အခန်း (၂၉-၃၀)
Vol. 3 Ch. 29-30
29
စုဟယ်သည် ဟဲယဲ့တည်းခိုခန်း၏ ညဆိုင်းတာဝန်ကို လွှဲပြောင်းယူလိုက်သည်။ ညဘက်တွင် သူမသည် တံခါးငယ်လေးတစ်ချပ်ကို ဖွင့်ထားလေ့ရှိပြီး ပထမထပ်ရှိ အခန်းတစ်ခန်းတွင် အိပ်စက်လေ့ရှိ၏။ ဧည့်ကြိုကောင်တာတွင် ခေါ်ဆိုသည့် ခေါင်းလောင်းလေးတစ်ခု ထားရှိထားသဖြင့် ဧည့်သည်တစ်ဦးဦးက အကူအညီလိုအပ်ပါက စုဟယ်မှာ အချိန်မီ ထွက်လာနိုင်သည်။
ဝေဖုန်းယီသည် ဧည့်ကြိုကောင်တာတွင် ထိုင်ရသည့်အချိန် လျော့နည်းသွားပြီးနောက်တွင်မူ ဖန်တီးမှုလုပ်ငန်းများ၌ စိတ်ရောကိုယ်ပါ မြှုပ်နှံထားပြီး 'စာအုပ်စိမ်းလေး' ပေါ်သို့ လက်ရာအချို့ကို တင်ခဲ့သည်။ စုဟယ်သည်လည်း ဝေဖုန်းယီ လက်ရေးလှရေးသားနေသည့် ဗီဒီယိုအချို့ကို ရိုက်ကူးပေးခဲ့၏။
ဝေဖုန်းယီ၏ မင်အရာများသည် စက္ကူပေါ်တွင် ကခုန်နေကြပြီး သက်ဝင်လှုပ်ရှားနေကာ စာလုံးများမှာ ခုန်ထွက်လာတော့မည့်အတိုင်းပင်။ သို့သော်လည်း စုဟယ်က ထိုဆန်းကြယ်သော အခိုက်အတန့်ကို ဖုန်းကင်မရာဖြင့် ရိုက်ကူးလိုက်သည့်အခါ ထိုသက်ဝင်မှုများမှာ များစွာ လျော့ပါးသွားရသည်။
စုဟယ်၏ ဗီဒီယိုတည်းဖြတ်မှုနှင့် နောက်ခံ ဖန်တီးမှု စွမ်းရည်မှာ အလွန်ပင် သာမန်ကာလျှံကာမျှသာ ဖြစ်နေသဖြင့် ဝေဖုန်းယီ၏ လက်ရေးလှရသ
ဆွဲဆောင်မှုကို ဖန်သားပြင်ပေါ်တွင် အပြည့်အဝ မဖော်ပြနိုင်ခဲ့ပေ။
'စာအုပ်စိမ်းလေး' အကောင့်၌ စာသားနှင့် ပုံများတွဲတင်သည့် ပို့စ်များမှာမူ Like များစွာ ရရှိနေဆဲဖြစ်သော်လည်း Douyin ပေါ်တွင် တင်ထားသည့် ဗီဒီယိုတိုများ၏ တုံ့ပြန်မှုမှာ အေးစက်လှသည်။
Like (၁၀၀) ရရှိခြင်းမှာပင် အတော်အတင့် ကောင်းသည်ဟု သတ်မှတ်ရမည့် အခြေအနေ ဖြစ်နေ၏။ ဆက်တိုက်တင်ခဲ့သည့် ဗီဒီယို သုံးခုစလုံးမှာ Like ငါးဆယ်စီသာ ရရှိသည်ကို မြင်ရသောအခါ စုဟယ်သည် အသစ်ဖွင့်ထားသည့် အကောင့်ဖြစ်၍ ကန့်သတ်ခံထားရသလားဟုပင် သံသယဝင်မိသည်။
ထိုသို့ စိတ်ပျက်စရာကောင်းသော အချက်အလက်များကို ကြည့်ရင်း စုဟယ်သည် သူမ၏ သင်ယူမှုကို အသေအချာ ပြန်လည်လေ့လာရန် ခိုင်မာစွာ ဆုံးဖြတ်လိုက်သည်။
အလားတူ အမျိုးအစားဖြစ်ပြီး လူကြိုက်များနေသော ဗီဒီယိုအားလုံးကို လေ့လာကြည့်ပြီးနောက် ပျင်းရိငြီးငွေ့စရာကောင်းသော ဗီဒီယိုများသည် အချိန်တိုအတွင်း ကြည့်ရှုသူများကို ဆွဲဆောင်နိုင်ရန် ခဲယဉ်းကြောင်း စုဟယ် နားလည်သွား၏။
Like အများအပြားရရှိသော ဗီဒီယိုများသည် တစ်ခုမဟုတ်တစ်ခု ခက်ခဲမှု ရှိကြသည်၊ ဥပမာ တစ်ရက်တည်းနှင့် စာလုံးပေါင်း ၄,၁၈၄ လုံးပါသော
'ရှန်လင်ဖု' ကို ရေးပြတာမျိုး ဖြစ်သည်။
သို့မဟုတ်လျှင်လည်း ဆန်းသစ်မှု ဖြင့် တီထွင်ကြ၏၊ ၎င်းမှာ ရေးသားသည့် ကိရိယာအသစ်များ သို့မဟုတ် ထူးခြားသော ရေးသားပုံ အနေအထားများ ဖြစ်ဖြစ်သည်။
ဝေဖုန်းယီ၏ အသက်အရွယ်ကို ထည့်တွက်ပါက စာမေးပွဲ၌ (၅) နာရီကြာအောင်ထိုင်ပြီး 'ရှန်လင်ဖု' ရေးခိုင်းဖို့အတွက်သည် အရမ်းပင်ပန်းလွန်းလှသလို၊ ပြောင်းပြန်ရေးဖို့အတွက်သည်လည်း သိပ်ပြီး အဆင်မပြေပေ။ စုဟယ်သည် ဝေဖုန်းယီကို သူ၏ ရေးသားသည့် ကိရိယာများကို ဆန်းသစ်ရန်သာ တောင်းဆိုနိုင်တော့သည်။
သက်လတ်ပိုင်းအရွယ် ပညာရှိတစ်ဦးသည် အခန်းထဲသို့ လမ်းလျှောက်ဝင်လာသည်။ သူသည် ရှေးဟောင်းဝတ်စုံကို ဝတ်ဆင်ထားပြီး မျက်နှာတွင် အပြုံးတစ်ခု ရှိနေ၏။ သူသည် နှင်းဆီသစ်သားစားပွဲ ဆီသို့ လျှောက်သွားကာ စာတစ်စောင်ရေးရန် စုတ်တံကို ကောက်ယူတော့မည့်အချိန်တွင် ထူးဆန်းသော အလင်းရောင်တစ်ခု ရုတ်တရက် ပေါ်လာသည်။ နဂါးတစ်ကောင်သည် မြေပြင်မှ ထွက်ပေါ်လာပြီး စုတ်တံကို စုပ်ယူသွားပါတော့သည်။
ထိုသက်လတ်ပိုင်းအရွယ် ပညာရှိမှာ အလွန်ပင် အံ့အားသင့်သွားရသည်။ သူ သတိပြန်ဝင်လာသည့်အခါတွင်မူ စားပွဲပေါ်၌ ထူးဆန်းသော ပုံသဏ္ဌာန်ရှိသည့် ကြက်ခြေထောက်တစ်ချောင်း ရှိနေ၏။
ထိုသူသည် ကြက်ခြေထောက်ကို ကောက်ယူကာ ဖုန်များကို ညင်သာစွာ ခါထုတ်လိုက်ပြီး စူးစူးစိုက်စိုက် ကြည့်နေသည်။
သူ၏ စုတ်တံတစ်ချောင်းကို မင်အနက်ရောင်ထဲတွင် နှစ်လိုက်ပြီး ကြက်ခြေထောက်ပေါ်သို့ မင်အနည်းငယ်ကို ပေါ့ပါးစွာ တို့လိုက်သည်။
သို့သော် အခြေအနေမှာ အလွန်ပင် အရေးကြီးနေသဖြင့် ထိုပညာရှိမှာ အခြားရွေးချယ်စရာ မရှိတော့ပေ။
သူသည် အတွေးထဲတွင် ခေတ္တမျှ ရပ်တန့်သွားသည်။ ရုတ်တရက် သူ၏ လက်မှာ မယုံနိုင်စရာကောင်းသော အရှိန်ဖြင့် လျင်မြန်ဖြတ်လတ်စွာ လှုပ်ရှားလာ၏။ ကြက်ခြေထောက်သည် သူ၏ လက်ထဲတွင် ဆန်းကြယ်သော လက်ရေးလှစုတ်တံတစ်ခုအဖြစ် ပြောင်းလဲသွားပြီး လှပသော လှုပ်ရှားမှုများဖြင့် ကခုန်နေတော့သည်။
ထိုသူ၏ လက်ချောင်းများသည် ကြက်ခြေထောက်ပေါ်တွင် သာယာသော တေးဂီတတစ်ခုကို တီးခတ်နေသကဲ့သို့ ကခုန်နေကြသည်။
မင်များသည် သူ၏ လက်ချောင်းများကြား ပေါ့ပါးသော ထိတွေ့မှုနှင့်အတူ မျဉ်းကြောင်းများအဖြစ်သို့ ပြောင်းလဲသွားပြီး စက္ကူပေါ်တွင် လျင်မြန်သော မြွေများ ကခုန်နေသကဲ့သို့ ထင်မှတ်ရ၏။ ကြက်ခြေထောက်သည် ရွှေရန်စက္ကူ ပေါ်တွင် မင်အရာများကို ချန်ရစ်ခဲ့သည်။
စုတ်ချက်တိုင်းမှာ အားပါလှပြီး ဆွဲဆောင်မှုရှိလှသည်။ ကြက်ခြေထောက်၏ ခြေသည်းများမှ ထွက်ပေါ်လာသော မာကျောသည့် စုတ်ချက်များနှင့် ကြက်ခြေထောက်၏ အသားပိုင်းမှတစ်ဆင့် ရွှေရန်စက္ကူပေါ်တွင် ဖန်တီးလိုက်သော နူးညံ့သည့် မျဉ်းကြောင်းများမှာ ဆန့်ကျင်ဘက်ဖြစ်နေ၏။
၎င်းသည် မာကျောမှုနှင့် နူးညံ့မှုကို ပေါင်းစပ်ထားပြီး အားပါပါ စီးဆင်းနေကာ လက်ရေးတွင် ထူးခြားသော ဆွဲဆောင်မှုတစ်ခုကို ဖော်ပြနေသည်။
သက်လတ်ပိုင်းအရွယ် ပညာရှိ၏ လက်မှာ စက္ကူပေါ်မှ ကြွလိုက်တိုင်း ကဗျာတစ်ပုဒ် မွေးဖွားလာသည်။
သူ၏ ရေးသားမှုမှာ အလွန်ပင် ကျွမ်းကျင်လှသဖြင့် ပုံမှန်လက်ရေးလှ ၊ လက်ရေးစောင်း သို့မဟုတ် လက်ရေးကောက် များကိုပင် အလွယ်တကူ ကိုင်တွယ်နိုင်၏။
သူ၏ စုတ်ချက်များမှာ ပြောင်းလဲနေပြီး တစ်ခါတစ်ရံတွင် ခန့်ညားထည်ဝါကာ ဟန့်တားမှုကင်းမဲ့နေသလို၊ အခြားအချိန်များတွင်မူ နူးညံ့သိမ်မွေ့ကာ ကျော့ရှင်းနေတတ်သည်။
နောက်ဆုံး စာလုံးကို ရေးသားပြီးသွားသောအခါ သူသည် ခေတ္တမျှ ရပ်တန့်လိုက်ပြီး သူ၏ လက်ရာကို ပြုံးရွှင်စွာဖြင့် အမွှမ်းတင် ကြည့်ရှုနေတော့သည်။ ကင်မရာမှာလည်း ထိုရွှေရန်စက္ကူပေါ်တွင်ပင် ရပ်တန့်သွား၏။
စုဟယ်နှင့် ဝေဖုန်းယီတို့သည် ဤဗီဒီယိုကို ရိုက်ကူးရန် အချိန်များစွာ အသုံးပြုခဲ့ရသည်။
ကြက်ခြေထောက်ဖြင့် ရေးသားခြင်းမှာ မခက်ခဲသော်လည်း ခက်ခဲသည်မှာ ဝေဖုန်းယီကို ထိတ်လန့်တုန်လှုပ်ခြင်း၊ ကျေနပ်အားရခြင်း၊ လျှို့ဝှက်ဆန်းပြားသော အပြုံးများ စသည့် အမူအရာများကို ပြသခိုင်းရန် ဖြစ်၏။ ကံကောင်းထောက်မစွာဖြင့် ဗီဒီယိုများကို တည်းဖြတ်နိုင်၍ ဖြစ်သည်၊ သို့မဟုတ်ပါက ရိုက်ကူးရန် တစ်နေကုန် အချိန်ယူရပေလိမ့်မည်။
စုဟယ်သည် ဈေးပေါသော အထူးပြုလုပ်ချက် အချို့ကိုလည်း ထည့်သွင်းခဲ့သည်။
အွန်လိုင်းတွင် ရေမှုတ်နေသော ပုံများစွာ ရှိနေပြီး ဆင်တူသော ပုံများတွင် မြေပြင်မှ ထွက်ပေါ်လာသော ဝူခုန်း၊ ကောင်းကင်မှ တိုက်ခတ်လာသော လေဆင်နှာမောင်းနှင့် ရောင်စုံအလင်းတန်းများကြားမှ ပေါ်ထွက်လာသော ဘုရားလောင်း တို့ ပါဝင်၏။
စုဟယ်သည် ဤပုံများအားလုံးကို သိမ်းဆည်းထားပြီး သူမ၏ နောက်ထပ် ရိုက်ကူးမှုများအတွက် အသုံးပြုရန် စီစဉ်ထားသည်။
ဤဗီဒီယိုတွင် အထူးပြုလုပ်ချက်များ၊ ဇာတ်လမ်းဆင်မှုများနှင့် အရေးကြီးဆုံးမှာ အနုပညာလက်ရာတစ်ခု ပါဝင်နေသည်။ ၎င်းမှာ ဝေဖုန်းယီ၏ လက်ရေးလှကို ရိုးရှင်းစွာ ပြသခဲ့သည့် ယခင်ဗီဒီယိုများထက် များစွာ ပိုမိုကောင်းမွန်လှသဖြင့် Like ပေါင်း တစ်သောင်းကျော်သို့ လျင်မြန်စွာ ရောက်ရှိသွား၏။
မှတ်ချက်များစွာမှာ ဆရာဝေ၏ ရှေးဟောင်းဝတ်စုံနှင့် ကျော့ရှင်းပုံကို ချီးကျူးနေကြပြီး ပညာရှိအငွေ့အသက် ဆိုသည်မှာ ဘာကိုဆိုလိုသည်ကို ပြင်းပြင်းထန်ထန် ခံစားရကြောင်း ရေးသားနေကြသော်လည်း အနည်းဆုံးတော့ ဆရာဝေ၏ လက်ရေးလှကို ပြသနိုင်ခဲ့သည်။
ဗီဒီယိုတို၏ အချက်အလက်များ တိုးတက်လာပြီးနောက် ဝေဖုန်းယီသည် Live လွှင့်ခြင်းကို တရားဝင် စတင်လိုက်သည်။ သူသည် သူ၏ Live လွှင့်မည့်အချိန်ကို ည (၇) နာရီမှ (၈) နာရီခွဲအထိ၊ (၁) နာရီခွဲကြာ လွှင့်ရန် စီစဉ်ထား၏။
သူသည် နာရီဝက်ခန့်ကို ရှင်းပြခြင်းဖြင့် အချိန်ယူမည်ဖြစ်ပြီး နောက်ပိုင်းတွင် သူရှင်းပြခဲ့သော နည်းစနစ်များကို လက်တွေ့ပြသမည်ဖြစ်သည်။ နောက်ဆုံး နာရီဝက်ကိုမူ အမေးအဖြေအတွက် အသုံးပြုမည်ဖြစ်၏။ အကယ်၍ ကြည့်ရှုသူ သို့မဟုတ် မေးခွန်းများ များများစားစား မရှိပါက သူသည် Live ကို စောစီးစွာ အဆုံးသတ်မည်ဖြစ်သည်။
'စာအုပ်စိမ်းလေး' နှင့် Douyin ပေါ်တွင် ကြေညာချက်များ ထုတ်ပြန်ပြီးနောက် ဝေဖုန်းယီသည် သူ၏ Live ကို စတင်ခဲ့သည်။
စုဟယ်သည် တိတ်တဆိတ် ကြော်ငြာအနည်းငယ် ဝယ်ယူခဲ့သေးသည်။ ဆရာဝေ၏ ပထမဆုံး Live မှာ လူသိများရန် လိုအပ်နေသေးသည် မဟုတ်ပါလား။ ဤအတွက် စုဟယ်သည် ကြော်ငြာအေဂျင်စီတစ်ခုထံမှ တိကျသော ကြည့်ရူသူ (၁,၀၀၀) ကို ဝယ်ယူခဲ့၏။
တိကျသော ကြည့်ရူသူ ဆိုသည်မှာ ဤ Live တွင်လက်ရေးလှပညာအား စိတ်ဝင်စားသော ဆက်စပ်နယ်ပယ်များဖြစ်သည့် ပုံမှန် စောင့်ကြည့်နေသူများထံသို့ တိကျစွာ တွန်းပို့ပေးခြင်းကို ဆိုလိုသည်။ ထို့ကြောင့် တိကျသော ကြည့်ရူသူ၏ ဈေးနှုန်းမှာလည်း ပို၍ မြင့်မား၏။
ည (၇) နာရီတွင် Live စတင်ခဲ့သည်။ ထိုအချိန်မှာ Live လွှင့်သူများမှာ ပစ္စည်းရောင်းချခြင်း၊ ကခုန်ခြင်းနှင့် သီချင်းဆိုခြင်းများဖြင့် သက်ဝင်လှုပ်ရှားနေသော အကောင်းဆုံးအချိန် ဖြစ်သည်။
သို့သော် ဝေဖုန်းယီမှာမူ အလျင်မလိုဘဲ သူ၏ စုတ်တံ၊ မင်၊ စက္ကူနှင့် မင်သွေးကျောက်ပျဉ်တို့ကို ပြင်ဆင်နေ၏။
ထိုဆူညံလှုပ်ရှားနေသော Live များနှင့် နှိုင်းယှဉ်ပါက ဝေဖုန်းယီ၏ လက်ရေးလှ Live မှာ အနည်းငယ် တိတ်ဆိတ်လွန်းနေသကဲ့သို့ ရှိသည်။
အော်ဟစ်နေကြသည့် သို့မဟုတ် အားမာန်ပါပါ သီချင်းဆို ကခုန်နေကြသည့် Live များနှင့် နှိုင်းယှဉ်လျှင် တိတ်ဆိတ်နေရုံသာမက ကြည့်ရှုသူအရေအတွက်မှာလည်း အလွန်ပင် နည်းပါးလှ၏။ စုဟယ်နှင့် ဟုန်လျန်တို့အပြင် Live ထဲတွင် စနစ်ထဲမှ ထည့်သွင်းထားသော အကောင့်တု တစ်ခုသာ ရှိသည်။
စုဟယ် အနည်းငယ် နောင်တရမိသည်။
ယခုခေတ် Live တွေမှာ လူအရေအတွက်အတုတွေနဲ့ အကုန်ဖြည့်ထားတာ မဟုတ်ဘူးလား။
ဘာကြောင့်များ ပလက်ဖောင်းက သူတို့အတွက် အကောင့်တု အနည်းငယ်လောက် ထပ်မစီစဉ်ပေးရသနည်း၊ အနည်းဆုံးတော့ ကြည့်ရှုသူအရေအတွက် ဂဏန်းနှစ်လုံးလောက် ဖြစ်အောင်ပေါ့။
သို့သော်လည်း ဝေဖုန်းယီမှာမူ ဂရုမစိုက်ပါ။ သူ၏ အကြည့်များသည် ဖုန်းပေါ်တွင် ရပ်တန့်မနေဘဲ သူ၏ ရှေ့ရှိ ရွှေရန်စက္ကူပေါ်တွင်သာ အာရုံစိုက်ထားသည်။
ဝေဖုန်းယီသည် အခြေခံအကျဆုံးဖြစ်သော စုတ်တံကိုင်နည်းကို ရှင်းပြခြင်းဖြင့် စတင်လိုက်၏။
စုဟယ်သည် နောက်ပိုင်းတွင် Live မှ သင်ခန်းစာတစ်ခုစီကို ဗီဒီယိုအဖြစ် တည်းဖြတ်ပြီး ဗီဒီယိုစုစည်းမှုတစ်ခု ဖန်တီးနိုင်ရန် Live ကို စတင်မှတ်တမ်းတင်လိုက်သည်။ သူတို့သည် Live လွှင့်ခြင်းကို စတင်ခဲ့ကြပြီဖြစ်ရာ စုဟယ်နှင့် ဝေဖုန်းယီ နှစ်ဦးစလုံးမှာ ထိုလက်ရေးလှ Live သည် တည်းခိုခန်းသို့ လူလာအောင် ဆွဲဆောင်ရန်အတွက်သာမကဘဲ အမှန်တကယ် လိုအပ်နေသူများကို အကျိုးပြုနိုင်ရန် မျှော်လင့်ကြသည်။
လက်ရေးလှအတွက် စုတ်တံကိုင်နည်းမှာ လက်ချောင်းများနှင့် လက်ဖဝါးတို့၏ ဟန်ချက်ညီညီ လှုပ်ရှားမှုအပေါ်တွင် အခြေခံသည်။ စုတ်တံလက်ကိုင်ကို လက်ချောင်းများကြားတွင် ထားရှိပြီး လက်မနှင့် လက်ညှိုးတို့ဖြင့် လက်ကိုင်၏ အပေါ်ပိုင်းကို ဆုပ်ကိုင်ကာ စုတ်တံထိပ်ဖျားကို သဘာဝအတိုင်း အပြင်ဘက်သို့ ထွက်ပေါ်နေပါစေ။
လက်ခလယ်နှင့် လက်သူကြွယ်တို့ကို စုတ်တံလက်ကိုင်၏ အောက်ဘက်တွင် ထားရှိသည်မှာ အထောက်အပံ့နှင့် တည်ငြိမ်မှုကို ပေးစွမ်းစေပါတယ်။ ထိုလက်ချောင်းနှစ်ချောင်းမှာ လက်ကိုင်ကို ညင်သာစွာ ထိတွေ့ထားရုံသာ လိုအပ်ပြီး တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားရန် မလိုအပ်
ပေ။
လက်ဖဝါးသည် လွတ်လပ်စွာ လှုပ်ရှားနိုင်ရန်နှင့် ထိန်းချုပ်နိုင်ရန်အတွက် လက်ကိုင်ပေါ်သို့ အလွန်အမင်း ဖိမထားဘဲ စုတ်တံကို သဘာဝအတိုင်း အထောက်အပံ့ပေးထားသင့်သည်။ စုတ်တံကိုင်ထားစဉ် တစ်လျှောက်လုံးတွင် လက်ချောင်းများနှင့် လက်ဖဝါးကို အမြဲတမ်း ပြေလျော့အောင် ထားပါ။
ဝေဖုန်းယီသည် ရှင်းပြရင်း လက်တွေ့ပြသ လိုက်သည်။
"စုတ်တံကိုင်နည်းက တစ်ဦးနဲ့တစ်ဦး ကွဲပြားနိုင်ပါတယ်၊ အလွန်အမင်း ကန့်သတ်ထားစရာ မလိုပါဘူး၊ မိမိအတွက် သက်သောင့်သက်သာရှိနေသရွေ့ အဆင်ပြေပါတယ်"
သူသည် အမြဲတမ်း ပေါ့ပေါ့ပါးပါးပင် ရှိနေတတ်ပြီး တိကျသော အနေအထားတစ်ခုကို အတင်းအကြပ် တောင်းဆိုလေ့မရှိပေ။
ဝေဖုန်းယီသည် စုတ်တံကို လက်တွင် ကိုင်ထားသည်။
သူ၏ ရှင်းပြချက်ကို အဆုံးသတ်ပြီးနောက် စုတ်တံကို မင်ထဲတွင် ညင်သာစွာ တို့လိုက်ကာ လက်ကိုင်ကို ခိုင်မြဲစွာ ဆုပ်ကိုင်ပြီး စုတ်တံဖြင့် ပုံကြမ်းတစ်ခုကို စတင်ရေးဆွဲလိုက်၏။
သူ၏ လက်မှာ တည်ငြိမ်ပြီး အားပါလှကာ သူ၏ စုတ်ချက်များမှာ အေးဆေးတည်ငြိမ်ပြီး သဘာဝကျလှသည်။
သူသည် စက္ကူပေါ်တွင် ရိုးရှင်းပြီး ချောမွေ့သော မျဉ်းကြောင်းများကို လျင်မြန်စွာ ဆွဲခြစ်လိုက်ပြီး အထူအပါး ကွဲပြားမှုများနှင့် ဖြတ်ကျော်မျဉ်းများကို အသုံးပြုကာ ပုံသဏ္ဌာန်တစ်ခုကို ပုံဖော်လိုက်သည်။ မင်များသည် စက္ကူပေါ်တွင် ရောယှက်သွားပြီး တဖြည်းဖြည်းချင်း အရိပ်များနှင့် အလင်းအမှောင် ကွဲပြားမှုများကို ဖြစ်ပေါ်စေကာ ထိုပုံကြမ်းကို ပိုမိုနက်ရှိုင်းပြီး သုံးဖက်မြင် ပုံစံမျိုး ပေါ်ထွက်လာစေသည်။
စုတ်တံတစ်ချောင်းနှင့် လက်တစ်စုံမှာ သုံးဖက်မြင်ပုံစံမှ နှစ်ဖက်မြင်ပုံစံသို့ ပြောင်းလဲသွားပြီး ရွှေရန်စက္ကူပေါ်တွင် ပုံနှိပ်လျက်သား ကျန်ရစ်ခဲ့သည်။
တကယ်ကို ရှင်းလင်းပြီး သက်ဝင်လှုပ်ရှားနေသော ပုံကြမ်းတစ်ခုပင်။
30
မူလက စုဟယ်သည် ဝေဖုန်းယီအတွက် ပထမဆုံးအကြိမ် Live လွှင့်ခြင်းဖြစ်၍ အကူအညီ လိုအပ်မလား သိနိုင်ရန်အတွက် (၁၅) မိနစ်ခန့်သာ စောင့်ကြည့်ရန် ရည်ရွယ်ထားသော်လည်း အမှန်တကယ် နားထောင်မိသည့်အခါတွင်မူ သူမ မရပ်တန့်နိုင်တော့ဘဲ စွဲလမ်းသွားရသည်။
ဝေဖုန်းယီ၏ ကျိုးကြောင်းဆင်ခြင်ပုံမှာ ရှင်းလင်းလှပြီး သင်ခန်းစာ ပို့ချသည့် အရှိန်အဟုန်မှာလည်း အလွန်ပင် ကောင်းမွန်လှသည်။
ထို့ပြင် သူ၏ ပြောဆိုပုံမှာ သက်ဝင်လှုပ်ရှားပြီး စိတ်ဝင်စားစရာ ကောင်းလှသဖြင့် သူ၏ အတွေးစီးကြောင်းနောက်သို့ လိုက်ပါရင်း မသိစိတ်ကပင် ဆွဲဆောင်ခြင်း ခံလိုက်ရ၏။
Live လွှင့်သည့် အခန်းထဲရှိ လူဦးရေမှာ အမြဲတစေ ပြောင်းလဲနေသည်။
စပ်စုလိုသော လမ်းသွားလမ်းလာအချို့မှာ နှိပ်ကြည့်ကြသော်လည်း ၎င်းတို့နှစ်သက်သည့် အကြောင်းအရာမဟုတ်သည်ကို မြင်သောအခါ မြန်မြန်ဆန်ဆန်ပင် ပြန်ထွက်သွားကြ၏။
အသစ်ဖွင့်ထားသည့် Live လွှင့်ခန်းတစ်ခုကို ပလက်ဖောင်းဘက်မှ ကြည့်ရှုမှု အကြိမ်ရေ
ရာဂဏန်းခန့် ပံ့ပိုးပေးလေ့ရှိသော်လည်း ထိုကြည့်ရှုမှုများ၏ အရည်အသွေးမှာ မမြင့်မားလှပေ။
လူအများစုမှာ လက်ရေးလှပညာကို လုံးဝ စိတ်မဝင်စားကြသဖြင့် Live ထဲသို့ ဝင်လာသူ (၅) ဦးလျှင် (၄) ဦးမှာ ချက်ချင်းပင် ပြန်ထွက်သွားလေ့ရှိသည်။
စုဟယ် ဝယ်ယူထားသော တိကျသော ကြည့်ရှုသူမှာမူ ၎င်း၏ အခန်းကဏ္ဍကို စတင်ပြသလာသည်။
ထို တိကျသော ကြည့်ရှုသူ (၁,၀၀၀) မှာ တစ်ပြိုင်နက်တည်း ရောက်လာခြင်းမျိုး မဟုတ်ဘဲ (၁၀) မိနစ်လျှင် တစ်သုတ်နှုန်းဖြင့် ရောက်ရှိလာခြင်း ဖြစ်၏။
ထို့ကြောင့် Live ထဲရှိ ကြည့်ရှုသူအရေအတွက်မှာ ကြော်ငြာဝယ်ထားသည့် အရိပ်အယောင် လုံးဝမပြဘဲ သဘာဝအတိုင်း တိုးတက်လာခဲ့သည်။
ကြော်ငြာအတွက် ငွေပေးချေစဉ်ကပင် ကြော်ငြာကုမ္ပဏီဘက်မှ ကြည့်ရှုသူများ၏ အမှန်တကယ် တည်မြဲမှုနှုန်း ကို အာမမခံနိုင်ကြောင်း စာချုပ်တွင် အတိအလင်း ဖော်ပြထားပြီးဖြစ်သည်။
ဤကြည့်ရှုသူ (၁,၀၀၀) မှာ Live ထဲသို့ ဝင်ရောက်လာပြီးနောက် သဘာဝအတိုင်းပင် တဖြည်းဖြည်း လျော့နည်းသွားခဲ့ရာ နောက်ဆုံးတွင် လူ (၃၀) ခန့်သာ ပုံမှန်ကြည့်ရှုသူများ ဖြစ်လာခဲ့၏။
ဤကြည့်ရှုမှု (၁,၀၀၀) ၏ ရင်းနှီးမြှုပ်နှံမှုကြောင့် Live လွှင့်ခန်း၏ လူကြိုက်များမှုမှာ ခေတ္တမျှ မြင့်တက်လာပြီး အခြားသော ကြည့်ရှုသူများကိုလည်း ဆွဲဆောင်နိုင်ခဲ့သည်။ ကြော်ငြာပို့လွှတ်မှု အဆုံးသတ်သွားသည့် အချိန်တွင် ဝေဖုန်းယီ၏ Live လွှင့်ခန်းတွင် ကြည့်ရှုသူ (၅၄) ဦးဖြင့် တည်ငြိမ်သွားခဲ့၏။
၎င်းတွင် စုဟယ်၊ ဟုန်လျန်နှင့် စနစ်မှ ပံ့ပိုးပေးထားသော အကောင့်တုများလည်း အပါအဝင် ဖြစ်သည်မှာ ပြောစရာပင် မလိုတော့ပေ။
Live အခြေအနေ တည်ငြိမ်သွားသည်ကို မြင်သောအခါ စုဟယ်သည်လည်း ဝေဖုန်းယီ၏ အခန်းထဲမှ ထွက်ခွာပြီး သူမ၏ ဧည့်ကြိုကောင်တာ တာဝန်များဆီသို့ ပြန်သွားလိုက်၏။ သူမသည် Live ကို ကြည့်ရှုရင်း အခန်းကြိုတင်စာရင်းသွင်းမှုများကို စနစ်တကျ စစ်ဆေးနေခဲ့သည်။
ထိုစဉ် Live လွှင့်ခန်းထဲတွင် မှတ်ချက် များ စတင်ပေါ်ပေါက်လာသည်။
ငါးလေးက ဆန်ကိတ် စားရတာ ကြိုက်တယ် : "Live လွှင့်တဲ့သူရဲ့ လက်ရေးလှက တကယ်ကို လှတာပဲ ကျွန်မမှာ မေးခွန်းတစ်ခုရှိတယ်၊ စုတ်တံနဲ့ ရေးတဲ့အခါ တံတောင်ဆစ်ကို မြှောက်ထားရမှာလား တံတောင်ဆစ်ကို မြှောက်ထားရတာ တကယ်ကို ပင်ပန်းတယ်၊ ဒါပေမဲ့ မမြှောက်ထားပြန်ရင်လည်း အင်္ကျီလက်က ပေကုန်တယ်"
ထိုစာတန်းရှည်ကြီးကို မြင်လိုက်ရသောအခါ စုဟယ်သည် သူမ၏ သံသယကို ဖယ်ရှားလိုက်နိုင်သည်။
ဟုန်လျန်မှာ လက်ရှိတွင် သာမန်စာလုံး အနည်းငယ်ကိုသာ တတ်မြောက်သေးသဖြင့် ထိုမှတ်ချက်မှာ ဟုန်လျန်ဆီမှ မဖြစ်နိုင်ပေ။
ဆိုလိုသည်မှာ ဆရာဝေ၏ Live လွှင့်ခန်းတွင် အမှန်တကယ်ပင် အလေးအနက် သင်ယူနေသူများ ရှိနေပြီဖြစ်သည်။
ဤ Live လွှင့်ခန်းကို ဖွင့်လှစ်ခြင်းမှာ အဓိပ္ပာယ်ရှိသည်ဟု စုဟယ် ချက်ချင်းပင် ခံစားလိုက်ရ၏။ အကယ်၍ ၎င်းသည် အခြားသူများကို ကူညီပေးနိုင်မည်ဆိုပါက သူမ ကြော်ငြာအတွက် သုံးစွဲခဲ့သော ငွေများမှာ အလဟဿ မဖြစ်တော့ပေ။
ဝေဖုန်းယီသည် သင်ခန်းစာ အပိုင်းတစ်ခုကို ရှင်းပြပြီးမှသာ Live လွှင့်ခန်းထဲရှိ စနစ်အသိပေးချက်ကို မြင်လိုက်ရသည်။
ထို့ပြင် လိုင်းနှေးကွေးမှုကြောင့် သူ မေးခွန်းကို စတင်ဖြေဆိုချိန်တွင် ၅ မိနစ်ခန့် ကုန်ဆုံးသွားပြီဖြစ်၏။
"ရေးတဲ့အခါ တံတောင်ဆစ်ကို မြှောက်ထားမှာလား ချထားမှာလားဆိုတာကတော့ မိမိအပေါ်မှာပဲ မူတည်ပါတယ်၊ မိမိအတွက် အဆင်ပြေဆုံး ရေးသားနည်းကိုသာ ရှာဖွေပါ"
ဝေဖုန်းယီက ပြောလိုက်ရင်း သူ၏ လက်ကောက်ဝတ်ကို မြှောက်ကာ တံတောင်ဆစ်မြှောက်ခြင်း၊ တံတောင်ဆစ်ချခြင်း၊ လက်ကောက်ဝတ်မြှောက်ခြင်းနှင့် လက်ကောက်ဝတ်လှည့်ခြင်း စသည့် နည်းလမ်းအမျိုးမျိုးကို လက်တွေ့ပြသလိုက်သည်။
နည်းလမ်းတစ်ခုစီဖြင့် ရေးသားထားသော စာလုံးများမှာ တူညီသော ကျော့ရှင်းသည့် ဟန်ပန်များကို ပိုင်ဆိုင်ထားကြ၏။
ထို့နောက် ဝေဖုန်းယီက အလွန်ပင် လက်တွေ့ကျသော စကားကို ဆိုသည်။
"စာရေးတဲ့အခါ အင်္ကျီလက်အစွပ် တွေနဲ့ ခါးစည်း ဝတ်ထားလို့ ရသလို၊ စာရေးတဲ့အခါ သီးသန့်ဝတ်တဲ့ ဝတ်စုံကိုလည်း ဝတ်လို့ရပါတယ်၊ အဲဒါဆိုရင်တော့ မင်ပေမှာကို စိုးရိမ်စရာ မလိုတော့ဘူးပေါ့"
ခုနက မှတ်ချက်ပေးခဲ့သူမှာ ထွက်မသွားသေးဘဲ ဆက်လက်မေးမြန်းသည်။
"ဒီလောက် စာရေးကောင်းတဲ့သူတောင် မင်ပေတတ်သေးလို့လား?"
ဝေဖုန်းယီက ပြုံးလိုက်ပြီး ဆိုသည်။
"အဲဒါက စာရေးကောင်းတာနဲ့ မဆိုင်ပါဘူး၊ မင်ဆိုတာက ဘယ်နေရာမှာမဆို မထင်မှတ်ဘဲ ပေါ်လာတတ်တာမျိုးပါ"
ငါးလေးက ဆန်ကိတ် စားရတာ ကြိုက်တယ် : "နားလည်ပါပြီ၊ ကျေးဇူးတင်ပါတယ် Live လွှင့်တဲ့အကိုကြီး "
ဝေဖုန်းယီ၏ အဖြေပေးမှုမှာ အနည်းငယ် နှေးကွေးသော်လည်း 'ငါးလေးက ဆန်ကိတ် စားရတာ ကြိုက်တယ်' အမည်ရှိ အသုံးပြုသူမှာ လုံးဝ ထွက်မသွားခဲ့ပေ။
ထိုမက်ဆေ့ ပေးပြီးနောက်တွင်မူ နောက်ထပ် မှတ်ချက် လေးငါးခုလောက် တဖြည်းဖြည်း ပေါ်ထွက်လာသည်။
"Live လွှင့်သူရေ 'ချစ်သူနှစ်ဦးရဲ့အချစ်က ထာဝရတည်မြဲနေမယ်ဆိုရင် နေ့တိုင်း အတူရှိနေဖို့ ဘာလို့ လိုဦးမှာလဲ'
ဆိုတဲ့ စာသားလေး ရေးပေးလို့ ရမလား၊ ကျွန်မရဲ့ ဖုန်းနောက်ခံပုံ အတွက် သုံးချင်လို့ပါ "
"အား စာလုံးတွေ တောင်းဆိုလို့ ရတာလား Live လွှင့်သူ၊ ကျွန်မကို ဖာ '发' (ချမ်းသာခြင်း) ဆိုတဲ့ စာလုံးလေး ရေးပေးနိုင်မလား ကျွန်မ တကယ်ကို ချမ်းသာချင်လို့ပါ "
ဝေဖုန်းယီသည် ရေနှစ်ငုံခန့် သောက်လိုက်ရင်း အခွင့်အရေးကို အသုံးချကာ ပြန်လည်ဖြေကြားလိုက်သည်။
"ရေးပေးလို့ ရပါတယ်၊ ၈ နာရီရောက်ရင် လူတိုင်းရဲ့ တောင်းဆိုချက်တွေကို ဖြည့်ဆည်းပေးပါ့မယ်၊အခုတော့ သင်ခန်းစာကို အရင် အဆုံးသတ်လိုက်ကြရအောင်"
Live လွှင့်သူက စကားပြောလာသည်ကို မြင်သောအခါ မှတ်ချက်ကဏ္ဍမှာ ပြန်လည် တိတ်ဆိတ်သွားသည်။
ဝေဖုန်းယီသည် သတ်မှတ်ထားသော အချိန်ဇယားအတိုင်း သင်ခန်းစာကို အဆုံးသတ်ခဲ့၏။
ကြားထဲတွင် မှတ်ချက်အချို့ကို ပြန်လည်ဖြေကြားနေရသဖြင့် အချိန်အနည်းငယ် ကြာမြင့်သွားခဲ့ရာ သူပြင်ဆင်ထားသော အကြောင်းအရာများကို ၈ နာရီ ၁၅ မိနစ်တွင် အဆုံးသတ်နိုင်ခဲ့သည်။
"နောက်ထပ် (၁၅) မိနစ် ကျန်ပါသေးတယ်၊ သိချင်တာတွေကို လွတ်လွတ်လပ်လပ် မေးမြန်းနိုင်ပါတယ်"
ဝေဖုန်းယီက ဆိုကာ တောင်းဆိုထားသည့် ကဗျာနှင့် ဖာ '发' (ချမ်းသာခြင်း) ဆိုသည့် စာလုံးကို စတင်ရေးသားပေးတော့သည်။
"အား အား အား၊ ကျွန်မလည်း တစ်ခုလောက် လိုချင်ပါတယ်၊ Live လွှင့်သူ ကျွန်မကိုလည်း ကြည့်ပေးပါဦး "
"ဝါး တကယ်ကို လှတာပဲ "
"နောက်တစ်ခါကျရင် ရွှေမှုန်ပါတဲ့ စက္ကူ နဲ့ ပြောင်းရေးပေးပါလား "
Live လွှင့်ခန်းမှာ ခဏချင်းပင် သက်ဝင်လှုပ်ရှားလာပြီး လူအများအပြားမှာ တက်ကြွလာကြသည်။
Live လွှင့်ခန်းထဲရှိ ကြည့်ရှုသူများမှာ အမှန်တကယ်ပင် လူအစစ်များ ဖြစ်နေကြသည် မဟုတ်ပါလား။
စုဟယ်သည်လည်း လူအုပ်ထဲတွင် ရောနှောကာ မက်ဆေ့အချို့ ပေးပို့လိုက်သည်။
"Live လွှင့်တဲ့သူက တကယ်ကို အံ့သြဖို့ကောင်းတာပဲ "
Live လွှင့်ခန်းထဲတွင် လူများများစားစား မရှိသော်လည်း လူတိုင်း၏ ဆန္ဒကို တစ်ပြိုင်နက်တည်း ဖြည့်ဆည်းပေးရန်မှာ မဖြစ်နိုင်ပေ။
ဝေဖုန်းယီတွင် သူကိုယ်တိုင်၏ ခိုင်မာသော စည်းကမ်းရှိသဖြင့် ည (၈) နာရီခွဲ တိတိတွင် Live ကို အချိန်မှန် အဆုံးသတ်ခဲ့သည်။
"ကျေးဇူးတင်ပါတယ်၊ Live ကို မနက်ဖြန်ည ၇ နာရီမှာ ဆက်လက်-"
ဝေဖုန်းယီ စကားမဆုံးသေးခင်မှာပင် Live လွှင့်ခန်းထဲတွင် အထူးပြုလုပ်ချက်များ ပေါ်လာပြီး တစ်စုံတစ်ယောက်က လက်ဆောင်ပေးလိုက်သည်ကို ပြသနေသည်။
'ငါးလေးက ဆန်ကိတ် စားရတာ ကြိုက်တယ် က နှလုံးသား ၅ခု ပေးပို့လိုက်သည်'
ငါးလေး၏ နောက်တွင် ဝေဖုန်းယီသည် ပန်းလက်ဆောင် အချို့ကိုလည်း ရရှိခဲ့သည်။
လက်ဆောင်များ ဆက်လက်ပေးပို့နေဆဲ ဖြစ်သဖြင့် ဝေဖုန်းယီသည် ခေတ္တရပ်တန့်လိုက်ပြီး သူ၏ ကျေးဇူးတင်စကားကို ဖော်ပြလိုက်သည်။
"လူတိုင်းရဲ့ လက်ဆောင်တွေအတွက် ကျေးဇူးတင်ပါတယ်၊ နောက်ထပ် ပေးပို့ဖို့ မလိုတော့ပါဘူး မနက်ဖြန်မှာတော့ စာလုံးတွေကြားက ဖွဲ့စည်းပုံအကြောင်းကို ရှင်းပြပေးသွားမှာပါ၊ သင်ခန်းစာကို ဆက်လက်လာရောက် နားထောင်ကြဖို့ မျှော်လင့်ပါတယ်၊ ကျွန်တော်ကတော့ ယုံကျန်း မြို့က ဟဲ့ယဲ့တည်းခိုခန်းမှာ ရှိနေတာပါ တကယ်လို့ ရေစက်ရှိမယ်ဆိုရင် ကျွန်တော်တို့ တည်းခိုခန်းကို လာရောက်လည်ပတ်ဖို့ ဖိတ်ခေါ်ပါတယ်"
ဝေဖုန်းယီသည် စကားကို အဆုံးသတ်လိုက်ပြီး Live ကို ပိတ်လိုက်သည်။
Live လွှင့်ခန်းထဲရှိ လူအချို့မှာ လက်ဆောင်များပင် ပေးပို့၍ မပြီးသေးခင်မှာပင် Live ပိတ်သွားသည်ကို မြင်လိုက်ရ၏။
သူတို့သည် လက်ဆောင်ကိုပင် အလိုမရှိသော Live လွှင့်သူမျိုးကို တစ်ခါမျှ မတွေ့ဖူးခဲ့ကြပေ။ ဤသည်ကပင် သူတို့၏ အရှုံးမပေးလိုသော စိတ်ဓာတ်ကို တောက်လောင်စေခဲ့ပြီး လူအများအပြားမှာ မနက်ဖြန်တွင် လက်ဆောင်ကို အသေအချာ ပေးပို့မည်ဟု ဆုံးဖြတ်ကာ Live လွှင့်ခန်းကို Follow လုပ်ထားလိုက်ကြသည်။
သူတို့သည် ယနေ့တွင် အလေးအနက် နားထောင်ခဲ့ကြပြီး အလွန်ပင် အသုံးဝင်သော ဗဟုသုတများကို သင်ယူခဲ့ရသည် မဟုတ်ပါလား။
ပြီးတော့ ဒီ ဆရာဝေ ဆိုတဲ့လူက နောက်ဆုံးမှာ ဘာကို ဆိုလိုတာလဲ။ လက်ရေးလှ Live လွှင့်သူက စုတ်တံ၊ စက္ကူ ဒါမှမဟုတ် မင်တွေကို မရောင်းဘဲ တည်းခိုခန်း လုပ်ငန်းကို စတင်နေတာလား။ ဒီ ဆရာဝေ က တည်းခိုခန်း ပိုင်ရှင်ဖြစ်လို့ နေ့တိုင်း ပိုက်ဆံတွေ ရနေတာကြောင့် လက်ဆောင်တွေကို လက်မခံတာလား၊ ဝါသနာအရပဲ Live လွှင့်နေတာလား။
လူတိုင်း၏ စိတ်ကူးထဲတွင် ဝေဖုန်းယီ၏ ပုံရိပ်မှာ လောကီအရေးများကို စိတ်မဝင်စားဘဲ ငွေကြေးကို အရေးမစိုက်သော ပုဂ္ဂိုလ်တစ်ဦးအဖြစ် စတင် ပုံဖော်လာကြတော့သည်။
ဝေဖုန်းယီ Live ပိတ်လိုက်ပြီးနောက်တွင်မူ စုဟယ်သည် Administrator Backend သို့သွားကာ Live မှတ်တမ်းကို ဒေါင်းလုဒ်ဆွဲလိုက်သည်။
ညနေပိုင်းတွင် ဧည့်ကြိုကောင်တာ၌ အလုပ်များများစားစား မရှိသဖြင့် စုဟယ်သည် ဝေဖုန်းယီ၏ ယနေ့ Live ကို တည်းဖြတ်ရန် ဆုံးဖြတ်လိုက်သည်။
သူမသည် ပရိသတ်များ၏ တောင်းဆိုချက်များကို ဖြည့်ဆည်းပေးနေသည့် အခန်းအချို့ကို ဖယ်ရှားလိုက်ပြီး စစ်မှန်ပြီး တန်ဖိုးရှိသော သင်ခန်းစာ အကြောင်းအရာများကိုသာ ချန်လှပ်ထားခဲ့၏။
သူမသည် ထို Live ဗီဒီယိုကို Douyin နှင့် 'စာအုပ်စိမ်းလေး' ပေါ်သို့ တင်မည်ဖြစ်ပြီး C-station အကောင့်တစ်ခုကိုလည်း မှတ်ပုံတင်ကာ ထိုနေရာတွင်ပါ တင်ထားမည်ဖြစ်သည်။ လက်ရေးလှ Live မှတ်တမ်းများမှာ အတော်အတန် ရှည်လျားသဖြင့် C-stationကဲ့သို့ ဗီဒီယိုအရှည် တင်သည့် ပလက်ဖောင်းများအတွက် ပိုမို သင့်လျော်၏။
ဗီဒီယိုများကို တင်ပြီးနောက်တွင်မူ စုဟယ်သည် သူမ၏ ကွန်ပျူတာနှင့် ဖုန်းကို ပိတ်ကာ အိပ်စက်ရန် ပြင်ဆင်လိုက်သည်။ မနက်ဖြန် မနက်တွင် သူမသည် မုန့် များ ရောင်းချရန်အတွက် စောစောထရမည် ဖြစ်၏။ မကြာသေးမီက မုန့်များမှာ အလွန်ပင် ဝယ်ယူမှုမြင့်မား နေသဖြင့် စုဟယ်သည် ရောင်းချသည့်အချိန်ကို တိုးမြှင့်ရန် စဉ်းစားနေသည်။
မဟုတ်ပါက ဘုရားပုတီးပတ် ဝယ်ရန် တန်းစီသူများထက် မုန့်ဝယ်ရန် တန်းစီသူများက ပိုများနေပေလိမ့်မည်။
ဖုန်းပိတ်ထားသော စုဟယ်မှာမူ သူမ ဗီဒီယိုကိုC-stationပေါ်သို့တင်ပြီး ၁၀ မိနစ်အတွင်းမှာပင် ဗီဒီယိုမှာ နောက်ထပ် ကြည့်ရှုမှု (၆)ဦး၊ (၇)ဦးခန့် ရရှိသွားသည်ကို မသိရှိလိုက်ပေ။