← Chapters

အခန်း (၃၅-၃၆)

Vol. 4 Ch. 35-36

အခန်း (၃၅-၃၆)

Vol. 4 Ch. 35-36

35

တည်းခိုခန်းအဝင်ဝတွင် လူရိပ်တစ်ခု လှုပ်ရှားသွားသည်နှင့် ဟုန်လျန်သည် ဧည့်သည်များကို ကြိုဆိုရန် ဧည့်ကြိုကောင်တာမှ ထရပ်လိုက်သည်။

"ကြိုဆို....."

သူမ၏ပါးစပ်မှ ဆိုရုံမျှပင် စုဟယ်နှင့် ဝေဖုန်းယီတို့ ဝင်လာသည်ကို မြင်လိုက်ရသည်။

ဟုန်လျန်၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာတော့သည်။ ဧည့်ကြိုကောင်တာတွင် တစ်ဦးတည်း ထိုင်နေရစဉ်က ခက်ခဲသော အခြေအနေများနှင့် ကြုံရမည်ကို သူမ အနည်းငယ် စိုးရိမ်နေခဲ့ခြင်းဖြစ်၏။ ယခု သူဌေးမနှင့် ဆရာဝေတို့ ပြန်ရောက်လာပြီဖြစ်၍ သူမ စိတ်အေးသွားရသည်။

ဟုန်လျန်သည် ဧည့်ကြိုကောင်တာ နောက်ကွယ်မှ ထွက်လာခဲ့ရာ သူမ၏ အမြင်အာရုံမှာ ရုတ်တရက် ကျယ်ပြန့်သွားတော့သည်။ ထိုအခါမှသာ စုဟယ်နှင့် ဝေဖုန်းယီတို့အနောက်တွင် လူအုပ်လိုက်ကြီး ပါလာသည်ကို သူမ သတိထားမိတော့၏။

ရှေ့ဆုံးမှ ဦးဆောင်လာသူများမှာ ရှန့်ရှီနှင့် ရှန့်ကျင့်ကျောက်တို့ ဖြစ်သည်။ ရှန့်ရှီမှာ ကြည့်ရသည်မှာ လန်းဆန်းတက်ကြွနေပြီး ဝေဖုန်းယီ၏အနောက်မှ ထပ်ကြပ်မကွာ လိုက်ပါလာ၏။ ရှန့်ကျင့်ကျောက်ကတော့ မျက်နှာဆူပုပ်ပုပ်နှင့် ခေါင်းကို ကုတ်နေရင်း ရှန့်ရှီကို ခိုးကြည့်နေရသည်။

သူတို့အနောက်တွင်မူ ဂါဝန်ဝတ်ထားသည့် လှပသော အမျိုးသမီး နှစ်ဦး ပါလာသည်။ သူတို့သည် အရွယ်အစားကြီးမားသော ခရီးဆောင်အိတ်များကို တွန်းလာကြ၏။ ထိုအလှလေးများထဲမှ တစ်ဦးမှာ 'CP အတွဲက ပြောင်းပြန်ဖြစ်နိုင်တယ်၊ ဒါပေမဲ့ ခွဲထုတ်လို့တော့မရဘူး' ဟု ရေးထားသော ခေါက်ယပ်တောင်ကို ကိုင်ထားပြီး ကျန်တစ်ဦးကတော့ ကဗျာစာသား တစ်စုံကို ကိုင်ထားသည်။ ထိုအလှလေးနှစ်ဦး၏ အနောက်တွင်တော့ ရောင်စုံဆံပင်တု များ တပ်ဆင်ထားသည့် Cosplayers လေးဦး ပါလာပြီး သူတို့၏ ခရီးဆောင်အိတ်များမှာ တစ်လုံးထက်တစ်လုံး ပို၍ ကြီးမားနေကြသည်။

ဤမျှလောက် လူအများကြီးကို မြင်လိုက်ရသဖြင့် ဟုန်လျန်မှာ လက်နှစ်ဖက်ကို သူမ၏ ဝမ်းဗိုက်ရှေ့တွင် တင်းတင်းဆုပ်ထားမိပြီး လက်ရှိအခြေအနေကို မည်သို့ကိုင်တွယ်ရမည်ကို မဝေခွဲနိုင်ဖြစ်နေရှာသည်။ ကံကောင်းထောက်မစွာဖြင့် စုဟယ်က စကားစပြောလိုက်သဖြင့် သူမ၏ အနေခက်မှုကို ပြေလျော့သွားစေ၏။

"ဟုန်လျန်၊ ဒီနေ့ တည်းခိုခန်းမှာ အခန်းဘယ်နှစ်ခန်း ကျန်သေးလဲ"

အလုပ်တစ်ခု ရသွားသည်နှင့် ဟုန်လျန်မှာ သူမ၏ စိုးရိမ်စိတ်များကို ဘေးဖယ်ထားလိုက်ပြီး ဧည့်ကြိုကောင်တာသို့ အမြန်လျှောက်သွားကာ ကွန်ပျူတာမှတ်တမ်းများကို စစ်ဆေးလိုက်သည်။

"ဒီနေ့အတွက် အခန်း (၇) ခန်း ကျန်ပါသေးတယ်ရှင်"

စုဟယ်က ခေါင်းညိတ်လိုက်သည်။ သူမ မှတ်ထားသော အချက်အလက်များ မှန်ကန်ကြောင်း အတည်ပြုလိုက်ခြင်းဖြစ်၏။

လွန်ခဲ့သော ရက်အနည်းငယ်က ဝူချန်းကော်၏ Live လွှင့်မှုကြောင့် အိပ်စက်နေသော မင်းသမီးလေးရဲ့ ကုတင် မှာ လူသိများလာခဲ့သော်လည်း ၎င်း၏ ဈေးနှုန်းမှာ အတားအဆီးတစ်ခု ဖြစ်နေဆဲပင်။ လူအများအပြားမှာ ထိုကုတင်၏ အံ့ဖွယ်အာနိသင်များကို မက်မောကြသော်လည်း ထုတ်ကုန်၏ ဈေးနှုန်းကို မြင်လိုက်ရသည့်အခါတွင်မူ ချက်ချင်းပင် စိတ်အေးသွားကြတော့သည်။

မည်မျှပင် လိုချင်နေပါစေ၊ ငွေကြေးဓန အရှိတရားက ရှိနေသည်မဟုတ်ပါလား။ သူတို့၏ ပိုက်ဆံအိတ်များက ခွင့်မပြုကြပေ။

လက်ရှိတွင် အိပ်စက်နေသော မင်းသမီးလေးရဲ့ ကုတင် ကို အရောင်းမြင့်တင်ခြင်းမှာ ရပ်တန့်နေသည့် ကာလသို့ ရောက်ရှိနေပြီး အဓိကအားဖြင့် တစ်ဆင့်စကားတစ်ဆင့် နားထောင်ကာ ဝယ်ယူသူများအပေါ်တွင်သာ မှီခိုနေရသည်။ ဝူချန်းကော်သည် စုဟယ်ကို ကုတင်ဝယ်ယူထားသည့် ဖောက်သည်များရှိရာ Group chat ထဲသို့ ထည့်ပေးထား၏။

အရောင်းအဝယ်ရပ်တန့်နေသည့် ကာလဖြစ်သော်လည်း တစ်ရက်လျှင် တစ်လုံး သို့မဟုတ် နှစ်လုံးခန့် ရောင်းထွက်နေဆဲဖြစ်ရာ ယွမ် (၆၀,၀၀၀) တန်ဖိုးရှိသော ကုတင်တစ်လုံးအတွက်မူ ဤသည်မှာ တော်တော်ပင် ကောင်းမွန်သော အခြေအနေဖြစ်သည်။

တစ်ဆင့်စကားကြောင့် ဝယ်ယူကြခြင်းဖြစ်၍ ဤကုတင်ကို ဝယ်နိုင်စွမ်းရှိသော ဖောက်သည်များ၏ သူငယ်ချင်းများမှာလည်း သုံးစွဲနိုင်စွမ်း မြင့်မားကြသူများ ဖြစ်သည်။ နောက်ဆုံးတွင် ကုတင်တစ်လုံးအတွက် ယွမ် (၆၀,၀၀၀) သုံးစွဲလိုသူများသည် ဟဲ့ယဲ့တည်းခိုခန်းသို့ လူကိုယ်တိုင်လာရောက် စမ်းသပ်ခြင်းထက် သူတို့၏ သူငယ်ချင်းများကိုသာ ယုံကြည်လေ့ရှိကြ၏။

စုဟယ်သည် မနေ့က အချက်အလက်များကို စစ်ဆေးကြည့်ရာ နောက်ရက်အနည်းငယ်အတွက် အခန်းကြိုတင်မှာယူမှုများမှာ လျော့နည်းလာသည်ကို တွေ့ခဲ့ရသည်။ ဝူချန်းကော်၏ Live မှာ ဆက်လက်ရှိနေဆဲဖြစ်ပြီး သူ၏ ဗီဒီယိုထဲတွင် ပြသထားသော ဟဲ့ယဲ့တည်းခိုခန်း၏ အခန်းကျယ်များအတွက် ကူပွန် အများအပြားကို သူရောင်းချပေးခဲ့သည်။ သို့သော် ဧည့်သည်အများစုမှာ ဈေးသက်သာသော အစုအဖွဲ့လိုက် ဝယ်ယူမှု ဘောက်ချာများကို ဝယ်ယူစုဆောင်းထားသည့် အလေ့အထသာ ရှိကြပြီး၊ တစ်နေ့နေ့တွင် အသုံးပြုဖြစ်လိမ့်မည်ဟူသော စိတ်ကူးဖြင့်သာ ဝယ်ထားကြခြင်းဖြစ်သည်။ ထို့ကြောင့် ဧည့်သည်အများအပြားမှာ တည်းခိုမည့်အချိန်ကို အတည်မပြုရသေးပေ။

ထို့ကြောင့်ပင် စုဟယ်သည် အပြည်ပြည်ဆိုင်ရာ အိမ်တွင်းပရိဘောဂ ပြပွဲ၏ အခွင့်အရေးကို အရယူကာ ဝေဖုန်းယီကိုပါ ခေါ်ဆောင်ပြီး အရောင်းမြင့်တင်ရေး သွားလုပ်ရန် စဉ်းစားခဲ့ခြင်းဖြစ်သည်။ စုဟယ်သည် ကုတင်များ ရောင်းချခြင်းမှ ယွမ် (၅၀၀,၀၀၀) ကျော် စုဆောင်းမိနေပြီဖြစ်ကာ သူမ၏ မိဘများက သူမအတွက် အိမ်ဝယ်ရန် စုပေးထားသော ငွေများထဲမှ သူမ ယာယီယူသုံးထားသည်များကိုလည်း ပြန်လည်ဖြည့်တင်းနိုင်လုနီးပါး ဖြစ်နေပြီဖြစ်သည်။

သို့သော် စုဟယ်တွင် ခံစားချက်တစ်ခု ရှိနေသည်အကယ်၍ သူမသည် စနစ် ၏ စျေးဝယ်စင်တာမှ ပစ္စည်းများကို ပြန်လည်ရောင်းချခြင်းအပေါ်မှာပဲ အာရုံစိုက်နေမည်ဆိုလျှင် သူမသည် ကြီးမားသော ဆုတ်ယုတ်မှုတစ်ခုနှင့် ကြုံတွေ့ရနိုင်ပြီး စနစ်ကိုပင် ဆုံးရှုံးသွားနိုင်သည်ဟု သူမ ထင်မိ၏။

နောက်ဆုံးတွင် သူမနှင့် ချိတ်ဆက်ထားသော စနစ်သည် ဟဲ့ယဲ့တည်းခိုခန်းကို ကျော်ကြားသော တည်းခိုခန်းတစ်ခု ဖြစ်လာစေလိုခြင်းဖြစ်သည်။ အကယ်၍ သူမသည် ပေးထားသော တာဝန်များကို မထမ်းဆောင်ပါက စနစ်အတွက် သူမ၏ အရေးပါမှုမှာ သုည ဖြစ်သွားပေလိမ့်မည်။

စနစ်သည် မတုံးအပေ။ ဆန့်ကျင်ဘက်အားဖြင့် ၎င်းမှာ အလွန်ပင် ထက်မြက်လှပြီး အခြားသူများ၏ အပြုသဘောဆောင်သော သုံးသပ်ချက်များကို သိရှိနိုင်သည့်အပြင် စုဟယ်၏ စိတ်ထဲက အတွေးများကိုပါ ကြားနိုင်စွမ်း ရှိသည်။ အကယ်၍ စုဟယ်သည် တာဝန်များကို လစ်လျူရှုပြီး စနစ်ကို ငွေရှာရန်သက်သက်သာ အသုံးပြုရန် ကြိုးစားပါက တစ်နေ့တွင် စနစ်၏ လျှပ်စစ်ရှော့ခ်တိုက်ခြင်းကို ခံရနိုင်ပေ၏။

တည်းခိုခန်းကို အဆင့်မြှင့်တင်လိုသော စုဟယ်၏ ဆန္ဒမှာ ဟုန်လျန်နှင့် ဝေဖုန်းယီတို့ထက် မလျော့ပေ။ စုဟယ်မှာ တက္ကသိုလ်မှ ဘွဲ့ရခါစသာ ရှိသေးသည်။ အလုပ်အကိုင် ရှာဖွေရေးတွင် ခါးသီးသော အတွေ့အကြုံများကို ကြုံတွေ့ခဲ့ရပြီး၊ ဘွဲ့လွန်ဝင်ခွင့်နှင့် နိုင်ငံ့ဝန်ထမ်း စာမေးပွဲများကို ကျရှုံးခဲ့ပြီးနောက် စုဟယ်သည် အခြားသူများထက် ပို၍ တည်ငြိမ်သော အလုပ်အကိုင်တစ်ခုကို လိုလားနေသူဖြစ်၏။

သူမ ငွေရှာချင်သည်။

သူမ ချမ်းသာချင်သည်။

လာမည့်ရက်များအတွက် အခန်းကြိုတင်မှာယူမှု အချက်အလက်များမှာ စိတ်တိုင်းမကျစရာ ဖြစ်နေသည်ကို မြင်ရပါက စုဟယ် မည်သို့ ငြိမ်နေနိုင်ပါမည်နည်း။

"ဟုန်လျန်၊ ဧည့်သည်တွေကို အရင်ဆုံး Check-in လုပ်ပေးလိုက်ပါဦး"

စုဟယ်သည် ရေသန့်စက်ဆီသို့ သွားကာ ရေတစ်ဖန်ခွက် ခပ်ပြီး ဝေဖုန်းယီကို ကမ်းပေးလိုက်သည်။

"ဆရာဝေ၊ အနားယူပါဦးရှင်"

စုဟယ်မှာ အလွန်ပင် ဂရုတစိုက် ရှိလှသည်။ ဆရာဝေမှာ ဟဲ့ယဲ့တည်းခိုခန်းအတွက် ကြီးမားသော အကျိုးဆောင်မှုကို ပြုလုပ်ပေးခဲ့သည် မဟုတ်ပါလား။

အစပိုင်းတွင် စုဟယ်မှာ လူများကို လိုက်လံဆွဲခေါ်ပြီး လက်ကမ်းစာစောင်များ ဝေနေခဲ့ရသည်။ နောက်ပိုင်းတွင်မူ သူမသည် ဝေဖုန်းယီ၏ စားပွဲလေးဘေးတွင် ရပ်ကာ အစီအစဉ်တကျဖြစ်အောင် ထိန်းပေးရုံသာ လိုအပ်၍ လူအများအပြားမှာ လက်ကမ်းစာစောင်ရရန် တန်းစီစောင့်ဆိုင်းနေကြတော့သည်။

ဂါဝန်ဝတ်ထားသည့် လှပသော အမျိုးသမီး နှစ်ဦးနှင့် Cosplayers လေးဦးတို့မှာ ဝေဖုန်းယီ လက်ရေးလှရေးပေးသည်ကို စောင့်ဆိုင်းနေစဉ် လက်ကမ်းစာစောင်များကြောင့် ဆွဲဆောင်ခံခဲ့ရခြင်းဖြစ်သည်။

ယုံကျန်းမြို့ရှိ နိုင်ငံတကာ သဘောတူညီချက်နှင့် ပြပွဲဗဟိုဌာနမှာ တော်တော်ပင် ကြီးမားလှသည်။

ယခုတစ်ကြိမ်တွင် အဓိကပြပွဲခန်းမ၌ အပြည်ပြည်ဆိုင်ရာ အိမ်တွင်းပရိဘောဂ ပြပွဲကို ကျင်းပနေသည့်အပြင် ဘေးကပ်လျက် ပြခန်းငယ်တစ်ခုတွင်လည်း anime ပြပွဲ အသေးစားလေးတစ်ခု ရှိနေ၏။

ထိုအလှလေးများနှင့် Cosplayers များမှာ anime ပြပွဲအတွက် လာကြခြင်းဖြစ်သည်။

ပြပွဲအပြီးတွင် သူတို့သည် ယုံကျန်းမြို့သို့ ပထမဆုံးအကြိမ် ရောက်ဖူးခြင်းဖြစ်၍ လည်ပတ်ကြည့်ရှုချင်ကြ၏။ နိုင်ငံတကာ သဘောတူညီချက်နှင့် ပြပွဲဗဟိုဌာန အပြင်ဘက်ရှိ ကွင်းပြင်ကြီးမှာ မည်မျှစည်ကားနေသည်ကို မြင်သောအခါ သူတို့လည်း လူအုပ်ထဲသို့ ဝင်ကြည့်ရာမှ ဆရာဝေ၏ ဆွဲဆောင်မှုကို ခံလိုက်ရခြင်းဖြစ်သည်။

Anime ပြပွဲအတွင်းတွင် အမှတ်တရပစ္စည်းများ ရောင်းချသည့် ဆိုင်ခန်းများ ရှိသည်။ ထို ဂါဝန်ဝတ်ထားသော အလှလေးတစ်ဦးမှာ ယပ်တောင်တစ်ချောင်းအတွက် ယွမ် (၃၀) သုံးစွဲခဲ့၏။

သူမက ဆရာဝေသညမ လက်ရေးလှများကို အခမဲ့ ရေးပေးနေသည်ကို မြင်သောအခါ သူမ ရှုံးသွားပြီဟု ချက်ချင်း ခံစားလိုက်ရသဖြင့် တန်းစီစောင့်ဆိုင်းပြီး ဝေဖုန်းယီကို သူမ၏ ယပ်တောင် နောက်တစ်ဖက်တွင် ရေးပေးရန် တောင်းဆိုခဲ့သည်။ သူမ၏ သူငယ်ချင်းမှာလည်း တန်းစီပြီး ဝေဖုန်းယီကို ကဗျာစာသား ရေးပေးရန် တောင်းဆိုခဲ့သည်။

ထိုအလှလေးနှစ်ဦးနှင့် Cosplayers လေးဦးတို့မှာ အခန်းကြိုတင်မှာယူထားခြင်း မရှိကြပေ။ ဝေဖုန်းယီဆီမှ လက်ရေးလှကို ရရှိပြီးနောက် ဟဲ့ယဲ့တည်းခိုခန်း၏ လက်ကမ်းစာစောင်ကို တွေ့ရှိကာ ထိုနေရာမှာပင် တည်းခိုရန် ဆုံးဖြတ်လိုက်ကြခြင်း ဖြစ်သည်။

စုဟယ်သည် ထိုဧည့်သည် ခြောက်ဦးအတွက် တက္ကစီများ ငှားရမ်းပေးခဲ့သည်။ ထို့အပြင် ဝေဖုန်းယီနှင့် စုဟယ်တို့ကို ပြန်လည်လိုက်ပို့ပေးခဲ့သော ရှန့်ရှီနှင့် ရှန့်ကျင့်ကျောက်တို့ကိုလည်း ကျေးဇူးတင်ရပေမည်။ ထို့ကြောင့် စုဟယ်နှင့် ဝေဖုန်းယီတို့မှာ တက္ကစီ ထပ်ငှားစရာ မလိုတော့ခြင်းဖြစ်သည်။

"ဒီမိန်းမလှလေး နှစ်ယောက်က ရိုးရိုးအခန်းမှာ နေမှာပါ"

စုဟယ်က ဂါဝန်ဝတ်ထား‌သောမိန်းမလှလေးများကို ညွှန်ပြကာ ပြောလိုက်သည်။

"ဒီနှစ်ယောက်ကိုလည်း ရိုးရိုးအခန်း ကိုစဉ်စီပေးလိုက်ပါ"

စုဟယ်က ဓားများလွယ်ထားသော Cosplayers နှစ်ဦးကို ညွှန်ပြကာ ပြောလိုက်သည်။

"ကျန်တဲ့ နှစ်ယောက်ကတော့ အဆင့်မြင့်အခန်း နှစ်ခန်းမှာ နေမှာပါ"

စုဟယ်က လှည့်ကြည့်ကာ ပြောလိုက်သည်။

"မှတ်ပုံတင်လေး ပြပေးပါဦးရှင် ခရီးဆောင်အိတ်တွေကိုတော့ ထားခဲ့လို့ရပါတယ်၊ အခန်းဝအထိ ကျွန်မတို့ ဝိုင်းကူပို့ပေးပါ့မယ်"

ဟဲ့ယဲ့တည်းခိုခန်းတွင် ဓာတ်လှေကား မရှိပေ။ ထို့ကြောင့် ဧည့်သည်များတွင် ခရီးဆောင်အိတ် အများအပြား ပါလာပါက ဧည့်သည်များမှာ ကိုယ်တိုင် သယ်ယူရသည်။ တည်းခိုခန်းကို လွှဲပြောင်းယူပြီးနောက်တွင် စုဟယ်၏ လက်မောင်းကြွက်သားများမှာ သိသိသာသာ ထင်ရှားလာခဲ့၏။ ဧည့်သည်များကို နေရာချပေးပြီးနောက် စုဟယ်သည် ရှန့်ရှီနှင့် ရှန့်ကျင့်ကျောက်တို့ကို စိတ်ရင်းဖြင့် ကျေးဇူးတင်စကား ဆိုလိုက်သည်။

"ဒီနေ့ လိုက်ပို့ပေးတဲ့အတွက် ကျေးဇူးအများကြီး တင်ပါတယ်ရှင်"

ရှန့်ရှီက လက်ကို ခါယမ်းကာ ဆိုလိုက်သည်။

"ရပါတယ် ဒါက ဘာမှမဟုတ်ပါဘူး၊ ဆရာဝေကို လိုက်ပို့ပေးရတာ ကျွန်တော်တို့အတွက် ဂုဏ်ယူစရာပါ"

ထို့နောက် သူက စုဟယ်ကို နှမြောတသသော အကြည့်ဖြင့် ကြည့်ကာ ပြောလိုက်သည်။

"မင်းက သူဌေးမပဲ၊ ဆရာဝေ့ကို ဘယ်လိုဖြစ်ပြီး လမ်းဘေးမှာ စားပွဲခင်းခိုင်းရတာလဲ ဆရာဝေရဲ့ လက်ရေးလှက ဘယ်လောက် ကောင်းတယ်ဆိုတာ မင်းသိရဲ့လား "

စုဟယ်မှာ သူမ၏ခေါင်းကို ကုတ်ရင်း အူကြောင်ကြောင်လေး ပြုံးနေမိသည်။

သူမအနေဖြင့် ကတ်ပြားတွေ၊ စနစ်တွေနဲ့ အခြားသော အကြောင်းအရင်းတွေကို ရှန့်ရှီကို ရှင်းပြလို့ မရနိုင်ပေ။ ထို့ကြောင့် စိတ်နှလုံးမကောင်းသော သူဌေးမ အဖြစ်သာ အသာတကြည် အမည်ခံလိုက်ရတော့သည်။ ရှန့်ရှီသည် သက်ပြင်းချလိုက်ပြီးနောက် အားတက်သရော ဆိုလိုက်သည်။

"ဒီတစ်ခါ ကျွန်တော် လာတာက ဆရာဝေအနေနဲ့ ယုံကျန်းမြို့ လက်ရေးလှနဲ့ ပန်းချီအသင်း ကို ဝင်ရောက်ဖို့ စိတ်ဝင်စားမှု ရှိ၊ မရှိ မေးချင်လို့ပါ"

36

ရှန့်ရှီက ယုံကျန်းမြို့ လက်ရေးလှနှင့် ပန်းချီအသင်းအကြောင်းကိုပင် မိတ်မဆက်ရသေးမီ ဝေဖုန်းယီက လက်နှစ်ဖက်ကို ရှေ့တွင်ယှက်ကာ အရိုအသေပေးရင်း ငြင်းပယ်လိုက်သည်။

"ခင်ဗျားရဲ့ စေတနာကို ကျေးဇူးတင်ပါတယ်၊ ဒါပေမဲ့ ကျွန်တော့်ရဲ့ သဘာဝက ပျင်းရိထိုင်းမှိုင်းလွန်းလို့ အဲဒီလိုနေရာမျိုးနဲ့ မထိုက်တန်ပါဘူးဗျာ"

ရှန့်ရှီမှာ စိုးရိမ်တကြီး ဖြစ်သွားရသည်။

"ဆရာဝေ၊ ကျွန်တော့်ကို ယုံကျန်းမြို့ လက်ရေးလှနဲ့ ပန်းချီအသင်းအကြောင်း အရင်မိတ်ဆက်ခွင့်ပြုပါဦး"

"ကျွန်တော်တို့ရဲ့ လက်ရေးလှနဲ့ ပန်းချီအသင်းဟာ အသက်အရွယ်စုံ၊ နယ်ပယ်စုံက ပညာရှင်တွေကို စုစည်းထားတာပါ၊ အားလုံးဟာ လက်ရေးလှနဲ့ ပန်းချီအနုပညာအပေါ်မှာ ဝါသနာကြီးမားပြီး အပတ်တကုတ် ကြိုးစားနေကြသူတွေချည်းပါပဲအသင်းသားအချင်းချင်း တစ်ဦးဆီက တစ်ဦး သင်ယူနိုင်သလို၊ အကြံဉာဏ်တွေ ဖလှယ်ပြီး ကိုယ့်ရဲ့ လက်ရာတွေကိုလည်း မျှဝေနိုင်ပါတယ်၊ အခုမှ စတင်လေ့လာသူဘဲဖြစ်ဖြစ်၊ ဝါရင့်ပညာရှင်ဘဲဖြစ်ဖြစ် အားလုံးဟာ ဒီမိသားစုကြီးထဲမှာ ကိုယ့်နေရာနဲ့ကိုယ် ရှိနေနိုင်ပါတယ်"

ရှန့်ရှီသည် ဝေဖုန်းယီကို စည်းရုံးနိုင်ရန်အတွက် စကားလုံးများကို အလျင်အမြန်ပင် ပြောဆိုနေတော့သည်။ ဘေးတွင် ရပ်နေသော ရှန့်ကျင့်ကျောက်ကတော့ တိုးတိုးလေး ရေရွတ်လိုက်သည်။

"အခုမှစသင်တဲ့ လူသစ်‌တွေက အသင်းထဲဝင်လို့တောင် မရတာကို"

ရှန့်ရှီသည် မိမိကို ဝိုင်းမကူညီသော မြေးဖြစ်သူကို စိတ်ပျက်လက်ပျက် တစ်ချက်ကြည့်လိုက်ပြီး ဆက်ပြောသည်။

"ကျွန်တော်ကတော့ အရည်အချင်း မရှိလှပေမဲ့ ဒီအသင်းရဲ့ ဥက္ကဋ္ဌပေါ့ဗျာ၊ အခုမှစပြီး သင်ယူသူတစ်ယောက်အတွက် အသင်းဝင်ဖြစ်ဖို့ အချိန်နဲ့ အတွေ့အကြုံ အနည်းငယ် လိုအပ်နိုင်ပေမဲ့ ကျွန်တော်တို့ အသင်းဟာ လှုပ်ရှားမှုပေါင်းစုံကို မကြာခဏ ပြုလုပ်ပေးပါတယ်၊ ကျွန်တော်တို့ဟာ လက်ရေးလှနဲ့ ပန်းချီအနုပညာကို ထိန်းသိမ်းပြန့်ပွားအောင် လုပ်ဆောင်နေသလို၊ ဝါသနာရှင်တွေအတွက် သူတို့ရဲ့လက်ရာတွေကို ပြသဖို့နဲ့ လေ့လာဖို့ ပလက်ဖောင်းတစ်ခုကိုလည်း ဖန်တီးပေးထားပါတယ်၊ ပြီးခဲ့တဲ့လကတင် ကျောင်းဝင်းထဲက လက်ရေးလှနဲ့ ပန်းချီ ဆိုတဲ့ ပွဲတစ်ခုကိုတောင် ကျင်းပခဲ့သေးတယ်"

ရှန့်ရှီသည် သူ၏မြေးဖြစ်သူပြောဖူးသော ဝေဖုန်းယီ အွန်လိုင်းတွင် စာသင်နေသည့်အချက်ကို သတိရသွားပြီး ထပ်ဖြည့်ပြောလိုက်သည်။

"ဆရာဝေ၊ အသင်းထဲဝင်ပြီးရင် ဒီလိုအခွင့်အရေးတွေ အများကြီး ရလာမှာပါ ကျွန်တော်တို့က ယုံကျန်းမြို့က တက္ကသိုလ်အတော်များများနဲ့လည်း ချိတ်ဆက်ထားတော့ အသင်းသားတွေဟာ အတွေ့အကြုံဖလှယ်ဖို့ သွားရောက်နိုင်ပါတယ်။ တချို့ဆိုရင် ဧည့်ပါမောက္ခတွေ ဖြစ်လာပြီး စိတ်ကြိုက်ရွေးချယ်နိုင်တဲ့ ဘာသာရပ်သင်တန်းတွေတောင် ဖွင့်လှစ်နေကြပြီဗျ"

ဝေဖုန်းယီကတော့ ပြုံးလျက် ခေါင်းကိုသာ ခါယမ်းနေဆဲပင်။

သူ အွန်လိုင်းတွင် စာသင်နေခြင်းမှာ တစ်ပိုင်းက Live လွှင့်ရခြင်း၏ ဆန်းသစ်မှုကို စိတ်ဝင်စားသောကြောင့်ဖြစ်ပြီး၊ ကျန်တစ်ပိုင်းကတော့ အဆင့်တက်ရန် လိုအပ်သောကြောင့် ဖြစ်၏။

ရှန့်ရှီသည် ဟိုဟိုဒီဒီ လမ်းလျှောက်ရင်း ဖျောင်းဖျရန် အကြောင်းပြချက်ကောင်းများကို ဦးနှောက်ခြောက်အောင် စဉ်းစားနေတော့သည်။

"ဆရာဝေ၊ ကျွန်တော်တို့ အသင်းဟာ အကျိုးအမြတ်မယူတဲ့ အဖွဲ့အစည်းဖြစ်ပေမဲ့ အသင်းသားတွေအတွက် အခွင့်အလမ်းတွေတော့ အများကြီးရှိပါတယ်၊ တက္ကသိုလ်တွေမှာ ဟောပြောပွဲလုပ်တာ ဒါမှမဟုတ် လက်ရေးလှပြပွဲတွေ ကျင်းပတာမျိုးပေါ့၊ ဆရာ့ရဲ့ အရည်အချင်းနဲ့ဆိုရင် အခုလို တည်းခိုခန်းမှာ ဧည့်ကြိုလုပ်နေတာထက် အများကြီး ပိုပြီး အောင်မြင်နိုင်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်"

စုဟယ်၏ မျက်လုံးများမှာ ဝိုင်းစက်သွားတော့သည်။ ဘယ်လိုတောင် အထင်သေးရတာလဲ သူမရဲ့ ရှေ့တင်ကြီး လူခေါ်ထုတ်ဖို့ ကြိုးစားနေတာက အတော်လေးကို သိသာလွန်းမနေဘူးလား။

သူမဘေးရှိ ရှန့်ကျင့်ကျောက်မှာလည်း အနည်းငယ် ထိတ်လန့်သွားမိသည်။

အဘိုးက ဘာဖြစ်လို့ ဒီလောက် ပေါ့ပေါ့ဆဆ ပြောလိုက်ရတာလဲ သူဌေးမက ဒီမှာ ရှိနေသေးတာကို။ အဘိုးနဲ့မြေး နှစ်ယောက်လုံး သူဌေးမရဲ့ နှင်ထုတ်တာ ခံရတော့မှာလား

ရှန့်ကျင့်ကျောက်သည် ရှန့်ရှီ၏ အင်္ကျီလက်ကို ဆွဲနေပြီး၊ မျက်လုံးဖြင့်လည်း အရိပ်အယောင် အချက်ပြနေတော့သည်။

ရှန့်ရှီမှာလည်း သူ၏ မလျော်ကန်သော စကားအတွက် ချောင်းတစ်ချက် ခပ်ဖွဖွဆိုးလိုက်ပြီး ချက်ချင်းပင် ပြန်လည် ပြင်ပြောလိုက်သည်။

"ဒါပေမဲ့ ကျွန်တော်တို့ အသင်းက အရမ်း လွတ်လပ်ပါတယ်ဗျာ၊ ဆရာဝေအနေနဲ့ တည်းခိုခန်းမှာ အလုပ်လုပ်ရင်းနဲ့လည်း အသင်းဝင်လို့ ရပါတယ်၊ ဆရာပါဝင်ချင်တဲ့ လှုပ်ရှားမှုတွေကိုပဲ ရွေးချယ်နိုင်တာမို့ အလုပ်ကို လုံးဝ မထိခိုက်စေရပါဘူး"

ဝေဖုန်းယီက တိုက်ရိုက်ပင် ဆိုလိုက်သည်။

"ကျွန်တော့်ရဲ့ ရည်မှန်းချက်က အဲ့ဒီနေရာမှာ မရှိပါဘူး"

"လက်ရေးလှနဲ့ ပန်းချီအသင်းဆိုတာ သင်ယူဖလှယ်ရုံတင်မကဘဲ အနုပညာရှင်အချင်းချင်း တစ်ဦးကိုတစ်ဦး ဖေးမကူညီပြီး ကြီးထွားလာရမယ့် အိမ်ဂေဟာတစ်ခုလည်း ဖြစ်ပါတယ်၊ အဲ့ဒီနေရာမှာ ဆရာဟာ စိတ်တူကိုယ်တူ သူငယ်ချင်းတွေနဲ့ တွေ့ဆုံနိုင်ပြီး အနုပညာရဲ့ နယ်ပယ်သစ်တွေကို အတူတကွ ရှာဖွေနိုင်မှာပါ။ ဆရာဝေ၊ လက်ရေးလှ အနုပညာရဲ့ ပိုမြင့်မားတဲ့ အထွတ်အထိပ်ဆီကို ရဲရဲဝံ့ဝံ့ မတက်လှမ်းချင်ဘူးလား"

ရှန့်ရှီသည် အရှုံးမပေးဘဲ ရုန်းကန်နေဆဲပင်။

သူသည် ဝေဖုန်းယီကို ကျော်ကြားမှုနှင့် အကျိုးအမြတ်တို့ဖြင့် ဖျောင်းဖျ၍ မရခဲ့ပေ။ ဒါဆိုရင် အိပ်မက်တွေကော ဝေဖုန်းယီမှာ အစဉ်တစိုက် တိုးတက်ချင်တဲ့ အိပ်မက် မရှိဘူးလား။

ဝေဖုန်းယီမှာ တကယ်ပင် မရှိပေ။

"ဒီအဘိုးကြီးက အဲဒီလိုကိစ္စတွေကို စိတ်မဝင်စားပါဘူး၊ ကျွန်တော့်ကို ထပ်ပြီး မဖျောင်းဖျပါနဲ့တော့"

ရှန့်ရှီမှာ ချက်ချင်းပင် စိတ်ဓာတ်ကျသွားတော့သည်။ ဝေဖုန်းယီ၏ လက်ရေးလှကို စမြင်ခဲ့စဉ်က မည်မျှ ဝမ်းသာခဲ့သနည်း၊ ယခုလည်း ထိုမျှပင် စိတ်ပျက်သွားရ၏။ သူသည် လက်ရေးလှနှင့် ပန်းချီအသင်းအတွက် ဆရာကြီးတစ်ဦးကို ထပ်မံစုဆောင်းနိုင်လိမ့်မည်ဟု ထင်မှတ်ထားခဲ့ခြင်း ဖြစ်သည်။

ရှန့်ကျင့်ကျောက်ကတော့ သူ့အဘိုး၏ ခံစားချက်ကို လုံးဝ ကိုယ်ချင်းမစာနိုင်ဘဲ စိတ်ထဲမှ တိတ်တဆိတ် ပျော်နေမိသည်။ အကယ်၍ ဆရာဝေသာ အသင်းထဲ ရောက်သွားရင် အွန်လိုင်းမှာ စာသင်ဖို့ အချိန်ရှိတော့မှာ မဟုတ်‌ပေ၊ အဲဒီအခါကျ ဆရာဝေ၏ အကြီးဆုံးတပည့်ဆိုတဲ့ သူ့ရဲ့ ဘွဲ့ထူးကလည်း အမည်ခံသက်သက်ပဲ ဖြစ်သွားမှာဖြစ်၏။ ဆရာဝေရဲ့ သင်ကြားမှုအောက်မှာ သူဟာ လက်ရေးလှအပေါ် ဝါသနာပြန်ပါလာခဲ့တာ ဖြစ်သည်။

ဒါ့အပြင် ရှန့်ကျင့်ကျောက်သည် ထိုလက်ရေးလှနှင့် ပန်းချီအသင်းသို့ ဝင်ရောက်ခြင်းမှ မည်သည့်အကျိုးကျေးဇူးကိုမျှ တကယ်တမ်း မမြင်မိပေ။

သူ၏အဘိုးမှာ ဥက္ကဋ္ဌဆိုသည့် အမည်ခံဖြင့် စိတ်ရောကိုယ်ပါ ပင်ပန်းနေရသော်လည်း၊ အချို့သူများက အဘိုးဖြစ်သူမှာ ကိုယ်ကျိုးရှာနေသည်ဟုပင် အတင်းပြောဆိုနေကြသေးသည်။

"အဘိုး၊ ထပ်ပြီး မဖျောင်းဖျပါနဲ့တော့၊ ဆရာဝေက ဒါတွေကို လုံးဝ ဂရုမစိုက်ဘူးဗျ"

ရှန့်ကျင့်ကျောက်က မျှော်လင့်ချက်အပြည့်ဖြင့် ပြောလိုက်သည်။

"ဆရာဝေ၊ ဒီညလည်း Live လွှင့်မှာ မဟုတ်လားဟင်"

ဝေဖုန်းယီက ခေါင်းညိတ်ပြသည်ကို မြင်လျှင် ရှန့်ကျင့်ကျောက်သည် ဧည့်ကြိုကောင်တာသို့ ချက်ချင်း ပြေးသွားတော့သည်။

"အစ်မရေ၊ ကျွန်တော့်အတွက် ဒီည အခန်းတစ်ခန်း ထပ်စီစဉ်ပေးပါဦး"

ဟုန်လျန်က ခေါင်းညိတ်ပြသည်။

"ကောင်းပါပြီ၊ အဆင့်မြင့်အခန်း လား ဒါမှမဟုတ် ရိုးရိုးအခန်း လားရှင့်"

ရှန့်ကျင့်ကျောက်က ပြန်ဖြေသည်။

"အဆင့်မြင့်အခန်းပဲ ပေးပါ"

ဘေးတွင် ရပ်နေသော ရှန့်ရှီက ကြားဖြတ်ပြောလိုက်သည်။

"မဟုတ်ဘူး၊ ရိုးရိုးအခန်းပဲ ပေးလိုက်"

ရှန့်ကျင့်ကျောက်မှာ အနည်းငယ် အကူအညီမဲ့သွားရသည်။

"အဘိုး၊ အခုထိ အရှုံးမပေးသေးဘူးလား"

ရှန့်ရှီက သူ့ကို စိုက်ကြည့်လိုက်သည်၊

"မင်း ဘာသိလို့လဲ ငါက ဆရာဝေနဲ့ ပိုနီးစပ်ချင်လို့ပါ၊ ဆရာဝေက အသင်းထဲ မဝင်ရင်တောင် ယုံကျန်းမြို့ ကိုယ်စားပြုပြီး ပြိုင်ပွဲဝင်လို့ ရသေးတာပဲဆရာဝေသာ ပြိုင်ပွဲဝင်မယ်ဆိုရင် ဒီနှစ် လက်ရေးလှပြိုင်ပွဲမှာ ယုံကျန်းမြို့က ထူးချွန်တဲ့ ယူနစ်တွေထဲမှာ သေချာပေါက် နေရာရမှာလို့ ငါယုံကြည်တယ်"

ညဘက် Live လွှင့်ချိန်အတွက် ရှန့်ရှီနှင့် ရှန့်ကျင့်ကျောက် နှစ်ဦးလုံးက ဝေဖုန်းယီ၏ Live လွှင့်ပုံကို အနီးကပ် လေ့လာကြည့်ရှုချင်သည်ဟု ဆိုကြသောကြောင့် စုဟယ်က အဖြေတစ်ခု ရှာပေးလိုက်သည်။

ယခင်က ဝေဖုန်းယီသည် သူ၏ ကိုယ်ပိုင်အခန်းထဲမှသာ Live လွှင့်လေ့ရှိသည်။

ဝေဖုန်းယီ၏ အခန်းမှာ မကြီးလှပေ။

အရွယ်ရောက်ပြီးသူ နှစ်ဦး ထပ်တိုးဝင်ရန် ဖြစ်နိုင်သော်လည်း၊ သူတို့သုံးဦးလုံး စာရေးရန် လိုအပ်လာပါက အတော်လေး ကျဉ်းကျပ်သွားပေလိမ့်မည်။

စုဟယ်က ဆဋ္ဌမထပ်ရှိ မိသားစုအခန်း ကို အသုံးချရန် အကြံပြုလိုက်သည်။

လောလောဆယ်တွင် မိသားစုအခန်း၌ တည်းခိုသူ နည်းပါးလှပြီး၊ ကလေးပါသော မိသားစုများပင်လျှင် အခန်းပိုတစ်ခန်း ထပ်ယူရန်သာ ပိုနှစ်သက်တတ်ကြ၏။ ထို့ကြောင့် ဆဋ္ဌမထပ်ရှိ မိသားစုအခန်းမှာ မကြာခဏ အားလပ်နေတတ်သည်။

ဝေဖုန်းယီ၏ ဆွဲဆောင်မှုကြောင့် လာရောက်သူဦးရေမှာ အချိန်ကြာလာသည်နှင့်အမျှ တိုးပွားလာနိုင်သည်ဟု စုဟယ်က အမြဲ ခံစားနေရသည်။

မိသားစုအခန်းတွင် ဧည့်ခန်းတစ်ခုပါဝင်ပြီး မူလက ဆိုဖာအသေးစားလေးနှင့် လက်ဖက်ရည်သောက်စားပွဲ အစုံလိုက် ရှိနေခဲ့ခြင်းဖြစ်သည်။

ရှန့်ကျင့်ကျောက်၏ အကူအညီဖြင့် စုဟယ်သည် ထိုအသုံးမပြုသော ပရိဘောဂအားလုံးကို သိုလှောင်ခန်းသို့ ရွှေ့ပြောင်းလိုက်၏။

ပရိဘောဂများ ဖယ်ရှားပြီးနောက် မိသားစုအခန်းမှာ များစွာ ပိုမိုကျယ်ဝန်းသွားတော့သည်။

စုဟယ်သည် စားပွဲ (၇) လုံးကို ခင်းကျင်းလိုက်သည်။ စားပွဲတစ်လုံးကို ရှေ့ဆုံးတွင် ထားရှိပြီး ကျန်စားပွဲများကိုတော့ (၂) လုံးစီ (၃ )တန်း ဖြင့် မျက်နှာချင်းဆိုင် စီစဉ်လိုက်၏။

စားပွဲများ ခင်းကျင်းပြီးသည်နှင့် စုဟယ်မှာ ကျောင်းပြန်တက်နေရသလို ခံစားလိုက်ရပြီး စာသင်ခန်း၏ အငွေ့အသက်မှာ သိသိသာသာ ပေါ်လွင်နေတော့သည်။ ဝေဖုန်းယီ၏ စားပွဲပေါ်တွင်တော့ စုဟယ်က ဖုန်းနှင့် မီးချောင်းများကို ဆင်ထားပြီး ထိန်းချုပ်ရန်အတွက် တက်ဘလက် တစ်လုံးကိုလည်း ထားရှိပေးထား၏။

Live စတင်လိုက်ပြီ ဖြစ်သည်။ ပုံမှန်ကြည့်ရှုနေကျ ပရိသတ်များက Live ထဲက ပတ်ဝန်းကျင် အပြောင်းအလဲအချို့ကို ချက်ချင်းပင် သတိထားမိသွားကြသည်။

"ဆရာဝေ၊ Live လွှင့်တဲ့နေရာ ပြောင်းလိုက်တာလား မီးချောင်းတွေက အရင်ထက် ပိုလင်းနေသလိုပဲ"

"ဟုတ်တယ် ဒီထောင့်ကကြည့်ရတာ ပိုပြီး ရှင်းရှင်းလင်းလင်း မြင်ရတယ်"

ရှန့်ရှီသည် Live ပေါ်တွင် လွင့်ပျံနေသော မှတ်ချက်များကို မျက်မှောင်ကြုတ်ကာ ကြည့်ရင်း မေးလိုက်သည်။

"ငါတို့ နေရာပြောင်းလိုက်တာပဲလေ၊ သူတို့ကို ဘယ်လို ပြန်ဖြေရမလဲ "

စာရိုက်ရန် ပြင်နေသော ရှန့်ကျင့်ကျောက်မှာတော့ ခေါင်းကို ကိုင်ရင်း ခါးသက်သက် ရယ်မောမိတော့သည်။

'ကောင်းပြီ၊ အခုတော့ ပြန်ဖြေစရာတောင် မလိုတော့ပါဘူး၊ Live တစ်ခုလုံး သိသွားကြပြီပဲ'

Live ထဲတွင်လည်း မှတ်ချက်များ ပေါက်ကွဲသွားတော့သည်။

"ဘာတွေဖြစ်နေတာလဲ ဆရာဝေ့အနားမှာ ဘာလို့ လူတွေ ထပ်ရှိနေပြန်တာလဲ "

"မဖြစ်နိုင်တာ ဆရာဝေက အပြင်မှာ သင်တန်းတွေ ဖွင့်နေတာလား "

"ကြည့်စမ်း၊ စားပွဲပေါ်က ဆရာဝေ့ရဲ့ ရေခွက်ကိုကြည့်၊ ခွက်ထဲက အရိပ်ထဲမှာ ဆရာဝေနဲ့ မျက်နှာချင်းဆိုင် စားပွဲတွေ အများကြီး ခင်းထားတာ မြင်ရတယ်"

"တောက် ငါကတော့ လမ်းမှာပဲ ရှိသေးတယ်၊ ဘယ်သူက ငါ့ရဲ့ ဒုတိယမြောက် တပည့်ဆိုတဲ့ ဘွဲ့ကို လုယူသွားတာလဲ"

All Chapters