အခန်း (၄၁-၄၂)
Vol. 5 Ch. 41-42
41
စုဟယ်သည် သူမ၏ ထမင်းကို အမြန်စားသောက်ပြီးနောက်၊ မွန်းလွဲပိုင်းတွင် အချိန်အနည်းငယ် ပိုနေသေးသည်ကို တွေ့ရသဖြင့် ဝေဖုန်းယီကို ဆွဲခေါ်ကာ အပြည်ပြည်ဆိုင်ရာ သဘောတူညီမှုနှင့် ပြပွဲဗဟိုဌာန သို့ လက်ကမ်းစာစောင်များ သွားရောက်ဝေငှရန် ထွက်လာခဲ့သည်။
ဝေဖုန်းယီ၏နောက်သို့ တကောက်ကောက် လိုက်နေကြသည့် ရှန့်မိသားစု မြေးဘိုးနှစ်ယောက်မှာလည်း စိတ်အားထက်သန်စွာဖြင့် နောက်မှ လိုက်ပါလာကြသည်။ အထူးသဖြင့် ရှန့်ကျင်ကျောက်က
"ဆရာဝေ ကို ဘယ်လိုဖြစ်လို့ လက်ကမ်းစာစောင် ဝေခိုင်းရတာလဲ"
ဟု တတွတ်တွတ် ညည်းညူနေသော်လည်း၊ တစ်ဖက်တွင်မူ သူ အမြဲသုံးနေကျ စုတ်တံကို ယူဆောင်လာကာ စုဟယ်အား သူ့အတွက် စားပွဲအသေးလေးတစ်လုံး စီစဉ်ပေးရန် အတင်းအကျပ် တောင်းဆိုနေတော့သည်။ စုဟယ်လည်း အခြားရွေးချယ်စရာ မရှိသဖြင့် သူဖြစ်ချင်သည့်အတိုင်း ခွင့်ပြုလိုက်ရ၏။
အပြည်ပြည်ဆိုင်ရာ အိမ်တွင်းအလှဆင်ပစ္စည်း ပြပွဲကြီးမှာ နေ့စဉ်နေ့တိုင်း လူအမြောက်အမြားကို ဆွဲဆောင်နိုင်သဖြင့် ကြော်ငြာရန် အခွင့်အရေးကောင်းတစ်ခုပင် ဖြစ်သည်။ သူမနှင့် ဝေဖုန်းယီတို့ ပြပွဲကျင်းပရာနေရာသို့ ရောက်ရှိချိန်တွင် လူအုပ်ကြီးမှာ သူတို့အနားသို့ လျင်မြန်စွာ စုရုံးလာကြတော့သည်။
"ဒါက စာရေးပေးတဲ့ ဆရာကြီး မဟုတ်လား"
"ဝိုး၊ စာရေးပေးတဲ့ ဆရာကြီး ဒီနေ့ မလာတော့ဘူးလို့ ထင်နေတာ "
"နေဦး ငါအရင်ရောက်တာ၊ ငါက အရှေ့ဆုံးမှာ နေရမှာ"
မနေ့က တည်းခိုခန်းမှာ တည်းခိုသွားကြသည့် Cosplayer များနှင့် ဂါဝန်ဝတ် မိန်းကလေးများက သူတို့၏ အတွေ့အကြုံများကို လူမှုကွန်ရက်ပေါ်တွင် မျှဝေခဲ့ကြသည်။ ဤ အိမ်တွင်းပုန်း များသည် ပြင်ပလောကတွင် အေးအေးဆေးဆေး နေတတ်ပြီး စကားနည်းသူများ ဖြစ်နိုင်သော်လည်း၊ အွန်လိုင်းပေါ်တွင်မူ သူတို့ပြောချင်သမျှကို လွတ်လပ်ပေါ့ပါးစွာ ရေးသားတတ်ကြ၏။ သူတို့၏ လူမှုကွန်ရက် အကောင့်များတွင်လည်း ဖော်လိုဝါ အတော်လေး များပြားသည်။
"ပြပွဲဗဟိုဌာနမှာ အခမဲ့ စုတ်တံစာရေးပေးနေတဲ့ ကြင်နာတတ်တဲ့ ဆရာကြီး တစ်ယောက်ရှိတယ်။ အားလုံးပဲ၊ Comic Con ထဲမှာ စုတ်တံစာရေးထားတဲ့ ယပ်တောင်တွေကို တစ်ချောင်း ယွမ် (၃၀) ပေးပြီး မဝယ်ကြနဲ့ဦးနော်၊ သူက တချို့အသုံးအနှုန်းတွေကို နားမလည်တာမျိုး ရှိနိုင်လို့ သူကူးရေးပေးနိုင်အောင် အရင်ဆုံး စာရွက်လေးနဲ့ ကြိုတင်ပြင်ဆင်သွားတာ အကောင်းဆုံးပဲ"
များပြားလှသော အချက်အလက်နည်းပညာ၏ စွမ်းပကားကြောင့် ဤမျှဝေမှုများမှာ လျင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်။
ထို့ကြောင့် ယနေ့တွင် လူအများအပြားမှာ ပြပွဲဗဟိုဌာန အပြင်ဘက်ရှိ ရင်ပြင်သို့ လာရောက်ကာ ကံစမ်းကြည့်ရန် မျှော်လင့်နေကြခြင်းဖြစ်ပြီး၊ မထင်မှတ်ဘဲ ဝေဖုန်းယီနှင့် စုဟယ်တို့ တကယ်ရောက်လာကြခြင်း ဖြစ်သည်။
စုဟယ်သည် စုရုံးလာသော လူအုပ်ကြီးကို ကြည့်ကာ စနစ်တကျ ရှိစေရန်အတွက် "S" ပုံသဏ္ဌာန် တန်းစီကြရန် လျင်မြန်စွာ စီစဉ်ပေးလိုက်သည်။
ဘေးနားရှိ ရှန့်ရှီမှာလည်း စိတ်လှုပ်ရှားလာပြီး စားပွဲအသေးလေးတစ်လုံးကို အမြန်ဆွဲထုတ်ကာ ရှန့်ကျင်ကျောက်အား စုတ်တံစာရေးရန်အတွက် ခင်းကျင်းခိုင်းလိုက်၏။
"မြန်မြန်၊ မင်းလည်း ငါ့ဆီကို လူတချို့လာအောင် သွားခေါ်ချေ"
ရှန်ရှီမှာ အားအင်တွေ ပြည့်ဝနေသည်။ အထူးသဖြင့် ဝေဖုန်းယီက စားပွဲလေးကို အလွယ်တကူ ခင်းကျင်းကာ ပန်းအိပ်ယာဘေးတွင် ထိုင်၍ စောင့်ဆိုင်းနေသော ဖောက်သည်များအတွက် စာရေးပေးနေသည်ကို မြင်ရသောအခါ သူ ပို၍ပင် အားကျသွားမိသည်။
ပုံမှန်အားဖြင့် သူ အိမ်တွင် စာရေးလေ့ကျင့်သည့်အခါ နံ့သာပေါင်းထွန်းပြီး ရေမိုးချိုးခြင်းမျိုး မလုပ်သော်လည်း၊ စားပွဲရှေ့တွင် တည်ငြိမ်စွာနှင့် စနစ်တကျ ထိုင်လေ့ရှိ၏။
ရှန့်ရှီသည် ဝေဖုန်းယီကို အတုယူကာ ပန်းအိပ်ယာဘေးတွင် ထိုင်လိုက်သည့်အခါ တစ်ကိုယ်လုံး အနေရခက်သွားသလို ခံစားလိုက်ရသည်။ စားပွဲလေးမှာ အလွန်နိမ့်လွန်းသဖြင့် ထိုင်ရသည်မှာ သက်သောင့်သက်သာ မရှိလှသလို၊ စားပွဲမျက်နှာပြင်မှာလည်း သေးငယ်သဖြင့် လက်လှုပ်ရှားမှုများကို အားရပါးရ မလုပ်နိုင်ပေ။ ရှန်ရှီသည် ဟိုရွေ့ဒီရွေ့ဖြင့် ကျောကို ဆန့်လိုက်ပြီးနောက် စတင်စာရေးတော့သည်။
ရှန့်ကျင်ကျောက်မှာမူ သူ့အဘိုး၏ အမိန့်ကို ရရှိထားသဖြင့် နှာခေါင်းကိုသာ ပွတ်နေမိပြီး လမ်းသွားလမ်းလာများထံသို့ မဝံ့မရဲ ချဉ်းကပ်သွားရသည်။ ဤသည်မှာ သူ့အတွက်လည်း ပထမဦးဆုံး အကြိမ်ပင် ဖြစ်၏။ သို့သော် စကားက ထွက်မလာဘဲ ဖြစ်နေသဖြင့် ထိုကောင်လေးမှာ အလွန်အမင်း စိတ်လှုပ်ရှားကာ နဖူးတွင် ချွေးစက်များပင် ထွက်လာတော့သည်။
သူ့အခြေအနေကို မြင်ရသောအခါ စုဟယ်က လက်ကမ်းစာစောင် တစ်ထပ်ကို အမြန်ထုတ်ပေးလိုက်ပြီး အော်ဟစ်ကာ ကူညီပေးလိုက်သည်။
"ဒီမှာလည်း စုတ်တံစာ ရေးလို့ရပါတယ်၊ ဒီဘက်မှာလည်း လာပြီး တန်းစီလို့ ရပါတယ်ရှင် "
စုဟယ်က အကြိမ်အနည်းငယ် အော်ပေးလိုက်သည့်အခါ တန်းရှည်ကြီးတွင် မစောင့်ချင်ကြသူအချို့က ရှန့်ရှီရှိရာဘက်သို့ လှည့်လာပြီး တန်းစီကြတော့သည်။
ရှန့်ရှီမှာ အစပိုင်းတွင် အနည်းငယ် တောင့်တောင့်ကြီး ဖြစ်နေသော်လည်း၊ တဖြည်းဖြည်းနှင့် သူ၏ စုတ်တံအသွားအလာများမှာ ပိုမို သဘာဝကျလာသည်။
လက်ကမ်းစာစောင်များ အကုန်ဝေပြီးသွားသည့်တိုင်အောင် သူ ပြန်မသွားချင်သေးပေ။
သူ အသိတစ်ခု ရလိုက်သည်မှာ စုတ်တံအရေးအသားဆိုသည်မှာ ဤကဲ့သို့ လွတ်လပ်မှု ရှိသင့်သည်ဟူ၍ ဖြစ်သည်။ တစ်ခါတစ်ရံတွင် အရေးအသားများမှာ အပြစ်ပြောစရာမရှိအောင် သေသပ်မနေနိုင်သော်လည်း၊ လွတ်လပ်မှုဟူသော စိတ်ဝိညာဉ်မှာ စုတ်တံဖျားမှတစ်ဆင့် စီးဆင်းသွားကာ ထူးခြားသော ဆွဲဆောင်မှုတစ်ခုကို ဖြစ်ပေါ်စေသည်။ ရှန့်ရှီးမှာ ကစားစရာအသစ် ရထားသော ကလေးတစ်ဦးကဲ့သို့ ပြောလိုက်သည်။
"ကျင်ကျောက်၊ ငါတို့ ဒီမှာ နောက်ထပ် ရက်အနည်းငယ်လောက် ဆက်နေပြီး ဆရာဝေ ဆီကနေ သေချာသင်ယူကြရအောင်"
ရှန့်ကျင်ကျောက်မှာမူ ရင်ဘတ်ကို ဖိကာ ရင်ထဲမှာ နာကျင်သွားရသည်။ သူ့မိဘများက သူ အိမ်ပြင်ထွက်နေခြင်းကို သိပ်ပြီး ဂရုမစိုက်ကြသော်လည်း၊ သူ့အဘိုးက ယခုကဲ့သို့ အသက်ကြီးမှ ဟိုပြေးဒီပြေး လုပ်နေသည်ကို သိသွားပါက၊ ၎င်း၏ အရင်းအမြစ်မှာ သူဖြစ်နေမှန်း သိလျှင်တော့ သူ သေချာပေါက် အဆူခံရပေတော့မည်။
မြေးဖြစ်သူ၏ မျက်နှာပေါ်မှ ဆင်းရဲဒုက္ခများကို သတိမထားမိဘဲ ရှန့်ရှီသည် ဝေဖုန်းယီ နောက်သို့ ပျော်ပျော်ပါးပါး လိုက်ပါသွားတော့သည်။
ယနေ့ ကြော်ငြာရခြင်းမှာ ရလဒ်ကောင်းခဲ့သည်။
စုဟယ်သည် 'အိပ်ပျော်နေသော မင်းသမီးလေးရဲ့ ကုတင်' ကို စိတ်ဝင်စားသည့် ဖောက်သည်လေးဦးကို ခေါ်ဆောင်လာနိုင်ခဲ့သည်။
အကယ်၍ ထိုဖောက်သည်များသာ ဤကုတင်ကို အတွေ့အကြုံ ယူလိုက်မည်ဆိုလျှင် သူမအနေဖြင့် အရောင်းအဝယ်တစ်ခုကို ထပ်မံ အောင်မြင်အောင် လုပ်ဆောင်နိုင်လိမ့်မည်ဟု သူမ ယုံကြည်နေသည်။ အကြွေးတွေ ဆပ်နိုင်ဖို့ဆိုတာ လက်တစ်ကမ်းမှာတင် ရှိနေပါပြီ။
တည်းခိုခန်းသို့ ရောက်ရှိပြီး ဧည့်သည်အသစ်များကို နေရာချပေးပြီးနောက် ဟုန်လျန်က စုဟယ်အား လက်ဖက်ရည်နှင့်မုန့်ဘူးတစ်ခု ပေးလိုက်သည်။
"ဒါတွေက အသစ်လုပ်ထားတဲ့ လက်ဖက်ရည်နဲ့မုန့်တွေလား"
စုဟယ် တစ်ကိုက် ကိုက်ကြည့်လိုက်ရာ အရသာမှာ အီဆိမ့်နေတော့သည်။
ဟုန်လျန်က ခေါင်းညိမ့်ပြရင်း ပြောလိုက်သည်။
"ဟုတ်ကဲ့၊ ဒါတွေက ကျွန်မ အခုတင် စဉ်းစားမိတဲ့ လက်ဖက်ရည်နဲ့မုန့် နည်းလမ်းအသစ်တွေပါ"
စုဟယ်နှင့် ဝေဖုန်းယီတို့ လက်ကမ်းစာစောင် ဝေရန် ထွက်သွားကြစဉ်အတွင်း ယာယီအလုပ်သမားဖြစ်သူ အစ်မကျန်းက အပေါ်ထပ်ရှိ ဧည့်ခန်းများကို သန့်ရှင်းရေး လုပ်ပေးခဲ့သည်။ သန့်ရှင်းရေးလုပ်ပြီးနောက် အစ်မကျန်းက ကောင်တာတွင် အနားယူနေပြီး၊ ဧည့်သည်လာပါက ဟုန်လျန်ကို ခေါ်ပေးသည်။
ကျန်ရှိသော အချိန်များတွင် ဟုန်လျန်မှာ မီးဖိုချောင်အသစ်နှင့် အသားကျအောင် ပြုလုပ်ရင်း လက်ဖက်ရည်မုန့်အသစ်များကို သုတေသနပြုနေခဲ့ခြင်း ဖြစ်သည်။
စုဟယ် စားနေသည်မှာ "ထင်းရှူးစေ့ လိပ်မုန့်" ဖြစ်သည်။ ၎င်းသည် ဂျုံမှုန့်၊ ထင်းရှူးစေ့နှင့် ခရမ်တို့ဖြင့် ပြုလုပ်ထားသော ချိုမြိန်ကာ ကြွပ်ဆတ်သည့် မုန့်လိပ်လေး ဖြစ်သည်။ ၎င်းမှာ ဖောင်းကြွနေပြီး အလွှာလိုက် အလွှာလိုက် ဖြစ်နေသည်။
ပထမဦးစွာ မွှေးကြိုင်သော ထင်းရှူးစေ့များနှင့် နှမ်းဖြူများကို သေသေချာချာ လှော်ပြီးနောက် အနည်းငယ် ထောင်းကာ သကြား၊ ဆားတို့နှင့် သင့်တော်ရုံ ရောစပ်၍ ချိုမြိန်အရသာရှိသော အစာသွတ်ကို ပြုလုပ်သည်။ မုန့်သားပြုလုပ်ပုံမှာ ဟင်းလျာချက်ပြုတ်မှု၏ အနှစ်သာရပင် ဖြစ်၏။ ဂျုံမှုန့်၊ ရေနှင့် ဆားတို့ကို ရောစပ်ကာ နူးညံ့ပြီး ရုန်းကန်အားရှိသော မုန့်နှစ်ဖြစ်အောင် နယ်ဖတ်ကာ ခဏထားထားပြီးနောက် ဆီမုန့်သား ကို ပြင်ဆင်သည်။
ဟုန်လျန်သည် ဆီမုန့်သားကို ဝက်ဆီဖြင့် ပြုလုပ်ထားခြင်းဖြစ်ရာ ၎င်း၏ အနံ့မှာ ထောပတ်ထက် ပို၍ နူးညံ့ပြီး အခြားအရသာများကို ဖုံးကွယ်မသွားစေပေ။ ဆီမုန့်သားကို ကျွမ်းကျင်စွာ ကိုင်တွယ်ပြုလုပ်ထားသဖြင့် မုန့်သားမှာ ကြွပ်ဆတ်ရုံတင်မကဘဲ အလွှာလေးများလည်း ကွာထွက်နေသည်။ ခရမ် ထည့်သွင်းထားခြင်းက တစ်ခုလုံးကို မွှေးကြိုင်သော အနံ့ကို ပေးစွမ်းသည်။
ဆီမုန့်သားကို မုန့်နှစ်ထဲတွင် ထည့်သွင်းကာ အစာသွတ်ပြီး အလွှာများဖြစ်အောင် ပြုလုပ်ကာ ရွှေအိုရောင်သန်းပြီး ကြွပ်လာသည်အထိ ဖုတ်လိုက်ခြင်း ဖြစ်သည်။
ဤအချိန်တွင် ထင်းရှူးစေ့ လိပ်မုန့်သည် မုန့်သား၏ အလွှာလိုက် အထိအတွေ့၊ အစာသွတ်၏ ကြွယ်ဝသော အရသာနှင့် ထင်းရှူးစေ့၏ ကြွပ်ဆတ်မှုတို့ကို အပြည့်အဝ ဖော်ပြနေပြီး ကိုက်လိုက်တိုင်းတွင် ထိုအရသာအလွှာအသီးသီးကို ခံစားနိုင်သည်။
အီဆိမ့်သောအနံ့နှင့် အနည်းငယ် ချိုသောအရသာမှာ စွဲလမ်းဖွယ်ရာ ကောင်းလှ၏။
ဟုန်လျန်က နောက်ထပ် လက်ဖက်ရည်မုန့်အသစ်ကို ထုတ်ပြပြန်၏။
"ဒါကတော့ ဖရဲစေ့နဲ့ ထင်းရှူးစေ့ လမုန့် ပါ၊ ဒါထဲမှာလည်း ထင်းရှူးစေ့တွေ ပါတယ်နော်"
စုဟယ် တစ်ကိုက် ကိုက်ကြည့်လိုက်ရာ အရသာမှာ "ငါးမျိုးစပ် လမုန့်" ထက် ပို၍ ပေါ့ပါးသော အရသာမျိုး ရှိသည်။ ဤလမုန့်သည် ရှန်းတုန်း ဖေးမြန် (ဂျုံမှုန့်အမျိုးအစား) ဖြင့် ပြုလုပ်ထားသော ကြွပ်ဆတ်သည့် အပြင်လွှာကို အသုံးပြုထားပြီး၊ အတွင်းစာကိုမူ ထင်းရှူးစေ့၊ သစ်ကြားသီးနှင့် ဖရဲစေ့တို့ကို နုပ်နုပ်စဉ်းကာ ကျောက်သကြား၊ ဝက်ဆီတို့ဖြင့် သင့်တော်ရုံ ညှိယူ၍ နူးညံ့သောအစာအဖြစ် ပြုလုပ်ထားခြင်း ဖြစ်သည်။
ဟုန်လျန်သည် ထိုလမုန့်ကို ကြာပန်းပုံသဏ္ဌာန် ပြုလုပ်ထားသဖြင့် ကြည့်ရသည်မှာ လှပရုံတင်မကဘဲ စားလိုက်သည့်အခါတွင်လည်း ထင်းရှူးနံ့ သင်းသင်းလေးမှာ ခံတွင်းထဲတွင် ကျန်ရစ်နေကာ သာမန်လမုန့်များနှင့် သိသိသာသာ ကွဲပြားနေသည်။
"နောက်ဆုံးတစ်ခုကတော့ နွားနို့ပေါင်း ပါ"
ဟုန်လျန်က မီးဖိုချောင်ထဲသွားကာ ပန်းကန်လုံးတစ်လုံး ယူလာခဲ့သည်။
စုဟယ်မှာ လက်ဖက်ရည်မုန့် နှစ်ခု စားထားသဖြင့် အနည်းငယ် ရေငတ်နေပြီဖြစ်ရာ ထိုနွားနို့ပေါင်းကို မြင်သောအခါ အံ့အားသင့်သွားမိသည်။
"ဒါ နွားနို့အလွှာနှစ်ထပ် လား"
သူမ မြည်းစမ်းကြည့်လိုက်မှသာ ၎င်းသည် နွားနို့အလွှာနှစ်ထပ်နှင့် အတော်လေး ကွာခြားကြောင်း သိလိုက်ရသည်။ နွားနို့ပေါင်းသည် အနုစိတ်စွာ ပြုလုပ်ထားပြီး နူးညံ့ချောမွေ့သော အရသာရှိသည့် အချိုပွဲတစ်ခု ဖြစ်၏။
ပထမဦးစွာ လတ်ဆတ်သော နွားနို့ကို အိုးထဲတွင် ဆူအောင်တည်ပြီး ကျောက်သကြားများ ထည့်ကာ တဖြည်းဖြည်း အရည်ဖျော်ပြီးနောက်၊ အဖြူရောင် ပိတ်ပါးစ နှစ်ထပ်ဖြင့် စစ်ယူကာ ကြည်လင်သော သကြားရည်ကို ရယူသည်။
ထိုသကြားရည်မှာ အေးသွားသည့်အခါ ကောက်ညှင်းဝိုင် နှင့် ကျွမ်းကျင်စွာ ပေါင်းစပ်ကာ ဖြည်းဖြည်းနှင့် ညီညာစွာ မွှေပေးခြင်းဖြင့် နို့နှစ်သားမှာ ပိုမိုနူးညံ့လာသည်။
ထို့နောက် ရောစပ်ထားသော နွားနို့နှင့် ကောက်ညှင်းဝိုင်ရည်ကို ပန်းကန်လုံးငယ်များထဲသို့ လောင်းထည့်ကာ အလူမီနီယံ စက္ကူဖြင့် ပိတ်ပြီး ရေနွေးငွေ့ဖြင့် (၁၅) မိနစ်မှ (၂၀) မိနစ်ခန့် ပေါင်းရသည်။
ပေါင်းပြီးသော လတ်ဆတ်သည့် နွားနို့မှာ အေးသွားသည့်အခါ အံ့သြဖွယ်ကောင်းလောက်အောင် ခဲသွားသည့် အနေအထားကို ပြသသည်။
ထို့နောက် အပေါ်မှ မက်မွန် အစိပ်လေးများနှင့် စပျစ်သီးခြောက်များကို ဖြူးလိုက်သည့်အခါ ပို၍ပင် ဆွဲဆောင်မှု ရှိလာတော့၏။
အကယ်၍ ဤနွားနို့ပေါင်းကို ချက်ပြုတ်ပြီး အေးသွားသည့်အခါ ရေခဲသေတ္တာထဲတွင် (၃) နာရီမှ (၄) နာရီခန့် ထားလိုက်မည်ဆိုပါက ပို၍ပင် လန်းဆန်းကာ အရသာ ရှိပေလိမ့်မည်။
စုဟယ် မြည်းစမ်းကြည့်လိုက်ရာ နူးညံ့ချောမွေ့သော နွားနို့ပေါင်းမှ ကြွယ်ဝသော နွားနို့နံ့နှင့် ကောက်ညှင်းဝိုင်နံ့တို့ ထွက်ပေါ်လာပြီး၊ မက်မွန်စိပ်လေးများ၏ ကြွပ်ဆတ်မှုက အရသာကို ပိုမိုစုံလင်စေကာ ခံတွင်းထဲတွင် စွဲကျန်နေစေသည်။
စုဟယ်သည် လက်ဖက်ရည်နှင့်မုန့်အသစ်များကို ကြည့်ရင်း သူမ၏ ဝမ်းဗိုက်ကို ပွတ်နေမိသည်၊ အရမ်းကို စားကောင်းလွန်းသည် သို့သော် သူမမှာ စိုးရိမ်ပူပန်မှု အနည်းငယ်လည်း ရှိနေ၏။
"ဟုန်လျန်၊ လက်ဖက်ရည်နဲ့မုန့် ခြောက်မျိုးလုံးကို မင်းတစ်ယောက်တည်း လုပ်နိုင်ပါ့မလား၊ မနက်အစောကြီးကတည်းက ဒီလောက်အများကြီး လုပ်ရတာ အရမ်းပင်ပန်းမှာပဲ"
ဟုန်လျန်မှာမူ လက်ဖက်ရည်မုန့် ပြုလုပ်ခြင်းနှင့် ပတ်သက်လျှင် အလွန် ယုံကြည်မှု ရှိနေသည်။
သူမက သူမ၏ အစီအစဉ်ကို ရှင်းပြသည်။
"ဖရဲစေ့နဲ့ ထင်းရှူးစေ့ လမုန့်တွေက လုပ်ပြီးရင် တစ်ရက်လောက် အနားပေး ရတယ်၊ ဒါကြောင့် အဲ့ဒါကို မနက်ပိုင်း အလောတကြီး မလုပ်ဘဲ မွန်းလွဲပိုင်းတွေမှာ တစ်သုတ်ချင်း ကြိုလုပ်ထားလို့ ရပါတယ် "
လမုန့်ကို ဖုတ်ပြီးနောက်တွင် မုန့်သားမှာ ရေဓာတ်နှင့် ဆီဓာတ်အချို့ကို စုပ်ယူထားသဖြင့် ခြောက်သွေ့နေတတ်သည်။
အနားပေးလိုက်ပြီးနောက် သို့မဟုတ် အဆီတက်လာခြင်း ဖြစ်စဉ် ပြီးဆုံးသွားသည့်အခါမှသာ လမုန့်၏ အစာသွတ်နှင့် မုန့်သားမှာ ပိုမိုစေးပိုင်သွားပြီး စားလိုက်သည့်အခါ စိုစွတ်ကာ မုန့်သားများ ကွာကျခြင်း မရှိတော့ဘဲ အရသာ ပိုကောင်းလာခြင်း ဖြစ်၏။
"နွားနို့ပေါင်းကိုကျတော့ တစ်ခါတည်းနဲ့ တစ်အိုးလုံး ပေါင်းထားလို့ ရပါတယ်၊ အဲ့ဒါကိုလည်း ဒိန်ချဉ်အရသာနဲ့ လတ်ဆတ်တဲ့ နွားနို့အရသာဆိုပြီး နှစ်မျိုးကို တစ်ရက်ခြားစီ ပြောင်းလုပ်ပေးလို့ ရတယ်၊ ဒါဆိုရင် မနက်ပိုင်းမှာ ထင်းရှူးစေ့ လိပ်မုန့် တစ်မျိုးတည်းကိုပဲ အားစိုက်လုပ်ဖို့ လိုတော့တာပေါ့၊ အရင်က မုန့်သုံးမျိုးကိုလည်း အရေအတွက် အနည်းငယ် လျှော့ပြီး လုပ်သွားပါ့မယ် "
ဟုန်လျန်၏ ရှင်းပြချက်မှာ ရှင်းလင်းကာ စနစ်တကျ ရှိလှသည်။
စုဟယ်က ခေါင်းညိမ့်ကာ
"အိုကေလေ၊ ဒါဆိုရင် လိုအပ်တဲ့ ပစ္စည်းတွေကို ငါပဲ စီစဉ်ပေးမယ်၊ နင်လိုချင်တဲ့ ပစ္စည်းစာရင်းကို ငါ့ကိုပေးပါ လမုန့်ကိုတော့ နောက်ထပ် ရက်အနည်းငယ်လောက် ဆိုင်းထားလိုက်ဦး၊ ငါ ထုပ်ပိုးတဲ့ ပစ္စည်းတွေ အရင်မှာလိုက်ဦးမယ်၊ နွားနို့ပေါင်းကိုလည်း အလျင်မလိုပါဘူး၊ ငါ နွားနို့လက်ဖက်ရည်ခွက်တွေနဲ့ ခွက်ပိတ်စက် အရင်ဝယ်လိုက်ဦးမယ်၊ စက်ရောက်လာမှပဲ လုပ်တော့တာပေါ့"
ဟုန်လျန်က ပြုံးကာ ပြောလိုက်သည်
"ဟုတ်ကဲ့ပါ၊ ဒါဆိုရင် မနက်ဖြန်တော့ ထင်းရှူးစေ့လိပ်မုန့်ကိုပဲ စလုပ်လိုက်ပါ့မယ် "
42
သူတို့နှစ်ဦး နောက်တစ်နေ့အတွက် အစီအစဉ်များကို ဆွေးနွေးနေစဉ်မှာပင် တည်းခိုခန်း၏ ဧည့်ကြိုကောင်တာမှာ ရုတ်ခြည်းဆိုသလို စည်ကားသိုက်မြိုက်သွားတော့သည်။
စုဟယ် အပြင်သို့ ထွက်ကြည့်လိုက်သည့်အခါ တည်းခိုခန်းအဝင်ဝတွင် ခရီးဆောင်သေတ္တာကိုယ်စီနှင့် အမျိုးသား၊ အမျိုးသမီး နှစ်ဦး၊ သုံးဦးခန့် ရောက်ရှိနေသည်ကို တွေ့လိုက်ရသည်။ သို့သော် သူတို့၏ ခရီးဆောင်သေတ္တာများမှာမူ ဘေးနားတွင် သနားစဖွယ် ပစ်ထားခြင်းခံထားရပြီး၊ ပိုင်ရှင်များကမူ ဆရာဝေ ၏ အနားသို့ စိတ်အားထက်သန်စွာဖြင့် စုပြုံတိုးဝှေ့နေကြ၏။
ဆံပင်နှစ်ဖက်ခွဲစည်းထားသည့် မိန်းကလေးက စိတ်လှုပ်ရှားစွာဖြင့် တတွတ်တွတ် ပြောနေတော့သည်။
"ဆရာဝေ ဆရာဝေ၊ ကျွန်မက လွန်ခဲ့တဲ့တစ်ခေါက်က ဆရာ့ဆီမှာ ကောင်းကင်ကကျလာတဲ့ လာဘ်ကောင် ဆိုတဲ့စာသားကို ရေးခိုင်းခဲ့တဲ့ ရှောင်လီ ပါရှင်။ ဆရာဝေ ကြည့်ပါဦး၊ ကျွန်မက ဆရာ့ရဲ့ ဒုတိယမြောက် တပည့်ရင်းလေးလေ၊ အို။မဟုတ်ပါဘူး၊ အခုဆိုရင်တော့ တတိယမြောက် တပည့်ပေါ့"
သူမဘေးနားရှိ အမျိုးသားကလည်း သူ၏တင်ပါးကို အတင်းတိုးဝှေ့ကာ ဧည့်ကြိုကောင်တာ၏ အလယ်ဗဟိုနေရာကို ရအောင်ယူလိုက်ရင်း ပြောလိုက်သည်။
"ဆရာဝေ ကျွန်တော်က ရှောင်လင်း ပါ Live လွှင့်တုန်းက ကော်မန့်ထဲမှာ ဆရာ့ကို လာရှာမယ်လို့ ပထမဆုံးပြောခဲ့တဲ့သူပါ၊ ကိစ္စလေးတစ်ခု ပေါ်လာလို့သာ နောက်ကျသွားတာ၊ မဟုတ်ရင် ကျွန်တော် အစောကြီးကတည်းက ရောက်နေပြီ၊ ကျွန်တော်ကသာ ဆရာ့ရဲ့ တတိယမြောက် တပည့်ရင်း အစစ်ပါ"
"တကယ်လို့သာ ကျွန်တော်က တစ်လှမ်းလောက် နောက်မကျခဲ့ရင်၊ ဆရာ့ရဲ့ ပထမဆုံး တပည့်ရင်းက ကျွန်တော်ပဲ ဖြစ်သင့်တာ"
တင်ပါးကြီးသည့် ရှောင်လင်းက သူ၏ဦးခေါင်းကို အနည်းငယ် မော့လိုက်ပြီး၊ ဆရာဝေကို လာရှာမည်ဟု အစောဆုံး ပြောခဲ့သူမှာ သူသာဖြစ်ကြောင်း ကိုယ့်ကိုယ်ကိုယ် ကျေနပ်နေသည့် အမူအရာဖြင့် ဆိုလိုက်သည်။
သူတို့နောက်က လူကောင်ထွားထွားနှင့် အမျိုးသားကြီးကမူ သူ၏ ကြွက်သားအမြောင်းမြောင်းနှင့် လက်မောင်းကြီးကို ဆန့်ထုတ်လိုက်ကာ အသံသြသြကြီးဖြင့် ပြောလိုက်၏။
"ခွင့်ပြုပါဦး၊ ကျွန်တော် အခန်းယူချင်လို့ပါ"
တင်ပါးကြီးသည့် ရှောင်လင်းနှင့် ဆံပင်နှစ်ဖက်စည်း ရှောင်လီတို့မှာ ထိုလူသန်ကြီးကို ကြည့်ပြီး ဘာမှမပြောရဲဘဲ အသာအယာ နောက်သို့ ဆုတ်ပေးလိုက်ကြရသည်။
ထိုလူသန်ကြီးသည် သူ၏ မှတ်ပုံတင်ကို ထုတ်ပေးကာ လူကြီးအိပ် ကုတင်တစ်လုံးပါ အခန်း ကို ဘိုကင်လုပ်လိုက်၏။
အခန်းလက်ခံသည့် လုပ်ငန်းစဉ်တစ်လျှောက်လုံးတွင် သူသည် ကွန်ပျူတာကို ကိုင်တွယ်နေသည့် ဝေဖုန်းယီအား မျက်တောင်မခတ်တမ်း စိုက်ကြည့်နေသည်။ သူ၏ မျက်ဝန်းများမှာ တောက်ပနေပြီး ကြည့်ရသည်မှာ အနည်းငယ် ကြောက်စရာကောင်းကာ တစ်ခုခုကို ကြံစည်နေသည့် ပုံစံမျိုးပင်။
တင်ပါးကြီး ရှောင်လင်းမှာမူ သူ၏ ပိန်လှီသော လက်မောင်းလေးများကို ဆုပ်ကိုင်ထားရင်း၊ ကြောက်စိတ်ကို ဖုံးကွယ်ရန်အတွက် ရင်ဘတ်ကို အတင်းကော့ထားမိသည်။
အကယ်၍သာ ထိုလူသန်ကြီးက ဆရာဝေကို ရန်ပြုဖို့ ကြံစည်လာခဲ့လျှင် သူကတော့ သတ္တိရှိရှိဖြင့် အရှေ့ကနေ ခုခံပေးမည်ဟု ဆုံးဖြတ်ထားပုံရသည်။
ဝေဖုန်းယီကမူ ထိုလူသန်ကြီး၏ စူးစိုက်ကြည့်နေမှုကို ဂရုမစိုက်ဘဲ တည်ငြိမ်စွာပင် ရှိနေသည်။ ရှောင်လီနှင့် ရှောင်လင်းတို့ကလည်း ကန့်ကွက်ခြင်း မရှိသဖြင့် ထိုလူသန်ကြီးကို အရင်ဆုံး အခန်းလက်ခံပေးလိုက်သည်။
"မှတ်ပုံတင် ပြန်ယူပါဦးခင်ဗျာ၊ လူကြီးမင်းရဲ့ အခန်းက တတိယထပ်မှာပါ၊ ခရီးဆောင်သေတ္တာတွေကိုတော့ ကျွန်တော် ကူသယ်ပေးပါရစေ"
ဝေဖုန်းယီက လုပ်ထုံးလုပ်နည်းအတိုင်း ပြောလိုက်သည်။
အခန်းကတ်နှင့် မှတ်ပုံတင်ကို ရရှိပြီးနောက်တွင်မူ ထိုလူသန်ကြီး၏ မျက်နှာအမူအရာမှာ ရုတ်ခြည်း ပြောင်းလဲသွားတော့၏။ ကြွက်သားအဖုအထစ်များနှင့် လူသန်ကြီး ရှုံ့ဇီသည် သူ၏အသံကို တမင်တကာ ညှစ်၍ နူးညံ့ပျော့ပျောင်းအောင် လုပ်ပြောနေလေသည်။
"ဆရာဝေ မပင်ပန်းပါနဲ့ခင်ဗျာ၊ ကျွန်တော့်ဘာသာ သယ်သွားပါ့မယ်။ ကျွန်တော့်နာမည်က ရှုံ့ဇီ ပါ၊ ကျွန်တော့်ကို ရှောင်ရှုံ့ (ဝက်ဝံလေး) လို့ပဲ ခေါ်လို့ရပါတယ် ဆရာဝေ၊ ဆရာ့အထင် ကျွန်တော်က ဆရာ့ရဲ့ တတိယမြောက် တပည့်ရင်း ဖြစ်နိုင်မလားဗျ"
"ရှင် ရှင် ရှင်ကတော့လေ"
ဆံပင်နှစ်ဖက်စည်း ရှောင်လီမှာ ဤမျှ ဗလတောင့်တောင့်နှင့် လူကြီးက ဆရာဝေကို လာရှာသည့်သူ ဖြစ်နေလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။ သူသည် တကယ့် ဧည့်သည်အစစ်ဟု သူမက ထင်နေခဲ့သော်လည်း၊ ဤမျှ လူကောင်ကြီးသည့်သူက ထိုကဲ့သို့ ကောက်ကျစ်စဉ်းလဲစွာဖြင့် အမှတ်ယူလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ချေ။
"ဖူး၊ ဒီလောက် လူကောင်ကြီးကြီးနဲ့ ဆရာဝေကို ရှောင်ရှုံ့ လို့ ခေါ်ခိုင်းပြီး ချွဲနေရတယ်လို့ "
တင်ပါးကြီး ရှောင်လင်းမှာလည်း ဒေါသထွက်သွားသည်။
'တောက်၊ သူလည်း အရင်ဆုံး အခန်းယူပြီး အမှတ်ယူဖို့ ဘာလို့ မစဉ်းစားမိခဲ့ပါလိမ့်'
သူ နောက်တစ်ကြိမ် ထပ်ပြီး တစ်လှမ်းနောက်ကျသွားပြန်ပြီ။
ရှောင်လီနှင့် ရှောင်လင်းတို့သည် တစ်ယောက်ကိုတစ်ယောက် ရုတ်တရက် ကြည့်လိုက်ကြပြီး အခြေအနေ မဟန်တော့သည်ကို သိလိုက်သဖြင့် အမြန်ရှေ့တိုးကာ တပြိုင်နက်တည်း အော်ဟစ်လိုက်ကြသည်။
"ဆရာဝေ ကျွန်တော်တို့ကိုလည်း အခန်းလေး ဘိုကင်လုပ်ပေးပါဦး"
ပြောပြီးသည်နှင့် တစ်ဦးနှင့်တစ်ဦး၏ ရည်ရွယ်ချက်ကို သိသွားကြသဖြင့် မည်သူမျှ အလျှော့မပေးလိုကြပေ။
ဆူညံပွက်လောရိုက်နေသည့် ဧည့်ကြိုကောင်တာကို ကြည့်ပြီး စုဟယ်က အမြန်ကြားဝင် ဖြေရှင်းပေးလိုက်ရ၏။
"မှတ်ပုံတင်လေးတွေ ထုတ်ပေးကြပါဦးနော်၊ မှတ်ပုံတင်ပေးရပါမယ်၊ ဆရာဝေက ဆဋ္ဌမထပ်မှာ Live လွှင့်နေတာပါ၊ အားလုံးပဲ အပေါ်ထပ်ကို အရင်တက်ပြီး နေရာယူထားလို့ ရပါတယ်၊ အဲ့ဒီမှာ ရွှေရန်စက္ကူတွေနဲ့ စုတ်တံစာရေးတဲ့ အခင်းတွေလည်း အဆင်သင့် ပြင်ထားပေးပါတယ်"
လူသန်ကြီး ရှုံ့ဇီမှာ သူ၏ ခရီးဆောင်သေတ္တာကို လက်တစ်ဖက်တည်းဖြင့် မကာ တတိယထပ်ဆီသို့ လှေကားထစ်များအတိုင်း သွက်လက်စွာ တက်သွားတော့သည်။
ရှောင်လီနှင့် ရှောင်လင်းတို့မှာလည်း ရန်ဖြစ်နေသည်ကို ရပ်လိုက်ပြီး ဝေဖုန်းယီက အခန်းလက်ခံပေးသည်ကို စိတ်လှုပ်ရှားစွာ စောင့်ကြည့်နေကြ၏။
ဧည့်သည်သုံးဦးစလုံး အပေါ်ထပ်သို့ တက်သွားကြပြီး ဧည့်ကြိုကောင်တာမှာ ပြန်လည် တိတ်ဆိတ်သွားသည့်အခါမှ စုဟယ်သည် သက်ပြင်းချနိုင်တော့သည်။
သူမသည် ဝေဖုန်းယီ၏ အနားသို့ တိုးကပ်သွားပြီး
"ဆရာဝေ၊ အခုတလော ဧည့်သည်ဝင်ရောက်မှု အခြေအနေ ဘယ်လိုရှိလဲဟင်"
ဝေဖုန်းယီက သူ၏ လက်ဖက်ရည်ခွက်ကို မကာ ရေတစ်ငုံ သောက်လိုက်သည်။ သူသည် အပြင်ပန်းတွင် တည်ငြိမ်အေးဆေးနေသော်လည်း၊ တကယ်တော့ စောစောက ဆူညံမှုကြောင့် နားနှစ်ဖက်မှာ အတော်လေး အူနေပြီဖြစ်သည်။
တည်းခိုခန်းတွင် နေထိုင်သည့် အချိန်အတွင်း ဝေဖုန်းယီသည် ကွန်ပျူတာနှင့် ဖုန်းကဲ့သို့သော နည်းပညာပစ္စည်းများကို ကျွမ်းကျင်စွာ အသုံးပြုနိုင်လာပြီး ဟုန်လျန်ထက်ပင် ပို၍ တော်နေပြီဖြစ်၏။
ဝေဖုန်းယီသည် စာရင်းအင်း ဒေတာများကို ဖွင့်ကြည့်လိုက်ကာ ပြောလိုက်သည်။
"ဒီနေ့ ရှုရှင်း အဆင့်မြင့် အခန်း (၃၀) မှာ (၃) ခန်းပဲ အားတော့တယ်၊ ရိုးရိုးအခန်း (၁၅) ခန်းလုံးကတော့ ပြည့်နေပြီ၊ ကုတင်နှစ်လုံးပါ အခန်း (၁၀) ခန်းမှာတော့ (၆) ခန်း အားသေးတယ်"
သူသည် စားပွဲတင်အံဆွဲထဲမှ မှတ်စုစာအုပ်တစ်အုပ်ကို ထုတ်ယူလိုက်သည်။
ထိုစာအုပ်တွင် လစဉ် အလိုက်ကို အရောင်စုံ
စတစ်ကာလေးများဖြင့် သေချာစွာ မှတ်သားထားသည်။ စုဟယ်က သူ့ကို စာရင်းဇယား အသုံးပြုနည်း သင်ပေးထားသော်လည်း ဝေဖုန်းယီကမူ ဘောပင်နှင့် မှတ်သားရခြင်းကို ပို၍ နှစ်သက်သည်။
တစ်ခါတစ်ရံ ဧည့်သည်များထံမှ ဘိုကင်ဖုန်းများကို လက်ခံရရှိသည့်အခါ တိုက်ရိုက် ရေးမှတ်လိုက်ခြင်းက ပို၍ လွယ်ကူသလို တိကျမှုလည်း ရှိသည်ဟု သူက ယူဆ၏။
သူသည် မှတ်တမ်းများကို လှန်လှောကြည့်ကာ ပြောလိုက်သည်။
"စနေ၊ တနင်္ဂနွေတွေမှာ ဘိုကင်တွေ ပိုများတယ်၊ အခန်းတွေရဲ့ (၈၀) ရာခိုင်နှုန်းလောက်က အမြဲပြည့်နေတတ်ပြီး ပျမ်းမျှ (၁၀) ခန်းလောက်ပဲ အားတော့တယ်၊ အမျိုးသား အားလပ်ရက်နေ့ အတွက် အခန်းတွေအားလုံးကတော့ ဘိုကင်ပြည့်သွားပြီ"
ထိုမှတ်စုစာအုပ်တွင် ဧည့်သည်များ၏ ဖုန်းနံပါတ်နှင့် ဘိုကင်လုပ်သည့် အချိန်များကို ရှင်းလင်းစွာ မှတ်တမ်းတင်ထားသဖြင့် စုဟယ်သည် တစ်ချက်ကြည့်ရုံဖြင့် ဘိုကင်အခြေအနေအားလုံးကို သိနိုင်ခဲ့သည်။ စနေ၊ တနင်္ဂနွေနှင့် အားလပ်ရက်များမှအပ ရုံးပိတ်ရက်မဟုတ်သော နေ့များတွင် အခန်းပြည့်နှုန်းမှာ (၅၀) ရာခိုင်နှုန်း ရှိသည်။
ဒီနေ့တွင်မူ သူမနှင့် ဆရာဝေတို့ အပြင်ထွက်၍ ကြော်ငြာခဲ့သဖြင့် ဧည့်သည် ၄ ဦး ရခဲ့သည့်အပြင်၊ ဆရာဝေ၏ တပည့် ၃ ဦးကလည်း အလိုအလျောက် ရောက်လာကြခြင်းကြောင့် အားသည့်အခန်းမှာ ပို၍ နည်းသွားခဲ့ခြင်း ဖြစ်၏။
စုဟယ်သည် စိတ်ပျက်အားငယ်ခြင်း မရှိပေ။
ယခင်က ပျက်စီးယိုယွင်းနေသည့် ဟဲယဲ့တည်းခိုခန်း ကို တစ်လမပြည့်ခင် ယခုကဲ့သို့ အခြေအနေထိ ရောက်အောင် လုပ်ဆောင်နိုင်ခဲ့ခြင်းမှာ အလွန်ပင် ထူးခြားသည့် အောင်မြင်မှုတစ်ခုဟု သူမ ခံစားရသည်။ ယခင်က သူမ အိမ်ပြန်ရောက်ခါစက ဆိုလျှင် တည်းခိုခန်းတွင် ဧည့်သည်တစ်ဦးမှပင် မရှိခဲ့ချေ။
သို့သော် ဧည့်သည်တစ်ဦးမှ မရှိခဲ့ခြင်းကြောင့်ပင် စုချန်နှင့် ယဲ့ချင် တို့သည် တည်းခိုခန်းကို စုဟယ်၏လက်ထဲသို့ စိတ်ချလက်ချ အပ်နှံသွားခဲ့ကြခြင်း ဖြစ်သည်။
ယခုအခါ ဇနီးမောင်နှံနှစ်ဦးမှာ ကျေးလက်တောရွာတွင် စုဟယ်၏ အဘွားနှင့်အတူ စိုက်ပျိုးရေးလုပ်ငန်းများကို လုပ်ကိုင်ရင်း အေးအေးဆေးဆေး နေထိုင်နေကြရာ၊ ယဲ့ယဲ့တည်းခိုခန်းမှာ ထိုမျှအထိ ပြောင်းလဲသွားပြီဖြစ်ကြောင်းကို လုံးဝ မသိရှိကြပေ။
စုဟယ်က မိဘများထံ ဖုန်းဆက်သည့်အခါတွင်လည်း အခြေအနေအသေးစိတ်ကို မပြောဘဲ ဝါးတားတားသာ ပြောထားခဲ့သည်။ ဥပမာ စတိုးဆိုင်လေးမှာ မုန့်ရောင်းဖို့ လူသစ်တစ်ယောက် ငှားလိုက်ကြောင်းနှင့် သူမတစ်ယောက်တည်း အိပ်ရာခင်းတွေ မလျှော်နိုင်တော့သဖြင့် အစ်မကျန်းကို ကူညီပေးဖို့ ခေါ်ထားကြောင်း စသည်ဖြင့်သာ ပြောပြခဲ့သည်။
စုချန်နှင့် ယဲ့ချင်တို့ကမူ စုဟယ်သည် အပျင်းထူပြီး အလုပ်မလုပ်ချင်သဖြင့် လူငှားလိုက်ခြင်းဟုသာ ထင်မှတ်နေကြ၏။
ထို့ကြောင့် သူတို့က စုဟယ်အား ပိုက်ဆံကို အလဟဿ မသုံးစွဲရန်သာ သတိပေးခဲ့ကြသည်။ သူတို့ဇနီးမောင်နှံမှာ ကျေးလက်တွင် ကိုယ့်ဘာသာ စိုက်ပျိုးစားသောက်နေသဖြင့် အသုံးစရိတ် သိပ်မကုန်သော်လည်း စုဟယ်အား အသုံးစရိတ် ထပ်မံ ထောက်ပံ့နိုင်ခြင်း မရှိတော့ကြောင်းနှင့် တည်းခိုခန်းကရသည့် ဝင်ငွေကိုသာ စုဆောင်းထားရန် ပြောဆိုခဲ့ကြ၏။
စုဟယ်သည် လူကြီးတစ်ယောက် ဖြစ်နေပြီဖြစ်ရာ အပျင်းထူပြီး လူပိုငှားချင်လျှင်လည်း သူမ၏ ဆန္ဒအတိုင်းသာ ဖြစ်စေရန် သူတို့က ခွင့်ပြုထားခြင်း ဖြစ်သည်။
ဟဲယဲ့တည်းခိုခန်း၏ နည်းပါးလှသော ဝင်ငွေလေးဖြင့် စုဟယ်သည် လူမည်မျှများများ ငှားနိုင်ပါမည်နည်း၊ အကယ်၍ လူအများကြီး ငှားလိုက်ပါကလည်း ပိုက်ဆံမှာ သေချာပေါက် လောက်ငှမည် မဟုတ်ဟုသာ သူတို့ ထင်နေကြ၏။
စနစ် ရောက်ရှိလာခြင်းက အရာအားလုံးကို ပြောင်းလဲပေးလိုက်ပြီဖြစ်ကြောင်းကိုမူ သူတို့ အိပ်မက်ပင် မမက်ခဲ့ကြချေ။
စုဟယ်သည် မှတ်တမ်းစာအုပ်ကို လှန်ကြည့်လိုက်ရာ အမျိုးသားနေ့နှင့် လပြည့်နေ့ အားလပ်ရက်များမှာ ဆက်တိုက်ဖြစ်နေသဖြင့် အားလပ်ရက် ရက်များတင်မကဘဲ စက်တင်ဘာ ၂၅ ရက်မှ အောက်တိုဘာ ၁၀ ရက်အထိ အခန်းအားလုံးမှာ ဘိုကင်ပြည့်နေသည်ကို တွေ့ရသည်။
ဟဲယဲ့တည်းခိုခန်းတွင် စီးပွားရေး မကောင်းစဉ်က အခန်းဈေးနှုန်းများမှာ တစ်နှစ်ပတ်လုံး ပုံသေသာ ရှိခဲ့သည်။ အနီးနားရှိ ဆရာအတတ်သင် တက္ကသိုလ်တွင် စာမေးပွဲစင်တာများ လုပ်သည့်အခါမှသာ အခန်းဈေးကို အနည်းငယ် တိုးမြှင့်တတ်သော်လည်း များများစားစား မဟုတ်ပေ။
ဆရာဖြစ်သင်တန်းနှင့် ဝန်ထမ်းစာမေးပွဲ လာဖြေကြသူ အများစုမှာ ကျောင်းသားများသာ ဖြစ်ကြသည်။
စုချန်နှင့် ယဲ့ချင်တို့က ကျောင်းသားများတွင် ပိုက်ဆံ သိပ်မရှိသည်ကို ငဲ့ညှာသဖြင့် ဈေးနှုန်းကို အလွန်အကျွံ မတိုးမြှင့်ခဲ့ခြင်း ဖြစ်၏။ ပြောရလျှင် ဟဲယဲ့တည်းခိုခန်းသည် ခရီးသွားရာသီ၏ အမြင့်ဆုံးအချိန် ကို မည်ကဲ့သို့ ကိုင်တွယ်ရမည်ကို လုံးဝ အတွေ့အကြုံ မရှိခဲ့ချေ။
"ဒါက ငါ့အမှားပဲ၊ ဈေးနှုန်းသတ်မှတ်တာကို မစဉ်းစားမိခဲ့ဘူး၊ ဒီဧည့်သည်တွေက ငါတို့ကို မှတ်ချက်ကောင်းလေးတွေ ပေးကြဖို့ပဲ မျှော်လင့်ရတော့မှာပဲ"
စုဟယ်က သူမကိုယ်သူမ ပြန်လည်သုံးသပ်မိသည်။
ဝေဖုန်းယီ၏ မှတ်တမ်းများအရ ဧည့်သည်အတော်များများမှာ ဝူချန်းကော် ၏ လိုက်ဖ်လွှင့်မှုမှတစ်ဆင့် ဝယ်ယူထားသည့် လျှော့ဈေးကတ် များကို အသုံးပြုထားကြသည်ကို တွေ့ရသည်။
သူမသည် ဝူချန်းကော်နှင့် ပူးပေါင်းဆောင်ရွက်စဉ်က ထိုလျှော့ဈေးကတ်များကို အားလပ်ရက်ရက်များတွင် အသုံးပြုခွင့်မရှိဟူသော စည်းကမ်းချက်ကို ထည့်သွင်းရန် မေ့လျော့နေခဲ့ခြင်း ဖြစ်သည်။
ထို့ကြောင့် ဟဲယဲ့တည်းခိုခန်း၏ အခန်းခများမှာ အားလပ်ရက်နှင့် ရုံးဖွင့်ရက်များတွင် အတူတူပင် ဖြစ်နေတော့၏။
အခြားဟိုတယ်များမှာမူ အမျိုးသားနေ့ အားလပ်ရက်အတွက် အခန်းဈေးနှုန်းများကို စောစီးစွာကတည်းက မြှင့်တင်ထားကြပြီဖြစ်သည်။ ယခင်က ဟဲယဲ့တည်းခိုခန်းအကြောင်း မသိရှိခဲ့ကြသောသူများမှာ အခန်းငှားရမ်းသည့် ပလက်ဖောင်းပေါ်တွင် အချိန်အကြာကြီး နှိုင်းယှဉ်ရှာဖွေပြီးနောက်၊ ဟဲယဲ့တည်းခိုခန်းမှာ အသစ်ပြင်ဆင်ထားပြီး ဈေးနှုန်းလည်း သက်သာသည်ကို တွေ့ရှိသွားကြသဖြင့် ထိုနေရာကို ရွေးချယ်ခဲ့ကြခြင်း ဖြစ်သည်။
အသစ်ပြင်ဆင်ပြီးနောက်တွင် ဟဲယဲ့တည်းခိုခန်းရှိ ရှုရှင်း အဆင့်မြင့်အခန်း (၃၀) အတွက် တစ်ခန်းလျှင် ယွမ် (၃၆၀) သတ်မှတ်ထား၏။
ဝူချန်းကော်၏ လိုက်ဖ်လွှင့်မှုတွင်မူ မနက်စာအပါအဝင် ယွမ် (၃၃၀) သာ ကျသင့်သည်။ ရိုးရိုးအခန်းများမှာ ယွမ် (၄၂၀)ဖြစ်ပြီး၊ ကုတင်နှစ်လုံးပါ အခန်းများ များမှာ (၅၀၀) ယွမ် ဖြစ်၏။ ယခင်က ရှိခဲ့သော တစ်ခုတည်းသော မိသားစုအခန်း ကိုမူ စာသင်ခန်းအဖြစ် ပြောင်းလဲလိုက်ပြီ ဖြစ်သည်။
ဝေဖုန်းယီက အကြံပြုသည်။
"ကုတင်နှစ်လုံးပါအခန်းနဲ့ ရိုးရိုးအခန်းကြားမှာ ထူးထူးခြားခြား ကွာခြားမှု မရှိဘူး၊ ကုတင်နှစ်လုံးပါအခန်း က နည်းနည်း ပိုကျယ်ပြီး ကုတင်နှစ်လုံး ပိုပါတာကလွဲရင်ပေါ့၊ ရိုးရိုးအခန်းမှာတော့ ကုတင်ဘေး စားပွဲလေးတွေပဲ ပါတယ်၊ ဒါပေမဲ့ ဈေးနှုန်းက (၈၀) ယွမ် ကွာနေတော့ အဆင့်မြင့်တယ်လို့လည်း ပြောလို့မရ၊ ရိုးရိုးပဲလို့လည်း ပြောလို့မရတဲ့ အနေအထား ဖြစ်နေတယ်"
စုဟယ်က ခေါင်းကို အဆက်မပြတ် ညိတ်လိုက်ပြီး
"ဆရာဝေ ပြောတာ မှန်တယ်၊ ကုတင်နှစ်လုံးပါအခန်း နဲ့ ရိုးရိုးအခန်းကြားမှာ ကွဲပြားမှုရှိအောင် ဘယ်လိုလုပ်ရမလဲဆိုတာ ကျွန်မ ထပ်စဉ်းစားလိုက်မယ်၊ အော် ပြီးတော့ ဆဋ္ဌမထပ်က စာသင်ခန်းကိုလည်း ပြန်ပြင်ဖို့ စီစဉ်ထားတယ်၊ ဆရာ့ကို လာရှာတဲ့ ကျောင်းသားတွေက ပိုပိုများလာဦးမှာ သေချာတယ်လေ"
ပြောပြီးနောက်တွင် စုဟယ်သည် အနည်းငယ် ရှက်ကိုးရှက်ကန်းဖြင့် လက်ဝါးချင်း ပွတ်လိုက်ကာ မေးလိုက်သည်။
"ဆရာဝေ၊ ကျွန်မတို့ရဲ့ အိပ်ပျော်နေတဲ့ မင်းသမီးလေးရဲ့ ကုတင် တွေ ရောင်းအား ဘယ်လိုရှိလဲဟင်"
ထိုကုတင်ရောင်းအားမှာ ဟဲယဲ့တည်းခိုခန်း၏ အဓိက မဏ္ဍိုင်ကြီး ဖြစ်နေပြီဟု ဆိုနိုင်သည်။ စုဟယ်အနေဖြင့် တည်းခိုခန်းကို ထပ်မံပြင်ဆင်လိုပါက ကုတင်ရောင်းရငွေကိုသာ အဓိက အားကိုးရမည် ဖြစ်သည်။
ဝေဖုန်းယီသည် သူ၏ဖုန်းကို ထုတ်လိုက်ကာ အေးအေးဆေးဆေးပင် ပြောလိုက်သည်။
"လက်ရှိမှာတော့ တစ်ရက်ကို ၅ လုံးနှုန်းနဲ့ ရောင်းအား တည်ငြိမ်နေပါတယ်၊ မေးမြန်းစုံစမ်းနေတဲ့သူတွေလည်း အများကြီး ရှိနေတယ်၊ သူဌေးမအားရင်တော့ မက်ဆေ့ချ်အချို့ကို ပြန်ဖြေပေးပါဦး"
ထိုကုတင်များကို ရက်ပေါင်း (၃၀) အတွင်း အကြောင်းပြချက်မရှိဘဲ ပြန်အပ်ခွင့် သို့မဟုတ် လဲလှယ်ခွင့် ပေးထားသဖြင့်၊ စုဟယ်သည် များသောအားဖြင့် (၁၀) ရက်ခန့်ကြာမှသာ ရောင်းရငွေများကို တစ်ခါ ထုတ်ယူလေ့ရှိသည်။
မဟုတ်ပါက ပိုက်ဆံများကို ကြိုတင်ထုတ်သုံးမိပြီး ဧည့်သည်များက ပစ္စည်းပြန်အပ်လာပါက တည်းခိုခန်း၏ ငွေကြေးလည်ပတ်မှုမှာ သေချာပေါက် ပြတ်တောက်သွားနိုင်သောကြောင့် ဖြစ်၏။
သူမသည် အခန်းများအတွက် အပူခံ အုတ်ခဲများ လဲလှယ်စဉ်က ငွေတစ်ကြိမ် ထုတ်ယူထားခဲ့ပြီးဖြစ်ကာ၊ မိဘများ၏ အိမ်ဝယ်ရန် စုဆောင်းထားသည့် ငွေများထဲမှ ယူသုံးထားသည်ကိုလည်း ပြန်မဆပ်နိုင်သေးချေ။ မွေ့ရာများ ရောင်းရခြင်းကြောင့် တစ်ရက်လျှင် (၅၀,၀၀၀) ယွမ်ခန့် ဝင်ငွေရရှိနေသော်လည်း ထိုငွေများကို စနစ်တကျ အသုံးပြုရန် စီစဉ်ရဦးမည် ဖြစ်သည်။
ဝေဖုန်းယီ၏ ဆိုလိုရင်းကို စုဟယ် နားလည်လိုက်၏။
"ဆရာဝေ၊ ခဏလောက် ထပ်သည်းခံပေးပါဦးနော် ဆရာလည်း မြင်တဲ့အတိုင်းပဲ လုပ်စရာတွေက အများကြီး ဖြစ်နေလို့ပါ၊ စတိုးဆိုင်မျက်နှာစာက အခုမှ ပြင်ပြီးတာရှိသေးတယ်၊ ဆဋ္ဌမထပ်က အခန်းကိုလည်း စာသင်ခန်းအဖြစ် ပြန်ပြောင်းရဦးမယ်၊ ဆရာ့ရဲ့ Live လွှင့်စက်တွေကိုလည်း ထပ်ကြည့်ရဦးမယ်၊ ကုတင်နှစ်လုံးပါနဲ့ ပတ်သက်ပြီး ဆရာပြောတဲ့ အချက်ကလည်း အရမ်းကောင်းတယ်၊ အဲ့ဒါကိုလည်း ပြန်ပြင်ဖို့ စဉ်းစားရဦးမယ်၊ ဈေးဝယ်စင်တာ ရဲ့ Customer Service ပိုင်းကိုတော့ ဆရာပဲ ကူညီပေးပါဦးနော် ဟုတ်ပြီလား"
"ဟီး ဟီး"
စုဟယ်သည် အားနာဟန်ဖြင့် ရယ်လိုက်ရင်း အပေါ်ထပ်သို့ ပြေးတက်သွားတော့သည်။
လုပ်စရာတွေက တကယ်ကို များလွန်းနေပြီ၊ သူမတစ်ယောက်တည်း မနိုင်တော့ပါဘူး။