အခန်း (၁၇-၁၈)
Vol. 2 Ch. 17-18
17
စနစ်မှ ယွမ် (၁၀၀၀၀) အကုန်အကျခံပြီး ဖန်တီးပေးထားသည့် အွန်လိုင်းစတိုးသည် အလွန်ပင် ရိုးရှင်းလှပြီး မီနီပရိုဂရမ် လင့်ခ်တစ်ခုမျှသာ ဖြစ်သည်။
လောလောဆယ်တွင် အွန်လိုင်းစတိုး၌ အိပ်ပျော်နေသော မင်းသမီးလေး၏ ကုတင် ဆိုသည့် ကုန်ပစ္စည်းတစ်ခုသာ ရှိပြီး အသေးစိတ်အချက်အလက်များမှာလည်း စစ်ဆေးရေးလက်မှတ်များစွာနှင့် ထုတ်ကုန်ဓာတ်ပုံ အနည်းငယ်သာ ပါ၏။
ဟဲယဲ့တည်းခိုခန်းသို့ အပြန်လမ်းတွင် စုဟယ် ဖုန်းမှာ မရပ်မနား မြည်နေတော့သည်။ လူအများအပြားက အိပ်ပျော်နေသော မင်းသမီးလေး၏ ကုတင်သည် ဟောက်ခြင်းကို တကယ်ကုသနိုင်ပါသလားဟု ဖုန်းဆက်မေးမြန်းနေကြခြင်းဖြစ်သည်။
ထိုအခါမှသာ ကျူးစီးစီးနှင့် ကျန်းရိချန်တို့ အဘယ်ကြောင့် ဤမျှများပြားသော ငွေကြေးကို အသုံးပြုကာ ထိုကုတင်ကို ဝယ်ယူခဲ့ကြသလဲဆိုသည်ကို စုဟယ် နားလည်သွားတော့သည်။
အိပ်ပျော်နေသော မင်းသမီးလေး၏ ကုတင်မှာ ဤကဲ့သို့ အာနိသင်ရှိနေသည် မဟုတ်ပါလား။
ကျူးစီးစီးနှင့် ကျန်းရိချန်တို့ ကြော်ငြာပေးမှုကြောင့် စနစ်က အသစ်စက်စက် ဖန်တီးပေးလိုက်သော မီနီပရိုဂရမ် စတိုးတွင် အော်ဒါ ပမာဏမှာ (၂၀) အထိ ရောက်ရှိနေပြီဖြစ်သည်။
အခြားဖောက်သည် အချို့လည်း ဟဲယဲ့တည်းခိုခန်းရှိ ရှုရှင်း ဇိမ်ခံအခန်း တွင် လာရောက်စမ်းသပ်အိပ်စက်လိုကြောင်း ဖုန်းဆက်ပြောဆိုလာကြ၏။
ယနေ့ညတွင် ဟဲယဲ့တည်းခိုခန်းသို့ ဧည့်သည် ငါးဦး ရောက်ရှိလာရန် မျှော်လင့်ရသည်။ လုပ်စရာ များပြားလှသော်လည်း စုဟယ်အတွက် တစ်ခုတည်းသော စိတ်သက်သာရာရစရာမှာ အွန်လိုင်းအော်ဒါများကို စနစ်က အလိုအလျောက် ပို့ဆောင်ပေးမည်ဖြစ်ရာ သူမအနေဖြင့် စိတ်ပူနေရန် မလိုခြင်းပင်။
စုဟယ် အိပ်ပျော်နေသော မင်းသမီးလေး၏ ကုတင် ဝယ်ယူသူများထံမှ ရရှိသော ကြိုတင်ငွေများကို ယာယီအသုံးပြုကာ ဒုတိယထပ်ရှိ ကျန်ရှိနေသော နှစ်ယောက်အိပ်ခန်း (၁၄) ခန်းလုံးကို အဆင့်မြှင့်တင်လိုက်သည်။
အခန်းတိုင်းတွင် အိပ်ပျော်နေသော မင်းသမီးလေး၏ ကုတင် နှင့် အသံတိတ် ပြတင်းပေါက် များကို တပ်ဆင်လိုက်၏။
အသုံးပြုသူအသစ် အထူးဈေးနှုန်း မရှိတော့သဖြင့် ကုတင်တစ်လုံးလျှင် ယွမ် (၃၀၀၀) နှင့် ပြတင်းပေါက် တစ်ချပ်လျှင် ယွမ် (၁၀၀၀) ကျသင့်သည်။
ဤတစ်ကြိမ်တွင် စုဟယ် အခန်းတွင်းရှိ ရေချိုးခန်းပြတင်းပေါက်များကိုပါ လဲလှယ်ပေးလိုက်ရာ အခန်းတစ်ခန်းလျှင် ပြင်ဆင်စရိတ် ယွမ် (၅၀၀၀) ကျသင့်ပြီး စုစုပေါင်း ယွမ် (၇၀၀၀၀) ကုန်ကျသွား၏။
ဂိမ်းအတွင်း သုံးစွဲမှုပမာဏ ယွမ် (၁၀၀၀၀) ပြည့်သွားပြီးနောက် ဂိမ်းဆိုင်တွင် ပစ္စည်းနေရာအသစ် နှစ်ခု ထပ်ပွင့်လာပြီး ပစ္စည်း (၅) မျိုးကို မြင်တွေ့နိုင်ရန်အတွက် Refresh လုပ်ရန် လိုအပ်သည်။
သို့သော် စုဟယ်သည် အိပ်ပျော်နေသော မင်းသမီးလေး၏ကုတင် ကို အများအပြား လိုအပ်နေသဖြင့် လောလောဆယ်တွင် ပစ္စည်းများကို Refresh မလုပ်လိုသေးပေ။
စုဟယ် လိုက်ကာကုမ္ပဏီတစ်ခုကိုလည်း ဖုန်းဆက်ခေါ်ယူကာ ယွမ် (၆၀၀၀) အကုန်အကျခံပြီး ဒုတိယထပ်ရှိ အခန်း (၁၅) ခန်းလုံး၏ လိုက်ကာများကို လဲလှယ်လိုက်သည်။
ယခုတစ်ခေါက် ရွေးချယ်ထားသော လိုက်ကာများမှာ ခရင်မ်ရောင် များဖြစ်ပြီး အနည်းငယ် ဝါကျင့်ကျင့်ဖြစ်နေသော ကြမ်းပြင်နှင့် လိုက်ဖက်ညီကာ ကျေးလက်ဆန်သော အလှတရားကို တိုးစေ၏။
စုဟယ်နှင့် ဟုန်လျန်တို့ သေချာစွာ သန့်ရှင်းရေးလုပ်မှုကြောင့် ဤ ရှုရှင်း ဇိမ်ခံအခန်း (၁၅) ခန်းမှာ နောက်ဆုံးတွင် ကြည့်ပျော်ရှုပျော် ရှိလာတော့သည်။
"နံရံတွေကိုပါ ဆေးသုတ်လိုက်ရရင် သိပ်ကောင်းမှာပဲ"
ဟုန်လျန် သူမလက်ထဲမှ အဝတ်စုတ်ကို ချလိုက်ရင်း အနည်းငယ် အားမရသလို ခံစားလိုက်ရ၏။
ယခုအခါ ဒုတိယထပ်ရှိ အခန်း (၁၅) ခန်းမှာ အလွန်သန့်ရှင်းနေပြီး အသစ်လဲလှယ်ထားသော လိုက်ကာများ၏ နောက်ခံနှင့်အတူ နွေးထွေးကာ သပ်ရပ်နေသည်။
သို့သော် နံရံများရှိ ဆေးများမှာ နေရာအတော်များများတွင် ကွာကျနေသဖြင့် ဟုန်လျန်က ထိုသို့ ပြောဆိုမိခြင်းမှာလည်း မဆန်းပေ။
"နောက်မှ ပိုက်ဆံအဆင်ပြေတဲ့အခါ ဆေးပုံးအချို့ဝယ်ပြီး သုတ်လိုက်ကြတာပေါ့"
စုဟယ်က နံရံဆေးသုတ်ခြင်းနှင့် ပတ်သက်၍ ကျွမ်းကျင်ပြီးသားဖြစ်သည်၊၊ ဟဲယဲ့တည်းခိုခန်း နံရံများသည် နှစ်ပေါင်းမည်မျှကြာအောင် ဖာထေးထားမှန်း မသိရသလို သူမကိုယ်တိုင်လည်း အကြိမ်အနည်းငယ် ပြုလုပ်ခဲ့ဖူးသည်။
အကယ်၍ မီနီပရိုဂရမ်ပေါ်ရှိ လက်ရှိ ကုတင် ၂၀ သာ အောင်အောင်မြင်မြင် ရောင်းချနိုင်ခဲ့လျှင် စနစ်၏ ကော်မရှင်ခများကို နှုတ်ပြီးနောက် စုဟယ်သည် ယွမ် (၁၈၀၀၀၀) ရရှိမည်ဖြစ်သည်။
ထိုအချိန်ရောက်လျှင် သူမ နံရံဆေးသုတ်ရန် တစ်စုံတစ်ယောက်ကို ငှားရမ်းနိုင်လောက်အောင် ချမ်းသာလာနိုင်သည်။ အို... မဟုတ်သေး နံရံကပ်စက္ကူ တွေနဲ့ တိုက်ရိုက် လဲလှယ်ပစ်နိုင်ပေမည်။
စုဟယ် သူမ ခေါင်းလေးကို လက်ဖြင့်ပုတ်လိုက်၏။
"သွားကြစို့၊ နင့် အခန်းကို သွားပြင်ကြမယ်"
ဟုန်လျန် အခန်းကို ပထမထပ်သို့ ပြောင်းရွှေ့ပေးထားပြီး ၎င်းမှာ မူလက စုဟယ်တို့ မိသားစု ဧည့်ဝန်ဆောင်မှုအခန်း ဖြစ်သဖြင့် ဧည့်ခန်းများနှင့် နှိုင်းယှဉ်လျှင် လူနေအိမ်နှင့် ပိုတူသည်။
ညနေ (၆) နာရီ အချိန်တွင် ဧည့်သည်များမှာ တစ်ဦးပြီးတစ်ဦး ရောက်ရှိလာကြ၏။
"မင်္ဂလာပါရှင်၊ ရှုရှင်း ဇိမ်ခံအခန်းကို ဘိုကင် တင်ထားတာလား။ ကျမနောက်ကို လိုက်ခဲ့ပါရှင်"
သူတို့ မှတ်ပုံတင်များကို စစ်ဆေးပြီးနောက် စုဟယ် ဧည့်သည်နှစ်ဦးကို ဒုတိယထပ်သို့ ခေါ်ဆောင်သွားသည်။
ထိုဧည့်သည်နှစ်ဦးမှာ တစ်ဦးက ဝပြီး တစ်ဦးက ပိန်ပါ၏။
ပိန်သောဧည့်သည်မှာ ဝူချန်ကော် ဖြစ်ပြီး ဝသောသူမှာ ချန်ကန်း ဖြစ်သည်။
ချန်ကန်းနှင့် ဝူချန်ကော်တို့သည် ဂရုထဲရှိ ကျန်းရိချန် စာကို မြင်ပြီးနောက် အံ့သြဖွယ်ကောင်းလှသည်ဟု ချီးကျူးခံထားရသော မွေ့ရာကို စမ်းသပ်ရန် ဟဲယဲ့တည်းခိုခန်းသို့ လာခဲ့ကြခြင်းပင်။
သူတို့နှစ်ဦးစလုံး နှစ်ပေါင်းများစွာ ဟောက်တတ်သူများဖြစ်ပြီး ရိုးရာကုထုံးများမှာလည်း ထိရောက်မှု မရှိခဲ့ပေ။
ဝူချန်ကော်၏ အခြေအနေမှာ ပိုမိုရှုပ်ထွေးသည်။ သူက မဝသလို ခန္ဓာကိုယ်တွင်လည်း အဆီ များများစားစား မရှိပေ။
ချန်ကန်းကဲ့သို့ ဝသောသူများမှာ ဝိတ်ချခြင်းဖြင့် ဟောက်ခြင်းကို သက်သာစေနိုင်သော်လည်း သူ့အတွက်မူ မည်သည့်အရာမှ အလုပ်မဖြစ်ခဲ့ချေ။
"အစ်ကိုတို့ရေ... ကျွန်တော် ဟဲယဲ့တည်းခိုခန်းကို ရောက်ပါပြီ။ အစ်ကိုကန်း နဲ့ ကျနော် တစ်ယောက် တစ်ခန်းစီ ယူထားတယ်။ ကဲ... ကြည့်လိုက်ကြဦး၊ အခန်းပုံစံက ဒီလိုပါ"
ဝူချန်ကော် အခန်းထဲသို့ ရောက်သည်နှင့် ဗီဒီယိုအတိုလေးတစ်ခု ရိုက်ကာ ဂရုထဲသို့ ချက်ချင်း ပို့လိုက်၏။
ချန်ကန်းကလည်း ချက်ချင်းပင် လိုက်ပို့လိုက်သည်။
"ကျွန်တော့် အခန်းလည်း ပုံစံတူပါပဲ၊ အားလုံးက အသစ်တွေလိုပဲ ကြည့်ကောင်းတယ်"
ဂရုထဲမှ အဖွဲ့ဝင်တစ်ဦးက ပြန်ပြော၏။
"ကျွန်တော် မနက်ဖြန်အတွက် အခန်းတစ်ခန်း ဘိုကင်တင်ထားတယ်၊ ကျွန်တော့် မိဘတွေကိုပါ ခေါ်လာပြီး စမ်းသပ်ခိုင်းမလို့၊ ကျွန်တော်တို့ မိသားစု သုံးယောက်လုံးက ဟောက်ကြတာကိုး "
"အစ်ကိုကန်း ဒီည အိပ်နေတာကို Live လွှင့်မှာလား"
တစ်စုံတစ်ယောက်က စနောက်လိုက်သည်။
ချန်ကန်းက ရယ်မောရင်း ကျိန်ဆဲလိုက်၏။
"ဒီကောင်တွေကတော့ ငါ့ကိုတောင် စနေကြပြီ"
သူက ဂရုထဲတွင် ပြန်ဖြေလိုက်သည်။
"ငါ Live မလွှင့်တော့ပါဘူး၊ ဒါပေမဲ့ အိပ်နေစဉ် အသက်ရှူရပ်ခြင်း စောင့်ကြည့်စက် ပါလာတယ်၊ မနက်ဖြန်မနက်ကျရင် အချက်အလက်တွေကို တင်ပေးမယ် "
နောက်တစ်ယောက်က စိတ်သဘောထားကောင်းသော ဝူချန်ကော်ကို တိုက်တွန်းလိုက်သည်။
"ကောင်းပြီလေ၊ ဒါဆိုရင် ကျွန်တော်ပဲ Live လွှင့်လိုက်မယ်။ အားလုံးပဲ လာကြည့်ပြီး အကြံပေးကြဦးနော်"
ချန်ကန်းနှင့် ဝူချန်ကော်တို့အပြင် အခြားသော ဇနီးမောင်နှံ သုံးစုံလည်း လာတည်းကြသည်။
တက်ကြွနေသော ချန်ကန်းနှင့် ဝူချန်ကော်တို့နှင့် မတူသည်မှာ ထိုဇနီးမောင်နှံ သုံးစုံထဲမှ ခင်ပွန်းများမှာ မျက်နှာပျက်နေကြပြီး သူတို့ ဇနီးများက အတင်းအကျပ် ခေါ်လာခြင်း ခံရသည့်ပုံစံမျိုး ဖြစ်နေ၏။
"အို... မင်းကတော့ ဘယ်လို အဓိပ္ပာယ်မရှိတဲ့ ကြော်ငြာတွေကို ဖတ်လာပြန်ပြီလဲ။ မွေ့ရာတစ်ခုက ဟောက်တာကို ကုသနိုင်တယ် ဟုတ်လား။ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ "
ဖန်လုံ ဟု အမည်ရသော အမျိုးသားတစ်ဦးက တိုးတိုးလေး ညည်းတွားလိုက်သည်။
သူ့ဇနီး ရှောင်ချင်း ၏ မျက်စောင်းကို ရရှိပြီးနောက်မှသာ သူသည် ဒုတိယထပ်သို့ မလိုမတူစွာ လမ်းလျှောက်တက်သွားတော့၏။
ဖန်လုံအနေဖြင့် သူ့ဇနီး ရှောင်ချင်းက အဘယ်ကြောင့် မြို့တစ်ပတ်ပတ်ကာ ထိုကဲ့သို့သော တည်းခိုခန်းလေးသို့ လာရောက်အိပ်စက်ရသလဲဆိုသည်ကို တကယ်ပင် နားမလည်နိုင်ပေ။
ရှောင်ချင်းကတော့ လိမ်ညာခံလိုက်ရပြီမှာ သေချာသည်။
ထိုဇနီးမောင်နှံတို့၏ အငြင်းပွားမှုကို စုဟယ်က ဝင်ရောက်စွက်ဖက်ခြင်း မပြုပေ။ အိပ်ပျော်နေသော မင်းသမီးလေး၏ ကုတင် က သူတို့ကို အံ့အားသင့်စေလိမ့်မည်ဟု သူမ ယုံကြည်နေသည်။
ဝူချန်ကော်သည် Douyin ပေါ်တွင် Live စတင်လွှင့်လိုက်ပြီး ခေါင်းစဉ်ကို "ဟောက်ခြင်းကို ကုသပေးတဲ့ မွေ့ရာ" ဟု ပြောင်းလဲလိုက်သည်။
"အစ်ကိုတို့ရေ... ကျွန်တော် အခု Live လွှင့်နေပါပြီ။ အချိန်ရှိရင် လက်ဆောင်လေးတွေ ပေးသွားကြဦးနော်"
ဝူချန်ကော်သည် Live လွှင့်နေသော လင့်ခ်ကို လူနာဂရုထဲသို့ မျှဝေလိုက်သည်။
Live ကြည့်ရှုသူ အရေအတွက်မှာ ချက်ချင်းပင် (၃၀)သို့ ခုန်တက်သွားပြီး ဝူချန်ကော် တည်နေရာကို ဖွင့်ထားသဖြင့် လမ်းသွားလမ်းလာ အချို့လည်း မတော်တဆ ဝင်ရောက်ကြည့်ရှုလာကြသည်။
"မွေ့ရာ ရောင်းနေတာလား "
တစ်ဦးက စာပို့လိုက်သည်။
"ဖြတ်သွားဖြတ်လာ အစ်ကိုတို့ရေ... အသည်း လေးတွေ ပေးသွားကြပါဦး ကျွန်တော် မွေ့ရာရောင်းနေတာ မဟုတ်ပါဘူး၊ ဝယ်ဖို့ လာတာပါ။ ဒီမွေ့ရာက ဟောက်တာကို ကုသနိုင်တယ်လို့ ဆိုလို့ ကျွန်တော့်ဂရုထဲက အဖွဲ့ဝင်တွေက စမ်းသပ်ခိုင်းလို့ ရောက်နေတာပါ။ Live ထဲက မိသားစုတို့ရေ... ကျွန်တော့်အတွက် သက်သေအဖြစ် ကြည့်ပေးကြပါဦး "
ဝူချန်ကော် စာတိုလေးများကို ကြည့်ရင်း ပြန်ဖြေလိုက်သည်။
"ကဲ... အစ်ကိုတို့ရေ၊ ကျွန်တော် အိပ်တော့မယ်"
ဝူချန်ကော်က ဖုန်းကို အားသွင်းကြိုးထိုးကာ ထောင့်တစ်ခုတွင် အနေအထား ညှိလိုက်သည်။
သူသည် ခေါင်းအုံးကို ပုတ်လိုက်ပြီး အနေအထားကို ပြင်လိုက်သည်။
သူသည် မျက်စိမှိတ်လိုက်ပြီး တိတ်ဆိတ်သွားတော့သည်။
"သူ အိပ်ပျော်သွားပြီလား သိပ်မြန်လွန်းတာပဲ၊ ဒါက အတုပဲ ဖြစ်ရမယ် "
Live ကြည့်နေသူတစ်ဦးက မယုံကြည်ပေ။
"သူ တကယ် အိပ်ပျော်သွားတာပါ၊ သူ့ရဲ့ အသက်ရှူနှုန်းက အတော်လေး တည်ငြိမ်နေတယ်"
တစ်စုံတစ်ယောက်က ဝူချန်ကော်၏ အိပ်စက်နေသော ပုံစံကို လေ့လာရင်း ပြောလိုက်သည်။
ဂရုထဲတွင်လည်း တက်ကြွစွာ ဆွေးနွေးနေကြသည်
"သူ တကယ် မဟောက်တော့ဘူး ထင်တယ်၊ ဒါပေမဲ့ အသက်ရှူသံ နည်းနည်းတော့ ရှိနေသေးတယ်"
"ကျွန်တော် အရင်က ဝူလေး ဟောက်တာကို ကြားဖူးတယ်၊ ဂရုထဲမှာ ဗီဒီယိုတောင် ရှိနိုင်သေးတယ်။ ဒီအာနိသင်က တကယ်ကို ထူးခြားလွန်းတယ် "
အချို့လူများမှာ မအောင့်နိုင်တော့ဘဲ မီနီပရိုဂရမ်ပေါ်တွင် အော်ဒါ တင်လိုက်ကြပြီဖြစ်သည်။
အချို့ကမူ ပိုမို ဆင်ခြင်တုံတရား ရှိကြသည်။
"မလောကြနဲ့ဦး၊ မလောကြနဲ့ဦး၊ ခဏလောက် ထပ်စောင့်ကြည့်ကြရအောင်။ ဒါက အစပိုင်းမှာပဲ အာနိသင်ရှိတာလည်း ဖြစ်နိုင်တာပဲ။ သန်းခေါင်ယံလောက်ကျမှ ထပ်ကြည့်ကြတာပေါ့ "
ဝူချန်ကော်မှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားပြီး လန်းဆန်းမှုကို အပြည့်အဝ ခံစားနေရသည်။
သူအိပ်ပျော်နေစဉ်အတွင်း Live ကြည့်ရှုသူ အရေအတွက်မှာ တဖြည်းဖြည်း တိုးပွားလာပြီး ရာနှင့်ချီသော လူများမှာ သူ့ကိုကြည့်ရင်း တစ်ညလုံး မအိပ်ဘဲ စောင့်ကြည့်နေကြသည်ကို သူ မသိလိုက်ပေ။
နောက်တစ်နေ့မနက်တွင်တော့ မည်သည့်စကားမှ ပြောနေရန် မလိုတော့ဘဲ မီနီပရိုဂရမ်ပေါ်ရှိ အော်ဒါအရေအတွက်မှာ တစ်ရာကျော်သွားတော့သည်။
နံနက်ခင်း အလင်းရောင်အောက်တွင် ဝူချန်ကော် လန်းဆန်းစွာဖြင့် နိုးလာခဲ့သည်။
သူသည် ကိုယ်လက်လှုပ်ရှားကာ ယခင်က မခံစားဖူးသော နံနက်ခင်း နိုးကြားမှုကို ခံစားလိုက်ရသည်။
"ဝါး... ကျွန်တော် မနေ့ညက မအိပ်ချင်သေးဘူး၊ ဒါပေမဲ့ Live လွှင့်နေတဲ့သူရဲ့ အသက်ရှူသံက ပုံမှန်ဖြစ်လွန်းလို့ ကျနော်လည်း မသိလိုက်ဘဲ အိပ်ပျော်သွားတယ်။ အခု စောစောနိုးလာလို့ ချက်ချင်း ပြန်ဝင်ကြည့်တာ"
"ကျွန်တော် ညဘက်မှာ အကြိမ်ပေါင်းများစွာ ဝင်ကြည့်တယ်၊ Live လွှင့်တဲ့သူက တကယ်ပဲ တစ်ချက်မှ မဟောက်ဘူး "
"ညသန်းခေါင်လောက်မှာ အသက်ရှူသံ အနည်းငယ် ကျယ်လာတယ်၊ ဒါပေမဲ့ အဲဒါက ဟောက်သံ မဟုတ်သေးဘူး "
ဝူချန်ကော်က သူ့Live မျက်နှာပြင်ကို အံ့အားသင့်စွာဖြင့် ကြည့်လိုက်သည်။
Live ထဲတွင် ကြည့်ရှုသူ ရာနှင့်ချီ၍ ရှိနေဆဲပင်။ သူ လက်ဆောင် အဖြစ် ယွမ် ဆယ်ဂဏန်းလောက်တောင် ရလိုက်သေး၏။
"ကျွန်တော် အခု ယုံချန် က ဟဲယဲ့တည်းခိုခန်းမှာ ရှိနေတာပါ။ မွေ့ရာကို ဒီမှာပဲ ဝယ်လို့ရပါတယ်။ အားလုံးပဲ စိတ်ဝင်စားရင် လာစမ်းကြည့်ကြပါ "
ဝူချန်ကော် ဝမ်းသာအားရ ပြောလိုက်သည်။
လက်ဆောင်ရရှိထားသော ယွမ် ဆယ်ဂဏန်းကို ကြည့်ပြီး သူ့စိတ်ထဲတွင် အကြံတစ်ခု ပေါ်လာသည်။
"ဒီညကျရင် အိမ်ပြန်အိပ်မယ်၊ ပြီးတော့ လူတိုင်းကို ကျနော့်ရဲ့ ပုံမှန်ဟောက်သံကို နားထောင်ခိုင်းမယ် "
ဝူချန်ကော်သည် ကြည့်ရှုသူများနှင့် ခဏတာ စကားပြောပြီးနောက် စိတ်မပါစွာ Live ကို ပိတ်လိုက်သည်။
အခြားအခန်းတစ်ခုတွင် ချန်ကနလည်း သူ အိပ်နေစဉ် အသက်ရှူရပ်ခြင်း စောင့်ကြည့်စက်မှ အချက်အလက်များကို ဝမ်းသာအားရ ကြည့်နေမိ၏။
သူ ဟောက်တတ်ခြင်းကြောင့် အိပ်ပျော်နေစဉ် အသက်ရှူရပ်သွားတတ်သဖြင့် ထိုစက်ကို ဝယ်ယူထားခြင်း ဖြစ်သည်။
သို့သော် ဤတစ်ကြိမ်တွင် အချက်အလက်များက သူ့ကို အလွန်အံ့အားသင့်စေ၏၊၊ သူ အိပ်နေစဉ် တစ်ကြိမ်မျှပင် အသက်ရှူရပ်ခြင်း မရှိခဲ့ပေ။
18
ချန်ကန်းနှင့် ဝူချန်ကော်တို့ ပစ္စည်းကို စမ်းသပ်ပြီးနောက် ချက်ချင်းပင် အော်ဒါတင်ရန် ဆန္ဒရှိကြောင်း ပြောဆိုကြသည်။
သူတို့နှစ်ဦး အောက်ထပ်သို့ ဆင်းလာပြီး စုဟယ်ကို အားကိုးတကြီး မျက်နှာပေးဖြင့် ကြည့်ကာ မေးမြန်းလိုက်ကြ၏။
"သူဌေးမ... တခြား လျှော့ဈေး တွေ မရှိတော့ဘူးလား။ ကျွန်တော်တို့က လူတွေအများကြီးကို ဝယ်ဖို့ အကြံပြုပေးထားတာဆိုတော့ နည်းနည်းလောက် ထပ်လျှော့ပေးလို့ မရဘူးလားဗျာ"
စုဟယ်သည် ကုန်စုံဆိုင်ကောင်တာမှ ခဏခွာကာ ဝူချန်ကော်၊ ချန်ကန်းနှင့် အခြားဇနီးမောင်နှံ သုံးတွဲကို ဧည့်ခံရန် ထွက်လာခဲ့သည်။
"တကယ် လျှော့ပေးလို့ မရလို့ပါရှင်။ ကျမတို့ရဲ့ ဈေးနှုန်းတွေကို ထုတ်လုပ်သူဘက်က တိုက်ရိုက် ထိန်းချုပ်ထားတာပါ။ ဈေးကြီးတယ်လို့ ထင်ရပေမဲ့ ကျမတို့လို ကိုယ်စားလှယ်တွေက ပစ္စည်းပို့ခလောက်ပဲ အမြတ်ကျန်တာပါ"
စုဟယ်က လိမ်ညာခြင်းမရှိဘဲ ပြောလိုက်သည်။
စနစ်၏ ကော်မရှင်ခမှာ တကယ်ပင် များပြားလွန်းလှသည် မဟုတ်ပါလား။
ဝူချန်ကော်နှင့် ချန်ကန်းတို့ စကားပြောရန် ပြင်နေစဉ်မှာပင် ဖန်လုံ၏ မျက်နှာက ပျက်သွားပြီး ပြောလာသည်။
"ဒီလောကမှာ အမြတ်ကြီးစားကြတာ ဘယ်သူမသိဘဲ နေမှာလဲ။ သူဌေးမ... ကျုပ်တို့ကို တကယ့်အရင်းဈေးပဲ ပြောပါ "
"တည်းခိုခန်းမှာ တည်းခိုတဲ့ ဧည့်သည်တွေအတွက်တော့ အော်ဒါတစ်ခုတိုင်းမှာ မုန့်တစ်ဘူး လက်ဆောင်ပေးပါတယ်။ ဒါက တခြားကိုယ်စားလှယ်တွေဆီမှာ မရနိုင်တဲ့ အခွင့်အရေးပါ"
စုဟယ်က ပြင်ဆင်ထားသော မုန့်ဘူးများကို ထုတ်ပြရင်း ပြောလိုက်သည်။
လက်ရှိတွင် သူမသည် တရုတ်နိုင်ငံ၌ တစ်ဦးတည်းသော ဂိမ်းဆိုင်ကိုယ်စားလှယ် ဖြစ်နေသော်လည်း ၎င်းမှာ အမှန်တကယ်ပင် ပေးထားသော လျှော့ဈေးတစ်ခု ဖြစ်သည်။
ဖန်လုံ အနည်းငယ် စိတ်မရှည်တော့ဘဲ သူ၏ နဂါးသတ်ဓား (ဈေးနှိမ်ခြင်း) ကို ထုတ်သုံးလိုက်သည်။
"ယွမ် (၆၀၀၀)ထား"
သူ့ဇနီး ရှောင်ချင်းက သူ့ကို လှမ်းဆွဲသော်လည်း စိတ်မရှည်စွာဖြင့် ပုတ်ထုတ်လိုက်၏။
"မင်းတို့လောကအကြောင်း ငါအကုန်သိတယ်"
ဖန်လုံက ကျွမ်းကျင်သူ တစ်ဦးကဲ့သို့ လေသံဖြင့် ပြောလိုက်သည်။
စုဟယ် စိတ်မဆိုးပေ။
ထိုဖန်လုံသည် သူမတည်းခိုခန်း၏ ပစ်မှတ်ထားသော ဖောက်သည် မဟုတ်မှန်း သိသာလှ၏။
"ကျမတို့မှာ မီနီပရိုဂရမ် စတိုးရှိပါတယ်၊ အားလုံးပဲ အွန်လိုင်းကနေ တိုက်ရိုက် အော်ဒါတင်နိုင်ပါတယ်။ မြို့ထဲဆိုရင် အမြန်ချောပို့နဲ့ တစ်ရက်တည်း ရောက်နိုင်ပါတယ်။ အွန်လိုင်းနဲ့ အပြင်က ဈေးနှုန်းက အတူတူပါပဲ"
စုဟယ်က ကျန်ရှိသော ဧည့်သည်များကို အွန်လိုင်းမှ ဝယ်ယူနည်း ရှင်းပြလိုက်သည်။
စုဟယ်က တုံ့ပြန်ခြင်းမရှိသည်ကို မြင်သောအခါ ဖန်လုံက ဈေးကို အနည်းငယ် ထပ်တိုးလိုက်၏။
"(၁၀၀၀၀)... အများဆုံး (၁၀၀၀၀) ပဲ"
ထို့နောက် သူ အခြားဧည့်သည်များကို စိတ်ပျက်သလို ကြည့်လိုက်သည်။ အားလုံး ဝိုင်းဝန်းပြီး ဈေးနှိမ်သင့်သည်ဟု သူ ထင်နေပုံပင်။
"မစ္စတာဖန်... ကျွန်မတို့ ပစ္စည်းရဲ့ အရည်အသွေးက သိသာထင်ရှားပါတယ်။ ရှင်ကိုယ်တိုင်လည်း စမ်းသပ်ပြီးမှ ကျေနပ်လို့ ဝယ်ချင်တာ မဟုတ်လား။ ဈေးကတော့ တကယ့်ကို ထပ်လျှော့လို့ မရတော့ပါဘူး"
စုဟယ် မတ်တပ်ရပ်လိုက်ပြီး သူတို့ကို ပြန်ရန် အရိပ်အယောင် ပြလိုက်သည်။
မုန့်အသစ်များမှာ ထပ်ထွက်လာပြီဖြစ်ရာ ကုန်စုံဆိုင် ပြတင်းပေါက်အပြင်ဘက်တွင် စောင့်ဆိုင်းနေသော ဖောက်သည်များမှာ ဆူညံနေကြတော့၏။
စုဟယ် အလျှော့မပေးသည်ကို မြင်သောအခါ ဖန်လုံက သူ့နောက်ဆုံးလက်နက်ကို ထုတ်သုံးလိုက်သည်။
"ဈေးကြီးလွန်းတယ်၊ ငါတို့ မဝယ်တော့ဘူး"
ထို့နောက် ရှောင်ချင်းကို ဆွဲကာ တည်းခိုခန်းမှ ထွက်သွားတော့သည်။
သူသည် တစ်လှမ်း၊ နှစ်လှမ်း လှမ်းကြည့်သော်လည်း မည်သူမျှ သူ့ကို လှမ်းမတားသည်ကို မြင်သောအခါ ခြေလှမ်းများကို နှေးကွေးလိုက်၏။
သို့သော် စုဟယ် မုန့်အသစ်များကို ထုပ်ပိုးရန်အတွက် အလုပ်များနေလေသည်။
ပြတင်းပေါက်အပြင်ဘက်မှ ဖောက်သည်များမှာ လည်ပင်းတရှည်ရှည်နှင့် စိတ်မရှည် ဖြစ်နေကြ၏။
စုဟယ် နာကျင်နေသော လက်မောင်းများကို ပွတ်လိုက်သည်။
တည်းခိုခန်းအတွက် ဝန်ထမ်းအသစ် လိုအပ်နေပေပြီ။
ကံကောင်းထောက်မစွာ ယနေ့နံနက်တွင် အခန်းငါးခန်းလုံးမှ ဧည့်သည်များ အခန်းပြန်အပ်သွားကြသဖြင့် တော်တော့သည်။ မဟုတ်လျှင် သူမအနေဖြင့် မုန့်ရောင်းရင်း အခန်းပြင်ပေးရန် အချိန်ရှိမည်မဟုတ်ပေ။
"ဟူး... နောက်ဆုံးတော့ ခဏနားလို့ ရပြီ"
စုဟယ် မုန့်များရောင်းပြီး စနစ်ကို ဖွင့်ကြည့်လိုက်သည်။
ယနေ့နံနက် ဧည့်သည်များထံမှ ဟဲယဲ့တည်းခိုခန်းအတွက် မှတ်ချက်ကောင်း (၄) ခု ရရှိခဲ့ပြီး ဟုန်လျန်ကလည်း မှတ်ချက်ကောင်းများ ရရှိခဲ့သည်။
တည်းခိုခန်းတွင် တည်းခိုသော ဧည့်သည်များသည် သူတို့အတွေ့အကြုံပေါ်မူတည်၍ မှတ်ချက်ကောင်းများ ပေးနိုင်သည်။ တည်းခိုခပေးရုံဖြင့် မှတ်ချက်ပေးခွင့် ရရှိပါ၏။
အကယ်၍ တစ်စုံတစ်ယောက်က တည်းခိုခန်းကို သက်သောင့်သက်သာရှိသည်ဟု ခံစားရပါက တည်းခိုခန်းအတွက် မှတ်ချက်ကောင်း ပေးလိမ့်မည်။
အကယ်၍ မုန့်များက ကောင်းမွန်နေပါက နောက်ထပ် မှတ်ချက်ကောင်း တစ်ခု ထပ်ပေးလိမ့်မည်။
အချို့သော ဖောက်သည်များမှာ တည်းခိုခန်းတွင် လိုအပ်ချက်များ ရှိနေသည်ဟု ထင်သော်လည်း မုန့်ကို အလွန်ကြိုက်နှစ်သက်သဖြင့် ဟုန်လျန်အတွက် မှတ်ချက် ကောင်းပေးချင်သူများလည်း ရှိနိုင်သည်။
(ဤသည်မှာ အိုင်ဒေါ၏ အေဂျင်စီကို မကြိုက်ပေမဲ့ အိုင်ဒေါကို တောက်ပစေချင်သည့် ဖန်များ၏ စိတ်ဓာတ်မျိုးပင်။)
စုဟယ် မျက်နှာပြင်ကို စစ်ဆေးလိုက်သည်။
တာဝန်တိုးတက်မှု - ဧည့်သည်လက်ခံရရှိမှု ၆/၁၀၀၊ မှတ်ချက်ကောင်းရရှိမှု ၅/၁၀၀
တည်းခိုခန်း ကျော်ကြားမှု - ၃၇၀၀/၁၀၀၀၀
စနစ်တွင်လည်း အသိပေးချက်အသစ်တစ်ခု ပေါ်လာ၏။
စနစ်အချက်ပြချက် : ဂုဏ်ယူပါတယ် ကစားသမား၊ သုံးစွဲမှုပမာဏ (၁၀၀၀၀၀) တာဝန် ပြီးမြောက်သွားပါပြီ။ သင်သည် ကတ်ဆွဲခွင့်(၁) ကြိမ် ရရှိပါတယ်
စုဟယ် ယနေ့နံနက်က အပေါက်အပြဲများကို ဖာထေးရန်အတွက် အသံတိတ် ပြတင်းပေါက် အချို့ကို ဝယ်ယူခဲ့ပြီး သူမ ပထမထပ်ရှိ အခန်းတွင်လည်း ကောင်းမွန်စွာ အိပ်စက်နိုင်ရန်အတွက် ပြတင်းပေါက်များကို လဲလှယ်ခဲ့ရာ ငွေဖြည့်သွင်းမှု တာဝန်မှာ ပြည့်သွားတော့သည်။
သူမတွင် ကတ်ဆွဲခွင့် (၃)ကြိမ် ကျန်ရှိနေသည်။
တစ်ကြိမ်မှာ စနစ်စတင်ကတည်းက အသုံးမပြုဘဲ သိမ်းထားခြင်းဖြစ်သည်။ စုဟယ်၏ အကြံမှာ အရေးပေါ်အခြေအနေတွင် ကတ်ဇာတ်ကောင်များအတွက် သက်ဆိုင်ရာ အထောက်အထား စာရွက်စာတမ်းများ ချက်ချင်းလဲလှယ်နိုင်ရန် သိမ်းထားခြင်းပင်။
နောက်တစ်ကြိမ်မှာ ဂိမ်းဆိုင်တွင် ပထမဆုံး ငွေဖြည့်သွင်းမှုအတွက် ရရှိသော ဘောနပ်စ် ဖြစ်သည်။
ယခု နောက်ဆုံးတစ်ကြိမ်မှာတော့ ဂိမ်းဆိုင်တွင် စုစုပေါင်း သုံးစွဲမှု ယွမ် (၁၀၀၀၀၀) ပြည့်သွားသဖြင့် ရရှိလာခြင်းပင်။
သို့သော် ဂိမ်းဆိုင်မှပေးသော ဆုလာဘ်များကို နောက်ပိုင်းတွင် ရရှိရန် မလွယ်ကူတော့ပေ။
နောက်ထပ် ဆုလာဘ်အဆင့်အတွက် သုံးစွဲမှုမှာ ယွမ် (၁) သန်း ဖြစ်သွားပြီး ထို့နောက်တွင် (၁၀) သန်း နှင့် (၅၀) သန်း အထိ အဆင့်ဆင့် မြင့်တက်သွားမည်ဖြစ်သည်။
ထို့အပြင် နောက်လာမည့် ထုတ်ကုန်များကို ကြိုတင်ကြည့်ရှုခြင်း ၊ စစ်ထုတ်ခြင်း နှင့် ရှာဖွေခြင်း ကဲ့သို့သော အဆင့်မြင့်လုပ်ဆောင်ချက်များကို သုံးစွဲမှုပမာဏ ယွမ် (၁၀) သန်း ပြည့်မှသာ အစဉ်လိုက် ဖွင့်ပေးမည်ဖြစ်၏။
သို့သော် စုဟယ် ဂိမ်းဆိုင်တွင် ယခုအခါ ပစ္စည်းနေရာ (၁၀) ခု ရှိနေပြီဖြစ်ရာ လောလောဆယ်အတွက်တော့ လုံလောက်နေပါ၏။
ကတ်အသစ်တစ်ခု ရနိုင်တော့မည်ဖြစ်ရာ ဟုန်လျန်ကလည်း မျှော်လင့်တကြီး စောင့်စားနေသည်။
သူမ လူမှုရေးဆိုင်ရာ တန်းတူညီမျှမှု သဘောတရားများကို လေ့လာနေသည်မှာ အတန်ကြာပြီဖြစ်သော်လည်း သူမနှင့်အတူရှိမည့် အဖော်ကတ်တစ်ခုကိုတော့ မျှော်လင့်နေဆဲပင်။
ဟုန်လျန်၏ မျက်ဝန်းများမှာ တောက်ပနေပြီး သူမ၏ မျက်နှာလေးကို မော့ကာ မေးလိုက်သည်။
"ဘယ်လိုလဲရှင်"
စုဟယ်က စိတ်ပျက်လက်ပျက် ဖြစ်နေသည်။
"ရှုံးသွားပြီ။ စနစ်က ကတ်ထည့်စရာ နေရာ မရှိဘူးလို့ ပြောနေတယ်"
"ဒါဆို... ကျွန်မတို့ ဘာလုပ်ကြမလဲ"
ဟုန်လျန် အကူအညီမဲ့စွာ ကြည့်နေသည်။
သူမကိုယ်တိုင်လည်း ဘယ်လိုမျိုး ခေါ်ယူခြင်း ခံခဲ့ရသလဲဆိုတာကို မှတ်ဉာဏ် မရှိပေ။
စုဟယ်က ဟုန်လျန်ကို စိုက်ကြည့်ရင်း ထိုအချိန်က မြင်ကွင်းကို ပြန်လည်အမှတ်ရလိုက်၏။
"စာအုပ်.....စာအုပ်က ကတ်တွေ ထွက်လာမယ့် နေရာ ဖြစ်နိုင်မလား "
စုဟယ် ဟုန်လျန်ကို သူမ အခန်းထဲသို့ ခေါ်လာခဲ့သည်။ သူမတွင် စာအုပ်များစွာတော့ မရှိပေ။
စာအုပ်စင်ပေါ်ရှိ ကန့်သတ်ထားသော ရွေးချယ်စရာများကို ကြည့်ရင်း စုဟယ်က စဉ်းစားနေမိသည်။
"ကတ်ဇာတ်ကောင်တစ်ယောက်ရဲ့ အရည်အချင်းနဲ့ အထောက်အထားက ကိုက်ညီနေတာဆိုတော့ စွမ်းအားကြီးတဲ့ ဇာတ်ကောင်ဖြစ်လေ ပိုကောင်းလေပဲ"
"ဒါဆိုရင် ဒီစာအုပ်ကော... မှော်လောက"
ဟယ်ရီပေါ်တာ စာအုပ်တွဲကို မြင်လိုက်ရသည့်အခါ စုဟယ်၏ မျက်လုံးများ တောက်ပသွားသည်။
မှော်လောကဆိုတာ တကယ်ကို အံ့သြဖို့ ကောင်းလွန်းသည် မဟုတ်ပါလား။
သူမ စာအုပ်ဖတ်စဉ်က မစ္စစ်ဝီစလီ၏ အိမ်မှုကိစ္စမှော်ပညာများကို အလွန်ရချင်ခဲ့ဖူးသည်။
မှော်နှင်တံလေးတစ်ချက် ဝေ့ယမ်းလိုက်ရုံဖြင့် ယောက်မက သူ့အလိုလို ဟင်းမွှေပေးမည်၊ ပန်းကန်များက ဘေစင်ထဲသို့ အလိုအလျောက်ဝင်ပြီး ဆေးကြောမည်၊ အဝတ်အစားများကိုတောင် တစ်ချက်တည်းနဲ့ ခေါက်ပေးနိုင်မည်။
စုဟယ် စိတ်လှုပ်ရှားစွာဖြင့် စာအုပ်ကို ဖွင့်လိုက်ပြီး ကတ်ဆွဲရန်ဟူသည့် မျက်နှာပြင်ကို နှိပ်လိုက်သည်။
"ကတ်ဆွဲခြင်း မအောင်မြင်ပါ။ ဤကတ်နေရာအတွက် လက်ရှိတွင် မူပိုင်ခွင့် မရှိသေးပါ"
မအောင်မြင်ပါ ဆိုသည့် အချက်ပေးချက်ကို ကြည့်ပြီး စုဟယ် စိတ်ပျက်သွားတော့၏။
ဘယ်လိုလုပ်ပြီး မူပိုင်ခွင့် ပြဿနာ ရှိနေရတာလဲ။
သူမသည် စနစ်ကို တိုးတိုးလေး ပြောကြည့်၏။
"ကင်းလွတ်ခွင့်လေး ပေးလို့ မရဘူးလား "
သူမ မှော်ပညာကို အမှန်တကယ်ရချင်နေမိသည်။
စနစ်ကတော့ အေးစက်နေဆဲပင် "ခွင့်ပြုချက် ရရှိပြီးမှသာ ကတ်နေရာကို ဖွင့်ပေးပါမည်"
"ဟယ်ရီပေါ်တာတစ်ခုတည်းတင် တစ်နှစ်ကို မူပိုင်ခွင့် ဝင်ငွေ အနည်းဆုံး အမေရိကန်ဒေါ်လာ သန်း (၄၀၀) လောက် ရတာ။ ကျွန်မက ဘယ်လိုလုပ် တတ်နိုင်မှာလဲ ပြီးတော့ တကယ်လို့ အဲဒီထဲက ဗော်လ်ဒီမော့ သာ ထွက်လာရင် ကျမ ချက်ချင်းပဲ အာဗာဒါ နဲ့ ပစ်သတ်ခံရမှာပေါ့"
စုဟယ်က ညည်းတွားနေသော်လည်း စနစ်ကိုတော့ ဆက်တိုက် နှိပ်နေမိသည်။
စနစ်က သေချင်ယောင်ဆောင်နေသည်ကို မြင်သောအခါ စနစ်ကို လှည့်စားရန် မလွယ်ကူကြောင်း စုဟယ် နားလည်လိုက်၏။
ထို့အပြင် စုဟယ်၏ မေးခွန်းများကို စနစ်က ပြန်မဖြေခြင်းမှာ ကတ်များထဲမှ ဗီလိန် ဇာတ်ကောင်များ ထွက်လာနိုင်ခြေ ရှိနေသည်ကို ဆိုလိုခြင်းလည်း ဖြစ်နိုင်သည်။
စုဟယ် အကူအညီမဲ့စွာဖြင့် သူမတွင် မူပိုင်ခွင့်မရှိသော စာအုပ်အမြောက်အမြားကို စာအုပ်စင်ပေါ်မှ ဖယ်ရှားလိုက်ရတော့သည်။
"အန်ဒါဆင်ရဲ့ ဒဏ္ဍာရီပုံပြင်များ ဆိုရင်တော့ အဆင်ပြေမှာပါ။ အခုဆို မူပိုင်ခွင့် ကန့်သတ်ချက်တွေ ရှိမှာ မဟုတ်တော့ဘူး။ ကျွန်မရဲ့ တောင်းဆိုချက်က သိပ်မမြင့်ပါဘူး၊ ရေသူမကတ်လေး တစ်ခုလောက်ပဲ ထွက်လာပါစေ "
စုဟယ်က ကံကောင်းပါစေကြောင်း ဆုတောင်းလိုက်သည်။
ဒီတစ်ကြိမ်တွင် စနစ်က ကတ်ဆွဲခြင်း မအောင်မြင်ပါ ဟု မပြတော့ဘဲ "ထပ်မံကြိုးစားပါ၊ ကတ်က လွတ်ထွက်သွားပါသည် " ဟု ပြသလာသည်။
"အား... အား... အား... ဒီလို အေးစက်တဲ့ ဟာသမျိုး မလုပ်ပါနဲ့လား"
ဆက်တိုက် ကျရှုံးပြီးနောက် စနစ်က ကတ်လွတ်ထွက်သွားသည်ဟုသာ ဆက်တိုက်ပြောနေသဖြင့် စုဟယ်မှာ စာအုပ်ကိုပင် ပွတ်တိုက်မိပြီး စုတ်ပြတ်တော့မည် ဖြစ်သည်။
စုဟယ်သည် သူမဘာသာ စဉ်းစားကြည့်ရတော့သည်။
သူမ ပထမဆုံး ကတ်ဆွဲခြင်းမှာ အနီရောင်အိမ်မက် မှဖြစ်ပြီး ထိုစဉ်က အလွန်ပင် ချောမွေ့ခဲ့၏။
သို့သော် ဒဏ္ဍာရီပုံပြင်များနှင့် မှော်လောကထဲတွင်တော့ သူမ ကတ်နှိပ်တိုင်း အမြဲကျရှုံးနေရသည်။
သူမရဲ့ အဆင့်မမြင့်သေးလို့လား။
စုဟယ် ခန့်မှန်းချက်မှာ အမှန်တရားနှင့် တော်တော်လေး နီးစပ်နေသည်။
ကတ်နေရာရှိသော ကမ္ဘာသည် လက်တွေ့ကမ္ဘာနှင့် နီးစပ်လေလေ၊ ကတ်ဇာတ်ကောင်များအနေဖြင့် နံရံကို ဖြတ်ကျော်ပြီး ထွက်လာရန် စွမ်းအင်လိုအပ်ချက် နည်းလေပင်။
ကမ္ဘာအဆင့် မြင့်မားလေ စွမ်းအင် ပိုမိုလိုအပ်လေဖြစ်သည်။
စနစ်တွင် ဖော်ပြထားခြင်းမရှိသော်လည်း ကတ်ဆွဲခြင်းမှာ ငါးဖမ်းသကဲ့သို့ပင် ကျွမ်းကျင်မှုအဆင့် ရှိနေ၏။
ယခုအခါ စုဟယ်၏ အတွေ့အကြုံမှာ မလုံလောက်သေးသဖြင့် အဆင့်မြင့်ငါးများကို ဖမ်းမိရန် အလားအလာ နည်းနေခြင်းမှာ သဘာဝပင်။
အကြိမ်များစွာ လက်ဗလာဖြင့် ပြန်လာရခြင်းမှာ ပုံမှန်သာ ဖြစ်သည်။
အလုပ်များစွာ လုပ်ပြီးသော်လည်း မည်သည့်ရလဒ်မှ ထွက်မလာသဖြင့် စုဟယ် သူမ မျှော်လင့်ချက်များကို တဖြည်းဖြည်း လျှော့ချလိုက်ရတော့၏။
"ငါ ရိုးရှင်းတာတစ်ခုပဲ ရွေးတော့မယ်၊ မူပိုင်ခွင့်ရှိတာပဲ ဖြစ်ဖြစ်ပေါ့။ တရုတ်စာ သင်ရိုးညွှန်းတမ်းစာအုပ်ကိုပဲ ရွေးလိုက်တော့မယ်"
အခြားစာအုပ်များစွာကို စမ်းသပ်ပြီးနောက် စုဟယ် အလယ်တန်းပြ သင်ရိုးညွှန်းတမ်းစာအုပ် တစ်အုပ်ကို ဆွဲထုတ်လိုက်သည်။
သူမ၏ တက္ကသိုလ်ပညာရေးနှင့်ဆိုလျှင် ယခု ဘာပြဿနာမှ ရှိမှာ မဟုတ်တော့ဘူး ဟုတွေးကာ စုဟယ်က ကတ်နှိပ်သည့် ခလုတ်ကို နှိပ်လိုက်တော့၏။