အခန်း (၂၅-၂၆)
Vol. 3 Ch. 25-26
25
ကျောပိုးအိတ်တစ်လုံးနှင့် ခရီးသွားသူ မစ္စတာလီသည် သတိပြန်ဝင်လာချိန်တွင် မိမိကိုယ်ကိုယ် မယုံနိုင်အောင် ဖြစ်နေရသည်။
သူသည် မိုးလင်းသည်အထိ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားခဲ့သည် မဟုတ်ပါလား။
သူသည် မူလက ကုမ္ပဏီကြီးတစ်ခုမှ ပရိုဂရမ်မာ တစ်ဦးဖြစ်ပြီး အသက် ၃၅ နှစ်အရွယ် အလုပ်အကိုင် အကျပ်အတည်းကြောင့် စိုးရိမ်သောကများဖြင့် နေထိုင်လာခဲ့သည်မှာ ကြာပြီဖြစ်၏။
အလုပ်ထုတ်ခံရပြီးလျှင် စိတ်လက်ပေါ့ပါးသွားလိမ့်မည်ဟု သူထင်ခဲ့သော်လည်း အမှန်တကယ်တွင်မူ စိုးရိမ်ပူပန်မှုများက သူ့ကို ဆက်လက်ဝန်းရံနေဆဲ ဖြစ်သည်။
သူသည် အိပ်မပျော်ခြင်း၊ အိပ်နေစဉ် ချွေးထွက်ခြင်းနှင့် သန်းခေါင်ယံတွင် လန့်နိုးခြင်းတို့ကို ကြုံတွေ့နေရ၏။
သူသာ အသက်မငယ်သေးပါက မိမိကိုယ်ကိုယ် သွေးဆုံးကိုင်နေပြီဟုပင် မစ္စတာလီ သံသယဝင်မိပေလိမ့်မည်။
အမျိုးသားများ သွေးဆုံးချိန်က အသက် ၄၅ နှစ်မှ စသည်မဟုတ်ပါလား သူသည် အချိန်မတိုင်မီ အိုမင်းရင့်ရော်မှုကို ကြုံနေရတာလား။
အိပ်ရေးပျက်လွန်းသဖြင့် မူလကပင် ကျဲပါးနေသော သူ၏ဆံပင်များမှာ ပို၍ပင် တန်ဖိုးရှိလာသော်လည်း ထိုတန်ဖိုးရှိသော ဆံပင်အမျှင်လေးများမှာ နေ့စဉ်နှင့်အမျှ သူ့ကို စွန့်ခွာနေကြဆဲဖြစ်သည်။
သူငယ်ချင်းတစ်ယောက်၏ အကြံပေးချက်အရ မစ္စတာလီသည် ခရီးထွက်ခဲ့သည်။
ယုံကျန်းမြို့သည် သူရောက်ရှိခဲ့သော တတိယမြောက်မြို့ဖြစ်၏။
အွန်လိုင်းမှ အကြံပြုချက်များအတိုင်း စိတ်အေးချမ်းမှုရရန် စန်းကျုံးကျောင်းတော်သို့ လာခဲ့ရင်း ဝူချန်းကော်၏ Live ကို တိုက်တိုက်ဆိုင်ဆိုင် တွေ့ရှိခဲ့ခြင်း ဖြစ်သည်။
သူသည် ဝူချန်းကော်၏ ကြော်ငြာစကားများကို အလေးအနက်မထားခဲ့ပေ။
Live လွှင့်ရောင်းချမှုများတွင် ချဲ့ကားပြောဆိုခြင်းများမှာ များပြားလွန်းလှသည်။
သူသည် ဟဲယဲ့တည်းခိုခန်းရှိ ရှုရှင်းအဆင့်မြင့်ခန်းကို ဝယ်ယူခဲ့ခြင်းမှာ တည်းခိုခန်းသည် စန်းကျုံးကျောင်းတော်နှင့် အလွန်နီးကပ်နေခြင်းကြောင့်သာ ဖြစ်သည်။
မနေ့ညက စိမ်းသက်သောနေရာတွင် အိပ်ပျော်ရန် ခက်ခဲမည်ကို သူစိုးရိမ်နေခဲ့သော်လည်း သူခံစားလိုက်ရသည်မှာ ထူးခြားသော အေးချမ်းမှုတစ်ခုဖြစ်ပြီး ထိုအေးချမ်းမှုထဲတွင် သူသည် ငြိမ်းချမ်းစွာ အိပ်ပျော်သွားခဲ့သည်။
တစ်ညလုံး အိပ်ရေးဝဝ အိပ်လိုက်ရသဖြင့် ကျေနပ်အားရနေသော ခရီးသွား မစ္စတာလီသည် အောက်ထပ်သို့ ဆင်းလာခဲ့သည်။
"မနက်စာက ဒီဘက်မှာပါရှင်"
အချိန်ပိုင်း အလုပ်သမား အစ်မကျန်းသည် လှေကားမှ ဆင်းလာသော ဧည့်သည်ကို မြင်သောအခါ အလွန်ပင် နွေးထွေးပျူငှာစွာ နှုတ်ဆက်လိုက်သည်။
သူမသည် အနီးနားရှိ ရပ်ကွက်မှ နေထိုင်သူဖြစ်ပြီး အရင်က သန့်ရှင်းရေး အလုပ်သမားတစ်ဦး ဖြစ်ခဲ့သည်။
အသက်ကြီးလာသဖြင့် အလုပ်လက်မဲ့ ဖြစ်နေသော်လည်း သူမ၏ အိုစာမင်းစာအတွက် ငွေပိုစုလိုသဖြင့် အလုပ်အသေးလေးများကို အဆက်မပြတ် လုပ်ကိုင်နေသူဖြစ်၏။
ဟဲယဲ့တည်းခိုခန်းတွင် ကူညီပေးရသည့် အလုပ်မှာ သူမရဖူးသမျှထဲတွင် အကောင်းဆုံးအလုပ် ဖြစ်သည်။
အလုပ်က လွယ်ကူသည်၊ အိမ်နှင့်နီးသည်၊ လစာကောင်းပြီး သူဌေးနှစ်ယောက်ကလည်း အလွန်ကြင်နာတတ်ကြသည်။
သို့သော် ဟဲယဲ့တည်းခိုခန်း၏ စီးပွားရေးမှာ သိပ်မကောင်းလှသဖြင့် အမြဲတမ်း အလုပ်ရှိနေလေ့ မရှိပေ။
ယခုတစ်ကြိမ်တွင် အစ်မကျန်းသည် ဟဲယဲ့တည်းခိုခန်းမှ အလုပ်မခေါ်သည်မှာ ၃ လခန့် ရှိနေပြီဖြစ်ရာ တည်းခိုခန်း ပိတ်သွားပြီလားဟုပင် သူမ စိုးရိမ်နေခဲ့သည်။
စုဟယ်၏ ဖုန်းခေါ်ဆိုမှုကို လက်ခံရရှိချိန်တွင် သူမသည် နားကြားမှားသည်ဟုပင် ထင်မှတ်ခဲ့ပြီး အလွန်အမင်း ဝမ်းသာအားရဖြင့် အလုပ်ကို လက်ခံခဲ့သည်။
အစ်မကျန်းသည် ယခုတစ်ကြိမ်တွင် အလုပ်ကို သေသေချာချာ ကြိုးစားလုပ်ဆောင်ရမည်ဟု တွေးထား၏။
"မနက်စာတွေက အကုန်လုံး ပူပူနွေးနွေးတွေပါပဲ"
မမကျန်းက လမ်းလျှောက်ရင်း ရှင်းပြနေသည်။
အခန်းထဲမှ ထွက်လာပြီးနောက် မစ္စတာလီသည် ဤတည်းခိုခန်းမှာ အနည်းငယ် ဟောင်းနွမ်းနေသည်ကို ရှင်းရှင်းလင်းလင်း ခံစားလိုက်ရသည်၊ လှေကားထစ်များက တကျွီကျွီနှင့် မြည်နေလေ၏။
အစ်မကျန်းပြောသော စားသောက်ခန်းမှာ ပထမထပ်ရှိ အခန်းတစ်ခန်းသာဖြစ်ပြီး စားပွဲနှင့် ထိုင်ခုံအချို့ကို ရိုးရိုးရှင်းရှင်း စီစဉ်ထားခြင်း ဖြစ်သည်။
ခရီးသွား မစ္စတာလီသည် သူ၏ မျှော်လင့်ချက်ကို မသိမသာ လျှော့ချလိုက်မိသည်။
အမှန်တကယ်ပင် မစ္စတာလီ ထင်ထားသည့်အတိုင်း စားသောက်ခန်းရှိ မနက်စာမှာ အတော်လေး ရိုးရှင်းသော တရုတ်စတိုင် မနက်စာဖြစ်သည်။
ပန်းကန်ထဲတွင် ပေါက်စီများ၊ မုန့်လုံးပေါင်းများနှင့် ပြုတ်ထားသော ကြက်ဥများ ရှိသည်။
အအေးပိုင်းတွင် ပဲနို့နှင့် နွားနို့တို့ ပါဝင်ပြီး တငွေ့ငွေ့ ပွက်ပွက်ဆူနေသော ဆန်ပြုတ်အိုး တစ်အိုးနှင့် အထုပ်လိုက် ချဉ်ဖတ်လေးများလည်း ရှိသည်။
မစ္စတာလီသည် သူ၏ မျှော်လင့်ချက်ကို ကြိုတင်လျှော့ချထားခဲ့မိသဖြင့် တော်သေးသည်ဟု တွေးလိုက်မိသည်၊ မဟုတ်ပါက ဤပေါ့ပျက်ပျက် မနက်စာမှာ မည်သည့် စားချင်စိတ်ကိုမျှ လှုံ့ဆော်နိုင်မည် မဟုတ်ပေ။
"ပိုးသတ်စက်ထဲမှာ ဇွန်းနဲ့ ပန်းကန်တွေ ရှိပါတယ်၊ ဆန်ပြုတ်လေး သောက်ကြည့်ပါလား တကယ်ကို အရသာရှိတာနော်"
မစ္စတာလီ တွန့်ဆုတ်နေသည်ကို မြင်သောအခါ အစ်မကျန်းက စိတ်အားထက်သန်စွာ တိုက်တွန်းလိုက်သည်။
အစ်မကျန်းသည် ချိုမြိန်သော ဆန်ပြုတ်၏ အရသာကို ပြန်လည်အမှတ်ရနေမိသည်။
"ဒီဆန်ပြုတ်က ကြည့်ရတာ ရိုးရိုးလေးပေမဲ့ တကယ်ကို၊ တကယ်ကို အရသာရှိတာပါနော်၊ ကျွန်မဖြင့် အံ့သြလို့မဆုံးဘူး"
အစ်မကျန်းမှာ ပညာအဆင့်အတန်း မြင့်မားသူ မဟုတ်ပေ။
သူမ မနက်က ရောက်ရောက်ချင်း ဆန်ပြုတ်တစ်ဇွန်း မြည်းကြည့်ပြီးကတည်းက ထိုအရသာကို မမေ့နိုင်တော့ခြင်း ဖြစ်သည်။
မစ္စတာလီသည် အစ်မကျန်း၏ ချဲ့ကားပြောဆိုနေသည်ကို စိတ်မဝင်စားသော်လည်း မနက်စာများထဲတွင် ကြည့်ရတာ အကောင်းဆုံးဖြစ်သည့် ဆန်ပြုတ်တစ်ပန်းကန်ကို ခပ်ယူလိုက်သည်။
ထိုဆန်ပြုတ်မှာ တခြားဘာပစ္စည်းမျှ ထပ်မံထည့်ထားခြင်းမရှိဘဲ ဆန်နှင့် ဆန်ကွဲ အချို့သာ ပါဝင်ကာ အလွန်ရိုးရှင်းသည့် ဆန်ပြုတ်ဖြစ်သည်။
သို့သော် ဆန်စေ့များမှာ ကြည်လင်တောက်ပ
နေသည်အထိ နူးအိနေပြီး ဆန်ကွဲများကလည်း ၎င်းတို့၏ ဆန်အဆီမနှစ်အရသာများ ထွက်သည်အထိ ချက်ပြုတ်ထား၏။
ခရီးသွား မစ္စတာလီသည် ဇွန်းဖြင့် ဆန်ပြုတ်တစ်ဇွန်းကို ခပ်ယူကာ ပါးစပ်ထဲသို့ ထည့်လိုက်သည်။
ချိုလိုက်တာ။
၎င်းမှာ သကြား၏အချိုဓာတ်မျိုး မဟုတ်ဘဲ ဆန်နှင့် ဆန်ကွဲတို့၏ သဘာဝအတိုင်း ထွက်ပေါ်လာသော ချိုမြိန်မှု ဖြစ်သည်။
ထိုချိုမြိန်မွှေးကြိုင်သော အရသာ၏ ဆွဲဆောင်မှုမှာ အလွန်ပင် နှစ်လိုဖွယ် ကောင်းလှသည်။
၎င်းသည် နွေးထွေးသော နေရောင်ခြည် တန်းလေးတစ်ခု ကဲ့သို့ လျှာဖျားပေါ်တွင် ပွင့်လန်းသွားပြီး ဝိညာဉ်၏ အစိတ်အပိုင်းတိုင်းကို နှစ်သိမ့်ပေးနေသကဲ့သို့ပင်။
ပျစ်နှစ်နေသော ဆန်ပြုတ်သည် စီးဆင်းသွားသည်နှင့်အမျှ စားချင်စိတ်ကို လှုံ့ဆော်ပေးနိုင်သည့် ဆွဲဆောင်မှုများကို ထုတ်လွှတ်နေ၏။
၎င်းမှာ နွေးထွေးချောမွေ့နေပြီး လျှာပေါ်တွင် ပိုးသားကဲ့သို့ နူးညံ့စွာ ပွတ်သပ်သွားရာ လူကို မိန်းမောသွားစေသည်။
အရိုးရှင်းဆုံးသော ဆန်ပြုတ်သည် အစွန်းကုန်သော ပျော်ရွှင်မှုကို ပေးစွမ်းနိုင်ခြင်းမှာ ဆန်ပြုတ်တွင် လွမ်းဆွတ်မှုနှင့် အိမ်၏ နွေးထွေးမှုများ ပါဝင်နေသောကြောင့် ဖြစ်ပေလိမ့်မည်။
၎င်းသည် ခန္ဓာကိုယ်ကို အာဟာရဖြစ်စေရုံသာမက စိတ်ဝိညာဉ်ကိုပါ နှစ်သိမ့်ပေးသည်။
၎င်းမှာ ငယ်စဉ်က ထမင်းမစားချင်သောအခါ အဘွားက ဖန်တီးပေးခဲ့သည့် မှော်ပညာ၊ နေမကောင်းဖြစ်ချိန်တွင် အမေ ပေးခဲ့သော နူးညံ့မှုနှင့် အေးခဲနေသော လေထဲမှ အဖေ အိမ်ပြန်လာချိန်တွင် ခက်ခက်ခဲခဲ ချက်ပြုတ်ပေးခဲ့သော ဂရုစိုက်မှုမျိုး ဖြစ်သည်။
အရသာရှိလှသလို၊ ရိုးလည်း ရိုးရှင်းလှ၏။
၎င်းမှာ ဆန်နှင့် ဆန်ကွဲတို့ဖြင့် ပြုလုပ်ထားသော ဆန်ပြုတ်မျှသာဖြစ်ပြီး အနီရောင် ဆီးသီးများ၊ ကြာစေ့များ သို့မဟုတ် ငှက်သိုက်များဖြင့် အဆင့်မြှင့်ထားခြင်း မရှိသဖြင့် အရသာမှာ ခန့်မှန်းရလွယ်ကူလှသည်။
သို့သော် ၎င်းက လူကို သက်သောင့်သက်သာ ခံစားရစေနိုင်သည်။
ဆာလောင်မွတ်သိပ်နေသော ခရီးသည်တစ်ဦး ချိုမြိန်သော နှင်းရည်ကို သောက်သုံးရသကဲ့သို့ ဤဆန်ပြုတ်တစ်ပန်းကန်သည် ဗိုက်ထဲမှ နာကျင်ခြင်းများကို ပြေပျောက်စေကာ စိတ်ဓာတ်ကို လန်းဆန်းတက်ကြွလာစေသည်။
မစ္စတာလီသည် ဗလာဖြစ်သွားသော ပန်းကန်အောက်ခြေကို ကြောင်ကြည့်နေမိ၏။
ဆန်ပြုတ်ကို ဤမျှမြန်မြန် သောက်လိုက်မိတာလား။
သူသည် မဆိုင်းမတွပင် ထရပ်ကာ ယခုတစ်ကြိမ်တွင် ပန်းကန်အပြည့် ထပ်မံခပ်ယူလိုက်သည်။
"အရမ်းကောင်းတာပဲ"
ခရီးသွား မစ္စတာလီသည် တစ်ကိုယ်လုံး နွေးထွေးသွားသလို ခံစားရသည်။
သူသည် ဖုန်းကို ထုတ်ကာ ဆန်ပြုတ်ပန်းကန်ကို ဓာတ်ပုံရိုက်ပြီး သူ၏ အမေထံသို့ ပို့လိုက်သည်။
ကုမ္ပဏီကြီးမှ အလုပ်ထုတ်ခံရကတည်းက သူသည် မိသားစုနှင့် အဆက်အသွယ် မလုပ်ဖြစ်ခဲ့ဘဲ စိတ်အပန်းဖြေရန် အပြင်ထွက်လာခြင်းဖြစ်ကြောင်းသာ ပြောခဲ့သည်။
ဤဆန်ပြုတ်ကို သောက်ပြီးနောက်တွင်တော့ သူ၏ ရင်ထဲမှ အဖုအထစ်များမှာ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။
သူ၏ မိသားစုသည်လည်း သူ၏ အလုပ်အကိုင် ကျရှုံးမှုကို မြင်ချင်ကြမည် မဟုတ်ပေ၊ ထိုသို့ဆိုလျှင် သူသည် အဘယ်ကြောင့် မိသားစုအပေါ် ဆူးများသဖွယ် ဆက်ဆံနေရမည်နည်း။
ဆန်ပြုတ် သုံးပန်းကန် သောက်ပြီးနောက် ခရီးသွား မစ္စတာလီသည် ထိုင်ခုံပေါ်တွင် ပျင်းရိစွာ ထိုင်ရင်း စိတ်ကို လျော့ချထားလိုက်သည်။
သူ၏ စိုးရိမ်ပူပန်မှုအားလုံး သူ့ထံမှ စွန့်ခွာသွားကြပြီ ဖြစ်၏။
အခုတော့ သူသည် ဆန်စေ့လေးတစ်စေ့ကဲ့သို့ ခံစားနေရသည်။
ဆန်စေ့လေးတစ်စေ့မှာ ဘာသောကတွေ ရှိနိုင်မှာလဲ
မစ္စတာလီ စိတ်ကူးယဉ်နေစဉ်မှာပင် မနေ့က လူငယ်စုံတွဲသည်လည်း မနက်စာစားရန် စားသောက်ခန်းသို့ ရောက်လာကြသည်။
မိန်းကလေး၏ မျက်နှာမှာ ဝင်းပနေပြီး တစ်ညလုံး အိပ်ရေးဝဝ အိပ်စက်ခဲ့ရကြောင်း ထင်ရှားနေသည်။
လူငယ်လေး၏ မျက်လုံးအောက်မှ မျက်ကွင်းညိုများမှာလည်း ပျောက်ကွယ်သွားသဖြင့် ကြည့်ရတာ အနည်းငယ် ပို၍ နုပျိုသွားပုံရ၏။
"အချစ်လေး... ဒီတည်းခိုခန်းက တကယ်ကောင်းတာပဲ၊ ကိုယ် အရမ်း သက်သောင့်သက်သာ အိပ်လိုက်ရတယ်"
လူငယ်လေးက လက်မောင်းများကို ဆန့်ကာ ကိုယ်လက်လှုပ်ရှားလိုက်သည်။
တစ်ညတာ အနားယူပြီးနောက် မိန်းကလေးတွင်လည်း မည်သည့် ညည်းညူသံမျှ မရှိတော့ပေ
"တကယ်ကောင်းတယ်၊ ပြီးတော့ ဓာတ်ပုံရိုက်ရင်လည်း အရမ်းလှတယ် ငါ အခုလေးတင် ရိုက်ထားတဲ့ပုံကို ကြည့်ဦးမလား "
"လှလိုက်တာ၊ တကယ်လှတယ် မင်းအပေါ် ကျနေတဲ့ နေရောင်ခြည်က တကယ်ကို ကြည့်ကောင်းတာပဲ"
လူငယ်လေးက အလေးအနက် ချီးကျူးလိုက်သည်။
မိန်းကလေးမှာ ကျေနပ်သွားရသည်။
ဤမျှ သေးငယ်သော တည်းခိုခန်းလေးက ဓာတ်ပုံရိုက်လို့ ဤမျှ လှပလိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။
နံနက်ခင်း နေရောင်ခြည်မှာ တောက်ပနေပြီး တည်းခိုခန်း၏ ပြတင်းပေါက်များမှာ အလွန်ပင် ကြည်လင်လှသည်။
သူမသည် မှန်ပြတင်းမှတစ်ဆင့် စန်းကျုံးကျောင်းတော်၏ ကြာကန်ကို အပေါ်စီးမှ ဓာတ်ပုံအတော်များများ ရိုက်ခဲ့၏။
သူမ၏ စိတ်အခြေအနေမှာ ကောင်းမွန်နေသဖြင့် ရိုးရှင်းသော မနက်စာကို မြင်သောအခါတွင်လည်း ဒေါသမထွက်ပေ။
သူမသည်လည်း ဆန်ပြုတ်တစ်ပန်းကန်ကို ခပ်ယူကာ စတင်မြည်းစမ်းလိုက်သည်။
ဆန်ပြုတ် ပထမတစ်ဇွန်း မြည်းကြည့်ပြီးနောက် မိန်းကလေး၏ ဇွန်းလှုပ်ရှားမှုမှာ သိသိသာသာ မြန်ဆန်လာပြီး သူမချစ်သူ၏ စကားများကိုပင် ဂရုမစိုက်တော့ပေ။
"အချစ်လေး... ကိုယ်ပြောတာ နားထောင်မနေဘူးလား?"
လူငယ်လေး သတိပြုမိချိန်တွင် မိန်းကလေးမှာ ဆန်ပြုတ်တစ်ပန်းကန် ကုန်ခါနီးနေပြီ ဖြစ်သည်။
လူငယ်လေးမှာ အံ့သြသွားသည်၊ သူ၏ ရည်းစားမှာ အစားအသောက် အလွန် ဂျီးများသူဖြစ်ကြောင်း သူကောင်းကောင်း သိသည် မဟုတ်ပါလား။
"ဒါက အဲလောက်တောင် အရသာရှိလို့လား"
ဆန်ပြုတ်ကို မြည်းကြည့်ပြီးနောက်တွင်တော့ လူငယ်လေးသည်လည်း လျင်မြန်စွာ ငြိမ်သက်သွားတော့သည်။
တကယ်ကို အရသာ ရှိလွန်းတယ်
သူ့ရည်းစားက သူ့ကို ဘာလို့ ဂရုမစိုက်တာလဲဆိုတာ နားလည်သွားပြီ။
ထိုဆန်ပြုတ်ကို သောက်ရခြင်းက သူ၏ သောကအားလုံးကို ပျောက်ကွယ်သွားစေပြီး အိမ်တွင် ရောက်နေရသကဲ့သို့ စိတ်လက်ပေါ့ပါး သက်သောင့်သက်သာ ဖြစ်စေသည်။
"နောက်တစ်ပန်းကန် ထပ်သောက်ဦးမယ်"
လူငယ်လေးမှာ ရပ်လို့မရအောင်ပင် ဖြစ်နေတော့သည်။
26
လူငယ်စုံတွဲ၏ နံနက်ခင်း အပြင်ထွက်လည်ပတ်ရန် အစီအစဉ်များမှာ ပျက်စီးသွားခဲ့ရပြီ ဖြစ်သည်။
၎င်းတို့နှစ်ဦးသည် မူလက မွန်းတည့်ချိန် (၁၂) နာရီတွင် ဟိုတယ်ကနေမထွက်ခွာခင် အနီးနားရှိ ရှေးဟောင်းလမ်းကြားလေးထဲ၌ ဓာတ်ပုံသွားရိုက်ရန် စီစဉ်ထားခြင်း ဖြစ်သော်လည်း ယခုတွင်မူ အခန်းထဲတွင်သာ ပိတ်မိနေကြရ၏။
"အချစ်လေး ပြီးပြီလား၊ ကိုယ်လည်း အိမ်သာတက်ချင်နေပြီ"
လူငယ်လေးသည် အိမ်သာတံခါးအပြင်ဘက်၌ ဟိုဟိုဒီဒီ လမ်းလျှောက်ရင်း ဗိုက်ထဲမှ ရစ်နာနေသဖြင့် အသည်းအသန် အော်ခေါ်နေရှာသည်။
အိမ်သာထဲမှ မိန်းကလေးက ပြန်လှမ်းအော်သည်မှာ
"အိုး နင်က စိတ်ရှုပ်စရာကြီး၊ လာမနှောင့်ယှက်နဲ့ဦး"
မိန်းကလေးသည် အိမ်သာခွက်ပေါ်၌ ထိုင်နေရင်း မအီမသာဖြစ်မှုများ မရှိတော့ဘဲ တစ်ကိုယ်လုံး ပေါ့ပါးသွားသကဲ့သို့ ခံစားနေရသည်။
သူမသည် ခန္ဓာကိုယ်သွယ်လျသော်လည်း ရုပ်ပိုင်းဆိုင်ရာနှင့်ပတ်သက်လျှင် အမြဲတမ်း စိုးရိမ်ပူပန်တတ်သူ ဖြစ်၏။
လေ့ကျင့်ခန်းလုပ်ရသည်ကို ဝါသနာမပါသဖြင့် အစားအသောက်ကိုသာ ထိန်းချုပ်ပြီး နည်းနည်းပဲ စားလေ့ရှိသည်။
အစားနည်းနည်းပဲ စားခြင်းကြောင့် သဘာဝအတိုင်း အညစ်အကြေးစွန့်ခြင်းမှာလည်း နည်းသွားပြီး ဝမ်းချုပ်သည့်ဝေဒနာကို မကြာခဏ ခံစားရလေ့ရှိသည်။
သူမသည် အလွန်ပိန်သော်လည်း ဗိုက်တစ်ဝိုက်၌မူ အဆီခေါက်လေး ရှိနေခြင်းကြောင့် ၎င်းမှာ သူမအတွက် အကြီးအကျယ် စိတ်ဒုက္ခဖြစ်စေသည်။
ဤခရီးစဉ်ကို မလာခင်ကတည်းက သူမသည် (၃) ရက်ဆက်တိုက် ဝမ်းချုပ်နေခဲ့ခြင်း ဖြစ်၏။
ဝမ်းချုပ်လေလေ အိမ်သာထဲ၌ ကြာကြာထိုင်လေ၊ ပို၍ ဝမ်းချုပ်လေလေနှင့် သံသရာလည်နေခဲ့ခြင်း ဖြစ်သည်။
နဂါးမောက်သီးများ၊ ဆီးသီးခြောက်များ စားကြည့်သည်၊ ပျားရည်ကို ရေနွေးနှင့် ဖျော်သောက်သည်၊ ဖြည့်စွက်စာများတောင် သောက်ခဲ့သော်လည်း ဘာမျှမထူးခြားလာခဲ့ပါ။
ဤနှစ်ရက်အတွင်း၌မူ ဝမ်းချူရန်တောင် စဉ်းစားထားခြင်း ဖြစ်သည်။
မထင်မှတ်ဘဲ မနက်စာ စားပြီးသည့်နောက်တွင် သူမ ဗိုက်ထဲမှ တဂွမ်ဂွမ် မြည်လာပြီး အူများကလည်း တရစပ် လှုပ်ရှားလာသည်။
မိန်းကလေးသည် ဤကဲ့သို့ ခဲခဲယဉ်ယဉ် ရရှိလာသည့် ဝမ်းသွားချင်စိတ်ကို အလွတ်မခံရဲသဖြင့် အခန်းထဲသို့ အမြန်ပြန်ပြေးပြီး အိမ်သာထဲ၌ ထိုင်ချလိုက်ပါတော့သည်။
ယခုတစ်ကြိမ်တွင်မူ ထူးထူးခြားခြား ချောချောမောမော စွန့်ထုတ်နိုင်ခဲ့သည်။
၎င်းသည် ဝမ်းချုပ်သည့်အခါ ဖြစ်လေ့ရှိသည့် ပိတ်ဆို့နေမှုမျိုးလည်း မဟုတ်သလို၊ ဝမ်းလျှောသည့်အခါ ဖြစ်တတ်သည့် ပူစပ်ပူလောင် ခံစားချက်မျိုးလည်း မဟုတ်ပေ။
သူမ၏ အူလမ်းကြောင်းကို တစ်စုံတစ်ယောက်က နူးနူးညံ့ညံ့ ပွတ်သပ်ပေးလိုက်သကဲ့သို့ ခံစားလိုက်ရပြီး ဗိုက်ထဲမှ အညစ်အကြေးများအားလုံးမှာလည်း အကုန်အစင် ထွက်သွားခဲ့သည်။
အညစ်အကြေးဟောင်းများ ကုန်စင်သွားသည့်အခါ၌မူ သူမ ကိုယ်အလေးချိန် (၂) ပေါင်ခန့် လျော့သွားသကဲ့သို့ ခံစားလိုက်ရ၏။
မိန်းကလေးသည် ဗိုက်ကို ပြန်ပွတ်ရင်း အပြင်သို့ ထွက်လာခဲ့သည်။
"နေလို့ အရမ်းကောင်းသွားတာပဲ၊ ငါ့ဗိုက်လေး နည်းနည်းချပ်သွားတယ်လို့ မထင်ဘူးလား?"
သူမသည် ဗိုက်က အဆီခေါက်လေးကို ဆွဲကြည့်ရင်း အသားအရေများတောင် တော်တော်လေး တင်းရင်းသွားသည်ဟု ခံစားနေရသည်။
"အင်း အင်း သေးသွားတယ်၊ သေးသွားတယ်"
လူငယ်လေးက ခပ်ပေါ့ပေါ့ပင် ပြန်ဖြေပြီး အိမ်သာထဲသို့ ခြေလှမ်းကြဲကြီးတွေနှင့် ပြေးဝင်သွားပါတော့သည်။ သူ တကယ်ကို မအောင့်နိုင်တော့ခြင်း ဖြစ်၏။
"အား အား အား"
လူငယ်လေး၏ အော်ဟစ်သံမှာ အိမ်သာထဲမှ ပဲ့တင်ထပ်နေသည်။
ချောချောမောမော ဝမ်းသွားနိုင်ခြင်းသည် ဘယ်လိုခံစားချက်မျိုးလဲဆိုသည်ကို သူ ယခုမှ ကောင်းကောင်း နားလည်သွား၏။
၎င်းတို့နှစ်ဦးသည် ဘဝ၏ အရေးကြီးသည့် ကိစ္စကြီးကို ဖြေရှင်းပြီးသွားသည့်အခါ၌မူ တစ်ကိုယ်လုံး ပေါ့ပါးလန်းဆန်းမှုသာ ကျန်ရစ်ပါတော့သည်။
၎င်းတို့သည် ကုတင်ပေါ်၌ ပက်လက်လှန် လှဲလျောင်းနေကြပြီး ဘယ်ရှေးဟောင်းလမ်းကြားသို့သွား၍ ဓာတ်ပုံမရိုက်ချင်တော့ပါ။
မိန်းကလေးက ကျေနပ်စွာ သက်ပြင်းချလိုက်ရင်း
"ခရီးထွက်ရတာကတော့ တကယ်ကောင်းတာပဲ လည်ပတ်စရာ နေရာများ အများကြီး မစီစဉ်နဲ့တော့၊ ဟိုတယ်ထဲမှာပဲ ဒီလိုလှဲနေရတာကလည်း အရမ်းသက်သောင့်သက်သာ ရှိတာပဲလေ"
လူငယ်လေးကမူ သူမစကားကို မကြားချင်ယောင်ဆောင်လိုက်သည်။
ဘာလို့လဲဆိုတော့ မနေ့ကတင် ဤမိန်းကလေးက စားရမည့်နေရာများ၊ သွားရမည့်နေရာများကို စိတ်အားထက်သန်စွာ စာရင်းလုပ်ထားခဲ့ခြင်း မဟုတ်ပါလား။
လူငယ်လေးက ဂရုမစိုက်သည်ကို မြင်သည့်အခါ မိန်းကလေးက ဆက်ပြောသည်။
"ကြည့်ဦး၊ ချန်းတူး မှာ ပြောထားတာက ဆန်ပြုတ်က နူးညံ့တဲ့ အသားရှိတယ် ၊ အနည်းငယ် ချိုတယ်၊ အစာကြေလွယ်ပြီး စုပ်ယူရတာ လွယ်ကူတယ် အစာအိမ်နဲ့ အူလမ်းကြောင်း ကျန်းမာရေးအတွက်လည်း ကောင်းမွန်တယ်တဲ့၊ ငါတော့ နောက်ဆို ဆန်ပြုတ် ပိုသောက်ရမယ် ထင်တယ်"
မနက်က ဆန်ပြုတ်အကြောင်း ပြောလိုက်သည့်အခါ လူငယ်လေးသည်လည်း စိတ်ဝင်စားသွား၏။
"ဆန်ပြုတ်က ဒီလောက် အရသာရှိနိုင်မှန်း ကိုယ် အခုမှ သိတော့တယ်၊ ကိယ်လည်း မင်းအတွက် ဆန်ပြုတ် ချက်ပေးမယ်လေ အချစ်လေး"
"နင်ချက်တဲ့ ဆန်ပြုတ်ကိုတော့ မသောက်ချင်ပါဘူး၊ ငါက ဆန်ပြုတ်ညီမလေး မဖြစ်ချင်ဘူး"
မိန်းကလေးက နှာခေါင်းရှုံ့ရင်း ပြောလိုက်ရာ လူငယ်လေးမှာ စကားလုံးများ ဆွံ့အသွားရသည်။
လူငယ်စုံတွဲသည် နေ့လယ်ပိုင်း၌ပင် အခန်းအပ်ခဲ့ကြ၏။
အောက်ထပ်၌ စုဟယ် အလုပ်ရှုပ်နေသည်ကို မြင်သည့်အခါ မိန်းကလေးက ရှေ့သို့တက်၍ မေးလိုက်သည်။
"သူဌေးမ၊ ရှင့်ဆီက မနက်စာ ဆန်ပြုတ်က အရမ်းကောင်းတာပဲ၊ ဘယ်လိုချက်တာလဲဟင် ကျွန်မ ဒီလောက် ကောင်းတဲ့ ဆန်ပြုတ်မျိုး တစ်ခါမှ မသောက်ဖူးဘူး"
စုဟယ်က "အဲ အင်း ဟားဟား"
စုဟယ် ဘယ်လို ရှင်းပြရမလဲ မသိတော့ပါ။
ဘာလို့လဲဆိုတော့ ထိုအိုးသည် သူ့ဘာသာသူ ချက်ခြင်းဖြစ်သောကြောင့်ပင်။
ဤအိုးတွင် မှော်အစွမ်းရှိသည်ဆိုသည်ကို ဘယ်သူက ထင်ထားမှာလဲ။
မိန်းကလေးကမူ "ကျွန်မ နားလည်ပါတယ်" ဆိုသည့် အမူအရာမျိုးဖြင့်
"ဒါက ဆိုင်ရဲ့ လျှို့ဝှက်ချက် ဖြစ်မှာပေါ့၊ ဒါဆို သူဌေးမ၊ အဲဒီထဲမှာ သုံးထားတဲ့ ပါဝင်ပစ္စည်းလေးလောက်တော့ ပြောပြလို့ ရမလား"
စုဟယ်က ပို၍ပင် စကားပြောရ ခက်သွားသည်။
ဘာလို့လဲဆိုတော့ ဤမှော်အိုးသည် ဘာ ပါဝင်ပစ္စည်းမျှပင် မလိုခြင်းကြောင့် ဖြစ်၏။
"ဂရင်းညီမပုံပြင်" မှ တရားဝင် လိုင်စင်ရထားသည့် အိုးသည် တကယ်ကို မှော်ဆန်လှသည်။
အိုးရှေ့၌ ရပ်ပြီး "အိုးလေးရေ ချက်စမ်း" ဟု အော်လိုက်ရုံနှင့် အရသာရှိပြီး အနံ့မွှေးကြိုင်သည့် ဆန်ပြုတ်များကို အလိုအလျောက် ထုတ်ပေးခြင်း ဖြစ်သည်။
စုဟယ်သည် ဤပုံပြင်ကို သိအောင် သေသေချာချာတောင် ရှာဖတ်ထားပါသေးသည်။
ဆင်းရဲနွမ်းပါးသည့် မိန်းကလေးငယ်လေးတစ်ဦးသည် စားစရာမရှိဘဲ ဒုက္ခရောက်နေခဲ့သည်။
တစ်နေ့တွင်မူ ကြင်နာတတ်သည့် စုန်းမကြီးက မိန်းကလေးကို ထိုမှော်အိုးလေး ပေးခဲ့သည်။
မိန်းကလေးက အိုးကို အိမ်ယူသွားပြီးနောက်
"အိုးလေးရေ ချက်စမ်း" ဟူသည့် မှော်ဂါထာကို ရွတ်ဆိုလိုက်သည်။
အိုးက ဆန်ပြုတ်များ စချက်ပြီး မကြာခင်မှာပင် မိန်းကလေး၏ အိမ်တစ်ခုလုံး ဆန်ပြုတ်များ ပြည့်သွားသည်။
ဆန်ပြုတ်များသည် တစ်မြို့လုံးကိုတောင် ပျံ့နှံ့သွားခဲ့ပြီး မိန်းကလေးက
"အိုးလေးရေ ရပ်လိုက်တော့" ဟု အော်လိုက်သည့်အခါမှ အိုးက ရပ်သွားခဲ့ခြင်း ဖြစ်သည်။
တစ်မြို့လုံးက လူများလည်း အရသာရှိသည့် ဆန်ပြုတ်များကို စားခွင့်ရခဲ့ကြသည်။
ဒါကြောင့် စုဟယ်သည် ပါဝင်ပစ္စည်းများကို တကယ် မသိခြင်း ဖြစ်၏။
သို့သော် မိန်းကလေး၏ စိတ်အားထက်သန်နေသည့် မျက်လုံးများကို မြင်သည့်အခါ စုဟယ်က မုသားစကား တစ်ခွန်းကိုသာ လုပ်ကြံပြောလိုက်ရသည်။
"အင်း ပါဝင်ပစ္စည်းတွေက တကယ်ကို အရေးကြီးပါတယ်။ ကျွန်မရဲ့ မိဘတွေက အခု နယ်ဘက်မှာလေ"
"အိုး၊ ကျွန်မ သိပြီ၊ ဒါဆို သူဌေးမရဲ့ မိဘတွေက ကိုယ်တိုင် စိုက်ပျိုးထားတာပေါ့၊ ဆန်ပြုတ်သောက်ရတာ အိမ်မှာ သောက်ရသလို ခံစားချက်မျိုး ဘာလို့ ရနေတာလဲဆိုတာ မဆန်းတော့ပါဘူး၊သဘာဝအတိုင်း စိုက်ပျိုးထားတဲ့ ဆန်နဲ့ ဆန်ပြုတ်ထားတော့ တကယ့်ကို အရသာ ရှိတာပဲ"
မိန်းကလေးက တအံ့တဩ ပြောဆိုရင်း စုဟယ်ကို ကျေးဇူးတင်လိုက်သည်။
စုဟယ်မှာမူ အပြစ်ကင်းစင်သည့် မျက်နှာလေးဖြင့် စုံတွဲကို လိုက်ပို့လိုက်သည်။
သူမ၏ မိဘများ နယ်၌ ရှိနေသည်မှာတော့ အမှန်ပင် ဖြစ်သည်၊ သို့သော် ကျန်သည့် စကားများအားလုံးမှာမူ မိန်းကလေးက သူ့ဘာသာသူ ဖြည့်စွက်တွေးသွားခြင်း ဖြစ်၏။
ဟုန်လျန်က အနည်းငယ် ဇဝေဇဝါ ဖြစ်သွားသည်
"သူဌေးမ၊ ရှင့်မိဘတွေက တကယ်ပဲ နယ်မှာ လယ်စိုက်နေတာလား"
"မဟုတ်ပါဘူး ဟုန်လျန်ရဲ့၊ ရှင်လည်း များများစားနော်၊ ဒီနေ့ နင် အလုပ်တွေ တော်တော် ပင်ပန်းသွားပြီ"
စုဟယ်က ဟုန်လျန်ကို ကြင်နာစွာ ကြည့်ရင်း ပြောလိုက်သည်။
ဟဲ့ယဲ့တည်းခိုခန်း၏ မုန့်လုပ်ငန်းသည် အခုဆိုလျှင် လုံးဝ အခြေကျနေပါပြီ။
ဤနှစ်၏ ကျောင်းတော်စီးပွားရေးအပေါ် အမှီပြုပြီး အခုဆိုလျှင် ဆိုရှယ်မီဒီယာများပေါ်၌လည်း နာမည်ကြီးလာသကဲ့သို့ ခရီးသွားဝက်ဘ်ဆိုက်များ၌လည်း လူပြောများလာသည်။
ဆိုင်များကို လိုက်လံရိုက်ကူးသည့် ဘလော့ဂါများနှင့် ခရီးသွားဘလော့ဂါများတောင် ဆိုင်သို့ လာရောက်ပြီး ဗီဒီယိုရိုက်ခြင်းများ၊ Check-in ဝင်ခြင်းများ ပြုလုပ်လာကြ၏။
ဟုန်လျန်သည်လည်း ကင်မရာထဲ၌ မကြာခဏ ပါဝင်လာရပြီး ဘလော့ဂါများသည် ဟုန်လျန် မုန့်လုပ်နေသည်ကို ရိုက်ရခြင်းကို အထူးသဖြင့် သဘောကျကြသည်။
ယခုတစ်ကြိမ်လည်း ထိုနည်းတူပင် ဖြစ်သည်။
လူငယ်စုံတွဲ၏ သူငယ်ချင်းအသိုင်းအဝိုင်း ထဲ၌ ဟုန်လျန် မုန့်နယ်နေသည့် ပုံရိပ်များသည် ဓာတ်ပုံ (၉) ပုံတွဲထဲတွင် တစ်ပုံအဖြစ် ပါဝင်သွားခဲ့သည်။
မိန်းကလေးသည် ဤဓာတ်ပုံများကို ဆိုရှယ်မီဒီယာပေါ်၌ တင်ခဲ့ခြင်း ဖြစ်သည်။
သူမသည် သူမ၏ ဘဝအကြောင်းများကို အမြဲ မျှဝေလေ့ရှိခြင်းကြောင့် သူမ၌ ဖော်လိုဝါ အုပ်စုလေးလည်း ရှိနေ၏။
လှပသည့် မိန်းကလေး၊ လှပသည့် ရှုခင်းနှင့် အရသာရှိသည့် အစားအစာများ ပါဝင်သည့် ထိုဓာတ်ပုံများသည် အချိန်တိုအတွင်းမှာပင် Like များ အများကြီး ရရှိခဲ့သည်။
"ဝိုး ငါ ဖားသားစားရတာ အရမ်းကြိုက်တယ်: ဝါး လှလိုက်တဲ့မိန်းကလေး၊ ကိုယ်လုံးကိုယ်ပေါက်ကလည်း အရမ်းမိုက်တယ် ဓာတ်ပုံရိုက်တာလည်း တော်လိုက်တာ၊ ဆန်ပြုတ်ကိုတောင် ဒီလောက် လှအောင် ဘယ်လိုရိုက်လိုက်တာလဲ"
"ပန်းပွင့်လာမယ့်အချိန်ကို စောင့်မျှော်နေတယ်:
အဲဒီမိန်းကလေး ရိုက်ထားတဲ့ ကြာကန်ပုံလေးကတကယ် လှတာပဲ"
"နှစ်တိုင်း နှစ်တိုင်း စီးပွားလာဘ်လာဘတွေ ဒီထက်မက တိုးပွားပါစေ: ကျွန်မ အဲဒီဆိုင်က မုန့်တွေကို ဝယ်ဖူးတယ်၊ တကယ် အရသာ ရှိတာ"
မိန်းကလေးက မှတ်ချက်အချို့ကို ရွေးပြီး ပြန်ဖြေလိုက်သည်။
"ဒီဆိုင်က ဆန်ပြုတ်က တကယ် အရသာရှိတယ်၊ ကျွန်မ သောက်ဖူးသမျှထဲမှာ အကောင်းဆုံးပဲ"
နှစ်တိုင်း နှစ်တိုင်း စီးပွားလာဘ်လာဘတွေ ဒီထက်မက တိုးပွားပါစေ: က စပ်စုလိုက်သည်။
"အဲဒါက သူတို့ဆိုင်က မုန့်တွေထက်တောင် ပိုကောင်းလို့လား"
မိန်းကလေးက
"အရသာချင်းကတော့ မတူဘူး၊ ဒါပေမဲ့ ကျွန်မ ထင်တာတော့ နှစ်ခုစလုံးက အဆင့်တူတူပါပဲ"
အောက်၌မူ ဟဲ့ယဲ့တည်းခိုခန်းတွင် စားဖူးသည့် တခြားလူများကလည်း ဝင်ရောက် မှတ်ချက်ပေးလာကြသည်။
၎င်းတို့သည် မိန်းကလေးပြောသည်ကို စိတ်ဝင်စားနေကြခြင်း ဖြစ်၏။
ဘယ်လို ဆန်ပြုတ်မျိုးမို့လို့ ဒီလောက်တောင် အရသာ ရှိနေရတာလဲ။
မိန်းကလေး ရိုက်ထားသည့် ဓာတ်ပုံထဲမှ ဆန်ပြုတ်ကို ကြည့်ရသည်မှာ affect ထည့်ထားသကဲ့သို့ပင် တကယ်ကို လှပပြီး ဆွဲဆောင်မှု ရှိလှသည်။
သို့သော် သေသေချာချာ ကြည့်လျှင်မူ ဆန်ပြုတ်ထဲ၌ ဆန်နှင့် ဆန်ကွဲသာ ပါခြင်းဖြစ်သောကြောင့် ဘယ်လောက်တောင် အရသာရှိနိုင်မှာလဲဟုလည်း တွေးစရာပင်။
လူတော်တော်များများမှာမူ ဒါက ကြော်ငြာဖြစ်လိမ့်မည်ဟု သံသယဝင်လာကြသည်။
မိန်းကလေးကမူ သူမ၏ ဘဝအတွေ့အကြုံကို မျှဝေရန်အတွက်သာ ပုံတင်ခြင်းဖြစ်သောကြောင့် ဟဲ့ယဲ့တည်းခိုခန်း၏ လိပ်စာကို တိုက်ရိုက်ပင် ချပေးလိုက်သည်။
"ဆန်ပြုတ်ရဲ့ အရသာကို သိချင်ရင်တော့ ကိုယ်တိုင်ပဲ လာမြည်းကြည့်ကြပါတော့လား"