အခန်း (၂၄၉-၂၅၀)
Vol. 25 Ch. 249-250
အခန်း (၂၄၉) - ခရီးများ အဆုံးထိလျှောက်
ဝိညာဉ်ကြောဂူအတွင်း၌ လော့ချန်သည် ချီစုဆုံအစီအရင်ကို ရုပ်သိမ်းလိုက်ပြီး ခရမ်းရောင်တိမ်လွှာ ကြေးမီးဖိုကို သိမ်းဆည်းလိုက်သည်။ သူ ချက်ချင်း ထွက်ခွာသွားခြင်း မရှိဘဲ လရောင်မြက်၏ သင်းပျံ့သော ရနံ့အောက်တွင် ထိုင်နေရင်း နက်နဲစွာ တွေးတောနေမိသည်။
၎င်းမှာ တွမ်ဖုန်းကြောင့် မဟုတ်ပေ။ သူ့အစ်ကိုကြီး လော့ထျန်းအဖွဲ့ချုပ်မှ ထွက်ခွာရန် ရည်ရွယ်ချက် မရှိကြောင်း အတည်ပြုပြီးနောက် ထိုကိစ္စမှာ သေးငယ်သော ကိစ္စတစ်ခု ဖြစ်သွားခဲ့သည်။ လော့ချန်သည် တွမ်ဖုန်းကို ယုံကြည်သည်။ ဆက်နေသည်ဖြစ်စေ၊ ထွက်သွားသည်ဖြစ်စေ တွမ်ဖုန်းသည် သူ့အား ပွင့်ပွင့်လင်းလင်း ပြောပြလိမ့်မည်ဟု သူ အတတ်သိသည်။
ယခု သူ့စိတ်ကို လေးလံနေစေသည်မှာ ရှေ့လျှောက် နေ့ရက်များတွင် သူ၏ အချိန်ကို မည်သို့ ခွဲဝေရမည်ဟူသော အချက်ပင် ဖြစ်သည်။ သေးငယ်သော ကိစ္စရပ်များမှာ သူ၏ ကျင့်ကြံခြင်းအပေါ် စတင် နှောင့်ယှက်လာနေပြီ ဖြစ်ရာ ထိုပြဿနာမှာ အခြားအရာအားလုံးထက် သူ့အား ပို၍ ဖိအားပေးနေသည်။ ယခုအခါ နွေဦးကျင့်စဉ်ကို တစ်နေ့လျှင် ငါးကြိမ်အထိ ကျင့်ကြံနိုင်နေပြီ ဖြစ်ပြီး တစ်ကြိမ်စီအတွက် အနည်းဆုံး နာရီဝက်ခန့် စိတ်အာရုံ စူးစိုက်ရန် လိုအပ်နေသည်။ ထိုကဲ့သို့သော အခွင့်အရေးကို သူ အလဟဿ အဖြစ်မခံနိုင်ပေ။
"အရင်တုန်းက ငါ့ရဲ့ ကျင့်ကြံအဆင့် နိမ့်ပါးနေတုန်းက တိုးတက်ဖို့အတွက်ဆို ဘယ်လို အခွင့်အရေးသေးသေးလေးပဲဖြစ်စေ ငါ မရမက ဆုပ်ကိုင်ခဲ့တယ်.... ဒါပေမဲ့ အခုတော့ ငါ့မှာ ရွေးချယ်စရာတွေ ရှိလာပြီ.... အရာအားလုံးကိုတော့ လိုက်လုပ်နေလို့ မဖြစ်တော့ဘူး.... အဲ့ဒါဆို ဘယ်ဟာကိုမှ ပေါက်ပေါက်မြောက်မြောက် မထိရောက်လောက်ဘူး"
လော့ချန် ထိုစကားကို လေသံတိုးတိုးဖြင့် ရေရွတ်လိုက်ပြီးနောက် အတွေးများကို လျင်မြန်စွာ စုစည်းလိုက်သည်။ ရှုပ်ထွေးလှသော ကိစ္စရပ်များမှာ သူ၏ စိတ်ထဲ၌ တစ်ခုပြီးတစ်ခု ပေါ်လာပြီး အရေးကြီးသော ကိစ္စနှင့် အသေးအမွှား ကိစ္စများကို သူ သေသေချာချာ ခွဲခြားလိုက်သည်။ မကြာမီမှာပင် သူ၏ ဦးစားပေးမှာ ရှင်းလင်းသွားတော့သည်။ လော့ထျန်းအဖွဲ့ချုပ်သည် အထွေထွေကိစ္စများကို အခြားသူများထံ လွှဲအပ်ရန် လိုအပ်သည်။ သေးငယ်သော တာဝန်များမှာ အရေးမကြီးလှဘဲ ကျင့်ကြံခြင်းအဆင့် နိမ့်နေသည့်တိုင်အောင် အတွေ့အကြုံရှိသည့် မည်သူမဆို စီမံခန့်ခွဲနိုင်ပေလိမ့်မည်။
"အင်း.... ဆေးဖော်ခန်းမဆောင်မှာဆိုရင် ဝါရင့်အဆင့်ရှိတဲ့ အဘွားယွမ်နဲ့ အစ်ကိုကြီး ချင်လျန်ချန်းတို့ ရှိတယ်.... သူတို့ကိုလည်း ချွီဟန်ချန်း နဲ့ ချိုးရင်းတို့က တက်တက်ကြွကြွ ကူညီပေးနေကြတာပဲ"
"ကျန်တဲ့ ခန်းမဆောင်တွေကို ကြည့်မယ်ဆိုရင်လည်း ဒေါ်လေး မုရုံချင်းလျန်က ကုသိုလ်ခန်းမဆောင်ကို ဖိဖိစီးစီး စီမံနိုင်နေပြီ.... စီမာရှန့်နဲ့ အစ်ကိုကြီးဝမ်ယွမ်တို့ကလည်း တိုက်ခိုက်ရေးခန်းမဆောင်ကို ကြပ်ကြပ်မတ်မတ် ကွပ်ကဲနေကြသလို ကူချိုင်ယီနဲ့ အစ်ကိုကြီးကျန်းဝမ်က ရွှေခန်းမဆောင်အတွက် စိတ်ချရတဲ့ လူယုံတွေ.... သူတို့အကုန်လုံး ကြည့်ရှုစောင့်ရှောက်နေကြပြီပဲ...."
"တစ်ခုရှိတာက ခန်းမဆောင်လေးခုလုံးဟာ အဆင်ပြေပြေ လည်ပတ်နေကြပြီဆိုပေမဲ့.... ငါ့ကိုယ်စား အခြေအနေအရပ်ရပ်ကို စီမံခန့်ခွဲပေးနိုင်မယ့် သူ၊ ယုံကြည်စိတ်ချရတဲ့ ကိုယ်စားလှယ်အုပ်ချုပ်သူ တစ်ယောက်တော့ လိုအပ်နေသေးတယ်...."
လော့ချန်သည် လော့ထျန်းအဖွဲ့ချုပ် အဖွဲ့ဝင်များထဲမှ သင့်တော်မည့် ကိုယ်စားလှယ်လောင်းများကို တစ်ယောက်ပြီးတစ်ယောက် စဉ်းစားကြည့်နေမိသည်။
ဦးလေးချင်လျန်ချန်းမှာ အုပ်ချုပ်ရေးပိုင်းအတွက် မဖြစ်နိုင်ချေ။ သူသည် သေးငယ်သော ကိစ္စရပ်များကို ဘယ်သောအခါမှ ဂရုမစိုက်တတ်သူ ဖြစ်သည်။ ကျိုးယွမ်လီကို ရွေးချယ်ရန်ဖြစ်နိုင်သော်လည်း သူသည် မဟုတ်မခံစိတ်ရှိတတ်လွန်းသူ ဖြစ်ရာ သိပ်စိတ်မချရပေ။ လခြမ်းတောင်ကြား တိုက်ပွဲတွင် သူ၏ အားနည်းချက်မှာ ထင်ရှားခဲ့သည်။ သူသည် တိုက်ပွဲမြေပြင်ရှိ တပ်မှူးတစ်ဦးအဖြစ် ပါရမီ ရှိကောင်းရှိနိုင်သော်လည်း အဖွဲ့အစည်းတစ်ခုကို စီမံခန့်ခွဲရာတွင် လိုအပ်သော ကျွမ်းကျင်လိမ္မာမှုမှာမူ သူ့ထံတွင် မရှိချေ။
ဖုန်းရှမှာ ယုံကြည်ရသူ ဖြစ်သော်လည်း လူရိုသေ ရှင်ရိုသေ ဖြစ်ရန်မူ ကျင့်ကြံခြင်းအဆင့်မှာ နိမ့်ပါးလွန်းနေသေးသည်။ ထို့အပြင် သူမသည် တွမ်ဖုန်း သေဆိုသေ ရှင်ဆိုရှင်မည့်သူဖြစ်ရာ အသင့်တော်ဆုံး ကိုယ်စားလှယ်လောင်းတော့ မဖြစ်နိုင်တော့ပေ။
မိတ်ဆွေကျန်းဝမ်မှာလည်း အံဝင်ခွင်ကျ မဖြစ်လှချေ။ အကြောင်းမူ သူသည် လူမှုရေး ကိစ္စရပ်များတွင် ပါးနပ်ကျွမ်းကျင်သော်လည်း သေရေးရှင်ရေးတမျှ အရေးကြီးသော အချိန်များ၌ ဆုံးဖြတ်ချက်ချရန် တုံ့ဆိုင်းတတ်သည့် အလေ့အထ ရှိသည်။
အကျဥ်းချုပ်သုံးသပ်ရပါက အသင့်တော်ဆုံး ကိုယ်စားလှယ်လောင်းမှာ သူ့ဒေါ်လေး မုရုန်ချင်းလျန်သာ ရှိပေလိမ့်မည်။ သူမ၏ ကျင့်ကြံခြင်းအဆင့်သည် နေရာတစ်နေရာရောက်နေပြီဖြစ်သလို လူအများ၏ ရိုသေမှုကိုလည်း ရရှိထားသည်။ ထို့အပြင် အရေးကြီးသော အချိန်များတွင် ယုံကြည်ရသူ ဖြစ်ပြီး ပြတ်သားမှုနှင့် ညင်သာမှုတို့ကိုလည်း မျှတအောင် ကျင့်သုံးနိုင်စွမ်း ရှိသည်။ သို့သော် သူမသည် ကုသိုလ်တော်ခန်းမဆောင်ကို စီမံနေသည်မှာ ကြာပြီ ဖြစ်သည်။ အကယ်၍ သူမသာ လော့ချန်၏ ကိုယ်စားလှယ် တာဝန်ကိုပါ ယူလိုက်ပါက လော့ထျန်းအဖွဲ့ချုပ်အတွင်း နေရာနှစ်ခုကို ခေါင်းဆောင် တစ်ယောက်ထဲ ရှိနေသကဲ့သို့ ထင်ရပေလိမ့်မည်။ လော့ချန်ဘက်က သဘောတူသည့်တိုင်အောင် မုရုံချင်းလျန် ကိုယ်တိုင်က ငြင်းပယ်ပေလိမ့်မည်။ အကြောင်းမူ သူမသည် အလွန် ပါးနပ်ကာ ချင့်ချိန်တတ်သော အမျိုးသမီးတစ်ဦး ဖြစ်နေသောကြောင့်ပင်။
အသေအချာ စဉ်းစားပြီးနောက် အမျိုးသမီးတစ်ဦး၏ အမည်ကို လော့ချန်၏ စိတ်ထဲ၌ မြင်ယောင်မိလာသည်။
မီကျွင်းဖျင်....။
သူမ၏ စရိုက်မှာ မညင်သာ မပျော့ပြောင်းလှပေ။ သူမသည် အခြားသူများအပေါ် စည်းကမ်းတင်းကျပ်ပြီး ချို့ယွင်းချက်များသူ ဖြစ်သော်လည်း အုပ်ချုပ်သူများဘက်မှ ကြည့်ပါက သူမ၏ လက်အောက်ငယ်သားများအပေါ် အုပ်ချုပ်မှု စွမ်းဆောင်ရည်မှာ အလွန်ပင် မြင့်မားလှသည်။ သူမသည် တစ်ချိန်က ဖိုရှန်းဂိုဏ်းကို တိကျစွာ စီမံခန့်ခွဲပေးခဲ့သဖြင့် မီရှုဟွာအနေနှင့် ပြင်ပအင်အားစုများနှင့် ဆွေးနွေးညှိနှိုင်းရန် အချိန်ရခဲ့ခြင်း ဖြစ်သည်။ ဘဏ္ဍာရေး စီမံခန့်ခွဲမှုတွင်လည်း သူမကို မှီနိုင်မည့် သူ မရှိချေ။ ယခင်က လော့ချန် သူမထံမှ ငွေတောင်းခံသည့် အခါတိုင်း သို့မဟုတ် အမြတ်ဝေစုအနည်းငယ် ရရှိရန်အတွက်ပင်လျှင် သူမနှင့် အကြီးအကျယ် ငြင်းခုံခဲ့ရသည်ကို မှတ်မိသေးသည်။
"အင်း.... နှမြောစရာပဲ.... မီကျွင်းဖျင် မရှိတော့ဘူးလေ" ဟု တွေးရင်း လော့ချန် ဝမ်းနည်းစွာ သက်ပြင်းချလိုက်မိသည်။ ပြန်စဉ်းစားကြည့်လျှင် တစ်ချိန်က အဘိုးကြီးမီ၏ အတွေးထဲတွင် သူနှင့် ထိုအမျိုးသမီးသည် လက်ဆက်ရန် လျာထားခြင်း ခံရဖူးကာ ကံကြမ္မာချင်း ဆုံစည်းလုနီးပါး ဖြစ်ခဲ့ဖူးသည် မဟုတ်ပါလော။
အမျိုးသမီးတစ်ယောက်....။
ရုတ်တရက် အခြားမျက်နှာတစ်ခုကို သူ၏စိတ်ထဲတွင် သတိရသွားသည်။
"အင်း....သူဆိုရင်တော့ မဆိုးဘူးပဲ.... ကမ်းလှမ်းကြည့်မယ်ဆို သူ လုပ်နိုင်ပါ့မလား"
လော့ချန် ခဏမျှ ရပ်တန့်သွားပြီးမှ ခေါင်းညိတ်လိုက်သည်။
"ကောင်းပြီ.... သူ့ကို လောလောဆယ် ဇကာတင်စာရင်းထဲ ခဏထားလိုက်ဦးမယ်"
အကယ်၍ လော့ချန်သည် ဤအရေးကြီးသော ကိစ္စကို ဖြေရှင်းနိုင်ပါက မပြီးနိုင်မစီးနိုင် သေးငယ်သည့် ကိစ္စရပ်များ၏ ဝန်ထုပ်ဝန်ပိုးမှ လွတ်မြောက်သွားပေလိမ့်မည်။ ထိုအခါ အမှန် အရေးကြီးသည့် ကိစ္စရပ်နှစ်ခုကို သူ ဇောက်ချလုပ်ဆောင်နိုင်ပြီဖြစ်သည်။ ထို နှစ်ခုမှာ ဆေးဖော်စပ်ခြင်းနှင့် ကျင့်ကြံခြင်းတို့ပင် ဖြစ်သည်။
"ဆေးဖော်စပ်ခြင်း...."
လော့ချန် ခဏမျှ စဉ်းစားပြီးနောက် ဆုံးဖြတ်ချက် တစ်ခုချလိုက်သည်။
သူသည် ဆေးလုံး သုံးမျိုးကို ဆက်လက် ဖော်စပ်ရန် စီစဉ်ထားသော်လည်း ဦးစားပေး အစီအစဉ်ကို ပြောင်းလဲရပေမည်။ ကျောက်စိမ်းအမြုတေဆေးလုံးကို အာရုံစိုက်မှု အနည်းငယ် လျှော့ချရမည်။ ထိုဆေးလုံးကို ချီလမ်းကြောင်းဆေးလုံး နှင့် သွေးအဆီအနှစ်ဆေးလုံးတို့၏ နောက်တွင် ဒုတိယနေရာ ဦးစားပေးအဖြစ်ထားရန် ဆုံးဖြတ်လိုက်သည်။
ချီလမ်းကြောင်းဆေးလုံးမှာ သူ၏ ဝိညာဉ်အခြေခံကို တိုက်ရိုက်ထောက်ပံ့ပေးသည် ဖြစ်ရာ ပထမ ဦးစားပေးအဖြစ် ဖော်စပ်ရန် ဘယ်သောအခါမှ မမှားနိုင်သော ရင်းနှီးမြှုပ်နှံမှု ဖြစ်သည်။ သွေးအဆီအနှစ် ဆေးလုံးမှာမူ ထျန်းရှင်းကျီနှင့် သူ၏ ရေရှည် လက်တွဲမှုအတွက် အရေးပါလှသည်။ ထိုကုန်သွယ်ဖက်သည် သူ့အပေါ် အမြဲစေတနာ ထားခဲ့သူ ဖြစ်ရာ လော့ချန်အနေနှင့် ပေါ့ပေါ့တန်တန် ဆက်ဆံ၍ မရချေ။ ထို့အပြင် နောက်ခံကောင်းကောင်းရှိသည့် အင်အားစုတစ်ခုနှင့် လက်တွဲခြင်းမှာ ရေရှည်အတွက် များစွာ အကျိုးရှိပေလိမ့်မည်။
မည်သို့သော အကျိုးကျေးဇူးပေနည်းဟု မေးပါက ထိုအင်အားစုသည် အခြေတည်ဆေးလုံးများကို ရရှိအောင် လုပ်ပေးနိုင်ခြင်းပင် ဖြစ်သည်။ ဝိညာဉ်ဆေးနန်းဆောင်သည် တာဟဲစျေးမြို့တော်မှ ထွက်ခွာသွားပြီ ဖြစ်သလို ကျောက်စိမ်းအိုးဓားဂိုဏ်းမရှိသဖြင့် လေလံပွဲကြီးများလည်း မကျင်းပတော့သည့် အချိန်တွင် ဤအချက်မှာ အလွန်ပင် ကြီးမားသော အားသာချက် ဖြစ်သည်။
"အင်း.... လဆန်းပိုင်းမှာ တစ်လစာအတွက် လိုအပ်တဲ့ ချီလမ်းကြောင်း ဆေးလုံးတွေကို အရင်ဆုံး ဖော်စပ်မယ်.... အဲ့ဒီနောက်မှာ သွေးအဆီအနှစ်ဆေးလုံး အမှာစာတွေကို အပြီးသတ်မယ်.... အဲ့ဒီကိစ္စတွေ ပြီးမှပဲ ကျန်တဲ့အချိန်တွေကို ကျောက်စိမ်းအမြုတေဆေးလုံး ထုတ်လုပ်ဖို့အတွက် သုံးတော့မယ်"
ထိုသို့တွေး၍ ကျောက်စိမ်းအမြုတေဆေးလုံးများကို ဦးစားပေး လျှော့ချလိုက်ခြင်းမှာ သူ၏လက်ရှိ ဆေးဖော်စပ်ခြင်းမှ ရရှိသော ဝင်ငွေမှာ ချီသန့်စင်အဆင့်ရှိ ကျင့်ကြံခြင်းအတွက် အထောက်အပံ့ပေးရန် လုံလောက်နေပြီ ဖြစ်သောကြောင့် ဖြစ်သည်။ သူသည် ရှာဖွေရသမျှငွေကို ဖက်တွယ်ထားမည့် ကပ်စေးနှဲတစ်ယောက် မဟုတ်ပေ။ ဝိညာဉ်ကျောက်တုံး သောင်းပေါင်းများစွာကို အသုံးမပြုဘဲ ထားမည့်အစား အမှန်တကယ် လိုအပ်သော နေရာများတွင်သာ တစ်တုံးချင်းစီကို အသုံးချရန် သူ ဆန္ဒရှိသည်။
ဒုတိယမြောက် ကိစ္စရပ် ပြေလည်သွားပြီ ဖြစ်ရာ နောက်ဆုံးနှင့် အရေးအကြီးဆုံး ကိစ္စသာ ကျန်တော့သည်။ ထိုအရာမှာ ကျင့်ကြံခြင်းပင် ဖြစ်သည်။ အခြေအနေပြကြေးမုံကြောင့် လော့ချန်သည် မှော်အတတ်များစွာကို အားသွန်ခွန်စိုက် လေ့ကျင့်ခဲ့သည်။ သို့သော် အချို့သော မှော်အတတ်များမှာ မလိုအပ်ကြောင်း သူ သိမြင်လာသည်။ ဥပမာအားဖြင့် သူ တစ်ချိန်က အလွန်တန်ဖိုးထားခဲ့သော ဒုတိယအဆင့် မှော်အတတ် မြေပြိုခြင်းပင် ဖြစ်သည်။
၎င်းကို ရရှိခဲ့စဉ်က လော့ချန်သည် ထိုမှော်အတတ်အပေါ် ကြီးမားသော မျှော်လင့်ချက်များ ထားရှိခဲ့သည်။ ထိုမှော်အတတ်က ကြီးမားသော ဖျက်ဆီးအားကို ပေးစွမ်းနိုင်သောကြောင့် ၎င်းကို လေ့ကျင့်ရန်အတွက် လိုအပ်သော အခြေခံမှော်အတတ် သုံးခုကို တတ်မြောက်ရန်ပင် အချိန်များစွာ ပေးခဲ့ရသည်။ ဒုတိယအဆင့် မှော်အတတ်များထဲတွင်ပင် ၎င်းမှာ အစွမ်းထက်ဆုံး တစ်ခုအဖြစ် သတ်မှတ်ခံရသည်။ ထိုကဲ့သို့သော အလားအလာကို မည်သူက မက်မောဘဲ နေပါမည်နည်း။
သို့သော် အသေအချာ ပြန်လည် စဉ်းစားကြည့်သောအခါ လော့ချန်သည် ကြီးမားသော အမှားတစ်ခုကို ကျူးလွန်ခဲ့မိမှန်း သိလိုက်ရသည်။ မြေပြိုခြင်း မှော်အတတ်မှာ ငြင်းမရအောင် အစွမ်းထက်သော်လည်း ၎င်းကို ကျွမ်းကျင်ရန်အတွက် ပေးဆပ်ရသည့် တန်ဖိုးမှာ အလွန်ပင် ကြီးမားလှသည်။ အခြေခံမှော်အတတ် သုံးခုကို ကျွမ်းကျင်ပြီးမှသာ စတင် လေ့ကျင့်ခွင့် ရရှိသည် ဖြစ်ရာ ၎င်းမှာ အစပြုရုံသာ ရှိသေးသည်။ အစပိုင်းအခြေခံအဆင့်တွင် ထိုမှော်အတတ်မှာ အားနည်းချက်များစွာ ရှိနေပြီး စစ်မှန်သော တိုက်ပွဲများ၌ များစွာ အသုံးမဝင်ချေ။
ပြီးပြည့်စုံအဆင့် သို့မဟုတ် ထို့ထက် မြင့်မားသော အဆင့်ရောက်မှသာ မှော်လက်နက်များ သို့မဟုတ် ရတနာများကို ယှဉ်ပြိုင်နိုင်ပေလိမ့်မည်။ ထိုရတနာများ၏ စွမ်းအားကို ကျော်လွန်ရန်အတွက် ဆိုပါက ပါရမီရှင်အဆင့် သို့မဟုတ် အထွတ်အထိပ်အဆင့် အထိ တွန်းတင်ရန် လိုအပ်သည်။
"ငါ ခုမှ စဥ်းစားမိတယ်.... မြေပြိုမှော်အတတ်ကို လေ့ကျင့်ဖို့အတွက် အချိန်တွေ အများကြီး မဖြုန်းခဲ့သင့်ဘူး..... ဒီမှော်အတတ်က အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတွေအတွက် ရည်ရွယ်ထားတာပဲ.... ငါက မနိုင်ဝန်ထမ်းမိသလို ဖြစ်သွားတယ်.... ကံကောင်းတာကတော့ ‘အချိန်မီချုပ် အစုတ်သက်သာ’ ဆိုသလို အခုသိသိချင်း ပြင်လိုက်တာ မနောက်ကျသေးပါဘူး...."
ထိုအချက်ကို သိမြင်လိုက်ပြီးနောက် လော့ချန်သည် ထိုမှော်အတတ်ကို လောလောဆယ် ဆိုင်းငံ့ထားရန် ဆုံးဖြတ်လိုက်သည်။ မြေပြိုခြင်းကို ဘေးဖယ်ထားမည် ဖြစ်သလို၊ ကုသခြင်း၊ သန့်စင်ခြင်း၊ နွယ်ရှင်နှောင်ကြိုး၊ လှိုင်းလုံး မှော်အတတ် နှင့် မြေစိုင်တောင် မှော်အတတ် တို့ကိုလည်း ခေတ္တ ရပ်ဆိုင်းထားမည် ဖြစ်သည်။
ဆေးဖော်စပ်ခြင်းတွင် ကျောက်စိမ်းကွဲခြင်းမှာ ပါရမီရှင်အဆင့် ရောက်ရှိနေပြီ ဖြစ်သော်လည်း အထွတ်အထိပ်အဆင့်သို့ ရောက်ရန်မှာ များစွာ လိုအပ်နေသေးသည်။ အလျင်စလို လုပ်ရန် မလိုပေ။ သစ္စာမဲ့နှလုံသားမှာ ပါရမီရှင်အဆင့် ရောက်ရန် အလှမ်းဝေးနေသေးသော်လည်း အထူးတလည် အားထုတ်ရန် မလိုချေ။ ပုံမှန်အတိုင်း ဆေးလုံးများ ဖော်စပ်နေရုံနှင့်ပင် တိုးတက်မှု ရှိနေပေလိမ့်မည်။
ရေတံခွန်စိမ့်စမ်း ဆေးဖော်နည်း နှင့် တိမ်တိုက်အသွင်ပြောင်း မှော်အတတ် တို့မှာ အသစ်ရရှိထားသော ပညာရပ်များ ဖြစ်ရာ ဆေးဖော်စပ်နေစဉ်အတွင်း ဖြည်းဖြည်းချင်း လေ့ကျင့်သွားရုံသာ ဖြစ်သည်။ တစ်နည်းအားဖြင့် ဆေးဖော်စပ်ခြင်းတွင် သူ၏ ကျင့်ကြံချိန်ကို သီးသန့် ဖဲ့ယူရန် မလိုအပ်တော့ချေ။
ကိုယ်ခံပညာများနှင့် ပတ်သက်ပါက ထူး၍ အရေးမကြီးလှချေ။ ထိုအရာများသည် သူ၏ အလုံးစုံ ခွန်အားအပေါ် များစွာ အကျိုးမပြုနိုင်ချေ။ တန်ဖိုးရှိသော တစ်ခုတည်းသော မှော်အတတ်မှာ ကောင်းကင်နတ်သမီးပန်းကြဲခြင်းပင် ဖြစ်သော်လည်း ယခုအချိန်အထိ ပြီးပြည့်စုံအဆင့်၌သာ ရှိနေသေးသည်။ ၎င်းကို ပါရမီရှင်အဆင့်သို့ မြှင့်တင်ရန်အတွက် အနည်းဆုံး လက်နက်ပုန်း နည်းစနစ် နှစ်မျိုးကို ထပ်မံ တတ်မြောက်ရန် လိုအပ်သည်။
လော့ချန်သည် ထိုမှော်အတတ်အတွက် အချိန်ဖြုန်းရန် ရည်ရွယ်ချက် မရှိချေ။ ဤသည်မှာ ကောင်းကင်နတ်သမီးပန်းကြဲခြင်း မှော်အတတ်က တန်ဖိုးမရှိသောကြောင့် မဟုတ်ပေ။ ဆွဲငင်ခြင်းနှင့် နတ်မျက်စိတို့မှာ အထွတ်အထိပ်အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ရာ မှော်လက်နက်များအပေါ် သူ၏ ထိန်းချုပ်နိုင်စွမ်းမှာ ထူးကဲသော အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သောကြောင့် ဖြစ်သည်။ ၎င်းနှင့် နှိုင်းယှဉ်ပါက ကောင်းကင်နတ်သမီးပန်းကြဲခြင်း မှော်အတတ်မှာ အလှဆင်ရုံမျှသာ ရှိတော့သည်။
မှော်အတတ်များကို ဘေးဖယ်ထားလိုက်သောအခါ သူ အာရုံစိုက်ရမည့် လမ်းကြောင်းမှာ ရှင်းလင်းသွားတော့သည်။
"သေချာတာကတော့.... အကုန်လုံးကို နည်းနည်းချင်းစီ တတ်ထားတာထက် တစ်ခုခုကို နှံ့နှံ့စပ်စပ်ကျွမ်းကျင်တာက ပိုပြီး တန်ဖိုးရှိမယ်ထင်တယ်...." ဟူ၍ လော့ချန်သည် သူ၏ လမ်းကြောင်းအပေါ် ခိုင်မာသော ဆုံးဖြတ်ချက်ဖြင့် ပြန်လည် သုံးသပ်လိုက်သည်။
မီးလုံးမှော်အတတ်မှာ အထွတ်အထိပ်အဆင့်သို့ ရောက်နေပြီ ဆိုသော်လည်း တိုးတက်ရန် ထပ်လိုနေသေးသည်။ လော့ချန်သည် ဖူမျိုးနွယ်စု၏ အကာအကွယ်အစီအရင် နည်းစနစ်များကို သူ၏ အထွတ်အထိပ်အဆင့်ရှိ နတ်မျက်စိနှင့် ပေါင်းစပ်ကာ မီးလုံးမှော်အတတ်ကို အစွမ်းကုန် လေ့ကျင့်ရန် ဆုံးဖြတ်လိုက်သည်။
သူသည် မီးလုံးမှော်အတတ်ကို အဆင့်အကန့်အသတ်များအားလုံး၏ အလွန်သို့ ရောက်အောင် တွန်းတင်ရန် ရည်ရွယ်ထားသည်။ အကယ်၍ သူသာ အောင်မြင်ခဲ့ပါက ပေါင်းစပ်မှော်အတတ်ဖြစ်သော နေမင်းလျှံမှာ သူ ကျင့်ကြံခြင်းအဆင့် နိမ့်ပါးနေချိန်အတွင်း သူ၏ ဝှက်ဖဲတချပ် ဖြစ်လာပေလိမ့်မည်။
ဤဆုံးဖြတ်ချက်ကို ချမှတ်ပြီးနောက် လော့ချန် စိတ်သက်သာရာရစွာဖြင့် အသက်ကို ပြင်းပြင်းရှူလိုက်မိသည်။ ရှေ့ဆက်ရမည့် အနာဂတ်အစီအစဥ်များတွင် သူ၏အားထုတ်မှုများကို ကုန်ဆုံးစေခဲ့သော ပရမ်းပတာနှင့် ပြန့်ကျဲနေသော မှော်အတတ် လေ့ကျင့်ခန်းများမှာ မြူနှင်းများ ကွဲလွင့်သွားသကဲ့သို့ ပျောက်ကွယ်သွားတော့သည်။ ယခုအခါတွင် သူသွားမည့် လမ်းကြောင်းမှာ ရှင်းလင်း သေချာနေပြီ ဖြစ်သည်။
လော့ချန်နှင့် သူ၏စွန့်စားခန်းများ
အခန်း (၂၅၀) - လင်းစန္ဒာခန်းမအတွင်းရှိ စကားဝိုင်း
"ဒါ ငါစလျှောက်ခဲတဲ့ လမ်းကြောင်းအတိုင်း ပြန်ဖြစ်သွားတာ မဟုတ်လား.... ဟားဟား...."
လော့ချန် မိမိကိုယ်ကို လှောင်ပြောင်သလို ရယ်မောလိုက်မိသည်။
အစပိုင်းတွင် သူသည် ကြိုးပမ်းမှုအားလုံးကို မီးလုံးမှော်အတတ်ထဲသို့သာ ပုံအောခဲ့သည်။ အခြားမှော်အတတ်ကို လျစ်လျူရှုကာ မီးလုံးမှော်အတတ်၏ ကျွမ်းကျင်မှုကို အရှိန်အဟုန်ဖြင့် မြှင့်တင်ခဲ့သည်။ ထိုနည်းဖြင့်ပင် သူသည် ဆင်းရဲသား ချန်ရှောင် နှင့် ကံဆိုးသူ ကောင်းထင်အယ် တို့ကဲ့သို့သော ရန်သူများကို အဆင့်ကျော်၍ သတ်ဖြတ်နိုင်ခဲ့ခြင်း ဖြစ်သည်။
သို့သော် ကျင့်ကြံခြင်းအဆင့် မြင့်မားလာသည်နှင့်အမျှ သူသည် ထိုလမ်းကြောင်းမှ ဝေးကွာသွားခဲ့သည်။ ယခုအခါ သူ၏ ဖြစ်နိုင်ခြေရှိသော ရန်သူများမှာ ချီသန့်စင်အဆင့်ရှိ တစ်ကိုယ်တော်ကျင့်ကြံသူများ မဟုတ်တော့ချေ။ ထို့အစား သူတို့မှာ အခြေခံ တည်ဆောက်ခြင်းအဆင့်ရှိ အင်အားကြီး ပုဂ္ဂိုလ်များ ဖြစ်နေပေလိမ့်မည်။
အခြေအနေ ထိုသို့ ဖြစ်နေပါက အတတ်ပညာတစ်ခုတည်းကို အထွတ်အထိပ်အဆင့် ရောက်အောင် ကျွမ်းကျင်အောင် လုပ်ခြင်းဖြင့် သူသည် မူလလမ်းစဉ်သို့ အဘယ်ကြောင့် ပြန်မသွားစရာရှိသနည်း။ မှော်အတတ် လေ့ကျင့်မှုများကို စနစ်တကျ ပြန်လည်ရေးဆွဲပြီးနောက် လော့ချန် သေချာ အာရုံစိုက်လိုက်သည်။
ကျင့်ကြံခြင်းဆိုသည်မှာ မှော်အတတ်များ တတ်မြောက်ရုံနှင့် မလုံလောက်ချေ။ နွေဦးကျင့်စဉ်မှာ ဘယ်သောအခါမှ လျှော့၍ မရသောအရာဖြစ်သည်။ တစ်နေ့လျှင် သုံးကြိမ် ပုံမှန် ကျင့်ကြံရမည့်အပြင် စိတ်ငြိမ်အမွှေးတိုင်ဖြင့် နောက်ထပ် ငါးကြိမ် ထပ်မံ ကျင့်ကြံရမည်။ ထိုအလေ့အထကိုမူ တိကျစွာ လိုက်နာရပေလိမ့်မည်။
နတ်ဘုရားတို့၏ မိစ္ဆာဖြိုခွင်းခြင်း ကျင့်စဥ်မှာမူ ပုံမှန် အမျိုးအစားများထဲတွင် မပါဝင်သော ထူးခြားသည့် ကျင့်စဉ်တစ်ခု ဖြစ်ပြီး ၎င်းကိုလည်း အာရုံစိုက်ရန် လိုအပ်သည်။ လော့ချန်သည် ၎င်းကို ကျွမ်းကျင်အဆင့်သို့ ရောက်ရှိရန် အနည်းငယ်သာ လိုတော့သည်။ ထိုကျင့်စဥ်ကို စွန့်လွှတ်ရန် အစီအစဉ် မရှိချေ။ ကောင်းထင်ယွမ်သည် သူ့အား စိတ်ဝိညာဉ်ခြောက်ခြားခြင်းမှော်အတတ်ဖြင့် ပိတ်လှောင်ခဲ့စဉ်က သူ၏ စိတ်စွမ်းအားတစ်ခုတည်းဖြင့် မည်သို့ ရုန်းထွက်ခဲ့ရသည်ကို သူ မှတ်မိနေသေးသည်။ ခိုင်မာသော စိတ်ဆန္ဒမှာ မိမိ၏ ရှေ့မှောက်တွင် တောင်ကြီး ပြိုကျလာသည့်တိုင်အောင် မတုန်မလှုပ် ရင်ဆိုင်နိုင်စွမ်းရှိစေမည့် အခြေခံပင် ဖြစ်သည်။
ထို့အပြင် အဆိုပါကျင့်စဉ်သည် စိတ်ဝိညာဉ်ကို သန်မာစေသည်။ ချီလမ်းကြောင်း ဆေးလုံး နှင့် နေ့စဉ် စိတ်ဝိညာဉ်ခြောက်ခြားခြင်း လေ့ကျင့်မှုတို့ အတူတကွ ပေါင်းစပ်လိုက်ပါက အလွန်အစွမ်းထက်သော ကာကွယ်ရေး အလွှာကြီးတစ်ခု ဖြစ်လာပေလိမ့်မည်။ ထို့ကြောင့်ပင် လော့ချန်သည် အမြတ်အစွန်း ပိုရသော ကျောက်စိမ်းအမြုတေဆေးလုံး၊ သွေးအဆီအနှစ်ဆေးလုံးများထက် ချီလမ်းကြောင်း ဆေးလုံးများကို အမြဲ ဦးစားပေးခဲ့ခြင်း ဖြစ်သည်။
တွမ်ဖုန်း၏ စကားများမှာ သူ့အား အမြင်မှန်ရစေခဲ့သည်။ အခြားသော အရာအားလုံးမှာ ရည်မှန်းချက်တစ်ခုအတွက် ကြားခံများသာ ဖြစ်သော်လည်း ကျင့်ကြံခြင်းကသာလျှင် တစ်ခုတည်းသော အကြွင်းမဲ့ အမှန်တရား ဖြစ်သည်။
လော့ချန်အတွက် စွန့်လွှတ်ရန် ခက်ခဲနေသည့် တစ်ခုတည်းသော အရာမှာ ဆေးဖော်စပ်ခြင်း နည်းစနစ်ဖြစ်သော လွင့်မျောတိမ်တိုက် မြူနှင်း နည်းလမ်းပင် ဖြစ်သည်။ အကယ်၍ သူသာ ထိုပညာရပ်ကို အပြည့်အဝ တတ်မြောက်သွားပါက ဆေးဖော်စပ်ခြင်းအပေါ် သူ၏ နားလည်မှုမှာ များစွာ ကျယ်ပြန့်လာပေလိမ့်မည်။ ရေနှင့် မီးကိုအသုံးချသော ဖော်စပ်နည်းနှစ်မျိုးလုံးကို ကျွမ်းကျင်ခြင်းဖြင့် ဆေးဖော်စပ်ခြင်းမှာ ပို၍ ချောမွေ့ပြီး ထိရောက်လာမည် ဖြစ်သည်။
"ဟားဟား.... ရေနဲ့ မီး နှစ်မျိုးလုံးလား...."
လော့ချန် ရုတ်တရက် မိမိကိုယ်ကို ရယ်မောလိုက်မိသည်။ တွမ်မျိုးနွယ်စုမှ ပါရမီရှင်ဆိုသူ ကျရှုံးသွားခြင်းကို သူ သင်ခန်းစာယူရမည်ဖြစ်သည်။ ရေနှင့် မီးကို ဟန်ချက်ညီအောင် ထိန်းညှိရမည့် ခက်ခဲလှသော လမ်းကြောင်းကို သူ မည်သို့မည်ပုံ စဉ်းစားမိရသနည်းဟု တွေးလိုက်မိသည်။
"ထားပါတော့.... ရေဓာတ်နည်းစနစ်တွေက နတ်ဒေဝါပျားရည် ဖော်စပ်တဲ့ နေရာမှာပဲ အသုံးဝင်တာ.... လောလောဆယ်တော့ ငါ အဲ့ဒါကို မလိုသေးဘူး.... အဲ့ဒီ နည်းစနစ်ကို ငါ အရမ်း ပင်ပန်းနေတဲ့အချိန်ကျမှပဲ စမ်းသပ်တော့မယ်.... အခြေအနေက အဲ့ဒီလိုဆိုတော့ ရေဓာတ်အခြေခံ ဆေးဖော်စပ်နည်း လေ့ကျင့်မှုကို ခဏ ရပ်ဆိုင်းထားလို့ ရတာပေါ့"
ဦးစားပေးအရာများကို သတ်မှတ်ပြီးနောက် လော့ချန် စိတ်သက်သာရာ ရသွားတော့သည်။
အကြောင်းမူ အလုပ်ဝန်ထုပ်ဝန်ပိုးကို လျှော့ချလိုက်နိုင်သည်သာမက ထိထိရောက်ရောက် ဖြစ်စေသောကြောင့်လည်း ဖြစ်သည်။ မည်သူမဆို မိမိ၏ စွမ်းအင်များကို ကိစ္စရပ်များစွာပေါ်တွင် ဖြန့်ကျက်ထားပါက အားအင်ကုန်ခမ်းလာမည်မှာ အသေအချာပင်။ အရာတစ်ခုတည်းအပေါ် အာရုံစိုက်ခြင်းမှာ ငြီးငွေ့စရာကောင်းသည်ဟု ထင်ရသော်လည်း ၎င်းက အမြဲ ပိုမိုမြန်ဆန်သော တိုးတက်မှုကို ဆောင်ကြဉ်းပေးသည်။ မီးလုံးမှော်အတတ်ကို အပြည့်အဝ ကျွမ်းကျင်သွားသည်နှင့် အခြားအရာအားလုံးကို ကိုင်တွယ်ရန် အချိန်များစွာ ပိုထွက်လာမည်မှာ မုချဖြစ်သည်။
....
နောက်တစ်နေ့ နံနက်စောစောတွင် လင်းစန္ဒာခန်းမအတွင်း၌ လော့ချန်အား ဧည့်သည် တစ်ဦး ကျကျနန ထိုင်စောင့်နေသည်။ အပြင်ပန်းအားဖြင့် သူမသည် တည်ငြိမ်နေပုံရသော်လည်း စင်စစ်မှာမူ အလွန်တရာ စိတ်လှုပ်ရှားနေသည်။
"ဘုရား.... ဘုရား.... အဖွဲ့ချုပ်ခေါင်းဆောင်က ငါ့ကို ဘာလို့ အကြောင်းရင်းမရှိဘဲ ခေါ်ရတာလဲ.... ငါလဲ ရွှေခန်းမဆောင်မှာ အလုပ်တွေကို ကောင်းကောင်း လုပ်နေတာပဲ မဟုတ်လား.... အင်း ဘာအမှားမှ လုပ်ခဲ့တယ်လို့ မထင်ပါဘူး.... ငါ့အစ်ကိုကြီးကလည်း တည်ငြိမ်ပြီး တိုက်ခိုက်ရေးခန်းမဆောင်မှာ သူ့နေရာသူ အခိုင်အမာ ရထားပြီးသားပဲ.... ငါ့မောင်လေးကြောင့်များလား...."
သူမ၏ အတွေးများမှာ ဂနာမငြိမ် ဖြစ်နေသည်။
ထိုအချိန်တွင် တည်ငြိမ်သော ခြေသံများမှာ သူမ၏နားထဲသို့ ရောက်ရှိလာသည်။
သူမ ချက်ချင်း မတ်တပ်ရပ်လိုက်ပြီး ဝတ်ရုံကို သပ်ရပ်အောင် ပြုပြင်ကာ သူ့အနား ချဉ်းကပ်လာသော ထိုလူကို ယဉ်ကျေးစွာ ဦးညွှတ်လိုက်သည်။
"နှုတ်ခွန်းဆက်သပါတယ် အဖွဲ့ချုပ်ခေါင်းဆောင်ရှင့်"
လော့ချန်က လက်ကို အသာအယာ ဝှေ့ယမ်းကာ လွတ်လွတ်လပ်လပ် နေရန် အချက်ပြလိုက်သည်။ သူသည် ခန်းမ၏ အထက်နေရာတွင် ထိုင်လိုက်ပြီး စီမာဟွေ့နန်ကို သေချာစွာ ကြည့်လိုက်သည်။ ဤအမျိုးသမီး ကျင့်ကြံသူမှာ သူနှင့် လွန်ခဲ့သော အချိန်များကတည်းက ဆုံစည်းခဲ့ဖူးသူ ဖြစ်ရာ ယခု လော့ချန်၏ အကြည့်အောက်တွင် သူမမှာ စိတ်မသက်မသာ ဖြစ်နေမိသည်။
အောင့်အီးမနေနိုင်တော့သည့် အဆုံးတွင် သူမ မေးလိုက်သည်။
"အဖွဲ့ချုပ်ခေါင်းဆောင်.... ကျွန်မကို ဘာကိစ္စများ ခိုင်းစရာ ရှိလို့လဲရှင်"
လော့ချန်၏ နှုတ်ခမ်းဖျားတွင် အပြုံးတစ်ခု ပေါ်လာသည်။
"အရေးကြီးတဲ့ ကိစ္စတော့ မဟုတ်ပါဘူး.... ငါ မင်းနဲ့ စကားပြောချင်နေတာ ကြာပြီ.... ဒါပေမဲ့ အလုပ်တွေ ရှုပ်နေလို့.... အခု ဆောင်းရာသီမှာ အလုပ်တွေ အေးသွားတော့မှပဲ အခွင့်အရေး ရတော့တယ်"
စီမာဟွေ့နန်မှာ အံ့အားသင့်သွားရသည်။ သူမ ပြန်မပြောနိုင်ခင်မှာပင် လော့ချန်က ပုံမှန်အတိုင်း ဆက်ပြောသည်။
"ငါ မင်းရဲ့ အစ်ကိုနဲ့ စကားပြောဖူးတယ်.... မင်းတို့ သုံးယောက် အပြင်မှာ ခရီးသွားနေတုန်းက စီးပွားရေးကိစ္စတွေကို မင်းကပဲ ဦးဆောင်ခဲ့တာလို့ သူ ပြောတယ်"
"ဟုတ်ပါတယ်ရှင့်"
စီမာဟွေ့နန်သည် နားထင်မှ ဆံပင်စလေးကို အနောက်သို့ သပ်လိုက်ရင်း ဆိုသည်။
"ကျွန်မအစ်ကိုက တည်ငြိမ်ပေမဲ့ သူက နည်းနည်း အေးပြီး လူမှုရေးမှာ သိပ်မတော်ဘူး.... ကျွန်မမောင်လေးကတော့ ဇွတ်တရွတ် လုပ်တတ်လွန်းတယ်.... အဲ့ဒါကြောင့် ဆုံးဖြတ်ချက် အတော်များများကို ကျွန်မပဲ ချခဲ့ရတာပါ"
"ဒါဆို မင်းတို့ ဘာလို့ စီးပွားရေး လုပ်တာကို ရပ်လိုက်တာလဲ"
စီမာဟွေ့နန်က ခါးသီးစွာ ပြုံးလိုက်သည်။
"အဲ့ဒါကတော့ စီးပွားရေးလုပ်ရတာ အရမ်း ခက်ခဲလွန်းလို့ပါ ခေါင်းဆောင်လော့"
"ဩော်.... အဲ့ဒါကို ငါ့ကို နည်းနည်း ရှင်းပြပါဦး"
သူမ ရှင်းပြသည်ကို လော့ချန် တိတ်ဆိတ်စွာ နားထောင်နေရင်း သူတို့ ရင်ဆိုင်ခဲ့ရသော အခက်အခဲများကို နားလည်လာခဲ့သည်။ သူသည် စီမာရှန့်နှင့် စကားပြောဖူးသော်လည်း အမျိုးသားများမှာ သူတို့၏ ရုန်းကန်ရမှုများကို ပြင်ပလူအား ပြောပြလေ့ မရှိချေ။ အမျိုးသမီးများမှာမူ ပို၍ အသေးစိတ်ကျပြီး သိမြင်လွယ်ကြသည်။
လော့ချန် အမှန်တကယ် စိတ်ဝင်စားနေသည်ကို မြင်သောအခါ စီမာဟွေ့နန်က အသေးစိတ် ပြောပြတော့သည်။
တာဟဲစျေးမြို့တော်နှင့် အနီးဆုံး ဈေးမြို့တော်မှာ နှင်းကြာပန်းစျေးမြို့တော် ဖြစ်သော်လည်း ၎င်း၏ကုန်သွယ်မှုမှာ ထိုက်ရှန်းဈေးမြို့တော်နှင့် ပို၍ နီးစပ်သည်။ အကြောင်းမှာ နှင်းကြာပန်းစျေးမြို့တော်တွင် ပြင်းထန်သော ရာသီဥတု ဖောက်ပြန်မှုများ ရှိနေပြီး တစ်နှစ်လျှင် ရှစ်လခန့်မှာ ပြင်းထန်သော အအေးဒဏ်အောက်တွင် ရှိနေသောကြောင့် ဖြစ်သည်။ ထူထပ်သော နှင်းများက ကုန်သွယ်ရေး လမ်းကြောင်းများကို ပိတ်ဆို့ထားသဖြင့် စီးပွားရေးမှာ မသေချာ မရေရာ ဖြစ်နေတတ်သည်။ ထိုက်ရှန်းဈေးမြို့တော်မှာ ပို၍ ဝေးကွာသော်လည်း လန်ချန်းမြစ်နှင့် တိုက်ရိုက် ဆက်သွယ်ထားသဖြင့် သင်္ဘောကြီးများဖြင့် စုန်ဆင်းပါက အချိန်အများကြီး မပေးရချေ။ အများဆုံး ဆယ်ရက်မှ တစ်လခွဲခန့်သာ ကြာမြင့်သည်။
"ထိုက်ရှန်းဈေးမြို့တော်မှာဆိုရင် တာဟဲစျေးမြို့တော်က ထွက်တဲ့ မိစ္ဆာသားရဲတွေကို အဝယ်များပါတယ်ရှင့်.... တစ်ဆင့် ပြန်ရောင်းတိုင်းမှာ ကျွန်မတို့အတွက် အမြတ်အများကြီး ရတယ်.... ပြီးတော့ ထိုက်ရှန်းက ထွက်တဲ့ ကျင့်ကြံရေး အထောက်အကူပစ္စည်းတွေကလည်း တာဟဲဘက်မှာ အရမ်း လူကြိုက်များတာလေ.... ဒါပေမဲ့ တစ်ခါကုန်ကူးတိုင်း ခရီးစရိတ်က အများကြီး ကုန်တယ်.... ကျွန်မတို့က တာကျန်းဂိုဏ်းရဲ့ သင်္ဘောတွေနဲ့ သွားရတာဆိုတော့ တခါတလေ မိစ္ဆာသားရဲတွေ ပေါ်လာပြီး တိုက်ခိုက်တိုင်းမှာ ကျွန်မတို့မောင်နှမတွေက ဝိုင်းကူတိုက်ပေးရသေးတယ် ရှင့်...."
လော့ချန်က နားလည်သလို ခေါင်းညိတ်လိုက်သည်။ လက်ရှိတွင် တာဟဲစျေးမြို့တော်ရှိ တစ်ကိုယ်တော်ကျင့်ကြံသူ အများအပြားမှာ အပြင်ထွက်ရန် တွန့်ဆုတ်နေကြသည်။ အနီးနားရှိ တောင်တန်းများတွင်ပင် မိစ္ဆာများစွာ ရှိနေသဖြင့် အဝေးသို့ သွားရန်မှာ ဘေးအန္တရာယ် များလွန်းလှသည်။ လန်ချန်းမြစ်မှာ သာမန် ရေလမ်းတစ်ခု မဟုတ်ချေ။ ၎င်းမှာ ဒုတိယအဆင့်နှင့် တတိယအဆင့်ရှိသော မိစ္ဆာသားရဲများစွာ၏ အိမ်ဂေဟာ သဖွယ်ဖြစ်နေသည်။
ဖန်ရင်ရှုံသည် ထိုရွှေအမြုတေအဆင့်ရှိ မိစ္ဆာကျင့်ကြံသူကို သတ်ဖြတ်ခဲ့စဉ်က မြစ်ကြမ်းပြင်၌ ပထမအဆင့်ရှိသော မိစ္ဆာသားရဲ အလောင်းများစွာကို တွေ့ရှိခဲ့ရသည်။ နောက်ပိုင်းတွင် မြစ်အတွင်းသို့ ငုပ်လျှိုးဝံ့သော သတ္တိရှိသည့် တစ်ကိုယ်တော်ကျင့်ကြံသူများမှာ မိစ္ဆာသားရဲများ၏ ကျန်ရစ်ခဲ့သော ပိုင်ဆိုင်မှုများကို ရရှိခဲ့ကြသည်။
"တကယ်တော့လေ.... တောက်ပစမ်းရေ စျေးမြို့တော်နဲ့ ကုန်သွယ်တာက အမြတ်ဆုံးပဲရှင့်"
စီမာဟွေ့နန်က ဆက်ပြောသည်။
"အဲ့ဒီဒေသက တစ်ချိန်က ကျောက်စိမ်းအိုးဓားဂိုဏ်းရဲ့ သတ္တုတွင်း ပိုင်နက် ဖြစ်ခဲ့တာလေ.... ဒါပေမဲ့ ရာစုနှစ်အများကြီး တူးဖော်လိုက်တော့ ဘာမှကို မကျန်တော့ဘူး.... အဲ့ဒီ နှစ်ပေါင်း သုံးရာအတွင်းမှာ သတ္တုတွင်းတွေကို အမှီပြုပြီး အင်အားစုတွေ အများကြီး ပေါ်လာတာမျိုးရှိတယ်.... အဲ.... သတ္တုတွင်းတွေက ဆက်တူးစရာမကျန်တော့ အကုန်ကုန်သွားတဲ့အခါမှာတော့ အဲ့ဒီအင်အားစုတွေရဲ့ အဓိက ဝင်ငွေလမ်းကြောင်းလဲ ပျောက်သွားတာပေါ့နော်.... အဲဒီလို သယံဇာတ အရင်းအမြစ်တွေ ရှားပါးလာတာ ဖြစ်လိုက်ရတဲ့ ပဋိပက္ခတွေကလည်း နေ့တိုင်းလိုလိုပဲရှင့်...."
"ကျွန်မတို့ အဲ့ဒီကို ကုန်သွားရောင်းတိုင်း အရမ်းမြတ်တာပဲ.... ဘာလိုဆို သူတို့မှာ ဘာထုတ်ကုန်မှ မရှိလို့လေ.... ဆိုးတာကတော့ ဓားပြတွေ သူခိုးတွေပေါ့.... တစ်နေ့တခြား အရမ်းများလွန်းလို့ နောက်ဆုံးမှာတော့ ကျွန်မတို့ မသွားရဲတော့ဘူး"
ထိုသို့ စီကာပတ်ကုံးရှင်းပြချက်များကို လော့ချန် တိတ်ဆိတ်စွာ နားထောင်နေမိသည်။ သူသည် တောက်ပစမ်းရေစျေးမြို့တော်အကြောင်း များများစားစား မသိချေ။ သူ သိရှိထားသမျှမှာ ဝိညာဉ်ဇီဝိန်ချုပ်အရှင်ကူယွဲ့၏ ကိုယ်ရေးမှတ်တမ်းနှင့် ထိုနေရာအထိ ရောက်ဖူးသော ဝမ်ယွမ်တို့ကဲ့သို့သော နယ်လှည့်ခရီးသွားဖူးသူများထံမှ ကြားသိခဲ့ရခြင်း ဖြစ်သည်။ အားလုံး၏ ပြောပြချက်အရ ထိုနေရာမှာ ဘေးအန္တရာယ်များ လွန်းလှပြီး၊ ကျင့်ကြံသူများမှာ တစ်ဦးနှင့်တစ်ဦး လိုက်လံ အမဲဖျက်နေကြသည့် နေရာမျိုးဖြစ်သည်။
အကြောင်းရင်းမှာမူ အလွန် ရိုးရှင်းလှသည်။ တောက်ပစမ်းရေစျေးမြို့တော်သည် ဤဒေသအတွင်း ကျောက်စိမ်းအိုးဓားဂိုဏ်း၏ ဂိုဏ်းခွဲ မရှိသော တစ်ခုတည်းသော နေရာဖြစ်သောကြောင့် ဖြစ်သည်။ ချိုးပိုင်နှင့် လျိုဟန်တို့ကဲ့သို့သော လုယက်သူများမှာ ထိုနေရာမှ လာကြခြင်း ဖြစ်ပြီး အခြားသူများမှာလည်း သူတို့ကဲ့သို့ပင် ဖြစ်ကြသည်။
"အခုဆိုရင် တခြားနေရာတွေကပါ နည်းနည်း မငြိမ်မသက် ဖြစ်လာတော့ ကျွန်မတို့လည်း ကုန်ရောင်းကုန်ဝယ်လုပ်တာ ရပ်ပစ်လိုက်တယ်.... ဘာလို့ဆို ကျွန်မတို့ မောင်နှမတွေက အမြဲ နယ်လှည့် ခရီးသွားနေရတာလေ.... အနှေးနဲ့အမြန် တစ်ခုခုတော့ ဖြစ်သွားမှာပဲဆိုပြီး ရပ်ဖို့ပဲ ဆုံးဖြတ်လိုက်တာပါ"
ထိုနောက် သူမ ခါးသီးစွာ ပြုံးလိုက်သည်။
"အမှန်အတိုင်း ပြောရရင် မနှစ်က တာဟဲစျေးမြို့တော်ထဲမှာတင် ကျွန်မတို့ သုံးယောက်လုံး ဓားပြ နှစ်ယောက်လက်ချက်နဲ့ သေလုနီးပါး ဖြစ်ခဲ့ရသေးတယ်လေ"
ထိုစဥ်တွင် လော့ချန် တိတ်ဆိတ်နေသည်။ ထိုအဖြစ်အပျက်ကို သူ ကောင်းစွာ သိသည်။ အကြောင်းမှာ သူကိုယ်တိုင် ထိုမောင်နှမတစ်သိုက်အား ဝင်ရောက် ကယ်တင်ခဲ့သောကြောင့် ဖြစ်သည်။
"အဲ့ဒီ တိုက်ပွဲပြီးတဲ့နောက် ကျွန်မနဲ့ အစ်ကို နှစ်ယောက်လုံး ပြင်းပြင်းထန်ထန် ဒဏ်ရာရခဲ့ကြတယ်.... ဒဏ်ရာတွေ သက်သာသွားတဲ့အခါမှာတော့ ဒီလိုပုံစံနဲ့ ဆက်နေလို့ မဖြစ်တော့ဘူးဆိုတာကို နားလည်သွားတယ်.... အဲ့ဒါကြောင့်ပဲ မှီခိုလို့ရမယ့် အင်အားစုတစ်ခုထဲကို ဝင်ဖို့ ဆုံးဖြတ်ခဲ့တာပါ"
ထိုအခါတွင်မူ လော့ချန် ရယ်လိုက်သည်။
"ဟားဟား.... နေပါဦး.... ဘာလို့ လော့ထျန်းအဖွဲ့ချုပ်ကို ရွေးချယ်ခဲ့တာလဲ...."
စီမာဟွေ့နန်သည် သူမ၏ ကိုယ်ဟန်ကို မတ်လိုက်သည်။ ဤသည်မှာ သူမ၏စိတ်သဘောထားကို စမ်းသပ်နေပြီ ဖြစ်ကြောင်း နားလည်လိုက်သည်။ အကယ်၍ အလျှောက်မတတ်ပါက အထောင်းခံရသည်အထိ ဖြစ်နိုင်သည်။ အဆိုးဆုံးမှာ အဖွဲ့ချုပ်မှ ဖယ်ထုတ်ခံရခြင်း သို့မဟုတ် အရေးမပါသော နေရာသို့ ပို့ဆောင်ခံရခြင်းပင် ဖြစ်ပေလိမ့်မည်။
သူမ သေချာစဥ်းစားပြီးမှ လေးလေးနက်နက် ဖြေလိုက်သည်။
"ဟုတ်ကဲ့ရှင့်.... အဲ့ဒီအချိန်တုန်းက တာဟဲစျေးမြို့တော်က ပရမ်းပတာ ဖြစ်နေတာလေ.... ဖိုရှန်းဂိုဏ်းကလဲ ပျက်စီးသွားပြီ၊ ရွှမ်ယီအဖွဲ့အစည်းလည်း သွေးကွဲနေပြီ.... မျိုးနွယ်စုကြီးတွေကလည်း တစုနဲ့တစု တိုက်ခိုက်နေကြပြီးတော့ အင်အားစုသေးသေးလေး တွေကလည်း အများကြီး ပေါ်လာခဲ့တယ်.... ပြောရရင် တော်တော်ဆိုးနေတဲ့ စစ်မြေပြင်ကြီးလိုပါပဲရှင်.... အဲဒါနဲ့ ပထမတော့ ကျွန်မတို့ တာကျန်းဂိုဏ်းထဲဝင်ဖို့ စဉ်းစားလိုက်သေးတယ်....”
“ဒါပေမဲ့ တာကျန်းဂိုဏ်းက အရမ်း ရှုပ်ထွေးလွန်းတယ်.... ထိုက်ရှန်းဈေးမြို့တော်မှာ ကျွန်မတို့ မြင်ခဲ့ပုံအရဆို သူတို့က လျန်ယွန်းကုန်သွယ်ရေးမဟာမိတ်နဲ့တင် လက်တွဲနေတာ မဟုတ်ဘူး…. တခြား မျိုးနွယ်စုတွေနဲ့လည်း တိုက်ခိုက်လိုက်၊ မဟာမိတ်ဖွဲ့လိုက် လုပ်နေတာ.... အဲ့တော့ တာကျန်းဂိုဏ်းထဲ ဝင်လိုက်ခါမှ သူတို့အချင်းချင်း အားပြိုင်မှုတွေကြား ကျွန်မတို့ဟာ မြေစာပင်တွေဖြစ်ပြီး အဆုံးသတ်သွားမှာစိုးလို့ အဲ့အကြံကို လက်လျှော့လိုက်တယ်ရှင့်...."
ထိုအခါ လော့ချန် ခေါင်းညိတ်လိုက်ပြီး ထပ်မေးခွန်းထုတ်သည်။
"အင်း.... ဒါဆို ဘာလို့ ဒေသခံ မျိုးနွယ်စုတွေထဲကို မဝင်တာလဲ"
စီမာဟွေ့နန်က ခါးသီးစွာ ထပ်ပြုံးပြန်သည်။
"ခေါင်းဆောင်ရယ်.... အဲ့ဒီ မျိုးနွယ်စုတွေက သူတို့ရဲ့ သွေးသားအရင်း ဆွေမျိုးအရင်းတွေကိုပဲ အဓိကထားတာပါ.... အပြင်လူတွေ ဝင်လာရင်လား.... ကျင့်ကြံအဆင့် မြင့်မြင့်ထဲကမဟုတ်ရင် အဖတ်လုပ်မှာမဟုတ်ဘူးရှင့်.... အာဏာတွေရာထူးတွေလဲ ဘယ်တော့မှ ရမှာ မဟုတ်ဘူး"
သူမ စကားမှာ အမှန်ပင် ဖြစ်သည်။ ကျင့်ကြံခြင်း မျိုးနွယ်စုများမှာ အမြဲ သွေးသား တော်စပ်မှုအပေါ်တွင်သာ အခြေခံထားကြပြီး ပြင်ပလူများကို ဘယ်သောအခါမှ အပြည့်အဝ မယုံကြည်ကြချေ။
"အင်အားစုငယ်လေးတွေနဲ့ ပတ်သက်ရင်တော့ ကျွန်မတို့ သိပ်ပြီး အထင်မကြီးမိဘူးရှင့်.... တချို့ဆိုရင် ကျွန်မတို့ သုံးယောက် ပေါင်းလိုက်ရင်တောင် သူတို့ထက် သန်မာနိုင်သေးတယ်.... နောက်ဆုံး ခြုံငုံသုံးသပ်လိုက်တော့ ဖိုရှန်းဂိုဏ်းရဲ့ အမွေအနှစ်ကို ဆက်ခံထားတဲ့ လော့ထျန်းအဖွဲ့ချုပ်ကသာ အကောင်းဆုံး ရွေးချယ်မှုမှန်း သိလိုက်ရပြီး ဒီအဖွဲ့ထဲဝင်ဖို့ ဆုံးဖြတ်လိုက်တာပါရှင်...."
လော့ချန် မျက်ခုံးပင့်လိုက်သည်။
"ဩော်.... အဲ့ဒါကို နည်းနည်း ထပ်ရှင်းပြပါဦး"
လော့ချန်၏ မေးခွန်းကို ရင်ဆိုင်ရင်း စီမာဟွေ့နန်မှာ တည်ငြိမ်နေဆဲပင်။ သူမ ယုံကြည်မှုအပြည့်ဖြင့် ပြန်ဖြေလိုက်သည်။
"အဲဒါကတော့ ရှင်းပါတယ် ခေါင်းဆောင်.... လော့ထျန်းအဖွဲ့ချုပ်ဟာ အဲ့ဒီတုန်းက နာလန်ထူစ ဖြစ်နေပြီးတော့ အဖွဲ့ဝင်အင်အား အများကြီး လိုအပ်နေတာလေ.... ကျွန်မတို့သာ ဝင်လိုက်ရင် အနည်းဆုံးတော့ တန်ဖိုးထားခံရမယ်.... ကံကောင်းရင် ကြိုးစားတဲ့အလျောက် အလားအလာ အများကြီး ရှိတယ်လို့မြင်လို့ပါ.... အဲ့ဒါကလည်း အခု အမှန်တကယ် ဖြစ်လာခဲ့ပြီပဲ မဟုတ်လားရှင်"
သူမ၏ အစ်ကိုဖြစ်သူ စီမာရှန့်သည် ယခုအခါ တိုက်ခိုက်ရေးခန်းမဆောင်၏ အကြီးအကဲ တစ်ဦး ဖြစ်နေပြီ ဖြစ်သည်။ ဝမ်ယွမ်သည် စီမံခန့်ခွဲရသည့် တာဝန်ယူရန် ဝန်လေးနေပြီး တွမ်ဖုန်းကလည်း ကျင့်ကြံခြင်းနှင့် လက်နက်သွန်းလုပ်ခြင်းအပေါ်သာ အာရုံစိုက်နေသဖြင့် စီမာရှန့်မှာ ထိုခန်းမ၏ ခေါင်းဆောင်နေရာ ရောက်လာခဲ့သည်။ သူမ၏ မောင်လေး စီမာဝမ်ကျဲမှာလည်း အခြေအနေ အတော်ကောင်းမွန်နေသည်။ သူ၏ ဇွတ်တရွတ် လုပ်တတ်သော စိတ်မှာလည်း အခြားသူများကို စီမံခန့်ခွဲရသည့် အခက်အခဲများ အတွေ့အကြုံများ အကြားတွင် တဖြည်းဖြည်း ရင့်ကျက်လာခဲ့သည်။
"ပြီးတော့ ကျွန်မတို့ သုံးယောက်လုံးက ချီသန့်စင်အဆင့် ၉ မှာ ရှိနေတာကြောင့် လော့ထျန်းအဖွဲ့ချုပ်ကိုလည်း ကျောခိုင်းသွားမှာမျိုး.... ကျော်တက်သွားတာမျိုး မရှိနိုင်ဘူးရှင့်" ဟု သူမက ဆက်ပြောသည်။
"အဲ့ဒီအချိန်တုန်းက အဖွဲ့ချုပ်မှာ အဆင့် ၉ ရှိတဲ့ ကျင့်ကြံသူ ခြောက်ယောက်၊ ခုနစ်ယောက်လောက် ရှိနေပြီလေ.... ကျွန်မတို့ဟာ အဖွဲ့ချုပ်ရဲ့ ရာထူးနေရာတွေကို လုစရာ အငြင်းပွားစရာရှိလာမှာလည်း မဟုတ်ဘူး.... အဲ.... နောက်ဆုံး အကြောင်းရင်းကတော့...."
သူမ နူးညံ့စွာ ရယ်မောလိုက်ပြီး လော့ချန်ကို တည့်တည့် ကြည့်လိုက်သည်။
"အဖွဲ့ခေါင်းဆောင်ဟာ တန်ချန်ဇီ ဖြစ်နေသရွေ့တော့ လော့ထျန်းအဖွဲ့ချုပ်ရဲ့ အနာဂတ်ဟာ ဘယ်လို အင်အားစုကိုမဆို ကျော်လွန်သွားမှာ အသေအချာပဲဆိုတာ ယုံကြည်လို့ပါရှင်"
"ဟားဟား.... မင်းက အပြောလည်းကောင်းတယ်.... အရာအားလုံးကို တွက်ချက်ထားတာပဲ.... မင်းအစ်ကိုရော မောင်လေးပါ ဘာလို့ မင်းစကားကို နားထောင်ကြသလဲဆိုတာ မဆန်းတော့ပါဘူး"
လော့ချန် ရယ်မောလိုက်မိသည်။ သူတို့ မောင်နှမတစ်သိုက် အဖွဲ့ချုပ်ထဲ ဝင်ရခြင်း၏ အဓိက အကြောင်းရင်းမှာ မိမိကိုယ်တိုင်ကြောင့် ဖြစ်နေသည်ကို သိလိုက်ရသဖြင့် အနည်းငယ် အံ့အားသင့်သွားရသည်။
သို့သော် လော့ချန်၏ ရုတ်တရက်ပြောလိုက်သော စကားကြောင့် အမှန်တကယ် အံ့အားသင့်သွားရသူမှာမူ စီမာဟွေ့နန် ဖြစ်နေတော့သည်။
"ကိုင်း.... မင်းအနေနဲ့ လော့ထျန်းအဖွဲ့ချုပ်အပေါ် ဒီလောက်အထိ ယုံကြည်မှု ရှိနေမှတော့.... ဒီထက် ပိုပြီး တာဝန်ကြီးကြီးတစ်ခုကို ယူဖို့ရော စဉ်းစားဖူးလား"