဏ်ရာရသွားသည့်အလား လတ်ဆတ်သောသွေးများကို အန်ထုတ်လိုက်ရလေ၏။

ဤထူးဆန်းသော ပုံရိပ်၏ ကျင့်ကြံဆင့်နယ်ပယ်သည် မဟာဧကရာဇ်တစ်ပါး၏နယ်ပယ် မဟုတ်ဘဲ သူတော်စင်တစ်ပါးပင် မဟုတ်ကြောင်း သူ သေချာပေါက် သိနိုင်သည်။

သို့သော် အကြည့်တစ်ချက်တည်းဖြင့် သူသည် ထိုကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော နတ်ဆိုးချီများကို ထုတ်လွှတ်နိုင်ပြီး အဆုံးမဲ့ အချိန်နှင့် လေဟာနယ်ကို ဖြတ်ကျော်ကာ သူ့ကို ဤမျှထိ ပြင်းထန်သော ဒဏ်ရာများ ရရှိစေနိုင်ခဲ့သည်။

ထိုလူသည် ပြင်ပနယ်မြေက နတ်ဆိုးနတ်ဘုရား တစ်ပါးဖြစ်မည်မှာ သေချာပေါက်ပင်။

ထို့ပြင် ထိုလူသည် အလွန်ကြောက်မက်ဖွယ်ကောင်းသော ပြင်ပနယ်မြေမှ နတ်ဆိုးနတ်ဘုရားတစ်ပါးပင်။

ဤကြောက်မက်ဖွယ်ကောင်းသော စွမ်းအား၏ တန်ပြန်သက်ရောက်မှုအောက်တွင်..

ရေနက်ပိုင်းနဂါးမျိုးနွယ်၏ ဘိုးဘေးသည် မျက်ဖြူလန်သွားပြီး ချက်ချင်းဆိုသလိုပင် သတိလစ်မေ့မြောသွားပေ၏။

"ဘိုးဘေး... ဘိုးဘေး... ဘာဖြစ်သွားတာလဲ..."

ရုတ်ချည်းဆိုသလိုပင် ရေနက်ပိုင်း နဂါးမျိုးနွယ် တစ်ခုလုံး ဖရိုဖရဲ ဖြစ်သွားတော့သည်။

သူတို့ ရေနက်ပိုင်း နဂါးမျိုးနွယ်၏ ပထမဆက်ခံသူသည် ရှင်းပြ၍မရနိုင်လောက်အောင် သေဆုံးသွားခဲ့သည်။

ယခုအချိန်၌ သူတို့၏ မဟာဧကရာဇ်ဘိုးဘေးက အဘယ်ကြောင့် ရှင်းပြ၍မရနိုင်လောက်အောင် သတိလစ်သွားရပြန်သနည်း။

.........

တခြားတစ်ဖက်တွင်...

လူတစ်စုကို ဦးဆောင်ကာ အလျင်အမြန် ခရီးနှင်နေသော ခုံးဝူတောက်သည် သူ၏ခြေလှမ်းများကို အနည်းငယ် ရပ်တန့်လိုက်ပြီး နောက်ပြောင်ကျီစယ်လိုသော အပြုံးတစ်ခုက သူ၏ နှုတ်ခမ်းထောင့်တွင် ကွေးတက်သွားပေ၏။

မင်းသားအောင်းခုံးနှင့် အခြားသူများကို သတ်ရန် ဖရိုဖရဲရုပ်သေးရုပ်ကို ညွှန်ကြားပြီးနောက်....

ခုံးဝူတောက်သည် ဖရိုဖရဲရုပ်သေးရုပ်မှတစ်ဆင့် စောင့်ကြည့်ခံနေရသည်ဟူသော ပြင်းထန်သည့် ခံစားချက်တစ်ခုကို ရုတ်တရက် ခံစားလိုက်ရသည်။

သူ များစွာတွေးတောနေရန် မလိုအပ်ချေ။ ဤသည်က မင်းသား အောင်းခုံး၏ နောက်ကွယ်ရှိ ရေနက်ပိုင်း နဂါးမျိုးနွယ်မှ အဘိုးကြီး တစ်စုသာ ဖြစ်ပေမည်။

ရေနက်ပိုင်း နဂါးမျိုးနွယ်တွင် မဟာဧကရာဇ် တစ်ပါး ရှိနေသော်လည်း...

သူတို့ အချိန်လေဟာနယ် တားမြစ်နယ်မြေ၏ အမြင်တွင် အများဆုံးအနေဖြင့် ထိုလူသည် မြေတီကောင်တစ်ကောင်သာ ဖြစ်ပေ၏။

အကယ်၍ မြေတီကောင် တစ်ကောင်က သူ့ကို စောင့်ကြည့်ရန် ရဲတင်းမည်ဆိုပါက ထိုလူသည် ကြောက်မက်ဖွယ်ကောင်းသော တန်ပြန်သက်ရောက်မှုကို သဘာဝကျကျ ခံစားရပေလိမ့်မည်။

မည်သို့ပင်ဆိုစေကာမူ သူ၏ခန္ဓာကိုယ်တွင် အချိန်လေဟာနယ် တားမြစ်နယ်မြေ၏ ကြီးမြတ်သော ဘိုးဘေး အများအပြားမှ ချမှတ်ထားသည့် တားမြစ်ချက်များ ရှိနေသည်။

ထိုအရာသည် ဖရိုဖရဲရုပ်သေးရုပ်ထဲသို့ ပေါင်းစပ်ထားသော ချီစွမ်းအင် အနည်းငယ်မျှသာ ဖြစ်လျှင်ပင် ဤပုရွက်ဆိတ်များ စောင့်ကြည့်နိုင်သည့် အရာမျိုးနှင့် အလှမ်းဝေးကွာလှသည်။

သူ့ကို စောင့်ကြည့်နေသော တည်ရှိမှု၏ ကျင့်ကြံခြင်းသည် သူ၏တားမြစ်နယ်မြေမှ ဘိုးဘေးများထက် များစွာသာလွန်နေမှသာ အဆင်ပြေပေမည်။

ထိုသို့မဟုတ်လျှင် ထိုသူသည် ကောင်းကင်ကို စောင့်ကြည့်ရန် ကြိုးစားနေသော ပုရွက်ဆိတ် တစ်ကောင်သာဖြစ်ပြီး ထိုလူ၏ နတ်ဘုရားစိတ်ဝိညာဉ်သည် ခြေမွှဖျက်ဆီးခြင်း ခံရပေလိမ့်မည်။

"နတ်ဘုရားသားတော်အရှင် ခုံးဝူတောက်... ဘာဖြစ်လို့လဲ..."

သူ၏ဘေးတွင် ရှိနေသော ခုံးကျန်ယွဲ့က ပုံမှန်မဟုတ်သည့် အခြေအနေကို မြင်တွေ့လိုက်ရသဖြင့် စပ်စုလိုစိတ်ဖြင့် မေးမြန်းလိုက်၏။

"ဘာမှမဖြစ်ပါဘူး..."

ခုံးဝူတောက်က ခပ်ဖျော့ဖျော့ရယ်မောပြီး ခေါင်းခါယမ်းလိုက်သည်။

"ပိုးကောင်တချို့ကို ချေမွှလိုက်ရုံလေးပါ..."

.........

ကောင်းကင်ပြာ၏ အကူအညီဖြင့်...

တုန်လှုပ်ချောက်ချား အင်မော်တယ် ဦးဆောင်သော အုပ်စုသည် မည်သည့်ဆုံးရှုံးမှုမျှ မရှိသလောက်နီးပါး အခြေအနေဖြင့် နတ်ဘုရားတောင်၏ရှေ့သို့ လျှင်မြန်စွာ ရောက်ရှိလာခဲ့ကြသည်။

နတ်ဘုရားတောင်သည် တိမ်များထဲသို့ မြင့်တက်နေပြီး တောင်တစ်တောင်လုံးတွင် တောက်ပသော အလင်းတန်းများ စီးဆင်းနေသည်။

ထိုတောင်ထံမှ ထွက်ပေါ်လာသော တာအို စည်းချက်စွမ်းအားသည် ရှေးခေတ်ကာလမှ ပဲ့တင်သံ တစ်ခုကဲ့သို့ ဖြစ်နေပြီး တုန်လှုပ်ချောက်ချား အင်မော်တယ်တို့အုပ်စုအား သူတို့ကိုယ်သူတို့ အရေးမပါသကဲ့သို့ ခံစားရစေပေ၏။

"အမှားမရှိဘူး... ဒီနေရာက အရမ်းကြွယ်ဝတဲ့ တာအိုချီစွမ်းအားတွေနဲ့ ပြည့်နေတာ... ရှေးဟောင်းမဟာတာအို အမှတ်အသားက ဒီအထဲမှာ သေချာပေါက် ရှိရမယ်..."

"ဟား ဟား ဟား... ခုံးဝူတောက်... ကြည့်ရတာတော့ ကံကြမ္မာရဲ့ မျက်နှာသာပေးမှုက နောက်ဆုံးတော့ ငါ့ဘက်မှာ ရှိနေတာပဲ..."

"စောင့်နေလိုက်စမ်း... ရှေးဟောင်းမဟာတာအို အမှတ်အသားကို ငါ အမွေဆက်ခံပြီးတာနဲ့ မင်းကို ငါ သေချာပေါက် သတ်မယ်..."

တုန်လှုပ်ချောက်ချား အင်မော်တယ်၏ မျက်နှာတွင် ဝမ်းသာမှုများဖြင့် ပြည့်နှက်နေပြီး သူ၏စိတ်နှလုံးသားထဲ၌ အလွန်အမင်း စိတ်ကျေနပ်မှုကို ခံစားနေရသည်။

ရှေးဟောင်းမဟာတာအို အမှတ်အသားကို အမွေဆက်ခံပြီးနောက် ကောင်းကင်လမ်းကြောင်းအစ်မ၏ အကူအညီနှင့် ပေါင်းစပ်လိုက်ပါက သူ၏ အထွတ်အထိပ်သို့ ပြန်လည်ရောက်ရှိရန် မဆိုထားနှင့် ဤဘဝတွင် သူသည် အမြင့်မြတ်ဆုံး ကောင်းကင်ကံကြမ္မာ မဟာဧကရာဇ်တစ်ပါးပင် ဖြစ်လာနိုင်သည်။

သူ၏စိတ်နှလုံးသားထဲရှိ ဝမ်းသာမှုကို ဖိနှိပ်လိုက်ပြီးနောက်....

တုန်လှုပ်ချောက်ချား အင်မော်တယ်က သူ၏ နောက်ကွယ်ရှိ သူတော်စင်နန်းတော် သခင်များကို ညွှန်ကြားလိုက်၏။

"မင်းတို့အားလုံး ဒီနေရာမှာ စောင့်နေကြစမ်း..."

"မှတ်ထားစမ်း... တကယ်လို့ တစ်ယောက်ယောက်က ဒီနေရာကို ချဉ်းကပ်လာရင် သူတို့ကို နတ်ဘုရားတောင်ထဲ ဝင်ခွင့်မပေးဖို့ မင်းတို့က ဘယ်တန်ကြေးကို ပေးဆပ်ရပါစေ တားဆီးရမယ်..."

"ငါ နတ်ဘုရားတောင်ထဲကိုဝင်ပြီး ရှေးဟောင်းမဟာတာအို အမှတ်အသားကို ရှာတွေ့တာနဲ့... မင်းတို့ကို အဆုံးမဲ့ ဂုဏ်ကျက်သရေနဲ့ စည်းစိမ်ချမ်းသာတွေ ငါ သေချာပေါက် ပေးသနားမယ်..."

တုန်လှုပ်ချောက်ချား အင်မော်တယ်၏ ခမ်းနားသောကတိများကို နားထောင်ရင်း သူတော်စင်နန်းတော်သခင် အများအပြားမှာ သူတို့၏ နှုတ်ခမ်းများကို မတွန့်ကွေးဘဲ မနေနိုင်တော့ချေ။

အကယ်၍ ကောင်းကင်တာအို၏ ခြိမ်းခြောက်မှုသာ မရှိခဲ့လျှင် တုန်လှုပ်ချောက်ချား အင်မော်တယ်၏ စကားများသည် သူတို့၏ နားထဲတွင် လုံးလုံးလျားလျား အဓိပ္ပာယ်မရှိသည့် စကားများသာ ဖြစ်ပေလိမ့်မည်။

သူတို့ကို အထဲသို့ လိုက်ခွင့်မပေးဘဲ အပြင်ဘက်မှာ အစောင့်များအနေဖြင့် သူတို့၏အသက်များကို စွန့်လွှတ်ခိုင်းနေသည်။ သူ့ထံတွင် အမှန်တကယ်ကို လှပသောအတွေး ရှိနေပေ၏။

သူတို့စောင့်ကြပ်ရန်မှာ မဖြစ်နိုင်ချေ။

အကယ်၍ စွမ်းအားကြီးမားသော ပါရမီရှင်တစ်ယောက်သာ ဤနေရာသို့ ရောက်လာလျှင် သူတို့က သေချာပေါက် နောက်ပြန်လှည့်ပြီး ထွက်ပြေးရပေမည်။

သေချာသည်မှာ တုန်လှုပ်ချောက်ချား အင်မော်တယ်သည်လည်း ဤသူတော်စင်နန်းတော် သခင်များကို အပြည့်အဝ မယုံကြည်ခဲ့ချေ။

အမှန်အားဖြင့် နတ်ဘုရားတောင်အတွင်းသို့ ဝင်ရောက်ပြီးနောက် သူသည် ကမ္ဘာဦးဝင်္ကပါကြီး များစွာကို တိုက်ရိုက်အသက်သွင်းခဲ့ပြီး အဝင်ဝကိုလည်း ပိတ်ဆို့ထားလိုက်သည်။

ဤကမ္ဘာဦးဝင်္ကပါကြီးများအားလုံးကို သူ၏ ယခင်ဘဝက ရရှိခဲ့ခြင်းဖြစ်ပြီး ကြောက်မက်ဖွယ်ကောင်းသော တာအိုစွမ်းအားကို ပိုင်ဆိုင်ထားသည်။

ယခုအချိန်၌ သူသည် ဤကမ္ဘာဦးဝင်္ကပါကြီးများကို အသုံးမပြုနိုင်သော်လည်း...

ကောင်းကင်ပြာ၏ အကူအညီဖြင့် ဝင်္ကပါကျောက်တုံးများမှတစ်ဆင့် ကမ္ဘာဦးဝင်္ကပါကြီး၏စွမ်းအား အနည်းငယ်ကို သူ ခက်ခက်ခဲခဲ အသက်သွင်းနိုင်ပေ၏။

"ရှန်းအာ... ရှေးဟောင်းမဟာတာအို အမှတ်အသားက ဒီနတ်ဘုရားတောင်ရဲ့ အနက်ရှိုင်းဆုံးနေရာမှာ ပုန်းကွယ်နေတယ်..."

ကောင်းကင်ပြာက ကောင်းကင်တာအို အမှတ်အသားမှတဆင့် တုန်လှုပ်ချောက်ချား အင်မော်တယ်နှင့် ဆက်သွယ်လိုက်၏။

"ဒီနယ်မြေအတွင်းမှာ တားမြစ်ချက်တွေနဲ့ အစောင့်အရှောက်တွေလည်း အများကြီး ရှိတယ်..."

"နောက်ဆိုရင် ငါ ပြောတဲ့အတိုင်း မင်း လှုပ်ရှားပါ... ပြီးတော့ သူတို့ကို တတ်နိုင်သမျှ ရှောင်ရှားနိုင်အောင် ငါ ကူညီပေးမယ်..."

လမ်းတလျှောက်လုံးတွင် ကောင်းကင်ပြာသည် မိခင်တစ်ဦးကဲ့သို့ ဖြစ်နေပြီး တုန်လှုပ်ချောက်ချား အင်မော်တယ်အတွက် အတားအဆီးများအားလုံးကို ကြိုးစားပမ်းစားနှင့် တာဝန်ကျေပွန်စွာ ဖယ်ရှားပေးနေခဲ့သည်။

ဤနေရာတွင် အထူးဥပဒေသများ ရှိနေခြင်းကြောင့် ကောင်းကင်ပြာသည် သူမ၏ မူလအစ ကောင်းကင်တာအို စွမ်းအားများစွာကို အသုံးပြူခဲ့ရပြီး ယခုအချိန်၌ သူမ၏အသံ အနည်းငယ် အားနည်းနေသည်။

ဤကဲ့သို့ လုပ်ရပ်က တုန်လှုပ်ချောက်ချား အင်မော်တယ်ကို ပို၍ပင် စိတ်လှုပ်ရှားသွားစေခဲ့ပေ၏။

"ကောင်းကင်လမ်းကြောင်းအစ်မ... စိတ်မပူပါနဲ့..."

"ဒီဘဝမှာ ငါက ကောင်းကင်ကံကြမ္မာ မဟာဧကရာဇ်နယ်ပယ်ကို သေချာပေါက် အောင်မြင်အောင် လုပ်မယ်... ဒီလောကရဲ့ အချုပ်အနှောင်တွေကို ငါ သေချာပေါက် ချိုးဖျက်မယ်..."

"ပြီးတော့ ကောင်းကင်ဘုံ တာအိုနယ်မြေကနေ မင်းကို အပြင်ကမ္ဘာကို အတူတူကြည့်ဖို့ ခေါ်ထုတ်သွားမယ်..."

ကောင်းကင်တာအို အမှတ်အသားတွင် တွယ်ကပ်နေသော ကောင်းကင်ပြာသည် အနည်းငယ် ရပ်တန့်သွားပေ၏။

သူမ အမှန်အားဖြင့် စကားတချို့ကို ပြောချင်နေခဲ့သည်။

အကယ်၍ တုန်လှုပ်ချောက်ချား အင်မော်တယ်က သူမကို ကောင်းကင်ဘုံ တာအိုနယ်မြေမှ အမှန်တကယ် ခေါ်ထုတ်သွားရန် ရည်ရွယ်ထားမည်ဆိုပါက သူသည် ခုံးဝူတောက်ကို အသိဉာဏ်ကင်းမဲ့စွာ ဆက်လက်၍ မဆန့်ကျင်သင့်ချေ။

သူ၏ ယခင်ဘဝက တုန်လှုပ်ချောက်ချား အင်မော်တယ်၏ ကျဆုံးမှုသည် အချိန်လေဟာနယ် တားမြစ်နယ်မြေနှင့် ခွဲခြား၍မရနိုင်လောက်အောင် ဆက်စပ်နေသည်။

ခုံးဝူတောက်၏ ကြောက်မက်ဖွယ်ကောင်းသော နောက်ခံကြောင့်သာမက သူကိုယ်တိုင်ကလည်း သူမကို အလွန်အန္တရာယ်များသော ခံစားချက်တစ်ခုအား ပေးစွမ်းနေသောကြောင့်ပင်။

.........

နတ်ဘုရားတောင်၏အောက်ဘက်တွင် အလင်းရောင်တစ်ခု လှည့်ပတ်နေပေ၏။

နတ်ဘုရားတောင်၏အဝင်ဝကို စောင့်ကြပ်ရန် တုန်လှုပ်ချောက်ချား အင်မော်တယ်က အပြင်ဘက်တွင် အထူးချန်ထားခဲ့သော သူတော်စင်နန်းတော် သခင် အများအပြားသည် ယခုအချိန်၌ စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်နေကြသည်။

"ဒီသေသင့်တဲ့ကောင်ကတော့... ငါတို့ကို အထဲခေါ်မသွားတာက ထားပါတော့... သူက ငါတို့ကို အဝင်ဝကိုတောင် စောင့်ခိုင်းချင်နေသေးတယ်..."

"မြူခိုးတွေထဲက အဲ့ဒီ မကောင်းဆိုးဝါးတွေ တိုက်ခိုက်မလား ဆိုတာကို ခဏထားလိုက်အုံး... ဒီနေရာကို ရောက်လာနိုင်တဲ့ စွမ်းအားကြီးတဲ့ ပါရမီရှင်တွေထဲက ဘယ်သူကများ အလွယ်တကူ အနိုင်ကျင့်ခံရမယ့်သူ ဖြစ်နိုင်မှာလဲ..."

"တကယ်လို့ နတ်ဘုရားသားတော်အရှင် ခုံးဝူတောက်က ငါတို့က ဒီကောင်လေးအတွက် အလုပ်လုပ်ပေးနေတယ် ဆိုတာကို သိသွားရင် ငါတို့ တကယ်ပဲ အဆုံးသတ်သွားပြီ..."

သူတော်စင်နန်းတော်သခင် အများအပြားက တုန်လှုပ်ချောက်ချား အင်မော်တယ်ကို ကျိန်ဆဲနေကြစဉ်မှာပင်...

ခပ်ဖျော့ဖျော့ရယ်မောသံတစ်သံက မြူခိုးများထဲမှ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

"အိုး..."

"ငါ... ခုံးဝူတောက်က မင်းတို့အတွက် အဲ့ဒီလောက်တောင် ကြောက်စရာကောင်းနေတာလား..."

အခန်း (၁၆၀) လမ်းပြပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်....ပုရွက်ဆိတ်တွေရဲ့ အစွမ်းအစမဲ့ဒေါသ

ရုတ်တရက် ထိုခပ်ဖျော့ဖျော့ရယ်မောသံ ပျောက်ကွယ်သွားသည်နှင့် သူတော်စင်နန်းတော် သခင်အများအပြား၏ မျက်နှာအမူအရာများ ချက်ချင်းအေးခဲတောင့်တင်းသွားတော့သည်။

ကျောချမ်းဖွယ် အအေးလှိုင်းတစ်ခုက သူတို့၏ ခန္ဓာကိုယ်များတလျှောက် ဖြတ်သန်းလာပြီး သူတို့၏စိတ်များ ဗလာဟင်းလင်း ဖြစ်သွားတော့သည်။

မကြာမီပင် ခုံးဝူတောက်သည် သူ၏ လက်များကိုနောက်ပစ်ပြီး သူ၏နှုတ်ခမ်းတွင် ခပ်ဖျော့ဖျော့အပြုံးတစ်ခု ရှိနေသည်။ သူသည် အချိန်လေဟာနယ် တားမြစ်နယ်မြေမှ လူအုပ်ကြီး တစ်ခုနှင့်အတူ ဆန်းကြယ်မြူခိုးဧရိယာထဲမှ ဖြည်းညင်းစွာ ထွက်ပေါ်လာခဲ့ပေ၏။

"ဝူ... နတ်ဘုရားသားတော်အရှင် ခုံးဝူတောက်..."

သူတော်စင်နန်းတော်သခင်များ၏ မျက်နှာများ ပြင်းထန်စွာ ပြောင်းလဲသွားတော့သည်။

သူတို့ အဆုံးသတ်သွားလေပြီ။

ခုံးဝူတောက်က တကယ်ကြီး ရောက်လာတာပဲ...

ခုဏက သူတို့ရဲ့ စကားပြောဆိုမှုတွေကို သူ ရှင်းရှင်းလင်းလင်း ကြားသွားပြီ မဟုတ်လား...

ခုံးဝူတောက်က ယခင်ကက အလွန်ရှင်းလင်းစွာ ပြောဆိုထားပြီးဖြစ်သည်။ တုန်လှုပ်ချောက်ချား အင်မော်တယ်၏နောက်သို့ လိုက်ပြီး သူ့ကို ဆန့်ကျင်ရန် ရဲတင်းဝံ့သော မည်သူမဆို သူတို့၏မျိုးဆက်ကိုးဆက်လုံး အမြစ်ပြတ်သတ်ဖြတ်ခြင်း ခံရပေမည်။

"နတ်ဘုရားသားတော်အရှင်..."

သူတော်စင်နန်းတော်သခင်များသည် မျိုးဆက်ဟောင်းကျွမ်းကျင်သူများ၏ ဟန်ပန်ကို လုံးလုံးလျားလျား ဆုံးရှုံးသွားကြလေပြီ။

လူတချို့သည် ဘုန်းခနဲအသံနှင့်အတူ ခုံးဝူတောက်၏ရှေ့တွင် ဒူးထောက်လိုက်ကြပြီး သူတို့၏ခေါင်းများကို နှိမ့်ချထားကာ သူတို့၏ အသံများမှာ ရိုသေလေးစားနေသော်လည်း အနည်းငယ် တုန်ယင်နေကြသည်။

"ကျွန်တော်တို့က အတင်းအကျပ် ခိုင်းစေခံရတာပါ..."

"ကျွန်တော်တို့ရဲ့ သူတော်စင်နန်းတော်ကို အစက ကောင်းကင်တာအိုက ဖန်တီးခဲ့တာပါ... အဲ့ဒီ သေသင့်တဲ့ကောင်လေးနောက်ကို ငါတို့ လိုက်ရမယ်လို့ ကောင်းကင်တာအိုက အတင်းအကြပ် ခိုင်းစေခဲ့တာပါ..."

"ကျွန်တော်တို့က နတ်ဘုရားသားတော်အရှင် ခုံးဝူတောက်ကို ဆန့်ကျင်ဖို့ တကယ်ကို ရည်ရွယ်ချက် မရှိခဲ့ပါဘူး... အမှန်တရားကို သိမြင်ပေးဖို့ နတ်ဘုရားသားတော်အရှင် ခုံးဝူတောက်ကို ကျွန်တော်တို့ တောင်းပန်ပါတယ်..."

ဤ သူတော်စင်နန်းတော်သခင်က ရှုံးနိမ့်မှုကို ချောမွေ့စွာ ဝန်ခံလိုက်သည်နှင့်အမျှ ကျန်ရှိနေသော သူတော်စင်နန်းတော် သခင်များကလည်း အလျင်အမြန် လိုက်နာခဲ့ကြပြီး ငိုယိုကာ သူတို့၏အကူအညီမဲ့မှုအကြောင်းကို ညည်းညူလိုက်ကြ၏။

အတိုချုပ်ပြောရလျှင် သူတို့သည် အတင်းအကြပ် ခိုင်းစေခံရခြင်း ဖြစ်ပြီး ခုံးဝူတောက်ကို ဆန့်ကျင်လိုစိတ် မရှိကြောင်း အခိုင်အမာ ပြောဆိုခဲ့ကြသည်။

"ကောင်းပြီ..."

"မင်းတို့ရဲ့ လုပ်ရပ်တွေက မရည်ရွယ်ဘဲ ဖြစ်ခဲ့တာကို ထည့်သွင်းစဉ်းစားပြီးတော့ ဒီနတ်ဘုရားသားတော်က မင်းတို့ကို တာဝန်ယူခိုင်းမှာ မဟုတ်ဘူး..."

ထိုသို့ပြောဆိုရင်း ခုံးဝူတောက်က သူ၏မေးစေ့ဖြင့် ကမ္ဘာဦးဝင်္ကပါကြီးများဆီသို့ အချက်ပြလိုက်သည်။

"ဒီ ကမ္ဘာဦး ဝင်္ကပါကြီးတွေကို ဖယ်ရှားလိုက်... ပြီးရင် မင်းတို့ ထွက်သွားလို့ ရပြီ..."

ဤအရာကို ကြားလိုက်ရသောအခါ သူတော်စင်နန်းတော်သခင်များသည် ခုံးဝူတောက်၏ အမိန့်ကို မည်သည့်တုံ့ဆိုင်းမှုမျှ မရှိဘဲ နာခံလိုက်ကြသည်။

တုန်လှုပ်ချောက်ချား အင်မော်တယ် မထွက်ခွာမီက သူတို့ ကမ္ဘာဦးဝင်္ကပါကြီးကို ပို၍ကောင်းမွန်စွာ ထိန်းချုပ်နိုင်ရန်နှင့် နတ်ဘုရားတောင် အတွင်းသို့ ဝင်ရောက်ရန် ရဲတင်းသူများကို ပိတ်ဆို့နိုင်ရန် ရည်ရွယ်ချက်ဖြင့် ကမ္ဘာဦး ဝင်္ကပါကြီး၏ ဗဟိုချက် တည်နေရာကို သူတို့အား အထူးတလည် ပြောပြခဲ့သည်။

ဗဟိုချက်၏တည်နေရာကို အတည်ပြုပြီးနောက် သူတို့ ဝင်္ကပါကို ဖျက်ဆီးရန် အဆင်ပြေသွားခဲ့ပေ၏။

မရေမတွက်နိုင်သော ကြိုးပမ်းအားထုတ်မှုများ အရင်းအမြစ်များဖြင့် သူ ခက်ခက်ခဲခဲ ဖန်တီးခဲ့သော ကမ္ဘာဦးဝင်္ကပါကြီးသည် သူ အသုံးမပြုရသေးမီမှာပင် သူ့လူများ၏ ဖျက်ဆီးခြင်းကို ခံရလိမ့်မည်ဟု တုန်လှုပ်ချောက်ချား အင်မော်တယ် အိပ်မက်ပင် မက်ခဲ့ဖူးမည် မဟုတ်ချေ။

ကမ္ဘာဦးဝင်္ကပါကြီးကို လုံးလုံးလျားလျား ရှင်းလင်းပြီးနောက် ခုံးဝူတောက်သည် တခြားသူများကို အပြင်ဘက်တွင် ချန်ထားခဲ့ပြီး အားအကောင်းဆုံး ဧကရာဇ်သားတော်များနှင့် သမီးတော်များနှင့်အတူ အတွင်းသို့ ဝင်ရောက်သွားခဲ့သည်။

သို့သော် ထို့နောက်တွင် သူ တစ်စုံတစ်ခုကို သတိရသွားသည်။

သူက နာလန်ချိုးရန်ဘက်သို့ လှည့်ကာ ပြောဆိုလိုက်၏။

"မင်းလည်း ဒီနတ်ဘုရားသားတော်နဲ့ လိုက်ခဲ့..."

နာလန်ချိုးရန်သည် အနည်းငယ် မြှောက်ပင့်ခံရသလို ခံစားလိုက်ရပြီး နတ်ဘုရားသားတော်အရှင် ခုံးဝူတောက်က သူမကို ခေါ်ဆောင်သွားရန် ဆန္ဒရှိလိမ့်မည်ဟု လုံးဝမျှော်လင့်မထားခဲ့ချေ။

ခုံးဝူတောက်တွင် သူ၏ ကိုယ်ပိုင်အစီအစဉ်များ ရှိနေသည်။ တုန်လှုပ်ချောက်ချား အင်မော်တယ်၏ တန်ဖိုးမှာ ကုန်ဆုံးလုနီးပါး ဖြစ်နေပြီဖြစ်ရာ သူ့ကို ရိတ်သိမ်းရမည့် အချိန်သို့ ကျရောက်လာလေပြီ။

ကံကြမ္မာ သမီးတော် ဖြစ်သော နာလန်ချိုးရန်ကို လုံးလုံးလျားလျား ယဉ်ပါးအောင် သွေးဆောင်ရန် ၅ ရာခိုင်နှုန်း တိုးတက်မှုသာ သူ လိုအပ်တော့ပေ၏။

ဤ ၅ ရာခိုင်နှုန်း တိုးတက်မှုကို သဘာဝကျကျပင် တုန်လှုပ်ချောက်ချား အင်မော်တယ်ထံမှ သူ ရှာဖွေရပေမည်။

အရာရာကို အကျိုးရှိဆုံး အသုံးချခြင်း...

ဤသည်ကို တုန်လှုပ်ချောက်ချား အင်မော်တယ်၏ နောက်ဆုံး ကျန်ရှိနေသော တန်ဖိုးဟု သတ်မှတ်နိုင်သည်။

..........

နတ်ဘုရားတောင်အတွင်း၌ ကောင်းကင်ပြာက ကူညီပေးနေခြင်းနှင့် တုန်လှုပ်ချောက်ချား အင်မော်တယ်ကိုယ်တိုင်ကလည်း ယခင်ဘဝက ဝင်္ကပါများနှင့် စက်ယန္တရားများကို စူးစမ်းလေ့လာထားသော ကောင်းကင်ကံကြမ္မာ မဟာဧကရာဇ် တစ်ပါး ဖြစ်ခဲ့ခြင်းတို့ကြောင့် နတ်ဘုရားတောင်အတွင်းရှိ အခက်အခဲများနှင့် အတားအဆီးအများအပြားမှာ သူ့အတွက် စိန်ခေါ်မှု အနည်းငယ်သာ ဖြစ်စေခဲ့သည်။

မကြာမီတွင် တုန်လှုပ်ချောက်ချား အင်မော်တယ်သည် နတ်ဘုရားတောင်၏ဗဟိုချက်သို့ ရောက်ရှိသွားခဲ့သည်။

သူ မော့ကြည့်လိုက်သောအခါ ထိုနေရာသည် ကိုယ်ပိုင်ကမ္ဘာငယ်တစ်ခု ဖန်တီးထားသော ကျယ်ဝန်းသည့် ဟင်းလင်းပြင်တစ်ခု ဖြစ်နေသည်။

အဆုံးမဲ့ နတ်ဘုရားအလင်းတန်းများ စီးဆင်းနေပြီး ကြွယ်ဝကာ ရှေးကျသော တာအိုချီစွမ်းအင်များသည် သရုပ်ထင်ဟပ်လာသည့်အလား အသက်တစ်ချက် ရှူသွင်းလိုက်ရုံဖြင့် တက်လှမ်းခြင်းသို့ ဦးတည်သွားနိုင်သည်။

ဤလျှို့ဝှက်ဆန်းကြယ်သောကမ္ဘာ၏ အလယ်ဗဟိုတည့်တည့်တွင် တလက်လက် တောက်ပနေသော အလင်းတန်း သန်းရာနှင့်ချီ၍ ရောယှက်စုစည်းနေသည်။ ထိုအရာများသည် လွင့်မျောပြီး တလက်လက် တောက်ပနေသော ရွှေရောင်တာအိုကြာပန်းတစ်ပွင့်အဖြစ် ဖန်တီးထားပေ၏။

ရွှေရောင်ကြာပန်းအတွင်း၌ လက်သည်းခွံ အရွယ်အစားရှိ ထူးဆန်းသော အမှတ်အသား တစ်ခုသည် အင်မော်တယ် အလင်းရောင်များ ကြားတွင် အဆက်မပြတ် လွင့်မျောနေသည်။

သမုဒ္ဒရာတစ်ခုကဲ့သို့ တလိမ့်လိမ့်ထနေသော ရှေးဟောင်းတာအိုစွမ်းအားသည် ဤထူးဆန်းသော အမှတ်အသားမှ ထွက်ပေါ်နေသည်။

"အဲ့ဒါက ရှေးဟောင်းမဟာတာအို အမှတ်အသားပဲ..."

ကောင်းကင်ပြာက ရုတ်တရက် ပြောဆိုလိုက်သည်။

"ရှေးဟောင်းမဟာတာအို အမှတ်အသားကို ယူသွားဖို့အတွက် နင်က သူ့ရဲ့ အသိအမှတ်ပြုမှုကိုလည်း အောင်မြင်အောင် ရယူရမယ်..."

"ရှန်းအာ... မင်းက နောက်ထပ် ပုံရိပ်ယောင် စမ်းသပ်မှုတစ်ခုကို ကြုံတွေ့ရနိုင်တယ်... မင်း သတိကြီးကြီးထားရမယ်..."

"ငါ သိတယ်..."

တုန်လှုပ်ချောက်ချား အင်မော်တယ်၏ မျက်နှာပေါ်တွင် စိတ်လှုပ်ရှားမှုများ ရှင်းလင်းစွာ ပေါ်လွင်နေပေ၏။ သူ အချိန်ကြာမြင့်စွာ ရှာဖွေနေခဲ့သော ရှေးဟောင်းမဟာတာအို အမှတ်အသားသည် သူ၏မျက်စိရှေ့တွင် ရှိနေလေပြီ။

သူက ရှေးဟောင်းမဟာတာအို အမှတ်အသားကို သူ၏ ခန္ဓာကိုယ်ထဲသို့ လုံးလုံးလျားလျား ပေါင်းစပ်လိုက်သရွေ့ သူ၏ပါရမီကို နောက်ထပ် အရည်အသွေးပိုင်းဆိုင်ရာ အသွင်ပြောင်းမှုတစ်ခုအား ဖြစ်ပေါ်လာစေနိုင်သည်။

ရှေးဟောင်းမဟာတာအို အမှတ်အသား၏ အသိအမှတ်ပြုမှုကို ရယူခြင်းအတွက်မူ သူသည် သူ၏ယခင်ဘဝက ဂုဏ်သိက္ခာရှိသော ကောင်းကင်ကံကြမ္မာ မဟာဧကရာဇ် တစ်ပါး ဖြစ်ခဲ့သည်။ ထိုအရာ၏အသိအမှတ်ပြုမှုကို ရယူခြင်းက သူ့အတွက် လွယ်ကူမည် မဟုတ်လော။

"ဟဲ ဟဲ... ခုံးဝူတောက်တို့အုပ်စုက ဆန်းကြယ်မြူခိုးဧရိယာထဲမှာ ရည်ရွယ်ချက်မရှိဘဲ လှည့်လည်သွားလာနေတုန်းပဲလို့ ငါ ထင်တယ်..."

"ဒီရှေးဟောင်းမဟာတာအို အမှတ်အသားက ငါ့ဟာ ဖြစ်လာမှာပဲ..."

"ခုံးဝူတောက်... ငါက နောက်ဆုံးတော့ ခြေတစ်လှမ်း သာသွားပြီပဲ..."

တုန်လှုပ်ချောက်ချား အင်မော်တယ်သည် ရှေးဟောင်းမဟာတာအို အမှတ်အသားထံသို့ ချဉ်းကပ်ရန် ဟန်ပြင်လိုက်စဉ်မှာပင် လူငယ်တစ်ယောက်၏ သရော်တော်တော်အသံက လမ်းကြောင်း၏ထွက်ပေါက်ဘက်မှ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

"ဟဲဟဲ... မင်းက ရှေ့ကနေ လမ်းရှင်းပေးခဲ့လို့ ဒီရောက်တဲ့အထိ ခရီးစဉ်က လုံးဝကို အန္တရာယ်ကင်းခဲ့တယ်..."

ဒီအသံက...

တုန်လှုပ်ချောက်ချား အင်မော်တယ်၏ မျက်လုံးများ ပြူးကျယ်သွားပြီး သူ၏မျက်နှာအမူအရာ တောင့်တင်းသွားကာ သူ၏ ခန္ဓာကိုယ်တလျှောက် အအေးလှိုင်းတစ်ခု ဖြတ်သန်းသွားတော့သည်။

သူသည် ကြီးမားသော ကြောက်ရွံ့မှုကြားမှ သူ၏ခေါင်းကို အတင်းအကြပ် လှည့်ကြည့်လိုက်သည်။

သူ တွေးထင်ထားသည့်အတိုင်းပင် ရင်းနှီးနေသော ပုံရိပ်တချို့သည် လမ်းကြောင်းထွက်ပေါက်တွင် မတ်တတ်ရပ်နေကြပြီး သူတို့ကို ဦးဆောင်နေသူမှာ ခုံးဝူတောက်မှလွဲ၍ တခြားသူ မဟုတ်ချေ။

ဤသည်မှာ ခုံးဝူတောက်နှင့်သူ၏ ပထမဆုံးအကြိမ် မျက်နှာချင်းဆိုင်တွေ့ဆုံမှုပင်။

ရှင်းပြ၍မရနိုင်သော ဖိအားတစ်ခုက သူ၏ ခန္ဓာကိုယ်တစ်ခုလုံးကို ချက်ချင်းလွှမ်းခြုံသွားတော့သည်။

သို့သော် အလွန်လျင်မြန်စွာဖြင့် တုန်လှုပ်ချောက်ချား အင်မော်တယ်သည် ခုံးဝူတောက်၏နံဘေးရှိ ပုံရိပ်များကို သတိပြုမိသွားပေ၏။

သူတို့အနက်မှတစ်ယောက်မှာ သူနှင့် နာမည်ခံ စေ့စပ်ထားသူမှလွဲ၍ တခြားသူ မဟုတ်ချေ။

သို့သော် ဤအချိန်အခိုက်အတန့်တွင် နာလန်ချိုးရန်ထံမှ ချီစွမ်းအင်ကို အာရုံခံမိပြီးနောက် တုန်လှုပ်ချောက်ချား အင်မော်တယ်၏ မျက်နှာသည် ဒေါသကြောင့် ခရမ်းရောင်သို့ ပြောင်းလဲသွားတော့သည်။

"မင်း....ဖာသည်မ... မင်းက ငါ့ကို တကယ်ကြီး ဖောက်ပြန်ခဲ့တယ်ပေါ့လေ..."

တုန်လှုပ်ချောက်ချား အင်မော်တယ်သည် သူ၏ အသိစိတ် လွတ်ကင်းသွားသည့်အလား ရုတ်တရက် ဟိန်းဟောက်လိုက်၏။

နာလန်ချိုးရန်သည် ယခုအချိန်၌ သူ့အတွက် လုံးလုံးလျားလျား ကွာခြားနေသည်ဟု ခံစားရသည်။ သူမ၏ ကဏဦး အပြစ်ကင်းစင်မှုနှင့် နှိုင်းယှဉ်ပါက သူမသည် ယခုအချိန်၌ အစစ်အမှန် အမျိုးသမီး တစ်ဦး၏ ထူးခြားသော ရင့်ကျက်မှုများနှင့် ပြည့်နှက်နေလေပြီ။

အရေးအကြီးဆုံးမှာ သူမ၏ခန္ဓာကိုယ်ပေါ်ရှိ ယင်ချီများသည် လုံးလုံးလျားလျား တည်ငြိမ်သွားခြင်းပင်။

ယင်သူတော်စင်ရုပ်ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသော နာလန်ချိုးရန် အတွက် ဤအရာက မည်သည်ကို ဆိုလိုသနည်း...

ထိုအရာက သူမသည် သူမ၏မူလယင်ကို ဆုံးရှုံးသွားခြေရှိပြီး အမျိုးသားတစ်ဦးနှင့် နှစ်ကိုယ်တူကျင့်ကြံခြင်းကို ပြုလုပ်ခဲ့ရန် အလွန် ဖြစ်နိုင်ခြေ များကြောင်း ဆိုလိုသည်။

ထို့ပြင် ထိုအမျိုးသားသည် သူ အမုန်းဆုံး ခုံးဝူတောက်မှလွဲ၍ တခြားဘယ်သူ့ကိုမှ သူ စဉ်းစား၍ မရချေ။

ခုံးဝူတောက်...မင်းက ဘယ်လိုတောင် ရဲတင်းရတာလဲ... မျိုးဆက်တစ်ခုရဲ့ ကောင်းကင်ကံကြမ္မာ မဟာဧကရာဇ်ဖြစ်တဲ့ ငါနဲ့စေ့စပ်ထားတဲ့သူနဲ့ ဖောက်ပြန်ဖို့အထိ ဘယ်လိုများ ရဲတင်းရတာလဲ...

"နင်က ဘာလဲ..."

နာလန်ချိုးရန်က နောက်မဆုတ်ဘဲ ဒေါသတကြီး ပြန်လည်ချေပလိုက်၏။

"ငါက နတ်ဘုရားသားတော်အရှင်နဲ့ ဖြူစင်ပြီး အပြစ်ကင်းပါတယ်... ငါ့ကို အသရေဖျက်ဖို့ နင်က ဘယ်လိုတောင် ရဲတင်းရတာလဲ..."

"ဒါ့ပြင်... နတ်ဘုရားသားတော်အရှင်ကို နင် စော်ကားခဲ့တဲ့နေ့ကစပြီး ငါတို့ရဲ့ စေ့စပ်ထားမှုကို ငါ လုံးဝဖျက်သိမ်းလိုက်ပြီ..."

ထိုသို့ပြောဆိုရင်း နာလန်ချိုးရန်က သူမ၏ လက်ကို ဝှေ့ယမ်းလိုက်သည်။

ဝှစ်...

သားရေစာလိပ်တစ်ခုသည် တုန်လှုပ်ချောက်ချား အင်မော်တယ်၏ရှေ့သို့ ချက်ချင်း ကျရောက်လာခဲ့သည်။ သူ သေချာစွာ ကြည့်လိုက်သောအခါ စာရွက်ပေါ်တွင် ကွာရှင်းစာချုပ်ဟူသော စာလုံးကြီးတချို့ကို ရေးသားထားလေ၏။

"ဒီနေ့ကစပြီး... ငါ နာလန်ချိုးရန်က နင်နဲ့ နောက်ထပ် ဘာပတ်သက်မှုမှ မရှိတော့ဘူး..."

"မုဟောက်...နင် ကွာရှင်းခံလိုက်ရပြီ..."

တုန်လှုပ်ချောက်ချား အင်မော်တယ် လုံးလုံးလျားလျား ဆွံ့အသွားတော့သည်။ ဂုဏ်သိက္ခာရှိသော ကောင်းကင်ကံကြမ္မာ မဟာဧကရာဇ် တစ်ပါးဖြစ်သည့် သူသည် အမှန်တကယ်ပင် တိုက်ရိုက်ကွာရှင်းခံလိုက်ရသလော။

အရှက်ခွဲခံရမှု...ဒါက ဖော်ပြလို့တောင် မရနိုင်တဲ့ အရှက်ခွဲခံရမှုပဲ...

ခုံးဝူတောက်ကို ကြည့်နေသော သူ၏ အကြည့်များသည် ပို၍ပင် ဒေါသထွက်လာပြီး အဆုံးမဲ့ သတ်ဖြတ်လိုခြင်း စိတ်ဆန္ဒများဖြင့် ပြည့်နှက်နေသည်။

အများကြီး တွေးနေစရာ မလိုပါဘူး... ဒါက သေချာပေါက် ခုံးဝူတောက်ရဲ့ လုပ်ရပ်ပဲ ဖြစ်ရမယ်...

"မင်းကို ငါ သတ်မယ်..."

တုန်လှုပ်ချောက်ချား အင်မော်တယ်က ဟိန်းဟောက်လိုက်ပြီး သူ့ထံ၌ ဒေါသများ လုံးလုံးလျားလျား လွှမ်းမိုးသွားကာ ကောင်းကင်ပြာ၏ နှစ်သိမ့်မှုကိုပင် လျစ်လျူရှုလိုက်၏။ သူသည် ကြောက်မက်ဖွယ်ကောင်းသော ချီစွမ်းအင်များကို ပေါက်ကွဲထွက်လာစေပြီး ခုံးဝူတောက်ရှိရာ အရပ်သို့ ပြေးဝင်သွားတော့သည်။

"ပုရွက်ဆိတ် တစ်ကောင်ရဲ့ အစွမ်းအစမဲ့ ဒေါသပဲ..."

ခုံးဝူတောက်က ခပ်သဲ့သဲ့ရယ်မောလိုက်ပြီး သူ၏ဘယ်ဘက်လက်ကို ကျောဘက်တွင် ပစ်ထားကာ ညာဘက်လက်ကို ဆန့်တန်းလိုက်သည်။

Book 16 end.

All Chapters