← Chapters

အခန်း (၁၆၂၅-၁၆၂၆)

Vol. 163 Ch. 1625-1626

အခန်း (၁၆၂၅-၁၆၂၆)

Vol. 163 Ch. 1625-1626

အခန်း (၁၆၂၅) - သမိုင်းမသေမျိုးလမ်းစဉ်

​ဖန့်ချန်သည် မသေမျိုးသမိုင်းမှတ်တမ်းစာအုပ် ကို ထုတ်ယူကာ ရှဲ့အာမန်ထံ ကမ်းပေးလိုက်သည်။

​နန်မင်ရုယွဲ့နှင့် ကျန်သူများလည်း စုရုံးလာကြပြီး ထိုစာအုပ်အပေါ် အလွန်ပင် စိတ်ဝင်စားနေကြသည်။ သမိုင်းမသေမျိုးလမ်းစဉ်သည် အလွန်ထူးဆန်းလှပြီး ရှေးဟောင်းခေတ် နတ်ဘုရားလောကကြီး တွင်ပင်လျှင် အလွန်တရာ ရှားပါးလှသော မသေမျိုးလမ်းစဉ်တစ်ခု ဖြစ်သည်။

​"သမိုင်းမသေမျိုးလမ်းစဉ်... ရှေးဟောင်းသမိုင်းထဲက နာမည်ကျော် ပုဂ္ဂိုလ်ကြီးတွေထဲမှာ ဘယ်သူက ဒီလမ်းစဉ်ကို လျှောက်လှမ်းခဲ့တယ်လို့ နင်တို့ ကြားဖူးကြလဲ"

​"ကြားကို မကြားဖူးတာ"

​"ပြောရရင်တော့...သမိုင်းမသေမျိုးလမ်းစဉ်ကို လျှောက်တဲ့ ကျင့်ကြံသူတွေဟာ ဘယ်လို သတင်းအချက်အလက်မှ ချန်မထားခဲ့ကြဘူး။ ရိုးရိုးရှင်းရှင်း နာမည်လေး တစ်ခုတောင် မကျန်ခဲ့ဘူး"

​"ဒီလမ်းစဉ်က... တကယ်ကို ထူးဆန်းတာပဲ"

​"ဒါဆိုရင် သမိုင်းမသေမျိုးလမ်းစဉ်ရဲ့ အဆင့် ၉ နေရာက အခုထိ လွတ်နေသေးတယ်လို့ ဆိုလိုတာလား"

​အမာခံတပည့်တစ်ဦးက အနည်းငယ် စိတ်လှုပ်ရှားစွာ မေးလိုက်သည်။

​ဖန့်ချန်က ထိုသူကို တစ်ချက်ကြည့်လိုက်သည်။ သူ၏အမည်မှာ "ရွှီခွန်း" ဖြစ်ပြီး ဝါရင့်တစ်ဦးလည်း ဖြစ်သည်။ စိတ်ဝိညာဥ်နယ်မြေရှိ မိသားစုအသေးလေးတစ်ခုမှ ဆင်းသက်လာသူဖြစ်ကာ အမာခံတပည့် ဖြစ်လာရန်အတွက် အပြင်အစည်း ကျင့်ကြံသူဘဝမှ စတင်ကာ ကြိုးစားခဲ့ရသူ ဖြစ်သည်။

​"လွတ်နေတဲ့ အဆင့် ၉ နေရာတွေက အများကြီးပဲ၊ သမိုင်းမသေမျိုးလမ်းစဉ် တစ်ခုတည်း မဟုတ်ပါဘူး။ ဒါပေမဲ့ မင်း လျှောက်နိုင်လို့လား လမ်းစဉ်တော်တော်များများက အမွေအနှစ် ပြတ်တောက်ကုန်တာ ကြာလှပြီ"

​လီရှမ်းဇီက သူ့ကို တစ်ချက်ကြည့်ကာ တည်ငြိမ်စွာ ပြောလိုက်သည်။

​ရွှီခွန်းက မေးစေ့ကို ပွတ်သပ်ရင်း ရယ်ကျဲကျဲဖြင့်

"မျှော်လင့်ချက် ရှိတာက မရှိတာထက်စာရင် ပိုကောင်းတာပေါ့။ ဒါပေမဲ့ ကျွန်တော်က အဆင့် ၉ ကိုတော့ မမျှော်လင့်ပါဘူး။ နောင်ကျရင် ရှေးဟောင်းမသေမျိုး ဖြစ်လာပြီးတော့ အကြီးအကဲများအဖွဲ့ ထဲ ဝင်နိုင်ရင်ပဲ ကျေနပ်ပါပြီ"

​'ရှေးဟောင်းမသေမျိုး ဖြစ်ဖို့တောင် ခက်ပါသေးတယ်'

​လီရှမ်းဇီက စိတ်ထဲမှ ရေရွတ်လိုက်သည်။ သာမန်အမာခံတပည့် တစ်ယောက်အနေဖြင့် ချန်အင်းရွှယ်၏ ရာထူးနေရာအထိ ရောက်နိုင်လျှင်ပင် အတော်လေး ဟန်ကျနေပြီ ဖြစ်သည်။

​ရှေးဟောင်းမသေမျိုး ဖြစ်ဖို့ ဟုတ်လား လောကမှာ မသေမျိုးစာရင်းဝင်ခွင့် ဆိုတာ ဒီလောက် အများကြီး ရှိတာမှ မဟုတ်တာ။

​"အစ်မကြီး... ဒီစာအုပ်ကို အစ်မ ကြည့်တတ်လို့လား ကျမတို့ ဖွင့်ကြည့်ကြရင်ရော ကောလာဟလတွေနဲ့ မတူတာမျိုးလည်း ဖြစ်နိုင်တာပဲ"

​ချန်အင်းရွှယ်က အနားသို့ လျှောက်လာပြီး မသေမျိုးသမိုင်းမှတ်တမ်းစာအုပ်ကို စူးစမ်းစွာ ကြည့်လိုက်သည်။

​ရှဲ့အာမန်က စာအုပ်ကို ဟိုလှန်ဒီလှန် လုပ်ကြည့်ပြီးနောက် သရော်လိုက်သည်။

"ဖွင့်ကြည့်မယ် ဟုတ်လား ငါတောင်မှ ဒါကို ဖွင့်ပြီးရင် ဘာမှမဖြစ်ဘဲ ဘေးကင်းကင်း ကျန်ခဲ့မယ်လို့ အာမမခံနိုင်ဘူး။ ကြားရသလောက်တော့ သမိုင်းမသေမျိုးမှတ်တမ်းစာအုပ် တိုင်းမှာ အဲဒီခေတ်ကာလရဲ့ အကြီးကျယ်ဆုံးသော သမိုင်းဝင် အနိမ့်အမြင့်၊ အတက်အကျတွေကို မှတ်တမ်းတင်ထားတာတဲ့"

​"အဆင့် ၉ မသေမျိုးနှစ်ဦး တိုက်ခိုက်နေတာလည်း ဖြစ်နိုင်တယ်"

​"အဆင့် ၈ ရှေးဟောင်းမသေမျိုးတစ်ဦး ပျံလွန်တော်မူတာလည်း ဖြစ်နိုင်တယ်"

​"ဖြစ်နိုင်တာက..."

​သူမက ဖြစ်နိုင်ခြေ အတော်များများကို ဆက်တိုက်ပြောပြလိုက်သည်။ ရလဒ်အနေဖြင့် လူတိုင်း၏ စူးစမ်းချင်စိတ်ကို မလျှော့ချနိုင်သည့်အပြင် လူတိုင်းကို ပို၍ပင် စိတ်ဝင်စားသွားစေသည်။

​"ဒါကို ဘာမှမဖြစ်ဘဲ ဖွင့်နိုင်မယ့် နည်းလမ်း လုံးဝ မရှိဘူးလား"

ဖန့်ချန်က စိတ်ဝင်တစား မေးလိုက်သည်။

​"ရှိတာပေါ့... နင်ကသာ သမိုင်းမသေမျိုးလမ်းစဉ်ကို လျှောက်တဲ့သူဆိုရင် ဒါကို ဖွင့်ကြည့်တာက ကိုးပုံတစ်ပုံ ဘေးကင်းလိမ့်မယ်"

ရှဲ့အာမန်က ပြုံး၍ ဆိုသည်။

​လူတိုင်း စိတ်ပျက်သွားကြသည်။ သမိုင်းမသေမျိုးလမ်းစဉ် ဟုတ်လား အဆင့် ၁ သမိုင်းမသေမျိုး ဖြစ်ဖို့ ဘယ်လို မသေမျိုးဆေးကို သောက်ရမလဲဆိုတာတောင် သူတို့ မသိကြချေ။

​'သမိုင်းမသေမျိုးလမ်းစဉ်လား...'

​ဖန့်ချန်၏ စိတ်ထဲတွင် ထိုမသေမျိုးလမ်းစဉ်အပေါ် စူးစမ်းလိုစိတ် အနည်းငယ် ဖြစ်ပေါ်လာသည်။

သူ၏ ကိုယ်ပွားများ သည် ထိုမသေမျိုးလမ်းစဉ်များကို လျှောက်လှမ်းနိုင်ခြင်း ရှိ၊ မရှိ သူ မသေချာချေ။ အဘယ်ကြောင့်ဆိုသော် ယခုအချိန်တွင် ထိုကိုယ်ပွားများသည် မသေမျိုးဆေး သောက်စရာမလိုဘဲ အဆင့်များကို အဆီးအတားမရှိ တိုးမြှင့်နိုင်နေသောကြောင့် ဖြစ်သည်။

​'တကယ်လို့ သူတို့တွေ မသေမျိုးလမ်းစဉ်တွေကို လျှောက်နိုင်မယ်ဆိုရင်... သူတို့ထဲက တစ်ယောက်ကို သမိုင်းမသေမျိုးလမ်းစဉ် စမ်းကြည့်ခိုင်းရင် ကောင်းမလား။ ဒါဆိုရင် ငါ့ကိုယ်စား သမိုင်းမသေမျိုးစာအုပ်ထဲကို ဝင်ကြည့်လို့ ရမှာပဲ'

​ထိုသို့ တွေးမိသည်နှင့် ဖန့်ချန်သည် ယခုခရီးစဉ် ပြီးဆုံးသည်နှင့် ဤကိစ္စကို စတင်စမ်းသပ်ရန် ဆုံးဖြတ်လိုက်သည်။

​"စီနီယာအစ်မကြီး...သမိုင်းမသေမျိုးက အဲဒီလောက်တောင် လျှို့ဝှက်ဆန်းကြယ်တာလား ရှေးဟောင်းခေတ်တုန်းက သမိုင်းမသေမျိုး အမွေအနှစ်ရှိတဲ့ ဂိုဏ်းတစ်ခုမှ မရှိခဲ့ဘူးလား"

​ရွှီခွန်းက စူးစမ်းစွာ မေးသည်

"ဖြစ်နိုင်ရင် ကျွန်တော်တို့ ဒီတစ်ခေါက် နတ်ဘုရားလောကကို သွားတဲ့အခါ ဒီဘက်ကို စုံစမ်းကြည့်လို့ ရမလားလို့ပါ"

​"အေး ဟုတ်သားပဲ... ရှေးဟောင်းခေတ် တားမြစ်နယ်မြေတွေကို စူးစမ်းသလိုမျိုးပေါ့"

လူတိုင်း စိတ်ဓာတ်တက်ကြွသွားကြသည်။

​ရှဲ့အာမန်က ခေတ္တစဥ်းစားလိုက်သည်။ သူမ ခေါင်းခါရန် ပြင်လိုက်သော်လည်း ရုတ်တရက် မျက်လုံးများ တောက်ပသွားပြီး

​"ရှိပုံရတယ်... ငါမှတ်မိသလောက် ရှေးဟောင်းကျမ်းစာ တစ်အုပ်ထဲမှာ နတ်ဘုရားလောကရဲ့ မှတ်တမ်းတချို့ကို ဖတ်ဖူးတယ်။ အဲဒီတုန်းက မသေမျိုးဂိုဏ်းတစ်ခု ရှိခဲ့တယ်၊ အဲဒီထဲက လူအတော်များများက သမိုင်းမသေမျိုးလမ်းစဉ်ကို လျှောက်ကြတာတဲ့"

​"ဘယ်ဂိုဏ်းလဲ" ချန်အင်းရွှယ်က စိတ်ဝင်တစား မေးလိုက်သည်။

​"နေဦး ငါ စဥ်းစားပါဦးမယ်..."

​ရှဲ့အာမန်သည် သူမ၏ မှတ်ဉာဏ်ထဲမှ မမှတ်မိတော့သော အပိုင်းအစများကို အစဖော်ရန် အတော်လေး ကြိုးစားလိုက်ရသည်။ နောက်ဆုံးတွင် ချည်မျှင်လေးတစ်ခုကို ဆွဲထုတ်လိုက်သကဲ့သို့ သူမ၏ ဦးနှောက်ထဲမှ ထွက်ပေါ်လာတော့သည်။

​"ဟုတ်ပြီ... သံသရာမသေမျိုးဂိုဏ်း ပဲ။ အဲဒီဂိုဏ်းမှာ လူတော်တော်များများ သမိုင်းမသေမျိုးလမ်းစဉ်ကို လျှောက်ကြတာ။ အဲဒီရှေးဟောင်းကျမ်းစာမှာ မှတ်တမ်းတင်ထားရတာကလည်း နတ်ဘုရားလောကကြီး နှစ်ခြမ်းကွဲသွားတဲ့ ကိစ္စနဲ့ ပတ်သက်နေလို့ပဲ။ ဒီလို မတော်တဆမှုတွေသာ မဖြစ်ခဲ့ရင် ဒီအကြောင်းကို ဘယ်သူမှ သိကြမှာ မဟုတ်ဘူး"

ရှဲ့အာမန်က ရယ်မောကာ ပြောလိုက်သည်။

​အားလုံးက "သံသရာမသေမျိုးဂိုဏ်း" ဆိုသည့် အမည်ကို ဝိုင်းဝန်းစဉ်းစားနေကြစဉ် ဖန့်ချန်မှာမူ ခေတ္တမျှ ကြောင်အသွားသည်ကို မည်သူမျှ သတိမထားမိလိုက်ကြချေ။

​"သံသရာမသေမျိုးဂိုဏ်းလား... ကြားဖူးသလိုပဲ၊ ရှေးဟောင်းနတ်ဘုရားလမ်း အချို့မှာ ကြုံတွေ့ခဲ့ရတဲ့သူတွေ ရှိတယ်လို့ ကြားဖူးတယ်"

​"ဒါပေမဲ့ သံသရာမသေမျိုးဂိုဏ်းထဲက နတ်အသိ ကို ရခဲ့တယ်ဆိုတဲ့သူတော့ မကြားဖူးဘူး"

​"ငါထင်တာကတော့ နတ်ဘုရားလောကရဲ့ လက်ရှိ အခြေအနေနဲ့ ဆိုင်လိမ့်မယ်။ အခု နတ်ဘုရားလောကမှာက သားရဲတွေ၊ နတ်ဆိုးတွေနဲ့ ကျဆုံးမသေမျိုးတွေပဲ ကျန်တော့တာလေ၊ စစ်မှန်တဲ့ မသေမျိုးဂိုဏ်းဆိုတာ ဘယ်မှာ ရှိတော့မှာလဲ"

​"ရှေးဟောင်းနတ်ဘုရားလမ်းတွေထဲက အဲဒီဂိုဏ်းတွေဆိုတာကလည်း အရင်က ကျန်ရစ်ခဲ့တဲ့ အစီအမံတွေပဲ ဖြစ်မှာပါ။ လူမရှိဘဲ သူဘာသာ လည်ပတ်နေတာမျိုးပေါ့"

​လူတိုင်း စကားလက်ဆုံ ကျနေကြစဉ် ဖန့်ချန်၏ ရင်ထဲတွင်မူ လှိုင်းလုံးကြီးများ ပုတ်ခတ်နေတော့သည်။

​သံသရာမသေမျိုးဂိုဏ်း ဟုတ်လား

​သူကိုယ်တိုင်က သံသရာမသေမျိုးဂိုဏ်းရဲ့ တပည့်တစ်ယောက် မဟုတ်ပါလား။

​အတိတ်၊ အနာဂတ်၊ လူ့လောက... ဆိုတဲ့ သံသရာမသေမျိုးဂိုဏ်းရဲ့ နတ်အသိ သုံးပါးထဲမှာ သူ ရရှိထားတာက နောက်ဆုံးတစ်ခု ဖြစ်တဲ့ လူ့လောက နတ်အသိ ဖြစ်သည်။

​စီနီယာအစ်ကို ပီထု ရရှိထားတာက ဒုတိယတစ်ခု ဖြစ်တဲ့ အနာဂတ် ဖြစ်ဖို့ များသည်။

​ပြီးတော့ အဲဒီတုန်းက သူဟာ အနာဂတ်ကနေ အတိတ်ကို ပြန်လာတယ်လို့ ယူဆရတဲ့ တပည့် ရှူခွေရင်ရှီ နဲ့တောင် တွေ့ခဲ့သေးသည်။ ထိုသူက မိမိကိုယ်မိမိ အနာဂတ်ကနေ အတိတ်ကို ပြန်လာသူဖြစ်ကြောင်း ပြောခဲ့သည်။

​'သူက ငါ့ကို ကလေးကို သေချာထိန်းဖို့၊ ကောင်းကင်ကို အပေါက်မဖောက်စေနဲ့လို့တောင် မှာသွားသေးတယ်။ အကယ်၍ ဒီကိစ္စက မိစ္ဆာကပ်ဘေးလိုမျိုး အမြင်မှားတာ မဟုတ်ဘူးဆိုရင်... အနာဂတ်မှာလည်း သံသရာမသေမျိုးဂိုဏ်းက ဆက်ရှိနေဦးမှာပဲ။ ဒါဆိုရင် အခုလက်ရှိမှာလည်း ရှိနေရဦးမှာပဲ'

ဟု ဖန့်ချန်က တွေးနေမိသည်။

​အကယ်၍ လူ့လောက နတ်အသိသာ မရှိခဲ့လျှင်၊ ၎င်းက ဖန့်လူ့လောက အဖြစ် လမ်းစဉ်မပြောင်းခဲ့လျှင် ထိုစဉ်က ကြုံတွေ့ခဲ့ရသည်များကို မိစ္ဆာကပ်ဘေးဟုပင် သူ သံသယဝင်မိပေလိမ့်မည်။

​'ငါ့မှာ နောက်ကျရင် ကလေးရှိမှာလား ဘယ်သူနဲ့ ရမှာလဲ... ရှောင်ယွီ လား '

​ဤသို့ တွေးမိသည်နှင့် ဖန့်ချန်မှာ မနေနိုင်ဘဲ ပြုံးလိုက်မိသည်။

​ထို့နောက် သူ၏ အတွေးများကို ပြန်လည် စုစည်းလိုက်သည်။ အကယ်၍ သံသရာမသေမျိုးဂိုဏ်း လျှောက်လှမ်းသည့် လမ်းစဉ်မှာ သမိုင်းမသေမျိုးလမ်းစဉ်သာ မှန်ကန်ပါက... ၎င်းသည် အတိတ်နှင့် အနာဂတ် ဆိုသည့် နတ်အသိ နှစ်ခုနှင့် ပတ်သက်နေသလော။

​'သမိုင်းမသေမျိုးက အချိန်မြစ်ပြင်ကို ဖြတ်ကျော်နိုင်တာလား အတိတ်နဲ့ အနာဂတ်ကြားမှာ သွားလာရင်း သမိုင်းကြောင်းတွေကို မှတ်တမ်းတင်တာလား'

​'တကယ်လို့ အဲဒီလို ထူးဆန်းတဲ့ တန်ခိုးစွမ်းအားတွေ ရှိနေရင်တောင် ကန့်သတ်ချက်တွေ အများကြီး ရှိရမယ်...'

​'မဟုတ်ရင် တစ်ခုခုကို အနည်းငယ် ပြောင်းလဲလိုက်တာနဲ့ ဆက်တိုက် ဖြစ်ပေါ်လာမယ့် အကျိုးဆက်တွေက အများကြီးပဲ'

​'အဲဒီ အကျိုးဆက်တွေက မှတ်ဉာဏ်အချို့ ပျောက်ဆုံးသွားတာမျိုး၊ လူတစ်ယောက် ရုတ်တရက် ပျောက်ကွယ်သွားပြီး လောကမှာ မရှိခဲ့သလို ဖြစ်သွားတာမျိုးတွေ ဖြစ်လာနိုင်တယ်...'

​'အခွင့်အရေး ရရင်တော့ ငါ့ရဲ့ မှတ်ဉာဏ်တွေကို တစ်နေရာရာမှာ သိမ်းဆည်း ထားရမယ်'

​ဖန့်ချန်၏ စိတ်ထဲတွင် တုန်လှုပ်သွားမိသည်။

​အကယ်၍ သမိုင်းမသေမျိုးတွင် ထိုသို့သော နည်းလမ်းမျိုး တကယ်ရှိနေပါက အပြောင်းအလဲ အနည်းငယ်ဖြင့် လူတစ်ယောက်၏ ရှိရင်းစွဲ မှတ်ဉာဏ်များကို ပြောင်းလဲပစ်ရန် လုံးဝ ဖြစ်နိုင်ပေသည်။

​နောက်ထပ် ရက်သတ္တပတ် နှစ်ပတ်အတွင်းတွင် လူတိုင်းသည် မသေမျိုးလှေပေါ်၌ ဝိုင်းဖွဲ့ကာ မိမိတို့၏ ကျင့်ကြံမှု အတွေ့အကြုံများကို နှီးနှောဖလှယ်ကြပြီး လိုအပ်သော ကျင့်ကြံရေးပစ္စည်းများကိုလည်း အပြန်အလှန် လဲလှယ်ကြသည်။

​"ဖန့်အမာခံတပည့်... အရင်တစ်ခေါက်က ချေးထားတဲ့ မသေမျိုးကျောက်တုံးတွေကို ကျွယ်မင်နန်းတော် ပြန်ရောက်ရင် ဂုဏ်ထူးအမှတ် အဖြစ် ပြောင်းပြီး ပြန်ပေးဖို့ မမေ့နဲ့ဦးနော်"

တစ်စုံတစ်ယောက်က ရယ်မောကာ ပြောလိုက်သည်။

​"စိတ်ချပါ... ငါ အကြွေးမတင်စေရဘူး" ဖန့်ချန်က ပြုံး၍ ခေါင်းငြိမ့်ပြလိုက်သည်။

​သို့သော် သူ၏ ရင်ထဲတွင်မူ အနည်းငယ် စိုးရိမ်နေမိသည်။ သူ၏ လက်ဝယ်တွင် ဂုဏ်ထူးအမှတ် ၁,၀၀၀ သာ ရှိပြီး အကြွေးက မသေမျိုးကျောက်တုံး ၆,၀၀၀ ရှိရာ မလုံလောက်ပုံ ရနေသည်။

​မသေမျိုးသမိုင်းမှတ်တမ်းစာအုပ်ကိုလည်း သူ တကယ်ကြီး အပ်နှံလိုက်ဖို့ ဆန္ဒမရှိချေ။

​အဓိကအချက်မှာ မှန်လေး ပေးထားသော တည်နေရာမှာ ယခုအချိန်အထိ...

​ဖန့်ချန်သည် ရုတ်တရက် မတ်တပ်ရပ်လိုက်ပြီး ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်ရာ အတော်လေး ရင်းနှီးနေသလို ခံစားလိုက်ရသည်။

​ပုံစံကြည့်ရသည်မှာ... ရှာတွေ့သွားပြီ ထင်သည်။

အခန်း (၁၆၂၆) - အဆင့် ၉ ကျဆုံးမသေမျိုး

​"စီနီယာအစ်မကြီး... ခဏလောက် ရပ်ပေးပါဦး"

​ဖန့်ချန်က စိတ်ချင်းဆက်သွယ်ကာ လှမ်းပြောလိုက်သည်။

​ရှဲ့အာမန်၏ မသေမျိုးလှေမှာ အရှိန်အလွန် ပြင်းထန်လှရာ သူစကားပြောနေစဉ်အတွင်းမှာပင် ရင်းနှီးသော မြေပြင်အနေအထားများမှာ မျက်စိရှေ့မှ ကွယ်ပျောက်လုနီးပါး ဖြစ်နေပြီဖြစ်သည်။

မသေမျိုးလှေအုပ်စု၏ အစီအစဉ်ကိုပင် မဖွင့်ရသေးဘဲ မျက်တောင်တစ်ခတ်အတွင်းမှာပင် မိုင်ပေါင်းသောင်းချီ ခရီးပေါက်နေခြင်းပင်။

​နဂါးနက်လှေသည် သတင်းရရချင်း အရှိန်သတ်ကာ ခပ်လှမ်းလှမ်းအထိ လျှောတိုက်သွားပြီးမှ အတည်တကျ ရပ်တန့်သွားတော့သည်။

​"နံပါတ်ကိုး... ဘာကိစ္စရှိလို့လဲ"

​ရှဲ့အာမန်က ဖန့်ချန်ကို အနည်းငယ် ထူးဆန်းသလို ကြည့်လိုက်သည်။ ကျန်ရှိသောသူများမှာမူ ထွေထွေထူးထူး တုံ့ပြန်မှု မရှိကြချေ။ ခရီးစဉ်တစ်လျှောက်လုံးတွင် မသေမျိုးလှေမှာ ခဏခဏ ရပ်နားတတ်သဖြင့် သူတို့ ကျင့်သားရနေပြီ ဖြစ်သည်။

​"စီနီယာအစ်မကြီး... ဒီဝန်းကျင်ကို တစ်ပတ်လောက် ဝေ့ကြည့်ပေးလို့ ရမလား။ အခုနက အစ်မ မောင်းလာတာ လွန်သွားပြီ၊ နောက်ကို နည်းနည်းလောက် ပြန်ဆုတ်ပေးပါဦး"

​ဖန့်ချန်၏ လက်ဖဝါးထဲတွင် မသေမျိုးစွမ်းအားဖြင့် ဖန်တီးထားသော မြေပုံအသေးစားလေးတစ်ခု ပေါ်လာပြီး ရှဲ့အာမန်ကို ပြသလိုက်သည်။

​"ပစ္စည်းတစ်ခုခု ရှာနေတာလား"

​ရှဲ့အာမန်က ထူးဆန်းနေသော်လည်း ၎င်းမှာ သူမအတွက် ကိစ္စအသေးအမွှားမျှသာ ဖြစ်သည်။ အရှိန်လျှော့ပြီး ထိုဝန်းကျင်ကို တစ်ပတ်ပတ်ရန်မှာ လက်ဖက်ရည်တစ်ခွက်စာ အချိန်မျှပင် မကြာပေ။

​နဂါးနက်လှေသည် ပြန်လည်စတင်လိုက်ပြီး ဖန့်ချန်ပြောသော နေရာဆီသို့ ဦးတည်ပျံသန်းသွားတော့သည်။

​"အခုနက ကျွန်တော်လိုချင်တဲ့ ကျင့်ကြံရေးပစ္စည်း တစ်မျိုးကို တွေ့လိုက်သလိုပဲ။ မျက်စိမှားတာလားတော့ မသိဘူး"

​ဖန့်ချန်သည် စိတ်ချင်းဆက်သွယ်ကာ ပြောဆိုရင်း ပတ်ဝန်းကျင် အခြေအနေကို သေချာစွာ စောင့်ကြည့်နေမိသည်။

​ဆယ်စက္ကန့်ကျော်ခန့် ကြာပြီးနောက်တွင် ဝေဝေဝါးဝါး မြင်နေရသော တောင်ကြီးတစ်လုံးကို သူ တွေ့လိုက်ရသည်။ သို့သော် ထိုတောင်ကြီးမှာ အလွန်တရာ ကြီးမားလှပြီး အခြားသော ကြယ်စုတန်းများထက် အဆတစ်ရာမက ပိုကြီးမားနေသည်။ ထိုအပေါ်ရှိ ပိတ်ဆို့ထားသော အစီအမံများမှာလည်း ထိုနည်းတူပင် စိပ်စိပ်စပ်စပ် ရှိနေပြီး...

​'မသေမျိုးလောကငယ်... တကယ်ပဲ ကြယ်တာရာတွေနဲ့ မတူဘူးပဲ။ အစီရင်ဗဟိုချက် တစ်ခုတည်းနဲ့ ဒီက အစီအမံတွေကို တကယ်ပဲ ဖြည်နိုင်ပါ့မလား'

​ဖန့်ချန်၏ မျက်နှာတွင် ထူးဆန်းသောအမူအရာ ပေါ်လာပြီး စိတ်ထဲတွင်လည်း သိပ်ပြီး ယုံကြည်ချက် မရှိလှချေ။

​"ရှာတွေ့ပြီလား" ရှဲ့အာမန်က မေးသည်။

​"ဟုတ်ကဲ့... မျက်စိမှားတာလည်း ဖြစ်နိုင်ပါတယ်။ စီနီယာအစ်မ ခရီးဆက်ပါတော့"

​ဖန့်ချန်သည် ထိုနေရာ၏ တည်နေရာကို စိတ်ထဲတွင် အသေအချာ မှတ်သားလိုက်ပြီးနောက် ရှဲ့အာမန်ကို ခါးသက်သက် ပြုံးပြလိုက်သည်။

​ယခုအချိန်တွင် အကြောင်းပြချက်တစ်ခုခုပေးကာ အပြင်၌ ရက်အနည်းငယ်ကြာ နေခဲ့လျှင်ပင် ဤနေရာမှ အတားစီးများကို ဖြည်နိုင်ရန် သူ အာမမခံနိုင်ပေ။ ထိုကိစ္စကို ဝမ်အိုကြီးနှင့် ပြန်တိုင်ပင်ရဦးမည်။ ထိုသူတွင် အတွေ့အကြုံရှိသဖြင့် ဤကဲ့သို့သော အတားစီးမျိုးကို ဖြည်ရန် အစီရင်ဗဟိုချက်မည်မျှ လိုအပ်မည်ကို သူ သိနိုင်ပေလိမ့်မည်။

​'တကယ်လို့ အလုံးပေါင်း တစ်ရာလောက် လိုမယ်ဆိုရင်တော့ အချိန်တိုအတွင်းမှာ မသေမျိုးလောကငယ်ရဲ့ အတားစီးကို ဖြည်ဖို့ မဖြစ်နိုင်ဘူး။ ဒီနေရာနဲ့ သက်ဆိုင်တဲ့ ယင်လောကကရော ဘယ်လိုပုံစံမျိုး ဖြစ်နေမလဲ၊ ရေတွက်လို့မရနိုင်တဲ့ မသေမျိုးဝိညာဥ်တွေ ရှိနေမလား'

ဟု ဖန့်ချန်က စိတ်ထဲမှ တွေးတောနေမိသည်။

​ရက်အနည်းငယ် ကြာပြီးနောက်တွင် ကောင်းကင်၏ အရောင်မှာ တဖြည်းဖြည်း မှောင်မည်းလာပြီး သွေးရောင်စလေးများပင် သန်းနေသည်ကို လူတိုင်း သတိပြုမိလိုက်ကြသည်။ မှောင်မှိုင်နေသော ကောင်းကင်ယံ၏ နောက်ကွယ်တွင် ရှေးဟောင်းအစီရင် ပုံရိပ်လွှာများမှာ အဆုံးအစမရှိ ပျံ့နှံ့နေသည်ကို ဝေဝေဝါးဝါး မြင်တွေ့နေရသည်။

​"နယ်မြေနှစ်ခုကြားက တံတိုင်းကို ရောက်တော့မယ်"

​ကြာနီနတ်မိမယ်သည် ဖန့်ချန်၏ ဘေးနားသို့ လျှောက်လာပြီး မှောင်မည်းနေသော ကောင်းကင်ယံကို လေးနက်သော အကြည့်၊ စူးစမ်းလိုသော အကြည့်တို့ဖြင့် ကြည့်နေမိသည်။

​"မိတ်ဆွေ ကြာနီ... မင်းလည်း ဒီအကြောင်းကို လေ့လာထားတာလား"

​ဖန့်ချန်က အမှတ်မထင် မေးလိုက်သည်

"နတ်ဘုရားလောက နဲ့ မသေမျိုးလောကငယ်ကို ခွဲထုတ်ပစ်ဖို့ဆိုတာ ဘယ်လောက်တောင် အားကောင်းတဲ့ စွမ်းအားမျိုး ရှိမှ ဖြစ်နိုင်မလဲ"

​"သေချာတာပေါ့... အလွန်တရာ အစွမ်းထက်တဲ့ စွမ်းအားရှိမှ ဖြစ်မှာပါ"

​နန်မင်ရုယွဲ့က အနားသို့ လျှောက်လာရင်း မှောင်မည်းနေသော ကောင်းကင်ယံကို ကြည့်ကာ သက်ပြင်းချရင်း ဆိုလိုက်သည်။

​"အခု မင်းမြင်နေရတဲ့ ကောင်းကင်ဆိုတာ အစီရင်တစ်ခုပဲ။ ဒီအစီရက်ကို အမှီပြုပြီးတော့မှ နတ်ဘုရားလောက နဲ့ မသေမျိုးလောကငယ်ကြားမှာ ခြားနားမှုကို ဖန်တီးနိုင်ခဲ့တာ။ ဒီလို နည်းလမ်းမျိုးဟာ ရှေးဟောင်းကာလတုန်းက မသေမျိုးလောကငယ်ထဲကို ထွက်ပြေးတိမ်းရှောင်ခဲ့ကြတဲ့ အဆင့် ၉ မသေမျိုးတွေ ပူးပေါင်းပြီး လုပ်ဆောင်ခဲ့ကြတာပဲ။ ဒီနေ့အထိတောင် အဲဒီအစီရင်က လျော့ပါးသွားတာမျိုး မရှိသေးဘူး"

​"စီနီယာအစ်ကို ငါး... အရင်က ဘာတွေ ဖြစ်ခဲ့လို့လဲ။ ဘာဖြစ်လို့ နတ်ဘုရားလောက က အဆင့် ၉ မသေမျိုးတွေတောင် ဒီထဲကို ထွက်ပြေးပုန်းရှောင်ပြီး နတ်ဘုရားလောကကို နှစ်ခြမ်းကွဲအောင် လုပ်ခဲ့ရတာလဲ"

​ဖန့်ချန်သည် အခွင့်အရေးရသည်နှင့် မေးမြန်းလိုက်သည်။ ကြာနီနတ်မိမယ်၏ အကြည့်များမှာလည်း နန်မင်ရုယွဲ့ထံ ကျရောက်သွားပြီး သူမလည်း စိတ်ဝင်စားပုံရသည်။

​နန်မင်ရုယွဲ့က ခါးသက်သက် ပြုံးလိုက်ပြီး

"ဘယ်သူသိမှာလဲ... အဲဒီလောက် ရှေးကျတဲ့ ကိစ္စကြီးကို။ ဒီကိစ္စဖြစ်တုန်းက ကျွယ်မင်နန်းတော်ဆိုတာ နာမည်တောင် ရှိဦးမှာ မဟုတ်ဘူး"

​"အဲဒါက ဟိုဘက်က ကပ်ဘေး ကြောင့် ဖြစ်ရမှာပဲ"

​မလှမ်းမကမ်းရှိ ချန်အင်းရွှယ်က ကောင်းကင်ကို ကြည့်ကာ အသာအယာ ပြုံး၍ ဆိုလိုက်သည်။

​"အဲဒီခေတ်တုန်းက လူသားနယ်မြေကိုးခု၊ နတ်ဘုရားလောက နဲ့ ယင်လောကအပါအဝင် သုံးလောကလုံးမှာ အုံကြွမှုတစ်ခု ဖြစ်ပွားခဲ့တယ်။ မရေမတွက်နိုင်တဲ့ သက်ရှိတွေ အားလုံး ပါဝင်ပတ်သက်ခဲ့ရတာ။ အောက်ခြေက သာမန်လူတွေ၊ ပုရွက်ဆိတ်တွေကနေ အထက်က မသေမျိုးတွေ၊ စစ်မှန်သောမသေမျိုးတွေအထိ ဘယ်သူမှ ရှောင်လွှဲလို့မရခဲ့ကြဘူး"

​"စီနီယာအစ်မ သုံး... အဲဒီအုံကြွမှုနဲ့ ပတ်သက်တဲ့ မှတ်တမ်းတွေ အခုထိ ရှိသေးလား"

ဖန့်ချန်၏ စိတ်ထဲ လှုပ်ရှားသွားကာ မေးလိုက်သည်။

​"ဘယ်မှာ ရှိတော့မှာလဲ။ ဒါတွေက ဖူထူလောကဘက်ကနေတစ်ဆင့် သိရတာပဲ။ နင်တို့လည်း သိတဲ့အတိုင်း ဖူထူလောကက အဲဒီ ယင်မိစ္ဆာကြီးတွေဟာ ကျင့်ကြံမှုသာ မှန်ကန်ရင် နှစ်ပေါင်းများစွာ အသက်ရှည်နိုင်ကြတယ်လေ"

​ချန်အင်းရွှယ်က ဆက်လက်ပြောပြသည်

"ငါ အရင်က ဖူထူလောကကို သွားတုန်းက နှစ်ပေါင်းများစွာ အသက်ရှင်ခဲ့တဲ့ ယင်မိစ္ဆာကြီး တစ်ဦးနဲ့ တွေ့ခဲ့ဖူးတယ်။ အဲဒီမိစ္ဆာကြီးက အဲဒီအုံကြွမှုကို ကြုံတွေ့ခဲ့ရဖူးပြီး ငါ့ကို အများကြီး ပြောပြခဲ့တာ"

​ဖန့်ချန် စဉ်းစားနေမိသည်။ သူကိုယ်တိုင်လည်း ဤကိစ္စကို ကြုံတွေ့ခဲ့ဖူးသော ဝိညာဥ်အချို့နှင့် သိကျွမ်းခဲ့သည်။

ဥပမာ နန်ချင်ကြယ်တာရာက ဆယ်မျက်နှာမသေမျိုးဂိုဏ်းမှ ပိရွှမ် နှင့် မဟာဓာတ်ငါးပါးဂိုဏ်းမှ ကျိုးဟွိုက်ယွီ တို့ ဖြစ်သည်။ သို့သော် ချန်အင်းရွှယ် တွေ့ခဲ့သော ကျင့်ကြံသူမှာလည်း ထိုခေတ်ကာလ၏ ဒီရေလုံးကြီးထဲမှ သာမန်ကျင့်ကြံသူတစ်ဦးသာ ဖြစ်ပေလိမ့်မည်။ ထိုကိစ္စ၏ အမှန်တရားကို သိနိုင်ရန်မှာ မလွယ်ကူသလို နယ်မြေကိုးခု မသေမျိုးမဟာမိတ် အကြောင်းကိုတောင် ကြားဖူးချင်မှ ကြားဖူးပေလိမ့်မည်။

​"သူပြောတာတော့ အစောဆုံး ကျဆုံးခဲ့တာက ယင်လောကတဲ့၊ အဲဒီနောက်မှာတော့ နတ်ဘုရားလောကကြီးပေါ့။ ငါတို့ လူသားနယ်မြေကိုးခုကတော့ အများကြီး ပိုပြီး ကံကောင်းခဲ့တယ်"

ချန်အင်းရွှယ်က ရယ်မောကာ ပြောသည်။

​လူတိုင်းက ထောက်ခံသည့်အနေဖြင့် ခေါင်းငြိမ့်လိုက်ကြသည်။

​မျက်မှောက်ခေတ်တွင် လူသားနယ်မြေကိုးခုမှာ အတော်လေး ပြည့်စုံနေဆဲဖြစ်သည်ကို ကြည့်လျှင် သိနိုင်သည်။ နတ်ဘုရားလောကနှင့် ယင်လောကတို့မှာမူ နှစ်ခြမ်းကွဲသွားခဲ့ရသည်။

​"နယ်မြေနှစ်ခုကြားက တံတိုင်းကို ရောက်ပြီ"

​ရှဲ့အာမန်၏ အသံမှာ လူတိုင်း၏ နားထဲတွင် ပဲ့တင်ထပ်သွားသည်။

​နဂါးနက်လှေသည် အရှိန်စတင်လျှော့ချလိုက်သည်။

​စက္ကန့်အနည်းငယ် ကြာပြီးနောက်တွင် နဂါးနက်လှေမှာ အရှိန်တန့်ကာ ဖြည်းညှင်းစွာ ရပ်တန့်သွားသည်။

​လူတိုင်း၏ ရှေ့မှောက်တွင် သွေးရောင်လွှမ်းနေသော အကာအရံကြီးတစ်ခု ပေါ်လာသည်။ ၎င်းမှာ ကောင်းကင်ဘုံ၏ တံခါးကြီးကဲ့သို့ မြေပြင်နှင့် ကောင်းကင်ကြားတွင် မားမားမတ်မတ် ရပ်တည်နေသည်။ အထက်သို့ မော့ကြည့်လျှင် အဆုံးအစကို လုံးဝ မမြင်နိုင်ချေ။

​သွေးရောင်အကာအရံကြီး၏ ရှေ့တွင်မူ ဂူကျောင်းဆောင်များကဲ့သို့ တည်ဆောက်ထားသော အဆောက်အဦ အစုအဝေးများစွာ ရှိနေသည်။

​"ဒီနေရာကို စစ်မှန်သောဘုရင်မျိုးနွယ်စုက အဓိကထားပြီး မသေမျိုးမျိုးနွယ်ကြီး လေးခုက ဝိုင်းဝန်းကူညီပြီး စောင့်ကြပ်နေကြတာ။ အဲဒီမှာ အဆင့် ၈ ရှေးဟောင်းမသေမျိုးတွေ အမြဲရှိနေတတ်တယ်။ တစ်ခါတစ်ရံမှာ အဆင့် ၉ မသေမျိုးတွေတောင် လာပြီး စစ်ဆေးတတ်တယ်လို့ ကြားဖူးတယ်"

​ရှဲ့အာမန်က လူတိုင်းကို ပြုံး၍ ပြောလိုက်သည်။

​စကားပြောနေစဉ်မှာပင် မသေမျိုးလှေတစ်စင်း မျက်နှာချင်းဆိုင်မှ ပျံသန်းလာသည်။ ထိုလှေ၏ အရှိန်အဝါမှာ ရှဲ့အာမန်၏ နဂါးနက်လှေထက်ပင် မနိမ့်ကျလှချေ။

​"ဒါက စာရင်းဝင် ဝိညာဥ်လက်နက် မဟုတ်လား"

တစ်စုံတစ်ယောက်က တိုးတိုးလေး ရေရွတ်လိုက်သည်။

​စာရင်းဝင် ဝိညာဥ်လက်နက် ဟုတ်လား။

​ဖန့်ချန်သည် ထိုမသေမျိုးလှေကို စူးစမ်းစွာ ကြည့်လိုက်သည်။ ၎င်း၏ အရှိန်အဝါမှာ နဂါးနက်လှေထက် အများကြီး ပိုမိုအားကောင်းနေပြီး နတ်ဘုရားလက်နက်၏ အငွေ့အသက်များ ရှိနေသည်။ သို့သော် မသေမျိုးလှေအုပ်စု အမြုတေနှင့် ပေါင်းစပ်ထားခြင်း ရှိ၊ မရှိကိုမူ မသိရသေးချေ။

​"ဟွတ်... ဟွတ်..."

​မသေမျိုးလှေ ရောက်ရှိလာသည်နှင့် ပြင်းထန်သော ချောင်းဆိုးသံတစ်ခု လူတိုင်း၏ နားထဲသို့ တိုးဝင်လာသည်။

​ထို့နောက် အဖွားအိုတစ်ဦးသည် တောင်ဝှေးကို အမှီပြုကာ ရှေ့သို့ ထွက်လာပြီး လူတိုင်းကို စူးစမ်းကြည့်လိုက်သည်။ သူမ၏ မျက်နှာမှာ အရေးအကြောင်းများဖြင့် ပြည့်နှက်နေပြီး အသက်အရွယ် အလွန်အိုမင်းနေကာ တစ်ကိုယ်လုံးမှာ မြေကြီးထဲသို့ ခြေတစ်ဖက် နစ်နေသူနှင့် တူလှသည်။

​"ကျွယ်မင်နန်းတော်ရဲ့ အမာခံတပည့်တွေလား။ ဒီကို ဘာလာလုပ်ကြတာလဲ"

​အဖွားအိုက လေးလံစွာ ပြောလိုက်သည်။ သူမ၏ အသံမှာ အလွန်အက်ကွဲနေပြီး စကားပြောပြီးသည်နှင့် ပြင်းထန်စွာ ထပ်မံ ချောင်းဆိုးပြန်သည်။ သူမ၏ နှုတ်ခမ်းထောင့်တွင် သွေးစလေးများကိုပင် မြင်တွေ့နေရသည်။

​'ဒီလူက အဆင့် ၈ ရှေးဟောင်းမသေမျိုး ဖြစ်မှာပဲ'

​ဖန့်ချန်၏ စိတ်ထဲတွင် အနည်းငယ် ထိတ်လန့်သွားသည်။ တစ်ဖက်လူ၏ အရှိန်အဝါမှာ ရှဲ့အာမန်ထံမှ အရှိန်အဝါထက်ပင် မနိမ့်ကျလှချေ။ သို့သော် ဤကဲ့သို့သော အစွမ်းထက်သူတစ်ဦးမှာ သက်တမ်းကုန်ဆုံးတော့မည် ဆိုလျှင်ပင် အရွယ်တင်နုပျိုမှုကို ထိန်းသိမ်းထားနိုင်ရမည်ဖြစ်ပြီး သေဆုံးခါနီးမှသာ ရုတ်တရက် အိုမင်းသွားရမည် ဖြစ်သည်။ တစ်ဖက်လူက ရုပ်ရည်အသွင်အပြင်ကို ဂရုမစိုက်ဘူးဆိုလျှင်ပင် ဤမျှအထိ ချောင်းဆိုးနေစရာ အကြောင်းမရှိပေ။

​"မိတ်ဆွေ... ကျွန်မက ကျွယ်မင်နန်းတော်က ရှဲ့အာမန်ပါ။ နတ်ဘုရားလောက ထဲကို ခဏလောက် သွားရောက် လည်ပတ်ချင်လို့ လမ်းပြပေးဖို့ တောင်းဆိုချင်ပါတယ်"

​ရှဲ့အာမန်က ပြုံးလျက် လက်အုပ်ချီကာ ပြောလိုက်သည်။

​"နတ်ဘုရားလောက ကို သွားမလို့လား"

​အဖွားအိုက မျက်မှောင်ကြုတ်လိုက်ပြီးနောက် ခေါင်းကို အသာအယာ ညိမ့်လိုက်သည်။

"မင်းတို့ရဲ့ မသေမျိုးလှေနဲ့ ငါ့နောက်က လိုက်ခဲ့"

​ရှဲ့အာမန်က ပြုံးကာ မသေမျိုးလှေကို နှိုး၍ နောက်မှ လိုက်သွားတော့သည်။ တစ်ချိန်တည်းမှာပင် လူတိုင်းထံသို့ စိတ်ချင်းဆက်သွယ်ကာ လှမ်းပြောလိုက်သည်။

​"ဒီအဖွားအိုက မြေမသေမျိုးမျိုးနွယ် ရဲ့ အဆင့် ၈ ရှေးဟောင်းမသေမျိုးပဲ။ သူ့ကိုယ်ပေါ်က ဒဏ်ရာတွေက နတ်ဘုရားလောက ထဲမှာ ရခဲ့တာ။ သူ့ကို ဒဏ်ရာရအောင် လုပ်ခဲ့တဲ့သူကတော့ အဆင့် ၉ ကျဆုံးမသေမျိုး တစ်ဦးပဲ"

​လူတိုင်းမှာ ကြောက်ရွံ့တုန်လှုပ်သွားကြသည်။

​အဆင့် ၉ ကျဆုံးမသေမျိုး ဟုတ်လား။

All Chapters