အခန်း (၆၁-၆၂)
Vol. 7 Ch. 61-62
61
“ယောကျ်ားလေး တစ်ယောက်ပါ” ယန်ယွဲ့ယန်က မျက်နှာလေး အနည်းငယ် နီမြန်းစွာဖြင့် ဆိုလာသည်။ ထိုယောကျ်ားလေးမှာ အထက်တန်းကျောင်းတုန်းက သူမနှင့် တစ်ခုံတည်းဖြစ်ခဲ့၏။
အခြားကျောင်းသားများက သူမကို အနိုင်ကျင့်သည့်အခါတိုင်း ထိုအခန်းဖော်က မားမားမတ်မတ် ရပ်တည်ကာ သူမဘက်မှ ကာကွယ်ပြောဆိုပေးလေ့ရှိသည်။
ထိုအကြောင်းကြောင့် သူတို့နှစ်ဦး ရည်းစားဖြစ်နေကြသည်ဟု အခြားသူများက ကောလာဟလ ဖြန့်ခဲ့ကြရာ၊ ယန်ယွဲ့ယန်မှာ ထိုကိစ္စကို ရင်ထဲတွင် အမြဲတမ်း မှတ်သားထားခဲ့ပြီး သူ့အတွက် အတော်လေး အားနာနေခဲ့မိသည်။
ချစ်ခြင်းမေတ္တာနှင့် ပတ်သက်၍ မိမိကိုယ်ကိုယ် ယုံကြည်မှုကင်းမဲ့နေသော သူမ၏ ရည်မှန်းချက်လေးများက ဤအတိတ်က အမှတ်တရများအောက်တွင် ပုန်းကွယ်နေဆဲပင်။
ယန်ယွဲ့ယန်၏စကားကို ကြားလိုက်ရချိန်တွင် ဆူးဟွေ့ဟွေ့က ချက်ချင်းပင် ရိပ်မိသွားကာ မေးလိုက်သည်။ “နင် သူ့ကို သဘောကျနေတာလား”
“ငါ... ငါက သူ အရမ်းသဘောကောင်းတယ်လို့ ထင်ရုံလေးပါ၊ မဟုတ်ပါဘူး၊ ငါ အဲဒီလောက်ထိမတွေးခဲ့ပါဘူး” ယန်ယွဲ့ယန်၏ မျက်ဝန်းများက ဂနာမငြိမ်စွာဖြင့် ဟိုဒီ ဝေ့ဝဲနေသည်။
“ပြီးတော့... သူ့မှာ ရည်းစားရှိနေလောက်ပြီလေ”
ထိုစကားကို ကြားသောအခါ ဆူးဟွေ့ဟွေ့က ခပ်ဟဟ ရယ်မောလိုက်ပြီး အားပေးစကား ဆိုလိုက်၏။
“ဒါဆိုလည်း သွားမေးကြည့်လေ၊ အထက်တန်းကျောင်းတုန်းက သူငယ်ချင်းကို ပြန်တွေ့လို့ ဝီချက်မှာ အက်ဒ်တာ အရမ်းကြီး လွန်ကျူးနေလို့လား၊ သူ့မှာ ချစ်သူရှိနေရင်လည်း ပြီးတာပဲလေ၊ တကယ်လို့ မရှိသေးရင်ကော၊ နင့်အတွက် အခွင့်အရေးရလာနိုင်တယ် မဟုတ်လား၊ ရဲရဲဝင့်ဝင့်သာ လုပ်စမ်းပါ၊ မရှက်စမ်းပါနဲ့”
ယန်ယွဲ့ယန်မှာ အနည်းငယ် ရှက်ရွံ့နေဆဲဖြစ်သော်လည်း သေချာစဉ်းစားကြည့်ပြီးနောက် ဆူးဟွေ့ဟွေ့ ပြောသည်မှာ မှန်ကန်ကြောင်း သဘောပေါက်သွားသည်။ ပျော်ရွှင်မှုဆိုသည်မှာ ကိုယ်တိုင် ဖမ်းဆုပ်ရယူမှသာ ရနိုင်မည် မဟုတ်လော။
ဘဝ၏ ကြင်ယာဖော်ကောင်းတစ်ဦးကို ပိုင်ဆိုင်လိုသည့် သူမ၏ တိတ်ဆိတ်သော ရည်မှန်းချက်လေးက သူမကို တွန်းအားပေးနေသည်။
ထို့ကြောင့် ဆူးဟွေ့ဟွေ့ကို လမ်းဘေးခုံတန်းလျားလေးပေါ်တွင် ထိုင်စောင့်နေရန် ပြောလိုက်ပြီးနောက်၊ အသက်ကို ခပ်ပြင်းပြင်းရှူသွင်းကာ အလွန်အမင်း သဘာဝကျသယောင် ဟန်ဆောင်လျက် ရှေ့သို့ လျှောက်သွားလိုက်သည်။
ထို့နောက် အလွန်အမင်းအံ့သြသွားဟန်ဖြင့် နှုတ်ဆက်လိုက်၏။ “မာချန်ရွှီ... နင်လည်း ဒီမှာရှိနေတာကိုး”
မာချန်ရွှီသည် အိမ်ပြန်ဖို့ရာ လမ်းဘေးရှိ အများသုံးစက်ဘီးတစ်စီးကို စကင်ဖတ်ရန် ပြင်နေဆဲမှာပင် မိန်းကလေးတစ်ဦးက သူ့နာမည်အား ခေါ်လိုက်သံကို ရုတ်တရက်ကြားလိုက်ရသည်။ သူ လှည့်ကြည့်လိုက်ရာ ပါးဖောင်းဖောင်းလေးနှင့် ချစ်စရာကောင်းသော မိန်းကလေး တစ်ဦးကို မြင်တွေ့လိုက်ရသော်လည်း သူတို့ အချင်းချင်း မသိဟုသာ သူထင်နေမိ၏။
မာချန်ရွှီက သူ၏ ခေါင်းကို ပွတ်သပ်ရင်း တခြားတစ်ယောက်ယောက်များ သူ့ကို ခေါ်နေသလားဟု ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သော်လည်း၊ ဘယ်လိုပင် ကြည့်ကြည့် သူ့ရှေ့တွင် ဤမိန်းကလေးတစ်ဦးတည်းသာ ရှိနေသည်။
“ခင်ဗျားက” မာချန်ရွှီက တစ်ဖက်လူ လူမှားခေါ်မိမည်ကို စိုးရိမ်သဖြင့် သတိတကြီးမေးလိုက်သည်။ သို့သော် ဤမိန်းကလေးက သူ၏နာမည်ကို တိတိကျကျ ခေါ်ဆိုနိုင်ခဲ့သည်မဟုတ်လော။
ကျောင်းနေဖက်သူငယ်ချင်းက သူမအား မမှတ်မိသည်ကို မြင်သော်လည်း ယန်ယွဲ့ယန်မှာ စိတ်ပျက်အားငယ် မသွားခဲ့ချေ။
သူမ၏ လက်ရှိပြောင်းလဲမှုက အလွန်ကြီးမားလွန်းလှရာ သူ မမှတ်မိသည်မှာလည်း ပုံမှန်သာဖြစ်ကြောင်း သူမ ကောင်းကောင်းသိထားသည်။ ထို့ကြောင့် ပြုံးရွှင်စွာဖြင့် ပြောလိုက်၏။
“ငါလေ... ယန်ယွဲ့ယန်ပါ၊ ငါတို့ အထက်တန်းကျောင်းတုန်းက တစ်တန်းတည်းလေ... မှတ်မိလား”
ထိုနာမည်ကို ကြားလိုက်ရချိန်တွင်တော့ မာချန်ရွှီတစ်ယောက် မှတ်မိသွားတော့သည်။ အထက်တန်းကျောင်းတုန်းက အရှက်အကြောက်ကြီးသည့် ဝဝကစ်ကစ် မိန်းကလေးတစ်ယောက် ရှိခဲ့ဖူးသည်ကို သူ မှတ်မိ၏။
အချို့က သူမကို အရမ်းဝသည်ဟုဆိုကာ လှောင်ပြောင်ခဲ့ကြသေးသည်။ သူမက ကျောင်းကို လအတော်ကြာခွင့်ယူပြီးမှ ပြန်လာခဲ့သည်ကိုလည်း သူ မှတ်မိနေသေး၏။
“နင်က ယန်ယွဲ့ယန် လား၊ နင်... နင် အရမ်းကိုပိန်သွားပါလား”
နှစ်အတော်ကြာ ကွဲကွာနေခဲ့ပြီးနောက် သူ၏ကျောင်းနေဖက် သူငယ်ချင်းလေးမှာ လုံးဝ မှတ်မိစရာမရှိတော့လောက်အောင် ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။
“အာ... သိပ်လည်းမဟုတ်ပါဘူး၊ ငါ့ကို ဘယ်သူမှ မမှတ်မိကြတော့ဘူး ထင်ပါတယ်”
“မဟုတ်ပါဘူး၊ မဟုတ်ပါဘူး၊ ငါ အစက ချက်ချင်း သတိမထားမိလိုက်လို့ပါ၊ နင့်နာမည်ကို ကြားလိုက်တာနဲ့ ငါ ချက်ချင်းမှတ်မိသွားတယ်လေ၊ နင် ဒီမှာဘာလုပ်နေတာလဲ”
“ငါ ဈေးထွက်ဝယ်ရင်းနဲ့ နင့်ကို မတော်တဆတွေ့လိုက်လို့ လာနှုတ်ဆက်တာပါ၊ အခု နင် ဘာတွေလုပ်နေလဲ”
“အို... ငါ ဒီအနီးအနားမှာ ကားပြင်ဆိုင်သေးသေးလေး တစ်ဆိုင် ဖွင့်ထားတယ်၊ အခုက နေ့လယ်လောက် ရောက်နေပြီဆိုတော့ ဆိုင်မှာ ဧည့်သည်လည်းမရှိတာနဲ့ သူငယ်ချင်းတစ်ယောက်နဲ့ ထမင်းအတူတူစားဖို့ ချိန်းထားလို့လေ၊ အာ... ဒါနဲ့ စကားမစပ်၊ ငါတို့ ဝီချက် အက်ဒ်ထားရအောင် သူငယ်ချင်း”
ယန်ယွဲ့ယန်သည် သူ၏ဝီချက်ကို အောင်မြင်စွာ အက်ဒ်နိုင်ခဲ့ပြီးနောက် မျက်နှာလေး နီမြန်းစွာဖြင့် ဆူးဟွေ့ဟွေ့ထံသို့ ပြန်လည် ပြေးလာခဲ့၏။ ဆူးဟွေ့ဟွေ့မှာ နို့လက်ဖက်ရည်တစ်ငုံကို မြိုချလိုက်ပြီးသည်နှင့် စပ်စုချင်စိတ် အပြည့်ဖြင့် ချက်ချင်း မေးတော့လေသည်။
“ဘယ်လိုနေလဲ၊ ဘယ်လိုနေလဲ၊ သူ့မှာ ချစ်သူရှိနေပြီလား၊ နင် သူ့ဝီချက်ကို အက်ဒ်ခဲ့လား”
“တိုးတိုးလုပ်ပါဟာ၊ ထမင်းစားတဲ့အချိန်ကျမှ ငါသေချာပြောပြမယ်၊ ခုနက သူက ကိုယ့်ဘာသာ ငါ့ဝီချက်ကို အက်ဒ်သွားတာ၊ ငါ သူ့ကို ဘာမှ သေချာမမေးလိုက်ရသေးဘူး၊ ဒါပေမဲ့ ပြီးခဲ့တဲ့အပတ်က သူ့ရဲ့ ဝီချက်မုမန့်မှာ သူက လူပျိုကြီးပါဆိုပြီး တင်ထားတဲ့ပို့စ်လေးကိုတော့ ငါတွေ့လိုက်တယ်”
သူတို့နှစ်ဦး နေ့လယ်စာစားရန် ရွေးချယ်ထားသော စားသောက်ဆိုင်သို့ ရောက်ရှိလာသောအခါ ယန်ယွဲ့ယန်၏ကျောင်းနေဖက်သူငယ်ချင်းနှင့် သူ၏မိတ်ဆွေတို့သည်လည်း ထိုဆိုင်တွင်ပင် ထမင်းစားနေကြသည်ကို မထင်မှတ်ဘဲ တွေ့လိုက်ရသည်။
သူက ယန်ယွဲ့ယန်ကို မြင်သောအခါ လက်လှမ်းပြပြီး သူမနှင့် သူငယ်ချင်းဖြစ်သူကို သူတို့ဝိုင်းတွင်ဝင်ထိုင်ကာ အတူတူထမင်းစားရန် တိုက်ရိုက်ပင် ဖိတ်ခေါ်လိုက်သည်။ ဤလူနှစ်ဦးမှာ တကယ့်ကို ဖူးစာဆုံနေကြသည်ဟု ဆိုရပေမည်။
…..
လီရှီးရှီးသည် ယာတောအိမ်အား လှည့်လည်စစ်ဆေးနေစဉ် သူမ၏ဖုန်းက ရုတ်တရက် မြည်လာသည်။ ဖုန်းကို ထုတ်ကြည့်လိုက်ရာ တက္ကသိုလ်တုန်းက အခန်းဖော်သူငယ်ချင်းထံမှ ဖုန်းဝင်လာခြင်းဖြစ်နေသည်။
“ဟယ်လို ရှီးရှီးလေး၊ နင် အခုအလုပ်များနေလား”
“မများပါဘူး၊ အဆင်ပြေပါတယ်”
“ငါ့ကုမ္ပဏီက လာမယ့်အပတ် ငါ့ကို ခရီးထွက်ဖို့လွှတ်လိုက်လို့လေ၊ သွားရမယ့်နေရာက နင့်မွေးရပ်မြေနားမှာ ဖြစ်နေတာကို တွေ့လိုက်ရတယ်၊ နင်က ကိုယ်ပိုင်စီးပွားရေးလုပ်ဖို့ အိမ်ပြန်သွားတာမဟုတ်လား၊ လာမယ့် တနင်္လာနေ့ကနေ ကြာသပတေးနေ့ အတွင်း နင် ဘယ်အချိန်အားလဲ၊ အပြင်ထွက်ပြီး ထမင်းအတူတူ သွားစားကြရအောင်”
တက္ကသိုလ်တုန်းက အခင်ဆုံး အခန်းဖော်သူငယ်ချင်းက ဤဒေသသို့လာမည်ဟု ကြားလိုက်ရသဖြင့် လီရှီးရှီးမှာလည်း အလွန်အမင်း ဝမ်းသာသွား၏။ သူတို့နှစ်ဦး မတွေ့ရသည်မှာ တစ်နှစ်နီးပါးခန့် ရှိနေပြီဖြစ်သည်။
“ငါ အချိန်မရွေးအားပါတယ်ဟ၊ ငါ့ဆီ လာပြီး ထမင်းလာစားပါလား၊ ဒီနေရာက ယာတောအိမ်ဆိုပေမယ့် ထမင်းလာစားတဲ့ဧည့်သည်တွေ အများကြီးပဲ၊ အစားအသောက်တွေက အရမ်းကောင်းတာ”
သူမ၏ အခန်းဖော်ဖြစ်သူ ရှီရန်သည် တက္ကသိုလ်မှ ဘွဲ့ရပြီးနောက် ကုမ္ပဏီကြီးတစ်ခုထံမှ အလုပ်ကမ်းလှမ်းချက်ရရှိခဲ့သည်။ သူမ သင်ယူခဲ့သော ဘာသာရပ်နှင့် တိုက်ရိုက် မပတ်သက်သော်လည်း ‘ရွှေဆိုတာ ဘယ်နေရာရောက်ရောက် တောက်ပနေမှာပဲ’ ဆိုသည့် စကားအတိုင်းပင်။
ရှီရန်တစ်ယောက် အလုပ်ထဲတွင် အလွန်ထူးချွန်ပြီး အဖွဲ့ခေါင်းဆောင်အဖြစ်ပင် ရာထူးတိုးသွားပြီဖြစ်ကြောင်း သူမ ကြားသိထားခဲ့သည်။ ယခုအခါ ရှီရန်သည် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုတစ်ခုကို ဆွေးနွေးရန်အတွက် သူမ၏ အဖွဲ့ဝင်နှစ်ဦးနှင့်အတူ ခရီးထွက်လာခြင်းပင်။
အောင်မြင်သော ကစားကွက်များကို ဖန်တီးလိုသည့် သူမ၏ရည်မှန်းချက်က ဤခရီးစဉ်တွင် ပေါ်လွင်နေသည်။
“အိုကေ၊ ဒါဆို နင့်ရဲ့လိပ်စာကို ပို့ပေးထား၊ ငါ သေချာပေါက်လာခဲ့မယ်” ရှီရန်က တက်ကြွစွာပြောလိုက်သည်။
“ငါ လာကြိုရင်ကော၊ နင် ဒီကိုရောက်လာမှတော့ ငါ့ကို အိမ်ရှင်ကောင်းတစ်ယောက်ရဲ့တာဝန်ကို ကျေပွန်ခွင့်ပေးရမှာပေါ့၊ နင် အနီးအနားကို ရောက်လာတဲ့အခါကျရင် လိပ်စာလေးသာလှမ်းပို့ပေးလိုက်၊ ငါ ကားနဲ့လာကြိုမယ်”
“ဝါး... လီရှီးရှီး၊ နင် ကားတောင်ဝယ်ပြီးသွားပြီလား၊ ဘာလို့ ငါ့ကို ဘာမှမပြောရတာလဲ”
“အို... သာမန် ကားလေးတစ်စီးပါဟာ၊ ပစ္စည်းသယ်ဖို့ အဓိကသုံးတာပါ၊ ငါတို့ တောင်ပေါ်မှာက ပစ္စည်းအစုံအလင်မရှိတော့ ပစ္စည်းသွားသွားယူဖို့ တောင်အောက်ကို မကြာခဏဆင်းနေရလို့လေ”
ထိုစကားကို ကြားသောအခါ ရှီရန်၏ မက်စိထဲတွင် သူမ၏အခန်းဖော်သူငယ်ချင်း လီရှီးရှီးတစ်ယောက် ဖုန်တက်နေသော အလုပ်သမားဝတ်စုံကို ဝတ်ဆင်ကာ၊ အိုမင်းဟောင်းနွမ်းနေသော တပတ်ရစ်ဗင်ကားလေးကို မောင်းနှင်ရင်း နေပူ၊ မိုးရွာ မရှောင် ဘဝဝမ်းစာအတွက် ပင်ပန်းဆင်းရဲစွာ ရုန်းကန်နေရသည့် သနားစရာကောင်မလေးတစ်ယောက်၏ ပုံရိပ်ကို ချက်ချင်းပြေးမြင်ယောင်သွားတော့သည်။
‘ဒါက အရမ်းကို ပင်ပန်းလွန်းတယ်' ဟု သူမ တွေးလိုက်မိ၏။ ရှီးရှီးလေး အရင်က အလုပ်လုပ်တုန်းက ဝင်ငွေ တော်တော်လေးကောင်းခဲ့သည်ကို သူမ မှတ်မိနေသေးသည်။
ပစ္စည်းများ လိုက်သယ်နေရသည့် ရှီးရှီးလေး၏ လက်ရှိ သနားစရာအခြေအနေထက်တော့ အများကြီး ပိုကောင်းမည်မှာ အသေအချာပင်။
‘ဒီလောက် ပင်ပန်းဆင်းရဲနေတာထက်စာရင် အပြင်ထွက်ပြီး အလုပ်အသစ်တစ်ခု သွားရှာလိုက်တာကမှ ပိုကောင်းဦးမယ်။ အနည်းဆုံးတော့ နေပူမိုးရွာထဲမှာ ဒုက္ခခံစရာမလိုတော့ဘူးလေ'
ထိုသို့တွေးမိသော်လည်ူ သူမက ရှီးရှီးလေးကို အလုပ်သွားလုပ်ရန် ဖုန်းထဲမှတစ်ဆင့် ဖျောင်းဖျနေမည်ဆိုပါက ရှီးရှီးလေး သဘောတူမည်မဟုတ်ကြောင်း သူမ သိထားသည်။
ရှီးရှီးလေးမှာ ကိုယ်ပိုင်ဆုံးဖြတ်ချကိ ခိုင်မာသူတစ်ဦးဖြစ်ကြောင်း ကျောင်းတက်စဉ်ကတည်းက သူမ ကောင်းကောင်းသိမြင်ခဲ့ပြီး ဖြစ်သည်။ ထို့ကြောင့် သက်ပြင်းတစ်ချက်ချလိုက်ပြီး ထိုနေရာသို့ ရောက်မှသာ မျက်နှာချင်းဆိုင် သေချာဖျောင်းဖျတော့မည်ဟု စိတ်ကူးလိုက်၏။
ထို့ကြောင့် သူတို့နှစ်ဦးသည် လာမည့်ဗုဒ္ဓဟူးနေ့ မွန်းလွဲပိုင်းဟု အချိန်ကို တိတ်တဆိတ် သဘောတူ ချိန်းဆိုလိုက်ကြသည်။
အချိန်များက လျင်မြန်စွာ ကုန်လွန်သွားပြီး လာမည့်ဗုဒ္ဓဟူးနေ့သို့ ရောက်ရှိလာခဲ့ရာ၊ လီရှီးရှီးသည် သူမ၏အခန်းဖော်သူငယ်ချင်း ပို့ထားသော လိပ်စာအတိုင်း ကားကို အချိန်မီမောင်းနှင်လာခဲ့သည်။
ရှီရန်၏ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ဆွေးနွေးပွဲများမှာ ဤတစ်ကြိမ်တွင် အလွန်ချောမွေ့စွာ ပြီးစီးသွားခဲ့ပြီး ယမန်နေ့ကပင် အရာအားလုံးကို အပြီးသတ်နိုင်ခဲ့၏။
ထို့ကြောင့် သူမ၏အဖွဲ့ဝင်နှစ်ဦးအား ယနေ့ တစ်နေ့တာလုံး အားလပ်ရက်အဖြစ် နားခွင့်ပေးလိုက်ပြီး၊ သူမကိုယ်တိုင်မှာမူ လက်ဆွဲအိတ်တစ်လုံးကို ကိုင်ဆောင်ကာ လမ်းဘေးတွင်ရပ်လျက် သူမ၏အခင်ဆုံးသူငယ်ချင်း လီရှီးရှီးကို စောင့်မျှော်နေခဲ့သည်။
သူမ၏ အကြည့်များက လမ်းမပေါ်ရှိ အိုမင်းဟောင်းနွမ်းနေသော ဗင်ကားများကို အဆက်မပြတ်ရှာဖွေနေမိသည်။
‘ဟိုကားက မရပ်ဘူး၊ ဒီကားကျတော့ ရပ်တယ်၊ ဒါပေမဲ့ ချောထုပ်လာပို့တဲ့ ပို့ဆောင်ရေးသမား ဖြစ်နေပြန်တယ်’
ရှီရန်က သူမ၏လက်ကိုမြှောက်ကာ နာရီကို ကြည့်လိုက်၏။ ယမန်နေ့က စာချုပ်ကိစ္စ အလွန်ချောမွေ့စွာ ပြီးစီးသွားသဖြင့် သူမက လီရှီးရှီးကို စောစောတွေ့ချင်ဇောဖြင့် ချိန်းဆိုထားသော အချိန်ကို နံနက် ၁၀ နာရီသို့ ယာယီပြောင်းလဲထားခဲ့သည်။
သို့သော် ချိန်းထားသည့် အချိန်ရောက်နေပြီဖြစ်သော်လည်း အဘယ်ကြောင့် မရောက်လာသေးသနည်း။ ဖုန်းဆက်ချင်သော်လည်း သူငယ်ချင်းဖြစ်သူ ကားမောင်းနေစဉ် ဖုန်းဆက်ပါက အာရုံလွင့်သွားမည်ကို စိုးရိမ်မိသည်။
သူမ အနည်းငယ် စိတ်ပူစပြုလာချိန်မှာပင် နက်ပြာရောင်ပစ်ကပ်ကားတစ်စီးက သူမ၏ရှေ့တည့်တည့်တွင် ရုတ်တရက်လာရပ်၏။ ရှီရန်မှာ သူမက ကားလမ်းကို ပိတ်ရပ်ထားမိသည်ဟု အထင်လွဲကာ နောက်သို့ ခြေလှမ်း အနည်းငယ်ပင် ဆုတ်လိုက်မိသေးသည်။
62
ထိုစဉ် ပစ်ကပ်ကား၏ပြတင်းပေါက်မှန် လျှောကျလာပြီး လီရှီးရှီး၏ တောက်ပရွှင်လန်းနေသော မျက်နှာလေးက ကားထဲမှ ထွက်ပေါ်လာသည်။
“ရှီရန်... မြန်မြန်တက်ခဲ့၊ တောင်းပန်ပါတယ်ဟာ၊ ငါ ထွက်လာခါနီးလေးတင် ဆိုင်မှာ ကိစ္စလေးတစ်ခုပေါ်လာလို့ နည်းနည်းနောက်ကျသွားတာ၊ ပြီးတာနဲ့ ချက်ချင်း အပြေးအလွှားလာခဲ့တာပဲ၊ အမီရောက်လောက်တယ်ထင်ပြီး ဖြတ်လမ်းကနေမောင်းလာတာ၊ အဲဒါ လမ်းလယ်ခေါင်တည့်တည့်မှာ သုံးဘီးဆိုင်ကယ်နဲ့ အဘိုးအိုတစ်ယောက် ရှိနေတာနဲ့ သွားတိုးရော၊ သူက ငါ ဟွန်းတီးတာကိုလည်း မကြားဘူး၊ ငါကလည်း သူ့ကို ကျော်တက်လို့မရနဲ့ တော်တော်လေးစိတ်ပူသွားတာ”
သူငယ်ချင်းဖြစ်သူနှင့် တွေ့ဆုံရန် နောက်ကျသွားသဖြင့် လီရှီးရှီးမှာ အလွန်အမင်း အားနာနေမိသည်။
“အို... ရပါတယ်ဟာ”
ရှီရန်က ခဏမျှ မှင်သက်သွားပြီးမှ အမြန်ပြန်ဖြေလိုက်သည်။ သူမအခန်းဖော်သူငယ်ချင်း၏ အလှတရားကြောင့် ရုတ်တရက် မျက်စိကျိန်းသွားရသည်ဟု သူမ ဘယ်လိုလုပ် ပြောနိုင်မည်နည်း။
ကျောင်းတက်စဉ်က လီရှီးရှီးမှာ လှပသော်လည်း သူမ၏အလှကို ဖုံးကွယ်ထားသည့် မျက်မှန်ထူကြီးကို အမြဲတပ်ထားလေ့ရှိပြီး၊ နှစ်ပေါင်းများစွာ အလုပ်လုပ်ခဲ့ရသဖြင့် အမြဲတမ်း ပင်ပန်းနွမ်းနယ်နေသည့်ပုံစံမျိုး ပေါက်နေတတ်ကြောင်း သူမ မှတ်မိနေသေးသည်။
‘သေချာပေါက် ပင်ပန်းနေသော အလှလေးကလည်း အလှလေးပါပဲလေ’
သို့သော် လက်ရှိ လီရှီးရှီး၏အသွင်အပြင်ကတော့ လုံးဝကို တောက်ပလင်းလက်နေပြီး တက်ကြွလန်းဆန်းသော အငွေ့အသက်များ အပြည့်အဝဖုံးလွှမ်းနေကာ သူမကို ချက်ချင်းဖမ်းစားသွားတော့၏။
ဤအချက်က သူမအခန်းဖော်သူငယ်ချင်း၏ကားမှာ သူမစိတ်ကူးထားသလို အိုမင်းဟောင်းနွမ်းပြီး တုန်ခါနေသော တပတ်ရစ်ကားလေး လုံးဝမဟုတ်ကြောင်းကိုပင် မေ့လျော့သွားစေခဲ့သည်။
ကားပေါ်သို့ တက်လိုက်ပြီးနောက် အချိန်အနည်းငယ်ယူကာ စိတ်ကို တည်ငြိမ်အောင်ထိန်းလိုက်ပြီး ပတ်ဝန်းကျင်ကို အကဲခတ်ကြည့်လိုက်သည်။ ဤကားမှာ သန့်ရှင်းသပ်ရပ်သော ပစ်ကပ်ကားတစ်စီးဖြစ်ပြီး အတွင်းခန်းကလည်း အတော်လေးကျယ်ဝန်းကြောင်း တွေ့လိုက်ရသဖြင့် သူမက စပ်စုလိုက်၏။
“ဒီကားလေးက တော်တော်သစ်သေးတယ်နော်၊ နင် ဝယ်ထားတာ သိပ်မကြာသေးဘူးမဟုတ်လား”
“လအနည်းငယ်တော့ရှိသွားပြီ၊ ငါက ကားကို မကြာခဏ ကိုယ်တိုင်ဆေးကြောလေ့ရှိတယ်လေ၊ မဟုတ်ရင် တောင်ပေါ်ကနေ ပစ္စည်းတွေသယ်ချလာတဲ့အခါ ဖုန်တွေကပ်ကုန်မှာပေါ့”
“နင်က ကိုယ်ပိုင်ယာတောအိမ်ဖွင့်ဖို့ အိမ်ပြန်တော့မယ်လို့ပြောတုန်းက ငါ တော်တော်လေးလန့်သွားတာ၊ အဲဒီစိတ်ကူးက ဘယ်လိုလုပ် ရုတ်တရက်ကြီးပေါ်လာတာလဲ”
ထိုသို့မေးလာရာ ယာတောအိမ် အက်ပ် နင့် ချိတ်ဆက်ထားကြောင်း လီရှီးရှီး ဘယ်လိုလုပ် ပြောပြနိုင်မည်နည်း။ ထို့ကြောင့် မရေမရာသာ ပြန်ဖြေလိုက်သည်။
“ငါ့မှာ ဒီစိတ်ကူးရှိနေတာကြာပါပြီ၊ နောက်ဆုံးတော့ ပိုက်ဆံလေးနည်းနည်း စုမိသွားတယ်၊ ပြီးတော့ အိမ်က တောင်ပေါ်လမ်းလည်း ဖောက်ပြီးသွားပြီဆိုတော့ ချေးငွေနည်းနည်းယူပြီး စိတ်လိုက်မာန်ပါနဲ့ အလုပ်ထွက်ပြီးစလိုက်တာပဲ”
ရှီရန်က စဉ်းစားဟန်ဖြင့် ခေါင်းညိတ်လိုက်၏။ ရှီးရှီးလေးသည် လုပ်သက်သိပ်မရင့်သေးသဖြင့် စုဆောင်းငွေအကန့်အသတ်ရှိမည်ဟု သူမ တွက်ဆလိုက်သည်။
သူငယ်ချင်းဖြစ်သူက သူမ၏အိမ်အဟောင်းကို ပြုပြင်မွမ်းမံပြီး နံရံများကို ဆေးသုတ်ကာ အလှဆင်ပစ္စည်းအချို့ဖြင့် အလှဆင်ထားမည်ဟု မှန်းဆလိုက်သည်။ ထိုသို့လုပ်ခြင်းက မြို့ပြတွင် အချိန်ကြာမြင့်စွာနေထိုင်ခဲ့ရပြီး ကျေးလက်သဘာဝအား ခံစားလိုသူများကို ဆွဲဆောင်နိုင်လိမ့်မည် မဟုတ်လော။
သူမကိုယ်တိုင်လည်း ပန်းဆိုင်လေးတစ်ဆိုင် ဖွင့်လိုသော အိပ်မက်တစ်ခု အမြဲရှိခဲ့သော်လည်း လက်တွေ့အကောင်အထည်ဖော်ရန် တစ်ခါမျှ ခြေလှမ်းမစတင်နိုင်ခဲ့ချေ။ ကိုယ်ပိုင်စီးပွားရေးတစ်ခု ထူထောင်လိုသော သူမ၏ရည်မှန်းချက်လေးက ဤနေရာတွင် လှုပ်နှိုးခံလိုက်ရသလို ခံစားလိုက်ရသည်။
သူမက ဆက်ပြောလာလေ၏။
“နင့်ရဲ့သတ္တိကိုတော့ ငါ တကယ်လေးစားတယ်ဟာ၊ ငါကတော့ အလုပ်ကြိုးစားတဲ့ သာမန်ဝန်ထမ်းလေးတစ်ယောက်ပါပဲ၊ အလုပ်ထွက်ဖို့ကို ကြောက်နေတုန်းပဲ”
“ကိုယ်ပိုင်စီးပွားရေး စလုပ်ရတာကလည်း မလွယ်ပါဘူးဟာ၊ တကယ်ကို ပင်ပန်းတာ”
“နင်က ကိုယ့်အတွက်ကိုယ် ပိုက်ဆံရှာနေရလို့ ပင်ပန်းတာလေ၊ ငါကတော့ ကုမ္ပဏီနဲ့ သူဌေးအတွက် ပိုက်ဆံရှာပေးနေရလို့ပင်ပန်းတာ၊ အဲဒါနဲ့ယှဉ်ကြည့်ရင် ငါက ပိုပြီး သနားစရာကောင်းတယ် ဟုတ်လား”
လီရှီးရှီး စဉ်းစားကြည့်လိုက်ရာ မှန်ကန်နေသဖြင့် ပြုံးကာ နှစ်သိမ့်ပေးလိုက်သည်။
“ကဲပါ၊ ဒီလို ပျော်စရာမကောင်းတဲ့ ကိစ္စတွေကို တွေးမနေပါနဲ့တော့၊ ခဏနေကျရင် ငါ နင့်ကို ထမင်းဝယ်ကျွေးပြီး ငါတို့ဒေသရဲ့ အထူးဟင်းလျာတွေကို မြည်းစမ်းခိုင်းမယ်”
“အိုကေ၊ နင် ကိုယ်တိုင်ချက်မှာလား၊ ငါ့အကူအညီလိုသေးလား”
“မလိုပါဘူး၊ ငါ ဒီမှာ စားဖိုမှူးငှားထားတယ်၊ စားဖိုမှူးကြီးရဲ့ လက်ရာက ငါ့ထက် အများကြီးပိုကောင်းတယ်၊ ငါ့ရဲ့ သာမန်လက်ရာလေးနဲ့ နင့်ကိုဧည့်ခံပြီး အရှက်ကွဲမခံပါဘူးဟာ”
ရှီရန် အံ့သြသွား၏။
“နင်က စားဖိုမှူးတောင်ငှားထားတာလား၊ သူတို့လစာက နည်းမှာမဟုတ်ဘူးနော်၊ နင့်ရဲ့ စတင်တည်ထောင်စ စရိတ်တွေကို သေချာစီမံခန့်ခွဲဖို့လိုမယ်နော်”
“စိတ်မပူပါနဲ့၊ အားလုံးတွက်ချက်ပြီးသားပါ၊ ငါ့ဆီလာတဲ့ ဧည့်သည်အရေအတွက်က တော်တော်လေးအဆင်ပြေတယ်၊ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ်ရပ်တည်နိုင်ဖို့ ပြဿနာမရှိပါဘူး”
ထိုစကားကို ကြားသောအခါ ရှီရန် အတော်လေးစိတ်အေးသွားသည်။
တောင်ပေါ်ရွာလေးတစ်ရွာတွင် ကုန်ဈေးနှုန်း သက်သာမည်ဖြစ်ပြီး ကိုယ်ပိုင်အိမ်ကို ယာတောအိမ်အဖြစ် ပြောင်းလဲကာ အကူအညီပေးမည့်သူ တစ်ယောက်ငှားရမ်းခြင်းက ကုန်ကျစရိတ်သိပ်များမည်မဟုတ်ဟု သူမ ခန့်မှန်းလိုက်သည်။ အသုံးစရိတ်များက အရမ်းကြီးမြင့်မားနေမည်မဟုတ်ချေ။
ရှီရန်က ပြတင်းပေါက်မှတစ်ဆင့် အပြင်ဘက်သို့ လှမ်းကြည့်လိုက်သည်။ တောင်ပေါ်လမ်းတွင် ကားအဝင်အထွက် အတော်လေးများပြားနေသည်ကို တွေ့ရသဖြင့် ပြုံးကာပြောလိုက်၏။
“နင်တို့ ဒီမှာ စီးပွားရေး တော်တော်ကောင်းပုံရတယ်နော်၊ ကားတွေအများကြီးပဲ”
“အာ... လမ်းဖောက်ပြီးကတည်းက အများကြီးပိုကောင်းလာတာပဲ”
လီရှီးရှီးက နောက်ကြည့်မှန်ကို ခပ်ပေါ့ပေါ့ပင် တစ်ချက်ကြည့်လိုက်သည်။
‘ဒီနေ့အထိ ဧည့်သည်တွေ ဒီလောက်များနေတုန်းပဲ၊ သူတို့က ရေပူစမ်းစိမ်ဖို့ လာကြတာဖြစ်ရမယ်’ ဟု တွေးလိုက်မိသည်။
ကံကောင်းထောက်မစွာဖြင့် ညနေ ၅ နာရီ နောက်ပိုင်း အချိန်များကို ဖယ်ထားပေးရန်နှင့် သီးသန့်အခန်း တစ်ခန်း ချန်ထားပေးရန် ဧည့်ကြိုကောင်တာကို သူမ ကြိုတင်ပြောထားခဲ့ပြီးဖြစ်သည်။ ထိုသို့ဆိုလျှင် သူမလည်း ရှီရန်နှင့်အတူ ရေပူစမ်းသွားစိမ်ရင်း စကားစမြည် ပြောနိုင်မည် မဟုတ်လော။
“ရောက်ပြီ၊ အရင်ဆုံး ထမင်းသွားစားကြရအောင်၊ နေ့လယ်စာစားပြီးရင် နင့်ကို ပတ်ဝန်းကျင်လေ့လာဖို့ ခေါ်သွားမယ်၊ ဒီကရှုခင်းတွေက တော်တော်လေးလှတယ်ဟ”
ရှီရန်က သူမရှေ့ရှိ အဆောက်အအုံလေးကို ကြည့်လိုက်မိသည်။
‘အင်း... ‘လေး’ လို့တော့ ထည့်မခေါ်သင့်တော့ဘူး ထင်တယ်'
သူမ မယုံကြည်နိုင်လောက်အောင် အံသြသွားကာ ပါးစပ်ကြီးဟသွားပြီး ဘေးနားရှိ လီရှီးရှီးကို လှမ်းကြည့်လိုက်ဆလ၏။
ရှီးရှီးလေး အရင်က ပြောပြချက်များက သူမ၏ကိုယ်ပိုင်အိမ်ကို ပြုပြင်မွမ်းမံထားသည် ဟုပင်။ (လီရှီးရှီး - ဟုတ်တယ်လေ၊ ဖျက်ပြီး အသစ်ပြန်ဆောက်ထားတာ)
ရှီရန်၏ စိတ်ကူးထဲတွင်မူ အုတ်ရိုးများဖြင့်ကာရံထားသော ရှေးဟောင်းကျေးလက်ခြံဝင်းတစ်ခုကို မြင်ယောင်နေခဲ့သည်။
သူမ၏အခန်းဖော်က ထိုအုတ်ရိုးများကို အဖြူရောင်ဆေးသုတ်ကာ ပရိဘောဂအချို့ ဖြည့်စွက်ပြီး ဧည့်ခန်း နှစ်ခန်း သုံးခန်းခန့် ဖန်တီးထားမည်ဟု ထင်မှတ်ထားခဲ့၏။
သို့သော် သူမအရှေ့ရှိ အဆောက်အအုံမှာ လေးထပ်တိုက်ကြီးဖြစ်ပြီး ၎င်း၏အရွယ်အစားမှာ လုံးဝမသေးငယ်လှချေ။
ဤယာတောအိမ်တွင် အဝင်အထွက်လုပ်နေကြသော လူများကိုကြည့်ရင်း သူမအခန်းဖော်သူငယ်ချင်း၏ စီးပွားရေးမှာ အတော်လေးကြီးကျယ်ခမ်းနားကြောင်း နောက်ဆုံးတွင် ရှီရန်သဘောပေါက်သွားတော့သည်။
သူမက ပြုံးကာ နောက်ပြောင်လိုက်၏။
“ကြည့်ရတာ ငါ နင့်ကို ရှီးရှီးလေးလို့ ဆက်မခေါ်သင့်တော့ဘူးထင်တယ်၊ သူဌေးလီလို့ ခေါ်ရတော့မယ်၊ သူဌေးလီ... ချမ်းသာလာရင်လည်း သူငယ်ချင်းဟောင်းတွေကို မမေ့ပါနဲ့ဦးနော်”
“လျှောက်နောက်မနေနဲ့၊ ထမင်းစားပြီးရင် နင့်ကိုလိုက်ပြမယ်၊ အာ... ဒါနဲ့ စကားမစပ်၊ နင့်ရဲ့ အဝတ်အစားတွေအကုန်လုံးက အိတ်ထဲမှာပဲလား” လီရှီးရှီးက မေးလိုက်သည်။
“ဟုတ်တယ်လေ” ရှီရန်က သူမ၏လက်ဆွဲအိတ်ကြီးကို မြှောက်ပြကာ ခေါင်းလေးစောင်းရင်း ပြန်ဖြေလာ၏။
“နင်ပဲ မနေ့က နင့်ဆီမှာတည်းဖို့ ပြောထားတာဆိုတော့ ငါ အလုပ်ဆင်းတာနဲ့ တစ်ခါတည်း အထုပ်အပိုးပြင်လာခဲ့တာပေါ့”
ရှီရန်သည် ဧည့်ခန်းမကြီးကို ဆန်းသစ်သောအကြည့်များဖြင့် ဝေ့ကြည့်လိုက်ပြီး လီရှီးရှီး၏လက်မောင်းကို တွတ်ကာ ပြောလိုက်သည်။
“နင် ဒီမှာ လူတော်တော်များများငှားထားတာပဲ၊ ခုနက ဘာလို့ သေချာမပြောပြတာလဲ၊ ဟင်းချက်ဖို့ စားဖိုမှူးပဲ ငှားထားတယ်ထင်နေတာ၊ စားပွဲထိုးတွေ၊ ဧည့်ကြိုဝန်ထမ်းတွေနဲ့ဆိုရင် ဒီမှာ လူဆယ်ယောက်မကဘူးနော်၊ ဒါက ကုမ္ပဏီကြီးတစ်ခုရဲ့အဆင့်ပဲ”
“နင်မှ အရင်က သေချာမမေးတာကို၊ ဘာတွေသိချင်လို့လဲ၊ ထမင်းစားရင်းနဲ့ ပြောကြတာပေါ့၊ နင် အရင်ထိုင်နေ၊ ငါ မီးဖိုချောင်ကို သွားပြောလိုက်ဦးမယ်”
ရှီရန်သည် ယာတောအိမ်တွင် အဆက်မပြတ် လာရောက်နေကြသော ခရီးသွား ဧည့်သည်များကို ကြည့်ရင်း ဤနေရာရှိ စီးပွားရေးမှာ တကယ်ကို ကောင်းမွန်ကြောင်း စိတ်ထဲမှ တွေးလိုက်မိသည်။
ရှီးရှီးလေးတစ်ယောက် စီးပွားရေးလုပ်ငန်းများတွင် ဤမျှလောက်တော်လိမ့်မည်ဟု သူမ တစ်ခါမျှမထင်ထားခဲ့ချေ။
‘နောက်မှ သူ့ဆီက အကြံဉာဏ်တွေတောင်းရဦးမယ်၊ တစ်နေ့နေ့ကျရင် ငါလည်း ကိုယ်ပိုင်စီးပွားရေး လုပ်ဖြစ်ချင်ရင် လုပ်ဖြစ်မှာလေ'
သိပ်မကြာမီမှာပင် လီရှီးရှီးသည် ဇီးသီးလက်ဖက်ရည်တစ်အိုးနှင့်အတူ ပြန်လည်ရောက်ရှိလာခဲ့သည်။
“ဟင်းတွေ ခဏနေရင်ရလိမ့်မယ်၊ အရင်ဆုံး သောက်စရာလေးတစ်ခုခု သောက်ရအောင်၊ ဒါက ငါတို့ဆီကအထူးဟင်းလျာပဲ၊ နေ့တိုင်း ကန့်သတ်အရေအတွက်နဲ့ပဲရောင်းတာ”
“ကန့်သတ်အရေအတွက်နဲ့ရောင်းတယ် ဟုတ်လား၊ အရောင်းအဝယ်က အဲဒီလောက်တောင်ကောင်းနေလို့လား၊ မြန်မြန်... ငါ့ကို မြည်းကြည့်ခိုင်းစမ်းပါအုံ၊”
ရှီရန်က ခွက်ထဲသို့ အလုအယက်ငှဲ့ကာ သောက်လိုက်ရာ သူမ၏မျက်လုံးများ ချက်ချင်း မှိတ်ကျသွားတော့၏။ သူမက ကျေနပ်အားရစွာ ပြောလိုက်သည်။
“အရသာရှိလိုက်တာ၊ ကန့်သတ်အရေအတွက်နဲ့ရောင်းတာ မဆန်းပါဘူး”
မကြာမီမှာပင် သူမက အကြောင်းအရာတစ်ခုသို့ ခုန်ကူးသွားသည်။ သူမ အနည်းငယ် စစပ်စုချင်နေမိ၏။
“ရှီးရှီးလေး၊ နင် ဒီယာတောအိမ်ကြီးကို ဒီလောက်အကြီးကြီးဖြစ်အောင် လုပ်ထားတာ၊ ရင်းနှီးမြှုပ်နှံမှုက တော်တော်များမှာပဲနော်၊ အရင်က နင့်လစာက ဒီလောက်မများဘူးဆိုတာ ငါမှတ်မိတယ်၊ ပြီးတော့ ဒီအိမ်အတွက်လည်း လောက်မှာမဟုတ်ဘူး၊ နင် ဘဏ်ကနေ ပိုက်ဆံ ဘယ်လောက်တောင်ချေးထားတာလဲ၊ ပြီးတော့ ဘာကိုအပေါင်ထားပြီး ချေးထားတာလဲ”