အခန်း (၁၁-၁၂)
Vol. 2 Ch. 11-12
11
"တကယ်ပါပဲကွာ၊ ငါသာ နောက်ထပ် (၁၀) စက္ကန့်လောက် စောပြီး ပြန်ရှင် လာရင် အဲဒီမျှော်စင်ကို ခုခံနိုင်မှာ"
ဆံပင်ရွှေဝါရောင်နှင့် လူငယ်တစ်ဦးက အတော်လေး စိတ်ပျက်လက်ပျက် ပြောလိုက်သည်။
"ဟုတ်ပကွာ၊ ဟုတ်ပ၊ ငါပြောပြမယ်၊ ငါ့ရဲ့ နောက်ဆုံးတိုက်ကွက်ကလည်း အဲဒီလောက်နီးနီးလေး တင် လိုသွားတာ "
နောက်ထပ် ဆံဝါတစ်ယောက်ကလည်း ခုနက အခြေအနေကို ပြန်တွေးမိရင်း သူ့ပေါင်သူ ရိုက်ကာ ပြောလိုက်သည်။
ထိုစကားဝိုင်းကို ကြားလိုက်ရသည်နှင့် စုဟယ် ချက်ချင်း သဘောပေါက်သွား၏။ မကြာခင်မှာ အခြားမှတ်ချက်အများကို သူမ လက်ခံရရှိတော့မည်ဖြစ်ပြီး ထိုမှတ်ချက်များ၏ အကြောင်းပြချက်မှာ ဂိမ်းရှုံးရခြင်းသည် တည်းခိုခန်း၏ ပြဿနာသာ ဖြစ်သည်ဟူ၍ ဖြစ်ပေလိမ့်မည်။
စုဟယ်မှာ ထမင်းသွားစားရန် အလျင်လိုနေသဖြင့် အနည်းငယ် အပေါ်ယံဆန်စွာ ပြောလိုက်သည်။
"အခန်းကတ်ကို ဒီမှာပဲ ထားခဲ့လိုက်ပါရှင်။ နောက်တစ်ခါလည်း ပြန်လာခဲ့ပါဦးနော်"
ဆံပင်ဝါရောင် လူငယ်များကတော့ စုဟယ်၏ အမူအရာကို ဂရုမစိုက်ကြဘဲ တဟားဟား ရယ်မောရင်း၊ နောက်ပြောင်ရင်းနှင့် အပြင်သို့ ထွက်သွားကြသည်။
မှတ်ချက်ကောင်း ၇/၁၁ ရရှိသည်- အင်တာနက်လိုင်းက တကယ့်ကို အမြန်ကြီးပဲ
မှတ်ချက်ကောင်း ၉/၁၁ ရရှိသည်- အိမ်သာက ကြီးတယ်၊ ရေချိုးရတာလည်း တကယ် လန်းတယ်
စနစ်၏ ဆက်တိုက်တက်လာသော အသိပေးချက်များကြောင့် စုဟယ် ကြောင်အမ်းအမ်း ဖြစ်သွားရသည်။
သူမ သတိပြန်ဝင်လာချိန်တွင်တော့ ထိုလူငယ် (၁၀) ယောက်ထံမှ မှတ်ချက်ကောင်းများ ရရှိထားပြီးဖြစ်ကြောင်း တွေ့လိုက်ရ၏။
'ဖြစ်နိုင်ပါ့မလား'
တာဝန် ခက်ခဲမှုကို သူမ သိထားသော်လည်း စုဟယ်၏ ရင်ခုန်သံများမှာ မြန်ဆန်နေဆဲပင်။
"တကယ်လို့များ... တကယ်လို့များ..."
စုဟယ် တီးတိုး ရေရွတ်နေမိသည်။
နောက်ဆုံးမှ ဆင်းလာသူမှာတော့ တံတွေးထွေးခဲ့သော ဆံပင်ကောက်ကောက် လူငယ်နှင့် အလွန်ပင် ပိန်လှီသော အာလူးလူသား တို့ ဖြစ်ကြသည်။
ဆံပင်ကောက်ကောက်နှင့် လူငယ်က မျက်မှောင်ကြုတ်လိုက်၏။
"ငါတို့ (၉.၉) ယွမ် ပေးထားတာ မဟုတ်လား။ ငါတို့က (၁၁) ယောက်တောင်လေ၊ ဒါကို ဘယ်လို ခွဲကြမလဲ "
အာလူးလူသားသည် စုဟယ် ဧည့်ကြိုကောင်တာတွင် ရှိနေသည်ကို မြင်သောအခါ ဆံပင်ကောက်ကောက်နှင့် လူငယ်ကို တံတောင်နှင့် အားပြင်းပြင်း တွန်းလိုက်ပြီး ပါးစပ်ပိတ်ထားရန် အချက်ပြလိုက်၏။
ထိုသူနှစ်ဦးမှာ ဘေးဘယ်ညာကိုပင် မကြည့်တော့ဘဲ ဟဲယဲ့တည်းခိုခန်း အပြင်ဘက်သို့ လျှောက်ထွက်သွားကြသည်။
အာလူးလူသားက သက်ပြင်းတစ်ချက် ချလိုက်ရင်း ပြောလိုက်၏။
"မင်း ခုနက စကားပြောတာ အရမ်းကျယ်တာပဲ။ သူဌေးမ ကြားသွားလားတောင် မသိဘူး။ ငါတို့ (၁၁) ယောက်ရှိမှန်း သူဌေးမ သိသွားရင် ပိုက်ဆံတွေ ထပ်တောင်းနေမှာပေါ့ "
အနည်းငယ် မကျေမနပ် ဖြစ်နေသော ဆံပင်ကောက်ကောက်နှင့် လူငယ်မှာ ရုတ်တရက် သဘောပေါက်သွားသည်။
"မင်းကတော့ တကယ့်ကို ပါးနပ်တာပဲ၊ ဟဲဟဲ"
ထို့နောက် သူက ထပ်မေးသည်။
"ဒါနဲ့ ပိုက်ဆံကို ဘယ်လိုခွဲမလဲ"
အာလူးလူသား ခဏစဉ်းစားပြီး ဖြေသည်။
"သူတို့ တစ်ယောက်ချင်းစီကို ( ၁)ယွမ်စီ ပေးခိုင်းလိုက်၊ ငါတို့ နှစ်ယောက်ကတော့ (၀.၅)ယွမ်စီပဲ စိုက်ထုတ်မယ်"
ဆံပင်ကောက်ကောက်နှင့် လူငယ်မှာ အလွန်ဝမ်းသာသွားသည်။
"အကောင်းဆုံးပဲ၊ အချိန်က နည်းနည်း တိုသွားတာ တစ်ခုပဲ။ ပိုကြာကြာရရင် ကောင်းမှာ။ ဟိုကောင်လေးတွေက ဆက်ကစားချင်နေကြတုန်းပဲ"
အာလူးလူသားသည် အတော်လေး ဂုဏ်ယူနေ၏။ ထိုမျှ ဈေးပေါသော အထူးအစီအစဉ်ကို ရှာတွေ့ခဲ့ခြင်းက ညီငယ်များရှေ့တွင် သူ့ကို မျက်နှာပွင့်စေခဲ့သည်။
တစ်ယောက်ကို (၁) ယွမ်တည်းနှင့် တစ်နေကုန် နားနားနေနေ နေနိုင်ပြီး အခမဲ့ ရေပူနှင့် အင်တာနက်ကိုလည်း ရရှိခဲ့၏။
အာလူးလူသားက တွက်ချက်လိုက်သည်။
"မနက်ဖြန်ကျရင် ငါ အဝတ်အစားတွေပါ ယူလာဦးမယ်၊ ဒါမှ ဒီမှာ တစ်ခါတည်း ရေချိုးလို့ရမှာ"
"သူဌေးမက သတိမထားမိဘူးလို့ မင်း ထင်လား "
ဆံပင်ကောက်ကောက်နှင့် လူငယ်က သူ့ဖုန်းကို ကြည့်ရင်း အနည်းငယ် စိုးရိမ်နေဆဲ ဖြစ်သည်။
သူတို့သည် နောက်ထပ် အထူးအစီအစဉ် ဘောက်ချာအချို့ကိုလည်း ထပ်မံ ဝယ်ယူထားကြသေးသည်။
အာလူးလူသားက သူ့ကို နှစ်သိမ့်လိုက်သည်။
"စိတ်မပူစမ်းပါနဲ့၊ စိတ်မပူနဲ့၊ သူဌေးမ ဘယ်လိုမှ သိမှာမဟုတ်ဘူး။ သိရင်တောင် သူ ဘာမှ ပြောမှာ မဟုတ်ပါဘူး..."
အမှန်တကယ်ပင် စုဟယ်သည် သူတို့ကို ဘာမှ ပြောမည်မဟုတ်ပေ။
သူမသည် ယခုအခါ ကောင်းကင်ပေါ်မှ မုန့်လုံးကြီး ကျလာသည့်အလား ကြောင်အမ်းအမ်း ဖြစ်နေခြင်းပင်။
တံတွေးထွေးခဲ့သော ဆံပင်ကောက်ကောက် လူငယ်နှင့် အာလူးလူသားတို့ ပခုံးချင်းဖက်ကာ အဝေးသို့ လျှောက်သွားကြချိန်တွင် စနစ် အသိပေးချက်ကို သူမ ကြားလိုက်ရသည်။
မှတ်ချက်ကောင်း ၁၀/၁၁ ရရှိသည်- အခန်းက ကျယ်တယ်၊ နောက်ထပ် ညီငယ် (၅) ယောက်လောက် ထပ်ခေါ်လို့ ရသေးတယ်။
မှတ်ချက်ကောင်း ၁၁/၁၁ ရရှိသည်- ဈေးနှုန်းက ကောင်းတယ်၊ ပလက်ဖောင်းမှာလည်း အနီရောင်စာအိတ် အသေးလေး ရလိုက်သေးတော့ နောက်ထပ် (၀.၃)ယွမ် ထပ်သက်သာသွားတယ်။ တကယ့်ကို ကောင်းတယ်။
ထိုသို့ပြီးသည်နှင့် အသိပေးချက်များ ဆက်တိုက် တက်လာတော့သည်။
စနစ်၏ အသိပေးချက် : ဂုဏ်ယူပါတယ် ကစားသမား၊ ဧည့်သည် ၁ ဦးထံမှ မှတ်ချက်ကောင်း (၁) ခု ရယူနိုင်ခြင်း တာဝန်ကို ပြီးမြောက်ခဲ့သည့်အတွက် ဆုလာဘ်အဖြစ် ငွေသား ယွမ် (၁၀၀၀) ထုတ်ပေးလိုက်ပါပြီ။
စနစ်၏ အသိပေးချက် : ဂိမ်းကုန်တိုက် ကို အောင်မြင်စွာ ဖွင့်လှစ်လိုက်ပါပြီ။
"စနစ်မှ ဖွင့်လှစ်ထားသော ဂိမ်းကုန်တိုက်တွင် ကျယ်ပြောလှသော ကမ္ဘာကြီးမှ ထူးခြားကောင်းမွန်သော ပစ္စည်းများစွာ ပါဝင်ပါတယ်။ လာရောက် ဝယ်ယူလိုက်ပါ "
ပထမဆုံး ငွေဖြည့်သွင်းမှု ဆုလာဘ် : ဂိမ်းကုန်တိုက်တွင် (၁)ကြိမ် ဝယ်ယူမှု ပြုလုပ်ရုံဖြင့် ကတ်ဆွဲခွင့် (၁)ကြိမ် ရရှိမည်။
စနစ်၏ တာဝန် : ......
စုဟယ် သတိပြန်ဝင်လာသည်။
အချိန်ကန့်သတ်ထားသော ထိုတာဝန်က ဤကဲ့သို့ ပြီးမြောက်သွားလိမ့်မည်ဟု သူမ အမှန်တကယ် မမျှော်လင့်ထားခဲ့ပေ။
ယခုအချိန်တွင် သူမသည် ဆံပင်ဝါရောင် လူငယ်လေးများ၏ ကူညီမှုအတွက် အထူးပင် ကျေးဇူးတင်နေမိသည်။
သူမမှာ မီးရထားဘူတာရုံ သို့မဟုတ် ဆန်းကျုံးကျောင်းတော် အဝင်ဝအထိ သွားပြီး ဧည့်သည်ရှာရန်ပင် ပြင်ဆင်ထားခဲ့၏။
စုဟယ် စနစ်မျက်နှာပြင်ကို ဂရုတစိုက် စစ်ဆေးလိုက်သည်။
အချိန်ကန့်သတ်ထားသော တာဝန် ပြီးမြောက်သွားပြီးနောက်တွင် ယခင်က ဗလာဖြစ်နေသော မျက်နှာပြင်မှာ အသစ်တစ်ဖန် ပြန်လည် စီစဉ်ထားခြင်း ခံလိုက်ရ၏။
မူလ စနစ်၏ ပင်မစာမျက်နှာ တွင် ဟဲယဲ့တည်းခိုခန်း၏ အခြေခံ အချက်အလက်များနှင့် တာဝန်အသေးစိတ်များကိုသာ ပြသထားခြင်း ဖြစ်သည်။
ယခုအခါ အောက်ခြေတွင် နောက်ထပ် ခလုတ်အသစ်တစ်ခု တိုးလာ၏။
စုဟယ် အာရုံစိုက်ပြီး ထိုခလုတ်ကို နှိပ်လိုက်သည့်အခါ စနစ်မှာ ဒုတိယစာမျက်နှာသို့ ကူးပြောင်းသွားသည်။
စာမျက်နှာ ပွင့်သွားသည်နှင့် ရွှေရောင်စာတန်းလေး ပေါ်လာ၏။
"ဂိမ်းကုန်တိုက်၊ အထူးကမ်းလှမ်းချက် ပထမဆုံး ငွေဖြည့်သွင်းမှု ဆုလာဘ်၊ ယနေ့ တစ်ရက်တည်းသာ "
သို့သော်လည်း ကြော်ငြာစာတန်းအောက်ရှိ ပစ္စည်းများမှာ သနားစရာကောင်းလောက်အောင် နည်းပါးလှပြီး သုံးမျိုးတည်းသာ ရှိသည်။
စုဟယ် သူမ ဖုန်းကို ဖွင့်ကြည့်လိုက်၏။
စနစ်သည် တာဝန်ပြီးမြောက်မှု ဆုလာဘ် ယွမ် (၁၀၀၀) ကို သူမ အကောင့်ထဲသို့ ထည့်ပေးလိုက်ပြီ ဖြစ်သည်။
သို့သော် သူမ ယနေ့ ဟုန်လျန်နှင့်အတူ ပစ္စည်းအမြောက်အမြား ဝယ်ယူခဲ့သဖြင့် ထိုဆုလာဘ် ယွမ် (၁၀၀၀) မှာ သူမ၏ အကောင့်ထဲတွင် သိသာထင်ရှားသော ပြောင်းလဲမှုမျိုးတော့ မရှိစေခဲ့ပေ။
"ငါ့မှာ ယွမ် (၃၀၀၀) ပဲ ကျန်တော့တယ်။ စနစ်မှာ ဘယ်လို တာဝန်သစ်တွေ ရှိမလဲဆိုတာ ကြည့်ရဦးမယ် "
သူမသည် ဂိမ်းကုန်တိုက်ကိုလည်း သေသေချာချာ လေ့လာချင်သော်လည်း ဂိမ်းကုန်တိုက်ဆိုသည်မှာ ပိုက်ဆံသုံးရမည့်ပုံ ပေါက်နေသည်။
စုဟယ် ဂိမ်းကစားလျှင် ပိုက်ဆံ လုံးဝမသုံးသော ကစားသမားမျိုး ဖြစ်၏။ အကယ်၍ ကြိုးစားပြီး ရယူလို့ရလျှင် သူမ ဘယ်တော့မှ ပိုက်ဆံသုံးမည် မဟုတ်ပေ။
စနစ်မျက်နှာပြင်၏ ပင်မစာမျက်နှာသို့ ပြန်သွားသည့်အခါ ယခုတစ်ကြိမ်တွင် တာဝန်ကဏ္ဍ၌ တာဝန်အသစ် သုံးခု တိုးလာသည်။
တစ်ခုမှာ ဂိမ်းကုန်တိုက်တွင် ပထမဆုံး ငွေဖြည့်သွင်းသည့် တာဝန်ဖြစ်ပြီး ယနေ့ည ၂၄:၀၀ နာရီတွင် ကုန်ဆုံးမည့် အချိန်ကန့်သတ် တာဝန်လည်း ဖြစ်သည်။
ယနေ့ တစ်ကြိမ် ဝယ်ယူမှု ပြုလုပ်ပါက ကတ်ဆွဲခွင့် တစ်ကြိမ် ရရှိမည် ဖြစ်သည်။
"အခု ငါ့မှာ ကတ်ဆွဲခွင့် တစ်ကြိမ် သိမ်းထားတာ ရှိတယ်၊ ဒါပေမဲ့ ဒါကို ပေါ့ပေါ့တန်တန် သုံးလို့ မရဘူး။ တကယ်လို့ ငါ့မိဘတွေ ပြန်လာရင်ပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် စက်မှုလက်မှုနဲ့ ကုန်သွယ်ရေး စစ်ဆေးရေးအဖွဲ့က လာစစ်ရင်ပဲဖြစ်ဖြစ်၊ ဟုန်လျန်အတွက် ကိုယ်ရေးအချက်အလက် တစ်ခု ဖန်တီးပေးဖို့ သိမ်းထားရမယ် "
စုဟယ်မှာ အလွန်ပင် သတိကြီးလှသည်။
ဥပဒေစိုးမိုးသည့် လူ့အဖွဲ့အစည်းဖြစ်သဖြင့် ဟုန်လျန် နေထိုင်နိုင်ရန်အတွက် သူမ ကြိုတင်ပြင်ဆင်မှုအချို့ ပြုလုပ်ထားရပေမည်။
"ကျန်တဲ့ တာဝန်တွေက ဘာတွေလဲဆိုတာ ကြည့်ရအောင်"
စုဟယ် အကြည့်မှာ အောက်ဘက်သို့ ရွေ့သွား၏။
စနစ်၏ တာဝန် : နာမည်ကျော် တည်းခိုခန်းတစ်ခု တည်ထောင်ရန်အတွက် တည်းခိုခန်း၏ အမည်ကို လူသိများအောင် လုပ်ရမည်။ ကျေးဇူးပြု၍ ကစားသမားအနေဖြင့် တည်းခိုခန်း၏ လူသိများမှု ကို စတင်ခြင်း အဆင့်သို့ ရောက်ရှိအောင် မြှင့်တင်ပေးပါ။
စတင်ခြင်း : တည်းခိုခန်း၏ လူသိများမှု အဆင့် ၁၁၃/၁၀၀၀၀ သို့ ရောက်ရှိရမည်။
တာဝန်ဆုလာဘ်: ကတ်ဆွဲခွင့် (၁)ကြိမ်
"ဟူး"
စုဟယ် သက်ပြင်းတစ်ချက်ကို အရှည်ကြီး ချလိုက်မိသည်။
ကတ်ဆွဲခွင့် တစ်ကြိမ်ရဖို့အတွက် တည်းခိုခန်းရဲ့ လူသိများမှုက (၁၀၀၀၀)အထိ ရောက်ရပေမည်။
"ဒီကတ်ဆွဲခွင့် ရဖို့က တကယ့်ကို မလွယ်ဘူးပဲ "
ဟဲယဲ့တည်းခိုခန်း၏ လူသိများမှု အမှတ် (၁၁၃)ထဲမှ အစိတ်အပိုင်း အနည်းငယ်မှာ ဆယ်စုနှစ်များစွာ ဖွင့်လှစ်ခဲ့မှုကြောင့် ရရှိခြင်း ဖြစ်၏။
ဆန်းကျုံးလမ်းပေါ်တွင် နေထိုင်သူတိုင်း ထိုနေရာတွင် တည်းခိုခန်းတစ်ခု ရှိသည်ကို သိကြသည်။
ကျန်ရှိသော အစိတ်အပိုင်း အများစုမှာတော့ ယနေ့မနက်က မုန့်ရောင်းချခဲ့မှုကြောင့်ပင်။
ထိုလှပပြီး အရသာရှိသော မုန့်များမှာ Little Green Book ပေါ်တွင် အတိုင်းအတာတစ်ခုအထိ လူသိများနေပြီ ဖြစ်သည်။
စုဟယ် တာဝန်ကို စစ်ဆေးနေစဉ်မှာပင် လူသိများမှု အမှတ်မှာ အနည်းငယ် တိုးလာပြီး (၁၁၄) သို့ ရောက်ရှိသွားသည်။
လူသိများမှုဆိုသည်မှာ လူများက ဟဲယဲ့တည်းခိုခန်းကို မှတ်မိနေခြင်းကို ဆိုလို၏။
လူသိများမှု အမှတ် (၁၀၀၀၀) တာဝန်မှာတော့ နှစ်ရက်၊ သုံးရက်နှင့် ပြီးမြောက်နိုင်မည့်အရာ မဟုတ်သည်မှာ ရှင်းလင်းလှသည်။
စနစ်၏ တာဝန် : နာမည်ကျော် တည်းခိုခန်းတစ်ခုတွင် ကောင်းမွန်သော ဂုဏ်သတင်း ရှိရမည်။ ကျေးဇူးပြု၍ ကစားသမားအနေဖြင့် ဆက်လက် ကြိုးစားအားထုတ်ပြီး ဧည့်သည် (၁၀၀) ကို လက်ခံကာ မှတ်ချက်ကောင်း ၁၀၀ ရယူပါ။
တာဝန်ဆုလာဘ်: ကတ်ဆွဲခွင့် (၁)ကြိမ်
ထိုဧည့်သည် (၁၀၀) မှာ တည်းခိုခန်းတွင် တည်းခိုသည့် ဧည့်သည်များသာ ဖြစ်ပြီး မုန့်လာဝယ်သည့် ဖောက်သည်များကို ရေတွက်မည် မဟုတ်ပေ။
အကယ်၍ အခန်းတစ်ခန်းထဲမှာ လူငါးယောက်၊ ခြောက်ယောက် တည်းခိုခဲ့မည်ဆိုရင်လည်း ထိုအခန်းထဲက ဧည့်သည်အားလုံး မှတ်ချက်ကောင်းပေးမှသာ မှတ်ချက်ကောင်း (၁)ခု အဖြစ် ရေတွက်မည် ဖြစ်သည်။
ဆိုလိုသည်မှာ ဟဲယဲ့တည်းခိုခန်းအနေဖြင့် အနည်းဆုံး အခန်းပေါင်း (၁၀၀) ကို ငှားရမ်းရပေမည်။
စုဟယ် ခေါင်းကို ကုတ်လိုက်၏။
"ဟုန်လျန်၊ အရင်ဆုံး ထမင်းသွားစားရအောင် "
12
ဧည့်သည်သစ်များ ထပ်မံရောက်ရှိမလာတော့သဖြင့် စုဟယ်နှင့် ဟုန်လျန်တို့သည် မနက်ဖြန်မနက်တွင် မုန့်များပြုလုပ်ရန် စောစောထကြရမည်ဖြစ်သဖြင့် စောစောစီးစီးပင် အိပ်ရာဝင်ခဲ့ကြသည်။
ဟုန်လျန်၏ နေ့စဉ်လုပ်ရိုးလုပ်စဉ်မှာ အမြဲတမ်း စောစောအိပ်၊ စောစောထခြင်းပင်။
သူမ ဟဲယဲ့တည်းခိုခန်းသို့ ရောက်ရှိနေသည်မှာ မကြာသေးသော်လည်း ထူးထူးခြားခြား စိတ်အေးချမ်းမှုကို ခံစားနေရသည်။
သခင်မလေး... အို မဟုတ်ဘူး၊ သူဌေးမက သဘောကောင်းပြီး သူမကို ဘယ်တော့မှ ဆူပူကြိမ်းမောင်းခြင်း၊ ရိုက်နှက်ခြင်းမျိုး မလုပ်ပေ။
လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း သူမသည် ခေတ်သစ်လူ့အဖွဲ့အစည်းနှင့် ပတ်သက်သည့် ဗဟုသုတများကို တဖြည်းဖြည်းချင်း လေ့လာသင်ယူခဲ့ပြီး ဤခေတ်မှာ လုံးဝခြားနားသည့် ခေတ်ကာလတစ်ခုဖြစ်ကြောင်း နားလည်လာခဲ့သည်။
ဟုန်လျန်က သူမ ဘဝသည် တစ်နေ့ထက်တစ်နေ့ ပိုမိုကောင်းမွန်လာလိမ့်မည်ဟု ယုံကြည်နေ၏။
သူမသည် မှတ်ချက်ကောင်းများစွာ ရရှိပြီး ကြယ်သုံးပွင့်အဆင့်သို့ တိုးမြှင့်ခံရသည်ဟု အိမ်မက်မက်ရင်း ချိုမြိန်စွာ အိပ်ပျော်သွားတော့သည်။
အခြားတစ်ဖက်တွင် စုဟယ်မှာတော့ အိပ်မပျော်နိုင်ဘဲ ဟိုလှည့်ဒီလှည့် ဖြစ်နေပါ၏။
အသစ်တက်လာသော စနစ်တာဝန်မှာ ပထမဆုံး ငွေဖြည့်သွင်းမှု တာဝန်မှလွဲ၍ ကျန်တာဝန်များမှာ ရေရှည်လုပ်ဆောင်ရမည့် တာဝန်များ ဖြစ်ကြောင်း သိသာလှသည်။
စုဟယ် တစ်ဖက်သို့ လှည့်လိုက်၏။
သူမ ဖုန်းထဲက အချိန်ကို ကြည့်လိုက်သော် ည (၉)နာရီသာ ရှိသေးသည်။
သူမ မျက်လုံးများကို မှိတ်ထားလိုက်၏။
မှောင်မည်းနေသော အမှောင်ထုထဲတွင် သူမ အံကြိတ်ကာ အိပ်ရာမှ ကုန်းထလိုက်ပြီး စနစ်ကို ဖွင့်လိုက်သည်။
"ငါ ကြည့်ရုံတင် ကြည့်မှာပါ၊ ကြည့်တာက ပိုက်ဆံမကုန်ဘူးလေ "
စုဟယ် ကိုယ့်ကိုယ်ကိုယ် နှစ်သိမ့်လိုက်၏။
တလက်လက်တောက်ပနေသော ဂိမ်းကုန်တိုက် ကြော်ငြာစာတန်းအောက်တွင် ပစ္စည်း သုံးမျိုးသာ ရှိသည်။
ကျန်ရှိသော မျက်နှာပြင်တစ်ခုလုံးမှာ မီးခိုးရောင်သန်းနေပြီး သော့ပုံစံလေး တစ်ခု ဆွဲထားပါ၏။
စုဟယ်က ထိုသော့ပုံစံလေးပေါ်တွင် အာရုံစိုက်လိုက်သည့်အခါ စနစ်၏ အသိပေးချက်တစ်ခု ပေါ်လာသည်။
ထိုအသိပေးချက်မှာ မရှည်လျားလှပေ။ အဓိပ္ပာယ်မှာ ပို၍ပင် ရှင်းလင်းလှသည်။ စုဟယ်အနေဖြင့် ဂိမ်းကုန်တိုက်တွင် သုံးစွဲသည့် ငွေပမာဏမှာ သတ်မှတ်ချက်တစ်ခုသို့ ရောက်ရှိသွားပါက ကုန်တိုက်ရှိ ပစ္စည်းနေရာ များ ပိုမိုပွင့်လာပေမည်။
စုစုပေါင်း ငွေသုံးစွဲမှု ယွမ် (၁၀၀၀၀) ပြည့်ပါက စနစ်ကုန်တိုက်တွင် ပစ္စည်းနေရာ (၅) ခုကို တစ်ပြိုင်တည်း ဖွင့်ပေးမည်ဖြစ်ပြီး တစ်ပတ်လျှင် (၁) ကြိမ် အခမဲ့ ပစ္စည်းအသစ်လဲလှယ်ခွင့် ရရှိပါမည်။
စုစုပေါင်း ငွေသုံးစွဲမှု ယွမ် (၁၀၀၀၀၀) ပြည့်ပါက စနစ်ကုန်တိုက်တွင် ပစ္စည်းနေရာ (၁၀) ခု ဖွင့်ပေးမည်ဖြစ်ကာ တစ်ပတ်လျှင် (၂)ကြိမ် အခမဲ့ အသစ်လဲလှယ်ခွင့် ရရှိမည် ဖြစ်သည့်အပြင် ကတ်ဆွဲခွင့် (၁) ကြိမ်ကိုလည်း ဆုလာဘ်အဖြစ် ရရှိမည်ဖြစ်သည်။
ယွမ် (၁၀၀၀၀၀) သုံးစွဲမှုအတွက် ပေးမည့် ဆုလာဘ်များမှာ အတော်လေး ရက်ရောလှ၏။
စုဟယ် အတော်လေး လိုချင်မိသည်။
ယခုအခါ ငွေတစ်ပြားမှ မသုံးရသေးသဖြင့် ဂိမ်းကုန်တိုက်တွင် ပစ္စည်း (၃)မျိုးကိုသာ တစ်ပြိုင်တည်း ပြသပေးနိုင်ပြီး ထိုပစ္စည်းများကို ထပ်ခါတလဲလဲ ဝယ်ယူနိုင်သော်လည်း ထိုပစ္စည်း (၃) မျိုး နေရာတွင် ပစ္စည်းအသစ်များ ပြောင်းလဲရန်မှာ တစ်ပတ် စောင့်ရပေမည်။
အတိုချုပ်ပြောရလျှင် ဂိမ်းကုန်တိုက်တွင် ငွေများများသုံးလေလေ၊ အကျိုးခံစားခွင့် ပိုရလေလေ ဖြစ်သည်။
ဂိမ်းကုန်တိုက်သည် VIP ဖောက်သည်များအတွက် သီးသန့် လုပ်ဆောင်ချက်များစွာကိုလည်း မိတ်ဆက်ထား၏။
ဥပမာအားဖြင့် ပစ္စည်းများကို သော့ခတ် ထားနိုင်ပြီး မိမိလိုချင်သော ပစ္စည်းနေရာကို အသစ်မလဲလှယ်ဘဲ ထိန်းထားနိုင်သည်။
ထို့ပြင် နောက်ထပ် တက်လာမည့် ပစ္စည်းအသစ်များကို ကြိုတင်ကြည့်ရှုနိုင်သည့် Preview လုပ်ဆောင်ချက်လည်း ရှိပါ၏။
သို့မဟုတ် Filter ခလုတ်ကို သုံးပြီး ပစ္စည်းအမျိုးအစားကို ရွေးချယ်ထားပါက အသစ်လဲလှယ်သည့်အခါ ထိုအမျိုးအစားထဲက ပစ္စည်းများသာ ထွက်ပေါ်လာမည် ဖြစ်သည်။
ပို၍ အဆင့်မြင့်သည်မှာ ရှာဖွေရေးဘား ဖြစ်ပြီး ယခင်က ထွက်ပေါ်ဖူးသမျှ မည်သည့်ပစ္စည်းကိုမဆို တိုက်ရိုက်ရှာဖွေကာ ရွေးချယ်ဝယ်ယူနိုင်၏။
ပိုက်ဆံအိတ်ကြီးကြီးနှင့် ကစားသည့် ဘုရင် တစ်ယောက် ဖြစ်လာပြီဆိုလျှင်တော့ အလုံးစုံ ဖွံ့ဖြိုးသွားသော ဂိမ်းကုန်တိုက်မှာ နာမည်ကြီး အွန်လိုင်းဈေးဝယ် ပလက်ဖောင်းတစ်ခုကဲ့သို့ပင် လုပ်ဆောင်ချက်များ စုံလင်နေပေလိမ့်မည်။
စုဟယ် စနစ်၏ စည်းမျဉ်းများပေါ်မှ သူမ၏ အကြည့်ကို လွှဲဖယ်လိုက်သည်၊။ ဤအရာများသည် သူမကို ပိုက်ဆံသုံးအောင် မြှူဆွယ်သည့် နည်းဗျူဟာများသာဟု အခိုင်အမာ ယုံကြည်ထားသည်။ ထိုကဲ့သို့ အထင်သားပေါ်လွင်နေသော ထောင်ချောက်ထဲသို့ သူမ အကျခံမည် မဟုတ်ပေ။
"ငါ့ပိုက်ဆံနဲ့ ဝယ်လို့ရမဲ့ ပစ္စည်းတွေ ရှိလား ကြည့်ရဦးမယ်"
စုဟယ်က အသစ်တက်လာသော ပစ္စည်းသုံးမျိုးကို ဝေဖန်ပိုင်းခြားသော အကြည့်ဖြင့် စေ့စေ့စပ်စပ် စစ်ဆေးလိုက်သည်။
ပထမဆုံး ပစ္စည်းမှာ ကုတင်တစ်လုံး ဖြစ်သည်။
ဂိမ်းကုန်တိုက်၏ ပစ္စည်းပြသမှုမှာ ဓာတ်ပုံသာမကဘဲ 3D မော်ဒယ်ကိုပါ ပြသထားပြီး ပစ္စည်းမှာ လက်တွေ့တွင် မည်သို့မြင်ရမည်ကို သိနိုင်ရန် ဟိုလိုဂရမ်ဖြင့် ပုံရိပ်ယောင် ထုတ်လွှင့်ပြသနိုင်သည်။
အိပ်ပျော်နေသော မင်းသမီးလေးရဲ့ ကုတင်: မင်းသမီးလေး နှစ်တစ်ရာကြာ အိပ်မောကျနေစဉ် အသုံးပြုခဲ့သည့် ကုတင်။ (တရားဝင် မူပိုင်ခွင့်ရရှိပြီး)
အစွမ်းသတ္တိ - စိုးရိမ်ပူပန်မှုများကို ပြေပျောက်စေပြီး အိပ်စက်ခြင်းကို အားပေးသည်။ အသက်ဓာတ်ကို ပြည့်ဖြိုးစေပြီး စိတ်ဓာတ်ကို တက်ကြွလန်းဆန်းစေသည်။
မူရင်းဈေးနှုန်း : ၃၀၀၀ ယွမ်။ အသုံးပြုသူသစ် လျှော့ဈေး: ၁၈၀၀ ယွမ်။
ထိုကုတင်ကို သစ်သားဖြင့် ပြုလုပ်ထားပြီး အပေါ်တွင် နူးညံ့သော အိပ်ရာခင်းများ ပါဝင်၏။
ကုတင်ခေါင်းရင်းကို ချည်ငင်စက် သံလုံးပုံစံများဖြင့် အလှဆင်ထားပြီး ကုတင်ခြေထောက်များမှာလည်း ထိုပုံစံအတိုင်းပင်။
စုဟယ် စကားမပြောနိုင်တော့ပေ။ ကုတင်တစ်လုံးကို (၁၈၀၀)တောင် ပေးရသည်။ ဤသည်မှာ လျှော့ဈေးပေးထားသည့် ဈေးနှုန်းပင် ဖြစ်သေးသည်။ သူမ တကယ်ကို အမြင်ကျယ်သွားရ၏။
နောက်ထပ် ပစ္စည်းတစ်ခုမှာတော့ အစိမ်းရောင် ဖြစ်သည်။
ဂျက်ရဲ့ မှော်ပဲစေ့များ: အပေါ်ဘက်သို့ အမြဲတမ်း ကြီးထွားနေသော မှော်ပဲစေ့များ၊ စနစ်မှ ပြုပြင်မွမ်းမံထားသဖြင့် အသုံးပြုရလွယ်ကူသည်။ (ဂျက်ကိုယ်တိုင် သုံးခဲ့သော မော်ဒယ်)
အစွမ်းသတ္တိ: ဧည့်သည်များအတွက် ဓာတ်လှေကားအဖြစ် အသုံးပြုနိုင်သည်၊ ပုံစံအမျိုးမျိုး ပြောင်းလဲနိုင်သည်၊ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းပြီး စွမ်းအင်ချွေတာသည်။
မူရင်းဈေးနှုန်း : (၅၀၀၀၀၀) ယွမ်။ အသုံးပြုသူသစ် လျှော့ဈေး: (၃၆၀၀၀၀)ယွမ်။"
ပစ္စည်းပြသမှုတွင် ဂျက်ရဲ့ မှော်ပဲစေ့များ ပုံစံပြောင်းလဲပုံ ဗီဒီယိုအတိုလေးကို ပြသထားသည်။
ထိုမှော်ပဲစေ့မှာ ပဲစေ့တစ်စေ့စာသာ ရှိသော်လည်း ၎င်းအတွင်းတွင် ချစ်ပ် တစ်ခု ထည့်သွင်းထားသည်ကို အနီးကပ်ပြထားပြီး ၎င်းသည် စနစ်က ပြုပြင်မွမ်းမံထားသည့် ရလဒ်ဖြစ်ကြောင်း ဖော်ပြနေသည်။
ထို့နောက် ဤမှော်ပဲစေ့များမှာ အဆက်မပြတ် ကြီးထွားလာပြီး နွယ်ပင်များ ထွက်ပေါ်လာ၏။
နွယ်ပင်များပေါ်တွင် အရွက်အချို့ ပါရှိပြီး အရွက်တစ်ရွက်စီသည် လူ (၄)ယောက်အထိ တင်ဆောင်နိုင်သည်။
ဤအရွက်များကို တစ်ပြိုင်နက် အသုံးပြုနိုင်ပြီး မတူညီသော အထပ်များသို့ တစ်ချိန်တည်း သွားလာနိုင်၏။
ဤမှော်ပဲစေ့များမှာ အခြေခံအားဖြင့် အပင်ဓာတ်လှေကား ဖြစ်နေပြီး အခန်းအများအပြား ပါဝင်သည့် အမျိုးအစား ဖြစ်သည်။
စနစ်၏ ပြုပြင်မွမ်းမံမှုအောက်တွင် ၎င်းတို့၌ အကာအကွယ်များနှင့် ခလုတ်ဖြင့် ထိန်းချုပ်နိုင်သည့် ပုံစံများ ပါဝင်လာရာ မှော်ပညာနှင့် နည်းပညာ ပေါင်းစပ်ထားသည့်အလားပင်။
စုဟယ် အနည်းငယ်တော့ အားကျမိသည်။
ဟဲယဲ့တည်းခိုခန်းတွင် ဓာတ်လှေကား မရှိသဖြင့် အတက်အဆင်းအတွက် လှေကားကိုသာ သုံးရ၏။
အကယ်၍ ဧည့်သည်တွင် ခရီးဆောင်အိတ် သို့မဟုတ် ပစ္စည်းအကြီးစား ပါလာပါက လက်ဖြင့်သာ သယ်ပေးရမည် ဖြစ်သည်။
ယဲ့ချင်းနှင့် စုချန်တို့သည်လည်း အဆောက်အဦးအတွင်း ဓာတ်လှေကားအသေးစား တပ်ဆင်ရန် စုံစမ်းခဲ့ဖူး၏။
စုံစမ်းပြီးနောက်တွင်တော့ ထိုစိတ်ကူးကို ချက်ချင်းပင် စွန့်လွှတ်လိုက်ကြသည်။ ဓာတ်လှေကားတပ်ဆင်ရန် နံရံများစွာကို ဖျက်ဆီးရမည်ဖြစ်ပြီး ပြုပြင်မွမ်းမံခနှင့် တပ်ဆင်ခမှာ ခြောက်သောင်း၊ ခုနစ်သောင်း ဝန်းကျင်ရှိနေ၏။
ယခု ဤမှော်ပဲစေ့ ဓာတ်လှေကားမှာ ကန့်သတ်ချိန် လျှော့ဈေးဖြင့် ယွမ်(၃၆၀၀၀၀) ဖြစ်ပြီး အခန်းအများအပြား ပါဝင်သည့်အပြင် တပ်ဆင်ခလည်း ပါပြီးသားဖြစ်သည်။
အသစ်ဆောက်ထားသော တည်းခိုခန်းတစ်ခုတွင် ဓာတ်လှေကားတပ်ဆင်သည့် ဈေးနှုန်းနှင့် အတူတူလောက်ပင်။
ထို့အပြင် မှော်ပဲစေ့ ဓာတ်လှေကားမှာ အမြင့်ကန့်သတ်ချက် မရှိဘဲ နွယ်ပင်များကို လွတ်လပ်စွာ ကြီးထွားစေနိုင်သည်။
သီအိုရီအရဆိုလျှင် အထပ်မြင့်လေလေ၊ မှော်ပဲစေ့ ဓာတ်လှေကား တပ်ဆင်ရသည်မှာ ပိုပြီး တွက်ခြေကိုက်လေလေ ဖြစ်ပေလိမ့်မည်။
စုဟယ်သည် ယွမ်(၃၆၀၀၀၀)၏ အစအနလေးကိုတောင် မတတ်နိုင်သူမို့ ထိုပစ္စည်းကို နှမြောတသစွာဖြင့်သာ လွှတ်ထားလိုက်ရ၏။
တတိယမြောက် ပစ္စည်းမှာ ပြတင်းပေါက် တစ်ခု ဖြစ်သည်။
ယခင် ပစ္စည်းနှစ်ခုနှင့် နှိုင်းယှဉ်လျှင် ထိုပြတင်းပေါက်မှာ ထိုမျှအထိ မှော်ဆန်ပုံမရဘဲ ဈေးနှုန်းမှာလည်း သဘာဝကျစွာပင် အလွန်မကြီးပေ။
အသံလုံပြတင်းပေါက် (စနစ်မှ အထူးရွေးချယ်ထားသည်)
အစွမ်းသတ္တိ: လေလုံပြီး လေတိုးသံ မကြားရစေပါ၊ အသံလုံစနစ် အထူးကောင်းမွန်သည်။
မူရင်းဈေးနှုန်း: (၁၀၀၀) ယွမ်၊ အသုံးပြုသူသစ် လျှော့ဈေး: (၇၀၀) ယွမ်။
ထိုအသံလုံပြတင်းပေါက်မှာ စနစ်ကိုယ်တိုင် ထုတ်လုပ်ထားခြင်းဖြစ်ပုံရပြီး မှော်ဆန်သည့် လုပ်ဆောင်ချက်များတော့ မပါရှိပေ။
ဂိမ်းကုန်တိုက်၏ ကြော်ငြာစာတန်းမှာ တလက်လက် တောက်ပနေပြီး ပထမဆုံး ငွေဖြည့်သွင်းမှု ဆုလာဘ် ဆိုသည့် စာတန်းမှာ တဖြည်းဖြည်း ပေါ်လာသည်။
လူများဟာ ညဘက်မှာ စိတ်လိုက်မာန်ပါ လုပ်တတ်ကြသည် မဟုတ်ပါလား။
စုဟယ်မှာ ကြောင်အမ်းအမ်းဖြင့် အိပ်ပျော်နေသည့် မင်းသမီးလေး၏ ကုတင် တစ်လုံးနှင့် အသံလုံပြတင်းပေါက်အချို့ကို ဝယ်ယူလိုက်တော့သည်။
စနစ်၏ အသိပေးချက် : ဂုဏ်ယူပါသည် ကစားသမား၊ ပထမဆုံး ငွေဖြည့်သွင်းမှု တာဝန်ကို ပြီးမြောက်ခဲ့သည့်အတွက် ကတ်ဆွဲခွင့် (၁)ခါ ရရှိပါပြီ။
ထိုသို့နှင့်အတူ သူမ ဖုန်းထဲမှ ငွေဖြတ်တောက်သည့် အသိပေးချက်လည်း ရောက်ရှိလာသည်။
စုဟယ်မှာတော့ သူမ၏ လက်ကျန်ငွေကို နှိပ်ကြည့်ဖို့တောင် သတ္တိမရှိတော့ပေ။
သူမ စမ်းတဝါးဝါးနှင့် ထလိုက်ပြီး ဒုတိယထပ်သို့ သွားကာ အကောင်းဆုံး လူကြီးခန်း တစ်ခန်းကို ရွေးချယ်လိုက်သည်။
"ပစ္စည်းချထားမည်"
စနစ်က ဟိုလိုဂရမ် ပုံရိပ်ယောင်ကို အခန်းထဲသို့ ထုတ်လွှင့်ပြသလိုက်ပြီး စုဟယ်က နေရာတစ်ခုကို ရွေးချယ်လိုက်သည်။
အပြာရောင်အလင်းတန်း တစ်ချက် လက်သွားပြီးနောက်တွင် မှိုတက်နေသည့် ကုတင်ဘောင်နှင့် သစ်သားကုတင်ဟောင်းကြီးမှာ ဝုန်းခနဲ ပျောက်ကွယ်သွားပြီး အောက်ခြေတွင် ကြမ်းပြင်အလွတ်ကြီးသာ ကျန်ရစ်တော့သည်။
"ကျိုးပဲ့နေသော သစ်သားကုတင်နှင့် မွေ့ရာဟောင်းကို ပြန်လည်သိမ်းဆည်းပြီးပါပြီ။ ပြန်အမ်းငွေ (၁၃)ယွမ် ရရှိသည်။ ပစ္စည်းကို နေရာချမှာလား "
စုဟယ်မှာ သူမကို (၁၃)ယွမ် ပြန်ပေးသည့်အတွက် စနစ်ကို တကယ်ပဲ ကျေးဇူးတင် လိုက်၏။
ကုတင်ဟောင်းကို ဖယ်ရှားပြီးနောက် ကြမ်းပြင်ပေါ်တွင် အမှိုက်နှင့် ဖုန်မှုန့်အချို့ ကျန်နေခဲ့သည်မှာ ရှောင်လွှဲ၍မရပေ။
စုဟယ်သည် ထိုနေရာကို သေသေချာချာ သန့်ရှင်းရေးလုပ်ပြီးမှ ပစ္စည်းချထားမည် ကို နှိပ်လိုက်သည်။
ကုတင်သစ်လဲလိုက်ပြီးနောက် တစ်ခန်းလုံးမှာ သိသိသာသာ ပိုပြီး သစ်လွင်သွား၏။
ဤသည်မှာ အခန်းရဲ့ ရိုးရှင်းတဲ့ အပြင်အဆင်နဲ့လည်း သက်ဆိုင်နေသည်။ ကုတင်သည် အခန်းထဲတွင် အရေးကြီးဆုံး ပစ္စည်းဖြစ်သဖြင့် ကုတင်သစ် လဲလိုက်သည့်အခါ အခန်းမှာ သဘာဝအတိုင်း အသစ်စက်စက် ဖြစ်သွား၏။
ထို့နောက် စုဟယ်သည် စနစ်မှ ဝယ်ယူထားသော ပြတင်းပေါက်များကို တပ်ဆင်လိုက်ရာ ထိရောက်မှုမှာ ချက်ချင်းပင် သိသာလှသည်။
ယခင်က ကြားနေရသော လမ်းပေါ်က ဆိုင်ကယ်သံများမှာ ရုတ်တရက် ငြိမ်သက်သွားတော့၏။
ပြတင်းပေါက်များမှာ အသစ်စက်စက်ဖြစ်ပြီး ဖုန်မှုန့်တစ်စပင် မရှိသဖြင့် ၎င်းနှင့် နှိုင်းယှဉ်လျှင် လိုက်ကာများမှာ အနည်းငယ် ဟောင်းနွမ်းပြီး ဖုန်ထူနေသလိုမျိုး ခံစားရစေသည်။
ယွမ် (၂၅၀၀) မှာ ထိုသို့ဖြင့် ကုန်ဆုံးသွားတော့၏။
စုဟယ် အိပ်ပျော်နေသော မင်းသမီးလေး၏ ကုတင် ပေါ်သို့ ကိုယ်ကို ပစ်ချလိုက်သည်။
သူမ ဤကုတင်ကို အဝခံစားပစ်မည်။
'ယွမ် (၂၅၀၀)က တန်လားဆိုတာကို ကြည့်ဦးမယ်'