← Chapters

အခန်း (၁၃-၁၄)

Vol. 2 Ch. 13-14

အခန်း (၁၃-၁၄)

Vol. 2 Ch. 13-14

13

"ဒေါင်... ဒေါင်... ဒေါင်..."

စုဟယ် နှိုးစက်ကို စမ်းတဝါးဝါးဖြင့် ပိတ်လိုက်ရင်း မျက်လုံးများကို အားယူဖွင့်ရန် ကြိုးစားနေ၏။

သူမ အနည်းငယ် ကြောင်အမ်းအမ်း ဖြစ်နေဆဲပင်။

မနေ့ညက ကုတင်သစ်ကို စမ်းအိပ်ကြည့်လိုက်သည်ကိုသာ မှတ်မိပြီး သတိပြန်ဝင်လာချိန်တွင်တော့ မိုးလင်းနေပြီ ဖြစ်သည်။

"ဒီ အိပ်ပျော်နေသော မင်းသမီးလေးရဲ့ ကုတင် က တကယ်ကို အံ့သြဖို့ကောင်းတာပဲ"

စုဟယ် အနည်းငယ် အံ့အားသင့်သွားမိသည်။

သူမသည် ပုံမှန်ဆိုလျှင် အိပ်ရာထရခက်သူတစ်ဦးဖြစ်ပြီး မနက်တိုင်း အိပ်ရေးမဝသလို ခံစားရလေ့ရှိ၏။

သို့သော် ယခုတစ်ကြိမ်မှာတော့ ကွာခြားလှသည်၊၊ ကုတင်၏ နွေးထွေးမှုကို ခွဲခွာရန် နှမြောနေမိသေးသော်လည်း ပင်ပန်းနွမ်းနယ်နေခြင်း သို့မဟုတ် နုံးချိနေခြင်းမျိုး လုံးဝမရှိတော့ပေ။

ယင်းအစား တစ်ကိုယ်လုံး လန်းဆန်းတက်ကြွနေသည့် ခံစားချက်ကို ရရှိနေသည်။

စုဟယ် နှမြောတသစွာဖြင့် အိပ်ရာမှ ထလိုက်၏။

အကယ်၍ ပိုက်ဆံရှာဖို့ စောစောထစရာမလိုလျှင် သူမ တစ်နေကုန် အိပ်ရာထဲမှာ လှဲနေမိမှာ အသေအချာပင်။

အခန်းကို သပ်သပ်ရပ်ရပ်ဖြစ်အောင် သိမ်းဆည်းပြီး စုဟယ် အိပ်ရာခင်းအသစ်များကို လဲလှယ်လိုက်သည်။

အိပ်ပျော်နေသော မင်းသမီးလေးရဲ့ ကုတင်သည် ယနေ့တွင် တည်းခိုမည့် ဧည့်သည်များကို ဆွဲဆောင်နိုင်လိမ့်မည်ဟု သူမ မျှော်လင့်မိ၏။

ဟုန်လျန်မှာ စောစီးစွာ နိုးနေသည်။

သူမသည် မနက်စာအတွက် ပေါက်စီနှစ်လုံးကို ရိုးရိုးရှင်းရှင်းပင် ပေါင်းထား၏။

စုဟယ်သည်လည်း အချိန်မဆွဲတော့ဘဲ ပေါက်စီကို ဝါးရင်းနှင့် အလုပ်စလုပ်တော့သည်။

မုန့်လုပ်သည့်နေရာတွင် သူမက များများစားစား မကူညီနိုင်သဖြင့် ဟဲယဲ့တည်းခိုခန်း၏ ကုန်စုံဆိုင်ဘက်တွင်သာ အလုပ်ရှုပ်နေလိုက်၏။

တစ်ဆိုင်လုံး ပိုမိုသပ်ရပ်သွားစေရန် ကုန်ပစ္စည်းပြသစင်များကို ပြန်လည်စီစဉ်နေလိုက်သည်။

ယနေ့ မိုးကောင်းကင်မှာ အနည်းငယ် မှိုင်းညို့နေသည်။ မိုးလေဝသခန့်မှန်းချက်အရ မိုးသက်မုန်တိုင်း ကျရောက်နိုင်၏။

စုဟယ် ဆိုင်အတွင်းရှိ မီးများကို ဖွင့်လိုက်ရာ အလင်းရောင်ကြောင့် ဆိုင်ကလေးမှာ ချက်ချင်းပင် တောက်ပလင်းလက်သွားတော့သည်။

ဟုန်လျန် မုန့်တစ်သုတ် ပြုလုပ်ပြီးသွားချိန်တွင် စုဟယ်က စတင်ထုပ်ပိုးတော့သည်။

ယခုတစ်ကြိမ်တွင် ထုပ်ပိုးသည့် ဘူးအသစ်များကို အသုံးပြုထားသဖြင့် မုန့်များမှာ ပိုမိုအဆင့်မြင့်ပြီး ထူးခြားသည့် ပုံစံမျိုး ပေါက်နေသည်။

နှစ်ယောက်အတူတူ လက်တွဲလုပ်ကိုင်ကြသဖြင့် ပင်ပန်းသည်ဟုပင် မခံစားရပေ။

စုဟယ်က ကုန်စုံဆိုင်ဘက်တွင် ဧည့်သည်များကို ဝန်ဆောင်မှုပေးနေပြီး ဟုန်လျန်ကတော့ နောက်ဖေးမီးဖိုချောင်တွင် အလုပ်ရှုပ်နေသည်။

မနေ့က ကြော်ငြာခဲ့မှုကြောင့် ယနေ့မနက်တွင် မုန့်လာဝယ်သူများမှာ မနေ့ကထက်ပင် ပိုမိုများပြားလာပြီး တန်းစီစောင့်ဆိုင်းနေကြ၏။

စုဟယ်သည် ရင်းနှီးနေသော မျက်နှာအချို့ကိုပင် တွေ့လိုက်ရသည်၊၊ မနေ့က လာဝယ်ဖူးသည့် ဖောက်သည်ဟောင်းများပင်။

ဟုန်လျန်က နောက်ထပ်မုန့်တစ်သုတ် ထပ်လုပ်နေရသဖြင့် ထုပ်ပိုးရန် အချိန်မလောက်တော့ပေ။

ထို့ကြောင့် သူမသည် သံလင်ဗန်းအကြီးကြီးများကို အသုံးပြုကာ မုန့်များကို သယ်ဆောင်လာပြီး ကုန်စုံဆိုင်ဘေးရှိ စင်တစ်ခုပေါ်တွင် တင်ထားလိုက်သည်။

"အားလုံးပဲ ခဏလောက် စောင့်ပေးကြပါဦးနော်၊ ကျမ မုန့်တွေကို အရင် ထုပ်ပိုးပေးပါရစေ"

စုဟယ် လက်ဆေးကာ နှာခေါင်းစည်းနှင့် လက်အိတ်များကို စွပ်လိုက်ပြီး ဘေးစင်ဘက်သို့ လှည့်ကာ မုန့်များကို ထုပ်ပိုးတော့၏။

ဟဲယဲ့တည်းခိုခန်း၏ ကုန်စုံဆိုင်မှာ ပွင့်လင်းမြင်သာသော ပုံစံမျိုးဖြစ်သည်၊ လိပ်တံခါးကို ဆွဲတင်လိုက်ရုံဖြင့် လွတ်လပ်စွာ ဝင်ထွက်နိုင်ပြီး မြင်ကွင်းနှင့် အလင်းရောင်မှာလည်း အလွန်ကောင်းမွန်လှသည်။

မုန့်ထုပ်ပိုးနေသော စုဟယ်သည် သူမ၏ အမြင်အာရုံမှာ တဖြည်းဖြည်း မှောင်လာသလို ခံစားလိုက်ရ၏။

သူမ ခေါင်းလှည့်ကြည့်လိုက်သည့်အခါ အံ့ဩသွားရသည်။

စင်ရှေ့တွင် လူများဖြင့် ပြည့်နှက်နေခြင်းပင်။

လူတိုင်းက လည်ပင်းကို ဆန့်ပြီး စုဟယ်ကို စူးစမ်းစွာ ကြည့်နေကြသည်။

ကံကောင်းသည်မှာ ဖောက်သည်များအားလုံးက စည်းကမ်းရှိကြပြီး စင်အတွင်းဘက်အထိ တိုးဝှေ့ဝင်ရောက်လာခြင်းမျိုး မရှိကြပေ။

ဖောက်သည်များ စိတ်မရှည်ဖြစ်နေကြသည်ဟု စုဟယ်က ထင်မှတ်သွားပြီး အားနာစွာဖြင့် ပြောလိုက်သည်။

"အားလုံးပဲ Little Green Book နဲ့ Douyin ပေါ်မှာ အရင်ဆုံး ပို့စ်တင်ထားကြပါလားရှင့်။ (၅) ယွမ် လျှော့ဈေး ရမှာနော်။ ဒီအစီအစဉ်က မနက်ဖြန်ဆို မရှိတော့ဘူး၊ တင်ပြီးရင် ကျမကို ပြလိုက်ရုံပါပဲ၊ ဒါဆို အဆင်ပြေပါပြီ"

အရှေ့ဆုံးတွင် ရှိနေပြီး SLR ကင်မရာကို ကိုင်ထားသော မိန်းကလေးမှာ အသစ်စက်စက် ထွက်လာသော မုန့်များကို တဖျတ်ဖျတ် ရိုက်ကူးနေရင်း ပြောလိုက်သည်။

"ဝါး ဒါတွေက တကယ်ကို လတ်လတ်ဆတ်ဆတ် လုပ်ထားတာပဲ၊ အငွေ့တွေတောင် ထွက်နေတုန်းပဲ"

အေးခဲထားသော အစားအစာများကိုသာ သုံးစွဲသည့် ခေတ်ကာလတွင် လူအများသည် လက်လုပ် နှင့် အိမ်လုပ် ဆိုသည့် စကားလုံးများအပေါ် သံသယများဖြင့် ပြည့်နှက်နေတတ်ကြသည်။

ဟဲယဲ့တည်းခိုခန်းက လက်လုပ်မုန့်များဟု ကြော်ငြာထားသော်လည်း SLR ကိုင်ထားသော မိန်းကလေးမှာ အနည်းငယ် သံသယရှိနေသေး၏။ အထူးသဖြင့် ဟဲယဲ့တည်းခိုခန်းမှာ လည်ပတ်စရာနေရာ၏ အဝင်ဝတွင် တည်ရှိနေသဖြင့် ယုံကြည်ရမှု ပိုနည်းနေခြင်းပင်။

ယခုအခါ အငွေ့တထောင်းထောင်း ထွက်နေသော မုန့်များကို မြင်လိုက်ရသည့်အခါတွင် သူမ၏ နောက်ဆုံးကျန်ရှိနေသော သံသယအစအနလေးမှာ ပျောက်ကွယ်သွားတော့သည်။

"သူဌေးမ၊ ကျွန်မ အထဲဝင်ပြီး မုန့်တွေ ဘယ်လိုလုပ်သလဲဆိုတာ ကြည့်လို့ရမလား "

ထိုမိန်းကလေးက စပ်စုချင်စိတ်ဖြင့် မေးလိုက်၏။

စုဟယ်က သူမ၏ ကင်မရာကို ကြည့်လိုက်သည်။

"ရပါတယ်၊ ဒါပေမဲ့ နောက်ဖေးမီးဖိုချောင်ထဲအထိတော့ ဝင်လို့မရဘူးနော်။ မှန်ကနေတစ်ဆင့်ပဲ ကြည့်လို့ရမယ်။ ပြီးတော့ ကျွန်မတို့အတွက် ပလက်ဖောင်းတွေပေါ်မှာ ပိုပြီး ကြော်ငြာပေးရမယ်နော်"

မိန်းကလေးက ချက်ချင်းပင် ကတိပေးလိုက်၏။

"ဒါပေါ့ ကျွန်မ အထဲဝင်ပြီး မုန့်လုပ်နေတဲ့ စားဖိုမှူးကို မနှောင့်ယှက်ပါဘူး၊ သူဌေးမ စိတ်မပူပါနဲ့ ကျမရဲ့ Little Green Book မှာ Follower (၁၀၀၀၀) တောင် ရှိတာ၊ ကျွန်မ အသေအချာ ကူညီပြီး ကြော်ငြာပေးပါ့မယ် သူဌေးမ "

"ကောင်းပါပြီ၊ ဒီဘက်က လာခဲ့ပါ။ ရော့၊ ဒါက ရှင်ဝယ်ထားတဲ့ ဆီးသီးနဲ့ ကန်စွန်းဥမုန့်ပါ"

စုဟယ်က မုန့်ကို ကမ်းပေးလိုက်သည်။

မိန်းကလေးက မုန့်ကို လှမ်းယူပြီး စိတ်လှုပ်ရှားစွာဖြင့် နောက်ဖေးမီးဖိုချောင်ဘက်သို့ ပြေးသွားတော့သည်။

"မုန့် သုံးဘူးဆိုရင် (၆၅)ယွမ်ပါ၊ (၅)ယွမ် လျှော့ဈေးနဲ့ဆိုတော့ (၆၀) ပဲ စကန်ဖတ်လိုက်ပါနော်"

စုဟယ်က နောက်ထပ် ဖောက်သည်တစ်ဦးအတွက် မုန့်ထုပ်ပေးလိုက်သည်။

နောက်ထပ် ဖောက်သည်တစ်ဦးက အထဲသို့ ချောင်းကြည့်ရင်း ဆိုသည်။

"သူဌေးမ၊ ဟိုအသစ်ထွက်လာတာက ဆီးသီးနဲ့ ကန်စွန်းဥမုန့်လား ကျမကို နောက်ထပ် တစ်ဘူး ထပ်ထည့်ပေးပါဦး"

နောက်ထပ် ဖောက်သည်အတော်များများမှာလည်း ထိုနည်းအတိုင်းပင်။

လတ်လတ်ဆတ်ဆတ် ပြုလုပ်ထားသော မုန့်များမှာ အလွန်ပင် ဆွဲဆောင်မှုရှိလှပြီး လူအများအပြားက တစ်ဘူးလျှင် (၂၀) ယွမ်တန် ဆီးသီးနှင့် ကန်စွန်းဥမုန့်ကို လိုချင်နေကြသည်။ မုန့်ဝယ်ပြီးသား ဖောက်သည်အချို့ပင် စပ်စုချင်စိတ်ကို မထိန်းနိုင်ဘဲ နောက်ဖေးမီးဖိုချောင်သို့ သွားရောက်ကြည့်ရှုကြ၏။

စုဟယ်သည် အံ့သြသံများနှင့် တောက်ခေါက်သံ အချို့ကို ကြားနေရသည်။

"သူဌေးမ၊ ဒါက နောက်ဆုံးကျန်တဲ့ သစ်ခွသီးနဲ့ သစ်အယ်သီးမုန့် နှစ်ဗန်းပဲ"

မနက် (၁၀)နာရီတွင် ဟုန်လျန် ချွေးများကို သုတ်ရင်း နောက်ဖေးမီးဖိုချောင်မှ ထွက်လာ၏။

သူမနောက်တွင်တော့ ခုနက သွားကြည့်ကြသော ဖောက်သည်များ တန်းစီပြီး ပါလာကြသည်။

မနေ့ကတည်းက သူမနှင့် စုဟယ်တို့သည် မုန့်မည်မျှလုပ်မည်ကို တိုင်ပင်ထားပြီးသားဖြစ်သည်၊၊ ကုန်သွားသည်အထိသာ ရောင်းမည်၊၊ ထပ်မလုပ်တော့ပေ။

မည်သို့ပင်ဆိုစေကာမူ မုန့်ကို အကန့်အသတ်မရှိ ရောင်းချ၍ မရနိုင်သလို၊ စုဟယ်အနေဖြင့်လည်း စနစ်မှ ပေးထားသော တာဝန်များကို ပြီးမြောက်အောင် လုပ်ဆောင်ရန် အချိန်ဖယ်ထားရပေမည်။

"သစ်အယ်သီးမုန့်ပဲ ကျန်တော့တယ်နော်၊ နောက်က ဖောက်သည်တွေ တန်းမစီကြနဲ့တော့နော်"

နှစ်ကြိမ်ခန့် အော်ပြောပြီးနောက် စုဟယ် ချက်ချင်းပင် ပါးစပ်ပိတ်လိုက်၏။

အကြောင်းမှာ စပ်စုရင်းနှင့် ဖြတ်သွားဖြတ်လာ လုပ်နေကြသော ဖောက်သည်များမှာ မုန့်ကုန်တော့မည်ဟူသော အသံကို ကြားလိုက်ရသည့်အခါ တန်းစီသည့် လူတန်းထဲသို့ အလျင်အမြန် ပြန်ဝင်လာကြသောကြောင့် ဖြစ်သည်။

"တကယ် ကုန်သွားပါပြီရှင်၊ ဒီနေ့ နေ့ခင်းဘက် မရောင်းတော့ပါဘူး။ မနက်ဖြန် မနက် (၈) နာရီမှ ပြန်လာခဲ့ကြပါနော်"

စုဟယ် ကျန်ရှိနေသော ဖောက်သည်များကို ပြန်ရန် အတတ်နိုင်ဆုံး တိုက်တွန်းနေရသည်။

ယနေ့တွင် မုန့်များကို ပိုမိုပြုလုပ်ထားသော်လည်း မနေ့ကထက်ပင် ပိုမိုမြန်ဆန်စွာ ကုန်သွား၏။

မနက်ဖြန် မနက်ဆိုလျှင် ယခုထက်ပင် ပိုစောစော ကုန်သွားနိုင်သည်ကို ခန့်မှန်းရသည်။

သူမနှင့် ဟုန်လျန်တို့သည် မုန့်လုပ်ရန်အတွက် မနက် (၆) နာရီကတည်းက ထခဲ့ကြသော်လည်း ထုတ်ကုန်မှာ အမှန်တကယ်ပင် အကန့်အသတ် ရှိနေသည်။

ဟုန်လျန်သည် မနက်ခင်းတစ်ပိုင်းလုံး နောက်ဖေးမီးဖိုချောင်တွင် အလုပ်ရှုပ်ခဲ့သဖြင့် အတော်လေး ပင်ပန်းနေကာ ခုံတန်းလျားတစ်ခုပေါ်တွင် ကြောင်အမ်းအမ်းလေး ထိုင်နေ၏။

စုဟယ်သည် အပြင်းအထန် အလုပ်လုပ်ပြီးချိန်တွင် ခံစားရတတ်သည့် ထုံထိုင်းထိုင်း ခံစားချက်မျိုးကို အပြည့်အဝ နားလည်ပေးနိုင်ပါသည်။

တစ်ကိုယ်လုံး အားအင်ကုန်ခမ်းသွားသလိုမျိုး အမှန်တကယ်ပင် ခံစားရ၏။

စုဟယ်သည် ဟုန်လျန်အတွက် ဆိုဒါတစ်ဘူး ဖွင့်ပေးလိုက်သည်။

ဟုန်လျန်က လေတက်လိုက်ပြီး တစ်ငုံသောက်ကာ ပျော်ရွှင်စွာ ပြုံးလိုက်၏။

သူမသည် အချိုရည်၏ အရသာကို အထူးပင် နှစ်သက်သည်။ လျှာပေါ်တွင် အမြှုပ်လေးများ ကခုန်နေသည့် ခံစားချက်မှာ အမှန်တကယ်ကို အံ့သြဖို့ကောင်းလှ၏။

"အထဲဝင်သွားတဲ့ ဖောက်သည်တွေက နင့်ကို မနှောင့်ယှက်ကြဘူးမလား "

စုဟယ် မေးလိုက်သည်။

ဟုန်လျန် လေတစ်ချက် ထပ်တက်လိုက်မိရာ အနည်းငယ် ရိုင်းသွားသလို ခံစားရသဖြင့် အားနာစွာ ပြုံးလိုက်ပြီးမှ နှုတ်ခမ်းလေးကို စေ့ကာ ပြန်ဖြေ၏။

"မနှောင့်ယှက်ပါဘူး၊ အစကတော့ ကျွန်မ သတိတောင်မထားမိဘူး။ ခေါင်းလှည့်ကြည့်လိုက်မှ အပြင်မှာ လူတွေရပ်နေတာကို မြင်ပြီး လန့်သွားတာ"

ဝင်လာသော ဖောက်သည်များမှာ အလွန်ပင် ယဉ်ကျေးကြသည်။ သူတို့သည် နောက်ဖေးမီးဖိုချောင်ထဲသို့ ကျူးကျော်ဝင်ရောက်ခြင်း မရှိဘဲ ဖုန်းများဖြင့်သာ တဖျတ်ဖျတ် ဓာတ်ပုံရိုက်နေကြ၏။

စုဟယ်၏ ရှင်းပြချက်ကြောင့် ဟုန်လျန်သည် ပုံရိပ်များကို ဖမ်းယူနိုင်သော ထိုစက်ပစ္စည်းများအကြောင်းကို နားလည်သွားပြီဖြစ်ရာ ဖုန်း သို့မဟုတ် ကင်မရာများက သူမ၏ ဝိညာဉ်ကို နှုတ်ယူသွားမည်ကို စိုးရိမ်စရာ မလိုတော့ပေ။

ထို့ကြောင့် ဟုန်လျန်မှာ စိတ်အနှောင့်အယှက် မဖြစ်ဘဲ မုန့်လုပ်ခြင်းအပေါ်တွင်သာ အာရုံစိုက်နိုင်ခဲ့သည်။

ဘဝတွင် အရေးကြီးဆုံး မေးခွန်းမှာ ဘာစားမလဲ ဆိုသည်ပင်၊၊ စုဟယ်လည်း ဘာစားရမလဲ မစဉ်းစားတတ်သေးပေ။

"နေ့လယ်စာ ဘာစားကြမလဲ။ စားပြီးရင်တော့ သွားနားပြီး တစ်ရေးလောက် အိပ်လိုက်ဦး"

စုဟယ် စကားပြောလို့ပင် မဆုံးသေးမီ မှိုင်းညို့နေသော ကောင်းကင်ကြီးမှာ ချက်ချင်းပင် မှောင်အတိ ကျသွားပြီး တိမ်တိုက်များမှာ အထပ်ထပ် အုပ်မိုးလာတော့သည်။

မိုးရွာတော့မည်။

"သူဌေးမ၊ မိုးရွာတော့မယ်၊ အိမ်မှာပဲ စားကြရအောင်။ ကျွန်မ ဟင်းတစ်ခွက်တော့ ချက်နိုင်ပါတယ်"

ဟုန်လျန်က ကောင်းကင်ကို ကြည့်ရင်း အိမ်မှာ စားရန် အကြံပြုလိုက်သည်။

သူမသည် ယခုအခါ မီးဖိုချောင်သုံးပစ္စည်းများနှင့် အတော်လေး ရင်းနှီးနေပါပြီ။

စုဟယ်သည် မိုးသည်းထန်စွာ ရွာသွန်းပါက ဆိုင်ထဲသို့ မိုးပက်မည်ကို စိုးသဖြင့် ကုန်စုံဆိုင်၏ တံခါးကို တစ်ဝက်ခန့် ချလိုက်သည်။

"ကောင်းပြီလေ၊ ဒါဆိုရင် ဆိုင်ထဲမှာပဲ စားကြတာပေါ့။ ငါတို့နှစ်ယောက်စလုံးမှာ ကားမရှိတော့ မနက်ဖြန် မုန့်လုပ်ဖို့ လိုတဲ့ ကုန်ကြမ်းတွေကို နောက်မှ ဈေးဆိုင်ပိုင်ရှင်ဆီ ဖုန်းဆက်ပြီး လာပို့ခိုင်းလိုက်မယ်"

သူမ စကားပြောပြီးသည်နှင့် ကောင်းကင်ကြီး ပွင့်ထွက်သွားသည့်အလား မိုးရေများမှာ ရေပုံးများဖြင့် လောင်းချနေသည့်အလား သည်းထန်စွာ ရွာချလိုက်တော့သည်။

14

"ရှင့်ကို မိုးလေဝသခန့်မှန်းချက် ကြည့်ပါဦးဆိုတာကို မကြည့်ဘူး။ ဒါမျိုးဖြစ်တာ ဘယ်နှစ်ခါရှိပြီလဲ"

ရေများ စိုရွှဲနေသော အမျိုးသမီးတစ်ဦးသည် ဒေါသသံအပြည့်ဖြင့် ဟဲယဲ့တည်းခိုခန်းထဲသို့ လျှောက်လှမ်းဝင်ရောက်လာသည်။

သူမ၏နောက်တွင်တော့ ရေနစ်ထားသော ကြွက်ကလေးတစ်ကောင်နှယ် ဖြစ်နေသည့် အမျိုးသားတစ်ဦး ပါလာ၏။

ထိုအမျိုးသားမှာ သူ့မျက်နှာကို သုတ်နေသော်လည်း သိပ်တော့ ထူးမခြားနားလှပေ။ သူ့ခေါင်းပေါ်မှ မိုးရေများက မျက်နှာပေါ်သို့ တစက်စက် ကျဆင်းနေပြီး မကြာမီမှာပင် မျက်နှာမှာ ရေများဖြင့် ပြန် စိုစွတ်သွားတော့၏။

"ကောင်းပါပြီ၊ ကောင်းပါပြီ... ကိုယ့်အမှားပါ၊ ကိုယ့်အမှား။ မိန်းမရယ်... စိတ်မဆိုးပါနဲ့တော့နော်၊ ဟုတ်ပြီလား"

အမျိုးသားသည် ဧည့်ကြိုကောင်တာပေါ်တွင် တစ်ရှူးအချို့ကို တွေ့လိုက်သဖြင့် အနည်းငယ် ဆွဲထုတ်ကာ အမျိုးသမီးထံ ကမ်းပေးလိုက်သည်။

"မိန်းမ... နောက်တစ်ခါကျရင် ကိုယ် အသေအချာ မှတ်ထားပါ့မယ်။ အခုက ကိုယ်လည်း အလုပ်တွေ အရမ်းများနေလို့ပါ"

အမျိုးသမီးက မျက်စောင်းတစ်ချက် ထိုးလိုက်ရင်း သူ့စကားကို ဖြတ်ပြောလိုက်သည်။

"ဟွန့်"

'ပေါက်ကရတွေ ပြောနေပြန်ပြီ၊ သူ့ကြည့်လိုက်ရင် အမြဲတမ်း ဆင်ခြေအပြည့်ပဲ'

သူမသည် စုဟယ်ကို တစ်ချက်ကြည့်လိုက်ပြီး ပြင်ပလူတစ်ယောက်ရှေ့တွင် ခင်ပွန်းကို ဆူပူကြိမ်းမောင်းနေခြင်းဖြင့် မျက်နှာ မပျက်စေလိုသဖြင့် ဒေါသကို အသာအယာ ထိန်းချုပ်လိုက်သည်။

"ဒီမှာ ရေပူနဲ့ ချိုးလို့ရလား"

အမျိုးသမီးသည် စုဟယ်အပေါ် ဒေါသပုံမချဘဲ အလွန်ပင် ယဉ်ကျေးပျူငှာစွာ မေးလိုက်၏။

စုဟယ် မိုးခိုရန် ဝင်လာကြသော ဧည့်သည်နှစ်ဦးအတွက် ရေပူစက်မှ ရေပူနှစ်ခွက်ကို ခပ်ပေးလိုက်သည်။

"ကျေးဇူးပဲဗျာ"

အမျိုးသားက ရေခွက်ကို လှမ်းယူပြီး သူ့ဇနီးထံသို့ အလောတကြီး ကမ်းပေးလိုက်သည် ။

"ရော့ မိန်းမ၊ ကိုယ်လက်တွေ နွေးသွားအောင် ရေလေး နည်းနည်း သောက်လိုက်ဦး"

အမျိုးသမီးက ရေခွက်ကို ယူလိုက်ပြီး စုဟယ်ဘက်သို့ လှည့်ကာ ကျေးဇူးတင်စကား ပြောလိုက်သော်လည်း အမျိုးသားကိုမူ လျစ်လျူရှုထားလိုက်သည်။

"သူဌေးမ၊ ကျွန်မတို့ကို အခန်းတစ်ခန်း ပေးပါဦး "

အမျိုးသမီးက သူမ၏ မှတ်ပုံတင်ကတ်ကို ထုတ်ပေးလိုက်၏။

စုဟယ်က ပြုံးလျက် လှမ်းယူလိုက်သည်။

အမျိုးသမီး၏ အမည်မှာ ကျူးစီးစီး ဖြစ်ပြီး အသက် (၂၇) နှစ် ရှိပြီဖြစ်သည်။

သူမ၏ ခင်ပွန်းအမည်မှာ ကျန်းရိချန် ဖြစ်ပြီး (၂၉) နှစ် ရှိပြီ ဖြစ်သည်။

သူတို့၏ အသက်အရွယ်မှာ လိုက်ဖက်ညီပုံရပြီး သူတို့၏ ရုပ်ရည်နှင့် ပတ်သက်၍မူ စိတ်သဘောထားကောင်းသော သူတစ်ဦးသည် လှပသော ဇနီးကို ပိုင်ဆိုင်နိုင်သည်ဟု ဆိုရပေလိမ့်မည်။

"မင်္ဂလာပါ အစ်မကျူးရှင့်၊ ကျွန်မတို့ တည်းခိုခန်းမှာ အခု အရောင်းမြှင့်တင်ရေး အစီအစဉ် ရှိနေပါတယ်။ လူကြီးကုတင် တစ်လုံးပါတဲ့ အခန်း ဆိုရင် တစ်ညကို (၁၂၀) ယွမ်ဖြစ်ပြီး၊ ကုတင်နှစ်လုံးပါတဲ့ အခန်း ဆိုရင်တော့ (၁၆၀) ယွမ်ပါရှင် "

စုဟယ် ထိုစုံတွဲအတွက် အခြားအခန်းအမျိုးအစားများကို ဆက်လက် အကြံမပြုတော့ပေ။

သို့သော် သူမက ချက်ချင်းပင် ထပ်လောင်းပြောလိုက်သည်။

"အခု ကျွန်မတို့ဆီမှာ ရှုရှင်း ဇိမ်ခံအခန်း အသစ် ဖွင့်ထားတာ ရှိပါတယ်၊ တစ်ညကို (၃၀၀)ယွမ်ပါ။ အဲဒီအခန်းမှာ အသံလုံစနစ်ပါတဲ့ တံခါးနဲ့ ပြတင်းပေါက် အသစ်တွေကို သုံးထားပြီး ကုတင်ကလည်း အထူးမှာယူထားတာဖြစ်လို့ စိုးရိမ်ပူပန်မှုတွေကို ပြေပျောက်စေတယ်၊ အိပ်ပျော်စေတယ်၊ အားအင်တွေ ပြည့်ဖြိုးစေတယ်၊ ဒါကြောင့် ဧည့်သည်တို့အတွက် တစ်ညတာ ကောင်းမွန်စွာ အိပ်စက်နိုင်ဖို့ အာမခံပါတယ်ရှင် "

စုဟယ်သည် အခွင့်အရေးကို အမိအရ ဆုပ်ကိုင်ကာ ကြော်ငြာလိုက်သည်။

ကျူးစီးစီး စကားပြောရန် ပြင်လိုက်စဉ်မှာပင် ကျန်းရိချန်က ရေတစ်ငုံ သောက်လိုက်ပြီး ကြားဖြတ်ပြောလိုက်သည်။

"ကျွန်တော် တို့ အဲဒီ (၃၀၀) တန် အခန်းပဲ ယူမယ်ဗျာ "

ကျူးစီးစီးက မျက်စောင်းထိုးလိုက်ပြီး ကျန်းရိချန်၏ ခါးကို တစ်ချက် ဆိတ်လိုက်သည်။

'သူ ဘာဖြစ်ချင်နေတာလဲ၊ ဒီမှာ လူချမ်းသာပုံစံ ပေါက်ချင်နေတာလား'

ကျူးစီးစီးက ငြင်းပယ်တော့မည်ကို မြင်လိုက်ရသဖြင့် စုဟယ်က နောက်ဆုံးအခွင့်အရေးကို ဖမ်းဆုပ်လိုက်သည်။

"အစ်မကျူး၊ မစ္စတာကျန်း၊ ကျွန်မတို့ အခန်းတွေကို အရင်ဆုံး တစ်ချက်လောက် သွားကြည့်ကြမလားရှင်"

စုဟယ်သည် ဧည့်ကြိုကောင်တာ နောက်ကွယ်မှ ထွက်လာသည်။ ယခုတစ်ကြိမ်တွင်တော့ ကျူးစီးစီး မငြင်းတော့ပေ။ စုဟယ် သူတို့ကို စတုတ္ထထပ်သို့ အရင်ခေါ်သွားပြီး ကုတင်နှစ်လုံးပါ အခန်းကို ပြလိုက်သည်။

"ဒါက ကျွန်မတို့ရဲ့ ကုတင်နှစ်လုံးပါ အခန်းပါ၊ အတော်လေးတော့ ကျယ်ဝန်းပါတယ်ရှင် "

စတုတ္ထထပ်အထိ တက်လာပြီးနောက် ကျူးစီးစီးမှာ အနည်းငယ် နောင်တရသွား၏။ သူမသည် ဝေဖန်သော အကြည့်ဖြင့် အခန်းကို ကြည့်လိုက်သည်။ အနည်းငယ် ဟောင်းနေသော်လည်း သန့်ရှင်းသပ်ရပ်မှုတော့ ရှိပါသေးသည်။

"ဒါကတော့ ကျွန်မတို့ရဲ့ သာမန် လူကြီးကုတင်ခန်းပါရှင် "

စုဟယ် ကျူးစီးစီးကို တတိယထပ်ရှိ လူကြီးကုတင်ခန်းဆီသို့ လိမ္မာပါးနပ်စွာ ခေါ်ဆောင်လာခဲ့သည်။

ကျူးစီးစီးမှာ ပို၍ပင် နောင်တရသွားရသည်။ ဤအရာများအားလုံးသည် သူမ၏ အသုံးမကျသော ခင်ပွန်းက အပြင်မထွက်ခင် မိုးလေဝသခန့်မှန်းချက် မကြည့်ခဲ့၍ပင်။ မဟုတ်လျှင် ယခုလို ရှေးကျသည့် တည်းခိုခန်းမျိုးမှာ သူတို့ သောင်တင်နေမည်မဟုတ်ပေ။

သူမ ပြတင်းပေါက်အပြင်ဘက်သို့ တစ်ချက် ကြည့်လိုက်သည်။ မိုးက ယခင်ကထက်ပင် ပိုမို သည်းထန်စွာ ရွာသွန်းနေ၏။

ကျူးစီးစီးသည် သိပ်ပြီး မျှော်လင့်ချက်မထားတော့ဘဲ စုဟယ်နောက်မှ လိုက်ကာ ဒုတိယထပ်ရှိ ရှုရှင်း ဇိမ်ခံအခန်း ဆီသို့ လိုက်လာခဲ့သည်။

သူမ အထဲသို့ ဝင်လိုက်သည်နှင့် သိသိသာသာ ကွဲပြားခြားနားမှုကို ခံစားလိုက်ရ၏။ အပြင်ဘက်က မိုးစက်သံ တဖြောက်ဖြောက်မှာ ပျောက်ကွယ်သွားတော့သည်။ အသုံးမကျသော ခင်ပွန်း၏ အမောတကော အသက်ရှူသံကိုပင် သူမ သတိထားမိလိုက်၏။

"အစ်မကျူး ကြည့်ပါဦးရှင်၊ ဒီအခန်းက ထူးထူးခြားခြား တိတ်ဆိတ်မနေဘူးလား "

စုဟယ်က လိမ္မာပါးနပ်စွာဖြင့် လျှောက်သွားပြီး ပြတင်းပေါက်ကို ဖွင့်လိုက်သည်။

"ဝေါ" မိုးရွာသံက စတင်ထွက်ပေါ်လာ၏။

ပြတင်းပေါက်ကို ပြန်ပိတ်လိုက်သည့်အခါ အခန်းတွင်းမှာ ချက်ချင်းပင် ပြန်လည် တိတ်ဆိတ်သွားတော့သည်။

ကျူးစီးစီး၏ မျက်နှာအမူအရာမှာ သိသိသာသာ ပျော့ပျောင်းသွားသည်။ ဤအခန်းက ထင်သလောက် မဆိုးလှပေ။

ပြတင်းပေါက်များမှာ ကြည်လင်သန့်ရှင်းနေပြီး ထူးထူးခြားခြားလည်း တိတ်ဆိတ်လှသည်။

အခန်းအလယ်က ကုတင်မှာလည်း အလွန်ပင် နူးညံ့မည့် ပုံစံမျိုးပေ။

ကျန်းရိချန်က အရင်ဦးအောင် လက်လှမ်းပြီး ကုတင်ပေါ်သို့ အားပြင်းပြင်းဖြင့် ဖိကြည့်လိုက်သည်၊ အတော်လေး နူးညံ့ပြီး ချက်ချင်းပင် နဂိုပုံစံအတိုင်း ပြန်တက်လာသည်။

ကျူးစီးစီးသည် အိပ်ရာခင်းများကို အနီးကပ် သေချာစွာ စစ်ဆေးလိုက်၏။ အနီးကပ်ကြည့်သည့်အခါ သူမ နေရောင်ခြည်ကဲ့သို့ သင်းပျံ့သော ရနံ့တစ်ခုကို ရလိုက်ပြီး အလွန်ပင် စိတ်သက်သာသွားတော့သည်။

ကျန်းရိချန် ယခုတစ်ကြိမ်တွင်တော့ အကဲခတ် အတော်လေး တော်လှသည်။

"မိန်းမ၊ မင်း ဒီမှာ အရင်နားနေလိုက်ဦး၊ ကိုယ် အောက်ဆင်းပြီး ပိုက်ဆံသွားရှင်းလိုက်မယ် "

"အင်း"

ကျူးစီးစီးက ဝတ်ကျေတမ်းကျေ ပြန်ဖြေလိုက်သည်။

စုဟယ်၏ ရင်ထဲမှာတော့ ပျော်လွန်း၍ ကခုန်နေတော့သည်၊၊ သူမ အိပ်ပျော်နေသော မင်းသမီးလေး၏ ကုတင်ကို ငှားလိုက်နိုင်ပါပြီ။

ဖိုးရွာလိုက်တာ တကယ့်ကို ကောင်းပါ၏။

၎င်းသည် သူမ စိတ်ကူးပေါက်ရာ အလွတ်သဘော ပေးလိုက်သည့် ရှုရှင်း ဇိမ်ခံအခန်း ဆိုသော အမည်နှင့် ဈေးနှုန်းဖြစ်ကြောင်း သူမကိုယ်တိုင်ပဲ သိသည်။

စုဟယ် ပျော်ရွှင်စွာဖြင့် ကျန်းရိချန်ကို ပထမထပ်ရှိ ဧည့်ကြိုကောင်တာသို့ ပြန်လည် ခေါ်ဆောင်လာလိုက်၏။

"မစ္စတာကျန်း၊ ကုဒ် စကန်ဖတ်လိုက်လို့ ရပါပြီရှင်။ မှတ်ပုံတင်ကတ်ကိုလည်း ကျေးဇူးပြုပြီး သိမ်းထားပေးပါဦးနော် "

"ဒီမှာ ခေါက်ဆွဲခြောက်တွေ ရှိလားဗျ "

ကျန်းရိချန်က မေးလိုက်သည်။ မိုးက သည်းသည်းမည်းမည်း ရွာနေသဖြင့် အပြင်က အစားအစာ မှာယူဖို့က ခက်ခဲလှ၏။

စုဟယ်က သူ့ကို ကုန်စုံဆိုင်ဘက်သို့ ခေါ်သွားသည်။

"ရှိပါတယ်ရှင်။ ဘယ်လိုအရသာမျိုး လိုချင်လဲ"

ကျန်းရိချန်တည်းခိုခန်းအတွင်း၌ ကုန်စုံဆိုင်လေး ရှိနေသည်ကို မြင်ရသဖြင့် ပို၍ပင် စိတ်ကျေနပ်သွား၏။ သူသည် မျက်နှာသုတ်ပုဝါ အသစ်နှစ်ထည် ဝယ်လိုက်ပြီး၊ တစ်ခါသုံး အတွင်းခံများနှင့် ခြေအိတ်များကို ယူကာ၊ ချောင်ချောင်ချိချိရှိမည့် အိပ်ယာဝင် ဝတ်စုံတစ်စုံကိုလည်း ရွေးချယ်လိုက်သည်။

သူနှင့် သူ့ဇနီးတို့၏ အဝတ်အစားများမှာ စိုရွှဲနေသဖြင့် ဝတ်ထားရသည်မှာ အမှန်တကယ်ပင် သက်သောင့်သက်သာ မရှိလှပေ။

စုဟယ်သည် ပို၍ပင် တောက်ပစွာ ပြုံးလိုက်သည်။

"ကျွန်မတို့ဆီမှာ ခြောက်ထပ်မှာ အဝတ်လျှော်စက်နဲ့ အခြောက်ခံစက်လည်း ရှိပါတယ်၊ အပေါ်တက်ပြီး ကြည့်လို့ရပါတယ်ရှင်။ ဒါကတော့ ဘေးနားက စားသောက်ဆိုင် နှစ်ဆိုင်ရဲ့ မီနူး တွေပါ၊ တိုက်ရိုက်ဖုန်းဆက်လိုက်ရင် အိမ်အရောက် လာပို့ပေးနိုင်ပါတယ်ရှင် "

စုဟယ်သည် အဘိုးကြီးလီရဲ့ အိုးကပ်ထမင်းဆိုင် နဲ့ ဝမ်ဘဲကင်ဆိုင်တို့ စီးပွားရေးကို ကြော်ညာပေးရန်မမေ့ချေ။

သူမသည် ကျန်းရိချန်ထံသို့ အိတ်တစ်အိတ် ကမ်းပေးလိုက်ပြီး ကုန်စုံဆိုင်ထဲတွင် သူမကိုယ်တိုင် စားရန် ပြင်ဆင်ထားသော ရူယီမုန့် တစ်ဘူးကို မြင်လိုက်သဖြင့် ၎င်းကိုပါ ယူပြီး အိတ်ထဲသို့ ထည့်ပေးလိုက်သည်။

"မစ္စတာကျန်း၊ ဒါက ကျွန်မတို့ ကိုယ်တိုင်လုပ်ထားတဲ့ ရူယီမုန့်လေးပါရှင်။ အမြည်းအနေနဲ့ လက်ဆောင်ပေးတာပါ၊ ဧည့်သည်တို့ဇနီးမောင်နှံ အစစအရာရာ အဆင်ပြေပါစေလို့ ဆုတောင်းပေးပါတယ်ရှင် "

ကျန်းရိချန်နှင့် ကျူးစီးစီးတို့သည် ထိုနေရာတွင် မမျှော်လင့်ဘဲ သောင်တင်နေကြခြင်းဖြစ်ရာ သူတို့သည် ဆန်းကျုံးကျောင်းတော်သို့ သွားမည့်လမ်းတွင် ဖြစ်နိုင်ခြေ များလှသည်။

ကျောင်းတော်သို့ သွားကြသူများသည် များသောအားဖြင့် မိမိတို့ လိုလားတောင့်တသောအရာ တစ်ခုခု ရှိတတ်ကြသဖြင့် မင်္ဂလာရှိသော စကားများ ပြောပေးခြင်းက အမြဲတမ်း ကောင်းမွန်သော အကြံဉာဏ်တစ်ခုပါပေ။

"ကျေးဇူးတင်ပါတယ် သူဌေးမ"

ကျန်းရိချန်သည် ယခုအခါ ဟဲယဲ့တည်းခိုခန်းအပေါ် အမြင်ကောင်းသွားတော့၏။

သူဌေးမက အလွန်ပင် ယဉ်ကျေးပျူငှာပြီး အခြားအခန်းများက သိပ်မကောင်းသော်လည်း ယွမ်(၃၀၀) တန် အခန်းကတော့ အတော်လေး ကောင်းလှသည်။

ကျန်းရိချန် သူ့ပစ္စည်းများကို သယ်ကာ အခန်းသို့ ပြန်လာခဲ့၏။

သူ စိုရွှဲနေဆဲ ဖြစ်သဖြင့် ကုတင်ပေါ်တွင် မထိုင်ရဲပေ။

ရေချိုးခန်းထဲမှ ရေကျသံကို ကြားနေရသည်။ ကျူးစီးစီး ရေချိုးနေခြင်းပေ။

ကျန်းရိချန်က လှမ်းအော်ပြောလိုက်၏။

"မိန်းမ၊ ကိုယ် မျက်နှာသုတ်ပုဝါအသစ်တွေနဲ့ တစ်ခါသုံးအတွင်းခံတွေ ဝယ်လာတယ်၊ အိပ်ယာဝင်ဝတ်စုံ တစ်စုံလည်း ပါတယ်နော်။ ဒီမှာ တင်ထားပေးမယ်၊ ဟုတ်ပြီလား "

နောက်ထပ် မိနစ်နှစ်ဆယ်ခန့် ကြာပြီးနောက် ကျူးစီးစီးသည် ရေချိုးခန်းထဲမှ ထွက်လာရာ ကိုယ်ငွေ့လေး တထောင်းထောင်း ထနေသည်။

ဟဲယဲ့တည်းခိုခန်း၏ ရေပူစက်မှ ရေမှာ အလွန်ပင် ပူလှသဖြင့် သူမ၏ စိတ်မကြည်လင်မှုများကို ဆေးကြောပေးလိုက်သလို ဖြစ်သွား၏။

"ရှင် အပြင်ထွက်ပြီး သွားဝယ်တာလား"

ကျူးစီးစီးက အိပ်ယာဝင်ဝတ်စုံကို ယူကာ လဲဝတ်လိုက်သည်။

ကျန်းရိချန်က သူ၏ဇနီးကို ပွင့်ပွင့်လင်းလင်း ကြည့်လိုက်၏

"မဟုတ်ပါဘူး၊ တည်းခိုခန်းထဲမှာ ဆိုင်အသေးလေး တစ်ဆိုင် ရှိတယ်။ ချည်သားစစ်စစ် အိပ်ယာဝင်ဝတ်စုံကို ငါ ရွေးခဲ့တာ "

ကျန်းရိချန်က ရူယီမုန့်ကို ထုတ်လိုက်သည်။

"မိန်းမ၊ ဗိုက်ဆာနေပြီလား ခဏလောက် အဆာပြေအောင် မုန့်လေး နည်းနည်း စားလိုက်ဦးမလား။ ဒါက သူဌေးမက လက်ဆောင်ပေးလိုက်တာ၊ သူတို့ဆိုင်မှာ ရောင်းတဲ့ လက်လုပ်မုန့်တွေတဲ့။ အိတ်ထဲမှာ အစားအသောက် မှာဖို့ မီနူးနှစ်ခုလည်း ပါတယ်။ ကိုယ် ခေါက်ဆွဲခြောက်လည်း ဝယ်ထားတယ်နော် "

ကျူးစီးစီးသည် ခေါက်ဆွဲခြောက်ကို သိပ်ပြီး စိတ်မဝင်စားလှပေ။

သူမသည် ရူယီမုန့် တစ်ခုကို ယူလိုက်ပြီး ရှေးဆန်သော ထုပ်ပိုးမှုပုံစံလေးကို အနည်းငယ် သဘောကျသော အကြည့်ဖြင့် ကြည့်လိုက်သည်။

"ကောင်းပြီ၊ သိပြီ။ ရှင် အရင်သွား ရေချိုးလိုက်ဦး"

ရေချိုးပြီးနောက် လန်းဆန်းသွားသဖြင့် သူမသည် ကုတင်ပေါ်သို့ မှီချလိုက်ရာ တစ်ကိုယ်လုံး ကုတင်ထဲသို့ နစ်ဝင်သွားသလို ခံစားလိုက်ရ၏။

သို့သော် မွေ့ရာက ခါးကို အသေအချာ ထောက်ကူပေးထားသဖြင့် ပင်ပန်းနွမ်းနယ်မှုကို မခံစားရပေ။

ကျူးစီးစီး မုန့်တစ်ခုကို ယူလိုက်သည်။

"အင်း... အရသာရှိလိုက်တာ"

မုန့်က ချိုမြိန်ပြီး နူးညံ့စေးပိုင်လှ၏။ စက်ရုံထုတ် အရသာမျိုး မဟုတ်ပေ။

ခန္ဓာကိုယ်အလှကို အမြဲတမ်း ဂရုစိုက်တတ်သော သူမသည်ပင် နောက်ထပ် တစ်ခု ထပ်စားဖို့ မအောင့်နိုင်တော့ပေ။

သူမသည် ကိုယ်ကို လှုပ်ရှားလိုက်ပြီး ကုတင်ထဲသို့ ပို၍ပင် တိုးဝင်လိုက်သည်။

မွေ့ရာက နူးညံ့လှပြီး စောင်မှာလည်း ချစ်စရာကောင်းသော နေရောင်ခြည်နံ့လေး သင်းနေ၏။

သူမ မုန့်ကို ချထားလိုက်ပြီး မျက်လုံးများကို မမှိတ်ဘဲ မနေနိုင်တော့ပေ။

တကယ်ကို သက်သောင့်သက်သာ ရှိလှသည်။ စိတ်များ လုံးဝ လွတ်လပ်ပေါ့ပါးသွားပြီး ကျူးစီးစီးသည် မွှေးရနံ့သင်းသော ဂွမ်းပုံကြီးပေါ်တွင် လဲလျောင်းနေရသည့်ပမာ ခံစားလိုက်ရသည်။

'အို... မဟုတ်ဘူး၊ ဂွမ်းပုံ မဟုတ်ဘူး၊ တိမ်တိုက်ကြီး တစ်ခုပေါ်မှာလိုပဲ'

သူမသည် တိမ်တိုက်ကြီးတစ်ခုထဲသို့ ကျဆင်းသွားသလို ခံစားလိုက်ရပြီး ပတ်ဝန်းကျင်တစ်ခုလုံးမှာ နူးညံ့မှုများဖြင့် ဝန်းရံနေသည်။ သူမ၏ ဝိညာဉ်လေးမှာ တိမ်တိုက်များနှင့်အတူ လွင့်မျောနေတော့၏။

ကျူးစီးစီးသည် ထိုသို့ ယိမ်းနွဲ့နေရင်းနှင့်ပင် အိပ်ပျော်သွားတော့သည်။ သူမ ကုတင်ပေါ် လဲလျောင်းလိုက်သည်မှာ တစ်မိနစ်ပင် မပြည့်သေးသည်ကို သူမ ကိုယ်တိုင်လည်း မသိလိုက်ပေ။

ကျန်းရိချန် ရေချိုးပြီး ထွက်လာသည့်အခါ ကျူးစီးစီးမှာ နှစ်ခြိုက်စွာ အိပ်ပျော်နေသည်ကို တွေ့လိုက်ရသည်။ သူမ၏ နှုတ်ခမ်းဖျားတွင် အပြုံးလေးတစ်ခု ရှိနေသဖြင့် အိပ်မက်ကောင်းများ မက်နေဟန်ပင်။

အခန်းတွင်းမှာ ထူးထူးခြားခြား တိတ်ဆိတ်နေပြီး ကုတင်ဆီမှ နွေးထွေးသော ခံစားချက်တစ်ခုက ကျန်းရိချန်ထံသို့ ပျံ့နှံ့လာသည်။

သူလည်း သမ်းဝေခြင်းကို မထိန်းနိုင်တော့ပေ။

ဆံပင်ကို အမြန်ပင် အခြောက်ခံပြီးနောက် သူသည်လည်း ချက်ချင်းပင် ကုတင်ပေါ်သို့ တက်ကာ လဲလျောင်းလိုက်သည်။

"အိုး..." ကျန်းရိချန် တစ်ချက် ညည်းညူလိုက်၏။

သူသည် ကိုယ်ကို ဆန့်ထုတ်လိုက်ရာ တစ်ကိုယ်လုံးကို နှိပ်နယ်ပေးနေသလိုမျိုး ခံစားလိုက်ရသည်။

မကြာမီမှာ သူလည်း နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားတော့၏။

All Chapters