← Chapters

အခန်း (၂၄၅-၂၄၆)

Vol. 25 Ch. 245-246

အခန်း (၂၄၅-၂၄၆)

Vol. 25 Ch. 245-246

အခန်း (၂၄၅) - ပုံပြင်တစ်ပုဒ်နှင့် သေရည်တစ်ခွက်

"ရှစ်လုံးတောင်လား...."

လေးရောင်ခြယ်ဆေးအိုး အတွင်း၌ သွေးကဲ့သို့ ရဲရဲနီသော ဆေးလုံး ရှစ်လုံးမှာ တိတ်ဆိတ်စွာ လွင့်မျောနေပြီး ၎င်းတို့၏ အနီရင့်ရင့် အဆင်းမှာ မှိန်ဖျော့သော အလင်းအောက်တွင် တလက်လက် တောက်ပနေသည်။

လော့ချန်မှာ အံ့ဩသွားသဖြင့် မျက်လုံးများပင် ပြူးကျယ်သွားရသည်။ ဤတစ်သုတ်အတွက် သူသည် ကုန်ကြမ်း လေးအိုးစာကို အသုံးပြုခဲ့ခြင်း ဖြစ်သည်။ ပုံမှန်အားဖြင့် ကုန်ကြမ်းတစ်အိုးလျှင် ဆေးလုံးတစ်လုံး ရလျှင်ပင် အတော်လေး အဆင်ပြေသည်ဟု သတ်မှတ်နိုင်သည်။ ယခုမူ လေးလုံးအစား ရှစ်လုံးအထိပင် ထွက်ရှိလာခဲ့သည်။ ဤမမျှော်လင့်ထားသော ရလဒ်က သူ့အား မှင်တက်သွားစေတော့သည်။

သူကိုယ်တိုင်သတိမထားလိုက်မိပဲ လက်ကို မြှောက်လိုက်ရင်း သူ၏သွယ်လျသော လက်ချောင်းများကို စိုက်ကြည့်ရင်း လေးနက်စွာတွေးမိသွားသည်။

‘အင်း.... ရေတံခွန်စိမ့်စမ်း ဆေးဖော်နည်းက မျောက်ဝံသွေးထဲက အညစ်အကြေးတွေကို သန့်စင်ပေးလိုက်လို့ ဆေးလုံးထွက်နှုန်း ပိုကောင်းတာများလား၊ အဲ့လိုသာဆို သွေးအဆီအနှစ်ဆေးလုံးရဲ့ ဖော်စပ်နည်းကိုပိုပြီး တိုးတက်အောင် လုပ်လို့ရပြီပဲ...."

အမှန်စင်စစ်တွင်မူ မျောက်ဝံသွေးမှာ အခြား ဆေးဖက်ဝင်ကုန်ကြမ်းများနှင့် မတူပဲ အရည်အမျိုးအစားဖြစ်ကြောင်း သူရုတ်တရက် သတိရလိုက်သည်။ သို့နှင့် အခြေခံအဆင့်သာ ရှိသေးသော ရေတံခွန်စိမ့်စမ်း ဆေးဖော်နည်းတွင် စိတ်ကူးပေါက်သလို စမ်းသပ်သုံးစွဲခဲ့ခြင်း ဖြစ်သည်။ သို့သော် မမျှော်လင့်ဘဲ ရလဒ်မှာ ထင်ထားသည်ထက် ပိုကောင်းခဲ့သည်။

ထို အံ့ဩမှုနောက်တွင် ဆေးဖော်စပ်ခြင်း အတတ်ပညာအပေါ် လေးစားမိသော သူ့ ခံစားချက်မှာ ယခင်ထက် ပိုမိုကိန်းအောင်းလာခဲ့သည်။ ဆေးဖော်စပ်ခြင်း အတတ်မှာ တစ်ချိန်က သူတွေးထင်ထားခဲ့သည်ထက် များစွာ ပိုမို နက်ရှိုင်းလှသည်။ အစပိုင်းတွင် သူသည် မိမိကိုယ်ကို ပါရမီထူးသူဟု ယူဆခဲ့ပြီး အနည်းငယ်အောင်မြင်လာသောအခါ သူ့ကိုယ်သူ ဆရာကြီးတစ်ဦးဟုပင် ခေါ်ဆိုနိုင်ပြီဟု ထင်မှတ်ခဲ့ဖူးသည်။

သို့သော် သူ ဆေးလုံးများကို ပိုမိုဖော်စပ်ပြီး၊ နည်းစနစ်များကို ပိုမိုတတ်မြောက်လာသည့်အလျောက် သူ မသိသေးသော ပညာရပ်များ မည်မျှအထိ ရှိနေသေးသည်ကို ပိုသိမြင်လာသည်။

ယခုမူ သူ နောက်ထပ် တစ်သုတ် ထပ်ဖော်ရန်မလိုအပ်တော့ပေ။ လက်ရှိ သူ့ လက်ထဲတွင် သွေးအဆီအနှစ် ဆေးလုံး စုစုပေါင်း ၅၈ လုံး ရှိနေပြီဖြစ်ရာ ထျန်းရှင်းကျီ၏ တောင်းဆိုချက်ကို ဖြည့်ဆည်းပေးရန် လုံလောက်နေပေပြီ။ သူသည် ဆေးရှစ်လုံးကို လော့ထျန်းအဖွဲ့ချုပ် သုံးစွဲရန် ချန်ထားခဲ့ပြီး ကျန်ရှိသော အလုံး ၅၀ ကိုမူ ရက်အနည်းငယ်အတွင်း ထျန်းရှင်းကျီထံသို့ သွားပေးရမည် ဖြစ်သည်။

ယခုတခါ နဂါးရတနာ မှောင်ခိုဈေးကွက်သို့ ရောက်လျှင် သူ တောင်းဆိုထားသည့်ဆေးဖက်ဝင်ကုန်ကြမ်းများကို နှစ်ဆပြင်ထား၊ မထား ကိုလည်းအတည်ပြုရန် ရည်ရွယ်ထားသည်။

ဆေးဖော်ခန်းမဆောင်အတွင်းမှ သူ လှမ်းထွက်လာသောအခါ ကူချိုင်ယီက သူ့အား စိတ်ရှည်လက်ရှည် စောင့်ဆိုင်းနေသည်ကို တွေ့လိုက်ရသည်။

"ဟင် မိန်းကလေးချိုင်ယီပါလား.... စောင့်နေရတာ ကြာပြီလား"

"ဟင့်အင်း.... သိပ်မကြာသေးပါဘူး"

"ပြောပါဦးဗျ.... အဖွဲ့ချုပ်ထဲမှာ တစ်ခုခုများ ဖြစ်လို့လား"

"ဟိုလေ.... အဲ.... ကျောက်စိမ်းအမြုတေဆေးလုံးတွေ အကြောင်းပါ"

ကူချိုင်ယီက တုံ့ဆိုင်းနေသော လေသံဖြင့် ပြန်ဖြေသည်။

"တွမ်မျိုးနွယ်စုက သူတို့ကို ထပ်ရောင်းဖို့ လာတိုက်တွန်းနေလို့ပါ.... ပြီးတော့ တစ်ကိုယ်တော်ကျင့်ကြံသူ ဈေးတန်းထဲမှာလည်း ဆေးပြတ်လုနီးပါး ဖြစ်နေပြီမိုလို့လေ...."

ထိုအခါ လော့ချန်၏ ခြေလှမ်းများရပ်သွားကာ မျက်မှောင်ကြုတ်လိုက်မိသည်။

"နေပါဦး.... တွမ်မျိုးနွယ်စုက ဆေးလုံးတွေ ဘာလို့ အများကြီး လိုနေတာလဲ.... ဘာလဲ သူတို့ကလည်း နန်ကုန်းမျိုးနွယ်စုလိုမျိုး တံခါးပိတ်ကျင့်ကြံတော့မလို့လား...."

"အဲ့လိုတော့ ဟုတ်ပုံမရဘူးရှင့်.... မဟုတ်လောက်ပါဘူး.... ဒါပေမဲ့ သူတို့ လစဉ်အတွက် တောင်းဆိုတဲ့ ပမာဏက လီမျိုးနွယ်စုနဲ့ ချန်မျိုးနွယ်စုတွေထက် နှစ်ဆလောက် ပိုများနေလို့ပါ"

သူမသည်လည်း ဤကိစ္စအတွက် စိတ်မအေးဖြစ်နေပုံရသည်။ ထို့နောက် တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့် လျင်မြန်စွာ ဆက်ပြောသည်။

"နောက်ပြီး တွမ်မျိုးနွယ်စုက မကြာသေးခင်ကစပြီး တွမ်ဖုန်းနဲ့ အဆက်အသွယ်လုပ်ချင်လို့ဆိုပြီး သူ့လူတွေကို ခဏခဏ လွှတ်နေတယ်ရှင့်...."

"ဟမ်.... အစ်ကိုတွမ်ကို ဆက်သွယ်ချင်နေတယ် ဟုတ်လား.... သူတို့က ဘာဖြစ်ချင်နေတာလဲ"

တွမ်ဖုန်းသည် တွမ်မျိုးနွယ်စုမှ အစွန့်ပစ်ခံရသော မျိုးဆက်တစ်ဦးဖြစ်ပြီး သူသည် တွမ်မျိုးနွယ်စုဝင်များ အပေါ်တွင် နာကျည်းချက်များ ရှိနေသည်ကို လော့ချန် ကောင်းစွာ မှတ်မိနေသည်။ ယခင် ရွှေအမြုတေအဆင့် တိုက်ပွဲဖြစ်စဉ်တွင် တွမ်ဖုန်းသည် သုံ့ပန်းလက်နက်များနှင့် အဖိုးတန် ပစ္စည်းများ ရှာဖွေရန် တိုက်ပွဲဖြစ်ရာ တောနက်ထဲသို့ အသည်းအသန် ဝင်ရောက်ခဲ့ဖူးသည်။

သူ၏ တစ်ခုတည်းသော ရည်မှန်းချက်မှာ ပိုသန်မာလာရန်နှင့် မျိုးနွယ်စုအား ပြန် ကလဲ့စားချေရန်ပင်။ လော့ချန်သည် သူ၏ “အဲ့ဒီ မြေခွေးအိုကြီး သက်တမ်းက သိပ်မကျန်တော့ပါဘူး…." ဟူသော စကားလုံးများကို ယခုတိုင် မှတ်မိနေသေးသည်။ သွေးသားတော်သည့်အပြင် အခြေခံ တည်ဆောက်ခြင်းအဆင့် ရှိသော ကျင့်ကြံသူတစ်ဦးကို ‘မြေခွေးအိုကြီး’ ဟု ခေါ်ဝေါ်ရလောက်သည်အထိ အဘယ်ကြောင့် နာကျည်းနေရသည်ကိုမူ သူ မတွေးတတ်ပေ။

တွမ်ဖုန်း ပြောဆိုသော ထိုမြေခွေးအိုကြီးမှာ အခြားသူမဟုတ်ဘဲ တွမ်ချန်ခွန်းပင် ဖြစ်သည်။ ထိုလူကြီးမှာ ကျင့်ကြံခြင်းတွင် အားထုတ်မည့်အစား နဂါးရတနာ မှောင်ခိုဈေးကွက်သို့ မကြာခဏ လာရောက်လေ့ရှိသည်။ ဈေးကွက်ဖွင့်တိုင်း သူ ပေါ်လာစမြဲပင်။ တွမ်ချန်ခွန်း လေလံဆွဲသော အရာများဖြစ်သည့် ဆေးလုံးများ၊ မှော်စာရွက်များ၊ ဆေးဖက်ဝင်အပင်များ သို့မဟုတ် မှော်လက်နက်များ အားလုံးမှာ တိုက်ခိုက်ရေးနှင့် ရှင်သန်ရေးတို့နှင့် တိုက်ရိုက် ဆက်စပ်နေသည်ကို လော့ချန် မှတ်မိနေသည်။

ထိုအချက်ကို ကြည့်ခြင်းအားဖြင့် ထိုလူကြီးမှာ ကိုယ့်ကိုယ်ကိုယ် မီးစာကုန် ဆီခန်း ဖြစ်တော့မည်ကို သိရှိနေပြီး မျိုးနွယ်စုအနာဂတ်အတွက် ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်နေခြင်း ဖြစ်ပေလိမ့်မည်။ ယခုမူ သူ တစ်ချိန်က စွန့်ပစ်ခဲ့သော တွမ်ဖုန်းကိုပင် ပြန်လည် ဆက်သွယ်နေပြီ ဖြစ်သည်။ သူသည် အတိတ်က ရန်ငြိုးများကို ဖြေဖျောက်ပြီး တွမ်ဖုန်းကို မျိုးနွယ်စုအတွင်းသို့ ပြန်လည် ပေါင်းစည်းရန် ကြိုးစားနေခြင်း ဖြစ်ပေလိမ့်မည်။

သို့သော် တွမ်ဖုန်းမှာ သာမန် ကျင့်ကြံသူတစ်ဦး မဟုတ်ပေ။ ယခင်က သူသည် အဆုံးအဖြတ်စင်မြင့်ပေါ်တွင် သူ၏ကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်နိုင်စွမ်းကြောင့် နာမည်ကျော်ခဲ့သူ ဖြစ်သည်။ နောက်တစ်ချက်မှာ သူသည် တိုက်ခိုက်ရေးတွင်သာမက လက်နက် သွန်းလုပ်ခြင်းတွင်ပါ ပါရမီရှိနေခြင်း ဖြစ်သည်။ နာကျည်းချက်များကြောင့်သာ သူ တိုက်ခိုက်ရေးဘက်သို့ အာရုံစိုက်ခဲ့ခြင်း ဖြစ်ပေလိမ့်မည်။

လက်ရှိတွင် တွမ်ဖုန်းသည် လော့ထျန်းအဖွဲ့ချုပ်၏ တိုက်ခိုက်ရေးခန်းမဆောင်မှ ခေါင်းဆောင်တစ်ဦးအဖြစ် ရပ်တည်နေသလို နောင်တစ်ချိန်တွင်လည်း လက်နက်ခန်းမဆောင်ကို တည်ထောင်ဦးစီးမည့် အလားအလာ ရှိသူလည်း ဖြစ်သည်။ ထိုကဲ့သို့သော ပါရမီရှင်မျိုးကို တွမ်မျိုးနွယ်စုထံသို့ လော့ချန် အပါခံမည်မဟုတ်ပေ။

"ကဲပါ မိန်းကလေးရယ်.... ကျောက်စိမ်းအမြုတေဆေးလုံးတွေ ကိစ္စ စိတ်မပူနဲ့ တော့၊ အဲ့ဒါကို မိတ်ဆွေကျန်းဝမ်ကို ကြည့်ရှင်းခိုင်းလိုက်.... ဒီလအတွက်တော့ ပုံမှန် သတ်မှတ်ထားတဲ့ ပမာဏလောက်ပဲ ပေးမယ်"

ထိုအခါ ကူချိုင်ယီက လိုက်နာဟန် ခေါင်းညိတ်ပြသည်။ သူမသည် ဝယ်ယူသူများ၏ တောင်းဆိုချက်ကို ငြင်းပယ်ရန် ဝန်လေးတတ်သူ ဖြစ်သည်။ ကျန်းဝမ်မှာမူ ထိုကဲ့သို့သော ပြသနာများကို ဖြေရှင်းရာ၌ အသင့်တော်ဆုံးသူဖြစ်သည်။ သူ၏ အဓိက တာဝန်မှာ လော့ထျန်းအဖွဲ့ချုပ်၏ အမုန်းခံရမည့် ကိစ္စများတွင် ပညာသားပါပါ သကာရည်ဖြင့် လောင်းရန်ဖြစ်သည်။

"ကောင်းပါပြီရှင်.... အဲဒါဆို ဆေးလုံးထွက်နှုန်းက အကန့်အသတ်နဲ့ဖြစ်လို့ ရောင်းစရာမရှိတော့ဘူး ဆိုတဲ့ အကြောင်းပြချက်ပြောဖို့ ခေါင်းဆောင် ကျန်းဝမ်ကို တွမ်မျိုးနွယ်စုဆီ လွှတ်လိုက်ပါမယ်...."

"အင်း.... နေဦးဗျ.... နန်ကုန်းမျိုးနွယ်စုက ကျောက်စိမ်းအမြုတေဆေးလုံးတွေကို အများကြီး ယူသွားလို့ ပစ္စည်းပြတ်သွားတယ်လို့ ပြောခိုင်းလိုက်...."

ထိုစကားကြောင့် ကူချိုင်ယီ၏မျက်လုံးများ အရောင်တောက်သွားသည်။ ဤအကြောင်းပြချက်မှာ ပိုထိရောက်ပေသည်။ နန်ကုန်းမျိုးနွယ်စု ဘက်သို့ မြှားဦးလှည့်ပေးလိုက်ခြင်းဖြင့် လော့ထျန်းအဖွဲ့ချုပ်သည် မည်သူ့နှင့်မျှ တိုက်ရိုက် အဖုအထစ် ဖြစ်စရာ မလိုတော့ချေ။ နန်ကုန်းမျိုးနွယ်စု တံခါးပိတ်ကျင့်ကြံနေသည်မှာ တာဟဲစျေးမြို့တော် တစ်ခုလုံး သိထားပြီးသား ဖြစ်ရာ တွမ်မျိုးနွယ်စုအနေဖြင့် အတည်ပြုချင်လျှင်ပင် မည်သူ့ကိုမျှ တွေ့ရမည် မဟုတ်ပေ။

....

လခြမ်းတောင်ကြား၏ အပြင်ဘက်၊ ကျယ်ပြောလှသော လက်ရည်စမ်း ပြိုင်ပွဲစင်မြင့်ကြီးများ၏ ဘေး၌ အဆောက်အအုံသစ်တို့သည် စီတန်းလျက် ခန့်ညားထည်ဝါစွာ ပေါ်ထွန်းလာခဲ့ပြီ ဖြစ်သည်။ ထိုနေရာကား လော့ထျန်းအဖွဲ့၊ တိုက်ခိုက်ရေးခန်းမဆောင်၏ ဌာနချုပ်ပင် ဖြစ်သည်။ ယခုအခါ၌ ကျင့်ကြံသူ အများစုမှာ ထိုနန်းဆောင်သစ်များအတွင်း၌ပင် အခြေချ နေထိုင်ကြလေတော့သည်။

ထိုခန်းမဆောင်၏ အကြီးအကဲ ဝမ်ယွမ်သည် သူ့လူများအတွက် ရံဖန်ရံခါတွင် အသေးစား စိန်ခေါ်ပွဲများကို စီစဉ်ပေးလေ့ရှိသည်။ လော့ထျန်းအဖွဲ့ချုပ်သည် မိမိတို့၏ ကျင့်ကြံသူများကို ကာကွယ်ရေးနှင့် ကင်းလှည့်ခြင်း လုပ်ငန်းများအတွက်တင် လစာ အမြောက်အမြား ပေးထားခြင်း မဟုတ်ချေ။ အဓိက အရေးကြီးသည်မှာ တိုက်ခိုက်ရေးစွမ်းရည်ကို ထက်မြက်အောင် လေ့ကျင့်ထားရန်နှင့် မည်သည့်အချိန်တွင်မဆို ဖြစ်ပွားလာနိုင်သော ပဋိပက္ခတိုက်ပွဲများအတွက် အဆင်သင့် ဖြစ်နေစေရန်ပင်။

လော့ချန်တစ်ယောက် ထိုနေရာအနီးသို့ တိတ်ဆိတ်စွာ ရောက်ရှိလာခဲ့သည်။ သူ၏ ခြေလှမ်းများမှာ တည်ငြိမ်နေပြီး ရှည်မျောမျော မီးခိုးခေါင်းတိုင်ကြီးရှိသည့် အဆောက်အအုံကြီးတစ်ခုဆီသို့ ဦးတည် လျှောက်လှမ်းသွားသည်။

သူ အထဲသို့ မဝင်ရသေးမီမှာပင် သတ္တုချင်း ရိုက်ခတ်သံများမှာ အတွင်းမှ ကျယ်လောင်စွာ ထွက်ပေါ်နေသည်။ ထိုအသံမှာ လျှိုမြောင်နံရံများကို ရိုက်ခတ်၍ ပဲ့တင်ထပ်နေသလို၊ ဆောင်းရာသီ၏ အေးစက်သော လေထုထဲတွင် ထိုပူပြင်းလှသော သတ္တုရိုင်းများ၏ ညှော်နံ့ကလည်း ပျံ့လွင့်နေသည်။

အထဲတွင် ချီသန့်စင် အလယ်အလတ်အဆင့်ရှိသော ကျင့်ကြံသူ ငါးဦးမှာ ကြီးမားလှသော မီးဖိုကြီးကို ဝိုင်းရံ၍ သတ္တုရိုင်းများနှင့် သတ္တုစပ်များကို ထုရိုက်နေကြသည်။ အပေါ်တွင်မူ လေဝင်လေထွက်ရစေရန် လေထိန်းပန်ကာ ကြီးတစ်ခုက တဟုန်းဟုန်း လည်ပတ်နေပြီး လိပ်တက်လာသော မီးခိုးအမည်းရောင်များကို လွင့်စင်အောင် ပြုလုပ်ပေးနေသည်။

လော့ချန်၏ အကြည့်မှာ အခန်း၏ အလယ်ဗဟိုသို့ ရောက်သွားသည်။ တွမ်ဖုန်းမှာ အပေါ်အင်္ကျီ ဗလာကျင်းလျက် တောင့်တင်းသော ကိုယ်လုံးမှ ချွေးများ တဒီးဒီး စီးကျနေသည်။ သူသည် မျက်စိကျိန်းလောက်အောင် အရောင်တောက်နေသော သတ္တုရိုင်း တုံးကြီး တစ်ခု အပေါ်သို့ ဧရာမ တူကြီးဖြင့် ထုရိုက်နေသည်။ လော့ချန်ကို ဆွဲဆောင်လိုက်သည်မှာ ထိုအမျိုးသား၏ ခွန်အား မဟုတ်ဘဲ သူ့မျက်နှာပေါ်ရှိ အမူအရာ ဖြစ်သည်။ တူတစ်ချက်ချင်းစီ ထုရိုက်လိုက်တိုင်းတွင် ခက်ထန်ပြင်းထန်လှသော စည်းချက်များ ပါဝင်နေပြီး ၎င်းမှာ သတ္တုကို ပုံဖော်နေခြင်း မဟုတ်ဘဲ ရန်သူတစ်ယောက်ကို ထုနှက်နေသည့်အလား ထင်မှတ်ရသည်။

သို့သော် ထိုထုနှက်ချက်များသည် စိတ်ထွက်ပေါက်ရရန် ပရမ်းပတာ ထုနေခြင်းမျိုးလည်း မဟုတ်ပေ။ တူတစ်ချက် ကျလာတိုင်းတွင် တွမ်ဖုန်း၏ ခန္ဓာကိုယ်အတွင်းမှ ချီစွမ်းအားများမှာ ထုချက်များနှင့်အညီ စည်းချက်ကျကျ လှည့်ပတ်နေသည်ကို လော့ချန် ရှင်းလင်းစွာ ခံစားမိသည်။ သတ္တုတုံးအတွင်းမှ အညစ်အကြေးများ ထွက်သွားသကဲ့သို့ပင် သူ၏ ချီစွမ်းအားများမှာလည်း ဤဖြစ်စဉ်တွင် ပိုမို သန့်စင်သွားပုံရသည်။ အဆုံးသတ်တွင် ခန္ဓာကိုယ်ထဲသို့ ပြန်လည် စုပ်ယူလိုက်သော ချီစွမ်းအားများမှာ ထူးကဲစွာ စင်ကြယ်နေတော့သည်။ လော့ချန် မျက်လုံးများကို အနည်းငယ်မှေးလိုက်ရင်း တစ်စုံတစ်ခုကို နားလည်သွားဟန်ဖြင့် မျက်နှာဝင်းပသွားသည်။

"ဒါက ချီစွမ်းအားကို သန့်စင်တဲ့ ထူးခြားတဲ့ နည်းလမ်းတစ်ခုပါလား.... ဒါပေမဲ့ ငါ ဘာလို့ အစ်ကိုတွမ် ဒီလိုလုပ်တာကို တစ်ခါမှ မမြင်ဖူးရတာလဲ...."

လော့ချန် ထိုသို့ လေးနက်စွာတွေးမိနေစဉ်မှာပင် အဆောက်အအုံအတွင်းရှိ ကျင့်ကြံသူများသည် သူ့အား သတိပြုမိသွားကြသည်။ အကြောင်းမူ သူသည် ထို ဝင်ပေါက်တွင် အတိုင်းသားရပ်ကြည့်နေရာ မည်သူမျှ သတိမထားမိပဲနေမည် မဟုတ်ပေ။

"အဖွဲ့ချုပ်ခေါင်းဆောင် မင်္ဂလာပါ ခင်ဗျ"

"အဖွဲ့ချုပ်ခေါင်းဆောင်ကို ဂါရဝပြုပါတယ်"

ထိုအသံများကြောင့် တွမ်ဖုန်းတစ်ယောက် ဝင်ပေါက်ဘက်ကြည့်ကာ သူ၏ လုပ်လက်စအလုပ်ကို ရပ်တန့်လိုက်ပြီး လော့ချန်ဘက်သို့ လှည့်လာသည်။ သူ၏တူကို ဘေးသို့ ချလိုက်ကာ လက်များကို သန့်စင်အောင် သုတ်လိုက်သည်။ ပြီးမှ အပေါ်ဝတ်ရုံကို ကောက်စွပ်၍ လော့ချန်ရှိရာသို့ လျှောက်လာခဲ့သည်။

မြင့်မားလှသော အဆုံးအဖြတ်စင်မြင့်ကြီးများ၏ အောက်တွင် လူနှစ်ဦး၏ ပုံရိပ်မှာ ကွဲပြားခြားနားစွာ ရပ်တည်နေကြသည်။ လော့ချန်မှာ နှင်းမြေခွေးသားမွေးဖြင့် ချုပ်လုပ်ထားသော ဇိမ်ခံဝတ်ရုံကြီးကို ပတ်ထားသဖြင့် ခန့်ညားထည်ဝါသော ခေါင်းဆောင်တစ်ဦးနှင့် တူလှသည်။ အခြားတစ်ဖက်တွင်မူ တွမ်ဖုန်းသည် ပါးလွှာသော အပေါ်ဝတ်ရုံတစ်ခုကိုသာ ဝတ်ဆင်ထားပြီး ဆောင်းရာသီ အအေးဒဏ်က သူ့အား မထိခိုက်နိုင်သည့်အလား ဖြစ်နေသည်။ လူနှစ်ဦးသည် မတူညီသော ရာသီဥတုနှစ်ခုထဲ၌ သီးခြားစီရပ်နေသကဲ့သို့ပင် ရှိသည်။ တစ်ဦးမှာ ဆောင်းရာသီအအေးဆုံးအချိန်တွင် ရှိနေပြီး နောက်တစ်ဦးမှာမူ နွေရာသီအပူရှိန် ပြင်းအောက်တွင် ရှိနေသည့်အလား ဖြစ်နေသည်။

သို့သော် သူတို့၏ စိတ်ခံစားချက်များမှာမူ ထိုရာသီအခြေအနေနှင့် ပြောင်းပြန် ဖြစ်နေပုံရသည်။ အကြောင်းမူ လော့ချန်က တက်ကြွစွာဖြင့် စကားများကို သဘာဝကျကျ ပြောဆိုနေသော်လည်း တွမ်ဖုန်းမှာမူ မျက်နှာထားတည်နေပြီး စကားပြောရာတွင်လည်း တိုတောင်းပြတ်တောင်းလှသည်။ လော့ချန်သည် ဤကဲ့သို့ တစ်ဖက်သတ် စကားပြောရခြင်းကို နေသားကျနေပြီ ဖြစ်ရာ တွမ်ဖုန်း စကားပြောလာစေရန် မည်သို့ ဆွဲဆောင်ရမည်ကို သိရှိထားသည်။

‘ဩော်.... စကားနည်းတဲ့ပုံ ဖမ်းပြနေတာပေါ့ ဟုတ်လား’ ဟု စိတ်ထဲမှ ကျိတ်တွေးကာ ပြုံးလိုက်သည်။

"အစ်ကိုတွမ်.... အစ်ကို လေ့ကျင့်ပေးနေတဲ့ လူသစ်တွေ အခြေအနေ ဘယ်လိုလဲဗျ" ဟု လော့ချန် ခပ်ပေါ့ပေါ့ပင် မေးလိုက်သည်။ ထိုစကားက တွမ်ဖုန်း၏ စိတ်ဝင်စားမှုကို ဆွဲဆောင်နိုင်ခဲ့သည်။

"အင်း.... အဆင်ပြေပါတယ်၊ သူတို့ အခုဆိုရင် အခြေခံ သတ္တုရိုင်းတွေကို သန့်စင်တဲ့နေရာမှာ ငါ့ကို ကူညီနိုင်နေပြီ"

"အိုး.... ကောင်းတာပေါ့ဗျာ.... မှော်လက်နက်တွေကော"

"အင်း.... အဲဒါက အခုထိတော့ ထိန်းသိမ်းပြုပြင်တဲ့ အဆင့်မှာပဲ ရှိပါသေးတယ်.... မှော်လက်နက် အသစ်စက်စက်တွေကို သွန်းလုပ်ဖို့ကတော့ အခက်အခဲရှိတယ်ကွ…."

ထို့နောက် တွမ်ဖုန်းက စိတ်ပျက်လက်ပျက်ဟန်ဖြင့် သက်ပြင်းချကာ ဆက်ပြောသည်။

"ငါ့ဆီမှာ ဝိညာဉ်ဓားပျံ နှစ်မျိုးပဲ ရှိတယ်.... အဆင့်နိမ့်တစ်မျိုးနဲ့ အဆင့်လတ် တစ်မျိုးပေါ့.... မင်းပြောသလိုဆိုရင်တော့ ဒါတွေက ဈေးကွက်ထဲမှာ ယှဉ်ပြိုင်နိုင်စွမ်း မရှိပါဘူး.... အကောင်းဆုံးကတော့ ငါတို့ ကိုယ်တိုင်သုံးဖို့အတွက်ပဲ သွန်းလုပ်နိုင်လိမ့်မယ်ကွာ"

ဆေးဖော်စပ်ရာတွင် နည်းစနစ်များ လိုအပ်သကဲ့သို့ လက်နက်သွန်းလုပ်ရာတွင်လည်း နမူနာပုံစံငယ်များ လိုအပ်လှသည်။ ပျံလွှားမြို့တော်မှ ဟူယန်ကျူး ကဲ့သို့သော မှော်လက်နက်နှင့် ရတနာအသစ်များကို ကိုယ်တိုင် တီထွင်ဖန်တီးနိုင်သည့် ဆရာကြီးအဆင့်သို့ မရောက်မချင်း မိမိတွင်ရှိသော ပုံစံငယ်များ၏ ကန့်သတ်ချက်အတွင်း၌သာ ရှိနေပေလိမ့်မည်။ တွမ်ဖုန်းမှာမူ ထိုအဆင့်သို့ မရောက်သေးသည်မှာ ထင်ရှားလှသည်။

သို့သော် လော့ချန်သည် သူ့အပေါ် ထိုမျှအထိ မျှော်လင့်ချက် မထားခဲ့ဖူးချေ။ သူ လက်နက်သွန်းလုပ်ခြင်းအကြောင်းကို ပြောဆိုရခြင်းမှာ စကားစရန်သာ ဖြစ်ပြီး တွမ်ဖုန်း အလေးထားသော အကြောင်းအရာဆီသို့ ဦးတည်ရန် ဖြစ်သည်။ အခွင့်အရေး ရသွားသည်နှင့် တွမ်ဖုန်းမှာ မမေးဘဲနှင့်ပင် ရှည်ရှည်ဝေးဝေး ပြောဆိုလာတော့သည်။

"ဟို ချင်းဟယ်တောင်တန်းကနေ ပြန်ရခဲ့တဲ့ တစ်ပတ်ရစ် မှော်လက်နက်တွေ ရှိသေးတယ်လေ.... အဲ့ဒီအထဲက အကုန်လုံးနီးပါးကို ငါ ပြုပြင်ပြီးပြီ.... အဲ့ဒါတွေကို ပြန်ရောင်းရင် အရင်းတင်မကဘဲ အမြတ်နည်းနည်းတောင် ကျန်ဦးမှာပါ"

ထိုသို့ ပြောလိုက်သော တွမ်ဖုန်း၏စကားများကို ကြားသောအခါ လော့ချန် ရယ်မောလိုက်သည်။

"ဟားဟား.... အစ်ကိုတွမ်ရာ.... အဲ့ဒါကို အခုထိ မှတ်မိနေတုန်းပဲလားဗျာ"

ထိုအခါ တွမ်ဖုန်းက ခေါင်းကုတ်လိုက်ရင်း ဆိုသည်။

"မင်းက ငါတို့ လက်နက်ပြင်ဆိုင်မှာ ဝိညာဉ်ကျောက်တုံး ၂၀၀၀၊ ၃၀၀၀ လောက် ရင်းနှီးပေးခဲ့တာပဲ.... နောက်ဆုံးမှာ ငါက ၁၀၀၀ ပဲ ပြန်ပေးနိုင်ခဲ့တာလေ.... ဘယ်လိုလုပ် မေ့နိုင်ပါ့မလဲ"

အမှန်ပင်ဖြစ်သည်။ ဖုန်းဟိုင် ပန်းပဲဖိုနှင့် လက်နက်ပြင်ဆိုင်မှာ လော့ချန် ရှားရှားပါးပါး အရှုံးပေါ်ခဲ့သော ဆိုင်တစ်ဆိုင် ဖြစ်ခဲ့သည်။ အရှေ့ပိုင်းလွင်ပြင်ရှိ ရွှေအမြုတေဂူသင်္ချိုင်းမှ ချီစုဆုံအစီအရင် ပြိုကျသွားသောအခါ တစ်ကိုယ်တော်ကျင့်ကြံသူများမှာ ဖရိုဖရဲ ဖြစ်ကုန်ပြီး မိစ္ဆာသားရဲများ သောင်းကျန်းမှု ဖြစ်ပွားခဲ့သည်။ ထိုမှတစ်ဆင့် ကုန်သွယ်ရေးကို အဟန့်အတား ဖြစ်စေခဲ့ရာ ထိုအချက်ကြောင့်ပင် ဖုန်းဟိုင် ပန်းပဲဖိုနှင့် လက်နက်ပြင်ဆိုင်မှာ အကြီးအကျယ် ဝင်ငွေထိခိုက်ခဲ့ရခြင်း ဖြစ်သည်။ ယခုတိုင် လော့ချန်တစ်ယောက် အရင်းပြန်မရသေးချေ။

"နောက်ပြီး...." တွမ်ဖုန်းက ဆက်ပြောသည်။

"လခြမ်းတောင်ကြားတိုက်ပွဲနဲ့ ဖူ မျိုးနွယ်စုတိုက်ပွဲတွေကနေ ရခဲ့တဲ့ မှော်လက်နက်တွေလည်း ရှိသေးတယ်၊ ငါ အချိန်ပိုဆင်းပြီး ပြင်ဆင်နေပါတယ်၊ မကြာခင်မှာ မင်း ဒါတွေကို စအသုံးပြုနိုင်တော့မှာပါ"

ထိုသိမ်းဆည်းရမိသော ပစ္စည်းများထဲတွင် အရည်အသွေးမြင့် မှော်လက်နက် အများအပြား ပါဝင်နေသလို အကောင်းစားပစ္စည်းပေါင်း တစ်ဆယ်ကျော်မျှအထိပင် ပါဝင်သည်။ အချို့မှာ ခံစစ်စွမ်းရည်များရှိသောပစ္စည်းများ ပါရှိကြသည်။ လော့ချန် ခပ်ဖွဖွ ရယ်မောရင်း ခေါင်းခါလိုက်သည်။

"ဟားဟား…. အစ်ကိုတွမ်ရာ.... ကျွန်တော့်တစ်ယောက်တည်းအတွက် အဲ့ဒီလောက် အများကြီး မလိုပါဘူး"

တွမ်ဖုန်း ခဏမျှ မှင်တက်သွားပြီးမှ ထိုစကားကို သဘောပေါက် နားလည်သွားတော့သည်။ မှော်လက်နက်များမှာ အလွန်တရာ အဖိုးတန်သည်မှာ မှန်သော်လည်း အမြောက်အမြား ပိုင်ဆိုင်ထားခြင်းက ထူးခြားသော အသာစီးရမှုကို မပေးနိုင်ချေ။ ကျင့်ကြံသူတစ်ဦး၏ အာရုံစူးစိုက်မှုနှင့် ချီစွမ်းအားမှာ အကန့်အသတ် ရှိသည်။ မှော်လက်နက် အများအပြားကို တစ်ပြိုင်နက်တည်း ကျွမ်းကျင်စွာ ထိန်းချုပ်ရန်မှာ လုံးဝ မဖြစ်နိုင်ချေ။

အကြောင်းမူ တိုက်ပွဲအတွင်း ချီစွမ်းအားသုံးရာတွင် မည်မျှအထိ အသုံးချနိုင်သည်မှာ ကန့်သတ်ချက်ရှိသည်။ ထို့ကြောင့် ကျင့်ကြံခြင်းအဆင့် မည်မျှပင် မြင့်မားစေကာမူ မိမိနှင့် အကိုက်ညီဆုံးသော မှော်လက်နက် အနည်းငယ်ကိုသာ ရွေးချယ် အသုံးပြုကြစမြဲ ဖြစ်သည်။ ပုံမှန်အားဖြင့် တိုက်စစ်အတွက် တစ်ခု သို့မဟုတ် နှစ်ခု၊ ခံစစ်အတွက် တစ်ခုနှင့် သွားလာရေးအတွက် တစ်ခု၊ ထို့နောက် ထူးခြားသော စွမ်းရည်ရှိသည့် ပစ္စည်းတစ်ခုလောက်သာ သုံးစွဲကြသည်။ ထိုမျှလောက်သော ပမာဏကိုပင် ချီသန့်စင် အဆင့်မြင့်ပိုင်း ကျင့်ကြံသူတစ်ဦးမှသာ မနည်းထိန်းချုပ်နိုင်ခြင်း ဖြစ်သည်။ အဆင့်နိမ့်နှင့် အလယ်အလတ်အဆင့် ကျင့်ကြံသူများမှာမူ ထိုမျှများပြားသော မှော်လက်နက်များကို ထိန်းချုပ်ရန် ချီစွမ်းအား မလုံလောက်ချေ။

လော့ချန်သည် အဆင့်မြင့် မှော်လက်နက်များစွာကို ရရှိထားသော်လည်း ၎င်းတို့ကို ကိုယ်ပိုင်လက်နက်အဖြစ် မယူဆဘဲ အရန်ပစ္စည်းများအဖြစ်သာ သဘောထားခဲ့သည်။ သူသည် သူ၏ မူလလက်နက်များကိုသာ စွဲမြဲစွာ သုံးစွဲခဲ့ပြီး မကြာသေးမီကမှ တိုက်စစ်အားနည်းချက်ကို ဖြည့်ဆည်းရန် ဓားအမြုတေ တစ်ခုကို ထည့်သွင်းခဲ့ခြင်း ဖြစ်သည်။ ဓားအမြုတေကို ရွေးချယ်ရခြင်းမှာလည်း ၎င်းသည် ချီစွမ်းအား အနည်းငယ်ဖြင့်သာ အသုံးပြုနိုင်သောကြောင့် ဖြစ်သည်။ တွမ်ဖုန်းသည် ဤအကြောင်းပြချက်ကို နားလည်သွားသော်လည်း ယခင်က ဤသို့ မစဉ်းစားခဲ့ဖူးချေ။ ခေတ္တ တိတ်ဆိတ်သွားပြီးနောက် သူ အကြံပြုသည်။

"ညီလေး.... မင်း မလိုဘူးဆိုရင်လည်း ဒါတွေကို လော့ထျန်းအဖွဲ့ချုပ် ကျင့်ကြံသူတွေအတွက် ဆုလာဘ်အဖြစ် သုံးလို့ရတာပဲ"

လော့ချန်က ခေါင်းခါလိုက်ကာ တွမ်ဖုန်း၏ စူးစမ်းသော အကြည့်အောက်တွင် ဖြည်းဖြည်းချင်း ဆိုလိုက်သည်။

"အစ်ကိုတွမ်လည်း သိမှာပါ.... အမှန်တော့ ကျွန်တော် ဒီကို လာတာက ဒီအကြောင်းတွေ ပြောဖို့ မဟုတ်ဘူးဆိုတာကို"

ထိုစကားအဆုံး၌ ပတ်ဝန်းကျင် တစ်ခုလုံး တိတ်ဆိတ်သွားတော့သည်။ တွမ်ဖုန်းမှာ တစ်ဖန် ပြန်လည် စကားနည်းသွားကာ သူ၏ နဂို တိတ်ဆိတ်ငြိမ်သက်နေသော အခြေအနေသို့ ပြန်ရောက်သွားသည်။ လော့ချန် သက်ပြင်းတိုးတိုး ချလိုက်သည်။

"မကြာသေးခင်က တွမ်မျိုးနွယ်စုက အစ်ကိုတွမ့်ကို ဆက်သွယ်ဖို့ လူလွှတ်နေတယ်ဆိုတာ ကျွန်တော် သိတယ်.... အဲ့ဒီအပေါ်မှာ အစ်ကို့ရဲ့ သဘောထားက ဘယ်လိုရှိလဲ ပြောပြနိုင်မလား"

"ဟက်ဟက်.... ငါ့သဘောထားလား...."

ထိုသို့ တွမ်ဖုန်း၏ နှုတ်ဖျားမှ ခြောက်ကပ်ကပ် ရယ်သံတစ်သံ ထွက်ပေါ်လာသည်။ သူ၏ တည်ကြည်သော မျက်နှာထက်တွင် လှောင်ပြောင်ထေ့ငေါ့လိုသည့် အရိပ်အယောင်များ ဖုံးလွှမ်းသွားသည်။ သူသည် စကားပြောရန် ပါးစပ်ဟလိုက်ပြီးမှ ဝမ်းနည်းကြေကွဲစွာဖြင့် ရေရွတ်လိုက်သည်။

"ညီလေး…. မင်း ငါ့ဇာတ်လမ်းကို နားထောင်ချင်လို့လား.... နေဦး ငါ့မှာ သေရည်ရှိတယ်"

"ဗျာ...."

လော့ချန်မှာ ထိုရုတ်တရက် အပြောင်းအလဲကြောင့် မှင်တက်သွားရတော့သည်။

လော့ချန်နှင့် သူ၏စွန့်စားခန်းများ

အခန်း (၂၄၆) - မုဆိုးမသားအမိ၏ ဇာတ်လမ်းအစ

ဤသို့ဖြင့် နှစ်ဦးသား တွမ်ဖုန်း၏ အခန်းသို့ ရောက်ရှိလာခဲ့ကြသည်။ လော့ချန်တစ်ယောက် တွမ်းဖုန်း၏ နောက်မှ လိုက်ဝင်သွားရာ အခန်းမှာ ကျဥ်းမြောင်းလှသော်လည်း အလွန်ပင် သပ်သပ်ရပ်ရပ် ရှိနေသည်။ စားပွဲတင်သေးသေးလေးပေါ်တွင် လက်ဖက်ရည်ခွက်များမှာ နေရာတကျ ရှိနေပြီး အဝတ်အစားများကိုလည်း ဗီရိုထဲတွင် သေသေသပ်သပ် ထည့်ထားသည်။ နေရောင်ခြည် ကျရောက်သော ပြတင်းပေါက်နံဘေးတွင် ရှားပါးသော ဆောင်းရာသီ အလှစိုက်ပင် အချို့ရှိနေသလို မီးဖိုချောင်ဘက်မှလည်း ဟင်းချက်နံ့ သင်းသင်းလေးက လွင့်ပျံ့နေသည်။

ဤသည်မှာ လူပျိုကြီးတစ်ယောက် နေထိုင်သည့် အခန်းနှင့် လုံးဝ မတူချေ။ အနည်းဆုံးတော့ လော့ချန်၏ ကျောက်တုံးအိမ်သည် ဤအိမ်ထက် ပိုရိုးရှင်းလွန်းလှသည်။ လော့ချန် လေထဲမှ အနံ့ကို ရှူရှိုက်နေသည်ကို မြင်သောအခါ တွမ်ဖုန်းက အနည်းငယ် ရှက်ကိုးရှက်ကန့်ဖြင့် ရှင်းပြသည်။

"ဟီး.... ဟင်းနံ့မွှေးနေလို့လား.... အစ်မရှက သူ မသွားခင်မှာ နေ့လယ်စာအတွက် ဟင်းချက်ပေးခဲ့လို့လေ...."

"ဩော်....ဒီလိုကိုး...."

လော့ချန်၏ အဓိပ္ပာယ်ပါပါ အသံရှည်ဆွဲလိုက်မှုကြောင့် တွမ်ဖုန်းတစ်ယောက် ရှက်ရှက်နှင့် မျက်နှာနီကာ မလုံမလဲရှက်သွေးဖြာနေသည်။ သူ မီးဖိုချောင်ထဲသို့ အလျင်အမြန် ဝင်သွားပြီး ဟင်းအချို့ကို ယူဆောင်လာခဲ့သည်။

"စားဦး ညီလေး.... ရော့ အမဲသားနှပ်၊ အသီးအရွက်ကြော်၊ ပြီးတော့....”

"ထမင်း မစားတော့ဘူးဗျာ.... အစ်ကိုကြီး.... ကျွန်တော်တို့ အရက်ပဲ သောက်ရအောင်"

တွမ်ဖုန်းမှာ ရှက်ကိုးရှက်ကန့်ဖြင့်ပင် ထမင်းအိုးကို မီးဖိုပေါ်သို့ ပြန်တင်ထားလိုက်သည်။ သူ ပြန်ထွက်လာသောအခါ လော့ချန်သည် ဝါကျင်ကျင် အရောင်သန်းနေသော အရက်ဘူးသီးခြောက်လေးကို ထုတ်ထားပြီး ဖြစ်သည်။

ထို့နောက် သူသည် ရွှေရောင်ဖျော့ဖျော့ တလက်လက် တောက်ပနေသော အရက်ကို ခွက်ထဲသို့ လောင်းထည့်လိုက်သည်။

"အိုး.... ဒါ ရှောင်ယွဲ့ တို့ရဲ့ နာနတ်ဝိုင် မဟုတ်လား"

"ဟုတ်တယ်ဗျ...."

လော့ချန်၏ မျက်နှာတွင် ဝမ်းနည်းရိပ်များ ဖုံးလွှမ်းသွားသည်။ အကြောင်းမူ တာဟဲစျေးမြို့တော်ကြီး တစ္ဆေမြို့တော် ဖြစ်သွားပြီးနောက် ရှောင်ယွဲ့၏ အဘိုးမှာ အစအနမရပဲ ပျောက်ဆုံးသွားခဲ့သည်။ ထိုအဘိုးအိုမှာ မသန်စွမ်းသူတစ်ဦး ဖြစ်ကြောင်း စဉ်းစားမိတိုင်း လော့ချန်၏ စိတ်ထဲတွင် စိုးရိမ်ပူပန်မိသည်။ သို့ရာတွင် ချောက်ခြားဖွယ်ဖြစ်ရပ်များအတွင်း ထိုအဘိုးအိုမှာ တာဟဲစျေးမြို့တော်အတွင်း လွင့်မျောနေသော ထောင်ပေါင်းများစွာသော ဝိညာဉ်တစ္ဆေများထဲမှ တစ်ဦး ဖြစ်သွားမည်မှာ သေချာသလောက်ရှိသည်။

အဘိုးအိုဆီမှရခဲ့သော ဤနာနတ်ဝိုင် တစ်ခွက် သောက်လိုက်တိုင်း လောကထဲတွင် ဤသေရည်ပမာဏမှာ တစ်ခွက်စာ လျော့နည်းသွားပေလိမ့်မည်။ အစောပိုင်းက လော့ချန်သည် ရယ်စရာမောစရာများဖြင့် ပြောနေခဲ့သော်လည်း ယခုမူ ဝမ်းနည်းမှုလှိုင်းလုံးကြီးက သူတို့စကားဝိုင်းကို ပြန်လည် လွှမ်းမိုးသွားပြန်သည်။ ထိုအချိန်မှာပင် တွမ်ဖုန်း၏ အတိတ်ကို လွမ်းဆွတ်နေသော အသံက တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်။

"ငါ့ရဲ့ ဇာတ်လမ်းက.... တကယ်တော့ အဲ့လောက်အထိ မရှုပ်ထွေးပါဘူး"

တွမ်ဖုန်း ပြောပြချက်အရ လော့ချန်သည် တွမ်မျိုးနွယ်စုအတွင်း တွမ်ဖုန်း ကြုံတွေ့ခဲ့ရသမျှကို တဖြည်းဖြည်း နားလည်လာခဲ့သည်။ အမှန်စင်စစ် သူသည် တွမ်ဖုန်းနှင့် ဖုန်းရှတို့ထံမှ အချက်အလက် အစအနအချို့ကို ယခင်ကတည်းက ကြားဖူးခဲ့သည်။ ယခု တွမ်ဖုန်းကိုယ်တိုင် ပြောပြသည်ကို ကြားရသောအခါမှသာ အကြောင်းအရာ အားလုံးကို ပုံဖော်နိုင်တော့သည်။

တာဟဲစျေးမြို့တော်ရှိ သက်တမ်းအရှည်ဆုံး မျိုးနွယ်စုကြီးဖြစ်သော တွမ်မျိုးနွယ်စု၏ တိုးတက်မှုမှာ အမြဲ တည်ငြိမ်သော်လည်း ထူးခြားမှုတော့ မရှိခဲ့ချေ။ သူတို့သည် အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူများကို အစဉ်အဆက် မွေးထုတ်နိုင်ခဲ့ကြပြီး လက်ရှိ အကြီးအကဲ ခေါင်းဆောင်ကြီး တွမ်ချန်ခွန်း အပါအဝင် ပြီးခဲ့သည့် ရာစုနှစ်အနည်းငယ်အတွင်း အခြေခံ တည်ဆောက်ခြင်းအကျင့် ကျင့်ကြံသူ သုံးဦးအထိ ပေါ်ထွက်ခဲ့သည်။

သူတို့သည် မိမိတို့ နယ်မြေပြင်ပသို့ ဩဇာဖြန့်ကျက်ရန် ကြိုးပမ်းခဲ့ဖူးသော်လည်း အကြောင်းအမျိုးမျိုးကြောင့် နောက်ဆုံးတွင် တစ်နေရာတည်း၌သာ ကန့်သတ်နေခဲ့ရသည်။ တာဟဲစျေးမြို့တော်တွင် တရားဝင် အသိအမှတ်ပြုထားသော ဒုတိယအဆင့် ဝိညာဉ်ကြော မရှိသော်လည်း၊ တွမ်မျိုးနွယ်စုမှာ ရေခဲမီးလျှံ ဝိညာဉ်စမ်းရေကို ကာလကြာရှည် ထိန်းချုပ်ထားနိုင်ခဲ့သည်။ ထူးခြားသော လျှို့ဝှက်နည်းစနစ်များကို အသုံးပြု၍ ၎င်းကို ဒုတိယအဆင့် ဝိညာဉ်ကြောအဖြစ် ခေတ္တ ပြောင်းလဲနိုင်သဖြင့် အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူများ ကျင့်ကြံရန် သင့်တော်သော နေရာတစ်ခု ဖြစ်လာခဲ့သည်။

သူတို့သည် အခြားနေရာသို့ ပြောင်းရွှေ့ ဩဇာမဖြန့်လိုခြင်းမှာ ပြင်ပ ကန့်သတ်ချက်များကြောင့်တင် မဟုတ်ဘဲ ထိုဝိညာဉ်စမ်းရေကို လက်မလွှတ်နိုင်ခြင်းကြောင့်လည်း ပါဝင်သည်။ ဒေသတွင်း အင်အားကြီး မျိုးနွယ်စုတစ်ခု ဖြစ်သဖြင့် တွမ်မျိုးနွယ်စုသည် တာဟဲစျေးမြို့တော်တွင် ဩဇာကြီးမားလှသည်။ ထို့ကြောင့်ပင် မျိုးနွယ်စုဝင် ကျင့်ကြံသူများမှာ မိမိကိုယ်ကို အထက်တန်းကျသည်ဟု ယူဆလေ့ရှိကြသည်။ သူတို့သည် အိမ်ထောင်ရေးများတွင်ပင် ပြင်ပလူများနှင့် ပတ်သက်မှု နည်းပါးလှပြီး မျိုးနွယ်စုအတွင်း၌သာ အများဆုံး လက်ထပ်ကြလေ့ရှိသည်။

တွမ်ဖုန်း၏ဖခင်မှာ တစ်ချိန်က အလွန် ထင်ရှားကျော်ကြားခဲ့သူ ဖြစ်သည်။ သူသည် တိမ်ပြိုဂိုဏ်းသို့ပင် အတွင်းစည်းတပည့်အဖြစ် ဝင်ရောက်နိုင်ခဲ့သည်။ ကံဆိုးစွာဖြင့် အခြေခံတည်ဆောက်ခြင်းအဆင့်သို့ တက်လှမ်းရန် ကျရှုံးခဲ့သဖြင့် ပြင်ပစည်းတပည့်အဖြစ် လျှော့ချခြင်း ခံခဲ့ရသည်။ ထို့ကြောင့် ကျင့်ကြံခြင်း လမ်းကြောင်းမှာ ပိတ်ဆို့သွားပြီဟု ထင်ရသော်လည်း သူသည် သူ့အချိန်များကို ဂိုဏ်းအတွက် အလုပ်လုပ်ပေးခြင်းနှင့် တွမ်မျိုးနွယ်စုကို ပြန်လည် ထောက်ပံ့ပေးခြင်းတို့ဖြင့် ကုန်ဆုံးခဲ့သည်။ ထိုအချိန်အတွင်း သူသည် မျိုးနွယ်စုအတွင်းမှ ပါရမီထူးသော အမျိုးသမီးတစ်ဦးနှင့် လက်ထပ်ခဲ့ပြီး သားတစ်ဦး ထွန်းကားခဲ့ရာ ထိုသူမှာ တွမ်ဖုန်းပင် ဖြစ်သည်။

"ကံဆိုးတာက ငါ့အဖေဟာ တွမ်မျိုးနွယ်စုနဲ့ တောက်ပစမ်းရေစျေးမြို့တော်က မျိုးနွယ်စုတစ်ခုတို့ရဲ့ တိုက်ပွဲမှာ သေဆုံးသွားခဲ့တယ်.... အဲ့ဒီနောက်မှာ ငါနဲ့ ငါ့အမေပဲ အားကိုးရာမဲ့ ကျန်ရစ်ခဲ့တာပေါ့"

"အားကိုးရာမဲ့ ကျန်ရစ်ခဲ့တယ် ဟုတ်လား...."

လော့ချန်မှာ ဇဝေဇဝါ ဖြစ်သွားရသည်။

"ကျွန်တော် သိသလောက်ဆိုရင် အစ်ကိုတွမ်တို့ မိသားစုမှာ တခြားဆွေမျိုးသားချင်းတွေ ရှိနေသေးတယ် မဟုတ်လား"

"ရှိတော့ ရှိတာပေါ့.... ဒါပေမဲ့ အဲဒီနောက်ပိုင်းမှာ မျိုးနွယ်စုထဲကနေ ပါရမီရှင်တစ်ယောက် ပေါ်လာခဲ့တယ်"

"ပါရမီရှင် ဟုတ်လား...."

"ဟုတ်တယ်.... ငါ့ တစ်ဝမ်းကွဲညီ တွမ်ရွှေလေ"

ထိုအမည်ကို မြွက်ဟလိုက်စဉ် တွမ်ဖုန်း၏ မျက်နှာတွင် မကျေနပ်မှုများ သိသာစွာ လျှပ်ခနဲ ပေါ်လာသည်။

"ဩော်.... အဲ့ဒီလူလား.... ကျွန်တော်ကြားဖူးတယ် အစ်ကိုတွမ်...."

ထိုသူသည် ချီသန့်စင် အထွတ်အထိပ်အဆင့်သို့ ရောက်ရှိထားသော ကျင့်ကြံသူ တစ်ဦးပင်ဖြစ်သည်။ သို့သော် သူသည် ကျင့်ကြံသူ မျိုးနွယ်စုမှ ဆင်းသက်လာသူ ဖြစ်သဖြင့် ဟန်တန် သို့မဟုတ် ဖူရှို့ရှို့ တို့ကဲ့သို့ တစ်ကိုယ်တော် ကျင့်ကြံသူများ ကြားတွင် ရေပန်းစားလေ့ မရှိချေ။

"အဖေ ဆုံးပြီးနောက်မှာ တိမ်ပြိုဂိုဏ်းနဲ့ ဆက်ဆံရေးက ပြတ်တောက်သွားခဲ့တယ်…. ငါကတော့ အဲ့ဒီတုန်းက လက်နက်သွန်းလုပ်တဲ့ အတတ်ပညာကို အလွန်အမင်း စိတ်ဝင်စားခဲ့တာပေါ့"

တွမ်ဖုန်းက ခါးသီးစွာ ပြုံးလိုက်ရင်း ဆက်ပြောသည်။

"ဒါက ငါတို့ မျိုးနွယ်စုရဲ့ အစဉ်အဆက် လက်ဆင့်ကမ်းလာတဲ့ အတတ်ပညာပဲလေ.... ပြီးတော့ မျိုးနွယ်စုခေါင်းဆောင် ဖြစ်လာဖို့ အချက်တွေထဲမှာ ထူးချွန်တဲ့ လက်နက်သွန်းလုပ်နိုင်စွမ်း ရှိရမယ်ဆိုတာလည်း ပါတာကိုး.... အဲ့ဒီတုန်းက ငါ့ ရွေးချယ်မှုက မှန်တယ်လို့ ထင်ခဲ့တာပဲ.... အချိန်သာ ရခဲ့မယ်ဆိုရင် ငါ့အဖေ့ရဲ့ ဂုဏ်သိက္ခာကို ပြန်ဆယ်နိုင်မှာ ဖြစ်သလို တွမ်မျိုးနွယ်စုရဲ့ ခေါင်းဆောင် ဖြစ်လာနိုင်မှာ သေချာတယ်.... ဒါပေမဲ့ နောင်တစ်ချိန်မှာတော့ မျိုးနွယ်စုက လက်နက်သွန်းလုပ်ခြင်းကို တန်ဖိုးမထားတော့ဘဲ ကျင့်ကြံခြင်း အဆင့်အတန်းကိုပဲ ဦးစားပေးလာခဲ့တယ်…."

တွမ်ဖုန်း၏ ပြောပြချက်အရ သူ့မျိုးနွယ်စုဝင်များ သူ့အား အဘယ်ကြောင့် တဖြည်းဖြည်း အဝေးသို့ တွန်းပို့ခဲ့ကြသည်ကို လော့ချန် နားလည်သွားသည်။ သူတို့သည် မျိုးနွယ်စု၏ ပိုင်ဆိုင်မှုနှင့် အမွေများအားလုံးကို တွမ်ဖုန်း၏ တစ်ဝမ်းကွဲညီ တွမ်ရွှေထံသို့သာ ပုံအောပေးအပ်ကာ လောင်းကြေးထပ်ခဲ့ကြခြင်း ဖြစ်သည်။

အကြောင်းမူ တွမ်ရွှေမှာ ရေနှင့် မီး ဝိညာဉ်အမြစ် နှစ်မျိုးလုံး ရှိသည့် ပါရမီရှင် ဖြစ်နေသောကြောင့်ပင်။ မူလကဆိုလျှင် သူသည် တွမ်ဖုန်း၏ ဖခင်ကဲ့သို့ ဂိုဏ်းကြီးတစ်ခုသို့ စေလွှတ်ခြင်း ခံရမည် ဖြစ်သည်။ သို့သော် သူ့တွင် ရေနှင့် မီး ဝိညာဉ်အမြစ် ရှိနေခြင်းနှင့် မျိုးနွယ်စုတွင် ရေခဲမီးလျှံ ဝိညာဉ်စမ်းရေ ရှိနေခြင်းတို့မှာ သူ၏ကျင့်ကြံမှုအတွက် အကောင်းဆုံး ပတ်ဝန်းကျင် ဖြစ်နေသဖြင့် မျိုးနွယ်စုအတွင်း၌သာ နေကျန်ရစ်ခဲ့သည်။

တွမ်မျိုးနွယ်စု၏ အကြီးအကဲ ခေါင်းဆောင်ကြီးကပင်လျှင် သူ့အတွက် ရေနှင့် မီး နှစ်မျိုးလုံးကို ကျင့်ကြံနိုင်မည့် ကျင့်စဉ်တစ်ခုကို သီးသန့် ရှာဖွေပေးခဲ့သည်။ မျိုးနွယ်စုအတွက်ရော သူ့အတွက်ပါ အကျိုးရှိစေရန် တွမ်ရွှေသည် မျိုးနွယ်စုအတွင်း၌သာ နေထိုင်ခဲ့သည်။ မနားမနေ ကြိုးစားအားထုတ်မှုကြောင့် သူသည် တွမ်ဖုန်းကို ကျော်တက်သွားခဲ့ရုံတင်မကဘဲ ငယ်ငယ်ရွယ်ရွယ်နှင့် အထွတ်အထိပ်အဆင့်သို့ ရောက်ရှိသွားခဲ့သည်။

"ကျွန်တော်အထင်တော့ ဒါက အစ်ကိုတွမ်တို့ အကြီးအကဲ ခေါင်းဆောင်ကြီးရဲ့ ကုန်ဆုံးလုနီးပါး ဖြစ်နေတဲ့ သက်တမ်းနဲ့လည်း ဆက်စပ်နေမယ် ထင်တယ်…." ဟု လော့ချန်က မှတ်ချက်ပေးလိုက်သည်။

တွမ်ဖုန်းတစ်ယောက် အရက်တစ်ခွက်လုံးကို မော့ချလိုက်သည်။

"မှန်တာပေါ့ကွာ.... ဒါပေမဲ့ အဲ့ဒီတုန်းက ငါ အဲ့အကြောင်းမသိခဲ့ဘူး"

သူသည် အရက်ခွက်ကို စားပွဲပေါ်သို့ ဒုန်းခနဲ ခပ်ပြင်းပြင်း ချလိုက်ပြီး အသက်ပြင်းပြင်းရှူကာ ဆိုသည်။

"အဲ့ဒီမြေခွေးအိုကြီးက သူ့ သက်တမ်းကို အမြဲတမ်း လျှို့ဝှက်ထားခဲ့တာကွ.... ငါနဲ့ ငါ့အမေက မျိုးနွယ်စုရဲ့ အထက်တန်းလွှာတွေနဲ့ ဝေးကွာနေတော့ အမှန်တရားကိုသိခွင့်မရခဲ့ဘူး.... နောက်ပိုင်းကျမှ သူတို့ တွမ်ရွှေအပေါ် ဘာလို့ အလေးထားသလဲဆိုတဲ့ အကြောင်းရင်းမှန်ကို သိလိုက်ရတာ.... သူတို့ရည်မှန်းချက်က တွမ်ရွှေကို အခြေခံတည်ဆောက်နိုင်အောင် တတ်နိုင်သမျှ မြန်မြန် ကူညီပေးဖို့ပဲ.... ဒါမှသာ တွမ်မျိုးနွယ်စုရဲ့ ဟန်ပြ ဂုဏ်သိက္ခာကို ဆက်ထိန်းထားနိုင်မှာ မဟုတ်လား"

လော့ချန်သည် ရွံရှာသွားဟန်ဖြင့် နှုတ်ခမ်းကို အနည်းငယ် တွန့်လိုက်မိသည်။ အခြေခံ တည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူ တစ်ဦးတည်းသာရှိသော မျိုးနွယ်စုက ဂုဏ်သိက္ခာအကြောင်း ပြောနေခြင်းမှာ အဓိပ္ပာယ်မရှိလှပေ။ ထို့အပြင် တစ်ကိုယ်တော်ကျင့်ကြံသူတစ်ဦးအနေနှင့် မျိုးနွယ်စု ကျင့်ကြံသူများ၏ ခံယူချက်စိတ်ဓာတ်ကို သူ အပြည့်အဝ နားမလည်နိုင်ချေ။

"ဒါဆို အစ်ကိုတွမ့်အမေက အမွေကိစ္စကြောင့် နာကျည်းနေခဲ့တာပေါ့နော်.... အင်းလေ.... ခင်ပွန်းက မျိုးနွယ်စုအတွက် တိုက်ပွဲဝင်ရင်း သေဆုံးခဲ့တာတောင် ဒီလိုပစ်ထားတော့ အစ်ကိုတို့ သားအမိကို မတရား ဆက်ဆံတာက တကယ့်ကို စိတ်ပျက်စရာပဲဗျာ...."

သို့သော် တွမ်ဖုန်းမှာ စိတ်ပျက်ရုံတင် မဟုတ်ဘဲ အလွန်အမင်း ဒေါသထွက်နေခြင်း ဖြစ်သည်။

"တောက်.... တွမ်ရွှေက လူညံ့ကွ.... အခြေခံတည်ဆောက်ခြင်းအဆင့်ကို ခုထိမရောက်သေးဘူး.... ဟို မြေခွေးအိုကြီးက သူ့အတွက် ပိုင်ဆိုင်မှုတွေ အများကြီး သုံးစွဲခဲ့သလို၊ ငါ့အဖေ တိမ်ပြိုဂိုဏ်းမှာ တစ်သက်လုံး ကြိုးစားပြီး လဲလှယ်ရရှိခဲ့တဲ့ အခြေတည်ဆေးလုံးကိုပါ သူ့ကို ပေးလိုက်တာလေ.... အရာအားလုံး ပြင်ဆင်ပေးထားပါလျက်နဲ့ သူက ကျရှုံးသွားခဲ့တာကွ...."

ထိုအခါ လော့ချန် မှင်တက်သွားရသည်။

"အစ်ကိုတွမ့် အဖေက သူ့ရဲ့ လုပ်ဆောင်ချက်တွေနဲ့ အခြေတည်ဆေးလုံးကို လဲလှယ်ခဲ့တာ.... ဟုတ်လား"

"ဟုတ်တယ်ကွ.... အဲ့ဒါက ငါ့အတွက်ထားခဲ့တဲ့ အမွေပဲ.... ဟိုမြေခွေးအိုကြီးက အဲ့ဒီဆေးလုံးကို တစ်ချိန်လုံး သိမ်းထားခဲ့တာလေ"

လော့ချန် စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းခါလိုက်မိသည်။ အကြီးအကဲတွမ်၏ လုပ်ရပ်သည် တစ်ပါးသူ၏ လုပ်ပိုင်ခွင့်နှင့် ကျင့်ကြံခြင်း လမ်းကြောင်းကို အတင်းအဓမ္မ ဖျက်ဆီးလိုက်ခြင်းပင်ဖြစ်သည်။ တွမ်ဖုန်းမှာ ကျင့်ကြံခြင်းတွင် ပါရမီ မရှိသူ မဟုတ်ချေ။ အစောပိုင်း နှစ်များတွင် သူ၏လက်နက်သွန်းလုပ်ခြင်း ပါရမီက ဖုံးလွှမ်းနေခဲ့ခြင်းသာ ဖြစ်သည်။ အချိန်သာ ရခဲ့ပါက သူသည် ဧကန်မုချ အထွတ်အထိပ်အဆင့်သို့ ရောက်ရှိမည် ဖြစ်ရာ ထို အခြေတည်ဆေးလုံးကို သူ ရရှိရန် သေချာနေပြီးသား ဖြစ်သည်။

သို့သော် လော့ချန်သာ တွမ်ချန်ခွန်း၏ နေရာတွင် ရှိနေမည်ဆိုပါက သက်တမ်း ကုန်ဆုံးလုနီးပါး ဖြစ်နေသည့်အပြင် မျိုးနွယ်စုတွင်လည်း မျှော်လင့်ချက်ရှိသော မျိုးဆက်သစ်များ မရှိပါက သူလည်း ဤကဲ့သို့သော ဆုံးဖြတ်ချက်မျိုးကို ချမှတ်မိကောင်း ချမှတ်မိပေလိမ့်မည်။ သူသည်လည်း အလားအလာ အကောင်းဆုံးဟု ယူဆရသော တွမ်ရွှေကိုသာ ထိုဆေးလုံး ပေးရန် ရွေးချယ်မိနိုင်သည်။ မျိုးနွယ်စု၏ အကျိုးစီးပွား ရှုထောင့်မှ ကြည့်လျှင် ဤသည်မှာ အမှားအမှန်ထက်စာလျှင် သင့်တော်သော ရွေးချယ်မှုပင် ဖြစ်သည်။

တွမ်ရွှေသာ အခြေခံတည်ဆောက်ခြင်းအဆင့်သို့ ရောက်နိုင်ပါက တွမ်မျိုးနွယ်စုသည် တာဟဲစျေးမြို့တော်တွင် ဆက်လက် ရပ်တည်နိုင်မည် ဖြစ်သည်။ ၎င်းက ချန်မျိုးနွယ်စုကဲ့သို့ အင်အား ဆုတ်ယုတ်သွားခြင်း သို့မဟုတ် ဖူမျိုးနွယ်စုကဲ့သို့ လော့ထျန်းအဖွဲ့ချုပ်၏ လက်ချက်ဖြင့် တစ်ညတည်းနှင့် ပျောက်ကွယ်သွားခြင်းတို့မှ ကာကွယ်ပေးနိုင်မည် ဖြစ်သည်။ အဆင့်မြင့် တိုက်ခိုက်ရေးစွမ်းအား မရှိသော မျိုးနွယ်စုတစ်ခုမှာ လူတိုင်းက တစ်ဖဲ့စီ မြည်းစမ်းချင်နေကြသော အရသာရှိသည့် အသားတစ်တုံးနှင့်သာ တူပေလိမ့်မည်။

သို့သော် ထိုလုပ်ရပ်မှာ တွမ်ဖုန်းနှင့် သူ့မိခင်ကဲ့သို့သော မုဆိုးမသားအမိဘက်က ကြည့်လျှင် အလွန်အမင်း ရက်စက်လွန်းရာကျသည်။ ဤမျှ ပုံအောပေးအပ်ထားသည်ကိုပင် တွမ်ရွှေက အခြေခံတည်ဆောက်ခြင်းအဆင့် မတက်နိုင်သေးပဲ ကျရှုံးသွားခဲ့သည်။ ထိုအချက်မှာ အလွန်လှောင်ပြောင်စရာ ကောင်းလှပေတော့သည်။

All Chapters