← Chapters

အခန်း (၂၄၇-၂၄၈)

Vol. 25 Ch. 247-248

အခန်း (၂၄၇-၂၄၈)

Vol. 25 Ch. 247-248

အခန်း (၂၄၇) - အငြိုးကြီးသူ၏ ကလဲ့စား

လော့ချန်မှာ ဇာတ်လမ်းကို နားထောင်ရင်း တွမ်ရွှေအား ကဲ့ရဲ့ လှောင်ပြောင်စရာဟု ထင်မှတ်လာသည်။ တွမ်ဖုန်းထံမှ ထွက်ပေါ်နေသော ရန်လိုမှုအရှိန်အဝါမှာ တစ်စထက်တစ်စ ပြင်းထန်လာနေသည်။ သူသည် သေရည်ခွက်ကို တင်းတင်းဆုပ်ကိုင်ထားရာ လက်ဖမိုးပေါ်ရှိ သွေးကြောများမှာ ဖောင်းတက်နေသည်။ ချက်ချင်းပင် လက်ထဲရှိ ကြွေခွက်မှာ အသံတစ်ချက်မျှ မထွက်ဘဲ အမှုန့်အဖြစ်သို့ ကြေမွသွားတော့သည်။

"ဇာတ်လမ်းဆက်ရရင်တော့ကွာ.... တွမ်ရွှေဆိုတဲ့ ခွေးသားဟာ အခြေခံတည်ဆောက်ဖို့ ကြိုးစားရင်း မ‌အောင်မြင်တဲ့အပြင် ဒဏ်ရာအပြင်းအထန် ရသွားတယ်.... အဲ့ဒီအချိန် တာဟဲစျေးမြို့တော်မှာကလဲ လက်ရည်စမ်းပွဲတွေ အဆုံးအဖြတ်စင်မြင့်မှာ သွားပြိုင်လို့ရလာတယ်.... အဲ့ပြိုင်ပွဲတွေက ကျင့်ကြံသူ မျိုးနွယ်စုကြီး သုံးခုလုံးကို ဆွဲဆောင်နိုင်ခဲ့တယ်လေ.... ရုတ်တရက်ဆိုသလို တွမ်မျိုးနွယ်စုရဲ့ အနေအထားက အန္တရာယ်ရှိတဲ့ အခြေအနေကို ရောက်သွားခဲ့တာပေါ့.... အဲ့တော့ ဟိုမြေခွေးအိုကြီးက ဖိုရှန်းဂိုဏ်းက မီရှုဟွာနဲ့ မဟာမိတ်ဖွဲ့ဖို့ ကြိုးစားခဲ့သေးတယ်.... ဒါပေမဲ့ တရားဝင် ငြင်းပယ်တာ ခံလိုက်ရတယ်လေ...."

ဤစကားကို နားထောင်ရင်း လော့ချန်၏မျက်နှာမှာ တဖြည်းဖြည်း အုံ့မှိုင်းသွားသည်။ တစ်ခုခုတော့ မှားနေပြီ ထင်သည်။ အကြောင်းမူ ဖိုရှန်းဂိုဏ်းသည် ဤဇာတ်လမ်းထဲတွင် အဘယ်ကြောင့်ရုတ်တရက် ပါဝင်လာရသနည်း။ ထို့အပြင် မီရှုဟွာ၏စရိုက်အရ တွမ်မျိုးနွယ်စုကဲ့သို့ အင်အားစုနှင့် မဟာမိတ်ဖွဲ့ရန် ကမ်းလှမ်းချက်ကို ငြင်းပယ်စရာအကြောင်းမရှိပေ။ လော့ချန်သည် ထိုအချိန်ကာလကို ပြန်လည် ပုံဖော်ကြည့်လိုက်သောအခါ သူ့စိတ်ထဲ၌ စိုးရိမ်စိတ်အချို့ ဖြစ်ပေါ်လာသည်။

ထိုကာလများတွင် သူသည် ကျောက်စိမ်းအမြုတေဆေးလုံးများကို အမြောက်အမြား ဖော်စပ်ပေးခြင်းဖြင့် ဖိုရှန်းဂိုဏ်းအတွင်း ဩဇာလွှမ်းမိုးစပြုနေချိန်နှင့် အတိအကျ တိုက်ဆိုင်နေသည်။ ထိုအချိန်တွင် မီရှုဟွာသည် မြောင်ဝမ်နှင့် ပူးပေါင်းထားပြီး ဖြစ်ပေလိမ့်မည်။ ဆေးလုံးအမြတ်အစွန်းများမှ ဝေစုတစ်ခုကို မြောင်ဝမ်ထံ ပေးအပ်နေရပြီ ဖြစ်ရာ တွမ်မျိုးနွယ်စုနှင့် နောက်ထပ် မဟာမိတ်ဖွဲ့ရန် သူ စိတ်မဝင်စားတော့ခြင်း ဖြစ်နိုင်သည်။ အကယ်၍ ထပ်မံ ပူးပေါင်းလိုက်ပါက သူ၏ အမြတ်ဝေစုမှာ ပိုမို နည်းပါးသွားမည် ဖြစ်သည်။

"အဲ့လို မီရှုဟွာက ငြင်းလိုက်တော့ အဲ့ဒီ မြေခွေးအိုကြီးမှာ လက်ထပ်ပွဲတစ်ခုခုနဲ့ ရွှေလမ်းငွေလမ်းဖောက်ပြီး မျိုးနွယ်စုကြီးတစ်ခုခုရဲ့ မဟာမိတ်လုပ်ဖို့ကလွဲလို့ တခြား ရွေးချယ်စရာ မရှိတော့ဘူးလေ…."

တွမ်ဖုန်းက ခါးသီးစွာ ရယ်မောရင်း စကားဆက်လိုက်သည်။

"ညီလေးရာ…. မင်း ဘယ်လိုမှထင်ထားမှာ မဟုတ်ဘူးကွ.... အဲ့ဒီမဟာမိတ်လက်ဆက်ပွဲအတွက် သတ်မှတ်ထားတာက နန်ကုန်းမျိုးနွယ်စုက နန်ကုန်းကျင်းနဲ့.... တွမ်မျိုးနွယ်စုရဲ့ ယစ်ကောင်အဖြစ် ရွေးချယ်ခံလိုက်ရတဲ့ ငါ့အမေပဲကွ…."

ထိုစကားကို ကြားလိုက်ရသောအခါ လော့ချန် တကယ်ပင် စိတ်မထိန်းနိုင်တော့ချေ။

"တောက်.... တွမ်ချန်ခွန်း.... ဒီ အဘိုးကြီးတော့ ရူးသွားပြီ ထင်တယ်" ဟု သူ လွှတ်ခနဲ ပြောမိသွားသည်။

လော့ချန် ဤသို့ တွေးမိခြင်းမှာ အပြစ်မဆိုသာပေ။ တွမ်ဖုန်း၏ဖခင်မှာ မျိုးနွယ်စုအတွက် တိုက်ပွဲဝင်ရင်း အသက်ပေးခဲ့ရသူ ဖြစ်သလို တွမ်ဖုန်း ကိုယ်တိုင်မှာလည်း လက်နက်သွန်းလုပ်ခြင်းတွင် ထူးကဲသော ပါရမီ ရှိသူ ဖြစ်သည်။ ထို့အပြင် သူ၏ဖခင် ချန်ထားခဲ့သော အခြေတည်ဆေးလုံးလည်း ရှိနေသေးသည်။ မည်မျှပင် သွေးအေးတတ်သောသူ ဖြစ်ပါစေ၊ မုဆိုးမသားအမိကို ဤမျှအထိ အသုံးချလိမ့်မည် မဟုတ်ပေ။ ဖခင်ဖြစ်သူက မျိုးနွယ်စုအတွက် အရာအားလုံး ပေးဆပ်ခဲ့သော်လည်း သူ၏ တန်ဖိုးအရှိဆုံး အမွေ မှာ အလုခံလိုက်ရသည်။

ထိုမျှသာမက တာဟဲစျေးမြို့တော်တွင် ဩဇာတည်မြဲရေးနှင့် မဟာမိတ်ဖွဲ့ရန်အတွက် ခင်ပွန်းဆုံးရှုံးလိုက်ရသည့် မုဆိုးမတစ်ဦးကိုပင် သူစိမ်းတစ်ယောက်နှင့် အတင်းအဓမ္မ လက်ထပ်ခိုင်းရန် ကြိုးစားနေသည်။ ပိုဆိုးသည်မှာ သတို့သား၏ ဖခင်ဖြစ်သူမှာ အင်အားကြီးမားသော အခြေခံ တည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်ပြီး သက်တမ်းမှာလည်း များစွာ ကျန်ရှိနေသေးသည်။ ဤသည်မှာ ‘ဝံပုလွေကို အိမ်ထဲသို့ ဖိတ်ခေါ်ခြင်း’ နှင့် မခြားနားပေ။

ထိုစဥ် တွမ်ဖုန်းက ခြောက်ကပ်ကပ် ရယ်မောလိုက်ရင်း ခွက်ကို မြှောက်၍ အရက်သောက်ရန် ပြင်လိုက်သည်။ သို့သော် ခွက်မှာ သူ့ နှုတ်ခမ်းသို့ မရောက်မီမှာပင် ကြွေမှုန့်များအဖြစ် ပြောင်းလဲသွားသည်ကို သိရှိလိုက်ရသည်။ လော့ချန် သူ၏ အရက်ခွက်ကို တွမ်ဖုန်းထံသို့ တွန်းပေးလိုက်သည်။ ထိုအခါ တွမ်ဖုန်းသည် အရက်ကို တစ်ကျိုက်တည်းနှင့် ကုန်အောင် သောက်လိုက်ပြီးမှ အသက်ကို ပြင်းပြင်းရှူထုတ်ကာ ဆက်ပြောသည်။

"မဟုတ်ဘူးကွ.... အဘိုးကြီးက မရူးဘူး.... အဲ့အချိန်က နန်ကုန်းမျိုးနွယ်စုက တာဟဲစျေးမြို့တော်ကို စရောက်ခါစဆိုတော့ ခြေကုပ်ယူဖို့ အသည်းအသန် ကြိုးစားနေကြတာလေ.... တွမ်မျိုးနွယ်စုနဲ့ အိမ်ထောင်ရေး မဟာမိတ်ဖွဲ့လိုက်ရင် သူတို့ ပိုအခြေခိုင်သွားမှာပဲလေ.... ပြီးတော့ တွမ်မျိုးနွယ်စုက တိမ်ပြိုဂိုဏ်းနဲ့ အဆက်အသွယ်ရှိ သေးတယ်လေ.... နောက်ထပ် နှစ်ပေါင်း တစ်ရာလောက်အထိတော့ သူတို့အတွက် ဘယ်အဖွဲ့ကမှ တိုက်ရိုက်ခြိမ်းခြောက်လာရဲမှာ မဟုတ်ဘူး"

ထိုအခါ လော့ချန် မမေးဘဲ မနေနိုင်တော့ချေ။

"ဟာ.... အဲ့တော့ သူတို့က သဘောတူလိုက်တာလား"

"အမှန်ပေါ့.... နန်ကုန်းမျိုးနွယ်စုက သဘောတူခဲ့တယ်လေ"

လော့ချန် အံ့အားသင့်ကာ ပါးစပ်ဟလိုက်သော်လည်း ပြောစရာမရှိ ဆွံ့အသွား‌တော့သည်။ ထိုသို့ဆိုပါက နန်ကုန်းကျင်းသည် တွမ်ဖုန်း၏ ပထွေး ဖြစ်ခဲ့လေသည်လော။ ဇာတ်လမ်းသည် သပွတ်အူကဲ့သို့ တစတစ ရှုပ် ထွေးလာပြီဖြစ်သည်။ ထို့နောက် တွမ်ဖုန်းက ခံစားချက်မဲ့သော လေသံဖြင့် ဆက်ပြောသည်။

"အဲ့ဒီအချိန်တုန်းက မျိုးနွယ်စု နှစ်ခုလုံးက ဝမ်းပန်းတသာ ဖြစ်နေကြတာပေါ့ကွာ.... ဒါပေမဲ့ မပျော်နိုင်ဆုံး သူတစ်ယောက်တော့ ရှိတယ်ကွ.... အဲ့ဒါ ငါ့အမေပဲ.... ဘယ်လောက်ငြင်းဆန်ပါစေ အဲ့ဒီ မြေခွေးအိုကြီးက အတင်းအဓမ္မ လက်ထပ်ခိုင်းနေတော့ အမေ သူ့ကိုယ်သူ အဆုံးစီရင်သွားခဲ့တယ်.... ငါလည်း အမေသေသွားပြီးကတည်းက တွမ်မျိုးနွယ်စုနဲ့ အဆက်အသွယ် အားလုံး ဖြတ်တောက်ပြီး မြို့ထဲပိုင်းကို တစ်ယောက်တည်း ဝင်လာခဲ့တာပဲ...."

ယခုမှ ဇာတ်ရည်လည်သွားသော လော့ချန်သည် ခွက်အသစ်တစ်ခုကို ထုတ်ယူကာ အရက်ကို ထပ်မံ လောင်းထည့်လိုက်သည်။ သူ အရက်ကို တစ်ကျိုက် သောက်လိုက်ပြီး သက်ပြင်းချလိုက်သည်။

"အစ်ကိုတွမ် သူ့ကို ဘာလို့ မြေခွေးအိုကြီးလို့ ခေါ်နေလဲဆိုတာ အခုမှပဲ နားလည်တော့တယ်.... တွမ်ချန်ခွန်းဆိုတဲ့ လူက တကယ့်ကို လူမဆန်တဲ့သူပဲဗျာ...."

သူသည် တွမ်ဖုန်း၏ မိသားစုကို အစွမ်းကုန် ခြွေယူခဲ့ခြင်းဖြစ်သည်။

"အေးကွာ.... အဲ့ဒီအချိန်မှာပဲ လက်နက်လုပ်တာနဲ့ ဆေးဖော်စပ်တာတို့ဆိုတာ သူတို့အမြင်မှာ သာမညအတတ်တွေပဲဆိုတာ ငါ သိလိုက်ရတယ်.... အဓိကက ကျင့်ကြံခြင်းအဆင့်နဲ့ ခွန်အားကြီးရင် အရာအားလုံးကို ဆုံးဖြတ်နိုင်တယ်လေ...."

ထိုသို့ ပြောဆိုနေစဉ် တွမ်ဖုန်းသည် လော့ချန်ကို တစ်ချက် လှမ်းကြည့်လိုက်သည်။ သူ၏ စကားလုံးများနောက်တွင် ဖော်ပြမထားသော အဓိပ္ပာယ်တစ်ခု ပါဝင်နေသည်။ လော့ချန် ခေါင်းခါလိုက်သည်။ သူသည် ဆေးဖော်စပ်ခြင်း အပေါ်တွင်သာ စွဲလမ်းနေသူ မဟုတ်ချေ။ ဆေးဖော်စပ်ခြင်းဆိုသည်မှာ ကျင့်ကြံခြင်း အရင်းအမြစ်များကို စုဆောင်းရန်အတွက် နည်းလမ်းတစ်ခုမျှသာ ဖြစ်သည်ကို သူ သိရှိပြီးသား ဖြစ်သည်။

ထိုသို့ မဟုတ်ခဲ့ပါက သူသည် ကျောက်စိမ်းအမြုတေဆေးလုံးများကို ဘေးဖယ်ထားပြီး ချီလမ်းကြောင်းဆေးလုံးများကို အားသွန်ခွန်စိုက် ဖော်စပ်နေမည် မဟုတ်ချေ။ ချီလမ်းကြောင်းဆေးလုံးများကသာ သူ၏ အစစ်အမှန် ကျင့်ကြံစွမ်း ခွန်အားကို မြှင့်တင်ပေးနိုင်သည် မဟုတ်ပါလော။

ထိုအကြောင်းကို ရှင်းပြလိုက်သောအခါ တွမ်ဖုန်းက ခေါင်းညိတ်ပြသည်။ လော့ချန်သည် ပိုမို ဉာဏ်ကောင်းပြီး အမြင်ကျယ်သူ ဖြစ်ကြောင်း သူသိသည်။

"အဲ့ဒီတုန်းက အမေ ဆုံးပြီးနောက်မှာ ငါ အသစ်ရောက်လာတဲ့ နန်ကုန်းကျင်းနဲ့ ပြိုင်ပွဲ စင်မြင့်မှာ တွေ့သေးတယ်ကွ.... အဲ့ဒီတိုက်ပွဲမှာ ငါ နိုင်ခဲ့တယ်.... နောက်ပိုင်းငါတို့ ရင်းနှီးသွားတော့ တွေ့ပြီး စကားပြောခဲ့ကြတယ်.... သူပြောတာက ဒီ မဟာမိတ်လက်ထပ်ပွဲဆိုတာ အရောင်းအဝယ်တစ်ခုသာသာပဲတဲ့.... တကယ်လို့ သူ မဟုတ်ခဲ့ရင်တောင် နန်ကုန်းမျိုးနွယ်စုထဲက တခြားတစ်ယောက်ယောက် ဖြစ်လာမှာပဲတဲ့.... ဒါပေမဲ့ တွမ်မျိုးနွယ်စုဘက်ကတော့ ဓားစာခံအဖြစ် ပုံသေတစ်ယောက်ထဲရွေးထားတာ.... အဲ့ဒါ ငါ့အမေပဲ"

လော့ချန် မှင်တက်သွားရသည်။

"အမ်.... ဘယ်လိုဖြစ်လို့ အစ်ကိုတွမ့်အမေကိုမှ ဇွတ်စီစဥ်ကြရတာလဲဗျာ...."

ထို့သို့မေးပြီးမှ လော့ချန်သည် တွမ်ဖုန်း မရှင်းပြမီမှာပင် သူ့ထင်မြင်ချက်ကို အတည်ပြုရန် မေးလိုက်သည်။

"မဟုတ်မှလွဲရော.... တွမ်ရွှေ ကြောင့်လား"

"ဟူး.... အမှန်ပဲ.... တွမ်ရွှေဟာ ပထမအကြိမ် အခြေခံတည်ဆောက်ဖို့ပဲ ကျရှုံးခဲ့တာလေ.... သူ ပြန်ကျန်းမာလာရင် နောက်ထပ်တစ်ကြိမ် ထပ်ပြီး ကြိုးစားလို့ ရသေးတယ်.... ဆိုလိုတာက သူဟာ အဲ့ဒီ မြေခွေးအိုကြီးရဲ့ အဖိုးတန် မျှော်လင့်ချက်ဖြစ်နေတုန်းပဲ.... အဲ့ဒီအချိန်မှာ တွမ်မျိုးနွယ်စုအတွင်း တွမ်ရွှေနေရာကို ခြိမ်းခြောက်နိုင်တဲ့ တစ်ဦးတည်းသောလူက ငါပဲ.... ဘာလို့လဲဆိုတော့ ငါ့ရဲ့ ပါရမီတွေက လူသိများလာပြီး ကျင့်ကြံတဲ့လမ်းစဉ်လည်း တစတစ မြန်လာလို့ပဲ....”

“သူက ငါ့တိုက်ရိုက် မထိရဲဘူးလေ....အဲဒါကြောင့် ငါ့အမေကို ပစ်မှတ်ထားခဲ့တာ.... အမေ့ကိုသာ တခြားလူနဲ့ လက်ထပ်ပေးလိုက်ရင် မျိုးနွယ်စုထဲမှာ ငါက တစ်ကောင်ကြွက်ဖြစ်သွားပြီလေ...."

လော့ချန်သည် တွမ်ဖုန်းအား စာနာနားလည်သော အမူအရာဖြင့် စိုက်ကြည့်နေမိသည်။ ဤအရာများ၏နောက်ကွယ်မှ အမှန်တရားမှာ အလွန်ပင် ရွံရှာဖွယ် ကောင်းလှသည်။ ကျင့်ကြံသူ မျိုးနွယ်စုများမှာ အပြင်ပန်း မြင်တွေ့ရသကဲ့သို့ စည်းလုံးညီညွတ်ပြီး သဟဇာတ ရှိလှသည် မဟုတ်ချေ။

"ဆက်ပြောရရင် အမေသေတော့ မဟာမိတ်လက်ထပ်ပွဲက ပျက်သွားတယ်.... ငါလည်း တွမ်မျိုးနွယ်စုအိမ်ပေါ်က တန်းဆင်းလာခဲ့တယ်.... ရီစရာက အဲ့ဒီမြေခွေးအိုကြီးက လေလံပွဲတစ်ခုမှာ တွမ်ရွှေအတွက် နောက်ထပ် အခြေတည်ဆေးလုံး တစ်လုံးကိုတောင် ထပ်ဝယ်ပေးခဲ့တယ်လေ…."

"ဩော်.... လေလံပွဲမှာ နောက်ထပ် အခြေတည်ဆေးလုံး ဟုတ်လား.... တော်တော်ရက်ရောတာပေါ့…."

ထိုအခိုက် လော့ချန် တစ်စုံတစ်ခုကို ချက်ချင်း သတိရလိုက်သည်။ ဟိုယခင်က ကျောက်စိမ်းအိုး လေလံပွဲတွင် မီရှုဟွာသည် လေလံဆွဲခြင်းကို ရှောင်ကြဉ်ခဲ့ပြီး အင်အားစုလေးခုကို အခြေတည်ဆေးလုံးများအား ခွဲဝေယူစေခဲ့သည်။ ဝမ်ဟိုင်ချောင်၊ လီမျိုးနွယ်စု နှင့် အခြားမျိုးနွယ်စုတို့ကို ဖယ်ထုတ်လိုက်လျှင် ကျန်ရှိသော ဝယ်ယူသူမှာ တွမ်ချန်ခွန်းပင် ဖြစ်ပေလိမ့်မည်။

"ဒုတိယမြောက် အခြေတည်ဆေးလုံးနဲ့လည်း မရပြန်ဘူးမလား...." ဟု လော့ချန် မေးလိုက်သည်။

ထိုသို့ပြောရခြင်းမှာ အခြေအမြစ်မရှိသော ခန့်မှန်းချက် မဟုတ်ချေ။ အကြောင်းမှာ ယနေ့တိုင်အောင် တွမ်မျိုးနွယ်စု၏ မျိုးဆက်သစ်ထဲမှ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူ ပေါ်ထွက်မလာသေးသောကြောင့်ပင် ဖြစ်သည်။

ထိုအခါ တွမ်ဖုန်းက အားရပါးရ ရယ်မောလိုက်သည်။

"ဟားဟားဟား.... ဟုတ်တယ်…. အဲ့ငဖျင်းကောင်က အခုထိ တိုင်ပတ်နေတုန်းကွ.... ရေနဲ့ မီး ဆိုတာက ဆန့်ကျင်ဘက်ဓာတ်တွေကွ.... သူ့မှာရှိတဲ့ ရေနဲ့မီး ဝိညာဥ်အမြစ် နှစ်မျိုးလုံးကို ပေါင်းကျင့်ကြံတာက တိုက်ခိုက်ရေးစွမ်းရည်မှာ အားကောင်းတယ် ဆိုပေမဲ့ ကျင့်ကြံခြင်းအဆင့် တက်လှမ်းဖို့ကျတော့ ပိုခက်တယ်လေ.... သူ ဒီအဆင့်မှာတင် တစ်နေတာကောင်းတာပေါ့.... မဟုတ်ရင် အမေ့အတွက် ငါ ဘယ်လိုလုပ် ကလဲ့စားချေနိုင်တော့မှာလဲ"

ဝိညာဉ်အမြစ် နှစ်မျိုးရှိခြင်းမှာ အလွန်ကောင်းမွန်သည့် ပါရမီတစ်ခု ဖြစ်သည်မှာ ငြင်းမရပေ။ သို့သော် ဝိညာဉ်အမြစ် နှစ်မျိုးတိုင်းမှာ လူတစ်ဦးနှင့်တစ်ဦး တူညီကြသည် မဟုတ်ချေ။ အကယ်၍ ရေနှင့် မီးကဲ့သို့ တစ်ခုနှင့်တစ်ခု ဆန့်ကျင်နေပါက ၎င်းတို့သည် ကျင့်ကြံခြင်းကို အရှိန်မြှင့်ပေးမည့်အစား ဒန်တျန် ပဋိပက္ခများကိုသာ ဖန်တီးပေးလိမ့်မည် ဖြစ်ရာ ဝိညာဉ်အမြစ် တစ်မျိုးတည်းရှိသူများထက်ပင် တက်လှမ်းရန် ပိုမို ခက်ခဲသွားပေလိမ့်မည်။

သို့ဖြစ်သောကြောင့် တွမ်ရွှေ ဤမျှအထိ တက်လှမ်းနိုင်ခဲ့ခြင်းသည်ပင် အကြောင်းရင်း နှစ်ခုကြောင့်သာ ဖြစ်သည်။ တစ်ခုမှာ တွမ်မျိုးနွယ်စု၏ ရေခဲမီးလျှံ ဝိညာဉ်စမ်းရေ တန်ခိုးကြောင့်ဖြစ်ပြီး နောက်တစ်ခုမှာ ထို့ဆန့်ကျင်ဘက် ဝိညာဉ်အမြစ် နှစ်မျိုးလုံးကို ထိန်းညှိပေးနိုင်မည့် ကျင့်စဉ်တစ်ခုကို တွမ်ချန်ခွန်းက မနားမနေ ရှာဖွေပေးခဲ့ခြင်းကြောင့် ဖြစ်သည်။

ထိုအရာများသာ မရှိခဲ့ပါက တွမ်ရွှေသည် သူ၏ သက်တမ်းအတွင်း အထွတ်အထိပ်အဆင့်သို့ ရောက်ရှိရန်ပင် လွယ်ကူလိမ့်မည် မဟုတ်ချေ။ ထိုအဆင့်သို့ ရောက်သည့်တိုင်အောင် သူ၏အဆင့်တက်လှမ်းမှု အခက်အခဲမှာ ဝိညာဉ်အမြစ် တစ်မျိုးတည်းရှိသူများထက် ပိုများသည်။ ထို့ကြောင့်ပင်လျှင် အခြေတည်ဆေးလုံး နှစ်လုံးအထိ သုံးစွဲခဲ့သော်လည်း ကျရှုံးခဲ့ခြင်း ဖြစ်ပေလိမ့်မည်။

အချိန်ကာလအရ ကြည့်မည်ဆိုပါက တွမ်ရွှေသည် လက်ရှိတွင် ထိုကျရှုံးမှုများ၏ နောက်ဆက်တွဲ ဒဏ်ရာများမှ ပြန်လည် နာလန်ထူရန် ကြိုးစားနေဆဲ ဖြစ်ပေလိမ့်မည်။ အဆင့်တက်ရန် ကြိုးစားရင်း ကျရှုံးခြင်း၏ နောက်ဆက်တွဲဆိုးကျိုးမှာ လျှော့တွက်၍ ရသော အရာမဟုတ်ချေ။

လော့ချန်သည် သူ့အိမ်နီးချင်းဟောင်း ဖူရှို့ရှို့ထံတွင် ထိုအခြေအနေကို ကိုယ်တိုင် မြင်တွေ့ခဲ့ဖူးသည်။ သူမသည် အဖော်ဖြစ်သူ၏ အကူအညီနှင့် ထူးခြားသန်မာသော ခန္ဓာကိုယ်ကြောင့်သာ ဖြည်းဖြည်းချင်း နာလန်ထူနိုင်ခဲ့ခြင်း ဖြစ်သည်။

တွမ်ချန်ခွန်း၏ အကူအညီ ရှိသည့်တိုင်အောင် တွမ်ရွှေ ရုန်းကန်နေရသည်မှာ သေချာလှသည်။ တွမ်ရွှေ ရုန်းကန်နေရသည်ဆိုပါက တွမ်ချန်ခွန်း ကိုယ်တိုင်မှာလည်း အန္တရာယ်ရှိသော အခြေအနေသို့ ရောက်ရှိနေပြီ ဖြစ်သည်။ ထိုအချက်က တွမ်မျိုးနွယ်စု တစ်ခုလုံးမှာ အခက်အခဲနှင့် ရင်ဆိုင်နေရသည်ဟု ဆိုလိုရာရောက်ပေလိမ့်မည်။

"ဩော်.... ဒါကြောင့်လည်း သူတို့ မျိုးနွယ်စုဝင်တွေ အစ်ကိုတွမ်ကို မကြာသေးခင်က ပြန်ဆက်သွယ်ဖို့ ကြိုးစားနေကြတာပေါ့...."

မျိုးနွယ်စုတစ်ခုအတွင်း ကျင့်ကြံခြင်းမှာလည်း တစ်ကိုယ်တော်ကျင့်ကြံသူများကဲ့သို့ပင် အချင်းချင်း ပရိယာယ်များနှင့် နောက်ကျောဓားနှင့်ထိုးမှုများမှာ အပြည့်ရှိနေသည်။ တွမ်ဖုန်းက ခေါင်းညိတ်ပြသည်။

"လာရှာကြတယ်လေ…. အဟက်.... သူတို့ ငါ့ကို လာရှာမှာပေါ့…. ပြီးခဲ့တဲ့ တစ်နှစ်အတွင်း ငါက နာမည်တစ်ခု ရလာခဲ့တာကိုး"

တွမ်ဖုန်းသည် အဆုံးအဖြတ်စင်မြင့်ပေါ်တွင် နန်ကုန်းကျင်းကို တစ်ကြိမ်နိုင်၊ တစ်ကြိမ်ရှုံး ရလဒ်ဖြင့် အဆင့် သုံးဆင့်အတွင်း အမြဲ ရှိနေခဲ့သူ ဖြစ်သည်။ ထို့အပြင် သူသည် လော့ချန်၏ ယုံကြည်မှုကို အပြည့်အဝ ရရှိထားသော လော့ထျန်းအဖွဲ့ချုပ်၏ ရာထူးကြီး ပုဂ္ဂိုလ်တစ်ဦးလည်း ဖြစ်နေပြန်သည်။ တစ်ချိန်ကဆိုလျှင် ဖူမျိုးနွယ်စုခေါင်းဆောင် ဖူကျန်းကိုပင် မကြောက်မရွံ့ ရင်ဆိုင်ခဲ့ဖူးသည်။

အကျဥ်းချုပ်ဆိုရသော် တွမ်ဖုန်းမှာ တစ်ချိန်ကကဲ့သို့ အစွန့်ပစ်ခံခဲ့ရပြီး ရှင်သန်ရန် ရုန်းကန်နေရသော မိဘမဲ့ကလေး မဟုတ်တော့ချေ။ သူ၏ ခွန်အားမှာ တွမ်မျိုးနွယ်စုက ထင်မှတ်ထားခဲ့သော အတိုင်းအဆထက် များစွာ ကျော်လွန်နေပြီ ဖြစ်သည်။

"အဟက်.... သူတို့က ငါ့ကို ကတိတွေ အများကြီး ပေးနေသလို အကျိုးခံစားခွင့် တချို့ကိုတောင် ကြိုပေးနေကြတယ်လေ...."

တွမ်ဖုန်း၏ လေသံထဲတွင် သူ့အမျိုးသူ လှောင်ပြောင်လိုစိတ်များ ပါဝင်နေသည်။ သူ ပြုံးလိုက်ရင်း ဆက်ပြောသည်။

"ဟားဟား.... ငါမညာပါဘူး.... သူတို့ပေးသမျှ အကုန်ယူလိုက်တာပဲ.... ဒီလိုယူတာကလဲ သူတို့ကို တစ်ချိန်ကျ ကျေးဇူးကန်း သစ္စာဖောက်ဖို့ ရည်ရွယ်ချက်နဲ့ မဟုတ်ဘူးကွ.... ဘာလို့လဲဆိုတော့ သူတို့အခု လာပေးနေတာတွေက အစကတည်းက ငါပိုင်ရမဲ့ဟာတွေပဲလေ...."

ထိုစကားကြောင့် လော့ချန် မျက်ခုံးပင့်လိုက်သည်။

"ဒါဆို အစ်ကိုတွမ်.... အဲဒီ့မျိုးနွယ်စုဆီကို ပြန်သွားဖို့ အစီအစဉ် မရှိဘူးပေါ့"

ထိုသို့ပြောလိုက်သောအခါ တွမ်ဖုန်းက သူ့အား မေးတတ်ရန်ကော ဟူသည့်သဘောဖြင့် ကြည့်လိုက်သည်။

"ဟား.... ကြည့်.... ငါ သိသားပဲ…. မင်း ဒီနေ့ လာတာက အဲ့ဒီကိစ္စကို စိုးရိမ်လို့ မဟုတ်လား"

"ဟဲဟဲ.... ဒါကတော့ဗျာ"

လော့ချန် ပွင့်လင်းစွာပင် ရယ်မောလိုက်ပြီး သူ၏ ရည်ရွယ်ချက်ကို ဖုံးကွယ်ရန် မကြိုးစားတော့ချေ။ ဖြောင့်မတ်သောသူမှာ လှည့်ဖြားခံရတတ်သည်။ ဤကဲ့သို့သော အခြေအနေမျိုးတွင် အရာအားလုံးကို ပွင့်ပွင့်လင်းလင်း ချပြလိုက်ခြင်းက ဘာကိုမျှ ပြောင်းလဲသွားစေမည် မဟုတ်ချေ။ ထို့နောက် တွမ်ဖုန်း ခေါင်းခါလိုက်ရင်း လော့ချန် သိချင်နေသော မေးခွန်း၏ အဖြေကို ပြတ်ပြတ်သားသားအဖြေပေးသည်။

"ငါ ဘယ်တော့မှ ပြန်မသွားတော့ဘူးကွ.... အင်း သူတို့ဆီခြေချရမယ့် တစ်ရက်ရှိလာခဲ့ရင်တောင် အဲ့ဒါ ငါလိုချင်တဲ့ အသက်တစ်ချောင်းကို သွားယူဖို့ပဲ ဖြစ်လိမ့်မယ်"

အခန်းအတွင်းရှိ မီးဖိုမှ မီးတောက်များမှာ တဟုန်းဟုန်း တောက်လောင်နေပြီး ပြင်းထန်သော အပူရှိန်ကို ထုတ်လွှတ်နေသည်။ လော့ချန်သည် တွမ်ဖုန်း၏ဝတ်ရုံစကို ဆွဲလိုက်ရင်း အကြံပြုလိုက်သည်။

"ဒီမှာ အစ်ကိုတွမ်ရဲ့.... တွမ်ချန်ခွန်းရဲ့ သက်တမ်းက သိပ်မကျန်တော့ဘူးလေ.... ဘာလို့ သေခါနီး အဘိုးကြီးအတွက် စိတ်အနှောင့်အယှက် ဖြစ်ခံနေမှာလဲ.... သူ အိုသေသွားမယ့် အချိန်အထိ စောင့်လိုက်တာက ပိုကောင်းမှာပေါ့ဗျ၊ မဟုတ်ဘူးလား.... အဲ့ဒီအချိန်ကျမှ သူ့ရဲ့ သင်္ချိုင်းပေါ်မှာ ကပြလိုက်တာက ကျွန်တော်တို့ပုံစံနဲ့ ပိုပြီး ကိုက်ညီမှာ မဟုတ်လားဗျာ"

ထိုအခါ တွမ်ဖုန်းသည် နာကြည်းချက်များပြည့်နေသော မျက်နှာထားဖြင့် ပြန်ပြောသည်။

"မဟုတ်ဘူးကွ.... ညီလေး မင်း နားမလည်ပါဘူး.... ငါ့အမေ အိမ်ထဲမှာ သွေးသံရဲရဲနဲ့ သူ့ကိုယ်သူ သတ်သေသွားခဲ့တာကို ငါ ဘယ်တော့မှ မေ့လို့ မရဘူးကွ.... အဲဒီ့ သောက်အဘိုးကြီးကို အေးအေးဆေးဆေး အိုသေခွင့် မပေးနိုင်ဘူး.... အဖေ့အသက်၊ အမေ့အသက်နဲ့ ငါ နှစ်ပေါင်းများစွာ ခံစားခဲ့ရတဲ့ မတရားမှုတွေ.... နာကြည်းမှုတွေ.... အဲ့ဒါတွေ အကုန်လုံးအတွက် သူ အသက်နဲ့ ပြန်ပေးဆပ်ရမယ်.... ကုန်ကုန်ပြောမယ်ကွာ.... သူ့အရိုးတွေကိုတောင် အမှုန့်ကြိတ်ပစ်မယ်"

တွမ်ဖုန်းသည် ထိုသို့ပြောရင်းမှ မာန်ပါလာကာ တစ်ကိုယ်လုံး တဆတ်ဆတ်တုန်လာတော့သည်။ သူ့ စကားလုံးတိုင်းတွင် သွေးနှင့် ဝမ်းနည်းမှုများ စိမ့်ထွက်နေသကဲ့သို့ ခံစားရသည်။

ထို့အခါ လော့ချန် သက်ပြင်းချလိုက်မိသည်။ တွမ်ဖုန်းအား လက်စားမချေရန် ဖျောင်းဖျ၍ မရတော့သည်ကို သူ သိရှိလိုက်ပြီ ဖြစ်သည်။ သို့သော် ချီသန့်စင်အဆင့် ၉ သာ ရှိသေးသော တွမ်ဖုန်းသည် အခြေခံ တည်ဆောက်ခြင်း ကျင့်ကြံသူတစ်ဦးကို မည်သို့ အနိုင်တိုက်ပါမည်နည်း။ သူသည် အထွတ်အထိပ်အဆင့်သို့ပင် ရောက်သေးသည် မဟုတ်ပေ။

ရုတ်တရက် လော့ချန်၏ မှတ်ဉာဏ်ထဲတွင် ပုံရိပ်တစ်ခု ပေါ်လာသည်။ သူ သတိမထားလိုက်မိဘဲ စကားပြောရန် ပြင်လိုက်သော်လည်း တွမ်ဖုန်း၏ မျက်ဝန်းထဲရှိ ရိုင်းစိုင်းကြမ်းတမ်းသော ဒေါသမာန်များကို မြင်လိုက်ရသောအခါ ပြောလုဆဲဆဲ စကားလုံးများကို ပြန်လည် မျိုချလိုက်ရသည်။ သူ မပြောနိုင်တော့ချေ။ အကယ်၍ သူသာ ပြောလိုက်ပါက တွမ်ဖုန်းကို ဒုက္ခပေးသလိုသာ ဖြစ်သွားပေလိမ့်မည်။

လော့ချန်နှင့် သူ၏စွန့်စားခန်းများ

အခန်း (၂၄၈) - တွမ်ရွှေ၏ ဝါသနာ

ပြန်စဥ်းစားကြည့်ပါက လော့ချန် နဂါးရတနာ မှောင်ခိုဈေးကွက်သို့ ပထမဆုံး ခြေချခဲ့စဉ်က တာဟဲစျေးမြို့တော်အတွင်း ရွှေအမြုတေဂူသင်္ချိုင်း ပွင့်သွားပြီး ပရမ်းပတာ ဖြစ်နေသည့် အချိန်ဖြစ်သည်။

ထိုစဉ်က လော့ချန်သည် သွေးအဆီအနှစ်ဆေးလုံးကို လေလံတင်ခဲ့ရာမှ ထျန်းရှင်းကျီ၏ အာရုံစိုက်မှုကို ရရှိခဲ့ပြီး အနာဂတ်တွင် အရောင်းအဝယ်သဘောတူညီမှုအတွက် လမ်းစပွင့်ခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့်ပင် လော့ချန် ထိုပထမဆုံး မှောင်ခိုလေလံပွဲကို ကောင်းစွာ မှတ်မိနေသည်။ အထူးသဖြင့် ထိုပွဲသို့ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူ သုံးဦး တက်ရောက်ခဲ့သည်ကို သူ ရှင်းလင်းစွာ မှတ်မိနေသည်။ မှောင်ခိုဈေးကွက်ကို ဦးဆောင်ကြီးကြပ်သော ထျန်းရှင်းကျီမှလွဲ၍ ကျန်ရှိသော နှစ်ဦးမှာ အလွန်ပင် သံသယဖြစ်ဖွယ် အမူအရာများ ရှိခဲ့ကြသည်။

ရွှေအမြုတေဂူသင်္ချိုင်းအတွင်း၌ တစ္ဆေချောက်နက်ထဲမှ အကြီးအကဲ ခေါင်းဆောင်ကြီး၏ ကျန်ရစ်သော အမွေအနှစ်များ ရှိနေသည်။ ထိုနေရာတွင် ရှားပါးသော ရတနာများသာမက အစွမ်းထက်သော မှော်လက်နက်များ၊ အဆင့်မြင့် ကျင့်စဉ်များနှင့် အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူများအတွက် ရွှေအမြုတေအဆင့်သို့ တက်လှမ်းရန် အရေးပါသော အခွင့်အရေးများပင် ရှိနေနိုင်သည်။

ထိုကဲ့သို့သော အဖိုးတန် အခွင့်အရေးများကို လျစ်လျူရှုကာ မှောင်ခိုလေလံပွဲသို့ တက်ရောက်နေခြင်းမှာ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူများအတွက် အလွန် ထူးဆန်းလှသည်။ သူတို့၏ ရည်ရွယ်ချက်မှာ အမှန်တကယ်ပင် သံသယဖြစ်ဖွယ် ကောင်းလှသည်။ ထိုအချိန်က လော့ချန်မှာ အတွေ့အကြုံနှင့် ဗဟုသုတ နည်းပါးနေသေးသည်။ သူသည် အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူများကို ခေါင်းလောင်းရွှေအိုးရိပ်မြုံ စားသောက်ဆိုင်ရှိ ရွှေအမြုတေ ဂုဏ်ပြုပွဲတွင် တစ်ချက်မျှသာ မြင်ဖူးခဲ့ခြင်း ဖြစ်ရာ ထိုသူများကို မမှတ်မိခဲ့ချေ။

သို့သော် မှောင်ခိုလေလံပွဲများစွာကို တက်ရောက်ခဲ့ပြီးနောက်နှင့် အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူ အများအပြားနှင့် ရင်ဆိုင်ခဲ့ရပြီးနောက် လော့ချန်သည် တာဟဲစျေးမြို့တော်ဝန်းကျင်ရှိ အင်အားကြီး ပုဂ္ဂိုလ်များနှင့် တဖြည်းဖြည်း ရင်းနှီးလာခဲ့သည်။ သူတို့၏ အမူအရာ၊ စကားပြောဟန်နှင့် အမူအကျင့်သေးသေးလေးများကို လေ့လာခြင်းဖြင့် ပထမဆုံး မှောင်ခိုလေလံပွဲသို့ တက်ရောက်ခဲ့သူ နှစ်ဦးမှာ အခြားသူမဟုတ်ဘဲ တွမ်ချန်ခွန်းနှင့် လျန်ယွန်း ကုန်သွယ်ရေး မဟာမိတ်မှ အကြီးအကဲကျိုးတို့ ဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့သည်။

အကြောင်းမူ ဤဒေသရှိ ကျင့်ကြံသူ အသိုက်အဝန်းမှာ သေးငယ်လှပြီး အင်အားကြီးသူ အရေအတွက်မှာလည်း လက်ချိုးရေတွက်၍ ရသည်။ ရုပ်ဖျက်ထားသည့်တိုင် ထပ်ခါတလဲလဲ တွေ့ဆုံနေရပါက လော့ချန်ကို လှည့်ဖြားရန် မဖြစ်နိုင်ချေ။ သူ့တွင် မည်သူမည်ဝါဖြစ်ကြောင်း သဘာဝကျကျ ခွဲခြားနိုင်စွမ်း ရှိသည်။

တွမ်ချန်ခွန်း ထိုလေလံပွဲသို့ တက်ရောက်ရခြင်း၏ အဓိက အကြောင်းရင်းမှာ သက်တမ်း ရှစ်ရာရှိ မြေကမ္ဘာအမြစ်ကို ရရှိရန် ဖြစ်ကြောင်း လော့ချန် ကောင်းစွာ မှတ်မိနေသည်။ ထိုပစ္စည်းအတွက် သူသည် အကြီးအကဲကျိုး၏ ကမ်းလှမ်းချက် တစ်ခုကို ပါးစပ်ကတိဖြင့် သဘောတူခဲ့သေးသည်။

နောက်ပိုင်းတွင် မြောင်ဝမ်နှင့် စကားပြောဖြစ်ရာမှ ဖိုရှန်းဂိုဏ်း ဖျက်ဆီးခံရသည့်ညက အဖြစ်အပျက်ကို လော့ချန် ပုံဖော်နိုင်ခဲ့သည်။ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူ ငါးဦးမှာ မီရှုဟွာကို ဝိုင်းရံတိုက်ခိုက်ခဲ့ကြပြီး လျန်ယွန်းကုန်သွယ်ရေး မဟာမိတ်မှ ရွှေအမြုတေအဆင့်ရှိသော လုကျိုးရှီပင်လျှင် ပါဝင်ပတ်သက်ခဲ့သည်။ ထိုသူများထဲတွင် တွမ်ချန်ခွန်းသည်လည်း အခန်းကဏ္ဍတစ်ခုမှ ပါဝင်ခဲ့ခြင်း ဖြစ်သည်။

တွမ်ချန်ခွန်းနှင့် မီရှုဟွာတို့မှာ တာဟဲစျေးမြို့တော်တွင် အတူတူ ထွန်းတောက်လာသူများ ဖြစ်ကြပြီး တစ်ချိန်က အလွန် ရင်းနှီးခဲ့ကြသည်ကို လော့ချန် ကောင်းစွာ သိရှိသည်။ တွမ်ချန်ခွန်းသည် သူ၏ ကတိစကားကြောင့်သာ မီရှုဟွာအပေါ် သစ္စာဖောက်ခဲ့ခြင်း ဖြစ်ပေလိမ့်မည်။

ယခင်တုန်းကမူ ထိုအဖြစ်အပျက်များမှာ မြူနှင်းများ ဖုံးလွှမ်းနေသကဲ့သို့ မရှင်းမလင်းဖြစ်နေပြီး အဖြေမရှိသော မေးခွန်းများနှင့် ပြည့်နှက်နေခဲ့သည်။ သို့သော် လော့ချန်၏ ကျင့်ကြံခြင်းအဆင့် မြင့်မားလာပြီး လူမှုဆက်ဆံရေးနယ်ပယ် ကျယ်ပြန့်လာသောအခါတွင်မူ အနည်းငယ် တွေးတောလိုက်ရုံနှင့် အရာအားလုံးမှာ ရှင်းလင်းသွားတော့သည်။

သေလွန်သူများမှာ သွားလေပြီ။ အတိတ်ကို ပြောင်းလဲ၍ မရနိုင်တော့ချေ။

ယခု ထိုအကြောင်းများကို ပြန်တွေးနေခြင်းမှာ သူ၏ အတွေးများကို စနစ်တကျ ပြန်လည် စုစည်းရန်အတွက်သာ ဖြစ်သည်။ သူ အမှန်တကယ် စိတ်ဝင်စားသည်မှာ တွမ်ချန်ခွန်း လေလံအောင်ခဲ့သော မြေကမ္ဘာအမြစ်ပင် ဖြစ်သည်။

မြေကမ္ဘာအမြစ်သည် ကျင့်ကြံဆင့် တက်လှမ်းခြင်းများတွင် အံ့မခန်း အကျိုးသက်ရောက်မှု ရှိသော ဆေးဖက်ဝင် ရတနာပင်ဖြစ်သည်။ ၎င်းကို သက်တမ်းအလိုက် အမျိုးအစား ခွဲခြားထားရာ နှစ်ပေါင်းသုံးရာမှာ အဆင့်ငယ်တစ်ခု ဖြစ်ပြီး နှစ်ပေါင်း သုံးထောင်မှာမူ အကြီးဆုံး အကန့်အသတ် ဖြစ်သည်။

သက်တမ်း နှစ်ပေါင်းသုံးရာ တိုးတိုင်း ကျင့်ကြံသူသည် အခြေခံတည်ဆောက်နိုင်မှသာ အောင်မြင်နှုန်းကို တစ်ဆယ်ရာခိုင်နှုန်း တိုးတက်စေနိုင်သည်။ သက်တမ်း ရှစ်ရာရှိသော မြေကမ္ဘာအမြစ်မှာ ကျင့်ကြံသူ တစ်ဦးအတွက် အခြေခံ တည်ဆောက်နိုင်မှု အောင်မြင်နှုန်းကို နှစ်ဆယ်ရာခိုင်နှုန်းအထိ မြှင့်တင်ပေးနိုင်သည်။

၎င်း၏ ထိရောက်မှုမှာ ဈေးကွက်ရှိ ပုံမှန် အခြေတည်ဆေးလုံးထက် တစ်ဆယ်ရာခိုင်နှုန်းသာ နိမ့်ကျသည်။ အကယ်၍ ဆေးဖော်ဆရာကြီးတစ်ဦးက ၎င်းကို အဆင့်မြင့် အခြေတည်ဆေးလုံးအဖြစ် ဖော်စပ်နိုင်ပါက အောင်မြင်နှုန်းကို လေးဆယ် သို့မဟုတ် ငါးဆယ်ရာခိုင်နှုန်းအထိပင် တိုးမြှင့်ပေးနိုင်ပေလိမ့်မည်။

ထို့ပြင် အဟန့်အတားများကို ဖြတ်ကျော်ရန်အတွက် အံ့ဖွယ်ဆေးတစ်လက် ဖြစ်သော မြေကမ္ဘာအမြစ်သည် ၎င်း၏ အာနိသင်တင်မကဘဲ အခြားသော အားသာချက်များလည်း ရှိနေသေးသည်။ ပုံမှန်အားဖြင့် အဆင့်တက်ရန် ကြိုးစားရာတွင် ကျရှုံးပါက ဆိုးဝါးသော နောက်ဆက်တွဲ ပြဿနာများ ဖြစ်ပေါ်နိုင်သည်။ သာမာန်အားဖြင့် ကျရှုံးသူအများစုသည် ဝိညာဉ်ကြောများ ထိခိုက်ရုံသာ ဖြစ်သော်လည်း အဆိုးဆုံးအခြေအနေများတွင်မူ ဒန်တျန် တစ်ခုလုံး ပျက်စီးသွားခြင်း၊ ချီစွမ်းအားများ ထိန်းမနိုင်သိမ်းမရ ပေါက်ကွဲထွက်ခြင်းနှင့် ချက်ချင်း သေဆုံးခြင်းတို့အထိ ဖြစ်နိုင်သည်။

သို့သော် မြေကမ္ဘာအမြစ်ကို အသုံးပြု၍ အဆင့်တက်ရာတွင် ကျရှုံးခဲ့သည့်တိုင်အောင် ၎င်း၏ နူးညံ့သိမ်မွေ့သော ဆေးအာနိသင်ကြောင့် ကျင့်ကြံသူမှာ ပြင်းထန်သော ဒဏ်ရာများကို ခံစားရမည် မဟုတ်ချေ။ ဤသည်မှာ အဆင့်တက်ဆေးလုံးများ၏ အစစ်အမှန် စွမ်းပကားပင် ဖြစ်သည်။ တွမ်ချန်ခွန်းသည် ထိုပစ္စည်းအတွက် ကြီးမားသော တန်ဖိုးကို ပေးဆပ်ခဲ့ခြင်းမှာ မိမိကိုယ်တိုင်အတွက် မဟုတ်သည်မှာ သေချာလှသည်။

ထိုဆေးမှာ တွမ်ရွှေအတွက် ဖြစ်ပေလိမ့်မည်။ တွမ်ရွှေ နှစ်ကြိမ်တိုင်တိုင် ကျရှုံးခဲ့သည့်တိုင် တွမ်ချန်ခွန်းတစ်ယောက် မျှော်လင့်ချက် မပျက်သေးချေ။ သက်တမ်း ရှစ်ရာရှိ မြေကမ္ဘာအမြစ်ကို ဝယ်ယူခြင်းမှာ တွမ်ရွှေ အခြေခံတည်ဆောက်ခြင်းအဆင့်သို့ တက်လှမ်းရန် နောက်ထပ် ကြိုးပမ်းမှုတစ်ခုသာ ဖြစ်သည်။ တွမ်ချန်ခွန်း၏ နောက်ပိုင်း လုပ်ဆောင်ချက်များကို ကြည့်ခြင်းအားဖြင့် မှောင်ခိုလေလံပွဲများသို့ မကြာခဏ တက်ရောက်ရခြင်းမှာ မျိုးနွယ်စုအတွက်တင် မဟုတ်ဘဲ အခြေခံ တည်ဆောက်ရာတွင် အထောက်အကူပြုမည့် အရန်ပစ္စည်းများကို စုဆောင်းရန်အတွက်လည်း ဖြစ်သည်။

နိုးထခြင်းဆေးရည်၊ ဖန်သားနံ့သာဆီ၊ စိတ်ငြိမ်အမွှေးတိုင်....။

ထိုပစ္စည်းအားလုံးမှာ အခြေခံ တည်ဆောက်ရာတွင် အတိုင်းအတာ တစ်ခုအထိ အထောက်အကူ ဖြစ်စေသည်။အကြောင်းမူ ထိုအရာများသည် အခြေတည်ဆေးလုံး မရရှိနိုင်သော တစ်ကိုယ်တော်ကျင့်ကြံသူများ အသုံးပြုလေ့ရှိသော အစားထိုးပစ္စည်းများပင် ဖြစ်သည်။ ထို အရန်များ အားလုံးပေါင်းစပ်လိုက်လျှင်ပင် စစ်မှန်သော ဆေးလုံးတစ်လုံး၏ အာနိသင်ကို မမီနိုင်သော်လည်း ဘာမှမရှိခြင်းထက်စာလျှင် သာပေသည်ဟု မှတ်ထင်ရပေမည်။

တွမ်ချန်ခွန်းသည် တတိယမြောက် ဆေးလုံးကို အချိန်မီ မရှာဖွေနိုင်ခြင်းနှင့် သက်တမ်း ကုန်ဆုံးလုနီးပါး ဖြစ်နေခြင်းတို့ကြောင့် တွမ်ရွှေ၏ နောက်ဆုံး ကြိုးပမ်းမှုအတွက် မြေကမ္ဘာအမြစ်ကို သုံးစွဲရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်ပေလိမ့်မည်။ "တစ်နေ့တစ်လံ ပုဂံဘယ်ရွေ့မလဲ" ဟူသော ဆိုရိုးစကားလည်း ရှိသည် မဟုတ်ပါလော။

ဤတစ်ကြိမ်တွင် တွမ်ရွှေသာ အစွမ်းကုန်ကြိုးစားပါက အဆင့်တက်ရန် အောင်မြင်သွားနိုင်သည်။ အကယ်၍ သူအောင်မြင်သွားပါက တွမ်မျိုးနွယ်စုတွင် အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူ နှစ်ဦး ရှိလာပေလိမ့်မည်။ ထိုသို့ဆိုပါက တွမ်ဖုန်းအနေဖြင့် အတိတ်ရန်ငြိုးကို ကလဲ့စားချေနိုင်တော့မည်မဟုတ်ပေ။

‘ငါ ဒီအချက်တွေကို အစ်ကိုတွမ်ကို ထုတ်ပြောလိုက်လို့ မဖြစ်ဘူး.... အခုနေ ငါသာ ပြောလိုက်ရင် တွမ်ဖုန်းဟာ မနက်ဖြန်ကျရင် တွမ်ချန်ခွန်းတို့အိမ်ကို ဝင်စီးတာမျိုး လုပ်လိမ့်မယ်.... သူဇွတ်တရွတ် လုပ်ရဲပေမယ့် ငါကတော့ သူ တွမ်ချန်ခွန်းကို ရှုံးသွားမှာကို မကြည့်ရက်ဘူး.... ကျောက်နံရံကို ခေါင်းနဲ့သွားတိုက်သလို နောက်ဆုံးသူပဲ အမှုန့်ဖြစ်သွားလိမ့်မယ်.... ဟူး.... မလွယ်ပါလား....’

တွမ်ဖုန်းသည် လော့ချန်၏ အရက်ဘူးကို ခဏအတွင်းမှာပင် အကုန်နီးပါး သောက်နေ သည်။ ထို့ကြောင့် လော့ချန် မျက်မှောင်ကြုတ်ကြည့်လိုက်ပြီး ရှောင်ယွဲ့၏ အဘိုး ပေးခဲ့သော အရက်ကို ပြန်လုလိုက်သည်။

"ဟိုး.... ဆရာ ထပ်မသောက်နဲ့တော့.... ဒီအတိုင်းသာ ကြွက်တွင်းလုပ်နေရင် ကျွန်တော့် အရက်တွေ ကုန်တော့မှာပဲ"

"ဟာကွာ…. နှမြောလှချေလား.... မင်းပဲ အရက်တွေ အများကြီး ရှိတယ်ဆို"

"ဟဲဟဲ.... ဒါကတော့.... ဘာပြောပြော အစ်ကိုတွမ်ရဲ့ နောက်ကြောင်းရာဇဝင်ကလည်း ပြောလို့ကုန်သွားပြီဟာ"

ထိုစကားကြောင့် တွမ်ဖုန်း ခဏမျှ မှင်တက်သွားပြီးမှ လော့ချန် နောက်လိုက်သည်ကို ပြုံးလိုက်ရင်း ခေါင်းခါလိုက်သည်။ သူ စားပွဲပေါ်သို့ မူးမူးနှင့် မှောက်ချလိုက်ကာ ရေရွတ်လိုက်သည်။

"အင်း.... ငါ့ ဘဝက ပြောပလောက်စရာ ဘာမှမရှိပါဘူး.... အမှတ်တရကောင်းတွေဆိုလို့ နွေးထွေးပြီး ဂရုစိုက်တတ်တဲ့ အမေနဲ့တူတူရှိခဲ့တဲ့ အချိန်တွေပဲရှိမယ်.... အဲ့ဒီတုန်းကတော့ ငါ အမြဲ တွေးခဲ့တာ.... ငါ သန်မာလာတဲ့ တစ်နေ့ကျရင် အမေ့အတွက် လက်ကောက်လှလှလေးတစ်ကွင်း ကိုယ်တိုင်လုပ်ပေးမယ်လို့ပေါ့.... အင်း.... လှလည်းလှ အကာအကွယ်လက်ဖွဲ့သဘောမျိုး လက်ကောက်လေးတစ်ကွင်းပေါ့...."

လော့ချန် သူ့ကို ကြည့်ရင်း သက်ပြင်းချလိုက်မိသည်။ ထို့နောက် မတ်တပ်ရပ်၍ တံခါးကို တွန်းဖွင့်လိုက်ရာ အေးစက်လှသော ဆောင်းလေညင်းများမှာ အခန်းအတွင်းသို့ တိုးဝင်လာတော့သည်။ လေထဲတွင် ဆောင်းရာသီ၏ အအေးဓာတ်က ပါဝင်နေသည်။ ရုတ်တရက် အပြင်ဘက်ရှိ လူရိပ်တစ်ခုမှာ ထိတ်လန့်သွားပြီး ကြောင်လေးတစ်ကောင်ကဲ့သို့ နောက်သို့ ခုန်ဆုတ်သွားသည်။

ထို့နောက် လော့ချန်သည် တွမ်ဖုန်းဘက်သို့ လည်ပြန်ကြည့်ကာ တည်ငြိမ်သော လေသံဖြင့် ဆိုလိုက်သည်။

"အစ်ကိုတွမ်သိလား.... အစ်ကိုက တစ်ကောင်ကြွက်မဟုတ်ပါဘူး၊ အစ်ကို့ဘက်မှာ ကျွန်တော်အမြဲရှိတယ်၊ ပြီးတော့ အစ်ကို့ကိုချစ်တဲ့သူတွေရှိတယ်...."

တံခါးအပြင်ဘက်တွင် ပုန်းလျှိုးကွယ်လျှိုးလုပ်နေသော ဖုန်းရှသည် လော့ချန်ကို ကျေးဇူးတင်သော အကြည့်ဖြင့် ကြည့်လိုက်သည်။ မကြာသေးခင်က တွမ်ဖုန်းမှာ အမြဲ ဂနာမငြိမ်ဖြစ်နေပြီး စိတ်ပျက်အားငယ်မှုများပါ ရောပြွမ်းနေခဲ့သည်။ ယခု လော့ချန်က သူ့ကို ဖျောင်းဖျပေးလိုက်သဖြင့် သူ အဆင်ပြေသွားနိုင်မည်ဟု မျှော်လင့်ရသည်။

လော့ချန် ရုတ်တရက် စနောက်ချင်လာသဖြင့် တွမ်ဖုန်းဘက်သို့ အသံကျယ်ကျယ်ဖြင့် အော်ပြောလိုက်သည်။

"အစ်ကိုတွမ်ရေ.... စိတ်ကူးမလွဲနဲ့.... ကျွန်တော့် မမရှက မိန်းမကောင်းလေးနော်၊ ဒီလိုမျိုးဘယ်မှာမှ ထပ်ရှာလို့ မရတော့ဘူး.... အစ်ကို့အနေနဲ့ နေ့ရက်တိုင်းကို ကလဲ့စားချေချင်စိတ်တွေနဲ့ ကုန်ဆုံးချင်တယ်ဆိုလဲ အစ်ကို့သဘောပါ.... ကျွန်တော်ဝင်မစွက်ဖက်ပါဘူး.... တွမ်မျိုးနွယ်စုက လာပေးတာတွေလဲ အားမနာဘဲ ယူသာထားလိုက်.... အဲ့ဒါ အစ်ကို ရသင့်ရထိုက်တာတွေပဲလေ.... ဒါပေမဲ့ မမရှကတော့ အစ်ကို့အတွက် သူ့နှလုံးသားနဲ့ စိတ်ဝိညာဉ်ကိုပါ ပုံပေးထားတာ.... အစ်ကို သူ့ကို စိတ်ပျက်အောင် လုပ်ရင်တော့ ကျေးဇူးကန်းတာဖြစ်သွားပြီ.... အဲလိုဆိုရင် ကျွန်တော်လော့ချန်က ပထမဆုံးအကြိမ်အဖြစ်...."

လော့ချန် စကားမဆုံးမီမှာပင် ဖုန်းရှက မျက်နှာနီမြန်းလျက် ဆက်မပြောရန် သူ့ကို တားလိုက်သည်။ သူမသည် အမှောင်ထဲမှ တိတ်ဆိတ်စွာ ခေါင်းခါပြနေသည်။

အခန်းအတွင်း၌မူ တွမ်ဖုန်းသည် စားပွဲပေါ်သို့ မှောက်လျက် လုံးဝ တိတ်ဆိတ်နေသည်။ သူသည် အရက်ရှိန်ကြောင့် အိပ်ပျော်သွားခြင်းလား သို့မဟုတ် အမှန်တရားကို ရှောင်လွှဲနေခြင်းလား ဆိုသည်မှာ မရှင်းလင်းချေ။

လော့ချန် ပြုံးလိုက်မိသည်။ ထို့နောက် သူသည် ဖုန်းရှကို နှုတ်ဆက်ဟန် ခေါင်းညိတ်ပြလိုက်ပြီး တုံ့ဆိုင်းမနေဘဲ ထွက်ခွာလာခဲ့တော့သည်။

လော့ချန်ပြန်သွားပြီးနောက် ဖုန်းရှသည် အခန်းအတွင်းသို့ ခြေဖျားထောက်လျက် တိတ်တိတ်လေးဝင်လာခဲ့သည်။ ထို့နောက် သူမသည် စားပွဲပေါ်မှ စားပြီးသား အရိုးခွံများ၊ ပန်းကန်ခွက်ယောက်များကို သိမ်းဆည်းကာ မီးဖိုချောင်သို့ ယူသွားသည်။ တစစီကွဲသွားသော ကြွေခွက်များကိုလည်း လှည်းကျုံးလိုက်သည်။

နောက်ဆုံးတွင် သူမသည် အိပ်ခန်းထဲမှ အပေါ်ဝတ် ဝတ်ရုံတစ်ထည်ကို ယူလာကာ တွမ်ဖုန်း၏ ကိုယ်ပေါ်သို့ ခြုံပေးလိုက်ပြီး အိမ်ပြင်သို့ ပြန်ထွက်လာခဲ့သည်။ သူမ တံခါးပိတ်လိုက်သည့် အချိန်မှာပင် တွမ်ဖုန်း၏ ပုခုံးများ ခဏမျှ တုန်ယင်သွားသည်ကို သူမ ခပ်မှိန်မှိန် မြင်လိုက်ရလေသည်။

....

တာဟဲစျေးမြို့တော်၏ တောင်ဘက် မိုင်တစ်ရာအကွာ၊ နှင်းဖုံးနေသော တောင်တန်းများကြားတွင် ရှောင်ဟွမ်းတောင်တန်းကြီး ရှိလေသည်။ အပြင်ဘက်တွင်မူ ငွေရောင်နှင်းများ ဖုံးလွှမ်းနေပြီး ခြောက်သွေ့သော သစ်ပင်များမှာ အအေးဒဏ်အောက်တွင် ကြံ့ကြံ့ခံနေကြသည်။ သို့သော် တောင်ပေါ်ရှိ တောအုပ်အတွင်းပိုင်းတွင်မူ ရာသီဥတုမှာ မမျှော်လင့်ဘဲ နွေးထွေးနေပြီး သာမန်လူများသည် ဆောင်းရာသီ၏ အအေးဒဏ်ကို ဂရုမစိုက်ဘဲ သွားလာလှုပ်ရှားနေကြသည်။

တောင်ထိပ်ရှိ သီးသန့်ဆောင်တစ်ခုတွင် လူတစ်ဦးမှာ တိတ်ဆိတ်စွာ ရပ်နေပြီး အဝေးမှ မိုးကုပ်စက်ဝိုင်းကို လှမ်းမျှော်ကာ စိုက်ကြည့်နေသည်။ ဤနေရာမှနေ၍ သူသည် တစ်ချိန်က နန်ဝါးနှင်းတောင်တန်းကြီး၏ ခန့်ညားထည်ဝါမှုကို မြင်တွေ့ခဲ့ဖူးသည်။

ဆောင်းရာသီရောက်တိုင်း နှင်းများ ကျဆင်းလာသောအခါ နန်ဝါးနှင်းတောင်တန်းကြီးမှ ရေခဲပြင်ကြီးမှာ အဖြူရောင်လွင်ပြင်ကြီးအဖြစ် ပြန့်ကားလာလေ့ရှိသည်။ ထူထဲလှသော နှင်းများမှာ နေရောင်ကို ကွယ်ကာထားပြီး တောင်တန်းတစ်ခုလုံးကို အအေးဒဏ်အောက်တွင် ဖုံးအုပ်ထားလေ့ရှိသည်။

သာယာသော နေ့ရက်များတွင် ထိုမြင်ကွင်းမှာ အလွန်ပင် လှပလှသည်။ ထိုမြင်ကွင်းကို မြင်ရတိုင်း ထိုလူသည် အတိတ်ကာလများက သူ့ကိုယ်သူ ပြန်လည် မြင်ယောင်မိလေ့ရှိသည်။ ထိုကြီးမားလှသော ရေခဲပြင်ကြီးကဲ့သို့ပင် သူသည်လည်း သူ့ မျိုးနွယ်စုကို ဘေးကင်းအောင် စောင့်ရှောက်ခဲ့သည်။

သို့သော် ကံဆိုးစွာပင် နန်ဝါးနှင်းတောင်တန်းကြီးမှာ ရွှေအမြုတေအဆင့်ရှိသော ဖန်ရင်ရှုံ၏ လက်ချက်ဖြင့် ဖျက်ဆီးခံခဲ့ရသည်။ တစ်ချိန်က ခန့်ညားလှသော မြင်ကွင်းမှာ ယခုအခါ တောင်ကတုံးတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။

ထိုလူသည် တွမ်ချန်ခွန်းပင်ဖြစ်သည်။ သူတို့မျိုးနွယ်စု၏ ကံကြမ္မာမှာလည်း ထိုတောင်တန်းနှင့် တူညီနေသည်ဟု သူ ခံစားနေရသည်။ လက်ရှိတွင်မူ တွမ်မျိုးနွယ်စုကို ကာလကြာရှည်စွာ ကာကွယ်ပေးခဲ့သော အမိုးအကာကြီးမှာ တဖြည်းဖြည်း အရည်ပျော်ကာ ပျောက်ကွယ်လုနီးပါး ဖြစ်နေလေပြီ။ ထိုအခိုက် ရုတ်တရက်ထွက်ပေါ်လာသော စကားသံတစ်သံက တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်။

"ခေါင်းဆောင်ကြီးခင်ဗျာ.... ကျွန်တော် ပြန်ရောက်ပါပြီ"

ထို အသက်လတ်ပိုင်း အမျိုးသားတစ်ဦးမှာ သူ၏ဘေးတွင် ရိုသေစွာ ရပ်နေပြီး လေးနက်သော အမူအရာ ရှိနေသည်။ တွမ်ချန်ခွန်း နောက်သို့ လှည့်မကြည့်ဘဲ တိုက်ရိုက်ပင် မေးလိုက်သည်။

"ဘယ်လို ဖြစ်သွားလဲ"

ထိုလူက ခဏမျှ တုံ့ဆိုင်းနေပြီးမှ ပြန်ဖြေသည်။

"အဆင်ပြေပြေနဲ့ ပြီးမြောက်ခဲ့ပါတယ် ခေါင်းဆောင်ကြီး.... ဒါပေမဲ့ တစ်ဝက်လောက်ပဲပေါ့ဗျာ"

"ဟေ...."

ထို အသက်လတ်ပိုင်း အမျိုးသားမှာ ခေါင်းငုံ့လိုက်ရင်း သေချာရှင်းပြလိုက်သည်။

"ဆေးလုံးကိစ္စကတော့ အဆင်မပြေခဲ့ပါဘူး ခေါင်းဆောင်ကြီး.... ရွှေခန်းမဆောင်က မိန်းကလေး ကူချိုင်ယီ ပြောတာတော့ ဆေးဖက်ဝင်ပစ္စည်းတွေ ပြတ်လပ်နေလို့ ဆေးလုံးထွက်နှုန်းကို မတိုးနိုင်ဘူးဖြစ်နေပါတယ်တဲ့.... နောက်တချက်က နန်ကုန်းမျိုးနွယ်စုတွေ တံခါးပိတ်မကျင့်ကြံခင် သူတို့ရဲ့ ကျောက်စိမ်းအမြုတေဆေးလုံးတွေကို အကုန်နီးပါး ဝယ်သွားလို့ လက်ကျန်တွေ မရှိတော့ပဲ ပစ္စည်း ပြတ်သွားတယ်လို့ ဆိုပါတယ်.... လောလောဆယ်မှာလဲ ဈေးကွက်ထဲက ကျောက်စိမ်းအမြုတေဆေးလုံးတွေက ဖော်စပ်ပြီးတာနဲ့ ချက်ချင်း ရောင်းထွက်နေတာပါပဲ"

သူသည် ထိုသို့ပြောပြီးနောက် ရိုသေစွာ ရပ်နေပြီး အသက်ပင် ပြင်းပြင်းမရှူရဲချေ။ သူ့ပုံစံကြည့်ရသည်မှာ အချိန်မရွေး အပြစ်တင်ကျိန်းမောင်း ခံရမည်ကို စောင့်ဆိုင်းနေသည့်အလား ရှိနေသည်။ သို့သော် ယခုတစ်ကြိမ်တွင်မူ ခေါင်းဆောင်ကြီးက ထူးဆန်းလှစွာ သူ့ကို အပြစ်မတင်ခဲ့ချေ။

ထိုအစား စိတ်ပျက်လက်ပျက် သက်ပြင်းချသံတစ်သံသာ ထွက်ပေါ်လာသည်။

"တန်ချန်ဇီ.... တန်ချန်ဇီ.... မီရှုဟွာ ငါနဲ့ မဟာမိတ်ဖွဲ့ဖို့ ငြင်းခဲ့တုန်းက ဘာလို့လဲဆိုတာ ငါ နားမလည်ခဲ့ဘူး.... ဒါပေမဲ့ အခုတော့ ရှင်းသွားပြီ…. သူ့ရဲ့ အမြော်အမြင်က တကယ့်ကို ထက်မြက်ပြီး ဆုံးဖြတ်ချက်ကလည်း ပြတ်သားတယ်…. တကယ်လို့ ငါသာ သူ့ကို သိမ်းသွင်းထားနိုင်ခဲ့မယ်ဆို တွမ်မျိုးနွယ်စု ဘယ်လောက်အထိ တိုးတက်လာမလဲ ဆိုတာကို တွေးကြည့်စမ်း"

ထိုသို့ကြားလိုက်ရသောအခါ အသက်လတ်ပိုင်း အမျိုးသားမှာ မှင်တက်သွားကာ စိတ်ထဲမှလည်း အတွေးပေါင်းစုံတွေးမိသွားရသည်။

‘အင်း.... ဘာလို့ ခေါင်းဆောင်ကြီးက လော့ထျန်းအဖွဲ့ချုပ်ခေါင်းဆောင် အကြောင်းကို ရုတ်တရက်ကြီး ပြောနေရတာလဲ.... ဒါပေမဲ့လည်း အဲ့ဒီ အဖွဲ့ခေါင်းဆောင်ကတော့ တကယ့်ကို အစွမ်းထက်တာပဲ၊ လော့ထျန်းအဖွဲ့ချုပ်ကို သူပဲ ကမကထလုပ်ပြီး စ တည်ထောင်ခဲ့သလို သူ့ဆေးလုံး အရောင်းအဝယ်လုပ်ငန်းကလည်း အောင်မြင်နေတာ မဟုတ်လား....’

တာဟဲစျေးမြို့တော်ရှိ တစ်ကိုယ်တော်ကျင့်ကြံသူ အများအပြားကလည်း သူ့အကြောင်းကို တသသ ချီးမွမ်းပြောဆိုနေကြသည်။ ဝိညာဉ်ဆေးနန်းဆောင်ဆိုင်ကြီး ပြောင်းရွှေ့သွားပြီးနောက် လော့ထျန်းအဖွဲ့ချုပ်သာ မရှိခဲ့ပါက သူတို့ ဆေးလုံးဝယ်စရာနေရာ ရှိတော့မည် မဟုတ်ကြောင်းလည်း တဖွဖွ ပြောကြသည်။

လောလောဆယ် သူ ထိုအတွေးများကို ခဏ ဘေးဖယ်ထားလိုက်သည်။ အသက်ကို ပြင်းပြင်းရှူလိုက်ရင်း သူပြောလိုက်သည်။

"နောက်ပြီးတော့ တွမ်ဖုန်းက ကျွန်တော်တို့ ပို့လိုက်တဲ့ အရာတွေကို လက်ခံလိုက်ပါတယ် ခေါင်းဆောင်ကြီး"

ထိုအချက်မှာ သူ့တာဝန်နှစ်ခုအနက်မှ အဆင်ပြေခဲ့သော တာဝန်တစ်ခုဟုပြောရပေမည်။ သို့သော် ထိုစကားကို ကြားရသော်လည်း တွမ်ချန်ခွန်းမှာ ဝမ်းမြောက်သည့် အရိပ်အယောင် စိုးစိမျှ မရှိချေ။ ထိုအစား သူ တည်ငြိမ်စွာဖြင့်သာ ပြန်မေးလိုက်သည်။

"ဒါနဲ့ တွမ်ဖုန်းက ချင်းမင်ပွဲတော်ကျရင် သူ့အမေရဲ့ အုတ်ဂူကို လာကန်တော့မယ်လို့ ပြောခဲ့သေးလားကွ...."

အသက်လတ်ပိုင်း အမျိုးသားမှာ ပြန်ဖြေစရာမရှိဘဲ တုံ့ဆိုင်းသွားတော့သည်။

"ဟိုလေ.... ဟို.... ကျွန်တော် ထင်တာကတော့.... သူ အဲ့ဒီအကြောင်း စကားမစခဲ့ပါဘူးခင်ဗျာ"

"ကောင်းပြီ.... မင်း သွားလို့ရပြီ"

ထိုလူ ထွက်သွားပြီးနောက် တွမ်ချန်ခွန်း သက်ပြင်းအရှည်ကြီး ချလိုက်မိသည်။ တွမ်ဖုန်းသည် သူ၏ မြေးအရင်း တစ်ယောက်ပင်ဖြစ်သည်။ သို့သော် သူ မသိလိုက်ဘဲနှင့် ထိုမြေးဖြစ်သူသည် မျိုးနွယ်စုနှင့် ဝေးကွာသွားခဲ့ရုံတင်မကဘဲ မျိုးနွယ်စုကိုပင် ပြန်လည် ရန်ပြုရန် ကြိုးစားနေပြီ ဖြစ်သည်။

"သူက ငါ့ကို ခွင့်မလွှတ်ဘူးတဲ့လား.... ဒါပေမဲ့ ငါ ဘာတွေများ မှားခဲ့လို့လဲ...."

မျိုးနွယ်စု၏ ရေရှည်အနာဂတ်အတွက် တွမ်ချန်ခွန်း ချမှတ်ခဲ့သော ဆုံးဖြတ်ချက်တိုင်းသည် မည်သူမျှ ငြင်းမရနိုင်အောင် မှန်ကန်ခဲ့သည် မဟုတ်ပါလော။ သူ၏ မြေးငယ် တွမ်ရွှေမှာ သာလွန်သော ပါရမီဓာတ်ခံ ရှိသူ ဖြစ်သည်။ တွမ်မျိုးနွယ်စုအတွင်းတွင် တွမ်ရွှေ၏ ရေနှင့် မီး ဝိညာဉ်အမြစ်နှစ်မျိုးသည် ကျင့်ကြံမှုအတွက် အကောင်းဆုံး ဖြစ်သည်။ သူ အခြေခံတည်ဆောက်နိုင်သည်နှင့် တစ်ပြိုင်နက် တိုက်ခိုက်ရေးစွမ်းရည်မှာလည်း ရွယ်တူများကြားတွင် အစွမ်းထက်ဆုံး ဖြစ်လာပေလိမ့်မည်။

အကယ်၍ မိမိသေဆုံးသွားခဲ့လျှင်ပင် တွမ်ရွှေက မျိုးနွယ်စုကို ဆက်လက် ထောက်ကူပေးမည့် မဏ္ဍိုင်ကြီး ဖြစ်လာနိုင်သည်။ ထိုတွေးဆချက်ကြောင့်ပင် တွမ်ဖုန်း၏ မိသားစုကို အနည်းငယ် အနစ်နာခံခိုင်းခဲ့ရခြင်း ဖြစ်သည်။

"ပြီးတော့ ရှီဆန်းနျန်.... သူက ဘာလို့ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ခဲ့ရတာလဲ.... အဲ့အချိန်တုန်းက နန်ကုန်းမျိုးနွယ်စု တာဟဲစျေးမြို့တော်ကို ခြေကုပ်ယူဖို့ အသည်းအသန် ကြိုးစားနေချိန်လေ.... တကယ်လို့ သူသာ အဲ့မျိုးနွယ်စုဝင်နဲ့ လက်ထပ်သွားခဲ့ရင် သူ့ကို ကောင်းကောင်းမွန်မွန် ဆက်ဆံကြမှာ သေချာတယ်၊ နန်ကုန်းကျင်း ဆိုတာကလည်း ကျင့်ကြံသူတွေထဲမှာ ပါရမီအထူးဆုံးလူတစ်ယောက်.... ပြီးတော့ အဲ့ကောင်မှာ အလားအလာကောင်းတွေလဲ အများကြီး ရှိနေတာကို...."

"သူ့ကို နန်ကုန်းမျိုးနွယ်စုရဲ့ အနာဂတ် ခေါင်းဆောင်ကြီးအဖြစ်တောင် လျာထားကြတာလေ.... မုဆိုးမတစ်ယောက်ဖြစ်တဲ့ ရှီဆန်းနျန်အတွက် ဒါဟာ မတရားတဲ့ ကိစ္စလို့ ဘယ်လိုလုပ် ပြောနိုင်မှာလဲ.... သူတို့အိမ်ထောင်ရေးသာ အဆင်ပြေရင် တွမ်ဖုန်းအနေနဲ့လဲ လက်နက်လုပ်တဲ့သူ့အတတ်ပညာနဲ့ ငါတို့မျိုးနွယ်ထဲ ရာထူးကြီးကြီးမားမား ရမှာပဲ.... နန်ကုန်းမျိုးနွယ်စုမှာရှိတဲ့ သူ့အမေရဲ့ ဩဇာကို အသုံးချပြီး ပိုအင်အားကြီးလာနိုင်မှာပဲလေ...."

"အဲ့လိုသာ နှစ်ဖက်မျိုးနွယ်စုရဲ့ အထောက်အပံ့နဲ့သာဆို တွမ်ဖုန်းအတွက် အနာဂတ်မှာ အခြေတည်ဆေးလုံး ရှာပေးဖို့ဆိုတာ ဘာမှ ခက်ခဲတဲ့ ကိစ္စမဟုတ်တော့ဘူး.... ငါ ချမှတ်ခဲ့တဲ့ ဒီဆုံးဖြတ်ချက်ထဲမှာ ငါ့ကိုယ်ကျိုးအတွက် လုပ်ခဲ့တာများပါခဲ့လို့လား...."

ထိုသို့ တွမ်ချန်ခွန်း မိမိကိုယ်ကို ပြန်မေးကာ အတိတ်ဖြစ်ရပ်များကို ပြန်စဥ်းစားနေမိသည်။ သူ၏ အစီအစဉ်အတိုင်းသာ အရာအားလုံး အဆင်ပြေခဲ့ပါက တွမ်မျိုးနွယ်စုမှာ ယခုထက် များစွာ ပိုမို ဩဇာကြီးမားနေမည် ဖြစ်သည်။ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူ နှစ်ဦးရှိသော မျိုးနွယ်စုကြီးဖြစ်လာရန် ဆိုသည်မှာ လက်တစ်ကမ်း အကွာတွင်သာ ရှိခဲ့သည်။ သူဘယ်နေရာမှ စ လွဲမှားခဲ့သည်ကို မသိတော့ပေ။

ထို့‌နောက် တွမ်ချန်ခွန်း ခါးသီးစွာ ရယ်မောလိုက်မိသည်။ ဖြစ်နိုင်သည်မှာ တွမ်ရွှေကို သူ အလိုလိုက်လွန်းခဲ့ခြင်းပင် ဖြစ်ပေလိမ့်မည်။ တွမ်ရွှေတွင် ရေနှင့် မီး ဝိညာဉ်အမြစ်ကို တွေ့ရှိခဲ့သည့် အချိန်မှစ၍ အရာအားလုံးမှာ လွဲချော်ခဲ့ရခြင်း ဖြစ်သည်။ မျိုးနွယ်စု၏ ပိုင်ဆိုင်သမျှ အရင်းအမြစ် များကို တစ်ဦးတည်း ပုံပေးခြင်း၊ မျိုးနွယ်စုတစ်ခုလုံး၏ အာရုံစိုက်မှုကို ရရှိစေခြင်းနှင့် အကာအကွယ် အမြောက်အမြား ပေးထားခြင်းတို့ကြောင့် ထိုမြေးသည် လိုချင်သမျှအကုန် ရရှိခဲ့သည်။ ထို့ကြောင့် ကျင့်ကြံခြင်းအဆင့်မှာ လျင်မြန်စွာ တိုးတက်လာခဲ့သော်လည်း စိတ်ဓာတ်ပိုင်းဆိုင်ရာ လေ့ကျင့်မှုများကိုမူ သူ လျစ်လျူရှုခဲ့မိသည်။

တောက်ပစမ်းရေ စျေးမြို့တော်မှ ပိုင်မျိုးနွယ်စုနှင့် ပြင်းထန်သော တိုက်ပွဲ ဖြစ်ပွားခဲ့ပြီးချိန်မှစ၍ တွမ်မျိုးနွယ်စုမှာ အေးချမ်းနေသည်မှာ ကြာခဲ့ပြီ ဖြစ်သည်။ တွမ်မျိုးနွယ်စု လက်အောက်ငယ်သားများ၏ လေ့ကျင့်မှုမှာလည်း နန်ကုန်းမျိုးနွယ်စု နှင့် လီမျိုးနွယ်စုတို့ကဲ့သို့ ပြင်းထန်မှု မရှိခဲ့ချေ။

တစ်ချိန်ကမူ သူသည် သက်တူရွယ်တူ အခြေခံတည်ဆောက်ခြင်းအဆင့် ရှိသူများကြားတွင် မျက်နှာပွင့်ခဲ့သည်။ ချီသန့်စင် ပြီးပြည့်စုံအဆင့်ရှိသော ပါရမီရှင်တစ်ဦးနှင့် ထူးချွန်သော လက်နက်သွန်းလုပ်သူ မြေးတစ်ဦးကို ပိုင်ဆိုင်ထားသဖြင့် သူ့အား ချီးကျူးခဲ့ကြသည်။ သို့သော် နန်ကုန်းချင်နှင့် လီအောက်တို့ကဲ့သို့သော ကိုယ့်အားကိုယ်ကိုးနိုင်သည့် လူငယ်ပါရမီရှင်များကို မြင်ရသောအခါ သူ မနာလိုဖြစ်ခဲ့သည်ကို ဝန်ခံရပေမည်။

သူသည် အစပိုင်းတွင် ရွှမ်ယီအဖွဲ့အစည်းသို့ ဝင်ရောက်ရန် သဘောတူခဲ့ခြင်းမှာ ၎င်း၏ ဩဇာကို အသုံးပြု၍ သူ့မျိုးနွယ်စုမှ မျိုးဆက်သစ်များကို လေ့ကျင့်ပေးရန် မျှော်လင့်ခဲ့ခြင်းကြောင့် ဖြစ်သည်။ ကံဆိုးစွာဖြင့် ပရမ်းပတာ ဖြစ်ရပ်များမှာ အလွန်လျင်မြန်စွာ ဖြစ်ပွားခဲ့ပြီး ပြောင်းလဲမှုများမှာလည်း ကြီးမားလှသဖြင့် ရွှမ်ယီအဖွဲ့အစည်းမှာ အချိန်မတိုင်မီ ပြိုကွဲခဲ့ရသည်။

တွမ်ရွှေမှာလည်း အခြေခံတည်ဆောက်ရန် ထပ်မံ ကျရှုံးခဲ့ရသဖြင့် ထိုကဲ့သို့သော ပဋိပက္ခများကြားတွင် လေ့ကျင့်ရန် အခွင့်အရေး မရရှိခဲ့ချေ။ မူလ မျှော်လင့်ချက်မှာ သူ အခြေခံ တည်ဆောက်နိုင်လျှင် ရင့်ကျက်လာလိမ့်မည် ဟူ၍ ဖြစ်သော်လည်း၊ တွမ်ရွှေသည် သာမန်အတားအဆီးတစ်ခုဟု ယူဆရသော နေရာမှာတင် ရပ်တန့်နေခဲ့သည်။

အခြေတည်ဆေးလုံး နှစ်လုံးတောင် အလဟဿ ဖြစ်ခဲ့ရပြီ ဖြစ်သည်။ တွမ်ချန်ခွန်းသည် သက်ပြင်းချလိုက်ရင်း သူ၏ ဝိညာဉ်အသိစိတ်ကို အပြင်ဘက်သို့ ဖြန့်ကျက်လိုက်သည်။ မကြာမီမှာပင် ဆေးလုံးနှစ်လုံးကို ဖြုန်းတီးခဲ့သော တွမ်မျိုးနွယ်စု၏ ပါရမီရှင်ဆိုသူကို သူ တွေ့ရှိလိုက်ရသည်။ ထိုသူမှာ နွေးထွေးသော ကုတင်ပေါ်တွင် ဘေးတစ်ဖက်တစ်ချက်စီ၌ မိန်းမလှလေးများကို ပွေ့ဖက်၍ ပျော်ပါးကာ သက်သောင့်သက်သာ လှဲလျောင်းနေသည်။

အိမ်တော်အပြင်ဘက်တွင် နှင်းများ ဖုံးလွှမ်းနေပြီး အေးစက်သော လေများ တဟုန်းဟုန်း တိုက်ခတ်နေသော်လည်း အိပ်ခန်းဆောင်အတွင်း၌မူ တွမ်ရွှေသည် ကာမဂုဏ်စည်းစိမ်၌ ပျော်မွေ့စံစားလျက်ရှိသည်။

တွမ်ချန်ခွန်း၏ မျက်နှာမှာ အုံ့မှိုင်းသွားပြီး ဒေါသအရိပ်အယောင်များ ဖြတ်ပြေးသွားကာ စိတ်ပျက်လက်ပျက်ဖြစ်ဟန်နှင့် နှာခေါင်းရှုံ့လိုက်သည်။ သူသေသွားပြီးနောက်တွင် တွမ်မျိုးနွယ်စု၏ နယ်မြေကို တွမ်ရွှေ မည်သို့ ဆက်လက်အုပ်ချုပ်မည်ကို သူဆက်မတွေးရဲတော့ပေ။

ထိုအခိုက် အဝေးတစ်နေရာရှိ အဖိုးတန် ပရိဘောဂများဖြင့် ပြင်ဆင်ထားသော အခန်းအတွင်းတွင် တွမ်ဖုန်းနှင့် အနည်းငယ် ဆင်တူသော လူငယ်တစ်ဦးမှာ သူ့အား စောင့်ကြည့်နေသော စိတ်ဝိညာဥ်အစအနတစ်ခုကို အာရုံခံမိလိုက်သဖြင့် ရုတ်တရက် မျက်နှာ ပျက်သွားသည်။ သူ ချက်ချင်းပင် လက်ဝှေ့ယမ်းလိုက်ပြီး "ထွက်သွားကြ.... ထွက်သွားကြစမ်း.... ငါ့ကျင့်ကြံရမယ့်အချိန်တွေကို လာဖျက်ဆီးနေတဲ့ မိန်းမပျက်တွေ...." ဟု ဆဲရေးဆိုကာ မောင်းထုတ်လိုက်သည်။

ချီစွမ်းအား လှိုင်းတစ်ခုကြောင့် ထိုအမျိုးသမီး နှစ်ဦးမှာ လွင့်စင်သွားကြပြီး အခန်းပြင်သို့ ဇီးသီးများ လိမ့်ဆင်းသွားသကဲ့သို့ ဖရိုဖရဲ လဲကျသွားကြတော့သည်။ မိန်းမလှလေးများ ထွက်သွားပြီးနောက် ထိုလူငယ်က ရှက်ကိုးရှက်ကန့်ဖြင့် ပြုံးလိုက်သည်။ သူသည် ဆိတ်ငြိမ်နေသော အခန်းထောင့်တစ်နေရာကို မျက်နှာမူကာ မိမိကိုယ်ကိုယ် သို့မဟုတ် သူ့အား စောင့်ကြည့်နေသော မမြင်ရသည့်အရာကို ရည်ရွယ်၍ ရေရွတ်လိုက်သည်။

"အဘိုးရယ်.... ကျွန်တော့် အတွင်းဒဏ်ရာက ခုထိနာလန်မထူသေးလို့ နှစ်ရက်လောက် နားနေတာပါ.... ကျွန်တော် အပျင်းကြီးနေတာ မဟုတ်ရပါဘူး"

သို့သော် မည်သည့် တုံ့ပြန်မှုမျှ မရှိချေ။

ထိုလူငယ် နှုတ်ခမ်းကို မဲ့လိုက်သည်။ သူသည် ချီသန့်စင် ပြီးပြည့်စုံအဆင့်သို့ ရောက်နေပြီ ဖြစ်ရာ ထပ်ကျင့်ကြံနေရန် စိတ်ကူးမရှိပေ။ သူ အဆင့်မတက်နိုင်ခြင်းသည် သူ့အပြစ် မဟုတ်ဘဲ မျိုးနွယ်စု၏ အင်အားနည်းမှုကြောင့်သာ ဖြစ်သည်ဟု ယူဆလျက်ရှိသည်။

အကယ်၍ ဟိုယခင်ကပင် သူ့အား ဂိုဏ်းကြီးတစ်ခုခုသို့ ပို့ကာ သင်ယူလေ့ကျင့်စေခဲ့ပါက သူ၏ ပါရမီဓာတ်ခံဖြင့် အခြေခံတည်ဆောက်ခြင်းအဆင့်သို ရောက်ရှိနေပြီးဖြစ်လိမ့် မည်ဟု သူမုချ ယုံကြည်သည်။ ထိုသို့ဆိုပါက ဂိုဏ်းကြီးတစ်ခု၏ အမာခံတပည့် ဖြစ်နေလောက်ပြီဖြစ်သလို ရွှေအမြုတေ လမ်းကြောင်းပေါ်တွင် ရောက်နှင့်နေလိမ့်မည် ဟူ၍လည်း တွေးထင်လျက်ရှိသည်။

ရှောင်ဟွမ်းတောင်ပေါ်တွင်မူ တွမ်ချန်ခွန်းသည် သူ့မြေးငပျင်းအား စောင့်ကြည့်နေမှုကို ရပ်တန့်လိုက်သည်မှာ ကြာပြီဖြစ်သည်။ သူသည် မျိုးနွယ်စုနယ်မြေအတွင်းမှ တစ်ဦးတည်း ထွက်ခွာလာခဲ့သည်။ ခဏအကြာတွင် မိတ်ဆွေဟောင်း တစ်ဦးမှာ ဝဲလွင့်နေသော နှင်းများကြားမှ ရောက်ရှိလာခဲ့သည်။

"မိတ်ဆွေကြီး.... ငါ မင်းကို သွန်းလုပ်ခိုင်းထားတဲ့ အရာက ဘယ်လောက်အထိ ပြီးပြီလဲနော်"

"အင်း.... ရက်ပိုင်းအတွင်းမှာ ပြီးပါလိမ့်မယ်…. ဒါပေမဲ့ အခု ခင်ဗျားဆီ အကူအညီတောင်းစရာ ကိစ္စတစ်ခု ရှိနေတယ် မိတ်ဆွေ"

"ပြောပါလေ.... ဩော်.... ချီသန့်စင်ဆေးလုံးလား"

All Chapters