← Chapters

အခန်း (၂၄၃-၂၄၄)

Vol. 25 Ch. 243-244

အခန်း (၂၄၃-၂၄၄)

Vol. 25 Ch. 243-244

အခန်း (၂၄၃) - သစ္စာစေတမန် နှင့် တန်ပြန်အကျိုးဆက်

"ဟင်.... မိတ်ဆွေ မုရုံ၊ တစ်ခုခု ညွှန်ကြားစရာ ကျန်နေလို့လားဗျ"

ဝမ်ယန်ချန်းသည် သူ၏ ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး လော့ချန်အား စူးစမ်းလိုသော မျက်ဝန်းများဖြင့် ကြည့်လိုက်သည်။ လော့ချန် ခပ်ဖွဖွ ပြုံးလိုက်သည်။

"ဟူး.... ပြေးလာရတာ မောလိုက်တာဗျာ.... ညွှန်ကြားတယ်လို့တော့ မဟုတ်ပါဘူး.... ကျွန်တော် တစ်ခုလောက် သိချင်လို့ပါ"

သူသည် မူလက နဂါးရတနာ မှောင်ခိုဈေးကွက်၏ နောက်ကြောင်းကို စုံစမ်းရန် ရည်ရွယ်ခဲ့သော်လည်း ထိုသို့ မေးလိုက်ပါက အလွန် ရုတ်တရက် ဆန်လွန်းနေမည်ဟု တွေးမိသွားသည်။ ထို့ကြောင့် သဘာဝကျကျပင် စကားလမ်းကြောင်းလွှဲလိုက်သည်။

"အခု ကျင့်ကြံလောကအခြေအနေက အပေါ်ယံမှာ အေးဆေးနေသလို ထင်ရပေမဲ့.... အမှန်မှာတော့ လှိုင်းတံပိုးတွေက တော်တော်လေး ပြင်းထန်နေတယ် မဟုတ်လားဗျာ"

လော့ချန်၏ အဆက်အစပ်မရှိ ဆက်ပြောလိုက်သော စကားကြောင့် ဝမ်ယန်ချန်းသည် အာရုံစိုက်နေရင်း နှုတ်ခမ်းထောင့်များ အနည်းငယ် တွန့်သွားသည်။ သို့သော် သူ ဘာမှ ပြန်မပြောဘဲ လော့ချန်၏ ဆိုလိုရင်းကိုသာ စောင့်ဆိုင်းနေသည်။ လော့ချန် အချိန်ဆွဲမနေတော့ဘဲ တဲ့တိုးပြောလိုက်သည်။

"အဲဒါကြောင့် အရေးပေါ် အခြေအနေအတွက် လိုလိုမယ်မယ်ပေါ့ဗျာ.... နောက်လကစပြီး စာရင်းထဲက ဆေးဖက်ဝင် ပစ္စည်းတွေ အကုန်လုံးကို နှစ်ဆတိုးပြီး ရောင်းပေးစေချင်တယ်.... မိတ်ဆွေတို့ဘက်က အဆင်ပြေပါ့မလား…."

"ရောင်းတန်း ဆေးဖက်ဝင် ကုန်ကြမ်းတွေကို နှစ်ဆ တိုးဝယ်မယ် ဟုတ်လား"

ဝမ်ယန်ချန်းက မျက်မှောင်ကြုတ်လိုက်ပြီး ခေါင်းကို ဖြည်းဖြည်းချင်း ခါယမ်းလိုက်သည်။

"ဒါကတော့ ကျွန်တော် တစ်ယောက်တည်း ဆုံးဖြတ်လို့ ရတဲ့ ကိစ္စမဟုတ်ဘူးဗျ၊ သခင်ကြီး ထျန်းရှင်းကျီကို အရင်မေးကြည့်ပြီးမှပဲ အဖြေပေးနိုင်ပါလိမ့်မယ် သည်းခံပါဦးဗျာ...."

"ရပါတယ်ဗျ.... ကျွန်တော် စောင့်နိုင်ပါတယ်" ဟု လော့ချန် တည်ငြိမ်စွာ ပြန်ပြောလိုက်သည်။

"ကောင်းပါပြီ ဒါဆို...."

ထိုသို့ပြောရင်း ဝမ်ယန်ချန်းက ခေါင်းညိတ်ပြကာ ခန်းမအတွင်းသို့ တန်းတန်းမတ်မတ် ပြန်ဝင်သွားတော့သည်။

....

မှောင်ခိုဈေးကွက် အပြင်ဘက်တွင် လော့ချန်တစ်ယောက် ခေါင်းကို တွင်တွင် ခါယမ်းနေမိသည်။ ထျန်းရှင်းကျီနှင့် သူ၏ ဆက်ဆံရေးမှာ အဆင်ပြေချောမွေ့လှသလို ထိုလူ မိမိအပေါ် စေတနာ ထားခဲ့သည်မှာ အကြိမ်ကြိမ်ပင် ဖြစ်သည်။ သို့သော် သေချာမသိသော ကိစ္စတစ်ခုကို စည်းကျော် မေးမြန်းရန် လော့ချန် စိတ်မပါပေ။ နဂါးရတနာ မှောင်ခိုဈေးကွက်၏ လျှို့ဝှက်ချက်များကို တိုက်ရိုက်မေးမြန်း စုံစမ်းခြင်းဖြင့် သူသိချင်တာသိရမည်ဖြစ်သည်။

သို့သော် ထို အမှန်တရားကို သိရှိရခြင်းကြောင့် သူ့အတွက် ထူးခြားသော အကျိုးအမြတ် ရရှိလာမည် မဟုတ်ချေ။ အဆိုးဆုံးမှာ ထိုသို့ စပ်စုခြင်းက မလိုလားအပ်သော သံသယများကို ဖြစ်ပေါ်စေပြီး လက်ရှိ အကျိုးရှိနေသော ပူးပေါင်းဆောင်ရွက်မှုကို ပျက်စီးသွားစေနိုင်ခြင်းပင် ဖြစ်သည်။ ထိုအကြောင်းများထက် ‘အချိန်နှင့်ဒီရေသည် လူကိုမစောင့်’ ဆိုသည့် စကားမှာ သူ့နားထဲ၌ ပဲ့တင်ထပ်နေသည်။

ထျန်းလန်နတ်ဘုရားမြို့တော်မှ အစပြုဖွယ်ရာရှိသည့် မငြိမ်သက်သော အခြေအနေအရပ်ရပ်သည် မကြာမီပင် သူနေထိုင်ရာနယ်မြေအထိ ကဏ္ဍအသီးသီးတွင် သက်ရောက်လာနိုင်ပေသည်။ ဤသို့သော အခြေအနေမျိုးတွင် သူ လုပ်ဆောင်ရမည့်အရာမှာ အရင်းအမြစ်များကို ကြိုတင် စုဆောင်းထားရန်ပင် ဖြစ်သည်။ အကြောင်းမူ ထိုကုန်ကြမ်း ပစ္စည်းများမှာ သူ ရှင်သန်ရပ်တည်နိုင်ရေးအတွက် မရှိမဖြစ်အရာများ ဖြစ်ကြသည်။ ၎င်းတို့ မရှိပါက သူ့အနေဖြင့် ဆေးဖော်စပ်ခြင်းတွင် မည်မျှပင် ကျွမ်းကျင်စေကာမူ သူ့အရည်အချင်းမှာ အချည်းနှီးသာ ဖြစ်ပေလိမ့်မည်။

သူ စောင့်ပြီး မကြာမီမှာပင် ဝမ်ယန်ချန်း ပြန်ထွက်လာပြီး လော့ချန် မျှော်လင့်နေသော အဖြေကို ယူဆောင်လာခဲ့သည်။ သူတို့မှောင်ခို စျေးကွက်အနေဖြင့် လော့ချန်အလိုရှိသော ကုန်ကြမ်း ပစ္စည်းများကို နှစ်ဆ တိုးမြှင့် ရောင်းချပေးရန် အဆင်ပြေပါသည် ဟု ရှင်းပြသည်။

ထို့နောက်တွင်မူ လုပ်စရာကိစ္စများ ပြီးမြောက်သွားပြီ ဖြစ်သဖြင့် လော့ချန် ဤနေရာတွင် ဆက်လက် ဆိုင်းငံ့မနေတော့ချေ။ သူ နှုတ်ဆက်စကား ဆိုလိုက်ပြီးနောက် မှောင်မိုက်သော ညဉ့်ဦးယံအတွင်းသို့ တိတ်တဆိတ် တိုးဝင် ပျောက်ကွယ်သွားတော့သည်။

....

လော့ချန်သည် ချီသန့်စင်အဆင့် ၉ သို့ ရောက်ရှိနေပြီ ဖြစ်သလို ချီဖုံးကွယ်မှော်အတတ်တွင်လည်း အထွတ်အထိပ်အဆင့်သို့ ရောက်ရှိထားသူ ဖြစ်သည်။ သို့ဖြစ်ရကား ညဘက်တွင် ပြင်ပနယ်မြေ၏ ကြမ်းတမ်းမို့မောက်သော မြေမျက်နှာပြင်ကို အသုံးချ၍ သူ့ပုံရိပ်ကို အလွယ်တကူ ဖုံးကွယ်နိုင်သည်။ သေချာ သတိထား လုပ်ဆောင်မည်ဆိုပါက အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတစ်ဦးပင်လျှင် သူ့အား နောက်ယောင်ခံလိုက်ရန် ခက်ခဲပေလိမ့်မည်။

အလွန်အမင်း အစွမ်းထက်သော ကျင့်စဥ်များ သို့မဟုတ် နယ်မြေအနှံ့ ရှာဖွေနိုင်သည့် မှော်ရတနာများသုံးခြင်းမှာမူ ခြွင်းချက်ဖြစ်သည်။

ဤသို့ဖြင့် လော့ချန်သည် မညီမညာ လမ်းမထက်တွင် သတိကြီးစွာဖြင့် ခြေသံလုံလုံ လှုပ်ရှားလာခဲ့သည်။ လော့ထျန်းအဖွဲ့ချုပ် နယ်မြေနှင့် မိုင်တစ်ရာခန့် အကွာအဝေးသို့ ရောက်သောအခါ သူ အထဲသို့ အလောတကြီး ဝင်မသွားသေးဘဲ ခေတ္တ ရပ်တန့်လိုက်သည်။

ယခင်က မီရှုဟွာသည် သူ့ကိုယ်ပေါ်တွင် လျှို့ဝှက်ခြေရာခံ နည်းစနစ်များစွာကို မသိမသာ ထည့်သွင်းခဲ့သည်။ ထိုအတွေ့အကြုံကြောင့် လက်ရှိအခြေအနေတွင် သူယခင်ကထက် ပိုမို၍ နိုးနိုးကြားကြား ရှိလာခဲ့သည်။ အပြင်သို့ ထွက်သည်ဖြစ်စေ ပြန်လာသည်ဖြစ်စေ သူ့ခန္ဓာကိုယ်တွင် ပုံမှန်မဟုတ်သော အမှတ်အသားများ ရှိမရှိ သေချာစွာ စစ်ဆေးလေ့ ရှိသည်။

လော့ချန်၏ တွေးဆချက်အရဆိုလျှင် သူနောက်ထပ် ထိုသို့ ထပ်ကြုံရန်မဖြစ်နိုင်တော့ပေ။ အလွန် အစွမ်းထက်သော ကျင့်ကြံသူတစ်ဦးမှ သူ့အား ခြေရာခံချင်မှသာ သူမရိပ်မိအောင် လုပ်ဆောင်နိုင်ပေလိမ့်မည်။ အကြောင်းမူ အတိတ်က လော့ချန်သည် ချီသန့်စင် အလယ်အလတ်အဆင့်၌သာရှိသေးသဖြင့် မီရှုဟွာ လှည့်စားနိုင်ခဲ့ခြင်း ဖြစ်သည်။ လက်ရှိ လော့ချန် အဆင့်မြင့်ပိုင်းသို့ တက်လှမ်းချိန်တွင် ထိုနည်းစနစ်များ၏ ပရိယာယ်ကို ရှောင်ရှားနည်းများမှာ သူ့ခန္ဓာကိုယ်ထဲတွင် အမြစ်တွယ်နေပြီ ဖြစ်သည်။

နောက်ပိုင်းတွင် သူသည် ချီစွမ်းအား အမှတ်အသားကို ရှာဖွေတွေ့ရှိခဲ့သော်လည်း နက်ရှိုင်းစွာ ပုန်းကွယ်နေသော စိတ်ဝိညာဥ် တံဆိပ်ခတ်ခြင်းကိုမူ သတိမထားမိခဲ့ချေ။ မီရှုဟွာ သေဆုံးသွားပြီးနောက်တွင်ပင် ထိုအမှတ်အသား၏အစ အနမှာ သူ့ကိုယ်ပေါ်တွင် အတန်ကြာအောင် ကပ်ငြိနေခဲ့သေးသည်။

အကယ်၍ ကျောက်စိမ်းအိုးဓားဂိုဏ်းမှ လော့ထျန်းဟုန်သာ ရှာမတွေ့ခဲ့လျှင် သို့မဟုတ် ရွှေအမြုတေအဆင့်ရှိသော ဖန်ရင်ရှုံသာ ကိုယ်တိုင် ဖယ်ရှားမပေးခဲ့လျှင် ထိုစိတ်ဝိညာဥ် မျိုးစေ့မှာ သူ့ကိုယ်ပေါ်တွင်အမြဲ ပုန်းကွယ်နေပေလိမ့်မည်။ အကယ်၍ သူ အခြေခံ တည်ဆောက်ချိန်တွင် ထိုအရာက အနှောင့်အယှက် ပေးခဲ့မည်ဆိုပါက အကျိုးဆက်မှာ ကြောက်မက်ဖွယ်ရာ ဖြစ်ပေလိမ့်မည်။

ယခုအခါ သူ၏ကျင့်ကြံမှုမှာ တိုးတက်လာပြီဖြစ်သလို စိတ်ဝိညာဥ်သည်လည်း တူညီသောအဆင့်ရှိသူများထက် များစွာ သာလွန်နေပြီဖြစ်ရာ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူနှင့်ပင် ခပ်ဆင်ဆင် တူနေပေတော့သည်။ လော့ချန်တစ်ယောက် အထွတ်အထိပ်အဆင့် နတ်မျက်စိဖြင့် သူ၏ခန္ဓာကိုယ်ကို စေ့စေ့စပ်စပ် စစ်ဆေးကြည့်ရာ ဘာမှ ထူးခြားမှု မတွေ့ရချေ။ ထိုသို့ဆိုစေဦးတော့၊ သူ့ရင်ထဲတွင် မလုံမလဲ သံသယ အနည်းငယ်ကတော့ ကျန်ရှိနေပေသေးသည်။

"ဖယ်ကြစမ်း"

သူ တိုးတိုးလေး အမိန့်ပေးလိုက်ရင်း ကိုယ်ပေါ်သို့ သန့်စင်ခြင်းမှော်အတတ်ကို သုံးကြိမ် ဆက်တိုက် သုံးလိုက်သည်။ ဘေးလူအကြည့်တွင်မူ သူသည် သူ့ဝတ်ရုံပေါ်ရှိ ဖုန်မှုန့်များကို အငြိုးတကြီး ခါထုတ်နေသည်နှင့်သာ တူပေလိမ့်မည်။ တတိယအကြိမ်မြောက် ပြီးဆုံးသွားသောအခါမှသာ သူ ကိုယ့်ကိုယ်ကိုယ် တစ်ဖက်ပြန် စစ်ဆေးကြည့်ပြီး စိတ်အေးသွားတော့သည်။ ထို့နောက် ပေါ့ပါးသော ခြေလှမ်းများဖြင့် လော့ထျန်းအဖွဲ့ချုပ် စခန်းဆီသို့ ဦးတည်လိုက်သည်။

"အင်း.... ငါ့ရဲ့ သန့်စင်ခြင်းမှော်အတတ်က ပါရမီရှင်အဆင့်မှာ ရှိနေတာ ကြာပြီ၊ ဒါပေမဲ့ အထွတ်အထိပ်အဆင့်ကို ရောက်ဖို့ကတော့ ကျွမ်းကျင်မှုအမှတ် ၂၀၀ ကျော် လိုနေသေးတယ်၊ အခွင့်အရေးရရင် ဒါကို အထွတ်အထိပ် အဆင့်ရောက်အောင် တွန်းပို့ရမယ်၊ အဲ့ဒီကျရင် ငါ မသိသေးတဲ့ ထူးခြားတဲ့ အကျိုးကျေးဇူးတွေ ပေါ်လာနိုင်တာပဲ"

လော့ချန် မိမိဘာသာ ပြုံးနေရင်း ရေရွတ်လိုက်သည်။

လော့ချန်သည် အထွတ်အထိပ်အဆင့်သို့ ရောက်ရှိသည့် အတတ်ပညာများအပေါ် မျှော်လင့်ထားသူ ဖြစ်သည်။ လေလွင့်ခြေလှမ်းအတတ် နှင့် ဆွဲငင်ခြင်းအတတ် တို့မှာ အနည်းငယ် စိတ်ပျက်စရာ ကောင်းခဲ့သော်လည်း မီးလုံး၊ လေခွင်းအတတ်၊ ချီဖုံးကွယ်မှော်အတတ်နှင့် နတ်မျက်စိမှော်အတတ်တို့၏ အသွင်ပြောင်းလဲမှုများမှာမူ သူ ထင်ထားသည်ထက် များစွာ သာလွန်ခဲ့သည်။

၎င်းတို့နှင့် ယှဉ်လျှင် သန့်စင်ခြင်း မှော်အတတ်မှာ ပါရမီရှင်အဆင့်တွင်ပင် သိသိသာသာ အစွမ်းထက်နေပြီ ဖြစ်သည်။ ၎င်းမှာ သာမန် သန့်ရှင်းရေးအတွက်သာ သုံးသည့် မှော်အတတ်ဟု ယူဆကြသော်လည်း ရိုးရိုးဖုန်မှုန့်များကို ဆေးကြောရုံထက် များစွာ ပိုမို လုပ်ဆောင်နိုင်သည်။ ၎င်းသည် ခန္ဓာကိုယ်အတွင်း ကျန်ရှိနေသော ဆေးစွမ်းအင်များကို သန့်စင်ပေးနိုင်သလို၊ ပိုလျှံနေသော ဆေးအာနိသင်များ၊ ချီစွမ်းအားများနှင့် မိစ္ဆာစွမ်းအင် ခြေရာများကိုပင် ဖယ်ရှားပေးနိုင်စွမ်း ရှိသည်။

လော့ချန်သည် ဤသန့်စင်ခြင်းမှော်အတတ်က အထွတ်အထိပ်အဆင့်တွင် မည်သို့ ပြောင်းလဲသွားမည်ကို အလွန် သိလိုလှသည်။ အကယ်၍ ၎င်းသည် ကမ္ဘာလောကကြီးကို အမှန်တကယ် သန့်စင်ပေးနိုင်ပြီး မသန့်ရှင်းမှု အားလုံးကို ဖယ်ရှားပေးနိုင်မည်ဆိုပါက အံ့ဩဖွယ်ရာပင် ဖြစ်ပေလိမ့်မည်။ ထိုသို့ လောဘတကြီးတွေးပြီးမှ သူ့အတွေးနှင့်သူ ရှက်ရယ် ရယ်မိတော့သည်။

"ဟီးဟီး.... အိမ်ပြန်ရောက်နေပြီပဲ၊ စိတ်ကူးယဥ်နေတာတွေကို ရပ်မှရမယ်...."

ထို့နောက် သူ အေးအေးဆေးဆေးပင် ကျင့်ကြံရန်အတွက် ပြင်ဆင်မှုများကို စတင်လိုက်သည်။ အနှစ်သာရမွေးမြူရည် အသစ်တစ်အိုးကို ဖျော်စပ်လိုက်ပြီး ချီစုဆုံအစီအရင်ငယ်ထဲရှိ ဝိညာဉ်ကျောက်တုံးများကို လဲလှယ်လိုက်ကာ စိတ်ငြိမ်အမွှေးတိုင် တစ်တိုင်ကို ထွန်းလိုက်သည်။ အရာအားလုံး အဆင်သင့် ဖြစ်သောအခါ မြူသန့်စင်ဆေးလုံး တစ်လုံးကို ပါးစပ်ထဲ ထည့်လိုက်ပြီး ထိုနေ့အတွက် ကျင့်ကြံခြင်းကို စတင်လိုက်တော့သည်။

အရုဏ်တက်ချိန်တွင် လော့ချန်တစ်ယောက် ကျင့်ကြံခြင်းကို အေးအေးလူလူပင် အဆုံးသတ်လိုက်သည်။

"ချီလမ်းကြောင်းဆေးလုံးကို သုံးပြီး စိတ်ဝိညာဥ် တိုးတက်လာတာက ဒီလောက်အထိ အကျိုးရှိလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး" ဟု သူ တိုးတိုးလေး ဆိုလိုက်သည်။

ညလုံးပေါက် ကျင့်ကြံခဲ့သော်လည်း သူ၏ စိတ်ဓာတ်မှာ ပင်ပန်းနွမ်းနယ်နေမည့်အစား ပိုမို လန်းဆန်းတက်ကြွနေသည်။ ဤကဲ့သို့ တက်ကြွနေသော အခြေအနေမျိုးသည် အတိတ်တုန်းကဆိုလျှင် မျှော်မှန်း၍ပင် ရနိုင်မည် မဟုတ်ချေ။

အဆင့်နိမ့် ကျင့်ကြံသူများအနေဖြင့် ဆေးလုံးများ မကူသော်လည်း တိုးတက်မှု နှေးကွေးနေရခြင်း၏ အကြောင်းရင်းမှာ သူတို့၏ စိတ်ဝိညာဥ်များ မသန်မာခြင်းကြောင့်ပင်။ ထိုအားနည်းချက်က တစ်နေ့လျှင် ကျင့်စဉ်ကို မည်မျှအကြိမ်ရေ လှည့်ပတ်နိုင်သည်ကို ကန့်သတ်ထားသည်။ မနက်တစ်ကြိမ်၊ ညတစ်ကြိမ် လှည့်ပတ်နိုင်ရန်မှာပင် အတော်လေး ကြိုးစားနေရသည့် အဆင့် ဖြစ်သည်။ ဤပြဿနာကို ကျင့်ကြံခြင်း လောကတစ်ခုလုံး သိရှိထားကြပြီး ပါရမီရှင်များစွာက အဖြေရှာရန် ကြိုးစားခဲ့ကြဖူးသည်။

အထိရောက်ဆုံးသော အဖြေမှာ စိတ်ငြိမ်အမွှေးတိုင်ကဲ့သို့သော ပြင်ပအကူအညီများကို သုံးစွဲခြင်း ဖြစ်သော်လည်း ၎င်းမှာ ပြဿနာကို အမြစ်ပြတ် မဖြေရှင်းနိုင်ချေ။ ဤကိစ္စကို ဖြေရှင်းနိုင်မည့် တစ်ခုတည်းသော နည်းလမ်းမှာ အခြေခံတည်ဆောက်ခြင်းအဆင့်သို့ တက်လှမ်းရန်ပင် ဖြစ်သည်။ ထိုအဆင့်တွင် စိတ်ဝိညာဥ်မှာ ကျင့်စဉ်များကို အကြိမ်ကြိမ် လှည့်ပတ်နိုင်လောက်အောင် သန်မာလာသလို ဝိညာဉ်အသိစိတ်ကိုလည်း အပြင်သို့ ထုတ်လွှင့်နိုင်ပြီ ဖြစ်သည်။ ထိုအခါမှသာ ကျင့်ကြံသူတစ်ဦးသည် ပင်မကျင့်စဉ်ကို တစ်နေ့လျှင် အကြိမ်ပေါင်းများစွာ လှည့်ပတ်နိုင်တော့မည် ဖြစ်သည်။ အဆင့်မြင့် ကျင့်ကြံသူများအနေဖြင့် လနှင့်ချီ၍ သို့မဟုတ် နှစ်နှင့်ချီ၍ ကျင့်ကြံနိုင်ခြင်းမှာ ဤကန့်သတ်ချက်ကို ကျော်လွှားနိုင်ခဲ့ခြင်းကြောင့်ပင် ဖြစ်သည်ဟု ဆိုကြသည်။

နှစ်ပေါင်းများစွာတိုင်အောင် လော့ချန်သည်လည်း ဤအားနည်းချက်ကြောင့် ထိန်းချုပ်ခြင်း ခံခဲ့ရသည်။ သူသည် နှလုံးသားကပ်ဘေးကို ကျော်ဖြတ်နိုင်ခဲ့ပြီး သူ၏ စိတ်ဝိညာဥ် စွမ်းအားမှာ နှစ်ဆ တိုးလာခဲ့သော်လည်း တစ်နေ့လျှင် နှစ်ကြိမ်သာ ကျင့်စဉ်ကို လှည့်ပတ်နိုင်ဆဲ ဖြစ်သည်။ ယခုမူ သူသည် ချီသန့်စင်အဆင့်မှာပင် ရှိနေသေးသော်လည်း ဤပြဿနာကို ဖြေရှင်းနိုင်မည့် မျှော်လင့်ချက်ကို တွေ့မြင်လိုက်ရပြီ ဖြစ်သည်။

"တကယ်လို့ ငါသာ ချီလမ်းကြောင်းဆေးလုံးကို ဆက်ပြီး သုံးစွဲနေမယ်ဆိုရင် မကြာခင်မှာ နွေဦးကျင့်စဉ်ကို တစ်နေ့ထဲနဲ့ အကြိမ်ပေါင်းများစွာ ကျင့်ကြံနိုင်တော့မှာပဲ" ဟု မိမိဘာသာ ရေရွတ်လိုက်သည်။

အရာအားလုံးကို အစီအစဉ်တကျ လုပ်ဆောင်ပြီးနောက် သူသည် ဆေးဖော် ခန်းမဆောင်သို့ သွားကာ ခရမ်းရောင်တိမ်လွှာ ကြေးမီးဖိုကို မူလနေရာသို့ ပြန်လည် ထားရှိလိုက်သည်။ ထို့နောက် သိုလှောင်အိတ်အတွင်းမှ ကျောက်စိမ်းပြားတစ်ခုကို အေးအေးဆေးဆေးပင် ထုတ်ယူလိုက်သည်။

"ဩော်.... မေ့နေတာ.... မဟာတာအို သစ္စာ ဆိုရဦးမယ် ထင်တယ်...."

သူသည် ကျောက်စိမ်းပြားကို ပွတ်သပ်လိုက်ကာ အသက်ပြင်းပြင်း တစ်ချက်ရှူပြီးနောက် တည်ကြည်စွာ ကြေညာလိုက်သည်။

"ကျွန်ုပ် လော့ချန်သည် ဤနေရာမှနေ၍ သစ္စာဆိုပါသည်။ ကျွန်ုပ်သည် ဤဆေးဖော်နည်းကို တတ်မြောက်သည်ဖြစ်စေ၊ မတတ်မြောက်သည်ဖြစ်စေ၊ ဒုတိယမြောက် လူတစ်ဦးအား မည်သည့်အခါမျှ လက်ဆင့်ကမ်းမည် မဟုတ်ပါ။ အကယ်၍ ကျွန်ုပ်သည် တမင်တကာဖြစ်စေ၊ မတော်တဆဖြစ်စေ ဤလျှို့ဝှက်ချက်ကို ပေါက်ကြားစေခဲ့ပါက မဟာတာအို လမ်းစဉ်၏ ပြန်လှန်ရိုက်ခတ်မှုကို ခံစားရပြီး ကျွန်ုပ်၏ကျင့်ကြံမှုမှာ ထာဝရ ရပ်တန့်သွားပါစေသတည်း"

သူ၏ ခိုင်မာသော သစ္စာဆိုမှုကြီး အဆုံးသတ်သွားသောအခါ ကျောက်စိမ်းပြား ပတ်လည်တွင် ရှိနေသော ဝေဝါးသည့် ဝိညာဉ်အလင်းတန်းများမှာ တဖြည်းဖြည်း ပျောက်ကွယ်သွားတော့သည်။ တစ်ချိန်တည်းမှာပင် လော့ချန်သည် တစ်စုံတစ်ခုသော စွမ်းအားက ထိုအချိန်တွင် သူ့အား ကြည့်လိုက်သကဲ့သို့ စိတ်မသက်မသာ ဖြစ်မှုကို ခံစားလိုက်ရသည်။

"ကျင့်ကြံခြင်း လောကမှာ တကယ်ပဲ ကောင်းကင်ဘုံ တာအိုလမ်းစဉ် ဆိုတဲ့ အယူအဆ ရှိနေတာလား...."

အစရှိသဖြင့် သူ တိုးတိုးလေး ရေရွတ်လိုက်ပြီး လက်ထဲမှ ကျောက်စိမ်းပြားကို သေသေချာချာ စစ်ဆေးလိုက်သည်။ ဘာထောင်ချောက်မှ မရှိကြောင်း အတည်ပြုပြီးနောက်တွင်မှ ကျောက်စိမ်းပြားကို သူ၏ နဖူးပေါ်သို့ သတိကြီးစွာဖြင့် ကပ်လိုက်သည်။ ချက်ချင်းဆိုသလိုပင် နက်နဲသော အသိဉာဏ် အလင်းတန်းတို့သည် သူ၏ စိတ်ဝိညာဉ်ပင်လယ်အတွင်းသို့ ရေပွက်ပမာ တစ်ရဟော စီးဝင်လာသည်။

"အား...."

သူ့နှုတ်ဖျားမှ တိုးညှင်းသော ညည်းတွားသံတစ်သံ ထွက်ပေါ်လာပြီး မျက်နှာမှာလည်း ဖြူဖျော့သွားရသည်။ သို့သော် သူသည် နာကျင်မှုကို အံကြိတ်ခံကာ ကျောက်စိမ်းပြားကို လွှတ်မချဘဲ ဆက်လက် ထိန်းထားသည်။ အတန်ကြာမှသာ ကျောက်စိမ်းပြားကို နဖူးပေါ်မှ ဖယ်ရှားလိုက်လေတော့သည်။

လော့ချန်နှင့် သူ၏စွန့်စားခန်းများ

အခန်း (၂၄၄) - အချိန်နှင့် ဒီရေသည် လူကိုမစောင့်

လော့ချန် သူ့နဖူးသူ ပွတ်သပ်ရင်း ခါးသီးစွာ ပြုံးလိုက်မိသည်။

"ဟူး.... တော်သေးတယ်ကွာ.... မရှိတဲ့ အခြေခံတည်ဆောက်ခြင်းအဆင့် သူငယ်ချင်းတစ်ယောက်ကို ရှိသယောင် လုပ်ကြံဖန်တီးလိုက်တာက ငါ့ကိုယ်ငါ ဒုက္ခပေးသလို ဖြစ်တော့မလို့ပဲ"

ကျောက်စိမ်းပြားအတွင်းရှိ အသိစိတ်၏ အလင်းတန်းများသည် သူ့ နာမ်ရုပ်ခန္ဓာအတွင်းသို့ ရွှေရောင်မြစ်တစ်စင်းပမာ တသွင်သွင် စီးဆင်း တိုးဝင်လာခဲ့ခြင်း ဖြစ်သည်။ ထိုပမာဏမျိုးမှာ သာမန်ချီသန့်စင်အဆင့် ကျင့်ကြံသူတစ်ဦး ခံနိုင်ရည်ရှိသည့် အတိုင်းအဆထက် များစွာ ကျော်လွန်နေသည်။

ပုံမှန်အားဖြင့် ဂိုဏ်းကြီးများမှ လူကြီးသူမများသည် ကျင့်ကြံသူ၏ အဆင့်အတန်းနှင့် ကိုက်ညီသော အချက်အလက်ကိုသာ ရရှိစေရန် တားမြစ်ချက်များဖြင့် ကန့်သတ်ပေးလေ့ရှိကြသည်။ ထို့ကြောင့်ပင် ဈေးကွက်အတွင်းရှိ ကျင့်စဉ်အများစုမှာ အဆင့်အလိုက် ကန့်သတ်ထားခြင်း ဖြစ်သည်။ အချို့မှာ ချီသန့်စင် အလယ်အလတ်အဆင့်အထိသာ ကျင့်နိုင်ပြီး အချို့မှာ ထိုအဆင့်၏ အထွတ်အထိပ်အထိသာ လေ့လာခွင့်ရကြသည်။

ဤသည်မှာ ကျင့်ကြံခြင်းလောကတွင် ကျင့်သုံးလာခဲ့သည်မှာ ကြာပြီဖြစ်သော အလေ့အထတစ်ခု ဖြစ်သည်။

အချက်အလက်စီးဆင်းမှုကို စစ်ထုတ်ပေးမည့် အကာအကွယ်လွှာများ မရှိပါက အဆင့်နိမ့်ကျင့်ကြံသူများသည် တစ်ပြိုင်နက်တည်း ဝင်ရောက်လာသော အချက်အလက်များအောက်တွင် နစ်မွန်းသွားပေလိမ့်မည်။ အကောင်းဆုံးအခြေအနေတွင် စိတ်ဝိညာဥ် ထိခိုက်သွားပြီး လနှင့်ချီ၍ အားနည်းသွားနိုင်သလို အဆိုးဆုံးတွင်မူ စိတ်အာရုံများ လုံးဝ ပျက်စီးသွားကာ လူအ တစ်ယောက်ကဲ့သို့ ဖြစ်သွားနိုင်သည်။

လော့ချန်သည် အခြေခံတည်ဆောက်ခြင်းအဆင့် ရှိသော ဆေးဖော်စပ်သူ သူငယ်ချင်းတစ်ယောက်ကို လေထဲမှ ဖန်တီးထားခဲ့သဖြင့် ထျန်းရှင်းကျီမှာ ဤအခြေအနေကို လုံးဝ ထည့်မတွက်ခဲ့ခြင်း ဖြစ်သည်။ အခြေခံတည်ဆောက်ခြင်း အဆင့် ကျင့်ကြံသူတစ်ဦးအတွက် ဤအချက်အလက် ပမာဏမှာ ဘာမှမဟုတ်သဖြင့် သူသည် အဆင့်အလိုက် ကန့်သတ်ချက်များ ထည့်သွင်းရန် မစဉ်းစားခဲ့ပေ။

အကယ်၍ လော့ချန်၏ စိတ်ဝိညာဥ်မှာ ထူးကဲစွာ သန်မာမနေပါက ဤဆေးဖော်စပ်ခြင်း အတတ်ပညာများအောက်တွင် သူ ရူးသွပ်သွားပေလောက်ပြီ ဖြစ်သည်။ ယခုမူ သူ တောင့်ခံနိုင်ခဲ့သော်လည်း စိတ်အာရုံမှာ မူးဝေပြီး ထိုင်းမှိုင်းနေဆဲ ဖြစ်သည်။

"ဟူး.... ငါ အရမ်း ပေါ့ဆသွားတယ်...."

လော့ချန်သည် အသက်ကို ပြင်းပြင်းရှူလိုက်ရင်း ဝိညာဉ်ကြောဂူအတွင်းသို့ လှမ်းဝင်လိုက်သည်။ လရောင်မြက်၏ စိတ်ကြည်လင်စေသော ရနံ့အောက်တွင် သူ အနည်းငယ် ပြန်လည်လန်းဆန်းလာသလို ခံစားလိုက်ရသည်။ သူသည် တောက်ပနေသော နုနယ်သည့် ဆေးပင်လေးကို တစ်ချက်ကြည့်ကာ ခေါင်းခါလိုက်သည်။

“ချီစုဆုံအစီအရင်က သစ်သားဓာတ် စွမ်းအင်တွေကို အများကြီး ဆွဲယူပေးနေတယ် ဆိုပေမဲ့ အချိန်က အရမ်းတိုလွန်းသေးတယ်.... ဒီထက်ပိုပြီး အချိန်ကြာကြာ ကြီးထွားခွင့်ရမယ်ဆိုရင် ပိုကောင်းမှာပဲ"

လော့ချန် သက်ပြင်းချလိုက်ရင်း နားထင်ကို ပွတ်သပ်ကာ မျက်လုံးများကို မှိတ်လိုက်သည်။ ထို့နောက် ကျောက်စိမ်းပြားမှ ရရှိထားသော အသိဉာဏ်များကို သူ့ စိတ်ထဲတွင် အနည်ထိုင်သွားစေရန် လုပ်ဆောင်လိုက်သည်။ ခဏအကြာတွင် မျက်လုံးများကို ပြန်ဖွင့်လိုက်ရာ သူ၏အကြည့်တို့မှာ တည်ကြည် လေးနက်နေတော့သည်။

"တိမ်ပြိုမြူနှင်းဆိုတဲ့ ဒီရေဓာတ်အခြေခံဆေးဖော်နည်းက တကယ့်ကို နက်နဲတာပဲ.... ပြင်ပ ဒြပ်စင်တွေကို အသုံးချပြီး ဆေးဖော်စပ်ရာမှာ ကူညီပေးရုံတင်မကဘဲ ဆေးလုံးတွေရဲ့ အဆင့်အတန်းကိုပါ မြှင့်တင်ပေးနိုင်တာပဲ…."

ဤဆေးဖော်နည်း၏ မှတ်တမ်းများအရ ပထမအဆင့် ဆေးလုံးများကို ဖော်စပ်ရာတွင် ရေနွေးငွေ့များ ထွက်ပေါ်နေသော နေရာမျိုးကို ရွေးချယ်ခြင်းဖြင့် ဆေးလုံးဖြစ်ထွန်းမှုကို အထောက်အကူပြုနိုင်သည်ဟု ဆိုသည်။ ဒုတိယအဆင့် ဆေးလုံးများအတွက်မူ ရေနွေးငွေ့ရှိရုံတင်မကဘဲ ဝိညာဉ်စမ်းရေများကိုပါ ပေါင်းစပ်အသုံးပြုခြင်းဖြင့် အာနိသင်ကို များစွာ တိုးမြှင့်နိုင်သည်။ တတိယအဆင့်သို့ ရောက်သောအခါတွင်မူ သာမန် ရေနွေးငွေ့နှင့် ဝိညာဉ်စမ်းရေများ၏ အကျိုးသက်ရောက်မှုမှာ လျော့နည်းသွားပေလိမ့်မည်။

ထိုအဆင့်တွင် ရေဓာတ်သတ္တု ချီစွမ်းအား ကြွယ်ဝသော နေရာမျိုးတွင် လျှို့ဝှက် ဆေးဖော်နည်းများနှင့် အဆင့်မြင့် ဆေးဖော်နည်းများကို ပေါင်းစပ်၍ ဆေးဖော်စပ်ခြင်းမှာ အကောင်းဆုံးဖြစ်သည်။

"ဒါက ပထမအဆင့်ကနေ တတိယအဆင့်အထိ အကျုံးဝင်တဲ့ ရေဓာတ်အခြေခံဆေးဖော်နည်း ဆိုတာ သေချာပါတယ်…. တတိယအဆင့် ဆေးလုံးတွေအတွက်တော့ နည်းနည်း ရုန်းကန်ရဦးမယ် ထင်ပေမဲ့ နတ်ဒေဝါပျားရည်က ဒုတိယအဆင့် ဆေးလုံးပဲဆိုတော့ ဒီဆေးဖော်နည်းက လုံလောက်တာထက်တောင် ပိုသေးတယ်…. ပြီးတော့ ဒီဆေးဖော်နည်းမှာ သုံးလို့ရမယ့် နည်းနှစ်မျိုးပါ ပါသေးတာကတော့ မမျှော်လင့်ထားတဲ့ ဝမ်းမြောက်စရာပဲ"

တစ်နည်းမှာ ရေတံခွန်စိမ့်စမ်းနည်းဖြစ်ပြီး နောက်တစ်နည်းမှာ တိမ်တိုက်အသွင်ပြောင်းနည်း ဖြစ်သည်။ ရှေ့တစ်နည်းမှာ လော့ချန် အလွန်တရာ တောင့်တနေသော နည်းစနစ် ဖြစ်သည်။ ရေတံခွန်စိမ့်စမ်း နည်းစနစ်သည် ရေဓာတ်နှင့် ယင်ဓာတ် ရှိသော ဆေးဖက်ဝင်ကုန်ကြမ်းပစ္စည်းများကို ဆေးဖော်စပ်ရာတွင် ကိုင်တွယ်ဖြေရှင်းနိုင်စေသည်။

အကယ်၍ သူသာ ရေတံခွန်စိမ့်စမ်းနည်းကို တတ်မြောက်သွားပါက ချီလမ်းကြောင်းဆေးလုံးအတွက် နှင်းမြေခွေးမိစ္ဆာသွေးကို ကိုင်တွယ်ရာတွင်ဖြစ်စေ၊ သွေးမိစ္ဆာဆေးလုံးအတွက် ကျင့်ကြံသူများ၏ အမြူတေသွေးနှင့် ယင်သားရဲချီ တို့ကို ကိုင်တွယ်ရာတွင်ဖြစ်စေ အားစိုက်ရမှု သက်သာပြီး ပိုမို ထိရောက်လာပေလိမ့်မည်။

ဒုတိယနည်းစနစ် ဖြစ်သော တိမ်တိုက်အသွင်ပြောင်းခြင်းမှာမူ အပေါ်ယံကြည့်လျှင် ထူးခြားလှသည်ဟု မထင်ရပေ။ ကျင့်ကြံခြင်းလောကတွင်ပင် ၎င်းကို အထူးအဆန်းဟု မယူဆကြချေ။ သို့သော် တိမ်တိုက်အသွင်ပြောင်းနည်းမှာ တိမ်ပြိုမြူနှင်း နည်းစနစ်၏ စစ်မှန်သော အနှစ်သာရ ဖြစ်သည်။ ရေနွေးငွေ့နှင့် ဝိညာဉ်စမ်းရေများကို ဆေးဖော်စပ်မှုအတွင်းသို့ ဆွဲသွင်းရာတွင် ဤနည်းစနစ်မှာ မရှိမဖြစ် လိုအပ်လှသည်။

"ဟူး.... ကြည့်ရတာ ငါတော့ ခဏလောက် အလုပ်ရှုပ်ဦးမယ် ထင်တယ်"

လော့ချန် ညည်းတွားသလို ပြောလိုက်သော်လည်း သူ့မျက်နှာပေါ်ရှိ အပြုံးမှာမူ စိတ်လှုပ်ရှားနေသည်ကို သိသာစေသည်။ ဆေးဖော်စပ်ခြင်းကို သူ ပိုမိုလုပ်ဆောင်လာလေလေ သူ၏စိတ်ခံစားချက်များမှာ ပိုမို ရှုပ်ထွေးလာလေလေပင် ဖြစ်သည်။

အမျိုးအစားတူ ဆေးလုံးများကို ထပ်ခါတလဲလဲ ဖော်စပ်နေရခြင်းက သူ့အား ပင်ပန်းနွမ်းနယ်စေသော်လည်း ဆေးဖော်စပ်ခြင်း နယ်ပယ်တွင် အသိပညာသစ်များနှင့် တွေ့ဆုံရသည့်အခါတိုင်း သူအတိုင်းမသိ ဝမ်းမြောက်မိပြန်သည်။

မည်သို့ပင်ဆိုစေကာမူ သူသည် ဤအတတ်ပညာကို တဖြည်းဖြည်း မြတ်နိုးလာခဲ့ပြီ ဖြစ်သည်။ အဆိုပါပညာရပ်အား ရှင်သန်ရပ်တည်ရေးအတွက် လုပ်ဆောင်ရသော အရာတစ်ခုအဖြစ်သာ မဟုတ်တော့ဘဲ သူ့ဘဝ၏ မရှိမဖြစ်အစိတ်အပိုင်းတစ်ခုအဖြစ်ပင် တဖြည်းဖြည်းယူဆလာခဲ့ပြီ ဖြစ်သည်။

....

နောက်ရက်များတွင် လော့ချန်သည် နေ့စဉ် ကျင့်ကြံခြင်းနှင့် မီးလုံးမှော်အတတ်ကို လေ့ကျင့်ခြင်းအပြင် ဆေးဖော်စပ်ခြင်းတွင်လည်း အားသွန်ခွန်စိုက် ကြိုးပမ်းခဲ့သည်။ မီးဓာတ်အခြေခံနည်းစနစ်ကို သုံး၍ ဆေးဖော်စပ်နေစဉ်အတွင်းမှာပင် သူသည် ရေဓာတ်အခြေခံဆေးဖော်နည်း အချို့ကို သုံး၍ ဆေးဖက်ဝင် ပစ္စည်းအချို့ကို စမ်းသပ်ကိုင်တွယ်ကြည့်သည်။

မည်သည့် ဆေးဖော်စပ်နည်းကိုမျှ အလောတကြီး သို့မဟုတ် ဖြစ်သလို လုပ်ဆောင်ရုံဖြင့် မတတ်မြောက်နိုင်ပေ။ လော့ချန်သည် ၎င်းကို တစ်ဆင့်ချင်းစီ ခွဲခြမ်းစိတ်ဖြာ၍ အဆင့်တိုင်းကို တဖြည်းဖြည်း ရင်းနှီးကျွမ်းဝင်အောင် လုပ်ဆောင်ရန် ဆုံးဖြတ်လိုက်သည်။ ထိုမှသာ သူ အမှန်တကယ် စတင်ကျင့်သုံးချိန်တွင် လုပ်ငန်းစဉ်မှာ ပိုမို လွယ်ကူသွားမည်မှာ အသေအချာဖြစ်သည်။ ဤသို့နှင့် လော့ချန်သည် မိုးမရွာခင် ထီးပြင် ဟူသော ဆိုရိုးအတိုင်း ရှေ့လျှောက် အဆင်ပြေပြေရှင်သန်နိုင်ရန် အပတ်တကုတ် ကြိုတင်ပြင်ဆင်လေတော့သည်။

ထို့နောက် ဆယ်ရက်ဆိုသော အချိန်မှာ မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားခဲ့သည်။

လော့ချန်သည် ကျင့်ကြံနေရာမှာ ဖြည်းဖြည်းချင်း နိုးထလာကာ လက်ထဲမှ အလွတ်ဖြစ်နေသော ဆေးပုလင်းကို ကြည့်၍ ခေါင်းခါလိုက်သည်။

"အင်း.... ချီလမ်းကြောင်း ဆေးလုံးတွေ ကုန်ပြန်ပြီပဲ၊ နောက်ထပ်ပြီး ဖော်ရဦးမယ်"

မကြာသေးခင်က အိပ်မက်ရှည်ကြီးထဲသို့ ပထမဆုံးအကြိမ် ရောက်ရှိခဲ့သည့် အတွေ့အကြုံနောက်ပိုင်းတွင် သူသည် ချီလမ်းကြောင်းဆေးလုံး၏ အာနိသင်ကို တဖြည်းဖြည်း ရင်းနှီးလာခဲ့သည်။ ယခုမှာ သူ တတိယအကြိမ်မြောက် သုံးစွဲခြင်း ဖြစ်ပြီး သူ၏စိတ်ဝိညာဥ် အခြေခံမှာလည်း ထပ်မံ သန်မာလာခဲ့ပြီ ဖြစ်သည်။ တည်ငြိမ်ရင့်ကျက်လာသော ခံစားချက်မှာ သူ၏ စိတ်အာရုံထဲတွင် ကျန်ရှိနေသည်။

ထို့နောက် သူ တွေဝေမနေတော့ဘဲ ညှီစို့စို့ သွေးနံ့များ ပြည့်နှက်နေသော အခန်းတစ်ခုအတွင်းသို့ လှမ်းဝင်လိုက်သည်။ အထဲ၌ လှောင်အိမ်အချို့အား အဝတ်အမည်းများဖြင့် ဖုံးအုပ်ထားသည်။ သူသည် အသံလုံ အစီအရင်တစ်ခုကို အသာလေး ခင်းကျင်းလိုက်ပြီးမှ လှောင်အိမ်တစ်ခုပေါ်ရှိ အဝတ်မည်းတစ်စအား မ တင် လိုက်သည်။

ဝူး....

ဝံပုလွေတစ်ကောင်၏ အူသံ ထွက်ပေါ်လာသည်။ ထို ပိန်လှီလှသော မီးခိုးသစ်ရွက် ဝံပုလွေသည် မာန်မလျှော့သေးပဲ အစွယ်များကို ထုတ်ပြကာ မာန်ဖီနေသည်။

လော့ချန် ခပ်ဖွဖွ ပြုံးလိုက်ရင်း စိတ်ဝိညာဉ်ခြောက်ခြားခြင်းအတတ်ကို ချက်ချင်း အသက်သွင်းလိုက်သည်။ ထိုစဥ် သူ၏မျက်လုံးများတွင် စိမ်းဖန့်ဖန့် အလင်းတန်းများ လျှပ်ခနဲ ပေါ်လာသည်။ မီးခိုးသစ်ရွက် ဝံပုလွေသည် ဗီဇအရ နောက်သို့ ဆုတ်လိုက်သော်လည်း ခန္ဓာကိုယ်မှာ ထိုနေရာတွင်ပင် တောင့်တင်းသွားတော့သည်။ ခဏအကြာတွင် လော့ချန်သည် ထိုဝံပုလွေ၏ စိတ်ဝိညာဥ်ကို အသာအယာ ဆွဲထုတ်လိုက်သည်။

သာမန် သားရဲများနှင့် နှိုင်းယှဉ်ပါက ပထမအဆင့် မိစ္ဆာသားရဲအဖြစ် စတင်ခြေလှမ်းလာသော ဤဝံပုလွေ၏ စိတ်ဝိညာဥ်မှာ များစွာ ပိုမို သန်မာလှသည်။ သို့သော် လော့ချန်သည် စိတ်ဝိညာဉ်ခြောက်ခြားခြင်းအတတ်တွင် ကျွမ်းကျင်အဆင့်သို့ ရောက်ရှိနေပြီဖြစ်ရာ မိစ္ဆာသားရဲအနေဖြင့် ပြန်လည် ခုခံနိုင်စွမ်း မရှိချေ။

ထို့နောက် လော့ချန် ခပ်တိုးတိုး ရယ်မောလိုက်ရင်း "ကွဲ...." ဟု အော်ဟစ်လိုက်သည်။

သူ့အော်သံအဆုံးမှာပင် ထိုဝေဝါးနေသော စိတ်ဝိညာဥ်အလင်းတန်းမှာ ရုတ်ချည်း အက်ကွဲသွားတော့သည်။ ၎င်းမှာ စိတ်ဝိညာဥ် ထိခိုက်သွားခြင်း၏ သိသာသော လက္ခဏာပင် ဖြစ်သည်။ လော့ချန်၏ မျက်နှာတွင် အနည်းငယ် ပင်ပန်းသော အရိပ်အယောင် ပေါ်လာသော်လည်း လက်ရှိအခြေအနေထိ အရာအားလုံးမှာ သူ၏ ထိန်းချုပ်မှုအောက်တွင် ရှိနေဆဲ ဖြစ်သည်။

နောက်ထပ် နှစ်ကြိမ်ခန့် အော်ဟစ်ပြီးနောက်တွင်မူ ဝံပုလွေ၏ စိတ်ဝိညာဥ်မှာ လုံးဝ ဥဿုံ ပျက်စီးသွားလေတော့သည်။ ထိုကြေမွသွားသော စိတ်ဝိညာဥ် အပိုင်းအစများကို ဝိညာဉ်ပျိုးပင်က ချက်ချင်းပင် စုပ်ယူဝါးမြိုလိုက်သည်။ ပျိုးပင်၏ စိမ်းလန်းစပြုနေပြီဖြစ်သော အဖူးလေး သုံးဖူးမှာ ယခုအခါ ပိုမို စိုပြည်တောက်ပလာပြီး သက်ဝင်လှုပ်ရှားလာသည်။ သစ်ကိုင်းအသစ်များ ထွက်ပေါ်လာတော့မည့် အရိပ်အယောင်များကိုလည်း မသဲမကွဲ မြင်တွေ့ရသည်။

"ဟူး...."

လော့ချန်သည် အသက်ကို ပြင်းပြင်းရှူထုတ်လိုက်ရင်း စိတ်ဝိညာဉ်ခြောက်ခြားခြင်း မှော်အတတ် လေ့ကျင့်ခြင်းအား ရပ်နားလိုက်သည်။

"ထင်တဲ့အတိုင်းပဲ.... မိစ္ဆာသားရဲတွေရဲ့ စိတ်ဝိညာဥ်ကိုသုံးပြီး လေ့ကျင့်တာက သာမန်သားရဲတွေနဲ့ ယှဉ်ရင် မြန်မြန် ပိုတိုးတက်စေတာပဲ.... အခုဆို ခဏအတွင်းမှာပဲ ငါ့ စိတ်ဝိညာဉ်ခြောက်ခြားခြင်း မှော်အတတ်က တဟုန်ထိုး တိုးတက်လာနေပြီ"

မိစ္ဆာသားရဲ၏ စိတ်ဝိညာဥ်နှင့် အပြန်အလှန် လုံးထွေးရမှု၊ ရုန်းကန်ရမှုနှင့် နောက်ဆုံးတွင် ပျက်စီးသွားစေရမှု အဆင့်တိုင်းမှာ စိတ်ဝိညာဉ်ခြောက်ခြားခြင်း မှော်အတတ်အတွက် လေ့ကျင့်ခန်းများပင် ဖြစ်ကြသည်။ ရန်သူ၏ စိတ်ဝိညာဥ် သန်မာလေလေ ကျွမ်းကျင်မှု တိုးတက်နှုန်း မြန်ဆန်လေလေပင်။

ချီလမ်းကြောင်း ဆေးလုံးသုံးလုံး၏ အာနိသင်ကို အပြည့်အဝ စုပ်ယူနိုင်ရန်အတွက် လော့ချန်သည် စိတ်ဝိညာဉ်ခြောက်ခြားခြင်းမှော်အတတ်ကို နေ့စဉ်နီးပါး အသုံးပြုခဲ့သည်။ မကြာသေးမီအတွင်း သူ့လက်ချက်ဖြင့် သေဆုံးသွားသော သားရဲများ ဒါဇင်နှင့်ချီ၍ ရှိနေပြီ ဖြစ်သည်။ လော့ချန်သည် လျိုချန်းကိုပင် အဆင့်နိမ့် မိစ္ဆာသားရဲများကို ဖမ်းဆီးရန် သို့မဟုတ် ဝယ်ယူရန်နှင့် ၎င်းတို့ကို လော့ထျန်းအဖွဲ့ချုပ်၏ နယ်မြေအတွင်း လှောင်ပိတ်ထားရန် ညွှန်ကြားထားခဲ့သည်။

ဤမိစ္ဆာသားရဲများကို အသုံးပြု၍ လေ့ကျင့်ခြင်းက သူ၏ စိတ်ဝိညာဉ်ခြောက်ခြားခြင်းမှော်အတတ်ကို တိုတောင်းသော အချိန်အတွင်း အံ့မခန်း တိုးတက်စေခဲ့သည်။ ပိုကောင်းသည့်အချက်မှာ သူ၏ တဟုန်ထိုး တိုးတက်လာသော စိတ်ဝိညာဥ် စွမ်းအားများမှာလည်း ခိုင်မာလာပြီး သူ့အခြေခံ အုတ်မြစ်၏ အစိတ်အပိုင်းတစ်ခု ဖြစ်လာခဲ့သည်။ ဤအပြန်အလှန် အကျိုးပြုမှုကြောင့် ရရှိလာသော ရလဒ်မှာ တစ်ခုချင်းစီ၏ရလဒ်ထက် များစွာ သာလွန်လှသည်။

စိတ်ဝိညာဉ်ခြောက်ခြားခြင်းမှော်အတတ်က သူ၏ အစွမ်းထက်လာသော စိတ်ဝိညာဥ် စွမ်းအားကို သွေးပေးသလို ဖြစ်စေပြီး ထိုသန်မာလာသော စိတ်ဝိညာဥ် စွမ်းအားသည်လည်း ထိုအတတ်၏ စွမ်းပကားကို ထပ်မံ မြှင့်တင်ပေးပြန်သည်။ အမှန်စင်စစ် ၎င်းမှာ နောက်ထပ် အကျိုးကျေးဇူးတစ်ခုကိုပါ ပေးစွမ်းနိုင်ခဲ့သည်။

ယခုအခါ လော့ချန်သည် နွေဦးကျင့်စဉ်ကို ယခင်ကနှင့်မတူပဲ တစ်နေ့ လေးကြိမ်အစား ငါးကြိမ်အထိ ကျင့်ကြံနိုင်ပြီ ဖြစ်သည်။ အပိုတစ်ကြိမ် ကျင့်ကြံနိုင်ခြင်းမှာ သိပ်မသိသာလှဟု ထင်ရသော်လည်း ရေရှည်တွင်မူ စုဆောင်းမိလာသော တိုးတက်မှုမှာ ကြောက်မက်ဖွယ်ရာ ကောင်းလောက်အောင် ကြီးမားလာမည် ဖြစ်သည်။

ထို့ပြင် သူ၏ သန်မာလာသော စိတ်ဝိညာဥ်သည် ဆေးဖော်စပ်ရာတွင်လည်း များစွာ အထောက်အကူပြုကြောင်း လော့ချန် တွေ့ရှိခဲ့ရသည်။ ယခင်က သူသည် တစ်နေ့ကို နှစ်ပိုင်းခွဲ၍ ကျောက်စိမ်းအမြုတေဆေးလုံး ၁၆ သုတ်စာ ကုန်ကြမ်းများကို ခက်ခက်ခဲခဲ ဖော်စပ်ခဲ့ရသည်။

ယခုမူ ထိုပမာဏမျှလောက်ကို သူ အေးအေးဆေးဆေးပင် ဖော်စပ်နိုင်ပြီ ဖြစ်သည်။ တခါတရံတွင် ပိုလျှံနေသော စွမ်းအင်များဖြင့် ထျန်းရှင်းကျီအတွက် သွေးအဆီအနှစ်ဆေးလုံးများကိုပါ အချိန်လု၍ ဖော်စပ်ပေးနိုင်ခဲ့သည်။

....

လော့ချန်သည် အခန်းအတွင်းမှ ထွက်လာပြီးနောက် အပြင်ဘက်၌ စောင့်နေသော လျိုချန်းကို ခေါင်းညိတ်ပြလိုက်သည်။

လျိုချန်းသည်လည်း အဓိပ္ပာယ်ကို နားလည်စွာဖြင့် မိစ္ဆာသားရဲ၏ အလောင်းကို ကိုင်တွယ်ရန် ချက်ချင်းပင် ဝင်သွားတော့သည်။ ထို့နောက် လော့ချန်သည် လော့ထျန်းအဖွဲ့ချုပ် ခန်းမဆောင်သို့ ဦးတည်လိုက်တော့သည်။ လမ်းတွင် လက်ရှိ ကျန်ရှိနေသော ဆေးလုံး ပမာဏကို တွက်ချက်နေမိသည်။

"အင်း.... မကြာသေးခင်က ခရမ်းရောင်တိမ်လွှာ ကြေးမီးဖိုကို သုံးပြီး သွေးအဆီအနှစ် ဆေးလုံးကို ရှစ်ကြိမ် ဖော်စပ်ခဲ့တယ်၊ တစ်ကြိမ်ကို လေးအိုးစာ ကုန်ကြမ်း သုံးခဲ့ပြီး ငါ့ကျွမ်းကျင်မှုအရဆိုရင် အလုံး ၄၀ လောက်တော့ စုမိနေပြီ၊ အရန် သိမ်းထားတဲ့ ၁၀ လုံးနဲ့ ပေါင်းလိုက်ရင် ၅၀ ပြည့်ပြီပဲ၊ အချိန်ကလည်း ရက်အနည်းငယ် ကျန်သေးတော့ ပစ္စည်းပို့ဖို့အတွက် အလျင်လိုစရာ မရှိသေးဘူး...."

"ဒါ့ထက်.... ဟိုကျောက်စိမ်းအမြုတေဆေးလုံးတွေကိုတော့ ခဏ ထားလိုက်ဦးမယ်၊ အရင်ဆုံး သွေးအဆီအနှစ် ဆေးလုံး နောက်ထပ် နှစ်သုတ်လောက် ထပ်ဖော်လိုက်တာ ပိုကောင်းမယ်.... ပြီးတော့ ချီလမ်းကြောင်း ဆေးလုံးကိုလည်း ရပ်ထားလို့ မဖြစ်ချေသေးဘူး၊ နောက်ရက်အတွင်း အနည်းဆုံး တစ်ပုလင်းလောက်တော့ ထွက်အောင် လုပ်မှရမယ်...."

ဤသို့ ဆုံးဖြတ်ချက်များ ချပြီးနောက် လော့ချန် သက်ပြင်းရှည်ကြီး တစ်ချက် ချလိုက်မိသည်။ သူကိုယ်တိုင်တောင် သတိမထားမိလိုက်ဘဲနှင့် အချိန်မလောက်ငခြင်း တည်းဟူသော ပြဿနာကို စတင် ရင်ဆိုင်လာရပြီ ဖြစ်သည်။ ကျောက်စိမ်းအမြုတေဆေးလုံးမှာ သူ၏ အဓိက စီးပွားရေးလမ်းကြောင်း ဖြစ်သည်။ ထိုဆေးလုံးများကို လုံလောက်စွာ ဖော်စပ်နိုင်မှသာ ကျင့်ကြံခြင်း အရင်းအမြစ်များကို ဝယ်ယူရန် လိုအပ်သော ဝိညာဉ်ကျောက်တုံးများကို သူ ရရှိပေလိမ့်မည်။

သွေးအဆီအနှစ်ဆေးလုံးမှာမူ ထျန်းရှင်းကျီနှင့် သီးသန့် ပူးပေါင်းဆောင်ရွက်မှု ဖြစ်သဖြင့် အထူးကဏ္ဍ ပေါင်းစုံတွင် သက်ရောက်မှု ရှိရာ ၎င်းကိုလည်း ရပ်တန့်၍ မဖြစ်ချေ။ ချီလမ်းကြောင်း ဆေးလုံးမှာမူ သူ ကိုယ်တိုင် သုံးစွဲရန် ဖြစ်သော်လည်း သူ၏စိတ်ဝိညာဥ် သန်မာရေးနှင့် အခြေခံ တည်ဆောက်ရေးတို့အတွက် အလွန် အရေးပါလှသဖြင့် ၎င်းကိုလည်း မဖော်ဘဲ မနေနိုင်ချေ။

ဤအရာများမှာ ဆေးဖော်စပ်ခြင်းနှင့် ပတ်သက်သော ကိစ္စရပ်များသာ ရှိသေးသည်။ သူသည် ကျင့်ကြံရေးအပိုင်းကိုလည်း လုပ်ဆောင်ရဦးမည် မဟုတ်ပါလော။ သူ့အတွက်မူ ကျင့်ကြံခြင်းသည် အရာအားလုံးထက် ပိုမို အရေးကြီးပြီး လုံးဝ လျစ်လျူရှု၍ မရသော အရာပင် ဖြစ်သည်။

မီးလုံးမှော်အတတ်ကို သုတေသန လုပ်ခြင်းမှာ သူ၏ တိုက်ခိုက်ရေးအတွက် အစွမ်းထက်ဆုံးသော ဝှက်ဖဲ ဖြစ်သည်။ စိတ်ဝိညာဉ်ခြောက်ခြားခြင်း မှော်အတတ်မှာမူ သူ့စိတ်ဝိညာဥ်ကို သွေးပေးရုံတင်မကဘဲ တစ္ဆေမြို့တော် အတွင်းရှိ ဝိညာဉ်တစ္ဆေများကို တန်ပြန်နိုင်မည့် နည်းလမ်း ဖြစ်သည်။ ထို့ပြင် သန့်စင်ခြင်းမှော်အတတ်၊ မြေပြို မှော်အတတ်အတွက် လိုအပ်သော အခြေခံ မှော်အတတ် နှစ်မျိုးနှင့် ပါရမီရှင်အဆင့်သို့ ရောက်လုနီးပါး ဖြစ်နေသော ကုသခြင်း မှော်အတတ်တို့လည်း ရှိနေသေးသည်။

ဤသည်တို့အပြင် ဆေးဖော်စပ်ခြင်းနှင့် ပတ်သက်သော နည်းစနစ်များနှင့် လတ်တလောမှ ရရှိထားသော တိမ်ပြိုမြူနှင်းတို့လည်း ရှိနေသေးသည် မဟုတ်ပါလော။ နတ်ဒေဝါပျားရည် နှင့် သွေးမိစ္ဆာဆေးလုံး တို့၏ နည်းစနစ်များကို စမ်းသပ်လေ့လာရမည့် ကိစ္စများလည်း ရှိပေသေးသည်။ သို့ဖြစ်သောကြောင့် လော့ချန်၏ တစ်နေ့တာ အချိန်မှာ သူ့အတွက် လုံးဝ မလောက်တော့ပေ။ သံမဏိလူသားတစ်ယောက်ပင်လျှင် ဤမျှ များပြားလှသော အလုပ်များကို ကိုင်တွယ်နိုင်ရန်ခက်ပေလိမ့်မည်။

ထိုမှသာ ဝမ်ယွမ်တစ်ယောက် လော့ထျန်းအဖွဲ့ချုပ်၏ တာဝန်ကိစ္စများကို ကိုင်တွယ်ရန် အဘယ်ကြောင့် အသည်းအသန် ငြင်းဆန်ခဲ့သည်ကို သူ နားလည်သွားတော့သည်။ ဤ ဗာဟီရကိစ္စများသည်လည်း ကျင့်ကြံရမည့် အချိန်များကို အမြောက်အမြား ဝါးမြိုနေသည် မဟုတ်ပါလော။

"အင်း ဒီအတိုင်းဆိုရင်တော့ မဟုတ်သေးဘူး.... ရှိသမျှ အလုပ်တွေကို ပြန့်ကျဲပြီး လုပ်နေလို့တော့မဖြစ်ချေဘူး"

ထိုစဥ်အခိုက်တွင် တောင်ပေါ်လေပြင်းများ တိုက်ခတ်နေသော်လည်း ဆေးဖော်ခန်းမဆောင်ဆီသို့ ဦးတည်နေသော လော့ချန်၏ ခြေလှမ်းများမှာ အထူးပင် လေးလံနေသလို ခံစားရသည်။ သူသည် တစ်စုံတစ်ခုကို ရွေးချယ်စွန့်လွှတ်ရန် စတင် လုပ်ဆောင်ရတော့မည်ကိုလည်း သိရှိလိုက်သည်။ အတိတ်ကာလများတွင် သူ ရွေးချယ်စရာ မလိုခဲ့သော်လည်း ယခုမူ အဖွဲ့အစည်းတစ်ခု၏ ခေါင်းဆောင် ဖြစ်နေလေရာ အမှန်တကယ် လုပ်ဆောင်လိုသော အရာများကိုသာ ရွေးချယ် အာရုံစိုက်နိုင်ခွင့်ရှိနေပြီ ဖြစ်သည်။

သို့သော် မည်သို့သော နည်းလမ်းဖြင့် ပြေလည်အောင် အဖြေရှာရမည်ကိုမူ သူ သေသေချာချာ စဉ်းစားရပေဦးမည်။

"အင်း.... လောလောဆယ်တော့ ဒီနေ့အတွက် သွေးအဆီအနှစ် ဆေးလုံး တစ်သုတ်ကို ပြီးအောင် ဖော်လိုက်ဦးမယ်၊ ဒါဆိုရင် တခြားလုပ်စရာတွေအတွက် အချိန်နည်းနည်းတော့ ပိုထွက်လောက်မယ်ထင်တယ်...."

ထိုသို့တွေးပြီးနောက် လော့ချန် သက်ပြင်းချလိုက်သည်။ သို့ရာတွင် နောက်ထပ် ပြဿနာတစ်ခုလည်း ရှိနေသေးသည်။ အကြောင်းမူ သွေးအဆီအနှစ်ဆေးလုံး နှင့် ချီလမ်းကြောင်း ဆေးလုံး တို့မှာ သူ၏ အချိန်များကို အလွန်အမင်း ကုန်ဆုံးစေခြင်းပင်ဖြစ်သည်။ အဓိက ပြဿနာမှာ သူ၏ ကျွမ်းကျင်မှု အဆင့်မှာ မမြင့်မားသေးသဖြင့် ထိုလုပ်ငန်းစဉ်များကို တပည့်များ သို့မဟုတ် မီးထိန်းသူများထံသို့ လွှဲပြောင်းပေး၍လည်း မရနိုင်ဖြစ်နေသည်။

"ဟူး.... ကျွမ်းကျင်မှု တိုးလာဖို့ကလည်း လေ့ကျင့်ဖို့ အချိန်ကမရှိ၊ ဂျာအေးသူ့အမေရိုက်နေပြီ...."

"အချိန်နှင့် ဒီရေသည် လူကိုမစောင့်တဲ့.... ဟင်.... ဘာလို့ ဒီစကားပဲ ငါ့စိတ်ထဲစွဲနေပါလိမ့်...."

လော့ချန် ထိုသို့ ရုတ်တရက် ဝေခွဲမရစွာ တွေးလိုက်မိပြီးနောက် ဆေးဖော်ခန်းမဆောင်အတွင်းသို့ လှမ်းဝင်လိုက်ကာ ဆေးဖော်စပ်ရန် စတင် ပြင်ဆင်လိုက်တော့သည်။

All Chapters