← Chapters

အခန်း (၃၉-၄၀)

Vol. 4 Ch. 39-40

အခန်း (၃၉-၄၀)

Vol. 4 Ch. 39-40

39

ရှန့်ရှီနှင့် ရှန့်ကျင့်ကျောက်တို့သည် သူတို့ပေးလိုက်သော ကောင်းမွန်သောမှတ်ချက်များမှာ ဟုန်လျန်အတွက် မည်မျှအထိ တန်ဖိုးရှိသည်ကို လုံးဝမသိကြပေ။ ဟုန်လျန် ကမ်းပေးလိုက်သော မုန့်ဗူးများကို လှမ်းယူရင်း ရှန့်ကျင့်ကျောက် အားပါးတရပြုံးကာ ပြောလိုက်သည်။

"ကျေးဇူးပါပဲ သူဌေးမရာ၊ တကယ် သဘောကောင်းတာပဲ"

ထိုလူငယ်လေးမှာ စုဟယ်က သူ့ကို မုန့်များ လက်ဆောင်ပေးသည်ဟု ထင်နေခြင်း ဖြစ်သည်။

စုဟယ်က ခေါင်းခါပြပြီး ပြောလိုက်သည်။

"ကျွန်မကို ကျေးဇူးတင်မနေနဲ့၊ ဒါတွေက ဟုန်လျန်ပေးတာ"

ရှန့်ကျင့်ကျောက်မှာ အနည်းငယ် ရှက်ကိုးရှက်ကန်းဖြင့် ခေါင်းကို ကုပ်လိုက်ပြီး ကျေးဇူးတင်လ်ုက်က်သည်။

"ကျေးဇူးပါပဲ ဟုန်လျန်လေး"

"ကျွန်တော်ကတော့ ဒီမှာ ပုံမှန်လာနေကျ ဧည့်သည်မို့လို့ သူဌေးမက အထူးခံစားခွင့် ပေးတယ်မှတ်လို့"

လေသံနှိမ့်၍ ပြောလိုက်သည်။ သူက အနည်းငယ် သိချင်စိတ်ဖြင့်ပြောလိုက်၏။

"ဒီနေ့ ဟုန်လျန် စိတ်ရွှင်နေပုံပဲနော် ဟိုမှာလည်း မုန့်ဝယ်ဖို့ တန်းစီနေတဲ့သူတွေ အများကြီးပဲ"

စုဟယ်က လျှို့ဝှက်သလို အမူအရာဖြင့် ပြောလိုက်သည်။

"သူ့မုန့်တွေက အရမ်းအရသာရှိတယ်လို့ ရှင်ပြောတာကို သူကြားသွားလို့လေ၊ အဲဒါကြောင့် ရှင့်ကို အထူးတလည် လာပြီး ကျေးဇူးတင်တာ"

ရှန့်ကျင့်ကျောက်မှာ ဘာမျှ သံသယမဝင်ဘဲ ထပ်တလဲလဲ ချီးကျူးတော့သည်။

"ဟုန်လျန်ရဲ့ မုန့်တွေက တကယ် အရသာရှိတာဗျ၊ ကျွန်တော့်ဘဝမှာ စားဖူးသမျှထဲမှာ အကောင်းဆုံးလို့တောင် ပြောလို့ရတယ် "

ထိုကဲ့သို့ တိုက်ရိုက်ချီးကျူးစကားကို ကြားလိုက်ရသည့်အခါ ဟုန်လျန်မှာ ရှက်ကိုးရှက်ကန်း ဖြစ်သွားကာ မီးဖိုချောင်ထဲသို့ ပြန်ဝင်ပြေးတော့သည်။

ရှန့်ကျင့်ကျောက် စကားကောင်းနေစဉ်အတွင်း ရှန့်ရှီသည် မုန့်ဗူးကို အသာအယာယူကာ စားသောက်ဆိုင်ဘက်သို့ လမ်းလျှောက်သွားပြီး လမ်းမှာတင် တမြုံ့မြုံ့ စားနေတော့၏။

ရှန့်ကျင့်ကျောက် သတိထားမိသည့်အချိန်တွင် အဘိုးဖြစ်သူမှာ မုန့်နှစ်ဖဲ့ပင် ကုန်နေပြီဖြစ်သည်။

ရှန့်ကျင့်ကျောက်က သူ့ပေါင်သူ ပုတ်ကာ အော်ရတော့သည်။

"အဘိုး ခဏနေဦးလေ၊ တည်းခိုခန်းမှာ မနက်ခင်း ဆန်ပြုတ်ရှိတယ်ဗျ လက်ဖက်ရည်သောက်မုန့်တွေပဲ စားမနေနဲ့ဦး၊ ကျန်းမာရေးနဲ့ညီတာလေး စားပါဦးလား "

စုဟယ်မှာမူ ငြင်းခုံနေကြသည့် မြေးဘိုးနှစ်ယောက်ကို အာရုံစိုက်ရန် အချိန်မရှိလောက်အောင် အလုပ်များနေသည်။ စီးပွားရေးလုပ်ငန်းများက လူကို ဆာလောင်စေသော ဈေးကွက်ရှာဖွေရေး နည်းဗျူဟာကို အဘယ်ကြောင့် သုံးကြသည်ကို မအံ့သြတော့ပေ။ အရေအတွက် ကန့်သတ်ထားသည့် အရာများမှာ အမှန်တကယ်ပင် ပို၍ ဆွဲဆောင်မှု ရှိလှသည်။

မုန့်ဝယ်ရန် တန်းစီနေသည့် ဧည့်သည်များကို ထပ်မံ ငြင်းပယ်လွှတ်ပြီးနောက် စုဟယ်မှာ အနည်းငယ် ခေါင်းခဲသွားသည်။ ပိုက်ဆံလိုက်သိမ်းရသည့် အလုပ်မှာ အလွန်ပင်ပန်းလှ၏။ သူမ၏ ပျင်းရိတတ်သော အကျင့်မှာ ပြန်ပေါ်လာပြန်ပြီ။

"မရဘူး၊ ဒီပိုက်ဆံသိမ်းတဲ့ အလုပ်ကို တစ်ခြားသူကိုလွှဲပေး မှ ဖြစ်မယ်"

စုဟယ်က သူမ၏ လက်မောင်းကို ပွတ်ရင်း ရေရွတ်လိုက်သည်။ သူမသည် အင်တာနက်ပေါ်တွင် သက်ဆိုင်ရာ အချက်အလက်များကို ရှာဖွေကြည့်ရာ များပြားလှသောအချက်အလက်တွေကသူမထံသို့ အလိုအလျောက် ပစ္စည်းရောင်းစက် အမျိုးမျိုးကို အလျင်အမြန် အကြံပြုလာ၏။

စုဟယ်၏ မျက်လုံးများ ဝင်းလက်သွားရသည်။

ဒါဟာ သူမ အတိအကျ လိုအပ်နေတဲ့ အရာပဲ‌လေ။

လောလောဆယ် ဆိုင်တွင် လက်ဖက်ရည်နှသ့်မုန့်သုံးမျိုးသာ ရောင်းချနေသော်လည်း၊ ဟုန်လျန် အဆင့်တက်ပြီးနောက် မှတ်မိလာသော မုန့်နည်းလမ်းသစ်များနှင့် ပေါင်းလျှင် စုစုပေါင်း ခြောက်မျိုး ရှိလာမည်ဖြစ်သည်။

အလိုအလျောက် ပစ္စည်းရောင်းစက် အများစုမှာ ပစ္စည်းအမျိုးအမည် တစ်ဒါဇင်ကျော်အထိ ဆံ့သောကြောင့် မုန့်ရောင်းရန်အတွက် လုံလောက်မှု ရှိလှသည်။

ရောင်းစက်၏ အားသာချက်မှာ တန်းစီနေရန် မလိုဘဲ ကုဒ် စကင်ဖတ်ရုံနှင့် လိုချင်သည့်အရာကို အလွယ်တကူ ရနိုင်ခြင်းပင်။

ဟဲ့ယဲ့တည်းခိုခန်း အပေါက်ဝရှိ ကုန်စုံဆိုင် ပြတင်းပေါက်မှာ အသုံးမချရသေးဘဲ ရှိနေသည်။ ကုန်စုံဆိုင်၏ အပြင်အဆင်မှာ အတော်လေး ခေတ်မမီတော့ဘဲ စုဟယ်၏ မိဘများ ကိုယ်တိုင် ပြင်ဆင်ထားခြင်း ဖြစ်သောကြောင့် ဒီဇိုင်းအလှအပ လုံးဝမရှိဘဲ စင်အနည်းငယ်သာ ချထားခြင်း ဖြစ်သည်။ မုန့်မရောင်းမီက ထိုဆိုင်တွင် အရောင်းရဆုံး ပစ္စည်းများမှာ ဆေးလိပ်၊ တဘက်နှင့် ရေသန့်တို့သာ ဖြစ်၏။ အခြားပစ္စည်းများမှာ ဖုန်တက်နေသည်မှာ ကြာပြီဖြစ်ကာ အရောင်းအဝယ်မှာလည်း အတော်လေး ခြောက်ကပ်လှသည်။

စုဟယ်သည် ဆိုင်၏ တစ်ဖက်ခြမ်းကို ဖယ်ရှားကာ မုန့်ရောင်းလိုက်သည့်အခါ နံနက်ခင်းတွင် မုန့်ဝယ်သူများဖြင့် ပြည့်နှက်သွားသည်။ ရေဝယ်ချင်သည့် လမ်းသွားလမ်းလာများမှာလည်း လူတန်းကြီးကို မြင်သည့်အခါ အခြားနေရာမှာပဲ ဆေးလိပ်နှင့် ရေကို သွားဝယ်ကြသဖြင့် ကုန်စုံဆိုင်မှာ ပို၍ပင် အရောင်းအဝယ် ပါးသွားတော့သည်။

ဒါကို သေချာလေး ပြန်လည်ပြင်ဆင် လိုက်တာက ပိုကောင်းလိမ့်မည်။

သို့သော် ဤဆိုင်ခန်း နှစ်ခန်းလုံးကို ပြန်ပြင်ရန်မှာ အချိန်အတန်ကြာနိုင်သလို၊ ပြင်ဆင်ရေးအဖွဲ့ ရှာရခြင်း၊ ဒီဇိုင်းဆွဲရန် လူငှားရခြင်းတို့မှာလည်း အလုပ်မသေးပေ။

လက်မောင်းက အသားနာနေသည်ကို ပွတ်ရင်း လက်လျှော့ချင်စိတ် ပေါက်လာသော်လည်း ဆိုင်ကိုတော့ ပြန်ပြင်ရမည်ဟု ဆုံးဖြတ်လိုက်သည်။ ဘယ်လို ပြင်ရမလဲ စနစ်ကိုပဲ အကူအညီ တောင်းရမှာပေါ့။ စုဟယ်သည် စနစ်မျက်နှာပြင်ကို ဖွင့်ကာ စိတ်အာရုံဖြင့် စနစ်ကို ထပ်တလဲလဲ တိုက်တွန်းလိုက်သည်။

"စနစ် စနစ်၊ ကျွန်မ ဆိုင်ကို ပြန်ပြင်ချင်လို့၊ အဲဒီ မှင်စာ အင်ဂျင်နီယာ ကို ဆက်သွယ်ဖို့ လိပ်စာလေး ပေးပါဦး "

အနက်ရောင် အာလူးမည်းလေးနဲ့ တူသည့်

'မှင်စာ ဆောက်လုပ်ရေးအဖွဲ့ အင်ဂျင်နီယာ အမှတ် (၀၃၆)' သည် တည်းခိုခန်းတွင် အပူဒဏ်ခံ အုတ်များ လာရောက်တပ်ဆင်ပေးစဉ်ကတည်းက စုဟယ်မှာ အားကျနေခဲ့ခြင်း ဖြစ်သည်။

ထိုဆောက်လုပ်ရေး အမြန်နှုန်းနှင့် အရည်အသွေးမျိုးဖြင့်သာ ဟဲ့ယဲ့တည်းခိုခန်းကို ပြန်ဆောက်နိုင်မည်ဆိုလျှင် လုပ်ငန်းမှာ အဆင့်သစ်တစ်ခုသို့ သေချာပေါက် ရောက်ရှိသွားလိမ့်မည်ဟု စုဟယ် ယုံကြည်နေ၏။

စုဟယ်က မနားတမ်း တိုက်တွန်းနေသော်လည်း စနစ်ကတော့ အေးစက်စက်ပင် ရှိနေဆဲ။

စုဟယ်က အသနားခံလိုက်သည်။

"စနစ်၊ စဉ်းစားကြည့်ပါဦး၊ မနက်တိုင်း ဒီမှာ မုန့်ရောင်းနေရတာ ကျွန်မ ဘယ်လောက် ပင်ပန်းလဲ၊ အချိန်တွေလည်း အများကြီး ကုန်တယ်။ တကယ်လို့ ဒီဆိုင်ခန်းလေးကို သေချာ ပြင်လိုက်မယ်ဆိုရင် ကျွန်မ တည်းခိုခန်း တိုးတက်အောင် လုပ်ဖို့ အချိန်တွေ ပိုရလာမှာ မဟုတ်ဘူးလား "

စနစ်က ဘာမျှ ပြန်မပြောပေ၊ မုန့်ရောင်းတာကို လုံးဝ လက်လျှော့လိုက်လို့ ရတယ်ဟု ပြောနေသကဲ့သို့ပင်။

စုဟယ်က ဆက်ပြောသည်

"ဒီမုန့်တွေက ကျွန်မတို့ တည်းခိုခန်းရဲ့ အရေးကြီးတဲ့ ဝင်ငွေအရင်းအမြစ်ပဲ မုန့်ရောင်းလို့ရတဲ့ ပိုက်ဆံနဲ့မှ ဂိမ်း‌ဈေးတန်းမှာ ပစ္စည်းတွေ ဝယ်နိုင်မှာပေါ့ "

ယခုအခါ ဂိမ်း‌ဈေးတန်းထဲရှိ ပစ္စည်းဈေးနှုန်းများမှာ တဖြည်းဖြည်း ပို၍ ဈေးကြီးလာသည်။

ယွမ်သောင်းဂဏန်း ဆိုသည်မှာပင် ဈေးပေါသည်ဟု သတ်မှတ်ရမည့် အခြေအနေ ဖြစ်နေပြီ။ အကယ်၍ 'အိပ်ပျော်နေသော မင်းသမီးလေးရဲ့ ကုတင်' ကို ရောင်းပြီး ပိုက်ဆံမရှာနိုင်ခဲ့လျှင် တစ်ညအခန်းခ ယွမ် (၃၀၀) ဖြင့်ဆိုပါက ဂိမ်း‌ဈေးတန်းမှ အပေါဆုံး ပစ္စည်းတစ်ခု ဝယ်နိုင်ရန် စုဟယ်မှာ တစ်လလုံး ခြစ်ကုတ် စုဆောင်းရပေလိမ့်မည်။

ပြီးခဲ့သည့် အခေါက်က ပစ္စည်းများ အသစ်လဲလှယ် ပြီးနောက်တွင် ပစ္စည်းနေရာ (၇) ခုအနက် ပထမ (၃) ခုမှာ ဈေးနှုန်း ယွမ်တစ်သန်းကျော်နေပြီး၊ နံပါတ် (၄) နှင့် (၅) မှာမူ ယွမ်ဆယ်သန်းကျော် ဖြစ်နေသည်။ အပူဒဏ်ခံအုတ်များမှာ တစ်ချပ်လျှင် (၁) ယွမ်ဟု ထင်ရသော်လည်း လက်တွေ့တွင် အခန်းတစ်ခန်းစာ ပြင်ဆင်ရန်အတွက် ယွမ်သောင်းနှင့်ချီ ကုန်ကျမည်ဖြစ်၏။

သူမ ဝယ်ခဲ့သည့် မှော်ဆန်ပြုတ်အိုးမှာပင် ယွမ် (၁၇၀,၀၀၀) ကုန်ကျခဲ့သည်။ အကယ်၍ မုန့်ရောင်းပြီး ပိုက်ဆံမရှာလျှင် ဂိမ်း‌ဈေးတန်းတွင် ဘယ်လိုလုပ် သုံးနိုင်ပါ့မလဲ။

စုဟယ်က အကျိုးအကြောင်းပြကာပြောပြသည်။

"စနစ် ပြန်စဉ်းစားကြည့်ဦး၊ မုန့်တွေ အများကြီး ရောင်းရလေလေ ဟဲ့ယဲ့တည်းခိုခန်းရဲ့ ဂုဏ်သတင်းက ပိုကြီးလာလေလေ မဟုတ်ဘူးလား ရှန်ဟိုင်း နိုင်ငံတကာ ဟိုတယ်က လိပ်ပြာမုန့် တို့၊ နန်ကျင်းမြို့ ကြီးလင်ဟိုတယ်က ဘဲပေါင်း တို့ကို ကြည့်ဦး၊ နာမည်ကြီး ဟိုတယ်တွေမှာ သူတို့ရဲ့ ကိုယ်ပိုင် အမှတ်တံဆိပ် ဟင်းလျာတွေ ရှိကြတာပဲ မဟုတ်လား ကျွန်မတို့ ဟဲ့ယဲ့တည်းခိုခန်းလည်း မုန့်ရောင်းရင်းနဲ့ ဂုဏ်သတင်း မြှင့်တင်လို့ ရတာပဲ "

စုဟယ်၏ မလျှော့သော ဇွဲကြောင့် စနစ်သည် နောက်ဆုံးတွင် ဂိမ်း‌ဈေးတန်းကို ဖွင့်ပြလိုက်တော့သည်။ စုဟယ်မှာ အလွန်ဝမ်းသာသွားကာ သူမ၏ ပစ္စည်းနေရာများကို ကြည့်လိုက်သည်။

သူမ၏ စုစုပေါင်း သုံးစွဲမှုပမာဏအရ သူမတွင် ပစ္စည်းနေရာ (၁၀) ခုရှိ၏။ ယခင်က 'အိပ်ပျော်နေသော မင်းသမီးလေးရဲ့ ကုတင်' နှင့် အသံတိတ် တံခါးနှင့် ပြတင်းပေါက် တို့ကို လော့ခ် ချထားသလို၊ အသုံးပြုသူသစ် အထူးဈေးနှုန်းဖြင့် ရသော ဂျက်၏ မှော်ပဲစေ့များ ကိုလည်း လော့ခ် ချထားခဲ့သည်။ ကျန်ရှိသော နေရာ (၇) ခုအနက် အပူဒဏ်ခံအုတ်များမှာ လိုအပ်နိုင်သေးသလို၊ စုဟယ်သည် ပိုက်ဆံထပ်စုပြီး အသားပါသော ဆန်ပြုတ်လုပ်ရန်အတွက် နောက်ထပ် မှော်ဆန်ပြုတ်အိုး တစ်လုံးကိုလည်း ဝယ်ချင်သေးသည်။

ဟုတ်ပါတယ်၊ သူမက အချိုရော အစပ်ရော နှစ်သက်တဲ့သူ တစ်ယောက်ပါ။

စုဟယ်သည် ထိုပစ္စည်း (၅) ခုကို ထားရှိခဲ့ပြီး ယွမ်ဆယ်သန်း တန်ဖိုးရှိသော ပစ္စည်းတစ်ခုကို အသစ်လဲလှယ် လိုက်သည်။

မကြာမီမှာပင် ပစ္စည်းနေရာ၌ ပြောင်းလဲသွားသည်။

"မှင်စာ အင်ဂျင်နီယာ အလုပ်ခန့်ထားမှု စာချုပ်- ဧရိယာတစ်ခုကို ရွေးချယ်ပါ၊ ဒီဇိုင်းသတ်မှတ်ချက်များကို တင်ပြပါ၊ ထို့နောက် ကျွမ်းကျင်‌သော မှင်စာအင်ဂျင်နီယာတစ်ဦး သင့်ထံသို့ လာရောက် ဝန်ဆောင်မှုပေးပါလိမ့်မည်။"

လုပ်ဆောင်ချက်- သင် စိတ်ကူးနိုင်သမျှ မည်သည့် ပရောဂျက်ကိုမဆို မှင်စာ အင်ဂျင်နီယာက အကောင်အထည် ဖော်ပေးနိုင်ပါသည်။ (သာမန်ဖောက်သည်ဗားရှင်း- သင်သည် အလားအလာရှိရုံသာရှိသော သာမန်ဖောက်သည် ဖြစ်သောကြောင့် ဂေါ်ဘလင် အင်ဂျင်နီယာသည် သင့်အတွက် ရိုးရှင်းသော ပရောဂျက်များကိုသာ လုပ်ဆောင်ပေးနိုင်မည် ဖြစ်သည်။)

ဈေးနှုန်း- (ပရောဂျက်၏ ခက်ခဲမှုအပေါ် မူတည်၍ ဈေးနှုန်းသတ်မှတ်မည်။)"

စုဟယ်၏ ရင်ထဲတွင် ဝမ်းသာမှုများ လှိုင်းလုံးကဲ့သို့ ထကြွလာပြီး၊ သူမ၏ မျက်လုံးများမှာ တောက်ပသွားကာ မျက်နှာတစ်ခုလုံးတွင်လည်း စိတ်လှုပ်ရှားနေသော ကလေးငယ်တစ်ဦးကဲ့သို့ တောက်ပသော အပြုံးတစ်ခု ပျံ့နှံ့သွားတော့သည်။

သူမမှာ မထိန်းနိုင်ဘဲ အော်လိုက်မိသည်။

"အရမ်းကောင်းတာပဲ ဒါပဲလေ "

ဂိမ်း‌ဈေးတန်းထဲ၌ ဈေးနှုန်းကို ဖော်ပြမထားသော်လည်း ဈေးမနည်းနိုင်ကြောင်း စုဟယ် သေချာပေါက် သိနေသည်။ အိမ်ဝယ်ရန် ဖယ်ထားသည့် ယွမ် (၁) သန်းမှာ ပြန်မဖြည့်ရသေးသော်လည်း၊ သန်းကောင်တွေ အများကြီး အကိုက်ခံရရင် မနာတော့သလို၊ အကြွေးတွေ အများကြီး တင်နေတာလည်း သူမအတွက်တော့ ကျင့်သားရနေပါပြီ။ စုဟယ်က သူမဘာသာ ရေရွတ်လိုက်သည်။

"ပိုက်ဆံနဲ့ ပိုကောင်းတဲ့ တည်းခိုခန်းကို လဲလှယ်လိုက်တာပဲ၊ မရှုံးပါဘူး မရှုံးပါဘူး"

40

နောက်တစ်နေ့အရောင်းအဝယ်ကို မထိခိုက်စေရန်အတွက် စုဟယ်၏ ဒီဇိုင်းပုံစံမှာ အလွန်ပင် ရိုးရှင်းလှသည်။ သူမသည် ရောင်းမထွက်သည့် ပစ္စည်းဟောင်းအချို့ကို ဖယ်ရှားရန် စီစဉ်လိုက်ပြီး၊ ဆေးလိပ်၊ ရေနှင့် တည်းခိုခန်းဧည့်သည်များအတွက် တကယ်လိုအပ်မည့် ပစ္စည်းအနည်းငယ်ကိုသာ ချန်ထားတော့၏။ ထိုပစ္စည်းများမှာ စင်နှစ်ခုစာထက်ပင် ပိုမည်မဟုတ်ပေ။

ဆိုင်ခန်းနှစ်ခန်းအနက် တစ်ခန်းကို မုန့်များရောင်းချမည့် အလိုအလျောက် ရောင်းစက်များအတွက် သီးသန့်ထားရှိမည်ဖြစ်ပြီး၊ လွတ်နေသော ဆိုင်ခန်းကိုမူ မီးဖိုချောင်အဖြစ် ပြောင်းလဲရန် စုဟယ်က ဆုံးဖြတ်လိုက်သည်။ ဟုန်လျန် မုန့်လုပ်ရာတွင် အသုံးပြုနေသည့် မူလမီးဖိုချောင်မှာ တည်းခိုခန်းအတွင်းသုံးအတွက်သာ ဖြစ်၏။ လွန်ခဲ့သော အချိန်‌၌ တည်းခိုခန်း စီးပွားရေးအဆင်‌ပြေစဉ်တွင် စားသောက်ဖွယ်ရာများအပါအဝင် တည်ခင်းပေးခဲ့ဖူးသဖြင့် ဤမီးဖိုချောင်ကို အတော်လေး ကျယ်ကျယ်ဝန်းဝန်း တည်ဆောက်ထားခြင်း ဖြစ်သည်။

သို့သော် ဤနေရာတွင် ဂတ်စ်မီးဖိုများအတွက် နေရာအမြောက်အမြား ချန်ထားခဲ့သဖြင့် ကောင်တာနေရာမှာမူ အတော်လေး ကျဉ်းမြောင်းနေသည်။ ဟုန်လျန်အတွက်မူ သူမ၏ မုန့်များအတွက် မုန့်နှစ်နယ်ရန် ကျယ်ဝန်းသော နေရာ လိုအပ်သလို၊ မုန့်နယ်စက်ကြီးများနှင့် ပေါင်းအိုး များ ထားရှိရန် နေရာလည်း လိုအပ်၏။ ဂတ်စ်မီးဖိုမှာမူ သူမအတွက် သိပ်မလိုအပ်လှပေ။

ယခုအခါ မုန့်အမျိုးအစားနှင့် အရေအတွက် ပိုများလာသည်နှင့်အမျှ ဂတ်စ်မီးဖိုထက် ပေါင်းအိုးများက ပို၍ အဆင်ပြေလာသည်။ ဂတ်စ်မီးဖိုမှာ မီးအပူရှိန်ကို ဂရုတစိုက် စောင့်ကြည့်နေရသော်လည်း၊ ပေါင်းအိုးမှာမူ အပူချိန်ကို သတ်မှတ်ထားရုံဖြင့် ဒစ်ဂျစ်တယ် ထိန်းချုပ်မှုစနစ်က အလိုအလျောက် အပူချိန်ကို ညှိပေးသွားမည်ဖြစ်ရာ စောင့်ကြည့်နေရန် မလိုတော့ပေ။ ထို့ကြောင့် စုဟယ်နှင့် ဟုန်လျန်တို့သည် အပူချိန်ကို ပိုမိုတိကျစွာ ထိန်းချုပ်နိုင်ပြီး ဝင်ဆံ့မှုလည်း ပိုကြီးသည့် လုပ်ငန်းသုံး ရေနွေးငွေ့ ပေါင်းဖိုအကြီးစား ကို ထပ်မံဖြည့်တင်းလိုက်သည်။

ယခုအခါ ထိုပေါင်းအိုးကြီးများ၊ မုန့်နယ်စက်များနှင့် ဖျော်စက်များကြောင့် မီးဖိုချောင်မှာ ပို၍ပင် ကျဉ်းမြောင်းလာတော့သည်။ ဧည့်သည်အများအပြားမှာလည်း လက်လုပ်မုန့်များ ပြုလုပ်ပုံအဆင့်ဆင့်ကို စိတ်ဝင်တစားရှိကြပြီး နောက်ဖေးမီးဖိုချောင် အပြင်ဘက်တွင် စုရုံးကာ ချောင်းကြည့်တတ်ကြသည်။

ဤတစ်ကြိမ် ပြန်လည်ပြင်ဆင်မှုတွင် စုဟယ်က ဒုတိယဆိုင်ခန်းကို ဟုန်လျန်အတွက် သီးသန့် မုန့်လုပ်ရန်‌နေရာ အဖြစ် ပြောင်းလဲပစ်ရန် ဆုံးဖြတ်လိုက်တော့၏။

စုဟယ်သည် သူမ၏ စိတ်ကူးအတိုင်း ဒီဇိုင်းပုံစံကို ရေးဆွဲလိုက်သည်။ သူမမှာ ကျွမ်းကျင်သူ မဟုတ်သည့်အပြင် စံသတ်မှတ်ထားသော ဒီဇိုင်းဆွဲနည်းများကိုလည်း နားမလည်သဖြင့် မရှင်းလင်းသော နေရာအများအပြားတွင် စာသားများဖြင့် မှတ်ချက်ရေးသားထား၏။ သူမသည် 'မှင်စာ အင်ဂျင်နီယာ အလုပ်ခန့်ထားမှု စာချုပ်' ကို ဝယ်ယူရန် နှိပ်လိုက်သည့်အခါ ဂိမ်း‌ဈေးတန်းတွင် ပုံတင်ရမည့် မျက်နှာပြင်တစ်ခု ပေါ်လာသည်။

သူမ ရေးဆွဲထားသော ဒီဇိုင်းပုံကို ရှေ့တွင်ချထားပြီး ပုံတင်လိုက်ရုံဖြင့် ဂိမ်းဈေးတန်း က အလိုအလျောက် စကင်ဖတ်ကာ ခွဲခြမ်းစိတ်ဖြာပေး၏။ ထို့နောက် ၎င်းက လေးဖက်မြင် ပုံရိပ်ယောင်ပြကွက်တစ်ခုကို အလျင်အမြန် ဖော်ပြပေးပြီး စုဟယ်က ၎င်းကို လိုသလို ဆွဲယူကာ အနုစိတ် ပြုပြင်နိုင်ပေသည်။

စုဟယ်သည် ခဲတံဖြင့် ရေးဆွဲထားသော သူမ၏ ဒီဇိုင်းပုံကြမ်းကို တစ်ချက်ကြည့်ပြီး၊ စနစ်က ထုတ်ပေးထားသော အပြစ်ပြောစရာမရှိသည့် ပုံရိပ်ယောင်ပြကွက်ကို တစ်ချက်လှမ်းကြည့်ရင်း သူမကိုယ်သူမ စီးပွားရေးအခွင့်အလမ်းသစ်တစ်ခု ရှာတွေ့လိုက်ပြီဟု ခံစားလိုက်ရသည်။

သူမအနေဖြင့် ဂိမ်း‌ဈေးတန်းကို အသုံးပြုပြီး အဆောက်အအုံ ဒီဇိုင်နာတစ်ယောက် ဖြစ်လာနိုင်သည်လို့ခံစားရ၏။ ဒါဟာ ဖောက်သည်ရဲ့ လိုအပ်ချက်ကို နားမလည်တဲ့ ဒီဇိုင်းကုမ္ပဏီတွေထက် များစွာ သာလွန်ပြီး ဖောက်သည်၏ ရင်ထဲက အိပ်မက်အိမ်လေးကို တစ်ထပ်တည်း ပြန်လည်ဖော်ဆောင်ပေးနိုင်မှာ ဖြစ်သည်။ ပုံစံကြမ်း အဆင်သင့်ဖြစ်ပြီဆိုသည်နှင့် ဂိမ်း ဈေးတန်းက ဈေးနှုန်း ယွမ် (၂၄၀,၀၀၀) ဟု သတ်မှတ်လိုက်သည်။

စုဟယ် တံတွေးတစ်ချက် မျိုချလိုက်မိသည်။ ဂိမ်း‌ ဈေးတန်း၏ ဈေးနှုန်းများမှာ မသက်သာနိုင်ကြောင်း ကြိုတင်ခန့်မှန်းထားသော်လည်း ဤမျှအထိ ဈေးကြီးလိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။

အကယ်၍ ဤယွမ် (၂၄၀,၀၀၀) ကို ပြင်ပလောကရှိ ဆောက်လုပ်ရေးအဖွဲ့တစ်ခုကို ပေးမည်ဆိုလျှင် စတုရန်းမီတာ (၁၀၀) ရှိသော တိုက်ခန်းတစ်ခန်းလုံးကို အပြီးအစီး ပြင်ဆင်ရန် လုံလောက်လှသည်။

"ရှူး " စုဟယ် သက်ပြင်းတစ်ချက်ချကာ တိုးတိုးလေး ရေရွတ်လိုက်မိသည်။

"ဈေးကြီးလွန်းတယ်"

ဂိမ်းဈေးတန်းသည် စုဟယ်၏ ညည်းတွားသံကို ကြားသွားပုံရပြီး စနစ်မျက်နှာပြင်မှာ လင်းခနဲ ဖြစ်သွားကာ အသေးစိတ် ကုန်ကျစရိတ် စာရင်းတစ်ခု ရုတ်တရက် ပေါ်လာသည်။

၎င်းတွင် ဒီဇိုင်းခ၊ ဆောက်လုပ်ခ၊ ပစ္စည်းခ၊ ဖုံးကွယ်ခ၊ စသည်ဖြင့် စာရင်းဇယားများ ပါဝင်နေသည်။

စုဟယ်မှာ နည်းလှသည်မဟုတ်သော ဒီဇိုင်းခကို ကြည့်ရင်း သူမဘာသာ ရေရွတ်မိတော့၏။

"စနစ်က ငါ ဒီဇိုင်နာ လုပ်ချင်တာကို ကြားသွားလို့လား ဘာလို့ ဒီဇိုင်းခက ဒီလောက်တောင် များနေရတာလဲ"

အကယ်၍ သူမသည် မှင်စာ အင်ဂျင်နီယာ အလုပ်ခန့်ထားမှု စာချုပ် ကို ဆက်မဝယ်လျှင်ပင် စနစ်ကို ဒီဇိုင်းခတော့ ပေးရမည်ဖြစ်သည်။

"ကောင်းပြီလေ၊ ရိုးရိုးသားသားပဲ ပေးလိုက်ပါ့မယ်"

စုဟယ်အနေဖြင့် အိပ်ပျော်နေသော မင်းသမီးလေးရဲ့ ကုတင် ကို ဝယ်မည့် ဧည့်သည်တွေ များလာပါစေဟုသာ ဆုတောင်းရတော့သည်။ မဟုတ်လျှင်တော့ သူမ၏ အကြွေးတွေကို ဆပ်နိုင်မည့် မျှော်လင့်ချက် လုံးဝမရှိပေ။ ဝယ်ယူခြင်းကို နှိပ်ပြီးနောက်တွင် မှင်စာ အင်ဂျင်နီယာမှာ အလျင်အမြန် ရောက်ရှိလာ၏။

ဤတစ်ကြိမ် ရောက်လာသော အင်ဂျင်နီယာမှာ ယခင်လူဖြစ်သည့် အမှတ် (၀၃၆) ပင် ဖြစ်သည်။ မှင်စာ အင်ဂျင်နီယာ တစ်ဦးစီတွင် တာဝန်ယူရသည့် နယ်မြေအပိုင်းအခြား ရှိပုံရပြီး၊ ဤ (၀၃၆) မှာ တရုတ်ပြည်မကြီး နယ်မြေကို တာဝန်ယူထားရသူ ဖြစ်ဟန်တူသည်။

အာလူးမည်းလေးသည် ဟဲ့ယဲ့တည်းခိုခန်း၏ ကုန်စုံဆိုင်ခန်း နှစ်ခန်းလုံးကို ကာရံပိတ်ဆို့လိုက်ပြီး အပေါက်ဝတွင် "ပြုပြင်မွမ်းမံနေသည်" ဟူသော ဆိုင်းဘုတ်ကိုလည်း ချိတ်ဆွဲလိုက်သည်။

သူသည် လက်ကို ဆန့်ထုတ်ကာ အပြာနုရောင် စက်ဝိုင်းတစ်ခု ဆွဲလိုက်ရာ ဟင်းလင်းပြင်ဥမင်လိုဏ်ခေါင်း ထဲမှ ကိရိယာသေတ္တာတစ်ခု ထွက်ပေါ်လာသည်။

အာလူးမည်းလေးသည် 'အပြာရောင် လေဆာမီးများ' ကို ကုန်စုံဆိုင်၏ ထောင့်လေးထောင့်တွင် ချထားလိုက်၏။ ထိုလေဆာမီးတန်းများက အမိုးကို ခိုင်ခိုင်မာမာ ထောက်မထားပေးလိုက်သည်။ ထို့နောက် သူသည် ဖုန်စုပ်စက်နှင့် တူသော ကိရိယာတစ်ခုကို ထုတ်လိုက်၏။

"ဝုန်း"

ထိုစက်သည် ဖုန်မှုန့်များကို စုပ်ယူခြင်း မဟုတ်ဘဲ နံရံအားလုံးကို အပြာရောင် ဟင်းလင်းပြင်ဥမင်ထဲသို့ စုပ်ယူပစ်လိုက်ခြင်း ဖြစ်သည်။

အကယ်၍ ထိုအချိန်တွင် တစ်စုံတစ်ယောက်သာ အကာအရံများကို ကျော်ကြည့်မိပါက ဤမှော်ဆန်သော မြင်ကွင်းကို တွေ့ရပေလိမ့်မည်။ ကုန်စုံဆိုင်တွင် အမိုးသာ ကျန်တော့ပြီး နံရံအားလုံး ပျောက်ကွယ်သွားကာ အပြာရောင် လင်းတိုင်လေးတိုင်ကသာ အမိုးကို ထောက်ထားပေးနေခြင်း ဖြစ်သည်။

အခန်းကို ဖျက်သိမ်းပြီးနောက် အာလူးမည်းလေးသည် သူ့အိတ်ကပ်ထဲမှ ဒီဇိုင်းပုံများကို ထုတ်ယူကာ ဆိုင်ခန်းနှစ်ခန်းလုံးကို တဖြည်းဖြည်း ပြန်လည်ဖြည့်တင်းတော့သည်။

မုန့်ဆိုင်ခန်းအတွက်မူ ကြမ်းခင်းအုတ်နှင့် နံရံများသာ လိုအပ်ပြီး၊ တစ်ဖက်မှာ တည်းခိုခန်းနှင့် ဆက်နေသောကြောင့် နံရံ၏ သုံးပုံနှစ်ပုံကို မှန်များ အသုံးပြုထား၏။

လမ်းဘက်မျက်နှာမူထားသော အခြမ်းကို ဖွင့်ထားပြီး ကျန်နံရံသုံးဖက်တွင် အောက်ခြေ (၁) မီတာကို ရေနှင့် လျှပ်စစ်လိုင်းများ တပ်ဆင်ရန် အခိုင်အမာ နံရံအဖြစ် ထားရှိကာ အပေါ်ပိုင်းကိုမူ မှန်များဖြင့် စီခြယ်ထားသည်။

အာလူးမည်းလေးသည် ဟင်းလင်းပြင်ဥမင်ထဲမှ

အကြည်ရောင် ပလတ်စတစ်လိပ်တစ်လိပ်ကို ထုတ်ယူကာ အတိုင်းအတာအလိုက် ဖြတ်တောက်၍ ကပ်လိုက်သည်။ ထို့နောက် ခရမ်းရောင်အလင်းဖြင့် ထိုးလိုက်ရာ ထိုပလတ်စတစ်မှာ တဖြည်းဖြည်း မာကျောလာပြီး မှန်နံရံကြီး ဖြစ်သွားတော့၏။

ဘေးမှ စောင့်ကြည့်နေသော စုဟယ်မှာ ရတနာသိုက်ကြီး တစ်ခုကို ရှာတွေ့လိုက်သလို ခံစားလိုက်ရသည်။

အွန်လိုင်းပေါ်တွင် iphone ဆိုင်များ၌ သုံးထားသော အကြည်ရောင် မှန်နံရံကြီး တစ်ချပ်လျှင် အမေရိကန်ဒေါ်လာ (၃၀,၀၀၀) ကုန်ကျကြောင်း သူမ ဖတ်ဖူးသည်။ ယခု မှင်စာ အင်ဂျင်နီယာ ပြုလုပ်ပေးသည့် မှန်နံရံမှာ ပို၍ပင် ပါးလွှာစင်ကြယ်ကာ ထောင့်များမှာလည်း တစ်ဆက်တည်း ဖြစ်နေပြီး မှန်ကော် လိမ်းထားသည့် အစအနပင် မတွေ့ရပေ။

သူမ တကယ်ကို ထိုက်ထိုက်တန်တန် ရလိုက်တာပဲ။

အသစ်ဆောက်လိုက်သော မီးဖိုချောင်၏ ဘယ်ဘက်နံရံမှာ မုန့်ဆိုင်ခန်းနှင့် တစ်ဆက်တည်း ဖြစ်နေပြီး (၁) မီတာမြင့်ကာ နံရံအပေါ်တွင် မှန်များ တပ်ဆင်ထားသည်။ လမ်းဘက်နှင့် ထောင့်ဘက် အခြမ်းများမှာမူ တစ်ပြင်လုံး မှန်နံရံကြီးများ ဖြစ်သည်။ ကြည်လင်သော မှန်နံရံများကြောင့် အပြင်ဘက်မှနေ၍ မီးဖိုချောင်အတွင်းပိုင်းကို ရှင်းလင်းစွာ မြင်တွေ့နိုင်၏။

ဤမျှအထိ ကြည်လင်နေသည်ကို ဖုန်းမရောင်းဘဲ ထားရတာ နှမြောစရာပင်။

နံရံနှင့် မှန်များ တပ်ဆင်ပြီးနောက် အာလူးမည်းလေးသည် မီးဖိုချောင် ကောင်တာကို စတင်တပ်ဆင်တော့သည်။ သူသည် မှန်နံရံနှစ်ဖက်၏ ရှေ့တွင် L ပုံသဏ္ဌာန် ကောင်တာတစ်ခုကို တည်ဆောက်ပေးခဲ့၏။ ဤကောင်တာမှာ တစ်ဆက်တည်းဖြစ်သော သတ္တုပစ္စည်းဖြင့် ပြုလုပ်ထားပြီး အောက်ခြေတွင် လျှပ်စစ်ပေါက်များ ပါရှိသည်။

ကြမ်းပြင်တွင် ချန်ထားခဲ့သော လျှပ်စစ်ကြိုးများနှင့် ချိတ်ဆက်လိုက်သည့်အခါ မုန့်နယ်စက်နှင့် ဖျော်စက်များကို ကောင်တာပေါ်ရှိ လျှပ်စစ်ပေါက်များကိာ တိုက်ရိုက် ထိုးသုံးနိုင်တော့မည် ဖြစ်သည်။ ကျန်ရှိသော ပေါင်းအိုးကြီးများကိုမူ မုန့်ဆိုင်ခန်းနှင့် ဆက်နေသော နံရံဘက်တွင် ကပ်၍ ထားရှိလိုက်သည်။

ယွမ် (၂၄၀,၀၀၀) ဆိုတာ ဘာလဲ။

စုဟယ်အနေဖြင့် ရိုးရှင်းလှသော်လည်း နည်းပညာအဆင့်မြင့်လွန်းသည့် ဤပြုပြင်မွမ်းမံမှုမှာ ယွမ် (၄၂၀,၀၀၀) တောင် တန်သည်ဟု ခံစားလိုက်ရသည်။ အာလူးမည်းလေးသည် အလုပ်ပြီးသွားသဖြင့် အကာအရံများကို ဖယ်ရှားရန် ပြင်ဆင်နေစဉ် စုဟယ်က အမြန် တားလိုက်သည်။

"အင်ဂျင်နီယာကြီး၊ ဒီအကာအရံတွေကို ခဏလောက် ထားပေးလို့ ရမလား"

အကယ်၍ အကာအရံများကို အခုချက်ချင်း ဖယ်ရှားလိုက်လျှင် ဆိုင်ခန်း၏ ကြီးမားသော ပြောင်းလဲမှုကြောင့် လမ်းသွားလမ်းလာများ သံသယဝင်ကုန်ပေလိမ့်မည်။

အကယ်၍ အကာအရံများကို မနက်ဖြန် မနက်အထိ ထားလိုက်မည်ဆိုပါက လူတွေ၏ သံသယမှာ အများကြီး လျော့နည်းသွားပေလိမ့်မည်။

သူမ၏ ဆိုင်နှစ်ဆိုင်ကို အသင့်သုံးပစ္စည်းများ ဖြင့် ပြင်ဆင်ခြင်းဖြစ်ပြီး မှန်များကိုလည်း ကြိုတင်မှာယူထားသောကြောင့် မြန်ဆန်ခြင်းဖြစ်သည်ဟု စုဟယ်က အကြောင်းပြနိုင်၏။

အာလူးမည်းလေးသည် ခေါင်းကို စောင်းကာ အနည်းငယ် တွန့်ဆုတ်နေသဖြင့် ဟင်းလင်းပြင်ဥမင်ထဲမှ လမ်းညွှန်စာအုပ် အထူကြီးတစ်အုပ်ကို ထုတ်ကာ လှန်လောကြည့်ရှုသည်။ အတော်ကြာမှ ခေါင်းငြိမ့်ပြပြီး စုဟယ်ထံတွင် ခလုတ်တစ်ခု ချန်ထားခဲ့သည်။ ထိုခလုတ်ကို နှိပ်လိုက်သည်နှင့် ဆိုင်၏ လေးဖက်လေးတန်ရှိ အကာအရံများမှာ အလိုအလျောက် ပွင့်သွားမည် ဖြစ်သည်။

စုဟယ်သည် အင်ဂျင်နီယာကို ကျေးဇူးတင်စကား ပြောလိုက်ပြီး ရှေ့တွင်မြင်နေရသော ပြုပြင်မွမ်းမံမှုများကို စိတ်ကျေနပ်စွာ ငေးကြည့်နေမိရာ ရောင်းမထွက်သော ပစ္စည်းဟောင်းများ ဘယ်ရောက်ကုန်သလဲ ဆိုသည်ကိုပင် လုံးဝ မေ့လျော့နေတော့သည်။

"ဟီးဟီး"

စုဟယ်က တောင်းဆိုချက်အသစ်တွေ မလုပ်သလို၊ ပစ္စည်းဟောင်းတွေကိုလည်း ပြန်မတောင်းတော့သည်ကို မြင်ရသည့်အခါ မှင်စာ အင်ဂျင်နီယာလေးမှာ တိတ်တဆိတ် ရယ်မောရင်း ခုန်ဆွခုန်ဆွဖြင့် ထွက်ခွာသွားတော့သည်။

All Chapters