← Chapters

အခန်း (၄၇-၄၈)

Vol. 5 Ch. 47-48

အခန်း (၄၇-၄၈)

Vol. 5 Ch. 47-48

47

စုဟယ်သည် အသစ်ဝယ်ယူထားသော ဆန်ပြုတ်အိုးကို စားသောက်ခန်းထဲတွင် နေရာချလိုက်သည်။ အနီးအနားတွင် လူသူမရှိသည်ကို အခွင့်ကောင်းယူကာ သူမက တိုးညှင်းသော အသံဖြင့် လှမ်းပြောလိုက်၏။

"အိုးလေးရေ၊ စချက်တော့။"

ထို့နောက် သူမက အလျင်အမြန်ပင် ဖြည့်စွက်ပြောလိုက်သေးသည်။

"အငန်ချက်ပေးနော်၊ အငန်ချက်ပေး"

ဆိုင်ထဲတွင် ချိုမြိန်သော လူးဆန်ပြုတ် ချက်ပြုတ်နေသည့် ဆန်ပြုတ်အိုးတစ်လုံး ရှိနှင့်နေပြီးသား ဖြစ်သည်။ စုဟယ်မှာ အချိုရော အငန်ပါ နှစ်သက်သူဖြစ်ရာ နှစ်မျိုးလုံးကို စားချင်နေခြင်းဖြစ်သည်။ ဆန်ပြုတ်အိုးလေးမှာ အချက်ပေးသံနှင့်အတူ အနည်းငယ် တုန်ခါသွားပြီး စတင်ချက်ပြုတ်တော့မည့်ဆဲဆဲ စုဟယ်က အငန်ချက်ရန် ပြောလိုက်သောအခါ ရုတ်တရက် ရပ်တန့်သွား၏။ အိုးလေးသည် ဘယ်ညာယိမ်းခါနေပြီး တုန်ခါမှုနှုန်းမှာ ပို၍ပင် ပြင်းထန်လာသည်။ စုဟယ် ခန့်မှန်းကြည့်လိုက်သည်။

"အငန်ဆန်ပြုတ်ဆိုရင် ကုန်ကြမ်းတွေ ထည့်ပေးဖို့ လိုတာလား "

အိုးလေးက အတည်ပြုသည့်နှယ် တစ်ချက် တုန်ခါပြလိုက်သည်။

စုဟယ်သည် နောက်ဖေးမီးဖိုချောင်ထဲသို့ တိတ်တဆိတ် ဝင်ခဲ့၏။ ထိုနေရာတွင် လျိုရှန်းမှာ ပေါက်စီလုပ်ရန် ဂျုံနယ်နေ၏။ စုဟယ်သည် ရေခဲသေတ္တာထဲမှ ဘလူးဘယ်ရီသီး သေတ္တာတစ်လုံးကို အကြောင်းပြချက်အဖြစ် ထုတ်ယူလိုက်ပြီး သစ်သီးလာယူသယောင် ဟန်ဆောင်လိုက်သည်။ ထို့နောက် လျှပ်စီးလက်သကဲ့သို့ မြန်ဆန်သော အရှိန်ဖြင့် ဝက်သား၊ ဆား၊ ဘဲဥငန် နှင့် ဆန်တစ်ပန်းကန်ကို ဆွဲယူကာ ထွက်လာခဲ့တော့သည်။ စုဟယ်သည် ဝက်သား၊ ဆားနှင့် ဘဲဥငန်တို့ကို ဆန်ပြုတ်အိုးထဲသို့ ထည့်လိုက်၏။ ဆန်များကို ထပ်ထည့်ရန် ကြိုးစားသောအခါ ဆန်ပြုတ်အိုးမှာ ထပ်ခါတလဲလဲ တုန်ခါနေပြီး ထည့်သွင်းမှုကို ငြင်းဆန်နေတော့သည်။

ဤအိုးလေးမှာ ဆန်ကိုတော့ သူ့ဘာသာသူ ထည့်နိုင်ပုံရသည်။ ပြီးခဲ့သည့်အကြိမ်က အချိုအိုးထဲတွင် စုဟယ် ဘာမှမထည့်ခဲ့သော်လည်း ၎င်းသည် လူးဆန်နှင့် ဆန်ကို အလိုအလျောက် ပေါင်းစပ်ပြီး စေးပိုင်ချိုမြိန်သော ဆန်ပြုတ်တစ်အိုးကို ချက်ပေးခဲ့၏။ ခဏအကြာတွင် အိုးလေးထဲမှ 'ပွက်ပွက်' မြည်သံလေး ထွက်ပေါ်လာသည်။

မွှေးကြိုင်လှသော ရနံ့တစ်ခုက လေထုထဲတွင် ပျံ့နှံ့သွားတော့သည်။ ဘဲဥငန် ဝက်သားဆန်ပြုတ်၏ ရနံ့သည် နူးညံ့သော မြူခိုးငွေ့လေးများအလား အိုးထဲမှ ဝေ့တက်လာသ၏။

ပထမဆုံးအနေဖြင့် ဆန်၏ ကြွယ်ဝသောရနံ့နှင့် အသားအရည်၏ မွှေးရနံ့တို့ ရောယှက်ကာ လတ်ဆတ်ဆွဲဆောင်နေသည်။ ဆန်ပြုတ်ပွက်လာသည်နှင့်အမျှ ရနံ့မှာ ပို၍ပြင်းထန်လာပြီး ဟင်းခတ်အမွှေးအကြိုင်တို့၏ အငန်ဓာတ်လေးပါ ပါဝင်လာရာ အသား၏ အရသာရှိမှုကို အဝေးကပင် အာရုံခံနိုင်နေပြီ ဖြစ်၏။ အနီးကပ် အနံ့ခံကြည့်လျှင် ကြက်သွန်မြိတ်၊ ကြက်သွန်ဖြူနှင့် ငရုတ်ကောင်းတို့၏ သင်းပျံ့သော ရနံ့လေးများကိုပါ ရရှိနိုင်ပြီး နှာခေါင်းဝတစ်ခုလုံး မွှေးရနံ့တို့ဖြင့် လွှမ်းခြုံသွားစေသည်။ အသား၏ ရနံ့မှာ အလွန်ပြင်းထန်လှသည်။ ဤရနံ့သည် နှာခေါင်းထဲတွင်သာ စွဲကျန်နေသည်မဟုတ်ဘဲ နှလုံးသားထဲတွင်ပါ အစားအစာအပေါ် တောင့်တမှုနှင့် မျှော်လင့်ချက်တို့ကို တောက်လောင်စေကာ ချက်ချင်းပင် အရသာမြည်းစမ်းကြည့်ချင်စိတ်ကို မထိန်းချုပ်နိုင်အောင် ဖြစ်စေ၏။

စုဟယ်သည် ဘေးနားမှ ပန်းကန်လုံးနှင့် ဇွန်းကို ယူကာ ဆန်ပြုတ်တစ်ပန်းကန် ခပ်လိုက်သည်။

သူမသည် ပန်းကန်လုံးကို မြှောက်ကိုင်ကာ ဘဲဥငန် ဝက်သားဆန်ပြုတ်ကို အရင်ဦးဆုံး သေချာ ကြည့်လိုက်မိသည်။ ပန်းကန်ထဲရှိ ဖြူဖွေးသော ဆန်စေ့များမှာ လုံးဝန်းကြည်လင်နေပြီး တစ်စေ့ချင်းစီမှ ဆွဲဆောင်မှုရှိသော ရနံ့များ ထွက်ပေါ်နေ၏။ သူမ ဇွန်းဖြင့် မွှေလိုက်သောအခါ ပျစ်ခဲနေသော ဆန်ပြုတ်ထဲတွင် ဘဲဥငန်နှင့် ဝက်သားဖတ်လေးများကို ဝေဝါးစွာ မြင်တွေ့ရပြီး မြင်ရုံနှင့်ပင် သွားရည်ကျစရာ ကောင်းလှသည်။ စုဟယ်သည် ပူလောင်မှုကိုပင် ဂရုမစိုက်နိုင်တော့ဘဲ 'ရှူးရှူးရှဲရှဲ'. အသံများဖြင့် ပါးစပ်ထဲသို့ ထည့်လိုက်၏။ ပူနွေးသော ဆန်ပြုတ်မှာ ပါးစပ်ထဲ ရောက်သည်နှင့် အသား၏ နူးညံ့လတ်ဆတ်မှုနှင့် ဘဲဥငန်၏ အရသာကို ချက်ချင်း ထုတ်လွှတ်ပေးလိုက်တော့သည်။

ပထမဦးစွာ ဆန်စေ့၏ ချိုမြိန်မှုက ပြန့်နှံ့သွားပြီးနောက် ဘဲဥငန်၏ ရနံ့နှင့် ဝက်သား၏ အရသာ တို့မှာ ပါးစပ်ထဲတွင် ရောယှက်သွားရာ သူမ၏ အရသာခံအဖုလေးများမှာ အရသာရှိလှသော သမုဒ္ဒရာကြီးထဲတွင် နစ်မြောနေသကဲ့သို့ ခံစားလိုက်ရသည်။ ပူနွေးသော ဆန်ပြုတ်မှာ လည်ချောင်းထဲမှတစ်ဆင့် အစာအိမ်ထဲသို့ လျောဆင်းသွားပြီး တစ်ကိုယ်လုံးကို နွေး‌ထွေးသွားစေသည့် ခံစားချက်ကို ပေးစွမ်း၏။ ဤကဲ့သို့သော ဘဲဥငန် ဝက်သားဆန်ပြုတ်ကို မနက်စာအဖြစ် စားရမည်ဆိုလျှင် ဧည့်သည်များမှာ ပို၍ပင် စိတ်ကျေနပ်ကြမည်မှာ သေချာလှသည်။

စုဟယ်သည် ဆန်ပြုတ်အိုးကို အလုပ်ပေးရမည့် တာဝန်ကို ဟုန်လျန်အား လွှဲအပ်လိုက်သည်။ မုန့်များလုပ်ရန် မနက်စောစောထလေ့ရှိသော ဟုန်လျန်အဖို့

"အိုးလေးရေ... ချက်တော့"

ဟု လှမ်းခေါ်ရန်မှာ အလွန်လွယ်ကူလှ၏။

ဤအလုပ်မှာ မခက်ခဲလှသလို၊ ကတ်ဇာတ်ကောင်ဖြစ်သည့် ဟုန်လျန်အဖို့လည်း စနစ်စျေးဆိုင်မှ ပစ္စည်းများကို ထူးဆန်းသည်ဟု ထင်နေလိမ့်မည် မဟုတ်ပေ။ အိုးလေးကို စားသောက်ဆိုင်ထဲတွင် ထားခဲ့ပြီးနောက် စုဟယ်သည် သူမ၏ အခန်းထဲသို့ ပြန်လာခဲ့၏။ သူမ ကတ်နှိုက်တော့မည် ဖြစ်သည်။

စုဟယ်သည် ကံကောင်းခြင်းများ ရရှိစေရန် ရည်ရွယ်ချက်ဖြင့် ရေမိုးချိုး၊ အမွှေးတိုင်ထွန်းကာ ဘုရားတရားကို အလေးအမြတ် ထားနေမိသည်။

ကွမ်တုန်းနှင့် ကွမ်ရှီးဒေသက လူများသည် ရေချိုးလျှင် ရှောက်ရွက်များကို အသုံးပြုလေ့ရှိသည်ဟု သူမ ကြားဖူး၏။ အခန်းထဲတွင် ရှောက်ရွက်များ မရှိသော်လည်း လိမ္မော်ခွံများတော့ ရှိသည်။လတ်ဆတ်သော လိမ္မော်သီးများပေါ်တွင် အရွက်သေးသေးလေး တစ်ရွက်၊ နှစ်ရွက် ကပ်ပါနေသေးသည်။ စုဟယ်သည် ထိုအရွက်များကို မဆိုင်းမတွ ဆွဲနှုတ်ကာ သူမ၏ လက်များကို ပွတ်တိုက်လိုက်၏။

ထို့နောက် စာကြည့်ခန်းရှိ စာအုပ်စင်ပေါ်မှ စာအုပ်ပုံကြီးကို ဆွဲထုတ်လိုက်ပြီး စိတ်ကူးယဉ် ၊ ပုံပြင်နှင့် မှော်ပညာ စာအုပ်များကို ရှေ့ဆုံးတွင် ထားလိုက်သည်။ ဤစာကြည့်ခန်းထဲရှိ စာအုပ်အားလုံးမှာ တက္ကသိုလ်မတက်မီကတည်းက၊ ကလေးဘဝကတည်းက စုဆောင်းလာခဲ့ခြင်း ဖြစ်၏။ စုဟယ်သည် ငယ်စဉ်က ထိုကဲ့သို့ ထူးဆန်းအံ့သြဖွယ်ကောင်းသော ပုံပြင်များကို ဖတ်ရှုရသည်ကို နှစ်သက်သဖြင့် စာအုပ်များစွာ ရှိနေခြင်းဖြစ်သည်။ ထို့ကြောင့် စုဟယ်တွင် ကတ်နှိုက်ရာတွင် အသုံးပြုရန် ထိုကဲ့သို့သော ထူးဆန်းသော စာအုပ်များစွာ ရှိနေ၏။

သူမသည် အသက်ကို အောင့်ထားပြီး စာအုပ်များပေါ်သို့ အာရုံစိုက်လိုက်ကာ တစ်ပြိုင်နက်တည်းမှာပင် စနစ်မျက်နှာပြင်ပေါ်တွင် မှိတ်တုတ်မှိတ်တုတ် ဖြစ်နေသော ဆင့်ခေါ်ခြင်း ခလုတ်ကို နှိပ်လိုက်သည်။ ကတ်နှိုက်သည့်ခလုတ် လင်းနေသည်ကို ကြည့်ရင်း သူမ၏ နှလုံးခုန်သံများမှာလည်း ရလဒ်ကို စောင့်မျှော်ရင်း မြန်ဆန်နေတော့သည်။

ရုတ်တရက်၊ စနစ်ပေါ်တွင် မက်ဆေ့ခ်ျတစ်ခု ပေါ်လာ၏။

"ထပ်မံကြိုးစားပါ၊ ကတ်က လွတ်ထွက်သွားပါပြီ"

စုဟယ်၏ မျက်ခုံးနှစ်ခုမှာ စိတ်ပျက်မှုကြောင့် '川' ပုံသဏ္ဌာန် ဖြစ်သွားသည်။ သူမသည် သက်ပြင်းအရှည်ကြီး ချလိုက်ပြီး စာအုပ်ကို ဖြည်းဖြည်းချင်း ပိတ်လိုက်ကာ ကျရှုံးမှု၏ ဒဏ်ချက်ကို ပြင်းပြင်းထန်ထန် ခံစားလိုက်ရ၏။ မှော်ပညာကို ရယူဖို့ဆိုတာ တကယ်ကို ခက်ခဲပါလား။

စုဟယ်သည် သူမ၏ စိတ်ခံစားချက်ကို ထိန်းချုပ်ကာ မျက်စိမှိတ်ပြီး စိတ်ကို အေးအေးထားလိုက်သည်။ သူမသည် နောက်ထပ် မှော်ပုံပြင်စာအုပ် တစ်အုပ်သို့ ပြောင်းလိုက်ပြန်၏။ ကံမကောင်းစွာဖြင့် စနစ်၏ သနားညှာတာမှုမရှိသော အသိပေးချက်ကိုသာ ထပ်မံရရှိခဲ့သည်။

"ထပ်မံကြိုးစားပါ၊ ကတ်က လွတ်ထွက်သွားပါပြီ"

ဤသို့ဖြင့် သုံးကြိမ်ဆက်တိုက် ဖြစ်သွားခဲ့သည်။

စုဟယ်တစ်ယောက် အနည်းငယ် စိတ်ပျက်အားငယ်သွားမိသည်။ သူမသည် အသက်ပြင်းပြင်းရှူကာ နောက်ထပ်စာအုပ်တစ်အုပ်ကို ပြောင်းလိုက်၏။ ဤတစ်ကြိမ်တွင်မူ 'တရုတ်ဒဏ္ဍာရီပုံပြင်များ (ကလေးဗားရှင်း)' ဖြစ်သည်။

သူမ ဆင့်ခေါ်ခြင်း ကို နှိပ်လိုက်သည်။

အလင်းတန်းများ ဖြာထွက်လာပြီး စနစ်၏ အသိပေးချက်မှာ အဆုံးမဲ့ ဖြစ်နိုင်ခြေများကိုပြနေသည့်အလား နှေးကွေးစွာ ပေါ်လာ၏။

စုဟယ်၏ မျက်ဝန်းများမှာ စိတ်လှုပ်ရှားမှုတို့ဖြင့် တောက်ပသွားသည်။ သူမ၏ စိတ်အခြေအနေမှာ လေထဲတွင် ချိတ်ဆွဲထားပြီး အချိန်မရွေး ပေါက်ကွဲထွက်သွားတော့မည့် မိုးပျံပူဖောင်းတစ်ခုကဲ့သို့ ဖြစ်နေ၏။ အလင်းတန်းများမှာ ဆက်လက်ဖြာထွက်နေပြီး စုဟယ်၏ တင်းမာမှုမှာလည်း တိုးလာခဲ့သည်။ သူမ၏ အတွင်းစိတ်က စိတ်လှုပ်ရှားမှုနှင့် မျှော်လင့်ချက်တို့ကို ဖော်ပြနေသည့်အလား သူမ၏ လက်ချောင်းလေးများမှာ အနည်းငယ် တုန်ယင်နေသည်။

နောက်ဆုံးတွင် မှိတ်တုတ်မှိတ်တုတ် ဖြစ်နေမှုများ ရပ်တန့်သွား၏။

စနစ်မျက်နှာပြင်ပေါ်တွင် လုပ်ဆောင်ချက်တန်း တစ်ခု ပေါ်လာသည်။

"စနစ်အသိပေးချက် : ဇာတ်ကောင်ကို အောင်မြင်စွာ စေလွှတ်လိုက်ပါပြီ။"

စုဟယ်၏ မျက်နှာပေါ်တွင် တောက်ပသော အပြုံးတစ်ခု ပေါ်လာသည်။ သူမသည် အားရပါးရ အော်ဟစ်မိခြင်းမရှိစေရန် ပါးစပ်ကို ပိတ်ကာ စိတ်လှုပ်ရှားစွာဖြင့် ခုန်ပေါက်လိုက်တော့၏။

တရုတ်ဒဏ္ဍာရီထဲက ကမ္ဘာကြီးကို တုန်လှုပ်စေမည့် စွမ်းအားရှင်များက သူမကို လှမ်းခေါ်နေကြပြီ။

စုဟယ်သည် ပြုံးရွှင်လျက် ဇာတ်ကောင်ကတ်ကို သွားရောက်ရှာဖွေရန် ပြင်လိုက်သည်။

"ကိုယ်စီ ထူးခြားတဲ့ စွမ်းအားတွေရှိတဲ့ ညီနောင်ရှစ်ပါး များလား မသိဘူး"

သို့သော်လည်း သူမ၏ အခန်းပြတင်းပေါက် အပြင်ဘက်မှ "ဒူဒူဒူ" ဆိုသည့် အသံတစ်ခု ထွက်ပေါ်လာသည်။ ဤစည်းချက်ကျကျ အသံမှာ ပို၍ စိတ်လှုပ်ရှားပြီး အရေးကြီးသည့်အလား မြန်ဆန်လာ၏။

စုဟယ်၏ အခန်းမှာ ပထမထပ်တွင် ရှိသည်။ တစ်စုံတစ်ယောက်က ပြတင်းပေါက်ကို လာခေါက်နေသလားဟု သူမ အနည်းငယ် ဇဝေဇဝါ ဖြစ်သွားမိသည်။ သူမ ပြတင်းပေါက်ကို ဖွင့်လိုက်သောအခါ "ရှူး" ဆိုသည့် အသံနှင့်အတူ အနက်ရောင် လေဆင်နှာမောင်းတစ်ခု အထဲသို့ ပြေးဝင်လာသည်ကိုသာ မြင်လိုက်ရသည်။ ထိုအနက်ရောင် လေဆင်နှာမောင်းမှာ ဝှစ်ကနဲ အသံများ မြည်နေ၏။ စုဟယ်က မော့ကြည့်ရန် ပြင်လိုက်သော်လည်း အနက်ရောင် လေဆင်နှာမောင်းမှာ သူမဆီသို့ တည့်တည့် တိုးဝင်လာခဲ့သည်။ ချွန်ထက်သောအရာတစ်ခုက သူမနဖူးကို ပြင်းပြင်းထန်ထန်တိုက်မိသဖြင့် စုဟယ်မှာ စူးရှသော နာကျင်မှုကို ခံစားလိုက်ရသည်။

"အမလေး ဒါက ဘာကောင်ကြီးလဲ"

စုဟယ်မှာ သူမ၏ နဖူးကို အုပ်ကိုင်လိုက်မိသည်။

"ဒါက ဘာကောင်လဲ"

ဆိုသည့် စကားကို ကြားသောအခါ အနက်ရောင် လေဆင်နှာမောင်းမှာ ပို၍ပင် စိတ်ဆိုးသွားပုံရသည်။ ၎င်းသည် စုဟယ်၏ နဖူးကို ဆက်တိုက်တိုက်ရုံတင်မကဘဲ သူမ၏ ဆံပင်များကိုပါ စတင်တိုက်ခိုက်တော့၏။

စုဟယ်မှာ မနေ့ကမှ ဆံပင်လျှော်ထားခြင်း ဖြစ်သည်။ သူမ၏ ဆံပင်များမှာ အတော်အတန် ရှည်လျားသဖြင့် လျှော်ရသည်မှာ အလုပ်ကြီးတစ်ခု ဖြစ်၏။ သူမသည် အိမ်ထဲတွင်ပဲ အနေများသူဖြစ်ရာ ဆံပင်လျှော်သည့် အခါတိုင်း ဆံပင်များမှာ ရှုပ်ထွေးနေတတ်သဖြင့် ဘီးနှင့် လက်ချောင်းများကို သုံးကာ တစ်ပင်ချင်းစီ ဖြည်ပေးရသည်။ ဆံပင်အခြောက်ခံရသည်မှာလည်း ပို၍ ဒုက္ခများလှ၏။

ဆံပင်အခြောက်ခံစက်၏ မြည်သံနှင့်အတူ ဆံပင်ခြောက်ရန် အနည်းဆုံး နာရီဝက်ခန့် အချိန်ပေးရသည်။ ဤအရာက သူမခေါင်းကို တိုက်မိသည်မှာ တစ်ပိုင်း၊ ဆံပင်ကို ညစ်ပတ်အောင် လုပ်သည်မှာတော့ လုံးဝ လက်ခံနိုင်စရာ မရှိပေ။

စုဟယ်သည် မျက်စိကို မှိတ်ကာ လက်မောင်းကို မြှောက်လိုက်ပြီး အသံလာရာအရပ်ကို နားစွင့်လိုက်သည်။ ထို့နောက် ရုတ်တရက် အပေါ်မှ အုပ်လိုက်ရာ အနက်ရောင်လေဆင်နှာမောင်းကို သူမလက်ထဲတွင် မြဲမြံစွာ ဖမ်းဆုပ်နိုင်လိုက်တော့၏။ သူမ၏ လက်ထဲမှနွေးထွေးသော ခံစားချက်တစ်ခုရရှိလာပြီး အပူရှိန်မှာ ပို၍ ပို၍ ပြင်းထန်လာသည်။ စုဟယ်သည် အလျင်အမြန်ပင် မျက်စိကို ဖွင့်ကြည့်လိုက်တော့၏။

48

သူမလက်ထဲတွင် ဖမ်းဆုပ်ထားမိသည်မှာ အနက်ရောင် သတ္တဝါငယ်လေးတစ်ကောင် ဖြစ်သည်။ သူမ ဖမ်းမိထားသော ထိုသတ္တဝါလေးမှာ ဒေါသအတော်ကြီးပုံရပြီး ၎င်း၏ ချွန်ထက်သော နှုတ်သီးကို ဆန့်ထုတ်ကာ စုဟယ်၏ လက်ကို ထပ်မံဆိတ်လိုက်ပြန်၏။

ကျီးကန်းတစ်ကောင်ပါလား

စုဟယ်သည် လက်နှစ်ဖက်ဖြင့် ပို၍ မြဲမြံစွာ ဆုပ်ကိုင်ထားရင်း တိုးတိုးလေး ရေရွတ်မိသည်။

"ဘာလို့ ကျီးကန်း ဖြစ်နေရတာလဲ"

ကျီးကန်းများသည် အလွန်အငြိုးအတေးကြီးတတ်သည်ဟု သူမ ကြားဖူးသည်။ အကယ်၍ တစ်ကောင်ကို သွားစနောက်မိပါက အမြဲ‌‌လိုက်လာပြီး အခွင့်သာလျှင်သာသလို လက်စားချေတတ်ကြသည်။ သူမ၏ လက်ထဲမှ အပူရှိန်မှာ ပို၍ ပြင်းထန်လာပြီး ထိုကျီးကန်းမှာ အတောင်ပံများကို တဖျတ်ဖျတ်ခတ်ကာ အော်ဟစ်လိုက်၏။

"ငါ့ကို လွှတ်စမ်း နင်ကမှ ကျီးကန်း"

စုဟယ်မှာ လန့်ဖျန့်သွားပြီး မသိစိတ်ဖြင့် လက်ကို လျှော့ပေးလိုက်မိသည်။

ဒီဘက်ခေတ်မှာ ကျီးကန်းတွေက စကားပြောတတ်နေပြီလား။

နျူကလီးယားညစ်ညမ်းရေတွေကို သောက်မိလို့ မျိုးရိုးဗီဇ ပြောင်းလဲသွားတာများလား။

စုဟယ်မှာ တွေးမိလေ ပိုပြီး ကြောက်လန့်လာလေ ဖြစ်သည်။ စုဟယ်၏ လက်ထဲမှ လွတ်မြောက်သွားပြီးနောက် ကျီးကန်းသည် အတောင်ပံများကို ဖြန့်ကာ အပေါ်တွင် ဝဲပျံနေတော့သည်။ စုဟယ်က ၎င်း၏ အမွှေးအမျှင်များကို ဖရိုဖရဲဖြစ်အောင် လုပ်လိုက်သဖြင့် မကျေမနပ်ဖြစ်နေသည့်အလား အတောင်ပံများကို တဆက်ဆက် ခါယမ်းနေ၏။

စုဟယ်၏ မျက်လုံးများမှာ ကျီးကန်းနောက်သို့ တကောက်ကောက် လိုက်ကြည့်နေမိသည်။ ၎င်းက သူမကို ထပ်ပြီး စိတ်ဆိုးကာ လာဆိတ်မည်ကို စိုးရိမ်နေခြင်းဖြစ်၏။ မော့ကြည့်လိုက်သောအခါ စုဟယ်မှာ ပို၍ပင် ထိတ်လန့်စရာကောင်းသည့်အရာကို မြင်လိုက်ရသည်။ ဤကျီးကန်းမှာ ခြေထောက် သုံးချောင်း ရှိနေ၏။

စုဟယ်၏ နှုတ်ခမ်းများမှာ တုန်ယင်လာတော့သည်။

"သွားပြီ၊ သွားပြီ၊ ဒါ တကယ်ကို နျူကလီးယားညစ်ညမ်းရေတွေကြောင့်ပဲ "

ယုံမြစ်မြို့မှာ ပင်လယ်နှင့် နီးသည်ဖြစ်ရာ နျူကလီးယားညစ်ညမ်းရေတွေက ဒီလောက် မြန်မြန် ပျံ့နှံ့လာလိမ့်မည်ဟု စုဟယ် မထင်ထားခဲ့ပေ။ ကျီးကန်းက စကားပြောနိုင်ရုံတင်မကဘဲ ခြေထောက် သုံးချောင်းတောင် ရှိနေပြီ စုဟယ်မှာ ဤကိစ္စကို နိုင်ငံတော်အဆင့်အထိ သတင်းပို့ရမည်ဟု ဆုံးဖြတ်လိုက်တော့သည်။

သူမ စိုးရိမ်တကြီးဖြင့် အတွေးများ နယ်ချဲ့နေစဉ်မှာပင် အနက်ရောင်ကျီးကန်းက ထပ်မံစကားပြောလာသည်။

"ငါ့ကို ဆင့်ခေါ်လိုက်တာ နင်လား"

"ဂါး"

စုဟယ်၏ ထွက်ပေါ်လုဆဲဆဲ အော်သံမှာ ထူးဆန်းသောအသံတစ်ခုအဖြစ် ပြောင်းလဲသွားသည်။ သူမ၏ ကြောင်အ နေသော စိတ်မှာ ချက်ချင်း ပြန်လည် နိုးကြားလာပြီး စုဟယ်သည် အလျင်အမြန်ပင် စနစ်မျက်နှာပြင် ကို ဖွင့်ကြည့်လိုက်တော့၏။

ဇာတ်ကောင်ကတ် : ခြေသုံးချောင်း ရွှေကျီးကန်း (ကိုးပုံတစ်ပုံ)

ဇာတ်ကောင် မိတ်ဆက် : ချူဝတ်ရွတ် ကျမ်းထဲတွင် မှတ်တမ်းတင်ထားချက်အရ - ရောင်မင်းကြီး၏ အုပ်ချုပ်မှုကာလအတွင်း၌ တစ်နေ့တွင် ကောင်းကင်ယံ၌ နေ (၁၀) စင်း ပေါ်လာခဲ့ရာ သစ်ပင်တောတောင်များ လောင်ကျွမ်းပြီး လူတို့မှာ ဆင်းရဲဒုက္ခများစွာ ကြုံတွေ့ခဲ့ရသည်။ ထိုအခါ ရောင်မင်းကြီးသည် နေ (၁၀) စင်းကို လျော့ချရန် ဟုန်ယိကို စေလွှတ်ခဲ့၏။ ဟုန်ယိက နေကိုးစင်းကို ပစ်ချခဲ့ရာ ရွှေကျီးကန်း ကိုးကောင်စလုံး သေဆုံးသွားခဲ့သည်။ ဤကတ်မှာ ထိုရွှေကျီးကန်းများထဲမှ တစ်ကောင် ဖြစ်၏။

ရှားပါးမှုအဆင့် : ရှားပါး

လက်ရှိအဆင့် : ကြယ်တစ်ပွင့်

ထူးခြားသောကျွမ်းကျင်မှု : စစ်မှန်သော နေမီးလျှံ (နေမင်းအဖြစ် အသွင်ပြောင်းကာ ကမ္ဘာမြေကို အလင်းပေးနိုင်သည်)

ဒါဆို ဤကျီးကန်းမှာ သူမ ဆင့်ခေါ်လိုက်သည့် ဇာတ်ကောင်ကတ် တကယ်ပဲ ဖြစ်နေတာပေါ့။

စုဟယ်သည် "ရှားပါး" ဆိုသည့် စာသားကို မြင်လိုက်ရသောအခါ မျက်ဝန်းများမှာ တောက်ပသွားသည်။ ရှားပါးကတ်ကို သူမ ပထမဆုံးအကြိမ် နှိုက်မိခြင်းဖြစ်ရာ တရုတ်ဒဏ္ဍာရီထဲက ဆင့်ခေါ်ထားသည့် ကတ်ဖြစ်ရကျိုး တကယ်ကို နပ်လှပေ၏။

"နေဦး"

စုဟယ်၏ အကြည့်မှာ အောက်ဘက်သို့ ဆက်လက်ရွေ့လျားသွားပြီး ခြေသုံးချောင်း ရွှေကျီးကန်း၏ ထူးခြားသော ကျွမ်းကျင်မှုကို မြင်လိုက်ရသောအခါ သူမ၏ မျက်လုံးများမှာ မှောင်မိုက်သွားတော့သည်။ စစ်မှန်သော နေမီးလျှံ ဆိုသည့် စွမ်းရည်မှာ တကယ်ကို ကြောက်စရာ ကောင်းလွန်းလှသည်။

နေမင်းကြီးအဖြစ် အသွင်ပြောင်းမယ် ဟုတ်လား

"'နေမင်းကြီးအဖြစ် အသွင်ပြောင်းခြင်း' ဆိုတာ ဘာကို ဆိုလိုတာလဲ။

အကယ်၍ ခြေသုံးချောင်း ရွှေကျီးကန်းကိုသာ နေမင်းအဖြစ် အသွင်ပြောင်းခွင့် ပေးလိုက်မည်ဆိုပါက သူမသည် ချက်ချင်း၊ အဖမ်းခံရမည်မှာ သေချာလှသည်။ စုဟယ်၏ မျက်နှာမှာ အနည်းငယ် ဖြူလျော်သွားပြီး မျက်ဝန်းများတွင် စိုးရိမ်မှုများ ပြည့်နှက်နေသည်။

သူမသည် တုန်ယင်နေသော လက်များကို လက်သီးဆုပ်လိုက်ရင်း

"ခြေသုံးချောင်း ရွှေကျီးကန်း လား"

ခြေသုံးချောင်း ရွှေကျီးကန်းသည် အေးအေးလူလူပင် ၎င်း၏ အမွှေးအတောင်များကို နှုတ်သီးဖြင့် ပြုပြင်လိုက်ပြီးနောက် စုဟယ်က သူ့ကို လျစ်လျူရှုထားသည့်အပေါ် မကျေနပ်ကြောင်း ပြသည့်အနေဖြင့် နှာခေါင်းရှုံ့လိုက်သည်။

ခြေသုံးချောင်း ရွှေကျီးကန်းသည် နှုတ်သီးဖြင့် အမွှေးတစ်ချောင်းချင်းစီကို အသာအယာ ဆိတ်ကာ အရေးကြီးသော ဖျော်ဖြေပွဲတစ်ခုအတွက် ပြင်ဆင်နေသည့်အလား သေသေသပ်သပ် ပြုပြင်နေ၏။ ရံဖန်ရံခါတွင် ၎င်း၏ ခြေသည်းများဖြင့် အမွှေးများကို အသာအယာ တွန်းတင်လိုက်ရာ အမွှေးများမှာ ပို၍ သပ်ရပ်ပြီး ဖောင်းကြွလာသည်။ ၎င်း၏ အမွှေးများမှာ တဖြည်းဖြည်း ဖောင်းကြွလာသည်နှင့်အမျှ ကိုယ်လုံးမှာလည်း ပို၍ လုံးဝန်းလာပြီး အစကလောက် ကြမ်းတမ်းသည့်ပုံ မပေါက်တော့ပေ။

"မင်္ဂလာပါ၊ မင်္ဂလာပါ၊ ခုနက ကျွန်မ မျက်စိမှောက်သွားလို့ ရှင်မှန်း မသိလိုက်တာပါ"

စုဟယ်မှာ ငိုမဲ့မဲ့မျက်နှာဖြင့် ဟန်ဆောင် အပြုံးတစ်ခုကို အတင်းဖန်တီးကာ ပြောလိုက်သည်။

ခြေသုံးချောင်း ရွှေကျီးကန်းသည် စားပွဲပေါ်သို့ ပျံတက်လိုက်ပြီး စုဟယ်ကို အပေါ်စီးမှ ကြည့်ကာ

"ပြောစမ်း၊ ငါ့ကို ဘာလုပ်ပေးစေချင်တာလဲ "

စုဟယ်မှာ မျက်တောင်တဖျတ်ဖျတ် ခတ်လိုက်မိသည်။ ထိုခြေသုံးချောင်း ရွှေကျီးကန်းမှာ

အာလာဒင်ရဲ့ မှော်မီးအိမ်ထဲက ဘီလူးလိုမျိုး သူမရဲ့ ဆန္ဒတွေကို ဖြည့်ဆည်းပေးနိုင်တာလား။ စုဟယ်မှာ စကားကို မဆင်မခြင် မပြောရဲတော့ဘဲ ကြောင်တောင်တောင်ဖြင့် ရေရွတ်မိသည်။

ခြေသုံးချောင်း ရွှေကျီးကန်းက မျက်လုံးလှန်ကြည့်လိုက်၏။ ဟုတ်ပါတယ်၊ ကျီးကန်းတစ်ကောင်က မျက်လုံးလှန်ကြည့်နိုင်တာပဲ။

၎င်းသည် စုဟယ်၏ တုံးအမှုကို သည်းမခံနိုင်သည့်အလား ပြောလိုက်သည်။

"ငါက စနစ်နဲ့ ချိတ်ဆက်ထားတာ၊ ငါ့ရဲ့ အဆင့်ကို မြန်မြန်တက်အောင် လုပ်ပေးရမယ်၊ နားလည်လား"

"ဪ အင်း အင်း"

စုဟယ်က ခေါင်းကို တဆက်ဆက် ငြိမ့်လိုက်ပြီးမှ အပြင်ကို ထွက်လုနီးပါး ခုန်နေသော နှလုံးသားမှာ ရင်ဘတ်ထဲသို့ ပြန်လည်ရောက်ရှိသွားသည်။

ခြေသုံးချောင်း ရွှေကျီးကန်းသည် စနစ်နှင့် စာချုပ်ချုပ်ဆိုထားခြင်း ဖြစ်သဖြင့် စနစ်၏ စည်းမျဉ်းများကို လိုက်နာရမည်သာ ဖြစ်၏။

ခြေသုံးချောင်း ရွှေကျီးကန်းသည် သူမကို ဒေါသထွက်ပြီး သတ်ပစ်လိမ့်မည် မဟုတ်ကြောင်း သိလိုက်ရသောအခါ စုဟယ်၏ သတ္တိမှာ ပြန်လည် နိုးကြားလာပြီး ပြန်လည် ချေပလိုက်သည်။

"ခြေသုံးချောင်း ရွှေကျီးကန်းမင်းကြီး၊ ရှင်မှာရော အစီအစဉ်ရှိလား "

ခြေသုံးချောင်း ရွှေကျီးကန်းမှာ မောပန်းနေပုံရပြီး စားပွဲပေါ်တွင် ခြေထောက်တစ်ဖက်ကို ပြောင်းနင်းလိုက်ကာ မာန်ပါပါဖြင့် ပြောလိုက်သည်။

"ငါ့အကိုတွေကို ပြန်ရှာဖို့အတွက် ငါက ကြယ်သုံးပွင့်အဆင့်ကို ရောက်ဖို့ လိုတယ် "

၎င်း၏ အကိုများအကြောင်းကို တွေးမိသောအခါ ခြေသုံးချောင်း ရွှေကျီးကန်းမှာ ဒေါသရိပ်များ ပြည့်နှက်သွားသည်။ အခန်းထဲရှိ အပူချိန်မှာလည်း ပို၍ ပို၍ မြင့်တက်လာတော့၏။

သူတို့သည် ဟုန်ယိ၏ ပစ်သတ်ခြင်းကို မတရားခံခဲ့ရပြီး အသက်ဆုံးရှုံးခဲ့ရသည်။ သေဆုံးပြီးနောက်တွင် အဆုံးမဲ့ မှောင်မိုက်ခြင်းထဲသို့ ကျဆင်းသွားခဲ့ကြပြီး ခြေသုံးချောင်း ရွှေကျီးကန်းသည် ၎င်း၏ အသိစိတ်မှာ တဖြည်းဖြည်း ဝေဝါးပျောက်ကွယ်လုနီးပါး ဖြစ်လာသည်ကို ခံစားခဲ့ရ၏။

မိမိကိုယ်မိမိ မည်သူမည်ဝါဖြစ်ကြောင်း မေ့လျော့တော့မည့် အချိန်မှာပင် အလင်းတန်းတစ်ခုက ၎င်းကို ရုတ်တရက် ရွေးချယ်လိုက်ခြင်း ဖြစ်သည်။

ခြေသုံးချောင်း ရွှေကျီးကန်းသည် စားပွဲပေါ်တွင် ဟိုဟိုဒီဒီ လမ်းလျှောက်နေသည်။ မဟုတ်ဘူး၊ ၎င်းကို ရွေးချယ်ခံရခြင်း မဟုတ်ပေ။ ၎င်းသည် အငယ်ဆုံးဖြစ်ပြီး မိမိကိုယ်ကို သိစိတ်မှာလည်း အားအနည်းဆုံး ဖြစ်သဖြင့် မှောင်မိုက်ခြင်း၏ ဝါးမျိုမှုကို ခံရလုနီးပါး ဖြစ်ခဲ့သည်။ ၎င်း၏ အသိစိတ်များ တဖြည်းဖြည်း ပျောက်ကွယ်လုဆဲဆဲတွင် နူးညံ့သော စွမ်းအားတစ်ခုက ၎င်းကို အလင်းတန်းထဲသို့ တဖြည်းဖြည်းချင်း တွန်းပို့ပေးခဲ့၏။

ဒါဟာ သူ့ရဲ့ အကိုတွေပဲ

သူ့အကိုတွေက သူ့ကို မှော်ကတ်တစ်ခုအဖြစ် ပြောင်းလဲပြီး ကမ္ဘာသစ်တစ်ခုဆီသို့ ရောက်သွားအောင် လုပ်ပေးခဲ့ကြတာ ဖြစ်သည်။

နေ့စဉ်နေ့တိုင်း ကြုံတွေ့ခဲ့ရသော တိတ်ဆိတ်ငြိမ်သက်မှုများကြားတွင် ၎င်းသည် မှတ်ဉာဏ်များစွာကို ဆုံးရှုံးခဲ့ရ၏။ ၎င်း မှတ်မိနိုင်သည်မှာ ထိုနွေးထွေးသော ခံစားချက်တစ်ခုတည်းသာ ဖြစ်သည်။

သူသည် သူ၏ အကိုများကို ကျိန်းသေပေါက်၊ ကျိန်းသေပေါက် ပြန်လည် ကယ်တင်ရမည်။

အခန်းထဲရှိ အပူချိန်မှာ တဖြည်းဖြည်း မြင့်တက်လာပြီး သေးငယ်သော ပေါင်းအိုးတစ်ခုအလား ဖြစ်နေသည်။

စုဟယ်၏ နဖူးမှ ချွေးစက်များမှာ တဖြည်းဖြည်း စီးကျလာသည်။ သူမသည် အဝတ်အစား အများကြီး ဝတ်မထားဘဲ ပါးလွှာသော ရှပ်အင်္ကျီတစ်ထည်သာ ဝတ်ထားသော်လည်း ယခုအခါ ဤပေါ့ပါးသော အဝတ်မှာပင် ဝန်ထုပ်ဝန်ပိုးတစ်ခု ဖြစ်လာပြီး ခန္ဓာကိုယ်တွင် ကပ်စေးနေတော့၏။

စုဟယ်သည် ရံဖန်ရံခါတွင် သူမ၏ လက်ကျောဖြင့် နဖူးကို အသာအယာ သုတ်လိုက်သော်လည်း ချွေးများမှာ အဆုံးမရှိ ထွက်ပေါ်နေပြီး မျက်နှာပေါ်တွင် မြောင်းငယ်လေးတစ်ခုအလား စီးကျနေသည်ကို တွေ့ရသည်။ စုဟယ်သည် အကြောင်းအရာကို အလျင်အမြန် ပြောင်းလိုက်သည်။

"ရွှေကျီးကန်းမင်းကြီး၊ ရှင် အဆင့်တက်ချင်တယ်ဆိုရင် သုံးသပ်ချက်ကောင်းတွေ ရဖို့ လိုပါတယ်၊ ဆိုလိုတာက တည်းခိုခန်းမှာ လာတည်းတဲ့ ဧည့်သည်တွေက ရှင့်ကို စိတ်ကျေနပ်ပြီး သုံးသပ်ချက်ကောင်းတွေ ပေးရမှာပါ ပြီးတော့ ရွှေကျီးကန်းမင်းကြီး၊ ကျေးဇူးပြုပြီး အပူချိန်လေး နည်းနည်းလောက် လျှော့ပေးပါဦးမလား၊ တကယ်ကို ပူလွန်းလို့ပါ "

"အသုံးမကျတဲ့ လူသား"

ခြေသုံးချောင်း ရွှေကျီးကန်းသည် ချွေးတွေရွှဲနေသော စုဟယ်ကို အထင်အမြင်သေးသော အကြည့်ဖြင့် တစ်ချက်ကြည့်လိုက်သည်။ သို့သော် ၎င်း၏ ကိုယ်ပေါ်ရှိ အနီရောင်အလင်းတန်းမှာ တဖြည်းဖြည်း မှိန်သွားပြီး အခန်းထဲတွင် အပူချိန် ထပ်မတိုးတော့ပေ။ ခြေသုံးချောင်း ရွှေကျီးကန်းသည် ၎င်း၏ ခေါင်းကို မြှောက်ကာ မာန်ပါပါ ရပ်လိုက်ပြီး ပြစ်မျိုးမှဲ့မထင်သော ၎င်း၏ ရုပ်သွင်ကို ပြသရင်း အမွှေးအတောင်များကို ခါယမ်းလိုက်၏။

"ငါ့မှာ ထက်မြက်တဲ့ အစီအစဉ်တစ်ခု ရှိတယ်၊ ညရောက်တဲ့အခါ ငါက နေမင်းကြီးအဖြစ် ပြောင်းလဲပြီး နင်တို့ တည်းခိုခန်းထဲမှာ အလင်းပေးမယ်၊ နင်တို့ လူသားတွေက နေရောင်ကို အရမ်းကြိုက်ကြတာ မဟုတ်လား၊ တည်းခိုခန်းမှာ တည်းတဲ့လူတွေပဲ ညဘက်မှာ နေရောင်ခြည်ကို သီးသန့် ခံစားခွင့်ရမှာဆိုတော့ ငါ သုံးသပ်ချက်ကောင်းတွေ မရမှာကို စိုးရိမ်စရာ မလိုတော့ဘူး "

ခြေသုံးချောင်း ရွှေကျီးကန်းသည် စားပွဲပေါ်တွင် နှစ်ချက်ခန့် ခုန်လိုက်ပြီး ခေါင်းကို ခါယမ်းကာ ဖြည့်စွက်ပြောလိုက်သည်။

"နေဦး၊ ငါက အခုရှိနေတဲ့ နေမင်းကြီးကို အရင်စားပစ်ရမယ်၊ အဲဒီအခါကျမှ ဒီကမ္ဘာပေါ်မှာ နေမင်းကြီးဆိုလို့ ငါတစ်ယောက်တည်း ရှိတော့မှာ၊ အဲဒီအခါကျရင် ငါ့တည်းခိုခန်းမှာတည်းပြီး သုံးသပ်ချက်ကောင်းပေးတဲ့ ဧည့်သည်တွေပဲ နေရောင်ခြည်ကို ခံစားနိုင်တော့မယ် "

စုဟယ်မှာ ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။ ဒါကတော့ လွန်လွန်းလှပြီ။ ဒါပေမဲ့ခက်တာက နေမင်းကြီးကို သီးသန့်ပိုင်ဆိုင်ဖို့ဆိုတာ ဥပဒေနဲ့မညီညွတ်ဘူးလို့ ဥပဒေအရပြဋ္ဌာန်းထားတာ မရှိသေးတာပဲ။

All Chapters