အခန်း (၃၇-၃၈)
Vol. 4 Ch. 37-38
37
လောကတွင် အရာရာတိုင်းသည် ဇွဲဖြင့် ကြိုးစားအားထုတ်နေသရွေ့ တဖြည်းဖြည်းချင်း ပြောင်းလဲလာစမြဲပင်။
ဝေဖုန်းယီ၏ Live လွှင့်သည့်အခန်းလေးသည်လည်း ကြော်ငြာခပေးပြီး လူကြည့်အောင် ဆွဲဆောင်ရသည့် အဆင့်မှသည် ပုံမှန်တက်ရောက်သင်ယူသည့် တပည့်တစ်သိုက် အခိုင်အမာရှိလာသည့် အဆင့်သို့ ရောက်ရှိလာခဲ့ပြီဖြစ်သည်။
ယခင်က ဝေဖုန်းယီ Live လွှင့်ချိန်တွင် နောက်ဆုံး မိနစ် (၃၀) ခန့်၌ လက်ရေးလှစာသားများ တောင်းဆိုသည့် မှတ်ချက် များဖြင့်သာ ပြည့်နှက်နေလေ့ရှိသော်လည်း၊ ယခုအခါတွင်မူ သင်ခန်းစာနှင့်ပတ်သက်သော တကယ့်မေးခွန်းများကို မေးမြန်းလာသူများ တဖြည်းဖြည်း များပြားလာ၏။
ဧည့်သည်များ၏ မေးခွန်းများကို ပိုမိုကောင်းမွန်စွာ ဖြေကြားနိုင်ရန်အတွက် ဝေဖုန်းယီသည် Live ၏ တိုက်ရိုက်ဖုန်းခေါ်ဆိုမှု ကိုပင် အသုံးပြုကာ မေးခွန်းတိုင်းကို စိတ်ရှည်လက်ရှည်နှင့် အသေးစိတ် ရှင်းလင်းဖြေကြားပေးနေတော့သည်။
ဘေးမှ စောင့်ကြည့်နေသော စုဟယ်ကမူ Live လွှင့်သည့် ကင်မရာကို အဆင့်မြှင့်တင်ရန် အစီအစဉ်ဆွဲလိုက်၏။ စက်ပစ္စည်းကိရိယာများကြောင့် ဆရာဝေ၏ သင်ကြားမှုကို အဟန့်အတား မဖြစ်စေလိုခြင်းကြောင့်ပင်။
Live ကို နားထောင်နေသော ရှန့်ရှီသည်လည်း ဤခရီးမှာ တကယ်ပင် ထိုက်တန်သည်ဟု ခံစားလိုက်ရသည်။ အချို့သူများမှာ လက်ရေးလှရေးတတ်သော်လည်း မသင်ပြပေးတတ်ကြပေ။ ဝေဖုန်းယီမှာမူ ကိုယ်တိုင်ရေးနိုင်ရုံတင်မကဘဲ သင်ကြားပြသရာတွင်လည်း ထိုးထွင်းသိမြင်မှုရှိပြီး စနစ်ကျလှသည်ကို သူ မထင်မှတ်ထားခဲ့ပေ။
အခြေခံ စုတ်ချက်များကိုသာ သင်ကြားပေးနေခြင်း ဖြစ်သော်လည်း အခြေခံဆိုသည်မှာ အရာခအားလုံး၏ အစ ပင် ဖြစ်သည်။
ဤ အစ တစ်ခုမှသည် ထောင်သောင်းမကသော အပြောင်းအလဲများ ပေါ်ထွက်လာနိုင်ရာ ရှန့်ရှီသည်လည်း ဤ Live မှတစ်ဆင့် ဗဟုသုတများစွာ ရရှိခဲ့၏။ ထို့ကြောင့်ပင် သူသည် တည်းခိုမည့်ရက်ကို တိုးရန် ချက်ချင်း ဆုံးဖြတ်လိုက်တော့၏။
ဟုန်လျန် လုပ်ထားသော မုန့်များကို မြည်းစမ်းပြီးနောက်တွင်မူ ရှန့်ရှီသည် ထိုနေရာမှ ပို၍ပင် မခွာချင်တော့ပေ။
"အဘိုး တော်တော့လေ၊ ဆီးချိုတက်ဦးမယ်"
ရှန့်ကျင့်ကျောက်က အနည်းငယ် အကူအညီမဲ့စွာဖြင့် ပြောလိုက်သည်။
ဝေဖုန်းယီ၏ Live သင်တန်းပြီးနောက် သူတို့နှစ်ဦး ရိုးရိုးအခန်း သို့ ပြန်ရောက်လာသည့်အခါ စားပွဲပေါ်တွင် ဟဲ့ယဲ့တည်းခိုခန်းမှ အခမဲ့ဧည့်ခံထားသော လက်ဖက်ရည်သောက် မုန့်ပန်းကန်လေးဖြစ်သည့် ခေါင်ရည်ပန်းနှင့် သစ်အယ်သီးမှုန့် မုန့် တစ်ဗူးကို တွေ့လိုက်ရသည်။
ညဉ့်အတော်နက်နေပြီဖြစ်ကာ စာသင်ပြီးချိန်တွင် ဗိုက်ဆာနေသဖြင့် ရှန့်ရှီသည် မုန့်တစ်ဖဲ့ကို ကောက်ယူကာ ပါးစပ်ထဲ ထည့်လိုက်၏။
ထိုမုန့်လေးမှာ ဆောင်းဦးရာသီ၏ အဆီအနှစ်များကို စုစည်းထားသကဲ့သို့ မွှေးပျံ့လှသည်။
တစ်ကိုက် လိုက်သည်နှင့် သစ်အယ်သီး၏ ကြွယ်ဝသော အချိုဓာတ်နှင့် ခေါင်ရည်ပန်း၏ ရနံ့တို့မှာ ပါးစပ်ထဲတွင် ရောယှက်သွားပြီး ဆောင်းဦးရာသီ သစ်ပင်တန်းလမ်းလေးအတိုင်း လမ်းလျှောက်နေရသကဲ့သို့ ခံစားလိုက်ရ၏။
နုညံ့သော အထိအတွေ့က လျှာပေါ်တွင် ကခုန်နေပြီး သစ်အယ်သီးမှုန့်၏ ထူးခြားသော သိပ်သည်းမှုက ပါးစပ်ထဲတွင် ပျံ့နှံ့သွားကာ၊ ခေါင်ရည်ပန်း၏ သင်းပျံ့သောရနံ့မှာလည်း အလွှာတိုင်းတွင် အနေတော်လေး စိမ့်ဝင်နေကာ ခန့်ညားထည်ဝါလှသည်။
တစ်ကိုက်ချင်းစီတိုင်းမှာ ပျော်ရွှင်စရာ အနုပညာခံစားမှု တစ်ခုပင်။
ဤအချိန်တွင် လက်ဖက်ရည်ကြမ်း တစ်အိုးသာ ရှိမည်ဆိုလျှင် ပို၍ပင် ပြည့်စုံသွားပေလိမ့်မည်။ ရှန့်ရှီသည် နှုတ်ခမ်းကို သပ်ရင်း နောက်ထပ် တစ်ဖဲ့ကို ထပ်စားလိုက်ပြန်သည်။
အို၊ အကယ်၍ ထိုအချိန်တွင် ဆရာဝေ၏ လက်ရာမွန်များကိုသာ ငေးမောကြည့်ရှုခွင့် ရမည်ဆိုလျှင် ပို၍ပင် ကောင်းဦးမည်။
ရှန့်ကျင့်ကျောက်မှာ ရေချိုးခန်းမှ ထွက်လာသည့်အခါ မုန့်ဗူးထဲတွင် တစ်ဝက်သာ ကျန်တော့သည်ကို တွေ့လိုက်ရသည်။
"အဘိုး၊ တကယ်ပဲ ထပ်မစားနဲ့တော့ဗျာ"
ရှန့်ကျင့်ကျောက်မှာ အနည်းငယ် စိုးရိမ်သွားသည်။
ယခုတစ်ခေါက် လာစဉ်က တည်းခိုခန်းတွင် တည်းဖြစ်မည်ဟု မမျှော်လင့်ထားသဖြင့် အဝတ်အစားများ မပါလာသလို ရှန့်ရှီ၏ ဆီးချိုကျဆေးများလည်း ပါမလာခဲ့ပေ။
ရှန့်ရှီက ရှန့်ကျင့်ကျောက်၏ လက်ကို ပုတ်ထုတ်လိုက်သည်။
"ဒါက သိပ်မချိုပါဘူး ရပါတယ်၊ ငါ့ဘာသာငါ သိတယ်"
ရှန့်ကျင့်ကျောက်၏ သဘောထားမှာ ပြတ်သားသည်။
"ဒါဆိုရင် အဖေနဲ့ အမေ့ကို ပြောလိုက်မယ်"
သူတို့မိသားစုသည် အဘိုးဖြစ်သူ မထိန်းနိုင်ဘဲ စားမိမှာစိုး၍ အိမ်တွင် မုန့်များ ဘယ်တော့မှ မဝယ်ထားကြပေ။
ရှန့်ရှီမှာ အသက်ကြီးပြီဖြစ်ရာ ပါးစပ်ထဲတွင် အရသာကင်းမဲ့နေတတ်သဖြင့် အချိုကို အထူးသဖြင့် ပိုကြိုက်နေခြင်းဖြစ်သည်။
ရှန့်ရှီသည် မလိုလားဘဲ မုန့်ကို ပြန်ချလိုက်ရပြီး ရှန့်ကျင့်ကျောက်ကို စိုက်ကြည့်ကာ ပြောလိုက်သည်။
"မင်းက မင်းအဘိုးကို ဒီလိုပဲ ဆက်ဆံတာလား မင်း၊ မင်း ငါ့ကို ဒီလောက်ကောင်းတဲ့ တည်းခိုခန်းအကြောင်း တစ်ခါမှ မပြောပြဘူး၊ ဟွန်း၊ မင်း တကယ်ပဲ စိတ်နှလုံးကောင်း မရှိတာပဲ"
ရှန့်ကျင့်ကျောက်ကတော့ အလျှော့မပေးဘဲ မုန့်ဗူးတစ်ခုလုံးကို သိမ်းဆည်းလိုက်တော့သည်။
စနစ် သည် အမှာစာများအပေါ် မူတည်ပြီး ကောင်းမွန်သောမှတ်ချက် များကို တွက်ချက်သည်။ အကယ်၍ ဧည့်သည် ၁၀ ဦးသည် အခန်းတစ်ခန်းတည်းတွင် တည်းခိုပြီး အခန်းခ တစ်ခန်းစာသာ ပေးပါက၊ ထိုဧည့်သည် (၁၀) ဦးလုံးက မှတ်ချက်ကောင်း ပေးမှသာ တည်းခိုခန်းသည် ကောင်းမွန်သောမှတ်ချက် (၁) မှတ် ရရှိမည်ဖြစ်သည်။ သို့သော် အကယ်၍ ဧည့်သည်တစ်ဦးတည်းက အခန်းခကို (၁၀) ရက်စာ ပေးချေထားပါက ထိုဧည့်သည် သည် (၁၀) ရက်လုံး အခန်းထဲမှ အပြင်မထွက်လျှင်တောင် သူသာ (၁၀) ရက်လုံး စိတ်ကျေနပ်မှုရှိနေပါက ဟဲ့ယဲ့တည်းခိုခန်းသည် မှတ်ချက် ၁၀ မှတ် ရရှိမည် ဖြစ်၏။
ထို့ကြောင့် နောက်တစ်နေ့ နံနက်တွင် ဟဲ့ယဲ့တည်းခိုခန်းသည် ရှန့်ရှီနှင့် ရှန့်ကျင့်ကျောက်တို့ထံမှ ကောင်းမွန်တဲ့မှတ်ချက် (၁) မှတ်ကို ရရှိခဲ့သည်။
ဝေဖုန်းယီနှင့် ဟုန်လျန်တို့သည်လည်း သုံးသပ်ချက်ကောင်းများကို အသီးသီး ရရှိခဲ့ကြ၏။
ထိုနေ့နံနက်တွင် ဟုန်လျန်သည် မီးဖိုချောင်၌ မုန့်များ လုပ်နေစဉ် သူမ၏ တစ်ကိုယ်လုံးတွင် နွေးထွေးမှုတစ်ခု ပျံ့နှံ့သွားပြီး စိတ်ထဲတွင်လည်း လန်းဆန်းသွားသည်ကို ရုတ်တရက် ခံစားလိုက်ရသည်။
သူမ အဆင့်တက်သွားပြီ။
ဟုန်လျန်မှာ အလွန်ရင်ခုန်သွားသဖြင့် လက်ဆေးရန်ပင် မေ့သွားကာ ဂျုံမှုန့်များ ပေကျံနေသော လက်များဖြင့် မီးဖိုချောင်ထဲမှ ပြေးထွက်လာခဲ့သည်။
သူမ၏ မျက်နှာမှာ နီမြန်းနေပြီး အသံမှာလည်း မထိန်းနိုင်ဘဲ တုန်ရင်နေသည်။
"ကျွန်မ၊ ကျွန်မ ကြယ်နှစ်ပွင့် အဆင့်ကို ရောက်သွားပြီ"
ဒါကို ကြားလိုက်ရတဲ့ စုဟယ်က ဝမ်းသာအားရဖြင့်
"ဒါဆိုရင် အရမ်းကောင်းတာပေါ့"
ဟုန်လျန်၏ မှတ်ချက်တန်ဖိုးမှာ (၇၀) ကျော်အထိ စုဆောင်းမိနေပြီဖြစ်ကာ ကြယ် (၂) ပွင့်အဆင့်သို့ ဤမျှမြန်မြန် ရောက်သွားလိမ့်မည်ဟု မထင်ထားခဲ့ပေ။ စုဟယ်သည် ဇာတ်ကောင်ကတ်ပြား ကို စစ်ဆေးရန် စနစ်မျက်နှာပြင် ကို ဖွင့်လိုက်သည်။
ဇာတ်ကောင်ကတ်ပြား- ဟုန်လျန်
ဇာတ်ကောင်မိတ်ဆက် : အနီရောင်အိမ်မက် ကတ်စုဆောင်းမှုမှ ဖြစ်ပြီး သူမသည် အခြားအစေခံမလေးများကို လက်ဖက်ရည် လိုက်လံငှဲ့ပေးရသည့် အစေခံမလေး ဖြစ်သည်။ အိပ်ရာပြင်ခြင်း၊ စောင်ခေါက်ခြင်းနှင့် လက်ဖက်ရည်၊ ရေ တည်ခင်းခြင်းစသည့် ကျွမ်းကျင်မှုမျိုးစုံကို တတ်မြောက်ထား၏။
ရှားပါးမှုအဆင့် : သာမန်
လက်ရှိအဆင့် : ကြယ်နှစ်ပွင့် (ကြယ် ၃ ပွင့်သို့ အဆင့်မြှင့်တင်ရန်အတွက် မှတ်ချက်ကောင်း မစ်ရှင်တစ်ခုကို ပြီးမြောက်ရန်နှင့် လူကြိုက်များမှုတွင် လူသိများခြင်း အဆင့်သို့ ရောက်ရှိရန် လိုအပ်သည်။)
မှတ်ချက်ကောင်း အမှတ် : ၁၀၀ / ၁၀၀၀
လူကြိုက်များမှု : အတွေ့အကြုံသစ်
ထူးခြားသော ကျွမ်းကျင်မှု : လက်ဖက်ရည်သောက်မုန့် လုပ်ခြင်း (လက်ဖက်ရည်သောက်မုန့် လုပ်နိုင်သော အစေခံမလေးတစ်ဦးအဖြစ် ဝီရိယရှိရှိ လေ့ကျင့်ပြီးနောက် သူမ၏ မုန့်လုပ်ခြင်းအတတ်ပညာမှာ အံ့မခန်း တိုးတက်လာခဲ့သည်။)
အထူးအပိုဆောင်း : အစားအစာ အရသာရှိမှု (၅)% (အိပ်ရာပြင်၊ စောင်ခေါက်၊ ရေခပ်လုပ်ပေးရသည့် အစေခံမလေးသည် သူမ၏ ကျွမ်းကျင်ရာ နယ်ပယ်ကို ရှာတွေ့သွားခဲ့ပြီဖြစ်သည်။ ချစ်ခြင်းမေတ္တာဖြင့် လုပ်ထားသော အစားအစာများမှာ ပို၍ပင် အရသာရှိလာမည် ဖြစ်သည်။)
ကြယ် ၁ ပွင့်မှ ၂ ပွင့်သို့ ရောက်လာသည့်အခါ ကတ်ပြားပေါ်မှ အချက်အလက်များတွင် အပြောင်းအလဲသစ်များ ရှိလာသည်။ ယခုတစ်ကြိမ်တွင် ဟုန်လျန်သည် စွမ်းရည်သစ်တစ်ခုကိုလည်း ရရှိခဲ့၏။
စွမ်းရည် ရပြီးနောက် အချက်အလက်များကို ကြည့်ရင်း စုဟယ်က စဉ်းစားမိသည်မှာ ဟုန်လျန်တွင် ကျွမ်းကျင်မှုများစွာ ရှိနေသည်။
အကယ်၍ သူမသည် ထိုအချိန်က လက်ဖက်ရည်သောက်မုန့် လုပ်ခြင်းကို မရွေးချယ်ခဲ့ဘဲ အခြားတစ်ခုကို လုပ်ခဲ့မည်ဆိုလျှင် ဟုန်လျန်ရရှိမည့် စွမ်းရည်သည် ချက်ပြုတ်ခြင်းနှင့် မဆိုင်ဘဲ သန့်ရှင်းရေး သို့မဟုတ် အခြားတစ်ခုခု ဖြစ်ကောင်းဖြစ်နိုင်သည်။ ကတ်ပြား၏ အပြောင်းအလဲများသည် ဇာတ်ကောင်၏ ကိုယ်ပိုင်ဖွံ့ဖြိုးတိုးတက်မှုနှင့်လည်း သက်ဆိုင်နေပုံရသည်။
ဝေဖုန်းယီ၏ ထူးခြားသော ကျွမ်းကျင်မှုမှာ ကဗျာစပ်ခြင်း ဖြစ်သည်ကို စုဟယ် သတိရလိုက်သည်။
ကံဆိုးသည်မှာ သူမမှာ သာမန်လူတစ်ယောက်သာဖြစ်ရာ ဆရာဝေက သူမကို ကဗျာရွတ်ပြနေမည့်အစား နွားကို စောင်းတီးပြနေခြင်းက ပို၍ကောင်းပေလိမ့်မည်။
ထို့ကြောင့် ဝေဖုန်းယီ၏ ကဗျာစပ်ခြင်းစွမ်းရည်မှာ အပြည့်အဝ အသုံးမချရသေးပေ။
အကယ်၍ ဝေဖုန်းယီ ကြယ် (၂) ပွင့်အဆင့်သို့ ရောက်ပါက သူ၏ အထူး စွမ်းရည်သည်လည်း ပြောင်းလဲသွားနိုင်မလား။
စနစ်ပေါ်ရှိ မှတ်ချက်ကောင်း အမှတ်များမှာလည်း အသစ်ပြန်ဖြစ်သွားပြီဖြစ်သည်။
ကြယ် (၃) ပွင့်သို့ အဆင့်မြှင့်တင်ရန် မှတ်ချက်ကောင်း (၁၀၀၀) ရရန် လိုအပ်ရုံတင်မကဘဲ လူကြိုက်များမှု မစ်ရှင် ကိုလည်း ပြီးမြောက်ရန် လိုအပ်၏။
မှတ်ချက်ကောင်းများမှာမူ ကြိုးစားအားထုတ်နေသရွေ့ အချိန်ကြာလာသည်နှင့်အမျှ ပြီးမြောက်သွားနိုင်ပါသည်။ တကယ့် ခက်ခဲသောအပိုင်းမှာ လူကြိုက်များမှု မစ်ရှင်ပင် ဖြစ်သည်။
စုဟယ်သည် စနစ်၏ မိတ်ဆက်ကို နှိပ်ကြည့်လိုက်ရာ လူကြိုက်များမှု အဆင့်များကို အောက်ပါအတိုင်း ခွဲခြားထားသည်။
၁။ အတွေ့အကြုံသစ် : လူကြိုက်များမှု အမှတ် (၁၀,၀၀၀) ရရန် လိုအပ်သည်။
၂။ အတော်အတန် ကျော်ကြားခြင်း : ဒေသတွင်း၌ နာမည်တစ်ခု ရရှိထားခြင်း။
၃။ ထင်ပေါ်ကျော်ကြားလာခြင်း : မြို့တစ်မြို့လုံး သိသည်အထိ ကျော်ကြားလာခြင်း။
၄။ အမည်ကျော်ကြားခြင်း : ပြည်နယ်တစ်ခုလုံး သိသည်အထိ နာမည်ကြီးခြင်း။
၅။ လူသိများခြင်း : တစ်နိုင်ငံလုံး သိသည်အထိ နာမည်ကျော် လူပုဂ္ဂိုလ်တစ်ဦး ဖြစ်လာခြင်း။
၆။ ဂုဏ်သတင်း ကြီးမားခြင်း : နှစ်စဉ်ရောင်းအား ယွမ် သန်း (၂၀) နှင့်အထက် ရှိသော လုပ်ငန်းကြီးတစ်ခုကို ပိုင်ဆိုင်ခြင်းကဲ့သို့သော လူမှုအဆင့်အတန်းနှင့် ဂုဏ်သတင်း ရှိလာခြင်း။
၇။ ရပ်ဝေးမြေခြားအထိ ကျော်ကြားခြင်း : မုန့်ကြိုက်သူတိုင်းက ဆရာကြီး X နှင့် အခြား မုန့်ဆိုင်ခွဲ အမှတ်တံဆိပ်များကို သိရှိသကဲ့သို့ အများပြည်သူက ကျယ်ကျယ်ပြန့်ပြန့် သိရှိချီးမွမ်းခံရခြင်း။
၈။ တစ်ပြည်လုံးတွင် နာမည်ကျော်ခြင်း : ငရုတ်သီးဆော့စ်လောကတွင် လောင်ကန်းမား ကဲ့သို့ နယ်ပယ်တစ်ခုတွင် ကိုယ်စားပြုပုဂ္ဂိုလ် ဖြစ်လာခြင်း။
၉။ ကမ္ဘာကျော်ခြင်း : ဟီလ်တန် ကဲ့သို့ ကမ္ဘာကျော် ဟိုတယ်ကွင်းဆက်များကဲ့သို့ နိုင်ငံတကာတွင် ကျော်ကြားမှုနှင့် ဩဇာညောင်းခြင်း။
၁၀။ စကြဝဠာအနှံ့ ကျော်ကြားခြင်း : ကိုကာကိုလာ ကဲ့သို့ ကမ္ဘာတစ်ဝန်းလုံးတွင် ဂုဏ်သတင်း မွှေးပျံ့ခြင်း။
ဟုန်လျန် အဆင့်တက်ရန်အတွက် သူမ၏ လူကြိုက်များမှုမှာ လူသိများခြင်း အဆင့်သို့ ရောက်ရှိရန် လိုအပ်သည်။ ဆိုလိုသည်မှာ သူမသည် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် နာမည်ကြီးရန် လိုအပ်ခြင်းပင်။ ထိုလူကြိုက်များမှု မစ်ရှင်သည် မှတ်ချက်ကောင်း မစ်ရှင်ထက် အများကြီး ပို၍ ခက်ခဲလှပေသည်။
38
ဇာတ်ကောင်ကတ်ပြားတစ်ခုကို ကြယ်သုံးပွင့်အဆင့်သို့ မြှင့်တင်ရန်မှာ အမှန်တကယ်ပင် လွယ်ကူသောကိစ္စမဟုတ်ကြောင်း သိသာလှသည်။ ကတ်ပြားအဆင့်မြှင့်တင်ခြင်းဆိုင်ရာ အချက်အလက်များကို ဖတ်ရှုပြီးနောက် စုဟယ်သည် ရေရှည်တိုက်ပွဲအတွက် စိတ်ကိုပြင်ဆင်လိုက်တော့၏။ သူမသည် အတွေးများကို ပြန်လည်စုစည်းကာ အနည်းငယ် မိန်းမောတွေဝေနေသော ဟုန်လျန်လေးကို ကြည့်ပြီး ဂရုတစိုက် မေးမြန်းလိုက်သည်။
"ဟုန်လျန် နေလို့ရော အဆင်ပြေရဲ့လား"
ကြယ်အဆင့် မြင့်တက်သွားသည့် ထိုခဏ၌ ဟုန်လျန်သည် သူမ၏ စိတ်အာရုံတစ်ခုလုံး ကြည်လင်ရှင်းလင်းသွားသလို ခံစားလိုက်ရသည်။ ယခင်ကမူ သူမ၏ဦးနှောက်မှာ မှန်သားပြင်တစ်ခုဖြင့် ကာရံထားသကဲ့သို့ ဖြစ်နေပြီး၊ ထိုမှန်မှာလည်း အမြဲတမ်း ဖုန်တက်ကာ ဝေဝါးနေသဖြင့် တစ်ခုခုကို တွေးတောသည့်အခါ တိမ်ဖုံးနေသလို ခံစားရလေ့ရှိ၏။
ယခုမူ စိတ်အာရုံကို ပိတ်လှောင်ထားသည့် သံခြေကျင်းများ ကျိုးပြတ်သွားသကဲ့သို့ ဟုန်လျန်သည် ပိုမိုလတ်ဆတ်သော လေထုကို ရှူရှိုက်လိုက်ရသလို ခံစားရသည်။ သူမ၏ စိတ်သည် ကြည်လင်တောက်ပလာပြီး ယခင်က နားမလည်ခဲ့သော အရာများကိုလည်း ရုတ်တရက်ဆိုသလို သဘောပေါက် နားလည်သွားတော့၏။
ဥပမာအားဖြင့် အသစ်ဝယ်ယူထားသော ခေတ်မီမီးဖိုချောင်သုံး ပစ္စည်းများကို အသုံးပြုရာတွင် ယခင်က ဟုန်လျန်သည် အတော်လေး အားထုတ်သင်ယူခဲ့ရသည်။ ခလုတ်များ၏ လုပ်ဆောင်ချက်ကို မမေ့စေရန်အတွက် သူမဘာသာ ရိုးရှင်းသော မှတ်စုစာအုပ်လေးပင် ရေးမှတ်ထားခဲ့ရပြီး အလွတ်ကျက်မှတ်ခြင်းဖြင့်သာ အသုံးပြုခဲ့ရခြင်း ဖြစ်၏။
ယခုအခါတွင်မူ သူမ၏ စိတ်ထဲ၌ တစ်ပိုင်းတစ်စသာ နားလည်ခဲ့သော ခေတ်မီဗဟုသုတများမှာ ရုတ်တရက်ပင် ရှင်းလင်းသွားပြီး၊ အမြဲတမ်း ခက်ခက်ခဲခဲ သင်ယူနေရသည့် ပင်ယင် အသံထွက်များပင်လျှင် ချောမွေ့သွားတော့သည်။ ဟုန်လျန်၏ အသံထဲတွင်လည်း စိတ်လှုပ်ရှားမှု အရိပ်အယောင်များ ပါဝင်လာ၏။
"ကျွန်မ အရမ်းကို နေလို့ကောင်းပါတယ်၊ အရင်က အကြောင်းအရာ အတော်များများကို မှတ်မိလာသလို၊ လက်ဖက်ရည်ဖျော်ဖို့နဲ့မုန့်အတွက် နည်းလမ်းအသစ် သုံးမျိုးကိုလည်း ပြန်သတိရလာတယ်"
စုဟယ်က မေးလိုက်သည်
"လက်ဖက်ရည်နဲ့မုန့်နည်းလမ်းတွေကို ခဏထားဦး၊ ဘာတွေကို မှတ်မိလာတာလဲ"
ဟုန်လျန်၏ မျက်နှာအမူအရာမှာ ရုတ်တရက် အတိတ်ကို လွမ်းဆွတ်တမ်းတသည့် အရိပ်အယောင်များဖြင့် မှိုင်တွေသွားတော့သည်။ ကြယ်အဆင့် မတက်မီက သူမသည် ဘာမျှမသိနားမလည်ဘဲ ဥယျာဉ်ကြီးတစ်ခုထဲတွင် နေထိုင်ခဲ့ပြီး လက်ဖက်ရည်နှင့် ရေ လိုက်လံတည်ခင်းပေးရသည့် အစေခံမလေးတစ်ဦး ဖြစ်ခဲ့သည်ဟူ၍သာ မှတ်မိခဲ့၏။ မှတ်ဉာဏ်များ မရှိခဲ့သလို သိချင်စိတ်လည်း မပြင်းပြခဲ့သဖြင့် ဇာတ်ကောင်ကတ်ပြား ဖြစ်လာပြီးနောက်ပိုင်းတွင် စနစ်၏ သတ်မှတ်ချက်အတိုင်း ကြယ်အဆင့်တက်ရန်သာ အကောင်းဆုံး ကြိုးစားခဲ့ခြင်း ဖြစ်သည်။
"ကျွန်မရဲ့ အတိတ်ဘဝက တစ်ပိုင်းတစ်စ မှတ်ဉာဏ်တွေကို ပြန်မှတ်မိလာတယ်။ ဒါပေမဲ့ အဲဒီ မှတ်ဉာဏ်စတွေက အရမ်းများပြီး ရှုပ်ထွေးလွန်းနေတယ်"
ဟုန်လျန်က ခဏနားပြီးမှ ဆက်ပြောသည်။
"ကျွန်မက ကျား မိသားစုရဲ့ နေအိမ်မှာပဲ မွေးဖွားကြီးပြင်းခဲ့တဲ့ အစေခံမလေးတစ်ဦးပါ၊ မွေးကတည်းက အစေခံဖြစ်ဖို့ ကံပါလာခဲ့တာပေါ့၊ ဒါပေမဲ့ အစေခံတွေထဲမှာတောင် အဆင့်အတန်း ကွဲပြားမှုတွေ ရှိတယ်"
ဟုန်လျန်က ပြန်လည်အမှတ်ရနေသည်
"လက်ဖက်ရည်နဲ့ ရေ တည်ခင်းပေးရတဲ့အလုပ်က အလုပ်ကောင်းတစ်ခုပါ။ သခင်တွေနဲ့ သခင်မလေးတွေရဲ့ ရှေ့မှာ မျက်နှာပြခွင့်ရသလို၊ ဆုလာဘ်တွေလည်း ရတတ်တယ်၊ အလုပ်ကလည်း သိပ်မပင်ပန်းဘူးလေ ဒါကလည်း ကျွန်မရဲ့ အဖေနဲ့ အမေက အိမ်တော်ထဲမှာ ရှိနေလို့ပါ၊ မဟုတ်ရင် ကျွန်မလို မလိမ္မာသလို ရုပ်ရည်ကလည်း သိပ်မလှတဲ့သူမျိုးက မီးမွှေးရတာတို့၊ သစ်ပင်ရေလောင်းရတာတို့ပဲ လုပ်ရမှာ၊ ပိုဆိုးရင် အဝတ်လျှော်တာ ဒါမှမဟုတ် တံမြက်စည်းလှည်းတဲ့ အလုပ်မျိုးတွေဆီ ပို့ခံရမှာ"
ဟုန်လျန်သည် သူမ မြင်တွေ့ဖူးခဲ့သော အလုပ်ကြမ်းလုပ်ရသည့် အစေခံမလေးများကို ပြန်တွေးမိပြီး ကိုယ်လေး တုန်ရင်သွားရသည်။
သူတို့၏ ဖူးရောင်နေပြီး မုန်လာဥနီကဲ့သို့ ဖြစ်နေသော လက်ချောင်းများမှာ သူမ၏ အာရုံထဲတွင် အမြဲ ဝဲလည်နေတတ်သည်၊ အေးစက်လှသော ဆောင်းရာသီတွင် ပို၍ပင် ခက်ခဲလှသည်၊ အစေခံများနှင့် ကျွန်များအတွက် ရေနွေးကို အသုံးပြုခွင့် မရှိသောကြောင့်ပင်။ မိဘများအကြောင်း ပြောမိသည့်အခါ ဟုန်လျန်၏ မျက်ဝန်းများမှာ အရည်လဲ့လာသည်။
"ကျွန်မအမေကလည်း ငယ်ငယ်တုန်းက အဲဒီလိုပဲ လုပ်ခဲ့ရတာ၊ နောက်တော့ ကျွန်မအဖေနဲ့ တွေ့ခဲ့တယ်၊ အဖေက နောက်ဖေးဝင်းထဲက မြင်းဇောင်းထိန်းလေ၊ မြင်းရထားမောင်းတာလည်း တော်တော့ သခင်တွေရဲ့ မျက်နှာသာပေးတာကို ခံရတယ်၊ အဲဒါကြောင့်ပဲ အမေ့ကို နောက်ဖေးမီးဖိုချောင်မှာ ရေနွေးကျိုတာနဲ့ မီးဖို နွေးအောင်လုပ်ရတဲ့ အလုပ်မျိုးဆီ ပြောင်းပေးခဲ့ကြတာ၊ တစ်နေ့ကုန် အလုပ်လုပ်ပေမဲ့လည်း မပင်ပန်းသလို နောက်ဖေးမီးဖိုချောင်မှာ ခဏတဖြုတ် ထိုင်နားလို့လည်း ရခဲ့တယ်"
သူမသည် သူမ၏ မိဘမျက်နှာများကို အသည်းအသန် ပြန်လည်ပုံဖော်ရန် ကြိုးစားသော်လည်း ထိုမျက်နှာများမှာ အမြဲတမ်း ဝေဝါးနေဆဲပင်။ ဟုန်လျန်သည် အနည်းငယ် စိတ်ပျက်သွားသော်လည်း မကြာမီမှာပင် ကြယ်သုံးပွင့်အဆင့်သို့ သေချာပေါက် ရောက်အောင်သွားမည်ဟု စိတ်ထဲမှ တိတ်တဆိတ် သစ္စာဆိုလိုက်သည်။
အဆင့်တက်သွားပြီးနောက်တွင် သူမ၏ မိဘမျက်နှာများနှင့် သူတို့၏ လေးနက်သော မျှော်လင့်ချက်များကို သေချာပေါက် ပြန်မှတ်မိလာလိမ့်မည်ဟု သူမ ခံစားနေရသည်။ ထို့အပြင် ပို၍ကြီးမားသော အံ့အားသင့်စရာများလည်း စောင့်ကြိုနေနိုင်ပါသည်။ ဟုန်လျန်က ဆက်ပြောပြ၏။
"တစ်ရက်ပြီးတစ်ရက် အသက်ကြီးလာပေမဲ့ ကျွန်မကတော့ အစေခံခေါင်းဆောင် တစ်ယောက်ဖြစ်ဖို့ အနားတောင် မကပ်နိုင်ခဲ့ဘူး၊ အစပိုင်းမှာ အဖေနဲ့အမေရဲ့ အဆက်အသွယ်လေးတွေကို အားကိုးပြီး သခင်မလေးရှေ့မှာ မျက်နှာပြခွင့် ရသေးတယ်၊ ဒါပေမဲ့ နောက်ပိုင်းမှာ လှပပြီး ထက်မြက်တဲ့ အစေခံမလေးတွေက အရမ်းများလာတော့ ကျွန်မရဲ့ နေရာက တဖြည်းဖြည်းနဲ့ ဘေးရောက်သွားတော့တာပဲ၊ အချိန်ကြာလာရင် လက်ဖက်ရည် တည်ခင်းရတဲ့အလုပ်တောင် ကျွန်မအတွက် ကျန်မှာမဟုတ်ဘူးလို့ ခန့်မှန်းမိခဲ့တယ်"
သခင်နှင့် နီးနီးကပ်ကပ်နေရခြင်းမှာ အကောင်းဆုံးအလုပ် ဖြစ်သည်။ သခင်ကြီးအတွက် လက်ဖက်ရည် တည်ခင်းချင်သော သို့မဟုတ် အိပ်ရာပြင်ပေးချင်သော အစေခံမလေးများသည် နူးညံ့သော လက်များရှိရမည်။ အလုပ်ကြမ်းလုပ်၍ လက်ဖဝါးတွင် အသားမာတက်နေသူများမှာ ပိုးထည်ပန်းပွင့်များနှင့် ပိုးထည်အိပ်ရာခင်းများကို ဖျက်ဆီးမိစေနိုင်သဖြင့် လူတိုင်းမှာ ရုန်းကန်တက်လှမ်းကြပြီး မည်သူမျှ လက်ကိုပင်ပန်းစေမည့် အလုပ်ကြမ်းများကို မလုပ်ချင်ကြပေ။
ဟုန်လျန်သည် သူမ၏နေရာမှ တဖြည်းဖြည်း ဖယ်ထုတ်ခံခဲ့ရသည်ကို ပြန်တွေးမိပြီး အနည်းငယ် ရှက်ရွံ့သွားသည်။ သူမက အရည်အချင်း တကယ်ကို မရှိခဲ့ခြင်းပင်။
"နောက်ပိုင်းမှာ အတွင်းဝင်းထဲကနေ အပြင်ဝင်းကို အနှင်ခံရမှာ ကြောက်တာနဲ့ အမေ့ရဲ့ အဆက်အသွယ်ကိုပဲ ပြန်အားကိုးပြီး နောက်ဖေးမီးဖိုချောင်ဆီ ထွက်ပြေးခဲ့တယ်၊ အဲဒီမှာတော့ အစားအသောက်လေးနဲ့တင် ကျေနပ်နေလို့ ရမယ်လို့ တွေးခဲ့တာ"
နောက်ဖေးမီးဖိုချောင်သို့ သွားသည့် အကြိမ်တိုင်းတွင် ဟုန်လျန်သည် သူမ၏ အမေနှင့် စကားပြောသည့် အခွင့်အရေးကို အသုံးချကာ မုန့်လုပ်နည်းများကို ခိုးယူသင်ယူခဲ့သည်။
ဟုန်လျန်တွင် အားလပ်ချိန် သိပ်မရှိလှပေ။ နံနက်ခင်းများမှာ အလွန်အလုပ်ရှာပြီး မွန်းလွဲပိုင်းမှသာ အနည်းငယ် နားချိန်ရတတ်သည်။ မွန်းလွဲပိုင်းတွင် မီးဖိုချောင်၌ ဖယောင်းတိုင်များ ထွန်းမထားသော်လည်း မီးဖိုထဲမှ တောက်လောင်နေသော မီးလျှံများက မီးဖိုချောင်တစ်ခုလုံးကို လင်းထိန်စေ၏။ ဟုန်လျန်၏ အမေက မီးဖိုကို နွေးအောင်လုပ်ရင်း မီးကြည့်နေချိန်တွင် ဟုန်လျန်သည် အနားတွင် ကပ်နေလေ့ရှိပြီး မီးဖို၏ အပူရှိန်ကြောင့် လည်ချောင်းများ ခြောက်ကပ်ကာ ချွေးများလည်း ရွှဲနေတတ်သည်။
လူမိမှာ ကြောက်သဖြင့် သူမသည် ဘေးစောင်းနေပြီး စားဖိုမှူးက လက်ဖက်ရည်သောက်မုန့်များ လုပ်နေပုံကို တိတ်တဆိတ် အကဲခတ်နေခဲ့သည်။ အပြင်ပန်းတွင်တော့ အမေဖြစ်သူနှင့် ပြုံးပြုံးရွှင်ရွှင် စကားပြောနေသော်လည်း အခွင့်သာသည့် အချိန်တိုင်းတွင် စားဖိုမှူး၏ ကျွမ်းကျင်လှသော လှုပ်ရှားမှုများကို ခိုးကြည့်နေမိ၏။
စားဖိုမှူးသည် သစ်သားဇွန်းကိုကိုင်ကာ မုန့်နှစ်များကို ကျွမ်းကျင်ပိုင်နိုင်စွာ ဖြည်းဖြည်းချင်း မွှေနေသည်။ ဟုန်လျန်သည် သူမ၏ဘေးမှနေ၍ ဂျုံမှုန့်နှင့် ရေ၏ အချိုးအစားကို စိတ်ထဲမှ တိတ်တဆိတ် မှတ်သားနေသော်လည်း၊ သူမ သဘောမပေါက်မီမှာပင် စားဖိုမှူးက နောက်တစ်ဆင့်သို့ ကူးသွားလေ့ရှိ၏။ စားဖိုမှူး၏ လက်ချောင်းများက မုန့်စိမ်းပေါ်တွင် ပေါ့ပါးစွာ ကခုန်နေပြီး၊ ဂျုံမှုန့်၊ ဆီနှင့် သကြားတို့ကို သေချာစွာ ရောနှောသွားအောင် နုနုညံ့ညံ့နှင့် ခိုင်မာစွာ နယ်ဖတ်နေသည်။ ကြည့်ရသည်မှာ အလွန်လွယ်ကူလှသည်၊ သူမ၏လက်ထဲတွင် မုန့်စိမ်းမှာ တဖြည်းဖြည်း နုညံ့ပြီး ကျုံ့ဆန့်နိုင်စွမ်း ရှိလာသည်။ သူမ၏ လှုပ်ရှားမှုများမှာ ကျွမ်းကျင်ပြီးသားဖြစ်ကာ မုန့်နယ်နေရင်းဖြင့် ပျင်းရိသော အစေခံမလေးများကိုပင် ငေါက်ငမ်းဖို့ အချိန်ရသေးသည်။
စားဖိုမှူး၏ နဖူးပေါ်တွင် ချွေးစက်များ တလက်လက် တောက်ပနေပြီး၊ သူမ၏ မျက်ဝန်းများထဲတွင်မူ အာရုံစူးစိုက်မှုနှင့် ဝါသနာတို့ဖြင့် ပြည့်နှက်နေသည်။ အချိန်ကြာလာသည်နှင့်အမျှ မုန့်စိမ်းမှာ တဖြည်းဖြည်း ချောမွေ့ညီညာလာ၏။ သူမသည် မုန့်စိမ်းကို အဖတ်လေးများ ခွဲထုတ်ကာ တစ်ခုချင်းစီကို လုံးပြီး ညင်သာစွာ ဖိချလိုက်သည်။ လှုပ်ရှားမှုတိုင်းမှာ ချောမွေ့ပြီး စနစ်ကျလှ၏။
လက်ဖက်ရည်နှင့်မုန့် လုပ်ခြင်းမှာ အချိန်အတော်ကြာလှသဖြင့် ဟုန်လျန်သည် မုန့်များကို ဖိုထဲထည့်ကာ ဖုတ်သည်ကိုပင် မတွေ့လိုက်ရဘဲ စိတ်ပျက်လက်ပျက်ဖြင့် မီးဖိုချောင်မှ ထွက်ခွာခဲ့ရသည်က များသည်။
နောက်တစ်ကြိမ် သူမ ရောက်လာသည့်အခါတွင်လည်း စားဖိုမှူးက မတူညီသော မုန့်အမျိုးအစားကို ပြုလုပ်နေပြန်၏။
ထို့ကြောင့် ဟုန်လျန်သည် နောက်ထပ်မုန့်တစ်မျိုး၏ နည်းလမ်းကိုသာ စိတ်ထဲမှ တိတ်တဆိတ် ပြန်မှတ်သားနေရတော့သည်။ မွှေးကြိုင်လှသော ရနံ့များက မီးဖိုချောင်တစ်ခုလုံးတွင် ပျံ့နှံ့နေပြီး လူကို သွားရည်ကျစေ၏။ သူမသည် ထိုမျှ အရသာရှိလှသော မုန့်များကို မြည်းစမ်းခွင့်ရခဲ့သည့် ကံကောင်းမှုမျိုးလည်း ရှိခဲ့ဖူးပါသည်။ ထိုမုန့်များမှာ သခင်မလေး စားကြွင်းစားကျန် မုန့်အစအနလေးများသာ ဖြစ်သော်လည်း ၎င်းတို့၏ ရနံ့မှာ သူမ၏ မှတ်ဉာဏ်ထဲတွင် နက်နက်ရှိုင်းရှိုင်း စွဲထင်ကျန်ရစ်ခဲ့သည်။ သူမသည် လက်ဖက်ရည်နှင့်မုန့်များကို တဖြည်းဖြည်း ချစ်မြတ်နိုးလာခဲ့သည်။
မုန့်များမှာ စကားမပြောတတ်သော်လည်း၊ မုန့်စိမ်းထဲမှ အပေါက်လေးများနှင့် ဖိုထဲသို့ ထည့်လိုက်ချိန်တွင် ထွက်ပေါ်လာသော တိုးညင်းသည့် အသံလေးများမှာ သူတို့၏ အကောင်းဆုံး ဘာသာစကားပင် ဖြစ်၏။
အတွင်းဝင်းထဲတွင် သခင်မလေးနှင့် အစေခံခေါင်းဆောင်များ၏ ညွှန်ကြားချက်များကို ကြောက်ကြောက်လန့်လန့်နှင့် နားထောင်နေရခြင်းထက် ဤအရာက ပို၍ စိတ်ဝင်စားစရာကောင်းသည်ဟု ဟုန်လျန် ခံစားရသည်။ ဖြစ်နိုင်သည်မှာ သူမက အနည်းငယ် တုံးအလွန်းသဖြင့် သခင်မလေး၏ မျက်နှာရိပ်မျက်ကဲကို အမြဲတမ်း နားမလည်ခဲ့ခြင်းကြောင့် ဖြစ်ပေလိမ့်မည်။
ထို့ကြောင့်ပင်၊ ထိုကဲ့သို့ ခက်ခက်ခဲခဲနှင့် ဝီရိယထားကာ သင်ယူရင်း ဒုက္ခမျိုးစုံကို အောင့်အီးသည်းခံကာ ဟုန်လျန်သည် ဇွဲမလျှော့ဘဲ ကြိုးစားခဲ့ခြင်း ဖြစ်သည်။ နောက်ပိုင်းတွင် မိဘနှစ်ပါး၏ နည်းမျိုးစုံဖြင့် ကြိုးစားပေးမှုကြောင့် စားဖိုမှူးကြီးမှာ စိတ်ပျော့သွားကာ သူမကို တပည့်အဖြစ် လက်ခံချင်သည့် အရိပ်အယောင် ပြလာခဲ့၏။
ဟုန်လျန်သည် သူမ၏ စိတ်ထဲမှ ထိုတစ်ပိုင်းတစ်စ မှတ်ဉာဏ်များကို ရှာဖွေနေသော်လည်း၊ နောက်ထပ် ဘာဆက်ဖြစ်ခဲ့သနည်း သူမ နောက်ဖေးမီးဖိုချောင်ကို ပြောင်းခဲ့ရသလား စားဖိုမှူးက သူမကို တပည့်အဖြစ် လက်ခံခဲ့သလား။ ဟုန်လျန်မှာမူ ထိုအကြောင်းအရာများကို ဘာမျှ ရှာမတွေ့တော့ပေ။
"ဟုန်လျန် စိတ်ကို လျှော့ထားပါ၊ ကြည့်စမ်း အခုပဲ ကြယ်နှစ်ပွင့် ရနေပြီပဲ၊ ကြယ်သုံးပွင့်ဆိုတာ ဒီလမ်းကို ဆက်လျှောက်သွားရုံပါပဲ၊ ကြယ်သုံးပွင့် ရသွားတဲ့အခါ ကျန်တဲ့မှတ်ဉာဏ်တွေကို သေချာပေါက် ပြန်ရလာမှာပါ "
စုဟယ်က သူမကို နှစ်သိမ့်ပေးလိုက်သည်။
ဝေဖုန်းယီကလည်း ဝင်ပြောသည်
"ဟုန်လျန်လေး၊ မင်းက ဇွဲကြီးတဲ့သူတစ်ယောက်ပါ၊ မင်းရဲ့ နှလုံးသားက တောင့်တတဲ့အရာကို သေချာပေါက် ရရှိလာမှာပါ"
လူတိုင်းက သူမကို ဝိုင်းဝန်းနှစ်သိမ့်ပေးနေသည်ကို မြင်ရသဖြင့် ဟုန်လျန်မှာ အနည်းငယ် ရှက်ရွံ့သွားမိသည်။ ဒါက ဂရုစိုက်ခံရတဲ့ ခံစားချက်မျိုးလား။
ဟုန်လျန် သာသာယာယာ ပြုံးလိုက်မိသည်၊ သို့သော် သူမ၏ အပြုံးမှာ ရုတ်တရက် အေးခဲသွားပြီး အော်လိုက်၏။
"ကျွန်မရဲ့ မုန့်စိမ်းတွေ"
"ဝူး"
ခနဲ မြည်အောင်ပင် သူမသည် မီးဖိုချောင်ထဲသို့ အမြန်ပြေးဝင်သွားတော့သည်။ စုဟယ်က သူမ၏ခေါင်းကို ကုပ်ရင်း ရေရွတ်လိုက်မိတော့သည်။
"ဟုန်လျန်က အရင်ထက်စာရင် အများကြီး ပိုပြီး တက်ကြွလန်းဆန်းလာသလိုပဲနော်"