အခန်း (၂၄၁-၂၄၂)
Vol. 25 Ch. 241-242
အခန်း (၂၄၁) - ဇာခန်းဆီးနောက်ကွယ်မှ ပျံလွှားဂိုဏ်း
လကုန်ခါနီးအလို တစ်ညနေတွင်ဖြစ်သည်။
လော့ချန် ခန်းမဆောင်အတွင်း ခဏထိုင်နေခိုက် ကူချိုင်ယီတစ်ယောက် စိုးရိမ်ပူပန်သော မျက်နှာထားဖြင့် သူ့ထံ ရောက်လာခဲ့သည်။
"လော့ချန်ရေ.... ဒီလ ကျောက်စိမ်းအမြုတေဆေးလုံး ထုတ်လုပ်မှုက နည်းနည်း လျော့နေတယ်နော်"
"ဟင်.... ဘယ်လောက်တောင်လဲ" ဟု လော့ချန် ပြန်မေးလိုက်သည်။
ကူချိုင်ယီက ကိန်းဂဏန်းများကို တင်ပြလိုက်ရာ ယခင်လထက် ဆယ်ရာခိုင်နှုန်းနီးပါးပင် လျော့နည်းနေသည်ကို တွေ့ရသည်။ အပေါ်ယံကြည့်လျှင် သိပ်မများလှဟု ထင်ရသော်လည်း ထိုဆေးလုံးများကို ရောင်းချလိုက်ပါက ဆုံးရှုံးမှုမှာ ဝိညာဉ်ကျောက်တုံး နှစ်ထောင်မှ သုံးထောင်အထိ ရှိပေလိမ့်မည်။
ကူချိုင်ယီ ဤမျှ ပူပန်နေသည်မှာလည်း မဆန်းပေ။
လော့ချန် ထိုစကားကို ကြားသောအခါ ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် ခေါင်းကို ဖြည်းဖြည်းချင်း ခါယမ်းလိုက်သည်။
"ရပါတယ်.... နည်းနည်း လျော့တာက ကိစ္စမရှိပါဘူး"
ထိုစကားကြားရသောအခါ ကူချိုင်ယီမှာ အံ့ဩသွားရသည်။
‘အမ်.... ဝိညာဉ်ကျောက်တုံးတွေ ပိုရတာက ပိုမကောင်းဘူးလား.... အရင်တုန်းက သူပဲ ဘယ်သူ့ထက်မဆို အမြတ်အစွန်းကို ပိုဂရုစိုက်ခဲ့တာ မဟုတ်ဘူးလား’
ကူချိုင်ယီ၏ အတွေးကို လော့ချန်က ထွင်းဖောက်သိနေသကဲ့သို့ သက်ပြင်းတစ်ချက် ချလိုက်သည်။
"အမြတ်တွေ သိပ်များနေရင် တခြားသူတွေရဲ့ မျက်စိကျတာကို ခံရဖို့ လွယ်တယ်လေ"
ထိုစကားတစ်ခွန်းတည်းဖြင့် ကူချိုင်ယီ တစ်ယောက် အခြေအနေကို နားလည်သွားတော့သည်။ လော့ထျန်းအဖွဲ့ချုပ်သည် ဖရိုဖရဲဖြစ်လှသော ဖိုရှန်းဂိုဏ်းနှင့် မတူပေ။ လူအင်အား ကျစ်လျစ်ပြီး ဖွဲ့စည်းပုံမှာ ရိုးရှင်းလှသည်။ ကောင်းကွက်မှာ အလုပ်သမားစရိတ် အဆမတန် လျော့နည်းသွားခြင်း ဖြစ်သော်လည်း ဆိုးကွက်မှာမူ တစ်ဖက်လူက မိမိတို့၏ အခြေအနေကို အလွယ်တကူ ခန့်မှန်းနိုင်ခြင်းပင်။ ဥပမာအားဖြင့် ကျောက်စိမ်းအမြုတေဆေးလုံး၏ အရင်းအနှီး ဖြစ်သည်။
ဖိုရှန်းဂိုဏ်း လက်ထက်တုန်းကမူ လုပ်ငန်းလည်ပတ်မှုများကို လျှို့ဝှက်ချက်များဖြင့် ဖုံးကွယ်ထားနိုင်ခဲ့သည်။ ကွဲပြားသော ခန်းမဆောင် ၉ ဆောင်နှင့် ကိုယ်ပိုင် ရပ်တည်နေသော ဆေးဖော်ဆောင်တို့ကြောင့် ဆေးလုံးတစ်လုံး၏ ထုတ်လုပ်မှုစရိတ်ကို အပြင်လူများ ခန့်မှန်းရန် မဖြစ်နိုင်သလောက်ပင်။
ယခုမူ အခြေအနေများ ပြောင်းလဲသွားပြီ ဖြစ်သည်။
အဓိက ဆေးဖက်ဝင်ပစ္စည်းများနှင့် အရန်ကုန်ကြမ်း အများစုကို တာကျန်းဂိုဏ်းနှင့် လျန်ယွန်း ကုန်သွယ်ရေး မဟာမိတ်တို့ထံမှ ဝယ်ယူနေရခြင်း ဖြစ်ရာ စေ့စေ့စပ်စပ် အကဲခတ် ကောင်းသူတစ်ဦးအဖို့ အနည်းငယ် ကြိုးစားလိုက်ရုံဖြင့် အရင်းအနှီးကို အတိအကျ တွက်ချက်နိုင်သည်။ ထို့အပြင် လော့ထျန်းအဖွဲ့ချုပ်ရှိ ကျင့်ကြံသူများ၏ လစာ၊ ရောင်းဈေးနှင့် လစဉ် ထုတ်လုပ်မှု ပမာဏတို့ကို ဆန်းစစ်ခြင်းဖြင့် မည်သူမဆို အမြတ်အစွန်းကို ခန့်မှန်းနိုင်သည်။ အတိအကျ မမှန်နိုင်လျှင်တောင်မှ အမှန်တရားနှင့် အလွန် နီးစပ်နေပေလိမ့်မည်။
ဤသို့ဆိုလျှင် လော့ထျန်းအဖွဲ့ချုပ်ကဲ့သို့ အဖွဲ့ငယ်လေးတစ်ခုက တစ်လလျှင် ဝိညာဉ်ကျောက်တုံး သောင်းနှင့်ချီ၍ မြတ်နေသည်ဆိုပါက သေချာပေါက် မနာလိုဝန်တိုမှုများကို ဆွဲဆောင်မိပေလိမ့်မည်။
‘ဩော်.... လော့ချန်က တခြားသူတွေ မျက်စိကျပြီး မနာလိုမဖြစ်အောင် ကျောက်စိမ်းအမြုတေဆေးလုံး ထုတ်လုပ်မှုကို တမင်တကာ ကန့်သတ်ထားတာပဲ’
ကူချိုင်ယီ ထိုသို့ တွေးလိုက်မိသည်။
လော့ချန်သည် ကူချိုင်ယီနှင့် ဆေးလုံးရောင်းဝယ်မှုအကြောင်း အနည်းငယ် ဆွေးနွေးပြီးနောက် အပြင်သို့ အလျင်အမြန် ထွက်လာခဲ့သည်။ ယနေ့မှာ ဆေးလုံးများပေးအပ်ရမည့် နေ့ဖြစ်သလို၊ နဂါးရတနာ မှောင်ခိုစျေးကွက် ကျင်းပသည့် နေ့လည်း ဖြစ်သည်။
….
လော့ချန်သည် ဝမ်ယန်ချန်း၏ လမ်းပြမှုဖြင့် ရင်းနှီးပြီးသား နေရာတစ်ခုတွင် ဝင်ထိုင်လိုက်သည်။ ဝမ်ယန်ချန်းမှာ သူ မှောင်ခိုဈေးကွက်သို့ ပထမဆုံး ရောက်ရှိစဉ်က သတိပေးစကား ပြောခဲ့သည့် ဝမ်မျိုးရိုး ကျင့်ကြံသူပင် ဖြစ်သည်။ အကြိမ်ကြိမ် ဆုံဖူးသဖြင့် နှစ်ဦးသားမှာ အတော်ပင် ရင်းနှီးနေကြပြီ ဖြစ်သည်။
"သခင်ကြီး ထျန်းရှင်းကျီက ဒီနေ့ နည်းနည်း အလုပ်ရှုပ်နေတယ်ဗျ…."
ဝမ်ယန်ချန်းက လော့ချန်အတွက် လက်ဖက်ရည်ကြမ်း ငှဲ့ပေးရင်း ထိုသို့ ပြောလိုက်သည်။
"ဒါကြောင့် မိတ်ဆွေအနေနဲ့ ခဏလောက် စောင့်ပေးပါဦးဗျာ...."
"နည်းနည်း အလုပ်ရှုပ်နေတယ် ဟုတ်လား...."
ထိုစကားအဓိပ္ပာယ်ကို လော့ချန် စဉ်းစားနေမိသည်။
ထို့နောက်တွင်မူ ‘နည်းနည်း အလုပ်ရှုပ်နေတယ်’ ဆိုသည်မှာ ဘာကို ဆိုလိုသည်ကို သူ ကိုယ်တိုင် မြင်တွေ့လိုက်ရတော့သည်။
စင်မြင့်ပေါ်သို့ အလင်းတန်းတစ်ခု ကျရောက်လာပြီး လက်ဖဝါးခန့်သာရှိသော ဖြူဖွေးသည့် စက္ကူကြိုးကြာရုပ်လေးတစ်ရုပ်မှာ တောင်ပံများကို ခတ်ကာ ပျံသန်းလာသည်။ အရှိန်မမြန်သော်လည်း အလွန်တည်ငြိမ်လှသည်။ ရုတ်တရက် ချီစွမ်းအင်များ ထည့်သွင်းလိုက်သောအခါ ကြိုးကြာရုပ်လေးသည် လျှပ်စီးကဲ့သို့ မြန်ဆန်သွားပြီး ခန်းမကြီးအတွင်း တစ်ပတ်ပတ်လိုက်သည်။ လူတိုင်း အလန့်တကြား လိုက်ကြည့်ကြသော်လည်း အစအနပင် မတွေ့ရတော့ပေ။
လော့ချန် တစ်ဦးတည်းသာ မျက်လုံးများမှ ဝိညာဉ်အလင်းများ တောက်ပလာပြီးနောက် မထင်မရှားသော အရိပ်အယောင်တစ်ခုကို မြင်လိုက်ရသည်။ ရုတ်ခြည်းဆိုသလို ကြိုးကြာရုပ်လေးသည် ရပ်တန့်သွားပြီး လက်ဖဝါးတစ်ခုပေါ်သို့ နားလိုက်သည်။ ထျန်းရှင်းကျီ၏ အသံသည် ထိုအခါမှသာ ဖြည်းဖြည်းချင်း ပျံ့လွင့်လာတော့သည်။
"ဒါကတော့ အသံလွှင့် စက္ကူကြိုးကြာလို့ခေါ်တဲ့ ပထမအဆင့် အဆင့်လတ် မှော်လက်နက် ဖြစ်ပါတယ်…."
လူအုပ်ကြီးမှာ မှင်တက်သွားရသည်။
"ဒီကြိုးကြာက တကယ်ပဲ စက္ကူနဲ့ လုပ်ထားတာလား.... အသံလွှင့်လို့လည်း ရတယ်ပေါ့...."
ထျန်းရှင်းကျီက ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ပြီး ပြုံးလျက် ဆိုသည်။
"အားလုံး သိကြတဲ့အတိုင်း လက်ရှိအသံလွှင့်တဲ့နေရာမှာ အသံလွှင့်မှော်စာရွက် ဒါမှမဟုတ် အသံလွှင့်ကျောက်စိမ်းပြားတွေကို အဓိက သုံးကြပါတယ်.... ဒါပေမဲ့ အသံလွှင့်မှော်စာရွက်က မှော်စာရွက်ရဲ့ စွမ်းအားအပေါ်မှာ မူတည်နေတာကြောင့် အသံလွှင့်နိုင်တဲ့ အကွာအဝေးက ကန့်သတ်ချက် ရှိနေတယ်.... အများအားဖြင့် ကိုယ့်နေအိမ်အတွင်းမှာပဲ သုံးနိုင်ပြီး အဝေးကလူတွေကို ဆက်သွယ်ဖို့ မဖြစ်နိုင်ဘူး….”
“အသံလွှင့်ကျောက်စိမ်းပြားကျပြန်တော့လည်း ဈေးနှုန်းက အရမ်းကြီးသလို တစ်ဦးချင်းပဲ သုံးလို့ရတာ များတယ်…. အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတွေမှပဲ ဝယ်သုံးနိုင်ကြတာပါ….”
“ဒါပေမဲ့ ကျွန်တော့် လက်ထဲမှာ ရှိတဲ့ ဒီ အသံလွှင့်စက္ကူကြိုးကြာကတော့ လုံးဝ ကွဲပြားပါတယ်.... ဒါဟာ မှော်စာရွက် အတတ်ပညာနဲ့ မှော်လက်နက်သွန်းလုပ်ခြင်း အတတ်ပညာကို ပေါင်းစပ်ပြီး ဖန်တီးထားတာ…. ပုန်းကွယ်ခြင်းနဲ့ အရှိန်နှုန်းမြှင့်ခြင်း အစီရင်ခံတွေကိုလည်း ထည့်သွင်းထားတယ်….”
“ဒီမှော်လက်နက်နဲ့ဆိုရင် သတ်မှတ်ထားတဲ့ အကွာအဝေးအတွင်းမှာ တခြားသူတွေနဲ့ အလျင်အမြန် ဆက်သွယ်နိုင်မှာပါ....”
“ဒါတင်မကဘူး.... ကြားဖြတ်ဖမ်းယူခံရမှာကိုလည်း စိတ်ပူစရာ မလိုပါဘူး.... ခုနက သရုပ်ပြနေတဲ့အချိန်မှာ ခင်ဗျားတို့တွေ သူ့ရဲ့ အရိပ်အယောင်ကိုတောင် ရှာမတွေ့ခဲ့ကြဘူး မဟုတ်လား…."
ထိုစကားကို ကြားသောအခါ ခန်းမကြီးတစ်ခုလုံး ဆူညံပွက်လောရိုက်သွားသည်။ ဤအာနိသင်မှာ အမှန်တကယ်ပင် ကောင်းမွန်လှသည်။ အဝေးသို့ ဆက်သွယ်နိုင်ရုံတင်မကဘဲ လုံခြုံမှုလည်း ရှိသည်။ ထျန်းရှင်းကျီ၏ နောက်ဆက်တွဲ ရှင်းပြချက်များတွင် ဤစက္ကူကြိုးကြာသည် အလိုအလျောက် မီးလောင်ကျွမ်းခြင်းဖြင့် အသံသတင်းစကားကို လုံခြုံစေသည့် အာနိသင်ရှိကြောင်းပင် ထည့်သွင်း ပြောကြားသွားခဲ့သည်။ ထို့အပြင် အသံလွှင့်မှော်စာရွက်ကဲ့သို့ တစ်ကြိမ်သုံး မဟုတ်ဘဲ အကြိမ်ကြိမ် ပြန်လည်အသုံးပြုနိုင်သည့် အရာဖြစ်သည်။
ခန်းမအတွင်း ဆွေးနွေးသံများ ဆူညံနေစဉ် ထျန်းရှင်းကျီက ဆက်ပြောလိုက်သည်။
"အသုံးပြုတဲ့အခါမှာ ကိုယ်ပို့ချင်တဲ့ သတင်းစကားကို အသံသွင်းပြီး အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး တစ်တုံးကို တစ်ခါသုံးတိုင်း ထည့်ပေးရပါမယ်.... တစ်ခါသုံးရင် တစ်တုံးဆိုတော့ ဈေးမကြီးပါဘူး.... ပြီးတော့ ဆိုက်ရောက်ရမယ့်နေရာမှာ ကြိုးကြာနားခိုရာ လို့ခေါ်တဲ့ အသိုက်တစ်ခု ရှိနေဖို့ပဲ လိုပါတယ်"
ပြောနေစဉ်မှာပင် ထျန်းရှင်းကျီ၏ လက်ထဲတွင် အတွဲလိုက်ဖြစ်သော ကြိုးကြာအသိုက် နှစ်ခု ပေါ်လာသည်။ သူလက်ကို ဝှေ့ယမ်း၍ တစ်ခုကို စင်ပေါ်တွင်ထားကာ တစ်ခုကို ထောင့်စွန်းသို့ ပစ်လိုက်သည်။ ထို့နောက် စက္ကူကြိုးကြာလေးကို လွှတ်လိုက်ရာ ၎င်းသည် ထိုအသိုက်ရှိရာသို့ တိကျစွာ ပျံသန်းသွားပြီးနောက် စင်ပေါ်ရှိ အသိုက်သို့ ပြန်လည်ပျံသန်းလာသည်။
ဤသို့ အသွားအပြန် လုပ်ဆောင်နိုင်ခြင်းဖြင့် သတ်မှတ်ထားသော နေရာများသို့ အသံပို့ဆောင်ခြင်း အလုပ်ကို လုပ်ဆောင်နိုင်ပေသည်။
"ဒီမှော်လက်နက်လေးကို ပျံလွှားဂိုဏ်းက မှော်ဆရာကြီး ဟူယန်ကျူးက ဖန်တီးခဲ့တာပါ.... ဒီဆရာကြီးအကြောင်းကို အားလုံး ကြားဖူးကြမယ်လို့ ကျွန်တော် ယုံကြည်ပါတယ်.... ဆရာကြီးဟာ ကုန်ခမ်းနိုင်ခြင်းမရှိတဲ့ တီထွင်ဖန်တီးမှုနဲ့ အနှိုင်းမဲ့ လက်ရာတွေကြောင့် ကျော်ကြားတဲ့သူပါ.... အထူးသဖြင့် ဆန်းကြယ်လှတဲ့ မှော်လက်နက်တွေနဲ့ မှော်ရတနာတွေကို လေ့လာရတာကို သဘောကျပါတယ်.... သူ ဖန်တီးသမျှ အရာတိုင်းဟာ အမြဲတမ်း အကောင်းဆုံး လက်ရာတွေချည်းပါပဲ"
ဤနေရာတွင် ထျန်းရှင်းကျီသည် ရာနှင့်ချီသော ကျင့်ကြံသူများကို တစ်ချက်ဝေ့ကြည့်လိုက်သည်။ လူတိုင်း၏ မျက်လုံးများတွင် လောဘအရိပ်အယောင်များ ဖြတ်ပြေးသွားသည်ကို မြင်သောအခါ သူ မဆိုင်းမတွဘဲ လေလံပွဲကို စတင်လိုက်သည်။
"ကျွန််တော့်အနေနဲ့ တစ်ခါဝယ် အနည်းဆုံး နှစ်ရုပ် ဝယ်ဖို့ တိုက်တွန်းချင်ပါတယ်.... တစ်ရုပ်က ကိုယ်တိုင် သုံးဖို့ဖြစ်ပြီး နောက်တစ်ရုပ်ကတော့ လက်ခံမယ့်သူဆီ ပို့ထားဖို့ပေါ့.... ဒါဆိုရင် အပြန်အလှန် ဆက်သွယ်ရတာ ပိုပြီး အဆင်ပြေမှာပါ”
“ကဲ.... ကြမ်းခင်းဈေးကတော့ အဆင့်လတ် မှော်လက်နက်တွေရဲ့ စံနှုန်းအတိုင်း ဝိညာဉ်ကျောက်တုံး ၅၀၀ ကနေ စပါမယ်.... တစ်ခါတိုးရင် အနည်းဆုံး ဝိညာဉ်ကျောက် ၁၀ တုံးစီ တိုးပေးရပါမယ်"
သူ့စကားအဆုံးမှာပင် ချက်ချင်းဆိုသလို လေလံဆွဲသံများ ထွက်ပေါ်လာတော့သည်။
"ဝိညာဉ်ကျောက်တုံး ၁၀၀၀.... ကျွန်တော် တစ်စုံ ယူမယ်"
"၁၁၀၀.... ကျွန်တော်လည်း တစ်စုံ လိုချင်တယ်"
....
ခုံတန်းများ၏ အစွန်ဘက်တွင် ထိုင်နေသော လော့ချန်တစ်ယောက် လူတိုင်း အလုအယက် လေလံဆွဲနေကြသော အသံလွှင့် စက္ကူကြိုးကြာကို စိတ်ဝင်တစား ကြည့်နေမိသည်။ ယခင်က သူသည် ဖိုရှန်းဂိုဏ်း၏ နှေးကွေးလှသော ဆက်သွယ်ရေးစနစ်ကို ခဏခဏ ဝေဖန်ခဲ့ဖူးသဖြင့် မီကျွင်းဖျင်၏ မျက်စောင်းထိုးခြင်းကို အကြိမ်ကြိမ် ခံခဲ့ရဖူးသည်။ ယခုမူ တစ်စုံတစ်ယောက်က အသံလွှင့်မှော်စာရွက်နှင့် အသံလွှင့်ကျောက်စိမ်းပြားကြား ကွာဟချက်ကို ဖြည့်ဆည်းပေးမည့် ဆက်သွယ်ရေး မှော်လက်နက်ကို တီထွင်လိုက်နိုင်ပြီ ဖြစ်သည်။
ရှင်းပြချက်အရဆိုလျှင် သတင်းပို့ချိန် အနည်းငယ် ကြာသည်မှအပ အခြား အားနည်းချက် မရှိသလောက်ပင်ဖြစ်နေသည်။ သူကိုယ်တိုင်ပင် တစ်စုံလောက် ဝယ်ထားချင်စိတ် ပေါ်လာသည်။ မှန်သည်။ တစ်ရုပ်တည်း မဟုတ်ဘဲ တစ်စုံ ဝယ်မှရပေလိမ့်မည်။
အခြားသူများကလည်း တစ်စုံချင်းစီ ဝယ်ယူနေကြသည်ကို ကြည့်ခြင်းဖြင့် ဤအချက်ကို သိနိုင်ပေသည်။ ဤအရာသည် တစ်ရုပ်တည်းဆိုလျှင် အာနိသင်မှာ ထိုမျှအထိ မကောင်းလှပေ။ ကြိုးကြာအသိုက်မှာ တစ်ဖက်တစ်ချက်စီ ရှိနေရမည် ဖြစ်သောကြောင့် ဆက်သွယ်ရေး အခွင့်အာဏာမှာ တစ်ဖက်တည်းတွင်သာ ရှိနေလိမ့်မည်။ အကယ်၍ အခြားတစ်ဖက်တွင်လည်း စက္ကူကြိုးကြာ ရှိနေမည်ဆိုပါက နှစ်ဦးနှစ်ဖက် အပြန်အလှန် ဆက်သွယ်နိုင်ပေလိမ့်မည်။
“ဒါက ကမ္ဘာမြေပေါ်က ဖုန်းလိုင်းတွေနဲ့တောင် ဆင်သလိုပဲ…. ငါသာ ဒါကို အစုံလိုက် ဝယ်ထားရင် လော့ထျန်းအဖွဲ့ရဲ့ ဆက်သွယ်ရေးက အများကြီး ပိုကောင်းလာမှာပဲ”
ဤသည်မှာ ဆက်သွယ်ရေး အဆင်ပြေရုံတင် မကပေ။
လော့ချန်သည် ယခင်က ဖိုရှန်းဂိုဏ်းတွင် ခန်းမဆောင်တစ်ခုပြီးတစ်ခု အတိုက်ခိုက်ခံခဲ့ရပုံကို ပြန်ပြောင်း သတိရမိသည်။ အကယ်၍ ထိုအချိန်က ဤကဲ့သို့သော မှော်လက်နက်များ ရှိခဲ့မည်ဆိုပါက အခြေအနေမှာ ဤမျှအထိ ဆိုးရွားမည် မဟုတ်ချေ။ အနည်းဆုံးတော့ ပထမဆုံး ခန်းမဆောင် အတိုက်ခိုက်ခံရချိန်မှာပင် ကျန်သူများကို အချိန်မီ သတိပေးနိုင်ခဲ့ပေလိမ့်မည်။
သူ သေချာ တွေးလေလေ လေလံဝင်ဆွဲချင်စိတ် ပိုလာလေလေ ဖြစ်သည်။ သို့သော် သူ လှုပ်ရှားတော့မည့် အချိန်မှာပင် တိုးညှင်းသော အသံတစ်သံ သူ၏ နားထဲသို့ ရောက်ရှိလာသဖြင့် ရပ်တန့်သွားရသည်။
မကြာမီမှာပင် ပထမဆုံး စက္ကူကြိုးကြာတစ်စုံမှာ ဝိညာဉ်ကျောက်တုံး ၁၅၀၀ ဟူသော မြင့်မားသည့် ဈေးနှုန်းဖြင့် လေလံအောင်သွားတော့သည်။ ခွဲတွက်ကြည့်လျှင် စက္ကူကြိုးကြာ တစ်ရုပ်ချင်းစီမှာ ဝိညာဉ်ကျောက်တုံး ၇၅၀ အထိ ဈေးပေါက်သွားခြင်း ဖြစ်သည်။
အဆင့်လတ် မှော်လက်နက်တစ်ခု၏ လေလံဖွင့်စျေးမှာ ၅၀၀ မှ စလေ့ရှိသည်။ ပုံမှန်အားဖြင့် အလွန်ကောင်းမွန်သော တိုက်စစ် သို့မဟုတ် ခံစစ် ရှိမှသာ ၇၀၀ ကျော်အထိ ဈေးတက်လေ့ရှိသည်။ ဤစက္ကူကြိုးကြာတစ်စုံမှာမူ လုံခြုံစိတ်ချရပြီး အဝေးသို့ ဆက်သွယ်နိုင်စွမ်း ရှိသောကြောင့်သာ အဆင့်မြင့် ခံစစ်မှော်လက်နက်များနှင့် တန်းတူ ဈေးနှုန်းသို့ ရောက်ရှိသွားခြင်းပင်။
ခန်းမအတွင်းရှိ ကျင့်ကြံသူများက ဝယ်ယူသူကို မနာလိုစွာ ကြည့်နေကြစဉ် ထျန်းရှင်းကျီ လက်ဖဝါးကို လှန်လိုက်ရာ လေလံစင်ပေါ်တွင် နောက်ထပ် အသံလွှင့်စက္ကူကြိုးကြာတစ်စုံ ထပ်မံ ရောက်ရှိလာပြန်သည်။
"လေလံဖွင့်စျေး.... တစ်ရုပ်ကို ဝိညာဉ်ကျောက်တုံး ၅၀၀ ပါပဲ"
လူအုပ်ကြီးမှာ ခဏမျှ တွန့်ဆုတ်သွားသော်လည်း လေလံပွဲမှာ ပြန်လည် အရှိန်တက်လာပြန်သည်။
မကြာမီမှာပင် ဒုတိယမြောက် တစ်စုံမှာလည်း ၁၄၀၀ ဟူသော မြင့်မားသည့် စျေးနှုန်းဖြင့် ရောင်းထွက်သွားသည်။ ပထမတစ်ကြိမ်ထက် ဈေးနှုန်းအနည်းငယ် ကျဆင်းသွားရခြင်းမှာ ထျန်းရှင်းကျီထံတွင် များစွာ ရှိနေနိုင်သည်ဟု ဝယ်သူများက သံသယဝင်လာခြင်းကြောင့် ဖြစ်သည်။ ထို့ကြောင့် အချို့က စောင့်ကြည့်ရန် ဆုံးဖြတ်လိုက်ကြသည်။
သူတို့၏ ထင်မြင်ချက်မှာ မှန်ကန်နေခဲ့သည်။
နောက်ပိုင်းတွင် ထျန်းရှင်းကျီသည် နောက်ထပ် စက္ကူကြိုးကြာ ခုနစ်စုံကို တစ်ခုပြီးတစ်ခု ထုတ်ပြခဲ့သည်။
ထိုအစုံအားလုံးမှာလည်း အောင်မြင်စွာ ရောင်းထွက်သွားခဲ့သည်။
တစ်ခုမျှ ကျန်ရစ်ခြင်း မရှိပေ။
ထိုအခါမှသာ ထျန်းရှင်းကျီသည် စက္ကူကြိုးကြာ လေလံပွဲကို ရပ်တန့်လိုက်ပြီး ထုံးစံအတိုင်း အခြားသော ပစ္စည်းများကို လေလံတင်တော့သည်။
ဤမြင်ကွင်းကို ကြည့်ရင်း လော့ချန်၏ စိတ်ထဲတွင် အတွေးပေါင်းစုံ ဝင်ရောက်လာသည်။
ဤမှော်လက်နက်မှာ ဆရာကြီး ဟူယန်ကျူး၏ လက်ရာဟု ဆိုသော်လည်း သူ စဉ်းစားလေလေ မဖြစ်နိုင်ဟု ထင်လေလေ ဖြစ်သည်။ ဟူယန်ကျူးဆိုသည်မှာ သာမန် လက်နက်သွန်းလုပ်သူ မဟုတ်ချေ။ သူသည် အစွမ်းထက်လှသော မှော်ရတနာများကိုပင် ဖန်တီးနိုင်သည့် ရွှေအမြုတေအဆင့် ရှိသော ဆရာကြီးတစ်ဦး ဖြစ်သည်။ ထိုကဲ့သို့သော ဆရာကြီးတစ်ဦးအနေဖြင့် အဆင့်လတ် မှော်လက်နက်များကို ဤမျှ များပြားစွာ သွန်းလုပ်နေရန် အချိန်ဘယ်မှာ ရှိပါမည်နည်း။
စီးပွားရေးတွက် တွက်မည်ဆိုပါက အလွန်အမြတ်ထွက်မည်မှာ ကျိန်းသေပေါက်ဖြစ်သည်။ စက္ကူကြိုးကြာအတွက် အဓိက သုံးထားသော မှော်စက္ကူမှာ ဈေးမကြီးနိုင်ချေ။ မှော်အစီအရင်များနှင့် ကြိုးကြာအသိုက် နှစ်ခုကို ထည့်တွက်လျှင်ပင် အရင်းအနှီး အလွန်အမင်း မများနိုင်ပေ။ ၎င်း၏ ဈေးနှုန်း မြင့်မားနေရခြင်းမှာ လက်ရာကြောင့် မဟုတ်ဘဲ ထူးခြားသော တီထွင်နိုင်စွမ်းနှင့် အသုံးဝင်မှုကြောင့်သာ ဖြစ်သည်။ နည်းပညာပိုင်းအရ ပြောရလျှင် ဤစက္ကူကြိုးကြာမှာ ရိုးရာ မှော်လက်နက်တစ်ခုထက် အံ့ဖွယ်သောခေတ်သစ် တီထွင်မှုအဖြစ် သတ်မှတ်နိုင်သည်။
သို့သော် ဟူယန်ကျူးသည် ဆရာကြီးတစ်ဦး ဖြစ်သည်။ သူကဲ့သို့သော အဆင့်ရှိသူတစ်ဦးသည် အစွမ်းထက်လှသော မှော်ရတနာများ သို့မဟုတ် ဆန်းကြယ်သော ရတနာများကို ဖန်တီးရန်အတွက်သာ သူ၏ အားထုတ်မှုများကို အသုံးချသင့်သည်။ ဥပမာအားဖြင့် လော့ချန်၏ လေးရောင်ခြယ်ဆေးအိုး ဆိုလျှင် မူလကတည်းက အစီအရင် ငါးမျိုးကို မှော်ရတနာတစ်ခုတည်းအတွင်း ပေါင်းစပ်ရန် ဒီဇိုင်းထုတ်ထားခြင်း ဖြစ်သည်။ ထိုကဲ့သို့သော မှော်လက်နက် ထုတ်လုပ်ခြင်းမျိုးမှာသာ ဆရာကြီးတစ်ဦး၏ ပန်းတိုင် ဖြစ်သင့်သည်။
ထို့အပြင် ဤစက္ကူကြိုးကြာအားလုံးမှာ ပုံစံတူများ ဖြစ်နေခြင်းကြောင့် ဟူယန်ကျူး ကိုယ်တိုင် ဖန်တီးခြင်း မဟုတ်နိုင်ချေ။ ဖြစ်နိုင်ချေရှိသည်မှာ သူသည် ကနဦးတီထွင်မှုတွင်သာ ပါဝင်ခဲ့ပြီး အမှန်တကယ် ထုတ်လုပ်မှုကိုမူ ပျံလွှားဂိုဏ်းမှ တပည့်များကသာ လုပ်ဆောင်ခဲ့ခြင်း ဖြစ်ပေလိမ့်မည်။ ထို့အပြင် နောက်ထပ် အချက်တစ်ချက် ရှိသေးသည်။
ပျံလွှားဂိုဏ်းသည် ကျောက်စိမ်းအိုး နယ်မြေနှင့် နီးစပ်သော်လည်း တာဟဲစျေးမြို့တော်ကဲ့သို့သော ဝေးလံသည့်နေရာနှင့်မူ အလွန်ပင် ဝေးကွာလှသည်။ ယခု ဤမှော်လက်နက်များမှာ ဤနေရာအထိ ရောက်ရှိလာပြီဆိုလျှင် အခြားသော နေရာများတွင် မည်မျှအထိ ပျံနှံ့နေမည်ကို ခန့်မှန်းကြည့်နိုင်သည်။ ဆိုလိုသည်မှာ ဤမှော်လက်နက်များကို ပျံလွှားဂိုဏ်းအတွင်း၌ အမြောက်အမြား ထုတ်လုပ်နေခြင်းပင် ဖြစ်သည်။ ဤသို့ ကောက်ချက်ချမိသောအခါ လော့ချန်သည် တစ်စုံတစ်ခု မှားယွင်းနေသည်ဟု ခံစားလိုက်ရသည်။
ပျံလွှားဂိုဏ်းသည် ဤကဲ့သို့ တန်ဖိုးရှိသော မှော်လက်နက်မျိုးကို ပုံမှန်အားဖြင့် လက်အောက်ခံ ရတနာနန်းဆောင်ဆိုင်များမှတစ်ဆင့်သာ သီးသန့် ရောင်းချသင့်သည် မဟုတ်ပါလော။ တာဟဲစျေးမြို့တော်ရှိ ရတနာနန်းဆောင်သည် တခြားတစ်နေရာသို့ ပြောင်းသွားသည်ပင်လော သို့မဟုတ် နဂါးရတနာ မှောင်ခိုဈေးကွက်၏ နောက်ကွယ်တွင် ပျံလွှားဂိုဏ်း ရှိနေသည်လော ဟူသော အတွေးများဖြင့် လော့ချန် ဝေခွဲမရနိုင်ဖြစ်နေသည်။
အကြောင်းမဲ့ဆိုသလို လော့ချန်သည် မှောင်ခိုစျေးကွက်ကို အကြိမ်ကြိမ် တက်ရောက်ခဲ့သည့် အတိတ်က အတွေ့အကြုံများကို ပြန်လည် သတိရသွားသည်။ မှောင်ခိုဈေးကွက်တွင် မှော်လက်နက်များ လေလံတင်သည့် အကြိမ်ရေ ပုံမှန်ထက် များပြားနေသည်မှာ မသင်္ကာဖွယ်ရာကောင်းလှသည်။ ယခင်က ဖန်ရင်ရှုံအား ချုံခိုတိုက်ခိုက်ခဲ့သည်မှာ ပျံလွှားဂိုဏ်း၏ လက်ချက်များလားဟူသော သံသယကြောင့် လော့ချန်၏ ကျောရိုးတစ်လျှောက် အေးစိမ့်သွားလေသည်။
ထိုသို့သာ အမှန်ဖြစ်ပါက ပျံလွှားဂိုဏ်းအနေဖြင့် လူသိရှင်ကြား ဖြစ်သွားမည်ကို မကြောက်ဘူးလားဟု တွေးစရာရှိသည်။ အကြောင်းမူ ကျောက်စိမ်းအိုးဓားဂိုဏ်းမှ သိသွားပါက ဝိညာဉ်သန္ဓေတည်အဆင့် ကျင့်ကြံသူရှိသော ထိုဂိုဏ်းကြီး နှစ်ခုကြားတွင် နယ်မြေအာဏာလု စစ်ပွဲကြီး ဖြစ်ပွားသွားနိုင်သည်။ ထိုသို့ ဖြစ်လာခဲ့ပါက အသက်ပေါင်းမြောက်မြားစွာ သေကြေပျက်စီးသွားမည်မှာ အမှန်ဖြစ်သည်။
သို့ရာတွင် သေချာ ပြန်စဉ်းစားကြည့်ပါက သူ့ထင်မြင်ချက် သံသယများသည် ယုတ္တိသိပ်မရှိလှပေ။
ပျံလွှားဂိုဏ်း၏ အင်အားဖြင့် ဆိုပါက ရွှေအမြုတေအဆင့် ကျင့်ကြံသူ တစ်ဦးအား ပစ်မှတ်ထားရန် ဤမျှအထိ အပင်ပန်းခံနေစရာမလိုပေ။ ထို့အပြင် သူတို့ ဂိုဏ်းနှစ်ခုသည် နယ်မြေအပိုင်းအခြားဖြင့်ကြည့်ပါက အလွန်ပင် အလှမ်းဝေးလှသည်။
နောက်ဆုံးတွင် အဖြေရှာမရသဖြင့် လော့ချန် ခေါင်းကိုသာ တွင်တွင် ခါယမ်းလိုက်တော့သည်။ သူဉာဏ်မမီခြင်း မဟုတ်ဘဲ သတင်းအချက်အလက် လုံလောက်စွာ မရှိခြင်းကြောင့်သာ ဖြစ်သည်။ သူ သိထားသမျှဖြင့်မူ ဝေဝါးနေသော အမှန်တရားကို ထိုးဖောက်မြင်ရန် မဖြစ်နိုင်ချေ။ သူ သေချာပေါက် သိထားသည်မှာ တစ်ခုတည်းသာ ရှိသည်။ ထိုအရာမှာ ထျန်းရှင်းကျီနှင့် ပူးပေါင်းဆောင်ရွက်မှုကို ပိုမို ဂရုတစိုက် စဉ်းစားရမည် ဖြစ်သည်။
လော့ချန်နှင့် သူ၏စွန့်စားခန်းများ
အခန်း (၂၄၂) - မှောင်ခိုစျေးကွက်မှ စိတ်ဝင်စားဖွယ် ပဟေဠိ
"ညီလေး.... မင်းကြည့်ရတာ ဒီအသံလွှင့်စက္ကူကြိုးကြာကို တော်တော်လေး စိတ်ဝင်စားပုံရတာပဲကွ"
ထျန်းရှင်းကျီသည် သဘောကျစွာ ရယ်မောလိုက်ရင်းမှ သေသပ်လှပသော စက္ကူကြိုးကြာ နှစ်ရုပ်ကို ထုတ်ယူကာ ပြုံးလျက် လော့ချန်အား ကမ်းပေးလိုက်သည်။
"အစ်ကို့ဆီမှာ တစ်စုံ ကျန်သေးတယ်.... ညီလေးကိုတော့ တစ်ရုပ်ကို ဝိညာဉ်ကျောက်တုံး ၅၀၀ နဲ့ပဲ ရောင်းပေးပါ့မယ်"
ထိုအခါ လော့ချန်သည်လည်း ယဉ်ကျေးစွာ ကျေးဇူးတင်စကားဆိုရင်း လက်ခံလိုက်သည်။ သူသည် ထိုမှော်လက်နက်ကို သေချာပင် စစ်ဆေးမနေဘဲ ချက်ချင်း သိမ်းဆည်းလိုက်ခြင်းဖြင့် ထျန်းရှင်းကျီအပေါ် ထားရှိသော သူ၏ ယုံကြည်မှုကို ပြသလိုက်သည်။ လေလံဈေးနှင့် ယှဉ်လျှင် ဝိညာဉ်ကျောက်တုံး ၁၀၀၀ တည်းဖြင့် တစ်စုံ ရရှိခြင်းမှာ သေချာပေါက် အမြတ်ထွက်ခြင်းပင် ဖြစ်သည်။ သူ့ဘက်မှ အသာစီး ရသွားပြီ ဖြစ်သဖြင့် တစ်ဖက်လူကိုလည်း မျက်နှာသာတစ်ခုခု ပြန်ပေးရပေမည်။
"အစ်ကိုကြီး.... ဒါကတော့ ကျွန်တော့် သူငယ်ချင်း ဒီလထဲမှာ အားစိုက်ပြီး ဖော်စပ်ထားတဲ့ သွေးအဆီအနှစ်ဆေးလုံးတွေပါ.... စုစုပေါင်း အလုံး ၂၀ ရှိပါတယ်"
အလုံးနှစ်ဆယ်ဆိုလျှင် ယခင်က ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်အရ ဝိညာဉ်ကျောက်တုံး ၂၀၀၀ ဖြစ်ပေသည်။ စက္ကူကြိုးကြာအတွက် ၁၀၀၀ နှုတ်လိုက်လျှင် ထျန်းရှင်းကျီသည် လော့ချန်အား ၁၀၀၀ ပြန်ပေးရဦးမည် ဖြစ်သည်။
အရောင်းအဝယ် ပြီးဆုံးသွားသောအခါ ထျန်းရှင်းကျီက နှမြောတသစွာဖြင့် ဆိုသည်။
"ဟင်း.... ညီလေး…. တစ်လကို အလုံး ၂၀ ပဲလား.... ပိုရနိုင်သေးလား"
လော့ချန်က ခပ်နွမ်းနွမ်း ပြုံးလိုက်ရင်း ဆိုသည်။
"ကျွန်တော်ကတော့ ဆေးဖော်စပ်တဲ့ အတတ်ကို သိပ်နားမလည်ပါဘူး.... ဒါပေမဲ့ ကျွန်တော့် သူငယ်ချင်း ပြောတာကတော့ ဒီ သွေးအဆီအနှစ်ဆေးလုံးကို ဖော်စပ်ရတာ အဆင့်တွေ ရှုပ်ထွေးလွန်းလို့ အမြောက်အမြား ထွက်ဖို့ ခက်တယ်လို့ ဆိုပါတယ်ခင်ဗျ"
"ဩော်.... အဲ့ဒီလိုလား"
ထျန်းရှင်းကျီက ဘာကိုမှ ခန့်မှန်း၍ မရသော မျက်နှာထားဖြင့် တိုးတိုးလေး ရေရွတ်သည်။
"ဒါက တကယ့်ကို နှမြောစရာပဲ"
သွေးအဆီအနှစ်ဆေးလုံးကို ဖော်စပ်ရသည်မှာ တကယ်ပင် ခက်ခဲသလော။ အမှန်စင်စစ် ထိုမျှအထိ အလွန်အမင်း ရှုပ်ထွေးလှသည် မဟုတ်ချေ။ အထူးသဖြင့် ကျွမ်းကျင်မှုအဆင့် တက်ပြီးနောက်တွင် ဆေးအောင်မြင်မှုနှုန်းမှာ ၂၀ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့ပြီ ဖြစ်သည်။ လော့ချန်၏ စိတ်ဝိညာဥ်စွမ်းအားမှာလည်း အဆမတန် တိုးပွားလာခဲ့သဖြင့် သူသာ အမှန်တကယ် ဖော်စပ်မည်ဆိုပါက ယခုထက်များစွာ ပိုမို ထွက်ရှိနိုင်သည်။
သို့သော် အချိန်ဆိုသည်မှာ အမြဲ အကန့်အသတ် ရှိနေသည် မဟုတ်ပါလော။ သွေးအဆီအနှစ် ဆေးလုံးအပြင် သူသည် လစဉ် ကျောက်စိမ်းအမြုတေဆေးလုံးများကိုလည်း ပမာဏတစ်ခုအထိ ထွက်ရှိအောင် လုပ်ဆောင်ရသေးသည်။ ထို့အပြင် ချီလမ်းကြောင်းဆေးလုံးများကို သန့်စင်ရန်အတွက်လည်း အချိန်အမြောက်အမြား ပေးထားရသည်။
ဤသို့ အချိန်ဖဲ့ပေးနေရသဖြင့် တစ်လအတွင်း သွေးအဆီအနှစ်ဆေးလုံး ၂၈ လုံးသာ ဖော်စပ်နိုင်ခဲ့ခြင်း ဖြစ်သည်။ ထိုအထဲမှ ၈ လုံးကိုမူ အရေးပေါ် အခြေအနေအတွက် သူ အရန်သိမ်းထားခဲ့သည်။
ထျန်းရှင်းကျီအား အလုံး ၂၀ ရောင်းချပေးခြင်းမှာပင် သူ အစွမ်းကုန် ကြိုးစားပေးထားခြင်း ဖြစ်သည်။
ထို့ကြောင့်ပင် ယနေ့ သူ အိမ်မှထွက်လာစဉ်က ကူချိုင်ယီက ကျောက်စိမ်းအမြုတေဆေးလုံး မလုံလောက်မှုအတွက် သူ့အား ဗျစ်တောက်ဗျစ်တောက် ပြောခဲ့ခြင်း ဖြစ်သည်။
ထျန်းရှင်းကျီ၏ စိတ်ပျက်နေသော မျက်နှာကို ကြည့်ရင်း လော့ချန်၏ စိတ်ထဲတွင် အတွေးတစ်ခု ရုတ်တရက် ပေါ်လာသည်။
"ဟိုလေ အစ်ကိုကြီး.... တကယ်တော့.... သွေးအဆီအနှစ် ဆေးလုံးကို အများကြီး ထွက်အောင်လုပ်ဖို့ နည်းလမ်းတစ်ခု ရှိနိုင်ပါတယ်"
"ဟင်...."
ထျန်းရှင်းကျီ စိတ်ဝင်စားသွားကာ "ပြောပါဦး.... ဘယ်လိုနည်းလဲ" ဟု အလျင်စလိုမေးလိုက်သည်။
သူသည် သွေးအဆီအနှစ်ဆေးလုံး အရေအတွက်အပေါ် အထူးတလည် အလေးထားနေပုံရသည်။ လော့ချန် ထိုအချက်ကို အမိအရ ဆုပ်ကိုင်လိုက်သည်။ ထို့နောက် တစ်စုံတစ်ခုကို ပြန်လည် သတိရဟန်ဆောင်ကာ ပြောလိုက်သည်။
"တစ်ခါက ကျွန်တော့် သူငယ်ချင်းနဲ့ စကားပြောဖြစ်တော့ သူ တိုးတိုးလေး ရေရွတ်နေတာကို ကြားမိတယ်.... ဒီ သွေးအဆီအနှစ်ဆေးလုံးက တကယ်တော့ ရေဓာတ်အခြေခံဆေးဖော်နည်းနဲ့ ပိုပြီး သင့်တော်တယ်တဲ့”
“ဒါပေမဲ့ သူ့မှာ လောလောဆယ် သင့်တော်တဲ့ ရေဓာတ်အခြေခံဆေးဖော်နည်း မရှိသေးဘူး.... မီးဓာတ်အခြေခံဆေးဖော်နည်းကိုပဲ သုံးပြီး ဖော်နေရတော့ ဆေးလုံးဖြစ်ထွန်းမှုနှုန်းက အရမ်းနည်းနေတာပေါ့.... တကယ်လို့သာ သူ့မှာ သင့်တော်တဲ့ ရေဓာတ်အခြေခံဆေးဖော်နည်း ရှိမယ်ဆိုရင် ဆေးလုံးထွက်နှုန်းကို အဆမတန် တိုးမြှင့်နိုင်လိမ့်မယ်လို့ သူ ပြောဖူးတယ်...."
ထိုစကားကို ကြားပြီးနောက် ထျန်းရှင်းကျီ စဉ်းစားခန်း ဝင်သွားသည်။
“ရေဓာတ်အခြေခံဆေးဖော်နည်း ဟုတ်လား”
ရုတ်တရက် သူသည် ယခင်က လော့ချန် သူ့အား ပေးခဲ့သော ကုန်ကြမ်းစာရင်းကို ပြန်လည် သတိရမိလိုက်သည်။ အမှန်ပင် ထိုစာရင်းထဲရှိ ဆေးဖက်ဝင် ပစ္စည်းအများစုမှာ ရေဓာတ်အခြေခံဆေးဖော်နည်းနှင့် ပိုမို ကိုက်ညီလှသည်။ ထိုသို့ဆိုလျှင် မုရုံယွမ်၏ သူငယ်ချင်း ဆေးဖော်ဆရာမှာ ဂိုဏ်းကြီးများမှ ဆင်းသက်လာသူ မဟုတ်ဖို့ များသည်။
အကြောင်းမှာ ဂိုဏ်းကြီးများမှ လေ့ကျင့်ပေးလိုက်သော ဆေးဖော်စပ်သူများမှာ မည်မျှပင် အဆင့်နိမ့်သည်ဖြစ်စေ အခြေခံအကျဆုံးသော ဆေးဖော်နည်းစနစ်များကိုမူ တတ်မြောက်ထားကြစမြဲ ဖြစ်သည်။ ကျင့်ကြံခြင်းလောကတွင် အသုံးအများဆုံး ဆေးဖော်စပ်နည်းစနစ်များမှာ ရေစွမ်းအားနှင့် မီးစွမ်းအားတို့ပင် ဖြစ်သည်။ ရွှေကျောက်စိမ်းရည်၊ ရောင်စဥ်အနှစ်သာရဆေးနှင့် စွမ်းအားကြောပြုပြင်ဆေးရည်တို့မှာ ရေဓာတ်အခြေခံဆေးဖော်နည်းဖြင့် ဖော်စပ်ရသော ပစ္စည်းများ ဖြစ်ကြသည်။
‘တစ်ကိုယ်တော် ဆေးဖော်ဆရာလား’
ထျန်းရှင်းကျီသည် ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် သူ၏ သိုလှောင်အိတ်ထဲမှ ကျောက်စိမ်းပြားတစ်ခုကို ထုတ်ယူလိုက်သည်။ ချက်ချင်းဆိုသလိုပင် လော့ချန်၏ အကြည့်တို့မှာ ထိုအရာပေါ်သို့ ကျရောက်သွားတော့သည်။
"အစ်ကိုကြီး.... အဲဒါက ဘာလဲဗျ"
"ဒါက ပထမအဆင့်ကနေ တတိယအဆင့်အထိ ဆေးလုံးအများစုကို ဖော်စပ်ရာမှာ သုံးနိုင်တဲ့ ရေဓာတ်အခြေခံဆေးဖော်နည်းပဲ"
လော့ချန် အံ့ဩတုန်လှုပ်စွာဖြင့် ရေရွတ်လိုက်မိသည်။
"ဟာ.... တတိယအဆင့်အထိတောင် သုံးလို့ရတာလား.... ဒီလောက်တောင် အစွမ်းထက်တာလားဗျာ...."
သူ အံ့ဩသွားသည်မှာလည်း မဆန်းပေ။ ဆေးဖော်စပ်နည်း အများစုမှာ တင်းကျပ်သော ကန့်သတ်ချက်များ ရှိကြသည်။ ဥပမာအားဖြင့် သူ လက်ရှိ တတ်မြောက်ထားသော မီးဓာတ်အခြေခံဆေးဖော်နည်းသည် စျေးကွက်တွင် အတွေ့ရအများဆုံး သာမန် ပထမအဆင့် နည်းစနစ်မျှသာ ဖြစ်သည်။ ဖော်စပ်နိုင်သော ဆေးလုံးများမှာလည်း ပထမအဆင့် ဆေးလုံးများသာ ဖြစ်လေ့ရှိသည်။ အကယ်၍ ဒုတိယအဆင့် ဆေးလုံးများကို ဖော်စပ်လိုပါက ချင်ယွမ်ဇီ၏ ကျမ်းစာမှ သက်ဆိုင်ရာ ဒုတိယအဆင့် မီးဓာတ်အခြေခံဆေးဖော်နည်းကို သင်ယူရပေလိမ့်မည်။
ထို့ပြင် ချင်ယွမ်ဇီထံမှ သူ သင်ယူထားသော ကျောက်စိမ်းကွဲခြင်း ဆေးဖော်နည်းစနစ်မှာ ဓာတ်သတ္တု အခြေခံပစ္စည်းများအတွက်သာ ဖြစ်ပြီး သစ္စာနှလုံးသား ဆေးဖော်နည်းစနစ်မှာ အပင်အခြေခံ ပစ္စည်းများအတွက်သာ ဖြစ်ရာ တစ်ခုချင်းစီတွင် ကန့်သတ်ချက်များ ရှိနေကြသည်။ သို့သော် ယခု ထျန်းရှင်းကျီ ထုတ်ပြလိုက်သော ရေဓာတ်အခြေခံဆေးဖော်နည်းမှာမူ ပထမအဆင့်မှ တတိယအဆင့်အထိ အကျုံးဝင်နေသည်။
ဆေးလုံးအများစု အတွက်သာ ဖြစ်သည်ဆိုစေဦးတော့၊ ၎င်း၏ တန်ဖိုးမှာ အတိုင်းအဆမရှိ ကြီးမားလှသည်။ ထျန်းရှင်းကျီသည် လော့ချန်၏ တုံ့ပြန်မှုကို အံ့ဩခြင်း မရှိပေ။ သူ လော့ချန်ကို တည်ကြည်စွာ ကြည့်လိုက်ကာ စကားစပြောလိုက်သည်။
"အစ်ကို ဒါကို ညီလေးဆီ ရောင်းပေးနိုင်တယ်.... ဒါပေမဲ့ ညီလေးသူငယ်ချင်းကတော့ မဟာတာအိုလမ်းစဉ်ကို တိုင်တည်ပြီး သစ္စာဆိုရပါလိမ့်မယ်.... ဘယ်လို အခြေအနေမျိုးနဲ့မှ တမင်တကာဖြစ်စေ၊ မတော်တဆဖြစ်စေ တခြား ဘယ်သူ့ကိုမှ လက်ဆင့်မကမ်းပါဘူးလို့ပေါ့...."
ထိုကျိန်ဆိုရမည့် စကားကြောင့် လော့ချန် မျက်ခုံးပင့်လိုက်မိသည်။
ဤမျှ ပြင်းထန်သော သစ္စာဆိုမှုမျိုးသည် အတော်လေး စိတ်ထိန်းချုပ်နိုင်မှရပေမည်။ တမင်တကာဖြစ်စေ၊ မတော်တဆဖြစ်စေ လုံးဝ မျှဝေခြင်း မပြုရပေ။ အကယ်၍ သူ့လက်ထဲမှနေ၍ မတော်တဆ ပေါက်ကြားသွားလျှင် သစ္စာဖောက်ဖျက်ခြင်း မြောက်ပေလိမ့်မည်။
လော့ချန်သည် မဟာတာအို လမ်းစဉ်ကို တိုင်တည်၍ ကျိန်ဆိုထားသော သစ္စာကို ဖောက်ဖျက်ပါက မည်သို့သော နောက်ဆက်တွဲများ ကြုံရမည်ကို ကောင်းစွာ သိရှိထားသည်။ နိမ့်ပါးသော အဆင့်များတွင် ထိုသက်ရောက်မှုမှာ မသိသာသော်လည်း ရွှေအမြုတေ သို့မဟုတ် ဝိညာဉ်သန္ဓေတည်အဆင့်သို့ တက်လှမ်းတော့မည့် အချိန်တွင် ထိုသစ္စာကျိန်ဆိုမှု၏ သက်ရောက်ရိုက်ခတ်မှုမှာ အလွန်ကြီးမားလှသည်။
အထူးသဖြင့် နတ်ဘုရားအသွင်ပြောင်းအဆင့်တွင် ကျင့်ကြံသူသည် မနောဝိညာဉ် စမ်းသပ်ချက်နှင့် သေချာပေါက် ရင်ဆိုင်ရပေလိမ့်မည်။ ထိုအချိန်တွင် သစ္စာဖောက်ဖျက်မှု၏ တုံ့ပြန်မှုကို ခံရပါက သေချာပေါက် သေဆုံးရပေမည်။ အဆင့်နိမ့် ကျင့်ကြံသူများအတွက် ဤသစ္စာဆိုမှုမှာ အာနိသင် မရှိသလောက်ပင် ဖြစ်သော်လည်း မသေမျိုးဖြစ်ရန် ရည်မှန်းထားသော ကျင့်ကြံသူတိုင်းအတွက်မူ ဤသည်မှာ အလွန် ကြောက်မက်ဖွယ်ကောင်းသော ကန့်သတ်ချက် ဖြစ်သည်။
လော့ချန်မှာ သေချာပေါက် ထိုသို့သော ကျင့်ကြံသူမျိုး ဖြစ်သည်။ ထို့ကြောင့်ပင် အခြေတည်ဆေးလုံးကို ချင်လျန်ချန်းအား သူ ပေးခဲ့ခြင်း ဖြစ်သည်။ သူ၏ အဓိက ခံယူချက်မှာ သူသည် မီရှုဟွာအတွက် ကျောက်စိမ်းအမြုတေဆေးလုံးများကို ဖော်စပ်ပေးခဲ့သော်လည်း ၎င်းမှ အကျိုးအမြတ် တစ်စုံတစ်ရာ မရရှိခဲ့ခြင်းနှင့် ထိုအခြေတည်ဆေးလုံးမှာ အမှန်စင်စစ် ချင်လျန်ချန်းနှင့်သာ ထိုက်တန်သည်ဟု ယူဆခဲ့ခြင်းကြောင့် ဖြစ်သည်။
အကောင်းအဆိုးကို ချိန်ဆပြီးနောက် လော့ချန်သည် သူ့နှလုံးသားဆန္ဒအတိုင်း ဆုံးဖြတ်ချက် ချလိုက်သည်။ အရာအားလုံးထက် ကိုယ်ကျင့်တရား စင်ကြယ်မှုကသာ အရေးကြီးဆုံး မဟုတ်ပါလော။ ထိုတောင်းဆိုချက်ကို ရင်ဆိုင်ရင်း လော့ချန် ဝေခွဲမနေဘဲ တည်ကြည်စွာ သဘောတူလိုက်တော့သည်။ ထျန်းရှင်းကျီမှာ လော့ချန် လိမ်ညာမည်ကို မစိုးရိမ်ချေ။ ကျောက်စိမ်းပြားပေါ်တွင် သူသည် ဝိညာဉ်အာရုံဖြင့် တားမြစ်ချက်လေးတစ်ခုကို ချက်ချင်း ပြုလုပ်လိုက်သည်။ ထိုတားမြစ်ချက်ကို ဖွင့်ရန်အတွက် သက်ဆိုင်ရာ မဟာတာအို သစ္စာကို ဆိုရပေလိမ့်မည်။
"ဒါဆို ဈေးနှုန်းက ဘယ်လောက်လဲဗျ"
ကျောက်စိမ်းပြားကို ကိုင်ထားရင်း လော့ချန်က ပြုံး၍ မေးလိုက်သည်။ ထို့နောက် သူ့ အပြုံးမှာ လမ်းတစ်ဝက်မှာပင် အသက်မပါတော့ပဲ အေးခဲသွားတော့သည်။
လော့ချန်သည် တံတွေးကို ခက်ခက်ခဲခဲ မျိုချလိုက်ရင်း ထျန်းရှင်းကျီ ထောင်ပြထားသော လက်ချောင်းများကို စိုက်ကြည့်နေမိသည်။
"၈၀၀၀.... အစ်ကိုကြီးရာ.... ဒါကတော့ ဓားပြတိုက်...."
နောက်ဆုံးတွင်မူ လော့ချန် အံကြိတ်ကာ ထိုဝိညာဉ်ကျောက်တုံးများကို ပေးလိုက်ရတော့သည်။ ဤရေဓာတ်အခြေခံဆေးဖော်နည်းမှာ ထိုစျေးနှုန်းနှင့် ထိုက်တန်ပေသည်။ တစ်နည်းအားဖြင့် ဆိုရသော် ကျင့်ကြံခြင်းလောကရှိ လျှို့ဝှက်နည်းစနစ်များမှာ ပင်မကျင့်စဉ်များထက်ပင် တန်ဖိုးမနည်းလှချေ။
ပထမအဆင့်မှ တတိယအဆင့်အထိ အသုံးပြုနိုင်သော ဆေးဖော်နည်းမှာ ရွှေအမြုတေအဆင့်သို့ ပို့ဆောင်ပေးနိုင်သော ကျင့်စဉ်များနှင့်ပင် တန်းတူလှသည်။
ရှစ်ထောင်ဆိုသည်မှာ အမှန်စင်စစ် အလွန်ပင် တန်လှပေပြီ။
"ထားပါတော့ဗျာ.... ကျွန်တော့် သူငယ်ချင်းအတွက် ဝယ်ပေးတာပဲ.... သူ့ဆီကနေ နောက်မှ ပြန်တောင်းရမှာပေါ့"
လော့ချန်က ပြောပြောဆိုဆို ဝိညာဉ်ကျောက်တုံး ၈၀၀၀ ကို လက်ငင်းပေးအပ်လိုက်သည်။ ထိုအထဲမှ ၁၀၀၀ မှာ ယခုလေးတင် သွေးအဆီအနှစ်ဆေးလုံး ရောင်းရ၍ ရထားသော အမြတ်ဖြစ်ပြီး လက်မနွေးသေးမီမှာပင် ပြန်လည် ထွက်ခွာသွားခြင်း ဖြစ်သည်။ ထျန်းရှင်းကျီသည် ဝိညာဉ်ကျောက်တုံးများကို သိမ်းဆည်းလိုက်ရင်း မျက်နှာထားတည်တည်နှင့် လော့ချန်ကို စိုက်ကြည့်လိုက်သည်။
"ညီလေး.... နောက်လမှာတော့ သွေးအဆီအနှစ် ဆေးလုံး အလုံး ၅၀ လောက် မြင်ချင်တယ်နော်"
လော့ချန် ခဏမျှ မှင်တက်သွားသည်။ ဝယ်သူ၏ တောင်းဆိုချက်သည် အတင်းအဓမ္မဆန်လွန်းလှသဖြင့် သူ ခပ်ယောင်ယောင် ပြုံးလိုက်သည်။
"ဒါကတော့ ကျွန်တော် အာမ မခံနိုင်ပါဘူး အစ်ကိုကြီးရဲ့.... ကျွန်တော့် သူငယ်ချင်း ဒီနည်းစနစ်ကို လေ့လာပြီး မြန်မြန် တစ်သုတ်ပြီးတစ်သုတ် ဖော်နိုင်ပါစေလို့ပဲ မျှော်လင့်ရမှာပေါ့"
"အင်း.... အစ်ကိုက စောင့်ချင်ပေမယ့် အချိန်နှင့် ဒီရေသည် လူကိုမစောင့်တဲ့"
ထိုစကားကို ပြောပြီးနောက် ထျန်းရှင်းကျီတစ်ယောက် အသံလုံ အစီအရင်ကို ဖယ်ရှားလိုက်သည်။ ယနေ့အတွက် အရောင်းအဝယ် ပြီးဆုံးပြီဖြစ်ကြောင်း အချက်ပေးလိုက်သည့် သဘောဖြစ်သည်။ ထို့နောက် လော့ချန်သည် မှောင်ခိုဈေးကွက် ခန်းမအတွင်းမှ အချိန်စော၍ ထွက်လာခဲ့သည်။ ဝမ်ယန်ချန်းသည် အပြင်ဘက်တွင် လော့ချန် ပေးထားသော သိုလှောင်အိတ်ကို ကိုင်လျက် စောင့်ဆိုင်းနေသည်။
"လာပြီလား မိတ်ဆွေ.... ဒီမှာ ရော့.... ဒီလအတွက် လိုအပ်တဲ့ ဆေးဖက်ဝင် ပစ္စည်းတွေ အကုန်လုံး အထဲမှာ ရှိတယ်နော်"
လော့ချန်သည် သိုလှောင်အိတ်နှင့်အတူ ပစ္စည်းစာရင်းကို လက်ခံလိုက်သည်။ တစ်ချက် ကြည့်လိုက်ရုံဖြင့် အရာအားလုံး ပြည့်စုံနေသည်ကို မြင်ရသည်။ ပင်လယ်ဂုံးခြောက်၊ မီးသားရဲချီ၊ နှင်းမြေခွေး မိစ္ဆာသွေးနှင့် မျောက်ဝံသွေး အားလုံး ပါဝင်နေသဖြင့် သူ စိတ်ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။
ထို့နောက် ဝိညာဉ်ကျောက်တုံး ၁၅၀၀ ကို ထုတ်ပေးလိုက်သည်။ ဤပစ္စည်းများ ရရှိပြီဖြစ်ရာ နောက်လအတွက် ချီလမ်းကြောင်း ဆေးလုံးနှင့် အံ့ဖွယ်တစ်သောင်းဆေးလုံး ဖော်စပ်မှုရာတွင် ပစ္စည်းပြတ်လပ်မည်ကို စိုးရိမ်စရာ မလိုတော့ချေ။
ဝိညာဉ်ကျောက်တုံးများကို ထုတ်ပေးပြီးနောက် လော့ချန်တစ်ယောက် အနည်းငယ် စိတ်မသက်မသာ ဖြစ်သွားမိသည်။ သူသည် ယနေ့တွင် သွေးအဆီအနှစ်ဆေးလုံးများကို ရောင်းရန် လာခဲ့သော်လည်း နောက်ဆုံးတွင်မူ နဂါးရတနာ မှောင်ခိုဈေးကွက်သို့ ဝိညာဉ်ကျောက်တုံး ၈၅၀၀ တောင် ပြန်ပေးခဲ့ရသည့်သဘော မဟုတ်ပါလော။
သူသည် ချမ်းသာသည် ဆိုစေဦးတော့ ဤမျှအထိ ဆက်တိုက် ဖြုန်းတီးနေရန်မှာ မဖြစ်နိုင်ချေ။ ယခု သူ့လက်ထဲတွင် ဝိညာဉ်ကျောက်တုံး ၁၅၀၀၀ ခန့်သာ ကျန်တော့သည်။ ကံကောင်းသည်မှာ ဤလအတွင်း သူ ဖော်စပ်ထားသော ကျောက်စိမ်းအမြုတေဆေးလုံးများအားလုံး ရောင်းထွက်သွားပါက ဝိညာဉ်ကျောက်တုံး ထောင်ဂဏန်းအချို့ ပြန်လည် ရရှိပေလိမ့်မည်။
အခြားတစ်ဖက်မှတွေးကြည့်ပြန်လျှင် ယနေ့ အသုံးစရိတ်မှာ လုံးဝ အရှုံးပေါ်ခြင်း မဟုတ်ပေ။ ဆေးဖက်ဝင် ပစ္စည်းများ ရရှိခဲ့ရုံတင်မကဘဲ ရေဓာတ်အခြေခံဆေးဖော်နည်းကိုပါ ရရှိခဲ့သည် မဟုတ်ပါလော။ ဤနည်းစနစ်ဖြင့်ဆိုပါက နတ်ဒေဝါပျားရည်ကို ဖော်စပ်ရာတွင်ဖြစ်စေ၊ အခြားသော ရေဓာတ်အခြေခံဆေးဖော်နည်း လိုအပ်သော ဆေးလုံးများအတွက်ဖြစ်စေ သူ စိုးရိမ်စရာ မလိုတော့ချေ။
သို့နှင့် ဝမ်ယန်ချန်းသည် လော့ချန်အား အပြင်ဘက်အထိ ကိုယ်တိုင် လိုက်ပို့ပေးလေသည်။ ရုတ်တရက် လော့ချန်သည် ထျန်းရှင်းကျီ၏ တိုးညှင်းသော သက်ပြင်းချသံကို ပြန်လည် သတိရလိုက်မိသည်။
"အချိန်နှင့် ဒီရေသည် လူကိုမစောင့်...."
ချက်ချင်းဆိုသလို့ ထိုစကားက သူ့စိတ်ထဲတွင် လျှပ်စစ်စီးသွားသကဲ့သို့ ခံစားလိုက်ရပြီး သူ မသိလိုက်မိခင်မှာပင် အော်ဟစ်လိုက်မိတော့သည်။
"ဗျိုး.... မိတ်ဆွေလေး ဝမ်.... ခဏစောင့်ပါဦး"