အခန်း (၆၃-၆၄)
Vol. 7 Ch. 63-64
အခန်း ၆၃:ငါ ကြည့်ပြီးပြီ... ငါ ထိပြီးပြီ...
ကမ္ဘာအသင်္ချေက နတ်ဘုရားမျိုးနွယ်စုကို ခုခံနိုင်ခြင်းမှာ မွေးရာပါသက်ရှိများက သဘာဝအရရှားပါးပြီး ဖိအားများအောက်တွင် လူဦးရေ အများဆုံးဖြစ်သော လူသားမျိုးနွယ်စုက စွမ်းအားကြီးမားသည့် သူတော်စင်များကို ဆက်တိုက်မွေးထုတ်ပေးနိုင်ခဲ့သောကြောင့်ပင်။
သို့ရာတွင် ချင်းချိုးဘိုးဘေး၏ ခေတ်ကာလ နောက်ဆုံးအချိန်၌ နတ်ဘုရားမျိုးနွယ်စုသည် ကမ္ဘာအသင်္ချေမှာ တစ်သွေးတည်းတစ်သားတည်း မဟုတ်ကြောင်း သဘောပေါက်လာပုံရသည်။ ပြင်ပအကြောင်းရင်းအဖြစ် နတ်ဘုရားမျိုးနွယ်စုသာ မရှိပါက ကမ္ဘာအသင်္ချေသည် အဆုံးမရှိသော ပြည်တွင်းစစ်များဖြင့် ဒုက္ခရောက်နေမည်ဖြစ်ကြောင်း သူတို့ သိရှိသွားကြ၏။
အကယ်၍ နတ်ဘုရားမျိုးနွယ်စုက ကမ္ဘာအသင်္ချေရှိ အင်အားစုများကို စတင်ခွဲခြားကာ အစွမ်းထက်သူများကို အရင်ဖျားယောင်းပြီး အားနည်းသူများကို ဖယ်ရှားပစ်ပါက....
ထိုအရာသည် ကမ္ဘာအသင်္ချေအတွက် အကြီးမားဆုံး အကျပ်အတည်း ဖြစ်လာပေလိမ့်မည်။
ထိုနေ့သာ အမှန်တကယ် ရောက်လာပါက ခေတ်အဆက်ဆက်တွင် မည်သူက တစ်ကိုယ်တည်း ရပ်တည်နိုင်မည်နည်း...
အဆုံးသတ်တွင် ကမ္ဘာအသင်္ချေ၌ နတ်ဘုရားမျိုးနွယ်စု၏ နတ်ဘုရားအရှင်ကဲ့သို့ ကမ္ဘာလောကကို စကားတစ်ခွန်းတည်းဖြင့် ဆုံးဖြတ်နိုင်သော ထူးကဲသည့် တည်ရှိမှုတစ်ခု လိုအပ်နေခြင်းသာ ဖြစ်ပေ၏။
လက်ရှိ လူသားမျိုးနွယ်စုဖြစ်သော စူးမိသားစုသည် ထိုအရာကို မလုပ်နိုင်သည့်အပြင် အထွတ်အထိပ် ခန်းမဆောင်ကလည်း မလုပ်နိုင်ချေ။ လွန်ခဲ့သောနှစ်များစွာအကြာက ထိုရှေးဟောင်းဧကရာဇ်သာ မကျဆုံးခဲ့ပါက မျှော်လင့်ချက်ရောင်ခြည်လေးတစ်ခု ရှိနေနိုင်သည်။ သို့ရာတွင် ယခုအချိန်၌ ချင်းချိုးဘိုးဘေးက ထိုမျှော်လင့်ချက်ကို စူးချန်ကဲထံတွင် မြင်တွေ့နေရသည်။
သူသည် သမိုင်းတွင် ယခင်က မရှိဖူးသော လမ်းစဉ်တစ်ခုကို လျှောက်လှမ်းနေခြင်းပင်။
နောက်တစ်စက္ကန့်တွင်..
"ချီ..."
စူးချန်ကဲ၏ပါးစပ်မှ တိုးညှင်းသော ရေရွတ်သံတစ်သံ ထွက်ပေါ်လာခဲ့သည်။ သူ၏ခန္ဓာကိုယ်အတွင်း၌ လောင်ကျွမ်းနေပြီး သူ တစ်ဦးတည်းသာ ပိုင်ဆိုင်သည့် မူလအစနတ်ဘုရားမီးတောက်အစအနလေးက သူ၏တည်ရှိခဲ့မှု အစအနတိုင်းကို ချက်ချင်းလောင်ကျွမ်းသွားစေသည်။ သူ၏ကောင်းကင်လှိုဏ်ဂူကမ္ဘာသည် ပြိုကျသွားပြီး ငိုကြွေးသံများဖြင့် ပြန်လည် ဖွဲ့စည်းလာကာ သူ၏အထွတ်အထိပ်အရိုး မှော်စာလုံးများမှာ မီးတောက်များထဲတွင် အရည်ပျော်ပြီး ပြန်လည်ပုံသွင်းခံရသည်။ သူ၏ ထင်ယောင်ထင်မှား ဖျက်ဆီးခြင်းမျက်လုံးများ၏အရင်းအမြစ်သည် အကြွင်းမဲ့သန့်စင်ခြင်းကို ခံလိုက်ရလေ၏။
"ခြေတစ်လှမ်းပဲ လိုတော့တယ်... ဒီလောက် စိတ်ဓာတ်ခိုင်မာမှုမျိုးက... တကယ်ကို ရှားပါးတာပဲ..."
ချင်းချိုး ဘိုးဘေးက ကြည့်နေရင်း အလွန်အမင်း တုန်လှုပ်သွားခဲ့၏။ မဟာတာအိုများမှ ခန္ဓာကိုယ်ကို လောင်ကျွမ်းခြင်း နာကျင်မှုကြောင့် သူမပင်လျှင် သူမ၏ဦးရေပြားကို ထုံကျင်သွားစေခဲ့သည်။
တစ်ချိန်တည်းမှာပင်...
ထုယိုယိုသည်လည်း ဤကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းကြောင့် လန့်နိုးသွားခဲ့သည်။ စူးချန်ကဲသည် လက်တွေ့နှင့် ထင်ယောင်ထင်မှားကြားတွင် အဆက်မပြတ် ပျော်ဝင်သွားပြီး ပြန်ပေါ်လာကာ ဖရိုဖရဲ မီးတောက်များ၏ လောင်ကျွမ်းခြင်းကို ခံနေရသည်။ တစ်ခါတစ်ရံ ရွှေရောင်အရိုးများသာ ကျန်ရစ်သည်ကို မြင်သောအခါ သူမ၏မျက်နှာလေး ချက်ချင်း ဖြူရော်သွားပြီး သူမက ချက်ချင်းအပြေးအလွှားသွားရန် ကြိုးစားလိုက်၏။
သို့ရာတွင် သူမသည် ချင်းချိုးဘိုးဘေးမှ ကျန်ရှိနေသောစွမ်းအားကို အသုံးပြု၍ တားဆီးခြင်းကို ခံလိုက်ရသည်။
"အဲ့ဒီကို မသွားနဲ့... မင်းရဲ စီနီယာအစ်ကိုက အရင်က မရှိဖူးတဲ့ လမ်းစဉ်တစ်ခုကို လျှောက်လှမ်းနေတာ... သူ့ကို အနှောင့်အယှက်ပေးလို့ မရဘူး... အခု နောက်ဆုတ်လိုက်... မင်းလည်း ကန့်သတ်ချက်အထိ စုပ်ယူပြီးသွားပြီ... သူ့ကို စိတ်ရောကိုယ်ပါ ကျင့်ကြံခွင့်ပြုလိုက်ပါ... မင်း သန့်စင်ဖို့အတွက် ကူညီပေးဖို့ နဂါးအသွင်ပြောင်းခြင်းချီ အစအနလေးတစ်ခုကို သူ ချန်ထားပေးခဲ့တယ်..."
ချင်းချိုး ဘိုးဘေးက ဖြည်းညှင်းစွာ ပြောလိုက်ပြီး စူးချန်ကဲကို စိတ်ရှုပ်ထွေးသော အမူအရာဖြင့် ကြည့်လိုက်သည်။ ပုံမှန်အားဖြင့် သူမကို ဆရာကြီးဟု ခေါ်သော်လည်း မွေးရာပါ မောက်မာမှုတစ်ခု ရှိနေသည့် စူးချန်ကဲတွင် ဤကဲ့သို့ အသေးစိတ်ကျပြီး ညင်သာသော ဘက်ခြမ်းတစ်ခု ရှိနေလိမ့်မည်ဟု သူမ မျှော်လင့်မထားခဲ့ချေ။
ဤကဲ့သို့ အလွန်အရေးကြီးသော အချိန်လေးမှာပင် ထုယိုယိုကို စောင့်ရှောက်ရန် သူ မမေ့လျော့ခဲ့ပေ။
ရိုးရိုးသားသား ပြောရလျှင် သူမ အလွန်စိတ်လှုပ်ရှားသွားခဲ့သည်။
အကယ်၍ စူးချန်ကဲက နဂါးအသွင်ပြောင်းခြင်း ရေကန်တစ်ခုလုံးကို လုံးလုံးလျားလျား စုပ်ယူသွားလျှင်ပင် သူမ အနည်းငယ်မျှ နာကြင်ကြေကွဲမည် မဟုတ်ဘဲ ဂုဏ်ယူမှုနှင့်ပျော်ရွှင်မှု အရိပ်အယောင်တစ်ခုကိုသာ ခံစားရပေလိမ့်မည်။
အကယ်၍ စူးချန်ကဲသာ ဤကမ္ဘာကြီး၏ အထွတ်အထိပ်တွင် ရပ်တည်နိုင်ခဲ့ပါက သူသည် တာအိုလမ်းစဉ်တွင် သူမ ကူညီပေးခဲ့သော ပထမဆုံးလူ ဖြစ်လာပေမည်။ ဤသည်က မျိုးဆက်တစ်သောင်းတိုင်အောင် ချင်းချိုးအတွက် ကောင်းချီးများကို သေချာပေါက် ရရှိစေပေမည်။
ချင်းချိုးဘိုးဘေး၏ စကားများကို ကြားသောအခါ ထုယိုယိုက အနည်းငယ် ရပ်တန့်သွားခဲ့၏။ သူမ၏မီးခိုးပြာရောင် မျက်လုံးများမှာ အနည်းငယ် နီရဲနေပြီး သူမ၏ နှလုံးသားထဲတွင် နွေးထွေးမှုများ ပြည့်နှက်သွားခဲ့သည်။ သူမ၏ ခန္ဓာကိုယ်တွင်းရှိ ကောင်းကင်လှိုဏ်ဂူဆယ်ခုက တပြိုင်နက်တည်း ပွင့်လာပြီး သူမကို ကောင်းကင်လှိုဏ်ဂူနယ်ပယ် အထွတ်အထိပ်အဆင့်သို့ တွန်းပို့လိုက်သည်။ သူမ၏ အမြှီးကိုးချောင်း ကောင်းကင်မြေခွေး သွေးမျိုးဆက်သည် နိုးထလာမည့် သိမ်မွေ့သော လက္ခဏာများကို ပြသနေပုံရပြီး ကြောက်မက်ဖွယ်ကောင်းသော နတ်ဆိုး အရှိန်အဝါတစ်ခုက သူမ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာခဲ့၏။
"စီနီယာအစ်ကိုရဲ့ ခန္ဓာကိုယ်က မရှိတော့ဘူး... အရိုးတွေပဲ ကျန်တော့တာ... သူ တကယ်ကြီး အဆင်ပြေရဲ့လား..."
ထုယိုယိုက မျက်ရည်များဖြင့် မေးလိုက်သည်။ သူမသည် သူမ၏ စိတ်ခံစားမှုများကို ဖုံးကွယ်ရာတွင် မထူးချွန်သဖြင့် အရာအားလုံးကို သူမ၏မျက်နှာပေါ်တွင် မြင်တွေ့နိုင်သည်။
ချင်းချိုးဘိုးဘေးက သူမကို နှစ်သိမ့်ပေးလိုက်သည်။
"စိတ်မပူပါနဲ့... သူက အခက်ခဲဆုံး အချိန်ကို ကျော်ဖြတ်သွားပြီ... အခု နောက်ဆုံးအချောသတ်ဖို့ပဲ ကျန်တော့တာ..."
"ဒီအခွင့်အရေးကိုယူပြီး အလကား မနေနဲ့... ဘိုးဘေးနဲ့ လိုက်ခဲ့... ငါတို့ မျိုးနွယ်စုရဲ့ မြင့်မြတ်တဲ့ ရတနာကို သန့်စင်ရအောင်..."
ဤအရာကို ကြားသောအခါ မျက်ရည်များကို သုတ်နေသော ထုယိုယိုက နားမလည်စွာ မေးလိုက်၏။
"ဘိုးဘေး... ဆက်ခံမယ့် မျိုးနွယ်စု ခေါင်းဆောင်တွေပဲ အဲ့ဒါကို သန့်စင်လို့ ရတာ မဟုတ်ဘူးလား... ကျွန်မက မျိုးနွယ်စု ရတနာကို ပြန်ယူသွားပေးရုံပဲလေ..."
"မလိုပါဘူး... မင်းက အဲ့ဒါကို တိုက်ရိုက် သန့်စင်လို့ ရတယ်..."
ချင်းချိုးဘိုးဘေးက ပြတ်သားစွာ ပြောဆိုလိုက်သည်။ ချင်းချိုး၏ လက်ရှိအခြေအနေကို ဘေးဖယ်ထားလျှင်ပင် ထုယိုယို၏ မွေးရာပါ ပါရမီနှင့် သွေးမျိုးဆက်တို့က သူမကို အနှေးနှင့်အမြန် မျိုးနွယ်စုခေါင်းဆောင် ဖြစ်လာစေပေမည်။
ထို့ပြင် စူးချန်ကဲနှင့် သူမ၏ဆက်ဆံရေးအရ...
ချင်းချိုးမျိုးနွယ်သည် သူမကို မျိုးနွယ်စု ခေါင်းဆောင် ဖြစ်ခွင့်ပြုရုံသာ ရှိတော့သည်။
ထုယိုယိုက ခေါင်းညိတ်လိုက်ပြီး အများကြီး မတွေးတော့ဘဲ စူးချန်ကဲဆီသို့ တစ်ခါတစ်ရံ စိုးရိမ်တကြီး ကြည့်နေသည်။
သူမသည် ချင်းချိုးဘိုးဘေး၏နံဘေးတွင် ထိုင်လိုက်ပြီးမှသာ ဘိုးဘေးက သူ၏နောက်ဆုံး စွမ်းအားကို စုစည်းပြီး ရေရွတ်လိုက်၏။
"သွေးမျိုးဆက်ကို လမ်းညွှန်အဖြစ်ထားပြီး... နှလုံးသားကို ရှင်းလင်းဖို့ မှန်ကို စုစည်းစမ်း... ထွက်ပေါ်လာခဲ့..."
ဝုန်း...
လက်ဖဝါးတစ်ဖက်စာ အရွယ်အစားရှိသော ရှေးဟောင်းပုံစံ စက်ဝိုင်းပုံ ကြေးမုံမှန်တစ်ချပ်က ဟင်းလင်းပြင်ထဲမှ ထွက်ပေါ်လာခဲ့သည်။
ထိုကြေးမုံမှန်၏မျက်နှာပြင်သည် ရေလှိုင်းများအလား မှုန်ဝါးနေပြီး မည်သည့်အခါမျှ ပြယ်လွင့်မသွားသော လရောင်မြူခိုးတစ်လွှာဖြင့် ဖုံးအုပ်ထားပုံရသည်။
ဤသည်မှာ နှစ်ပေါင်းသောင်းနှင့်ချီ၍ ပျောက်ဆုံးနေခဲ့သော ချင်းချိုးမြေခွေးမျိုးနွယ်စု၏ မြင့်မြတ်ရတနာဖြစ်သည့် ချင်းချိုး နှလုံးသားရောင်ပြန်ဟပ်ကြေးမုံမှန်ပင်။
တစ်ချိန်တည်းမှာပင် ထုယိုယိုက မြင့်မြတ်ရတနာကို သန့်စင်နေစဉ်တွင် အသံတစ်သံက စူးချန်ကဲ၏ စိတ်ထဲတွင် ပဲ့တင်ထပ်သွားခဲ့သည်။
【ဒင်... အရမ်းအရေးကြီးတဲ့ အချိန်မှာတောင် လက်ခံသူက ဂျူနီယာညီမလေးကို နဂါးအသွင်ပြောင်းခြင်းစွမ်းအားကို သန့်စင်ရာမှာ ကူညီပေးဖို့အတွက် စိတ်အာရုံကို ခွဲဝေပေးခဲ့ပြီးတော့ ဂျူနီယာညီမလေး ထုယိုယိုကို မျက်ရည်ကျအောင် အောင်မြင်စွာ လှုပ်ရှားနိုင်ခဲ့တယ်... ဒါက ကြီးမားတဲ့ နွေးထွေးမှု လုပ်ရပ် တစ်ခုအဖြစ် သတ်မှတ်ပါတယ်... ဆုလာဘ်...သူတော်စင်အဆင့် နတ်ဘုရားစွမ်းရည် (ခြေတစ်လှမ်းအကွာ၌ ရှိနေသော်လည်း ကောင်းကင်အဆုံးသတ်အလား ဝေးကွာခြင်း)...】
【လက်ခံသူရဲ့ အထူးအခြေအနေကို စဉ်းစားပြီးတော့ အဲ့ဒါကို စနစ်ဟင်းလင်းပြင်ထဲမှာ ယာယီ သိမ်းဆည်းထားပါတယ်...】
ဤအချိန်တွင်...
စူးချန်ကဲ၏အသိစိတ်မှာ အလွန် နက်နဲသိမ်မွေ့သော အခြေအနေတစ်ခုတွင် ရှိနေပြီး အချိန်များက အဆုံးမရှိ ဆန့်တန်းနေပုံရလေ၏။
သူ၏ခန္ဓာကိုယ်ကို တစစီဖြုတ်ချခံရပြီးနောက် ပြန်လည်တပ်ဆင်ခံရသကဲ့သို့ ခံစားလိုက်ရသည်။
သူ၏ခန္ဓာကိုယ်တွင်းရှိ မူလအစ နတ်ဘုရားမီးတောက်သည် ပို၍တောက်ပလာပြီး မျက်စိဖြင့် မြင်နိုင်သောနှုန်းဖြင့် ကျယ်ပြန့်လာခဲ့သည်။
ထိုအရာ ကြီးထွားလာရန် မည်သည့် ပြင်ပ စွမ်းအားမှ မလိုအပ်ချေ။ အဘယ်ကြောင့်ဆိုသော် ထိုအရာမှာ အရင်းအမြစ်ကိုယ်တိုင် ဖြစ်သောကြောင့်ပင်။ စူးချန်ကဲ ပို၍အစွမ်းထက်လာလေ ထိုအရာက ပို၍အားကောင်းလာလေလေပင်။
ဤမူလအစ နတ်ဘုရားမီးတောက် ထွက်ပေါ်လာသည့် အချိန်လေးမှာပင် လောင်ကျွမ်းနေသော မဟာတာအို မီးတောက်များအားလုံးက သူတို့၏ အရှင်သခင်နှင့် တွေ့ဆုံလိုက်ရသည့်အလား ချက်ချင်းယဉ်ပါးသွားသည်။ ထိုအရာအားလုံးသည် မူလအစ နတ်ဘုရားမီးတောက် အာဟာရဖြည့်ပေးရန် စွမ်းအင်စီးကြောင်းများအဖြစ်သို့ ပြောင်းလဲသွားခဲ့လေ၏။
ဝီ...
စူးချန်ကဲ၏ လောင်ကျွမ်းသွားသော ရုပ်ခန္ဓာကိုယ်မှာ စိတ်ကူး၍မရနိုင်သော အမြန်နှုန်းဖြင့် လျှင်မြန်စွာ ပြန်လည် တည်ဆောက်လာခဲ့သည်။
သူ၏ အသစ်မွေးဖွားလာသော အသားအရေမှာ ကျောက်စိမ်းအလား တောက်ပနေပြီး အထွတ်အထိပ်အရိုးများတွင် အရင်းအမြစ်၏ တာအိုအလင်းတန်းများ စီးဆင်းနေသည်။
"ငါ့ရဲ့ ရုပ်ခန္ဓာကိုယ်က နတ်ဘုရားမီးတောက်နယ်ပယ်ထဲကို ချိုးဖျက်ဝင်ရောက်သွားပြီလား..."
စူးချန်ကဲ၏အသိစိတ် ပြန်လည်ရောက်ရှိလာသောအခါ သူ အနည်းငယ် အံ့အားသင့်သွားသည်။ မဟာတာအိုများ ခန္ဓာကိုယ်ကို လောင်ကျွမ်းပြီးနောက် ဤမျှထိ ကြီးမားသော အကျိုးကျေးဇူးများ ရရှိလိမ့်မည်ဟု သူ မျှော်လင့်မထားခဲ့ချေ။
လက်ရှိတွင် သူ၏ကျင့်ကြံခြင်းနယ်ပယ်မှာ နတ်ဘုရားမီးတောက်နယ်ပယ် မဟုတ်သဖြင့် ကောင်းကင်တာအို ဥပဒေသများ၏ စွမ်းအားကို သူ မစုစည်းနိုင်ချေ။ သို့ရာတွင် သူ၏ သက်တမ်း၊ နတ်ဘုရားစိတ်အာရုံ၊ အသက်စွမ်းအားနှင့် ရုပ်ပိုင်းဆိုင်ရာ ခွန်အားတို့ အားလုံးမှာ နတ်ဘုရားမီးတောက်နယ်ပယ်တွင် ရှိနေသည်။ ထို့ပြင် သာမန်နတ်ဘုရားမီးတောက် ကျင့်ကြံသူများထက်ပင် များစွာကျော်လွန်နေပြီဖြစ်ကြောင်း သူ ပြောနိုင်ပေ၏။
သူ၏အရှိန်အဝါ အသွင်ပြောင်းသွားပြီးနောက်...
သဘာဝလွန်ဖြစ်စဉ်တစ်ခု ထပ်မံ၍ ထွက်ပေါ်လာခဲ့သည်။
စကြဝဠာ အရိုအသေပေးခြင်း...
အပျက်အစီးနယ်မြေ၏ ကောင်းကင်ယံအထက်တွင် ဖရိုဖရဲသမုဒ္ဒရာတစ်ခုနှင့်တူသော သဘာဝလွန်ဖြစ်စဉ်မှာ ထပ်မံ၍ အကြီးအကျယ် ပြောင်းလဲသွားခဲ့လေ၏။ ယခုအချိန်၌ မရေမတွက်နိုင်သော မဟာတာအို မှော်စာလုံးများမှာ ထွက်ပေါ်လာရုံသက်သက် မဟုတ်တော့ဘဲ အရိုအသေပေးနေသည့်အလား အပျက်အစီးနယ်မြေ၏ဝင်ပေါက်ကို လှည့်ပတ်နေကြသည်။
ဟင်းလင်းပြင်တွင် ဟိန်းဟောက်နေသော နတ်ဘုရားများနှင့် နတ်ဆိုးများ၏ ပုံရိပ်ယောင်များနှင့် ရှေးဦး ကောင်းကင်နှင့်မြေကြီး ဖန်တီးခြင်းပုံရိပ်များ ပို၍ရှင်းလင်းလာခဲ့သည်။ နတ်ဘုရားများနှင့် နတ်ဆိုးများ၏ မှေးမှိန်သော သရဲတစ္ဆေ ပုံရိပ်များက နဂါးအသွင်ပြောင်းခြင်း ရေကန်ဆီသို့ပင် ဦးညွှတ်နေကြလေ၏။
အချိန်မည်မျှ ကြာသွားသည်ကို မသိချေ။
ဤသဘာဝလွန်ဖြစ်စဉ်များမှာ တိတ်ဆိတ်စွာ လွင့်ပြယ်သွားခဲ့သည်။ စူးချန်ကဲက သူ၏မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်ပြီး ယခုအချိန်၌ မယုံနိုင်လောက်အောင် ကြည်လင်နေပြီဖြစ်သော နဂါးအသွင်ပြောင်းခြင်း ရေကန်ကို အရင်ဆုံး တစ်ချက်ကြည့်လိုက်သည်။ သူသည် မျက်လုံးများ စုံမှိတ်ပြီး အနီးအနားတွင် မြင့်မြတ်ရတနာကို သန့်စင်နေသည့် ထုယိုယိုဆီသို့ အကြည့်လွှဲလိုက်၏။
"သခင်လေးစူးက ဒီအဖိုးကြီးရဲ့ အမြင်တွေကို တကယ်ကို ကျယ်ပြန့်သွားစေခဲ့တာပဲ..."
ချင်းချိုးဘိုးဘေးက ပြောလိုက်သည်။ သူ၏ ပုံရိပ်မှာ အလွန်အမင်း မှေးမှိန်သွားပြီး ရှင်းလင်းစွာ မြင်နိုင်လောက်သည်အထိပင် အလွန်မှုန်ဝါးနေလေပြီ။
နောက်တစ်စက္ကန့်တွင်...
သူ၏ပုံရိပ်က လင်းလက်သွားပြီး စူးချန်ကဲ၏နံဘေးတွင် ထွက်ပေါ်လာကာ ခြိမ်းခြောက်သည့် လေသံဖြင့် ပြောဆိုသည်။
"မင်း ကြည့်ပြီးပြီ... ပြီးတော့ မင်း ထိပြီးပြီ... တကယ်လို့ သခင်လေးစူး က အဝစားပြီး တာဝန်ယူဖို့ ငြင်းဆန်မယ်ဆိုရင် ဒီအဖိုးကြီးက..."
ထိုအကြောင်းကို စဉ်းစားပြီးနောက် စူးချန်ကဲအပေါ် သူ့တွင် အမှန်တကယ်ကို မည်သည့် ဩဇာလွှမ်းမိုးမှုမှ မရှိကြောင်း သူ သဘောပေါက်သွားသည်။ နောက်ဆုံးတွင် သူက ပြတ်သားစွာ ပြောဆိုလိုက်၏။
"ဒီအဖိုးကြီး အောက်ရောက်သွားရင်တောင်မှ မင်းအကြောင်း အကောင်းပြောမှာ မဟုတ်ဘူး..."
"..."
စူးချန်ကဲ ဆွံ့အသွားခဲ့သည်။
'ငါ ဘာစားလိုက်လို့လဲ...'
သို့ရာတွင် သူ၏အရှိန်အဝါမှာ ကုန်ခမ်းလုနီးပါး ဖြစ်နေသည်ကို မြင်သောအခါ စူးချန်ကဲက သက်ပြင်းဖွဖွချလိုက်သည်။
"ဆရာကြီး... စိတ်ချပါ..."
"ဟားဟားဟား... သခင်လေးစူး ရဲ့ စကားတွေနဲ့တင် ဒီအဖိုးကြီး စိတ်သက်သာရာ ရသွားပါပြီ..."
ချင်းချိုးဘိုးဘေးက ရယ်မောလိုက်၏။ ထို့နောက် သူက တည်ကြည်လေးနက်သော အမူအရာကို ယူဆောင်လာပြီး သူက ဆက်ပြောလိုက်သည်။
"သခင်လေးစူး လျှောက်လှမ်းနေတဲ့ လမ်းစဉ်က ယခင်က မရှိဖူးတဲ့ လမ်းစဉ်ဖြစ်ပြီး သမိုင်းမှာ အပြည့်စုံဆုံး တာအို အခြေခံအုတ်မြစ်ကို ဖွဲ့စည်းထားတာပဲ... ကမ္ဘာအသင်္ချေနဲ့ မျိုးနွယ်စု တွေအားလုံးကြားက မကောင်းတဲ့ ရည်ရွယ်ချက်ရှိတဲ့ လူတွေရဲ့ အရေအတွက်က ရေတွက်လို့ မရနိုင်ဘူး... တကယ်လို့ ဒီကိစ္စသာ ပျံ့နှံ့သွားမယ်ဆိုရင် သခင်လေးစူးက အဲ့ဒီ မွန်းစတားအိုကြီးတွေရဲ့ ပစ်မှတ်ထားတာကို မလွဲမသွေ ခံရလိမ့်မယ်... ဒီအပြည့်စုံဆုံး တာအို အခြေခံအုတ်မြစ်ကို လုယူဖို့အတွက် စူးမိသားစုရဲ့ဂုဏ်သိက္ခာကိုတောင် သူတို့က ဂရုစိုက်မှာ မဟုတ်ဘူး... ဒါကြောင့် သခင်လေးစူးက နတ်ဘုရားမီးတောက်နယ်ပယ်ထဲကို တကယ် ခြေချတဲ့နေ့မှာ စူးမိသားစုဆီ ပြန်သွားဖို့ ဒီအဖိုးကြီးက မျှော်လင့်ပါတယ်..."
အခန်း ၆၄:သူက တကယ်ကို အဲ့ဒီသခင်ရဲ့ မျိုးဆက်ပဲ...
စူးမိသားစု၏ကာကွယ်မှုဖြင့် စူးချန်ကဲကို မည်သူမျှ ထိခိုက်အောင် မလုပ်နိုင်သော်လည်း သူသာ ဤအောက်ဘုံတွင် နတ်ဘုရားမီးတောက် နယ်ပယ်ထဲသို့ ခြေချပါက အခြေအနေက ကွဲပြားသွားပေလိမ့်မည်။
"သတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်..."
စူးချန်ကဲက ကျေးဇူးတင်သည့်အနေဖြင့် ခေါင်းညိတ်လိုက်၏။
"သခင်လေးစူး... ဒီအဖိုးကြီးကို အရိပ်အမြွက်လေး ပေးလို့ရမလား... မင်းက စူးမိသားစုရဲ့ ဘယ်မျိုးဆက်ကလဲ..."
ချင်းချိုးဘိုးဘေးက အလွန်အမင်းသိချင်စိတ်ဖြင့် မေးလိုက်သည်။
စူးချန်ကဲက သူ့ကို တစ်ချက်ကြည့်လေသည်။
"သခင်လေးစူး... လူတစ်ယောက်က သေတော့မယ်လေ... သေသွားတဲ့သူတွေကို လေးစားရမယ်... အဲ့ဒါက ဘာလဲ..."
"စူးချုံးက ငါ့အဖေပဲ..."
စူးချန်ကဲက နောက်ဆုံးတွင် တည်ငြိမ်စွာ အဖြေပေးလိုက်၏။ ထိုနာမည်ကို သူ ပြောလိုက်စဉ် ပြင်းထန်သော နာကြည်းမှုခံစားချက်နှင့် နက်ရှိုင်းသော လွမ်းဆွတ်မှုတို့က သူ၏ နှလုံးသား နက်ရှိုင်းရာမှ ထွက်ပေါ်လာခဲ့သည်။
ထိုအချိန်က အမှားမှာ သူ၏အမှား ဖြစ်ခဲ့သော်လည်း စူးချန်ကဲသည် စူးချုံးအပေါ်၌ ကြီးမားသော နာကြည်းမှုများ ရှိနေဆဲပင်။
ထို့ပြင် ထိုလွမ်းဆွတ်မှုမှာ ငယ်စဉ်ကတည်းက သူ့ကို အလိုလိုက်ခဲ့သော သူ၏မိခင်အတွက် ဖြစ်ပုံရပေ၏။
ဟူး...
စူးချန်ကဲ၏မိဘနှစ်ပါးလုံးမှာ အသက်ရှင်ကျန်းမာနေဆဲဖြစ်ပြီး နှစ်ဦးလုံးမှာ ထင်ရှားသော ပုဂ္ဂိုလ်များ ဖြစ်ကြကာ စတေးခံလိုက်ရသော ကံကြမ္မာဇာတ်လိုက်များ၏ မိဘများနှင့် လုံးဝမတူညီချေ။
ဤအရာကို ကြားသောအခါ ချင်းချိုးဘိုးဘေး၏မျက်လုံးသူငယ်အိမ်များ ချက်ချင်း ကျုံ့သွားခဲ့သည်။ သူမက စူးချန်ကဲကို အချိန်ကြာမြင့်စွာ စိုက်ကြည့်နေပြီး စကားတစ်ခွန်းမျှပင် မဟနိုင်ခဲ့ပေ။
စူးချုံး...
မိုးပြာကောင်းကင် အာဏာရှင်ရုပ်ခန္ဓာကိုယ်နှင့် ပြိုင်ဘက်ကင်းသော တိုက်ခိုက်ရေးစွမ်းအားကို ပိုင်ဆိုင်ထားပြီး သူ၏ ခေတ်ကာလအတွင်း စိတ်ဝိညာဉ်နယ်မြေတွင် ယှဉ်ပြိုင်၍မရနိုင်သော စူးမိသားစု၏ ထိပ်တန်း ပါရမီရှင်...
ယခုအချိန်၌ သူ၏ အထွတ်အထိပ်ခန္ဓာကိုယ်သည် ကြီးမားစွာ ပြီးပြည့်စုံနေပြီဖြစ်ပြီး သူသည် စူးမိသားစုခေါင်းဆောင် ဖြစ်လာခဲ့သည်မှာ အချိန်အတော်ကြာမြင့်နေလေပြီ။
စူးချန်ကဲသည် အမှန်တကယ်ကို စူးချုံး၏သားဖြစ်လိမ့်မည်ဟု သူ မျှော်လင့်မထားခဲ့ချေ။ ဤအဆင့်အတန်းမှာ အလွန်မြင့်မြတ်လွန်းသဖြင့် သူ့ကို တုန်လှုပ်သွားစေခဲ့သည်။ စူးမိသားစု၏ အိမ်ရှေ့မင်းသားက ဤအောက်ဘုံသို့ အဘယ်ကြောင့် တစ်ယောက်တည်း လာရကြောင်းကို သူ ပို၍ပင် နားလည်ချင်လာခဲ့သည်။ စူးချန်ကဲထံတွင် တာအို အစောင့်အရှောက် အမှန်တကယ်ကို မရှိသလော။
ထိုအရာမှာ လုံးဝမဖြစ်နိုင်ချေ။
တစ်နေရာရာမှ တစ်စုံတစ်ယောက်က အရာအားလုံးကို စောင့်ကြည့်နေခြင်း ဖြစ်နိုင်ပေ၏။
"သူက တကယ်ကို အဲ့ဒီသခင်ရဲ့ မျိုးဆက်ပဲ... သူက ဒီလောက်ထိ မွန်းစတားဆန်နေတာ အံ့အားသင့်စရာ မရှိပါဘူး..."
ချင်းချိုးဘိုးဘေးက တွေးတောနေချိန်မှာပင် သူ၏ပုံရိပ်မှာ ပို၍ပွင့်လင်းမြင်သာလာခဲ့သည်။
စူးချန်ကဲက သူမကို ကြည့်ကာ ပြောဆိုလိုက်၏။
"ဆရာကြီး... ထွက်သွားတော့မလို့လား..."
"အင်း..."
ချင်းချိုးဘိုးဘေးက ခေါင်းညိတ်လိုက်သည်။
"မပြည့်စုံသေးတဲ့ ဆန္ဒတွေ ရှိသေးလား..."
စူးချန်ကဲက တခဏမျှ တိတ်ဆိတ်သွားပြီးနောက် မေးမြန်းသည်။ မည်သို့ပင်ဆိုစေကာမူ ချင်းချိုးဘိုးဘေး၏အမွေအနှစ်များကို သူ ယူဆောင်ခဲ့ပြီးပြီဖြစ်သည်။
သို့ရာတွင် ချင်းချိုးဘိုးဘေးက အပြုံးနှင့် ခေါင်းခါယမ်းပြီး ပြောဆိုသည်။
"မရှိဘူး... ငါ့ရဲ့ မျိုးဆက်ကို မြင်တွေ့ခဲ့ရပြီး အဲ့ဒီမကောင်းဆိုးရွားကို လုံးဝဖယ်ရှားပစ်နိုင်ခဲ့ပြီဆိုတော့ ငါ့ရဲ့စွဲလမ်းမှုတွေ အကုန်လုံး ပျောက်သွားပါပြီ..."
"ငါ ဒီမှာ နောက်ဆုံး နေခဲ့တာက သခင်လေးစူး ကို ငါ ပြောချင်တဲ့ စကားတစ်ခွန်း ရှိလို့ပါ..."
စူးချန်ကဲက မော့ကြည့်ပြီး သူ့ကို စိုက်ကြည့်ကာ မေးမြန်းလိုက်၏။
"ဘာလဲ..."
ချင်းချိုးဘိုးဘေးက ခေါင်းညိတ်လိုက်ပြီး သူ၏ ပုံရိပ်က ကြယ်အလင်းစက်များအဖြစ်သို့ တဖြည်းဖြည်း ပြောင်းလဲသွားကာ သူ၏ နှလုံးသားထဲ၌ ရေရွတ်လိုက်သည်။
"ဒုတိယညီ... တတိယညီမ... အစ်မကြီး... ငါ မင်းတို့ကို လာရှာနေပြီ..."
"ဆရာကြီး... ထုယိုယိုကို နှုတ်မဆက်တော့ဘူးလား..."
စူးချန်ကဲက ထပ်မေးလိုက်သည်။
ချင်းချိုးဘိုးဘေးက ခေါင်းယမ်းပြီး တည်ငြိမ်စွာ ပြောလိုက်၏။
"နှုတ်ဆက်တာက ဝမ်းနည်းမှုကို ယူဆောင်လာတယ်... ဘာလို့ ဒုက္ခပိုများအောင် လုပ်မှာလဲ..."
"ငါ သွားတော့မယ်..."
ချင်းချိုးမျိုးနွယ်စုမှ ဒုတိယမျိုးဆက်ဘိုးဘေး၏ အကြွင်းအကျန်စိတ်ဆန္ဒမှာ ဤအချိန်၌ လုံးဝပြယ်လွင့်သွားခဲ့သည်။
သူမ ထွက်သွားပြီး နောက်တစ်စက္ကန့်တွင်...
"ဟူး..."
ထုယိုယိုက သူမ၏မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်ရာ မြေခွေးမျိုးနွယ်စု၏ မြင့်မြတ်ရတနာကို သူမ၏ခန္ဓာကိုယ်ထဲသို့ ပေါင်းစပ်ပြီးဖြစ်လေ၏။
"စီနီယာအစ်ကို... အစ်ကို အသက်ရှင်နေတယ်..."
"ဝိုး... အစ်ကို့ရဲ့ အသားအရေက ပိုတောင် ကောင်းလာသလိုပဲ..."
"ဟင်..."
"ဘိုးဘေးက ဘယ်ရောက်သွားတာလဲ..."
ထုယိုယို နိုးလာသည်နှင့် တစ်ပြိုင်နက် သူမက မရပ်မနား စတင်၍ စကားပြောဆိုတော့သည်။
"သူက လုပ်စရာ ကိစ္စလေးတွေ ရှိလို့ အရင် ထွက်သွားပြီ..."
စူးချန်ကဲက ပေါ့ပေါ့ပါးပါး ပြောလိုက်ပြီးနောက် ဖြည်းညှင်းစွာ မတ်တတ်ရပ်လိုက်၏။
"သွားကြစို့... ငါတို့လည်း ထွက်သွားဖို့ အချိန်တန်ပြီ..."
စူးချန်ကဲက မိုးကောင်းကင်ကို ကြည့်လိုက်ကာ သူ နတ်ဘုရားမီးတောက်ကို ထွန်းညှိရန် အချိန်မည်မျှထိ ကြာသွားသည်ကိုပင် မသိခဲ့ချေ။
"အို..."
ထုယိုယိုက ခေါင်းညိတ်လိုက်ပြီး သူမ၏ မျက်လုံးများတွင် လျင်မြန်သော ဝမ်းနည်းမှု အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားခဲ့သည်။
သို့ရာတွင် လီဖိုကျွင်း ၊ တခြားသူများနှင့် တွေ့ဆုံပြီးနောက် သူမ ချက်ချင်းဆိုသလိုပင် စိတ်သက်သာရာရသွားသည်။
"ဆရာကြီးစူး... လဝက်တောင် ကြာသွားပြီ... နောက်ဆုံးတော့ ဆရာကြီး ရောက်လာပြီ... ငါတို့ အရာအားလုံးကို စုဆောင်းပြီးပါပြီ... ဘာမှ မကျန်ခဲ့ပါဘူး..."
လီဖိုကျွင်းက စိတ်လှုပ်ရှားစွာဖြင့် ရှေ့သို့ အပြေးအလွှား လာခဲ့ပြီး ဆယ်နှင့်ချီသော သိုလှောင်လက်စွပ်များက လေထုအလယ်တွင် လွင့်မျောနေသည်။ သူက စူးချန်ကဲကို မရည်ရွယ်ဘဲ ကြည့်လိုက်မိသောအခါ သူ၏ နှလုံးသား အထိန်းအကွပ်မဲ့စွာ တုန်ရီသွားခဲ့၏။
ဤသည်မှာ သူ့ထက် များစွာသာလွန်သော တည်ရှိမှုတစ်ခုကို ရင်ဆိုင်နေရသည့်အလားပင်။
လီဖိုကျွင်း၏နောက်တွင် ပြန်လည်ကောင်းမွန်လာပြီဖြစ်သော ကျင့်ကြံသူများရှိနေပြီး သူတို့အားလုံး မတ်တတ်ရပ်ကာ စူးချန်ကဲကို ရိုသေလေးစားစွာ ကြည့်လိုက်ကြသည်။
ထွက်မသွားသေးသော ရွှီယွီက ရှေးဟောင်း သစ်ပင်တစ်ပင်၏နောက်မှ ကြည့်နေသည်။ ယခင်က သူမထံ၌ရှိခဲ့သော မောက်မာမှုများမှာ သူမ၏မျက်လုံးများမှ ပျောက်ကွယ်သွားပြီဖြစ်ပြီး လက်ခံလိုက်သော တိတ်ဆိတ်မှုနှင့် သိချင်စိတ် အရိပ်အယောင်တို့ဖြင့်သာ အစားထိုးခံလိုက်ရလေ၏။
ထိုနတ်ဘုရားမီးတောက် သဘာဝလွန်ဖြစ်စဉ်ကို သူ အမှန်တကယ် ဖန်တီးခဲ့ခြင်းလောဟု သူမ တွေးမိသည်။
"လဝက်တောင်..."
စူးချန်ကဲက မျက်မှောင်အနည်းငယ်ကြုတ်လိုက်သည်။ အမှန်တကယ်ကို ဤမျှထိ ကြာသွားခြင်း ဖြစ်သလောဟု သူ တွေးမိသည်။
သူက မလှမ်းမကမ်းရှိ ရှေးဟောင်းသစ်တောကို အလိုအလျောက် ကြည့်လိုက်ရာ သူ မျက်မှောင်အနည်းငယ် ကြုတ်သွားပြီး မမေးဘဲ မနေနိုင်အောင် ဖြစ်သွားခဲ့၏။
"ဒီနေရာမှာ ဘာတွေ ဖြစ်နေတာလဲ..."
ဤအချိန်၌ ရှေးဟောင်းသစ်တောမှာ ယခင်ကနှင့် လုံးဝကွဲပြားနေပြီး ရိုသေလေးစားစွာ ဦးညွှတ်နေသော ပုံရိပ်များအဖြစ် တံစဉ်းဖြင့်ဖြတ်တောက်ခြင်းကို ခံထားရသည်။
"အို... နောက်ပိုင်းကျတော့ ငါ ပျင်းလာတာနဲ့ ဆရာကြီးစူးကို ရိုသေလေးစားစွာ အရိုအသေပြုဖို့ ဒီရှေးဟောင်းသစ်ပင်တွေကို ဦးညွှတ်နေတဲ့ ကိုယ်ဟန်အနေအထားတွေအမျိုးမျိုးအဖြစ် တံစဉ်းနဲ့ဖြတ်လိုက်တာပါ... ဆရာကြီးစူးရဲ့ မဟာတာအိုက ထာဝရ တည်တံ့မယ်ဆိုတာကို ကိုယ်စားပြုပါတယ်... ဒါက ကျွမ်းကျင်မှု အသေးစားလေး တစ်ခုပါပဲ..."
လီဖိုကျွင်းက ခေါင်းကုတ်ကာ ရယ်မောလိုက်သည်။
"..."
စူးချန်ကဲက လီဖိုကျွင်းကို တစ်ချက်ကြည့်ကာ တွေးလိုက်၏။
"ဒါက ဘယ်လို ပါရမီမျိုးလဲ..."
တစ်ချိန်တည်းမှာပင် သူ၏နံဘေးရှိ ထုယိုယိုက သိုလှောင်လက်စွပ်တစ်ကွင်းကို သိချင်စိတ်ဖြင့် ဖွင့်လိုက်ရာ သူမ၏မျက်နှာလေး ချက်ချင်း သက်ဝင်လှုပ်ရှားလာပြီး အကြိမ်ကြိမ် အော်ဟစ်လိုက်သည်။
"စီနီယာအစ်ကို... ကြည့်ပါဦး... ရတနာတွေ အများကြီးပဲ..."
"ငါတို့ ပြန်ရောက်ရင် မင်း ဖြည်းဖြည်းချင်း ကြည့်လို့ ရပါတယ်..."
စူးချန်ကဲက ညင်သာစွာ ပြောလိုက်ပြီးနောက် သူ့ကို ကြည့်နေသော စိတ်လှုပ်ရှားနေသည့် ကျင့်ကြံသူများကို တစ်ချက်ကြည့်ကာ တစ်ခဏမျှ စဉ်းစားပြီး ပြောလိုက်၏။
"မင်းတို့ တစ်ယောက်ချင်းစီက ရလာတဲ့အထဲက ဆယ်ပုံတစ်ပုံကို ယူလို့ ရတယ်..."
"ကျေးဇူးတင်ပါတယ် ဆရာကြီးစူး..."
"ကျေးဇူးပါ..."
"ဆရာကြီးစူး... ဆရာကြီးရဲ့ ကြီးမားတဲ့ ကျေးဇူးတရားက စကားလုံးတွေနဲ့တောင် ဖော်ပြလို့ မရပါဘူး..."
"ဆရာကြီးစူး... တကယ်တော့ ငါက ဒီလောကီ ပိုင်ဆိုင်မှုတွေကို စိတ်မဝင်စားပါဘူး... ဒီအဖိုးကြီးက ဒီနှစ် ၈၁ နှစ် ရှိပါပြီ... တိုက်ခိုက်ရမယ့် အရွယ်ပါ... တကယ်လို့ ဆရာကြီးစူးက စိတ်မရှိဘူးဆိုရင် ဒီအဖိုးကြီးက ဆရာကြီးစူးရဲ့နောက်ကို လိုက်ပြီး ဒီယွမ်ယန် နယ်မြေမှာ စွန့်စားဖို့ ဆန္ဒရှိပါတယ်..."
"ငါလည်းပဲ..."
ဆူညံနေသော အသံများကို နားထောင်ရင်း စူးချန်ကဲက ပြန်မဖြေဘဲ ခပ်ဖျော့ဖျော့သာ ပြုံးလိုက်သည်။
လီဖိုကျွင်းက ချက်ချင်းရှေ့တိုးပြီး ပြောဆိုလိုက်၏။
"ကောင်းပြီလေ... ဆရာကြီးစူးက ပြောပြီးပြီလေ... မင်းတို့အားလုံး ကိုယ့်ရဲ့ပံ့ပိုးကူညီမှုတွေအပေါ် မူတည်ပြီး ကိုယ့်ရဲ့ဆုလာဘ်တွေကို တောင်းဆိုလို့ရပြီ... လူတချို့ကတော့... ရေနောက်မှာ ငါးဖမ်းဖို့ မကြိုးစားနဲ့..."
သူ၏စကားများမှာ သဘာဝကျကျပင် ရွှီယွီနှင့် တခြားသူများကို ရည်ရွယ်ခြင်းဖြစ်သည်။
"တာအိုသီလရှင်... ငါတို့..."
အဖိုးအို တစ်ဦး၏မျက်နှာ နီရဲသွားသည်။
ရွှီယွီ၏မျက်နှာ သုန်မှုန်နေပြီး သူမက ပြောဆိုလိုက်၏။
"သွားကြစို့..."
ဖြစ်စဉ်တစ်ခုလုံးတလျှောက် စူးချန်ကဲက ရွှီယွီကို တစ်ချက်မျှပင် မကြည့်ခဲ့ဘဲ သူမ၏တည်ရှိမှုကိုပင် မေ့လျော့သွားခဲ့လေပြီ။
လူတိုင်း သူတို့၏ဆုလာဘ်များကို ရရှိပြီး အပျက်အစီးနယ်မြေထဲမှ ထွက်ခွာလာပြီးနောက်...
ယွမ်မန်ရွှံ့နွံတောသည် လူသူကင်းမဲ့နေပြီး ထိုက်ချင်လက်ဖက်ရည်ပွဲသည်လည်း လူတိုင်း ထွက်ခွာသွားသည်နှင့် အလိုအလျောက် ပြီးဆုံးသွားခဲ့လေ၏။
တစ်ချိန်တည်းမှာပင်...
ပုံရိပ်တစ်ခုက အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး စူးချန်ကဲ၏နံဘေးတွင် ဆင်းသက်လာခဲ့သည်။
"ဆရာကြီးစူး... ဆရာကြီး ထွက်လာပြီပဲ..."
ကျောက်ဝမ်ရှန်းက မျက်နှာချိုသွေးကာ ပြောဆိုပြီး လက်ဖက်ရည်တာအို ပြီးပြည့်စုံခြင်းအဆင့်တွင်ရှိသည့် တည်ရှိမှုတစ်ခုဖြစ်သော စူးချန်ကဲအပေါ် ကြီးမားသော လေးစားမှုအား ပြသလိုက်၏။
စူးချန်ကဲက ခေါင်းညိတ်ပြပြီး သူ့ကို အံ့အားသင့်စွာ ကြည့်ကာ ပြောလိုက်သည်။
"လျိုယွမ်မြို့မှာ တခြားကိစ္စတွေ မရှိဘူးလား... ခင်ဗျားက ဘာလို့ ဒီမှာ စောင့်နေရတာလဲ..."
ကျောက်ဝမ်ရှန်းက ရယ်မောလေသည်။
"ဆရာကြီးစူး... ဒီလိုပါ... အစက တောင်ထိပ်သခင်လီက ဆရာကြီးကို ဒီနေရာမှာ စောင့်နေခဲ့တာပါ... ဒါပေမဲ့ လွန်ခဲ့တဲ့ ရက်အနည်းငယ်က သူက ဂိုဏ်းဆီကနေ သတင်းတစ်ခုရပုံပေါ်ပြီး အမြန်ပြန်သွားခဲ့တယ်... ကြည့်ရတာတော့ ထျန်ရွှမ်နိုင်ငံမှာ အစည်းအဝေး တစ်ခုခုကို တက်ဖို့ ထင်တယ်... ငါ သေချာ မကြားလိုက်ရဘူး... အဲ့ဒီနောက် တောင်ထိပ်သခင်လီက ဆရာကြီး ထွက်လာမယ့်အချိန်ကို ဒီနေရာမှာ စောင့်နေဖို့ ငါ့ကို ပြောခဲ့တယ်... တကယ်လို့ ဆရာကြီးမှာ အန္တရာယ် မရှိဘူးဆိုရင် သူ့ရဲ့အသက်ဆက်စိတ်ဝိညာဉ်ရတနာကို သူ့ရဲ့ တပည့်ဆီ ပေးလိုက်ရုံပါပဲ..."
ဤအရာကို ကြားသောအခါ စူးချန်ကဲက ခေါင်းညိတ်ပြပြီး ပြောလိုက်၏။
"ကျွန်တော် နားလည်ပါပြီ... ခင်ဗျား ဒုက္ခခံပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်..."
ထျန်ရွှမ်နိုင်ငံ နန်းတွင်းအစည်းအဝေး စတင်နေပြီလောဟု သူ တွေးမိသည်။
ထိုနေရာသို့ မည်သူက အဖွဲ့ကို ဦးဆောင်သွားခြင်းဖြစ်မည်နည်းဟု သူ တွေးတောမိလေ၏။
"ဘာပြဿနာမှ မရှိပါဘူး..."
"လုံးဝဒုက္ခမများပါဘူး..."
ကျောက်ဝမ်ရှန်း က အကြိမ်ကြိမ် ပြောလိုက်ပြီးနောက် တစ်ခုခုကို သတိရသွားပုံရကာ ထပ်ဖြည့်ပြောလိုက်သည်။
"အို... ဟုတ်တယ်... ဆရာကြီးစူး... နောက်ထပ် ကိစ္စတစ်ခု ရှိသေးတယ်... ဒီနေ့ ဘာအကြောင်းကြောင့်မှန်း မသိပေမဲ့ မြောက်ပိုင်းနယ်မြေမှာရှိတဲ့ နင်မိသားစုက ထိုက်ချင်ဂိုဏ်းဆီကို လူတွေ လွှတ်လိုက်တယ်..."