အခန်း (၁၉-၂၀)
Vol. 2 Ch. 19-20
19
ယခုတစ်ကြိမ်တွင်တော့ ဆင့်ခေါ်မည် ဆိုသည့် ခလုတ်ကို နှိပ်လိုက်ပြီးနောက် တိုးတက်မှုပြတန်း တစ်ခု ပေါ်လာခဲ့သည်။
နောက်ဆုံးတော့ အောင်မြင်သွားပါ၏။
စနစ်အချက်ပြချက် - ဇာတ်ကောင်ကို အောင်မြင်စွာ စေလွှတ်လိုက်ပါပြီ။
စုဟယ် စိတ်လှုပ်ရှားစွာဖြင့် ခုန်ပေါက်သွားတော့သည်။
"သွားကြစို့ ဟုန်လျန်၊ အပြင်ထွက်ကြည့်ရအောင်"
စုဟယ်နှင့် ဟုန်လျန်တို့ အပြင်သို့ ထွက်လိုက်သည်နှင့် ဟဲယဲ့တည်းခိုခန်း၏ ဧည့်ကြိုကောင်တာဘက်တွင် မြစိမ်းရောင်ဝတ်စုံ ဝတ်ဆင်ထားသော ပညာရှိတစ်ဦး ရပ်နေသည်ကို တွေ့လိုက်ရသည်။
ထိုပညာရှိမှာ အသက် (၅၀) ဝန်းကျင်ခန့်ရှိပြီး ပိုးသားဦးထုပ်ကို ဆောင်းထားကာ အရပ်ရှည်ရှည် ပါးပါးလျလျ ပုံစံရှိသည်။
သူ့ မြစိမ်းရောင် ဝတ်စုံက တင့်တယ်လှပသော အမူအရာကို ပိုမိုပေါ်လွင်စေပြီး မြင့်မြတ်လှကာ ဝါးပင်တစ်ပင်နှင့်ပင် တူနေတော့သည်။
နှမြောစရာကောင်းသည်မှာ မြစိမ်းရောင်ဝတ်စုံမှာ အကြိမ်ကြိမ် လျှော်ဖွတ်ထားသဖြင့် အရောင်များလွင့်ကာ ဖြူဖျော့နေပြီး အချို့နေရာများတွင် အရောင်ရင့်ကာ အချို့နေရာများတွင် အရောင်ဖျော့နေခြင်းပင်။ အစက်အပြောက် ဖာထေးရာများလည်း ရှိနေပြီး ထိုဖာထေးရာများမှာပင် အနားသတ်များ လန်နေပြီဖြစ်သည်။
ထိုပညာရှိ ဝတ်စားဆင်ယင်မှုကို ကြည့်ပြီး စုဟယ်က မည်သို့စကားစရမည်ကို တွေဝေနေစဉ်မှာပင် ထိုသူက အရင် စကားပြောလာသည်။
"ခင်ဗျားက စနစ်နဲ့ ချိတ်ဆက်ထားသူ ဖြစ်လိမ့်မယ် ထင်ပါတယ် "
ထိုသို့ပြောပြီးနောက် သူ စုဟယ်နှင့် ဟုန်လျန်ကို ဦးညွှတ်လိုက်ပြီး ပြောလိုက်သည်။
"ဒီအဘိုးကြီးရဲ့ နာမည်က ဝေဖုန်းယီပါ"
စုဟယ်သည် စိတ်ထဲမှနေ၍ စနစ် ဟု တိတ်တဆိတ် ရွတ်ဆိုကာ စနစ်မျက်နှာပြင်ကို ဖွင့်ပြီး ဇာတ်ကောင်အချက်အလက်ကို စစ်ဆေးလိုက်သည်။
ဇာတ်ကောင်ကတ် - ဝေဖုန်းယီ
ဇာတ်ကောင်မိတ်ဆက် : ကျောက်ဆောင်စမ်းချောင်းလေး ဝေမျိုးနွယ်စုမှ လူငယ်နှစ်ဦး၊ တစ်ဦးမှာ ရှူးကျိ ဟု အမည်ရပြီး အခြားတစ်ဦးမှာ ဖုန်းယီ ဟု အမည်တွင်သည်။
ရှားပါးမှုအဆင့် : အဆင့်မြင့်
လက်ရှိအဆင့် : ကြယ် ၁
ထူးချွန်ထက်မြက်သည့် အရည်အချင်း : ကဗျာသီကုံးခြင်း (စာပေဗဟုသုတ ကြွယ်ဝပြီး ထူးကဲသော ပါရမီရှိသူ)
သူမ အဆင့်မြင့်ကတ် တစ်ခုကို နှိပ်မိသွားတာပဲ။
စုဟယ် ကျောက်ဆောင်စမ်းချောင်းလေး နှင့် ပတ်သက်သည့် သူမ ဝေဝါးနေသော မှတ်ဉာဏ်များကို အသည်းအသန် ပြန်လည်ရှာဖွေလိုက်သည်။
ဆရာက အတင်းအကျပ် အလွတ်ကျက်ခိုင်းခဲ့သော အရာအားလုံးသည် ဟင်းလင်းပြင်ထဲတွင် ဦးတည်ချက်မဲ့ ကူးခတ်နေသယောင် ရှိသည် ဆိုသည့် စာသားကိုသာ မှတ်မိပြီး ထိုစာစီစာကုံး၏ နောက်ခံသမိုင်းကြောင်းကိုမူ လုံးဝမေ့သွားခဲ့၏။
စာသားအဆုံးနားလေးတွင်သာ နာမည်ပါခဲ့သော ဝေဖုန်းယီအကြောင်းကိုမူ ပြောနေရန်ပင် မလိုတော့ပေ။
စုဟယ်၏ ဝေခွဲမရဖြစ်နေသော မျက်နှာပေးကို မြင်သောအခါ ဝေဖုန်းယီ ဖြည်းညှင်းစွာ စတင်ပြောဆိုလာသည်။
"အစ်ကိုကြီးလျို ကြောင့်သာ ကျုပ်အစ်ကို ရှူးကျိနဲ့ ကျုပ်ဟာ သမိုင်းမှာ နာမည်ကျန်ရစ်ခဲ့တာပါ။ ကျုပ်အစ်ကိုက နောက်ပိုင်းမှာ အမတ်စာမေးပွဲတွေအောင်ပြီး အဆင့် ၄ အရာရှိအထိ ဖြစ်ခဲ့ပါတယ်။ သူဟာ နိုင်ငံရေးအုပ်စုတွေရဲ့ အားပြိုင်မှုကြားမှာ အကြိမ်ကြိမ် ရာထူးချခံရပြီး အတက်အကျတွေ အများကြီး ကြုံခဲ့ရတယ်။ ကျုပ်လည်း အစ်ကို့နောက်ကို လိုက်ပြီး ပြည်နှင်ဒဏ်သင့်ရာ အရပ်ရပ်ကို လှည့်လည်ခဲ့ရပါတယ်။ ကျုပ်ဇနီးက အာဏာပိုင်တွေရဲ့ ဖမ်းဆီးထောင်ချခြင်း ခံခဲ့ရသလို၊ ကျုပ်သားနှစ်ယောက်စလုံးကလည်း ငတ်ပြတ်ပြီး သနားစရာကောင်းလောက်အောင် သေဆုံးသွားခဲ့ကြရတယ်... နောက်ဆုံးတော့ ကျုပ်ဟာ တစ်ကိုယ်တည်း အထီးကျန် ဆင်းရဲဒုက္ခရောက်ခဲ့ရတာပါပဲ "
ရှေးခေတ်က လာသူတစ်ဦးဖြစ်သည့်အတိုင်း ဟုန်လျန်သည် ဝေဖုန်းယီ၏ တိုတောင်းလှသော စကားလုံးများနောက်ကွယ်မှ ဝမ်းနည်းကြေကွဲမှုကို ပိုမိုနားလည်နိုင်စွမ်း ရှိသည်။
ကျားမိသားစု ဝင်ရောက်စီးနင်းခံရပြီးနောက် သူမကိုယ်တိုင်လည်း လွင့်စဉ်ကာ အသက်ရှင်သန်ရန် ရုန်းကန်ခဲ့ရပေသည်။
ဟုန်လျန် သူမ အင်္ကျီလက်ဖြင့် မျက်ရည်များကို သုတ်လိုက်မိ၏။
ဟုန်လျန် ဝမ်းနည်းနေသည်ကို မြင်သောအခါ ဝေဖုန်းယီက ဆက်ပြောသည်။
"ဒါဟာ ထူးဆန်းတဲ့ ကံကြမ္မာရဲ့ အလှည့်အပြောင်းတစ်ခု ဖြစ်နိုင်ပါတယ်၊ တစ်နေ့မှာ ကျုပ် ရုတ်တရက် သတိပြန်ဝင်လာတော့ ကျယ်ပြောလှတဲ့ သမုဒ္ဒရာကြီးထဲ ရောက်နေသလို ခံစားရတယ်။ အဲဒီနောက် အလင်းတန်းတစ်ခုက ကျုပ်ကို ရွေးချယ်လိုက်ပြီး ဒီကို ရောက်လာခဲ့တာပါပဲ "
ဟုန်လျန် ခေါင်းကို တရစပ် ညိတ်လိုက်သည်။ သူတို့လို လူမျိုးများကို ကတ်ဇာတ်ကောင်အဖြစ် ရွေးချယ်ခံရခြင်းမှာ အလွန်ပင် ဝမ်းမြောက်စရာ ကောင်းလှပေ၏။
စုဟယ် အနည်းငယ် လေးလံနေသော အခြေအနေကို ဖျောက်ပစ်လိုက်သည်။
"ပညာရှိဝေ... မဟုတ်ဘူး၊ ဆရာဝေလို့ပဲ ခေါ်ပါရစေ။ ကျွန်မကတော့ စုဟယ် ပါ၊ ဟဲယဲ့တည်းခိုခန်းရဲ့ ပိုင်ရှင် ပေါ့။ ဆရာကတော့ ကျွန်မကို သူဌေးမစု လို့ပဲ ခေါ်နိုင်ပါတယ်။ စနစ်က ကျမကို ပေးထားတဲ့ တာဝန်ကတော့ ဒီဟဲယဲ့တည်းခိုခန်းကို ကမ္ဘာ့အဆင့်မီ ဟိုတယ်တစ်ခု ဖြစ်လာအောင် တည်ဆောက်ဖို့ပါပဲ "
စုဟယ် လက်ရှိ လူမှုပတ်ဝန်းကျင် အခြေအနေများကို ဝေဖုန်းယီအား ရှင်းပြလိုက်သည်။ သူသည် အဆင့်မြင့်ကတ် တစ်ခု ဖြစ်သောကြောင့်လား မသိ၊ အရာရာကို အလွန်လျင်မြန်စွာ လက်ခံနားလည်နိုင်စွမ်း ရှိ၏။
"သူဌေးမစု... ကျွန်တော် နားလည်ပါပြီ။ ကျွန်တော်လည်း ကြယ် (၃) ပွင့် အဖြစ် အမြန်ဆုံး တိုးမြှင့်ခံရဖို့ မျှော်လင့်ပါတယ်။ အဲဒီအချိန်ကျရင် ကျွန်တော့် ဇနီးနဲ့ သားသမီးတွေကို ပြန်တွေ့နိုင်ခွင့် ရကောင်း ရနိုင်ပါတယ်"
ဝေဖုန်းယီ စိတ်အားထက်သန်စွာ ပြောလိုက်သည်။
စုဟယ်နှင့် ဟုန်လျန်တို့ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြ၏။
ကတ်အဆင့်မြှင့်တင်ခြင်းက ထိုကဲ့သို့သော ပြောင်းလဲမှုများကို ဆောင်ကြဉ်းပေးနိုင်သည်ကို သူတို့နှစ်ဦးစလုံး မသိခဲ့ကြပေ။
ဝေဖုန်းယီ ရှင်းပြသည်။
"ဒါက ကျွန်တော်တို့ဆီမှာ ရှိနေတဲ့ ဝေဝါးတဲ့ ခံစားချက်တစ်ခုပါ။ အခု ကျွန်တော် မှတ်မိနေတာက ကျွန်တော်မှာ ဇနီး၊ သားသမီးတွေနဲ့ အစ်ကိုတစ်ယောက် ရှိတယ်ဆိုတာပဲ။ ဒါပေမဲ့ အတူရှိခဲ့တဲ့ အချိန်တွေကို ပြန်စဉ်းစားကြည့်ရင်တော့ ဟင်းလင်းပြင်ကြီးလို ဘာမှမရှိတော့ဘူး။ ကြယ် ၃ ပွင့် အဖြစ် အဆင့်မြှင့်ပြီးရင်တော့ သေချာပေါက် အဖြေတစ်ခု ရှိလာလိမ့်မယ်လို့ ယုံကြည်ပါတယ်"
ဟုန်လျန် သဘောတူသည်။
သူမ ကျားမိသားစုတွင် အစေခံမလေး တစ်ယောက်ဖြစ်ခဲ့သည်ကိုသာ မှတ်မိပြီး မည်သူနှင့်အတူ အလုပ်လုပ်ခဲ့သည်။ မည်သည့်သခင်ကို ခစားခဲ့သည် ဆိုသည်ကိုမူ မှတ်ဉာဏ် မရှိတော့ပေ။
"ကောင်းပါပြီ၊ အားလုံး အတူတူ ကြိုးစားပြီး ဟဲယဲ့တည်းခိုခန်းကို ပိုပြီး ကြီးကျယ်ခိုင်မာအောင် လုပ်ကြတာပေါ့ "
စုဟယ် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။
သူဌေးတစ်ယောက်အနေဖြင့် သူမ ဝန်ထမ်းများ ပျော်ရွှင်သော ဘဝကို ရရှိရန်အတွက် သေချာပေါက် ကြိုးစားပေးရမည်။
စုဟယ် လက်ကိုပြန်ချလိုက်ပြီး အားနာစွာ ပြောလိုက်၏။
"ဒါပေမဲ့ ကြိုးစားမှုတွေ မစတင်ခင်မှာ ဆရာဝေရဲ့ အဝတ်အစားနဲ့ ဆံပင်ပုံစံကို အရင်ဆုံး နည်းနည်း ပြင်ဆင်ဖို့ လိုမယ် ထင်တယ်ရှင့် "
ဝေဖုန်းယီ ခန္ဓာကိုယ် တည်ဆောက်ပုံမှာ စုချန် (စုဟယ်၏ဖခင်) နှင့် ဆင်တူသဖြင့် စုဟယ် သူမဖခင် ဗီဒိုထဲမှ မဝတ်ရသေးသော အင်္ကျီအချို့ကို ရှာဖွေကာ ဝေဖုန်းယီအား ပေးလိုက်၏။
အဝတ်အစားကတော့ ရှာရလွယ်သော်လည်း ဆံပင်မှာမူ အနည်းငယ် အခက်တွေ့စေသည်။
စုဟယ်က စိုးရိမ်တကြီးဖြင့် ဆိုလိုက်သည်။
"ဆရာဝေ... ဒီမှာရှိတဲ့ အမျိုးသား အများစုက ဆံပင်တို ထားကြတာပါ။ ဆရာက ဆံပင်အရှည်ကိုပဲ ဆက်ထားချင်တယ်ဆိုရင် သားရေကွင်းနဲ့ သေသေချာချာ စည်းထားဖို့ လိုလိမ့်မယ်"
လက်တွေ့မှာလည်း အချို့လူများမှာ ဆံပင်အရှည် ထားတတ်ကြသည်။ အများအားဖြင့် အနုပညာရှင်များ ဖြစ်တတ်သည်။ ယုံချန်း တွင် ကြယ်ငါးပွင့် ကမ္ဘာလှည့်ခရီးသွား ဆွဲဆောင်ရာနေရာ ဖြစ်သည့် နာမည်ကြီး တာအိုဘုရားကျောင်း တစ်ခုရှိပြီး ဒေသခံများမှာ အခမဲ့ ဝင်ထွက်ခွင့် ရရှိ၏။
စုဟယ် သူမ မိဘများနှင့်အတူ ထိုနေရာသို့ သွားရောက်လည်ပတ်ဖူးရာ ထိုရှိ တာအိုဘုန်းကြီးများမှာလည်း ဆံပင်အရှည် ထားကြသည်ကို မြင်ဖူးသည်။
ဝေဖုန်းယီ သူ့ဆံပင်အရှည်ကို လက်ဖြင့် ကိုင်ကြည့်လိုက်ပြီး စုဟယ်ကို ပြောသည်။
"ဒါဆိုရင် ကျွန်တော့်ကို သားရေကွင်းအချို့ ပေးဖို့ သူဌေးမကို အပူကပ်ရတော့မှာပဲ "
ထိုမှော်ဆန်လှသော ကမ္ဘာသစ်တွင် သူ အတိတ်နှင့် ချိတ်ဆက်ထားသည့် အရာဆို၍ ဤဆံပင်အရှည်နှင့် မြစိမ်းရောင် ဝတ်စုံသာ ရှိသည်။
ဝေဖုန်းယီ ဆံပင်ကို စည်းနှောင်ကာ အဝတ်အစားများ လဲလှယ်ပြီးနောက်တွင်တော့ သူ့အသွင်အပြင်မှာ ချက်ချင်း ပြောင်းလဲသွားတော့၏။
သူ၏ ပညာရှိဆန်လှသော အရှိန်အဝါကြောင့် တက္ကသိုလ် ပါမောက္ခတစ်ဦးနှင့်ပင် ဆင်တူနေတော့သည်။
"ဆရာဝေ... ဆရာ့ပုံစံက တက္ကသိုလ်တစ်ခုက လက်ရေးလှပညာရှင်တစ်ယောက်နဲ့ တော်တော်တူတယ်နော် "
စုဟယ်၊ ဝေဖုန်းယီနှင့် ဟုန်လျန်တို့ ကုန်တိုက် သို့ သွားကြသည်။
နေ့စဉ်သုံး ပစ္စည်းများ ဝယ်ယူရန် လိုအပ်သလို ဆရာဝေနှင့် ဟုန်လျန်တို့အတွက် အင်္ကျီအသစ်များ လိုအပ်သည်။
ဝေဖုန်းယီက အားရပါးရ ရယ်မောလိုက်သည်။
"ကျနော့်ကို လက်ရေးလှဆရာ တစ်ယောက်လို့ပဲ သဘောထားလိုက်ပါ"
သူသည် သူ့အစ်ကိုနောက်ကိုလိုက်ပြီး ပြည်နှင်ဒဏ်သင့်ရာ အရပ်ရပ်သို့ လှည့်လည်ခဲ့စဉ်က တောင်ကြီးတောင်ငယ်၊ မြစ်ကြီးမြစ်ငယ်များကို တွေ့ကြုံခဲ့ရသဖြင့် စိတ်နှလုံးမှာ အလွန်ကျယ်ပြောကာ ဟာသဉာဏ်လည်း ရွှင်သူဖြစ်သည်။
ပြည်နှင်ဒဏ်သင့်သော ဘဝမှာ သေချာပေါက် ခါးသီးလှသည်။
အကယ်၍ သူသာ ကိုယ့်ကိုယ်ကိုယ် သနားပြီး ဝမ်းနည်းပူဆွေးနေမည်ဆိုလျှင် ထိုလမ်းခရီးတွင် သေဆုံးသွားသည်မှာ ကြာလှပြီပင်။
ဘဝ အခက်အခဲများက ဝေဖုန်းယီအား ပွင့်လင်းရိုးသားသော စိတ်ထားကို ပေးစွမ်းခဲ့ပြီး လက်ရေးလှဆရာ ဆိုသည့် အထောက်အထားကိုလည်း ဝမ်းမြောက်စွာ လက်ခံလိုက်သည်။
ထို့အပြင် သူ့ လက်ရေးလှပညာမှာလည်း တကယ်ပင် ကောင်းမွန်လှ၏။ နာမည်ကြီး ပညာရှင်ကြီးများနှင့် မနှိုင်းယှဉ်နိုင်သော်လည်း ကိုယ်ပိုင်ဟန်တစ်ခုတော့ ရှိပေသည်။
စောစောက ဝေဖုန်းယီ၏ ဆံပင်အရှည်ကို ကြည့်ပြီး ထူးဆန်းနေသော အရောင်းစာရေးမလေးမှာ စုဟယ်တို့ စကားပြောနေသည်ကို ကြားပြီးနောက် ချက်ချင်းပင် နားလည်သွားသည့် ပုံစံမျိုး ဖြစ်သွားသည်။
"ဪ... သူက တက္ကသိုလ်က လက်ရေးလှဆရာကိုး၊ ဒါကြောင့်လည်း ဒီလောက်အထိ တင့်တယ်တဲ့ အမူအရာ ရှိနေတာဖြစ်မယ် "
အရောင်းစာရေးမလေး စိတ်အားထက်သန်စွာဖြင့် ရှပ်အင်္ကျီပုံကြီးကို ထုတ်ပြကာ စတင်ရောင်းချတော့သည်။
တက္ကသိုလ်ဆရာတွေဆိုတာ ရှပ်အင်္ကျီ ဝတ်သင့်တာပေါ့။
နေ့စဉ်သုံး ပစ္စည်းများ ဝယ်ယူပြီးနောက် စုဟယ် ဝေဖုန်းယီနှင့် ဟုန်လျန်တို့အား မိုဘိုင်းဖုန်းများပါ ဝယ်ပေးလိုက်သည်။
သူမတွင် ယခုအခါ ဧည့်သည်များထံမှ ရရှိသော မွေ့ရာကြိုတင်ငွေများ ရှိနေသလို၊ လွန်ခဲ့သော ရက်အနည်းငယ်က မုန့်ရောင်းရငွေများလည်း ရှိနေပြီဖြစ်ရာ လက်ကျန်ငွေ ပိုလျှံနေသဖြင့် အဆင့်မြင့်ဖုန်း နှစ်လုံးကို ဝယ်ယူခဲ့၏။
"ဖုန်းရှိတော့ အွန်လိုင်းကနေ လူမှုပတ်ဝန်းကျင်အကြောင်း လေ့လာလို့ရသလို၊ အချင်းချင်းလည်း ဆက်သွယ်ရ လွယ်ကူသွားတာပေါ့"
စုဟယ် သူတို့နှစ်ဦးလုံးအတွက် အကောင့်များ ဖွင့်ပေးပြီး စကားပြောဂရုတစ်ခုလည်း ဖွဲ့ပေးလိုက်သည်။
အွန်လိုင်းလောကကြီးမှာ တကယ်ပင် အံ့သြဖို့ ကောင်းလှ၏။
စုဟယ် မည်သို့အသုံးပြုရမည်ကို အနည်းငယ် သင်ပြပေးလိုက်သည်နှင့် ဝေဖုန်းယီနှင့် ဟုန်လျန်တို့ စိတ်ဝင်တစား စတင်လေ့လာကြတော့သည်။
ဟုန်လျန်က ဗီဒီယိုအက်ပ် တစ်ခုကို ဖွင့်ကာ ဟင်းချက်နည်း သင်ခန်းစာများကို စတင်ကြည့်ရှုနေသည်။
ဆရာဝေကတော့ အီလက်ထရောနစ် စာအုပ် တစ်အုပ်ကို ဖွင့်ကာ ကွန်ဖြူးရှပ်၏ အဆုံးအမများ ကို ရှာဖွေပြီး ရိုးရှင်းသော တရုတ်စာလုံးများကို တဖြည်းဖြည်းချင်း လေ့လာနေတော့သည်။
"ဒီဖုန်းဆိုတာ တကယ့်ကို ရတနာတစ်ခုပဲ "
ဝေဖုန်းယီ အနည်းငယ် စိတ်လှုပ်ရှားနေသည်။
မိနစ်အနည်းငယ်အတွင်းမှာတင် သူသည် ရှေးဟောင်းကျမ်းစာပေါင်း ငါးဆယ်ကျော်ကို ဒေါင်းလုဒ် ဆွဲပြီးသွားပြီဖြစ်ပြီး ထိုစာအုပ်များမှာ ဖုန်း၏ မှတ်ဉာဏ် တစ်ရာခိုင်နှုန်းတောင် မပြည့်ပေ။
ခေတ်သစ်လူသားများ စာကြည့်တိုက်တစ်ခုလုံးကို ကိုယ်နှင့်မကွာ သယ်ဆောင်သွားနိုင်ခြင်းမှာ တကယ့်ကို ကံကောင်းလွန်းလှသည်။ ဝေဖုန်းယီ ဇွဲကောင်းကောင်းဖြင့် လေ့လာနေတော့၏။
အားလုံးက အွန်လိုင်းလောကထဲတွင် စိတ်နှစ်နေကြစဉ်မှာပင် တံခါးဝမှ အသံတစ်ခု ထွက်ပေါ်လာသည်။
"စီမံခန့်ခွဲရေးဆိုင်ရာ ဥပဒေစိုးမိုးရေး စစ်ဆေးရေးအဖွဲ့ လာပါပြီ "
20
ယူနီဖောင်းအပြာရောင် ဝတ်ဆင်ထားသော အုပ်ချုပ်ရေးဆိုင်ရာ ဥပဒေစိုးမိုးရေးအရာရှိ နှစ်ဦးနှင့် ရဲအရာရှိနှစ်ဦးတို့က တံခါးဝတွင် အော်ဟစ်လိုက်ကြသည်။
"အိမ်မှာ လူရှိလားဗျို့"
မမျှော်လင့်ထားသော အော်ဟစ်သံကြောင့် စုဟယ် ထိတ်လန့်သွာ၏။ သူမအနီးရှိ ဟုန်လျန်နှင့် ဝေဖုန်းယီတို့မှာလည်း စိုးရိမ်စိတ်အပြည့်ဖြင့် ခေါင်းမော့ကြည့်လာကြသည်။ ကြားရသော အသံမှာ သတင်းကောင်းတော့ မဖြစ်နိုင်ပေ။
"ရှင်တို့နှစ်ယောက် အခန်းထဲမှာပဲ ခဏနေပါ၊ အပြင်မထွက်လာနဲ့ဦး"
ဟုန်လျန်နှင့် ဝေဖုန်းယီတို့မှာ စုဟယ်မိသားစု ဧည့်သည်ဧည့်ခံရန် အသုံးပြုသော ပထမထပ် ဧည့်ခန်းလေးထဲတွင် ဖုန်းကစားနေကြခြင်းဖြစ်ပြီး တည်းခိုခန်း၏ ဧည့်ကြိုကောင်တာတွင် ရှိမနေသဖြင့် စစ်ဆေးရေးအရာရှိများနှင့် မတွေ့အောင် ရှောင်တိမ်းနိုင်သည်။
စုဟယ် ပြန်ထူးရင်း အပြင်သို့ ထွက်လာ၏။
"လာပါပြီ၊ လာပါပြီ"
"ကြွကြပါရှင်၊ ရေအေးအေးလေး အရင်သောက်ကြပါဦး"
စုဟယ် ရေစစ်ကန်ထဲမှ ရေလေးခွက်ကို ခပ်ယူကာ သူတို့ထံ ကမ်းပေးလိုက်သည်။
ဥပဒေစိုးမိုးရေးအရာရှိများက ကျေးဇူးတင်ကြောင်း ပြောသော်လည်း ရေသောက်ရန် ငြင်းဆိုကြပြီး သူတို့လာရင်း ရည်ရွယ်ချက်ကို တိုက်ရိုက်ပင် ပြောဆိုလာသည်။
"ခင်ဗျားတို့ တည်းခိုခန်းမှာ ဈေးနှုန်းတွေ အဆမတန် တောင်းခံနေတယ်ဆိုတဲ့ လူထုတိုင်ကြားစာ ရထားလို့ လာစစ်ဆေးတာပါ"
ဘေးမှ ရဲအရာရှိကလည်း ဆိုလာ၏။
"ခင်ဗျားတို့ရဲ့ လုပ်ငန်းလိုင်စင်တွေနဲ့ အွန်လိုင်းပလက်ဖောင်းကို စစ်ဆေးဖို့ ဖွင့်ပေးပါ"
စုဟယ် ရဲအရာရှိနှစ်ဦးကို ဧည့်ကြိုကောင်တာသို့ ခေါ်သွားပြီး ကွန်ပျူတာဖွင့်ကာ စာရွက်စာတမ်း အထောက်အထားများကို ထုတ်ပေးလိုက်သည်။
ဟဲယဲ့တည်းခိုခန်းသည် ဆယ်စုနှစ်တစ်ခုကျော်ကြာ ဥပဒေနှင့်အညီ တစိုက်မတ်မတ် လုပ်ကိုင်လာခဲ့ခြင်းဖြစ်ပြီး တည်းခိုသူတိုင်းကိုလည်း စနစ်တကျ မှတ်ပုံတင်ထား၏။
"ကျွန်မတို့ရဲ့ ဈေးနှုန်းတွေက အမြဲတမ်း ဒီအတိုင်းပါပဲ၊ ခုတင်ကြီးခန်း ဆိုရင် တစ်ည ယွမ်(၁၂၀) နဲ့ ရိုးရိုးနှစ်ယောက်အိပ်ခန်း ဆိုရင် ယွမ်(၁၆၀) ပါ။ ဪ... ဒါနဲ့ အခု တည်းခိုခန်းမှာ အခန်းအမျိုးအစား အချို့ကို အဆင့်မြှင့်ထားတာ ရှိပါတယ်၊ ရှုရှင်း အဆင့်မြင့်ခန်း ဆိုရင်တော့ တစ်ညကို ယွမ်(၃၀၀) ပါ"
စုဟယ် အမှန်အတိုင်း ပြောပြလိုက်သည်။
"အဲဒီအခန်းတွေကို သွားကြည့်ရအောင်"
ဥပဒေစိုးမိုးရေးအရာရှိနှစ်ဦးက မှတ်ချက်မပေးဘဲ ပြောသည်။
စုဟယ်က သူတို့ကို အခန်းအမျိုးအစားအမျိုးမျိုး လိုက်ပြရင်း ရိုးရိုးခုတင်ကြီးခန်းနှင့် အဆင့်မြင့်ခန်းတို့၏ ကွာခြားချက်ကို အဓိကထား ရှင်းပြခဲ့၏။
ရိုးရိုးခန်းနှင့် နှိုင်းယှဉ်လျှင် အဆင့်မြင့်ခန်းမှာ အသစ်စက်စက် ပြုပြင်မွမ်းမံထားသည်မှာ ထင်ရှားလှသည်။
"ဒါက ခင်ဗျားတို့ ကြော်ငြာထားတဲ့ မွေ့ရာလား"
ဥပဒေစိုးမိုးရေးအရာရှိတစ်ဦးက စိတ်ချမ်းသာ အဆင့်မြင့်ခန်းထဲရှိ အိပ်ပျော်နေသော မင်းသမီးလေး၏ ကုတင် ကို လက်ညှိုးထိုးပြကာ ရုတ်တရက် မေးလိုက်၏။
စုဟယ် ချက်ချင်းပင် သဘောပေါက်သွားသည်၊
တိုင်ကြားစာမှာ သူမတည်းခိုခန်းက မွေ့ရာအကြောင်း ဖြစ်နေတာကိုး။ ဟို ဖန်လုံ ဆိုတဲ့လူ ဖြစ်နေမလား။
စုဟယ် စိတ်ထဲမှ တိုးတိုးလေး ရေရွတ်လိုက်သည်။
"ဟုတ်ပါတယ်၊ ကျွန်မတို့ တည်းခိုခန်းရဲ့ မွေ့ရာကို အပြင်မှာလည်း ရောင်းချပါတယ်၊ ဈေးနှုန်းကတော့ ယွမ်(၆၀၀၀၀) ပါ"
စုဟယ်က ပြောလိုက်သည်။
ဥပဒေစိုးမိုးရေးအရာရှိက မျက်မှောင်အနည်းငယ် ကြုတ်သွားသည်ကို မြင်သောအခါ သူမက ချက်ချင်းပင် ရှင်းပြ၏။
"ဒါပေမဲ့ ကျွန်မတို့ တည်းခိုခန်းက ဈေးနှုန်း အဆမတန် တောင်းတာမျိုး လုံးဝမလုပ်ပါဘူး။ ဒီမွေ့ရာကို ကျွန်မတို့ရဲ့ အွန်လိုင်းစတိုးမှာလည်း တင်ထားပြီး ဈေးနှုန်းကိုလည်း လူသိရှင်ကြား ဖော်ပြထားပါတယ်။ ဒီမွေ့ရာက နိုင်ငံခြားကနေ တင်သွင်းတာပါ၊ ကျွန်မတို့က ကိုယ်စားလှယ်အဖြစ်ပဲ ရောင်းပေးတာပါ"
ဥပဒေစိုးမိုးရေးအရာရှိနှစ်ဦး တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး တစ်ပြိုင်တည်းပင် ပြောလာကြသည်။
"အထောက်အထား စာရွက်စာတမ်းတွေ ပေးပါ"
"အွန်လိုင်းစတိုး ပလက်ဖောင်းကို ဖွင့်ပြပါဦး"
ကံကောင်းထောက်မစွာပင် စနစ်၏အကူအညီဖြင့် စုဟယ် လိုအပ်သော အထောက်အထားများကို ချောချောမွေ့မွေ့ ထုတ်ပြနိုင်ခဲ့သည်။
ဈေးနှုန်းအဆမတန် တောင်းခံခြင်း မရှိသည်ကို တွေ့ရသောအခါ အရာရှိများ၏ သဘောထားမှာ သိသိသာသာ ပျော့ပြောင်းသွား၏။
"စီးပွားရေးလုပ်ကိုင်သူတွေအနေနဲ့ ဖောက်သည်တွေကို စိတ်ရှည်လက်ရှည် ရှင်းပြပေးဖို့ လိုအပ်ပါတယ်။ လက်ရှိမှာ မြို့တော်က အေးချမ်းသာယာတဲ့ တည်ဆောက်ရေးကို ဖော်ဆောင်နေတာဆိုတော့ ဆိုင်တိုင်းဟာ ကျုပ်တို့ရဲ့ ယုံကျန်းမြို့ကို အပြင်လောကကို ပြသနေတဲ့ ပြတင်းပေါက်တွေပဲ မဟုတ်လား"
"ဟုတ်ကဲ့ပါရှင်၊ အဝေးကြီးကနေ လာရောက်စစ်ဆေးပေးတာ ကျေးဇူးတင်ပါတယ်"
စုဟယ် ရေသန့်ဘူးအချို့ကို ကမ်းပေးလိုက်သည်။
ဤတစ်ကြိမ်တွင်တော့ အရာရှိများက ငြင်းဆန်ခြင်းမရှိဘဲ လက်ခံလိုက်ကြသည်။
ရဲအရာရှိက ရေသောက်ရင်း ဆို၏။
"တည်းခိုခန်းအနေနဲ့ ပုံမှန်အချိန်တွေမှာလည်း လုံခြုံရေးကို ဂရုစိုက်ဖို့ လိုအပ်တယ်။ ပြဿနာတစ်ခုခုရှိရင် ကျုပ်တို့ ရဲစခန်းကို တိုက်ရိုက်ဆက်သွယ်လိုက်ပါ"
သူတို့မှာ အနီးနားရှိ ရဲစခန်းမှ ရဲအရာရှိများဖြစ်ပြီး ထိုနယ်မြေ၏ လုံခြုံရေးကို တာဝန်ယူထားသူများဖြစ်ရာ အထက်မှ သတင်းပေးချက် ရရှိပြီးနောက် ချက်ချင်း လာရောက်စစ်ဆေးခြင်းပင်။
ကံကောင်းထောက်မစွာဖြင့် အထင်လွဲမှုသာ ဖြစ်နေ၍ တော်တော့သည်။ မဟုတ်လျှင် သူတို့နယ်မြေအတွင်း ပြဿနာတက်ပါက လုပ်ငန်းစွမ်းဆောင်ရည် အမှတ်များ အဖြတ်ခံရပေမည်။
"ဒါပေမဲ့ ခင်ဗျားတို့ တည်းခိုခန်းက မွေ့ရာကတော့ တကယ်ကို ဈေးကြီးတာပဲဗျာ"
ရဲအုပ်ကြီးက ရေတစ်ငုံသောက်ရင်း ပြောလိုက်သည်။
စုဟယ်က မျက်နှာငယ်လေးဖြင့် ဆို၏။
"ရဲအရာရှိကြီးရယ်၊ ကျွန်မ တည်းခိုခန်းက စီးပွားရေးကလည်း မကောင်းတော့ ငွေပိုရမဲ့ တခြားနည်းလမ်းတွေ ရှာရတာပေါ့။ ဒါကြောင့်ပဲ ဒီမွေ့ရာရဲ့ ကိုယ်စားလှယ် လုပ်လိုက်တာပါ"
"အထောက်အထားတွေသာ အပြည့်အစုံ မရှိရင်တော့ ဒါဟာ လိမ်လည်လှည့်ဖြားမှု အသစ်တစ်ခုလို့တောင် ကျုပ်တို့ ထင်မိမှာပဲ။ အရင်တုန်းကလည်း ဂူယာလမ်း ဘက်မှာ သံလိုက်ကုထုံးမွေ့ရာဆိုပြီး ယွမ်(၅၀၀၀၀) နဲ့ လိုက်ရောင်းပြီး သက်ကြီးရွယ်အို အများကြီးကို လိမ်သွားတဲ့ တိုင်ကြားစာတွေ ရဖူးတယ်။ ဂူယာလမ်းရဲစခန်းက အခုထိ လူမမိသေးဘူး၊ အဲဒီ စိတ်ဓာတ်ညံ့တဲ့ သူဌေးက တစ်ခါလိမ်ပြီးရင် ချက်ချင်း ထွက်ပြေးသွားတာ"
ရဲအရာရှိ သတိပေးစကား ပြောလာသည်။
"ကျွန်မတို့ကတော့ ဥပဒေကို သေချာပေါက် လိုက်နာပါတယ်ရှင်"
စုဟယ် ရင်ဘတ်ကို ပုတ်ကာ အာမခံလိုက်သည်။
အခြားအုပ်ချုပ်ရေးအရာရှိ တစ်ဦးကတော့ အနည်းငယ် စိတ်ဝင်တစားရှိနေ၏။
"ဒီမွေ့ရာက တကယ်ပဲ အဲဒီလောက် အစွမ်းထက်လို့လား စိတ်ပူပန်မှုတွေကို ပြေလျော့စေပြီး အိပ်စက်ရတာ ကောင်းမွန်စေရုံတင်မကဘဲ အားအင်တွေပါ ပြည့်ဖြိုးစေတယ်ဆိုတာ ဟုတ်လို့လား "
ရဲအရာရှိကတော့ သိပ်မယုံကြည်သလိုပင်။
"ဒါဟာ ကျန်းမာရေးဖြည့်စွက်စာတွေ ရောင်းတာနဲ့ ဆင်တူမှာပါ။ အစွမ်းထက်တာ၊ မထက်တာက တစ်ပိုင်း၊ သူတို့မှာ လုပ်ထုံးလုပ်နည်းတွေ အကုန်ရှိနေတော့ ဒါဟာ တရားဝင်တာပဲပေါ့ "
စုဟယ် ခပ်တိုးတိုး ရယ်မောလိုက်သည်။
အုပ်ချုပ်ရေးအရာရှိက သူ၏ မေးစေ့ကို ပွတ်သပ်လိုက်၏။
"တကယ်လို့ အဲဒီလောက် အစွမ်းထက်တာဆိုရင်တော့ ပရိဘောဂပြပွဲမှာ သွားစမ်းကြည့်သင့်တယ်။ ဒီနှစ်မှာ ကျုပ်တို့ ယုံကျန်းမြို့က နိုင်ငံတကာ အိမ်တွင်းအလှဆင် ပစ္စည်းပြပွဲ ကို အိမ်ရှင်အဖြစ် လက်ခံကျင်းပမှာလေ"
ရဲအရာရှိက ထိုအကြောင်းကို ကြားဖူးသော်လည်း သိပ်တော့ အကောင်းမမြင်ပေ။
"ကဲ... သွားကြစို့၊ သွားကြစို့။ ဒီမိန်းကလေးကို အကြံအမှားတွေ သွားမပေးစမ်းပါနဲ့။ သူ့စီးပွားရေးက မကောင်းလှပါဘူးဆိုမှ၊ ဒီမွေ့ရာကလည်း ဘယ်နှခုရောင်းရဦးမှာမို့လို့လဲ။ အဲဒီပြပွဲမှာ ဆိုင်ခန်းတစ်ခု ငှားရင်တောင် အနည်းဆုံး ယွမ်(၁၀၀၀၀) လောက် ပေးရမှာ၊ ဒါဟာ သူ့ကို ဒုက္ခပေးသလို ဖြစ်နေမှာပေါ့"
အုပ်ချုပ်ရေးအရာရှိက သူ့အဖွဲ့ကို စုစည်းကာ ရဲအုပ်ကြီးနှင့်အတူ အပြင်သို့ ထွက်သွားရင်း ပြောလိုက်သည်။
"ကျုပ်ကလည်း မွေ့ရာတစ်လုံးမှ မရောင်းရဘဲ တိုင်ခံထားရတာမို့လို့ ပြောပြတာပါ။ အဲဒီပြပွဲက မွေ့ရာတွေဆိုရင် ယွမ်(၆၀၀၀၀) မပြောနဲ့၊ တစ်သိန်းကျော်တန်တာတွေတောင် ရှိတာ..."
သူတို့ လေးဦး အသံများမှာ တဖြည်းဖြည်းနှင့် ဝေးကွာသွားတော့၏။ စုဟယ် သူတို့ လေးဦးကို တံခါးဝအထိ လိုက်လံပို့ဆောင်ပေးလိုက်သည်။
သူမမှာ တကယ်ပင် အပြစ်မရှိဘဲ ဒုက္ခရောက်ရခြင်းဖြစ်သည်။ မွေ့ရာရောင်းမိကာမှ တိုင်ကြားခံရသည် မဟုတ်ပါလား။
ကံကောင်းထောက်မစွာ ဟဲယဲ့တည်းခိုခန်းမှာ ကဏ္ဍပေါင်းစုံတွင် ကောင်းမွန်စွာ ဆောင်ရွက်ထားပြီး မီးသတ်ဆေးဘူးကဲ့သို့သော ပစ္စည်းများလည်း အပြည့်အစုံရှိနေ၍သာ တော်တော့သည်။ မဟုတ်လျှင် ယနေ့တွင် သူမအနေဖြင့် လုပ်ငန်းပြုပြင်ရန် သတိပေးချက်စာ ရရှိသွားနိုင်ပါသည်။
စုဟယ် ဒေါသတကြီးဖြင့် ဖန်လုံကို နာမည်ပျက်စာရင်းထဲ ထည့်လိုက်ပြီး သူ့ကို မွေ့ရာမရောင်းရန် ဆုံးဖြတ်လိုက်၏။
"ကိစ္စမရှိတော့ဘူး၊ ကိစ္စမရှိတော့ဘူး"
စုဟယ် အခန်းထဲသို့ ပြန်ဝင်လာပြီး ဝေဖုန်းယီနှင့် ဟုန်လျန်ကို နှစ်သိမ့်လိုက်သည်။
ဟုန်လျန်မှာ သက်ပြင်းချနိုင်တော့သည်။
စောစောက သူမ ဖုန်းကစားနေသော်လည်း တကယ်တော့ အလွန်ပင် ရင်တထိတ်ထိတ် ဖြစ်နေခဲ့ခြင်းပင်။
"ဆရာဝေ... ဆရာနဲ့ တိုင်ပင်စရာ ရှိပါတယ်။ နေ့ဘက်တွေမှာ အွန်လိုင်းစတိုးရဲ့ ဖောက်သည်ဝန်ဆောင်မှု နဲ့ တည်းခိုခန်းရဲ့ ဧည့်သည်မှတ်ပုံတင်တဲ့ အလုပ်တွေကို ဆရာ တာဝန်ယူပေးနိုင်မလား "
စုဟယ် အလုပ်များ ခွဲဝေပေးလိုက်သည်။
ဟုန်လျန် မုန့်လုပ်ငန်းကို အဓိကတာဝန်ယူပြီး အခန်းသန့်ရှင်းရေးကိုတော့ စုဟယ်နှင့် ဟုန်လျန်တို့က အလှည့်ကျ လုပ်ဆောင်ကြမည်ဖြစ်သည်။
ဆရာဝေက အသက် (၅၀)ကျော်နေပြီဖြစ်သလို သန်သန်မာမာလည်း မရှိလှသဖြင့် ပင်ပန်းသော အလုပ်များကိုတော့ မလုပ်သင့်ပေ။
ဝေဖုန်းယီမှာ သေချာပေါက် ကန့်ကွက်စရာ မရှိပါ။ သူကိုယ်တိုင်လည်း ကြယ် (၃) ပွင့် အဆင့်သို့ အမြန်ဆုံး ရောက်ရှိချင်နေသည် မဟုတ်ပါလား။
စုဟယ် ဝေဖုန်းယီအား အွန်လိုင်းစတိုး၏ နောက်ကွယ်မှ စီမံခန့်ခွဲခွင့်ကို ပေးလိုက်၏။
သူမ အွန်လိုင်းစတိုးကို မစစ်ဆေးဖြစ်သည်မှာ အတန်ကြာပြီဖြစ်ရာ အိပ်ပျော်နေသော မင်းသမီးလေး၏ ကုတင် အရောင်းသွက်နေပြန်သည်ကို တွေ့ရသည်၊၊ ယခုဆိုလျှင် မွေ့ရာ (၃၅)လုံးပင် ရောင်းချပြီးပြီ ဖြစ်၏။
စနစ်ထဲတွင် မက်ဆေ့ခ်ျ ပုံကြီး စုပုံနေပြီး လူအများအပြားက မွေ့ရာနှင့် ပတ်သက်သည့် မေးခွန်းမျိုးစုံကို မေးမြန်းနေကြသည်။
ဝေဖုန်းယီမှာ ရိုးရှင်းသော တရုတ်စာလုံးများကို လေ့လာနေဆဲဖြစ်သော်လည်း အသံဖြင့် စာရိုက်နည်းကိုတော့ တတ်မြောက်နေပြီ ဖြစ်၏။
ဖောက်သည်၏ မေးခွန်း "ဒီမွေ့ရာက ဟောက်တာကို တကယ် ပျောက်ကင်းစေနိုင်သလား "
ဝေဖုန်းယီ "ဘာလို့ စမ်းမကြည့်တာလဲ"
ဖောက်သည် "လျှော့ဈေး ရနိုင်မလား။ တကယ်ကို ဈေးကြီးလွန်းလို့ပါ "
ဝေဖုန်းယီ "ကျုပ်မှာ အဲဒီလို ဆန္ဒရှိပေမဲ့ ကျုပ်ရဲ့ လုပ်ပိုင်ခွင့်က မလုံလောက်ပါဘူး"
ဖောက်သည် "လျှော့လို့ ရမှာလား၊ မရဘူးလား "
ဝေဖုန်းယီ - "မရပါ"
ဖောက်သည် "..."
ဖောက်သည် "ဒါဆို ဒီနေ့ပဲ ပစ္စည်းပို့ပေးနိုင်မလား"
ဝေဖုန်းယီ "ရပါတယ်"
ဖောက်သည် "......"
ဝေဖုန်းယီ "ဟုတ်ကဲ့"
စုဟယ် ခေတ္တမျှ စောင့်ကြည့်လိုက်ရာ ဝေဖုန်းယီမှာ အလုပ်နှင့် အသားကျနေသည်ကို တွေ့ရသဖြင့် စိတ်အေးလက်အေးနှင့် ထွက်လာခဲ့သည်။
သူမအနေဖြင့် ဥပဒေစိုးမိုးရေးအရာရှိ ပြောသွားသော အိမ်တွင်းအလှဆင် ပစ္စည်းပြပွဲအကြောင်း သတင်းအချက်အလက်များကို ရှာဖွေရန် လိုအပ်နေပြီဖြစ်၏။