အခန်း (၆၉-၇၀)
Vol. 7 Ch. 69-70
အခန်း ၆၉: တစ်ညအိပ်ထားတဲ့ လက်ဖက်ရည်ကို ငါလည်း မသောက်ဘူး...
စူးချန်ကဲက ငုံ့ကြည့်လိုက်ရာ ပြိုင်ဘက်၏ ကျင့်ကြံခြင်းနယ်ပယ်မှာ တစ်ချက်ကြည့်ရုံမျှဖြင့် ရှင်းလင်းနေသည်။
ဝင်္ကပါဖွဲ့စည်းခြင်းနယ်ပယ် ကဏဦးအဆင့် ကျင့်ကြံခြင်းပင်။
ထို့ပြင် ထိုသူသည် သူတွေ့ဖူးသမျှ ဝင်္ကပါဖွဲ့စည်းခြင်းနယ်ပယ် ကျင့်ကြံသူအားလုံးနှင့် အနည်းငယ် ကွဲပြားနေခဲ့သည်။ သူ၏ခန္ဓာကိုယ်တွင်းရှိ ဝင်္ကပါများမှ ဖြာထွက်နေသော သတ်ဖြတ်လိုခြင်း စိတ်ဆန္ဒမှာ ကြောက်မက်ဖွယ်ကောင်းပြီး မွေးရာပါ တာအိုစည်းချက်ပင် ပါဝင်နေခဲ့သည်။
တစ်ဖက်လူသည် မည်သူမည်ဝါဖြစ်ကြောင်းကို သူ ခန့်မှန်းနေရန်ပင် မလိုတော့ချေ။ ထိုလူ၏အထောက်အထားများသည် အလွန်ရှင်းလင်းလွန်းပေ၏။
တစ်ဖက်တွင် ထုယိုယိုကမူ လုံးဝသတိမထားမိခဲ့ပေ။ တစ်စုံတစ်ယောက်က သူမ၏ စီနီယာအစ်ကိုအား မရိုမသေလုပ်ရဲသည်ကို သူမ မြင်တွေ့လိုက်ရသဖြင့် သူမ၏မီးခိုးပြာရောင် မျက်လုံးများမှာ ချက်ချင်းပြူးကျယ်သွားခဲ့သည်။ ထို့နောက် တစ်ဖက်လူအား သူမက ရိုင်းပျစွာ လက်ညှိုးထိုး၍ အော်ဟစ်လိုက်သည်။
"အို... ဒီကလေးက ဘယ်ကနေ ထွက်လာတာလဲ... နင်က စည်းကမ်းတွေကို နားမလည်ဘူးလား..."
"နင့်ရဲ့မျက်လုံးကို ဖွင့်ပြီး သေသေချာချာ ကြည့်စမ်း... ဒါက ထိုက်ချင်ဂိုဏ်းရဲ့ နဝမတောင်ထိပ် ပဲ..."
"ငါ့စီနီယာအစ်ကိုရဲ့ နာမည်က နင် တိုက်ရိုက် ခေါ်လို့ရတဲ့ နာမည်လား..."
သူမ၏စကား မဆုံးမီမှာပင် သူမ၏အကြည့်သည် တစ်ဖက်လူ၏ ပုံမှန်မဟုတ်ဘဲ ကြီးမားနေသော ခေါင်းပေါ်သို့ တိုက်ဆိုင်စွာ ကျရောက်သွားခဲ့သည်။ သူမ၏ ဆူပူကြိမ်းမောင်းနေသော စကားများမှာ ရုတ်တရက် ရပ်တန့်သွားပြီး သူမ၏ မျက်လုံးများထဲတွင် ဖုံးကွယ်မထားသော အံ့အားသင့်မှု အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားခဲ့သည်။ သူမသည် ခေါင်းကိုတိမ်းစောင်းပြီး သူမ၏လေသံမှာ မေးခွန်းထုတ်ခြင်းမှ သန့်စင်သော သိချင်စိတ်သို့ ချက်ချင်း ပြောင်းလဲသွားခဲ့သည်။
"အမ်... ခဏနေအုံး... မင်းရဲ့ ခေါင်းက... စီနီယာအစ်ကို... ကြည့်ပါဦး... သူ့ရဲ့ခေါင်းက ကြီးပြီး လုံးနေတာပဲ..."
ထိုစကားကို ကြားရသောအခါ စူးချန်ကဲ အနည်းငယ် လန့်သွားပြီး သူ၏ မျက်လုံးများ ကျဉ်းမြောင်းသွားကာ...ဒီပန်းကန်လုံး... ဆိုသည့် စကားကို ထွက်လာရန် မထိန်းနိုင်လုနီးပါး ဖြစ်သွားခဲ့သည်။ ကံကောင်းထောက်မစွာဖြင့် သူ ထိန်းထားနိုင်ခဲ့သည်။
သို့သော် စူးချန်ကဲသည် ဘာမျှမပြောဘဲ ဤသို့သော ထိပ်တိုက်ရင်ဆိုင်ရသည့် မြင်ကွင်းမျိုးနှင့် အကျွမ်းတဝင်ရှိနေသည့်အလား နင်မိသားစု လူငယ်သခင်လေးကိုသာ ကြည့်နေလိုက်သည်။
သို့သော် မကြာမီမှာပင် ဤအခြေအနေသည် သူ စိတ်ကူးထားသည်နှင့် အနည်းငယ် ကွဲပြားနေကြောင်းကို သူ သဘောပေါက်သွားခဲ့သည်။
ထုယိုယို၏ စကားများသည် နင်ဟောင်၏ အမူအရာကို ချက်ချင်းဆိုသလိုပင် အနည်းငယ် ပြောင်းလဲသွားစေခဲ့ကြောင်း ရှင်းလင်းလှသည်။ ဤသည်မှာ သူ၏ ထိလွယ်ရှလွယ်သော နေရာအား ထိမှန်သွားသည့်အလားပင်။ အမှန်တကယ် ကြီးမားနေသော်လည်း သူ၏ခေါင်း ကြီးမားကြောင်း တခြားသူများမှ ပြောဆိုခြင်းကို သူ အမုန်းဆုံးပင်။
"ဒီထိုက်ချင်ဂိုဏ်းက လူတွေက အရမ်းရိုင်းပျတာပဲ..."
"ထားလိုက်ပါတော့... ဒါက ငါ့ရဲ့ဝမ်းကွဲ ပြောတဲ့ ဂျူနီယာညီမလေး ဖြစ်ရမယ်... ငါက သူ့နဲ့ ရန်ဖြစ်နေလို့ မရဘူး..."
နင်ဟောင်၏နှုတ်ခမ်းများ အနည်းငယ် တွန့်ကွေးသွားပြီးနောက် တည်ငြိမ်သွားကာ စူးချန်ကဲအား စတင်၍ အကဲခတ်တော့သည်။
ထုယိုယို၏စကားများမှတစ်ဆင့် သူ၏ရှေ့ရှိ လူ မည်သူမည်ဝါဖြစ်ကြောင်းကို သူ သိထားပြီး ဖြစ်သည်။
တိုက်ဆိုင်စွာဖြင့်ပင် သူသည် ယနေ့ လျှောက်ပတ်သွားရန် စီစဉ်ထားခဲ့ရာ သူ ကျင့်ကြံခြင်းနယ်ပယ်ကို မမြင်နိုင်သော သက်တူရွယ်တူတစ်ဦးနှင့် အမှန်တကယ် ဆုံတွေ့ခဲ့ရသည်။ တစ်ဖက်လူ၏ အသွင်အပြင် ဖော်ပြချက်မှာလည်း သူ ကြားခဲ့ရသည်များနှင့် ကိုက်ညီနေသဖြင့် သူက လာရောက်မေးမြန်းခဲ့ခြင်းဖြစ်ပြီး အမှန်တကယ်ပင် ဖြစ်နေခဲ့သည်။
ချက်ချင်းပင် နင်ဟောင်သည် သူ၏လက်နှစ်ဖက်အား နောက်ပစ်ကာ ယုံကြည်မှုရှိရှိဖြင့် ပြောလိုက်သည်။
"ပထမဆုံး ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်ပါရစေ... ငါ့ရဲ့မျိုးရိုးနာမည်က နင် ဖြစ်ပြီးတော့ ငါ့ရဲ့နာမည်က ဟောင် ပါ... ငါက မြောက်ပိုင်းနယ်မြေ နင်မိသားစု က လာတာပါ... ဟုတ်တယ်... မင်းတွေးနေတဲ့ နင်မိသားစုပဲ... မြောက်ပိုင်းနယ်မြေရဲ့ အရှင်သခင်လေ..."
"ပြီးတော့ ဒီလူငယ်သခင်လေးက နင်မိသားစုရဲ့ လက်ရှိမြောက်ပိုင်းနယ်မြေ မှာရှိတဲ့ လူငယ်မျိုးဆက်တွေထဲမှာ နံပါတ်တစ်ဖြစ်ပြီးတော့ နင်ဖူယောင်ရဲ့ ဝမ်းကွဲအစ်ကိုလည်း ဖြစ်တယ်..."
"အင်း..."
စူးချန်ကဲက ဂရုမစိုက်သည့်လေသံဖြင့် ပြန်ဖြေလိုက်သည်။
"အာ..."
ထုယိုယိုသည် ထိုစကားကို ကြားရသောအခါ အံ့အားသင့်သွားပြီး ချက်ချင်းပြောလိုက်သည်။
"နင်က တတိယစီနီယာအစ်မရဲ့ ဝမ်းကွဲအစ်ကိုလား..."
"နင်က ရယ်စရာလုပ်ဖို့ ကြိုးစားနေတာလား ကလေးလေး... အဓိပ္ပာယ်မရှိတာတွေ မပြောနဲ့... ငါ့ဆီကနေ အခွင့်အရေး မယူနဲ့..."
အကယ်၍ သူသာ တတိယစီနီယာအစ်မ၏ ဝမ်းကွဲအစ်ကိုဆိုလျှင် သူမကလည်း သူ့အား အစ်ကိုဟု ခေါ်ရမည် မဟုတ်လော...
"..."
နင်ဟောင် ကြောင်အမ်းသွားခဲ့သည်။ စူးချန်ကဲ၏တုံ့ပြန်မှုသည် သူ စိတ်ကူးထားသည်နှင့် ကွဲပြားနေပုံရသည်။
'အင်း' တစ်ခွန်းတည်းလော...
မြောက်ပိုင်းနယ်မြေ နင်းမိသားစုသည် မည်သို့သော အင်အားစုမျိုးဖြစ်ကြောင်းကို သူ မသိသလော...
ငါတို့က မင်းရဲ့ထိုက်ချင်ဂိုဏ်းထက် အများကြီးပိုပြီးအစွမ်းထက်တယ်...ဟုတ်ပြီလား...
ငါက မြောက်ပိုင်းနယ်မြေရဲ့ လူငယ်မျိုးဆက်များထဲမှာ နံပါတ်တစ်လေ... မင်း အနည်းဆုံးတော့ နည်းနည်းလောက် အံ့အားသင့်တာ ဒါမှမဟုတ် သံသယဖြစ်တာကို မပြနိုင်ဘူးလား...
ပြီးတော့ အဲ့ဒီကောင်မလေး... မင်းက စကားတစ်ခွန်းတည်းကိုပဲ ရွေးပြီးကြားတာလား... ကျန်တာတွေကို မင်း မကြားဘူးလား...
သို့သော် ဦးလေးလင်း၏ ညွှန်ကြားချက်များကို သတိရပြီးနောက် နင်ဟောင်သည် ထိုဒေါသကို ဖိနှိပ်လိုက်ပြီး အပေါ်ယံတွင် တည်ငြိမ်၍ ပြုံးနေသော အမူအရာကို ထိန်းသိမ်းထားလိုက်သည်။
"အင်း... ဒီအမူအရာက တော်တော်လေး ကောင်းပါတယ်..."
"မင်း လိုအပ်တာ တစ်ခုခု ရှိလို့လား..."
စူးချန်ကဲသည် မျက်ခုံးပင့်လိုက်ပြီး ဤခေါင်းကြီးကောင်၏ စကားပြောဆိုမှုများကို သည်းခံနိုင်စွမ်း ကုန်ခမ်းနေလေပြီ။
"ဒီလောက်ကြီး စိတ်မလှုပ်ရှားပါနဲ့... တကယ်လို့ ဒီလူငယ်သခင်လေးက တကယ်သာ လှုပ်ရှားခဲ့မယ်ဆိုရင် မင်း အခု လဲကျနေလောက်ပြီ..."
နင်ဟောင်က ခပ်ဖျော့ဖျော့ ပြုံးလိုက်ပြီးနောက် လူကြီးဆန်သောဟန်ပန်ဖြင့် ထပ်ဖြည့်ပြောလိုက်သည်။
"ငါတို့ နင်မိသားစုဝင်တွေက ကျေးဇူးကန်းတတ်တဲ့သူတွေ မဟုတ်ပါဘူး... ငါက မင်းကို ကျေးဇူးတင်ဖို့ လာခဲ့တာပါ... အေးဆေးနေပါ..."
ထို့နောက် နင်ဟောင်သည် သူ၏ လက်နှစ်ဖက်အား နောက်ပစ်ကာ ဆက်ပြောလေသည်။
"မင်းတို့ရဲ့ နဝမတောင်ထိပ်မှာ ငါ့ရဲ့ဝမ်းကွဲ နေတဲ့နေရာက အရမ်း စုတ်ချာနေပေမဲ့ ...ထျန်ရွှမ်နိုင်ငံရဲ့ အဲ့ဒီသေသင့်တဲ့မင်းသမီးကို ရိုက်နှက်ပြီး သူ့အတွက် လက်စားချေပေးခဲ့တဲ့အတွက် ဒီလူငယ်သခင်လေးက မင်းကို အခက်အခဲ မဖြစ်စေပါဘူး..."
"ငါက ဘာလို့ ကျေးဇူးတင်တယ်လို့ ပြောရလဲဆိုတော့... ဒါက မင်းကို ငါ လာရှာရတဲ့ အရေးကြီးဆုံး အကြောင်းအရင်းလည်း ဖြစ်တယ်... ငါ့ဝမ်းကွဲရဲ့ ဓားတာအိုပါရမီက ဒီလောက်ထိ မွန်းစတားဆန်လိမ့်မယ်လို့ ငါ တကယ်ကို မမျှော်လင့်ထားခဲ့ဘူး..."
ဤနေရာတွင် နင်းဟောင်သည် အံ့အားသင့်သွားသော အမူအရာကိုပင် ပြသလိုက်သည်။
သူ ထိုက်ချင်ဂိုဏ်းသို့ ရောက်သည်နှင့် တပြိုင်နက် နင်ဖူယောင်သည် တစ်ရက်တည်းဖြင့် ဓားတာအိုကို ကျွမ်းကျင်သွားပြီး ကောင်းကင်နှင့်မြေကြီး၏ သဘာဝလွန်ဖြစ်စဉ်တစ်ခုကိုပင် ဖြစ်ပေါ်စေခဲ့သည်အား သူ မြင်တွေ့ခဲ့ရသည်။ သူ နားလည်ထားသလောက် နင်းဖူယောင်သည် ယခင်က ဓားတစ်လက်ကိုပင် မထိတွေ့ဖူးခဲ့ချေ။
အကယ်၍ ဤသတင်းသာ နင်မိသားစုထံသို့ ပြန်ရောက်သွားပါက ဒုတိယဦးလေးသည် မဟာမိတ် လက်ထပ်ပွဲနှင့် ပတ်သက်၍ သေချာပေါက် စိတ်ပြောင်းသွားပေလိမ့်မည်။
သေချာသည်မှာ ဤအချိန်အတွင်း သူ၏ဝမ်းကွဲညီမလေးမှာ အလွန်ထူးခြားကြောင်းကိုလည်း နင်ဟောင် သဘောပေါက်ခဲ့သည်။ သူမသည် ကောင်းကင်လှိုဏ်ဂူနယ်ပယ် အထွတ်အထိပ်အဆင့် ကျင့်ကြံခြင်းသာ ရှိသော်ငြားလည်း သူ့အား အန္တရာယ်ခံစားချက်တစ်ခု ပေးစွမ်းနိုင်ခဲ့သည်။ အထူးသဖြင့် နတ်ဘုရားချဥ်းကပ်ခြင်းစေတီတွင် သူမ၏စွမ်းဆောင်ရည်က သူ့ကို အံ့အားသင့်သွားစေခဲ့သည်။ သူမသည် ဆယ်ကျော်သက် မိန်းကလေးတစ်ဦးနှင့် လုံးဝမတူညီချေ။ သူကိုယ်တိုင်ပင်လျှင် သူမ၏ နယ်ပယ်တွင် သူမလောက် ကောင်းမွန်စွာ လုပ်ဆောင်နိုင်မည် မဟုတ်ချေ။
သေးငယ်သော နဝမတောင်ထိပ်တွင် ဤကဲ့သို့ ထူးချွန်သည့် ပါရမီရှင်မိန်းကလေးနှစ်ဦး အမှန်တကယ် ရှိနေခြင်းက ပြောစရာများစွာ ရှိနေသည်။
ဤအကြောင်းကို တွေးမိသောအခါ နင်ဟောင်သည် စူးချန်ကဲအား နောက်တစ်ကြိမ် မကြည့်ဘဲ မနေနိုင်အောင် ဖြစ်သွားခဲ့ပြီး ပြောဆိုလိုက်သည်။
"သေချာတာပေါ့... သူ့ရဲ့ပါရမီ နိုးထလာတာက မင်းနဲ့ ဘာမှမဆိုင်ဘူးဆိုပေမဲ့ ဖူယောင်က လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်းမှာ မင်းရဲ့ စောင့်ရှောက်မှုအောက်မှာ ရှိနေခဲ့တာဆိုတော့ မင်းအတွက် အကျိုးကျေးဇူးတွေက မရှိမဖြစ် လိုအပ်ပါတယ်... မင်းက မှော်အက္ခရာရေးထိုးခြင်းနယ်ပယ်မှာပဲ ရှိနေသေးတာ မဟုတ်လား..."
သူ့ဝမ်းကွဲ၏ ဖော်ပြချက်များမှတစ်ဆင့် ဤအချက်အလက်များကို သူ ခန့်မှန်းခဲ့ခြင်း ဖြစ်သည်။ စူးချန်ကဲသည် သူ၏ပြိုင်ဘက်ကို တိုက်ခိုက်မှု တစ်ချက်တည်းဖြင့် အနိုင်ယူခဲ့သော်လည်း တူညီသော နယ်ပယ်တွင် ထိုသို့ လုပ်ဆောင်နိုင်သည့် ပါရမီရှင်များစွာကို သူ မြင်တွေ့ဖူးသည်။ နှစ်ဖက်လုံး၏စွမ်းအားများ အလွန်နီးစပ်နေခြင်းမရှိဘဲ ကွာဟချက် အနည်းငယ် ကြီးမားနေလျှင် တိုက်ခိုက်မှု တစ်ချက်တည်းသည်ပင် များသောအားဖြင့် လုံလောက်သည်။
စူးချန်ကဲ ပြန်မဖြေသည်ကို မြင်သောအခါ နင်ဟောင်က လူကြီးဆန်သော ဟန်ပန်ဖြင့် ဆက်ပြောလိုက်သည်။
"အဲ့ဒီလို ဖြစ်လောက်ပါတယ်... ထိုက်ချင်ဂိုဏ်းက ယွမ်ရှန်းဂိုဏ်းထက် နိမ့်ကျနေတုန်းပဲဆိုတော့ မင်းအတွက် မှော်အက္ခရာရေးထိုးခြင်းနယ်ပယ်မှာ ရှိနေဖို့ဆိုတာ မလွယ်ဘူး... မင်းက ကံကောင်းပါတယ်... ဒါတွေက အရှေ့ပိုင်းနက်နဲသိမ်မွေ့နယ်မြေကို ပထမဆုံး ရောက်လာတုန်းက မနေ့က လေလံပွဲတစ်ခုမှာ ဒီလူငယ်သခင်လေးဝယ်ခဲ့တဲ့ စိတ်ဝိညာဉ်လက်ဖက်ရည် သုံးအိုးပဲ... အဲ့ဒီအထဲမှာ တာအိုစည်းချက်တွေ ပါဝင်ပြီးတော့ မင်းအတွက် ကြီးမားတဲ့ အကျိုးကျေးဇူးတွေ ရစေလိမ့်မယ်... အဲ့ဒါကို ကြိုဆိုတဲ့ လက်ဆောင်တစ်ခုလို့ သတ်မှတ်လိုက်ပါ..."
သူ၏အသံ ပြီးဆုံးသွားသည်နှင့် တပြိုင်နက် သူသည် လက်ညှိုးတစ်ချောင်းဖြင့် ညွှန်ပြလိုက်ရာ ကြွေပုလင်းသုံးလုံးက စူးချန်ကဲ၏ရှေ့တွင် ထွက်ပေါ်လာခဲ့သည်။
"စီနီယာအစ်ကို... ဒီပုလင်းတွေက အရမ်းရင်းနှီးနေသလိုပဲ..."
ထုယိုယိုသည် လွင့်မျောနေသော ကြွေပုလင်းများကို ကြည့်ကာ မျက်မှောင်ကြုတ်၍ တီးတိုးပြောဆိုလိုက်သည်။
စူးချန်ကဲသည် ကြွေပုလင်းများကို တစ်ချက်ကြည့်လိုက်သည်။ မည်သည်ကြောင့် သူ မရင်းနှီးဘဲ နေမည်နည်း။
ထိုအရာများသည် ဖုန်းဝူယင်ထံ ပေးအပ်ရန် ရှောင်လွီအား သူ ပထမဆုံး ပေးခဲ့သော လက်ဖက်ရည်များပင်။
သို့သော် သူသည် ပုလင်းတစ်လုံးတည်းသာ ပေးခဲ့သည်ကို မှတ်မိနေပြီး သုံးလုံး မည်သို့ ဖြစ်ပေါ်လာရသနည်း...
ဤသည်က ရေနှင့်ရောထားခြင်း ဖြစ်သလော..
ယွမ်ယန်ကုန်သည်ကြီးများအသင်းသည် အမှန်တကယ်ကို မြောက်ပိုင်းနယ်မြေ၏ လူငယ်သခင်လေးအား သတ်ဖြတ်ခံရမည့် ဝက်တစ်ကောင်ကဲ့သို့ ဆက်ဆံနေခြင်းပင်။
စူးချန်ကဲသည် ကြွေပုလင်းများကို စဉ်းစားဟန်ဖြင့် စိုက်ကြည့်နေသည်ကို မြင်သောအခါ နင်းဟောင်က သူ ကြောင်အမ်းနေသည်ဟု ထင်မှတ်ကာ ပြုံးလိုက်သည်။
"ယူလိုက်ပါ... အဲ့ဒါတွေက တကယ့်ကို မင်းအတွက်ပါ..."
သို့သော် သူ့အတွက် အံ့အားသင့်စရာအဖြစ် စူးချန်ကဲသည် စကားတစ်ခွန်း ချန်ထားရစ်ခဲ့ပြီးနောက် သူ့အား တိုက်ရိုက်ကျော်ဖြတ်သွားသည်။ ထိုစကားများမှာ သူ့အား ရည်ရွယ်ပုံရသော်လည်း အပြည့်အဝတော့ မဟုတ်ပေ။
နောက်မှထပ်ချပ်မကွာလိုက်ပါလာသော ထုယိုယိုက သူ့အား အရူးတစ်ယောက်အလား အမူအရာဖြင့် ကြည့်လိုက်သည်။
"တစ်ညအိပ်ထားတဲ့ လက်ဖက်ရည်ကို ငါလည်း မသောက်ဘူး..."
ထိုနေရာတွင် မတ်တတ်ရပ်၍ ကျန်နေခဲ့သော နင်ဟောင်၏မျက်နှာ ချက်ချင်းမည်းမှောင်သွားပြီး ဒေါသအရိပ်အယောင်တစ်ခုက သူ၏မျက်လုံးများထဲတွင် လောင်ကျွမ်းသွားခဲ့သည်။
လူတစ်ယောက်ထံ၌ သည်းခံနိုင်သောအရာနှင့် သည်းမခံနိုင်သောအရာဟူ၍ ရှိပေ၏။
သူသည် ဂုဏ်သရေရှိသော နင်မိသားစု၏ လူငယ်သခင်လေးဖြစ်ကာ မြောက်ပိုင်းနယ်မြေရှိ လူငယ်မျိုးဆက်များ၏ ခေါင်းဆောင်တစ်ယောက်အနေဖြင့် သူ၏အရိုးများထဲတွင် မောက်မာမှုမရှိဘဲ မည်သို့ နေနိုင်မည်နည်း။
"ရပ်လိုက်စမ်း..."
နင်ဟောင်သည် အေးစက်တင်းမာစွာ အော်ဟစ်လိုက်ပြီး သူ၏ခန္ဓာကိုယ်ပေါ်ရှိ ဝင်္ကပါပုံစံများမှာ သူ၏စိတ်ဆန္ဒနှင့်အတူ လှုပ်ရှားသွားကာ သဘာဝအတိုင်း ဖွဲ့စည်းထားသည့်အလား ထွက်ပေါ်လာခဲ့သည်။
စူးချန်ကဲက သူ၏နောက်သို့ တစ်ချက်ကြည့်လိုက်သည်။
"မွေးရာပါ မဟာတာအိုဝင်္ကပါပုံစံတွေလား..."
"ဝင်္ကပါဖွဲ့စည်းခြင်းနယ်ပယ် ကဏဦးအဆင့်မှာ သူက မြောက်ပိုင်းနယ်မြေက သက်တူရွယ်တူတွေကြားထဲ ပြိုင်ဘက်ကင်းနိုင်တာ အံ့အားသင့်စရာ မရှိတော့ဘူး..."
သူ့မှတ်ဉာဏ်များ၏ နက်ရှိုင်းသောနေရာတွင် မွေးရာပါ မဟာတာအို ဝင်္ကပါပုံစံများနှင့် သူ စိမ်းသက်ခြင်းမရှိပေ။ ဒဏ္ဍာရီများအရ မွေးရာပါ မဟာတာအိုဝင်္ကပါပုံစံများသည် မဟာတာအို၏ဆင့်ကဲပြောင်းလဲမှုမှ မွေးဖွားလာပြီး ကြီးမားသော ဝင်္ကပါကြီးတစ်ခုအဖြစ် ဖွဲ့စည်းထားခြင်းပင်။ ထိုအရာများ၏စွမ်းအားသည် ကြောက်မက်ဖွယ်ကောင်းပြီး သာမန် ဝင်္ကပါပုံစံများထက် များစွာပို၍ကျော်လွန်ကာ ပိုင်ဆိုင်ထားသူများသည် သူတို့၏ နယ်ပယ်ထက် ကျော်လွန်သော ရန်သူများကို သတ်ဖြတ်နိုင်စွမ်း ရှိကြသည်။ ဤဝင်္ကပါပုံစံများကို သန့်စင်ရန် သို့မဟုတ် နားလည်သဘောပေါက်ရန် မဖြစ်နိုင်ပေ။ မွန်းစတားဆန်သော ပါရမီရှင်အနည်းငယ်သာ ထိုအရာများနှင့်အတူ မွေးဖွားလာပြီး တခြားသူများကို စမှတ်ကတည်းကပင် ဦးဆောင်နိုင်ကြသည်။
စူးမိသားစုတွင် ထိုကဲ့သို့ ပါရမီရှင်မျိုး အနည်းငယ် ရှိနေသည်။
သို့သော် နင်ဟောင်၌ ဤပါရမီ ရှိနေသည်ကို သူ မအံ့ဩခဲ့ပေ။ မည်သို့ပင်ဆိုစေကာမူ သူသည် ကံကြမ္မာသမီးတော်၏အတွင်းစည်းဝိုင်းမှ ဖြစ်သဖြင့် ဤသည်မှာ ပုံမှန်ပင်။ ထို့ပြင် စူးချန်ကဲသည် လှုပ်ရှားရန် မရည်ရွယ်ဘဲ အဝေးမှ သစ်တောကိုသာ တစ်ချက်ကြည့်လိုက်သည်။
ထိုအချိန်မှာပင်...
"ဟောင်အာ... မရိုင်းစိုင်းနဲ့..."
သူ မြင်တွေ့လိုက်ရသည်မှာ လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ထွက်လာပြီး နင်ဟောင်၏ ပခုံးအား ညင်သာစွာ ဖိနှိပ်ထားခြင်းပင်။
ယခုရောက်လာသူမှာ ရိုးရှင်းသော မျက်နှာရှိပြီး မီးခိုးရောင် သန်းနေသော ဆံပင်များက သူ၏ ပခုံးပေါ်တွင် ပေါ့ပေါ့ပါးပါး ကျနေသည်။ သူ၏ အရေးအကြောင်းများမှာ မြစ်ကြမ်းပြင်များအလား ဖြစ်နေပြီး ထိုအရာတစ်ခုချင်းစီသည် အချိန်နှင့် လောကဓံအပြောင်းအလဲများဖြင့် ထွင်းထုထားပုံ ရသည်။ အထင်ရှားဆုံးမှာ သူ၏ မျက်လုံးများဖြစ်ပြီး ဖုန်ထူနေသော ရှေးဟောင်းကြေးမုံမှန်များအလားပင်။
နင်ဟောင်က ချက်ချင်းဆိုသလိုပင် နာခံရို့ကျိုးသောလေသံဖြင့် ပြောဆိုသည်။
"ဦးလေးလင်း... ဒါက တကယ့်ကို ကျွန်တော့်ရဲ့အမှား မဟုတ်ပါဘူး... ကျွန်တော့်ကို ယဉ်ကျေးအောင်နေဖို့ ဦးလေး ပြောခဲ့တာ မဟုတ်ဘူးလား... ကျွန်တော်က ဘယ်လိုလုပ် မယဉ်ကျေးဘဲ နေနိုင်မှာလဲ..."
"ညွှန်ကြားချက်တွေ ပေးနေတဲ့ လူကြီးတစ်ယောက်လို ပြုမူတာက ယဉ်ကျေးတယ်လို့ သတ်မှတ်လို့ရလား..."
စန်းလင်းက နင်ဟောင်အား တစ်ချက်ကြည့်လိုက်သည်။
နင်းဟောင်သည် ချက်ချင်းမျက်မှောင်ကြုတ်ကာ ပြောဆိုသည်။
"ဦးလေးလင်း... ကျွန်တော်က သူ့ကို သဘောထားကြီးစွာနဲ့ တစ်ခုခု ပေးခဲ့တာကို သူက တစ်ညအိပ်ထားတဲ့ လက်ဖက်ရည်ကို မသောက်ဘူးတဲ့လေ... သူက ကျွန်တော့်ထက်တောင် ပိုပြီးမောက်မာနေသေးတယ်... ဦးလေးပဲ ဆုံးဖြတ်ကြည့်ပါ... ကျွန်တော်က အနည်းဆုံးတော့ နင်မိသားစုရဲ့ လူငယ်သခင်လေးဖြစ်ပြီးတော့ မြောက်ပိုင်းနယ်မြေက လူငယ်မျိုးဆက်တွေထဲမှာ နံပါတ်တစ်လေ... ပြီးတော့ ကျင့်ကြံခြင်းမှာ ပိုပြီးအစွမ်းထက်တဲ့သူက စီနီယာပဲလို့ လူတိုင်း ပြောကြတာ မဟုတ်ဘူးလား... ကျွန်တော်က အမှားလုပ်ခဲ့တယ်လို့ မထင်ပါဘူး..."
စန်းလင်းသည် ကူကယ်ရာမဲ့စွာ ခေါင်းခါယမ်းလိုက်ပြီးနောက် ရှေ့တိုးလာကာ လက်ပူးဆုပ်၍ ပြောဆိုလိုက်၏။
"မြောက်ပိုင်းနယ်မြေ နင်မိသားစု က စန်းလင်း ပါ... တာအိုရောင်းရင်းစူးကို နှုတ်ဆက်ပါတယ်..."
"..."
နင်ဟောင် ချက်ချင်း ကြောင်အမ်းသွားခဲ့သည်။ ဦးလေးလင်းက စူးချန်ကဲအပေါ် ဤမျှထိ ရိုသေလေးစားမှု ပြသနေသည်အား သူ မယုံကြည်နိုင် ဖြစ်သွားခဲ့သည်။
အခန်း ၇၀: ငါ ကိုယ်တိုင်ပဲ သူ့ကို သင်ပေးလို့ ရပါတယ်... အဲ့ဒါဆို အဆင်ပြေသွားမှာပါ...
ဦးလေးလင်းသည် မည်သူဖြစ်သနည်း...
သူသည် နတ်ဘုရားမီးတောက်နယ်ပယ် မဟာအောင်မြင်မှုအဆင့်ရှိ မဟာကျင့်ကြံသူ တစ်ဦးဖြစ်ပြီး ယွမ်ယန်နယ်မြေ တစ်ခုလုံးတွင် အမြင့်မြတ်ဆုံး ကျွမ်းကျင်သူတစ်ဦးပင်။ ထို့ပြင် နင်မိသားစုသည် မြောက်ပိုင်းနယ်မြေကို ပေါင်းစည်းစဉ်က အရပ်မျက်နှာအားလုံးမှ ရန်သူများကို သတ်ဖြတ်ခဲ့သော မဟာစစ်သူကြီးလင်းဖြစ်ပေ၏။ မိသားစုခေါင်းဆောင်ပင်လျှင် သူ့အား လေးစားမှု ပြသခဲ့ရပေရာ ထိုကဲ့သို့လူမျိုးက စူးချန်ကဲအား တာအိုရောင်းရင်းဟု ခေါ်လိုက်သလော။
ဤသည်မှာ ရွယ်တူများအတွက် အသုံးပြုသော ဝေါဟာရပင်။
ဦးလေးလင်းသည် ရူးသွပ်သွားသလော....
စူးချန်ကဲသည် မတ်တတ်ရပ်လိုက်ပြီး စန်းလင်းအား လှည့်ကြည့်ကာ ခေါင်းညိတ်လိုက်ပြီး သူ့ဘာသာသူ တွေးလိုက်သည်။
"လျိုယွမ်မြို့ လျှို့ဝှက်နယ်မြေရဲ့ သတင်းက ဒီလောက်မြန်မြန် ပျံ့နှံ့သွားလိမ့်မယ်လို့ ငါ တကယ်ကို မျှော်လင့်မထားခဲ့ဘူး..."
စန်းလင်း၏မျက်လုံးများထဲတွင် အံ့အားသင့်မှု အရိပ်အယောင်တစ်ခု လင်းလက်သွားပြီး သူက စူးချန်ကဲအား ကြည့်ကာ ပြောဆိုလိုက်သည်။
"တာအိုရောင်းရင်းစူးက တကယ်ကို အံ့အားသင့်စရာပါပဲ... ဒီလောက်ငယ်ရွယ်တဲ့ အရွယ်နဲ့ လက်ဖက်ရည်တာအို ပြီးပြည့်စုံခြင်းအဆင့်ကို အောင်မြင်ခဲ့တာဆိုတော့ ယွမ်ယန်နယ်မြေတစ်ခုလုံးမှာ မင်းလိုမျိုး ဒုတိယလူတစ်ယောက်ကို ရှာတွေ့ဖို့ဆိုတာ ခက်ခဲပါလိမ့်မယ်... မင်းလို စီနီယာအစ်ကိုတစ်ယောက် ရှိတာက ဖူယောင်ရဲ့ ကံကောင်းမှုပါပဲ..."
ထိုစကားများကို ပြောဆိုလိုက်သည်နှင့် တပြိုင်နက်...
သူ၏နံဘေးရှိ နင်ဟောင်က ကြောင်အမ်းသွားခဲ့သည်။ သူသည် စန်းလင်း၏အင်္ကျီလက်အား ဆွဲကာ မေးလိုက်သည်။
"ဦးလေးလင်း... ဦးလေးက ဘာကို ဆိုလိုတာလဲ..."
"လက်ဖက်ရည်တာအို ပြီးပြည့်စုံခြင်းအဆင့်..."
"သူလား..."
"နေအုံး... ဒါကို ငါ စဉ်းစားကြည့်ပါရစေအုံး...တကယ်လို့ သူက လက်ဖက်ရည်တာအို ပြီးပြည့်စုံခြင်းအဆင့်ဆိုရင် ငါ သူ့ကို ပေးခဲ့တဲ့ လက်ဖက်ရည်က ဘာလဲ..."
စန်းလင်းသည် နင်ဟောင်အား နောက်တစ်ကြိမ် ကြည့်လိုက်ပြီး သူ့အား လျစ်လျူရှုကာ စူးချန်ကဲကို အပြုံးနှင့် ကြည့်လိုက်သည်။
"တကယ်လို့ တာအိုရောင်းရင်းက စိတ်မရှိဘူးဆိုရင် ဒီအဖိုးကြီးက မင်းနဲ့အတူ လိုက်ခဲ့လို့ ရမလား..."
ဆိုရိုးစကားအတိုင်း ပြုံးနေသော လူတစ်ယောက်အား မရိုက်ရပေ။ စူးချန်ကဲသည် ခေါင်းညိတ်လိုက်ပြီး နင်မိသားစု၏ ရည်ရွယ်ချက်များကို မေးမြန်းရန် အခွင့်ကောင်းတစ်ခုဟု သူ တွေးလိုက်သည်။
စန်းလင်းသည် ခြေတစ်လှမ်းလှမ်းလိုက်ရာ စူးချန်ကဲ၏နံဘေးသို့ ရောက်သွားပြီး သူ၏လက်ကိုမြှောက်ကာ ပြောဆိုလိုက်၏။
"တာအိုရောင်းရင်း... ကျေးဇူးပြုပြီး..."
"ဆရာကြီး... ဒီလောက်ထိ ယဉ်ကျေးနေစရာ မလိုပါဘူး..."
စူးချန်ကဲက တုံ့ပြန်သည့်အနေဖြင့် ခေါင်းညိတ်လိုက်သည်။
သူတို့၏ပုံရိပ်များ တဖြည်းဖြည်း ဝေးကွာသွားသောအခါ နင်ဟောင်သည် နောက်ဆုံးတွင် သူ၏ကြောင်အမ်းမှုမှ ရုန်းထွက်လာနိုင်ခဲ့သည်။ မည်သို့ပင်ဆိုစေကာမူ နင်မိသားစု၏ လူငယ်သခင်လေးတစ်ယောက်အနေဖြင့် သူသည် အရာများစွာကို မြင်တွေ့ခဲ့ရပြီး သူ၏နှလုံးသားထဲမှ အံ့အားသင့်မှုကို လျှင်မြန်စွာ ငြိမ်သက်သွားစေနိုင်ခဲ့သည်။
"ဒါက မဟုတ်သေးဘူး..."
"တကယ်လို့ သူက လက်ဖက်ရည်တာအို ပြီးပြည့်စုံခြင်းအဆင့်ကို တကယ်ကြီး အောင်မြင်ခဲ့ရင်တောင် ဦးလေးလင်းက သူ့ကို ရွယ်တူတစ်ယောက်လို ဆက်ဆံမှာ မဟုတ်ဘူး..."
"တခြား အကြောင်းအရင်းတစ်ခုခု ရှိနေနိုင်မလား..."
နင်ဟောင်သည် များစွာတွေးတောပြီးနောက် သူတို့၏နောက်သို့ လိုက်သွားခဲ့သည်။
"ဟောင်အာက မောက်မာတဲ့စရိုက်ရှိပေမဲ့ သူ့ရဲ့စိတ်နေသဘောထားက မဆိုးပါဘူး... လျိုယွမ် မြို့အကြောင်း သတင်းကို အခုလေးတင် ရခဲ့တာကလည်း ငါ့အမှားပါပဲ... တကယ်လို့ ငါ သူ့ကို စောစောကတည်းက ပြောပြခဲ့ရင် ဒီလိုမျိုးတွေ ဖြစ်လာမှာ မဟုတ်ဘူး..."
စန်းလင်းသည် ခပ်ဖျော့ဖျော့ရယ်မောကာ ပြောလိုက်ပြီး သူ့အား သိချင်စိတ်ဖြင့် အကဲခတ်နေသော ထုယိုယိုကို တစ်ခါတစ်ရံ ကြည့်လိုက်သည်။
"အဲ့ဒါက နတ်ဆိုးအရှိန်အဝါလား..."
"ဒါမှမဟုတ် ငါ့ရဲ့ စိတ်ကူးယဉ်မှုလား..."
စူးချန်ကဲသည် လမ်းလျှောက်ရင်း ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်သည်။
"ကိစ္စမရှိပါဘူး..."
"ဒီအဖိုးကြီးက နည်းနည်းတော့ သိချင်နေတယ်... လျိုယွမ်မြို့က ကောလာဟလတွေအရ တာအိုရောင်းရင်းစူးက လျှို့ဝှက်နယ်မြေ ထဲမှာ နတ်ဘုရားမျိုးနွယ်စုဝင်တစ်ယောက်နဲ့ ကြုံတွေ့ခဲ့ရပြီးတော့ သူတို့ကို တစ်ယောက်တည်း ဖိနှိပ်ခဲ့တယ်လို့ ဆိုတယ်... မင်း ဘယ်လိုလုပ်ခဲ့တာလဲ..."
စန်းလင်းက သူ၏အကြည့်ကို ရုပ်သိမ်းပြီး ထပ်မေးလိုက်သည်။ ဤသည်မှာ သူ အမှန်တကယ် ဂရုစိုက်သော အရာပင်။
ဤသည်မှာ စူးချန်ကဲ၏စွမ်းအားကြောင့် အကြွင်းမဲ့ဖြစ်သည်ဟု သူ မယုံကြည်ခဲ့ချေ။ ထိုသို့မဟုတ်ပါက ထိုအရာသည် အမှန်တကယ်ကို ယုံကြည်နိုင်စရာ မရှိလှချေ။
ဤသည်က လျှို့ဝှက်နယ်မြေ၏ အထူးသဘာဝအရဖြစ်ခြင်း သို့မဟုတ် ကျွမ်းကျင်သူတစ်ဦးဦးက ဝင်ရောက်စွက်ဖက်ခဲ့ခြင်းကြောင့် ဖြစ်ကောင်းဖြစ်နိုင်သည်။ မည်သို့ပင်ဆိုစေကာမူ လောကီကမ္ဘာတွင် သွားလာနေသော ယွမ်ယန်နယ်မြေ၌ အစွမ်းထက်ကျင့်ကြံသူများစွာ ရှိနေသည်။
သို့သော် စူးချန်ကဲ စကားမပြောနိုင်မီမှာပင် ထုယိုယိုက အလျင်အမြန် ကြားဖြတ်ပြောဆိုလိုက်သည်။
"သေချာတာပေါ့ အဲ့ဒါက အမှန်ပဲ... စီနီယာအစ်ကိုက အဲ့ဒီနတ်ဘုရားမျိုးနွယ်စု ကောင်လေးကို လက်သီးနဲ့ ထိုးလိုက်ပြီးတော့....သူ့ရဲ့လက်ချောင်းကို ဒီလိုမျိုး ညွှန်ပြလိုက်တာနဲ့ သူတို့အားလုံး သုတ်သင်ခံလိုက်ရတာပဲ..."
"ရိုးရိုးသားသား ပြောရရင် နတ်ဘုရားမျိုးနွယ်စု က ဘာမှထူးခြားတာ မဟုတ်ပါဘူး... စစ်မှန်တဲ့ ပြိုင်ဘက်ကင်းမှု အတွက်ဆိုရင် ငါ့ရဲ့ စီနီယာအစ်ကိုကို နင် ကြည့်ရလိမ့်မယ်..."
ဤအရာကို ကြားသောအခါ စန်းလင်းသည် စကားမပြောဘဲ ပြုံးလိုက်ပြီး သူမအား မယုံကြည်ကြောင်း ရှင်းလင်းစွာ ပြသနေသည်။
သူတို့ လမ်းလျှောက်လာရင်း ထုယိုယို၏ နေအိမ်သို့ ရောက်ရှိနေလေပြီ။
ထုယိုယိုသည် သူတို့အား နှုတ်ဆက်ပြီး သူမ နားချင်သည်ဟုဆိုကာ သူမ၏ အခန်းဆီသို့ ပြန်သွားရန် ဟန်ပြင်လိုက်သည်။ သို့ရာတွင် အမှန်တကယ်မူ ဤခရီးစဉ်မှ သူမ၏ရရှိမှုများကို ကြွားလုံးထုတ်ရန် ဒုတိယစီနီယာအစ်မ လျှိုရူယန်အား ရှာလိုခြင်းဖြစ်သည်။ စူးချန်ကဲသည် သူမ၏အကြံအစည်ကို ဖောက်ထွင်းမြင်သော်လည်း သူမကို မဖော်ထုတ်ခဲ့ဘဲ သူမအား ပြေးသွားခွင့်ပြုလိုက်သည်။
သူမ ထွက်သွားပြီးနောက်...
"ဆရာကြီးစန်း... ခင်ဗျားကို အရှေ့ပိုင်းနက်နဲသိမ်မွေ့နယ်မြေအထိ ဘယ်ကိစ္စက ခေါ်ဆောင်လာတာလဲ..."
စူးချန်ကဲသည် ယခင်မေးခွန်းကို မဖြေဘဲ မေးလိုက်၏။
"ဟူး..."
စန်းလင်းက ရုတ်တရက် သက်ပြင်းချလိုက်ပြီး ပြောဆိုသည်။
"ရိုးရိုးသားသား ပြောရရင် တာအိုရောင်းရင်းစူး... ဖူယောင်က တကယ်တော့ မြောက်ပိုင်းနယ်မြေကနေ ထွက်ပြေးလာခဲ့တာပါ... သူ့မှာ လက်ထပ်စာချုပ်တစ်ခု ရှိနေသေးတယ်... ဒီတစ်ကြိမ် ငါ လာခဲ့ရတဲ့ အကြောင်းရင်းက အဲ့ဒီကောင်လေးနင်ဟောင်က အရမ်းနားပူနားဆာတိုက်နေလို့ပဲ... ပြီးတော့ ဒီကောင်မလေးကို ငါလည်း လွမ်းနေတာနဲ့ ထျန်ရွှမ်နိုင်ငံရဲ့အစည်းအဝေး ကို တက်ဖို့ နင်ဟောင်ကို ခေါ်လာရင်းနဲ့ လမ်းကြုံတုန်း သူ့ဆီကို လာလည်ဖို့ အခွင့်အရေး ယူလိုက်တာပါ..."
ထိုအချိန်က နင်ဖူယောင်သည် စန်းလင်း၏ လျှို့ဝှက်အကူအညီကြောင့်သာ မြောက်ပိုင်းနယ်မြေမှ အောင်မြင်စွာ ထွက်ပြေးလွတ်မြောက်နိုင်ခဲ့ခြင်း ဖြစ်သည်။ ထိုသို့မဟုတ်ပါက သူမ ထွက်ပြေးရန်မှာ ဖြစ်နိုင်မည် မဟုတ်ချေ။
သို့သော် သူ မမျှော်လင့်ထားသောအရာမှာ ဤတွေ့ဆုံမှုသည် ထူးကဲနေခြင်းပင်။
ဖူယောင်၏ ဓားတာအိုပါရမီမှာ သူမသည် တခြားလူတစ်ယောက် ဖြစ်သွားသည့်အလား ဖြစ်နေပြီး သူ့အတွက်ပင် ယုံကြည်နိုင်စရာ မရှိလောက်အောင် ဖြစ်နေခဲ့သည်။
"ထျန်ရွှမ်နိုင်ငံက နင်မိသားစု ကို ဖိတ်ခေါ်နိုင်သေးတာလား..."
စူးချန်ကဲက အနည်းငယ် အံ့အားသင့်စွာ ပြောဆိုလိုက်သည်။ ထျန်ရွှမ်နိုင်ငံ၏ ဩဇာလွှမ်းမိုးမှုမှာ မည်သည့်အချိန်ကစ၍ ဤမျှထိ ကြီးမားသွားသနည်း။
နင်မိသားစုနှင့် နှိုင်းယှဉ်လျှင် ထျန်ရွှမ်နိုင်ငံသည် များစွာနိမ့်ကျပေ၏။
ထို့ပြင် ဤနယ်မြေနှစ်ခုကြားတွင် အဆုံးမရှိသော နယ်မြေများ ရှိနေသည်။ နတ်ဘုရားမီးတောက်နယ်ပယ် ကျင့်ကြံသူတစ်ဦးပင်လျှင် ဤနေရာသို့ ပျံသန်းလာရန် လပေါင်းများစွာ အချိန်ယူရပေလိမ့်မည်။ နင်မိသားစုသည် ယခင်က ဤကဲ့သို့ ကိစ္စများတွင် မည်သည့်အချိန်ကမျှ ပါဝင်ပတ်သက်ခဲ့ခြင်း မရှိပေ။
စန်းလင်းသည် တခဏမျှ စဉ်းစားလိုက်ပြီးနောက် ရိုးသားစွာ ပြောဆိုသည်။
"နင်မိသားစု ကို ဖိတ်ခေါ်ခဲ့တာက ထျန်ရွှမ်နိုင်ငွ မဟုတ်ဘဲ ယွမ်ရှန်းဂိုဏ်း ပါ... တာအိုရောင်းရင်း သိချင်မှ သိလိမ့်မယ်... ဒါပေမဲ့ ယွမ်ရှန်းဂိုဏ်း က မကြာသေးခင် နှစ်တွေအတွင်းမှာ သူတို့ရဲ့ ဩဇာလွှမ်းမိုးမှုကို အကြီးအကျယ် ချဲ့ထွင်နေခဲ့တယ်... တောင်ပိုင်း သဲကန္တာရ နတ်ဆိုးနယ်မြေ မြောက်ပိုင်းနယ်မြေရဲ့ မြို့တစ်သောင်းနဲ့ အနောက်ဘက် နယ်စပ် တောရိုင်းဒေသတွေ အားလုံးမှာ ယွမ်ရှန်းဂိုဏ်းရဲ့လက်အောက်ခံအင်အားစုတွေ ရှိနေတယ်..."
"ဒီတစ်ကြိမ် ငါ့မှာ ရည်ရွယ်ချက်သုံးခု ရှိတယ်... ပထမတစ်ခုက ဖူယောင် ကို ကြည့်ဖို့...ဒုတိယတစ်ခုက အဲ့ဒီကောင်လေး နင်ဟောင်ကို အရှေ့ပိုင်းနက်နဲသိမ်မွေ့နယ်မြေရဲ့ ပါရမီရှင်တွေနဲ့ ယှဥ်ပြိုင်ပြီး အတွေ့အကြုံတချို့ ရစေဖို့ပဲ...ပြီးတော့ တတိယတစ်ခုက ယွမ်ရှန်းဂိုဏ်းက ဒီလောက် ကြီးမားတဲ့ အင်အားတွေကို ဘယ်ကနေ ရနေလဲဆိုတာကို စုံစမ်းစစ်ဆေးဖို့ပါ... ဒါကို ဆရာကြီးရွှမ်ကျီနဲ့ ငါ အခုလေးတင် ဆွေးနွေးခဲ့တာ... ဒါ့ပြင် အဲ့ဒီကိစ္စကို သူတောင် မသိဘူး..."
သူ စကားပြောဆိုနေစဉ် စန်းလင်း၏မျက်လုံးများထဲတွင် တည်ကြည်လေးနက်မှု အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားခဲ့သည်။ ဤကိစ္စ၏နောက်ကွယ်တွင် ပုံမှန်မဟုတ်သောအကြောင်းအရင်းတစ်ခု ရှိနေပေမည်။ ယွမ်ရှန်းဂိုဏ်းသည် ကြီးမားသော အရာတစ်ခုကို စီစဉ်နေခြင်း ဖြစ်နိုင်သည်။
နတ်ဆိုးနယ်မြေ အတွင်းရှိ လှုပ်ရှားမှုများကို ယွမ်ရှန်းဂိုဏ်းက နောက်ကွယ်မှ သွေးထိုးလှုံ့ဆော်နေခြင်း ဖြစ်နိုင်သည်ဟုပင် သူ သံသယရှိခဲ့သည်။
"အို..."
စူးချန်ကဲသည် ခေါင်းညိတ်လိုက်ပြီး သူ၏ အမူအရာမှာ တည်ငြိမ်နေကာ အံ့အားသင့်မှု သို့မဟုတ် ထိတ်လန့်မှုတို့ကို မပြသခဲ့ပေ။
စန်းလင်းသည် အရူးတစ်ယောက် မဟုတ်သဖြင့် လျှို့ဝှက်နယ်မြေကိစ္စကို သူ ဆက်မပြောတော့ဘဲ စကားလမ်းကြောင်းလွှဲလိုက်သည်။
"ဒီအဖိုးကြီးက အစက ဖူယောင် ဘယ်လို နေလဲဆိုတာကိုပဲ ကြည့်ချင်ခဲ့တာပါ... ပြီးတော့ သူ့ရဲ့အထောက်အထားကို ဖော်ထုတ်ဖို့ မရည်ရွယ်ခဲ့ပါဘူး... ဒါပေမဲ့ သူ့ရဲ့ ဓားတာအို ပါရမီကို ပြသပြီးတဲ့နောက်မှာတော့ အခြေအနေတွေ ကွဲပြားသွားခဲ့ပြီ..."
စူးချန်ကဲက နားလည်သဘောပေါက်သွားပြီး ပြောဆိုလိုက်၏။
"ဆရာကြီးစန်းက သူ့ကို မြောက်ပိုင်းနယ်မြေဆီ ပြန်ခေါ်သွားဖို့ ရည်ရွယ်ထားတာလား..."
"အင်း..."
စန်းလင်းသည် တွန့်ဆုတ်စွာဖြင့် ခေါင်းညိတ်လိုက်ပြီးနောက် ပြောဆိုသည်။
"တကယ်လို့ သူက မြောက်ပိုင်းနယ်မြေမှာ ရှိနေရင် ဒီအဖိုးကြီးက ဓားတာအိုမှာ အောင်မြင်မှုတွေ ရရှိထားပြီး သူ့ကို ကိုယ်တိုင်လမ်းညွှန်ပေးနိုင်တဲ့ သူငယ်ချင်းကောင်းအနည်းငယ် ရှိတယ်... တာအိုရောင်းရင်းက ဒါကို ခွင့်ပြုပေးနိုင်ဖို့ ဒီအဖိုးကြီးက မျှော်လင့်ပါတယ်..."
"ဆရာကြီးစန်းရဲ့ စကားတွေအရ ခင်ဗျားက ဖူယောင်နဲ့ ဒီအကြောင်းကို ပြောပြီးပြီပေါ့..."
စူးချန်ကဲက ထပ်မေးလိုက်သည်။
"ဟုတ်ပါတယ်... ဒါပေမဲ့ သူက ငြင်းဆိုခဲ့တယ်... သူက ထိုက်ချင်ဂိုဏ်းမှာ တော်တော်လေး အဆင်ပြေတယ်လို့ ပြောတယ်... ဒါကြောင့် ဒီအဖိုးကြီးက တာအိုရောင်းရင်းကို သူ့ကို ဖျောင်းဖျဖို့ ကူညီပေးစေချင်တာပါ... ဖူယောင် နဲ့ ငါ့ရဲ့ စကားပြောဆိုမှုမှာ သူက မင်းရဲ့စကားကို တော်တော်လေး နားထောင်ပုံရတာကို ငါ တွေ့ခဲ့ရတယ်..."
စန်းလင်းက စကားပြောဆိူနေစဉ် စူးချန်ကဲအား ကြည့်လိုက်ရာ သူ၏အမူအရာတွင် မကျေနပ်မှု အရိပ်အယောင်တစ်ခု အလိုအလျောက် ထွက်ပေါ်လာခဲ့သည်။
ဤသည်ကို နားထောင်သည်ဟုပင် ခေါ်၍မရပေ။ ဤသည်က သန့်စင်သော အကြောက်တရားသက်သက်ပင်။
မင်း သူ့ကို ဒီလိုဖြစ်အောင် ဘာလုပ်ထားတာလဲ...
အကယ်၍ သူသာ နားလည်မှုမရှိဘဲ ဝေဖန်တတ်သူတစ်ဦး မဟုတ်ခဲ့လျှင် ထို့ပြင် စူးချန်ကဲက သူမအား ရှေးဟောင်းဓားတစ်လက် ပေးခဲ့ပြီး သူမအတွက် ရပ်တည်ပေးခဲ့ကြောင်း ကြိုတင်သိထားခြင်း မရှိခဲ့လျှင် စူးချန်ကဲသည် သူမအား အဆက်မပြတ် ဖိနှိပ်နေသည်ဟု သူ သံသယဝင်မိပေလိမ့်မည်။
အကယ်၍ ထိုကိစ္စမျိုးသာ အမှန်တကယ်ဖြစ်ခဲ့လျှင် အခြေအနေသည် ယခုလိုမျိုး ဖြစ်နေမည် မဟုတ်ပေ။
"အို... ငါက ဘာလို့ သူ့ကို ဖျောင်းဖျရမှာလဲ... ဒီမှာ သူ တော်တော်လေး အဆင်ပြေနေတယ်လို့ ငါ ထင်တာပဲ..."
စူးချန်ကဲက ရိုးသားစွာ ပြန်ဖြေလိုက်သည်။
ဘယ်လို ဟာသမျိုးလဲ...ငါက ဂျူနီယာညီမလေးကို ထွက်သွားဖို့ ဖျောင်းဖျရမှာလား...
သူ ထွက်သွားရင် နွေးထွေးတဲ့ စီနီယာအစ်ကို တစ်ယောက်ဖြစ်တဲ့ ငါက အဲ့ဒီကိစ္စကို ဘယ်လိုဆက်ပြီး စီမံခန့်ခွဲရမှာလဲ...
မင်းအမေကို နွေးထွေးပေးရမှာလား...
"ဒါက..."
စန်းလင်းသည် မျက်မှောင်ကြုတ်လိုက်ပြီး အနည်းငယ် အနေရခက်သွားကာ ပြောဆိုသည်။
"ထိုက်ချင်ဂိုဏ်းမှာ အခု ဓားတာအိုမှာ ကျွမ်းကျင်တဲ့ တောင်ထိပ်သခင်တစ်ယောက်မှ ရှိပုံမရဘူး မဟုတ်လား... အဲ့ဒီလျှို့ဝှက်ဆန်းကြယ်တဲ့ တာအိုရောင်းရင်း ချောက်ကမ်းပါးမဲ့အဖိုးအို အတွက်ကတော့ သူ ဂိုဏ်းကို ပြန်မလာတာ အတော်ကြာပြီလေ... သူ့ရဲ့ ပုံမှန် အလေ့အထတွေအရ ဖူယောင်ကို သူ့ကို လမ်းညွှန်ခွင့်ပြုဖို့ ဒီအဖိုးကြီးက သိပ်ပြီး စိတ်မချဘူး..."
သူသည် ဤစကားကို ယဉ်ကျေးမှုအရ ပြောလိုက်ခြင်း ဖြစ်ပေ၏။
အမှန်တရားကမူ သူတို့အနက်မှ တစ်ယောက်မျှ အထင်ကြီးစရာ မကောင်းခြင်းပင်။
အကယ်၍ လွန်ခဲ့သော နှစ်ပေါင်းသောင်းနှင့်ချီ၍ ဓားတာအိုဖြင့် ယွမ်ယန်နယ်မြေကို လွှမ်းမိုးခဲ့သည့် ဓားအင်မော်တယ်လျှိုသာ ရှိနေသေးလျှင် နင်းဖူယောင်အား ထိုက်ချင်ဂိုဏ်းတွင် ဆက်နေရန် သူ ဆန္ဒရှိပေလိမ့်မည်။
သို့သော် လက်ရှိ ထိုက်ချင်ဂိုဏ်းမှမူ သာမာန်သာဖြစ်သည်။
ဖူယောင်၏ပါရမီသည် နှစ်အနည်းငယ်ခန့် အလဟဿ ဖြစ်ခဲ့ရပြီဖြစ်ရာ သူမ၏တက်လမ်းကို ထပ်မံနှောင့်နှေးစေ၍ မရနိုင်တော့ချေ။
"ဘာကိစ္စကြီးမလို့လဲ... ငါ ကိုယ်တိုင်ပဲ သူ့ကို သင်ပေးလိုက်လို့ ရပါတယ်..."
စူးချန်ကဲက ယုံကြည်ချက်ရှိစွာ ပြောဆိုလိုက်သည်။ သို့သော် သူ ပေါ့ပေါ့ပါးပါး ပြောဆိုလိုက်သည်နှင့် တပြိုင်နက် စနစ်၏အသံ ထွက်ပေါ်လာခဲ့သည်။
【ဒင်... လက်ခံသူမှာ အသိပညာတွေ မျှဝေပေးချင်တဲ့ ဆန္ဒ ရှိနေတာကို တွေ့ရှိရပါတယ်... ဒါက နွေးထွေးတဲ့ စီနီယာအစ်ကိုရဲ့လုပ်ရပ်တွေနဲ့ ကိုက်ညီတယ်... ကျေးဇူးပြုပြီးတော့ ဂျူနီယာညီမလေး နင်ဖူယောင်အတွက် အသိပညာတွေကို မျှဝေပေးပြီး သံသယတွေကို ဖြေရှင်းပေးပါ...】
【ဆုလာဘ် - ကပ်ဘေးဒုက္ခကိုးပါး လောကဖျက်ဆီးဓားနည်းစနစ် (ဧကရာဇ်အဆင့်)】
Book 7 end.