အခန်း (၃၃-၃၄)
Vol. 4 Ch. 33-34
33
ဝေဖုန်းယီက အနည်းငယ် တုန့်ဆိုင်းသွားသည်။ သူ၏အကြည့်မှာ တည်ငြိမ်နေသော်လည်း ရှန့်ကျင့်ကျောက်မှာမူ မိမိကိုယ်ကိုယ် အေးခဲသွားသကဲ့သို့ ခံစားလိုက်ရ၏။ သူသည် သူ၏အသက်ရှူသံမှာ Live လွှင့်ခန်းထဲသို့ ထပ်မံပါသွားမည်ကို စိုးရိမ်သဖြင့် အနောက်သို့ အမြန်ဆုတ်လိုက်တော့သည်။
မှတ်ချက်များ ထဲတွင် မေးခွန်းထုတ်သည့် သင်္ကေတများစွာ ပြည့်နှက်နေဆဲဖြစ်သော်လည်း ဝေဖုန်းယီကတော့ သင်ခန်းစာ၏ နောက်ထပ်အပိုင်းကို စတင်ပို့ချနေပြီဖြစ်သည်။ ရှန့်ကျင့်ကျောက်မှာမူ Live ထဲတွင် ဝင်ရောက်မှတ်ချက်ပေးခြင်းကို မအောင့်နိုင်တော့ပေ။
တပည့်ခေါင်းဆောင် သခင်လေးရှန့်: "တပည့်ခေါင်းဆောင် တစ်ယောက်အနေနဲ့ ဆရာဝေရဲ့ဘေးမှာ ကပ်ပြီး နားထောင်တာ ဘာမှားလို့လဲ "
“ဘာကို ဆိုလိုတာလဲ ”
“မင်းက ဘယ်လိုလုပ် တပည့် ဖြစ်သွားရတာလဲ”
“ဟုတ်တယ်၊ မနေ့က Live မှာလည်း မင်းကို မတွေ့မိပါဘူး ”
တပည့်ခေါင်းဆောင် သခင်လေးရှန့်: "ဟဲဟဲ၊ အဲဒါဘာဖြစ်လဲ ငါက လူကိုယ်တိုင် လာရောက်ပြီး တပည့်ခံတဲ့ ပထမဆုံးသူလေ၊ ဒါကြောင့် တပည့်ခေါင်းဆောင်ဖြစ်တာပေါ့ ”
“လူကိုယ်တိုင်၊ အဲဒါ မနေ့ကပြောတဲ့ ဟဲ့ယဲ့တည်းခိုခန်းလား၊ အလိုလေး ငါက ခြေတစ်လှမ်းနောက်ကျသွားတာပဲ၊ ဒါပေမဲ့ ဒုတိယတပည့်ကတော့ အသေအချာပေါက် ငါပဲဖြစ်ရမယ် ”
“မဟုတ်ဘူး၊ ငါပဲ ငါက အထုတ်အပိုးတွေတောင် ပြင်ပြီးပြီ ”
ရှန့်ကျင့်ကျောက်၏ မှတ်ချက်ကြောင့် မှတ်ချက် နေရာတစ်ခုလုံး ပေါက်ကွဲသွားပြီး ကြည့်ရှုသူ တစ်ရာပင်မပြည့်သော Live လွှင့်ခန်းမှာ လူတစ်သောင်းရှိနေသကဲ့သို့ စည်ကားသွားတော့သည်။
ဝေဖုန်းယီက သူ့ကို အေးစက်စက် တစ်ချက်ကြည့်လိုက်ကာ ဆိုလိုက်သည်။
"အာရုံစိုက်စမ်း"
ရှန့်ကျင့်ကျောက်သည် ဖုန်းကို အမြန်ချလိုက်ပြီး ကျောကိုမတ်ကာ အလေးအနက် နားထောင်သည့် အမူအရာကို ချက်ချင်း ပြောင်းလဲလိုက်တော့သည်။ ဝေဖုန်းယီ၏ ဟောပြောပို့ချပုံမှာ လူတို့ကို သတိမထားမိဘဲ ဆွဲဆောင်နိုင်သော ထူးခြားသည့် ရသတစ်ခု ရှိနေ၏။
ယနေ့သည်လည်း အကျိုးရှိသော နေ့တစ်နေ့ဖြစ်သည်ဟု ရှန့်ကျင့်ကျောက် ခံစားရသည်။ Live ပြီးဆုံးသွားသည့်တိုင် သူသည် မေးခွန်းအချို့ကို သီးသန့်ဆက်လက်မေးမြန်းရန် ကျန်ရစ်ခဲ့သေး၏။ အခန်းထဲသို့ ပြန်ရောက်သည့်အခါတွင်လည်း စိတ်အားထက်သန်စွာဖြင့် လက်ရေးလှစာမူ အတော်များများကို လေ့ကျင့်ရေးသားခဲ့သည်။
သူ၏ သင်ယူလိုစိတ်မှာ ရုတ်တရက်ပင် မီးဟုန်းဟုန်းတောက်လာသကဲ့သို့ ရှိသည်။
ရှန့်ကျင့်ကျောက်သည် မိမိကိုယ်မိမိ သင်ယူမှုကို မုန်းတီးသူမဟုတ်ကြောင်း ယခုမှ သတိပြုမိတော့၏။
မိမိ၏ တိုးတက်မှုကို မျက်ဝါးထင်ထင် မြင်တွေ့ရခြင်းမှာ အလွန်ပင် စိတ်လှုပ်ရှားဖွယ် ကောင်းလှသည်။
အကယ်၍ သင်ယူမှုမှာ ဂိမ်းထဲက Boss ကို တိုက်ခိုက်သကဲ့သို့ တိုးတက်မှုပြတန်း သာ ရှိနေလျှင် အလွန်ကောင်းမည်ဟု သူတွေးမိသည်။ ဤသို့သော တုံ့ပြန်မှုများက သူ့ကို များစွာ တွန်းအားပေးနေ၏။
ထိုစိတ်လှုပ်ရှားမှုများနှင့်အတူ ရှန့်ကျင့်ကျောက်သည် ခုတင်ပေါ်သို့ လဲလျောင်းလိုက်သည်။
“အင်း၊ ဆရာဝေ ပြောပုံအရဆိုရင် ငါ့ရဲ့ နောက်ဆုံးစုတ်ချက်က အားပိုပါဖို့ လိုသေးတယ်”
ရှန့်ကျင့်ကျောက်သည် ခုတင်ပေါ်တွင် လဲလျောင်းရင်း သင်ခန်းစာကို ပြန်လည်သုံးသပ်ချင်ခဲ့သော်လည်း နောက်တစ်စက္ကန့်မှာပင် အပြစ်ကင်းစင်သော အိပ်ပျော်နေသည့် မျက်နှာလေး ဖြစ်သွားတော့သည်။ သူသည် နှစ်ခြိုက်စွာ အိပ်ပျော်သွားခဲ့ပြီဖြစ်၏။
နောက်တစ်နေ့ နံနက်တွင် ရှန့်ကျင့်ကျောက်သည် အားအင်များ ပြည့်ဝနေသကဲ့သို့ ခံစားရသည်။
မနေ့ညက လိုက်ကာများကို မပိတ်ခဲ့သော်လည်း သူသည် လန့်နိုးမလာခဲ့ပေ။ နေရောင်ခြည်သည် ပြတင်းပေါက်မှတစ်ဆင့် နူးညံ့စွာ စီးဝင်လာပြီး လေထုထဲတွင် အလင်းစက်လေးများ ပြန့်ကျဲနေသည်။
နွေးထွေးသော အလင်းတန်းများသည် လေထဲတွင် ကခုန်နေကြပြီး အခန်းအနှံ့တွင် နူးညံ့သော အလင်းကွက်လေးများ ပြန့်ကျဲလျက်ရှိသည်။ ထိုငြိမ်းချမ်းသော မြင်ကွင်းမှာ အိမ်ပြင်ပမှ ဆူညံသံအားလုံးကို ဖြတ်တောက်ထားသကဲ့သို့ပင်။
အိမ်တွင်းရှိ လေထုမှာ လတ်ဆတ်ပြီး နှစ်လိုဖွယ်ကောင်းလှကာ ပြတင်းပေါက်များ ပိတ်ထားသော်လည်း အိုက်စပ်ခြင်း မရှိပေ။ နေရောင်ခြည်ကြောင့် အခန်းမှာ လင်းလက်ကာ နွေးထွေးနေပြီး ထောင့်တိုင်းမှာ အလင်းနှင့် အရိပ်တို့ဖြင့် အသက်ဝင်နေသကဲ့သို့ ရှိ၏။
အလင်းတန်းများသည် ဖြူစင်သော နံရံများပေါ်သို့ ကျရောက်ကာ နူးညံ့သော အလင်းပြန်မှုများကို ဖန်တီးနေသည်မှာ နွေးထွေးသော အပြုံးများကဲ့သို့ပင် ဖြစ်ပြီး တစ်ခန်းလုံးကို တိတ်ဆိတ်အေးချမ်းသည့် အငွေ့အသက်များ လွှမ်းခြုံပေးထားသည်။
ပရိဘောဂများနှင့် အလှဆင်ပစ္စည်းများသည်လည်း အလင်းရောင်အောက်တွင် လှပစွာ တောက်ပနေကြပြီး ပို၍ပင် လတ်ဆတ် ငြိမ်းချမ်းနေကြသည်။ ထိုငြိမ်းချမ်းသော အငွေ့အသက်မှာ နက်ရှိုင်းသော ရေကန်ကြီးတစ်ခုကဲ့သို့ စိတ်ကို တည်ငြိမ်စေပြီး အတွေးများမှာ ငါးလေးများကဲ့သို့ လွတ်လပ်စွာ ကူးခတ်နေကြ၏။
နေရောင်ခြည်၏ နွေးထွေးမှုသည် ဝိညာဉ်၏ မောပန်းမှုများကို ဆေးကြောပေးကာ စိုးရိမ်ပူပန်မှုနှင့် ဖိအားများ အားလုံး ပျောက်ကွယ်သွားသကဲ့သို့ အေးချမ်းမှုနှင့် စိတ်လက်ပေါ့ပါးမှုကို ဆောင်ကြဉ်းပေးသည်။
ထိုအိမ်လေးမှာ ဝိညာဉ်အတွက် ငြိမ်းချမ်းသော ခိုလှုံရာတစ်ခု ဖြစ်လာပြီး ထိုလှပသော တိတ်ဆိတ်မှုထဲတွင် နှစ်မြှုပ်ကာ အပန်းဖြေနိုင်စေသည်။ ရှန့်ကျင့်ကျောက်မှာ ဤအလှတရားထဲတွင် မိန်းမောနေမိ၏။
မည်သည့်အချိန်ကမှန်းမသိ၊ ထိုငြိမ်းချမ်းမှု၏ ဆွဲဆောင်မှုကြောင့် သူသည် စားပွဲဆီသို့ အလိုအလျောက် လမ်းလျှောက်သွားပြီး လက်ရေးလှစုတ်တံကို ကောက်ကိုင်လိုက်မိသည်။
ရှန့်ကျင့်ကျောက်သည် စာရေးခြင်းကို ရပ်လိုက်သည့်အခါမှ သတိပြန်ဝင်လာပြီး စားပွဲပေါ်ရှိ သူ၏လက်ရာကို ကြည့်ကာ သက်ပြင်းတစ်ချက် ချလိုက်သည်။
“ဒါ၊ ဒါ ငါရေးလိုက်တာလား ရပြီ၊ အဘိုးကို သွားပြလို့ ရပြီ ”
ရှန့်ကျင့်ကျောက်မှာ ပထမတော့ မယုံနိုင်သလို ဖြစ်နေသော်လည်း နောက်တော့ အလွန်အမင်း ဝမ်းသာသွားတော့သည်။ သူသည် အချိန်အကြာကြီး လေ့ကျင့်ရဦးမည်ဟု ထင်ထားခဲ့ခြင်း မဟုတ်ပါလား။
အခုတော့ အိမ်ပြန်ပြီး ဂိမ်း တစ်ညလုံး ဆော့လို့ရပြီ။
ရှန့်ကျင့်ကျောက်သည် ဟဲ့ယဲ့တည်းခိုခန်းမှာ သူ၏ ကံကောင်းသော နေရာတစ်ခု ဖြစ်သည်ဟု ခံစားလိုက်ရ၏။ သူသည် ဝမ်းသာအားရဖြင့် Check-out လုပ်ရန် ဧည့်ကြိုကောင်တာသို့ သွားလိုက်သည်။
"ဆရာဝေ၊ လမ်းညွှန်ပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ "
"ဆရာဝေ မစိုးရိမ်ပါနဲ့၊ ကျွန်တော် အိမ်စာတင်ပြီးသွားရင်တောင် ဆရာ့ရဲ့ Live တွေကို ဆက်ကြည့်နေမှာပါ "
ရှန့်ကျင့်ကျောက်က အလွန်ပင် ရိုးသားစွာ ပြောလိုက်သည်။
ဝေဖုန်းယီသည်လည်း ရှန့်ကျင့်ကျောက်၏ တိုးတက်မှုကို မြင်ရသဖြင့် ဝမ်းသာမိသည်။ တိုးပွားလာသော အပြုသဘောဆောင်သည့် သုံးသပ်ချက်များကို ကြည့်ရင်း Live လွှင့်ခြင်းမှာ တကယ့်ကို စိတ်ဝင်စားဖို့ကောင်းသော အလုပ်တစ်ခုဖြစ်ကြောင်း သူ ပို၍ ခံစားလာရ၏။
ရှန့်ကျင့်ကျောက်သည် သူ၏တာဝန် ပြီးမြောက်သွားပြီ ဖြစ်သဖြင့် ခေါင်းကို မော့ကာ ဂုဏ်ယူစွာဖြင့် အိမ်သို့ ပြန်လာခဲ့သည်။
ရှန့်ရှီသည် အနားယူရမည့် အသက်အရွယ်သို့ ရောက်ရှိနေပြီ ဖြစ်သော်လည်း သူသည် ရှန့်ကျင့်ကျောက်ထက် များစွာ စည်းကမ်းရှိသူဖြစ်သည်။
သူသည် နေ့တိုင်း စောစောထကာ ဘာတွမ့်ကျင်း ( ထိုက်ချိကဲ့သို့ ကိုယ်လက်လှုပ်ရှားမှု) ကိုပြုလုပ်ပြီးနောက် ကျော်ကြားသော လက်ရေးလှ လက်ရာများကို ကူးယူကာ လေ့ကျင့်လေ့ရှိ၏။
အရာရာတိုင်းမှာ တိုးတက်ခြင်းမရှိလျှင် ဆုတ်ယုတ်ခြင်းသာ ရှိတတ်သည်။
လက်ရေးလှအသင်း၏ ဥက္ကဋ္ဌဖြစ်သော ရှန့်ရှီ၏ လက်ရေးလှပညာမှာ မွေးရာပါမဟုတ်ဘဲ နေ့စဉ် လေ့ကျင့်မှုများမှတစ်ဆင့် ရရှိလာခြင်းဖြစ်၏။
ရှန့်ရှီသည် ကျောက်စာမူတစ်ခုကို ကူးယူရေးသားပြီးစတွင် ရှန့်ကျင့်ကျောက်၏ ယိုင်တိယိုင်ထိုး လမ်းလျှောက်လာသည့် ပုံစံကို မြင်သောအခါ ချက်ချင်းပင် ဒေါသထွက်သွားတော့သည်။
"မနေ့ညက ဘယ်မှာ သွားလေလွင့်နေလို့ အခုမှအိမ်ပြန်လာတာလဲ"
ရှန့်ကျင့်ကျောက်သည် ယခုတစ်ကြိမ်တွင်မူ အဘိုးဖြစ်သူ၏ ဆူပူကြိမ်းမောင်းမှုကို မကြောက်တော့ပေ။
သူသည် အရှက်မရှိ၊ ဂုဏ်ယူဝင့်ကြွားစွာဖြင့် လွယ်အိတ်ထဲမှ စာမူကို ထုတ်ပြလိုက်သည်။
"အဘိုး၊ အဘိုးပေးထားတဲ့ တာဝန်ကို ကျွန်တော် အပြည့်အဝ ပြီးအောင်လုပ်ခဲ့ပြီ၊ ဘယ်လိုလဲ အပျော်တမ်း လက်ရေးလှပြိုင်ပွဲရဲ့ ဆန်ကာတင်အဆင့်ကိုတော့ ကျွန်တော် သေချာပေါက် တက်မှာပါ "
ရှန့်ရှီသည် သူ၏မြေးဖြစ်သူ၏ ဝင့်ကြွားနေသော မျက်နှာကိုကြည့်ကာ စိတ်တိုသွားပြီး ဆူပူရန် ပြင်လိုက်သော်လည်း သူ၏ တစ်ဦးတည်းသော မြေးဖြစ်သူ၏ ဂုဏ်ယူဝင့်ကြွားနေသည့် ပုံစံကို မြင်ကာ လက်ရာကို အရင်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။
စုတ်ချက်များမှာ ကျစ်လျစ်ပြီး ဟန်ပြသက်သက် မဟုတ်ပေ။ စုတ်ချက်များမှာ အနည်းငယ် ကလေးဆန်နေသေးသော်လည်း ထူးခြားသော ကိုယ်ပိုင်ဟန်ကို ဖော်ပြနေပြီဖြစ်သည်။
၎င်းမှာ သူ မျှော်လင့်ထားသည်ထက် များစွာ ပိုကောင်းနေ၏။ ရှန့်ရှီသည် ချီးကျူးရန် ဝန်မလေးခဲ့ပေ။
"အင်း မဆိုးဘူး"
သူ၏မြေးမှာ အနည်းငယ် အူကြောင်ကြောင်နိုင်ပြီး၊ အပေါင်းအသင်းဝင်ဆံ့မှု အားနည်းကာ အရည်အချင်း သိပ်မရှိသော်လည်း အနည်းဆုံးတော့ သူသည် စကားနားထောင်တတ်ပြီး ပေးထားသော တာဝန်များကို ခေါင်းရှောင်လေ့မရှိပေ။
"ဒီတစ်ခါတော့ မင်း တကယ် စိတ်ပါလက်ပါ ရေးထားတာပဲ၊ လက်ရေးလှပညာဆိုတာ သေသေချာချာ လေ့ကျင့်ပြီး ရေးသားတဲ့အပေါ်မှာပဲ မူတည်တာ"
ရှန့်ရှီ ဆိုသည်။ ရှန့်ကျင့်ကျောက်မှာ လျှို့ဝှက်ချက်ကို မထိန်းနိုင်တော့ဘဲ ပြောလိုက်သည်။
"အဘိုး၊ ဒီတစ်ခါတော့ ကျွန်တော် ဆရာကောင်းတစ်ယောက် တွေ့ခဲ့တာ၊ သူ့ရဲ့ လမ်းညွှန်မှုကြောင့်သာ ကျွန်တော် ဒီလိုစာလုံးကောင်းတွေ ရေးနိုင်ခဲ့တာပါ"
ရှန့်ရှီကတော့ ယုံကြည်ပုံ မရပေ။
သူ၏အဘိုးက မယုံကြည်သည်ကို မြင်သောအခါ ရှန့်ကျင့်ကျောက်က သက်သေပြရန် ဖုန်းကို အမြန်ထုတ်လိုက်သည်။
"အဘိုးက ကျွန်တော့်ကို ဖုန်းပဲ ဆော့နေတယ်လို့ အမြဲပြောတာ၊ ဒါပေမဲ့ ကျွန်တော်က ဖုန်းနဲ့ သင်ယူနေတာဗျ ဒီဆရာကို အွန်လိုင်းမှာ ရှာတွေ့ခဲ့တာ "
ရှန့်ကျင့်ကျောက်က ဗီဒီယိုကို နှိပ်လိုက်သည်။
"ဆရာဝေက တကယ်ကို လူကောင်းတစ်ယောက်ဗျ၊ မနေ့က ကျွန်တော် သူ့ဆီမှာ သွားပြီး လမ်းညွှန်မှု ခံယူခဲ့တာ "
ရှန့်ရှီသည် မြေးဖြစ်သူက ဖုန်းကို ထိုမျှအသည်းအသန် ကာကွယ်နေသည်ကို မြင်သဖြင့် မလွဲမရှောင်သာဘဲ ဖုန်းကိုယူကာ ဗီဒီယိုကို ကြည့်လိုက်ရသည်။
ရှန့်ရှီသည် ဗီဒီယိုကို သာမန်ကာလျှံကာ ကြည့်လိုက်သော်လည်း ဝေဖုန်းယီ ရေးသားထားသော လက်ရေးလှကို မြင်လိုက်ရသည့်အခါတွင်မူ သူ ငြိမ်မနေနိုင်တော့ပေ။
"ဒါ ဒါက မင်းအွန်လိုင်းမှာ ရှာတွေ့ခဲ့တဲ့ ဆရာလား"
ရှန့်ရှီသည် သူ၏ အံ့သြမှုကို မထိန်းနိုင်တော့ပေ။ ဤလက်ရေးလှမှာ ဆရာကြီးတစ်ယောက်၏ လက်ရာမျိုး ဖြစ်နေသည်မဟုတ်ပါလား။
"မြန်မြန်၊ မြန်မြန် မင်းရဲ့ဆရာဆီကို ငါ့ကို အခုချက်ချင်း ခေါ်သွားစမ်း "
ရှန့်ရှီက ပြောပြောဆိုဆိုနှင့် အိမ်ပြင်သို့ ထွက်ရန် ပြင်တော့သည်။
ရှန့်ကျင့်ကျောက်မှာ ကြောင်သွားပြီး
"အဘိုး၊ အဘိုး ဘယ်သွားမလို့လဲ နေဦးလေဖြည်းဖြည်းလျှောက်ပါဦး၊ ကား၊ ကားနဲ့ သွားရအောင်ပါ "
ကားမှာ အရှိန်ပြင်းစွာ မောင်းနှင်လာခဲ့ပြီး ဟဲ့ယဲ့တည်းခိုခန်း အဝင်ဝသို့ ရောက်သည့်အခါ ရှန့်ရှီသည် ကား သေချာမရပ်ရသေးခင်မှာပင် အပြင်သို့ ပြေးထွက်သွားကာ လှမ်းမေးလိုက်တော့သည်။
"ဘယ်သူက ဆရာဝေလဲ "
အနောက်မှ ပြေးလိုက်လာသော ရှန့်ကျင့်ကျောက်ကလည်း ဝိုင်းမေးလိုက်သည်။
"ဆရာ ဝေဖုန်းယီ ရှိပါသလားခင်ဗျာ "
ဤတစ်ကြိမ်တွင်မူ ဧည့်ကြိုကောင်တာတွင် ဟုန်လျန် ထိုင်နေသည်။ မနက်ခင်း မုန့်များမှာ ရောင်းကုန်သွားပြီဖြစ်သဖြင့် စုဟယ်နှင့် ဝေဖုန်းယီတို့မှာ ကိစ္စတစ်ခုဖြင့် အပြင်သို့ ထွက်သွားကြရာ သူမက ဧည့်ကြိုကောင်တာတွင် ဧည့်သည်များကို ကြိုဆိုရန် ကျန်ရစ်ခဲ့ခြင်းဖြစ်၏။
"ဆရာဝေက လက်ကမ်းစာစောင် သွားဝေနေပါတယ်"
ဟုန်လျန်၏ ကြည်လင်သော အသံလေး ထွက်ပေါ်လာသည်။
"လက်ကမ်းစာစောင် ဘာလက်ကမ်းစာစောင်လဲ"
ရှန့်ရှီမှာ ရင်ကျိုးမတတ် ဖြစ်သွားရသည်။ လက်ရေးလှ ဆရာကြီးတစ်ယောက်က လက်ကမ်းစာစောင် ဝေနေရသည်တဲ့လား သူသည် မျှော်လင့်ချက်အနည်းငယ်ဖြင့် မေးလိုက်သည်။
"လက်ရေးလှ လက်ကမ်းစာစောင်များလား "
ဟုန်လျန်သည် ထိုအဘိုးကြီး ဘာကြောင့် ဤမျှ စိတ်လှုပ်ရှားနေရသည်ကို နားမလည်ပေ။ သူမက အမှန်အတိုင်းပင် ဖြေလိုက်၏။
"ဒီနေ့က အပြည်ပြည်ဆိုင်ရာ အိမ်တွင်းပရိဘောဂ ပြပွဲကြီး ရှိတယ်လေ၊ ဆရာဝေနဲ့ သူဌေးမက ကျွန်မတို့ တည်းခိုခန်းရဲ့ မွေ့ရာတွေကို ကြော်ငြာဖို့ ပြပွဲအဝင်ဝမှာ သွားဝေနေကြတာပါ "
ရှန့်ရှီ၏ အမြင်အာရုံများမှာ မှောင်မိုက်သွားပါတော့သည်။
34
အပြည်ပြည်ဆိုင်ရာ အိမ်တွင်းပရိဘောဂ ပြပွဲကြီးသည် တကယ်ပင် စည်ကားလှပေသည်။
ယုံကျန်းမြို့ရှိ အသစ်တည်ဆောက်ထားသော နိုင်ငံတကာ သဘောတူညီချက်နှင့် ပြပွဲဗဟိုဌာနရှေ့ရှိ ကွင်းပြင်ကျယ်ကြီးထဲတွင် လူများဖြင့် ပြည့်နှက်နေပြီဖြစ်သည်။ မကြာသေးမီက အွန်လိုင်းပေါ်တွင် ပြပွဲများသို့ သွားရောက်လည်ပတ်သည့် ခေတ်ရေစီးကြောင်းတစ်ခု ခေတ်စားလာရာ ထိုလှိုင်းလုံးသည် ယုံကျန်းမြို့သို့လည်း ရိုက်ခတ်လာခြင်းဖြစ်၏။
ကွင်းပြင်ထဲတွင် ကြည့်ရှုသူအချို့မှာ ဝင်ရောက်ရန် တန်းစီနေကြပြီး၊ ဖားရုပ်ဝတ်စုံဝတ်ထားသော ကြော်ငြာသူများက ယပ်တောင်လေးများကို ကိုင်ကာ ဝါဒဖြန့်စာစောင်များကို စိတ်အားထက်သန်စွာ လိုက်လံဝေငှနေကြသည်။
မြေအောက်ရထားပေါ်မှ ဆင်းလာပြီးနောက် စုဟယ်နှင့် ဝေဖုန်းယီတို့မှာ လူအုပ်ကြီးကိုကြည့်ကာ မှင်တက်သွားကြသည်။ စုဟယ်သည် သူမနှင့် ဝေဖုန်းယီတို့ ကိုင်ထားသည့် ရိုးရိုးအဝတ်အိတ်လေးများကို ငုံ့ကြည့်လိုက်မိ၏။ ထို့နောက် အခြားကြော်ငြာသူများက ချစ်စရာအရုပ်လေးများ လက်ဆောင်ပေးနေခြင်း၊ အချို့က ခရီးဆောင်အိတ်များနှင့် မိုက်ခရိုဝေ့ဖ်မီးဖိုများကို ရှေ့တွင်ချထားပြီး ခရက်ဒစ်ကတ်များ ကြော်ငြာနေခြင်းတို့ကို မြင်လိုက်ရသည်။
သူတို့အနေဖြင့် ထိုသူများကို လုံးဝယှဉ်နိုင်စွမ်းမရှိပေ။ ဟဲ့ယဲ့တည်းခိုခန်း၏ လက်ကမ်းစာစောင်များမှာ တည်းခိုခန်းရှိ ပုံနှိုပ်စက်ဖြင့်သာ ကိုယ်တိုင်ရိုက်နှိပ်ထားသည့် စက္ကူပါးလေးများဖြစ်ရာ လမ်းသွားလမ်းလာများကို တိုက်ရိုက်ကမ်းပေးလျှင် တစ်ချက်ကြည့်ရုံနှင့် လွှင့်ပစ်ခံရဖို့သာ များပေသည်။
"ကံကောင်းတာက ကျွန်မတို့ ကြိုတင်ပြင်ဆင်လာခဲ့လို့ပေါ့"
စုဟယ်က ပြောရင်း လမ်းဘေးရှိ ပန်းအိပ်ယာတစ်ခုကို ရှာတွေ့သွားပြီး အဝတ်အိတ်များကို ထိုအစွန်းတွင် တင်လိုက်သည်။ စုဟယ် ခေါက်စားပွဲလေးတစ်လုံးကိုထုတ်ကာ ဆင်လိုက်ပြီး ပြောလိုက်သည်။
"ဆရာဝေ ဒီမှာ ခဏထိုင်နေပါဦး၊ မနေ့က ကျွန်မတို့ တိုင်ပင်ထားတဲ့အတိုင်းပဲပေါ့၊ ကျွန်မကတော့ လက်ကမ်းစာစောင် သွားဝေလိုက်ပါဦးမယ်"
ဝေဖုန်းယီကတော့ ပန်းအိပ်ယာဘေးတွင် ထိုင်နေရသည်ကို အေးအေးလူလူပင် ရှိနေသည်။ သူသည် ကိုယ့်စိတ်နှင့်ကိုယ် ကျေနပ်နေပုံရကာ ဖျင်အိတ်ထဲမှ စက္ကူနှင့် စုတ်တံကို ထုတ်လိုက်၏။ တစ်ဖက်တွင်မူ စုဟယ်သည် သက်ပြင်းတစ်ချက်ကို ခပ်ပြင်းပြင်းချကာ သူမ၏ ပထမဆုံးသော အရောင်းမြှင့်တင်ရေး စကားပြောဆိုမှုကို စတင်ရန် စိတ်ကို တင်းထားလိုက်သည်။
"အစ်ကို မင်္ဂလာပါရှင်။ ကျွန်မတို့ တည်းခိုခန်းက ခုတင်တွေကလေ "
စုဟယ်က လမ်းသွားလမ်းလာတစ်ဦးကို တားလိုက်သော်လည်း ထိုသူက လက်ကမ်းစာစောင်ကို ယူကာ စုဟယ်ပြောသမျှကို လုံးဝဂရုမစိုက်ဘဲ လှည့်မကြည့်ဘဲ ထွက်သွားတော့သည်။
သူထွက်သွားသည်ကို ကြည့်ပြီး စုဟယ်မှာ အနည်းငယ် စိတ်ပျက်သွားရသည်။ ကြိုတင်ပြင်ဆင်ထားသည့် စကားလုံးများမှာ လုံးဝအသုံးမဝင်လိုက်ပေ။ စုဟယ်သည် အသက်ရှူနှုန်းကို ပြန်လည်ညှိယူကာ ခပ်ပြင်းပြင်း ရှူသွင်းလိုက်ရာ လတ်ဆတ်သော လေထုမှာ သူမ၏ အဆုတ်ထဲသို့ ပြည့်နှက်သွားသည်။
သူမသည် စောစောက စုစည်းထားသည့် စကားလုံးများ၊ အလွတ်ကျက်ထားသည့် စာကြောင်းများနှင့် ထိုအချိန်က ပြောဆိုရမည့် လေသံအသေးစိတ်အားလုံးကို စိတ်ထဲတွင် ပြန်လည်ပုံဖော်ကြည့်သည်။ ထိုသို့ ပြန်လည်အမှတ်ရရန် ကြိုးစားခြင်းက သူမ၏ ပြောဆိုပုံကို ပိုမိုကောင်းမွန်အောင် ပြန်လည်စစ်ဆေးနိုင်စေ၏။
"မင်္ဂလာပါ အစ်မ၊ ဒါကတော့ အစ်မအတွက် လက်ရေးလှစာညှပ်လေး ပါရှင်"
စုဟယ်သည် ဝေဖုန်းယီ ရေးသားထားသော စာညှပ်လေးတစ်ခုကို အရင်ဆုံး ထုတ်ပေးလိုက်သည်။ ယခုတစ်ကြိမ်တွင်မူ ချောမောလှပသော လမ်းသွားလမ်းလာ အမျိုးသမီးမှာ ရပ်တန့်သွားပြီး မငြင်းဆန်တော့ပေ။
စာညှပ်လေးမှာ ရွှေရောင်စာလုံးများ ရိုက်နှိပ်ထားသည့် အနီရောင် ကတ်ထူပြားလေးဖြစ်ပြီး အထိအတွေ့မှာ နုးညံ့ကာ စက္ကူပေါ်မှ မင်အရောင်မှာ သိသိသာသာ ထင်ရှားနေသည်။ ဝေဖုန်းယီသည် စာလုံးများကို အချိုးအစားလှပသော သို့မဟုတ် အနုပညာရသမြောက်သော ဟန်ပန်ဖြင့် ပါးနပ်စွာ စီစဉ်ထား၏။
ဝေဖုန်းယီ၏ မင်အရောင်မှာ ကြည်လင်သော စမ်းရေအိုင်ကဲ့သို့ နူးညံ့သော်လည်း အားမာန်ပါသည်။ သူ၏ စုတ်ချက်များမှာ စီးဆင်းနေပြီး လိုင်းများမှာ ပြေပြစ်လှကာ စာလုံးများ၏ အနက်နှင့် အဖြူ သိသိသာသာ ကွဲပြားမှုက တည်ငြိမ်မှုနှင့် ခန့်ညားမှု အငွေ့အသက်ကို ပေးစွမ်း၏။ စုဟယ်သည်လည်း ၎င်းကို ပလတ်စတစ်အိတ်အကြည်လေးထဲ ထည့်ကာ အလှပန်းပွားလေးတစ်ခု ချည်နှိပ်ထားသဖြင့် စာညှပ်လေးမှာ များစွာ ပိုမိုလှပ သပ်ရပ်နေတော့သည်။
"ကျေးဇူးတင်ပါတယ်"
အမျိုးသမီးသည် စာညှပ်ကို ယူလိုက်သည်။ ထိုလှပသော စာညှပ်လေးကို ကြည့်ရင်း အရောင်းမြှင့်တင်ရေးအတွက် တားဆီးခံရသည့် သူမ၏ စိတ်အနှောင့်အယှက်ဖြစ်မှုမှာ အနည်းငယ် လျော့ပါးသွားရသည်။
စုဟယ်က စကားကို တိုတိုတုတ်တုတ်ပင် ပြောလိုက်သည်။
"ကျွန်မတို့ တည်းခိုခန်းက ခုတင်တွေက တကယ်ကို သက်သောင့်သက်သာ ရှိပါတယ်ရှင်၊ အခွင့်ကြုံရင် ဟဲ့ယဲ့တည်းခိုခန်းမှာ လာရောက်ခံစားကြည့်ဖို့ ဖိတ်ခေါ်ပါတယ်၊ ဒီလက်ကမ်းစာစောင်လေး ပါရင် အခန်းခကို (၅၀) ယွမ် လျှော့ပေးမှာပါရှင် "
လက်ကမ်းစာစောင်တွင် အိပ်စက်နေသော မင်းသမီးလေးရဲ့ ကုတင် အကြောင်းကို မိတ်ဆက်ထားပြီး ဟဲ့ယဲ့တည်းခိုခန်း၏ လိပ်စာနှင့် အခန်းဖော်ပြချက်များ ပါဝင်ကာ ဘေးတွင် ဝက်ဘ်ဆိုက်သို့ တိုက်ရိုက်ရောက်ရှိနိုင်သည့် QR code လည်း ပါရှိသည်။
နိုင်ငံတကာ အိမ်တွင်းပရိဘောဂ ပြပွဲသို့ လာရောက်သူများမှာ ပရိဘောဂ ဝယ်ယူရန် လိုအပ်ချက် အတိုင်းအတာတစ်ခုအထိ ရှိနေကြသူများ ဖြစ်သည်။ အမျိုးသမီးသည် ရိုးရှင်းလှသော လက်ကမ်းစာစောင်ကို ကြည့်လိုက်၊ လှပသော စာညှပ်လေးကို ကြည့်လိုက်ဖြင့် ထိုစာညှပ်လေးကို အားနာသောကြောင့် လက်ကမ်းစာစောင်ကိုပါ သိမ်းထားရန် ဆုံးဖြတ်လိုက်၏။
"ဟေး"
အမျိုးသမီးက လက်ကမ်းစာစောင်ကို သူမ၏အိတ်ထဲ ထည့်လိုက်သည်ကို စုဟယ်က ကိုယ်တိုင်မြင်လိုက်ရသည့်အခါ နောက်ဆုံးတော့ အစကောင်းတစ်ခု ရပြီဖြစ်၍ စိတ်ထဲမှ တိတ်တဆိတ် အောင်ပွဲခံနေမိသည်။ အတွေ့အကြုံရလာသည်နှင့်အမျှ စုဟယ်မှာ တဖြည်းဖြည်း ယုံကြည်မှုရှိလာပြီး တစ်ခါတစ်ရံတွင် လမ်းသွားလမ်းလာများနှင့် မိနစ်အနည်းငယ်ကြာ စကားစမြည်ပင် ပြောဖြစ်နေသေးသည်။
အခြားတစ်ဖက်တွင်မူ ဝေဖုန်းယီသည် ပြင်ဆင်လာသော စာညှပ်များကို ထုတ်၊ လက်ရေးလှ ရေးရာတွင်သုံးသော ဖျာလေးကို ခင်းကာ ထိုနေရာမှာတင် တိုက်ရိုက်ရေးသားပေးနေပြီ ဖြစ်သည်။ ပြပွဲဗဟိုဌာန ကွင်းပြင်ရှေ့တွင် လူများစွာမှာ ကြော်ငြာရန် စားပွဲများ ဆင်ထားကြသော်လည်း မည်သူမျှ ထိုနေရာတွင် တိုက်ရိုက်ရေးသားပြခြင်း မရှိကြပေ။
ဝေဖုန်းယီ၏ စားပွဲရှေ့တွင် ခင်းကျင်းထားသော အနီရောင်စက္ကူများမှာ အလွန်ပင် မျက်စိကျစရာ ကောင်းနေသဖြင့် လမ်းသွားလမ်းလာ အများအပြားက စူးစမ်းသော အကြည့်များဖြင့် ကြည့်နေကြသည်။ သူတို့အနားသို့ ချဉ်းကပ်လာပြီး လက်ရေးလှကို တိုက်ရိုက်ရေးသားနေသည်ကို မြင်သောအခါ ရပ်ကြည့်နေမိကြတော့၏။ စာညှပ်တစ်ခုချင်းစီ၏ ထူးခြားသော ဟန်ပန်များကို မြင်ရပြီးနောက်တွင်မူ ထိုနေရာမှ ခွာရန် ပို၍ပင် ခက်ခဲသွားကြသည်။
ရဲတင်းသော လမ်းသွားလမ်းလာတစ်ဦးက ဝေဖုန်းယီ၏ စားပွဲလေးဆီသို့ တိုက်ရိုက် လမ်းလျှောက်လာသည်။
"မင်္ဂလာပါ၊ ကျွန်တော့်အတွက် တစ်ခုလောက် ရေးပေးလို့ ရမလားခင်ဗျာ "
ဝေဖုန်းယီက စားပွဲရှေ့တွင် ချထားသော လက်ကမ်းစာစောင်ကို အမူအရာဖြင့် ပြလိုက်သည်။ ထိုသူပြောလာ၏။
"ကျွန်တော့်အတွက် ဂုဏ်ယူပါတယ် ချမ်းသာပါစေလို့ ရေးပေးပါ"
ထိုသို့ဆိုကာ လက်ကမ်းစာစောင်ကို ယူပြီး အသံကျယ်ကျယ်ဖြင့် စတင်ဖတ်နေတော့သည်။ ဝေဖုန်းယီမှာ ခဏမျှ တုံ့ဆိုင်းသွားသော်လည်း ထိုသူက စာဖတ်ခြင်းတွင် အာရုံစူးစိုက်နေသည်ကို မြင်သဖြင့် တိတ်တိတ်ဆိတ်ဆိတ်သာ နေလိုက်တော့သည်။
ဟဲ့ယဲ့တည်းခိုခန်းတွင်တော့ ရှန့်ကျင့်ကျောက်နှင့် ရှန့်ရှီတို့မှာ စိတ်မရှည်စွာ စောင့်ဆိုင်းနေကြသည်။ ရှန့်ရှီက သူ၏ပေါင်ကို ရိုက်လိုက်ကာ ပြောလိုက်၏။
"သွားကြစို့၊ ငါတို့လည်း အပြည်ပြည်ဆိုင်ရာ အိမ်တွင်းပရိဘောဂ ပြပွဲကို သွားကြမယ်"
"ဟင် အဘိုး၊ အဲဒီကို ဘာသွားလုပ်မှာလဲ"
ရှန့်ကျင့်ကျောက်မှာ ကြောင်အမ်းအမ်း ဖြစ်သွားရသည်။
"ဟေး မဟုတ်ဘူးလေ အဘိုး၊ ခဏနေဦးပါဦး"
ရှန့်ကျင့်ကျောက်က လက်ကိုဆန့်ကာ လှမ်းခေါ်နေရသည်။
ရှန့်ကျင့်ကျောက်နှင့် ရှန့်ရှီတို့ နိုင်ငံတကာ သဘောတူညီချက်နှင့် ပြပွဲဗဟိုဌာနသို့ ရောက်ရှိလာချိန်တွင် ဝေဖုန်းယီ၏ ရှေ့၌ တန်းစီနေသူများမှာ တော်တော်ပင် ရှည်လျားနေပြီဖြစ်သည်။ ပန်းအိပ်ယာရှေ့တွင် ထိုင်နေသော ဝေဖုန်းယီကို မြင်လိုက်ရသည့်အခါ ရှန့်ရှီ၏ မျက်လုံးများမှာ တောက်ပသွားတော့သည်။ သူသည် တကယ်ပင် ထူးခြားသူတစ်ဦး ဖြစ်ပ၏။
သူ၏ အကြည့်များမှာ နက်ရှိုင်းကာ လင်းလက်နေပြီး အတွင်းစိတ်ထဲက ဉာဏ်ပညာနှင့် ယုံကြည်မှုကို ထင်ဟပ်နေကာ ထူးခြားသော အရှိန်အဝါတစ်ခုကို ထုတ်လွှင့်နေသည်။ သူ၏ ဝတ်စားဆင်ယင်မှုမှာ ရိုးရှင်းသော်လည်း လူတို့၏ အာရုံကို ဖမ်းစားနိုင်သော ထူးခြားသည့် ဆွဲဆောင်မှုတစ်ခု ရှိနေဆဲပင်။
သူက တကယ့်ကို လက်ရေးလှ ဆရာကြီးတစ်ယောက်ပဲ။
ရှန့်ရှီသည် အရှေ့သို့ လမ်းလျှောက်ရန် ခြေလှမ်းပြင်လိုက်သော်လည်း လူငယ်တစ်ဦးက တားလိုက်သည်။
"ဟေး ဟေး အဘိုး၊ အဘိုးလည်း တန်းစီရမှာလေ "
"ဟုတ်တယ်၊ အရင်လာတဲ့သူ အရင်ရမှာပေါ့"
အနီးအနားရှိ လူတစ်ဦးကလည်း ဝိုင်းပြောသည်။ ရှန့်ရှီမှာ အနည်းငယ် ကြောင်သွားပြီး မေးမိသည်။
"တန်းစီရမယ် ဘာအတွက် တန်းစီရမှာလဲ"
"ဆရာ့ဆီမှာ လက်ရေးလှ ရေးခိုင်းဖို့လေ၊ လက်ကမ်းစာစောင်ကို ဖတ်ရုံနဲ့ ဆရာက အခမဲ့ ရေးပေးနေတာဗျ"
ထိုလူငယ်က စိတ်ရှည်လက်ရှည်ရှင်းပြသည်။ ပန်းခုံရှေ့တွင် လက်ရေးလှ ရေးခိုင်းရန် စောင့်နေသူများမှာ အတော်ပင် များပြားလှပြီး တန်းစီဇယားမှာ မီတာအတော်များများ ရှည်လျားနေပြီဖြစ်သည်။ ရှန့်ရှီက ရှန့်ကျင့်ကျောက်ကို ကြည့်လိုက်၏။
ရှန့်ကျင့်ကျောက်မှာလည်း ဇဝေဇဝါ ဖြစ်နေရသည်။ ဧည့်ကြိုကောင်တာက အစ်မက သူဌေးမနဲ့ ဆရာဝေတို့က လက်ကမ်းစာစောင် ဝေဖို့ပဲ သွားတာပါလို့ ပြောလိုက်တာ သူမှတ်မိနေ၏။ လက်ရေးလှ ရေးပေးဖို့ မပါခဲ့ပေ။ ရှန့်ရှီက လူငယ်ကို ရှင်းပြလိုက်သည်။
"ငါက တန်းစီတာမဟုတ်ပါဘူး၊ သူ ဘာရေးနေလဲ သွားကြည့်မလို့ပါ"
"ဒါကတော့ 'မကြာခင် ချမ်းသာပါစေ' ပါ့"
ဝေဖုန်းယီက နောက်ဆုံးစုတ်ချက်ကို အဆုံးသတ်ကာ တန်းစီနေသူထံသို့ ကမ်းပေးလိုက်သည်။
ရှန့်ရှီမှာ အနည်းငယ်နှမြောသလို ခံစားလိုက်ရသည်။ ဆရာဝေ၏လက်ရေးလှမှာ အေးချမ်းတည်ငြိမ်သော အလှတရားရှိပြီး လောကီကိစ္စများမှ ကင်းလွတ်နေသည့် ခံစားချက်ကို ပေးစွမ်းသော်လည်း "ချမ်းသာပါစေ" ဟု ရေးသားခြင်းက ထိုအနုပညာရသကို အနည်းငယ် ညစ်နွမ်းသွားစေသလိုပင်။
"ဆရာဝေက ခန့်ညားတဲ့ ကဗျာစာသားမျိုးတွေကိုပဲ ရေးသင့်တာ"
ရှန့်ရှီ တိုးတိုးလေးရေရွတ်မိသည်။ နောက်တစ်ယောက်မှာမူ ဂါဝန်ဝတ်ဆင်ထားသော လှပသည့် အမျိုးသမီးလေးတစ်ဦးဖြစ်သည်။ သူမက လက်ကမ်းစာစောင်ကို ကောက်ယူကာ စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်၏။
"ဆရာ၊ ကျွန်မအတွက် စာလုံးကြီးကြီး ရေးပေးလို့ ရမလားဟင် 'ကျွန်မရဲ့ CP က အစစ်အမှန်ပါ' လို့ပဲ ရေးပေးပါရှင် "