အခန်း (၁-၂)
Vol. 1 Ch. 1-2
1
စုဟယ် ခရီးဆောင်သေတ္တာနှင့် အထုပ်အပိုးကြီး နှစ်ထုတ်ကို ကြမ်းပြင်ပေါ် ချလိုက်ရင်း မောဟိုက်စွာ အသက်ရှူသွင်းလိုက်သည်။
"နောက်ဆုံးတော့ ရောက်ပြီ "
သူမ ရောက်နေသည့်နေရာနှင့် မီတာ (၅၀) ခန့်အကွာတွင် ဟဲယဲ့တည်းခိုခန်းရှိပါသည်။ ဆိုင်းဘုတ်ပေါ်မှ စာလုံးတစ်လုံးမှာ ပြုတ်ထွက်နေပြီး ထိုဆိုင်းဘုတ်အောက်တွင် အသက် (၅၀) ကျော်အရွယ် အမျိုးသမီးတစ်ဦး ရပ်နေ၏။
ထိုအမျိုးသမီး စုဟယ်ကို လှမ်းမြင်လိုက်သည်နှင့် ဝမ်းသာအားရဖြင့် အော်ဟစ်လက်လှမ်းပြရင်း နေရာ၌ ရပ်စောင့်နေရန် လက်ဟန်ပြလိုက်သည်။
"ရှောင်ဟယ် ပြန်လာပြီ"
လမ်းတစ်လျှောက်လုံးတွင် မြင်တွေ့ရသည်မှာ ရင်းနှီးပြီးသား ဆိုင်ခန်းများ ဖြစ်ပါ၏။ ဆန်းကျုံးလမ်းမပေါ်တွင် အချိန်နာရီများ ရပ်တန့်နေသယောင်ပင်။ ရထားဘူတာနှင့် မြေအောက်ရထားလမ်းတလျှောက်က မိုးမျှော်တိုက်ကြီးများသည် ဤနေရာအရောက်တွင် ရုတ်တရက် ပြတ်တောက်သွားသည့်အလား။
ဤနေရာ၌ ဆေးလိပ်နှင့် အရက်ဆိုင်များ၊ သစ်သီးဝလံဆိုင်များ၊ ထမင်းကြော်ဆိုင်မျိုးစုံနှင့် ငါးညှီနံ့များ တလှိုင်လှိုင်ထနေသော စိုထှိုင်းထှိုင်း ငါးဆိုင်များသာ ရှိသည်။
"ပစ္စည်းတွေ အများကြီးပါလားအေ၊ အမေ ဘူတာအထိ လာကြိုမယ်ပြောသားနဲ့ "
စုဟယ် သူမ မိခင်ကို မော့ကြည့်လိုက်မိသည်။ စိတ်မကောင်းစရာမှာ အချိန်ကာလသည် သူမ၏မိခင်အပေါ် ကြင်နာမှု ကင်းမဲ့ခဲ့ခြင်းပင်။
ခွဲခွာနေခဲ့ရသည့် ခြောက်လတာအတွင်း မိခင်၏ ဦးခေါင်းပေါ်တွင် ဆံပင်ဖြူများစွာ တိုးပွားလာခဲ့သည်ကို နေရောင်အောက်တွင် အထင်းသား မြင်နေရ၏။ ထိုအချိန် ဘေးနားက ခေါက်ဆွဲကြော်ဆိုင်ထဲမှ လူတစ်ယောက် ခေါင်းပြူထွက်လာပြီး လှမ်းနှုတ်ဆက်သည်။
"အစ်မကြီးချင်၊ ခင်ဗျား သမီးပြန်လာပြီလား"
ယဲ့ချင်သည် စုဟယ် လက်ထဲမှ အိတ်ကို လှမ်းယူလိုက်ရင်း ပြုံးရွှင်စွာ ပြန်ဖြေသည်။
"ဟုတ်ပါ့ရှင်၊ ကျောင်းပြီးလို့ အိမ်ပြန်လာတာလေ"
နေ့လယ်ခင်း အချိန်ဖြစ်၍ ဈေးရောင်းမကောင်းသေးသလို ထမင်းစားချိန်လည်း မရောက်သေးသဖြင့် အိမ်နီးနားချင်း အတော်များများမှာ သူမကို စပ်စုရန် ထွက်လာကြသည်။
စုဟယ်မှာ စိတ်အားထက်သန်နေကြသော အိမ်နီးချင်းများကို အားနာနာနှင့်ပင် အလိုက်သင့် ပြုံးပြ နှုတ်ဆက်နေရရှာသည်။ဤနေရာသည် ရပ်ကွက်ဟောင်းတစ်ခု ဖြစ်သဖြင့် လမ်းဘေးဝဲယာရှိ ဆိုင်ခန်းများ ဖွင့်လှစ်ခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပါပြီ။
လူတိုင်းက တစ်ဦးနှင့်တစ်ဦး အကျွမ်းတဝင်ရှိကြသည်။ အများစုမှာ မိမိတို့ဆိုင် အပေါ်ထပ်တွင်ဖြစ်စေ၊ ဆိုင်နောက်ဘက်ရှိ လူနေတန်းလျားများတွင်ဖြစ်စေ နေထိုင်ကြသူများပင်။
ဟဲယဲ့တည်းခိုခန်း ဘေးက အဘိုးကြီးလီ၏ အိုးကပ်ထမင်းဆိုင် မှ ထိပ်ပြောင်ပြောင်နှင့် အမျိုးသားတစ်ဦး ထွက်လာပြီး စုဟယ်၏ ခရီးဆောင်သေတ္တာကို တည်းခိုခန်းရှေ့က လှေကားထစ် (၅) ထစ်ပေါ်သို့ မတင်ပေးသည်။
"ကျေးဇူးတင်ပါတယ် ဦးလေးလီ"
စုဟယ်က ပြောလိုက်သည်။
ဦးလေးလီက လက်ခါပြရင်း စုဟယ်ကို စပ်စုသလိုမေးမြန်း လိုက်သည်။
"ရှောင်ဟယ် အပြင်မှာ အလုပ်မရှာတော့ဘူးလား၊ မိဘတွေနဲ့ တည်းခိုခန်းလုပ်ငန်းကို ဝိုင်းလုပ်ပေးတော့မှာလား"
တည်းခိုခန်း၏ မျက်နှာချင်းဆိုင် ဝမ်ဘဲကင်ဆိုင် မှ မျက်မှန်နှင့် အမျိုးသမီးကြီးတစ်ဦးလည်း ထွက်လာကာ ပြောလိုက်သည်။
"အခုခေတ်က အလုပ်ရှာရတာ ခက်တယ် ရှောင်ဟယ်၊ ကိုယ့်ကိုယ်ကိုယ် အရမ်း ဖိအားမပေးနဲ့၊ ငါ့ကလေးတောင် မဟာဘွဲ့တက်ဖို့ ဝင်ခွင့်ဖြေတာ နှစ်နှစ်တောင် စောင့်လိုက်ရသေးတယ်"
"ဟုတ်ပါ့ အစ်မဝမ်ရယ်၊ အခု ရှင့်သားက ဘယ်ကျောင်းမှာလဲ "
(၁၀)မီတာ ခန့်အကွာရှိ ဆိုင်တစ်ဆိုင်မှ လှမ်းမေးသည်။
"အို... ဒုတိယတန်းစား တက္ကသိုလ်တစ်ခုပါပဲ၊ ယုံမြစ်နည်းပညာတက္ကသိုလ်လေ"
အစ်မဝမ် ရယ်မောရင်း ပြန်ဖြေသည်။
"ဒီဘက်ခေတ် ကလေးတွေအတွက် ခက်ခဲပါတယ်လေ။ ငါတို့အိမ်က ကလေးလည်း အစက နေ့စားအလုပ်သမားပဲ၊ သုံးနှစ်လောက်ကြာမှ အမြဲတမ်းဝန်ထမ်း ဖြစ်တာ။ ရှောင်ဟယ် မလောနဲ့ဦး"
အခြားသူတစ်ဦးကလည်း နှစ်သိမ့်ပေးရှာသည်။
စုဟယ်နှင့် ယဲ့ချင်တို့ တည်းခိုခန်းထဲ မဝင်မီ အဝင်ဝတွင် ခေတ္တမျှ ရပ်နေကြသေးသည်။
ဟဲယဲ့တည်းခိုခန်းသည် စုစုပေါင်း (၆) ထပ်ရှိ၏။
ပထမထပ်တွင် ဧည့်ကြိုကောင်တာနှင့် မျက်နှာစာနှစ်ခန်းတွဲ ကုန်စုံဆိုင်လေး ရှိပြီး မျက်နှာသုတ်ပဝါ၊ ရေသန့်ဗူး စသည့် နေ့စဉ်သုံးပစ္စည်းများကို တင်ရောင်းထားသည်။တစ်ချက်ကြည့်လိုက်ရုံနှင့် ပစ္စည်းအတော်များများမှာ ဖုန်မတက်အောငိ အဝတ်များဖြင့် ဖုံးထားသည်ကို တွေ့ရသဖြင့် အရောင်းအဝယ် ပါးနေသည်မှာ သိသာလှ၏။
တည်းခိုခန်း၏ အပြင်အဆင်မှာ ခေတ်မမီတော့ပေ။နံရံပေါ်ရှိ သုတ်ဆေးမှာ အဝါရောင်တစ်ကွက် အဖြူတစ်ကွက်ဖြစ်နေပြီး ဆေးကွာကျသည့် နေရာများကို ပြန်လည် ဖာထေးထားပါ၏။
ဧည့်ခန်းရှိ ဆိုဖာကြီးမှာ ဟောင်းနွမ်းကာ သားရေများကွာနေသော်လည်း သန့်ရှင်းသပ်ရပ်စွာ ထား,ထားသည်။စုဟယ်တို့မိသားစုသည် ပထမထပ်တွင် နေထိုင်ကြသည်။ယဲ့ချင် စုဟယ် သယ်လာသမျှ အိတ်များကို အခန်းထဲသို့ အလျင်အမြန် သယ်ယူပေးလိုက်သည်။သူမသည် အငြိမ်မနေတတ်သူပင် ဖြစ်၏။
မိဘများနှင့်အတူ တည်းခိုခန်းကို ပြန်လည်ဦးစီးရန် ဆုံးဖြတ်ခဲ့ခြင်းမှာ စုဟယ်အတွက် နောက်ဆုံးရွေးချယ်မှုပင်။ စုဟယ်၏ စာမေးပွဲရလဒ်များမှာ ပျမ်းမျှအဆင့်သာ ရှိပြီး တက္ကသိုလ်ဝင်ခွင့်ကို သီသီလေးဖြင့် အောင်မြင်ခဲ့သည်။
မွေးရပ်ဇာတိတွင် ကျောင်းမတက်နိုင်သဖြင့် ကီလိုမီတာ ထောင်ချီဝေးကွာသော တက္ကသိုလ်တစ်ခုသို့ သွားရောက် ပညာသင်ကြားခဲ့၏။ ရမှတ်နည်းသဖြင့် သူမသည် အင်္ဂလိပ်စာ ဆရာအတတ်သင်မေဂျာကိုသာ ရွေးချယ်ခဲ့ရသည်။ ဆရာဖြစ်လက်မှတ် ရခဲ့သော်လည်း ဘွဲ့ရပြီးနောက် အမြဲတမ်းဝန်ထမ်းအဖြစ် အလုပ်ရရန် မည်မျှခက်ခဲကြောင်း သိလာ၏။ ကိုယ်ပိုင်ကျောင်းများသို့ လျှောက်ထားခဲ့သော်လည်း ပညာအရည်အချင်းမှာ သာမန်သာဖြစ်ပြီး ပြည်ပအတွေ့အကြုံလည်း မရှိသဖြင့် နေရာတိုင်းတွင် ငြင်းပယ်ခံခဲ့ရသည်။ အလုပ်အကိုင်အခွင့်အလမ်း မရှိသလို မဟာဘွဲ့ ဝင်ခွင့်လည်း ကျရှုံးခဲ့သဖြင့် စုဟယ်မှာ စိတ်ပျက်လက်ပျက်ဖြင့်သာ အထုပ်အပိုးပြင်ကာ အိမ်ပြန်လာရတော့၏။
အနိမ့်ဆုံး မိဘများ၏ တည်းခိုခန်းကို လွှဲပြောင်းယူခြင်းဖြင့် ထမင်းငတ်မည့်ဘေးမှ ကင်းဝေးမည် မဟုတ်ပါလား။ သို့သော်လည်း ယဲ့ချင်နှင့် သူမ ခင်ပွန်း စုချန်တို့မှာ စိတ်ထားပွင့်လင်းသူများ ဖြစ်ကြသည်။
၎င်းတို့ကိုယ်တိုင်မှာ ပညာမတတ်သော်လည်း စုဟယ်က ကိုယ့်အားကိုယ်ကိုးပြီး တက္ကသိုလ်တက်နိုင်ခဲ့သည်ကိုပင် အလွန်ဝမ်းသာနေကြသူများ ဖြစ်သည်။
လင်မယားနှစ်ဦးစလုံးမှာ ငယ်စဉ်က ကံကောင်းခဲ့ပြီး စုဆောင်းထားသော ငွေများဖြင့် ဆန်းကျုံးလမ်းမပေါ်တွင် မြေဝယ်နိုင်ခဲ့သည်။
ထိုနေရာ၏ မျက်စောင်းထိုးတွင် ဆန်းကျုံးဘုရားကျောင်းနှင့် ကြာပန်းဥယျာဉ် ရှိသဖြင့် အခြားသူများကို အတုယူကာ တည်းခိုခန်းဖွင့်ရန် အိမ်ဆောက်ခဲ့ကြသည်။ဆန်းကျုံးဘုရားကျောင်းမှာ ရှေးဟောင်းအငွေ့အသက် ရှိပြီး ဆုတောင်းပြည့်သည်ဟု ကျော်ကြားသဖြင့် လာရောက်ဖူးမြော်သူ များပြား၏။
စုချန်နှင့် ယဲ့ချင်တို့သည် ငွေကို နည်းနည်းချင်းစီစုကာ ခြောက်ထပ်အထိ မြှင့်တင် ဆောက်လုပ်နိုင်ခဲ့ကြသည်။ သို့သော်လည်း မကြာသေးမီ နှစ်များအတွင်း စီးပွားရေးမှာ တဖြည်းဖြည်း ကျဆင်းလာ၏။
ကပ်ရောဂါကာလ အပြင် ယခုအခါ ယုံမြစ်မြို့၏ စီးပွားရေးသည် လျင်မြန်စွာ တိုးတက်လာပြီး မြေအောက်ရထားနှင့် လေဆိပ်များ ရှိလာသဖြင့် ကမ္ဘာလှည့်ခရီးသွားများသည် မြေအောက်ရထားဘူတာနှင့် နီးသော နေရာများတွင် တည်းခိုရန် ရွေးချယ်လာကြသည်။
ရပ်ကွက်ဟောင်းရှိ စီးပွားရေးလုပ်ငန်းများမှာ သဘာဝအတိုင်း ဆုတ်ယုတ်လာတော့သည်။
ဆန်းကျုံးဘုရားကျောင်း၏ အနောက်ဘက်တွင် လမ်းသစ်ဖောက်လုပ်လိုက်သလို ပြန်လည်တည်ဆောက်ရေး စီမံကိန်းများလည်း ရှိလာသည်။
(၁၀)ထပ်ကျော်ရှိသော ဟိုတယ်အသစ်များနှင့် စနစ်တကျ ဖွဲ့စည်းထားသော ဟိုတယ်ခွဲများစွာ ပေါ်ပေါက်လာ၏။
ဟဲယဲ့တည်းခိုခန်း သည် ဆန်းကျုံးဘုရားကျောင်း အဝင်ဝ၊ မျက်နှာချင်းဆိုင်တွင် ရှိသော်လည်း နေရာကောင်းရုံနှင့် မလုံလောက်ပေ။ တည်းခိုခန်း၏ အသုံးအဆောင်များမှာ အိုဟောင်းလွန်းနေသဖြင့် လူငယ်များမှာ ထိုနေရာတွင် မတည်းလိုကြတော့ချေ။
ထို့ပြင် ဟဲယဲ့တည်းခိုခန်းကဲ့သို့ တည်းခိုခန်းဟောင်း အတော်များများမှာ ပိတ်သိမ်းသွားခဲ့ကြ၏။ ယနေ့တိုင် တောင့်ခံထားနိုင်ခြင်းမှာ စုချန်နှင့် ယဲ့ချင်တို့၏ ကြိုးစားအားထုတ်မှုကြောင့်သာ ဖြစ်သည်။ သို့သော် တည်းခိုခန်း ဝန်ထမ်းဟူ၍ သူတို့ လင်မယားနှစ်ဦးသာ ရှိသည်။
ဧည့်ကြိုခြင်း၊ သန့်ရှင်းရေးလုပ်ခြင်းနှင့် အခန်းဝန်ဆောင်မှုပေးခြင်းတို့ကို သူတို့ဘာသာ လုပ်ဆောင်ရ၏။ အလုပ်များမှသာ နေ့စားဝန်ထမ်းတစ်ဦး ငှားရမ်း၏။ သို့သော် ရရှိသော ဝင်ငွေမှာ မိသားစုစားရိတ်အတွက်သာ လောက်ငှရုံ ရှိသည်။
ဟဲယဲ့တည်းခိုခန်း တွင် နောက်ဖေးခြံဝန်းလေး တစ်ခုလည်း ရှိသည်။ စုချန် အားလပ်သည့်အခါ ထိုခြံထဲတွင် ဟင်းသီးဟင်းရွက်နှင့် ပဲပင်များကို စိုက်ပျိုးထားသဖြင့် စားရိတ်အနည်းငယ် သက်သာ၏။
စီးပွားရေးကောင်းစဉ်က တည်းခိုခန်းကို ပြန်လည်တည်ဆောက်ရန် စဉ်းစားခဲ့ကြသော်လည်း ယခုအခါတွင် လုပ်ထုံးလုပ်နည်းများမှာ ယခင်ကထက် များစွာ တင်းကျပ်လာခဲ့သည်။
အထူးသဖြင့် စီးပွားရေး အဆောက်အအုံများအတွက် ဖြစ်သည်။
စုချန်နှင့် ယဲ့ချင်တို့မှာ မည်သည့်အဆက်အသွယ်မျှ မရှိသော သာမန်အရပ်သားများ ဖြစ်ကြသည်။၎င်းတို့၏ ပြန်လည်တည်ဆောက်ရေး လျှောက်လွှာမှာ အကြိမ်ကြိမ် ပယ်ချခံခဲ့ရပြီး ခွင့်ပြုချက် မရပေ။
ထို့ကြောင့် ဟဲယဲ့တည်းခိုခန်း ကို ပြုပြင်မွမ်းမံ၍ မရဘဲ ပြိုပျက်လုနီးပါးဖြစ်နေသော အိမ်အိုကြီးကို ဆေးအသစ်ပြန်သုတ်နေသည့်ပမာ အပေါ်ယံသာ ဖာထေးနေရသည်။
ယခုကဲ့သို့ စီးပွားရေးမကောင်းတော့ချိန်တွင် ပြန်လည်တည်ဆောက်ရန်လည်း မလိုအပ်တော့သဖြင့် ယိုယွင်းနေသော ဟဲယဲ့တည်းခိုခန်းသည် ယနေ့တိုင် ဆက်လက် လည်ပတ်နေသည်။ ကံကောင်းသည်မှာ တည်းခိုခန်း သည် ယုံမြစ် ဆရာအတတ်သင်တက္ကသိုလ် နယ်မြေဟောင်း၏ ဘေးတံခါးလေးနှင့် မီတာ (၈၀၀)ခန့်သာ ဝေးကွာခြင်းကြောင့်ပေ။
နိုင်ငံ့ဝန်ထမ်း စာမေးပွဲများ၊ အစိုးရဌာနဆိုင်ရာ စာမေးပွဲများနှင့် ဆရာဖြစ်လက်မှတ် စာမေးပွဲများ ကျင်းပသည့်အခါ ထိုတက္ကသိုလ်ကို စာစစ်ဌာနအဖြစ် အမြဲတမ်း အသုံးပြုလေ့ရှိသည်။ အခြားဟိုတယ်များ ပြည့်နှက်နေသည့်အခါ ဟဲယဲ့တည်းခိုခန်း မှာလည်း အတန်အသင့် အကျိုးအမြတ် ရရှိ၏။
သို့သော်လည်း ပျမ်းမျှအားဖြင့် တစ်လလျှင် ယွမ် ခုနစ်ထောင်၊ ရှစ်ထောင်ခန့်သာ ရသည်။ လူသုံးဦးကို ထောက်ပံ့ရန်အတွက် ယွမ်ရှစ်ထောင်ဆိုသည်မှာ မလွယ်ကူလှပေ။
စုဟယ် တက္ကသိုလ်တက်စဉ်က အလွန်ခြွေတာခဲ့သော်လည်း တစ်လလျှင် ယွမ် (၁၂၀၀) ခန့် သုံးစွဲရသည်။စုချန်နှင့် ယဲ့ချင်တို့သည်လည်း ကျေးလက်ရှိ သက်ကြီးရွယ်အို ဆွေမျိုးများကို ထောက်ပံ့ပေးနေရသေး၏။
၎င်းတို့ကိုယ်တိုင် နာမကျန်းဖြစ်မှုများကို ဖယ်ထားလျှင်ပင် ကျေးလက်ရှိ သက်ကြီးရွယ်အိုများမှာ အိုမင်းနေပြီဖြစ်၍ သာမန်နှာစေး၊ ချောင်းဆိုးခြင်းကပင် အန္တရာယ်ရှိနိုင်သည်။
ယွမ်ရှစ်ထောင် ဆိုသည်မှာ ရှင်သန်နိုင်ရုံမျှသာ ရှိ၏။ထို့ထက် ပိုဆိုးသည်မှာ တစ်လလျှင် ယွမ်ရှစ်ထောင်ကပင်အအမြဲမရရှိနိုင်ပေ။
ယဲ့ချင် သမီးဖြစ်သူ၏ ပစ္စည်းများကို သိမ်းဆည်းပေးပြီးနောက် စုဟယ်၏ မျက်နှာတွင် စိုးရိမ်ပူပန်မှုများ ရှိနေသည်ကို မြင်လိုက်ရသည်။
ယဲ့ချင် သမီးဖြစ်သူ ခေါင်းကို ပွတ်သပ်ပေးရင်းချော့မော့လိုက်သည်။
"အိမ်မှာ ခဏလောက် အနားယူတာ ကောင်းပါတယ်၊ အဖေနဲ့ အမေ့ကို ကူညီပေးပေါ့။ ဧည့်သည်တွေရဲ့ မှတ်ပုံတင်ကို စာရင်းသွင်းဖို့တောင် အမေတို့မှာ အကြာကြီး လုပ်နေရတာ။ အွန်လိုင်းကနေ ကြိုတင်ဘွတ်ကင်လုပ်တဲ့ စနစ်တွေကိုလည်း အဖေနဲ့ အမေက နားမလည်ဘူးလေ"
အင်တာနက်၏ လျင်မြန်သော တိုးတက်မှုနှင့်အတူ ပါလာသော အရာသစ်များသည် ယဲ့ချင်နှင့် စုချန်တို့ကို အခက်တွေ့စေသည်။ တစ်စုံတစ်ယောက်က အွန်လိုင်းမှ ဘွတ်ကင်လုပ်လျှင် လင်မယားနှစ်ဦးမှာ စုဟယ်ကို ဖုန်းဆက်ပြီး အဝေးကနေ လုပ်ခိုင်းရလေ့ရှိ၏။
"ဒီနှစ်ရက်တော့ အရောင်းအဝယ် နည်းနေတာမို့ အေးအေးဆေးဆေးပဲ လေ့လာပေါ့"
ယဲ့ချင် ခေတ္တစဉ်းစားပြီးနောက် မေးလိုက်သည်။
"တကယ်ပဲ အမေ နေပေးဖို့ မလိုဘူးလား "
စုချန်မှာ လွန်ခဲ့သော ရက်အနည်းငယ်ကပင် ယုံမြစ်ခရိုင်ရှိ ဇာတိမြေသို့ စုဟယ်၏ အဘွားကို သွားကြည့်နေခဲ့၏။ တည်းခိုခန်းအသေးလေးတစ်ခုကို လည်ပတ်ရာတွင် အမြဲတမ်း တစ်ဦးဦး ရှိနေရန် လိုအပ်သည်။ နှစ်သစ်ကူးကာလ ကျေးလက်သို့ ထမင်းလက်ဆုံစားရန် ပြန်ကြသည့်အခါ၌ပင် သူနှင့် ယဲ့ချင်မှာ တစ်ရက်စီ အလှည့်ကျ စောင့်ကြရသည်။
စုဟယ်က အိမ်ပြန်လာပြီး တည်းခိုခန်းကို လွှဲယူရန် ဆုံးဖြတ်လိုက်သည့်အခါ မိသားစုသုံးဦး တိုင်ပင်ခဲ့ကြ၏။ မြို့ပေါ်တွင် နေထိုင်ရသည်မှာ စားရိတ်ကြီးမားသဖြင့် စုချန်က သူနှင့်ယဲ့ချင်တို့မှာ ကျေးလက်သို့ ပြန်သွားပြီး သက်ကြီးရွယ်အိုများကို ပြုစုစောင့်ရှောက်မည်ဟု အကြံပြုခဲ့သည်။ ထိုသို့ဆိုလျှင် သားသမီးကျင့်ဝတ်ကို ကျေပွန်ရာရောက်သလို စားရိတ်လည်း သက်သာမည် မဟုတ်ပါလား။
ထိုစဉ်က အားလုံးမှာ အဆင်ပြေနေသလို ထင်ရသော်လည်း ယခုအခါ တည်းခိုခန်းကို သမီးဖြစ်သူထံ အလုံးစုံ လွှဲပြောင်းပေးရတော့မည် ဖြစ်ရာ ယဲ့ချင်မှာ တစ်ဖန် စိုးရိမ်စိတ် ဝင်လာတော့သည်။
"အမေပဲ ပြောတော့ တည်းခိုခန်းက အရောင်းအဝယ် မရှိပါဘူးဆို။ အမေ နားလိုက်ပါဦး "
စုဟယ်မှာ ထိုတည်းခိုခန်းတွင် ကြီးပြင်းလာခဲ့သူဖြစ်ပြီး ကျောင်းပိတ်ရက်များတွင် အမြဲကူညီပေးခဲ့ဖူးသဖြင့် မည်သို့လုပ်ဆောင်ရမည်ကို အသေအချာ သိရှိထားပါသည်။
သမီးဖြစ်သူ ဆုံးဖြတ်ချက် ခိုင်မာနေသည်ကို မြင်သောအခါ ယဲ့ချင်လည်း ဆက်၍ မပြောတော့ပေ။ သူမသည် အချိန်ကို ကြည့်လိုက်ရာ ကျေးလက်သို့ ကားဖြင့်သွားလျှင် နှစ်နာရီခန့် ကြာမည်ဖြစ်သည်။
ယခုသွားလျှင် ညစာစားချိန်မီ ရောက်နိုင်ပါဦးမည်။
" ဒါဆိုရင် ဒီတည်းခိုခန်းကို ခဏလောက် သမီးလက်ထဲ အပ်ခဲ့မယ်။ တစ်ခုခုဖြစ်ရင် အဖေနဲ့ အမေ့ကို ဖုန်းဆက်လိုက်။ အရမ်း အလုပ်ရှုပ်ရင်လည်း နေ့စားဝန်ထမ်း အစ်မကျန်းကို အကြောင်းကြားလိုက်ဦး..."
ယဲ့ချင်က သော့တွဲတစ်တွဲကို စုဟယ်လက်ထဲ ထည့်ပေးကာ အိမ်တံခါးဝသို့ ခပ်သွက်သွက် လျှောက်သွားတော့သည်။
သော့မြည်သံနှင့်အတူ စက်သံတစ်သံမှာ စုဟယ်၏ နားထဲတွင် ပဲ့တင်ထပ်သွားသည်။
ကြည်လင်နေသော မျက်နှာပြင်တစ်ခုမှာ စုဟယ်၏ ရှေ့တွင် ပေါ်လာတော့သည်။
စုဟယ် ထိတ်လန့်သွား၏။
"စနစ် ချိတ်ဆက်နေပါသည်... ဇီး... ဇီး... ဇီး...၊ ချိတ်ဆက်မှု အောင်မြင်ပါသည် "
ချိတ်ဆက်ထားသောဆိုင်:ဟဲခိုတည်းခိုခန်း
ဆိုင်လိပ်စာ: ဆန်းကျုံးလမ်း ၃၃၃
စုဟယ် မျက်ခုံး လှုပ်သွားသည်။
'ဒါ ကောင်းကင်ဘုံက ပေးလိုက်တဲ့ စနစ် တစ်ခုလား။ငါ့ (၂၂)လောက် နောက်ကျနေတဲ့ ရွှေလက်ချောင်းကြီးက နောက်ဆုံးတော့ ရောက်လာပြီလား။ဒါပေမဲ့ ခဏလေး... ဘာလို့ ဟဲခိုတည်းခိုခန်းဖြစ်နေရတာလဲ'
စုဟယ် တစ်ခုခုကို သတိရသွားပြီး အိမ်ရှေ့သို့ ပြေးထွက်ကာ တည်းခိုခန်း ဆိုင်းဘုတ်ကို မော့ကြည့်လိုက်မိ၏။ ထိုအခိုက် သူမ၏ အမြင်များ မှောင်မိုက်သွားရတော့သည်။
ဟဲယဲ့တည်းခိုခန်း ဟူသော ကြွတက်နေသည့် စာလုံးများမှာ နေဒဏ်၊ မိုးဒဏ်ကြောင့် အတော်များများ ကွာကျနေခဲ့ပြီ ဖြစ်ရာ ယခုအခါ စာလုံးအကြွင်းအကျန်များမှာ ဟဲခိုတည်းခိုခန်းဟုသာ ကျန်ရှိနေတော့၏။
2
စုဟယ် ကြိုးစားအားထုတ်မှုကြောင့် ဟဲခိုတည်းခိုခန်းမှာ ဟဲယဲ့တည်းခိုခန်းဟူသည့် အမည်မှန်အတိုင်း အောင်မြင်စွာ ပြောင်းလဲသွားတော့၏။
သို့သော်လည်း စုဟယ် သူမမျက်စိရှေ့တွင် ပေါ်နေသည့် စနစ်မျက်နှာပြင်ကို မည်သို့ပင် ဟိုနှိပ်ဒီနှိပ် လုပ်ကြည့်သော်လည်း ဆိုင်အမည် နှင့် ဆိုင်လိပ်စာ ဟူသော စာသားနှစ်ကြောင်းသာ ပြနေသည်။ စုဟယ်လည်း ထိုမျက်နှာပြင်ကို ခေတ္တဖျောက်ထားလိုက်ရုံသာ တတ်နိုင်တော့၏။၎င်းက ဆိုင်နာမည်ပြင်ပြီးနောက် သူမ ရှာဖွေတွေ့ရှိသည့် ဒုတိယမြောက် လုပ်ဆောင်ချက်ပင်။
သူမ အိမ်ပြန်ရောက်ခါစဖြစ်၍ အထုပ်အပိုးများပင် မဖြေရသေးသလို တည်းခိုခန်းကိုလည်း လွှဲယူရန် စောင့်နေသဖြင့် ထိုစနစ်အကြောင်းကို နောက်မှသာ အေးအေးဆေးဆေး စူးစမ်းရန် ဆုံးဖြတ်လိုက်သည်။
သူမသည် အခုဆိုလျှင် ရွှေလက်ချောင်း ပိုင်ဆိုင်ထားသူတစ်ဦး မဟုတ်ပါလား။ အေးအေးဆေးဆေးလုပ်နိုင်ပေသည်။
စုဟယ် ဧည့်ကြိုကောင်တာရှိ ကွန်ပျူတာတွင် ထိုင်ကာ အော်ဒါများကို စစ်ဆေးလိုက်သည်။ယနေ့နံနက်က တည်းခိုသူ နှစ်ဦးစလုံးမှာလည်း ပြန်ထွက်သွားကြပြီဖြစ်ပြီး အသစ်ဘွတ်ကင်လုပ်ထားသူလည်း မရှိပေ။
ထို့ကြောင့် သူမအမေက စိတ်အေးလက်အေးနှင့် တည်းခိုခန်းကို သူမလက်ထဲ အပ်ခဲ့ခြင်း ဖြစ်ပေလိမ့်မည်။မော်နီတာကို ပိတ်လိုက်ရင်း စုဟယ် သက်ပြင်းချလိုက်မိသည်။
ဧည့်သည်လာအောင် ဆွဲဆောင်ရသည်မှာ မလွယ်ကူလှသဖြင့် ထိုကိစ္စကို နောက်မှသာ ဖြေရှင်းရန် ဆုံးဖြတ်လိုက်သည်။ မနက်က ဧည့်သည်များမှာ ဒုတိယထပ်တွင် တည်းခိုသွားကြခြင်း ဖြစ်သဖြင့် စုဟယ် အနားသတ်များ ပဲ့နေသော လှေကားထစ်များအတိုင်း ဒုတိယထပ်သို့ တက်လာခဲ့၏။
ဒုတိယထပ်တွင် နှစ်ယောက်အိပ်ကုတင်ပါသည့် အခန်းပေါင်း (၁၅) ခန်းရှိပြီး စုဟယ်သည် ကြမ်းပြင်ရှိ အပေါက်အပြဲများကို သတိထားရှောင်ကွင်းကာ လျှောက်လာခဲ့သည်။
ယဲ့ချင်သည် အခန်းများကို အလွန်သန့်ရှင်းအောင် တိုက်ချွတ်ထားခဲ့သည်။ တတိယထပ်၏ ပုံစံမှာလည်း ဒုတိယထပ်အတိုင်း နှစ်ယောက်အိပ်ကုတင် အခန်း (၁၅) ခန်းရှိသည်။ စတုတ္ထထပ်တွင် ရိုးရိုး အခန်း (၁၅) ခန်း၊ ပဉ္စမထပ်တွင် တစ်ယောက်အိပ်ကုတင် နှစ်လုံးပါသည့် (၁၀)ခန်း ရှိပေသည်။
ဆဋ္ဌမထပ်တွင် မူလက မိသားစုခန်း (၅) ခန်း ရှိသော်လည်း အရောင်းအဝယ် ပါးလွန်းသဖြင့် ယဲ့ချင်နှင့် စုချန်တို့က အခြားအခန်းများကို အဝတ်လျှော်ခန်းနှင့် ပိတ်စများထားသည့် ဂိုဒေါင်အဖြစ် ပြောင်းလဲလိုက်ရာ မိသားစုခန်း (၁) ခန်းသာ ကျန်တော့သည်။
စုဟယ် ဆဋ္ဌမထပ်သို့ တက်ကာ ဝရန်တာတွင် လှန်းထားသော အိပ်ရာခင်းများကို စမ်းကြည့်လိုက်၏။အိပ်ရာခင်းများမှာ ခြောက်သွေ့နေပြီဖြစ်၍ သိမ်းဆည်းကာ ဂိုဒေါင်ထဲသို့ သွားထည့်လိုက်သည်။
ဟဲယဲ့တည်းခိုခန်းသည် အပြင်သို့ အပ်၍ လျှော်ဖွပ်ခြင်းမပြုဘဲ ကိုယ်တိုင်သာ လျှော်ဖွပ်ကြခြင်းကို ကြည့်ခြင်းဖြင့် စီးပွားရေးမကောင်းမွန်ကြောင်း သိသာလှသည်။
အခန်းထဲသို့ ပြန်ရောက်သောအခါ ကျောင်းမှသယ်လာသော ခရီးဆောင်သေတ္တာကြီးကို ကြည့်ကာ စုဟယ် ခေါင်းခဲသွားတော့၏။
လေးနှစ်တာ တက္ကသိုလ်တက်စဉ်အတွင်း ပစ္စည်းများကို တတ်နိုင်သမျှ လျှော့ချခဲ့သော်လည်း အိမ်ပြန်သယ်လာသည့်အခါတွင်မူ အထုပ်အပိုးများမှာ မနည်းလှပေ။ဖောင်းကားနေသော သေတ္တာထဲမှ အဝတ်အစားများကို ထုတ်ကာ ဗီရိုထဲထည့်ပြီး အသုံးအဆောင် ပစ္စည်းလေးများကိုလည်း စားပွဲပေါ်တွင် စီထားလိုက်သည်။ သို့သော်လည်း အိတ်ထဲက ထူထဲလှသော ဘာသာရပ်ဆိုင်ရာ စာအုပ်ကြီးများမှာမူ ထားစရာနေရာ မရှိဖြစ်နေ၏။
"ဖိထည့်လိုက်ရင်တော့ ဆံ့မှာပါ"
စုဟယ် ရေရွတ်ရင်း စာအုပ်စင်ပေါ်က စာအုပ်များကို ဘေးသို့ တိုးလိုက်သည်။ စာအုပ်သုံးအုပ်ကို ဖိထည့်လိုက်သည့်အခါ စင်ပေါ်က စာအုပ်များမှာ ပြားကပ်သွားတော့သည်။ လက်ထဲမှာ ကျန်နေသေးသည့် စာအုပ်နှစ်အုပ်ကိုလည်း ထပ်မံ၍ အတင်းထိုးထည့်ရန် သူမ ကြိုးစားလိုက်၏။
"ဝုန်း"
"ဒုက္ခပါပဲ "
စာအုပ်တစ်အုပ်မှာ စောင်းသွားပြီး စင်ပေါ်မှ ပြုတ်ကျကာ စုဟယ် ခေါင်းကို တည့်တည့်ထိမှန်သွားသည်။ စုဟယ် မျက်လုံးများကို အုပ်ထားရင်း ကံဆိုးပုံကို ညည်းတွားလိုက်မိ၏။
ကြမ်းပြင်ပေါ်မှ ပြုတ်ကျသွားသော စာအုပ်ကို ကောက်ယူလိုက်ရာ ထိုစာအုပ်မှာ အနီရောင်အိမ်မက် ဖြစ်နေသည်။ ဟောင်းနွမ်းနေသော ထိုစာအုပ်မှာ ပြုတ်ကျသွားသည့် ဒဏ်ကြောင့် စာမျက်နှာများမှာ ဟိုတစ်စ ဒီတစ်စ လွင့်စင်ကုန်သည်။
လွင့်စင်သွားသော စာမျက်နှာများကို လိုက်ကောက်ရင်း ထိုစာမျက်နှာများပေါ်တွင် ရုပ်ပုံကြမ်းလေးများ ဆွဲထားသည်ကို စုဟယ် အံ့သြစွာ တွေ့လိုက်ရ၏။ လင်တိုင်ယွီ ကျားအိမ်တော်သို့ဝင်ခြင်း ဆိုသည့် အခန်းမှာ ကျောင်းသုံးစာအုပ်ထဲက သင်ခန်းစာတစ်ခု ဖြစ်သည်။
ထိုသင်ခန်းစာ သင်ပြီးနောက် ဆရာက အားလုံးကို မူရင်းစာအုပ်ကို ဖတ်ရန် ခိုင်းခဲ့ဖူးသည်။စုဟယ်၏ သင်ယူမှု အရည်အချင်းမှာ သာမန်သာဖြစ်ရာ ခက်ခဲနက်နဲသော စာသားများကို ဖတ်ရင်း ငိုက်မြည်းလာသည့်အခါ စာအုပ်ထဲတွင် ပုံများ လျှောက်ဆွဲလေ့ရှိသည်။
"ငါ ဘယ်သူ့ကို ဆွဲထားတာပါလိမ့် "
ညံ့ဖျင်းလှသော လက်ရာကို ကြည့်ကာ ထိုဇာတ်ကောင်မှာ မည်သူဖြစ်မည်ကို စုဟယ် ကိုယ်တိုင်ပင် မဝေခွဲနိုင်တော့ပေ။
"မူရင်းစာသားနဲ့ ပြန်တိုက်ကြည့်ဦးမှ"
သူမ ဆွဲထားသည့်ပုံမှာ မည်သူဖြစ်ကြောင်း သိနိုင်ရန် စာအုပ်ကို သေချာပြန်ဖတ်ရန် သူမ စဉ်းစားလိုက်သည်။
ထိုသို့ စဉ်းစားနေစဉ်မှာပင် အေးစက်စက် အသံတစ်သံ ထွက်ပေါ်လာသည်။
"ကတ်ဆွဲခြင်း..."
စနစ်သတိပေးချက် : ဇာတ်ကောင်ကတ် (၁) ကတ်ကို ရရှိပါတယ်။ ဂိမ်းပစ္စည်းစာရင်းထဲသို့ ထည့်သွင်းလိုက်ပါပြီ "
"ဂုဏ်ယူပါသည် ကစားသမား၊ ဂိမ်းကို တရားဝင် အသက်သွင်းခြင်းနှင့် အစပြုသူတာဝန် ကို ပြီးမြောက်ခြင်းအတွက် ကတ်ဆွဲခွင့် (၁) ကြိမ် ရရှိပါတယ် "
'ကတ်ဆွဲတာလား။တရားဝင် အသက်သွင်းလိုက်ပြီလား'
စုဟယ် စနစ်မျက်နှာပြင်ကို အမြန်နှိပ်ကြည့်လိုက်သည်။မူလက စာသားနှစ်ကြောင်းသာရှိသော မျက်နှာပြင်မှာ ယခုအခါ များစွာ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။
ဆိုင်အမည်: ဟဲယဲ့တည်းခိုခန်း အခန်း ၅၆ ခန်း၊ အသေးစိတ်ကြည့်ရန် နှိပ်ပါ
ဆိုင်လိပ်စာ: ဆန်းကျုံးလမ်း ၃၃၃
ကစားသမားအမည်: စုဟယ်
လိင်: မ
အသက်: ၂၂ နှစ်
ပစ္စည်းစာရင်း: ဇာတ်ကောင်ကတ်(၁)ကတ်
ကျန်ရှိသော ကတ်ဆွဲခွင့်: ၁ ကြိမ်
တာဝန်များ: အသေးစိတ်ကြည့်ရန် နှိပ်ပါ
စုဟယ် အံ့အားသင့်သွား၏။
'ကတ်တွေလား ဒါက အဆင့်မြင့် ကတ်တွေ ဆွဲရတဲ့ မိုဘိုင်းဂိမ်းလိုမျိုးလား'
စနစ်က ဟဲယဲ့တည်းခိုခန်းမှာ အခန်းမည်မျှရှိသည်ကိုပင် သိနေသည်။ သူမ ခြောက်ထပ်လုံးကို လှည့်ပတ်ကြည့်ရှုခဲ့၍များလား။ စနစ်စတင် ချိတ်ဆက်စဉ်က အခန်းအရေအတွက်ကို မပြခဲ့ပေ။ စုဟယ် တည်းခိုခန်း၏ အသေးစိတ် အချက်အလက်များကို နှိပ်ကြည့်လိုက်သည်။
စနစ်က တည်းခိုခန်းအကြောင်း ဘာများသိပ်ဦးမလဲဆိုသည်ကို သူမ သိချင်နေမိသည်။
ဟဲယဲ့တည်းခိုခန်း
အခန်းအရေအတွက်: ၅၆ ခန်း
အသုံးအဆောင်များ: ၁
အရသာ: ၁၁ (ကြိုးစားအားထုတ်သော လင်မယားနှစ်ဦး၏ ရိုးရှင်းသော အိမ်ချက်ဟင်းလျာများ)
ကောင်းမွန်သော မှတ်ချက်များ: ၁ (ဈေးနှုန်းချိုသာခြင်း)
လူကြိုက်များမှု: ၀ (ထိုတည်းခိုခန်းထဲသို့ မည်သူမျှ ကိုယ်တိုင်ကိုယ်ကျ လမ်းလျှောက်မဝင်လာကြပါ)
ဆိုင်အဆင့်သတ်မှတ်ချက်: ဒေဝါလီခံရန် အလွန်နီးကပ်နေပါသည်။
စုဟယ် ခေါင်းကုတ်လိုက်မိသည်။အစားအသောက်အတွက် ရမှတ် (၁၁)မှတ် ပေးထားခြင်းကို ကြည့်ခြင်းဖြင့် စနစ် အမှတ်ပေးပုံမှာ (၁၀)မှတ်သည် အမှတ်အပြည့်မဟုတ်ကြောင်း သိနိုင်၏။
ယခင်က တည်းခိုခန်းတွင် ထမင်းကျွေးသော ဝန်ဆောင်မှု ရှိခဲ့ဖူးသည်။ (၁၀) ယွမ်ပေးရုံနှင့် ထမင်းတစ်နပ် စားနိုင်သော်လည်း ဟင်းမှာမူ မှာယူ၍မရဘဲ စုဟယ် မိသားစု စားသမျှကိုသာ အတူတူ စားကြရခြင်းဖြစ်သည်။
ယခုအခါ အရောင်းအဝယ်ပါးသဖြင့် ထမင်းကျွေးမည့်အစား တည်းခိုသူများကို မုန့်အသေးလေးတစ်ထုတ်နှင့် နို့တစ်ဗူးကို နံနက်စာအဖြစ် အခမဲ့ ပေးဝေခြင်းဖြင့် ပြောင်းလဲလိုက်၏။
ကောင်းမွန်သော မှတ်ချက် (၁) မှတ်ဆိုသည်မှာလည်း စာမေးပွဲလာဖြေသော ကျောင်းသားတစ်ဦးဦး ပေးသွားခဲ့ခြင်း ဖြစ်ပေလိမ့်မည်။ စာမေးပွဲရာသီတွင် အခြားဟိုတယ်များက ဈေးနှုန်းများ အဆမတန် မြှင့်တင်ကြသော်လည်း ဟဲယဲ့တည်းခိုခန်းကမူ ယွမ်(၁၅၀)အထိသာ တိုးမြှင့်သဖြင့် အခြားနေရာများနှင့် ယှဉ်လျှင် ဈေးနှုန်းမှာ အမှန်တကယ်ပင် သင့်တင့်လှသည်။
စုဟယ် သူမ၏ ပစ္စည်းစာရင်းကို နှိပ်လိုက်ရာ စနစ်ထဲတွင် ကတ်တစ်ကတ် ရှိနေသည်ကို တွေ့ရ၏။ကတ်ပေါ်တွင် ရှေးဟောင်းပုံစံ ဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦး၏ ပုံရှိသည်။
သူမသည် အနီရောင် အင်္ကျီရှည်နှင့် အပြာရောင် ဂါဝန်ကို ဝတ်ဆင်ထားပြီး ခါးတွင် အပြာနုရောင် လက်ကိုင်ပဝါကို ချည်ထားသည်။ ဆံပင်တွင်လည်း အရောင်စုံ ကြိုးလေးများဖြင့် ရိုးရိုးရှင်းရှင်း ပြင်ဆင်ထားသည်။
စနစ်က ဇာတ်ကောင်ကတ်(၁)ကတ် ဟု ပြောထားသဖြင့် ယင်းက ထိုဇာတ်ကောင် ဖြစ်ပေလိမ့်မည်။
စုဟယ် ကတ်ကို သေချာစွာ စစ်ဆေးကြည့်လိုက်သည်။
ဇာတ်ကောင်ကတ်: ဟုန်လျန်
ဇာတ်ကောင်မိတ်ဆက်: ခန်းဆောင်နီအိမ်မက် ကတ်အစုအဝေးမှဖြစ်ပြီး အစေခံများအတွက် လက်ဖက်ရည် ငှဲ့ပေးရသော အစေခံမလေး တစ်ဦးဖြစ်သည်။ အိပ်ရာပြင်ခြင်း၊ စောင်ခေါက်ခြင်းနှင့် ဧည့်ဝတ်ပြုခြင်း စသည့် ကျွမ်းကျင်မှုများကို တတ်မြောက်ထားပါသည်။
ရှားပါးမှုအဆင့်: သာမန်
ကြယ်အဆင့်: ၁
ထူးခြားသော ကျွမ်းကျင်မှု: လက်ဖက်ရည်နှင့် စားစရာများ ပြုလုပ်ခြင်း
ကတ်၏ အောက်ခြေတွင် ပေါင်းစပ်ရန် နှင့် ဆင့်ခေါ်ရန် ဟူသော ရွေးချယ်စရာ နှစ်ခုရှိသည်။ စုဟယ် ကတ်ဖော်ပြချက်ကို ကြည့်ကာ အံ့သြသွား၏။
'ခန်းဆောင်နီအိမ်မက် စာအုပ်က ကတ်အစုအဝေး တဲ့လား'
သူမ၏ မျက်လုံးများ တောက်ပသွားသည်။
စောစောက ပြုတ်ကျသွားသော စာမျက်နှာများကို ကောက်ယူကြည့်လိုက်ရာ "အားလုံး နေရာယူလိုက်ကြသည်။ အစေခံများက လက်ဖက်ရည် ငှဲ့ပေးကြသည်" ဟူသော စာသားကို တွေ့လိုက်ရသည်။
ဤဇာတ်ကောင်ကတ်မှာ စာသားထဲမှ ထွက်ပေါ်လာခြင်းပင်။
ဟုန်လျန်ဆိုသည်မှာ ခန်းဆောင်နီအိမ်မက် ထဲတွင် အမည်ပင်မရှိသော ဇာတ်ကောင်လေးတစ်ဦးဖြစ်သဖြင့် သာမန် ကတ် ဖြစ်နေခြင်းမှာ မဆန်းပေ။
'ဒါဆို ဒါက တကယ်ပဲ ကတ်ဆွဲရတဲ့ ဂိမ်းတစ်ခုပေါ့'