← Chapters

အခန်း (၃၁-၃၂)

Vol. 4 Ch. 31-32

အခန်း (၃၁-၃၂)

Vol. 4 Ch. 31-32

31

ရှန့်ကျင့်ကျောက်သည် သူ၏ နဖူးကို လက်ဖြင့်ဖိကာ ငိုက်မြည်းနေမှုကို အနိုင်နိုင်အောင့်အီးထားရင်း ဗီဒီယိုကို ဆက်လက်ကြည့်ရှုနေသည်။

ယုံကျန်းမြို့ ပန်းချီနှင့် လက်ရေးလှအသင်း၏ နှစ်ပတ်လည် အခမ်းအနားကြီးဖြစ်သော ဟွာကော် ပန်းချီနှင့် လက်ရေးလှပြပွဲ မှာ ကျင်းပရန် နီးကပ်နေပြီဖြစ်သည်။ ထိုပြပွဲတွင် ပန်းချီနှင့် လက်ရေးလှ ပြိုင်ပွဲများအပါအဝင် စိတ်ဝင်စားဖွယ် လှုပ်ရှားမှုများစွာ ပါဝင်၏။ လက်ရေးလှပြပွဲကို စုတ်တံအမျိုးအစားအလိုက် ခွဲခြားထားသလို ကလေးတန်း၊ လူကြီးတန်း၊ အပျော်တမ်းတန်း စသဖြင့် အသေးစိတ် ခွဲခြားထားသည်။ ပန်းချီပြိုင်ပွဲများမှာလည်း ထို့ထက်ပင် ပိုမိုစုံလင်လှရာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စည်ကားလှသော ပွဲတော်ကြီးတစ်ခုပင် ဖြစ်၏။

ပြိုင်ပွဲအပြီးတွင် တန်ဖိုးရှိသော အောင်လက်မှတ်များ ချီးမြှင့်မည့်အပြင် ဆုရရှိသော လက်ရာများကို နိုင်ငံအနှံ့ လှည့်လည်ပြသရန် ရွေးချယ်သွားမည်ဖြစ်၏။ ထို့ကြောင့် နှစ်စဉ်နှစ်တိုင်း ဤပြိုင်ပွဲသည် ပန်းချီနှင့် လက်ရေးလှ ဝါသနာရှင် အမြောက်အမြားကို ဆွဲဆောင်နိုင်ခဲ့သည်။

ရှန့်ကျင့်ကျောက်၏ အဘိုးဖြစ်သူ ရှန့်ရှီမှာ ယုံကျန်းမြို့ ပန်းချီနှင့် လက်ရေးလှအသင်း၏ ဥက္ကဋ္ဌဖြစ်ရာ ရှန့်ကျင့်ကျောက်ကို ပညာတတ်မိသားစုမှ ဆင်းသက်လာသူဟု ဆိုနိုင်သည်။

သို့သော် ရှန့်ကျင့်ကျောက်မှာမူ ပန်းချီနှင့် လက်ရေးလှပညာရပ်တွင် ပါရမီမပါသလို ဝါသနာလည်း မရှိပေ။ ကောလိပ်ရောက်သည့်အခါ သူဝါသနာပါရာ ကွန်ပျူတာသိပ္ပံဘာသာရပ်ကိုသာ ရွေးချယ်သင်ယူခဲ့သည်။

သူသည် ဤပညာရပ်များမှ နောက်ဆုံးတွင် လွတ်မြောက်ပြီဟု ထင်မှတ်ခဲ့သော်လည်း မထင်မှတ်ဘဲ အဘိုးဖြစ်သူက ယခုပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန် အတင်းအကျပ် တိုက်တွန်းလာတော့သည်။ ရှန့်ကျင့်ကျောက်မှာ လက်ရေးလှပညာနှင့် ပတ်သက်သမျှ အရာအားလုံးကို မေ့လျော့နေခဲ့ပြီဖြစ်၏။

၎င်းမှာ သူ၏ မွေးနေ့ကို မေ့သွားခြင်းထက်ပင် ပို၍ ဆိုးဝါးလှသည်။ တက္ကသိုလ်ဝင်တန်း စာမေးပွဲပြီးသွား၍ ကျက်ထား‌သော စာများကို စွန့်ပစ်ထားသော ကျောင်းသားတစ်ဦးကဲ့သို့ပင် သူသည် လက်ရေးလှစုတ်တံကို ဂြိုဟ်သားတစ်ဦးကို ကြည့်နေသကဲ့သို့ ကြည့်နေမိ၏။ လက်ရေးလှပညာဆိုသည်မှာ ဆယ်စုနှစ်တစ်ခုမက ရေးသားခဲ့ဖူးသဖြင့် ကြွက်သားများ၏ မှတ်ဉာဏ်မှာ ကျန်ရှိနေဦးမည်ဟု ယူဆကာ သူက ယုံကြည်မှုအပြည့်ဖြင့် စုတ်တံကို ကောက်ကိုင်လိုက်သည်။

သို့သော် သူ၏လက်များမှာ စိတ်မငြိမ်သောရောဂါသည်ကဲ့သို့ တုန်ရီနေသည်။

မီးခြစ်ခြစ်ရန် ကြိုးစားနေသော လူပြက်တစ်ဦးကဲ့သို့ စုတ်တံကို ကိုင်တွယ်မိရာမှ စက္ကူပေါ်တွင် မင်ကွက်ကြီးများနှင့် ရှုပ်ထွေးနေသော အရာများသာ ထွက်ပေါ်လာတော့၏။

အချိန်အတော်ကြာ မရေးဘဲနေလျှင် လက်ရေးမှာ တကယ်ပင် အရုပ်ဆိုးသွားတတ်သည် မဟုတ်ပါလား။

ရှန့်ကျင့်ကျောက်မှာ သက်ပြင်းအရှည်ကြီးကို ချလိုက်မိသည်။

အခက်အခဲကြုံလျှင် 'ချန့်တု' တွင် ရှာဖွေရမည်ဟူသော အတိုင်း သူသည် အွန်လိုင်းမှ သင်ကြားရေးဗီဒီယိုများကို ရှာဖွေကြည့်ရှုရင်း သူ၏ ပျောက်ဆုံးနေသော မှတ်ဉာဏ်များကို ပြန်လည်နိုးထစေရန် ကြိုးစားသည်။ ထိုသို့ရှာဖွေရင်းနှင့် ဝေဖုန်းယီ၏ ဗီဒီယိုမှာ သူ၏ အမြင်အာရုံထဲသို့ ရောက်ရှိလာခြင်းဖြစ်၏။

ရှန့်ကျင့်ကျောက်သည် သင်ကြားရေးဗီဒီယိုများကို ကြည့်ရှုရင်း သူ၏ ပညာရပ်ကို ပြန်လည်နိုးထစေချင်သဖြင့် ဗီဒီယိုကို အစမှအဆုံး မကြည့်ဘဲ ဝေဖုန်းယီ လက်တွေ့ရေးသားပြနေသည့် အလယ်ပိုင်းဆီသို့ တိုက်ရိုက်ဆွဲကြည့်လိုက်သည်။

Live မှတစ်ဆင့် လက်တွေ့ရေးသားပုံကို အနီးကပ် မြင်တွေ့ရစေသည်။

ကြည့်ရှုသူများမှာ စုတ်တံသည် စက္ကူပေါ်တွင် မည်သို့ချောမွေ့စွာ လှုပ်ရှားနေသည်၊ မင်၏ အလင်းအမှောင်များ မည်သို့ပြောင်းလဲသွားသည်ကို အနီးကပ် မြင်တွေ့ရသဖြင့် စာအုပ်ထဲမှ လက်ရေးပုံစံများကို ကြည့်ရသည်ထက် များစွာ ပိုမိုသက်ဝင်လှုပ်ရှားလှသည်။ ရေးသားသူ၏ စုတ်ချက်ဖိအား၊ အစီအစဉ်နှင့် ပုံစံချပုံတို့ကို အသေးစိတ် လေ့လာခြင်းဖြင့် ကြည့်ရှုသူများသည် နည်းစနစ်ပိုင်းဆိုင်ရာ အချက်အလက်များကို ပိုမိုရှင်းလင်းစွာ နားလည်နိုင်ပြီး ကိုယ်တိုင်ရေးသားရာတွင်လည်း တိုးတက်လာစေနိုင်သည်။

ရှန့်ကျင့်ကျောက်သည် လက်ရေးလှ သင်ကြားရေးဗီဒီယိုဟု ဆိုကြသော ဗီဒီယိုအတော်များများကို ကြည့်ရှုခဲ့ပြီးဖြစ်သည်။ ယခုခေတ်တွင် အင်တာနက်မှာ အလွန်တိုးတက်နေသဖြင့် မည်သူမဆို ဗီဒီယိုများ တင်နိုင်ကြ၏။ တင်ထားသော လက်ရေးလှဗီဒီယိုများမှာလည်း ပုံစံအမျိုးမျိုး၊ အဆင့်အတန်းအမျိုးမျိုး ရှိကြရာ အကောင်းနှင့် အဆိုးမှာ ရောထွေးနေတတ်သည်။ အချို့မှာ ကင်မရာရှေ့တွင် ဟန်ပြသက်သက် စုတ်တံကို ကိုင်တွယ်နေကြသော်လည်း စစ်မှန်သော လက်ရေးလှပညာ အခြေခံမရှိကြပေ။

ဗီဒီယိုအချို့တွင် ရိုက်ကူးသူသည် အပေါ်ယံပုံစံကိုသာ အာရုံစိုက်လွန်းသဖြင့် အနှစ်သာရကို လျစ်လျူရှုထားတတ်သည်။ လက်ရေးမှာ ကြည့်ကောင်းသယောင်ရှိသော်လည်း စာလုံးများ၏ နောက်ကွယ်မှ စိတ်ခံစားမှုနှင့် အတွေးအမြင်များကို ဖော်ပြနိုင်စွမ်းမရှိဘဲ အနုပညာရသ ကင်းမဲ့နေတတ်၏။ ထိုသို့သော အပေါ်ယံခန့်ညားမှုမှာ များသောအားဖြင့် ဟာလာဟင်းလင်း ဖြစ်နေတတ်သဖြင့် ကြည့်ရှုသူများအတွက် အနုပညာအရသာကို အပြည့်အဝ မပေးနိုင်ပေ။

ထို့ပြင် အချို့မှာ ကြည့်ရှုသူများ၏ အာရုံကို ဆွဲဆောင်ရန်အတွက် ဆန်းပြားသော နည်းစနစ်များကိုသာ အလွန်အမင်း အသားပေးကြပြီး ရိုးရာလက်ရေးလှ၏ စံနှုန်းနှင့် အနှစ်သာရကို လျစ်လျူရှုထားကြသည်။ ထိုသို့သော လက်ရာများသည် မျက်စိကျစရာ ကောင်းနိုင်သော်လည်း ရိုးရာလက်ရေးလှ၏ စစ်မှန်သော ဝိညာဉ်အပေါ် နားလည်မှုနှင့် လေးစားမှု ကင်းမဲ့နေတတ်၏။ ဗီဒီယိုပင်လယ်ကြီးထဲတွင် ကြည့်ရှုသူများသည် အတုနှင့်အစစ်ကို ခွဲခြားနိုင်ရန်အတွက် ဝေဖန်ပိုင်းခြားနိုင်သော မျက်စိရှိရန် လိုအပ်သည်။

ရှန့်ကျင့်ကျောက်မှာမူ ဗီဒီယိုများကို ရွေးချယ်ရာတွင် အတွေ့အကြုံရှိနေပြီဖြစ်သည်။

သူသည် ဗီဒီယို၏ ပြသသည့်အပိုင်းသို့ တိုက်ရိုက်ဆွဲကြည့်ပြီး သူ၏ ကျန်ရှိနေသေးသော အနုပညာအမြင်ဖြင့် စစ်မှန်သော ကျွမ်းကျင်မှုရှိသည့် လက်ရာများကိုသာ ရွေးချယ်လေ့ရှိသည်။ ဝေဖုန်းယီ၏ ဗီဒီယိုမှာမူ သူရှာဖွေတွေ့ရှိလိုက်သည့် ရတနာတစ်ခုပင် ဖြစ်၏။

ဝေဖုန်းယီ၏ လှုပ်ရှားမှုများမှာ ပေါ့ပါးသော်လည်း အားပါလှသည်။ စုတ်ချက်တိုင်းမှာ သဘာဝအတိုင်း စီးဆင်းနေပြီး သက်ဝင်လှုပ်ရှားနေသကဲ့သို့ ရှိကာ နက်နဲသော ယဉ်ကျေးမှု အမွေအနှစ်များနှင့် အတွင်းစိတ်ခံစားမှုများ ကိန်းအောင်းနေ၏။ သာမန်အားဖြင့် ဆွဲလိုက်သော စုတ်ချက်တစ်ခုဟု ထင်ရသော်လည်း ရွှေရန်စက္ကူ ပေါ်တွင် ပေါ်လာသည့်အခါတွင်မူ စက္ကူကို ဖောက်ထွက်သွားမည့်အတိုင်း အားမာန်ပါလှသည်။

"ဝါး အံ့သြဖို့ကောင်းလိုက်တာ"

ရှန့်ကျင့်ကျောက်မှာ စိတ်လှုပ်ရှားသွားသည်။

"ထူးခြားတယ်၊ ခန့်ညားတယ်၊ တိမ်တိုက်တွေနဲ့ ရေတွေ စီးဆင်းနေသလိုပဲ ဒါက တကယ့် ဆရာကြီးပဲ"

ဝေဖုန်းယီ၏ အပြစ်ပြောစရာမရှိသော လက်ရေးလှကို ကြည့်ရင်း ရှန့်ကျင့်ကျောက်၏ မျက်လုံးများမှာ အရောင်တောက်လာသည်။ သူ့တွင် ကူးချလို့ရမည့် အိမ်စာ ရသွားပြီဖြစ်၏။

သူသည် စက္ကူနှင့် စုတ်တံကို ထုတ်ယူကာ ဝေဖုန်းယီ၏ အရှိန်အဟုန်အတိုင်း လိုက်လံရေးသားကြည့်သည်။ ရှန့်ကျင့်ကျောက်သည် စားပွဲတွင်ထိုင်ကာ ပထမပိုင်း စာလုံးအချို့ကို ရေးကြည့်သည့်အခါ သူ့ကိုယ်သူ အတော်လေး ကျေနပ်နေမိ၏။ သို့သော် ဆက်လက်ရေးသားသည့်အခါတွင်မူ သူ၏လက်ထဲရှိ စုတ်တံမှာ လေးလံလာသလို ခံစားရသည်။

သူသည် ကွန်ပျူတာသိပ္ပံကို သင်ယူခဲ့သူဖြစ်ရာ စာမရေးဖြစ်သည်မှာ ကြာပြီဖြစ်၏။ လက်ရေးလှကို မဆိုထားနှင့်၊ သာမန်အချိန်များတွင်ပင် ဖုန်းထဲတွင်သာ စာရိုက်လေ့ရှိသည်။ သူ၏ လက်ရေးမှာ အချိန်တစ်ခုတွင် အေးခဲသွားသကဲ့သို့ စက္ကူပေါ်တွင် ချောမွေ့စွာ စီးဆင်းခြင်း မရှိတော့ပေ။ ရှန့်ကျင့်ကျောက်၏ အကြည့်များမှာ စူးစိုက်နေသော်လည်း ဝေဝါးမှုအချို့ ရှိနေ၏။ ရေးလေလေ၊ ထူးဆန်းလေလေဟု ခံစားလာရသည်။

သူသည် စုတ်တံကို တင်းတင်းဆုပ်ကိုင်ကာ အသစ်ပုံဖော်ရန် ကြိုးစားသော်လည်း သူ၏ စုတ်ချက်များမှာ တောင့်တင်းနေသည်ကို တွေ့ရသည်။ စုတ်ချက်တိုင်း၊ မျဉ်းကြောင်းတိုင်းမှာ စက်ရုံမှ ထွက်ပေါ်လာသော အရာများကဲ့သို့ပင်။ ပထမတစ်ချက်ကြည့်လျှင် မဆိုးလှဟု ထင်ရသော်လည်း စုတ်ချက်တည်ဆောက်ပုံတွင် ပြဿနာများစွာ ရှိနေ၏။

ရှန့်ကျင့်ကျောက်သည် စာရေးခြင်းကို ရပ်နားလိုက်ပြီး မျက်မှောင်ကြုတ်လိုက်သည်။ တစ်ခုခု မှားယွင်းနေသည်ဟု သူ ခံစားနေရ၏။ ရင်းနှီးပြီးသား စာလုံးများမှာ ပို၍ ပို၍ ထူးဆန်းလာသည်။ နောက်ဆုံးတွင် သူသည် စာမတတ်သူတစ်ဦး ဖြစ်နေပြီလားဟုပင် သံသယဝင်လာမိသည်။

သူ၏ ရေးသားမှုတွင် လူတို့၏ နှလုံးသားကို ထိခိုက်စေနိုင်သော ဝိညာဉ်နှင့် အားမာန်အချို့ လိုအပ်နေသည်ဟု သူ ခံစားရသည်။ သူသည် သူ၏မှတ်ဉာဏ်ထဲမှ မေ့လျော့နေသော စိတ်ကူးစိတ်သန်းအချို့ကို ပြန်လည်တူးဆွရန် ကြိုးစားရင်း ခေါင်းကို ကုတ်နေမိ၏။

"အား အား အား၊ တကယ်ကို စိတ်ညစ်ဖို့ကောင်းတာပဲ ငါက ဘာလို့ အိမ်စာတွေ လုပ်နေရသေးတာလဲ"

သူသည် ကောလိပ်ကျောင်းသား တစ်ဦးဖြစ်နေပြီ ဖြစ်သော်လည်း တစ်စုံတစ်ယောက်က သူ့ကို လမ်းညွှန်ပေးရန်၊ အနည်းဆုံးတော့ အဘိုးဖြစ်သူ၏ ဆူပူမှုကို မခံရဘဲ ထိုပန်းချီနှင့် လက်ရေးလှပြပွဲကို ကျော်လွှားနိုင်ရန် လမ်းပြပေးမည့်သူကို တောင့်တနေမိသည်။

ရှန့်ကျင့်ကျောက်သည် သူ၏ လက်ပေါ်မှ မင်ကွက်များကို သုတ်လိုက်ပြီး ဗီဒီယိုအ‌နောက်ကို အနည်းငယ် ပြန်ရစ်လိုက်သည်။ ဝေဖုန်းယီ Live လွှင့်စဉ်အတွင်း အမေးအဖြေကဏ္ဍ ပြုလုပ်ခဲ့သည်ကို သူ မြင်လိုက်ရ၏။

"တောက်၊ Live က ပြီးသွားပြီပဲ "

သို့သော် သူသည် ဝေဖုန်းယီ၏ Live အကောင့်ကို အင်တာနက်တွင် ရိုက်ရှာကြည့်သည့်အခါ Live မှာ ပြီးဆုံးသွားသည်မှာ ကြာပြီဖြစ်ကြောင်း တွေ့ရှိရသည်။ ညဉ့်နက်လာသည်နှင့်အမျှ ရှန့်ကျင့်ကျောက်မှာ ပို၍ ပို၍ အားအင်ကုန်ခမ်းလာပြီး စားပွဲပေါ်တွင် မှောက်လျက်သား လဲလျောင်းနေမိ၏။

ဗီဒီယိုမှာ ဆက်လက်ပြသနေဆဲဖြစ်သည်။ စုဟယ်သည် ဝေဖုန်းယီ၏ ကြော်ငြာအပိုင်းကို ဖြတ်မထုတ်ခဲ့ပေ။

စားပွဲပေါ်တွင် မှောက်နေသော ရှန့်ကျင့်ကျောက်သည် ဟဲ့ယဲ့တည်းခိုခန်း၏ လိပ်စာကို ကြားလိုက်ရသည်။

"ဟဲ့ယဲ့တည်းခိုခန်း၊ ယုံကျန်းမြို့ "

သူလည်း ယုံကျန်းမြို့မှာ ရှိနေတာပဲ မဟုတ်ပါလား ရှန့်ကျင့်ကျောက်သည် သူ၏ ဖုန်းကိုဖွင့်ကာ သူရှိနေသည့် နေရာကို အတည်ပြုရန် ဖန်သားပြင်ကို ပွတ်လိုက်သည်။

မြေပုံစနစ် ကို အသုံးပြုကာ ပတ်ဝန်းကျင် တည်နေရာ အချက်အလက်များကို သေချာစွာ စစ်ဆေးသည်။

တည်နေရာမှာ ယုံကျန်းမြို့၏ လမ်းဟောင်းရပ်ကွက် ကို ပြသနေပြီး ပတ်ဝန်းကျင်ရှိ အဆောက်အအုံများနှင့် လမ်းအမည်များကို ရှင်းလင်းစွာ မြင်တွေ့ရသည်။

"ဆန်းကျုံးဘုရားကျောင်း ၊ ငါ့ဆီကနေ (၃) ကီလိုမီတာပဲ ဝေးတာပဲ "

လမ်းဟောင်းရပ်ကွက်တွင် မြေအောက်ရထား မရှိသော်လည်း ရှန့်ကျင့်ကျောက်မှာ ကားမောင်းနိုင်သဖြင့် ထိုနေရာသို့ သွားရန်မှာ အလွန်လွယ်ကူလှသည်။ ရှန့်ကျင့်ကျောက်၏ ခေါင်းထဲသို့ ထူးကဲသော စိတ်ကူးတစ်ခု ရောက်ရှိလာ၏။ သူ ထိုနေရာသို့ တိုက်ရိုက်သွားပြီး ဆရာဝေဆီမှာ လူကိုယ်တိုင် လမ်းညွှန်မှုခံယူရန် ဆုံးဖြတ်လိုက်သည်။

သူသည် ဆရာကြီးတစ်ယောက် ဖြစ်လာရန် မရည်ရွယ်ပေ။ ယခင်က သူ၏ကျွမ်းကျင်မှု ၇၀ ရာခိုင်နှုန်းလောက်အထိ ပြန်ရောက်လျှင်ပင် လုံလောက်ပြီပင်။ နောက်ဆုံးမိနစ်မှ အစွမ်းကုန် လေ့ကျင့်မှုဖြစ်၏။ ထိုသို့ဆိုပါက အဘိုးဖြစ်သူလည်း သူ့အခြေအနေအမှန်ကို သိတော့မည်မဟုတ်ပေ။

32

ရှန့်ကျင့်ကျောက် ဟဲ့ယဲ့တည်းခိုခန်းသို့ ရောက်ရှိလာချိန်တွင် ဧည့်ကြိုကောင်တာ၌ ဝေဖုန်းယီ တစ်ဦးတည်းသာ ရှိနေသည်။ ဟုန်လျန်မှာ မီးဖိုချောင်ထဲတွင်ရှိနေပြီး၊ စုဟယ်ကတော့ စတိုးဆိုင်အဝင်ဝတွင် မုန့်များအော်ရောင်းနေကာ ယာယီအလုပ်သမား အစ်မကျန်း မှာလည်း သူမ၏တွန်းလှည်းဖြင့် သန့်ရှင်းရေးလုပ်ငန်းများကို စတင်နေပြီဖြစ်၏။

နံနက်ခင်းအချိန်ဖြစ်၍ လူသူအနည်းငယ်သာရှိပြီး ဝေဖုန်းယီမှာ ဧည့်ကြိုကောင်တာတွင် သင်ခန်းစာပို့ချရန် အစီအစဉ်ကို ရေးသားနေသည်။ မနေ့ညက Live လွှင့်ပြီးနောက် သူသည် သေချာစွာ ပြန်လည်သုံးသပ်ကြည့်ရာ တိုက်ရိုက်သင်ကြားမှုအပိုင်းတွင် တိုးတက်ရန်လိုအပ်သည့် အချက်များစွာကို တွေ့ရှိခဲ့ရသည်။

"ဒါက ဆရာဝေလားဗျ"

ရှန့်ကျင့်ကျောက်က အနည်းငယ် မဝံ့မရဲဖြင့် ခေါင်းလေးပြူကာ မေးလိုက်သည်။

ဝေဖုန်းယီက မော့ကြည့်လိုက်ပြီး အံ့သြသလိုဖြင့် မေးလိုက်သည်။

"မင်းက ဘယ်သူလဲ"

တုံ့ပြန်မှုရသည်နှင့် ရှန့်ကျင့်ကျောက်မှာ အခွင့်အရေးကို ချက်ချင်းအရယူကာ သွားဖြဲကာပြုံးပြလိုက်ပြီး ပြောလိုက်သည်။

"ဆရာဝေ၊ ကျွန်တော်က ရှန့်ကျင့်ကျောက်ပါ၊ ရှောင်ရှန့်လို့ပဲ ခေါ်လို့ရပါတယ်။ မနေ့က ဆရာ့ရဲ့ Live ကို ကြည့်ပြီး လမ်းညွှန်မှုအချို့ တောင်းခံချင်လို့ လာခဲ့တာပါ"

သူ၏ Live ပြီးဆုံးပြီး နောက်တစ်နေ့မှာပင် လူကိုယ်တိုင် ရောက်ရှိလာသူရှိလိမ့်မည်ဟု ဝေဖုန်းယီ မမျှော်လင့်ထားခဲ့ပေ။ အင်တာနက်၏ စွမ်းအားမှာ တကယ်ပင် အံ့သြစရာကောင်းလှသည်။

ရှန့်ကျင့်ကျောက်က သူ၏စားပွဲပေါ်ရှိ ရွှေရန်စက္ကူကို စူးစူးစိုက်စိုက် ကြည့်နေသည်ကို မြင်သောအခါ ဝေဖုန်းယီက ဘေးသို့တိုးပေးကာ နေရာအနည်းငယ် ဖယ်ပေးလိုက်သည်။ ရှန့်ကျင့်ကျောက်မှာ အားနာမနေဘဲ ဘေးတွင် ချက်ချင်းနေရာယူလိုက်သည့်အပြင် ဝေဖုန်းယီအတွက် စက္ကူကိုပါ ဝိုင်းဖိပေးထားသေး၏။

"ဟင်း ဒီစုတ်ချက်တွေကတော့ဗျာ"

"ဝါး တကယ်ကို ခန့်ညားတာပဲ"

"အံ့မခန်းပါပဲ၊ ဆရာဝေရဲ့ စုတ်တံကိုင်တွယ်ပုံကတော့ နတ်သက်ကြွေတဲ့အတိုင်းပဲ "

ရှန့်ကျင့်ကျောက်၏ ပါးစပ်မှာ ခဏမျှမနားပေ။ ဝေဖုန်းယီ စုတ်ချက်တစ်ချက် ဆွဲလိုက်တိုင်း အာမေဍိတ်သံတစ်ခု ထွက်ပေါ်လာစမြဲဖြစ်သည်။ တည်ငြိမ်အေးဆေးလှသော ဝေဖုန်းယီပင်လျှင် အနည်းငယ် ဆူညံသည်ဟု ခံစားလာရ၏။

ဝေဖုန်းယီသည် အချိန်မရွေး ချီးမွမ်းစကားပြောရန် ပါးစပ်တဟဟ ဖြစ်နေသော ရှန့်ကျင့်ကျောက်ကို တစ်ချက်ကြည့်လိုက်ပြီး စုတ်တံကို ချလိုက်သည်။

"လူငယ်လေးရှန့်၊ ဘာများ မေးစရာရှိလို့လဲ"

ရှန့်ကျင့်ကျောက်၏ မျက်နှာမှာ တောက်ပသော အပြုံးဖြင့် ချက်ချင်းလင်းလက်သွားသည်။ သူသည် ကျောပိုးအိတ်ထဲမှ မနေ့ကမှ ရေးထားသော ရွှေရန်စက္ကူ အထပ်လိုက်ကို အမြန်ထုတ်လိုက်၏။ စက္ကူပေါ်မှ မင်များမှာ စိုစွတ်နေဆဲဖြစ်ပြီး အကောင်းဆုံးစာလုံးများ ပါဝင်သော စက္ကူများကို သူက သေချာရွေးချယ်ထားခြင်းဖြစ်သည်။

သူသည် တန်ဖိုးရှိသော ရှေးဟောင်းပုရပိုက်တစ်ခုကို ဖြန့်လိုက်သကဲ့သို့ စာလုံးများကို တစ်ခုချင်းစီ အသာအယာ ဖြန့်ပြလိုက်သည်။ စက္ကူပေါ်ရှိ လက်ရေးများတွင် စာရေးခြင်းအပေါ် သူ၏ ချစ်မြတ်နိုးမှုနှင့် ကြိုးစားအားထုတ်မှုများ ထင်ဟပ်နေ၏။ စာလုံးတိုင်းတွင် သူ၏ အတွေးများ ကိန်းအောင်းနေပြီး မင်နှင့် စုတ်တံကို သူမည်သို့ ကျွမ်းကျင်အောင် ကြိုးစားထားသည်ကို ပြသနေသည်။

လမ်းညွှန်မှုတောင်းခံရန် အဆင်သင့်ဖြစ်နေသော ရှန့်ကျင့်ကျောက်သည် သူအကျေနပ်ဆုံး လက်ရာကို ရွေးထုတ်ကာ စားပွဲပေါ်တွင် တင်လိုက်သည်။ သူ၏လက်ချောင်းဖြင့် စာလုံးများကို အသာအယာ လိုက်လံထိတွေ့ရင်း သူ၏လက်ရာကို တစ်ကျော့ပြန် ပြန်လည်ခံစားနေမိ၏။

သူ၏အကြည့်မှာ စူးစိုက်နေသော်လည်း နေ့အလင်းရောင်အောက်တွင် အားနည်းချက်များမှာ ပို၍ပင် ပေါ်လွင်လာသည်။ ထိုလက်ရာတွင် သိသာထင်ရှားသော ချို့ယွင်းချက်များ ရှိနေပြီး စာလုံးအချို့မှာ မတည်မငြိမ် ဖြစ်နေ၏။ ရှန့်ကျင့်ကျောက်သည် ဝေဖုန်းယီ၏ လမ်းညွှန်မှုနှင့် အကြံပြုချက်များကို မျှော်လင့်တောင့်တစွာဖြင့် မော့ကြည့်လိုက်သည်။ ထိုတိုင်ပင်ဆွေးနွေးမှုမှတစ်ဆင့် သူ၏ အကန့်အသတ်များကို ကျော်ဖြတ်ပြီး လက်ရေးလှအဆင့်အတန်းကို တိုးမြှင့်လိုခြင်း ဖြစ်၏။

ဝေဖုန်းယီသည် သူယူလာသော လက်ရာများကို လှန်လှောကြည့်ရှုပြီးနောက် စုတ်တံကို ကောက်ကိုင်ကာ ဝိုင်းပြလိုက်သည်။

"ဒီနေရာက ဖွဲ့စည်းပုံက အနည်းငယ် မတည်မငြိမ်ဖြစ်နေတယ်၊ ပြီးတော့ ဒီဘက်အပိုင်းမှာ စုတ်ချက်ရဲ့ အားမာန်ကို ဒီထက်ပိုပြီး မြှင့်တင်လို့ရတယ်"

ရှန့်ကျင့်ကျောက် နားမလည်မှာ စိုးသဖြင့် ဝေဖုန်းယီသည် မင်တို့ကာ ဘေးတွင် နမူနာတစ်ခုကို ရေးသားပြလိုက်သည်။

"ကျေးဇူးတင်ပါတယ် ဆရာဝေ"

ရှန့်ကျင့်ကျောက်၏ စိတ်ထဲတွင် ရုတ်တရက် အလင်းပွင့်သွားသလို ခံစားလိုက်ရသည်။

ရှန့်ကျင့်ကျောက်က မေးခွန်းများ ဆက်လက်မေးမြန်းရန် ပြင်ဆင်နေစဉ် လွယ်အိတ်များကိုယ်စီဖြင့် လှေကားပေါ်မှ ဆင်းလာသော စုံတွဲတစ်တွဲကို မြင်သောအခါ အလိုက်တသိဖြင့် ဘေးသို့ ဖယ်ပေးလိုက်သည်။

"Check-out လုပ်ချင်လို့ပါ"

ထိုစုံတွဲမှာ ကောင်းကောင်းအိပ်စက်ထားရသဖြင့် ကြည့်ကောင်းနေကြသည်။

ဝေဖုန်းယီသည်လည်း စုတ်တံကို သိမ်းလိုက်ပြီး မေးလိုက်သည်။

"ဧည့်သည်တို့၊ ကျွန်တော်တို့ ဟိုတယ်အပေါ်မှာ ဧည့်သည်တို့ရဲ့ အမြင်လေး သိပါရစေ"

ထိုစုံတွဲက ချီးကျူးစကား ဆိုရန် ဝန်မလေးကြပေ။

"အခန်းက အရမ်းကောင်းတယ် ခုတင်က အထူးသဖြင့် သက်သောင့်သက်သာရှိတယ်၊ ပြီးတော့ ဒီမနက်က ဆန်ပြုတ်ကလည်း တကယ်ကို အရသာရှိ‌နေတာပဲ၊ အစကတော့ မနက်စာက ရိုးရှင်းလွန်းတယ်လို့ ထင်ခဲ့ပေမဲ့ ဆန်ပြုတ်အရသာကိုတော့ တကယ်ပဲ လက်မြှောက်အရှုံးပေးလိုက်ရ‌

လောက်တယ်"

"အချိန်မရွေး ပြန်လာဖို့ ဖိတ်ခေါ်ပါတယ်ဗျာ"

ဝေဖုန်းယီသည် ဧည့်သည်များ ထွက်ခွာသွားသည်ကို ကြည့်နေသည်။

သူသည် ရှန့်ကျင့်ကျောက်ကို စကားပြောရန် ပြင်လိုက်စဉ်မှာပင် ဧည့်ကြိုကောင်တာမှ ဖုန်းက ပြန်လည်မြည်လာပြန်၏။ သူက ရှန့်ကျင့်ကျောက်ကို အားနာသော အကြည့်ဖြင့်သာ ကြည့်နိုင်တော့သည်။

" ဟဲ့ယဲ့တည်းခိုခန်းကပါ၊ ဘာကူညီပေးရမလဲခင်ဗျာ"

"ဟုတ်ကဲ့၊ Live က ရတဲ့ ကူပွန် တွေကို သုံးလို့ရပါတယ်၊ ကျွန်တော်တို့ တည်းခိုခန်းက ခုတင်တွေက တကယ်ကို သက်သောင့်သက်သာ ရှိပါတယ်၊ လာရောက်ခံစားကြည့်ဖို့ ဖိတ်ခေါ်ပါတယ်၊ လိုအပ်ရင်တော့ ကျွန်တော်တို့ရဲ့ Mini-program ကနေလည်း အော်ဒါတင်လို့ ရပါတယ်"

"ဟုတ်ကဲ့၊ ဒီခုတင်က ဈေးမနည်းပါဘူး၊ ကျွန်တော်တို့ Mini-program ကနေ အသုံးပြုသူတွေရဲ့ပြန်လည်သုံးသပ်ချက် တွေကို ကြည့်လို့ရပါတယ်၊ အဲဒါတွေက အသုံးပြုသူတွေရဲ့ စစ်မှန်တဲ့ သုံးသပ်ချက်တွေပါ"

"ဟုတ်ကဲ့၊ ဒီနေ့နဲ့ မနက်ဖြန်အတွက် အခန်းတွေ ကျန်ပါသေးတယ်၊ မနက်ဖြန်အတွက် အခန်းကြိုတင်မှာချင်တာပေါ့ ဟုတ်ကဲ့၊ မှတ်သားပေးထားပါပြီ"

ဝေဖုန်းယီသည် ကွန်ပျူတာပေါ်တွင် အခန်းကြိုတင်စာရင်းသွင်းမှုကို မှတ်တမ်းတင်လိုက်သည်။

ရှန့်ကျင့်ကျောက်သည် ဝေဖုန်းယီ ဖုန်းပြောနေသည်ကို နားထောင်ရင်း တဖြည်းဖြည်း သတိဝင်လာသည်။ ဆိုလိုသည်မှာ ဆရာဝေက ဧည့်ကြိုကောင်တာမှာ တကယ်ပဲ အလုပ်လုပ်နေခြင်းဖြစ်၏။ သူသည် ကျောပေါ်မှ လွယ်အိတ်ကို ကြည့်ကာ ရုတ်တရက် အားနာသွားမိသည်။ ဆရာဝေကို လမ်းညွှန်မှုတောင်းခံရန် မေးခွန်းအတော်များများ သူ ယူလာခဲ့သည် မဟုတ်ပါလား။

အော်ဒါမှတ်သားပြီးနောက် ဝေဖုန်းယီသည်

ကီးဘုတ်ကို သိမ်းလိုက်ပြီး ရှန့်ကျင့်ကျောက်ကို ဆက်လက်လမ်းညွှန်ပေးသည်။

"ဆရာဝေ၊ ကျွန်တော့်အတွက်လည်း အခန်းတစ်ခန်း ကြိုတင်မှာပေးပါ"

ရှန့်ကျင့်ကျောက်က ကိုယ်ကိုကိုင်းကာ ပြောလိုက်သည်။

"ခုနက ဆရာရေးပြတဲ့ နမူနာတွေကို ကျွန်တော် ချက်ချင်း လေ့ကျင့်ချင်လို့ပါ၊ စားပွဲတစ်လုံးရှာပြီး သေချာလေ့ကျင့်မှ ရမယ်"

ဝေဖုန်းယီက အနည်းငယ် တွန့်ဆုတ်နေသေးသည်။ ရှန့်ကျင့်ကျောက် အနေဖြင့် အခန်းအတွက် ငွေကုန်ခံစရာမလိုဘဲ ဧည့်ကြိုကောင်တာမှာပင် ဆက်လက်သင်ယူနိုင်သည်ဟု သူက ယူဆထားခြင်းဖြစ်သည်။ သို့သော် ရှန့်ကျင့်ကျောက်က ဇွတ်အတင်းတောင်းဆို၏။

"ဆရာဝေ၊ ကျေးဇူးပြုပြီး အခန်းတစ်ခန်း ပေးပါကျွန်တော့်မှာ မေးစရာတွေ အများကြီး ကျန်သေးလို့ပါဗျ"

ရှန့်ကျင့်ကျောက်၏ ဇွတ်အတင်းတောင်းဆိုမှုကို မြင်သောအခါ ဝေဖုန်းယီက မငြင်းတော့ဘဲ ရှန့်ကျင့်ကျောက်အတွက် အခန်းကျယ်တစ်ခန်းကို ချက်ချင်းစာရင်းသွင်းပေးလိုက်သည်။

ရှန့်ကျင့်ကျောက်၏ လေ့ကျင့်ချင်သည်ဟူသော စကားမှာ အားနာစကားသက်သက် မဟုတ်ပေ။ လက်တွေ့မပါသော စကားမှာ အသုံးမဝင်သည်ကို သူသိသည်။

ဆရာဝေဆီမှ လမ်းညွှန်မှုရပြီးနောက် သူသည် တစ်‌နေခင်းလုံး အခန်းထဲတွင် အလေးအနက် လေ့ကျင့်ခဲ့ရာ လျင်မြန်စွာ တိုးတက်လာခဲ့၏။ မနေ့ကနှင့် ယနေ့ လုံးဝမတူတော့သောသူ၏ လက်ရေးကိုကြည့်ပြီး ရှန့်ကျင့်ကျောက်မှာ မပြန်ချင်တော့လောက်အောင် ဖြစ်သွားရသည်။ ညနေပိုင်း ဝေဖုန်းယီ Live လွှင့်ရမည့်အချိန်တွင် သူသည် ဝေဖုန်းယီ၏ ဘေးတွင် ကပ်နေတော့သည်။

"ဆရာဝေ၊ ကျွန်တော် စကားတစ်ခွန်းမှ မပြောဘူးလို့ ကတိပေးပါတယ် ဘေးမှာ ရပ်ကြည့်ခွင့်ပြုပါ "

သူ၏ ကပ်တွယ်နေသောပုံစံကိုမြင်သောအခါ ဝေဖုန်းယီမှာ မငြင်းသာတော့ပေ။ ရှန့်ကျင့်ကျောက်က သူ၏ပါးစပ်ကို ပိတ်ပြရင်း လုံးဝစကားမပြောပါဟု အမူအရာပြနေသည်ကို မြင်သောအခါ သူ လွှတ်ထားလိုက်တော့၏။

Live မှာ အချိန်မှန် စတင်ခဲ့သည်။ မနေ့က တိတ်ဆိတ်နေသော Live လွှင့်ခန်းနှင့်မတူဘဲ ယနေ့တွင် စတင်သည်နှင့် ကြည့်ရှုသူ တစ်ရာခန့် ရှိနေပြီဖြစ်သည်။

လူအများအပြားမှာ မှတ်ချက်များ ပေးနေကြသည်။

"ဆရာဝေ၊ ဒီစာလုံး လေးလုံးကို ရေးပေးပါဦး"

"ဆရာ၊ ကျွန်တော် ဒီနှစ် ဘွဲ့လွန်ဝင်ခွင့် စာမေးပွဲ ဖြေရမှာမို့လို့ ဒီစာသားလေးကို ဖုန်းနောက်ခံပုံ လုပ်ချင်လို့ ရေးပေးပါဦး "

စုဟယ်သည် မနေ့က ဝေဖုန်းယီ ရေးထားသော စာလုံးများကို အရည်အသွေးမြင့် ဓာတ်ပုံရိုက်ကာ၊ အလင်းအမှောင်ညှိ၊ ထောင့်ချိုးရွေးချယ်ပြီး ရိုးရာတရုတ်ဟန် နောက်ခံပုံများအဖြစ် ပြောင်းလဲကာ 'စာအုပ်စိမ်းလေး' ပေါ်သို့ တင်ထားခဲ့ရာ ကြည့်ရှုသူအမြောက်အမြားကို ဆွဲဆောင်နိုင်ခဲ့ခြင်းဖြစ်သည်။

ဝေဖုန်းယီမှာမူ သူ၏ အရှိန်အဟုန်ကို ဆက်လက်ထိန်းသိမ်းထားသည်။

"ဒီနေ့လည်း အရင်ဆုံး သင်ခန်းစာကို ရှင်းပြပါ့မယ်၊ ပြီးမှ အမေးအဖြေနဲ့ စာရေးပေးတဲ့ အချိန်ကို သီးသန့်ပေးပါ့မယ်၊ သီးသန့်စာလုံးတွေ လိုချင်တဲ့သူတွေကတော့ နောက်ဆုံး နာရီဝက်ကျမှ Live ထဲကို ဝင်ခဲ့လို့ ရပါတယ်"

ဝေဖုန်းယီမှာ အခြားသော Live လွှင့်သူများကဲ့သို့ ကြည့်ရှုသူကို အချိန်ဆွဲထားခြင်းမျိုး မရှိဘဲ အလွန်ပင် လက်တွေ့ကျလှသည်။ ကြည့်ရှုသူအချို့ ထွက်သွားကြသော်လည်း အသစ်ဝင်လာသူများမှာမူ စိတ်ရှည်လက်ရှည် စောင့်ဆိုင်းနေကြ၏။

"ဒီနေ့တော့ စုတ်ချက်တွေကနေ စတင်ပါ့မယ်"

ဝေဖုန်းယီသည် ကင်မရာကို ချိန်ညှိကာ Live ကို တရားဝင် စတင်လိုက်သည်။

ဆူညံနေသော မှတ်ချက်များမှာ ချက်ချင်းပင် တိတ်ဆိတ်သွားသည်။ ဆရာဝေ၏ Live လွှင့်ခန်းမှာ ထူးဆန်းသော စွမ်းအားရှိ၏။ သူ အလေးအနက် သင်ကြားပြသနေပြီဆိုလျှင် အဓိပ္ပာယ်မရှိသော မှတ်ချက်များ ပေါ်မလာတော့ပေ။

ရှန့်ကျင့်ကျောက်သည် စားပွဲအသေးတစ်လုံးကို ရွှေ့ယူကာ ဆရာဝေ၏ Live ကို လူကိုယ်တိုင် အနီးကပ် ကြည့်ရှုနေသည်။

"ဟင်း"

ရှန့်ကျင့်ကျောက်က အာမေဍိတ်သံ ပြုလိုက်မိပြီးမှ ဝေဖုန်းယီ Live လွှင့်နေသည်ကို သတိရကာ သူ၏ပါးစပ်ကို အမြန်ပိတ်လိုက်သည်။

သို့သော် နောက်ကျသွားပြီဖြစ်သည်။

မှတ်ချက်များထဲတွင် "?" သင်္ကေတများစွာ ပေါ်လာတော့သည်။

"ဘာလို့ တစ်ယောက်ယောက် ရှိနေတာလဲ"

All Chapters