အခန်း (၆၅-၆၆)
Vol. 7 Ch. 65-66
အခန်း ၆၅:မင်း အပျက်အစီးတွေဆီ သွားပြီး ထပ်တူးနေပြန်ပြီလား...
"နင်မိသားစု..."
ဤစကားကို ကြားသောအခါ စူးချန်ကဲက မျက်မှောင်အနည်းငယ်ကြုတ်လိုက်၏။
သူတို့က ဤမျှထိမြန်မြန် ရောက်လာခြင်း ဖြစ်သလော...
ယွမ်ယန် ကုန်သည်ကြီးများအသင်းသို့ အရင်သွားပြီး သူ ငှားရမ်းထားသော ဝင်္ကပါဖွဲ့စည်းခြင်းကို နားလည်သဘောပေါက်အောင်လုပ်ကာ မြင့်မြတ်အရှင်နယ်ပယ်သို့ ချိုးဖောက်ဝင်ရောက်ပြီးမှသာ ဂိုဏ်းသို့ ပြန်ရန် သူ စီစဉ်ထားခဲ့လေ၏။ ဂိုဏ်းရှိ အခြေအနေက မည်သည့်အဆင့်ထိ အရေးပေါ်ဖြစ်နေသည်ကို သူ သေချာမသိခဲ့ချေ။
ဤသို့ တွေးတောနေစဉ် သူ့ထံတွင် ထိုက်ချင်ဂိုဏ်း၏ ဆက်သွယ်ရေး မှော်ရတနာ ရှိနေသေးကြောင်း သူ ရုတ်တရက် သတိရသွားခဲ့သည်။
ချက်ချင်းပင် သူ၏ဆက်သွယ်ရေး ကျောက်တုံးကို သူ ထုတ်ယူလိုက်၏။ ထိုအထဲသို့ စိတ်ဝိညာဉ် စွမ်းအားများ ထည့်သွင်းလိုက်သည်နှင့် တပြိုင်နက် အသံသတင်းစကားများက ၉၉+ အထိ ချက်ချင်းစုပုံလာခဲ့သည်။
သူ့ထံသို့ အသံသတင်းစကား အများဆုံးပေးပို့ခဲ့သူမှာ လီဖိုကျွင်း၏တပည့်ဖြစ်ပြီး တတိယတောင်ထိပ်၏ ခေါင်းဆောင်တပည့်ဖြစ်သော ရွှီချီပင်။
【အဖိုးကြီးစူး... မင်း အိပ်နေတာလား... စမ်းသပ်မှု ကျရှုံးမှာကို စိတ်ပူနေတုန်းပဲလား... အာ... အဲ့ဒါက ကိစ္စကြီး မဟုတ်ပါဘူး... တကယ်လို့ မင်း မအောင်မြင်ရင်တောင် ကိုယ့်ကိုယ်ကိုယ် နည်းနည်းလောက် လမ်းပြပေးလိုက်ပါ... ဒါဆို မင်းရဲ့ စိတ်ခံစားချက် ပိုကောင်းလာလိမ့်မယ်... ရိုးရိုးသားသား ပြောရရင် ဒီလောက် လှပတဲ့ ဂျူနီယာညီမလေး သုံးယောက်ကို အနီးအနားမှာ ထားပြီး သူတို့ကို ပရောပရည် မလုပ်တာက လုံးဝကို အလဟဿပဲ...】
【သောက်ကျိုးနည်း... စူးချန်ကဲ... မင်းက မင်းကိုယ်မင်း အရမ်း နက်နက်ရှိုင်းရှိုင်း ဖုံးကွယ်ထားခဲ့တာပဲ... ငါ့ကိုတောင် လှည့်စားခဲ့တယ်ပေါ့လေ... လင်ထျန်းလန်နဲ့ ဘာတွေ ဖြစ်နေတာလဲ... တကယ်လို့ ငါ့ရဲ့ဆရာက ငါ့ကို လျှို့ဝှက်ချက်အနေနဲ့ မပြောပြခဲ့ရင် မင်း ဒီလောက်ထိ အံ့အားသင့်စရာကောင်းမှန်း ငါ သိခဲ့မှာ မဟုတ်ဘူး...】
【စာမပြန်ဘူးလား... မင်းက ငါ့ကို လျစ်လျှူရှုထားတာလား...】
【ကောင်းပြီ... ကောင်းပြီလေ... စူးချန်ကဲ... ငါတို့ ချမ်းသာလာရင် တစ်ယောက်ကိုတစ်ယောက် မမေ့ကြကြေးလို့ ငါတို့ သဘောတူထားခဲ့တယ်လေ... အဲ့ဒါကြောင့် အချစ်တွေ ပျောက်ကွယ်သွားပြီပေါ့လေ... ဟုတ်လား...】
【မင်း ရှိလား...】
【အိုဟို... မင်း ထိုက်ချင် လက်ဖက်ရည်ပွဲမှာ သွားပြီးပါဝင်ခဲ့တယ်လို့ ငါ့ရဲ့ဆရာ ပြောတာ ငါ ကြားလိုက်တယ်...】
【အားးး... စူးချန်ကဲ... မင်းရဲ့ လက်ဖက်ရည်တာအို ပြီးပြည့်စုံခြင်းအဆင့်က သောက်ကျိုးနည်းလောက်အောင် ဘယ်အချိန်တုန်းက ဖြစ်သွားတာလဲ... အဲ့ဒါဆို အရင်တုန်းက မင်းအတွက် လက်ဖက်ရည် ဖျော်ပေးဖို့ ငါ့ကို တောင်းဆိုတုန်းက မင်းက ဘာမှမသိသလို ဟန်ဆောင်နေခဲ့တာပေါ့လေ... ဟုတ်လား... ငါ မင်းကို မခေါ်တော့ဘူး... စာမပြန်နဲ့... ဒါပဲ...】
【အဖိုးကြီးစူး... ဒါကို ရရင် စာပြန်ပါ... ဒီနေ့ မြောက်ပိုင်းနယ်မြေ နင်မိသားစုက မောက်မာတဲ့ ကောင်တချို့ ရောက်လာတယ်... လာပြီး သူတို့ကို ရိုက်နှက်လိုက်စမ်းပါ...]
"..."
ဤသတင်းစကားများကို မြင်သောအခါ စူးချန်ကဲ၏မျက်ခွံများ အရိုင်းဆန်စွာ ခုန်ပေါက်နေသော်လည်း သူ မရယ်ဘဲ မနေနိုင်ခဲ့ချေ။
ရွှီချီသည် ထိုက်ချင်ဂိုဏ်းတွင် သူ၏တစ်ဦးတည်းသော သူငယ်ချင်းပင်။ သူတို့ ဆုံတွေ့ခဲ့ရသည့် အကြောင်းအရင်းမှာ လျှို့ဝှက်နယ်မြေ တစ်ခု၌ လေ့ကျင့်ရေး အတွေ့အကြုံတစ်ခုအတွင်းတွင် စူးချန်ကဲ၏အသက်ကို ရွှီချီက ကယ်တင်ခဲ့သောကြောင့်ပင်။
ထိုသို့မဟုတ်ပါက စူးချန်ကဲ၏ မူလ စိတ်နေသဘောထားအရ ဤစကားများလွန်းသော ကောင်နှင့် သူ သေချာပေါက် ပေါင်းသင်းမည် မဟုတ်ချေ။
နောက်တစ်စက္ကန့်တွင် စူးချန်ကဲက စတင်၍ စာပြန်လိုက်လေသည်။
【မင်း ရှိလား...ငါ စူးချန်ကဲ】
တခဏအကြာတွင်...
【ငါက မင်း သေပြီလို့တောင် ထင်နေတာ... မင်း အခုမှ စာပြန်တာလား... ရွှီချီ】
【ဘာဖြစ်လို့လဲ... မင်း အပျက်အစီးနယ်မြေဆီ သွားပြီး ထပ်တူးနေပြန်ပြီလား... ရွှီချီ】
【ပထမဆုံး ဒီနေ့ ထိုက်ချင်ဂိုဏ်းကို လာလည်တဲ့ နင်မိသားစုအကြောင်း ငါ့ကို ပြောပြပါအုံး... စူးချန်ကဲ】
【ဘာရှင်းပြစရာ ရှိလို့လဲ... သူတို့က ဒီတိုင်း ဟိုဟိုဒီဒီ လျှောက်သွားနေကြတာပဲ... ဒါပေမဲ့ ဒီမျိုးဆက်ရဲ့ မြောက်ပိုင်းနယ်မြေ နင်မိသားစုက ကောင်းကင်ပါရမီရှင်က ခုနစ်နှစ် ရှစ်နှစ်အရွယ် ကလေးတစ်ယောက်နဲ့ တူနေလိမ့်မယ်လို့ ငါ မမျှော်လင့်ထားခဲ့ဘူး... သူက မွေးရာပါ နတ်ဘုရားခွန်အားကို ပိုင်ဆိုင်ထားပြီးတော့ ဝင်္ကပါဖွဲ့စည်းခြင်းနယ်ပယ် ကဏဦးအဆင့်ကိုတောင် ရောက်နေပြီ... သူက လုံးဝကို အံ့အားသင့်စရာပဲ ...ရွှီချီ】
【သူတို့ တစ်ခုခုများ ပြောသွားသေးလား... ငါ့ရဲ့ နဝမတောင်ထိပ် ကို ပြဿနာလာရှာသေးလား... စူးချန်ကဲ】
【မရှာပါဘူး... အနည်းဆုံးတော့ ငါ အပြင်မှာ ရှိနေတုန်းကပေါ့... အခု ဘယ်လိုလုပ်ပြီး သိနိုင်မှာလဲ... ငါ့ဆရာက ငါ့ကို ဂူတစ်ခုထဲမှာ ပိတ်လှောင်ထားတယ်...ရွှီချီ】
【ဘာလို့လဲ... စူးချန်ကဲ】
【အဲ့ဒီ ခုနစ်နှစ် ရှစ်နှစ်အရွယ် ကလေးက တကယ်တော့ အသက် နှစ်ဆယ်ကျော်နေပြီးတော့ နင်မိသားစုရဲ့ လူငယ်မျိုးနွယ်စုခေါင်းဆောင်ဆိုတာ ငါက ဘယ်လိုလုပ်ပြီး သိနိုင်မှာလဲ...သောက်ကျိုးနည်း ငါက ဒီကလေးလေးကို စနောက်ပြီး ငါ့အတွက် စာကလေး တစ်ကောင် ဖမ်းပေးဖို့ တောင်းဆိုလိုက်တာပါ... အဲ့ဒီနောက်တစ်ယောက်ယောက်က ငါ့ကို သတိလစ်အောင် ရိုက်လိုက်ပြီး ငါ နိုးလာတော့ ငါ ဒီမှာ ဆောင့်ကြောင့် ထိုင်နေရပြီ... ရွှီချီ】
"..."
စူးချန်ကဲ၏ပါးစပ်က အနည်းငယ် တွန့်ကွေးသွားပြီး တခဏမျှ မည်သို့ပြန်ဖြေရမည်ကို မသိတော့ချေ။
လီဖိုကျွင်း ပြောခဲ့သည့် ကျယ်ပြန့်သော ဖြောင့်မတ်ခြင်းချီကို ပိုင်ဆိုင်ထားသူမှာ ဤကောင်စုတ် အမှန်တကယ်ကို ဟုတ်ပါသလော....
စူးချန်ကဲက သူ၏နှလုံးသားထဲ၌ ယာယီ သက်ပြင်းချလိုက်၏။ အနည်းဆုံးအနေဖြင့် နင်မိသားစုသည် အင်အားအသုံးမပြုသေးချေ။ သူတို့သည် နင်ဖူယောင်ကို အတင်းအကြပ် ခေါ်ဆောင်သွားရန် ဤနေရာသို့ ရောက်လာခြင်း မဟုတ်ပုံရပေ၏။ အကယ်၍ ထိုသို့ဆိုလျှင် သူ့ထံတွင် အချိန်အနည်းငယ် ရရှိသေးပြီး သူ၏ ကောင်းကင်ဆန့်ကျင် နားလည်သဘောပေါက်နိုင်စွမ်း အမြန်နှုန်းအရ သူ့အတွက် အချိန်များစွာကြာမည် မဟုတ်ချေ။
ဤအတွေးဖြင့် စူးချန်ကဲသည် ယွမ်ယန် ကုန်သည်ကြီးများအသင်းသို့ ချက်ချင်း အပြေးအလွှားသွားရန် ဆုံးဖြတ်လိုက်သည်။
"စီနီယာအစ်ကို... နင်မိသားစုက ဘာဖြစ်လို့လဲ... အဲ့ဒါက ဒုတိယ စီနီယာအစ်မနဲ့ သက်ဆိုင်နေတာ မဟုတ်ဘူးမလား..."
ထုယိုယိုက ရမ်းသမ်း၍ခန့်မှန်းလိုက်၏။
စူးချန်ကဲက သူမကို တစ်ချက်ကြည့်ပြီး တွေးလိုက်သည်။
'ဒီပါးစပ်က နတ်ဘုရားတစ်ပါးပါးရဲ့ ကောင်းချီးပေးတာကိုများ ခံထားရလို့လား...'
"သွားကြစို့..."
တစ်ချိန်တည်းမှာပင် အနီးအနားတွင် မတ်တတ်ရပ်နေသော လျိုယွမ်မြို့စား ကျောက်ဝမ်ရှန်းက အလွန် ထူးဆန်းသော မြင်ကွင်းတစ်ခုကို သတိထားမိလိုက်သည်။ အပျက်အစီးနယ်မြေထဲမှ ထွက်လာသော ကျင့်ကြံသူ အားလုံးမှာ နံဘေးတွင် ရိုသေလေးစားစွာ ရပ်နေကြပြီး စူးချန်ကဲကို တိတ်ဆိတ်စွာ စိုက်ကြည့်နေကြ၏။ သူတို့၏မျက်လုံးများတွင် စိတ်အားထက်သန်မှု၊ ကျေးဇူးတင်မှု၊ လေးစားအားကျမှုနှင့် ရူးသွပ်မှု အရိပ်အယောင်တစ်ခုတို့ဖြင့်ပင် ပြည့်နှက်နေသည်။
ကျောက်ဝမ်ရှန်းနှင့်စူးချန်ကဲတို့ကြား စကားပြောဆိုမှုကို ကြားပြီးနောက် လီဖိုကျွင်းက ပထမဆုံး ရှေ့တိုးလာပြီး လက်ပူးဆုပ်ကာ ပြတ်သားစွာ ပြောလိုက်၏။
"ဆရာကြီးစူး... တကယ်လို့ တိုက်ပွဲတစ်ခု ရှိလာခဲ့ရင် ငါတို့ကို ခေါ်ပါ... ငါတို့ လာခဲ့ပါ့မယ်..."
မှော်အက္ခရာရေးထိုးခြင်းမှ ဝင်္ကပါဖွဲ့စည်းခြင်းနယ်ပယ် အထွတ်အထိပ်အဆင့်အထိ ရှိသော ကျင့်ကြံသူဆယ်ပေါင်းများစွာက တစ်ယောက်ပြီးတစ်ယောက် စကားပြောဆိုလိုက်ကြသည်။
"ဆရာကြီးစူး... တကယ်လို့ ဆရာကြီး လိုအပ်တာ တစ်ခုခုရှိရင် ဒီအဖိုးကြီးက အရာအားလုံးကို စွန့်စားဖို့ ဆန္ဒရှိပါတယ်... ဒါက မြောက်ပိုင်းနယ်မြေ နင်မိသားစုလေးပဲ မဟုတ်ဘူးလား... သူတို့ကို တိုက်ခိုက်ကြရအောင်..."
ဆံပင်နှင့် မုတ်ဆိတ်များ လုံးဝဖြူဖွေးနေပြီး အရှိန်အဝါ မတည်ငြိမ်သေးသော ကျင့်ကြံသူအိုကြီးတစ်ဦးက ရုတ်တရက် ခေါင်းမော့လာကာ သူ၏မျက်လုံးများတွင် ရိုင်းစိုင်းမှု အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။
"ဟဲ ဟဲ... ဒီအဖိုးကြီးက အရှေ့ပိုင်းနက်နဲသိမ်မွေ့နယ်မြေမှာ လက်ဖက်ရည်တာအိုကို နှစ်ပေါင်းများစွာ တွေးတောဆင်ခြင်နေခဲ့ပေမဲ့ ငါက အင်အားကြီး အဖွဲ့အစည်း တစ်ခုမှာ တစ်ခါနေခဲ့ဖူးပြီးတော့ ငါ့မှာ သွေးသောက်ညီအစ်ကိုတွေ အများကြီး ရှိသေးတယ်... ဆရာကြီးစူး... တစ်ခုခုဖြစ်ရင် စကားတစ်ခွန်းသာ ပြောလိုက်ပါ..."
အနီးအနားရှိ အနည်းငယ် သန့်စင်သော စိတ်သဘောထား ရှိသော်လည်း ယခုအချိန်၌ မျက်ခုံးများတွင် သတ်ဖြတ်လိုသော စိတ်ဆန္ဒများဖြင့် တွန့်ကွေးနေသည့် တခြားကျင့်ကြံသူ တစ်ဦးက ဝင်ပြောလိုက်သည်။ သူ၏အသံတွင် လေလွင့်သိုင်းသမားတစ်ဦး၏ သူရဲကောင်းဆန်သော ရဲရင့်မှုကို သယ်ဆောင်ထားလေ၏။
"တခြားအရာအားလုံးကို ဖယ်ထားလိုက်... ဆရာကြီးစူး အတွက် ငါ့ရဲ့သွေးတွေကို စတေးဖို့ ငါ ဆန္ဒရှိတယ်..."
"ဒါက..."
ကျောက်ဝမ်ရှန်းသည် ချက်ချင်းကြောင်အမ်းသွားသည်။ လက်ဖက်ရည်တာအို ပြီးပြည့်စုံခြင်းအဆင့်၏စွမ်းအားက အမှန်တကယ်ကို ဤမျှထိ ကြီးမားနေခြင်း ဖြစ်သလော...
သူ ပို၍နားထောင်လေလေ ပို၍စိတ်ရှုပ်ထွေးလေလေပင်။
ဤလူများ ရူးသွပ်သွားကြခြင်း ဖြစ်သလော...
မြောက်ပိုင်းနယ်မြေ နင်မိသားစု၏ အဆင့်အတန်းကို ထိုလူများ မသိကြခြင်းဖြစ်သလော...
ထိုအရာက မြောက်ပိုင်းနယ်မြေကို ပေါင်းစည်းခဲ့သည့် လွှမ်းမိုးနိုင်စွမ်းရှိသော အရှင်သခင်တစ်ယောက်ပင်။ ထိုလူများက အသက်ရှင်နေရသည်ကို ငြီးငွေ့နေကြသလော...
အပျက်အစီးနယ်မြေထဲတွင် မည်သည့်အရာများ ဖြစ်ပျက်ခဲ့သနည်း...
အကယ်၍ ဤနှစ်ထဲတွင် သူ ဆရာကြီး တစ်ယောက်နှင့် တိုင်ပင်ပြီး သူ၏ကံ မကောင်းသည်ကို ကြိုမသိခဲ့ရလျှင် သူကိုယ်တိုင် သွားကြည့်ရန် အပြေးအလွှား သွားခဲ့မိပေမည်။
"ဘာမှမဟုတ်ပါဘူး... လောလောဆယ် ကျေးဇူးပြုပြီး လူစုခွဲကြပါဦး... ငါ့မှာ အရေးပေါ် ကိစ္စတချို့ လုပ်စရာ ရှိသေးလို့ပါ...နှုတ်ဆက်ခဲ့ပါတယ်..."
စူးချန်ကဲက ညင်သာစွာပြုံးပြီး သူ၏လက်ကို ဝှေ့ယမ်းလိုက်ရာ သူ၏ပုံရိပ်က လင်းလက်လာပြီး ထွက်ခွာသွားတော့သည်။
သူ၏စကားများ အဆုံးသတ်သွားချိန်မှသာ ထိုပုံရိပ်များက ရိုသေလေးစားစွာ လူစုခွဲသွားကြလေ၏။ လူတချို့က သူတို့၏သစ္စာရှိမှုကို ဖော်ပြရန် မမေ့လျော့ခဲ့ဘဲ ကြီးကြီးမားမား တစ်ခုခု ဖြစ်လာပါက သူတို့ကို ခေါ်ရန် စူးချန်ကဲကို ပြောခဲ့ကြသည်။ စူးချန်ကဲသည် ကျေးဇူးတင်စကားများကိုသာ အနေခက်စွာ ပြန်လည်ပြောဆိုရုံသာ တက်နိုင်ခဲ့လေ၏။
"တာအိုရောင်းရင်းလီ... ဒီနေရာမှာ ဘာတွေ ဖြစ်နေတာလဲ..."
စိတ်လုံးဝရှုပ်ထွေးနေပုံရသော ကျောက်ဝမ်ရှန်း က လီဖိုကျွင်း၏အနီးသို့ ချဥ်းကပ်သွားပြီး တီးတိုးမေးလိုက်သည်။
လီဖိုကျွင်းက သူ့ကို တစ်ချက်ကြည့်ပြီး ပေါ့ပေါ့ပါးပါး ပြောလိုက်၏။
"မင်း မကြာခင် သိလာရမှာပါ... ဒီမြောက်ပိုင်းနယ်မြေ နင်မိသားစုက ဆရာကြီးစူးရဲ့ရှေ့မှာ ပြောရလောက်အောင် မတန်ပါဘူး..."
ဤကဲ့သို့ မွန်းစတားဆန်သော တည်ရှိမှုသည် အနာဂတ်မှာ ပြိုင်ဘက်ကင်းလာမည်မှာ သေချာပေါက်ပင်။
"ဟင်..."
ကျောက်ဝမ်ရှန်းက တခဏမျှ အေးခဲတောင့်တင်းသွားပြီး ဆက်မေးလိုက်သည်။
"မင်းက ဘာကို ဆိုလိုတာလဲ..."
"မင်း မကြာခင် သိလာရမှာပါ..."
လီဖိုကျွင်းက လျှို့ဝှက်ဆန်းကြယ်စွာ ပြုံးလိုက်၏။ လျှို့ဝှက်နယ်မြေအတွင်းရှိ ကိစ္စများကို ဖုံးကွယ်ထား၍ လုံးဝမရနိုင်ချေ။
ကျောက်ဝမ်ရှန်း၏ပါးစပ် အနည်းငယ် တွန့်ကွေးသွားပြီး သူ၏နှလုံးသားထဲ၌ ကျိန်ဆဲလိုက်၏။
"မင်း သိတာ အဲ့ဒီ စကားတစ်ခွန်းတည်းလား..."
မျက်တောင်တစ်ခတ်စာ အချိန်အတွင်းမှာပင် စူးချန်ကဲသည် လျိုယွမ်ဌာနခွဲသို့ ရောက်ရှိလာခဲ့သည်။
ဤတစ်ကြိမ် သူ့ကိုနှုတ်ဆက်သူမှာ ယခင်က ရင်းနှီးနေသော ရှောင်လွီ မဟုတ်ဘဲ မျက်နှာသစ် တစ်ဦးဖြစ်သည်။ ညင်သာသော အမူအရာနှင့် သင့်လျော်သော အသွင်အပြင်ရှိသည့် လူငယ်တစ်ဦးက ရှေ့သို့တိုးလာကာ တည်ငြိမ်စွာ ဦးညွှတ်ပြီး ပြောလိုက်သည်။
" 'လေးစားအပ်တဲ့ ဧည့်သည်တော် ကျန်းနီမာရှဲ့ချီ... ဥက္ကဋ္ဌက စောင့်နေတာ ကြာပါပြီ... ကျေးဇူးပြုပြီး ကျွန်တော့်ရဲ့နောက်က လိုက်ခဲ့ပါ..."
စူးချန်ကဲက ခေါင်းညိတ်လိုက်၏။ သူ ဤမျှထိ မြန်မြန်ဆန်ဆန် ရောက်လာသည်ကို ဖုန်းဝူယင် သိနေခြင်းမှာ အံ့အားသင့်စရာ မဟုတ်ပေ။ အကယ်၍ ယွမ်ယန်ကုန်သည်ကြီးများအသင်း က ဤကဲ့သို့ သတင်းများကို ကြိုတင်မရရှိနိုင်ပါက ယွမ်ယန်နယ်မြေတစ်ခုလုံးတွင် မည်သို့ လည်ပတ်နိုင်မည်နည်း။
ရုတ်ချည်းဆိုသလိုပင် သူက ထုယိုယိုကို စကားအနည်းငယ်ပြောပြီး ခဏစောင့်ရန် ပြောဆိုကာ လူငယ်၏နောက်မှ တတိယထပ်သို့ လိုက်တက်သွားခဲ့လေ၏။
အပေါ်ထပ်သို့ တက်သွားစဉ် စူးချန်ကဲက ရှောင်လွီကို မတွေးဘဲ မနေနိုင်အောင် ဖြစ်သွားခဲ့သည်။
ထူးဆန်းသည်မှာ အမှောင်ဟင်းလင်းပြင် အပြီးတွင် သူမ၏ ပုံရိပ်ကို ထပ်မံ၍ မတွေ့ရတော့ဘဲ သူမ လုံးလုံးလျားလျား ပျောက်ကွယ်သွားသည့်အလားပင်။
နတ်ဘုရားမျိုးနွယ်စုထံမှ အန္တရာယ်ကို သူမ အာရုံခံမိပြီး လျှို့ဝှက်နယ်မြေမှ လွတ်မြောက်ရန် နည်းလမ်းတစ်ခုခုကို အသုံးပြုခဲ့ခြင်းကြောင့် ဖြစ်နိုင်သလော...
အခန်း ၆၆: မူလအစ နတ်ဘုရားတံဆိပ်ပြား... မြင့်မြတ်အရှင် ပြီးပြည့်စုံသွားပြီ..
သူ၏အတွေးသည် အလွန်ဖြစ်နိုင်ခြေ ရှိပေ၏။
ကြည့်ရသည်မှာ ဤအမျိုးသမီးသည် အမှန်တကယ်ကို ရိုးရှင်းပုံမရချေ။
တတိယထပ်သို့ ရောက်သောအခါ သူ့ကို နှုတ်ဆက်ရန် ဖုန်းဝူယင်က အပြုံးဖြင့် မတ်တတ်ရပ်နေသည်ကို စူးချန်ကဲ မြင်တွေ့လိုက်ရသည်။
"ဆရာကြီးစူး... ကျေးဇူးပြုပြီး ဒီဘက်ကို လာပါ..."
သူ၏ ခေါ်ဆိုပုံပင် ပြောင်းလဲသွားခဲ့လေပြီ။ လက်ဖက်ရည်တာအို ပြီးပြည့်စုံခြင်းအဆင့်ကို ရရှိထားပြီး ဤမျှထိ ငယ်ရွယ်မှုတို့က စူးချန်ကဲကို ဤကဲ့သို့ ဆက်ဆံခံရရန် လုံလောက်သည်။
စူးချန်ကဲက ခေါင်းညိတ်ပြပြီးနောက် ပြောဆိုသည်။
"ယဉ်ကျေးပြတာတွေကို ကျော်လိုက်ရအောင်... ငါ့ကို လျှို့ဝှက်ခန်းဆီ တိုက်ရိုက်သာ ခေါ်သွားပါ... ငါ အလုပ်များနေလို့..."
ဖုန်းဝူယင်က ထိတ်လန့်သွားပြီးနောက် အကြံပေးလိုက်၏။
"ဆရာကြီးစူးက ဝင်္ကပါပုံစံတွေကို ငှားဖို့ ပိုက်ဆံအများကြီး သုံးထားတာဆိုတော့ အဲ့ဒီအရာတွေရဲ့ အံ့အားသင့်ဖွယ် ကောင်းတာတွေကို မလေ့လာတာက နှမြောစရာ မကောင်းဘူးလား...တကယ်လို့ ဆရာကြီးက အလုပ်များနေတယ်ဆိုရင် ဆရာကြီးရဲ့ ကိစ္စတွေကို အရင်ဖြေရှင်းပြီးမှ ပြန်လာလို့ ရပါတယ်... ဒီအဖိုးကြီးက ဆရာကြီးအတွက် ရက်နည်းနည်းလောက် အချိန်ဆွဲပေးဖို့ အစွမ်းကုန် ကြိုးစားပေးပါ့မယ်..."
"မလိုပါဘူး..."
စူးချန်ကဲက တည်ငြိမ်စွာ ငြင်းဆိုလိုက်၏။
"ငါ မြန်မြန် ပြီးသွားမှာပါ..."
ဤအရာက ဖုန်းဝူယင်ကို ချက်ချင်းအရှိုက်တည့်တည့် ထိသွားစေသော်လည်း သူက ဆက်လက်၍ မတိုက်တွန်းတော့ဘဲ ခေါင်းညိတ်ကာ ပြောလိုက်သည်။
"ဒါဆို ဆရာကြီးစူး... ကျေးဇူးပြုပြီး ဒီအဖိုးကြီး နောက်က လိုက်ခဲ့ပါ..."
စီးဆင်းနေသော အလင်းတန်းများဖြင့် ပြည့်နှက်နေသော ကာကွယ်ရေးဝင်္ကပါ အလွှာပေါင်းများစွာကို ဖြတ်သန်းပြီးနောက် သူတို့နှစ်ဦးသည် လျှို့ဝှက်ခန်းတစ်ခုသို့ ရောက်ရှိလာခဲ့သည်။
အခန်းအတွင်းတွင် ကြီးမားသော စာအုပ်စင် အတန်းများစွာ၌ ဝင်္ကပါဖွဲ့စည်းခြင်းစာအုပ်များ ကျောက်စိမ်းစာလိပ်များဖြင့် ပြည့်နှက်နေပေ၏။
"ဆရာကြီးစူး..."
ဖုန်းဝူယင်က ဂုဏ်ယူဝံ့ကြွားသော အမူအရာဖြင့် ပြောဆိုသည်။
"ဒီရက်အနည်းငယ်အတွင်းမှာ ဒီအဖိုးကြီးက အစွမ်းကုန် ကြိုးစားပြီးတော့ ကောင်းကင်အဆင့် ဝင်္ကပါဖွဲ့စည်းခြင်း၁၈ ခု ကောင်းကင်အလယ်အလတ်အဆင့် ၃၂ ခုနဲ့ ကောင်းကင်အဆင့်နိမ့် ၇၂ ခုတို့ကို စုဆောင်းထားခဲ့တယ်... မြေကမ္ဘာအဆင့် ဝင်္ကပါဖွဲ့စည်းခြင်းပုံစံတွေကတော့ မရေတွက်နိုင်အောင် ပါပဲ... ဒါတွေကို ဆရာကြီး ကျေနပ်ပါရဲ့လား..."
ထိုအရာများကို စုဆောင်းရန်အတွက် အထူးသဖြင့် ဂိုဏ်းကြီးများက လျှို့ဝှက် သင်ကြားမှုများဟု သတ်မှတ်ထားသော ရှားပါး စာအုပ်များအတွက် သူ၏ဘဝတစ်သက်တာ အဆက်အသွယ်များကို ကုန်ခမ်းလုနီးပါး အသုံးပြုခဲ့ရလေ၏။
စူးချန်ကဲက စိတ်ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်သည်။
ဤအရေအတွက်မှာ လုံလောက်သင့်သည်။
နောက်တစ်စက္ကန့်တွင် သူက လက်ချောင်းတစ်ချောင်းကို ညွှန်ပြလိုက်ရာ ကြိုတင်ပြင်ဆင်ထားသော ကြွေပုလင်းတချို့က ဖုန်းဝူယင်၏လက်ထဲသို့ ပျံ့လွင့်သွားပေ၏။
ဖုန်းဝူယင်က ထိုအရာများကို ယူလိုက်ပြီး သူ၏ နတ်ဘုရားအာရုံဖြင့် တခဏခန့် စူးစမ်းလေ့လာပြီးနောက် သူ၏နှလုံးသားတွင် သာလွန်ထူးကဲသော ပျော်ရွှင်မှုများဖြင့် ပြည့်နှက်သွားကာ သူ၏မျက်နှာပေါ်ရှိ အပြုံး ပို၍တောက်ပလာခဲ့သည်။
စူးချန်ကဲက စာအုပ်စင်တစ်ခုဆီသို့ အေးအေးဆေးဆေး လျှောက်သွားပြီး လေ့လာဆင်ခြင်ရန်အတွက် 'ကြယ်တာရာဝန်းရံ ဝင်္ကပါပုံကြမ်း' စာလိပ်တစ်ခုကို ပေါ့ပေါ့ပါးပါး ကောက်ယူလိုက်သည်ကို ဖုန်းဝူယင်က မြင်တွေ့မိသည်။ သူက အသိဉာဏ်ရှိစွာဖြင့် လက်ပူးဆုပ်ကာ ခွင့်တောင်းလိုက်၏။
"ဆရာကြီးစူး... ကျေးဇူးပြုပြီးတော့ ဆရာကြီးရဲ့ လေ့လာမှုမှာ အာရုံစိုက်ပါ... တကယ်လို့ ဆရာကြီး တစ်ခုခု လိုအပ်ရင် ဒီအဖိုးကြီးကို ညွှန်ကြားလိုက်ပါ..."
လျှို့ဝှက်ခန်း၏ လေးလံသော ကျောက်တံခါးကြီးက ဖြည်းညှင်းစွာ ပိတ်သွားပြီး ဆူညံသံ အားလုံးကို သီးခြားဖြစ်သွားစေခဲ့သည်။
"ဘယ်လောက်တောင် ထူးဆန်းလိုက်လဲ..."
"သူက ဘာလို့ ဒီလောက်တောင် လောနေရတာလဲ..."
"ဒီလောက်အချိန်တိုလေးအတွင်းမှာ ဒါတွေ အားလုံးကို သူ နားလည်သဘောပေါက်နိုင်လို့များလား..."
"ဒီခေတ်လူငယ်တွေ... သူတို့ကို ငါ ပိုပိုပြီး နားမလည်နိုင်တော့ဘူး..."
ဖုန်းဝူယင်က စကားအနည်းငယ် ရေရွတ်လိုက်ပြီးနောက် ကူကယ်ရာမဲ့စွာ ခေါင်းယမ်းကာ ထွက်သွားလေသည်။
လျှို့ဝှက်ခန်းအတွင်း၌...
စူးချန်ကဲက တခဏမျှ ငြိမ်သက်စွာ မတ်တတ်ရပ်နေပြီး သူ၏စိတ်က သူ၏ အသိစိတ်ပင်လယ်ထဲသို့ နစ်မြုပ်သွားခဲ့သည်။
"စနစ်... ကျင့်ကြံခြင်း အချိန်အားလုံးကို လဲလှယ်လိုက်..."
【ဒင်... ကိုးလစာကျင့်ကြံခြင်းအချိန်ကို အောင်မြင်စွာ လဲလှယ်လိုက်ပါပြီ... လက်ခံသူရဲ့ ခန္ဓာကိုယ်ထဲကို ထည့်သွင်းပြီးပါပြီ...】
ကြီးမားကျယ်ပြန့်ပြီး သမုဒ္ဒရာအလား သန့်စင်သော စွမ်းအားလှိုင်းလုံးကြီးတစ်ခုက သူ၏ခြေလက်များနှင့်အရိုးများထဲသို့ ချက်ချင်းစီးဝင်သွားသည်။ တစ်ချိန်တည်းမှာပင် သူ၏ ကောင်းကင်ဆန့်ကျင် နားလည်သဘောပေါက်နိုင်စွမ်းက အသက်ဝင်လာခဲ့သည်။
သူ့ထံ၌ အချိန်အနည်းငယ်သာ ရှိသည်ဟု တခြားသူများက တွေးထင်ခဲ့ကြသော်လည်း အမှန်အားဖြင့် စူးချန်ကဲထံ၌ အချိန်ကိုးလရှိနေခဲ့လေ၏။
ကောင်းကင်ဆန့်ကျင် နားလည်သဘောပေါက်နိုင်စွမ်းနှင့် ကျင့်ကြံမှုကိုးလတို့ ပေါင်းစပ်မှုက ဘယ်လိုလုပ် မလုံလောက်ဘဲ နေမည်နည်း...
နောက်တစ်စက္ကန့်တွင်...
စူးချန်ကဲက မော့ကြည့်လိုက်ရာ စာအုပ်စင်များပေါ်ရှိ ဝင်္ကပါဖွဲ့စည်းခြင်းပုံစံများက လေမတိုက်ခတ်ဘဲ လှုပ်ရှားသွားပြီး ထိုအရာများ၏ စာမျက်နှာများမှာ တဖျပ်ဖျပ် မြည်သွားခဲ့သည်။ မရေမတွက်နိုင်သော ရှေးဟောင်းဝင်္ကပါပုံစံများနှင့် သင်္ကေတများမှာ အသက်ဝင်လာသည့်အလား စီးဆင်းနေသော အလင်းစက်များအဖြစ်သို့ ပြောင်းလဲသွားပြီး သူ၏မျက်ခုံးနှစ်ခုကြားသို့ အလုအယက် ဝင်ရောက်လာကြ၏။
【ကောင်းကင်ဆန့်ကျင် နားလည်သဘောပေါက်နိုင်စွမ်း... ကြယ်တာရာဝန်းရံ ဝင်္ကပါပုံကြမ်းကို နားလည်သဘောပေါက်ခြင်း... ကြယ်များပြည့်နေသော ကောင်းကင် ဝင်္ကပါဖွဲ့စည်းခြင်းများရဲ့ ခွန်အားကို နားလည်သဘောပေါက်ခြင်း... မဟာတာအိုများ ခန္ဓာကိုယ်ကို လောင်ကျွမ်းခြင်းပြီးနောက် လက်ခံသူရဲ့ တာအိုအားလုံးနဲ့ ထူးခြားတဲ့ ရင်းနှီးမှုအပေါ် အခြေခံပြီး ဒီဝင်္ကပါပုံကြမ်းက သုံးရက်အတွင်းမှာ အထွတ်အထိပ်အဆင့်ကို ရောက်ရှိပါလိမ့်မယ်...】
【ကောင်းကင်ဆန့်ကျင် နားလည်သဘောပေါက်နိုင်စွမ်း... ကောင်းကင် မြေအောက်ကမ္ဘာ အဝါရောင်ဝင်္ကပါပုံကြမ်းကို နားလည်သဘောပေါက်ခြင်း... မြေအောက်ကမ္ဘာဝင်္ကပါဖွဲ့စည်းခြင်းများရဲ့စွမ်းအားကို နားလည်သဘောပေါက်ခြင်း... မဟာတာအိုများ ခန္ဓာကိုယ်ကို လောင်ကျွမ်းခြင်းပြီးနောက် လက်ခံသူရဲ့ တာအိုအားလုံးနဲ့ ထူးခြားတဲ့ ရင်းနှီးမှုအပေါ် အခြေခံပြီး ဒီဝင်္ကပါ ပုံကြမ်းက သုံးရက်အတွင်းမှာ အထွတ်အထိပ်ကို ရောက်ရှိပါလိမ့်မယ်...】
【ကောင်းကင်ဆန့်ကျင် နားလည်သဘောပေါက်နိုင်စွမ်း... မဟာစည်းလုံးမှု ချန်ခွန်းဝင်္ကပါပုံကြမ်းကို နားလည်သဘောပေါက်ခြင်း... ချန်ခွန်း ဝင်္ကပါဖွဲ့စည်းခြင်းများရဲ့ စွမ်းအားကို နားလည်သဘောပေါက်ခြင်း... မဟာတာအိုများ ခန္ဓာကိုယ်ကို လောင်ကျွမ်းခြင်းပြီးနောက် လက်ခံသူရဲ့ တာအိုအားလုံးနဲ့ ထူးခြားတဲ့ ရင်းနှီးမှုအပေါ် အခြေခံပြီး ဒီဝင်္ကပါ ပုံကြမ်းက သုံးရက်အတွင်းမှာ အထွတ်အထိပ်ကို ရောက်ရှိပါလိမ့်မယ်...】
ကောင်းကင်အဆင့်မြင့် 'ပုံစံနှစ်ခုအလွန်သေးငယ်သော ဖုန်မှုန့်ဝင်္ကပါ'... 'မူလအစ အကန့်အသတ်မဲ့ ဝင်္ကပါ'... စသည့် ဤအမြင့်မြတ်ဆုံး ဝင်္ကပါဖွဲ့စည်းခြင်းပုံစံများသည် ပြင်ပမှ ဝင်္ကပါဆရာကြီးများ လေ့လာရန်ပင် ဘဝတသက်တာ အချိန်ယူရပေလိမ့်မည်။
ယခုအချိန်၌ စူးချန်ကဲ၏စိတ်ထဲတွင် ထိုဝင်္ကပါပုံစံများက လျှင်မြန်စွာ ပေါင်းစပ်သွားခဲ့လေပြီ။
သူ၏အရှိန်အဝါက အံ့အားသင့်ဖွယ် အမြန်နှုန်းဖြင့် စတင်၍မြင့်တက်လာပြီး တာအိုစည်းချက်များကသူ၏နံဘေးပတ်လည်တွင် စီးဆင်းနေသည်။ မဟာတာအို၏အသံက လျှို့ဝှက်ခန်းထဲတွင် ပဲ့တင်ထပ်ကာ မြည်ဟည်းနေလေ၏။
အချိန်မည်မျှထိ ကြာသွားသည်ကို မသိချေ။ ဤသည်က အချိန်တခဏမျှသာ ဖြစ်နိုင်သလို နှစ်ပေါင်းများစွာ ကြာမြင့်သကဲ့သို့လည်း ဖြစ်နိုင်သည်။
စူးချန်ကဲက ရုတ်တရက် သူ၏မျက်လုံးများကို ဖွင့်လိုက်ရာ သူ၏မျက်လုံးသူငယ်အိမ်များအတွင်း၌ မရေမတွက်နိုင်သော ဝင်္ကပါဖွဲ့စည်းခြင်းများ မွေးဖွားလာကာ ဖျက်ဆီးခံရပြီး တိုးတက်ပြောင်းလဲလာကာ စကြဝဠာတစ်ခု၏ ဖန်တီးခြင်းနှင့်ဖျက်ဆီးခြင်း သံသရာ ပါဝင်နေသည့်အလား ဖြစ်နေပေ၏။
【ကောင်းကင်ဆန့်ကျင် နားလည်သဘောပေါက်နိုင်စွမ်း... သင်က မရေမတွက်နိုင်တဲ့ တာအို ဝင်္ကပါဖွဲ့စည်းခြင်းပုံစံတွေကို ကောက်ချက်ချခဲ့ပြီးတော့ သင့်ရဲ့ကိုယ်ပိုင် ထူးခြားတဲ့ ဝင်္ကပါ နည်းလမ်းကို နားလည်သဘောပေါက်ခဲ့တယ်...]
တစ်ချိန်တည်းမှာပင်...
ထူးခြားသော တာအိုစည်းချက်ပါဝင်သည့် ဝင်္ကပါပုံစံအသစ်များက လေထဲမှ မွေးဖွားလာခဲ့သည်။ ထိုအရာများမှာ ပုံသေပုံစံများကို မလိုက်နာတော့ဘဲ တစ်ခါတစ်ရံ ကောင်းကင်ကိုးထပ်သို့ နဂါးများအလား ပျံတက်သွားကာ တစ်ခါတစ်ရံ ကြာပန်းများအလား ပွင့်လန်းလာသည်။ ထိုအရာများသည် တစ်ခါတစ်ရံ၌ စူးချန်ကဲနှင့် တူညီသော လူသားပုံရိပ်ယောင်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားလေ၏။ ထိုအရာများက သူ၏ခန္ဓာကိုယ်အတွင်း၌ ရောယှက်ပြီး စုစည်းသွားကာ နောက်ဆုံးတွင် ဖန်တီးခြင်း မြင်ကွင်းကို သရုပ်ဖော်နေပုံရသည့် ဝင်္ကပါပုံစံတစ်ခုအဖြစ် ဖွဲ့စည်းသွားသည်။
【ကောင်းကင်ဆန့်ကျင် နားလည်သဘောပေါက်နိုင်စွမ်း... လက်ခံသူက ဝင်္ကပါနည်းလမ်းတစ်ခုကို အောင်မြင်စွာ ဖန်တီးနိုင်ခဲ့ပြီးတော့ ကိုယ်ပိုင်မဟာတာအိုကို ဖန်တီးနိုင်ခဲ့ပါတယ်...】
ဝုန်း...
ဝင်္ကပါ ဖွဲ့စည်းသွားသည့် အချိန်လေးမှာပင် စူးချန်ကဲ၏ခန္ဓာကိုယ်တွင်းရှိ အတားအဆီးတစ်ခုမှာ လုံးဝကြေမွှသွားပုံရပြီး ယခင်က အရာအားလုံးထက် များစွာသာလွန်သော ကျယ်ပြန့်သည့် ဖိအားတစ်ခုက ပေါက်ကွဲထွက်လာခဲ့သည်။ အကယ်၍ လျှို့ဝှက်ခန်း၏ဝင်္ကပါဖွဲ့စည်းသာ မရှိပါက ထိုကြောက်မက်ဖွယ်ကောင်းသော စိတ်ဝိညာဉ်စွမ်းအား အတက်အကျသည် မြို့တစ်မြို့လုံးကို သေချာပေါက် တုန်ခါသွားစေပေလိမ့်မည်။
ထို့ပြင် သူ၏နောက်တွင်...
သူ၏ကိုယ်ပိုင်မဟာတာအိုကို ကိုယ်စားပြုသော မူလအစ နတ်ဘုရားတံဆိပ်ပြားတစ်ခု စုစည်းလာခဲ့သည်။
ဤနတ်ဘုရားတံဆိပ်ပြားကို ဖော်ပြ၍မရနိုင်သော မူလဖရိုဖရဲအခြေအနေဖြင့် ဖုံးကွယ်ထားကာ ဝေဝါးပြီး မသေချာဘဲ ထိုအရာကို ဖန်တီးချိန်တွင် စကြဝဠာတစ်ခု၏ ကဏဦးပုံစံနှင့် တူညီနေသည်။
ထိုဖရိုဖရဲအခြေအနေအတွင်း နေ လနှင့် ကြယ်များ လည်ပတ်နေသည်ကို ဝိုးတဝါး မြင်တွေ့နိုင်ပြီး မြေ၊ ရေ၊ မီးနှင့် လေတို့က လှိုင်းထနေသည်။ ထိုအရာအတွင်းတွင် မရေမတွက်နိုင်သော ရှုပ်ထွေးသည့် မွေးရာပါတာအိုပုံစံများ လွင့်မျောနေလေ၏။
ထိုအရာသည် ပုံသေမဟုတ်ဘဲ ဖြည်းညှင်းစွာ လည်ပတ်နေပြီး တစ်ခါတစ်ရံ ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်နှင့် ပဲ့တင်ထပ်နေကာ အမြင့်မြတ်ဆုံးနှင့် လွှမ်းမိုးနိုင်စွမ်းရှိသော ရှေးဟောင်း အရှိန်အဝါတစ်ခုကို ထုတ်လွှတ်ထားသည်။
သူ၏ခန္ဓာကိုယ်တွင်းရှိ စိတ်ဝိညာဉ်စွမ်းအားများမှာလည်း ဤအချိန်၌ အရည်အသွေးပိုင်းဆိုင်ရာ အသွင်ပြောင်းမှုတစ်ခု ဖြစ်ပေါ်ခဲ့ပြီး နတ်ဘုရား စွမ်းအားများအဖြစ်သို့ ပြောင်းလဲသွားသည်။
မူလအစ နတ်ဘုရားတံဆိပ်ပြား ထွက်ပေါ်လာသည့် အချိန်လေးမှာပင် စူးချန်ကဲသည် ဤကမ္ဘာ၏မဟာတာအိုက သူ့ကို ဖိနှိပ်နေပြီး သူ ချိုးဖျက်ဝင်ရောက်မည်ကို မလိုလားသည့်အလား ခံစားလိုက်ရသဖြင့် ရုတ်တရက် သူ မျက်မှောင်အနည်းငယ်ကြုတ်လိုက်၏။ သူသည် ဘေးဒုက္ခတစ်ခု ဝိုးတဝါး ချဉ်းကပ်လာသည်ကိုပင် သူ ခံစားလိုက်ရသည်။
ထိုအချိန်လေးမှာပင်...
သူ၏စိတ်ဝိညာဉ် နက်ရှိုင်းသောနေရာတွင် ခရမ်းရောင်ကျောက်ဆောင်တစ်ခုလုံးဖြင့် ပြုလုပ်ထားသော စိတ်ဝိညာဉ်လမင်း နတ်ဘုရား စေတီတစ်ဆူက အမြင့်မြတ်ဆုံး နတ်ဘုရား စွမ်းအားတစ်ခုကို ထုတ်လွှတ်ကာ စူးချန်ကဲ၏ အရှိန်အဝါကို လုံးဝသီးခြားဖြစ်သွားစေခဲ့သည်။
"စိတ်ဝိညာဉ်လမင်း နတ်ဘုရား စေတီ..."
ကောင်းကင်တာအိုဘေးဒုက္ခ၏ အရှိန်အဝါကို ဖြတ်တောက်ပေးခဲ့သော အရာမှာ သူ သယ်ဆောင်လာသည့် တစ်ခုတည်းသော သူတော်စင်အဆင့် မှော်ရတနာ ဖြစ်ကြောင်း စူးချန်ကဲ ချက်ချင်းသဘောပေါက်သွားခဲ့သည်။ သူ၏ အရွယ်ရောက်ခြင်း အခမ်းအနားတွင် သူ၏မိခင် ပေးခဲ့သော အသက်ကယ်ဝှက်ဖဲက ဤကဲ့သို့ အကျိုးသက်ရောက်မှုမျိုး ရှိလိမ့်မည်ဟု သူ မျှော်လင့်မထားခဲ့ချေ။
သေချာသည်က ဤအရာမှာ သူသည် မဟာတာအိုများ မပြည့်စုံဘဲ ကောင်းကင်တာအို ချို့ယွင်းချက်ရှိသော အောက်ဘုံတွင် ရှိနေသောကြောင့်လည်း ဖြစ်ပေ၏။ အကယ်၍ သူသာ အထက်ဘုံတွင် ရှိနေပါက သူတော်စင်အဆင့်ကို မဆိုထားနှင့် ဧကရာဇ်အဆင့် ရတနာတစ်ခုကပင် ကောင်းကင်တာအိုကို တားဆီးနိုင်မည် မဟုတ်ချေ။
သို့ရာတွင် ဤအချိန်၌ စူးချန်ကဲတွင် အများကြီး တွေးနေရန် အချိန်မရှိချေ။ သူသည် အဆင့်ချိုးဖျက်ဝင်ရောက်ရန်အတွက်သာ လုံးလုံးလျားလျား အာရုံစိုက်ထားလေ၏။
ဝီ...
သူ၏သက်တမ်းက ရုတ်တရက် တိုးလာပြီး သူ၏ စိတ်ဝိညာဉ်စွမ်းအားများက နတ်ဘုရား စွမ်းအားအဖြစ် လုံးဝပြောင်းလဲသွားချိန်တွင် သူ မြင့်မြတ်အရှင်နယ်ပယ်သို့ အောင်မြင်စွာ ရောက်ရှိသွားခဲ့သည်။
"မြင့်မြတ်အရှင်..."
စူးချန်ကဲက သူ၏မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်ပြီး သူ အနည်းငယ် ကြောင်အမ်းနေသည်။
ဤအမြန်နှုန်းမှာ အလွန်မြန်ဆန်လွန်းပေ၏။
ယခုအချိန်၌ သူ၏ကျင့်ကြံဆင့်နယ်ပယ်သည် တောင်ထိပ်ကိုးခုမှ သခင်များကို ယှဉ်ပြိုင်နိုင်ပြီဖြစ်ပြီး သူ၏ရုပ်ခန္ဓာကိုယ်က နတ်ဘုရားအဆင့်သို့ ရောက်ရှိသွားလေပြီ။ ထိုကဲ့သို့ အကျိုးကျေးဇူးများနှင့်အတူ ထိုက်ချင်ဂိုဏ်းတွင် သူ့အတွက် ပြိုင်ဘက်မရှိသလောက်နီးပါး ဖြစ်နေလေပြီ။
ဤနှုန်းဖြင့်ဆိုလျှင် မကြာမီ သူသည် ယွမ်ယန် နယ်မြေတစ်ခုလုံးကို အကြွင်းမဲ့ လွှမ်းမိုးနိုင်တော့ပေမည်။
"တစ်လပဲ ရှိသေးတာ... ယဲ့ရွှမ်က သုံးလနေလို့ ငါ့ကို မြင်ရင် အံ့အားသင့်သွားမလား..."
ဤအတွေးဖြင့် စူးချန်ကဲက မရယ်ဘဲ မနေနိုင်အောင် ဖြစ်သွားခဲ့သည်။
တစ်ချိန်တည်းမှာပင်...
လူသူနည်းပါးသော လျိုယွမ်မြို့တစ်နေရာရှိ တိတ်ဆိတ်သော အိမ်ကြီးတစ်လုံးအတွင်း၌...
"ယဲ့ရွှမ်... နင် စူးချန်ကဲကို စိန်မခေါ်ဖို့ ငါ မျှော်လင့်မိတယ်... ဟုတ်ပြီလား..."