အခန်း (၈၁၇-၈၁၉)
Vol. 55 Ch. 817-819
အခန်း (၈၁၇) - တောင်နှင့် ပင်လယ် ကမ္ဘာ မှ ရန်သူများ
~ဦးဆောင်လာသော ပေါင်းစည်းခြင်း နယ်ပယ် ကျင့်ကြံသူ အယောက် (၂၀) စစ်မြေပြင်နယ်မြေ အတွင်းသို့ ဆင်းသက်လာခြင်းမှာ... သဘာဝကျကျပင် နင်ချီ အတွက်သာ ဖြစ်သည်။
သို့သော် စစ်မြေပြင်နယ်မြေ မှာ ပေါင်းစည်းခြင်း နယ်ပယ် အဆင့်ရှိသူများကို ဝင်ရောက်ခွင့် ပြုနိုင်လောက်အောင် အပြည့်အဝ တည်ငြိမ်မှု မရှိသေးသဖြင့်၊ ဤ လူအယောက် (၂၀) စလုံးမှာ သူတို့၏ ကျင့်ကြံခြင်း အဆင့်အတန်းများကို မိမိတို့ဘာသာ ရည်ရွယ်ချက် ရှိရှိ လျှော့ချ ဖြတ်တောက်ပြီးမှ ဝင်ရောက်လာခဲ့ကြခြင်း ဖြစ်သည်။
သူတို့၏ ယခင် ကျင့်ကြံခြင်း အဆင့်အတန်းများမှာ ပေါင်းစည်းခြင်း နယ်ပယ် အစောပိုင်း အဆင့် များ ဖြစ်ကြပြီး... ဤလူများကို ရွေးချယ်ရာတွင် ကျယ်ပြန့်သော ကမ္ဘာ က အတော်လေး အားစိုက်ထုတ်ခဲ့ရသည်မှာ အမှန်ပင်။
ဥပမာအားဖြင့်... ခေါင်းဆောင် ဖြစ်သူ သွေးစွန်း သတ်ဖြတ်သူ ဆိုလျှင်၊ သတ်ဖြတ်ခြင်း နှင့် သွေး သဘာဝ စည်းမျဉ်း များကို အထူးပြု ကျင့်ကြံသူ ဖြစ်ပြီး မိစ္ဆာ လမ်းစဉ် ဘက်သို့ အနည်းငယ် ယိမ်းယိုင်နေသူပင်။
အခြား ပေါင်းစည်းခြင်း နယ်ပယ် ကျင့်ကြံသူများနှင့် နှိုင်းယှဉ်ကြည့်မည် ဆိုပါက... သွေးစွန်း သတ်ဖြတ်သူ မှာ မိစ္ဆာ ကျင့်ကြံသူ ၏ လက္ခဏာရပ်များကိုပါ ပြသနေသည်။ သူ၏ ကျင့်ကြံခြင်း အဆင့်အတန်းကို လျှော့ချ ဖြတ်တောက်လိုက်မည် ဆိုလျှင်တောင်မှ... မိစ္ဆာ လမ်းစဉ် နည်းစနစ်များမှတစ်ဆင့် သူ၏ ခွန်အားများကို အမြန်ဆုံး ပြန်လည် ရရှိနိုင်စွမ်း ရှိသူ ဖြစ်၏။
ထို့ကြောင့်ပင် ကျယ်ပြန့်သော ကမ္ဘာ တွင် ရှားပါးလှသော မိစ္ဆာ ကျင့်ကြံသူ တစ်ဦး ဖြစ်ပါလျက်နှင့်... သူ့ကို သူတော်စင် ဘိုးဘေးကြီး ကိုယ်တိုင် တပည့်အဖြစ် လက်ခံခဲ့ခြင်း ဖြစ်ပြီး၊ ယခု စစ်မြေပြင်နယ်မြေ ထဲသို့ ပထမဆုံး စေလွှတ်ခြင်း ခံလိုက်ရခြင်းပင် ဖြစ်သည်။
သွေးစွန်း သတ်ဖြတ်သူ ၏ လက်က တိကျင်း နယ်မြေ စစ်သူကြီး ကျင်းသွမ့်ရှန်း ၏ လည်ပင်းကို တင်းကျပ်စွာ ဆုပ်ကိုင်ထားဆဲ ဖြစ်၏။ ဤအခိုက်အတန့်တွင် ကျင်းသွမ့်ရှန်း မှာ သူ၏ လက်ထဲတွင် လုံးဝ ခြောက်သွေ့နေသော မံမီ ရုပ်အလောင်း တစ်ခု အဖြစ်သို့ ပြောင်းလဲသွားခဲ့တော့၏။ သူ၏ သွေးများနှင့် မူလဝိညာဉ် မှာ အပြည့်အဝ စုပ်ယူခံလိုက်ရပြီ ဖြစ်သည်။
သွေးစွန်း သတ်ဖြတ်သူ က ကျင်းသွမ့်ရှန်း ထံမှ အရာအားလုံးကို မျိုချပစ်လိုက်ပြီးနောက် သူ့ကို အားကုန် ညှစ်ချေပစ်လိုက်တော့သည်။
“အွတ်...”
ထို့နောက် လူတိုင်း မြင်တွေ့လိုက်ရသည်မှာ... ကျင်းသွမ့်ရှန်း ၏ ခန္ဓာကိုယ်မှာ အပိုင်းပိုင်း အစစ ကြေမွသွားပြီး ပထမဦးစွာ စက္ကူစများအလား အပိုင်းအစငယ်လေးများ အဖြစ် ပြောင်းလဲသွား၏။ နောက်ဆုံးတွင်တော့ ပြာအဖြစ် အပြည့်အဝ ပြောင်းလဲသွားပြီး လွင့်စင် ပျောက်ကွယ်သွားတော့၏။
ဤမြင်ကွင်းက ထိုနေရာရှိ လူတိုင်း၏ ရင်တွင်း၌ ကြီးမားလှသော ကြောက်ရွံ့မှု လှိုင်းတံပိုး တစ်ခုကို ရိုက်ခတ်သွားစေခဲ့ပြီး... တူညီသော ကျယ်ပြန့်သော ကမ္ဘာ မှ ကျင့်ကြံသူ များပင်လျှင် ခြွင်းချက် မရှိချေ။
အကယ်၍ ကျင့်ကြံသူ တစ်ယောက်ကတောင် ဒီလို အခြေအနေမျိုးနှင့် ကြုံနေရသည် ဆိုလျှင်... အကျဉ်းသားတွေ ဖြစ်နေသော ဖန်ထျန်း တို့ နှစ်ယောက် ဆိုလျှင်တော့ ပြောနေစရာတောင် မလိုတော့ချေ။
လက်ဝါး တစ်ချက်တည်းဖြင့် ပေါင်းစည်းခြင်း နယ်ပယ် အထွတ်အထိပ် အဆင့် ရှိသော ကျင်းသွမ့်ရှန်း ၏ သွေးများ၊ မူလဝိညာဉ် များနှင့် မှတ်ဉာဏ်များကိုပါ မျိုချပစ်လိုက်နိုင်သည် ဆိုတော့... ဒီလို နည်းလမ်းမျိုးကို ဘယ်သူက မကြောက်ဘဲ နေနိုင်မည်လဲ။
ဖေးပင်း နှင့် အခြား နှစ်ဦးမှာ ဘေးဘက်တွင် ရပ်နေကြပြီး သူတို့၏ ခေါင်းများကို အနည်းငယ် ငုံ့ထားကြကာ၊ သွေးစွန်း သတ်ဖြတ်သူ ကို ရံဖန်ရံခါမှသာ ခိုးကြည့်ရဲကြ၏။
တစ်ချက် လှမ်းကြည့်မိလျှင်တောင်မှ... တစ်ဖက်လူကို စော်ကားရာ ရောက်သွားမည်ကို စိုးရိမ်သဖြင့် သူတို့၏ အကြည့်များကို ချက်ချင်း ပြန်လည် ရုပ်သိမ်းလိုက်ကြရသည်။
တစ်ချိန်တည်းမှာပင် ထို သုံးဦးစလုံး၏ နှလုံးသားများ တဒိတ်ဒိတ် ခုန်နေပြီး... သွေးစွန်း သတ်ဖြတ်သူ မှာ အမှန်တကယ်ပင် အလွန်တရာ အစွမ်းထက်လွန်းလှသည်ဟု တွေးတောနေမိကြ၏။
တစ်ဖက်လူသည် သူ၏ ကျင့်ကြံခြင်း အဆင့်အတန်းကို အမှန်တကယ်ပင် လျှော့ချ ဖြတ်တောက်
ထားခဲ့သော်ငြားလည်း... သူ၏ ခွန်အားများမှာ ဤမျှအထိ ကြောက်မက်ဖွယ် ကောင်းနေသေးသည် မဟုတ်ပါလော။
သူတော်စင် ဘိုးဘေးကြီး က သူ့ကို အဘယ်ကြောင့် တပည့်အဖြစ် လက်ခံခဲ့သလဲ ဆိုတာ အံ့ဩစရာ မရှိတော့ပါချေ။
ကံကောင်းထောက်မစွာဖြင့် သွေးစွန်း သတ်ဖြတ်သူ သည် သူတို့၏ စီနီယာ တစ်ယောက် ဖြစ်နေပြီး၊ တောင်နှင့် ပင်လယ် ကမ္ဘာ မှ နင်ချီ ကို သတ်ဖြတ်ရန် စေလွှတ်ခြင်း ခံရသူ တစ်ဦး ဖြစ်၏။
သွေးစွန်း သတ်ဖြတ်သူ ၏ သွေးရောင် လွှမ်းနေသော မျက်လုံးများက ကျောချမ်းဖွယ် အလင်းတန်းများ တလက်လက် တောက်ပနေပြီး ကျန်ရှိနေသော ထို နှစ်ဦးဆီသို့ ကျရောက်သွားတော့သည်။
မုကျူးထျန်း နှင့် ဖန်ထျန်း တို့မှာ သူတို့၏ ဝိညာဉ်များပင် ပျက်သုဉ်းတော့မည့်အလား ခံစားလိုက်ရလေ၏။
မုကျူးထျန်း က ချက်ချင်း အော်ဟစ်လိုက်၏။
“ကျွန်တော့်ကို မသတ်ပါနဲ့ ခင်ဗျာ။ အရှင် သိချင်တာ ရှိရင် ကျွန်တော် အကုန် ပြောပြပါ့မယ်”
ဖန်ထျန်း မှာလည်း ဒူးထောက်လုမတတ် တုန်ယင်နေပြီး...တောင်းပန်နေတော့သည်။
“စီနီယာ... စီနီယာက ကျယ်ပြန့်သော ကမ္ဘာ က အစွမ်းထက်တဲ့ ပုဂ္ဂိုလ်ကြီး တစ်ယောက်ပါ။ ဘာလို့ ကျွန်တော်တို့လို ဂျူနီယာ လေးတွေကို ကိုယ်တိုင်ကိုယ်ကျ တိုက်ခိုက်နေရမှာလဲ ခင်ဗျာ။ ဒီနေ့ စီနီယာ နဲ့ တွေ့ခွင့်ရတာ ကျွန်တော်တို့ရဲ့ ကံကောင်းမှုပါပဲ။ စီနီယာ ခိုင်းသမျှ အကုန်လုံးကို ကျွန်တော်တို့ ချက်ချင်း လုပ်ပေးပါ့မယ် ခင်ဗျာ”
ထိုစကားများကို ကြားလိုက်ရသောအခါ ဖေးပင်း နှင့် အခြား နှစ်ဦးမှာ ထိုနှစ်ယောက် အပေါ် လုံးဝ ရွံရှာ စက်ဆုပ်သွားကြတော့သည်။
အထူးသဖြင့် ဖေးပင်း မှာ... သူ ပထမဆုံး တွေ့ဆုံခဲ့ရသော ဖန်ထျန်း နှင့် ယခု သူ၏ ရှေ့တွင် ရပ်နေသော ဖန်ထျန်း တို့မှာ လုံးဝ ကွဲပြားခြားနားသော လူနှစ်ယောက်အလား ဖြစ်နေသည်ကို တွေ့လိုက်ရ၏။
‘သူ့အဖေ ဖန်ချန် က တောင်နဲ့ ပင်လယ် ကမ္ဘာ မှာ အစွမ်းအထက်ဆုံး နံပါတ် (၅၀) အတွင်း ဝင်တဲ့ သူဆိုတာကရော... အခု ဘာလို့ ဆက်မပြောတော့တာလဲ။
ဪ... ဒီတော့ .. ခြိမ်းခြောက်ချင်တဲ့ အခါကျရင်တော့.. နောက်ခံကို သုံးပြီး... တကယ့် အန္တရာယ်နဲ့ ကြုံလာတဲ့ အခါကျရင်တော့ ခွေးသူတောင်းစား တွေ ဖြစ်သွားရောပေါ့လေ’
သွေးစွန်း သတ်ဖြတ်သူ ၏ မျက်မှောင်များ အနည်းငယ် တွန့်ချိုးသွားပြီး၊ သူ၏ နောက်ကွယ်ရှိ နောက်လိုက် (၁၉) ဦးမှာလည်း အလားတူ အမူအရာမျိုး ဖြစ်သွားကြတော့သည်။
‘တောင်နဲ့ ပင်လယ် ကမ္ဘာ က စစ်သူကြီး တွေ အားလုံးက ဒီလို သတ္တိကြောင်တဲ့ သူရဲဘောကြောင်တဲ့ ကောင်တွေချည်းပဲလား။
ဒါပေမဲ့ ဒါကလည်း ကောင်းပါတယ်။ ကျန်တဲ့ အချိန်တွေမှာ အလုပ်လုပ်ရ ပိုလွယ်သွားတာပေါ့’
သွေးစွန်း သတ်ဖြတ်သူ က မေးလိုက်၏။
“နင်ချီ ဘယ်မှာ ရှိလဲဆိုတာ မင်းတို့ သိလား”
ထိုနှစ်ဦးက ခေါင်းများကို ခါယမ်းပြလိုက်ကြသည်။
“ဟင်...” သွေးစွန်း သတ်ဖြတ်သူ က ထပ်မံ မေးလိုက်ပြန်၏။
“နင်ချီ ကို မင်းတို့ သိလား”
ထိုနှစ်ဦးက ဆက်လက် ခေါင်းခါနေကြသော်ငြားလည်း၊ သွေးစွန်း သတ်ဖြတ်သူ ၏ မျက်နှာပေါ်ရှိ သတ်ဖြတ်လိုသော အမူအရာကို မြင်လိုက်ရသောအခါ .. ချက်ချင်း စကားပြောလာကြတော့သည်။
ဖန်ထျန်း က ဆိုလိုက်၏။
“စီနီယာ... ကျွန်တော်တို့.. နင်ချီ ကို မသိပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့က တောင်နဲ့ ပင်လယ် ကမ္ဘာ က ကျင့်ကြံသူ တွေ ဆိုတော့... သူ့ဆီ ရောက်အောင် စီနီယာ ကို ခေါ်သွားပေးနိုင်ပါတယ် ခင်ဗျာ”
ဤစကားများက ချက်ချင်းပင် လူတိုင်းကို သူ့အပေါ်.. ပို၍ ရွံရှာ စက်ဆုပ်သွားစေတော့သည်။
‘ဒီကောင်က အစွမ်းထက်တဲ့ ရန်သူဆီကနေ အသက်ချမ်းသာခွင့် တောင်းရုံတင် မကဘူး... အခု သူ့လူတွေကိုပါ သစ္စာဖောက်ပြီး သူလျှို အဖြစ် လုပ်ပေးဖို့တောင် ဝန်မလေးတော့ဘူးပဲ’
ထိုစဉ်၊ သွေးစွန်း သတ်ဖြတ်သူ က မေးလိုက်သည်။
“ဒါက တောင်နဲ့ ပင်လယ် ကမ္ဘာ ကို သစ္စာဖောက်တာပဲလေ။ တောင်နဲ့ ပင်လယ် ကမ္ဘာ့ဆန္ဒတော် ရဲ့ လက်စားချေတာကို မင်း မကြောက်ဘူးလား”
ဖန်ထျန်း ၏ မျက်လုံးများ ဟိုဟိုဒီဒီ ကစားသွားသော်ငြားလည်း သူက ပြန်လည် ဖြေကြားလိုက်၏။
“ကျွန်တော့်အဖေ ဖန်ချန် ဟာ တောင်ဘိုးဘေးကြီး ရဲ့ လက်အောက်မှာ အစွမ်းအထက်ဆုံး နံပါတ် (၅၀) အတွင်း ဝင်တဲ့ စစ်သည်တော် တစ်ယောက်ပါ။ ကျွန်တော့်အဖေ ရှိနေသရွေ့... တောင်နဲ့ ပင်လယ် ကမ္ဘာ့ဆန္ဒတော် တောင်မှ ကျွန်တော့်ကို ဘာမှ လုပ်လို့ မရပါဘူး ခင်ဗျာ”
“ဟင်...”
သွေးစွန်း သတ်ဖြတ်သူ က အံ့အားသင့်စွာ ရေရွတ်လိုက်ပြီး…
“ဒါက မင်းတို့ တောင်နဲ့ ပင်လယ် ကမ္ဘာ က သစ္စာဖောက်တွေကို ဆက်ဆံတဲ့ ပုံစံပေါ့လေ”
ဖန်ထျန်း က ပြန်လည် ဖြေကြားလိုက်၏။
“သာမန် ကျင့်ကြံသူ တွေက သစ္စာဖောက်ရင်တော့ သေချာပေါက် သေဒဏ် ပေးရမှာပေါ့။ ဒါပေမဲ့ ကျွန်တော်တို့က တောင်နဲ့ ပင်လယ် ကမ္ဘာ ရဲ့ အစစ်အမှန် အရှင်သခင် တွေလေ။ ဒါကြောင့် ကျွန်တော်တို့က အဲဒီ စည်းမျဉ်း ထဲမှာ သဘာဝကျကျ အကျုံးမဝင်ပါဘူး ခင်ဗျာ”
လူတိုင်းမှာ ဆွံ့အ မှင်သက်သွားကြတော့သည်။
သူ၏ စကားများကြောင့် လူတိုင်း တိတ်ဆိတ်သွားသည်ကို မြင်လိုက်ရသောအခါ... ဖန်ထျန်း မှာ အသက်ရှင် လွတ်မြောက်နိုင်မည့် အခွင့်အရေး တစ်ခုကို ရှာတွေ့သွားပြီဟု ထင်မှတ်လိုက်ပုံ ရသည်။
သူက ဘေးရှိ မုကျူးထျန်း ကို မျက်စိ မှိတ်ပြလိုက်၏။
မုကျူးထျန်း က ချက်ချင်း သဘောပေါက်သွားပြီး ဝင်ပြောလိုက်သည်။
“ရိုးရိုးသားသား ပြောရရင် စီနီယာ... ကျွန်တော်တို့ တောင်နဲ့ ပင်လယ် ကမ္ဘာ မှာ နင်ချီ ဆိုတဲ့ နာမည်ကို တစ်ခါမှ မကြားဖူးပါဘူး ခင်ဗျာ။ သူက မကြာသေးခင် နှစ်တွေကမှ ပေါ်လာတဲ့ ပါရမီရှင် တစ်ယောက် ဖြစ်ရမယ်။ ဒါပေမဲ့ သူ.. ဘယ်လောက်ပဲ ပါရမီ ထူးချွန်ပါစေ... သူက ကျွန်တော်တို့ လူမှ မဟုတ်တာ။ ဒါကြောင့် ဒါက တောင်နဲ့ ပင်လယ် ကမ္ဘာ ကို သစ္စာဖောက်တာ မဟုတ်ပါဘူး ခင်ဗျာ”
“ဒါဆို တောင်နဲ့ ပင်လယ် ကမ္ဘာ ကို သစ္စာဖောက်တာက ဘာကို ခေါ်တာလဲ” ဟု သွေးစွန်း သတ်ဖြတ်သူ က မေးလိုက်သည်။
မုကျူးထျန်း က ပြန်ဖြေလိုက်၏။
“ကိုယ့်လူ အချင်းချင်း ကို သစ္စာမဖောက်သရွေ့... အဲဒါက သစ္စာဖောက်တာ မဟုတ်ဘူးလို့ မှတ်ယူပါတယ် ခင်ဗျာ”
ထိုအခါမှသာ လူတိုင်း ချက်ချင်း သဘောပေါက်သွားကြတော့သည်။
သွေးစွန်း သတ်ဖြတ်သူ ၏ မျက်လုံးများထဲတွင် အလင်းတန်း တစ်ခု လျှပ်တစ်ပြက် ဖြတ်ပြေးသွားပြီးနောက် သူက မေးလိုက်၏။
“မင်းတို့က ငါတို့ကို နင်ချီ ဆီ တကယ် ခေါ်သွားပေးနိုင်တာလား”
ထိုအခါ၊ ဖန်ထျန်း က ချက်ချင်း ပြန်ဖြေလိုက်သည်။
“အကယ်လို့ သူ့ကို ရှာမတွေ့ရင်တောင်မှ သူ့ရဲ့ စစ်တပ်ကြီးကို ရှာလို့ မရဘူးလား။ စစ်တပ်ကြီးကို ရှာတွေ့သွားရင်... သူ့ကို အပြင်ထွက်လာအောင် သေချာပေါက် အတင်းအကျပ် ဖိအားပေးလို့ ရတာပေါ့”
သွေးစွန်း သတ်ဖြတ်သူ က ရုတ်တရက် နောက်သို့ လှည့်ကြည့်ပြီး သူ၏ နောက်လိုက် (၁၉) ဦးကို မေးလိုက်၏။
“မင်းတို့ ဘယ်လို ထင်လဲ”
အခန်း (၈၁၈) - တောင်နှင့် ပင်လယ် ကမ္ဘာ မှ ရန်သူများ
~“မင်းတို့ ဘယ်လို ထင်လဲ”
သွေးစွန်း သတ်ဖြတ်သူ ထက် အနည်းငယ်သာ နိမ့်ကျသော ခန္ဓာကိုယ် ရှိသည့် စွန်းလွီ ဟု အမည်ရသော ကျင့်ကြံသူ တစ်ဦးက ဆိုလိုက်သည်။
“ညီအစ်ကို သွေး... ကျွန်တော်တို့ အဲဒီလောက်အထိ အပင်ပန်းခံဖို့ မလိုဘူးလို့ ထင်တယ်။ ကျွန်တော်တို့ရဲ့ ပစ်မှတ်က နင်ချီ ပါ။ တောင်နဲ့ ပင်လယ် ကမ္ဘာ က သာမန် ကျင့်ကြံသူ တွေ မဟုတ်ဘူးလေ”
“အဲဒီ သာမန် ကျင့်ကြံသူ တွေကို ရှာဖို့ဆိုရင်... အလုပ်တွင်ကျယ်အောင် ကျွန်တော်တို့ အင်အားတွေကို ခွဲထုတ်ရလိမ့်မယ်။ ဒါပေမဲ့ အင်အားခွဲတာက အန္တရာယ် များတယ်။ အင်အား မခွဲပြန်ရင်လည်း အချိန်တွေ အများကြီး ပုပ်သွားလိမ့်မယ်”
“အကယ်လို့ နင်ချီ က နယ်မြေ ဖြတ်ကျော်ပြီး ထွက်ပြေးသွားရင်ရော... ကျွန်တော်တို့ အားလုံးလည်း သူ့နောက်ကို နယ်မြေ ဖြတ်ကျော် လိုက်သွားရတော့မလို့လား”
“အဲဒီ အောက် နယ်မြေ ကို တောင်နဲ့ ပင်လယ် ကမ္ဘာ့ဆန္ဒတော် က အပြည့်အဝ သိမ်းပိုက်ထားပြီးသားလေ။ ကျွန်တော်တို့ကိုယ်တိုင် ဒဏ်ရာရအောင် လုပ်ထားလို့ အခြေအနေက အားနည်းနေချိန်မှာ အဲဒီထဲကို ဝင်သွားရင်...ကျွန်တော်တို့ ပိုပြီး အထိနာသွားမှာ သေချာတယ်”
ထိုစကားကို ကြားလိုက်ရသောအခါ လူအချို့က သဘောတူကြောင်း ခေါင်းညိတ်ပြလိုက်ကြသည်။
မည်သို့ပင်ဆိုစေ နင်ချီ မှာ လူတစ်ယောက်တည်းသာ ဖြစ်သည်လေ။
အကယ်၍ နင်ချီသာ သူတို့ ရှေ့ရှိ လူနှစ်ယောက်လောက် အရှက်မရှိခဲ့ဘူး ဆိုပါက... သူ့ကို ဘယ်လိုလုပ်ပြီး ရှာတွေ့နိုင်ပါမည်နည်း။
ထိုအခိုက်အတန့်တွင် စာပေသမား တစ်ဦးအလား ဝတ်ဆင်ထားသော လူငယ် တစ်ဦးက ဝင်ပြောလိုက်၏။
“ညီအစ်ကို သွေး... သူတို့ရဲ့ အကြံအစည် က ဖြစ်နိုင်ခြေ ရှိတယ်လို့ ကျွန်တော် ထင်တယ်ဗျ”
ထိုလူ၏ အမည်မှာ ဝူရွှီ ဖြစ်ပြီး အကြံအစည်များ ကြံစည်ရာတွင် အလွန်တရာ ကျွမ်းကျင်သူ တစ်ဦး ဖြစ်သည်။
သူ၏ စကားကို ကြားလိုက်ရသောအခါ သွေးစွန်း သတ်ဖြတ်သူ က ချက်ချင်း ပြန်ပြောလိုက်သည်။
“ညီအစ်ကို ဝူ... မင်း ဘာကို ဆိုလိုချင်တာလဲ ဆိုတာကို သေချာ ရှင်းပြပါလား”
ဝူရွှီ က ဖန်ထျန်း နှင့် အခြား နှစ်ဦးကို တစ်ချက် အကြည့်ပို့လွှတ်လိုက်ပြီးနောက် ဆိုလိုက်၏။
“ဒီနှစ်ယောက်သာ ရှိနေရင်...ကျွန်တော်တို့က တောင်နဲ့ ပင်လယ် ကမ္ဘာ ရဲ့ ကျန်ရှိနေတဲ့ အင်အားစုတွေကို ရှာတွေ့နိုင်ရုံသာမက၊ သူတို့ရဲ့ စစ်တပ်တွေကိုလည်း လှုပ်ခါသွားအောင် လုပ်လို့ ရနိုင်တယ်”
“အကယ်လို့ တောင်နဲ့ ပင်လယ် ကမ္ဘာ့ဆန္ဒတော် ကသာ ဒါကို သိသွားရင်... တောင်နဲ့ ပင်လယ် ကမ္ဘာ ထဲမှာ ကြီးမားတဲ့ ဆူပူအုံကြွမှုကြီး တစ်ခု ဖြစ်သွားနိုင်တယ်လေ”
“ကျွန်တော်တို့ရဲ့ ဗျူဟာက ရန်သူတွေကို အလှမ်းဝေးဝေးမှာ ထားနိုင်ပြီး အတွင်းပိုင်း ပဋိပက္ခတွေကိုပါ ဖြစ်ပေါ်လာစေနိုင်တယ်။ ညီအစ်ကို သွေး နဲ့ တခြားသူတွေရော ဘယ်လို ထင်လဲဗျ”
လူတိုင်း၏ စိတ်ထဲတွင် အမြင် နှစ်မျိုး အပြင်းအထန် ပဋိပက္ခ ဖြစ်သွားကြပြီး သူတို့က ခေတ္တမျှ စဉ်းစားခန်း ဝင်လိုက်ကြသည်။
“ညီအစ်ကို ဝူ ရဲ့ အကြံအစည် ကို ငါ သဘောတူတယ်”
“ငါကတော့ ညီအစ်ကို စွန်း ရဲ့ ချဉ်းကပ်ပုံ ကို သဘောတူတယ်။ ငါတို့က ကျယ်ပြန့်သော ကမ္ဘာ က ကျင့်ကြံသူ တွေလေ။ အမြဲတမ်း ဖြောင့်မတ် မှန်ကန်စွာ ပြုမူလေ့ ရှိတာပဲ... တောင်နဲ့ ပင်လယ် ကမ္ဘာ လိုမျိုး ဘယ်လိုလုပ်ပြီး အရှက်မရှိနိုင်ရမှာလဲ”
လူတိုင်းက သူတို့၏ အမြင်များကို ထုတ်ဖော် ပြောဆိုလာကြရာ... နောက်ဆုံးတွင် လူဆယ်ဦးက ဝူရွှီ ကို ထောက်ခံကြပြီး၊ ကိုးဦးက စွန်းလွီ ကို ထောက်ခံလိုက်ကြသည်။ သွေးစွန်း သတ်ဖြတ်သူ တစ်ယောက်တည်းသာ ဆုံးဖြတ်ချက် မချရသေးဘဲ ကျန်ရှိနေတော့၏။
လူတိုင်းက သူ့ကို စူးစိုက် ကြည့်နေကြ၏။
သွေးစွန်း သတ်ဖြတ်သူ က သူ၏ မျက်လုံးများကို အနည်းငယ် ကျဉ်းမြောင်းလိုက်ပြီး ဆိုလိုက်သည်။
“ဒါဆိုလည်း ညီအစ်ကို ဝူ ပြောတဲ့အတိုင်းပဲ လုပ်ကြတာပေါ့”
သူက ဆက်ပြောလိုက်၏။
“ငါတို့ ကျယ်ပြန့်သော ကမ္ဘာ က ကျင့်ကြံသူ တွေဟာ ဖြောင့်မတ် မှန်ကန်စွာ ပြုမူလေ့ ရှိတာ မှန်ပေမဲ့... အခုက သူတို့ တောင်နဲ့ ပင်လယ် ကမ္ဘာ က ငါတို့ ကျယ်ပြန့်သော ကမ္ဘာ ကို အရင် လာကျူးကျော်တာလေ။ အစွမ်းထက်တဲ့ ရန်သူနဲ့ ရင်ဆိုင်ရချိန်မှာ... ငါတို့ ကိုယ့်လူ အချင်းချင်း အပေါ်မှာ သုံးတဲ့ နည်းလမ်းတွေ အတိုင်း တင်းကျပ်နေလို့ မဖြစ်ဘူးလေ။ အားလုံး နားလည်ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်”
သွေးစွန်း သတ်ဖြတ်သူ က ဖန်ထျန်း နှင့် အခြား တစ်ယောက်ကို အကြည့်ပို့လွှတ်လိုက်ပြီး ဆက်ပြောလိုက်သည်။
“ဒါ့အပြင်... ဒီ အကြံအစည် ကို အဆိုပြုခဲ့တာက တောင်နဲ့ ပင်လယ် ကမ္ဘာ ရဲ့ အရှင်သခင် တွေလို့ ကိုယ့်ကိုယ်ကိုယ် သတ်မှတ်ထားတဲ့ သူတွေ ကိုယ်တိုင်ပဲလေ။ သူတို့ ကိုယ်တိုင်က သူတို့ရဲ့ အသက်ရှင် ရှင်သန်ရေး အတွက် သူတို့ လူတွေကို လဲလှယ်ဖို့ အသင့်ဖြစ်နေမှတော့... ငါတို့က ဘာလို့ သူတို့တွေကို သနားနေစရာ လိုမှာလဲ”
သွေးစွန်း သတ်ဖြတ်သူ ၏ စကားများက ကွဲလွဲနေသော အမြင်များ ရှိနေသည့် လူကိုးဦးကို အနည်းငယ် စိတ်သက်သာရာ ရသွားစေခဲ့၏။
…
တောင်နှင့် ပင်လယ် ကမ္ဘာ အတွင်း၌...
ကျင်းသွမ့်ရှန်း မှာ သွေးစွန်း သတ်ဖြတ်သူ ၏ ညှစ်ချေ သတ်ဖြတ်ခြင်းကို ခံလိုက်ရသည့် အချိန်လေးမှာပင်...
တိကျင်း နယ်မြေ တွင်၊ နယ်မြေအရှင်သခင် ကျင်းကွမ်ဟွာ မှာ အလွန်တရာ အံ့အားသင့် ထိတ်လန့်သွားတော့သည်။
သူက သူ၏ ရင်ခွင်ထဲမှ ကျောက်စိမ်းရောင် သက်စောင့် ကျောက်ပြား တစ်ခုကို ထုတ်ယူလိုက်၏။ သည်အထဲမှာ၊ သူ၏ တစ်ဦးတည်းသော သား ဖြစ်သူ ကျင်းသွမ့်ရှန်း ၏ သက်စောင့် ဝိညာဉ် မျှင်လေး တစ်ခု ကိန်းအောင်းနေခြင်း ဖြစ်သည်။
ကြေမွနေသော သက်စောင့် ကျောက်ပြား ကို ကြည့်ရင်း... ကျင်းကွမ်ဟွာ ၏ မျက်လုံးများ မျက်စိတစ်မှိတ် အတွင်း ရဲရဲနီသွားသည်။ သူ၏ ပုံရိပ်မှာလည်း မျက်တောင်တစ်ခတ် အတွင်း ပျောက်ကွယ်သွားတော့၏။
တစ်ချိန်တည်းမှာပင် ဘေးရှိ နယ်မြေ နှစ်ခု ၏ အရှင်သခင် များမှာလည်း ကျင်းကွမ်ဟွာ ထံမှ သတင်းစကားကို ချက်ချင်း ရရှိလိုက်ကြသည်။
“အစ်ကိုကြီး၊ အစ်ကိုလတ်... ကျွန်တော့်ရဲ့ တစ်ဦးတည်းသော သားလေး စစ်မြေပြင်နယ်မြေ ထဲမှာ သေသွားပြီဗျာ”
ကောင်းကင်မီးတောက် နယ်မြေ အတွင်း၌...
စွမ်းအားကြီး နတ်ဘုရား အရှိန်အဝါ ကြီးတစ်ခု ထွက်ပေါ်လာပြီး... နေမင်း နှစ်စင်း ကိန်းအောင်းနေသည့်အလား တောက်ပနေသော မျက်လုံး တစ်စုံ ရုတ်တရက် ပွင့်လာတော့သည်။
ဤသူမှာ အခြားသူ မဟုတ်ပေ...၊ ဖန်ထျန်း ၏ ဖခင် ဖန်ချန် ပင် ဖြစ်၏။
ဖန်ချန်က.. မြင့်မြတ်သော တောင်ပုံသဏ္ဌာန် ရေးထွင်းထားသည့် အထူး ဆက်သွယ်ရေး ကျောက်စိမ်းပြား တစ်ခုကို ထုတ်ယူလိုက်၏။ .. ထိုအထဲရှိ သတင်းစကားကို အာရုံခံလိုက်ရသောအခါ သူ၏ မျက်လုံးများ အနည်းငယ် အရောင်လက်သွားတော့သည်။
ဤ ကျောက်စိမ်းပြား မှာ တောင်ဘိုးဘေးကြီး က သူ၏ တိုက်ရိုက် လက်အောက်ငယ်သား များကို ချီးမြှင့်ထားသော အထူး ပစ္စည်းတစ်ခု ဖြစ်သည်။ တောင်ဘိုးဘေးကြီး ၏ အသိအမှတ်ပြုခြင်း ခံရသူများသာလျှင် ၎င်းကို ရရှိနိုင်ပြီး... ၎င်းမှာ တောင်ဘိုးဘေးကြီး ၏ ကိုယ်ပိုင် လူယုံများ အဖြစ် သတ်မှတ်ခြင်း ခံရသည့် သင်္ကေတ တစ်ခုလည်း ဖြစ်သည်
ဖန်ချန် က ချက်ချင်း ပြန်လည် ဖြေကြားလိုက်၏။
“ဒုတိယ ညီလေး... တတိယ ညီလေး... ငါ့ရဲ့ ကောင်းကင်မီးတောက် နယ်မြေ ကို အခုချက်ချင်း လာခဲ့ကြ”
ချက်ချင်းပင် ကျောက်စိမ်းပြား ထဲသို့ ထိုနှစ်ဦးစလုံး ထံမှ အကြောင်းပြန်စာ ရောက်ရှိလာသည်။
“ဟုတ်ပါပြီ၊ အစ်ကိုကြီး”
သိပ်မကြာခင်မှာပင် ကောင်းကင်မီးတောက် နယ်မြေ တွင် တာအို ပုံရိပ် နှစ်ခု ပေါ်ထွက်လာတော့သည်။
ဖန်ချန် ကို မြင်လိုက်ရသည်နှင့် ထိုနှစ်ဦးက ချက်ချင်း လက်ယှက် ဂါရဝပြုလိုက်ကြ၏။
“အစ်ကိုကြီး ကို ဂါရဝပြုပါတယ် ခင်ဗျာ”
ဖန်ချန် က ထိုနှစ်ဦး၏ ရှေ့သို့ တည်နေရာ ရွှေ့ပြောင်းလာပြီး၊ သူ၏ ကြီးမားလှသော လက်ကြီးများဖြင့် ထိုနှစ်ဦးကို ဆွဲထူလိုက်သည်။
“ဒုတိယ ညီလေး... တတိယ ညီလေး”
ကျင်းကွမ်ဟွာ မှာ အလွန်တရာ ဝမ်းနည်း ပူဆွေးနေပုံ ရပြီး ဆိုလိုက်၏။
“အစ်ကိုကြီး... ကျွန်တော့် သားလေး
အတွက် တရားမျှတမှု ရှာပေးပါဦးဗျာ”
“ဒုတိယ ညီလေး... တတိယ ညီလေး... အရင် ထိုင်ကြပါဦး။ ပြီးမှ အေးအေးဆေးဆေး ပြောကြတာပေါ့”
ထို သုံးဦး နေရာယူ ထိုင်လိုက်ကြပြီးနောက် ကျင်းကွမ်ဟွာ က သူ၏ စကားကို ဆက်ပြောလိုက်သည်။
“ကျွန်တော် အစ်ကိုကြီး တို့ကို ပြောစရာ သုံးခု ရှိပါတယ်”
“ပထမအချက်ကတော့... ကျွန်တော့် သားလေးက အစ်ကိုကြီး နဲ့ အစ်ကိုလတ် တို့ရဲ့ သားတွေနဲ့ အမြဲတမ်း ရင်းနှီးတယ်။ သူ စစ်မြေပြင်နယ်မြေ ကို သွားတုန်းကတောင် သူ့ရဲ့ တူနှစ်ယောက်နဲ့ အတူတူ သွားခဲ့တာ ဖြစ်နိုင်တယ်။ အခု ကျွန်တော့် သားလေး သေသွားပြီ ဆိုတော့... သူ့ရဲ့ တူနှစ်ယောက် လည်း အန္တရာယ် ရှိနေလောက်ပြီ”
“ဒုတိယ အချက်ကတော့... အစ်ကိုကြီး တို့ နှစ်ယောက် ကျွန်တော့် သားလေး အတွက် လက်စားချေ ပေးနိုင်ဖို့ ကျွန်တော် မျှော်လင့်ပါတယ်”
“တတိယ အချက်ကတော့...”
ကျင်းကွမ်ဟွာ က ထိုနှစ်ဦးကို အကြည့်ပို့လွှတ်လိုက်သည်။
ဒုတိယ ညီအစ်ကို မုကျူးထျန်း [မှတ်ချက် - သားဖြစ်သူ၏ အမည်နှင့် ဆင်တူနေသဖြင့် အဖေ၏ အမည်ကိုလည်း မုကျူးထျန်း ဟုပင် သုံးနှုန်းလိုက်ပါသည်] က ဆိုလိုက်၏။
“တတိယ ညီလေး... မင်း ပြောစရာ ရှိတာကို ပွင့်ပွင့်လင်းလင်း ပြောသာ ပြောပါ”
ဖန်ချန် ကလည်း ဝင်ပြောလိုက်သည်။
“ငါတို့ သုံးယောက်က အရင်တုန်းက အတူတူ သေအတူ ရှင်မကွာ ဖြတ်သန်းလာခဲ့ကြတာပဲ။ ဘာလို့ ဒီလောက်တောင် အားနာနေရတာလဲ တတိယ ညီလေး ရာ”
ကျင်းကွမ်ဟွာ က ပြန်ပြောလိုက်၏။
“ကောင်းပြီလေ... ဒါဆိုရင်လည်း ကျွန်တော် ပွင့်ပွင့်လင်းလင်းပဲ ပြောတော့မယ်။ တောင်ဘိုးဘေးကြီး ဆီမှာ သေလုမျောပါး ဖြစ်နေတဲ့ သူတွေကိုတောင် အသက်ပြန်ရှင်လာစေနိုင်တဲ့ ရတနာ တစ်ခု ရှိတယ်လို့ ကျွန်တော် ကြားဖူးတယ်။ အစ်ကိုကြီး တို့ နှစ်ယောက် ကျွန်တော့် အတွက် အဲဒါကို သွားတောင်းပေးလို့ ရမလား ခင်ဗျာ”
ထိုစကားကို ကြားလိုက်ရသောအခါ ထိုနှစ်ဦးစလုံး၏ မျက်နှာထားများ ပြောင်းလဲသွားကြတော့သည်။
တောင်ဘိုးဘေးကြီး နှင့် ပတ်သက်လာလျှင် အရာအားလုံးမှာ မြင့်မြတ်သော တောင်ကြီး တစ်လုံးအလား အလွန်တရာ လေးလံလွန်းလှသည်။
ထိုနှစ်ဦးက ဧည့်ခန်းမဆောင် ၏ အပြင်ဘက်ကို ရုတ်တရက် အကြည့်ပို့လွှတ်လိုက်ကြ၏။
သူတို့၏ ကျင့်ကြံခြင်း အဆင့်အတန်း နှင့် သူတို့၏ ဝိညာဉ်နယ်မြေ တည်နေရာများ အရ... သူတို့သည် ကောင်းကင်နှင့် မြေကြီးကို ဆက်စပ်ထားသော နတ်ဘုရား တောင်ကြီး တစ်လုံးကို အဝေးမှနေ၍ ရှင်းလင်းစွာ မြင်တွေ့နိုင်စွမ်း ရှိကြသည်။ ထိုနေရာမှာ တောင်ဘိုးဘေးကြီး စံမြန်းရာ ကောင်းကင် ဆက်သွယ်ရေး တောင်ထွတ် ပင် ဖြစ်၏။
ဖန်ချန် က ဆိုလိုက်၏။
“တတိယ ညီလေး... ငါ ထင်တာကတော့ ခဏလောက် စောင့်ကြည့်တာ ပိုကောင်းမယ် ထင်တယ်။ မင်းအတွက် သေချာပေါက် ငါ စုံစမ်းပေးပါ့မယ်။ ဒါပေမဲ့ လောလောဆယ်မှာတော့ ငါ့သား ဖန်ထျန်း နဲ့ ဒုတိယ ညီလေး ရဲ့ သား မုကျူးထျန်း တို့ရဲ့ အခြေအနေကို ငါ ဘာမှ မသိရသေးဘူးကွ”
ကျင်းကွမ်ဟွာ က သူ၏ ဝမ်းနည်း ပူဆွေးမှုများကို အတင်းအကျပ် ဖိနှိပ်ထားလိုက်ပြီး ထိုနှစ်ဦးကို ဦးညွှတ်လိုက်သည်။
“ရုတ်တရက်ကြီး တောင်းဆိုမိတဲ့ အတွက် ကျွန်တော် တောင်းပန်ပါတယ် ခင်ဗျာ။ ကျွန်တော် ဒီကို လာခဲ့တာက အစ်ကိုကြီး တို့ နှစ်ယောက်ရဲ့ တူလေးတွေရဲ့ ဘေးကင်းရေးကို သတိပေးချင်လို့ပါ။ သေချာတာပေါ့... အခုချိန်မှာတော့ အစ်ကိုကြီး တို့ရဲ့ တူလေးတွေရဲ့ ဘေးကင်းရေး က အရေးအကြီးဆုံးပဲလေ”
ဖန်ချန် နှင့် မုကျူးထျန်း တို့က သဘောတူကြောင်း ခေါင်းညိတ်ပြလိုက်ကြ၏။
မုကျူးထျန်း က ဆိုလိုက်သည်။
“အစ်ကိုကြီး... အစ်ကိုကြီး က ကမ္ဘာ့အရှင်သခင် ကို စစ်မြေပြင်နယ်မြေ ထဲက အခြေအနေတွေ အကြောင်း မေးကြည့်သင့်တယ် ထင်တယ်”
“အင်း...”
ဖန်ချန် သည် သန့်ရှင်းသော တောင်ပုံသဏ္ဌာန် ရေးထွင်းထားသည့် ဆက်သွယ်ရေး ကျောက်စိမ်းပြား ကို နောက်တစ်ကြိမ် ထပ်မံ ထုတ်ယူလိုက်ပြန်သည်။ သူက လက်သင်္ကေတ တစ်ခုကို ပြုလုပ်လိုက်ပြီး မှော်ပညာ အချို့ကို အသုံးပြုလိုက်ရာ... ရုတ်တရက် ဆက်သွယ်ရေး ကျောက်စိမ်းပြား ပေါ်ရှိ သန့်ရှင်းသော တောင်ပုံသဏ္ဌာန် မှာ အလွန်တရာ ပီပြင် ထင်ရှားလာတော့သည်။
ဝေဝါးနေသော ပုံရိပ်ယောင် ကြီးတစ်ခု ဧည့်ခန်းမဆောင် အတွင်းသို့ တိုက်ရိုက် ဆင်းသက်လာသည်။
“ကောင်းကင်မီးတောက် နယ်မြေ ရဲ့ အရှင်သခင်... ဘာကိစ္စ ရှိလို့လဲ”
ဖန်ချန် နှင့် သူ၏ သူငယ်ချင်း နှစ်ဦးမှာ ချက်ချင်း ဦးညွှတ်ကာ ဆိုလိုက်ကြ၏။
“ကျွန်တော်တို့ ကမ္ဘာ့အရှင်သခင် ကို ဂါရဝပြုပါတယ် ခင်ဗျာ”
“ထကြပါ”
“ကျေးဇူးတင်ပါတယ် ကမ္ဘာ့အရှင်သခင်”
ဖန်ချန် တို့ သုံးဦးစလုံး အလွန်တရာ ယဉ်ကျေး ရိုသေစွာ ပြုမူနေကြသော်ငြားလည်း... တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော် အပေါ်တွင်မူ ကြီးမားသော လေးစားမှုများ မရှိကြပုံ ရသည်။
တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော် ၏ ပုံရိပ်ယောင် မှာလည်း ဤအချက်ကို သိပ်ပြီး ဂရုစိုက်ပုံ မပေါ်ချေ။
မည်သို့ပင်ဆိုစေ ဤအရာမှာ ပုံရိပ်ယောင် တစ်ခုမျှသာ ဖြစ်ပြီး၊ ၎င်း၏ အစစ်အမှန် ရုပ်ပိုင်းဆိုင်ရာ ဆန္ဒတော် မှာ ထိုနေရာတွင် မရှိသလို အလွယ်တကူလည်း လှုပ်ရှားလေ့ မရှိချေ။
တောင်ဘိုးဘေးကြီး နှင့် ပင်လယ်ဘိုးဘေးကြီး တို့သည် ၎င်း၏ အစစ်အမှန် ဆန္ဒတော် ကို နေရာတစ်ခုတွင် သီးသန့် ချုပ်နှောင်ထားပြီး၊ ၎င်းမှာ ပုံရိပ်ယောင် ၏ ဆန္ဒတော် မှတစ်ဆင့်သာ အပြင်ဘက်သို့ ထွက်ခွာ လှုပ်ရှားနိုင်စွမ်း ရှိသည်။
ဖန်ချန် တို့ သုံးဦးမှာ တောင်ဘိုးဘေးကြီး ၏ လက်အောက်ငယ်သားများ ဖြစ်ကြ၏။ သူတို့၏ လေးစားမှုများ အားလုံးမှာ တောင်နှင့် ပင်လယ် ကမ္ဘာ ၏ ပုံရိပ်ယောင် ဆန္ဒတော် အပေါ်တွင် မဟုတ်ဘဲ တောင်ဘိုးဘေးကြီး အပေါ်တွင်သာ ရှိနေကြခြင်း ဖြစ်သည်။
အခန်း (၈၁၉) - တောင်နှင့် ပင်လယ် ကမ္ဘာ မှ ရန်သူများ
~“ကမ္ဘာ့အရှင်သခင်... အရှင့်ရဲ့ လက်အောက်ငယ်သား တွေက ကျွန်တော်တို့ရဲ့ သားတွေ စစ်မြေပြင်နယ်မြေ ထဲမှာ ဘယ်လို အခြေအနေ ရှိနေလဲ ဆိုတာကို သိချင်လို့ပါ ခင်ဗျာ”
တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော် ၏ ပုံရိပ်ယောင် က မျက်လုံးများကို ခေတ္တမျှ မှိတ်ထားလိုက်ပြီးနောက်... အချိန်တိုလေး အတွင်းမှာပင် မျက်လုံး ပြန်ဖွင့်ကာ တိုတိုတုတ်တုတ် ပြန်လည် ဖြေကြားလိုက်သည်။
“တစ်ယောက်က သေသွားပြီ... နှစ်ယောက်ကတော့ ရန်သူတွေ ဖမ်းသွားပြီ။ မျှော်လင့်ချက် မရှိတော့ဘူး။ သေမယ့် အချိန်ကိုသာ စောင့်နေကြတော့”
“ဘာ...”
ကျင်းကွမ်ဟွာ မှာ စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားပြီးသား ဖြစ်သော်ငြားလည်း၊ ဖန်ချန် နှင့် မုကျူးထျန်း တို့မှာ အံ့အားသင့်စွာ အော်ဟစ်လိုက်ကြသည်။
ကမ္ဘာ့အရှင်သခင် ရဲ့ စကားတွေက တကယ်ပဲ အမှန်တွေလား။
တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော် ၏ ပုံရိပ်ယောင် က ထိုနှစ်ဦးကို အကြည့်ပို့လွှတ်လိုက်ပြီး ဆိုလိုက်၏။
“ဟမ့်..... ဟောင်ရှန်း ရဲ့ လက်အောက်ငယ်သား တွေက ပိုပိုပြီး စွမ်းလာကြတာပဲ။ ငါ့ကိုတောင် မေးခွန်း ထုတ်ရဲနေကြပြီလား”
ထိုအခါ၊ ဖန်ချန် တို့ နှစ်ဦး၏ မျက်နှာထားများ ပြောင်းလဲသွားပြီး ချက်ချင်း တောင်းပန်လိုက်ကြသည်။
“ကမ္ဘာ့အရှင်သခင်... ဒီလက်အောက်ငယ်သားတွေက တစ်ဦးတည်းသော သားလေးတွေ အတွက် စိုးရိမ်နေလို့ပါ။ ကျွန်တော်တို့ရဲ့ ရိုင်းစိုင်းမှု အတွက် ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ ခင်ဗျာ”
“ထားလိုက်ပါတော့လေ...”
တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော် ၏ ပုံရိပ်ယောင် က လုံးဝ ဂရုမစိုက်သည့်အလား ပြန်ပြောလိုက်၏။
“သူတို့က အရှေ့တောင် စစ်မြေပြင်နယ်မြေ ရဲ့ အလယ် နယ်မြေ ထဲမှာ ရှိနေကြတာ... ပြီးတော့ ကျယ်ပြန့်သော ကမ္ဘာ ရဲ့ စစ်တပ်ကြီးဆီမှာ အဖမ်းခံထားရပြီ။ အဲဒါက သူတို့ရဲ့ လက်ရှိ အခြေအနေပဲ”
ဖန်ချန် က ချက်ချင်း မေးလိုက်သည်။
“ ကျွန်တော့် သားကို ကာကွယ်ပေးနိုင်မယ့် ရတနာ တွေ အများကြီး ပေးထားခဲ့ပါတယ်။ ကျွန်တော့်ရဲ့ ညီငယ် နှစ်ယောက်လည်း အဲဒီလိုပဲ လုပ်ထားခဲ့မှာ သေချာပါတယ်။ အကယ်လို့ သူတို့က ရန်သူတွေကို မယှဉ်နိုင်ဘူး ဆိုရင်တောင်မှ အလွယ်တကူ ထွက်ပြေး လွတ်မြောက်နိုင်စွမ်း ရှိကြပါတယ်။ ဘာလို့ သူတို့က အဖမ်းခံလိုက်ရတာလဲ။ ကျယ်ပြန့်သော ကမ္ဘာ က ကျင့်ကြံသူ တွေက တကယ်ပဲ အဲဒီလောက်တောင် ကြောက်စရာ ကောင်းနေလို့လားဗျ”
ထိုအခါ၊ တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော် က ပြန်လည် ဖြေကြားလိုက်၏။
“မင်းတို့ ကလေးတွေရဲ့ ကံဆိုးမှုကိုပဲ အပြစ်တင်ရမှာပေါ့လေ။ သူတို့က နင်ချီ လို့ ခေါ်တဲ့ ကောင်လေးက နယ်မြေ ဖြတ်ကျော်ပြီး ကျယ်ပြန့်သော ကမ္ဘာ ရဲ့ စစ်တပ်ကြီးနဲ့ ထိပ်တိုက် တွေ့မယ့် အချိန်ကို စောင့်နေလို့ ရသားနဲ့... မင်းရဲ့ သားက အရမ်းကို မာနထောင်လွှားလွန်းပြီး ကျယ်ပြန့်သော ကမ္ဘာ ရဲ့ နယ်မြေ သုံးခု ပေါင်းထားတဲ့ စစ်တပ်ကြီးကို တစ်ယောက်တည်း သွားတိုက်ခဲ့တာကိုး။ သူ အဖမ်းမခံရရင် ဘယ်သူ အဖမ်းခံရမှာလဲ”
ဖန်ချန် တို့ သုံးဦးစလုံး ချက်ချင်းပင် အဓိက အချက်ကို သဘောပေါက်သွားကြတော့သည်။
“ကမ္ဘာ့အရှင်သခင်... ဆိုလိုတာက ကျွန်တော်တို့ ကလေးတွေရဲ့ ကံဆိုးမှုတွေက အဲဒီ နင်ချီ ကြောင့် ဖြစ်ရတာပေါ့လေ”
“ဟမ့်.....”
တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော် ၏ ပုံရိပ်ယောင် ကြီးက အေးစက်စက် နှာခေါင်းရှုံ့လိုက်၏။...
“မင်းတို့က အဓိက အချက်ကို ဘယ်လို ဖမ်းဆုပ်ရမလဲ ဆိုတာကို ကောင်းကောင်း သိတာပဲ။ နင်ချီ က ငါ့ကို အောက် နယ်မြေ တစ်ခုလုံး အပြည့်အဝ သိမ်းပိုက်ပေးနိုင်ခဲ့တယ်... ပြီးတော့ မင်းတို့ သားတွေ ရှိနေတဲ့ အလယ် နယ်မြေ ထဲကို နယ်မြေ ဖြတ်ကျော် ဝင်လာပြီး၊ ငါတို့ တောင်နဲ့ ပင်လယ် ကမ္ဘာ ကို အလယ် နယ်မြေ မှာ အပြည့်အဝ အသာစီး ရသွားစေခဲ့တယ်။ အဲဒါကြောင့်မလို့ ကျယ်ပြန့်သော ကမ္ဘာ့ဆန္ဒတော် က ဒီ ထူးခြားချက်ကို အာရုံခံမိသွားပြီး ကျယ်ပြန့်သော ကမ္ဘာ ရဲ့ နယ်မြေ သုံးခု ပေါင်းထားတဲ့ စစ်တပ်ကြီးကို ထွက်ပြေးဖို့ လုပ်ခိုင်းလိုက်တာပေါ့”
“ပြီးတော့မှ မင်းရဲ့ သားက နယ်မြေ သုံးခု ပေါင်းထားတဲ့ စစ်တပ်ကြီး နောက်ကို တက်ကြွစွာ လိုက်သွားပြီး... သူတို့က သူ့ကို ကြောက်လို့ ထွက်ပြေးသွားတာလို့ ထင်နေခဲ့တာလေ... ဟီးဟီး...”
တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော် သည် ထိုနေရာတွင် ဖြစ်ပျက်နေသမျှ အရာအားလုံးကို အသေးစိတ် တစ်ခုလေးမျှ မကျန် သိရှိနေပုံ ရပြီး... ထို သုံးဦးကို အရာအားလုံး ပြောပြလိုက်သည်။
“ဒါနဲ့ စကားမစပ်... အခု အလယ် နယ်မြေ ထဲက ကျယ်ပြန့်သော ကမ္ဘာ က သူတို့ကိုယ်သူတို့ ဒဏ်ရာရအောင် လုပ်ပြီး ဝင်လာတဲ့ ပေါင်းစည်းခြင်း နယ်ပယ် ကျင့်ကြံသူ အယောက် (၂၀) ကို စေလွှတ်လိုက်ပြီ။ မင်းတို့ သားတွေ သေသွားတာရော... အဖမ်းခံလိုက်ရတာရော အဲဒီလူတွေ လက်ချက်ပဲ။ မင်းတို့ သူတို့ကို သွားကယ်ချင် ကယ်... မကယ်ချင် နေ... မင်းတို့ သဘောပဲ။ ငါ.. ပြောစရာ ရှိတာကတော့ ဒါ အကုန်ပဲ”
စကားဆုံးသည်နှင့် တစ်ပြိုင်နက် တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော် ၏ ပုံရိပ်ယောင် မှာ မျက်စိတစ်မှိတ် အတွင်း ပျောက်ကွယ်သွားပြီး... ထို သုံးဦးကို အံ့အားသင့် မှင်သက်စွာဖြင့် ထားရစ်ခဲ့သည်။
အချိန်အတော်ကြာမှသာ ထို သုံးဦး သတိပြန်ဝင်လာကြရ၏။
‘ပေါင်းစည်းခြင်း နယ်ပယ် အယောက် (၂၀) က ကိုယ့်ကိုယ်ကိုယ် ဒဏ်ရာရအောင် လုပ်ပြီး ဝင်လာတာတဲ့လား’
ကျင်းကွမ်ဟွာ မှာ အလွန်တရာ အံ့အားသင့်သွားတော့သည်။
ဖန်ချန် ၏ မျက်နှာမှာ ဒေါသကြောင့် ရှုံ့မဲ့နေ၏။
“နင်ချီ... မင်းက ငါ့သားကို ဒုက္ခရောက်အောင် လုပ်ခဲ့တဲ့ ကောင်ပဲ။ အကယ်လို့ မင်းကသာ ငါ့သားကို မကယ်ဘူး ဆိုရင်... မင်းကို ငါ အပိုင်းပိုင်း အစစ ဆွဲဖြဲပစ်မယ်”
သူက သူ၏ သားကို အပြစ်မတင်ဘဲ... အရာအားလုံးကို နင်ချီ အပေါ်သို့သာ အပြစ်ပုံချနေခြင်းမှာ တကယ့်ကို ထူးဆန်းလွန်းလှသည်။
စစ်မြေပြင်နယ်မြေ အတွင်း၌...
နင်ချီ သည် ဟင်းလင်းပြင် ၏ အမှောင်ထုထဲမှ တဖြည်းဖြည်း ပေါ်ထွက်လာ၏။
သူ၏ နောက်ကွယ်တွင်တော့ သူ ဖြတ်တောက် ယူဆောင်သွားခဲ့သော နောက်ဆုံး ဖုံးကွယ်နေသည့် ဆုံမှတ် ၏ ဟင်းလင်းပြင် အလွတ်ကြီး ရှိနေပြီး၊ ထို အမှောင်ထုကြီးက နင်ချီ ၏ ဆီးနှင်းအလား ဖြူဖွေးနေသော ဝတ်ရုံကို ပိုမို ထင်ရှား ပေါ်လွင်စေရန် နောက်ခံအဖြစ် ပံ့ပိုးပေးနေသည်။
သူသည် ဝိညာဉ်ကမ္ဘာ နှစ်ခုလုံး၏ စွမ်းအင်များကို အေးဆေးစွာ ရိတ်သိမ်းနေသူ တစ်ဦးနှင့် တူနေ၏။
သူ ထိုနေရာမှ ထွက်ခွာသွားသည်နှင့် တစ်ပြိုင်နက်၊ သူ၏ နောက်ကွယ်ရှိ လွတ်ဟာနေသော ဟင်းလင်းပြင် ကြီးမှာ ပတ်ဝန်းကျင်ရှိ ပုံမှန် ဆုံမှတ် များ၏ ဖိသိပ်မှုကြောင့် ချက်ချင်း ကျုံ့ဝင်သွားသည်။... အမှောင်ထုကြီးက အလင်းရောင်နှင့် တွေ့ဆုံသွားသည့်အလား နောက်ကွယ်တွင် လုံးလုံးလျားလျား ပျောက်ကွယ်သွားတော့သည်။
ဤအချိန်တွင်၊ အလယ် နယ်မြေ ၏ ဖုံးကွယ်နေသော ဆုံမှတ် ခြောက်ခုစလုံး၏ ဟင်းလင်းပြင် များကို ပေါင်းစပ် ထည့်သွင်းထားပြီး ဖြစ်သော အစစ်အမှန်သိုင်းကမ္ဘာ မှာ နောက်ထပ် လျင်မြန်သော တိုးတက်မှု လှိုင်းတံပိုး တစ်ခုကို တွေ့ကြုံ ခံစားနေရတော့၏။
နာရီဝက် ပင် မပြည့်သေးသော အချိန်လေး အတွင်းမှာ... အစစ်အမှန်သိုင်းကမ္ဘာ ကြီးသည် တာအို မူလအစ စည်းမျဉ်း အသစ် ဒါဇင်ပေါင်းများစွာကို ရရှိသွားခဲ့ပြီ ဖြစ်၏။
အစစ်အမှန်သိုင်းကမ္ဘာ ၏ သက်ရှိ အားလုံးက ကမ္ဘာကြီး အတွင်း ဖြစ်ပေါ်နေသော ပြောင်းလဲမှုများကို အာရုံခံမိကြပြီး ကမ္ဘာ့အရှင်သခင် နင်ချီ ကို နောက်တစ်ကြိမ် လေးလေးနက်နက် ဦးညွှတ် ဂါရဝပြုလိုက်ကြသည်။
နင်ချီ ၏ အစစ်အမှန် ခန္ဓာကိုယ် မှာ နယ်နိမိတ် နံရံ၏ ဘေးသို့ ခုန်ထွက်သွားတော့သည်။
သူ၏ ခွန်အားများက စည်းမျဉ်း နယ်ပယ် အဆင့်ကြီး သို့ တက်လှမ်း ပြီးစီးသွားခဲ့ပြီ ဖြစ်သော်ငြားလည်း၊ ယခုလေးတင် သူ ပေါင်းစပ် ထည့်သွင်းလိုက်သော ဟင်းလင်းပြင် များက အလွန်တရာ အစွမ်းထက်သော ဖြည့်စွက် အာဟာရများအလား... နောက်တစ်ဆင့်သို့ အလွယ်တကူ ခွန်အား မြှင့်တင်ပေးလိုက်သည်။
နင်ချီ ၏ မျက်လုံးများက ကြယ်တာရာများအလား တလက်လက် တောက်ပနေပြီး စစ်မြေပြင်နယ်မြေ ရှိရာ အရပ်ဆီသို့ စူးစိုက် ကြည့်ရှုလိုက်၏။
သူတို့၏ ခွန်အားများ မြင့်တက်လာမှုနှင့် အစစ်အမှန်သိုင်းကမ္ဘာ ၏ ပြောင်းလဲမှုများကြောင့်... ပင်မ ခန္ဓာကိုယ် နှင့် လူဝင်စား ခန္ဓာကိုယ် တို့ အကြားရှိ ဆက်သွယ်မှုမှာ ယခင်ကထက် ပိုမို ရှင်းလင်း ပီပြင်လာတော့သည်။
ဟင်းလင်းပြင် ဆက်သွယ်ရေး လမ်းကြောင်း ကို တမင်တကာ အသက်သွင်းစရာ မလိုဘဲ၊ ပင်မ ခန္ဓာကိုယ် ၏ ဆန္ဒတော် ကို ဆင်းသက်လာစေရန် မလိုဘဲနှင့်ပင်... နင်ချီ သည် သူ၏ လူဝင်စား ခန္ဓာကိုယ် ၏ တည်နေရာကို ရှင်းလင်းစွာ အာရုံခံနိုင်ပြီး၊ ထိုနေရာရှိ ပတ်ဝန်းကျင် အခြေအနေများကိုပါ လေ့လာ စူးစမ်းနိုင်စွမ်း ရှိနေတော့၏။
ယခုအခါ စစ်မြေပြင်နယ်မြေ တစ်ခုလုံးကို... တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော်၊ ကျယ်ပြန့်သော ကမ္ဘာ့ဆန္ဒတော်တို့ကဲ့သို့ အပေါ်မှ နေ၍ အောက်သို့ ငုံ့ကြည့်ကာ ဆုံမှတ် တစ်ခုစီတိုင်း၏ သိမ်းပိုက်ခံရမှု အခြေအနေများကို အပြည့်အဝ သိမြင်နိုင်စွမ်းတော့ နင်ချီ တွင် မရှိသေးချေ။
သို့သော် နင်ချီ ၏ ကြယ်တာရာ မျက်လုံးများက လူဝင်စား ခန္ဓာကိုယ် ရောက်ရှိနေသော နေရာ တစ်ဝိုက်၏ အခြေအနေများကို အပြည့်အဝ ထင်ဟပ် ပြသနိုင်စွမ်း ရှိနေတော့သည်။
ကျယ်ပြန့်သော ကမ္ဘာ က ဟင်းလင်းပြင် ဆက်သွယ်ရေး လမ်းကြောင်း ကို ဖွင့်လှစ်ပြီး ပေါင်းစည်းခြင်း နယ်ပယ် ကျင့်ကြံသူ အယောက် (၂၀) ကို လူဝင်စား ခန္ဓာကိုယ် ရောက်ရှိနေသော အလယ် နယ်မြေ အတွင်းသို့ တည်နေရာ ရွှေ့ပြောင်း ပေးလိုက်ချိန်တွင်... ကမ္ဘာ့အရှင်သခင် နင်ချီ သည် ထိုအဖြစ်အပျက်များကို အပြည့်အဝ သိရှိသွားခဲ့တော့၏။
“တော်တော် အထင်ကြီးစရာ ကောင်းတဲ့ ဗျူဟာပဲ။ ငါ့ကို ရှင်းဖို့ အတွက် ပေါင်းစည်းခြင်း နယ်ပယ် အယောက် (၂၀) ကို ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင် ခိုင်းဖို့တောင် ဝန်မလေးဘူး ဆိုတော့... ကျယ်ပြန့်သော ကမ္ဘာ က တော်တော်လေး ရင်းနှီးမြှုပ်နှံထားတာပဲ”
ထို သူတော်စင် ဘိုးဘေးကြီး ၏ ဆုံးဖြတ်ချက် ချနိုင်စွမ်းနှင့် သူ့အပေါ် ထားရှိသော အလေးအနက် ထားမှုတို့ကို နင်ချီ မချီးကျူးဘဲ မနေနိုင်အောင် ဖြစ်သွားရသည်။
ကံမကောင်းစွာဖြင့်... သူ၏ နောက်ကွယ်တွင် အစစ်အမှန် ခန္ဓာကိုယ် ကြီး ရှိနေသေးကြောင်းကိုတော့ သူတို့ လုံးဝ ထည့်တွေးထားမည် မဟုတ်ချေ။
တောင်ဘိုးဘေးကြီး၊ပင်လယ်ဘိုးဘေးကြီး၊ သူတော်စင် ဘိုးဘေးကြီး သို့မဟုတ် ဝိညာဉ်ကမ္ဘာ နှစ်ခုလုံး၏ ဆန္ဒတော်တွေ ကိုယ်တိုင် အပြည့်အဝ မဆင်းသက်သရွေ့... သူတို့သည် သူ၏ လူဝင်စား ခန္ဓာကိုယ် ကို လုံးဝ အနိုင်ယူနိုင်စွမ်း ရှိမည် မဟုတ်ချေ။
နင်ချီ က ခပ်လှမ်းလှမ်းမှနေ၍ စစ်မြေပြင်နယ်မြေ ဆီသို့ လက်ဆန့်ထုတ်ကာ ဖမ်းဆုပ်လိုက်၏။
သူနှင့် သူ၏ လူဝင်စား ခန္ဓာကိုယ် အကြားရှိ နက်နဲသော ဆက်သွယ်မှုကို အားကိုးကာ... အလွန်တရာ သိမ်မွေ့သော ဟင်းလင်းပြင် ဆက်သွယ်ရေး လမ်းကြောင်း တစ်ခုကို အလွယ်တကူ ဖွင့်လှစ်လိုက်သည်။ ထို့နောက်၊ သူ၏ လူဝင်စား ခန္ဓာကိုယ် ထံသို့ သတင်းအချက်အလက် များကို ပေးပို့လိုက်တော့၏။
သတင်းစကား ပေးပို့ပြီးနောက်... ကမ္ဘာ့အရှင်သခင် နင်ချီ သည် စစ်မြေပြင်နယ်မြေ တစ်ခုလုံးကို တစ်ချက် ဝေ့ကြည့်လိုက်ပြန်သည်။
အခြား နယ်မြေများ၏ အခြေအနေများကိုမူ သူ လုံးဝ မသိရှိသေးချေ။
သို့သော် နင်ချီ အနေဖြင့် သူ၏ လူဝင်စား ခန္ဓာကိုယ် က ဝိညာဉ်ကမ္ဘာ နှစ်ခုလုံး၏ ဟင်းလင်းပြင် များကို အစစ်အမှန်သိုင်းကမ္ဘာ ထဲသို့ ပိုမို ပေါင်းစပ် ထည့်သွင်းလေလေ... အဆုံးတွင်တော့ ဝိညာဉ်ကမ္ဘာ နှစ်ခုလုံး၏ ဆန္ဒတော်တွေ ကဲ့သို့ စစ်မြေပြင်နယ်မြေ အတွင်းရှိ အခြေအနေ အားလုံးကို အပြည့်အဝ သိမြင် နားလည်လာလိမ့်မည် ဟု အခိုင်အမာ ယုံကြည်ထားသည်။
...
အလယ် နယ်မြေ အတွင်း၌...
ပင်မ ခန္ဓာကိုယ် ထံမှ သတင်းအချက်အလက် များကို အာရုံခံရရှိလိုက်သောအခါ နင်ချီ အလွန်တရာ ဝမ်းသာ ပီတိ ဖြစ်သွားတော့၏။
စစ်မြေပြင်နယ်မြေ တစ်ခုလုံး၏ သတင်းအချက်အလက် များကို အပြည့်အဝ နားလည် သဘောပေါက်နိုင်သော ဤစွမ်းရည်မှာ...လူဝင်စား ခန္ဓာကိုယ် တစ်ယောက်တည်းဖြင့် လုံးဝ မစွမ်းဆောင်နိုင်သော အရာ တစ်ခု ပင် ဖြစ်သည်။
သူ လုပ်နိုင်သမျှ အရာ အားလုံးမှာ ဝိညာဉ်ပျံသန်း ရှာဖွေရေး သံလိုက်အိမ်မြှောင် မှ ရရှိသော အချက်အလက်များကို အသုံးပြုကာ သူ၏ နယ်မြေ အတွင်းရှိ အခြေအနေများကိုသာ စောင့်ကြည့်နိုင်ခြင်းသာ။
ယခုအခါ ဤစွမ်းရည်ကို ပိုင်ဆိုင်သွားပြီ ဖြစ်ရာ... အနာဂတ် ဗျူဟာများကို သူ ပိုမို လွယ်ကူစွာ ချမှတ်နိုင်တော့မည် ဖြစ်၏။
သူနှင့် သူ၏ အစစ်အမှန် ခန္ဓာကိုယ် မှာ လောလောဆယ်တွင် အလွန်တရာ ထူးဆန်းသော အခြေအနေ တစ်ခုတွင် ရှိနေကြသည်။
သူသည် စောင့်ကြည့်သူ တစ်ဦး ဖြစ်သလို၊ ကစားသမား တစ်ဦးလည်း ဖြစ်ကာ၊ ကစားပွဲ အတွင်းမှ ပါဝင်သူ တစ်ဦးလည်း ဖြစ်နေ၏။
တောင်နှင့် ပင်လယ် ကမ္ဘာ၊ ကျယ်ပြန့်သော ကမ္ဘာ နှင့် ဘိုးဘေးကြီး နှစ်ပါး တို့မှာ အလွန်ဆုံးမှ စစ်တုရင် ကစားသမားများသာ ဖြစ်ကြပြီး၊ သူ၏ တည်ရှိမှုကိုမူ လုံးဝ မသိရှိကြချေ။
ယခုအခါ၊ နင်ချီ က သူ၏ ကိုယ်ပိုင် သိုလှောင်ရေး ဟင်းလင်းပြင် ကို ဖွင့်ကာ... နူးညံ့သော အဖြူရောင် အလင်းတန်းများ တလက်လက် တောက်ပနေသည့် ဆုံမှတ်ပုလဲ သုံးခုကို ထုတ်ယူလိုက်သည်။