အခန်း (၅-၆)
Vol. 1 Ch. 5-6
5
စုဟယ် သူမဝယ်လာသမျှ ပါဝင်ပစ္စည်းအားလုံးကို ထုတ်လိုက်ပြီး မီးဖိုချောင် ဗီရိုထဲတွင် ကြိတ်စက် ၊ ဇကာ နှင့် အခြားကိရိယာများကို လိုက်လံရှာဖွေတော့၏။
ရူယီမုန့် လုပ်စဉ်က သူမ မရှိခဲ့သဖြင့် ဟုန်လျန် တစ်ယောက် ကြံဖန်လုပ်ခဲ့ရသည်။
ယခု စုဟယ်သည် ပါဝင်ပစ္စည်းများနှင့် ကိရိယာအသစ်များ ဝယ်လာပေးရာ ဟုန်လျန်ကို သေချာပေါက် ကူညီပေးနိုင်ပါ၏။
စုဟယ် အသစ်ဝယ်လာသော မုန့်နယ်သည့်ဖျာကို စားပွဲပေါ်တွင် ဖြန့်ခင်းလိုက်သည်။ ထိုဖျာဖြင့် ဟုန်လျန်အတွက် မုန့်နယ်ရသည်မှာ ပို၍ လွယ်ကူပြီး အားအင်သက်သာသွား၏။
ထို့အပြင် စုဟယ် မုန့်ပုံဖော်သည့် ပုံစံခွက်အမျိုးမျိုးနှင့် ထုပ်ပိုးသည့် ဘူးများကိုလည်း တွေ့သမျှ အကုန်ဝယ်လာသည်။
လတ်ဆတ်သော ဆီးသီးများကို ရေစိမ်၍ ဆေးကြောပြီ အစေ့များကို ဖယ်ထုတ်ပါ၏။ ထို့နောက် အစေ့ထုတ်ပြီးသား ဆီးသီးများကို အနံ့မွှေးလာသည်အထိ မီးအေးအေးဖြင့် တည်ပြီး ကြိတ်စက်ထဲသို့ ထည့်ကာ ညက်နေအောင် ကြိတ်သည်။
ထို့နောက် ဆီးသီးအနှစ်များကိုမှ ဇကာဖြင့် ဖြည်းဖြည်းချင်း စစ်ယူ၏။
ဟုန်လျန် ကြိတ်စက်ကို မြင်သောအခါ မျက်လုံးများ တောက်ပသွားသည်။ ၎င်းက လက်ဖြင့် ထောင်းရသည်ထက် အဆပေါင်းများစွာ မြန်ဆန်လှသဖြင့် သူမ အသုံးပြုပုံကို ချက်ချင်းပင် မှတ်သားလိုက်၏။
ဇကာစစ်ပြီးသား ဆီးသီးအနှစ်ကို ဆီ၊ သကြားညိုတို့နှင့် ရောကာ ခြောက်သွားသည်အထိ မီးအေးအေးဖြင့် အိုးကပ်သည်အထိ မွှေပေးပါသည်။ ထိုအလုပ်ကိုတော့ စုဟယ် မကူညီနိုင်ပေ။
အိုးထဲက ဆီးသီးအနှစ်များ တူးမသွားစေရန် အမြဲမပြတ် မွှေပေးနေရသဖြင့် အလွန်လက်ဝင်လှသည်။ သို့သော် ပဲနီလေးအနှစ် ကြော်ခဲ့သည့် အတွေ့အကြုံကြောင့် ဟုန်လျန်သည် မီးအပူရှိန် ထိန်းညှိပုံကို ကျွမ်းကျင်နေပါ၏။
ဟုန်လျန် အလုပ်ရှုပ်နေစဉ် စုဟယ် ကန်စွန်းဥ များကို အခွံနွှာပြီး လှီးပေးသည်။ ကန်စွန်းဥ၏ အပေါ်ယံတွင် အမွှေးအမျှင်များနှင့် အချွဲအကျိများ ရှိသဖြင့် လက်မယားအောင် လက်အိတ်စွပ်ထားဖို့ လိုပါ၏။ ထိုကန်စွန်းဥမှာ ရှည်လျားပြီး သေးသွယ်သဖြင့် အခွံစင်အောင် နွှာရသည်မှာ အချိန်အတော်တော့ ပေးရသည်။
ကန်စွန်းဥကို နူးအောင် ပေါင်းပြီး အနှစ်ဖြစ်အောင် ချေကာ ဇကာစစ်ပါ၏။ ထို့နောက် ၎င်းထဲသို့ သကြားဖြူနှင့် ကောက်ညှင်းမှုန့်များ ထည့်ကာ သမအောင် ရောစပ်ပြီး မုန့်သားလုံးလေး ဖြစ်အောင် နယ်လိုက်သည်။လတ်လတ်ဆတ်ဆတ် ကြော်ထားသော ဆီးသီးအနှစ် အနည်းငယ်ကို အစာအဖြစ် အထဲတွင် ထည့်ကာ အလုံးလေး လုံးပြီး ပုံစံခွက်ထဲ ထည့်၏။
ထိုသို့ဖြင့် ဖြူစင်ဝင်းပပြီး ကြည်လင်နေသော၊ ဆီးသီးအနှစ်စာသွတ်ထားသည့် ဆီးသီးကပ်စေးနှဲမုန့် လေး အဆင်သင့် ဖြစ်သွားတော့သည်။
ကောက်ညှင်းမှုန့် သီးသန့်ဖြင့် လုပ်ထားသော ရူယီမုန့်နှင့် မတူသည်မှာ ဆီးသီးကပ်စေးနှဲမုန့်သည် ပို၍ နူးညံ့အိစက်ပြီး ကန်စွန်းဥ၏ မွှေးရနံ့ကို ပိုမို ခံစားရခြင်းပင်။
ကန်စွန်းဥ ကိုယ်တိုင်က အချိုဓာတ်နှင့် အစိုဓာတ် ရှိနေသဖြင့် ဟုန်လျန် ကောက်ညှင်းမှုန့်ထဲရှိ သကြားပမာဏကို လျှော့ချလိုက်သည်။ ထိုမုန့်လေးမှာ နူးညံ့အိစက်ကာ တမူထူးခြားသော အရသာကို ပေးစွမ်းပါ၏။
စုဟယ် သူမ၏ ဗိုက်ကို ပွတ်ကြည့်ရင်း အားနာနာနှင့် လက်ပြန်ချလိုက်ရသည်။ သူမ ထပ်စား၍ မရတော့ပေ။ မြည်းစမ်းရန် ကျန်နေသေးသည့် နောက်ထပ် မုန့်တစ်မျိုး ရှိနေပါသေး၏။
သစ်အယ်သီးမှုန့်မုန့် လုပ်နည်းကတော့ ပို၍ ရိုးရှင်းပါသည်။ သစ်အယ်သီးများကို ပေါင်းပြီး ကြိတ်စက်ဖြင့် အမှုန့်ကြိတ်၏။ ထို့နောက် ဇကာဖြင့် သေချာစစ်ပြီး ကျက်ပြီးသား ကောက်ညှင်းမှုန့်နှင့် သစ်အယ်ပန်းနံ့ သကြားတို့ကို ရောစပ်ကာ ပုံစံခွက်ထဲ ထည့်လိုက်သည်။
ဟုန်လျန် ကြိတ်စက်ကို ကြည့်ရင်း သက်ပြင်းချကာ ပြော၏။
"ကျွန်မ မှတ်မိသလောက်ဆိုရင် သစ်အယ်သီးတွေကို အခွံနွှာ၊ လှီးဖြတ်၊ အခြောက်လှန်းပြီးမှ ကျောက်ကြိတ်ဆုံလေးနဲ့ အမှုန့်ကြိတ်ပြီး မုန့်လုပ်ရတာပါ။ ဒီကြိတ်စက်ကတော့ တကယ်ကို အဆင်ပြေတာပဲ "
စုဟယ် တခစ်ခစ် ရယ်မောလိုက်သည်။ ဤသည်မှာ တိုးတက်လာသော နည်းပညာ၏စွမ်းပကားပင်။ စုဟယ် မနားတမ်း ချီးကျူးနေတော့သည်။
"အရသာ ရှိလိုက်တာ၊ ချိုပြီး မွှေးနေတာပဲ "
ကိုယ်တိုင်လုပ်သည့် ပါဝင်ပစ္စည်းများက တကယ်ကို ပြည့်စုံလွန်း၏။ သူမ ယခင်က နာမည်ကြီး တရုတ်ရိုးရာ မုန့်ဆိုင်တစ်ခုမှ သစ်အယ်သီးမုန့်ကို အွန်လိုင်းမှ မှာယူဖူးသည်။
ပုံသဏ္ဌာန်က သစ်အယ်သီးပုံလေးဖြစ်သည့်အတွက် လှပသော်လည်း အရသာမှာမူ အလွန်ပင် ကွာခြားလှပြီး သစ်အယ်သီးနံ့ လုံးဝ မရပေ။
ပါဝင်ပစ္စည်း စာရင်းကို စစ်ကြည့်လိုက်သည့်အခါ ထိုနာမည်ကြီး သစ်အယ်သီးမုန့်များတွင် ပဲနောက်မှုန့် များသာ ပါဝင်နေပါသည်။ ထို့ကြောင့် ထိုမုန့်များမှာ ပဲနောက်မုန့်အရသာမျိုးသာရှိပြီး သစ်အယ်သီးမှာ အနံ့အတွက်သာ ထည့်ထားခြင်းဖြစ်၏။ စုဟယ် တက္ကသိုလ်နယ်မြေထဲက တွန်းလှည်းဖြင့်ရောင်းသည့် ဆိုင်မှလည်း သစ်အယ်သီးမုန့်ကို ဝယ်ဖူးသည်။
ထိုဆိုင်က သစ်အယ်သီးနံ့ ပိုရသော်လည်း ပြောင်းဖူးမှုန့် တွေ အများကြီး ပါနေပြန်၏။ ပို၍ ကြောက်စရာကောင်းသည်မှာ စုဟယ် မုန့်ဝယ်သည့် အခါတိုင်း ရင်တထိတ်ထိတ် ဖြစ်ရခြင်းပင်။ မုန့်ရောင်းသည့် ဦးလေးကြီး၏ လက်တုန်သွားပါက သူမ တစ်လစာ သုံးစရိတ် ကုန်သွားနိုင်သည်။
မုန့်ရောင်းသည့် ဦးလေးကို ရွေးချယ်ရာတွင်လည်း သေချာသတိထားရ၏။ လောဘကြီးသည့် သူနှင့် တွေ့လျှင် မုန့်တစ်တုံးကို ယွမ်တစ်ရာအထိ ပေးရတတ်သည်။
စုဟယ်မှာ အသုံးစရိတ် ကန့်သတ်ချက် ရှိသဖြင့် သစ်အယ်သီးမုန့်ကို ခဲခဲယဉ်းယဉ်း စားရလေ့ရှိပြီး ထိုအရသာကို အမြဲတမ်း တောင့်တနေခဲ့ပါ၏။
ဟုန်လျန် လုပ်ထားသည့် သစ်အယ်သီးမှုန့်မုန့်က စစ်မှန်လှပြီး သစ်အယ်သီး၏ အရသာကို အပြည့်အဝ ခံစားရသည်။
သစ်အယ်ပန်းနံ့ သကြား ထည့်ထားသဖြင့် မုန့်သားမှာ ချိုစိမ့်ကာ ပါးစပ်ထဲတွင် သစ်အယ်သီးနံ့များ ပြည့်နှက်သွားစေ၏။
စုဟယ်အတွက် အနည်းငယ် နောင်တရစရာ ရှိသည်မှာ ယခုနှစ် သစ်အယ်သီး ရာသီ မရောက်သေးသဖြင့် သစ်အယ်သီးအဟောင်းများကိုသာ ဝယ်ခဲ့ရခြင်းပင်။
ဟုန်လျန်က လတ်ဆတ်သည့် သစ်အယ်သီးများကို သုံးရပါက ထိုမုန့်မှာ ယခုထက် ပို၍ အရသာရှိမည်ဟု ပြေထားလေသည်။
မုန့်သုံးမျိုးလုံးကို မြည်းစမ်းပြီးနောက်တွင် စုဟယ် ဇာတ်ကောင်ကတ် ၏ ထူးခြားသော ကျွမ်းကျင်မှုကို အပြည့်အဝ ယုံကြည်သွားတော့၏။
၎င်းက သူမ တစ်သက် စားဖူးသမျှ အကောင်းဆုံး မုန့်များထဲ၌ ပါဝင်သည်။ စုဟယ် စိတ်ထဲရှိ အစီအစဉ်များမှာလည်း ပို၍ ပြည့်စုံလာ၏။
မုန့်သုံးမျိုးလုံး လုပ်ပြီးသွားချိန်တွင် မှောင်နေပေပြီ။
စုဟယ် သူမအခန်းထဲမှ ဓာတ်ပုံရိုက်သည့်အခါ အလင်းပေးရန် လိုက်တင်မီးကို ထုတ်လိုက်၏။ ထို့နောက် ယခင်က ကာတွန်းပွဲတော် တစ်ခုတွင် ဝယ်ထားခဲ့သော စက္ကူယပ်တောင်နှင့် စားပွဲတင် အလှဆင် ပစ္စည်းများကို ရှာဖွေလိုက်သည်။
သူမသည် စားပွဲပေါ်တွင် စားပွဲခင်းလှလှလေးတစ်ခုကို ခင်းလိုက်ပြီး တရုတ်ရိုးရာ အနုပညာ ဆန်စေရန် ယပ်တောင်နှင့် အလှဆင် ပစ္စည်းများကို နေရာချကာ ဟုန်လျန်ကို မုန့်များ စီခိုင်းလိုက်၏။
ထို့နောက် အရောင်ကွဲပြားမှုကို ထင်ရှားစေရန် ရွှေရောင် သစ်အယ်ပန်းခြောက်များကို မုန့်ပန်းကန်ပေါ်တွင် ကြည့်ကြပ်တင်လိုက်ပြီး အလင်းဖွင့်ကာ မုန့်သုံးမျိုးကို ဓာတ်ပုံ တဖျတ်ဖျတ် ရိုက်တော့သည်။
"ဟုန်လျန်၊ မနက်ဖြန် မနက်ကစပြီး ဆိုင်ရှေ့မှာ မုန့်တွေ ရောင်းဖို့ ငါ စီစဉ်ထားတယ်။ မနက်ဖြန်ကျရင် မုန့်တွေ အများကြီး လုပ်ပေးနိုင်မလား"
စုဟယ် ဝယ်လာသည့် မုန့်ဘူးများကို ဟုန်လျန်အား ပေးလိုက်၏။
ဟုန်လျန်က ပြန်ဖြေလိုက်သည်။
"ပြဿနာမရှိပါဘူး"
သူမ မုန့်များကို ဘူးများထဲတွင် ပို၍ လှပပြီး လက်ရာမြောက်သွားအောင် ကိုယ်တိုင်ပင် နေရာချပေးလိုက်သေးသည်။
စုဟယ် ဝယ်လာသည့် မုန့်ဘူးများမှာ အမှတ်အသားမပါသည့် ပလတ်စတစ်ဘူး ကြည်ကြည်လေးများသာ ဖြစ်၏။
စုဟယ် ဟုန်လျန်၏ လက်ရာမြောက်လှသော မုန့်လေးများကို ထိုကဲ့သို့ ဘူးအညံ့စားများဖြင့် အဆင့်အတန်း မကျစေရန်အတွက် ထုပ်ပိုးမှုပုံစံအသစ်နှင့် ရှေးဟောင်းစတိုင် တံဆိပ်ကပ်ခွါ များကို သီးသန့်မှာယူရန် စိတ်ကူးလိုက်သည်။
ဟဲယဲ့တည်းခိုခန်း ဆိုင်းဘုတ်အောက်တွင် ကုန်စုံဆိုင် အခန်းငယ် နှစ်ခန်း ရှိပါ၏။ ပုံမှန်အားဖြင့် လမ်းသွားလမ်းလာများသည် ရေ သို့မဟုတ် စီးကရက် လာဝယ်သည်မှလွဲ၍ တည်းခိုခန်းမှ ဧည့်သည်အချို့ကသာ မျက်နှာသုတ်ပဝါ လာဝယ်လေ့ရှိသည်။
ကုန်စုံဆိုင် အရောင်းအဝယ်မှာ အလွန်ပါးလှပြီး ပစ္စည်းများစွာလည်း မတင်ထားသဖြင့် ဟုန်လျန် လုပ်ထားသည့် မုန့်များကို ရောင်းရန် နေရာအလုံအလောက် ရှိပါ၏။ စုဟယ် မုန့်ဈေးနှုန်းများကို ပရင့်ထုတ်ပြီး ကုန်စုံဆိုင်၏ မှန်ဗီရိုပေါ်တွင် ကပ်လိုက်သည်။
"ရူယီမုန့် တစ်ဘူး ၁၀ယွမ်၊ ဆီးသီးကပ်စေးနှဲမုန့် တစ်ဘူး ၂၀ ယွမ်၊ သစ်အယ်သီးမှုန့်မုန့် တစ်ဘူး ၃၅ ယွမ်"
ခြောက်ကပ်နေသော ကုန်စုံဆိုင်တွင် သာမန် A4 စာရွက်ဖြင့် ကပ်ထားသော ဈေးနှုန်းမှာ အနည်းငယ်တော့ ကြည့်မကောင်းလှပေ။
စုဟယ် ဖုန်းကို ယူကာ ဆိုင်ရှေ့ကို ဓာတ်ပုံ အချို့ ရိုက်လိုက်သည်။
သူမ ထိုရိုးရှင်းလွန်းသော အပြင်အဆင်ကို လုံးဝ စိတ်မပျက်မိပေ။
သူမသည် Little Green Book အက်ပ်ကို ဖွင့်ကာ စာစတင် ရေးတော့သည်။
"လမ်းဟောင်းထဲမှာ ဝှက်ထားတဲ့ ကောက်ညှင်းမုန့်လေးတွေ"
"ကောက်ညှင်းမုန့် ကြိုက်သူတွေ လာကြည့်ကြနော်၊ လမ်းဟောင်းထဲက ဒီကောက်ညှင်းမုန့်လေးတွေက တကယ်ကို အရသာ ရှိလွန်းတယ်၊ ဆိုင်ရှင်က သုံးမျိုးပဲ ရောင်းတာ၊ ကုန်သွားရင် ထပ်မလုပ်တော့ဘူး။ မြည်းစမ်းချင်ရင်တော့ စောစောသွားပြီး တန်းစီဖို့ လိုမယ်။ ဒီဆိုင်က လမ်းဟောင်းထဲမှာ ဖွင့်ထားတာ ဆယ်စုနှစ်တစ်ခုမက ရှိနေပြီ၊ လူသိနည်းတဲ့ နေရာလေးပဲ "
သူမ မုန့်ဓာတ်ပုံများ ၊ ဆိုင်ဓာတ်ပုံများ ၊ တည်နေရာများကိုပါ တွဲ၍ တင်လိုက်သည်။
ထို့နောက် အခြား အကောင့်တစ်ခုသို့ ပြောင်းလိုက်ပြီး အွန်လိုင်းမှ ဆန်းကျုံးကျောင်းတော် ၏ လှပသော ပုံအချို့ကို ရှာကာ စာထပ်ရေးပြန်၏။
"ဆန်းကျုံးကျောင်းတော်ကို သွားရင် ဒီအကြံပြုချက်ကို နားထောင်ပါ "
"ဆန်းကျုံးကျောင်းတော်ကို လာတဲ့သူတွေ အဝင်ဝက မုန့်တွေကို သေချာပေါက် မြည်းစမ်းကြည့်သင့်တယ်၊ အရမ်းကို အရသာ ရှိလွန်းတယ်။ အထူးသဖြင့် ရူယီမုန့်ပဲ။ ဆန်းကျုံးကျောင်းတော်က ဆုတောင်းပြည့်တယ်ဆိုတာ အားလုံးသိကြမှာပါ၊ ဒီဆိုင်က ရူယီ (ကံကောင်းခြင်း) ကို ကိုယ်စားပြုတဲ့ ရူယီမုန့်ကို ရောင်းတာဆိုတော့ လက်လွှတ်မခံသင့်ဘူးနော် "
သူမ မုန့်ဓာတ်ပုံများ ၊ ဆိုင်ဓာတ်ပုံများ ၊ တည်နေရာများကို တွဲ၍ တင်လိုက်ပြန်သည်။
စုဟယ် အနီရောင်အိမ်မက် စာအုပ်ထဲမှ အချက်အလက်များကို ရှာဖွေကာ ဆက်ပြီး စာတင်ပြန်သည်။
အနီရောင်အိမ်မက် စားသောက်ဖွယ်ရာများ လေ့လာခြင်း...
အခန်း (၁၁) ဆီးသီးကပ်စေးနှဲမုန့်
မူရင်းစာသား ၊ မုန့်ဓာတ်ပုံများ
အခန်း (၃၇) သစ်အယ်သီးပန်းနံ့ သကြားပေါင်း သစ်အယ်သီးမှုန့်မုန့်
မူရင်းစာသား ၊ မုန့်ဓာတ်ပုံများ
အခန်း (၅၃) ရူယီမုန့်
မူရင်းစာသား ၊ မုန့်ဓာတ်ပုံများ
သူမ မုန့်များ၏ ဓာတ်ပုံနှင့် အသေးစိတ်အချက်အလက်များကို တင်လိုက်သည်။
" ဒီမုန့်တွေကို ဖတ်ကြည့်ရင်းနဲ့တင် သရေယိုနေခဲ့တာ၊ လမ်းဟောင်းထဲက ဆိုင်သေးသေးလေးမှာ ဒီလိုမုန့်မျိုး တွေ့ရလိမ့်မယ်လို့ မထင်ထားမိဘူး။ အားလုံးပဲ သွားမြည်းကြည့်သင့်တယ်"
စုဟယ်သည် အကောင့်အမျိုးမျိုး ပြောင်းကာ ဆန်းကျုံးကျောင်းတော် တည်နေရာကို ထည့်သွင်းပြီး ကောက်ညှင်းမုန့် ၊ နူးညံ့အိစက်ခြင်း ၊ အချိုပွဲ ကြိုက်သူများ ၊ သေချာပေါက် စားရမည့် စာရင်း စသည့် နာမည်ကြီး ကီးဝါဒ် များကို အသုံးပြုကာ Little Green Book ပေါ်တွင် ပို့စ်များစွာ တင်လိုက်တော့သည်။
ဆန်းကျုံးကျောင်းတော်သည် ယခုအခါ အွန်လိုင်းတွင် နာမည်ကြီးနေသော နေရာတစ်ခု ဖြစ်နေပြီး လူများစွာက ပုတီးဝယ်နည်း၊ ဓာတ်ပုံရိုက်ကောင်းသည့် နေရာများနှင့် ဗေဒင်ဟော လမ်းညွှန်ချက် များကို Little Green Book ပေါ်တွင် ဝေမျှနေကြသဖြင့် လူကြည့်နှုန်း အလွန်များလှ၏။
စုဟယ် ထိုနာမည်ကြီး ခေါင်းစဉ်ကို အသုံးချကာ သူမ၏ မုန့်များဆီသို့ လူအကြည့်ရောက်အောင် ဆွဲဆောင်လိုက်ခြင်း ဖြစ်သည်။
လမ်းဟောင်းထဲရှိ ဆိုင်များကို လိုက်လံရှာဖွေခြင်း မှာ လက်ရှိတွင် ခေတ်စားနေပြီး ဆိုင်က ပို၍ လူသိနည်းပြီး ရိုးရှင်းလေ လူများက ပို၍ သွားချင်လာလေပေ။
စုဟယ် ယခင်က လူကြိုက် ပြန်များလာသော ရှေးဟောင်း ဆံပင်ညှပ်ဆိုင်များ၊ ဓာတ်ပုံစတူဒီယိုဟောင်းများနှင့် စားသောက်ဆိုင်လေးများကို လေ့လာကြည့်ဖူး၏။
ထို ဆိုင်ဟောင်း များမှာ စုချန်နှင့် ယဲ့ချင်တို့ တည်ထောင်ခဲ့သော ဟဲယဲ့တည်းခိုခန်းလောက် သက်တမ်းမရင့်သော်လည်း ဟဲယဲ့တည်းခိုခန်းထက် ပို၍ ဟောင်းနွမ်းစုတ်ပြတ်နေသည်မှာ အမှန်ပင်။
စုဟယ်မှာ ဟောင်းနွမ်းနေသော ဟဲယဲ့တည်းခိုခန်း ဆိုင်းဘုတ်ကို ဓာတ်ပုံရိုက်ပြီး ကြည့်နေမိ၏။ ထိုအခိုက် သူမ ဤတည်းခိုခန်းလေးမှာ သေချာပေါက် နာမည်ပြန်ကြီးလာနိုင်သည်ဟု ခံစားလိုက်ရတော့သည်။
6
စုဟယ် သမ်းဝေလိုက်သည်။ သူမ နိုးနေသည်မှာ နှစ်နာရီခန့် ရှိပြီဖြစ်သော်လည်း အိပ်ချင်စိတ်မှာ လုံးဝ မပြယ်သေးပေ။
သူမနှင့် ဟုန်လျန်တို့ မုန့်တစ်သုတ်လုပ်ရန် မနက်စောစောကတည်းက ထခဲ့ကြပါ၏။ ဟုန်လျန်မှာ မီးဖိုချောင်ထဲတွင် အလုပ်ရှုပ်နေပြီး စုဟယ်ကတော့ ဆိုင်ဖွင့်ရန် ပြင်ဆင်နေသည်။
စုဟယ် တည်းခိုခန်းနှင့်ကုန်စုံဆိုင်တံခါးများကို ဖွင့်လိုက်ပြီး အဝတ်စုတ်တစ်ထည်ဖြင့် ကောင်တာနှင့် ဆိုင်ရှေ့မျက်နှာစာကို သန့်ရှင်းကာ မုန့်များကို သေသေသပ်သပ် စီထားလိုက်၏။
ထို့နောက် ပလတ်စတစ်အိတ်များနှင့် QR ငွေပေးချေမှု ကုဒ်များကိုလည်း အစီအစဉ်တကျ ချထားလိုက်သည်။
ဆိုင်ဖွင့်ရန် ပြင်ဆင်ပြီးသွားချိန်တွင် မနက် (၆)နာရီ (၄၀) မိနစ်သာ ရှိသေး၏။ လမ်းမပေါ်တွင် လူသူကင်းမဲ့နေဆဲပင်။ စုဟယ် သူမဖုန်းကိုဖွင့်ကာ အွန်လိုင်းမှ ဘိုကင်တင်သည့် ပလက်ဖောင်း အသီးသီးသို့ ဝင်ကြည့်လိုက်သည်။
ထင်ထားသည့်အတိုင်းပင်၊ ဟဲယဲ့တည်းခိုခန်း၏ ဘိုကင်အရေအတွက်မှာ (၀) သာ ရှိနေသေး၏။
စုဟယ် ပလက်ဖောင်းအမျိုးမျိုးကို တစ်လှည့်စီ ပြောင်းကြည့်ရင်း အခမဲ့ ကြော်ငြာခွင့် ရစေရန် ဆောင်ရွက်ရမည့် တာဝန် များကို လုပ်ဆောင်လိုက်သည်။
ပလက်ဖောင်းပေါ်တွင် ဟဲယဲ့တည်းခိုခန်း၏ အဆင့်အတန်းနှင့် မှတ်ချက်များ တိုးလာစေရန် ငွေပေးပြီး ကြည့်ရှုနှုန်း ဝယ်နိုင်သော်လည်း စုဟယ်မှာ ထိုကဲ့သို့ ငွေပုံအောရမည့် ကိစ္စမျိုးကို မတတ်နိုင်ချေ။ ထို့ကြောင့် အခမဲ့ရသည့် ကြည့်ရှုနှုန်းကသာ သူမအတွက် အကောင်းဆုံးပေ။
“မြန်မြန် လာလေ၊ နောက်ကျရင် တန်းစီရတာ ကြာသွားလိမ့်မယ် ”
အလျင်စလို ပြောလိုက်သည့် အမျိုးသားတစ်ဦး၏အသံ ထွက်ပေါ်လာသည်။
“ဒီလောက်ကြီးလည်း မဟုတ်ပါဘူး၊ ဘယ်နှစ်ယောက်များ တန်းစီနေမှာမလို့လဲ။ ငါတို့ မနက်စာတောင် မစားရသေးဘူး”
မိန်းကလေးတစ်ဦးက အမောတကော ပြန်ပြောလိုက်၏။
စုဟယ် အသံကြားရာဘက်သို့ လှမ်းကြည့်လိုက်သည်။ကျောပိုးအိတ်ကိုယ်စီဖြင့် လူငယ်စုံတွဲဖြစ်ပြီး တက္ကသိုလ်ကျောင်းသားများ ဖြစ်ပုံရ၏။
ယောကျာ်းလေး၏ လည်ပင်းတွင် SLR ကင်မရာတစ်လုံးလည်း ဆွဲထားသေးသည်။
“ ညီမလှလှလေးနဲ့ မောင်ချောလေးတို့ရေ လာကြည့်ပါဦး၊ လတ်လတ်ဆတ်ဆတ် ရူယီမုန့်တွေ ရှိတယ်နော်။ ရူယီက လိုအင်ဆန္ဒတွေ ပြည့်ဝပြီး အရာရာ အဆင်ပြေစေတယ် ”
စုဟယ် အမြန်ပင် လှမ်းခေါ်လိုက်သည်။
SLR ကင်မရာဆွဲထားသည့် ယောကျာ်းလေးက ငြင်းရမှာ အားနာသဖြင့် ခြေလှမ်းနှစ်လှမ်းခန့် ရှေ့တိုးလာကာ ဟဲယဲ့တည်းခိုခန်း၏ ဆိုင်အဝင်ဝသို့ ရောက်လာ၏။
၎င်းကိုကြည့်ပြီး စုဟယ် သူတို့နှစ်ဦးမှာ သေချာပေါက် ကျောင်းသားများဖြစ်ပြီး ဆန်းကျုံးကျောင်းတော်မှ လက်ပတ်များ ဝယ်ရန် လာကြခြင်းဖြစ်ကြောင်း ပို၍ ယုံကြည်သွားသည်။
အကြောင်းမှာ ကျောင်းသားများသည် မျက်နှာပူပြီး မငြင်းတတ်ကြသောကြောင့်ပေ။ ဆန်းကျုံးကျောင်းတော်သည် အွန်လိုင်းခေတ်ရေစီးကြောင်းကို အမီလိုက်ကာ နံ့သာတိုင်များဖြင့် ပြုလုပ်ထားသည့် ဖန်လက်ပတ် အမြောက်အမြားကို ထုတ်လုပ်ထား၏။
နံ့သာတိုင်မှာ နေ့စဉ် ကန့်သတ်ချက်ရှိသဖြင့် လက်ပတ်မှာလည်း အကန့်အသတ်ဖြင့်သာ ရောင်းချနိုင်သည်။ သို့သော် ၎င်းတို့မှာ အလွန်လက်ရာမြောက်လှပြီး ရီဝူး မှလာသည့် နှစ်ယွမ် သုံးယွမ်တန် ပစ္စည်းများ မဟုတ်ပေ။
အနည်းဆုံး စက်ရုံထုတ်ဈေးပင် (၈)ယွမ်ခန့် ရှိရာ ဘုရားဖူးများစွာကို တန်းစီစောင့်ဆိုင်းပြီး ဝယ်ယူချင်စေသည့် ဆွဲဆောင်မှုမျိုးရှိသည်။
စုဟယ် ခန့်မှန်းကြည့်ပြီး ဟဲယဲ့တည်းခိုခန်း၏ တစ်ဖက် လမ်းကူးမျဉ်းကြားကို ညွှန်ပြကာ ပြောလိုက်၏။
“လက်ပတ် ဝယ်မလို့လား၊ ဒီလမ်းဆုံကနေ ကူးသွားလိုက်၊ အိမ်လေးတစ်လုံးကို တွေ့ရင် အဲဒီမှာ တန်းစီလိုက်ရုံပဲ။ အဲ့နောက်က လမ်းအထိတော့ မသွားနဲ့၊ အဲဒီလမ်းဆုံက ဆန်းကျုံးကျောင်းရဲ့ အဝင်ဝကို ရောက်သွားလိမ့်မယ်။အဲဒါက ဘုရားဖူးဖို့ပဲ။ လက်ပတ်အတွက် တန်းစီဖို့ဆိုရင် အဲဒီကနေ ပြန်လျှောက်လာရလိမ့်မယ် ”
လမ်းညွှန်ချက်မှာ များသောအားဖြင့် လူကို ဘုရားကျောင်းအဝင်ဝသို့သာ ပို့ဆောင်ပေးသည်။
လက်ပတ်ရောင်းသည့် အိမ်လေးမှာ လူအုပ်ကြီးကြောင့် ဆန်းကျုံးကျောင်းတော်၏ အေးချမ်းမှုကို မနှောင့်ယှက်စေရန် ဘေးဘက်တွင် သီးသန့်ထား၊ ထား၏။
ထို့ကြောင့် လမ်းညွှန်ချက်အတိုင်းသွားသူများမှာ ဘုရားကျောင်းအဝင်ဝသို့ ရောက်သွားသည့်အတွက် တစ်ပတ်ပြန်ပတ်လာရလေ့ရှိသည်။
SLR ကင်မရာဆွဲထားသည့် ယောကျာ်းလေးက ကျေးဇူးတင်စွာ ပြောလိုက်၏။
“ကျေးဇူးတင်ပါတယ်အစ်မ၊ ဒါဆို ရူယီမုန့် တစ်ဘူးနဲ့ ရေသန့် နှစ်ပုလင်း ပေးပါဦး ”
စုဟယ် အမြန်ပင် အိတ်ထဲ ထည့်ပေးလိုက်သည်။
“ရေသန့်က တစ်ပုလင်းကို (၂) ယွမ်၊ ရူယီမုန့်က (၁၀) ယွမ်၊ စုစုပေါင်း (၁၄) ယွမ်ပါ။ အရသာရှိရင် နောက်တစ်ခါ ပြန်လာခဲ့ဦးနော်၊ မောင်လေးနဲ့ ညီမလေးတို့ ကံကောင်းပြီး စီးပွားလာဘ်လာဘ တက်ပါစေရှင်”
ယောကျာ်းလေးမှာ ငွေပေးချေမှုကုဒ်ကို စကင်ဖတ်လိုက်ပြီး စုဟယ် ညွှန်ပြသည့် လမ်းဆုံဘက်သို့ မိန်းကလေးကို ခေါ်ဆောင်သွားတော့သည်။
စုဟယ် သူမ၏ ခေတ်မီဖုန်းကို ထုတ်ယူကာ ဆန်းကျုံးကျောင်းတော်ရှိ လက်ပတ်ရောင်းသည့် အိမ်လေးဘက်သို့ မှန်ဘီလူးဆွဲ ကြည့်လိုက်၏။ တန်းစီနေသူ ဆယ်ယောက်ကျော်သာ ရှိသေးသည့်အတွက် ထိုလူငယ်စုံတွဲ မှာ လက်ပတ်ကို အောင်အောင်မြင်မြင် ဝယ်ယူနိုင်ပေလိမ့်မည်။
စုဟယ် ဟဲယဲ့တည်းခိုခန်း အဝင်ဝရှိ ဝိုင်ယာကြိုးများ ရှုပ်ထွေးနေသည့် ဓာတ်တိုင်ကို ကြည့်ရင်း မျက်လုံးများ တောက်ပသွား၏။
သူမ ဆိုင်အတွင်းရှိ ကောင်တာသို့ သွားပြီး ခဏမျှ အလုပ်ရှုပ်ခံကာ လက်ပတ်ဟု ရေးထားသည့် ပန်းရောင် A4 စာရွက်လေးကို ဓာတ်တိုင်တွင် ကပ်လိုက်တော့သည်။
သူမသည် စေတနာရှေ့ထားကာ တန်းစီမည့်သူများအတွက် လမ်းကို ညွှန်ပြပေးလိုခြင်းပင်။ လမ်းသွားလမ်းလာများ ရပ်တန့်ပြီး လမ်းမေးသည့်အခါ ရေသန့် သို့မဟုတ် မုန့်လေးများ ဝယ်သွားမည်ဆိုလျှင် ပို၍ပင် ကောင်းပါ၏။
စုဟယ် ဖုန်းထုတ်ကာ Little Green Book ပေါ်တွင် စာထပ်တင်လိုက်ပြန်သည်။
“လက်ပတ်တန်းစီမဲ့သူတွေ လမ်းမှားမသွားစေနဲ့ဦးနော်၊ ဟဲယဲ့တည်းခိုခန်းကို မြင်ရင် လမ်းကူးလိုက်လို့ ရပါပြီ။ ဒီမှာ မုန့်နဲ့ ရေသန့်လေးတွေ ဝယ်ပြီး အားဖြည့်သွားလို့လည်း ရတယ်နော်...”
SLR ကင်မရာလွယ်ထားသည့် ယောကျာ်းလေးနှင့် မိန်းကလေးတို့မှာ အပြေးအလွှား သွားခဲ့ကြရာ နောက်ဆုံးတွင် တန်းစီသည့်နေရာသို့ ရောက်ရှိသွား၏။ယောကျာ်းလေးသည် သူတို့ရှေ့တွင် ရှိနေသည့် လူအရေအတွက်ကို ရေတွက်ကြည့်သည်။ ထို့နောက် သက်ပြင်းချကာ စိတ်အေးသွားတော့၏။
မိန်းကလေးသည် ယောကျာ်းလေး ကမ်းပေးသည့် ရေသန့်ကို ယူကာ တီးတိုးလေး ရေရွတ်လိုက်သည်။
“နင်က ဘယ်တုန်းက ဒီလောက်တောင် ဘာသာတရားကိုင်းရှိုင်းသွားတာလဲ ”
ယောကျာ်းလေးက ခံစားချက်အပြည့်ဖြင့် သက်ပြင်းချကာ ပြော၏။
“ကျောင်းဖွင့်ရင် ဆရာအရည်အချင်းစစ် စာမေးပွဲ ဖြေရတော့မယ်လေ၊ အခုပဲ စာအုပ်တွေ ဝယ်ထားတာ”
သူသည် အားကစားဌာနမှ ကျောင်းသားတစ်ဦးဖြစ်ပြီး ကျောင်းပြီးလျှင် အားကစားဆရာတစ်ဦး ဖြစ်လာရန် စီစဉ်ထားသည်။
မူလတန်း၊ အလယ်တန်း သို့မဟုတ် တက္ကသိုလ်၊ မည်သည့်အဆင့်မှာမဆို ဆရာလုပ်ရန်အတွက် ဆရာအရည်အချင်းစစ် လက်မှတ် လိုအပ်၏။
သို့သော် သူ၏ အလုပ်ရွှေ့ဆိုင်းတတ်သည့် အကျင့်မှာ အလွန်ဆိုးရွားလှသဖြင့် စာတစ်လုံးမှ မကြည့်ရသေးပါ။ထို့ကြောင့် သူ ကြိုးစားပမ်းစားလေ့လာမည့်အစား ဘုရားဖူးခြင်းကို ရွေးချယ်လိုက်သည်။
သူသည် လက်ပတ်ဝယ်ပြီး မင်္ဂလာရှိသော ရက်တစ်ရက်ကို ရွေးချယ်ကာ စာများကို အသည်းအသန် ကြည့်ရန် စီစဉ်ထားခြင်းပင်။
မိန်းကလေးသည် မျက်လုံးလှိမ့်ကာ ရေနှစ်ငုံခန့် သောက်လိုက်ပြီး နောက်ဆုံးတွင် သူမ၏ ငြီးတွားမှုများကို မျိုသိပ်ထားလိုက်သည်။ မည်သို့ပင်ဖြစ်စေ ထိုသူမှာ သူမ၏ချစ်သူ ကောင်လေးပေ။
သူမ ချစ်သူမှာ ရင်အုပ်ကျယ်ကျယ်နှင့် ချောမောသူ မဟုတ်ပါက သူမအနေဖြင့် ဆန်းကျုံးကျောင်းတော်သို့ လိုက်ပါရန် ဤမျှ စောစောမထနိုင်လောက်ပေ။
မိန်းကလေးက အိတ်ကို ဖွင့်လိုက်သည်။
“အရင်ဆုံး တစ်ခုခု စားရအောင်။ လက်ပတ်က (၈) နာရီမှ စရောင်းမှာ ”
သူမသည် ရူယီမုန့်ဘူးကို ဖွင့်ကာ မုန့်တစ်ခုကို ယူလိုက်သည်။
သို့သော် ယောကျာ်းလေးက လျင်မြန်စွာ သူမကို တားဆီးလိုက်ပြီး မြန်ဆန်သော အရှိန်ဖြင့် သူ့ရင်ဘတ်ပေါ်က SLR ကင်မရာကို ဖွင့်ကာ လက်ရာမြောက်လှသော ရူယီမုန့်ကို ဓာတ်ပုံရိုက်တော့သည်။
ယောကျာ်းလေးမှာ ဆန်းကျုံးကျောင်းတော်၏ အနီရောင် နံရံကို နောက်ခံထားကာ ပုံစံအမျိုးမျိုး ပြောင်းရိုက် ပြီး နောက်ဆုံးတွင် စိတ်ကျေနပ်လောက်သည့် ဓာတ်ပုံတစ်ပုံကို ရသွား၏။
ထိုအခိုက် မိန်းကလေးသည် မုန့်တစ်ခုကို ယူလိုက်သည်။ကိုင်လိုက်သည်နှင့် အထိအတွေ့မှာ တိမ်တိုက်တစ်ခုအလား ထူးထူးခြားခြား နူးညံ့နေပါ၏။ ရူယီမုန့်မှာ ကပ်မနေစေရန်အတွက် မုန့်သားပေါ်တွင် ဂျုံမှုန့် လေးများ ဖြူးထားသေးသည်။
ပါးစပ်ထဲသို့ ထည့်လိုက်သည့်အခါ ထိုအမှုန့်လေးများ၏ မွှေးကြိုင်သော ရနံ့မှာ ရင်ထဲအထိ ပျံ့နှံ့သွားတော့၏။
မုန့်ကို အသာအယာ ကိုက်လိုက်သည့်အခါ နူးညံ့အိစက်သော အထိအတွေ့ကိုခံစားရပြီး မုန့်သားမှာ လည်ချောင်းထဲသို့ ချောမွေ့စွာ ဝင်သွားတော့သည်။
မိန်းကလေးသည် နောက်ထပ် မုန့်တစ်ခုကို ထပ်ယူလိုက်၏။ ခုနက သူမ အလွန်မြန်မြန် စားလိုက်မိသဖြင့် ပဲနီလေးအနှစ်၏ အရသာကို သေချာ မခံစားလိုက်ရပေ။
ပဲနီလေးအချိုဓာတ်မှာ လျှာပေါ်တွင် ကခုန်နေသည့်အလား သူမ စိတ်မထိန်းနိုင်ဘဲ နောက်တစ်ခု စားလိုက်သည်။
ယောကျာ်းလေးက သူ့ SLR ကင်မရာကို ပြန်သိမ်းပြီးချိန်တွင် ချစ်သူမှာ ရူယီမုန့် သုံးခုကို စားပြီးနေပြီဖြစ်ကြောင်း တွေ့လိုက်ရ၏။
သူ့ချစ်သူ မုန့်ကို အရသာရှိရှိ စားနေသည်ကို မြင်သောအခါ သူလည်း စိတ်အားထက်သန်စွာ မုန့်တစ်ခုကို ကောက်စားလိုက်သည်။
သူ့မျက်လုံးများမှာ တောက်ပသွား၏။
'ကောင်းလိုက်တာ'
သူ့ပါးစပ်ထဲတွင် မုန့်များဖြင့် ပြည့်နှက်သွားသော်လည်း အသံကျယ်ကျယ်ဖြင့် အော်ပြောလိုက်မိသည်။
“ဟာ တကယ် အရသာရှိတာပဲဟ ဘုရားရေ၊ ဘယ်လိုဖြစ်လို့ ဒီလောက်တောင် ကောင်းနေတာလဲ”
သူ့ကျယ်လောင်သော အသံကြောင့် လက်ပတ်ဝယ်ရန် တန်းစီနေသူများ၏ အာရုံမှာ သူတို့ဆီ ရောက်လာကြ၏။
ယောကျာ်းလေး၏ ရှေ့တွင် ညီအစ်မ နှစ်ဦး ရှိပါသည်။
သူတို့သည် ထိုကောင်လေး ကင်မရာဖြင့် ဓာတ်ပုံရိုက်နေကတည်းက ထိုမုန့်လှလှလေးကို သတိထားမိ၏။
ယခုတွင် ယောကျာ်းလေး၏ ချီးကျူးစကားကို ကြားလိုက်ရသည့်အခါတွင် လှမ်းမေးလိုက်ကြသည်။
“အားနာပါတယ်ရှင့်၊ ဒါလေးကို ဘယ်မှာ ဝယ်ခဲ့တာလဲ”
မိန်းကလေးက ယောကျာ်းလေးကိုယ်စား ပြန်ဖြေပေးလိုက်၏။
“ဒီလမ်းဆုံရဲ့ တစ်ဖက်ခြမ်းက ဆိုင်သေးသေးလေးမှာပါ အဲဒီမှာ မုန့်အမျိုးမျိုး ရှိတယ်နော် ”
ညီအစ်မနှစ်ဦးလည်း အမြန်ပင် ကျေးဇူးတင်စကား ပြောလိုက်ကြသည်။
မမေးရဲသည့်သူ အချို့ကလည်း ထိုအဖြေကို ကြားလိုက်ရသည့်အခါ ဖုန်းများကို ထုတ်ယူကာ ဆိုင်ကို လိုက်လံ ရှာဖွေကြတော့၏။
စုဟယ် Little Green Book ပေါ်တွင် တင်ထားသော ပို့စ်မှာ နောက်ဆုံးတွင် ပထမဆုံးအသုတ် ကြည့်ရှုသူများကို ရရှိသွားတော့သည်။
လူများသည် Little Green Book ပေါ်က အကြံပြုချက်ကို မြင်ပြီး တန်းစီပြီးနောက် ဟဲယဲ့တည်းခိုခန်းသို့ သေချာပေါက် သွားမည်ဟု ဆုံးဖြတ်လိုက်ကြ၏။
“လာ၊ မြန်မြန် တန်းစီရအောင် ”
နောက်ထပ် လူတစ်အုပ်မှာ တန်းစီသည့် အဆုံးဘက်သို့ ပြေးလာကြသဖြင့် လူများစွာမှာ တစ်ယောက်ယောက် တိုးဝင်လာမည်ကို စိုးရိမ်ကာ ထိတ်လန့်သွားကြသည်။
သူတို့သည် ပြေးလာသော လူအုပ်ကြီးကို စိုက်ကြည့်နေမိကြသည်။
'ဟင် ဘယ်လိုဖြစ်လို့ သူတို့အားလုံးရဲ့ လက်ထဲမှာ ဟိုကောင်လေး ပြောတဲ့ မုန့်တွေ ပါလာကြတာလဲ'