အခန်း (၂၁-၂၂)
Vol. 3 Ch. 21-22
21
နိုင်ငံတကာ အိမ်တွင်းအလှဆင် ပစ္စည်းပြပွဲကို တစ်နှစ်လျှင် တစ်ကြိမ် ကျင်းပလေ့ရှိပြီး ယခုအကြိမ်တွင်တော့ ယုံကျန်းမြို့၌ ကျင်းပခြင်းဖြစ်သည်။
နိုင်ငံတကာ အိမ်တွင်းအလှဆင် ပစ္စည်းပြပွဲ ဆိုသည့် အမည်နာမမှာ အလွန်ပင် ခမ်းနားကြီးကျယ်လှပြီး လုပ်ငန်းနယ်ပယ်အတွင်း၌လည်း အသိအမှတ်ပြုမှု အလွန်မြင့်မားသဖြင့် နှစ်စဉ်နှစ်တိုင်း ပြည်တွင်းပြည်ပမှ နာမည်ကြီးလုပ်ငန်းစုများနှင့် ကိုယ်စားလှယ်များစွာ ပါဝင်ဆင်နွှဲကြ၏။
ထိုပြပွဲကြီး အောင်မြင်စေရန်အတွက် ပွဲစီစဉ်သူများက Little Green Book နှင့် Douyin ကဲ့သို့သော ပလက်ဖောင်းများပေါ်တွင် အကြီးအကျယ် ကြော်ငြာမှုများ စတင်နေပြီဖြစ်ရာ ကြော်ငြာပို့စ် တိုင်းမှာလည်း လူစိတ်ဝင်စားမှု အတော်လေး များနေသည်။
စုဟယ်ကိုယ်တိုင် ထိုကြော်ငြာများကိုကြည့်ရင်း စိတ်လှုပ်ရှားမှုကို မထိန်းနိုင်ဖြစ်နေရ၏။ ပြပွဲကို အခမဲ့ဝင်ရောက်ကြည့်ရှုနိုင်သည့်အပြင် ပြခန်းအသီးသီးမှ ပေးမည့် အခမဲ့လက်ဆောင်ပစ္စည်းလေးများကိုလည်း ရနိုင်သေးသည် မဟုတ်ပါလား။
စုဟယ်ဆိုလျှင် ခေါင်းအုံးနှင့် စောင်အသေးလေးများကို ရဖို့အတွက် စောစောစီးစီးသွားပြီး တန်းစီချင်စိတ်တောင် ပေါက်နေမိသည်။
ဤမျှ လူစိတ်ဝင်စားမှုများပြားနေသည့် ပြပွဲကြီးကို စုဟယ်အနေဖြင့် သေချာပေါက် လက်လွှတ်မခံချင်ပေ။
သူမ ပြပွဲ၏ တရားဝင် ဝက်စ်ဆိုက်ထဲသို့ ဝင်ရောက်ပြီး ဆိုင်ခန်းဈေးနှုန်းများကို ကြည့်လိုက်ရာ စောစောက တက်ကြွနေသော စိတ်အဟုန်မှာ ချက်ချင်းပင် အေးစက်သွားတော့သည်။
"လူသူမနီးတဲ့ Area-C က ဆိုင်ခန်းလေးတစ်ခုတောင် တစ်ရက်ကို (၈၀၀၀)တဲ့၊ အဲဒါတောင် ဆိုင်ခန်းက သေးသေးလေး"
စုဟယ် ခေါင်းခါယမ်းလိုက်မိသည်။
ထိုမျှသေးငယ်သော ဆိုင်ခန်းလေးထဲတွင် အိပ်ပျော်နေသော မင်းသမီးလေး၏ ကုတင် တစ်လုံးစာလောက်သာ ဆန့်၏။
ကုန်ပစ္စည်းအပြင် ကြော်ငြာပိုစတာအချို့ ပြသရန်လိုသလို၊ သူမထိုင်ရန် နေရာလည်း လိုအပ်သည်ဖြစ်ရာ အနည်းဆုံး ဆိုင်ခန်းနှစ်ခန်းတော့ ငှားရပေလိမ့်မည်။
သုံးရက်ကြာ ပြပွဲအတွက်ဆိုလျှင် အနည်းဆုံး (၅၀၀၀၀) လောက် ကုန်ကျပေသည်။
"ဒါက တကယ်ကို မကိုက်ပါဘူး"
စုဟယ် တွက်ချက်ကြည့်လေလေ၊ ရှုံးလေလေဟု ခံစားနေရ၏။
ပြပွဲကျင်းပမည့်အချိန်မှာ နောက်အပတ်ထဲတွင်ဖြစ်သဖြင့် သေချာစဉ်းစားရန် အချိန်ရှိသေးသည်ဟု မှတ်သားထားလိုက်သည်။
ဝေဖုန်းယီ၏ အကူအညီကြောင့် စုဟယ်၏ ဖိအားများမှာ အတော်လေး လျော့ပါးသွား၏။
ကျူးစီစီ နှင့် ကျန်းရိချန်တို့ ကြော်ငြာမှုများကြောင့် လွန်ခဲ့သော ရက်အနည်းငယ်အတွင်း ရှုရှင်း အဆင့်မြင့်ခန်း ကို လာရောက်စမ်းသပ်သူများဖြင့် စည်ကားနေခဲ့ပြီး အိပ်ပျော်နေသော မင်းသမီးလေး၏ ကုတင် ပေါ်တွင် အိပ်စက်ဖူးသူတိုင်းကလည်း ချီးကျူးနေကြသည်။
ဝူချန်ကော် အွန်လိုင်းတိုက်ရိုက်ထုတ်လွှင့်မှု ကို ကြည့်ပြီး တကူးတက လာရောက်သူအချို့လည်း ရှိနေပါ၏။
ဝူချန်ကော် အိပ်ပျော်နေသော မင်းသမီးလေး၏ ကုတင် ကို ဝယ်ယူပြီးနောက် အိမ်တွင် အကြိမ်အတော်များများ Live လွှင့်ပြခဲ့သလို၊ အထူးသဖြင့် ရိုးရိုးကုတင်ပေါ်တွင် သူအကျယ်ကြီး ဟောက်နေပုံကိုပါ Live လွှင့်ပြခဲ့သဖြင့် လူကြည့်များလာခဲ့သည်။ ဟဲယဲ့တည်းခိုခန်းသည်လည်း ထိုအကျိုးကျေးဇူးကို ခံစားနေရ၏။
စနစ်၏ အကောင်းမြင်မှတ်ချက်ပေးခြင်း တာဝန်ကြောင့် စိတ်ပူနေရသော စုဟယ်မှာ ယခုအခါ တိုးတက်မှုပြတန်းမှာ အရှိန်အဟုန်ဖြင့် တက်လာသည်ကို တွေ့ရပြီး အကောင်းမြင်မှတ်ချက်နှုန်းမှာ ၄၂/၁၀၀ သို့ ရောက်ရှိနေပြီဖြစ်သည်။
ဟဲယဲ့တည်းခိုခန်းရှိ အခန်းကြီး(၃၀) လုံးကို ရှုရှင်း အဆင့်မြင့်ခန်း အဖြစ် အဆင့်မြှင့်ထားသော်လည်း အခန်းများမှာ ဝယ်လိုအားထက် နည်းပါးနေဆဲပင်။
စုဟယ် စနစ်ထဲမှ အိပ်ပျော်နေသော မင်းသမီးလေး၏ ကုတင် နှင့် အသံလုံ ပြတင်းပေါက်များ ကို ထပ်မံဝယ်ယူကာ နှစ်ယောက်အိပ်ခန်း များကိုပါ ရှုရှင်း နှစ်ယောက်အိပ်ခန်း အဖြစ် အဆင့်မြှင့်တင်လိုက်ရာမှ ဧည့်သည်များ၏ တောင်းဆိုမှုကို ပြည့်မီသွားတော့သည်။
ယခုအခါ ဟဲယဲ့တည်းခိုခန်း၏ ဒုတိယထပ်နှင့် တတိယထပ်တွင် ရှုရှင်းအဆင့်မြင့်ခန်း (၁၅) ခန်းစီ ရှိလာပြီဖြစ်၏။
စတုတ္ထထပ်ရှိ အဆင့်မမြှင့်ရသေးသော ရိုးရိုးခန်း (၁၅) ခန်းမှလွဲ၍ ပဉ္စမထပ်ရှိ နှစ်ယောက်အိပ်ခန်း (၁၀) ခန်းနှင့် ဆဋ္ဌမထပ်ရှိ မိသားစုခန်း တစ်ခန်းတို့မှာ အားလုံး အဆင့်မြှင့်ပြီးသား ဖြစ်သွားတော့သည်။
စနစ်၏ ကျေးဇူးကြောင့် စုဟယ် ကုတင်အလုံး (၅၀) ကျော် ရောင်းချခဲ့ရပြီး ၎င်းတို့ထဲမှ အလုံး (၃၀) မှာ ပစ္စည်းလက်ခံရရှိကြောင်း အတည်ပြုပြီးသား ဖြစ်၏။
သူမ၏ ရိုးရှင်းလှသော အွန်လိုင်းစတိုးလေးတွင်လည်း အကောင်းမြင်မှတ်ချက်များစွာ ရရှိထားသည်။
ထိုမှတ်ချက်များမှာ စုဟယ် ငွေပေးပြီး ရေးခိုင်းထားသလား ထင်ရလောက်အောင် အပိုတွေရေးထားသလို ရှိနေသော်လည်း အားလုံးမှာ ဧည့်သည်များ၏ စစ်မှန်သော သုံးသပ်ချက်များသာ ဖြစ်၏။
"တကယ်ကို အံ့သြဖို့ကောင်းလိုက်တာ အစကတော့ ဒီကုတင်က လိမ်နေတာလို့ ထင်ပြီး ဘယ်တော့မှ မအိပ်ဘူးလို့ ကြုံးဝါးခဲ့တာ။ အခုတော့... မေမေရေ၊ ကျွန်မ ပြောနိုင်တာကတော့ ဒါဟာ တကယ်ကို အံ့မခန်းပါပဲ"
"ဘာလို့ ကြယ် ၅ ပွင့်ပဲ ပေးလို့ရတာလဲ ကျွန်မ ၁၀ ပွင့်တောင် ပေးချင်တာ ကျွန်မရဲ့ အမျိုးတွေ အားလုံးကိုလည်း ပြန်ဝယ်ဖို့ တိုက်တွန်းထားပြီးပြီ "
"ကျေးဇူးတင်ပါတယ် သူဌေးမရယ်၊ မွေ့ရာကိုလည်း ကျေးဇူးတင်ပါတယ်၊ ကျုပ်တို့ရဲ့ ပြိုလဲတော့မယ့် အိမ်ထောင်ရေးကို ကယ်တင်ပေးခဲ့တာပါ။ ကျုပ်မိန်းမ အခုအရမ်းပျော်နေပြီ "
ထိုအကောင်းမြင်မှတ်ချက်များကို ကြည့်ပြီး ရက်ပေါင်း (၃၀) ပြည့်လျှင်လည်း မည်သူမျှ ငွေပြန်အမ်းရန် တောင်းဆိုကြမည်မဟုတ်ကြောင်း စုဟယ် ယုံကြည်သွားသည်။
"အခု ငါ့လက်ထဲမှာ (၂) သိန်းကျော် ရှိနေပြီဆိုတော့ တည်းခိုခန်း ပြုပြင်ဖို့အတွက် စဉ်းစားလို့ရပြီ"
လွန်ခဲ့သော နှစ်ရက်အတွင်း တည်းခိုခန်း၏ ဧည့်သည်တည်းခိုနှုန်း မြင့်တက်လာသလို၊ မုန့်များရောင်းရငွေလည်း မနည်းလှပေ။
ဝေဖုန်းယီနှင့် ဟုန်လျန်တို့မှာ တစ်ဦးက ညနက်ထိနေပြီး တစ်ဦးက မနက်စောစောထကာ အလွန်ပင် ကြိုးစားကြသဖြင့် စုဟယ် ငွေရလာသည်နှင့် သူတို့ကို လစာပေးလိုက်သည်။
တည်းခိုခန်းသည် အိပ်ပျော်နေသော မင်းသမီးလေး၏ ကုတင် ကြောင့် ဧည့်သည်များကို ဆွဲဆောင်နိုင်ခဲ့သော်လည်း ထိုကုတင်တစ်မျိုးတည်းကိုပဲ အားကိုးနေ၍ မရပေ။
အခန်းများမှာ စိုထိုင်းဆများပြီး ပစ္စည်းကိရိယာများမှာ ဟောင်းနွမ်းနေပြီဖြစ်ကြောင်း ဧည့်သည်များက အကြိမ်ကြိမ် ညည်းညူနေကြသည်ကို စုဟယ် ကြားနေရ၏။
မဟုတ်လျှင် ခုတင်ကြီးခန်း (၃၀) လုံး အမြဲတမ်း လူပြည့်နေသော ဟဲယဲ့တည်းခိုခန်း၏ အကောင်းမြင်မှတ်ချက်မှာ (၄၂) ခုတည်း ရှိနေမည်မဟုတ်ပေ။
"မနက်ဖြန်ကျရင် အရင်က ဆောက်လုပ်ရေးအဖွဲ့ကိုပဲ ဆက်သွယ်ကြည့်ရမယ်"
စုဟယ် တီးတိုး ရေရွတ်လိုက်ပြီးနောက် ချက်ချင်းပင် သူမဘာသာ ပြန်ပြင်လိုက်သည်။
ဟဲယဲ့တည်းခိုခန်းနှင့် ရင်းနှီးသော ဆောက်လုပ်ရေးအဖွဲ့၏ သူဌေး စုတထို မှာ စုချန် (စုဟယ်၏ဖခင်) နှင့် တစ်ရွာတည်းသားဖြစ်သဖြင့် ဟဲယဲ့တည်းခိုခန်း၏ အလုပ်မှန်သမျှကို ထိုအဖွဲ့ကသာ တာဝန်ယူလေ့ရှိသည်။
စုချန်နှင့် စုတထိုတို့မှာ အလွန်ခင်မင်ကြပါ၏။
တစ်ခါတစ်ရံ ခေါင်မိုးယိုခြင်းကဲ့သို့သော အလုပ်အသေးလေးများရှိလျှင် စုတထိုက တစ်ကိုယ်တည်း လာလုပ်ပေးလေ့ရှိပြီး စုချန်ကလည်း ဘေးမှ ကူညီပေးတတ်သည်။
စုတထိုက ပစ္စည်းဖိုးသာ ယူလေ့ရှိပြီး စုချန်က ထမင်းတစ်နပ်ဖြင့် ပြန်လည်ဧည့်ခံတတ်၏။ တစ်ရွာတည်းသားများဖြစ်သည့်အတိုင်း ထိုသို့ပင် ရိုးရိုးသားသား ပေါင်းသင်းဆက်ဆံခဲ့ကြခြင်းပင်။
အကယ်၍ စုဟယ်က စုတထိုကို ပြုပြင်ရေးအတွက် ခေါ်လိုက်လျှင် စုချန်နှင့် ယဲ့ချင် တို့မှာ နောက်တစ်နေ့မှာပင် နယ်မှ ချက်ချင်း ပြေးတက်လာကြပေလိမ့်မည်။
တည်းခိုခန်း၏ ပြောင်းလဲမှုများကို သူမ၏ မိဘများကို မည်သို့ရှင်းပြရမည်ဆိုသည်ကို စုဟယ် ယခုထိ အဖြေရှာမရသေးပေ။
ဝေခွဲမရဖြစ်နေလျှင် စနစ်ကိုသာ အရင်ဆုံး တိုင်ပင်ရပေမည်။
စုဟယ်သည် ဂိမ်းစတိုးထဲသို့ ဝင်ကြည့်လိုက်သည်။
အကြိမ်ကြိမ် ဝယ်ယူခဲ့ပြီးနောက် သူမ၏ သုံးစွဲငွေမှာ ၁ သိန်းပြည့်သွားပြီဖြစ်ရာ ယခုဆိုလျှင် ပစ္စည်း နေရာ ၁၀ ခုအထိ အသစ်လဲလှယ် နိုင်ပြီဖြစ်သည်။
လက်ရှိတွင် တည်းခိုခန်းမှာ အိပ်ပျော်နေသော မင်းသမီးလေး၏ ကုတင်ကြောင့် ငွေရနေခြင်းဖြစ်သဖြင့် စုဟယ်သည် ထိုမွေ့ရာနှင့် အသံလုံပြတင်းပေါက်များ ကိုတော့ မလဲဘဲ ချိတ်ပိတ် ထားလိုက်၏။
ယွမ် ၃ သိန်း ၆ သောင်း တန်သော ဂျက်၏ မှော်ပဲစေ့များ ကိုတော့ စုဟယ် မဝယ်နိုင်သေးပေ။
သို့သော် ထိုပဲစေ့များမှာ ယခုလက်ရှိတွင် အသုံးပြုသူအသစ်အတွက် လျှော့ဈေးရှိနေပြီး အကယ်၍ အသစ်လဲလှယ်လိုက်လျှင် ထိုလျှော့ဈေးမှာ ပျောက်ကွယ်သွားပေလိမ့်မည်။
စုဟယ်သည် ကျန်ရှိသော ပစ္စည်းနေရာ ၇ ခုကိုသာ အသစ်လဲလှယ်ရန် ရွေးချယ်လိုက်သည်။
ပစ္စည်းနေရာများများ ရှိလေ ပိုကောင်းလေဖြစ်ကြောင်း သူမ ယခုမှ နားလည်သွားတော့၏။
အပြာရောင်အလင်းတန်း တစ်ချက်လက်သွားပြီးနောက် ပစ္စည်းနေရာ ၇ ခုမှာ အသစ်ဖြစ်သွားသည်။
စုဟယ် ကြည့်လေလေ စိတ်ပျက်လေလေ ဖြစ်လာ၏။
ပထမဆုံး ပစ္စည်းသုံးမျိုးစလုံးမှာ ၁ သန်းကျော်တန်များ ဖြစ်နေသည်။
ဂိမ်းစတိုးကြီးက အစပိုင်းကာလ ကျော်လွန်သွားသည်နှင့် သူ့ မူလရုပ်ဆိုးကြီးကြီးကို ထုတ်ပြလာခြင်းပင်။ ဘယ်အရာမှ မသက်သာတော့ချေ။
စတုတ္ထမြောက်နှင့် ပဉ္စမမြောက် ပစ္စည်းများ၏ ဈေးနှုန်းမှာဆိုလျှင် သန်းနှင့်ချီနေပြီဖြစ်သည်။
စုဟယ်က မျက်နှာကို ချက်ချင်း လွှဲလိုက်၏။
ဆက်ကြည့်နေလျှင် သူမဆီက ဆင်းရဲခြင်း အနံ့အသက်တွေ ထွက်လာတော့မည်ဟု ခံစားနေရသည်။
"အပူဒဏ်ခံ ကျောက်သားအုတ်ချပ် (စနစ်မှ ရွေးချယ်ထားသော ပစ္စည်း)"
လုပ်ဆောင်ချက် : စိုထိုင်းဆဒဏ်ခံနိုင်ခြင်း၊ အပူဒဏ်ခံနိုင်ခြင်း၊ ခိုင်ခံ့ပြီး တာရှည်ခံခြင်း။
ဈေးနှုန်း : ၁ ယွမ် (တပ်ဆင်ခအပြီးအစီးနှင့် ရိုးရိုးနံရံဆေး ပါဝင်သည်)
"အရမ်းတန်တာပဲ ငါ စနစ်ကို အထင်မှားသွားခဲ့တာပဲ၊ ဂိမ်းစတိုးထဲမှာ စျေးတန်တဲ့ပစ္စည်းတွေ ရှိနေသေးတာပဲ"
ဈေးနှုန်းကိုကြည့်ပြီး စုဟယ်၏ မျက်လုံးများ တောက်ပသွားသည်။
"တပ်ဆင်ခတောင် ပါသေးတယ်"
သူမ ဝမ်းသာအားရ ရေရွတ်လိုက်သည်။
သူမ အခန်းပတ်ပတ်လည်ကို ကြည့်လိုက်မိသည့်အခါမှ ရုတ်တရက် သဘောပေါက်သွားသည်။ ဤသည်မှာ လိမ်ညာမှုကြီးပင်။
နံရံတစ်ဖက်တွင် အုတ်ချပ် မည်မျှလိုသနည်း
စတုရန်းမီတာ တစ်မီတာမှာတင် အုတ်ချပ် (၁၂၈) ချပ် လိုပါသည်။
သူမ၏ အခန်းကြီးများမှာ ၁၅ မှ ၂၀ စတုရန်းမီတာ ရှိပြီး တံခါးနှင့် ပြတင်းပေါက်များကို ဖယ်လိုက်လျှင်ပင် နံရံဧရိယာမှာ စတုရန်းမီတာ ၆၀ ခန့် ရှိပေလိမ့်မည်။
မျက်နှာကျက်ကိုပါ ထည့်တွက်လျှင် နံရံဧရိယာမှာ စတုရန်းမီတာ ၈၀ ခန့်အထိ ရှိသွားနိုင်သည်။
ထိုသို့ဆို အခန်းတစ်ခန်းကိုတင် ယွမ် (၁၀၀၀၀) ကျော် ကုန်ပေလိမ့်မည်။
စုဟယ် မျက်စိရှေ့တွင် အမှောင်အတိ ကျသွားတော့သည်။
သူမလက်ထဲက နှစ်သိန်းဆိုသည်မှာ အခန်းကြီး(၂၀) ၏နံရံကို ပြုပြင်ဖို့ပဲ လောက်မည်ဖြစ်ပြီး ကြမ်းပြင်အတွက်ဆိုလျှင်တော့ စိတ်ကူးယဉ်၍မရပေ။
တွက်ချက်ပြီးနောက် စုဟယ် သတ္တမမြောက် ပစ္စည်းကို မကြည့်ချင်ကြည့်ချင်နှင့် ကြည့်လိုက်သည်။
မှော်ဆန်သော ဆန်ပြုတ်အိုး : ဆန်ပြုတ်များ တဗွက်ဗွက် ထွက်လာစေသော မှော်အိုး (ဂရင်းညီနောင် ပုံပြင်မှ တရားဝင် ခွင့်ပြုချက်ရရှိထားသည်)
လုပ်ဆောင်ချက် : "အိုးလေးရေ၊ ချက်စမ်း" လို့ အော်လိုက်ရုံနဲ့ အလွန်အရသာရှိတဲ့ ချိုမြိန်တဲ့ ဆန်ပြုတ်တွေ ထွက်လာမှာ ဖြစ်ပါတယ်။
ဈေးနှုန်း: (၁၇၀၀၀၀)
စုဟယ်တစ်ယောက် တကယ့်ကို ခေါင်းမူးသွားတော့သည်။
ဤသည်မှာ အမှန်တကယ့်ကို အမြတ်ကြီးစား ကုန်သည်ကြီးပေ။
22
စုဟယ် ရွေးချယ်စရာ သိပ်မရှိသောကြောင့် စနစ်ကုန်တိုက်က ရောင်းချသည့် အပူဒဏ်ခံ ကျောက်သားအုတ်ချပ်များကိုသာ အောင့်အည်းသည်းခံပြီး ဝယ်ယူလိုက်ရပါတော့သည်။
"ဒင်"
သူမဖုန်းထဲသို့ မက်ဆေ့ခ်ျတစ်စောင် ရောက်လာပြီး ဘဏ်ကတ်ထဲမှ ယွမ်(၁၅၀၀၀၀) အဖြတ်ခံလိုက်ရ၏။
စုဟယ် ဂိမ်းစတိုးကို စိုက်ကြည့်ရင်း ထိုအပူဒဏ်ခံ ကျောက်သားအုတ်ချပ်များကို ဘယ်လိုတပ်ဆင်ရမလဲဆိုတာကို တွေးတောနေမိသည်။
"ဒီစိတ်ပုတ်တဲ့စနစ်က ပိုက်ဆံပဲယူပြီး ထွက်ပြေးသွားတာတော့ မဟုတ်ပါဘူးနော်"
ပိုက်ဆံသာ အဖြတ်ခံလိုက်ရသည်။၊
အုတ်ချပ်တွေက ဘယ်မှာလဲ။
စုဟယ် တွေးတောနေဆဲ ဝေဖုန်းယီ တံခါးကို ခေါက်လိုက်သည်။
"သူဌေးမ... တံခါးဝမှာ ဆောက်လုပ်ရေးအဖွဲ့တစ်ခု ရောက်နေပါတယ်"
"ဆောက်လုပ်ရေးအဖွဲ့လား "
စုဟယ် စိတ်ထဲမှ စနစ်ကို ကျိန်ဆဲနေသမျှကို ချက်ချင်းပင် ပြန်ရုပ်သိမ်းလိုက်၏။
သိုသော် သူမ တံခါးဝသို့ ရောက်ရှိ၍ ရှေ့တွင် မြင်တွေ့လိုက်ရသော ဆောက်လုပ်ရေးအဖွဲ့ ကို ကြည့်ပြီး မျက်တောင်တဖျတ်ဖျတ် ခတ်ကာ ကြောင်အမ်းအမ်း ဖြစ်သွားရသည်။
စုဟယ် အရပ် ၁ မီတာခန့်သာရှိပြီး အလုပ်သမားဦးထုပ် ဆောင်းထားသော အာလူးလုံးလေးနှင့်တူသည့် လူမည်းလေးရှေ့တွင် ဆောင့်ကြောင့်ထိုင်ချကာ ကြည့်လိုက်သည်။
"မင်းက စနစ်က လွှတ်လိုက်တဲ့ ဆောက်လုပ်ရေးအဖွဲ့လား "
အာလူးလုံး လူမည်းလေးသည် မှတ်စုစာအုပ်အသေးလေးတစ်ခုကို ထုတ်ယူကာ တည်ငြိမ်စွာ ပြောသည်။
"ကျွန်တော်ကတော့ စနစ်ကလွှတ်လိုက်တဲ့ ဂေါ်ဗလင် ဆောက်လုပ်ရေးအဖွဲ့က အင်ဂျင်နီယာ (၀၃၆) ဖြစ်ပါတယ်။ ဒါကတော့ ကျွန်တော်ရဲ့ သက်သေခံကတ်ပြားပါ"
လူမည်းလေး ကမ်းပေးသော မှတ်စုစာအုပ်၏ ပထမစာမျက်နှာတွင် သူ့ဓာတ်ပုံကို ကပ်ထားသည်။
စုဟယ် သေချာစစ်ဆေးကြည့်သော်လည်း ဝေဝါးနေသော အနက်ရောင်အစက်အပြောက်တစ်ခုသာ မြင်ရပြီး ဘာမှခွဲခြား၍ မရပေ။
စုဟယ် ဓာတ်ပုံကို စစ်ဆေးနေသည့်ဟန်ဖြင့် ချောင်းတစ်ချက်ဟန့်လိုက်ပြီး နောက်စာမျက်နှာကို လှန်ကြည့်လိုက်သည်။
"ဒါက ဂေါ်ဗလင် အင်ဂျင်နီယာပဲ"
စုဟယ် မျက်လုံးပြူးသွားပြီး နောက်တစ်မျက်နှာ ထပ်လှန်သည်။
"စနစ်မှ အသိအမှတ်ပြုထားသော ဂေါ်ဗလင် အင်ဂျင်နီယာအဖွဲ့"
စုဟယ် စာမျက်နှာအတော်များများကို လှန်ကြည့်သော်လည်း နားမလည်နိုင်သော သင်္ကေတများသာ ဖြစ်နေ၏။
သူမ တည်တည်ငြိမ်ငြိမ်ရှိဟန်ဆောင်ကာ မှတ်စုစာအုပ်ကို ပိတ်ပြီး ပြောလိုက်သည်။
"ကြိုဆိုပါတယ်၊ ပြုပြင်ရမဲ့ အခန်းက ဒီဘက်မှာပါ"
လူမည်းလေးသည် မှတ်စုစာအုပ်ကို ပြန်ယူကာ အိတ်ထဲထည့်လိုက်၏။ သူ့ဦးထုပ်ကို ပြန်တည့်ပြီး ပြုပြင်ရမယ့် အခန်းဆီသို့ ခန့်ခန့်ညားညား လမ်းလျှောက်သွားတော့သည်။
"ဒုတိယထပ်က အခန်းကြီး (၁၅) ခန်းလုံးရဲ့ နံရံအုတ်ချပ်တွေကို လဲရမှာပါ"
စုဟယ် အင်္ဂတေများ ကွာကျနေသော နံရံကို လက်ညှိုးထိုးပြရင်း ပြောလိုက်၏။
လူမည်းလေး အခန်းထဲသို့ ဝင်သွားပြီး ပတ်ဝန်းကျင်ကို ကြည့်လိုက်ကာ လက်ကိုဆန့်ထုတ်၍ စက်ဝိုင်းတစ်ခု ဆွဲလိုက်သည်။
အပြာနုရောင် အလင်းတန်းတစ်ခု လေထဲတွင် ပေါ်လာပြီး ဟင်းလင်းပြင်ကို ဆွဲဖြဲကာ မှောင်မည်းနေသော ဥမင်လိုဏ်ခေါင်းတစ်ခု ပေါ်လာသည်။
လူမည်းလေး ထိုဥမင်ထဲသို့ ခေါင်းနှစ်ကာ လက်နှစ်ဖက်ဖြင့် ဟိုဟိုဒီဒီ ရှာဖွေပြီး သူ့ကိုယ်ခန္ဓာထက်ပင် ရှည်လျားသော ကိရိယာအိတ်ကြီးကို ဆွဲထုတ်လိုက်၏။
သူ အပြာရောင် မီးမောင်းတစ်ခုကို ဖွင့်လိုက်သည်။
အပြာရောင်အလင်း ကျရောက်သွားသောအခါ အင်္ဂတေကွာနေသော နံရံအောက်မှ အုတ်နီခဲများကို မြင်တွေ့ပါ၏။
လူမည်းလေး အုတ်နီခဲများကို တစ်ခဲချင်း ဆွဲထုတ်ကာ စုဟယ်ဝယ်ယူထားသော စနစ်၏ အပူဒဏ်ခံ ကျောက်သားအုတ်ချပ်များနှင့် အစားထိုးလိုက်သည်။
နံရံတစ်ခုလုံးမှာ ပြင်ဆင်၍ရသော ပုံရိပ် တစ်ခုကဲ့သို့ ဖြစ်သွား၏။ လူမည်းလေးသည် ၎င်းအတွင်းရှိ အုတ်ချပ် အစက်အပြောက်များကို တဖြည်းဖြည်းချင်း အစားထိုးသွားသည်။
အောက်ခြေမှ အုတ်ချပ်များကို လဲလှယ်ပြီးသောအခါ သူ စောစောက ဆွဲထားသော အပြာရောင်အလင်းကွင်းပေါ်သို့ တက်ကာ အပေါ်ဘက်မှ အုတ်ချပ်များကို ဆက်လက်လဲလှယ်သည်။
၁၀ မိနစ်ပင် မပြည့်မီ ပထမဆုံး အခန်း၏ နံရံများမှာ မီးမောင်းအလင်းအောက်တွင် လုံးဝပြောင်းလဲသွားပြီး ဂေါ်ဗလင်အင်ဂျင်နီယာ (၀၃၆) သည် နံရံအုတ်ချပ်အားလုံးကို လဲလှယ်ပြီးစီးသွား၏။
လူမည်းလေးသည် လက်ကိုဆန့်တန်းကာ အပြာရောင်အလင်းကွင်းပေါ်မှ ဆင်းလာသည်။ မရှိသော ဖုန်များကို ခါထုတ်သကဲ့သို့ လက်ကိုပုတ်ခါလိုက်ပြီး အပြာရောင်မီးမောင်းကို ပိတ်လိုက်၏။
အလင်းပျောက်ကွယ်သွားသည်နှင့် နံရံမှာ တုန်ခါသွားပြီး ချက်ချင်းပင် မူလအတိုင်း တည်ငြိမ်သွားသည်။
ဖြူလွလွ နှင်းမှုန်လေးများက အပူဒဏ်ခံ ကျောက်သားအုတ်ချပ်များပေါ်တွင် တစ်လွှာချင်း အနယ်ထိုင်သွားပြီး တစ်ပြေးညီ ဖြစ်သွားကာ နံရံဆေးသားများမှာ အုတ်ချပ်ပေါ်တွင် တိုက်ရိုက်ပင် ပေါက်ထွက်လာတော့သည်။
နံရံဆေးမှာ ချောမွေ့ကာ အရောင်အဆင်း ညီညာလှ၏။
သို့သော် လူမည်းလေးက တဖြည်းဖြည်း ပေါက်ထွက်လာသော ဆေးနံရံကို ဂရုမစိုက်တော့ဘဲ နောက်ထပ်အခန်းတစ်ခန်းဆီသို့ အလျင်အမြန် လျှောက်သွားတော့သည်။
စုဟယ် အံ့သြလွန်းသဖြင့် ပါးစပ်အဟောင်းသားနှင့် ရှေ့က နံရံဖြူဖြူကြီးကို ငေးကြည့်နေမိ၏။ တကယ်ကို အံ့သြဖို့ကောင်းလွန်းပါသည်။
ဘေးမှ ဝေဖုန်းယီ ခေါင်းကို ခါယမ်းကာ ကဗျာတစ်ပုဒ် ရွတ်ဆိုလိုက်၏။
"ထင်းရှူးစိမ်းဘေးက နံရံဖြူဖြူ၊ ပိုးသားကဲ့သို့ နူးညံ့ဖြူစင်သူ။ ဆောင်းနှင်းပွင့်များကဲ့သို့ သန့်ရှင်းဝင်းပကာ၊ အဆုံးအစမရှိ ကျယ်ပြောလှပါတကား"
"အံ့ဩစရာပဲ၊ တကယ်ကို အံ့ဩစရာပဲ"
သူ ကဗျာရွတ်ဆိုပြီးနောက် ကိုယ်ကိုယိမ်းထိုးရင်း လူမည်းလေးနောက်သို့ လိုက်ကာ နောက်ထပ်မှော်ဆန်မှုများကို ဆက်လက်ကြည့်ရှုရန် ထွက်သွားသည်။
၂ နာရီအကြာတွင် လူမည်းလေးသည် အလုပ်ပြီးသွားသည်။
"အင်ဂျင်နီယာ (၀၃၆)အလုပ်ပြီးပါပြီ။ ဒီဝန်ဆောင်မှုကို စိတ်ကျေနပ်မှု ရှိပါရဲ့လား "
"စိတ်ကျေနပ်ပါတယ်၊ အရမ်းကို စိတ်ကျေနပ်တာပါ"
စုဟယ် အလွန်ပင် ဝမ်းသာနေသည်။
၂ နာရီအတွင်း အခန်း ၁၅ ခန်းလုံး ပြုပြင်ပြီးသွားသည့်အပြင် အခန်းထဲတွင် ဖုန်တစ်စွန်းတစ်စပင် မရှိခြင်းကြောင့် သူမ အတိုင်းမသိ ပျော်ရွှင်နေမိ၏။
ဂေါ်ဗလင် အင်ဂျင်နီယာ (၀၃၆) သည် ဂုဏ်ယူစွာဖြင့် ခေါင်းကိုမော့လိုက်သည်။
သူသည် ခုန်တက်လိုက်ပြီး အပြာရောင်အလင်းကွင်းထဲသို့ တစ်ကိုယ်လုံး တိုးဝင်ပျောက်ကွယ်သွားတော့၏။
လူမည်းလေးသည် အလုပ်ပြီးသွားသောအခါ ရယ်မောလိုက်၏။ "ဟီးဟီး ဒီတစ်ခါ ဖောက်သည်က အုတ်ဟောင်းတွေကို ပြန်မတောင်းသွားဘူး၊ ဒါကြောင့် စနစ်ဆီကရတဲ့ လုပ်အားခအပြင် အပိုငွေတွေလည်း ရဦးမှာပဲ"
"ဟီးဟီး"
စုဟယ်သည် လှုပ်လှုပ်ရွရွနှင့် ထွက်သွားသော လူမည်းလေး၏ ကိုယ်ခန္ဓာကိုကြည့်ကာ သက်ပြင်းချလိုက်သည်။
"ဂေါ်ဗလင်တွေက အလုပ်လုပ်ရတာ မကြိုက်ဘူးထင်တယ်၊ အလုပ်ပြီးပြီဆိုတာနဲ့ ပျော်မြူးနေလိုက်တာ"
ဒုတိယထပ်ရှိ အခန်းကြီး (၁၅) ခန်း၏ နံရံများကို လဲလှယ်ပြီးနောက် စုဟယ် ကျန်ရှိသော ရန်ပုံငွေအချို့ကို ညှစ်ထုတ်ကာ အခန်းထဲရှိ ပရိဘောဂအချို့ကိုပါ လဲလှယ်လိုက်သည်။
ဒုတိယထပ် အခန်းများတွင် ကုတင်ဘေးစားပွဲနှင့် စာရေးစားပွဲများ ရှိ၏။ အချိန်ကြာလာသည်နှင့်အမျှ မူလကပ်ထားသော သစ်သားပြားများမှာ ကွာကျနေပြီး စားပွဲပေါ်တွင် အက်ကြောင်းများ ပေါ်နေတော့သည်။
ယခုတစ်ကြိမ်တွင်တော့ စုဟယ် ၎င်းတို့ကို သစ်သားစစ်စစ် ပရိဘောဂများနှင့် အစားထိုးလိုက်၏။
တစ်ခါသုံး အသုံးအဆောင် ပစ္စည်းများကိုလည်း ပိုမိုအရည်အသွေးမြင့်မားသော အစုံလိုက်နှင့် လဲလှယ်လိုက်သည်။ သစ်သားရောင် စက္ကူဘူးလေးပေါ်တွင် ကြာရွက်ပုံကို တန်ဆာဆင်ထားပြီး ကြာရွက်အစွန်းမှ လိမ့်ဆင်းလာသော ရေစက်လေးကိုပင် အသေးစိတ် ပုံဖော်ထား၏။
အတွင်းတွင် သွားတိုက်တံ၊ သွားတိုက်ဆေး၊ သစ်သားဘီးနှင့် သစ်သားနံ့သင်းသော ဆပ်ပြာတို့ ပါဝင်သည်။
ဟဲယဲ့တည်းခိုခန်းရှိ တိုင်ကပ်နာရီများနှင့် မျက်နှာသုတ်ပဝါများကိုလည်း ပိုမိုနူးညံ့သော အသစ်များဖြင့် လဲလှယ်လိုက်ပြီး ဟဲယဲ့တည်းခိုခန်း၏ လိုဂို ကိုလည်း ရိုက်နှိပ်ထား၏။ ဟဲယဲ့တည်းခိုခန်း တံဆိပ်ပါသော အသုံးအဆောင်များ အပြည့်အစုံ ရှိလာသောအခါ အခန်းများမှာ ပိုမိုသေသပ်လှပလာပြီး အသွင်အပြင်အရဆိုလျှင် နာမည်ကြီး ဟိုတယ်ခွဲများအဆင့်သို့ပင် ရောက်ရှိနေပြီဖြစ်သည်။
ဝူချန်းကော် တည်းခိုခန်းသို့ တစ်ဖန်ပြန်ရောက်လာသောအခါ ဒုတိယထပ်ရှိ အသွင်သစ်ဖြင့် အခန်းကြီးများကိုကြည့်ကာ အံ့အားသင့်သွားသည်။
"သူဌေးမ... တည်းခိုခန်းကို ပြုပြင်လိုက်တာလား ဒီလောက်မြန်မြန်ကြီးလား "
ဝူချန်းကော် မယုံနိုင်အောင် ဖြစ်နေသည်။
စုဟယ် အနည်းငယ် အနေရခက်သွား၏။
ဖောက်သည်ဟောင်းတစ်ယောက် ထိုမျှမြန်မြန် ပြန်ရောက်လာလိမ့်မည်ဟု သူမ မမျှော်လင့်ထားပေ။
အဓိကမှာ ဟဲယဲ့တည်းခိုခန်းသည် အိပ်ပျော်နေသော မင်းသမီးလေး၏ ကုတင် ကို အားကိုးပြီး ဖောက်သည် ဆွဲဆောင်နေခြင်းဖြစ်ရာ ဧည့်သည်အများစုမှာ သက်သောင့်သက်သာရှိသော အိပ်ရာကို စမ်းသပ်ပြီးသည်နှင့် အွန်လိုင်းစတိုးတွင် ချက်ချင်း ဝယ်ယူကြသော်လည်း ထပ်မံလာတည်းရန် ခဲယဉ်းလှသည်။
"အဲဒါက... ပြုပြင်တာမဟုတ်ပါဘူး၊ ပရိဘောဂအချို့ပဲ လဲလိုက်တာပါ"
စုဟယ် လက်ဖဝါးများတွင် ချွေးများ စိုလာ၏။
သူမ စကားကို လိုသလို လှည့်ပတ်ပြောရန် ကြိုးစားနေရသည်။
ယခင်ကနှင့် နှိုင်းယှဉ်လျှင် ဒုတိယထပ် အခန်းများကို အသစ်ပြန်ဆောက်လိုက်သည်ဟု ပြောလျှင်ပင် လူတိုင်း ယုံကြပေလိမ့်မည်။
စုဟယ်ဝူချန်းကော်၏ အကြည့်ကို ပိတ်ဆို့ကာ ပြတ်ပြတ်သားသား ငြင်းဆိုလိုက်သည်။
ဝူချန်းကော်မှာ အလွန်ပင် စေ့စေ့စပ်စပ် ကြည့်တတ်သူဖြစ်သည်။
သူသည် ဘေးသို့ ခြေနှစ်လှမ်းတိုးကာ အခန်းထဲသို့ ခေါင်းပြူကြည့်ပြီး ချက်ချင်းပင် ပြောလာသည်။
"မဖြစ်နိုင်တာ သူဌေးမရယ်။ ပြီးခဲ့တဲ့တစ်ခါ ကျွန်တော်လာတုန်းက ဒီနံရံတွေက အင်္ဂတေတွေ ကွာနေတာလေ၊ အခုတော့ တော်တော်လေးကို ဖြူဖွေးနေတာပဲ"
ဝူချန်းကော် သူ့မြင်ကို ခိုင်ခိုင်မာမာ ဆုပ်ကိုင်ထားသလို တစ်ဖက်တွင်လည်း ဇဝေဇဝါ ဖြစ်နေ၏။
"ပြုပြင်တာ ဒီလောက်မြန်သလား နံရံဆေးနံ့လည်း တစ်စက်မှ မရဘူး။ ထူးဆန်းလိုက်တာ"
စုဟယ် ရယ်မောလိုက်ရင်း ပြောလိုက်သည်။
"မဟုတ်ပါဘူး၊ နံရံတွေကို ပွတ်တိုက်ပြီး ပြန်ပြင်လိုက်ရုံပါ၊ အပေါ်ယံလေး တင်ထားတာပါ"
စနစ်၏ ပြုပြင်မှုများမှာ အနံ့အသက်မရှိ၊ အရောင်အသွေးမပျက်ဘဲ မည်သည့်ခြေရာလက်ရာမျှ မကျန်ခဲ့သဖြင့် လက်တွေ့လောကနှင့် ဆန့်ကျင်ဘက် ဖြစ်နေသည်။
ဝူချန်းကော်တွင် မည်သည့်သက်သေမျှ မရှိနိုင်ကြောင်း စုဟယ် ယုံကြည်ပါ၏။
ဝူချန်းကော်၏ အာရုံကို လွှဲရန်အတွက် စုဟယ်က မေးလိုက်သည်။
"ဒါနဲ့ ရှင် ဘာလို့ အခုတစ်ခါ ထပ်ပြီး အခန်းလာယူတာလဲ။ ထပ်ပြီး တိုက်ရိုက်ထုတ်လွှင့်ဖို့လား "