← Chapters

အခန်း (၂၃-၂၄)

Vol. 3 Ch. 23-24

အခန်း (၂၃-၂၄)

Vol. 3 Ch. 23-24

23

ဝူချန်းကော် အနည်းငယ် ရှက်ကိုးရှက်ကန်းနှင့် ပြုံးလိုက်၏။

"ကျွန်တော် တည်းခိုခန်းနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ကိစ္စလေးတစ်ခုလောက် ဆွေးနွေးချင်လို့ပါ"

လွန်ခဲ့သော ရက်အနည်းငယ်အတွင်း သူ့ Live လွှင့်မှုမှာ လူကြည့်အတော်များနေခဲ့သည်။

မိသားစုဝင်များ၏ အကြံပေးချက်အရ သူသည် Douyin ပေါ်တွင် အမှိုက်အိတ်ကဲ့သို့သော ပစ္စည်းအသေးလေးအချို့ ချိတ်ဆက်ရောင်းချခဲ့သော်လည်း ရောင်းအားမှာ ဂဏန်းတစ်လုံးတည်းသာ ရှိခဲ့၏။

ယခုတစ်ကြိမ် စုဟယ်ထံ လာခြင်းမှာ သူ၏ Live လူကြည့်နှုန်းကို ငွေအဖြစ် ပြောင်းလဲနိုင်ရန် ကြိုးစားခြင်းပင်။

ဝူချန်းကော် သူအိပ်နေပုံကိုသာ Live လွှင့်လေ့ရှိသူဖြစ်သည်။ မအိပ်မီအချိန်တွင် သီချင်းအချို့ သီဆိုတတ်သလို Live ထဲမှ ပရိသတ်များ၊ သူငယ်ချင်းများနှင့် စကားစမြည် ပြောလေ့ရှိသည်။

သူသည် ဘဝအတွေ့အကြုံ ကြွယ်ဝသူဖြစ်ပြီး အခက်အခဲများစွာကို ဖြတ်သန်းခဲ့ရသော်လည်း အကောင်းမြင်တတ်ကာ ပျော်ပျော်နေတတ်သော စိတ်ထားရှိသူဖြစ်သည့်အတွက် ကြည့်ရှုသူများကို ဆွဲဆောင်နိုင်ခဲ့သည်။

သို့သော် သူ့ Live ပရိသတ်များမှာ ဝူချန်းကော် အိပ်နေသည်ကို ကြည့်ရသည်ကို ပို၍ စိတ်ဝင်စားကြ၏။

လွန်ခဲ့သော ရက်အနည်းငယ်အတွင်း ဝူချန်းကော် သူ့အိပ်စက်ခြင်းကို ဆန်းသစ်အောင် ပြုလုပ်ခဲ့ပြီး လူကြိုက်များသော အိပ်ရာခင်း၊ မွေ့ရာ အမျိုးမျိုးကို နှိုင်းယှဉ်ပြသခဲ့ရာမှ အိပ်ရာအသုံးအဆောင် ပစ္စည်းများကို သုံးသပ်ပြသူ တစ်ယောက်ပင် ဖြစ်လာခဲ့သည်။

စုဟယ် ဝူချန်းကော်၏ တိုက်ရိုက်ထုတ်လွှင့် အချက်အလက်များကို ကြည့်လိုက်ရာ အမှန်တကယ်ပင် ကောင်းမွန်နေသည်ကို တွေ့ရ၏။

"ဟဲယဲ့တည်းခိုခန်းရဲ့ အိပ်ရာအသုံးအဆောင်တွေက ကျွန်တော် Live ထဲမှာ ခဏခဏ ပါဖူးတယ်၊ တုံ့ပြန်မှုတွေကလည်း တော်တော်ကောင်းပါတယ်။ ကျွန်တော့် Live ထဲမှာ ဝယ်ယူနိုင်မဲ့လင့်ခ် လေး ထည့်ပေးလို့ ရမလား။ ကျွန်တော် ကော်မရှင် နည်းနည်းပဲ ယူပါ့မယ်"

ဝူချန်းကော် သူ့ အကြံဉာဏ်ကို တင်ပြလာသည်။

စုဟယ် ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် ခေါင်းခါယမ်းလိုက်သည်။

Live ထဲတွင် လင့်ခ်ထည့်ခြင်းက ရောင်းအားကို တက်စေနိုင်သည်မှာ အမှန်ပင်။ သို့သော် Live ထဲမှ အခြေအနေမှာ အလွန်ပင် စိတ်လှုပ်ရှားဖွယ် ကောင်းလှသည်။

ဝူချန်းကော် ပြောသမျှ စကားတိုင်းကို သူမ မစောင့်ကြည့်နိုင်ပေ။

အကယ်၍ သူ အပိုတွေ ပြောမိသွားလျှင် တည်းခိုခန်းကသာ တာဝန်ယူရပေလိမ့်မည်။

ထို့အပြင် လူများသည် စိတ်လိုက်မာန်ပါ ဝယ်ယူတတ်ကြသော်လည်း အိပ်ပျော်နေသော မင်းသမီးလေး၏ ကုတင် မှာ အလွန်ကြီးမားလှသဖြင့် ပစ္စည်းပြန်လဲရန် ဆိုလျှင် ပို၍ပင် ဒုက္ခများပေလိမ့်မည်။

စုဟယ် ရေတိုရောင်းအားအတွက်နှင့် သူမ၏ ဂုဏ်သိက္ခာကို အပျက်အစီး မခံလိုပေ။

ဝူချန်းကော် အနည်းငယ် ပျာယာခတ်သွားသည်။

"ကျွန်တော့် ကော်မရှင်ကို အရမ်းနည်းနည်းပဲ ယူလို့ရပါတယ်။ ကျနော့် Live က လူကြည့်တကယ် များတာပါ သူဌေးမရယ်၊ နောက်တစ်ခါလောက် ထပ်စဉ်းစားပေးပါဦး"

စုဟယ်ကတော့ သူမ အမြင်ကို ခိုင်ခိုင်မာမာ ဆုပ်ကိုင်ထားဆဲပင်။

"ကုတင်တွေကို ရောင်းဖို့ဆိုတာကတော့ တကယ် မဖြစ်နိုင်ပါဘူး။ ကျွန်မတို့ ကုတင်တွေက ဈေးကြီးလွန်းတော့ Live နဲ့ သိပ်မကိုက်ဘူး"

ထိုစကားကို ကြားသောအခါ ဝူချန်းကော် အနည်းငယ် စိတ်ပျက်သွား၏။ သူ နှုတ်ခမ်းများ လှုပ်ရှားသွားပြီး မိမိကိုယ်ကိုယ် ခုခံကာကွယ်ရန် စကားအချို့ ပြောချင်နေဆဲမှာပင် စုဟယ်၏ စကားသံကို ကြားလိုက်ရသည်။

"ဒါပေမဲ့ တခြား ပူးပေါင်းဆောင်ရွက်မှု ပုံစံမျိုးကိုတော့ စမ်းကြည့်လို့ ရပါတယ်"

"ကျွန်မတို့ တည်းခိုခန်းကို ကြော်ငြာပေးတာမျိုးကော ဘယ်လိုလဲ "

စုဟယ် အကြံပြုလိုက်သည်။

"ကျွန်မတို့ တည်းခိုခန်းရဲ့ ဒုတိယထပ်ကို အသစ်ပြန်ပြင်ထားပြီးပါပြီ၊ ဒုတိယထပ်က ရှုရှင်း အဆင့်မြင့်ခန်းတွေက အခု တစ်ညကို (၃၆၀) ယွမ်ပါ။ လူတစ်ယောက် အခန်းဘိုကင် တင်တိုင်း ရှင့်ကို ကော်မရှင် (၆၀) ယွမ် ပေးမယ်၊ ပြီးတော့ ဧည့်သည်အတွက်ကိုလည်း အခန်းခ (၃၀) ယွမ် လျှော့ပေးမယ်၊ ဘယ်လိုလဲ"

စုဟယ် သူမ အစီအစဉ်ကို ပြောပြလိုက်သည်။

ဝူချန်းကော် သေသေချာချာ စဉ်းစားလိုက်၏။

သူ့ Live ပရိသတ် အများစုမှာ ယုံကျန်းမြို့ခံများ ဖြစ်ကြသဖြင့် ဟဲယဲ့တည်းခိုခန်းနှင့် မဝေးလှပေ။

"ဒါက... သူဌေးမ၊ ကျနော့်ရဲ့ Live ပရိသတ်တွေအတွက်လည်း အကျိုးခံစားခွင့်လေးတွေ ပိုရစေချင်လို့ပါ။ ဈေးကို နည်းနည်းလောက် ထပ်လျှော့ပေးလို့ မရဘူးလား "

ဝူချန်းကော် လက်နှစ်ဖက်ကို ပွတ်ရင်း ပြောသည်။

ထိုပူးပေါင်းဆောင်ရွက်မှုမှာ ဖြစ်နိုင်ခြေ ရှိသေးသည်ဟု သူ ခံစားရသည်။

စုဟယ် မူလဈေးနှုန်းကိုပင် လက်ကိုင်ထားသည်။

"ဒီဈေးကတော့ တကယ်ကို ထပ်လျှော့လို့ မရတော့ပါဘူး။ ကော်မရှင် ၆၀ ယွမ် ပေးတယ်ဆိုကတည်းက ကျွန်မတို့ဘက်က တကယ်ကို ရိုးသားစွာ ကမ်းလှမ်းတာပါ။ ရှင်ကိုယ်တိုင်လည်း အခု အခန်းလာယူတာပဲ၊ ကျွန်မတို့ တည်းခိုခန်းရဲ့ အခန်းတွေက အခု ဘယ်လောက်တောင် လူကြိုက်များနေလဲဆိုတာ ရှင်သိမှာပါ"

ဝူချန်းကော် ခေါင်းငြိမ့်လိုက်မိသည်။

အမှန်ပင်၊ သူ မနေ့က လာချင်သော်လည်း အခန်းဘိုကင် မရခဲ့ပေ။

ယနေ့မှ ၃၆၀ ယွမ်တန် အခန်းများ ရနိုင်တော့ခြင်း ဖြစ်သည်၊ ၃၀၀ ယွမ်တန် အခန်းကြီးများမှာ အကုန်ပြည့်နေပြီ ဖြစ်သည်။

"ဒါပေမဲ့ ဒီဈေးက သိပ်ပြီး ယှဉ်ပြိုင်နိုင်စွမ်း မရှိဘူး သူဌေးမရယ်။ သူဌေးမ တည်းခိုခန်းက ကျူးလဲ့မားလို အွန်လိုင်းပလက်ဖောင်းတွေပေါ်မှာလည်း ရှိတာပဲ။ အဲဒီမှာဆိုရင် (၃၀၀) ဖိုးဝယ်ရင် (၂၀) လျှော့ပေးတဲ့ ကူပွန် တွေရှိသလို တခြားကူပွန်တွေလည်း ကံစမ်းလို့ ရသေးတယ်လေ။ ကျွန်တော်ဆိုရင် ၁၀ ရာခိုင်နှုန်းလျှော့တဲ့ ကူပွန်တောင် ရထားသေးတယ်"

ဝူချန်းကော် ဈေးလျှော့ပေးရန် ထပ်မံ တိုက်တွန်းနေဆဲပင်။

စုဟယ် သနားစရာကောင်းဟန် ဆောင်လိုက်ရင်း ပြောလာသည်။

"ဒါက တကယ် မရလို့ပါရှင်။ ပလက်ဖောင်းကိုလည်း ကော်မရှင် ပေးရသေးတာဆိုတော့ ကျွန်မတို့မှာ တကယ်ကို သိပ်မကျန်ပါဘူး"

စုဟယ် အလျှော့ပေးလိုက်သည့်ဟန်ဖြင့် ပြော၏။

"ဒါဆို တခြား အကျိုးခံစားခွင့်လေးတွေ ပေးမယ်လေ။ ရှင့်ရဲ့ Douyin Live ကနေတစ်ဆင့် မှာယူတဲ့ ဖောက်သည်တိုင်းကို ၃၅ ယွမ်တန်တဲ့ ကံကော်သစ်အစေ့နဲ့ သစ်အယ်သီးမှုန့် မုန့် တစ်ဘူး အပိုလက်ဆောင် ပေးမယ်"

"သူဌေးမ..."

ဝူချန်းကော် ထပ်မံ ဈေးဆစ်ရန် ပြင်လိုက်သည်။

စုဟယ် နာကျင်နေသည့် မျက်နှာပေးဖြင့် မေးလိုက်၏။

"ပြီးတော့ မနက်စာပါ ထည့်ပေးမယ်။ ဒါကတော့ အဆုံးစွန်ပါပဲ၊ ဘာမှ ထပ်ပေးလို့ မရတော့ဘူး"

"သူဌေးမ..." ဝူချန်းကော်က ထပ်ပြောရန် ပြင်ပြန်သည်။

"ဒီတစ်ခါတော့ တကယ်ကို ဘာမှ မကျန်တော့ဘူး"

စုဟယ် ခေါင်းကို အသည်းအသန် ခါယမ်းလိုက်၏။

ဝူချန်းကော်၏ မျက်နှာမှာ အပြစ်ကင်းစင်နေသည်။

"သူဌေးမ... ကျွန်တော်က ဟုတ်ကဲ့ လို့ ပြောမလို့ပါ၊ ခင်ဗျားဘက်က စကားပြောဖို့ အခွင့်အရေးတောင် မပေးဘူး"

စုဟယ် မျက်လုံးပြူးသွားသည်။

ရိုးသားပုံရသော ဝူချန်းကော်မှာ ထိုမျှအထိ လိမ္မာပါးနပ်လိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။

သို့သော် သူမ ကတိပေးပြီးသားဖြစ်ရာ သေချာပေါက် ပြန်မရုပ်သိမ်းတော့ပေ။

"ကဲ... ကျွန်မတို့ WeChat အချင်းချင်း အပ်ထားရအောင်။ မေးစရာရှိရင် ကျွန်မဆီ တိုက်ရိုက် မက်ဆေ့ခ်ျ ပို့လိုက်ပါ"

စုဟယ် သူမ ဖုန်းကို ထုတ်လိုက်သည်။

"ကောင်းပါပြီ သူဌေးမ၊ ကျွန်တော် အခုပဲ အခန်းထဲသွားပြီး လင့်ခ်တွေ ချိတ်လိုက်တော့မယ်။ သတင်းကောင်းကိုသာ စောင့်နေပါ"

ဝူချန်းကော် ပျော်ရွှင်စွာဖြင့် စာချုပ်ကို ယူကာ ဒုတိယထပ်ရှိ သူ့အခန်းဆီသို့ တက်သွားတော့သည်။

စာချုပ်ထဲတွင် နှစ်ဦးနှစ်ဖက် ကော်မရှင် ရာခိုင်နှုန်းများကို သတ်မှတ်ထားပြီး ပူးပေါင်းဆောင်ရွက်မှု ကာလကိုတော့ ယာယီအားဖြင့် တစ်လ သတ်မှတ်ထားသည်။

အရေးကြီးဆုံး အချက်မှာ ဝူချန်းကော်သည် အိပ်ပျော်နေသော မင်းသမီးလေး၏ ကုတင် ကို အဓိကထား ပြသရမည်ဟူသော အချက်ပင် ဖြစ်သည်။

စုဟယ် ဝူချန်းကော်နှင့် ပူးပေါင်းရခြင်းမှာ သူ့ အိပ်ပျော်နေသော မင်းသမီးလေး၏ ကုတင် ကို ကြော်ငြာပေးနိုင်သည့် စွမ်းရည်ကို အသိအမှတ်ပြုသောကြောင့် ဖြစ်သည်။

အခန်းခတွင် အမြတ်နည်းနည်း လျော့သွားနိုင်သော်လည်း လိုအပ်နေသော သူများက ဝူချန်းကော်၏ Live ကိုကြည့်ပြီး ယွမ် (၆၀၀၀၀) တန် ကုတင်ကို စိတ်ဝင်စားသွားကြမည်ဆိုလျှင် စုဟယ်အတွက် မည်သို့မျှ မရှုံးပေ။

စုဟယ် ဟုန်လျန်နှင့် ဝေဖုန်းယီတို့ကို ဝူချန်းကော်နှင့် ပူးပေါင်းဆောင်ရွက်မည့်အကြောင်း ပြောပြလိုက်သည်။

"ဟုန်လျန်... ဒီရက်ပိုင်းအတွင်း နင် နည်းနည်း ပင်ပန်းလိမ့်မယ်။ တည်းခိုခန်း သန့်ရှင်းရေးကိုတော့ ခဏနားထားလိုက်ပါဦး၊ မုန့်လုပ်တဲ့ အလုပ်ကိုပဲ အဓိကထား လုပ်ပေးပါ"

စုဟယ် အလုပ်များကို ပြန်လည် ခွဲဝေပေးလိုက်သည်။

ဟုန်လျန် ချက်ချင်းပင် သဘောတူလိုက်၏။

အခုအချိန်မှာ ဘယ်အလုပ်က အရေးကြီးသလဲဆိုတာ သူမ သိသည်။

လောလောဆယ်တွင် မုန့်လုပ်နိုင်သူမှာ သူမတစ်ဦးတည်းသာ ရှိပါ၏။

အကယ်၍ အခန်းသန့်ရှင်းရေး လုပ်နေရခြင်းကြောင့် မုန့်လုပ်ငန်း ကြန့်ကြာသွားမည်ဆိုလျှင် ထိုအရာက ပို၍ ဆုံးရှုံးမှု ဖြစ်ပေလိမ့်မည်။

"ဆရာဝေ... ဆရာ့ရဲ့ အလုပ်ချိန်ကလည်း နည်းနည်း ပိုရှည်သွားနိုင်ပါတယ်"

စုဟယ်က အားနာစွာ

ပြောလိုက်သည်။

အသက် ၅၀ ကျော်နေပြီဖြစ်သော ဝေဖုန်းယီမှာ ယခုခေတ်တွင်တော့ အားကောင်းမောင်းသန် အရွယ်ဖြစ်သော်လည်း တန်မင်းဆက်ခေတ်တွင်ဆိုလျှင်တော့ သေချာပေါက် လူကြီးပိုင်းထဲတွင် ပါဝင်နေပြီ ဖြစ်သည်။

စုဟယ် လူကြီးတစ်ယောက်ကို ထိုမျှ ပင်ပင်ပန်းပန်း အလုပ်ခိုင်းရခြင်းအပေါ် အလွန်ပင် စိတ်မကောင်း ဖြစ်နေမိ၏။

ဝေဖုန်းယီသည် များသောအားဖြင့် ဧည့်ကြိုကောင်တာတွင် စာဖတ်ရင်း ထိုင်နေလေ့ရှိရာ အတော်လေး သက်သောင့်သက်သာ ရှိလှသည်။

သို့သော် မကြာသေးမီက အိပ်ပျော်နေသော မင်းသမီးလေး၏ ကုတင် ကို အွန်လိုင်းမှ ဝယ်ယူသူ များပြားလာသဖြင့် ဝေဖုန်းယီ၏ အားလပ်ချိန်မှာ တိုတောင်းလာပြီး စာဖတ်နှုန်းမှာလည်း သိသိသာသာ နှေးကွေးသွားခဲ့သည်။

"ရပါတယ်၊ ကိစ္စမရှိပါဘူး"

ဝေဖုန်းယီက ရယ်မောရင်း ပြောသည်။

သူ၏ ကြယ်ပွင့်အဆင့်မှာလည်း ဟဲယဲ့တည်းခိုခန်း၏ စီးပွားရေးအပေါ်တွင် မူတည်နေသည် မဟုတ်ပါလား။

မကြာသေးမီက စီးပွားရေး ကောင်းမွန်နေသလို လာရောက်တည်းခိုသော ဧည့်သည်အများစုကလည်း မှတ်ချက်ကောင်းများ ပေးကြ၏။

ဝေဖုန်းယီ၏ ပြုမူနေထိုင်ပုံမှာလည်း အတော်အတန် တည်ငြိမ်ပြီး ဧည့်သည်များ၏ လေးစားမှုကိုလည်း ရရှိထားသည်။

သူတို့နှစ်ဦးကို အလုပ်များ ရှင်းပြပြီးနောက် စုဟယ်သည် အခန်းထဲတွင် ဟိုဟိုဒီဒီ လမ်းလျှောက်နေမိသည်။

ထို Live ပူးပေါင်းဆောင်ရွက်မှုကြောင့် ဟဲယဲ့တည်းခိုခန်း၏ စီးပွားရေးမှာ နောက်တစ်ဆင့်သို့ တက်လှမ်းသွားနိုင်သော်လည်း ယာယီ လူကြည့်များရုံလောက်နှင့်တော့ သူမ အားမရနိုင်ပေ။

"လုပ်မှာဖြင့်တော့ အကြီးအကျယ်ပဲ လုပ်တော့မယ်"

စုဟယ်က အံတင်းတင်းကြုတ်ကာ သူမမိဘများ၏ အခန်းထဲသို့ ဝင်သွားပြီး ကတ် တစ်ကတ်ကို ထုတ်ယူလိုက်သည်။

သူမ တစ်ဦးတည်းသော သမီးဖြစ်၏။ ငယ်ငယ်က မုန့်ဖိုး ရတိုင်း မိဘများက သူမအတွက် စုပေးထားမည်ဟု အမြဲပြောလေ့ရှိသည်။

စုချန်နှင့် ယဲ့ချင်တို့မှာ အမှန်တကယ်ပင် ထိုသို့ လုပ်ဆောင်ခဲ့ကြ၏။

သူတို့ စုဟယ်အတွက် ဘဏ်ကတ်တစ်ခု ဖွင့်ပေးထားပြီး ထိုကတ်ထဲတွင် သူမ ငယ်စဉ်ကတည်းက ရခဲ့သော မုန့်ဖိုးများသာမက သူမအတွက် ချန်ထားပေးသော အိမ်ထောင်ဖက် လက်ဖွဲ့ငွေများပါ ရှိသည်။

စုချန်နှင့် ယဲ့ချင်တို့မှာ အလွန်ပင် ချွေတာသူများ ဖြစ်ကြပြီး စုဟယ်အတွက် အကောင်းဆုံးအရာများကိုသာ ချန်ထားပေးချင်ကြသည်။

ထိုငွေမှာ စုဟယ် အလုပ်လုပ်သည့်နေရာတွင် အိမ်တစ်လုံး ဝယ်နိုင်ရန်အတွက် ဖြစ်ပြီး ထိုထဲတွင် ယွမ် ၁ သန်းခန့် ရှိသည်။

စုဟယ် မျက်လုံးကို မှိတ်ကာ စိတ်ကို တင်းထားပြီး ထိုကတ်ကို သူမ ဖုန်းနှင့် ချိတ်ဆက်လိုက်၏။

သူမ ဂိမ်းစတိုးမှ အပူဒဏ်ခံ ကျောက်သားအုတ်ချပ် များကို ဆက်လက်ဝယ်ယူရန် ရွေးချယ်လိုက်ပြီး ကျန်ရှိနေသော အထပ်များကိုပါ အသစ်ပြန်လည် ပြုပြင်ရန် ဆုံးဖြတ်လိုက်သည်။

ကံကောင်းထောက်မစွာဖြင့် သူမ အရင်က ဝယ်ယူခဲ့သော သစ်သားပရိဘောဂများနှင့် အသုံးအဆောင် ပစ္စည်းများမှာ ဒေသတွင်း လုပ်ငန်းရှင်များထံမှ ဖြစ်သဖြင့် အမြန်ဆုံး ပစ္စည်းပို့ဆောင်ပေးနိုင်ခဲ့၏။

ထို့ပြင် သူမသည် ငွေ (၁၇၀၀၀) ကို အသုံးပြုကာမှော်ဆန်သော ဆန်ပြုတ်အိုး ကိုလည်း ဝယ်ယူလိုက်ပါတော့သည်။

သူမ မိဘများ ပြန်မလာမီ ကတ်ထဲက ငွေများကို ပြန်လည် ဖြည့်ဆည်းနိုင်ပါစေဟုသာ သူမ မျှော်လင့်နေမိတော့၏။

24

ဝူချန်းကော်သည် တိုက်ရိုက်ထုတ်လွှင့်နေသည့် ကင်မရာကို လှည့်လိုက်ပြီး

"ညီအစ်ကိုတို့ရေ ကျွန်တော် တည်းခိုခန်းကို ပြန်ရောက်နေပြီဗျ၊ ကြည့်လိုက်ပါဦး ဒီတစ်ခါတော့ တည်းခိုခန်းကို ပြန်ပြင်ထားလို့ အခြေအနေတွေက ကျွန်တော် ပထမဆုံး Live လွှင့်တုန်းကထက် အများကြီး ပိုကောင်းနေပါပြီ"

"ဟဲဟဲ ကျွန်တော့် Live ကို ဒီရက်ပိုင်း စောင့်ကြည့်နေတဲ့ ညီအစ်ကိုတွေ သိကြတဲ့အတိုင်းပဲ ဒီကုတင်ပေါ်မှာ အိပ်ပြီးကတည်းက ကျွန်တော် ဟောက်တောင် မဟောက်တော့ဘူးဗျ၊ ယုံကျန်းမြို့က ညီအစ်ကိုတွေအနေနဲ့ ကျွန်တော့် Live ထဲက လင့်ခ်ကိုနှိပ်ပြီး အခန်းဘိုကင် တင်လို့ရပါပြီ "

ဝူချန်းကော်သည် ပထမဆုံးအကြိမ် ပစ္စည်း ရောင်းချ‌နေရခြင်း ဖြစ်သည့်အတွက် အနည်းငယ် စိတ်လှုပ်ရှားနေမိသည်။

သူသည် ဟဲယဲ့တည်းခိုခန်း၏ အားသာချက်များကို အသေးစိတ်ကအစ ဘာတစ်ခုမှ မကျန်ရအောင် သေသေချာချာ မိတ်ဆက်ပေးနေ၏။

ဝူချန်းကော်သည် ရောင်းအားအချက်အလက်များကို ရင်တထိတ်ထိတ်ဖြင့် စိုက်ကြည့်နေသည်။

အွန်လိုင်းတွင် ကြည့်ရှုသူဦးရေမှာ ၁၀,၀၀၀ အထိ ရှိနေပြီဖြစ်ရာ

"အားလုံးကို လျှော့ဈေးတွေအကြောင်း သေချာရှင်းပြပြီးပြီဆိုတော့ ၃၊၂၊၁ လင့်ခ် တင်ပေးလိုက်ပြီဗျို့ "

"သူဌေး ကျွန်‌တော့်ကို အခန်းပေးပါဦး ကျွန်တော်ကူပွန်ဝယ်ထားတာပါ၊ သုံးလို့ရတယ်မလား "

အသက် ၃၀ ခန့်ရှိ လူရွယ်တစ်ဦး ဆိုင်ထဲသို့ ဝင်လာသည်။

ဝေဖုန်းယီက ထိုသူ့ကို အခန်းလက်ခံရန် ပြင်နေစဉ်မှာပင် စုံတွဲတစ်တွဲ ရောက်လာပြန်၏။

"ကျွန်တော်တို့က Douyin Live ထဲကနေ ကူပွန် ဝယ်ထားတာပါ၊ ဒါကို ဘယ်လိုသုံးရမလဲ "

ဝေဖုန်းယီ ကွန်ပျူတာကို တစ်ချက်ကြည့်လိုက်ရာ ဒုတိယထပ်ရှိ ရှုရှင်း အဆင့်မြင့်ခန်းများအားလုံး ပြည့်နေပြီး နေ့လယ်ကျမှ အခန်းတစ်ခန်း အားမည်ဖြစ်သည်။

"လူကြီးမင်းတို့ ဘိုကင်တင်ထားသလားဗျ၊ ကျွန်တော်တို့ Live ထဲမှာရှိတဲ့ လင့်ခ်တွေကို ကြိုတင်ဘိုကင် တင်ထားဖို့ လိုပါတယ်"

ဝေဖုန်းယီက အနည်းငယ် အခက်တွေ့စွာ ပြောလိုက်သည်။

"ကျွန်‌တော်တို့ ဆိုင်ထဲကိုတောင် ရောက်နေပြီပဲ၊ အခုပဲ တည်းလိုက်လို့မရဘူးလား "

လူငယ်စုံတွဲမှာ အနည်းငယ် မကျေမနပ် ဖြစ်သွားသည်။

ထိုလူငယ်က မျက်မှောင်ကြုတ်ကာ ဖုန်းထဲမှလင့်ခ်ကို ဖွင့်ကြည့်လိုက်ရာ

'တစ်ရက်ကြိုတင် ဘိုကင်လုပ်ရန်'

ဟူသော စာသားကို အနီရောင်ဖြင့် ပြထားသည်ကို တွေ့လိုက်ရသဖြင့် အနည်းငယ် အနေရခက်သွားပြီး ဖုန်းကို ချက်ချင်းပြန်ပိတ်ကာ ဘာမှမဖြစ်သလို ဟန်ဆောင်လိုက်၏။

"ကျွန်‌တော်ကတော့ ဘိုကင်တင်ထားပါတယ်၊ ဖုန်းနံပါတ် နောက်ဆုံးလေးလုံးက (၇၈၆၄) ပါ"

အသက် ၃၀ ခန့် လူရွယ်တစ်ဦးက သူ၏ ဖုန်းနံပါတ်ကို ပြောပြလိုက်သည်။

ဝေဖုန်းယီက မှတ်တမ်းကို စစ်ဆေးလိုက်ပြီး

"မစ္စတာလီ ခင်ဗျားက ဒီနေ့အတွက် ရှုရှင်း အဆင့်မြင့်ခန်း တစ်ခန်း ဘိုကင်တင်ထားပါတယ်၊ နေ့လယ် ၂ နာရီ နောက်ပိုင်းမှ အခန်းဝင်လို့ ရပါမယ်ဗျ၊ ဒါကိုလည်း ဖုန်းထဲမှာ ပြောထားပြီးသားပါ၊ အခုတော့ ခင်ဗျားရဲ့ ခရီးဆောင်အိတ်ကို အရင်ဆုံး ဧည့်ကြိုကောင်တာမှာ အပ်ထားခဲ့လို့ ရပါတယ်"

ဝေဖုန်းယီက ဟဲယဲ့တည်းခိုခန်းအနီးရှိ လည်ပတ်စရာနေရာများစာရင်း ပါသော လက်ကမ်းစာစောင်တစ်‌စောင်ကို ကမ်းပေးလိုက်ရာ ထိုထဲတွင် စန်းကျုံးကျောင်းတော် မှာ ထင်ထင်ရှားရှား ပါဝင်နေ၏။

"သိပါတယ်၊ ဒါဆို ကျွန်‌တော့်အိတ်ကို ဒီမှာပဲ ထားခဲ့မယ်"

မစ္စတာလီမှာ ကျောပိုးအိတ်တစ်လုံးဖြင့် ခရီးသွားသူ ဖြစ်သည်။

သူသည် ခရီးဆောင်အိတ်ကို ချထားခဲ့ကာ ကင်မရာကို သိမ်းဆည်းပြီးနောက် အပြင်သို့ ထွက်သွား၏။

ဘိုကင်မတင်ထားမိသဖြင့် စိတ်ပျက်နေသော စုံတွဲမှ လူငယ်လေးသည် မစ္စတာလီ အခန်းရသွားသည်ကို မြင်သောအခါ စိတ်ထဲတွင် မခံမရပ်နိုင် ဖြစ်သွားသည်။

သူသည် အသံကိုမြှင့်ကာ "ကျနော်တို့က ဘာလို့ တည်းလို့မရတာလဲ၊ ရောက်နေပြီဘဲဟာကို"

ဝေဖုန်းယီက သူ့ကို စိတ်အေးအေးထားရန် ဖျောင်းဖျသော်လည်း ထိုလူငယ်မှာ ရည်းစားဖြစ်သူရှေ့တွင် အရှက်ကွဲသည်ဟု ခံစားရသဖြင့် ဆက်လက် ငြင်းခုံနေတော့သည်။

သူသည် ငြင်းခုံလေလေ၊ သူပြောတာ မှန်သည်ဟု ပိုမိုခံစားရလေလေ ဖြစ်လာ၏။

'သူကလည်း စေတနာနှင့် Streamer ကို အားပေးတာပဲ၊ ဘာလို့ သုံးလို့မရရမှာလဲ'

ဟု တွေးနေမိသည်။

စုဟယ်သည် အောက်ထပ်မှ ရန်ဖြစ်သံကို ကြားသဖြင့် စိုးရိမ်တကြီး ပြေးဆင်းလာသည်။

"ဘာတွေဖြစ်နေတာလဲ "

ဝေဖုန်းယီက အနည်းငယ် အားကိုးရာမဲ့စွာဖြင့်

"သူတို့က ကြိုတင်ဘိုကင် မတင်ထားဘူး၊ အခန်းကလည်း မရှိတော့ဘူး"

စုဟယ်က ဒေါသထွက်နေသော လူငယ်လေးကို ပြောလိုက်၏။

"မင်္ဂလာပါ ဧည့်သည်တော်ရှင့် ကျမတို့ ဆိုင်က ကြိုတင်ဘိုကင် တင်ဖို့ လိုအပ်ပါတယ်"

"မနေ့က Streamer ညွှန်းလို့ ကျနော် ဝယ်ထားတာလေ၊ ခင်ဗျားတို့ ဝန်ဆောင်မှုက ဒီလောက်တောင် ညံ့တာလား၊ ဒါကဧည့်သည်ကို မောင်းထုတ်နေတာဘဲ "

လူငယ်လေးက လည်ပင်းကို ဆတ်ခနဲ ချိုးကာ ရည်းစားဖြစ်သူ၏ လက်ကို ကိုင်ထားရင်း အလျှော့မပေးဘဲ ရှိနေ၏။

စုဟယ်က အချိန်ကို တစ်ချက်ကြည့်လိုက်ပြီး အသံကို နှိမ့်ကာ ပြောလိုက်သည်။

"ဧည့်သည်တော်ရှင့်၊ ဒီလိုလုပ်ရင်ကော ဘယ်လိုလဲ၊ ကျမတို့ ဧည့်သည်တော့်အတွက် အခန်းရအောင် အတတ်နိုင်ဆုံး စီစဉ်ပေးပါ့မယ်၊ နေ့လယ် ၃ နာရီလောက်မှ အခန်းဝင်ဖို့ စီစဉ်ပေးလို့ ရမလားရှင်၊ ဧည့်သည်တော်ရဲ့ အိတ်တွေကို ဒီမှာ အပ်ထားခဲ့လို့ ရပါတယ်၊ မျက်စိတစ်ဆုံးမှာ မြင်နေရတဲ့ စန်းကျုံးကျောင်းတော်က အချစ်ရေး ဆုတောင်းရင် အရမ်းအောင်မြင်တယ်လို့ နာမည်ကြီးတယ်လေ"

ထိုစုံတွဲမှာ အလည်အပတ် လာကြခြင်း ဖြစ်သည်။

လူငယ်လေးသည်လည်း မိမိဘက်က ဘိုကင်မတင်ထားသဖြင့် မှားနေသည်ကို သိသော်လည်း စုဟယ်၏ စကားကို ကြားသောအခါမှ အနိုင်ရရှိသွားသလို ခံစားလိုက်ရပြီး..

"ကောင်းပြီလေ၊ ဒါပေမဲ့ အခန်းကို သေသေချာချာ သန့်ရှင်းပေးဖို့တော့ လိုမယ်နော်"

ထိုစုံတွဲကို ပို့ဆောင်ပြီးနောက် စုဟယ်သည် နဖူးမှ ချွေးစက်ကို သုတ်လိုက်ကာ စိတ်ပင်ပန်းသလို ခံသားလိုက်ရသည်။

"၃ နာရီကျရင် အခန်းအားပါ့မလား "

ဝေဖုန်းယီက လှေကားဘက်ကို တစ်ချက်ကြည့်ကာ အသံတိုးတိုးဖြင့် မေးလိုက်သည်။

"ဂေါ်ဗလင် အင်ဂျင်နီယာက အချိန်မီ ပြီးနိုင်ပါ့မလား "

ဒီတစ်ခါ ပြုပြင်ရေးကိုလည်း ဂေါ်ဗလင် အင်ဂျင်နီယာ (၀၃၆) ကပင် တာဝန်ယူထားသည်။

စုဟယ်က ဘာမှ အများကြီး ပြောစရာမလိုဘဲ သူက အခန်းထဲသို့ ကျွမ်းကျင်စွာ ဝင်သွားပြီး အလုပ်စနေပြီ ဖြစ်သည်။

"ဂေါ်ဗလင် အင်ဂျင်နီယာကတော့ ပြဿနာ မရှိပါဘူး၊ ဒါပေမဲ့ စားပွဲတွေနဲ့ အသုံးအဆောင် ပစ္စည်းတွေကိုတော့ စောစောပို့ပေးဖို့ ဆိုင်တွေကို လိုက်‌ ပြောရဦးမယ်"

စုဟယ်သည် တစ်မနက်လုံး မုန့်ရောင်းလိုက်၊ ပြုပြင်ရေးကိစ္စတွေ စီစဉ်လိုက်နှင့် အလွန်ပင် အလုပ်များနေခဲ့သည်။

စုဟယ်က သူမ၏ နဖူးကို လက်ဖြင့် ရိုက်လိုက်၏။

"ကျမ မေ့တော့မလို့ပဲ၊ အချိန်ပိုင်း အလုပ်သမား အစ်မကျန်းက ၁၂ နာရီမှာ ရောက်လာလိမ့်မယ်၊ သူက ဒီအတောအတွင်း လာကူပေးလိမ့်မယ်၊ မင်းနဲ့ ဟုန်လျန်တို့ သူ့ကို သတိထားကြည့်ပေးလိုက်ပါဦး"

စုဟယ်မှာ အမှန်တကယ်ပင် လက်မလည်အောင် အလုပ်များနေသဖြင့် အချိန်ပိုင်း အလုပ်သမား အစ်မကျန်းကို ခေါ်ယူခဲ့ရခြင်း ဖြစ်သည်။

အကယ်၍ သူမ ဤမျှလောက် အလုပ်မရှုပ်ခဲ့‌နေပါက ကတ်ဇာတ်ကောင်တွေကို လိုက်လျောညီထွေဖြစ်အောင် အချိန်ပေးချင်သေးသည်။

ဝူချန်းကော်က မနေ့ညထဲကပင် အော်ဒါပေါင်း (၁,၆၀၀) ရောင်းချနိုင်လိမ့်မည်ဟု မည်သူက ထင်ထားပါ့မည်နည်း။

စုဟယ်သည် Live လင့်ခ်ကို ပြန်ဖြုတ်ရန် အစီအစဉ် မရှိပေ၊ ဝူချန်းကော် အားသည့်အချိန် ညွှန်းပေးရန်သာ လွှတ်ထားလိုက်သည်။

ထို့ကြောင့်ပင် သူမသည် တစ်မနက်လုံး ပင်ပန်းစွာ တစ်ခဏမျှ အနားမယူရဘဲ လည်ပတ်နေခဲ့ရခြင်းပင် ဖြစ်သည်။

နေ့လယ်ပိုင်းတွင် ခရီးသွား မစ္စတာလီနှင့် လူငယ်စုံတွဲတို့ တိုက်တိုက်ဆိုင်ဆိုင် ပြန်ဆုံကြ၏။

လူငယ်စုံတွဲသည် စကားအချို့ ပြောရန် ပြင်နေစဉ်မှာပင် ဝူချန်းကော် ဒုတိယထပ်မှ ဆင်းလာသည်ကို မြင်လိုက်ရသည်။

"အစ်ကိုချန်း "

လူငယ်လေးက ရှေ့သို့ ပြေးထွက်သွားသည်။

"ကျနော် အစ်ကို့ Live ကို တကယ် ကြိုက်တာဗျ၊ မနေ့က အစ်ကို ပစ္စည်းတွေ ရောင်းနေတာ တွေ့တော့ အစ်ကို့ကို အားပေးချင်လို့ ချက်ချင်း အော်ဒါတင်လိုက်တာ"

ဝူချန်းကော်သည် ပြင်ပတွင် ပရိသတ်တစ်ယောက်နှင့် ဆုံရလိမ့်မည်ဟု မထင်ထားခဲ့ပေ။

သူသည် အနည်းငယ် ဂုဏ်ယူသွားပြီး ယဉ်ကျေးပျူငှာသော စကားအချို့ ပြောရန် ပြင်နေစဉ်မှာပင် ထိုလူငယ်က ဆက်ပြောလာသည်။

"ကျနော် ထင်တာတော့ အစ်ကိုက ကျနော့်အဖေနဲ့ တော်တော်တူတာပဲ "

ဝူချန်းကော် - "…"

"တကယ်ပါဗျာ၊ အစ်ကို ဟောက်တဲ့ အသံကအစ ကျနော့်အဖေနဲ့ အရမ်းတူတာ "

လူငယ်လေးက အနည်းငယ် ရှက်ကိုးရှက်ကန်း ပြောလိုက်သည်။

"အဲ ကျနော့်ကို အားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ဗျာ၊ ဟားဟား"

ဝူချန်းကော်သည် စိတ်အားထက်သန်နေသော ထိုလူငယ်လေးနှင့် ဓာတ်ပုံတွဲရိုက်ပေးလိုက်ပြီး...

"ပျော်ရွှင်စရာ ခရီးစဉ်လေး ဖြစ်ပါစေဗျာ"

လူငယ်လေးနှင့် ခရီးသွား မစ္စတာလီတို့သည် လှေကားထစ်တွင် တစ်ယောက်ကိုတစ်ယောက် ဖြတ်ကျော်သွားကြသည်။

မစ္စတာလီက ဒုတိယထပ်ရှိ အခန်းသို့ သွားပြီး ထိုစုံတွဲကတော့ တတိယထပ်သို့ သွားကြ၏။

စုံတွဲမှ မိန်းကလေးသည် အခန်းထဲသို့ ဝင်ဝင်ချင်း အပြင်အဆင်များကို သေသေချာချာ ကြည့်လိုက်သည်။

"အခုတော့ ကြည့်ရတာ အများကြီး ပိုကောင်းသွားပြီ။ နင်မသိပါဘူး၊ ငါ ဒီတည်းခိုခန်းထဲ ဝင်ဝင်ချင်းမှာပဲ ပြန်လှည့်ထွက်သွားချင်တာ၊ ကြည့်ရတာ အရမ်း ဟောင်းနွမ်းနေလို့"

"အဲဒါကြောင့် အစ်ကိုချန်းက အထဲက အခန်းတွေကို အခုပဲ အသစ်ပြင်ထားတာလို့ ပြောတာပေါ့။ အခုတော့ စိတ်ချသွားပြီမလား "

လူငယ်လေးက အခန်းကို အတော်လေး သဘောကျနေသည်။

နံရံတွေက နှင်းလို ဖြူဖွေးနေပြီး စားပွဲကလည်း အစင်းရာတစ်ချက်မှ မရှိဘဲ စက်ရုံက အခုမှ ထွက်လာသလို အသစ်စက်စက် ဖြစ်နေ၏။

အခန်းထဲမှာ သန့်ရှင်းကာ တိတ်ဆိတ်ပြီး နွေးထွေးမှု ရှိလှသည်။

စိတ်တိုနေခဲ့သော မိန်းကလေးမှာလည်း နောက်ဆုံးတွင် စိတ်အေးသွားရသည်။

"ဒါပေမဲ့ ဈေးကတော့ နည်းနည်း ကြီးနေတုန်းပဲ၊ ဒီဈေးနဲ့ တစ်ခြား ဟိုတယ်ခွဲတွေရှိသေးတယ်"

"မင်း မနေ့က မတွေ့လိုက်ဘူးလား၊ ဟိုတယ်ခွဲတွေက အကုန် ဟောင်းနေပြီ၊ ပြီးတော့ တည်နေရာကလည်း ဒီလောက် မကောင်းဘူးလေ၊ အစ်ကိုချန်းက ပြောတယ် ဒီဟိုတယ်က ကုတင်တွေက အရမ်းထူးခြားတယ်၊ အိပ်လို့လည်း တအားကောင်းတယ်တဲ့"

လူငယ်လေးက မိန်းကလေး၏ ပုခုံးကို ဖက်လိုက်သည်။

သူသည် စားပွဲပေါ်မှ ရေသန့်ဘူး နှစ်ဘူးနှင့် မုန့်အချို့ကို မြင်သောအခါ

"ငါတို့က အစ်ကိုချန်းရဲ့ ပရိသတ်တွေမို့လို့ မုန့်တစ်ဘူးတောင် အပိုရသေးတယ် စားကြည့်ပါဦး၊ Little Green Book မှာ တွေ့တုန်းက လာကြည့်ချင်တယ်လို့ ပြောထားတယ် မဟုတ်လား "

"မကိုင်နဲ့ဦး၊ ငါ ဓာတ်ပုံရိုက်ဦးမယ်"

မိန်းကလေးက နှုတ်ခမ်းလေးစူကာ မုန့်တစ်ဖတ်ကို ယူ၍ ပုံစံအမျိုးမျိုးဖြင့် ဓာတ်ပုံရိုက်သည်၊ ထို့နောက် အခန်းထဲမှာ ဓာတ်ပုံတွေ အများကြီး ထပ်ရိုက်ပြန်သည်။

ထိုမိန်းကလေးမှာ ဓာတ်ပုံရိုက်လျှင် ထောင့်အမျိုးမျိုးမှ ရိုက်တတ်သူ ဖြစ်၏။

သူမ၏ ကင်မရာထဲတွင် ဟဲယဲ့တည်းခိုခန်း၏ အရည်အသွေးမှာ အဆင့်အတန်း မြင့်မားသွားရသည် ပြတင်းပေါက်များက လင်းထိန်နေပြီး စားပွဲများက သန့်ရှင်းကာ နွေးထွေးသေသပ်သော ပတ်ဝန်းကျင်ကို ပေးစွမ်းနေသည်။

သူ၏ အခန်းထဲမှပင် စန်းကျုံးကျောင်းတော်၏ ကြာကန်ကို လှမ်းမြင်နေရသည်။

"အိုး မနက်ဖြန် မနက်ကျရင် ကြာပန်းတွေနဲ့အတူ ဓာတ်ပုံ ထပ်ရိုက်ချင်သေးတယ်"

"ကောင်းပြီလေ၊ မနက်ဖြန် ငါ ဓာတ်ပုံ လှလှလေးတွေ ရိုက်ပေးမယ်၊ မနက်စာလည်း ပါသေးတယ်လေ "

လူငယ်လေးက ချော့မော့ပြောဆိုလိုက်သည်။

All Chapters