အခန်း (၁၅-၁၆)
Vol. 2 Ch. 15-16
15
ည (၇)နာရီအချိန်တွင် ကျူးစီးစီးတစ်ယောက် ဗိုက်ဆာဆာဖြင့် နိုးလာတော့သည်။
သူမ ဘေးနားရှိ ကျန်းရိချန်ကို လှည့်ကြည့်လိုက်ရာ သူသည် အိပ်ပျော်နေဆဲဖြစ်သော်လည်း ဟောက်သံ လုံးဝထွက်မနေသည်ကို တွေ့လိုက်ရသဖြင့် အလွန်အံ့အားသင့်သွားရ၏။
သူမသည် အအိပ်ဆတ်သူတစ်ဦးဖြစ်ပြီး၊ အကယ်၍ နှစ်ဦးမှာ လက်ထပ်ပြီးစကာလ မဟုတ်ခဲ့လျှင် သို့မဟုတ် အခန်းခွဲအိပ်ခြင်းက အိမ်ထောင်ရေးအဆင်ပြေမှုကို မထိခိုက်စေနိုင်လျှင် ကျန်းရိချန်ကို အခန်းထဲမှ ကန်ထုတ်လိုက်သည်မှာ ကြာပြီဖြစ်သည်။
ကျန်းရိချန်မှာ လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း အလုပ်များခဲ့ပြီး တစ်နေ့ထက်တစ်နေ့ ပိုမိုဝလာခဲ့ရာ မေးစေ့တွင် အဆီပြင်များပင် အထပ်ထပ် ဖြစ်နေတော့၏။
သူလဲလျောင်းလိုက်သည့်အခါ ခန္ဓာကိုယ်မှ အဆီများက အသက်ရှူလမ်းကြောင်းကို ဖိမိသွားပြီး နှာခေါင်းမှ လေဝင်လေထွက်ကို အဟန့်အတား ဖြစ်စေတော့သည်။
နိုးနေချိန်တွင် သူသည် သတိဖြင့် ထိန်းချုပ်နိုင်သော်လည်း နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားချိန်တွင်တော့ သူ့ဟောက်သံမှာ မီးရှူးမီးပန်းများ ဖောက်သည့်အလား ဆူညံလွန်းလှ၏။
ထို့ကြောင့် ညတိုင်းတွင် ကျန်းရိချန်မှာ ကျူးစီးစီး အရင်အိပ်ပျော်အောင် စောင့်ရလေ့ရှိသည်။
တစ်ခါတစ်ရံ ကျန်းရိချန်က မအောင့်နိုင်ဘဲ အရင်အိပ်ပျော်သွားခဲ့လျှင် ကျူးစီးစီးက သူ့ကို ဆွဲနှိုးခြင်း၊ ကန်နှိုးခြင်းများ ပြုလုပ်ရတတ်၏။
ညသန်းခေါင်အချိန်တွင် ကျန်းရိချန်၏ ဟောက်နေသော မျက်နှာကြီးကို ကြည့်ပြီး ကျူးစီးစီးမှာ ကတ်ကြေးကိုပင် ကောက်ကိုင်ချင်စိတ် ပေါက်သွားဖူးသည်။
တစ်ကြိမ်တွင် ကျူးစီးစီးမှာ မခံမရပ်နိုင်ဖြစ်လွန်းသဖြင့် အိပ်ခန်းမကြီးမှ ထွက်ကာ ဧည့်ခန်းတွင် သွားအိပ်ခဲ့၏။
နံရံတစ်ခုနှင့် တံခါးနှစ်ချပ် ခြားနေသော်လည်း တက်လိုက်ကျလိုက်ဖြစ်နေသော ဟောက်သံများကို ကြားနေရဆဲဖြစ်ရာ ၎င်းမှာ ကျန်းရိချန်၏ဘေးတွင် အိပ်ရသည်ထက်ပင် ပိုမိုဆိုးရွားလှသည်။
ထိုပြဿနာကြောင့်ပင် သူတို့စုံတွဲမှာ ဆေးရုံသို့ အကြိမ်ကြိမ် သွားခဲ့ကြဖူးပါ၏။
အိပ်စက်ခြင်းဆိုင်ရာ စက်ကိရိယာများကို တပ်ဆင်စမ်းသပ်ခဲ့သလို နှာခေါင်းရောင်ရမ်းမှုအတွက် ဆေးဝါးများလည်း သောက်သုံးခဲ့သော်လည်း မည်သည့်အရာမှ အလုပ်မဖြစ်ခဲ့ပေ။
ဆရာဝန်ကိုယ်တိုင်လည်း အဖြေမထုတ်နိုင်ဘဲ နှာခေါင်းနှင့် အာသီးခွဲစိတ်မှုများကိုသာ စဉ်းစားရန် အကြံပြုခဲ့၏။
အကြောင်းပြချက်မရှိဘဲ ခွဲစိတ်ဖြတ်တောက်မှု မခံယူချင်သဖြင့် ကျူးစီးစီးနှင့် ကျန်းရိချန်တို့ အတော်ကြာ တိုင်ပင်ဆွေးနွေးပြီးနောက် နောက်ဆုံးတွင် လက်လျှော့လိုက်ကြတော့သည်။
ထို့နောက်တွင်တော့ သူတို့နှစ်ဦးသည် ဈေးကွက်အတွင်းရှိ ပစ္စည်းမျိုးစုံကို စတင်လေ့လာခဲ့ကြ၏။ ဟောက်သံပျောက်စေသည့် အံ့သြဖွယ်ဆေးဝါးများမှအစ အိပ်စက်မှုပုံစံ ပြင်ဆင်ပေးသည့် ခေါင်းအုံးများအထိ အကုန်စမ်းသပ်ခဲ့သည်။ ကျန်းစီးစီး၏ ယောက္ခမများမှာလည်း ထိုလူငယ်ဇနီးမောင်နှံ၏ ဒုက္ခကို သိရှိသဖြင့် ယွမ် (၅၀၀၀၀) ခန့် အကုန်အကျခံကာ သံလိုက်ဓာတ်ဖြင့် ကုသပေးသည့် မွေ့ရာတစ်ခုကို ဝယ်ယူပို့ဆောင်ပေးခဲ့ဖူး၏။
ကျူးစီးစီး ဒေါသပုံချစရာ နေရာမရှိအောင် ဖြစ်ခဲ့ရသည်၊ အဘိုးအဘွားနှစ်ဦးမှာ လိမ်ညာခံလိုက်ရခြင်းဖြစ်ကြောင်း သိသာလှသော်လည်း သူတို့လုပ်သမျှမှာ ဇနီးမောင်နှံ ကောင်းကျိုးအတွက်သာ လုပ်ခဲ့ခြင်းပေ။
ကျူးစီးစီးသည် ကျန်းရိချန်၏ ပါးကို အသာအယာ ပုတ်လိုက်သည်။
သူက တတွတ်တွတ်နှင့် တစ်စောင်းလှည့်သွားသော်လည်း နိုးမလာသေးသလို ဟောက်သံလည်း ထွက်မလာသေးပေ။
"ဒီကုတင်က တကယ်ကို သက်သောင့်သက်သာ ရှိတာပဲ"
ကျူးစီးစီးက တစ်ရေးအိပ်ပြီးနောက် ခံစားလိုက်ရသည့် လန်းဆန်းမှုကို ပြန်လည်အမှတ်ရရင်း တွေးမိလိုက်သည်။
ကုတင်ကောင်းတစ်ခုက အိပ်စက်ခြင်းအရည်အသွေးကို တကယ်ပင် မြှင့်တင်ပေးနိုင်၏။
ကျန်းရိချန် နိုးလာချိန်တွင် ကျူးစီးစီးမှာ အဘိုးကြီးလီ၏ အိုးကပ်ထမင်းကို မှာယူပြီး စားသောက်နေပြီဖြစ်သည်။
"မိန်းမ ကိုယ့်ကို ဘာလို့ မနှိုးတာလဲ"
ကျန်းရိချန်က အနည်းငယ် ညည်းတွားလိုက်ရင်း ကျူးစီးစီး၏ သွယ်လျသော ခါးလေးကို လက်လှမ်းကာ ဖက်လိုက်၏။
ဗိုက်ဝပြီး စိတ်လက်ပေါ့ပါးနေသော ကျူးစီးစီးက နူးညံ့စွာ ပြောလိုက်သည်။
"ရှင့်အတွက် အိုးကပ်ထမင်း တစ်ပွဲ ချန်ထားပေးတယ်၊ မဝရင် ထပ်မှာလိုက်လေ"
ထိုစကားကို ကြားလိုက်ရသည့်အခါ ကျန်းရိချန်မှာ ထိတ်လန့်တကြားဖြင့် ကုတင်ပေါ်မှ ခုန်ချ လာပြီး အော်ဟစ်လိုက်တော့သည်။
"မင်းက ဘယ်သူလဲ ငါ့မိန်းမကို ပြန်ပေးစမ်း "
ကျူးစီးစီးမှာ အိပ်ရာထလျှင် အမြဲတမ်း စိတ်တိုတတ်သူဖြစ်ပြီး ကျန်းရိချန်မှာ မနက်တိုင်း အနည်းဆုံး ခြေထောက်ဖြင့် သုံးချက်ခန့် အကန်ခံရလေ့ရှိသည်။
ယခုမူ သူ့ဇနီးက သူ့ကို မကန်သည့်အပြင် အလွန်ပင် နူးညံ့နေသဖြင့် သူမကို တစ်စုံတစ်ခု ပူးကပ်နေပြီဟု သူ ထင်မှတ်သွား၏။
မိုးရွာနေသော ညတစ်ည၊ ဟောင်းနွမ်းစုတ်ပြတ်နေသော တည်းခိုခန်းတစ်ခု...
"အား..." လက်ဖဝါးစောင်းရိုက်ချက် တစ်ချက်က ကျန်းရိချန်၏ အတွေးများကို ဖြတ်တောက်လိုက်သည်။
ကျူးစီးစီးက မျက်စောင်းထိုးလိုက်သည်၊၊ သူမအနေဖြင့် အမျိုးသားတစ်ဦးကို အလိုလိုက်လွန်း၍ မဖြစ်ပေ။
အရိုက်ခံလိုက်ရပြီးနောက်မှ ကျန်းရိချန် ဤသည်မှာ သူ့ဇနီးအစစ်ဖြစ်ကြောင်း အတည်ပြုနိုင်သွားပြီး သူမကို ချော့မော့ရန် အနားသို့ ကပ်လိုက်သည်။
"ခဏနေရင် အောက်ဆင်းပြီး သူဌေးမကို မေးကြည့်ဦး၊ ဒီမွေ့ရာက ရောင်းလားလို့"
ကျူးစီးစီးက ခိုင်းစေလိုက်သည်။
ကျန်းရိချန် ကြောင်အမ်းအမ်း ဖြစ်နေသည်ကို မြင်သောအခါ ကျူးစီးစီးက စိတ်ရှည်စွာဖြင့် ရှင်းပြလိုက်၏။
"ရှင် ဒီနေ့ အိပ်နေတုန်းက တစ်ချက်ကလေးတောင် ဟောက်သံမထွက်ဘူး "
"တကယ်လား"
ကျန်းရိချန်သည် မယုံနိုင်သည့်အလား သူ၏အောက်ရှိ မွေ့ရာကို စမ်းသပ်ကြည့်လိုက်သည်။
သူတို့သည် စမ်းသပ်မှုနှင့် ကုသမှုပေါင်းများစွာ ပြုလုပ်ခဲ့သော်လည်း ကျန်းရိချန် ဟောက်သံမထွက်ခဲ့သည့် အချိန်မျိုး တစ်ခါမျှ မရှိခဲ့ဖူးပေ။
အင်္ကျီပင် မဝတ်ဘဲ သူဌေးမကို သွားရှာရန် အောက်ထပ်သို့ ပြေးဆင်းတော့မည့် ကျန်းရိချန်ကို ကျူးစီးစီးက တားလိုက်ပြီး ပြောလိုက်သည်။
"ဒီနေ့ တစ်ညတော့ ထပ်စမ်းကြည့်ကြတာပေါ့"
ကျန်းရိချန်က သူ့ဇနီးကို ဖက်လိုက်ပြီး အူတူတူအတတ အပြုံးကြီးဖြင့် ဆိုသည်။
"မိန်းမရယ်... မင်း ကိုယ့်ကို ဒီလောက်တောင် ဂရုစိုက်တာကို၊ မချစ်ဘူးလို့ပဲ ပြောနေတယ်"
ကျူးစီးစီးက တွန်းလိုက်သော်လည်း ထိုကပ်စေးနှဲသော လူကောင်ကြီးကို မရွေ့နိုင်ပေ။
"ရှင့်ပုံစံကိုလည်း ပြန်ကြည့်ဦး "
ထိုညတွင် ကျူးစီးစီးနှင့် ကျန်းရိချန်တို့သည် ကုတင်ကို အခြားနည်းလမ်းတစ်ခုဖြင့် စမ်းသပ်ခဲ့ကြသည်။
သူတို့နှစ်ဦးမှာ ယခင်က ဤမျှလောက် သဟဇာတ မဖြစ်ခဲ့ဖူးပေ။
ကျန်းရိချန်မှာ ပျော်ရွှင်ကြည်နူးနေသည့် ကြားမှပင် သူဌေးမ၏ ကြော်ငြာစကားကို ဝေဝေဝါးဝါး သတိရလိုက်၏။ အားအင်များ ပြည့်ဖြိုးစေသည်။
အမှန်တကယ်ကို အားအင်များ ပြည့်ဖြိုးပါ၏။
နောက်တစ်နေ့မနက်တွင် ကျူးစီးစီးနှင့် ကျန်းရိချန်တို့ သပ်ရပ်စွာ ဝတ်ဆင်ပြီး နီမြန်းစိုပြည်သော မျက်နှာလေးများဖြင့် အောက်ထပ်သို့ ဆင်းလာကြသည်။
"ဝါး... ဒီမုန့်တွေက တကယ်ကို ဆိုင်ထဲမှာ လတ်လတ်ဆတ်ဆတ် လုပ်နေတာပဲ "
ကျန်းရိချန်သည် စုဟယ် ကုန်စုံဆိုင်ကောင်တာနောက်မှ စိတ်အားထက်သန်စွာ ဟစ်အော်ရောင်းချနေသည်ကို တွေ့လိုက်ရ၏။
ကျူးစီးစီးသည်လည်း မနေ့က သူတို့စားခဲ့သည့် မုန့်များကို သတိရလိုက်သည်။
"တကယ် အရသာရှိတာ၊ သွားပြီး ထပ်ဝယ်လိုက်ဦးလေ "
အပြင်ဘက်တွင် တန်းစီနေသော လူတန်းရှည်ကြီးကို ကြည့်ပြီး ကျန်းရိချန်က သိပ်ပြီး ယုံကြည်ချက်မရှိလှဘဲ ကောင်တာသို့ သွားကာ တိုးတိုးလေး မေးလိုက်၏။
"သူဌေးမ၊ ကျွန်တော် မုန့်လေး နည်းနည်းလောက် ဝယ်လို့ရမလား"
"ကုဒ်ကို စကန်ဖတ်လိုက်ပါရှင်။ အခန်းအပ်မှာလား ပစ္စည်းတွေယူပြီး ထွက်သွားလို့ ရပါပြီရှင်"
စုဟယ်မှာ ဧည့်သည်နှစ်ဦးကို ဂရုစိုက်ရန်ပင် အားမရလောက်အောင် အလုပ်ရှုပ်နေ၏။
ယနေ့တွင် မုန့်လာဝယ်ရန် တန်းစီနေသူများမှာ တစ်နေ့ထက်တစ်နေ့ ပိုမိုများပြားလာသည်။
"ကောင်းပါပြီ သူဌေးမ၊ တစ်မျိုးကို နှစ်ဘူးစီပေးပါ၊ ပိုက်ဆံ စကန်ဖတ်လိုက်ပါပြီ"
ကျန်းရိချန် ပျော်ရွှင်စွာဖြင့် ငွေရှင်းလိုက်သည်။
အပြင်တွင် တန်းစီစောင့်ဆိုင်းနေသော ဖောက်သည်အချို့က မကျေမနပ်ဖြစ်ကာ ပြောလိုက်ကြ၏။
"သူက ဘာလို့ ကြားဖြတ်ဝယ်လို့ရတာလဲ"
စုဟယ်က တမင်တကာ အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။
"ဒါက ကျွန်မတို့ဆီမှာ တည်းခိုတဲ့ ဧည့်သည်တွေမို့လို့ပါ၊ သူတို့က အရင်ဦးစားပေး ဝယ်ယူခွင့်ရှိပါတယ်။ တည်းခိုတဲ့ ဧည့်သည်တွေက မုန့်တစ်ခုကို လက်ဆောင်အနေနဲ့ အခမဲ့လည်း ရဦးမှာပါရှင်"
ယခင်က မကျေမနပ်ဖြစ်နေသော ဖောက်သည်မှာ တိတ်ဆိတ်သွားတော့၏။
ထိုအခါမှ သူတို့ မုန့်လာဝယ်နေသည့်နေရာမှာ တည်းခိုခန်းတစ်ခု ဖြစ်ကြောင်း သတိပြုမိသွားကြသည်။
သူတို့က ဤဆိုင်ကို မုန့်ဆိုင်ဟု အမြဲထင်နေခဲ့ကြ၏။
"တည်းခိုတဲ့ ဧည့်သည်ဆိုရင် အရင်ဦးစားပေး ဝယ်လို့ရတာလား မိန်းမ... ငါတို့ ဒီနေ့ တန်းစီလို့ မရရင် အခန်းပဲ ငှားလိုက်ကြမလား"
လူတန်းနောက်ဆုံးမှ တစ်ဦးက ရုတ်တရက် အကြံရသွားသည်။
"ဟုတ်တယ်၊ တကယ်လို့ ဒီနေ့ ဝယ်မရရင် ငါတို့ ခြောက်ယောက်ပေါင်းပြီး အခန်းတစ်ခန်း ငှားလိုက်ကြတာပေါ့ "
မုန့်အသစ်တစ်သုတ် ထွက်လာသည်ကို စောင့်နေစဉ်အတွင်း ကျန်းရိချန်က စုဟယ်ကို ဘေးသို့ ဆွဲခေါ်သွားသည်။
"သူဌေးမ၊ ခင်ဗျားတို့ရဲ့ မွေ့ရာက ဘယ်လောက်လဲ"
"မွေ့ရာ" စုဟယ်မှာ သူမ အတွေးလွန်နေသလားဟု စိုးရိမ်သွားမိ၏။
"ဟုတ်တယ်၊ ခင်ဗျားတို့ရဲ့ မွေ့ရာလေ။ တစ်ည (၃၀၀) ဆိုတာ တကယ်ကို တန်ပါတယ်၊ အိပ်ရတာ သိပ်ကို သက်သောင့်သက်သာ ရှိလွန်းလို့"
ကျန်းရိချန်က မရပ်မနား ချီးကျူးနေတော့သည်။
စုဟယ်၏ ရင်ထဲမှာ လှုပ်ရှားသွားရ၏။
အိပ်ပျော်နေသော မင်းသမီးလေး၏ ကုတင် အတွက် ဖောက်သည်သစ် အထူးဈေးနှုန်းမှာ (၁၈၀၀)ဖြစ်သည်။
သူမ ဂိမ်းအတွင်းရှိ ဆိုင်ကို ဖွင့်ကြည့်လိုက်ရာ တစ်ခုဝယ်ယူပြီးနောက်တွင် နဂိုဈေးနှုန်း (၃၀၀၀)သို့ ပြန်လည်ရောက်ရှိသွားသည်ကို တွေ့လိုက်ရ၏။
"ခြောက်..." စုဟယ် စကားစလိုက်သည်။
သူမသည် တည်းခိုခန်းအတွက် နောက်ထပ် အိပ်ပျော်နေသော မင်းသမီးလေး၏ ကုတင် တစ်လုံးကို ဝယ်ယူချင်မိပါ၏။
"ခြောက်သောင်း ဟုတ်လား အဲဒါက နည်းနည်းတော့ ဈေးကြီးတယ် သူဌေးမရယ်။ နည်းနည်းလောက် လျှော့ပေးလို့ မရဘူးလား"
ကျန်းရိချန်က ဈေးဆစ်လိုက်သည်။
စုဟယ်မှာ အံ့အားသင့်လွန်းသဖြင့် စကားပင် မပြောနိုင်တော့ပေ။
'ခြောက်သောင်းလိုထင်သွားတာလား။ ဒါ ချမ်းသာတဲ့သူတွေရဲ့ ကမ္ဘာလား'
စုဟယ် တိတ်ဆိတ်နေသည်ကို မြင်သောအခါ ကျန်းရိချန်က သူဌေးမ သဘောမတူဘူးဟု ထင်မှတ်သွား၏။
"ကောင်းပါပြီ သူဌေးမရယ်၊ ခြောက်သောင်းဆိုလည်း ခြောက်သောင်းပေါ့။ အိမ်အရောက် လာပို့ပေးနိုင်မလား ပြီးတော့ ခုနစ်ရက်အတွင်း ဘာအကြောင်းပြချက်မှ မရှိဘဲ ပြန်အပ်လို့ရတဲ့ စနစ်ကော ရှိသလား"
သူသည် စကားပြောရင်းနှင့်ပင် ငွေပေးချေရန် ဖုန်းကို ဖွင့်လိုက်သည်။
စုဟယ်က ခေါင်းကို တရစပ် ညိတ်လိုက်၏။
"ပို့ပေးမှာပေါ့၊ ပို့ပေးမှာပေါ့ ရက် ၃၀ အတွင်း ဘာအကြောင်းပြချက်မှ မရှိဘဲ ပြန်အပ်လို့ရတယ်၊ ပြီးတော့ တစ်နှစ်အတွင်းဆိုရင် အသစ်တစ်လုံးနဲ့ လဲပေးဦးမှာပါရှင် "
သူမသည် အစက ပြောမည့် ခြောက်ထောင် ဆိုသည့် စကားလုံးကို ချက်ချင်းပင် ပြန်မြိုချလိုက်သည်။
'ပိုက်ဆံမရှာချင်တဲ့သူဟာ ငတုံးပဲ၊ ဒါကြောင့် သူမ ဒီလို အကျင့်ပျက် ဈေးသည်ပဲ အဖြစ်ခံလိုက်တော့မယ်'
"ဒါဆိုရင် သူဌေးမ၊ ကျွန်တော်တို့ ဆက်သွယ်လို့ရမဲ့ အချက်အလက်တွေယူ ထားကြရအောင်။ စာချုပ်ထဲမှာ ရက် ၃၀ အတွင်း ပြန်အပ်လို့ရတဲ့အကြောင်းနဲ့ တစ်နှစ်အတွင်း အသစ်လဲပေးမဲ့ အကြောင်းကို သေသေချာချာ ထည့်ရေးပေးဖို့ လိုမယ်နော်"
ကျန်းရိချန်က သတိကြီးစွာ ပြောလိုက်သည်။
သို့သော် သိသာသည်မှာ သူသည် သိပ်ပြီးတော့ သတိမကြီးလှပေ။
"ရပါပြီရှင်။ ဒီနေ့ နေ့လည်ပိုင်းမှာပဲ အရောက်ပို့ပေးပါ့မယ်။ စာချုပ်ကိုလည်း တစ်ခါတည်း ယူလာခဲ့ပါ့မယ် မစ္စတာကျန်း။ ပစ္စည်းရောက်မှပဲ ငွေချေလိုက်ပါတော့"
စုဟယ်က အပေးအယူကို အမြန်ပင် အဆုံးသတ်လိုက်သည်။
ယွမ် (၆၀၀၀၀)ကို ဤမျှလောက်လွယ်လွယ်လေးနှင့် ရတော့မည်လော။
စုဟယ်မှာ အနည်းငယ် ကြောင်အမ်းအမ်း ဖြစ်နေသော်လည်း မုန့်ထုပ်ပိုးသည့် သူမ၏လက်များမှာမူ ယခင်ကထက် ပိုမို မြန်ဆန်လာခဲ့သည်။
မုန့်ဝယ်သွားသော တစ်ဦးက အက်ပ် ပေါ်တွင် သုံးသပ်ချက်တစ်ခု ရေးသားခဲ့သည်။
"မုန့်က အရမ်းစားကောင်းတယ်၊ သူဌေးမကလည်း သိပ်ဖော်ရွေတာပဲ၊ အရောင်းအဝယ်ကလည်း အရမ်းကောင်းတယ်၊ သူဌေးမဆိုရင် မျက်နှာက ပြုံးရွှင်နေတာပဲ။ မုန့်ဝယ်ချင်တဲ့သူတွေ တန်းစီဖို့ စောစောလာကြနော် "
16
ကျန်းရိချန် မုန့်ဘူးများကို သယ်ဆောင်ပြီး ကျူးစီးစီးထံသို့ ပြန်လာခဲ့သည်။
"မိန်းမ... ဒီနေ့နေ့လည် အရောက်ပို့ပေးဖို့ သူဌေးမနဲ့ စီစဉ်ထားပြီးပြီ။ ဗိုက်ဆာနေပြီလား မုန့်လေးတစ်ခု စားလိုက်ဦး၊ ပူပူလေးပဲ ရှိသေးတယ်"
ကျန်းရိချန်ကး အနံ့သင်းပျံ့သော သစ်အယ်သီးမုန့်ဘူးကို ရွေးထုတ်ပေးလိုက်၏။
ကျူးစီးစီး မုန့်ကို မြိန်ယှက်စွာစားရင်း မေးလိုက်သည်။
"အဲဒီမွေ့ရာက ဘယ်လောက်လဲ"
"ခြောက်သောင်းတဲ့။ သူဌေးမက ဈေးတော့ လုံးဝမလျှော့ပေးဘူး၊ ဒါပေမဲ့ ရက် (၃၀)အတွင်း ဘာအကြောင်းပြချက်မှမရှိဘဲ ပြန်အပ်လို့ရတယ်၊ တစ်နှစ်အတွင်းဆိုရင်တော့ အခမဲ့အသစ်လဲပေးမယ်တဲ့"
ကျန်းရိချန် ဇနီးဖြစ်သူကို အကဲခတ်ရင်း သတိထားပြောလိုက်၏၊၊ သူသည် ဈေးဆစ်ရာတွင် တကယ်ပင် ဝါသနာမပါလှပေ။
အိမ်မှာရှိနေသည့် အသုံးမကျသော သံလိုက်ဓာတ်မွေ့ရာနှင့် နှိုင်းယှဉ်ကြည့်လျှင် ဟဲယဲ့တည်းခိုခန်းမှ ယွမ် (၆၀၀၀၀) တန် မွေ့ရာက သိပ်ပြီး ဈေးမကြီးလှချေ။
"သူဌေးမက တကယ်ပဲ အကြောင်းပြချက်မရှိဘဲ ပြန်လက်ခံမယ်ဆိုတာ သေချာလို့လား"
ကျူးစီးစီး အနည်းငယ် သံသယဝင်နေဆဲပင်။ ကျန်းရိချန် ရင်ဘတ်ကို ပုတ်ပြီး အာမခံလိုက်သည်။
"တကယ်ပါ၊ ဒီအချက်နှစ်ချက်ကို စာချုပ်ထဲမှာ သေသေချာချာထည့်ရေးဖို့ ငါ သူဌေးမကို ပြောထားတယ်။ ပြီးတော့ မိန်းမလည်း ရှိနေတာပဲ၊ နေ့လည်ကျရင် စာချုပ်ကို သေချာစစ်ပေးဦးလေ "
"စကား တတ်နေတာပဲ၊ မြန်မြန်စား... ဆန်းကျုံးကျောင်းတော်ကို အမွှေးတိုင်သွားထွန်းဖို့ စောစောသွားမှဖြစ်မယ်"
ကျူးစီးစီး တိုက်တွန်းလိုက်သည်။
တစ်မနက်လုံး စုဟယ်မှာ အလွန်အမင်း စိတ်လှုပ်ရှားနေမိသည်။ မုန့်များအားလုံး ရောင်းချပြီးစီး၍ ထိုနေ့၏ ဝင်ငွေများကို စစ်ဆေးကြည့်ပြီးမှသာ သူမသည် လက်တွေ့လောကထဲသို့ ပြန်လည်ရောက်ရှိလာတော့၏။
ယနေ့မနက်ပိုင်း အရောင်းအဝယ်မှာ ယွမ် (၆၀၀၀)အထိ ရှိပြီး ယခုအခါ ဟဲယဲ့တည်းခိုခန်းမှာ အင်တာနက်ပေါ်တွင် နာမည်ကြီးစပြုနေသည့် ဆိုင်လေးတစ်ခုဖြစ်လာကာ အရာအားလုံးသည် ကောင်းမွန်သောဘက်သို့ ဦးတည်နေပြီဖြစ်သည်။
ဤအရာများအားလုံးသည် စနစ်ကြောင့် ရရှိလာခြင်းဖြစ်ကြောင်း စုဟယ် ပိုမိုရှင်းလင်းစွာ သိမြင်လာပြီး စနစ်ကပေးသည့် တာဝန်များကိုလည်း အောင်မြင်အောင် ထမ်းဆောင်ရပေမည်။
သူမသည် စနစ်၏ မျက်နှာပြင် ကို ဖွင့်ကြည့်လိုက်ရာ အချက်အလက်အသစ်တစ်ခုကို တွေ့လိုက်ရ၏။
တာဝန်တိုးတက်မှု- ဧည့်သည်လက်ခံရရှိမှု ၁/၁၀၀၊ မှတ်ချက်ကောင်းရရှိမှု ၁/၁၀၀
ကျူးစီးစီးနှင့် ကျန်းရိချန်တို့ မျှော်လင့်ထားသည့်အတိုင်း မှတ်ချက်ကောင်းတစ်ခု ပေးခဲ့ကြသည်။
"တည်းခိုခန်းက အနည်းငယ်ဟောင်းပေမဲ့ မွေ့ရာကတော့ အရမ်းသက်သောင့်သက်သာရှိတယ်"
စုဟယ်ကို အံ့အားသင့်စေသည်မှာ ဟုန်လျန်လည်း မှတ်ချက်ကောင်း တစ်မှတ် ရရှိသွားခြင်းပင်။
ဟုန်လျန် : ၁/၁၀၀
နောက်ထပ် မှတ်ချက်ကောင်း (၉၉) ခု ရရှိလျှင် ဟုန်လျန်သည် ကြယ် (၂) ပွင့်အဆင့်သို့ တိုးမြှင့်နိုင်တော့မည်။
ဤသည်မှာ ဟုန်လျန် ပထမဆုံးရရှိသည့် မှတ်ချက်ကောင်း တစ်ခုဖြစ်သည်။
"တည်းခိုတဲ့ ဧည့်သည်တွေကို မုန့်လက်ဆောင်ပေးဖို့ တကယ်ကို လိုအပ်တာပဲ"
စုဟယ်က သူမမေးစေ့ကို ပွတ်ရင်း စဉ်းစားနေမိ၏။
ကျူးစီးစီးတို့ ဇနီးမောင်နှံ မှတ်ချက်ကောင်းပေးရခြင်းမှာ မုန့်များက အရသာရှိလွန်းခြင်းကြောင့်ပင်။
တည်းခိုခန်း၏ ကျော်ကြားမှုကို မြှင့်တင်ရန်ဟူသည့် စတင်ခြင်းတာဝန်မှာလည်း တိုးတက်လာသည်။
တည်းခိုခန်း ကျော်ကြားမှု : ၁၂၅၄/၁၀၀၀၀
တိုးတက်မှုပြဘားတန်းမှာ ဆယ်ပုံတစ်ပုံခန့် ပြီးစီးထား၏။
လွန်ခဲ့သော ရက်အနည်းငယ်အတွင်း မုန့်အရောင်းအဝယ်မှာ အလွန်ကောင်းမွန်ခဲ့ပြီး Little Green Book နှင့် Douyin တို့တွင်လည်း ကြော်ငြာမှုများစွာ ပြုလုပ်နိုင်ခဲ့သည်။
စုဟယ်သည် ဂိမ်းအတွင်းရှိ ဆိုင်ကို ဖွင့်လိုက်ပြီး အိပ်ပျော်နေသော မင်းသမီးလေး၏ကုတင်ကို ဝယ်ယူရန် နှိပ်လိုက်၏။
ထိုအခါ ဂိမ်းဆိုင်ထဲတွင် ကြီးမားသော သတိပေးချက်တစ်ခု ပေါ်လာတော့သည်။
"ကစားသမားသည် ဂိမ်းဆိုင်မှ ပစ္စည်းများကို ပြန်လည်ရောင်းချလိုကြောင်း တွေ့ရှိရသဖြင့် စနစ်မှ သက်ဆိုင်ရာ ဝန်ဆောင်မှုများကို ပေးအပ်မည်ဖြစ်ပါသည်"
ဝန်ဆောင်မှုနှုန်းထား- ထုတ်ကုန် ပြန်လည်ရောင်းချဈေးနှုန်း၏ ၈၀%
စုဟယ်မှာ စကားပင် ထစ်သွားတော့သည်။
"ဒါ... ဒါက... ဒါက သိပ်ပြီး ခေါင်းပုံဖြတ်လွန်းတာပဲ ၈၀ ရာခိုင်နှုန်းတောင်လား ယွမ်(၆၀၀၀၀) ရောင်းရင် ယွမ်(၄၈၀၀၀)ကို ဖြတ်ယူမှာပေါ့ "
စနစ်မှ တစ်ခုခုတော့ လှည့်စားဦးမည်ဟု စုဟယ် တွေးထားသော်လည်း (၈၀)ရာခိုင်နှုန်းအထိ ဖြတ်ယူမည်ဟုတော့ မထင်ထားခဲ့ပေ။
သူမ သတ်မှတ်ထားသည့် ဈေးနှုန်းက အတော်လေး မြင့်မားနေ၍သာ တော်တော့သည်။ မဟုတ်လျှင် စနစ်အတွက် အလကား အလုပ်လုပ်ပေးရသလို ဖြစ်နေပေလိမ့်မည်။
"နည်းနည်းလောက် လျှော့ပေးလို့ မရဘူးလား"
စုဟယ် ဈေးဆစ်လိုက်သည်။
စနစ်သည် မျက်နှာပြင်တစ်ခုမျှသာ ဖြစ်သော်လည်း သူမပြောသမျှကို ကြားနိုင်ပြီး အလွန်ပင် ဉာဏ်ရည်ထက်မြက်ကြောင်း စုဟယ် သိနေသည်။ စနစ်မျက်နှာပြင်တွင် စာသားတစ်ကြောင်း ဖြည်းညှင်းစွာ ပေါ်လာ၏။
"စနစ်သည် ကုန်ပစ္စည်း၏ မူလရင်းမြစ်ကို ရှာဖွေဖော်ထုတ်ခြင်း၊ အရည်အသွေး စစ်ဆေးခြင်းနှင့် လက်မှတ်များ ထုတ်ပေးခြင်းတို့နှင့် သက်ဆိုင်သော ဝန်ဆောင်မှုများကို တရုတ်နိုင်ငံ၏ ကုန်ပစ္စည်းရောင်းချမှုဆိုင်ရာ ဥပဒေစည်းမျဉ်းများနှင့်အညီ အပြည့်အဝ ဆောင်ရွက်ပေးမည်ဖြစ်ပါသည်"
ဆိုလိုသည်မှာ သူမအနေဖြင့် တရားဝင် ရောင်းချလိုပါက ထိုဝန်ဆောင်မှုကို မဖြစ်မနေ ဝယ်ယူရမည်ဖြစ်သည်။
အကယ်၍ သူမသာ ခိုးကြောင်ခိုးဝှက်နှင့် ပိုက်ဆံမပေးဘဲ ရောင်းဖို့ ကြိုးစားလျှင် စနစ်က သူမကို အတုအပ ပစ္စည်းများ ထုတ်လုပ်ရောင်းချမှုနှင့် တိုင်တန်းလိမ့်မည်ဟု စုဟယ်က သံသယဝင်မိ၏။ စုဟယ်တစ်ယောက် စိတ်လျှော့လိုက်ရတော့သည်။ သူမကိုယ်တိုင်လည်း လိုအပ်သည့် လက်မှတ်များကို မလုပ်ဆောင်နိုင်သဖြင့် စနစ်ကိုသာ အားကိုးရတော့မည်။
"ကောင်းပါပြီ၊ ဒါပေမဲ့ အခုတော့ ကျမဆီမှာ ပိုက်ဆံမရှိသေးဘူး၊ ရောင်းလို့ပြီးမှပဲ ပိုက်ဆံပေးနိုင်မယ်"
စနစ်အချက်ပြချက်: ဝန်ဆောင်မှု သဘောတူညီချက်ကို အောင်မြင်စွာ လက်မှတ်ရေးထိုးပြီးပါပြီ။ ငွေပေးချေမှု ရရှိသည်နှင့် စနစ်မှ ပမာဏကို အလိုအလျောက် နှုတ်ယူသွားမည်ဖြစ်ပါသည်။
စနစ်အချက်ပြချက်: ပြန်လည်ရောင်းချသည့် ပစ္စည်းများကို ဆိုင်၏ စုစုပေါင်း သုံးစွဲမှုပမာဏအတွင်း ထည့်သွင်းတွက်ချက်မည် မဟုတ်ပါ။
ဂိမ်းဆိုင်အတွင်း၌ အနည်းငယ် ပြောင်းလဲသွားပြီး ပစ္စည်းအောက်တွင် ခလုတ်တစ်ခု ထပ်တိုးလာသည်။
တစ်ခုမှာ "ဝယ်ယူရန်" ဖြစ်ပြီး အခြားတစ်ခုမှာ "ပြန်လည်ရောင်းချရန်" ဖြစ်သည်။
ကောင်းသည့်အချက်ကတော့ သူမအနေနှင့် ယွမ် (၉၀၀၀) ခန့် အမြတ်ကျန်ဦးမည် ဖြစ်သည်။ စိတ်မကောင်းစရာမှာ စနစ်က အရာအားလုံးကို အကွက်ကျကျ စဉ်းစားထားခြင်းပင်။ စုဟယ်အနေဖြင့် ပစ္စည်းများကို ပြန်လည်ရောင်းချခြင်းဖြင့် ဆိုင်၏ စုစုပေါင်းသုံးစွဲမှု တာဝန်ကို ဖြည့်ဆည်းနိုင်မည်မဟုတ်ပေ။ မဟုတ်လျှင် သူမသည် ယွမ် တစ်သန်း သုံးစွဲမှုပမာဏသို့ အမြန်ရောက်ရှိသွားပြီး ကတ်ဆွဲရန် အခွင့်အရေးအသစ်များကို ရရှိသွားနိုင်သောကြောင့် ဖြစ်သည်။
စုဟယ်က ပြန်လည်ရောင်းချရန် ကို နှိပ်လိုက်သည်။
ယွမ် (၃၀၀၀) နှုတ်ယူပြီးနောက် အိပ်ပျော်နေသော မင်းသမီးလေး၏ ကုတင် မှာ သူမ ပထမဆုံးဝယ်စဉ်ကကဲ့သို့ နေရာသတ်မှတ်ရန်အတွက် ဟိုလိုဂရမ်ပုံရိပ် ပေါ်မလာတော့ပေ။
စုဟယ် ထိုအကြောင်းကို တွေးနေစဉ်မှာပင် တံခါးဝမှ "တီ... တီ..." ဆိုသည့် အသံတစ်ခု ထွက်ပေါ်လာသည်။
ဖေးရွှန်းအမြန်ချောပို့ ဝန်ထမ်းသည် သူ၏ လျှပ်စစ် သုံးဘီးဆိုင်ကယ်လေးပေါ်မှ ဆင်းလာပြီး ပြောလိုက်၏။
"စုဟယ်... မင်းအတွက် ပါဆယ်ရှိတယ် "
သူသည် လှည်းလေးပေါ်မှ ပါဆယ်ထုတ်များကို အားစိုက်ပြီး သယ်ထုတ်လာသည်။
"ဒီမှာ လက်မှတ်ထိုးပေးပါ"
ကြီးမားသော ကတ်ထူသေတ္တာ နှစ်လုံးဖြစ်သည်။
သေတ္တာပေါ်ရှိ အပေါ်ဘက်သို့ ထားရန် ဆိုသည့် အမှတ်အသားများအရ သေတ္တာတစ်လုံးတွင် ကုတင်ဘောင် ဟု ရေးထားပြီး အခြားတစ်လုံးတွင် မွေ့ရာဟု ရေးထား၏။
"ဒီမှာ စာအိတ်တစ်အိတ်လည်း ပါသေးတယ်"
အမြန်ချောပို့ ဝန်ထမ်းက စာရွက်စာတမ်းအိတ်ကို ကမ်းပေးပြီးနောက် လျှပ်စစ်သုံးဘီးဆိုင်ကယ်လေးကို စီးကာ လျှပ်တစ်ပြက်အတွင်း ထွက်ခွာသွားတော့သည်။
စုဟယ်က စာအိတ်ကို ဖွင့်ကြည့်လိုက်ရာ အထဲတွင် စာရွက်စာတမ်း အထူကြီး တစ်ထပ် ပါ၏။
ပထမဆုံးစာရွက်မှာ အိပ်ပျော်နေသော မင်းသမီးလေး၏ ကုတင် အတွက် ကုန်ပစ္စည်းလက်မှတ်ဖြစ်ပြီး ၎င်းကို ဆွီဒင်နိုင်ငံရှိ အင်တာစတယ်လာ ကုမ္ပဏီမှ ထုတ်လုပ်ကြောင်း ဖော်ပြထားသည်။
ဒုတိယစာရွက်မှာ တရုတ်နိုင်ငံ စစ်ဆေးရေးအေဂျင်စီမှ ထုတ်ပေးထားသော လက်မှတ်ဖြစ်ပြီး ထိုပစ္စည်းမှာ အမှန်တကယ်ပင် အိပ်စက်ခြင်းကို အထောက်အကူပြုကြောင်း အတည်ပြုထား၏။
ထို့နောက် အကောက်ခွန်ကြေငြာချက်များ၊ သွင်းကုန်ထုတ်ကုန်လိုင်စင်များ၊ အရောင်းပါမစ်များ ပါဝင်ပြီး စုဟယ် လုပ်ပိုင်ခွင့်လွှဲအပ်လွှာ တစ်ခုကိုပင် တွေ့လိုက်ရသေးသည်။
"ဟဲယဲ့တည်းခိုခန်း ကုမ္ပဏီလီမိတက်အား ကျွန်တော်တို့ကုမ္ပဏီမှ ဝယ်ယူသော အိပ်ပျော်နေသော မင်းသမီးလေး၏ ကုတင် အမှတ်တံဆိပ် ထုတ်ကုန်များကို တရုတ်နိုင်ငံအတွင်း သတ်မှတ်ထားသော နယ်ပယ်အတွင်း ရောင်းချခွင့်ပြုပါသည်"
စုဟယ်က တိုးတိုးလေး ရေရွတ်မိသည်။
"စနစ်က တကယ်ကို အစစအရာရာ တတ်နိုင်တာပဲ"
သို့သော် အင်တာစတယ်လာ ကုမ္ပဏီဆိုသည့် အမည်ကိုကြည့်ပြီး သူမ တစ်စုံတစ်ခုကို ရိပ်မိလိုက်သည်။ ထိုစနစ်မှာ အမှန်တကယ်ပင် ကြယ်စင်စုတစ်ခုလုံးနှင့် သက်ဆိုင်သော ထုတ်ကုန်တစ်ခု ဖြစ်ပေလိမ့်မည်။
ဖေးရွှန်းအမြန်ချောပို့မှ လာပို့ပေးသော သေတ္တာကြီး နှစ်လုံးကို ကြည့်ရင်း စုဟယ်က သူမ၏ ပေါင်ကို ဖြတ်ခနဲ ရိုက်လိုက်မိ၏။
သူမ ရှုံးသွားပြီ
စနစ်ကို ကျူးစီးစီးတို့ အိမ်အရောက် တိုက်ရိုက်ပို့ခိုင်းလို့ ရမှန်း သူမ ကြိုသိခဲ့သင့်သည်။
စုဟယ်သည် စာချုပ်ကို ရေးသားပြီး တည်းခိုခန်း၏ တံဆိပ်ကို ကြိုတင်ခတ်နှိပ်ထားလိုက်၏။
သူမသည် စနစ်မှပေးသော စာရွက်စာတမ်းအားလုံးကို မိတ္တူကူးကာ ပစ္စည်းသယ်ယူပို့ဆောင်ရေး ကုမ္ပဏီမှ လူသန်ကြီးများကို ခေါ်ပြီး ကျူးစီးစီးတို့ အိမ်သို့ ပစ္စည်းများ ပို့ဆောင်လိုက်တော့သည်။
"အစ်မကျူး... ကျွန်မ စာချုပ်ကို ယူလာခဲ့ပါပြီ။ သေသေချာချာ ဖတ်ကြည့်ပေးပါဦးရှင်။ သယ်ယူပို့ဆောင် ရေး ကုမ္ပဏီက သူတွေကို ကုတင် အရင်တပ်ဆင်ခိုင်းလိုက်ပါ့မယ်"
စုဟယ်က စာချုပ်ကို ကမ်းပေးလိုက်သည်။
ကျူးစီးစီးနှင့် ကျန်းရိချန်တို့မှာ ကုတင်က ကုတင်ဘောင်နှင့်အတူ ပါလာလိမ့်မည်ဟု မမျှော်လင့်ထားသဖြင့် အလွန်ပင် အံ့အားသင့်ကာ ဝမ်းသာသွားကြ၏။ အကြောင်းမှာ သူတို့က ယွမ် (၆၀၀၀၀)သည် မွေ့ရာတစ်ခုတည်းအတွက်ဟု ထင်ထားခဲ့ခြင်းပေ။
စုဟယ်နှင့် လူသန်ကြီးများသည် ကုတင်ဟောင်းကို အောက်ထပ်သို့ အတူတူ သယ်ချပေးလိုက်ကြသည်။ ကျူးစီးစီးနှင့် ကျန်းရိချန်တို့သည် ထိုကုတင်ဟောင်းကို သူတို့မိဘများအိမ်သို့ ပို့ရန် ပစ္စည်းသယ်ယူပို့ဆောင်ရေး ကုမ္ပဏီနှင့် စီစဉ်ထားပြီး ဖြစ်သည်။
ထို့နောက် သူတို့ အပေါ်ထပ်သို့ ပြန်တက်ကာ အမြန်ချောပို့ သေတ္တာများကို ဖွင့်ပြီး အိပ်ပျော်နေသော မင်းသမီးလေး၏ ကုတင် ကို တပ်ဆင်လိုက်ကြ၏။
မွေ့ရာပါသော သေတ္တာထဲတွင် အတုအပ မဟုတ်ကြောင်း အာမခံလက်မှတ် တစ်ခုကိုလည်း တွေ့ရှိရသည်။
စုဟယ် ထိုအာမခံလက်မှတ်နှင့် သူမယူလာသော မိတ္တူများကို ကျူးစီးစီးအား စစ်ဆေးရန် ပေးလိုက်၏။
"စာရွက်စာတမ်းတွေက တကယ်ကို ပြည့်စုံတာပဲ။ ဝါး... ဒါက ဆွီဒင်မှာ လုပ်တာပဲ"
ကျန်းရိချန် ကျူးစီးစီးဘေးတွင် ကပ်ကာ ကြည့်နေသည်။
ပြည့်စုံလှသော စာရွက်စာတမ်းများကို မြင်လိုက်ရသည့်အခါ ကျူးစီးစီး၏ နောက်ဆုံးကျန်ရှိနေသော သံသယများမှာလည်း လွင့်ပျောက်သွားတော့၏။ သူမ၏ ယောက္ခမများ ဝယ်ပေးခဲ့သော သံလိုက်ဓာတ်မွေ့ရာမှာ တရားဝင် စာရွက်စာတမ်း တစ်စောင်တစ်လေမျှပင် မပြနိုင်ခဲ့ပေ။
ကျူးစီးစီး ပိုက်ဆံကို ချက်ချင်းပင် ပေးချေလိုက်၏။
ယွမ် (၆၀၀၀၀) ရောက်ရှိလာသည်နှင့် စနစ်က (၄၈၀၀၀) ကို ချက်ချင်း နှုတ်ယူသွားတော့သည်။
စုဟယ်က ရင်ထဲတွင် တိတ်တဆိတ် ကျိန်ဆဲနေမိသော်လည်း အပြင်ပန်းတွင်မူ ပြုံးရွှင်လျက် ထိုစုံတွဲကို နှုတ်ဆက်လိုက်၏။
"တစ်ခုခု ပြဿနာရှိရင် ကျမကို တိုက်ရိုက်ဆက်သွယ်လိုက်ပါရှင်၊ ပြီးတော့ ဖြစ်နိုင်ရင် ကျမတို့ တည်းခိုခန်းကိုလည်း အကြံပြုပေးပါဦးနော် "
စုဟယ် ထွက်သွားပြီး မကြာမီမှာ ကျူးစီးစီးသည် စာရွက်ပေါ်ရှိ အင်တာစတယ်လာ ကုမ္ပဏီ၏ ဖုန်းနံပါတ်သို့ ဖုန်းဆက်ကြည့်ခဲ့သည်ကို စုဟယ် မသိလိုက်ပေ။
ဖုန်းထဲမှ ဆွီဒင်ဘာသာစကားကို ကြားလိုက်ရသည့်အခါ ကျူးစီးစီး စကားပင် ထစ်သွားပြီး ဘာသာပြန်စက်ကို အသုံးပြုကာ တစ်ဖက်လူနှင့် ဆက်သွယ်ခဲ့ရသည်။ ဟဲယဲ့တည်းခိုခန်းမှ ရောင်းချသော ကုတင်မှာ အမှန်တကယ်ပင် သူတို့ဆီမှ လုပ်ပိုင်ခွင့်ရထားခြင်းဖြစ်ကြောင်း အတည်ပြုနိုင်ပြီးမှသာ သူမ စိတ်အေးသွားတော့၏။
ကျူးစီးစီးသည် အင်တာစတယ်လာ ကုမ္ပဏီ၏ တရားဝင် ဝဘ်ဆိုက်ကိုပင် ရှာဖွေကြည့်ရှုခဲ့သေးသည်။ အကြိမ်ကြိမ် စစ်ဆေးပြီးနောက် သူမသည် ပိုမို၍ပင် စိတ်ကျေနပ်သွားတော့သည်။
ထိုညတွင် ကျူးစီးစီးနှင့် ကျန်းရိချန်တို့သည် အိပ်ပျော်နေသော မင်းသမီးလေး၏ကုတင် ပေါ်တွင် စမ်းသပ်လျက် လဲလျောင်းလိုက်ကြပြန်၏။
သူတို့၏ ခေါင်းများ ခေါင်းအုံးကို ထိလိုက်သည်နှင့် ချက်ချင်းပင် အိပ်ပျော်သွားကြတော့သည်။
ဟောက်သံလည်း လုံးဝ ထွက်မလာပေ။
ကျူးစီးစီးသည် အိပ်ရာမှ ထကာ ကုတင်ပုံများကိုရော စုဟယ်ပေးထားသည့် စစ်ဆေးရေး စာရွက်စာတမ်းပုံများကိုပါ ဓာတ်ပုံအများအပြား ရိုက်ပြီး ပို့လိုက်တော့သည်။
သူမသည် ဆေးကုသမှု ခံယူရန် ကြိုးပမ်းနေစဉ်အတွင်း လူနာရှင်မိသားစု ဂရု အများအပြားထဲသို့ ဝင်ထားခဲ့ပြီး ကျန်းရိချန်ကလည်း လူနာဂရုများထဲသို့ ဝင်ထားခဲ့၏။
ကျူးစီးစီးသည် ဂရုထဲတွင် အကြံပြုထားသော ဟောက်သံပျောက်စေသည့် အံ့သြဖွယ်ဆေး ဟု ဆိုသမျှကို ဝယ်ယူစမ်းသပ်လေ့ရှိသည်။ သူမသည် ဆိုရှယ်မီဒီယာ အကောင့်တစ်ခုကိုလည်း ဖွင့်လှစ်ကာ သူမဝယ်ယူခဲ့သော ဟောက်သံပျောက်ဆေးများ၏ အာနိသင်ကို မျှဝေလေ့ရှိရာ သူမ၏ Little Green Book မှ ဖော်လိုဝါ ပမာဏမှာ သုံးလေးထောင်ခန့် ရှိနေပြီဖြစ်၏။
ဖော်လိုဝါ အများကြီး မရှိသော်လည်း ကြည်ရှုနှုန်းမှာ အလွန်မြင့်မားလှသည်။ အကြောင်းမှာ ဟောက်သံ ကုသချင်သူ မဟုတ်ပါက ထိုကဲ့သို့သော အကောင့်မျိုးကို ကြာရှည် ဖော်လို လုပ်နေမည် မဟုတ်သောကြောင့်ပင်။
"ညီမတို့ရေ... ငါ့ယောက်ျားရဲ့ ဟောက်သံကတော့ နောက်ဆုံးမှာ ပျောက်သွားပြီ။ ဒီဆွီဒင် မွေ့ရာကို ဝယ်လိုက်တာ၊ ငါလည်း နောက်ဆုံးတော့ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ရတော့မယ် "
ကျူးစီးစီးသည် ထိုသတင်းကောင်းကို ပလက်ဖောင်း အားလုံးပေါ်တွင် တစ်ပြိုင်နက်တည်း မျှဝေလိုက်သည်။
"ဝါး... ဂုဏ်ယူပါတယ် ဝယ်လို့ရမယ့် လင့်ခ် လေး ပေးပါဦး "
"အစ်မကျူးရေ... အစ်မယောက်ျားရဲ့ ဟောက်သံက တကယ့်ကို ဆိုးတာနော်၊ အခု ပျောက်သွားပြီဆိုတော့ ကျမယောက်ျားလည်း အသက်ကယ်ရာ ရပြီပေါ့"
"စစ်ဆေးရေး လက်မှတ်က တကယ့်အစစ်ပဲ၊ ကျမ အွန်လိုင်းမှာ လက်မှတ်နံပါတ်ကို စစ်ကြည့်ပြီးပြီ၊ နိုင်ငံတော်က အသိအမှတ်ပြုထားတာပဲ "
လူအများအပြားက ကျူးစီးစီးထံသို့ စာပို့ကာ အိပ်ပျော်နေသော မင်းသမီးလေး၏ကုတင် ဝယ်ယူနိုင်မည့် လင့်ခ်ကို တောင်းဆိုလာကြသည်။
ဟောက်ခြင်းသည် ကျန်းမာရေးကို ထိခိုက်စေရုံသာမက လူနာ မိသားစုဝင်များ၏ လူနေမှုဘဝကိုလည်း များစွာ နိမ့်ကျစေ၏။
စုံတွဲအများအပြားမှာ ထိုဒုက္ခကို အလူးအလဲ ခံစားနေကြရသည်။ ထိုမွေ့ရာ၏ ဈေးနှုန်းမှာ (၆၀၀၀၀) ကျော်ဖြစ်သည်ကို မြင်သောအခါ အချို့ကလည်း ဤသည်မှာ ကြော်ငြာတစ်ခုဟု ထင်မှတ်သွားကြ၏။
"ရူးနေတာလား ဒါက ယွမ်(၆၀၀၀၀)တောင် ပေးရမှာလား "
"သေချာပါတယ်၊ ချမ်းသာတဲ့သူတွေလည်း လိမ်ညာခံရတာပဲ"
"ဒါက လိမ်လည်မှုလို့ မသတ်မှတ်နိုင်ဘူးလား "
အချို့လူများက ဈေးနှုန်းကိုသာ အာရုံစိုက်ပြီး ဂရုထဲတွင် ကျူးစီးစီးနှင့် စကားအချေအတင် ဖြစ်လာကြကာ ရိုင်းစိုင်းသော စကားလုံးများကိုပင် အသုံးပြုလာကြသည်။
၎င်းက လူအများအပြားကို ထိုအကြောင်းအရာနောက်သို့ လိုက်ပါလာစေ၏။ သို့သော် ကျူးစီးစီးမှာ ထိုသူများကို ဖြေရှင်းနေရန် အချိန်မရှိပေ။ အကြောင်းမှာ လူအများအပြားက ဝယ်ယူနိုင်မည့် နည်းလမ်းကို သူမထံ စာပို့ကာ မေးမြန်းနေကြသောကြောင့် ဖြစ်သည်။
ဂရုထဲတွင် မည်သူမျှ ကျူးစီးစီးဘက်မှ ကူညီပြောပေးခြင်း မရှိဟု ထင်ရသော်လည်း လက်တွေ့တွင်မူ လူတိုင်းမှာ သူမနှင့် သီးသန့်စာပို့ကာ စကားပြောရန် အလုပ်ရှုပ်နေကြခြင်းဖြစ်သည်။ ၎င်းတို့မှာ တိတ်ဆိတ်နေသော အများစု ပင် ဖြစ်သည်။
ကျန်းရိချန်သည်လည်း လူနာဂရုထဲတွင် ဓာတ်ပုံများ တင်ခဲ့သော်လည်း သူ၏ သီးသန့်စာများမှာ ပေါက်ကွဲထွက်မသွားခဲ့ပေ။
"ခင်ဗျားတို့ ဟဲယဲ့တည်းခိုခန်းကို တိုက်ရိုက်သွားပြီး တစ်ည ၃၀၀ တန် အခန်းကို ငှားပြီး အိပ်ကြည့်လိုက်၊၊ ဒါဆိုရင် သိလိမ့်မယ်။ ကျွန်တော် တို့လည်း စမ်းကြည့်ပြီးမှ ဝယ်တာပါ"
အခြား သူဌေးတစ်ဦးကမူ ဂရုထဲတွင် စခရင်ရှော့ တစ်ခုကို တိုက်ရိုက် မျှဝေလိုက်သည်။
"ကျွန်တော် အခု မြို့ပြင်ရောက်နေတယ်၊ ပိုက်ဆံတော့ ရှင်းလိုက်ပြီ၊ စမ်းသပ်ကြည့်ဖို့ စောင့်နေတယ်"
သူသည် စုဟယ်ကို ဖုန်းထဲတွင် အပ်လိုက်ပြီး တိုက်ရိုက် ဝယ်ယူလိုက်ခြင်း ဖြစ်သည်။
"ပါဆယ်ဖောက်ရမဲ့ အချိန်ကို စောင့်နေတယ်။ ငွေပေးချေမှု စခရင်ရှော့ "
"သူဌေးမက ရက် (၃၀) အတွင်း အကြောင်းပြချက်မရှိ ပြန်အပ်လို့ရတယ်လို့ ပြောတယ်၊ ကျွန်တော်လည်း ဝယ်လိုက်ပြီ "
ငွေပေးချေမှု စခရင်ရှော့ ယွမ်(၁၂၀၀၀၀)
"ကျွန်တော် စမ်းကြည့်ဖို့ နှစ်လုံး ဝယ်လိုက်တယ်"
ဂရုထဲရှိ အချို့လူနာများက မနာလိုစွာ ပြောလိုက်ကြသည်။
"ဂရုထဲမှာ သူဌေးတွေ ဒီလောက်တောင် များနေတာလား"
တစ်ဦးကမူ တွေ့ကြုံဖူးသူပီပီ ပြောလိုက်သည်။
"တကယ်တော့ အဲလို မဟုတ်ပါဘူး။ အစ်ကိုကြီးကျန်းက ကျွန်တော်တို့ ဂရုထဲမှာ နေလာတာ ကြာပြီ၊၊ သူက ဆေးရုံကြီးတွေ အကုန်စုံနေပြီ။ အဲဒီဆေးရုံတွေကို သွားရတဲ့ လမ်းစရိတ်တွေ၊ ကျွမ်းကျင်ဆရာဝန်နဲ့ ပြသဖို့ ပွဲစားခတွေ၊ ဆေးဝယ်တာတွေ အားလုံးပေါင်းလိုက်ရင် တကယ်တော့ သောင်းနဲ့ချီပြီး ကုန်နေတာပါ "
"ဟုတ်တယ်၊ ပြီးတော့ အရင်က နာမည်ကြီးခဲ့တဲ့ နှာခေါင်းဖြန်းဆေးဆိုရင် သွင်းကုန်မို့လို့ တစ်ဘူးကို ရာနဲ့ချီ ပေးရတာ။ ဂရုထဲက လူအများအပြားက အဲဒါကို တစ်နှစ်လောက်ထိ သုံးခဲ့ကြတာ၊ (၆၀၀၀၀)ထက် မနည်းဘူး ကုန်ခဲ့ပေမယ့် အာနိသင်ကတော့ မသိသာလှဘူး။ တကယ်လို့ ဒီမွေ့ရာက တကယ် အသုံးဝင်တယ်ဆိုရင် (၆၀၀၀၀) ဆိုတာ မရှုံးပါဘူး "
လူနာအများအပြားမှာ ထိုစကားကို ကြားပြီးနောက် စိတ်လှုပ်ရှားသွားကြပြီး မိမိတို့၏ ဆေးကုသစရိတ်များကို ပြန်လည် တွက်ချက်ကြည့်ကြ၏။ တကယ်ပင် သောင်းနှင့်ချီ ကုန်ကျနေပါသည်။
တစ်ဖက်တွင်တော့ စုဟယ်မှာ ပြာယာခတ်နေ၏။ သူမဖုန်းမှာ စာဝင်သံ တီကနဲ တီကနဲနှင့် မရပ်မနား မြည်နေတော့သည်။
သူမအနေဖြင့် ယွမ် (၁၀၀၀၀)အကုန်အကျခံကာ အွန်လိုင်းစတိုးတစ်ခု ဖွင့်ပေးရန် စနစ်အား အပ်နှံလိုက်ရတော့သည်။ မဟုတ်လျှင် အခြားဒေသမှ ဖောက်သည်များထံ ပြန်လည်ရောင်းချရန်မှာ မဖြစ်နိုင်သောကြောင့် ဖြစ်သည်။
ဤတစ်ခေါက် အလုပ်ပြီးသွားသည့်အခါမှာတော့ ယွမ် (၉၀၀၀) ထဲကမှ ပစ္စည်းသယ်ယူပို့ဆောင်ရေး ကုမ္ပဏီကို ပေးရသည့် (၂၀၀) ကို နှုတ်ပြီးလျှင်တောင် စနစ်ကို ယွမ် (၁၂၀၀) ထပ်ပေးရဦးမည် ဖြစ်သည်။
သူမ ရှုံးသွားပြန်ပြီ။