အခန်း (၁၆၂၉-၁၆၃၀)
Vol. 163 Ch. 1629-1630
အခန်း (၁၆၂၉) - အကြီးစား တစ်ပွဲနွှဲကြစို့
ကြာနီနတ်မိမယ်မှာ ခေတ္တမျှ မှင်တက်သွားပြီးနောက် ဖန့်ချန်၏ မျက်လုံးအစုံ နောက်ကွယ်မှ အရိပ်အယောင်အတိုင်း မသိမသာ အကဲခတ်ကြည့်လိုက်ရာ လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးသည် ရွှီခွန်းတို့ သုံးယောက်ကို တကယ်ပင် စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။
ထိုသူ၏ အကြည့်မှာ သာမန် ပွဲကြည့်ပရိသတ်တစ်ဦးနှင့် မတူဘဲ တစ်စုံတစ်ခုကို ကြံစည်နေသည့်ဟန် ပေါက်နေသည်။
"ဘယ်လိုလဲ... ကျဆုံးမသေမျိုး ဖြစ်နိုင်မလား"
ဖန့်ချန်က ပြုံးလျက် စိတ်ချင်းဆက်သွယ်ကာ မေးမြန်းလိုက်သည်။
ကြာနီနတ်မိမယ်က ခေါင်းကို ခပ်ဖွဖွခါယမ်းကာ "ကျဆုံးမသေမျိုး မဟုတ်ဘူး" ဟု ပြန်ဖြေသည်။
ထို့နောက် တစ်စုံတစ်ခုကို တွေးမိသွားဟန်ဖြင့် ခေတ္တမျှ တန့်သွားပြီးမှ ဆက်ပြောသည်။
"ကျွန်မလည်း အသေအချာတော့ မပြောနိုင်ဘူး၊ ဒါပေမဲ့ ကျဆုံးမသေမျိုးနဲ့တော့ သိပ်မတူသလိုပဲ။ ပြီးတော့ ဟိုသုံးယောက်ကလည်း ဒီကို ရောက်ရောက်ချင်း ကျဆုံးမသေမျိုးရဲ့ အကြည့်ခံရဖို့ အကြောင်းပြချက် မရှိပါဘူး "
"ဒါဆိုရင် ငါပဲ အစိုးရိမ်လွန်သွားတာ ဖြစ်မှာပါ"
ဖန့်ချန်က ခေါင်းငြိမ့်ပြလိုက်သည်။
ထို့နောက် သူသည် ကြာနီနတ်မိမယ်ကို ခေါ်ဆောင်ကာ ရွှီခွန်းတို့ သုံးယောက်ရှိရာသို့ လျှောက်သွားလိုက်သည်။
ထိုလူလတ်ပိုင်း အမျိုးသားမှာလည်း လှောင်ပြောင်သရော်သည့် အမူအရာ၊ သူတစ်ပါး ဒုက္ခရောက်သည်ကို ဝမ်းသာသည့် အမူအရာတို့ဖြင့် မိမိ၏ ဆိုင်ခန်းသို့ ပြန်သွားကာ ဆက်လက်စောင့်ဆိုင်းနေတော့သည်။
ထိုသူမှာ ကျဆုံးမသေမျိုး မဟုတ်သည်မှာ အမှန်ပင်။
ရွှီခွန်း၏ ဆဲဆိုခြင်းကို ခံခဲ့ရဖူးသော နတ်ဘုရားရင်းမြစ်ကျောက်ဆိုင်ရှင် တစ်ဦးသာ ဖြစ်ပေလိမ့်မည်။ ဖန့်ချန်သည် ထိုအချက်ကို အစကတည်းက သိသော်လည်း ဤလုပ်ရပ်အားဖြင့် ကြာနီနတ်မိမယ်တွင် ကျဆုံးမသေမျိုးများကို ခွဲခြားနိုင်စွမ်း ရှိ၊ မရှိကို အတည်ပြုလိုခြင်း ဖြစ်သည်။
ကျဆုံးမသေမျိုးများ ပေါ်ပေါက်လာခြင်းသည် မိစ္ဆာမျိုးနွယ်များနှင့် သေချာပေါက် ပတ်သက်မှုရှိနေသည်မှာ အသေအချာပင်။
"ဟင်..."
ရွှီခွန်းတို့ သုံးယောက်မှာ ဖန့်ချန်နှင့် ကြာနီနတ်မိမယ်ကို မြင်သောအခါ အလွန်အမင်း အံ့အားသင့်ကာ ဝမ်းသာသွားကြသည်။ သို့သော် နှစ်ဖက်စလုံးကပင် အလိုက်တသိဖြင့် တစ်ဦးနှင့်တစ်ဦး လူပုံအလယ်တွင် ရင်းနှီးကြောင်းကို တိုက်ရိုက် ထုတ်ဖော်မပြောကြချေ။
"ညီလေး... မင်းလည်း နတ်ဘုရားရင်းမြစ်ကျောက်တွေကို စမ်းကြည့်ချင်လို့လား။ ဒီကောင်က ကစားလို့ တော်တော်ကောင်းတယ်ကွ။ ဒါပေမဲ့ ဒီဆိုင်မှာတော့ မဝယ်နဲ့၊ ငါတို့ တခြားတစ်ဆိုင်ကို ပြောင်းကြတာပေါ့"
ရွှီခွန်းက တက်ကြွစွာဖြင့် ရယ်မောကာ ပြောလိုက်သည်။
ခဏအကြာတွင် သူက ကြာနီနတ်မိမယ်ကို ကြည့်ကာ
"ဟော... ညီလေး၊ ဒါက မင်းရဲ့ အဖော်လား။ တကယ်ကို နတ်မိမယ်လေးလို လှပကျော့ရှင်းပြီး လူ့လောကက မဟုတ်သလိုပဲနော်"
ဟု မြှောက်ပင့်လိုက်ပြန်သည်။
ကြာနီနတ်မိမယ်က စိတ်ထဲမှ မျက်လုံးလှန်လိုက်ပြီးနောက် ဖန့်ချန်အား ကြည့်ကာ
"ကျွန်မတို့ တခြားနေရာကို သွားရအောင်။ ဒီလူက ကြည့်ရတာတင် နှုတ်သီးကောင်းလျှာရှည်မယ့်ပုံပဲ၊ သူနဲ့ သိပ်ပြီး မပတ်သက်ပါနဲ့"
ရွှီခွန်းသည် သူ၏ မြှောက်ပင့်စကားမှာ လွဲချော်သွားသည်ကို သိလိုက်သဖြင့် ချက်ချင်းပင် ပြန်လည်ကုစားရန် ကြိုးစားတော့သည်။
"အို... မဟုတ်တာဗျာ။ တကယ်လို့ မင်းတို့နှစ်ယောက် နတ်ဘုရားရင်းမြစ်ကျောက် ကစားချင်တယ်ဆိုရင် ငါနဲ့သာ လိုက်ခဲ့။ ငါက ဒီကျောက်တွေအကြောင်းကို အနှံ့အစပ် လေ့လာထားတာ။ တကယ်လို့ ဒီဆိုင်ရှင်က လူလိမ်ကြီး ဖြစ်မနေရင် ငါလည်း ဒီလောက်အထိ..."
"ဧည့်သည်တော်ရယ်... အဲဒီလိုတော့ မပြောပါနဲ့။ ကျွန်တော်က ဆိုင်အသေးလေး ဖွင့်ထားတာပါ၊ ဒီကျောက်တွေရဲ့ ရင်းနှီးခကလည်း မနည်းပါဘူး။ အစ်ကိုကြီး ရှုံးသွားတာက ကံမကောင်းလို့ပါဗျာ"
ဆိုင်ရှင်မှာ မတတ်သာသလို သက်ပြင်းချလိုက်ပြီးနောက် ချက်ချင်းပင် ဖန့်ချန်နှင့် ကြာနီနတ်မိမယ်ကို ပြုံးရွှင်စွာဖြင့် လာရောက်ကစားရန် ဖိတ်ခေါ်တော့သည်။
ဖန့်ချန်သည် ဝိညာဉ်ကို ခန္ဓာကိုယ်မှ ခွဲထုတ်ကာ ဆိုင်ရှိ ကျောက်တုံးများကို တစ်ချက် ဝေ့ကြည့်လိုက်သည်။ ထို့နောက် ဝိညာဉ်ကို ပြန်သိမ်းကာ ဆိုင်ရှင်ကို ပြုံးပြလိုက်သည်။
"ကျွန်တော်တို့ တခြားနေရာမှာပဲ သွားကြည့်ပါတော့မယ်။"
ဤဆိုင်ရှိ ကျောက်တုံးများမှာ အထဲတွင် ဘာမှမရှိသော ကျောက်ခွံများသာ ဖြစ်သည်။ အချို့သော ကျောက်များတွင် ပစ္စည်းရှိလျှင်ပင် တန်ဖိုးမရှိလှချေ။ သို့သော် ရောင်းဈေးမှာမူ အလွန်ကြီးလှသည်။
"ညီလေးက အမြင်ရှိသားပဲ "
ရွှီခွန်းက ချက်ချင်းပင် ခေါင်းငြိမ့်ထောက်ခံလိုက်ပြီးနောက် ဖန့်ချန်တို့ နှစ်ဦးကို မရရအောင် ဆွဲခေါ်သွားတော့ရာ ဆိုင်ရှင်မှာ ဒေါသထွက်လျက် ကျန်ရစ်ခဲ့တော့သည်။
"မိတ်ဆွေ ဖန့်၊ မိတ်ဆွေ ကြာနီ... ခင်ဗျားတို့လည်း နတ်ဘုရားရင်းမြစ်ကျောက်ကို စိတ်ဝင်စားလိမ့်မယ်လို့ မထင်ထားဘူး။ ဒါဆိုရင်တော့ ငါတို့က ဝါသနာတူတွေပေါ့"
ရွှီခွန်းသည် သူတို့နှစ်ဦးလည်း ကျောက်ကစားသည်ကို ဝါသနာပါသည်ဟု ထင်သွားသဖြင့် ပို၍ပင် ရင်းနှီးဖော်ရွေလာသည်။
လမ်းတစ်လျှောက်တွင် နတ်ဘုရားရင်းမြစ်ကျောက် နှစ်လုံးကို ဝယ်ယူကာ ဖန့်ချန်နှင့် ကြာနီနတ်မိမယ်တို့အား လက်ဆောင်ပေးခဲ့သေးသည်။ သို့သော် သူ၏ ကံမှာ အလွန်ညံ့ဖျင်းလှသဖြင့် ထိုကျောက်နှစ်လုံးစလုံးမှာ အထဲတွင် ဘာမှမပါသော ကျောက်တုံးများသာ ဖြစ်နေသည်။
နောက်ဆုံးတွင် ဖန့်ချန်က တစ်နေရာရာ၌ ထိုင်ကာ အနားယူရန် အကြံပြုသဖြင့် သူတို့အားလုံး လက်ဖက်ရည်ဆိုင် တစ်ဆိုင်သို့ ရောက်ရှိလာပြီး စကားစမြည် ပြောဖြစ်ကြသည်။ စကားပြောရာတွင်လည်း သူတစ်ပါး သတိမထားမိစေရန် လူသားနယ်မြေကိုးခုနှင့် မသေမျိုးလောကငယ်တို့နှင့် ပတ်သက်သော စကားလုံးများကို အထူးရှောင်ကြဉ်၍ ပြောဆိုကြသည်။
"မိတ်ဆွေ ရွှီရဲ့ ကံက သိပ်မကောင်းလှဘူးပဲနော်"
ကြာနီနတ်မိမယ်က ခပ်ဖွဖွ ပြုံးလိုက်သည်
"ရှင် မသေမျိုးကျောက်တုံးတွေ အတော်လေး ဆုံးရှုံးသွားပြီဆိုတော့ ခဏလောက် နားလိုက်ပါဦးလား"
ပြောပြီးနောက် သူမက ဖန့်ချန်ကို လှည့်ကြည့်လိုက်ရာ ဖန့်ချန်မှာ မျက်လုံးမှိတ်ထားသည်ကို တွေ့ရသည်။ သူ တစ်စုံတစ်ခုကို စဉ်းစားနေသည်ဟု ထင်မှတ်သဖြင့် သူမက နှောင့်ယှက်ခြင်း မပြုတော့ချေ။
ရွှီခွန်းကမူ သူသည် နတ်ဘုရားရင်းမြစ်ကျောက်များနှင့် ပတ်သက်၍ မည်မျှ အတွေ့အကြုံရှိကြောင်း၊ အရင်က မည်သို့သော အောင်မြင်မှုများ ရခဲ့ဖူးကြောင်း ဥပမာများစွာ ပေးကာ ကိုယ့်ကိုယ်ကိုယ် ပြန်လည် ခုခံပြောဆိုနေတော့သည်။
ထိုစကားများကို ဘေးပတ်ဝန်းကျင်ရှိ မသေမျိုးအချို့က ကြားသော် မသိမသာ ခေါင်းငြိမ့်ထောက်ခံနေကြသည်။
သူတို့ စကားပြောနေကြစဉ်အတွင်း ဖန့်ချန်၏ ဝိညာဉ်မှာမူ နတ်ဘုရားရင်းမြစ်ကျောက်တည်ရာအရပ်အတွင်း၌ လှည့်လည်သွားလာနေပြီ ဖြစ်သည်။ ဆိုင်ခန်းပေါင်းစုံ၊ စင်ပေါင်းစုံကို တစ်ခုချင်းစီ ဖြတ်ကျော်ကြည့်ရှုနေတော့သည်။
နတ်ဘုရားရင်းမြစ်ကျောက် ဆိုသည်မှာ သာမန်ကျင့်ကြံသူများအတွက် အသက်နှင့်ရင်း၍ လောင်းကစားရသော အရာဖြစ်သော်လည်း ဖန့်ချန်အတွက်မူ အထူးကျောက်ခွံတစ်ခု ဖုံးအုပ်ထားသော ကုန်ပစ္စည်းတစ်ခုသာ ဖြစ်သည်။ အတွင်း၌ ပစ္စည်းရှိ၊ မရှိနှင့် ဘာပစ္စည်းဖြစ်သည်ကို သူသည် အထင်အရှား မြင်နိုင်စွမ်း ရှိသည်။
သူ၏ အတွေးမှာ ရိုးရှင်းပါသည်။ မှန်လေး အတွက် နောင်တွင် မသေမျိုးကျောက်တုံး အမြောက်အမြား လိုအပ်မည်မှာ သေချာသည်။
ယခုပင် သူက မသေမျိုးကျောက်တုံး ခြောက်ထောင်မျှ အကြွေးတင်နေသေးသည်။ ဤနေရာသို့ သူသည် တစ်ကြိမ်သာ လာဖြစ်ပေလိမ့်မည်။ ထို့ကြောင့် တစ်ခါတည်းနှင့် အကြီးစား တစ်ပွဲနွှဲကာ ပစ္စည်းများကို သိမ်းကျုံးယူသွားနိုင်လျှင် နောင်တွင် ဖြစ်လာမည့် ပြဿနာများစွာကို ရှောင်လွှဲနိုင်မည်ဖြစ်သည်။
'အခု ငါ့လက်ထဲမှာ မသေမျိုးကျောက်တုံး ရာဂဏန်းပဲ ကျန်တော့တယ်၊ မိတ်ဆွေ ကြာနီ့ဆီမှာလည်း သိပ်ရှိမှာ မဟုတ်ဘူး။ အရင်ဆုံး အနည်းငယ်ကနေ အများကြီးဖြစ်အောင် လုပ်မယ်၊ ပြီးမှ အကြီးစား တစ်ပွဲနွှဲပြီး လူတွေ သတိမထားမိခင်မှာ ဒီကနေ ထွက်သွားမယ်...'
ဖန့်ချန်၏ ဝိညာဉ်အာရုံမှာ စတုတ္ထဇုန်မှ ထွက်ခွာသွားပြီ ဖြစ်သည်။ ထိုဇုန်ရှိ တန်ဖိုးရှိသော ကျောက်တုံးအချို့ကို သူက အမှတ်အသား ပြုလုပ်ထားပြီး ဖြစ်ရာ အကယ်၍ တစ်စုံတစ်ယောက်က ဝယ်မသွားလျှင် သူသည် အလွယ်တကူ လက်ဝယ်ပိုင်ဆိုင်နိုင်မည် ဖြစ်သည်။
ပဉ္စမဇုန်သို့ ရောက်သောအခါ ကျောက်တုံးများ၏ အရည်အသွေးမှာ ပိုမိုမြင့်မားလာသလို ဈေးနှုန်းမှာလည်း ပိုကြီးလာသည်။ စတုတ္ထဇုန်တွင် တွေ့ရခဲသော အဆင့် ၂ နှင့် အဆင့် ၃ မသေမျိုးများကို ဤနေရာ၌ အနှံ့အပြား တွေ့မြင်ရသည်။
"ဒါက မသေမျိုးကျောက်တုံး အကြမ်းထည်ပဲ။ ဒါကို သေသေချာချာ သွေးလိုက်ရင် စံသတ်မှတ်ချက်မီ မသေမျိုးကျောက်တုံး အလုံး ငါးရာလောက် ထွက်လာနိုင်တာကို သူတို့က မသေမျိုးကျောက်တုံး လေးဆယ်နဲ့ပဲ ရောင်းနေတာလား"
ဖန့်ချန်သည် ဆိုင်ခန်းငယ်တစ်ခုသို့ ရောက်ရှိသွားသည်။ ထိုနေရာတွင် ကျောက်တုံးပေါင်း တစ်ရာနီးပါး ရှိနေပြီး ၎င်းတို့ထဲမှ ကျောက်တစ်လုံးမှာ မသေမျိုးကျောက်တုံး အကြမ်းထည်အဖြစ် တိုက်ရိုက်ခွဲယူနိုင်သော ကျောက်ဖြစ်သည်။
ထိုအချက်ကို စိတ်ထဲ၌ မှတ်သားထားပြီးနောက် ဖန့်ချန်သည် ပဉ္စမဇုန်ကို တစ်ပတ်ပတ်ကာ စူးစမ်းပြီး ဆဋ္ဌမဇုန်သို့ ဝင်ရောက်ခဲ့သည်။
ဤနေရာတွင် အဆင့် ၄ နှင့် အဆင့် ၅ မသေမျိုးများကို စတင်တွေ့မြင်လာရသည်။ သို့သော် ဤနေရာရှိ ကျောက်တုံးများမှာ ဈေးနှုန်း အလွန်ကြီးလှသည်။
၎င်းတို့မှာ အကောင်းဆုံးများ ဖြစ်ကြပြီး ကျောက် ၁၀ လုံးလျှင် ၆ လုံးခန့်မှာ ပစ္စည်းထွက်တတ်သည်။ ထိုနေရာ၌ လှည့်လည်သွားလာနေသော မသေမျိုးများမှာ အရှိန်အဝါ အလွန်မြင့်မားကြပြီး ကျင့်ကြံမှုအဆင့် မြင့်မားရုံသာမက နောက်ခံအင်အားလည်း ရှိကြသူများ ဖြစ်သည်။
ဖန့်ချန်သည် ပစ္စည်းပါသော ကျောက်တုံးအချို့ကို တိတ်တဆိတ် မှတ်သားပြီးနောက် သူ၏ ဝိညာဉ်မှာ သတ္တမဇုန် သို့ ရောက်ရှိသွားသည်။ ထိုနေရာတွင် အဆင့် ၆ မသေမျိုး အမြောက်အမြားကို တွေ့မြင်ရသည်။
သူတို့သည် ကျောက်ကစားရုံသာမက သီးသန့် အပြင်လောင်းကစားများကိုပါ ပြုလုပ်ကြပြီး တစ်ပွဲလျှင် မသေမျိုးကျောက်တုံး ရာဂဏန်းအထိ လောင်းကြကြသည်။ အဆင့် ၁ မသေမျိုး အတော်များများမှာ ဘေးမှနေ၍ ဗဟုသုတအဖြစ် ငေးကြည့်နေကြရသည်။
ခဏအကြာတွင် ဖန့်ချန်၏ ဝိညာဉ်မှာ ဗဟိုချက်အကျဆုံး နေရာသို့ ရောက်ရှိသွားသည်။ ထိုနေရာ၏ အလယ်တွင် ရေကန်ကြီးတစ်ခု ရှိပြီး ရေကန်အလယ်တွင် ကျွန်းငယ်လေး တစ်ကျွန်း ရှိသည်။
ထိုနေရာတွင်လည်း အဆင့် ၆ မသေမျိုးများကိုသာ တွေ့ရသော်လည်း သူတို့၏ နောက်ခံနှင့် အဆင့်အတန်းမှာ သတ္တမဇုန်မှ အဆင့် ၆ မသေမျိုးများနှင့် သိသိသာသာ ခြားနားလှသည်။
'အဆင့် ၇ ရှေးဟောင်းမသေမျိုးတွေ မရှိဘူးပဲ၊ ဒါဆိုရင်တော့ လုပ်ရကိုင်ရတာ လွယ်ကူသွားပြီ။ ကျဆုံးမသေမျိုးတွေနဲ့ ကြုံရင်တောင် အန္တရာယ် သိပ်မကြီးနိုင်ဘူး'
အခြေအနေအရပ်ရပ်ကို စူးစမ်းပြီးနောက် ဖန့်ချန်သည် သူ၏ ဝိညာဉ်ကို ခန္ဓာကိုယ်အတွင်းသို့ ပြန်လည်သွင်းလိုက်သည်။
ရွှီခွန်းမှာမူ သူ၏ ကျောက်ခွဲခဲ့သော ထူးခြားပြောင်မြောက်လှသည့် အတိတ်နောက်ကြောင်းများကို အားရပါးရ ပြောဆိုနေဆဲ ဖြစ်သည်။ ကြာနီနတ်မိမယ်မှာ နားထောင်ရသည်မှာ ငြီးငွေ့လာပုံရပြီး ဖန့်ချန် မျက်လုံးပွင့်လာသည်ကို မြင်သောအခါ ရုတ်တရက် ပြုံး၍ ပြောလိုက်သည်။
"ဖန့်ချန်... ကျွန်မတို့ ကျောက်အချို့ဝယ်ပြီး ကစားကြရအောင်။ ဒီမိတ်ဆွေ ရွှီက သူရဲ့ နတ်ဘုရားရင်းမြစ်ကျောက် ပညာရပ်မှာ ပြိုင်ဘက်ကင်းတယ်လို့ ဆိုနေတော့ ကျွန်မတို့ သူနဲ့ ပြိုင်ကြည့်ကြတာပေါ့"
ရွှီခွန်းသည် မျက်လုံးများ ဝင်းလက်သွားပြီးနောက် ဟန်ကိုယ့်ဖို့ဖြင့် ပြောလိုက်သည်။
"မိတ်ဆွေ... ဖန့်က ကြည့်ရတာ အတွေ့အကြုံ သိပ်ရှိပုံမရတော့ ငါနဲ့ မပြိုင်ပါနဲ့ဦး။ ဒါပေမဲ့... တကယ်လို့ ပြိုင်ချင်တယ်ဆိုရင်လည်း ကိစ္စမရှိပါဘူး၊ အပျော်သဘောပေါ့၊ အလျော်အစားလေး ထည့်လိုက်ရင် ပိုပြီး စိတ်လှုပ်ရှားဖို့ ကောင်းတာပေါ့"
ကျန်အမာခံတပည့်နှစ်ဦးက ဖန့်ချန်မှာ နံပါတ်ကိုး (နန်းတော်၏ အရေးပါသူ) ဖြစ်ပြီး အဆင့်အတန်းချင်း မတူကြောင်း၊ သူနှင့်ပြိုင်၍ နိုင်လျှင်လည်း အကျိုးမရှိကြောင်း စိတ်ချင်းဆက်သွယ်ကာ တားမြစ်ကြသည်။
သို့သော် ရွှီခွန်းမှာ လောင်းကစားပိုး ထနေပြီ ဖြစ်ရာ သူတို့၏ စကားကို မကြားချင်ယောင် ဆောင်နေတော့သည်။
"ဒါဆိုရင် မသေမျိုးကျောက်တုံး နှစ်ရာလောက်နဲ့ လောင်းကြမလား"
ဖန့်ချန်က ပြုံးလျက် ရွှီခွန်းကို ကြည့်ကာ မေးလိုက်သည်။
ယခင်က သူသည် ရွှီခွန်းထံမှ မသေမျိုးကျောက်တုံး နှစ်ရာ ချေးယူခဲ့ဖူးရာ အကယ်၍ သူနိုင်ခဲ့လျှင် ထိုအကြွေးမှာ တစ်ခါတည်း ကျေအေးသွားပေလိမ့်မည်။
ရွှီခွန်းသည် စကား၏ အဓိပ္ပာယ်ကို နားလည်သွားသဖြင့် ချက်ချင်းပင် ခေါင်းငြိမ့်လိုက်သည်။
"ကောင်းပြီ ငါတို့ ခုနစ်ရက် အချိန်သတ်မှတ်ရအောင်။ ဒီခုနစ်ရက်အတွင်းမှာ ငါ မင်းနဲ့အတူ ကျောက်တွေ ဝယ်မယ်၊ ဘယ်သူ ပိုပြီး နိုင်မလဲဆိုတာ ကြည့်ကြတာပေါ့၊ ဟဲဟဲ..."
အခန်း (၁၆၃၀) - ကျိရှန့်မသေမျိုးအင်ပါယာ
နတ်ဘုရားရင်းမြစ်ကျောက်များကို ကစားရသည့် ဖြစ်စဉ်မှာ အမြဲတမ်း စိတ်လှုပ်ရှားမှုတို့ဖြင့် ပြည့်နှက်နေတတ်သည်။
ပထမဦးစွာ အဖိုးတန်လှသော မသေမျိုးကျောက်တုံး အမြောက်အမြားကို ပုံအောပေးချေရသည်။ ထို့နောက် အမြတ်အစွန်းရလိုဇောဖြင့် မျှော်လင့်ချက်ကြီးစွာ စောင့်ဆိုင်းရသည်။ အဆုံးသတ်တွင်မူ အားလုံး ဆုံးရှုံးသွားသောအခါ တင်းကျပ်နေသော စိတ်အာရုံမှာ လျော့ရဲသွားပြီး မကျေမနပ်ဖြစ်ကာ နောက်တစ်ကြိမ် ထပ်မံကစားပြန်သည်။ ဤသံသရာမှာ အဖန်တလဲလဲ လည်ပတ်နေတော့သည်။
ရံဖန်ရံခါ အမြတ်အစွန်း အနည်းငယ် ရရှိသွားတတ်ခြင်းက မိမိကိုယ်ကို ကံဇာတာ တက်လာပြီဟု ထင်မှတ်မှားစေတတ်သည်။ ထိုအခါ ယုံကြည်မှုများ အပြည့်အဝ ဖြစ်ပေါ်လာသော်လည်း နောက်ဆုံးတွင် ထိုယုံကြည်မှုနှင့်အတူ ရရှိထားသမျှ အမြတ်အစွန်းများပါ ဆုံးရှုံးခြင်းဖြင့်သာ နိဂုံးချုပ်သွားရစမြဲ။
အဆုံးအထိ ပြုံးနိုင်သူမှာ အမြဲတမ်း နတ်ဘုရားရင်းမြစ်ကျောက်ဆိုင်ရှင်များသာ ဖြစ်သည်။
ထိုခုနစ်ရက်တာအတွင်း ရွှီခွန်း၏ စိတ်အခြေအနေမှာ ကမောက်ကမဖြစ်လျက် အလွန်ပင် ရှုပ်ထွေးနေခဲ့သည်။ ရှေ့ဆင့်နောက်ဆင့် သူသည် မသေမျိုးကျောက်တုံး ခုနစ်ရာကျော် ဆုံးရှုံးခဲ့ရသည်။ ဤငွေပမာဏမှာ သူကဲ့သို့သောသူအတွက်ပင် အတော်လေး ရင်နာစရာကောင်းလှသည်။
သို့သော် သူ၏ မျက်စိရှေ့မှောက်မှာတင် ဤနံပါတ်ကိုး အမာခံတပည့် ဖန့်ချန်မှာမူ တစ်လုံးပြီးတစ်လုံး အကြီးအကျယ် နိုင်နေသည်ကို တွေ့မြင်နေရသည်။ ရံဖန်ရံခါ အနည်းငယ် ရှုံးနိမ့်ခြင်းမှာ ပြောပလောက်သည့် ကိစ္စမဟုတ်ချေ။
တိုတောင်းလှသော ခုနစ်ရက်တာအတွင်းမှာတင်...
"မသေမျိုးကျောက်တုံး ခုနစ်ထောင်၊ ရှစ်ထောင်လောက်တောင် မြတ်သွားတာ မဟုတ်ဘူးလား"
ရွှီခွန်းသည် ဖန့်ချန်၏ နောက်မှ လိုက်ရင်း တိုးတိုးလေး ရေရွတ်နေမိသည်။
မသေမျိုးကျောက်တုံးများကို ဤမျှ မြန်ဆန်သောနှုန်းဖြင့် ရှာဖွေနိုင်သည်ကို သူ ပထမဆုံးအကြိမ် တွေ့ဖူးခြင်းဖြစ်သည်။ သူသည် နှစ်ပေါင်းများစွာ ချွေတာစုဆောင်းခဲ့မှသာ ထိုမျှသော မသေမျိုးကျောက်တုံးများကို ပိုင်ဆိုင်နိုင်ခဲ့ခြင်း ဖြစ်သည်။ သို့သော် တစ်ဖက်လူမှာမူ တစ်ရက်လျှင် မသေမျိုးကျောက်တုံး တစ်ထောင်ကျော်နှုန်းဖြင့် အေးအေးဆေးဆေးပင် ရရှိနေတော့သည်။
'ဖန့်ချန်က သေချာပေါက် နတ်ဘုရားရင်းမြစ်ကျောက် ပညာရှင်ပဲ၊ အဲဒါမှလည်း ဝါရင့်အတွေ့အကြုံရှိတဲ့ ပညာရှင်မျိုး... ကျောက် ၁၀ လုံးမှာ ၃ လုံးပဲ ရှုံးတယ်ဆိုတာ...'
ဤသို့တွေးမိသည်နှင့် ရွှီခွန်း၏ မျက်နှာတွင် အပြုံးများ ဝေဆာလာပြီး ဖန့်ချန်၏ ဘေးနားသို့ အပြေးအလွှား သွားကာ ဖားယားသော လေသံဖြင့် ဆိုလိုက်သည်။
"မိတ်ဆွေ ဖန့်... မင်းမှာ တပည့်လက်ခံဖို့ အစီအစဉ် ရှိပါသလားဗျာ"
ကြာနီနတ်မိမယ်နှင့် ကျန်ရှိသော အမာခံတပည့်နှစ်ဦးမှာ ရွှီခွန်း၏ ရည်ရွယ်ချက်ကို ချက်ချင်း ရိပ်မိလိုက်ကြသည်။ သို့သော် သူတို့သည် ရွှီခွန်းကို အထင်မသေးနိုင်ကြချေ။ အဘယ်ကြောင့်ဆိုသော် သူတို့ကိုယ်တိုင်ပင် ယခုအချိန်တွင် ဆရာတင်ပြီး ပညာသင်ယူလိုသော စိတ်ဆန္ဒများ မသိမသာ ဖြစ်ပေါ်နေသောကြောင့် ဖြစ်သည်။
"မိတ်ဆွေ ရွှီ... ငါက ကံကောင်းတာသက်သက်ပါ၊ တကယ်တော့ နတ်ဘုရားရင်းမြစ်ကျောက် ဆိုတာမျိုးက ဘယ်မှာ အမြဲတမ်းနိုင်မယ်လို့ အာမခံနိုင်မှာလဲ"
ဖန့်ချန်က ခပ်အေးအေးပင် ပြုံး၍ ဆိုသည်။
လူတိုင်းမှာ တစ်ဝက်ယုံ တစ်ဝက်မယုံ ဖြစ်နေကြသော်လည်း သူတို့သည် ကံတရားနှင့် ကံဇာတာ အယူအဆအပေါ် အတော်လေး ယုံကြည်ကြသူများ ဖြစ်သည်။
ဖန့်ချန်သည် တိုတောင်းလှသော အချိန်အတွင်း ကျွယ်မင်နန်းတော်၏ အမာခံတပည့် ဖြစ်လာနိုင်ခြင်း၊ အစီရင်မသေမျိုးပညာရပ်ကို နားလည်သဘောပေါက်ခြင်းနှင့် အမာခံတပည့်များထဲတွင် အဆင့် ၉ ချိတ်ခြင်းတို့ကို စဥ်းစားကြည့်သောအခါ သူ၏ စကားကို အလေးအနက် ပြန်လည် စဉ်းစားစရာ ဖြစ်လာခဲ့သည်။
ရွှီခွန်းကို ဆက်လက် အဖတ်မလုပ်တော့ဘဲ ဖန့်ချန်သည် အဝေးရှိ ဆိုင်ခန်းတစ်ခုဆီသို့ လျှောက်သွားလိုက်သည်။ ယခုအခါ သူတို့သည် ဆဋ္ဌမဇုန်သို့ ရောက်ရှိနေကြပြီဖြစ်သည်။ ယခင် စတုတ္ထနှင့် ပဉ္စမဇုန်များတွင် သူ လက်မလွှတ်ခဲ့သော နတ်ဘုရားရင်းမြစ်ကျောက်များစွာ ရှိနေသေးသည်။
သူ တွက်ချက်ထားသည်မှာ တစ်ရက်လျှင် မသေမျိုးကျောက်တုံး တစ်ထောင်နှုန်းဖြင့် အမြတ်ထုတ်ခြင်းက ရေရှည်အတွက် ပို၍ သင့်တော်သည်။ တစ်နေရာတည်းတွင် ကျောက်နှစ်ကြိမ် ဆက်တိုက် မဝယ်သရွေ့ သူတစ်ပါး၏ အထူးတလည် သတိပြုခြင်းကို ခံရမည်မဟုတ်ချေ။
ရံဖန်ရံခါ အရှုံးအချို့နှင့် အနိုင်အချို့ကို ရောနှောပြထားခြင်းဖြင့် ကြာနီနတ်မိမယ်နှင့် ရွှီခွန်းတို့ကဲ့သို့ အစအဆုံး လိုက်ကြည့်နေသူများမှလွဲ၍ ကျန်သူများမှာ ဖန့်ချန် ရှုံးနေသလား၊ နိုင်နေသလား ဆိုသည်ကို ဝေခွဲနိုင်မည်မဟုတ်ချေ။
မျက်စိတစ်မှိတ်အတွင်းမှာပင် ရက်အနည်းငယ် ထပ်မံကုန်ဆုံးသွားခဲ့သည်။
ရွှီခွန်းတို့ သုံးယောက်မှာမူ မသေမျိုးကျောက်တုံးများ ကုန်ခမ်းသွားပြီဟု ဆိုကာ ဟန်ရှန်းဘုရားကျောင်း နယ်မြေအတွင်း လှည့်လည်စူးစမ်းပြီး အရှုံးများကို ပြန်လည်ကာမိအောင် လုပ်ဆောင်မည်ဟု ပြောဆိုလျက် နတ်ဘုရားရင်းမြစ်ကျောက်တည်ရာအရပ်မှ ထွက်ခွာသွားကြပြီ ဖြစ်သည်။
ဤနေ့တွင် ဖန့်ချန်နှင့် ကြာနီနတ်မိမယ်တို့သည် ပုံမှန်အတိုင်းပင် အမြတ်ထုတ်ရန် အပြင်ထွက်လာခဲ့ကြသည်။ ထိုသို့ ထွက်လာစဉ် လမ်းသွားလမ်းလာများ၏ စကားဝိုင်းမှတစ်ဆင့် ရှဲ့အာမန်နှင့် ပတ်သက်နိုင်သော သတင်းအချို့ကို ကြားလိုက်ရသည်။
အဆင့် ၃ မသေမျိုး အချို့မှာ ကျောက်ခွဲရင်း ပေါ့ပေါ့ပါးပါး စကားပြောနေကြခြင်း ဖြစ်သည်။
"ကြားလိုက်လား... ပြီးခဲ့တဲ့ ရက်ပိုင်းက ဟန်ရှန်းဘုရားကျောင်းကို ဧည့်သည်တစ်ယောက် ရောက်လာသတဲ့။ ငါးကွက်တည်းနဲ့ ဟန်ရှန်းဘုရားကျောင်းရဲ့ ကျောင်းထိုင်ဆရာတော်ကြီးကို အသည်းအသန် ဒဏ်ရာရအောင် တိုက်ခိုက်ပြီး ထွက်ပြေးစေခဲ့တာတဲ့။ အဲဒီအချိန်မှာ ဆရာတော်ကြီးက သူ့ရဲ့ မူလရုပ်သွင်တောင် ပေါ်လာခဲ့တယ်ဆိုပဲ၊ တကယ်တော့ သူက နတ်ဆိုးမသေမျိုး တစ်ဦး ဖြစ်နေတာလေ"
"နတ်ဆိုးမသေမျိုး ဟုတ်လား။ ဟန်ရှန်းဘုရားကျောင်းရဲ့ ဆရာတော်ကြီးက နတ်ဆိုးမသေမျိုး ဖြစ်နေတယ်ပေါ့... တကယ်ပဲ ထူးဆန်းတဲ့ ကိစ္စပါလား"
"ဟုတ်တယ်၊ တောဝက်ကနေ လူအသွင်ပြောင်းနေတဲ့ နတ်ဆိုးတဲ့။ တိုက်ပွဲမှာ သူ့ရဲ့ မူလရုပ်သွင် ပေါ်မလာရင် ဘယ်သူမှ ယုံမှာ မဟုတ်ဘူး"
"ဒီကိစ္စ အမှန်အမှားက ထားပါဦး။ ငါမှတ်မိသလောက်တော့ ဟန်ရှန်းဘုရားကျောင်း ဆရာတော်ကြီးက အဆင့် ၇ ရှေးဟောင်းမသေမျိုးလေ၊ ဟန်ရှန်းနယ်မြေမှာ နှစ်ပေါင်းများစွာ အုပ်စိုးခဲ့တာ ပြိုင်ဘက်မရှိသလောက်ပဲ။ အဲဒါကို ဘယ်သူက ငါးကွက်တည်းနဲ့ အနိုင်ယူလိုက်တာလဲ"
"ဟဲဟဲ... တချို့ကတော့ ခန့်မှန်းကြတယ်၊ လှုပ်ရှားခဲ့တဲ့သူက ရှဲ့ဝူတီ (ရှဲ့ပြိုင်ဘက်ကင်း) တဲ့"
"မသေမျိုးဆိုး ရှဲ့ဝူတီလား။ ဒီမိန်းမ ထပ်ပေါ်လာပြန်ပြီလား။ သူက အင်ပါယာရဲ့ ဖမ်းဝရမ်း အထုတ်ခံထားရတာ မဟုတ်လား၊ အကြာကြီး ပျောက်နေလို့ အသတ်ခံလိုက်ရပြီ ထင်နေတာ..."
ဖန့်ချန်နှင့် ကြာနီနတ်မိမယ်တို့သည် ဤစကားကို ကြားသောအခါ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။ သူတို့ နှစ်ဦးစလုံး ရှဲ့အာမန်ကို ပြေးမြင်မိကြသည်မှာ အသေအချာပင်။
'မသေမျိုးဆိုး... ဖမ်းဝရမ်း... ကြည့်ရတာ စီနီယာအစ်မကြီးက နတ်ဘုရားလောကမှာ အကြီးစားကိစ္စတွေ လုပ်ခဲ့တာ ဒါ ပထမဆုံးအကြိမ် မဟုတ်ဘူးပဲ'
ဖန့်ချန်က စိတ်ထဲမှ တွေးလိုက်သည်။
ထိုသူများ ပြောဆိုနေသော အင်ပါယာ ဆိုသည်မှာ လက်ရှိ နတ်ဘုရားလောကရှိ နိုင်ငံရေး အင်အားစုကြီး လေးခုထဲမှ တစ်ခုကို ရည်ညွှန်းခြင်း ဖြစ်သည်။ ဟန်ရှန်းဘုရားကျောင်း နယ်မြေအပါအဝင် ထိုနေရာအားလုံးမှာ ထိုအင်ပါယာ၏ အုပ်ချုပ်မှုအောက်တွင် ရှိသည်။
ထိုအင်ပါယာ၏ နောက်ကွယ်တွင် ကျဆုံးမသေမျိုးများ ရှိနေမည်မှာ အမှန်ပင်။ သို့သော် ထိုကျဆုံးမသေမျိုးများသည် သမိုင်းကို ပြောင်းလဲပြင်ဆင်ထားခဲ့ကြသဖြင့် လက်ရှိ သာမန်မသေမျိုးများမှာ ယခင်က ကျဆုံးမသေမျိုးများက မသေမျိုးများကို စားသုံးခဲ့သည်ကိုပင် မသိကြတော့ချေ။ ထို့ကြောင့် သူတို့သည် မသေမျိုးများကို စားသုံးလိုလျှင်ပင် ဟန်ဆောင်မှုများ ပြုလုပ်ရပြီး ပေါ်ပေါ်ထင်ထင် ထုတ်ဖော်ဝံ့ကြခြင်း မရှိချေ။
'ကျိရှန့်မသေမျိုးအင်ပါယာ .. ဒီအင်ပါယာရဲ့ အင်အားစုစုပေါင်းက ဘယ်လောက်အထိ ရှိမလဲ မသိဘူး။ ဒါပေမဲ့ ကျွယ်မင်နန်းတော်ထက်တော့ သာလိမ့်မယ် ထင်တယ်။ အဆင့်မြင့် အင်အားစုကြီး နှစ်ခု၊ သုံးခုလောက်နဲ့ ညီမျှနေမလားပဲ'
ဤသို့ တွေးတောနေစဉ် ဖန့်ချန်သည် မိမိတို့ဆီသို့ လျှောက်လှမ်းလာသော ရင်းနှီးသည့် လူတစ်ဦးကို တွေ့လိုက်ရသည်။
ထိုသူမှာလည်း ကျွယ်မင်နန်းတော်မှ အမာခံတပည့်တစ်ဦးပင် ဖြစ်သည်။ သို့သော် သူ၏ သမ္ဘာမှာ လီရှမ်းဇီ၊ ကျိရှန့်တို့ထက် ပို၍ ဝါရင့်လှသည်။ သူသည် အဆင့် ၄ မသေမျိုး ဖြစ်သော်လည်း အစီရင်မသေမျိုးပညာရပ်ကို ယခုတိုင် နားမလည်နိုင်သေးသူ ဖြစ်သည်။
ထိုသူသည် ဖန့်ချန်နှင့် ကြာနီနတ်မိမယ်ကို မြင်သောအခါ အံ့အားသင့်သည့် အရိပ်အယောင် ပေါ်လာပြီးနောက် နှစ်ဖက်စလုံးက မျက်ရိပ်ပြလျက် လက်ဖက်ရည်ဆိုင် တစ်ဆိုင်သို့ ဝင်ရောက်ခဲ့ကြသည်။
"မိတ်ဆွေ ဖန့်နဲ့ မိတ်ဆွေ ကြာနီတို့နဲ့ ဒီမှာ ဆုံရတာ တကယ်ပဲ ရေစက်ပါပဲ"
"မိတ်ဆွေ ချန်... မင်းက ဘာလို့ တစ်ယောက်တည်း ဖြစ်နေတာလဲ" ဖန့်ချန်က ပြုံး၍ မေးလိုက်သည်။
ထိုအမာခံတပည့်၏ မျိုးရိုးအမည်မှာ ချန် ဖြစ်ပြီး သူသည်လည်း အပြင်စည်းကျင့်ကြံသူ ဘဝမှ တက်လာသူ ဖြစ်သည်။ ကျွယ်မင်နန်းတော်တွင် မည်မျှကြာအောင် ရှိနေခဲ့သည်ကိုမူ ဖန့်ချန် မသိချေ။
"လာတဲ့လမ်းမှာ ဟိုပုဂ္ဂိုလ် (ရှဲ့အာမန်) က စိတ်ဝင်စားစရာ ကိစ္စအချို့တွေ့လို့ဆိုပြီး တစ်ယောက်တည်း ထွက်သွားတယ်။ ငါက အဲဒီကိစ္စတွေကို စိတ်မဝင်စားတာနဲ့ ဒီမှာ အချိန်ဖြုန်းဖို့ လာခဲ့တာ"
အမာခံတပည့် ချန်က ပြုံးလျက်
"ဒါပေမဲ့ ဒီမှာ ခင်ဗျားတို့ နှစ်ယောက်ကို တွေ့ရမယ်လို့ မထင်ထားဘူး။ ခင်ဗျားတို့လည်း မသေမျိုးကျောက်တုံးတွေ အတော်လေး ရခဲ့လိမ့်မယ် ထင်တယ်"
ဖန့်ချန်သည် ထိုမေးခွန်းကို တိုက်ရိုက်မဖြေဘဲ အသာအယာပင် လွှဲဖယ်၍ စကားလမ်းကြောင်း ပြောင်းလိုက်သည်။
သူတို့ သုံးယောက် စကားပြောနေကြစဉ်မှာပင် ရုတ်တရက် အပြင်ဘက်၌ ဆူညံပွက်လောရိုက်မှုအချို့ ဖြစ်ပေါ်လာသည်။ အမာခံတပည့် ချန်က လှည့်ကြည့်လိုက်ရာ သူ၏ မျက်နှာအမူအရာမှာ ချက်ချင်းပင် တည်တံ့လေးနက်သွားတော့သည်။
"ဘာဖြစ်တာလဲ" ဖန့်ချန်ကလည်း အပြင်သို့ လှမ်းကြည့်လိုက်သည်။
နတ်ဘုရားရင်းမြစ်ကျောက်တည်ရာအရပ်အတွင်းသို့ တူညီသော ကျင့်ကြံသူဝတ်စုံများကို ဝတ်ဆင်ထားသည့် လူစုတစ်စု ရောက်ရှိလာသည်ကို တွေ့ရသည်။
ထိုကျင့်ကြံသူများသည် ခြေဆုံးခေါင်းဆုံး လက်နက်ကိရိယာ အပြည့်အစုံ ဆင်ယင်ထားကြသည်။ ခေါင်းပေါ်ရှိ ဆံထိုး၊ ကိုယ်ပေါ်ရှိ ဝတ်ရုံ၊ ခြေထောက်မှ ဖိနပ်များမှာ ဝိညာဥ်ပစ္စည်း များ ဖြစ်ကြသည်။ ခါးပတ်ပင်လျှင် အနည်းဆုံး ကောင်းကင်အဆင့်ပစ္စည်းများ ဖြစ်ကြသည်။
ထိုကျင့်ကြံသူများ၏ ကျင့်ကြံမှုအဆင့်မှာ မမြင့်မားလှချေ။ ခေါင်းဆောင်မှာ အဆင့် ၁ မသေမျိုး ဖြစ်ပြီး ကျန်ရှိသူများမှာ အဆင့်မြင့်ကျင့်ကြံသူများနှင့် မသေမျိုးအဖြစ် ကူးပြောင်းခါစ သူများသာ ဖြစ်ကြသည်။
"ဒါ... ကျိရှန့်အင်ပါယာရဲ့ တာ့ပေတပ်ဖွဲ့ ပဲ"
အမာခံတပည့် ချန်က စိုးရိမ်တကြီးဖြင့် လေသံတိုးတိုးဖြင့် ပြောလိုက်သည်။
"ကျိရှန့်အင်ပါယာမှာ နာမည်ကြီး မသေမျိုးတပ်မတော် နှစ်ခု ရှိတယ်။ အဲဒါတွေက တာ့စီးတပ်ဖွဲ့ နဲ့ တာ့ပေတပ်ဖွဲ့ ပဲ"
"တာ့စီးတပ်ဖွဲ့က အလွယ်တကူ ထွက်လှုပ်ရှားလေ့မရှိဘူး၊ အင်ပါယာရဲ့ မြို့တော်မှာပဲ အဓိကရှိတတ်တယ်။ တာ့ပေတပ်ဖွဲ့ကတော့ တစ်လောကလုံးကို လှည့်လည်စောင့်ကြပ်ရတဲ့ တာဝန်ရှိတယ်။ အင်ပါယာရဲ့ ဥပဒေတွေကို ချိုးဖောက်တဲ့ ဘယ်လိုကိစ္စမျိုးကိုမဆို တားဆီး၊ စုံစမ်း၊ နှိမ်နင်းရတာ သူတို့ အလုပ်ပဲ"
"မသေမျိုးဆိုး စာရင်းဝင် ဝရမ်းပြေးတွေကို နှိမ်နင်းဖို့ကလည်း သူတို့ တာဝန်ပဲ။ အခု ဒီကျောက်တည်ရာအရပ်ကို မသေမျိုးဆိုး တစ်ယောက်ယောက် ရောက်နေတယ်ဆိုတဲ့ သတင်းရလို့ လိုက်လာတာလား မသိဘူး"
'အရင်တုန်းက တာ့ချန်းနိုင်ငံရဲ့ ဓားကိုင်ရဲမက် တွေရဲ့ တာဝန်နဲ့ ဆင်တူတာပဲ' ဟု ဖန့်ချန်က စိတ်ထဲမှ မှတ်ချက်ပြုလိုက်သည်။
နယ်မြေတစ်ခုကို အုပ်ချုပ်ရန်အတွက် ထိုကဲ့သို့သော အာဏာပိုင်ဌာနများ ရှိရန် လိုအပ်ပေသည်။ ထိုသို့သော ဌာနများ မရှိလျှင် လောကကြီးမှာ ပရမ်းပတာ ဖြစ်နေပေလိမ့်မည်။
"မကောင်းတော့ဘူး... သူတို့ လက်ဖက်ရည်ဆိုင်ဘက်ကို လာနေပြီ။ ငါတို့မှာ ကျိရှန့်အင်ပါယာရဲ့ မသေမျိုးနိုင်ငံသား မှတ်ပုံတင် မရှိဘူး၊ အစစ်ဆေးခံရရင် အလုပ်ရှုပ်လိမ့်မယ်။ အကယ်၍ ငါတို့ကို ပေတိန်အင်ပါယာ ဘက်က လူတွေလို့ အထင်မှားပေးရင်တော့ ကံကောင်းတာပေါ့၊ ဒါပေမဲ့ ငါတို့က မသေမျိုးလောကငယ်က လာတာဆိုတာ ရိပ်မိသွားရင်တော့ တော်တော်လေး အခြေအနေ ဆိုးလိမ့်မယ်"
အမာခံတပည့် ချန်၏ မျက်နှာမှာ စိုးရိမ်မှုများဖြင့် ပြည့်နှက်နေတော့သည်။