အခန်း (၄၅-၄၆)
Vol. 5 Ch. 45-46
45
လက်ဖက်ရည်နှင့် မုန့်အမျိုးအစားသစ်များ အဆက်မပြတ် ရောက်ရှိလာသော်လည်း ဟဲယဲ့တည်းခိုခန်း ၏ စတိုးဆိုင်မျက်နှာစာ ပြုပြင်မွမ်းမံမှုမှာ ထိခိုက်မှုမရှိဘဲ ဆက်လက်ရှိနေသည်။
ထင်းရှူးစေ့မုန့်လိပ်သည် လူမှုကွန်ရက်ပေါ်တွင် ရေပန်းအစားဆုံး အကြောင်းအရာအသစ်တစ်ခု ဖြစ်လာခဲ့သည်။ ကျား၊ မ၊ မရွေး၊ အရွယ်သုံးပါးမရွေး လူတိုင်းမှာ ၎င်း၏ကြွပ်ရွမွှေးကြိုင်သော အရသာထူးတွင် နစ်မျောသွားကြတော့၏။ ဟုန်လျန်သည်လည်း မုန့်လုပ်နေစဉ်အတွင်း ကျန်ရှိသော မုန့်အမျိုးအစားသုံးမျိုး၏ အရေအတွက်ကို လျှော့ချလိုက်ရပြီး သူမ၏ ပိုလျှံသမျှ အင်အားအားလုံးကို ထို ထင်းရှူးစေ့မုန့်လိပ်ပြုလုပ်ခြင်း၌သာ ပုံအောလိုက်ရတော့သည်။
ဟဲယဲ့တည်းခိုခန်း ကုန်စုံဆိုင်၏ ရုတ်တရက် အကြီးအကျယ်ပြုပြင်မွမ်းမံမှုအပေါ် မည်သူမျှသံသယမဝင်ကြသည်ကိုမြင်သောအခါ စုဟယ်သည် ပို၍ပင်ရဲတင်းလာပြီး မှင်စာအင်ဂျင်နီယာ အလုပ်ခန့်ထားမှုစာချုပ် တစ်ခုကို ချက်ချင်းမှာယူလိုက်သည်။
သူမသည် (၆) လွှာရှိ မိသားစုခန်း အားလုံးကို စာသင်ခန်းများအဖြစ် အလုံးစုံ ပြောင်းလဲပစ်ရန် ရည်ရွယ်ထားခြင်း ဖြစ်၏။
ထိုအလုပ်များကို အချောသတ်ပြီးမှသာ စုဟယ်တစ်ယောက် ခဏတဖြုတ် နားနေရန် အချိန်ရတော့သည်။ ဟုန်လျန်မှာ မုန့်လုပ်ရန်သာ အာရုံစိုက်နေပြီး ဆရာဝေမှာလည်း စုတ်တံစာပေ သင်တန်းကို ဦးဆောင်နေရသဖြင့် သူတို့နှစ်ဦးလုံးမှာ အားလပ်ချိန်ဟူ၍ မရှိကြပေ။ အချိန်ပိုင်းဝန်ထမ်းဖြစ်သူ အစ်မကျန်းမှာလည်း ယခုအခါ အချိန်ပြည့်ဝန်ထမ်းတစ်ဦးနီးပါး ဖြစ်နေပြီဖြစ်သည်။
ဧည့်သည်များ အဝင်၊ အထွက် လုပ်ချိန်များတွင် လူတွေ ပြုံတိုးနေတတ်သဖြင့် သူမကိုယ်သူမ ချာချာလည်အောင် ပင်ပန်းနေရကြောင်း အစ်မကျန်း မြည်တမ်းသည်ကိုလည်း စုဟယ် အကြိမ်ကြိမ် ကြားဖူး၏။
စုဟယ်ကိုယ်တိုင်လည်း ဝိုင်းကူပေးချင်သော်လည်း ဧည့်ကြိုကောင်တာ တွင် ကိုင်တွယ်ဖြေရှင်းစရာများ ရှိနေသေးသဖြင့် သူမကိုယ်သူမ နှစ်ကိုယ်ခွဲရန်လည်းမဖြစ်နိုင်ချေ။
ထို့ကြောင့် အချိန်ပိုင်းဝန်ထမ်း အစ်မကျန်းကို လုပ်ခလစာ ပိုပေးခြင်းဖြင့်သာ တတ်နိုင်သလောက် ဖြေသိမ့်ပေးထားရသည်။ စုဟယ်သည် သူမ၏ မိဘများ ကိစ္စကိုမူ တတ်နိုင်သမျှ အချိန်ဆွဲထားရန် စီစဉ်ထားသည်။
ထို့အပြင် သူမ၏ မိဘများသည် တစ်သက်လုံး ပင်ပင်ပန်းပန်း အလုပ်လုပ်ခဲ့ကြသူများ ဖြစ်သဖြင့် ယခုအချိန်မှာ သူတို့အတွက် ကောင်းကောင်းမွန်မွန် အနားယူရမည့် အချိန်လည်း ဖြစ်သည်။
တည်းခိုခန်းကို သန့်ရှင်းရေးလုပ်ခြင်းသည် ခါးကုန်းလိုက်၊ မတ်တတ်ရပ်လိုက်နှင့် အမြဲတစေ လှုပ်ရှားနေရသလို၊ ဧည့်ကြိုအလုပ်မှာလည်း အလှည့်ကျတာဝန်ထမ်းဆောင်ရပြီး ညဖက် အိပ်ရေးပျက်ခံရတတ်သည်။ ယဲ့ချင်နှင့် စုချန်တို့ ထိုအလုပ်နှစ်ခုကို လုပ်ကိုင်ခြင်းသည် သူတို့၏ ကျန်းမာရေးကို များစွာ ထိခိုက်စေလိမ့်မည် ဖြစ်သည်။ စုဟယ်သည် သန့်ရှင်းရေးလုပ်နေသော အစ်မကျန်းကို သွားရောက်ရှာဖွေပြီး မေးလိုက်၏။
"အစ်မကျန်း၊ အခုတလော ဆိုင်က တကယ်ကို အလုပ်များနေတာ၊ အဲ့ဒါကြောင့် ကူညီပေးဖို့ လူအနည်းငယ်လောက် ထပ်ရှာချင်လို့ပါ၊ အလုပ်ရှာနေတဲ့သူ သိရင် မိတ်ဆက်ပေးလို့ ရပါတယ်၊ နေ့စားဝန်ထမ်းဆိုရင်လည်း အဆင်ပြေတယ်နော်"
ကြမ်းတိုက်နေသော အန်တီကျန်းမှာ ဝမ်းသာအားရဖြင့် ကိုယ်ကိုမတ်လိုက်ပြီး ပြောလိုက်သည်။
"ရှိတာပေါ့ ရှိတာပေါ့ သူဌေးမရဲ့၊ အရင်က ကျွန်မ သန့်ရှင်းရေးဝန်ထမ်းအဖြစ် လုပ်ခဲ့တာဆိုတော့ သိတဲ့ ညီအစ်မတွေ အများကြီး ရှိတာပေါ့"
အစ်မကျန်းသည် သန့်ရှင်းရေးဝန်ထမ်း လုပ်ခဲ့စဉ်က နေ့ရက်များကို ပြန်လည်အမှတ်ရသွားသည်။
"အမှန်အတိုင်း ပြောရရင် သန့်ရှင်းရေးဝန်ထမ်းလစာက အတော်အတန် ကောင်းပေမဲ့ တကယ်ကို ပင်ပန်းလွန်းတာ၊ ဆောင်းတွင်းဆိုရင် လက်တွေက မုန်လာဥနီတွေလိုပဲ အေးခဲနေတာ၊ နွေရာသီကျတော့လည်း ချွေးတွေက တောက်တောက်ယိုလို့
ခဏခဏလည်း အစစ်အဆေး ခံရသေးတာ၊ ကြမ်းပြင်ပေါ်မှာ ပီကေကပ်နေရင်တောင် ဆောင့်ကြောင့်ထိုင်ပြီး တစ်စစီ အကုန်ကုန်အောင် ခြစ်ထုတ်ပစ်ရတာ၊ အသက်ကြီးလာလေလေ ဒါတွေကို ခံနိုင်ရည် မရှိတော့လေလေပဲ"
"ကျွန်မ ခြေထောက်တွေကလည်း သိပ်မကောင်းတော့ဘူး၊ အအေးဒဏ်လည်း မခံနိုင်တော့တာနဲ့ အလုပ်က စောစော အနားယူလိုက်တာ၊ ကျွန်မရဲ့ ညီအစ်မတွေကတော့ အိမ်အခြေအနေက နည်းနည်း ပိုခက်ခဲတော့ ကျွန်မထက် ပိုအောင့်ခံပြီး လုပ်ခဲ့ကြတာပေါ့၊ ဒါပေမဲ့ ပြီးခဲ့တဲ့ နှစ်နှစ်လောက်ကစပြီး သူတို့လည်း ကျန်းမာရေး မကောင်းတော့လို့ အိမ်မှာပဲ အိမ်မှုကိစ္စတွေ လုပ်နေကြတာ၊ ကျွန်မ ညီအစ်မတွေက သန့်ရှင်းရေးလုပ်ရင် အရမ်းကို ဝီရိယကောင်းကြတာနော်၊ သူဌေးမ စိတ်ချရပါတယ်"
အစ်မကျန်းသည်လည်း သူမ၏ ညီအစ်မများ အသက်ကြီးချိန်တွင် ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်မည့် အလုပ်တစ်ခု ရှာပေးချင်နေခြင်း ဖြစ်သည်။
စုဟယ်က သူမ၏ လိုအပ်ချက်ကို ပြောပြ၏။
"ကျွန်မက မနက်စောစောထပြီး မနက်စာ ပြင်ဆင်ပေးနိုင်တဲ့သူ၊ ချက်ပြုတ်တတ်တဲ့သူတစ်ယောက် လိုချင်တာ၊ မနက်စောစောထပြီး မနက်စာ လုပ်ပေးရမယ်၊ ပြီးရင် ပန်းကန်ဆေးတာနဲ့ မီးဖိုချောင် သန့်ရှင်းရေး လုပ်ပေးရမှာပါ"
ဟဲယဲ့တည်းခိုခန်း၏ မနက်စာသည် မှော်ဆန်သော ဆန်ပြုတ်အိုးအပေါ်တွင်သာ လုံးလုံးလျားလျား မှီခိုနေရပြီး အခြားသော ပေါင်မုန့်ကဲ့သို့ အရာများမှာ ငြီးငွေ့စရာကောင်းလွန်းလှသည်။
အများအားဖြင့် အပြင်မှ ဝယ်ယူရသဖြင့် ကုန်ကျစရိတ်လည်း မြင့်မား၏။ ထို့ကြောင့် မနက်စာအတွက် သီးသန့်တာဝန်ယူမည့်သူ တစ်ဦး စုဟယ် လိုအပ်နေခြင်း ဖြစ်သည်။ အစ်မကျန်းခဏမျှ စဉ်းစားပြီး တစ်ယောက်ကို အကြံပြုလိုက်သည်။
"လျိုရှန်းဆိုရင် လုပ်နိုင်လိမ့်မယ်၊ လျိုရှန်းက မြောက်ပိုင်းသူဆိုတော့ ဂျုံနဲ့လုပ်တဲ့ အစားအစာတွေ လုပ်တာ ကျွမ်းတယ်၊ အရင်က အတူတူ အလုပ်လုပ်တုန်းက သူက ကိုယ့်ထမင်းကိုယ် ဟင်းနဲ့ပဲ စားတာ၊ သူ့ရဲ့ ဖက်ထုပ် နဲ့ ပေါက်စီတွေက တကယ်ကို အရသာရှိတာ"
စုဟယ်က ခေါင်းညိတ်ပြလိုက်ပြီး
"သန့်ရှင်းရေးအတွက်လည်း လူနှစ်ယောက် လိုပါသေးတယ်၊ အချိန်ပိုင်း တစ်ဝက်စီ လုပ်ရမှာပါ၊ အစ်မကျန်း သူတို့နဲ့ အလှည့်ကျ လုပ်လို့ရတော့ အစ်မလည်း နည်းနည်း သက်သာသွားတာပေါ့၊ လစာကိုတော့ အလုပ်ပမာဏအပေါ် မူတည်ပြီး တွက်ပေးပါ့မယ်"
အစ်မကျန်း က နောက်ထပ် နှစ်ယောက်ကို ထပ်မံ အကြံပြုပြန်သည်။
"မေကျဲ နဲ့ တုန်းကျင့် တို့ကလည်း တကယ့်ကို ယုံကြည်စိတ်ချရတဲ့ အလုပ်သမားတွေပါ၊ သူတို့က ဒီအနီးအနားမှာပဲ နေကြတာ"
သူမ၏ အကြံပြုချက်များ ပေးပြီးနောက် အစ်မကျန်းမက အနည်းငယ် ရှက်ကိုးရှက်ကန်းဟန်ဖြင့် မေးရှာသည်။
"သူဌေးမ ကျွန်မကတော့ အချိန်ပြည့်ပဲ ဆက်လုပ်ချင်ပါသေးတယ်၊ အဲ့ဒါ အဆင်ပြေပါ့မလားဟင်"
သူမသည် တည်းခိုခန်းတွင် သန့်ရှင်းရေးလုပ်ခြင်းဖြင့် တစ်နေ့လျှင် ယွမ် (၁၅၀) ကျော် ရရှိနေသည်။ သူမက အလုပ်တွင် ကျွမ်းကျင်ပြီး ယခုအချိန်အထိ တည်းခိုခန်း မသန့်ရှင်းကြောင်း မည်သည့်ဧည့်သည်ကမျှ မကျေနပ်ချက် မပြောဖူးပေ။ စုဟယ်ကလည်း သူမအား အပိုဆုကြေးများ ပေးလေ့ရှိရာ အလုပ်မှန်မှန်ဆင်းပါက တစ်လလျှင် ယွမ် (၅၀၀၀) ခန့် အလွယ်တကူ ရရှိနိုင်သည်။
စုဟယ်က ခေါင်းညိတ်ပြလိုက်ပြီး ပြောလိုက်သည်။
"အဆင်ပြေတာပေါ့ အစ်မကျန်းရဲ့၊ အစ်မ ပင်ပန်းလာရင်လည်း အနားယူဖို့ ရက်အနည်းငယ် ခွင့်ယူလို့ ရပါတယ်၊ ကိုယ့်ကိုယ်ကိုယ် အရမ်းအတင်းအကြပ် မလုပ်ပါနဲ့၊ အစ်မ အကြံပြုတဲ့ နှစ်ယောက်ကိုလည်း သူတို့ အဆင်ပြေရင် အခုပဲ (၃) ရက် စမ်းသပ်ကာလ အဖြစ် လာခိုင်းလိုက်ပါ"
စုဟယ်သည် အချက်အလက်အချို့ကို ကြိုတင်ရှင်းလင်းထားချင်သည်။
"မေကျဲနဲ့ တုန်းကျင့်တို့ အရင်က ဘယ်လို အလုပ်လုပ်ခဲ့လဲဆိုတာ ကျွန်မ မသိဘူး၊ သူတို့ ရောက်လာရင် ဘယ်လိုလုပ်မလဲဆိုတာကိုပဲ ကြည့်ပါ့မယ်၊ (၃) ရက် စမ်းသပ်ကာလကတော့ လစာ မရဘူးနော်၊ သူတို့ နေ့တစ်ဝက်ပဲ လုပ်ရမှာဖြစ်ပြီး ကျွန်မက ယွမ် (၁၀၀) ပေးပါ့မယ်၊ အဲ့ဒါကို နေ့စဉ် ရှင်းပေးမယ်လေ၊ သန့်ရှင်းရေးက သတ်မှတ်ထားတဲ့ စံနှုန်းမမီရင်တော့ သူတို့ကို တိုက်ရိုက်ပဲ ထွက်ခိုင်းရလိမ့်မယ်၊ အစ်မကျန်းရဲ့ လစာကတော့ ယွမ် (၁၅၀) အတိုင်းပဲ ရှိနေမှာပါ၊ အစ်မအလုပ်ပြီးတာနဲ့ တန်းပြီး အနားယူလို့ ရတယ်၊ သူတို့ နှစ်ယောက်ကိုတော့ အစ်မ ကပဲ တာဝန်ယူပြီး ကြည့်ပေးရမှာပါ"
ယာယီဝန်ထမ်း အစ်မကျန်းမှာ ထပ်ခါတလဲလဲ ခေါင်းညိတ်ပြမိသည်။
လူသစ်တွေ ရောက်လာရင် စုဟယ်က သူမ၏ လစာကို လျှော့ချလိုက်မည်ဟု အစပိုင်းတွင် သူမ ထင်မှတ်ထားခဲ့ခြင်း ဖြစ်သည်။ ယခုမူ သူမလစာလည်း မလျော့သည့်အပြင် အလုပ်ကလည်း ပိုမိုသက်သာသွားကာ လူနှစ်ယောက်ကို စီမံခန့်ခွဲရသည့် တာဝန်ပါ တိုးလာခဲ့သည်။
"လျိုရှန်းကိုတော့ သူအားရင် မွန်းလွဲပိုင်းမှာ လာခဲ့ခိုင်းလိုက်ပါ၊ မနက်စာ အမျိုးအစား အချို့ကို စမ်းလုပ်ကြည့်ခိုင်းရမယ်၊ ကျွန်မတို့ဆီမှာ မနက်စာ ကျွေးတဲ့အချိန်က မနက် (၇) နာရီကနေ (၉) နာရီခွဲအထိ ဆိုတော့ သူ့ရဲ့ အလုပ်ချိန်က မနက် (၆) နာရီမှာ စမယ်၊ ဧည့်သည်တွေ စားပြီးလို့ မီးဖိုချောင် သိမ်းဆည်းပြီးတာနဲ့ သူလည်း ပြန်လို့ရပြီ၊ သူ့ရဲ့ အခြေခံလစာက ယွမ် (၁၀၀) ကနေ စပါ့မယ်"
ဟဲယဲ့တည်းခိုခန်း၏ လုပ်ခလစာမှာ များပြားလှသည်ဟု မထင်ရသော်လည်း လက်တွေ့တွင် ဒေသတွင်း ပျမ်းမျှလစာထက် မြင့်မားနေသည်၊
ဤနေရာရှိ ကော်ဖီဆိုင်များနှင့် စားသောက်ဆိုင်များသည် တစ်နာရီလျှင် ယွမ် (၁၅) သာ ပေးကြပြီး အသက် (၅၀) ကျော် အဒေါ်ကြီးများကိုပင် အလုပ်မခန့်ကြပေ။ အစ်မကျန်းမျက်နှာမှာ ဝမ်းသာမှုမျဖြင့် ဝင်းပနေတော့သည်။
"ကောင်းပါပြီ၊ အခုပဲ သူတို့ကို သွားအကြောင်းကြားလိုက်ပါ့မယ်"
ထိုအမျိုးသမီးများသည် ပုံသေအလုပ်မရှိသော အလုပ်သမားများဖြစ်ကြပြီး အသက် (၅၅) နှစ်ရောက်မှသာ အငြိမ်းစားလစာ ရရှိနိုင်ကြမည်ဖြစ်သည်။ ယခုအခါ သူတို့မှာ အသက် (၅၀) အစောပိုင်းတွင်သာ ရှိကြသေးသဖြင့် ငွေမရမီ သုံးလေးနှစ်ခန့် လိုသေးသည်။ သူတို့သည် အသက်ကြီးပိုင်း အာမခံကြေးများကိုလည်း များများစားစား မပေးသွင်းထားကြသဖြင့် တစ်လလျှင် အများဆုံး ယွမ် ခြောက်ရာ သို့မဟုတ် ခုနစ်ရာခန့်သာ ရရှိနိုင်ကြလိမ့်မည်။ ထို့ကြောင့် အိုမင်းလာချိန်အတွက် ကိုယ့်အားကိုယ်ကိုးရပေမည်။
ရှေ့တန်းဧည့်ကြိုကောင်တာတွင်မူ ကွန်ပျူတာ အသုံးပြုတတ်သည့်သူ တစ်ဦး တာဝန်ကျရန် လိုအပ်သည်။ အစ်မကျန်း အကြံပြုထားသော သူများသည် ထိုအလုပ်အတွက် မသင့်လျော်သည်မှာ ထင်ရှားလှ၏။
စုဟယ်သည် ဘေးနားရှိ အစ်မဝမ်၏ ဘဲကင်ဆိုင်သို့ သွားလိုက်သည်။
အစ်မဝမ်သည် စုဟယ်၏ ရည်ရွယ်ချက်ကို ကြားသောအခါ သူမအတွက် ရှာဖွေပေးမည်ဖြစ်ကြောင်း ပြောလိုက်၏။
သူမ၏ သားမှာ ယုံမြစ်စက်မှုတက္ကသိုလ် (ဒုတိယတန်းစား တက္ကသိုလ်တစ်ခု) မှ ဘွဲ့ရထားသူဖြစ်သော်လည်း လောလောဆယ်တွင် အကြံပြုပေးရန် သင့်တော်သောသူ မရှိသေးပေ။
အဘိုးကြီးလီရဲ့ အိုးကပ်ထမင်းဆိုင်သို့ ရောက်သောအခါ ဦးလေးလီသည် သူ၏ ပြောင်နေသော ခေါင်းကို ပွတ်ရင်း မီးဖိုချောင်ထဲမှ ထွက်လာသည်။ ရာသီဥတုမှာ အေးစပြုနေပြီ ဖြစ်သော်လည်း သူသည် လက်ပြတ်အင်္ကျီကိုသာ ဝတ်ထားဆဲ ဖြစ်၏။ အစားအသောက် လုပ်ငန်းမှာ ဝင်ငွေကောင်းသော်လည်း အလွန်ပင် ပင်ပန်းလှသည်။
စုဟယ်က ဧည့်ကြိုကောင်တာနေ့ဆိုင်းအတွက် လစာယွမ် (၅၀၀၀) ပေးပြီး လူခန့်ချင်ကြောင်း ကြားရသောအခါ ဦးလေးလီက သူ၏ တူဖြစ်သူကို အကြံပြုလိုက်သည်။
"ငါ့တူလီရှီက လူရိုးလေးပါ၊ သူ့မိဘတွေက စီးပွားရေးလုပ်ရင်း အလုပ်များနေကြလို့ သူငယ်ငယ်တုန်းက သိပ်မကြည့်နိုင်ခဲ့ကြတော့ သူက သိပ်တော့ မထက်မြက်ဘူး၊ အသက်မွေးဝမ်းကျောင်းကျောင်းကလည်း ဘွဲ့ရပြီးကတည်းက စာသင်တာကို စိတ်မဝင်စားတော့တာ၊ အခုတော့ အင်တာနက်ကဖေးတစ်ခုမှာ မန်နေဂျာအဖြစ် လုပ်နေတာ၊ တစ်နေ့ကို သုံးဆိုင်း ဆင်းရတယ်၊ အင်တာနက်ကဖေးကလည်း သူက တုံးတုံးအအနဲ့ဆိုတော့ ယွမ် (၃၀၀၀) ပဲ ပေးပြီး သူ့ကိုပဲ ညဆိုင်းတွေ အမြဲချထားတာ၊ စုလေး၊ မင်း ဘယ်လိုထင်လဲ"
စုဟယ်တွင် ကန့်ကွက်စရာ မရှိပေ။
ဦးလေးလီသည် လူရိုးလူဖြောင့်တစ်ဦးဖြစ်ပြီး သူတို့မှာ နှစ်ပေါင်းများစွာ အိမ်နီးချင်းများ ဖြစ်ခဲ့ကြသည်။ ထို့ကြောင့်လည်း စုဟယ်က လူခန့်ရန် လိုအပ်ချိန်တွင် ဦးလေးလီနှင့် အစ်မဝမ်တို့ကို ချက်ချင်း သတိရခြင်း ဖြစ်၏။
"ဧည့်ကြိုကောင်တာမှာက အချက်အလက်တွေ မှတ်ပုံတင်ဖို့နဲ့ ဧည့်သည်တွေရဲ့ ဖုန်းတွေကို ဖြေဖို့ ကွန်ပျူတာ သုံးတတ်ရမယ်၊ ဧည့်သည်တွေအပေါ်မှာလည်း စိတ်ရှည်ရမယ်၊ ဦးလေးလီ ဦးလေးတူကို လာပြီး စမ်းကြည့်ခိုင်းလိုက်ပါ၊ တကယ်လို့ အဆင်မပြေဘူးဆိုရင်တော့ ကျွန်မ စည်းကမ်းအတိုင်းပဲ လုပ်ရလိမ့်မယ်နော်"
စုဟယ်က သူမ၏ သတ်မှတ်ချက်များကို ပြောပြလိုက်သည်။ ဦးလေးလီမှာ မည်သည့် မကျေနပ်ချက်မျှ မရှိပေ။
"ဒါပေါ့ လီရှီသာ အလုပ်ကြိုးစားမလုပ်ရင် သူ့ကို တန်းပြီး ထုတ်ပစ်လိုက်ရုံပဲ၊ သူလည်း ကျောင်းအနည်းငယ် တက်ခဲ့တာဆိုတော့ လူငယ်တွေက စာရိုက်တာနဲ့ ကွန်ပျူတာ သုံးတာမှာ လက်သွက်ကြပါတယ်၊ စိတ်ချရပါတယ်"
ဦးလေးလီသည် စကားထက် လက်တွေ့လုပ်တတ်သူဖြစ်ရာ သူ၏တူကို ချက်ချင်းပင် အလုပ်ထွက်ခိုင်းလိုက်တော့သည်။ မွန်းလွဲ (၂) နာရီတွင် ဝန်ထမ်းသစ် လေးဦးသည် ဧည့်ကြိုကောင်တာရှေ့တွင် အနည်းငယ် ကြောက်ရွံ့စိုးရိမ်စိတ်များဖြင့် ရပ်နေကြသည်။ စုဟယ်ကျွမ်းကျင်ပိုင်နိုင်စွာ စီစဉ်လိုက်၏။
"အဒေါ် မေကျဲနဲ့ တုန်းကျင့်၊ အစ်မကျန်းနောက်ကို လိုက်ပြီး သန့်ရှင်းရေး ဘယ်လိုလုပ်ရမလဲဆိုတာ လေ့လာပါ၊ အခန်းတွေကို သေချာ သန့်ရှင်းအောင် လုပ်ရမယ်၊ ဘယ်နေရာမှ ကျန်ခဲ့လို့ မရဘူးနော်၊ ကျွန်မ အချိန်မရွေး လာစစ်ပါ့မယ်"
မေကျဲနှင့် တုန်းကျင့်တို့နှစ်ဦးစလုံးမှာ အသားညိုညိုနှင့် စကားပြောသိပ်မတတ်ကြဘဲ စုဟယ်ကို အနည်းငယ် ကြောက်ရွံ့စွာ ကြည့်နေကြသည်။
အရင်သန့်ရှင်းရေး အလုပ်တွေကနေ ထွက်လာပြီးနောက် သူတို့သည် ကုန်တိုက်သန့်ရှင်းရေး အလုပ်တွေကို သွားရောက်လျှောက်ထားခဲ့သော်လည်း အသက်ငယ်သည့် သူများကို ဘယ်လိုမှ မယှဉ်နိုင်ခဲ့ကြပေ။
ယခုမူ စုဟယ်က သူတို့ကို အင်တာဗျူးရန် ရည်ရွယ်ချက်မရှိဘဲ တိုက်ရိုက် အလုပ်လုပ်ခိုင်းကာ လေ့လာခိုင်းသည်ကို တွေ့ရသောအခါ သူတို့နှစ်ဦးမှာ အနည်းငယ် စိတ်သက်သာရာ ရသွားကြသည်။ သူတို့နှစ်ဦးစလုံးမှာ စာသိပ်မတတ်ကြသော်လည်း ကိုယ်လက်လှုပ်ရှား အလုပ်များကိုမူ ကျိန်းသေပေါက် လုပ်ကိုင်နိုင်ကြသူများ ဖြစ်၏။
မေကျဲနှင့် တုန်းကျင့်တို့သည် ကိရိယာများကို ယူကာ သန့်ရှင်းရေး လုပ်ရန် အပေါ်ထပ်သို့ တက်သွားကြတော့သည်။
"အဒေါ် လျိုရှန်း၊ အဒေါ် လုပ်ရမယ့် အလုပ်တွေကို အစ်မကျန်းက ပြောပြပြီးလောက်ပြီ ထင်ပါတယ် အရင်ဆုံး မနက်ဖြန်အတွက် မနက်စာ ဘာတွေပြင်မလဲဆိုတာ စဉ်းစားထားပါ၊ ဆန်ပြုတ်အပြင် တခြား ဘာတွေ လုပ်နိုင်ဦးမလဲဆိုတာ ကြည့်ပါ၊ အချို့အရာတွေကို စမ်းလုပ်ကြည့်ပါဦး၊ ကျွန်မ မြည်းကြည့်မယ်လေ"
စုဟယ်က နောက်ဖေးမီးဖိုချောင်ဆီသို့ ညွှန်ပြလိုက်သည်။ ဟုန်လျန်သည် နောက်ဖေးမီးဖိုချောင်မှ ကုန်စုံဆိုင် မီးဖိုချောင်သို့ ပြောင်းရွှေ့သွားပြီးနောက် ထိုနေရာမှာ အားလပ်နေခြင်း ဖြစ်သည်။ ထိုနည်းဖြင့် ဟုန်လျန်နှင့် လျိုရှန်းတို့ကြားတွင်လည်း အဆက်အသွယ် အလွန်အမင်းမရှိနိုင်တော့ပေ။
လီရှီမှာ အလွန်ငယ်သေးပြီး အသက် (၁၉) နှစ်သာ ရှိသေးသည်။ သူသည် တကယ်ပင် လူရိုးလေး ဖြစ်ပုံရကာ ဆေးလိပ်မသောက်ဘဲ ထူးဆန်းသော ဆံပင်ပုံစံများလည်း မရှိဘဲ ရိုးရိုးရှင်းရှင်း ကတုံးဆံတောက်ဖြင့်သာ ဖြစ်သည်။
"လီရှီ၊ ဒီ ဧည့်ကြိုကောင်တာကို လာခဲ့၊ စနစ်ကို ဘယ်လိုသုံးရမလဲဆိုတာ ငါသင်ပေးမယ်၊ တည်းခိုမယ့် ဧည့်သည်တိုင်းရဲ့ မျက်နှာကို စနစ်ထဲကို တင်ပေးရမယ်၊ ပြီးတော့ အွန်လိုင်း ဘိုကင်စနစ်အတွက် အကောင့်ကိုလည်း မင်းဆီ ပို့ပေးမယ်၊ ဧည့်သည်တွေဆီက ဘိုကင်အချက်အလက်တွေ ရောက်လာရင် ချက်ချင်း မှတ်ပုံတင်ပြီး စာတွေကို ပြန်ဖြေပေးရမယ်"
စုဟယ်သည် လီရှီကို သူမဘေးတွင် ထားကာ သင်ကြားပေးလိုက်သည်။
တည်းခိုခန်း၏ မှတ်ပုံတင်စနစ်သည် အင်တာနက်ကဖေးထက် များစွာ ပိုမိုရိုးရှင်း၏။ လီရှီသည် အရင်က အင်တာနက်ကဖေး မန်နေဂျာအဖြစ် လုပ်ခဲ့ဖူးသဖြင့် အလုပ်၏ သဘောသဘာဝမှာ တကယ်တမ်းတွင် ဆင်တူလှသည်။
စုဟယ်က ဆက်လက်မှာကြားသည်။
"တကယ်လို့ ဧည့်သည်က အခန်းဘိုကင်တင်ဖို့ ဖုန်းဆက်လာရင်လည်း အချိန်မီ မှတ်ပုံတင်ရမယ်၊ ဖုန်းဖြေတဲ့အခါမှာလည်း စိတ်ရှည်ရမယ်နော်။ ဪပြီးတော့ ငါတို့ တည်းခိုခန်းမှာ စုတ်တံစာပေ ဆရာတစ်ယောက် ရှိတယ်၊ ဧည့်သည်အများစုက စုတ်တံစာပေ အတန်းတက်ဖို့ ဒီမှာ လာတည်းကြတာ၊ တစ်ယောက်ယောက်က ဖုန်းဆက်မေးရင် ဆရာဝေက အချိန်မှန် သင်ပေးပါလိမ့်မယ်လို့ပဲ ပြောလိုက်ပါ"
လီရှီသည် တကယ်ကို လူရိုးလေး ဖြစ်သည်၊ တည်းခိုခန်းမှာ ဘာကြောင့် စုတ်တံစာပေဆရာ ရှိနေရသလဲဆိုသည်ကို လုံးဝ စပ်စုခြင်း မရှိဘဲ စုဟယ်မှာကြားချက်များကို သေသေချာချာ မှတ်သားနေတော့သည်။
"မင်းရဲ့ အလုပ်ချိန်က မနက် (၈) နာရီကနေ ညနေ (၅) နာရီအထိပဲ၊ တစ်ပတ်ကို တစ်ရက် နားရက်ရမယ်၊ ပြီးတော့ နောက်ထပ် နားရက် နှစ်ရက်လည်း ပိုရမယ်၊ မင်းမှာ အရေးကြီးကိစ္စ ရှိရင်လည်း လစာမဖြတ်ဘဲ ကြိုတင် ခွင့်တိုင်လို့ ရပါတယ်"
စုဟယ်က ဆရာဝေ၏ ကျောင်းသားများကို ဘယ်လို လမ်းညွှန်ရမလဲ၊ မုန့်လာဝယ်သည့် ဧည့်သည်များကို ဘယ်လို လမ်းညွှန်ရမလဲ ဆိုသည်များကို တစ်ခုချင်းစီ ပြောပြလိုက်သည်။
လီရှီက အလွန်အာရုံစိုက်ပြီး နားထောင်နေ၏။
"ကျွန်တော် လုပ်ရမယ့် တခြားအလုပ်တွေ ရှိသေးလားခင်ဗျ"
စုဟယ်က ပြောလိုက်သည်။
"မင်းက ဧည့်ကြိုကောင်တာမှာ ရှိနေရမှာဆိုတော့ တည်းခိုခန်းထဲကနေ လွတ်လွတ်လပ်လပ် ထွက်သွားလို့တော့ မရဘူးပေါ့၊ ဧည့်သည်တွေ ရောက်လာရင် သူတို့ရဲ့ အထုပ်အပိုးတွေကို ဝိုင်းကူသယ်ပေးပြီး အခန်းကို လမ်းညွှန်ပေးရမယ်၊ အဲ့ဒါကလွဲရင် ကျန်တဲ့အချိန်မှာ မင်းလုပ်ချင်တာ လုပ်လို့ရပါတယ်"
လီရှီ၏ မျက်နှာမှာ အံ့သြဝမ်းသာမှုများဖြင့် ပြည့်နှက်သွားတော့သည်။ အင်တာနက်ကဖေးမှာတုန်းက သူသည် ညဆိုင်းဆင်းရရုံတင်မကဘဲ ဘားကောင်တာကိုလည်း ကြည့်ရသည်၊ ဧည့်သည်တွေအတွက် ရေယူပေးရသည်၊ မစ်တီး ဖျော်ပေးရသည်၊ မုန့်တွေ ပို့ပေးရပြီး ကီးဘုတ်တွေ သုတ်ပေးရသည်အထိ အလွန်ပင် အလုပ်များလှသည်။
တစ်ခါတစ်ရံ ထိုင်ဖို့တောင် အချိန်မရှိပေ။ သူ အလျင်စလို အလုပ်ထွက်လိုက်ချိန်မှာ မန်နေဂျာနှင့် ဝန်ထမ်းအချို့က လှောင်ပြောင်ပြောဆိုခဲ့ကြသေးသည်။
"အပြင်က အလုပ်တွေက အင်တာနက်ကဖေးလောက် မလွတ်လပ်ဘူး၊ မသက်သာဘူး"
သို့သော် လီရှီသိထားသည်မှာ သူတို့သည် ညဆိုင်းဆင်းမည့်သူ မရှိတော့မှာကို ကြောက်သောကြောင့် သူ့ကို အထွက်မခံချင်ကြခြင်း ဖြစ်သည်။
အရင်က လီရှီသည် စက်ရုံတွင် အလုပ်မလုပ်ချင်ဘဲ အိမ်နှင့်နီးသော မြို့ထဲတွင်သာ အလုပ်ရှာချင်ခဲ့သော်လည်း ပညာအရည်အချင်း မရှိခြင်းနှင့် အလုပ်အကိုင် မကျွမ်းကျင်ခြင်းတို့ကြောင့် အင်တာနက်ကဖေးမှာသာ လုပ်ကိုင်ခဲ့ရခြင်း ဖြစ်၏။
သူ့ဖုန်းထဲတွင် မန်နေဂျာဆီမှ ရောက်လာသော အင်တာနက်ကဖေးသို့ ပြန်လာရန် သွယ်ဝိုက်ပြီး စည်းရုံးနေသည့် စာ ကို သတိရမိသောအခါ လီရှီသည် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုများ တိုးလာတော့သည်။ သူအခိုင်အမာ ပြောလိုက်တော့၏။
"သူဌေး၊ ကျွန်တော် အလုပ်ကို အကောင်းဆုံး ကြိုးစားပါ့မယ်"
"ကောင်းပြီ၊ ဒါဆိုရင် ဒီနေ့ မွန်းလွဲပိုင်းမှာပဲ စမ်းလုပ်ကြည့်လိုက်ပေါ့၊ ခဏနေရင် ဆရာဝေကို လာရှာတဲ့ ဧည့်သည်အချို့ ရောက်လာလိမ့်မယ်၊ အဲ့အခါကျရင် မင်းပဲ သူတို့ကို ဧည့်ခံလိုက်ပါ"
စုဟယ် မှာကြားလိုက်သည်။
46
မွန်းလွဲ (၂) နာရီခွဲအချိန်တွင် ကျောပိုးအိတ်ကိုယ်စီ လွယ်ထားကြသော အမျိုးသား၊ အမျိုးသမီး ရှစ်ဦး တည်းခိုခန်းသို့ ရောက်ရှိလာကြသည်။ သူတို့အားလုံးမှာ ဆရာဝေ၏ Live ကြည့်ရှုသူများဖြစ်ကြပြီး သီးသန့် group တစ်ခု ဖွဲ့စည်းထားကြသူများ ဖြစ်သည်။ သူတို့သည် ယုံမြစ်မြို့နှင့် မဝေးလှသော နေရာများတွင် နေထိုင်ကြသူများဖြစ်ကာ အဝေးဆုံးလူပင်လျှင် ကားဖြင့် (၃) နာရီခန့်သာ မောင်းနှင်ရသည့် အကွာအဝေးတွင် ရှိ၏။ ထို့ကြောင့် ဤရှစ်ဦးမှာ ဟဲယဲ့တည်းခိုခန်းသို့ ပထမဆုံး ရောက်ရှိလာသည့် အုပ်စုဖြစ်လာခဲ့သည်။
လီရှီမှာ ကြိုတင်ပြင်ဆင်ထားသော်လည်း ဧည့်သည်များကို ပထမဆုံးအကြိမ် လက်ခံကြိုဆိုရခြင်းဖြစ်၍ အနည်းငယ်တော့ စိတ်လှုပ်ရှားနေမိသည်။
"မင်္ဂလာပါခင်ဗျ၊ ဘိုကင်တင်ထားတာ ရှိပါသလား၊ ကျေးဇူးပြုပြီး မှတ်ပုံတင်လေးတွေ ပြပေးပါ"
အဖွဲ့ခေါင်းဆောင်မှာ မိန်းကလေးငယ်တစ်ဦးဖြစ်ပြီး သူမက ရှေ့သို့တိုးကာ ပြောလိုက်သည်။
"ကျွန်မတို့ ဖုန်းနဲ့ ဘိုကင်တင်ထားတာပါ၊ ဆရာဝေရဲ့ သင်တန်းကို တက်ချင်လို့ပါ"
လီရှီသည် ဘိုကင်အချက်အလက်များကို ရှာဖွေပြီး မှတ်ပုံတင်များကို တစ်ခုချင်းစီ စစ်ဆေးကာ မျက်နှာမှတ်ပုံတင်ခြင်း ကို ဆောင်ရွက်ပေးလိုက်သည်။ လီရှီက စနစ်တကျ ပြောလိုက်၏။
"ခင်ဗျားတို့ရဲ့ အခန်းတွေက (၄) လွှာနဲ့ (၅) လွှာမှာပါ၊ ကျွန်တော် အပေါ်ကို လိုက်ပို့ပေးပါ့မယ်၊ အထုပ်အပိုးတွေကို ပေးပါ၊ ကျွန်တော် ကူသယ်ပေးပါ့မယ်"
သူသည် ခရီးဆောင်သေတ္တာများကို တစ်ဖက်တစ်လုံးစီ ဆွဲကာ အပေါ်ထပ်သို့ လမ်းပြခေါ်ဆောင်သွားသည်။ လီရှီက ပြောလိုက်၏။
"ဒါတွေက စံနှုန်းမီအခန်း တွေပါ၊ ကုတင်နှစ်လုံးပါတဲ့ အခန်းတွေကတော့ အပေါ်ထပ်မှာ ရှိပါတယ်၊ တကယ်လို့ တစ်ခုခု အကြံပြုချင်တာရှိရင် ကျွန်တော့်ကို တိုက်ရိုက်ပြောလို့ ရပါတယ်"
ခေါင်းဆောင်ဖြစ်သူ မိန်းကလေးသည် အခန်းထဲသို့ အသာအယာ ချောင်းကြည့်လိုက်သည်။ အခန်းမှာ အလွန်ပင် သပ်ရပ်စင်ကြယ်နေ၏။ မွန်းလွဲပိုင်း နေရောင်ခြည်သည် မဝင်သေးသဖြင့် အခန်းထဲတွင် နွေးထွေးနေပြီး သက်သောင့်သက်သာရှိသော ခံစားမှုကို ပေးစွမ်းနေသည်။ ခေါင်းဆောင်မိန်းကလေးမှာ အစကတည်းက အဆမတန်ဈေးကြီးမည် ကို ပြင်ဆင်ထားပြီးသား ဖြစ်၏။ အလကားရသော အရာသည် အစျေးအကြီးဆုံးဖြစ်သည်ဟု သူမ အမြဲယုံကြည်ထားသလို ဆရာဝေ၏ စုတ်တံစာပေသင်တန်းကို တက်ရောက်လိုပါက ပျက်စီးယိုယွင်းနေသော တည်းခိုခန်းတစ်ခုတွင် တည်းခိုရမည်ဟုလည်း စိတ်ထဲတွင် ကြိုတင်တွေးဆထားခဲ့သည်။
သူမသည် တစ်ခါသုံးပစ္စည်းများစွာနှင့် အိပ်ရာလိပ် ကိုပင် ယူဆောင်လာခဲ့သည်။ အကယ်၍ တည်းခိုခန်းက အလွန်အမင်း စုတ်ပြတ်နေပါက ကြမ်းပြင်ပေါ်တွင်သာ အိပ်ရန် စိတ်ကူးထားခြင်းဖြစ်သည်။ ယခု ပြုပြင်မွမ်းမံထားသော ဟဲယဲ့တည်းခိုခန်းကို မြင်လိုက်ရသောအခါ ခေါင်းဆောင်မိန်းကလေးမှာ အလွန်ပင် ဝမ်းသာသွားတော့၏။ တည်းခိုခန်းမှာ ကောင်းကောင်းမွန်မွန် အနားယူနိုင်မည့်ပုံ ရှိသည်။
"ဆရာဝေက (၆) လွှာက စာသင်ခန်းထဲမှာ ရောက်နေပါပြီ၊ သူက မွန်းလွဲ (၃) နာရီမှာ မေးခွန်းနဲ့အဖြေ Live အစီအစဉ် စပါလိမ့်မယ်၊ အခုပဲ အပေါ်ကို တက်သွားလို့ ရပါတယ်၊ တကယ်လို့ Live ဗီဒီယိုထဲမှာ မပါချင်ဘူးဆိုရင်တော့ နောက်မှ သီးသန့်တွေ့ဖို့ အချိန်ရှာလို့ ရပါတယ်"
လီရှီ စကားဆုံးသည်နှင့် တစ်လှုပ်လှုပ်ဖြစ်နေသော လူရှစ်ဦးမှာ အခန်းထဲသို့ အမြန်ဝင်၊ အထုပ်အပိုးများကို ပစ်ချကာ (၆) လွှာဆီသို့ လှည့်ပြေးသွားကြတော့သည်။ လီရှီမှာ ခေါင်းကို ကုတ်လိုက်မိ၏။ သူဌေးမက သူ့ကို (၆) လွှာသို့ သွားရန်မလိုဘဲ ဧည့်သည်များကို နေရာချပေးရန်သာ မှာထားခဲ့သည်။ ဒါဆိုရင် သူ ဧည့်ကြိုကောင်တာကို ပြန်သွားပြီး ဂိမ်းဆော့နေလို့ ရပြီလား။
ခြောက်လွှာမှာမူ လုံးဝဥဿုံ ပြုပြင်မွမ်းမံပြီးစီးသွားခဲ့ပြီ ဖြစ်သည်။ ပစ္စည်းအမျိုးမျိုးနှင့် ကိရိယာများ ပုံနေခဲ့သော သိုလှောင်ခန်းများကို ပြန်လည်သန့်ရှင်းရေး လုပ်ထား၏။ ဟိုဟိုဒီဒီပြန့်ကျဲနေသော ပစ္စည်းများကို ယခုအခါ သေသေချာချာ သေတ္တာများထဲတွင် ထည့်ပိုးကာ စင်ပေါ်တွင် တင်ထားသည်။ ဤသို့ ပြန်လည်စီစဉ်လိုက်ခြင်းကြောင့် သိုလှောင်ခန်းအချို့မှာ နေရာလွတ်များ ထွက်လာခဲ့သည်။
စုဟယ်သည် ထိုနေရာလွတ်များကို မူလရှိနေသည့် မိသားစုခန်းများနှင့် ဆက်သွယ်လိုက်ပြီး ဘက်စုံသုံး အစည်းအဝေးခန်းမကြီး တစ်ခုအဖြစ် ပြောင်းလဲပစ်လိုက်သည်။
စင်မြင့်ပေါ်တွင် ရှည်လျားသော စားပွဲတစ်လုံးကို ချထား၏။ စင်မြင့်၏ ဆန့်ကျင်ဘက်တွင်မူ စားပွဲနှင့် ကုလားထိုင် အစုံလိုက်များကို ထားရှိသည်။ နေရာကျယ်ဝန်းသဖြင့် စားပွဲတစ်ခုနှင့်တစ်ခုကြားတွင် နေရာလွတ်များစွာ ရှိနေ၏။ ခေါင်းဆောင်မိန်းကလေးမှာ မျက်စိလျှင်သူဖြစ်ရာ ထွားကြိုင်းသော အမျိုးသားတစ်ဦးသည် စားပွဲခုံကြားတွင် ကျဉ်းကျပ်ခြင်းမရှိဘဲ အလွယ်တကူ ဝင်ထိုင်နိုင်သည်ကို သတိပြုမိလိုက်သည်။
ကြမ်းပြင်ပေါ်တွင် အသံလုံကော်ဇောများကို ခင်းထားသဖြင့် ထိုလူရှစ်ဦး၏ ခြေသံများကို ထိရောက်စွာ ဖုံးကွယ်ထားပေးသည်။
ခေါင်းဆောင်မိန်းကလေး၏ ခန့်မှန်းချက်အရ ထိုအခန်းထဲတွင် စားပွဲပေါင်း (၃၀) ခန့် ရှိနေပြီး တံခါးဝတွင်လည်း နေရာအများကြီး ကျန်ပါသေးသည်။ နေရာလွတ်များကို ညှိလိုက်ပါက နောက်ထပ် စားပွဲ (၃၀) လောက်ကို အလွယ်တကူ ထပ်ထည့်နိုင်လိမ့်မည်။
ထိုလူရှစ်ဦးမှာ ခြေလှမ်းများကို လျှော့ချလိုက်ပြီး သူတို့ နှစ်သက်ရာ နေရာများတွင် ဝင်ထိုင်လိုက်ကြသည်။ ခြောက်လွှာရှိ အစည်းအဝေးခန်းမ၏ ပုံစံမှာ အခြားဟိုတယ်များနှင့် မခြားနားပေ။ အမှန်စင်စစ် ဤစာသင်ခန်းမှာ မနေ့ကအထိ အလွန်ပင် ရိုးရှင်းစုတ်ပြတ်နေခဲ့သည်ဟု သူတို့ထဲမှ မည်သူမျှ တွေးမိမည်မဟုတ်ပေ။ ရှန့်ရှီမှာမူ ပျော်ရွှင်မှုထဲတွင် လုံးလုံးလျားလျား နစ်မျောနေပြီး ပတ်ဝန်းကျင်ကို အာရုံမရနိုင်တော့ပေ။ အကြောင်းမှာ ဝေဖုန်းယီက သူ့ကို စုတ်တံစာပေပြိုင်ပွဲတွင် ပါဝင်ခွင့်ပြုရန် သဘောတူလိုက်သောကြောင့် ဖြစ်သည်။
ရှောင်လီ၊ ရှောင်လင်းနှင့် ရှုံ့ဇီတို့မှာ မနေ့ကမှ ဟဲယဲ့တည်းခိုခန်းသို့ ရောက်လာခဲ့ခြင်းဖြစ်သည်။ စုဟယ်က သူတို့ကို တည်းခိုခန်းမှာ ပြုပြင်မွမ်းမံရန် စီစဉ်ထားပြီးသား ဖြစ်ကြောင်း၊ နံရံဖြိုဖျက်ခြင်းနှင့် အခြားအလုပ်များသာ ကျန်တော့ကြောင်း ပြောကာ ဖယ်ထုတ်ထားခဲ့သည်။
ထက်မြက်သော တက္ကသိုလ်ကျောင်းသား တစ်ဦးဖြစ်သည့် ရှန့်ကျင်ကျောက် မှာမူ၊ သူက နည်းပညာတွေက အလွန်တိုးတက်နေပြီဟုသာ ရိုးရိုးရှင်းရှင်း တွေးလိုက်သဖြင့် ဒါကို ထူးဆန်းသည်ဟု လုံးဝမထင်ပေ။ ကျောင်းသားသစ် ရှစ်ဦး ထိုင်လိုက်ပြီးနောက် သူတို့ ပြင်ဆင်လာသော မေးခွန်းများကို ထုတ်ယူကာ ဝေဖုန်းယီ၏ အဖြေများကို စိတ်အားထက်သန်စွာ စောင့်ဆိုင်းနေကြတော့၏။
အကူအညီများ ရရှိလာပြီဖြစ်ရာ စုဟယ်မှာ နောက်ဆုံးတွင် စနစ် ကို ဖွင့်ပြီး အသေးစိတ်အချက်အလက်များကို စစ်ဆေးရန် အချိန်ရသွားခဲ့သည်။
ဟဲယဲ့တည်းခိုခန်း
အခန်းအရေအတွက် : ၅၆ ၊(အခန်းကျယ် (၃၀) ခန်း၊ အဆင့်မြင့် (၁၅) ခန်း၊ ကုတင်နှစ်လုံးပါ (၁၀) ခန်း၊ ဘက်စုံသုံး အစည်းအဝေးခန်းမ (၁) ခန်း။
အဆောက်အအုံပိုင်း : ၁၉ (ပုံမှန် ကြယ်နှစ်ပွင့်အဆင့် တည်းခိုခန်း)
အရသာ : ၃၇ (အရသာရှိသော မုန့်များနှင့် ထင်ရှားသော မနက်စာများ ရှိသည်)
အဆင့်သတ်မှတ်ချက် : ၉၇/၁၀၀ (လူများကို စိတ်အေးလက်အေးနှင့် အနားယူစေနိုင်သော တည်းခိုခန်း)
လူကြိုက်များမှု : ၈၆၃၄/၁၀၀၀၀ (တက်သစ်စ၊ နာမည်ကြီး အွန်လိုင်းတည်းခိုခန်း)
တည်းခိုခန်း သုံးသပ်ချက် : အကြွေးတွေ အများကြီး ရှိနေပေမဲ့ အောင်မြင်ဖြစ်ထွန်းနေတဲ့ တည်းခိုခန်း။
ပစ္စည်းသိုလှောင်ခန်း ထဲတွင် ဇာတ်ကောင်ကတ် နှစ်ခု ရှိနေသည်။
ဇာတ်ကောင်ကတ်: ဟုန်လျန်
ဇာတ်ကောင် မိတ်ဆက် : အနီရောင်အိမ်မက် ကတ်အစုအဝေးမှ ဖြစ်ပြီး၊ သူမသည် အစေခံများအတွက် လက်ဖက်ရည် ငှဲ့ပေးရသော အစေခံမလေး ဖြစ်ကာ အိပ်ရာပြင်ခြင်း၊ စောင်ခေါက်ခြင်းနှင့် ဧည့်ခံကျွေးမွေးခြင်းတို့တွင် ကျွမ်းကျင်သည်။
ရှားပါးမှုအဆင့် : အခြေခံ
လက်ရှိအဆင့် : ကြယ်နှစ်ပွင့်
အဆင့်သတ်မှတ်မှတ် : ၁၁၄/၁၀၀၀
လူကြိုက်များမှု : ၇၃၂၁/၁၀၀၀၀ (တက်သစ်စ)
ထူးခြားသောကျွမ်းကျင်မှု : မုန့်အချိုပြုလုပ်ခြင်း
အထူးစွမ်းရည် : အစားအစာ အရသာရှိမှု +၅%
ဇာတ်ကောင်ကတ် : ဝေဖုန်းယီ
ဇာတ်ကောင် မိတ်ဆက် : 'ရေကန်ငယ်လေး' မှဖြစ်ပြီး 'ဝေမိသားစုမှ လူငယ်နှစ်ဦး၊ တစ်ဦးအမည်မှာ ရှူးကျိ၊ တစ်ဦးအမည်မှာ ဖုန်းယီ' ဖြစ်သည်။
ရှားပါးမှုအဆင့် : အဆင့်မြင့်
လက်ရှိအဆင့် : ကြယ်တစ်ပွင့်
အဆင့်သတ်မှတ်မှတ် : ၈၇/၁၀၀
ထူးခြားသောကျွမ်းကျင်မှု : ကဗျာစာပေ ဖန်တီးခြင်း (စာဖတ်သူ၊ ထူးချွန်ထက်မြက်သူ)
ဟုန်လျန်၏ တာဝန်မှာ ချောမောစွာ တိုးတက်နေသည်။ အသစ်မိတ်ဆက်လိုက်သော မုန့်များက ဟုန်လျန်အတွက် လူကြိုက်များမှု အသစ်များကို သယ်ဆောင်လာပေး၏၊ ဝေဖုန်းယီမှာလည်း သူ၏ စုတ်တံစာပေသင်တန်းမှတစ်ဆင့် ချီးမွမ်းမှုများစွာ ရရှိနေပြီး နောက်ရက်အနည်းငယ်အတွင်း နှစ်ပွင့်အဆင့်သို့ တိုးမြှင့်ကာ အဆင့်သတ်မှတ်မှတ် တာဝန် ကို ဖွင့်နိုင်တော့မည် ဖြစ်သည်။
စုဟယ်သည် သူမ၏ ပစ္စည်းသိုလှောင်ခန်း ကို ဆက်ကြည့်လိုက်ရာ - ကတ်နှိုက်ခွင့် (၂) ကြိမ် ရှိနေသည်။ စုဟယ် စနစ်ကို စတင်အသက်သွင်းစဉ်က ဟုန်လျန် ဇာတ်ကောင်ကတ်ကို နှိုက်ခဲ့သည်။ စနစ်၏ တာဝန်ဆုလာဘ်အဖြစ် ကတ်နှိုက်ခွင့် (၁) ကြိမ် ရခဲ့သည်။ ဂိမ်းဈေးတန်း ၏ ပထမဆုံး ငွေဖြည့်သွင်းမှုနှင့် စုစုပေါင်း သုံးစွဲမှု ယွမ် (၁၀၀,၀၀၀) ပြည့်တိုင်း ဆုအဖြစ် ကတ်နှိုက်ခွင့် (၁) ကြိမ်စီ ရရှိ၏။ သူမ နောက်ထပ် တစ်ကြိမ် အသုံးပြုလိုက်ရာ ဝေဖုန်းယီကို နှိုက်မိခဲ့သည်။ ယခု သူမတွင် ကတ်နှိုက်ခွင့် (၂) ကြိမ် ကျန်ရှိနေသေးသည်။
စုဟယ်သည် သူမ၏ စနစ်မျက်နှာပြင် ကို သေသေချာချာ ကြည့်လိုက်၏။ တည်းခိုခန်း၏ အဆင့်သတ်မှတ်မှတ်မှာ (၉၉) သို့ ရောက်ရှိနေပြီဖြစ်ရာ (၁၀၀) ပြည့်ရန် လက်တစ်ကမ်းသာ လိုတော့သည်။ စနစ်တာဝန်ကို အောင်မြင်ပါက အခွင့်အလမ်းသစ်များ ရရှိလာမည် ဖြစ်၏။
အစောပိုင်းကာလများတွင် တည်းခိုခန်း၏ အဆောက်အအုံပိုင်း အဆင့်မြှင့်တင်မှုများမှာ နှေးကွေးခဲ့သဖြင့် မေ့မရနိုင်သော အရသာရှိသည့် မုန့်များကို ဖန်တီးသည့် ဟုန်လျန်နှင့် အဆင့်သတ်မှတ်မှတ်ကို မယှဉ်နိုင်ခဲ့ပေ။ ယခုအခါ တည်းခိုခန်း၏ အဆောက်အအုံပိုင်းများက တဖြည်းဖြည်း လိုက်မီလာပြီဖြစ်ရာ အဆင့်သတ်မှတ်မှတ်မှာလည်း သဘာဝအတိုင်း လိုက်ပါတိုးတက်လာခြင်း ဖြစ်သည်။
ဂိမ်းဈေးတန်း ၏ နောက်ထပ် ဆုလာဘ်အဆင့်မှာ (၁) သန်း ဖြစ်သည်။
ပြန်လည်ရောင်းချလိုက်သော အိပ်စက်နေသော မင်းသမီးလေးရဲ့ ကုတင် မှာ စုစုပေါင်း ငွေဖြည့်သွင်းမှု ပမာဏထဲတွင် မပါဝင်သော်လည်း စုဟယ်မှာ များစွာ သုံးစွဲထားပြီးဖြစ်၏။
အထူးသဖြင့် ကုန်စုံဆိုင်မျက်နှာစာနှင့် (၆) လွှာရှိ ဘက်စုံသုံး အစည်းအဝေးခန်းမကို ပြုပြင်မွမ်းမံရန် မှင်စာအင်ဂျင်နီယာ အလုပ်ခန့်ထားမှု စာချုပ် ကို ဝယ်ယူရာတွင် ငွေအမြောက်အမြား ကုန်ကျခဲ့သည်။
ယခုအခါ သူမသည် ယွမ် (၁) သန်း သုံးစွဲမှုဆုလာဘ် ရရှိရန် ယွမ် (၃၀,၀၀၀) သာ လိုတော့၏။
သူမ ရရှိတော့မည့် ကတ်နှိုက်ခွင့် (၂) ကြိမ်ကို ကြည့်ရင်း စုဟယ်မှာ စိတ်ကူးသစ်တစ်ခု ရလာခဲ့သည်။
"သန်းတွေ အများကြီးရှိရင် ကိုက်မှာမကြောက်တော့တော့ဘူး၊ အကြွေးတွေ အများကြီးရှိရင်လည်း မပူတော့ဘူး"
ဟူသော စကားအတိုင်းပင်။ လောလောဆယ်တွင် သူမ အလွဲသုံးစားလုပ်ထားသော မိဘများ၏ အိမ်ဝယ်ရန် စုဆောင်းငွေများကို ချက်ချင်း ပြန်မဆပ်နိုင်သေးပေ။
သို့သော် စုဟယ်မှာ ယုံကြည်မှု ရှိသည်။
သူမနှင့် ဝေဖုန်းယီတို့သည် နိုင်ငံတကာ အိမ်တွင်းပရိဘောဂပြပွဲ သို့ နှစ်ရက်ဆက်တိုက် သွားရောက် အရောင်းမြှင့်တင်ခဲ့သဖြင့် ဖောက်သည်အချို့ကို ဆွဲဆောင်နိုင်ခဲ့သည်။ ထိုဖောက်သည်များသည် ဟဲယဲ့တည်းခိုခန်းတွင် လာရောက် အနားယူပြီးနောက် အိပ်စက်နေသော မင်းသမီးလေးရဲ့ ကုတင် ကို ပြတ်ပြတ်သားသား မှာယူခဲ့ကြ၏။
ယွမ် (၆၀,၀၀၀) သုံးစွဲသည့် ထိုဖောက်သည်များသည် သူတို့၏ ငွေကြေးတတ်နိုင်သော မိတ်ဆွေများနှင့် ဆွေမျိုးများကိုလည်း ကျိန်းသေပေါက် ပြန်လည်ညွှန်းဆိုပေးကြလိမ့်မည်။
လူပြော များလာသည်နှင့်အမျှ အိပ်စက်နေသော မင်းသမီးလေးရဲ့ ကုတင် ရောင်းအားမှာလည်း ကျိန်းသေပေါက် မြင့်တက်လာပြီး စုဟယ်အတွက် ဝင်ငွေအမြောက်အမြား ရရှိစေမည် ဖြစ်သည်။
စုဟယ်သည် ဂိမ်းဈေးတန်း ကို ရှာဖွေကာ သူမ မလဲလှယ်ရသေးသည့် မှော်ဆန်သော ဆန်ပြုတ်အိုးကို ရွေးချယ်ပြီး နောက်တစ်ကြိမ် ဝယ်ယူရန် နှိပ်လိုက်သည်။ သူမ၏ ကတ်ထဲမှ ယွမ် (၁၇၀,၀၀၀) အနှုတ်ခံလိုက်ရပြီး သိုလှောင်ခန်းထဲတွင် ဆန်ပြုတ်အိုးတစ်လုံး ပေါ်လာသည်။
ထိုအချိန်မှာပင် ဂိမ်းဈေးတန်းမှ အချက်ပေးသံ ထွက်ပေါ်လာ၏။
စနစ်အကြောင်းကြားချက် : ကစားသမားသည် သန်းချီသုံးစွဲမှု တာဝန်ကို အောင်မြင်စွာ ပြီးမြောက်ခဲ့သည့်အတွက် ဂုဏ်ယူပါသည်၊ ကတ်နှိုက်ခွင့် (၁) ကြိမ် ရရှိပါသည်။