← Chapters

အခန်း (၆၁၃-၆၁၄)

Vol. 62 Ch. 613-614

အခန်း (၆၁၃-၆၁၄)

Vol. 62 Ch. 613-614

အခန်း (၆၁၃) - လောကကြိတ်ဆုံ ၊ မင်းဘာတွေပြောနေမှန်း ငါမသိဘူး ၊ ဓာတ်ငါးပါးအတတ်

​ဝုန်းးး

​ဖုန်းနတ်ဘုရားလေး၏ နတ်မြှားမှာ ပေါက်ကွဲသွားတော့သည် ထိုမြေခွေးဖြူ၏ ကိုယ်ပေါ်မှ အငွေ့အသက်များနှင့် ကျင့်ကြံခြင်းစွမ်းအားတို့က ကြီးမားလှသော ကာကွယ်ရေး အလင်းတံတိုင်းတစ်ခုအဖြစ် ပြောင်းလဲကာ ဖုန်းနတ်ဘုရားလေး၏ မြှားချက်ကို တားဆီးလိုက်ခြင်း ဖြစ်၏။

ချက်ချင်းပင် ထိုမြေခွေးဖြူသည် ပေပေါင်းများစွာ မြင့်မားသော ကိုယ်ထည်ကြီးအဖြစ် ပြောင်းလဲသွားပြီး မိစ္ဆာအရှိန်အဝါများမှာ ကောင်းကင်သို့ ထိမတတ် ရှိနေတော့သည်။ သူမ၏ ပါးစပ်အတွင်းမှလည်း ပြင်းရှလှသော နတ်အလင်းတန်းများ ပန်းထွက်လာ၏။

​လီယန်ချူးသည် လေးကြိုးကို အားယူကာ ထပ်မံဆွဲလိုက်သည်။ သူ၏ ကိုယ်ပေါ်မှ အားကောင်းလှသော သွေးချီစွမ်းအားများသည် ကောင်းကင်ယံတစ်ခုလုံးကို နီရဲသွားစေ၏။ ပစ်လွှတ်လိုက်သော မြှားချက်များမှာ နေမင်းကြီးများအလား တရစပ် ပေါက်ကွဲသွားတော့သည်။

​ဒိုင်း ဒိုင်း ဒိုင်း

ကြီးမားလှသော ပေါက်ကွဲသံကြီးများနှင့်အတူ မြေခွေးဖြူ၏ ကိုယ်ထည်မှာ တရွတ်တိုက် နောက်ဆုတ်သွားရရှာသည်။

​ရှူးးး

သူမသည် အဖြူရောင် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ လီယန်ချူးထံသို့ ခုန်အုပ် တိုက်ခိုက်လာတော့သည်။ သို့သော်လည်း နေရာအနှံ့တွင် ရုတ်တရက်ဆိုသလို တစ်ခုနှင့်တစ်ခု ဆက်စပ်နေသော အစီအရင်များစွာ ပေါ်ထွက်လာ၏။

​တောင် တောင် တောင်

​မြေခွေးဖြူမှာ ခဏချင်းအတွင်း ထိုအစီအရင်များကြား ပိတ်မိသွားတော့သည်။ လီယန်ချူး လှည့်ကြည့်လိုက်သောအခါ မင်ဟော်က လက်မှ မုဒြာများကို ဖော်ဆောင်လျက် အစွမ်းထက်သော မှော်အတတ်ကို အသုံးပြုနေသည်ကို တွေ့လိုက်ရ၏။

မင်ဟော်၏ မှော်အတတ်မှာ အလွန်အမင်း အစွမ်းထက်လှသည်။ မြေခွေးဖြူ၏ အရှိန်အဝါများမှာ တဖြည်းဖြည်း အားနည်းလာပြီး၊ သူမသည် ကြီးမားလှသော လောကကြိတ်ဆုံကြီးအတွင်း ရောက်ရှိနေသကဲ့သို့ တရစပ် ကြိတ်ချေခြင်း ခံနေရတော့သည်။

​ဝုန်းးး

​လီယန်ချူး၏ မြှားတစ်စင်း သူမ၏ ကိုယ်ပေါ်သို့ ထိမှန်သွားသည်။ မှတ်သားထားရမည်မှာ ဖုန်းနတ်ဘုရားလေး၏ နတ်မြှားမှာ အစပိုင်းတွင် မြေခွေးဖြူ၏ ကာကွယ်ရေးကို မဖောက်နိုင်ခဲ့ချေ။ ယခုမူ မင်ဟော်၏ မှော်အတတ်က များစွာ အထောက်အကူ ဖြစ်သွားခဲ့ခြင်း ဖြစ်သည်။ လီယန်ချူးသည် ဖုန်းနတ်ဘုရားလေးကို ပြန်သိမ်းလိုက်၏။

​ရှပ်

ဓားအလင်းတန်း ဝင်းလက်သွားပြီး မြေခွေးဖြူထံသို့ တိုက်ရိုက် ဦးတည် ပိုင်းချလိုက်သည်။ ထိုပြင်းထန်လှသော သတ်ဖြတ်လိုသည့် အရှိန်အဝါကို ခံစားလိုက်ရသောအခါ မြေခွေးဖြူ၏ ကိုယ်ပေါ်မှ အဖြူရောင်အလင်းများ ရုတ်တရက် ပေါက်ကွဲထွက်လာ၏။

သူမသည် မင်ဟော်၏ အထပ်ထပ်သော ပိတ်ဆို့မှုများကို အတင်းအဓမ္မ ချိုးဖျက်လိုက်ခြင်းဖြစ်သဖြင့် သူမကိုယ်တိုင်လည်း ဒဏ်ရာ အတော်အသင့် ရသွားတော့သည်။

​ဝုန်းးး

​လီယန်ချူး၏ ဓားအလင်းတန်းမှာ မြေပြင်ကို ဖြတ်သန်းသွားရာ ပေပေါင်းများစွာ ရှည်လျားပြီး ဖြောင့်စင်းလှသော အက်ကြောင်းကြီးတစ်ခု ဖြစ်ပေါ်သွားသည်။ သူ၏ ရှေ့မှောက်ရှိ အရာအားလုံးကို ပိုင်းဖြတ်နိုင်စွမ်း ရှိသည့်အလားပင်။

​ဟိန်းးး

မြေခွေးဖြူက စူးစူးဝါးဝါး အော်ဟစ်လိုက်ရာ မိစ္ဆာအရှိန်အဝါများ ထွက်ပေါ်လာ၏။ ပူပြင်းလှသော နတ်အလင်းတန်းများမှာ မြေပြင်ကို အရည်ပျော်စေတော့မည့်အလား လီယန်ချူးနှင့် မင်ဟော်တို့ထံသို့ ဝှေ့ယမ်း တိုက်ခိုက်လာသည်။ လီယန်ချူး၏ ကိုယ်ပေါ်မှ သွေးချီစွမ်းအားများသည် တောက်လောင်နေသော မီးဖိုကြီးတစ်ခုအလား ထိုနတ်အလင်းတန်းများနှင့် ထိပ်တိုက် တိုးသွားတော့သည်။

​ဒိုင်းးး ဒိုင်းးး

ထိုတောက်ပလှသော သွေးချီစွမ်းအားများက နတ်အလင်းတန်းကို အတင်းအဓမ္မ ပြန်လည် တွန်းထုတ်လိုက်၏။

​ရှူးးး

လေထုကို ခွင်းသွားသည့် အသံနှင့်အတူ ခရမ်းရောင် အလင်းတန်းတစ်ခုက မြေခွေးဖြူ၏ အမြီးကို ပိုင်းဖြတ်လိုက်တော့သည်။

​“အားးး”

​မြေခွေးဖြူမှာ နာကျင်စွာ အော်ဟစ်လိုက်ပြီး နာကျည်းမှု အရှိန်အဝါများ ဖုံးလွှမ်းသွားသည်။

သူမသည် မင်ဟော်ကို ရန်ငြိုးတကြီး ကြည့်လိုက်၏။ သူမသည် ကိုယ်ဟန်ကို ပြောင်းလဲကာ မင်ဟော်အား ခုန်အုပ် တိုက်ခိုက်ရန် ပြင်တော့သည်။

မင်ဟော်မှာ ဇီရင်းဓား ကို ထိန်းချုပ်ပြီး မြေခွေးမြီးကို ဖြတ်တောက်ပြီးနောက် ကိုယ်ဟန်ကို နောက်သို့ အမြန် ဆုတ်ခွာလိုက်သည်။ ဤဓားချက်မှာ သူမ၏ ရင်ထဲမှ သတ်ဖြတ်လိုသော စိတ်ကို အပြည့်အဝ ဖော်ပြလိုက်ခြင်းပင်။

​“ကျန်တာ ရှင့်ကို လွှဲပေးလိုက်ပြီနော်”

မင်ဟော်က သူမ၏ စိတ်ရင်းအတိုင်း ပွင့်ပွင့်လင်းလင်း ပြောလိုက်သည်။

​လီယန်ချူးက ခေါင်းတစ်ချက် ငြိမ့်ပြလိုက်၏။ ဤမြေခွေးဖြူမှာ အမြီးတစ်ချောင်း အဖြတ်ခံလိုက်ရသဖြင့် အသက်နှင့်လဲ၍ တိုက်ခိုက်တော့မည်မှာ သိသာလှသည်။ သူမသည် မင်ဟော်ကို ခုန်အုပ်ရန် ကြိုးစားသော်လည်း တောက်ပလှသော ဓားအလင်းတန်းတစ်ခုက သူမကို နောက်သို့ ဆုတ်သွားစေခဲ့သည်။

​“သူများကိစ္စထဲ ဝင်မရှုပ်နဲ့”

မြေခွေးဖြူက ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။

သူမသည် ကိုယ်ဟန်ကို ထပ်မံ ပြောင်းလဲကာ မင်ဟော်ကိုသာ ထပ်ခါထပ်ခါ ပစ်မှတ်ထား တိုက်ခိုက်နေတော့သည်။ လီယန်ချူးက သူမကို မြှားဖြင့် ပစ်ခဲ့သော်လည်း၊ မင်ဟော်က သူမ၏ အမြီးကို ဖြတ်တောက်လိုက်ခြင်းကို ပို၍ နာကျည်းနေပုံရ၏။

​ဝုန်းးး

လီယန်ချူး၏ ဓားတစ်ချက် ပိုင်းချလိုက်ရာ မြေခွေးဖြူသည် ထိပ်တန်း လွတ်မြောက်အတတ် ကို သုံးကာ ရှောင်တိမ်းလိုက်သည်။

တောင်ထွတ်ငယ်လေးတစ်ခုမှာ လီယန်ချူး၏ ဓားချက်ကြောင့် အလယ်တည့်တည့်မှ တိတိရိရိ နှစ်ခြမ်းကွဲသွားရ၏။ မြေခွေးဖြူ၏ မျက်ဝန်းထဲတွင် ကြောက်ရွံ့မှုများ ပေါ်လာပြီး မင်ဟော်ကို ရန်ငြိုးတကြီး ကြည့်လိုက်မိသည်။

​“ရှင်တို့က ဘယ်သူတွေလဲ၊ ဘာလို့ ငါ့ကို လာနှောင့်ယှက်နေကြတာလဲ ”

မြေခွေးဖြူက လူစကားဖြင့် ကျယ်လောင်စွာ မေးလိုက်သည်။

​“မိစ္ဆာတိရစ္ဆာန်”

“နတ်စင်ထဲမှာ မိန်းကလေးငယ်တစ်ယောက်ကို လှည့်စားပြီး သူတို့ သားအမိနှစ်ယောက်ကို ဒုက္ခပေးခဲ့တာကို ဒီလောက်မြန်မြန် မေ့သွားတာလား ”

လီယန်ချူးက အော်ဟစ် ကြိမ်းမောင်းလိုက်သည်။

​“ရှင်ဘာတွေ ပြောနေမှန်း ကျွန်မ မသိဘူး”

မြေခွေးဖြူက ခပ်ပြတ်ပြတ်ပင် ငြင်းဆိုလိုက်၏။

​“ဒါဆိုရင်လည်း ဒီဓားနဲ့ပဲ စကားပြောလိုက်တော့”

လီယန်ချူးက ခြေတစ်လှမ်း တိုးလိုက်ရာ တောင်တစ်ခုလုံး တုန်ခါသွားပြီး လက်ထဲရှိ ကျန့်ကျောင်းဓား မှာ ပေပေါင်းများစွာ ရှည်လျားသော ဓားကြီးအဖြစ် ပြောင်းလဲသွားသည်။

ဓားအလင်းတန်း ပိုင်းချလိုက်သောအခါ မြေခွေးဖြူမှာ ကြောက်မက်ဖွယ်ကောင်းလှသော သတ်ဖြတ်ခြင်း အငွေ့အသက်များ သူမကို လွှမ်းခြုံထားသည်ဟု ခံစားလိုက်ရသည်။

​သူမသည် မည်သည့်နေရာသို့မျှ ပြေးမလွတ်နိုင်တော့ဘဲ လောကအလယ်တွင် ထိုဓားတစ်လက်တည်းသာ ရှိနေသကဲ့သို့ ခံစားနေရ၏။ သူမ၏ ကိုယ်ထည်မှာ တဖြည်းဖြည်း သေးငယ်သွားပြီး သာမန် မြေခွေးဖြူတစ်ကောင် အတိုင်းအတာအထိ ရောက်သွားသည်။ သူမ၏ ကိုယ်ပေါ်တွင် မြင့်မြတ်လှသော အလင်းတန်းများ ဝင်းလက်လာသည်။

​တောင်

လောကအနှံ့တွင် ခေါင်းလောင်းသံကြီး တစ်ခုကဲ့သို့ ကျယ်လောင်စွာ ထွက်ပေါ်လာပြီး၊ မမြင်နိုင်သော ရိုက်ခတ်မှုလှိုင်းများ အပြင်ဘက်သို့ ပြန့်နှံ့သွားတော့သည်။ ဖုန်မှုန့်များနှင့် ကျောက်စိုင်များမှာ လွင့်စင်သွား၏။ ဤမြေခွေးဖြူမှာ လီယန်ချူး၏ ဓားချက်ကို အတင်းအဓမ္မ တောင့်ခံလိုက်ခြင်း ဖြစ်သည်။ သူမသည် ကိုယ်ထည်ကို သေးငယ်လိုက်သဖြင့် ကာကွယ်ရေး စွမ်းအားမှာလည်း တိုးတက်လာခဲ့သည်။

​ယခင်က ဖုန်းနတ်ဘုရားလေး၏ မြှားနှင့် မင်ဟော်၏ ဇီရင်းဓားတို့မှာ သူမကို ဒဏ်ရာရစေနိုင်ခဲ့သော်လည်း၊ ကျန့်ကျောင်းဓားမှာမူ ကုသိုလ်မှတ် တစ်သိန်းအဆင့်ရှိသော ရတနာဖြစ်သဖြင့် ၎င်းတွင် ဆန်းကြယ်သော နိယာမလှိုင်းများ ပါရှိပေသည်။

မြေခွေးဖြူမှာ တောင့်ခံနိုင်ခဲ့သော်လည်း ထိုဆန်းကြယ်သော လှိုင်းဒဏ်ကို အပြည့်အဝ မကာကွယ်နိုင်ခဲ့ပါချေ။ ခဏချင်းအတွင်းမှာပင် သူမ၏ ကလီစာများမှာ ဆူပွက်လာပြီး သွေးလေများ ဖရိုဖရဲ ဖြစ်သွားရသည်။

​သူမသည် ငယ်ရွယ်သော ထိုတာအိုဆရာအား ကြောက်လန့်တကြား ကြည့်လိုက်မိပြီး..

“ဒါက နတ်ဘုရားလက်နက်ပဲ”

​မြေခွေးဖြူသည် စိတ်ထဲမှ ရေရွတ်ရင်း အဖြူရောင် အလင်းတန်းအဖြစ် ပြောင်းလဲကာ တောအုပ်အတွင်းသို့ ထွက်ပြေးသွားတော့သည်။ သူမ၏ လွတ်မြောက်အတတ်မှာ အလွန်ပင် လျင်မြန်လှသဖြင့် လီယန်ချူး၏ ဓားချက်များကို အကြိမ်ကြိမ် ရှောင်တိမ်းနိုင်ခဲ့ခြင်း ဖြစ်သည်။

​“ပြေးချင်လို့လား”

လီယန်ချူးက အေးစက်စွာ ပြုံးလိုက်ပြီး သူ၏ ပုံရိပ်မှာလည်း အရိပ်အယောင်များသာ ချန်ရစ်ကာ ပျောက်ကွယ်သွားတော့သည်။

အဖြူရောင် အလင်းတန်းမှာ တောအုပ်အတွင်း အဆက်မပြတ် ပြေးလွှားနေသော်လည်း တောအုပ်အတွင်းရှိ ဝိညာဉ်စွမ်းအားများမှာ အနည်းငယ် လှုပ်ခတ်နေ၏။ တစ်ခါတစ်ရံ သစ်ရွက်တစ်ရွက်၊ တစ်ခါတစ်ရံ သစ်ပင်တစ်ပင် သို့မဟုတ် ကျောက်ဆောင်ကြီး တစ်ခု... အဖြူရောင်အလင်းမှာ ထိုအရာများကြား ပြေးလွှားရင်း အရှိန်အဝါကို ဖုံးကွယ်ထားသော်လည်း နောက်ကွယ်မှ လိုက်ပါလာသော ထိုလှုပ်ခတ်မှုမှာ ပျောက်ကွယ်မသွားပါချေ။

​သူမသည် လှည့်ကြည့်လိုက်သောအခါ မည်သူမျှ လိုက်မလာသည်ကို တွေ့မှ စိတ်သက်သာရာ ရသွားသော်လည်း... သစ်ရွက်တစ်ရွက် လှုပ်ခတ်သွားသည်နှင့်အတူ

​လီယန်ချူးသည် လေဟာနယ်ထဲမှ ရုတ်တရက် ပေါ်ထွက်လာပြီး ဓားဖြင့် ပိုင်းချလိုက်တော့သည်။

ဖောက်

​မြေခွေးဖြူ၏ ခြေသည်းတစ်ဖက်မှာ အဖြတ်ခံလိုက်ရသဖြင့် သူမမှာ နာကျင်လွန်း၍ မျက်နှာပျက်သွားရသည်။ သူမ အလွန်ပင် ထိတ်လန့်သွားရ၏။ ဤတာအိုဆရာငယ်သည် သူမ၏ လွတ်မြောက်အတတ်ကို အမှီလိုက်နိုင်သည်လား။

​“ဓာတ်ငါးပါးအတတ် ” မြေခွေးဖြူသည် တစ်ခုခုကို သတိရသွားပြီး အံ့ဩတကြီး မေးလိုက်သည်။

​“မင်း ပြေးလို့ မလွတ်ပါဘူး”

လီယန်ချူးက အေးစက်စွာ ပြောလိုက်၏။

​“ကျွန်မက တောတောင်ထဲမှာ အေးအေးဆေးဆေး ကျင့်ကြံနေတဲ့ မြေခွေးမိစ္ဆာပါ။ ကောင်းလင်ခရိုင်က လူတွေရဲ့ ဆီမီးအမွှေးတိုင်ကို ခံယူပြီး နတ်စင်စောင့်နတ်ဖြစ်နေတာ၊ ရှင် ကျွန်မကို သတ်တာက လောကရဲ့ တရားဓမ္မနဲ့ မညီညွတ်ဘူး ”

မြေခွေးဖြူက အပြစ်ကို လီယန်ချူးအပေါ် ပုံချလိုက်သည်။

​“မင်းရဲ့ မိစ္ဆာအရှိန်အဝါတွေက ညစ်ညမ်းနေပြီး နာကျည်းဝိညာဉ်တွေက မင်းကိုယ်မှာ ဝိုင်းနေတာပဲ။ လူဘယ်လောက်တောင် စားထားမှန်း မသိဘဲနဲ့ ငါ့ကို အေးအေးဆေးဆေး ကျင့်ကြံသူလို့ လာပြောရဲသေးတယ်ပေါ့ ”

လီယန်ချူးက လှောင်ပြောင်လိုက်သည်။

​“အဲဒါတွေက ကျွန်မ ဉာဏ်မပွင့်ခင်တုန်းက လုပ်ခဲ့တဲ့ အပြစ်တွေပါ။ ဒါပေမဲ့ အဲဒီအပြစ်တွေကို ပြန်ပေးဆပ်ဖို့အတွက် ကောင်းလင်ခရိုင်ရဲ့ နယ်မြေအေးချမ်းအောင်၊ မိုးလေဝသ မှန်ကန်အောင် ကျွန်မ စောင့်ရှောက်ပေးခဲ့တယ်၊ ဒါက မလုံလောက်သေးဘူးလား”

မြေခွေးဖြူက လီယန်ချူးကို ကြောက်လန့်တကြား ကြည့်ရင်း ပြောရှာသည်။

​“ငါ့ကို လှည့်စားဖို့ ကြိုးစားနေတုန်းပဲလား။ မင်းကိုယ်ပေါ်က သွေးညှီနံ့တွေက လူကို ခုလေးတင် စားထားတာ သိသာနေတာပဲ ”

​လီယန်ချူးတွင် အရှိန်အဝါကြည့်အတတ် ရှိသလို၊ စောစောကလည်း ဝိညာဥ်မျက်စိဖြင့် ကြည့်ခဲ့ပြီးဖြစ်သည်။ ဒဏ်ရာရထားသော မြေခွေးဖြူမှာ ကိုယ်တွင်းအရှိန်အဝါကို မထိန်းချုပ်နိုင်တော့သဖြင့် နာကျည်းမှုနှင့် သေမင်းအငွေ့အသက်များမှာ အထင်းသား ပေါ်ထွက်လာတော့သည်။

မကြာသေးမီကပင် ဤမြေခွေးဖြူမှာ လူသားကို စားသောက်ထားခဲ့ခြင်းဖြစ်ပြီး၊ မဟုတ်ပါက သူမ၏ ကိုယ်ပေါ်တွင် ဤမျှ ထူထပ်သော နာကျည်းမှုများ ရှိနေမည် မဟုတ်ပေ။ မြေခွေးဖြူ၏ ဘေးပတ်လည်တွင် ဝေဝါးလှသော ဝိညာဉ်ရိပ်များ ဝိုင်းရံနေသည်။

​“ ငါက စေတနာနဲ့ သတိပေးနေတာနော်၊ ရှောက်မလုပ်နဲ့ ”

“မဟုတ်ရင် ငါဒီကနေ ထွက်သွားတာနဲ့ ကောင်းလင်ခရိုင်က လူတွေကို အကုန်စားပစ်မယ်”

ဟု မြေခွေးဖြူက အသံကို နှိမ့်ကာ ခြိမ်းခြောက်လိုက်သည်။

​“ငါက ဘယ်သူ့ခြိမ်းခြောက်မှုကိုမှ ဂရုမစိုက်ဘူး”

​လီယန်ချူးသည် ထိုမြေခွေးဖြူနှင့် စကားထပ်မပြောတော့ဘဲ ခြေတစ်လှမ်း တိုးကာ ကျန့်ကျောင်းဓားဖြင့် ပြင်းထန်စွာ ပိုင်းချလိုက်တော့သည်။ မြေခွေးဖြူသည် အဖြူရောင် အလင်းတန်းအဖြစ် ပြောင်းလဲကာ အဆက်မပြတ် ပြေးလွှားနေသော်လည်း ဓာတ်ငါးပါးအတတ်ကို တတ်မြောက်ထားသော လီယန်ချူးကိုမူ လုံးဝ ခဝါချနိုင်ခြင်း မရှိပါချေ။

​ရှူးးး

လီယန်ချူး၏ လက်ထဲမှ ရှစ်ခွင်မှန်မှာ လေထဲသို့ ပျံတက်သွားပြီး မြေခွေးဖြူအား အဖြူရောင် အလင်းတန်းဖြင့် ဖိနှိပ်လိုက်သည်။ မြေခွေးဖြူမှာ နာကျင်စွာ အော်ဟစ်လျက် မြေပြင်ပေါ်သို့ လဲကျသွားတော့၏ လီယန်ချူးသည် ဓားကို ကိုင်လျက် သူမအနားသို့ တိုးကပ်သွားသည်။

​မြေခွေးဖြူမှာ မြေပြင်ပေါ်တွင် ဒူးထောက်လျက်

“ကျွန်မကို မသတ်ပါနဲ့ ကျွန်မက သာမန်လူတချို့ကိုပဲ စားမိတာပါ နောက်ဆိုရင် ကျွန်မ စိတ်ရင်းနဲ့ ကျင့်ကြံပါ့မယ်၊ လူစားတဲ့အလုပ်ကို လုံးဝ မလုပ်တော့ပါဘူး။”

ဟု တောင်းပန်ရှာသည်။

​ထိုမြေခွေးဖြူမှာ အပေါ်ယံတွင် အညံ့ခံနေသော်လည်း တိတ်တဆိတ်တွင်မူ လှည့်စားဖျက်ဆီးသည့် အတတ်ကို အသုံးပြုနေခြင်း ဖြစ်သည်။

သူမ၏ ပုံရိပ်မှာ တဖြည်းဖြည်း ပြောင်းလဲသွားပြီး တည်ငြိမ်သောအသွင်ရှိသော အမျိုးသမီး (ဟူမယ်မယ်) အဖြစ်သို့ ပြောင်းလဲသွားတော့သည်။

သို့သော် ယခုတစ်ခါတွင်မူ သူမ၏ မျက်နှာပေါ်တွင် ညှို့ဓာတ်များ ပြည့်လျှံနေပြီး လူကို ပူလောင် စွဲမက်စေမည့် ခံစားချက်မျိုး ပေးစွမ်းနေလေတော့သည်...

အခန်း (၆၁၄) - လိမ်မပြောတာလား ၊ နတ်စင်စောင့်နတ် ဟူယွဲ့ ၊ လူစားတဲ့ မြေခွေးဖြူ

​“အသက်ရှင်ချင်ရင် ငါ့ကို အမှန်အတိုင်းပြော... မင်းက တကယ်တော့ ဘယ်သူလဲ ”

​လီယန်ချူးက လေသံကို လေးပင်ထားပြီး မေးလိုက်သည်။

​မြေခွေးဖြူမှာ ခေတ္တမျှ ကြောင်အသွားပြီးနောက် အလျင်အမြန်ပင်

“ကျွန်မက ဟူယွဲ့ပါ၊ ကောင်းလင်ခရိုင် မြေခွေးနတ်စင်ရဲ့ အစောင့်နတ်ပါ။ တာအိုမိတ်ဆွေက သိရက်သားနဲ့ ဘာလို့ မေးနေရတာလဲ ”

ဟု ပြန်ပြောရှာသည်။

​သူမ၏ အပြောမှာ ခိုင်မာလှပြီး မျက်နှာမှာလည်း အင်မတန် တည်ကြည်နေ၏။ ထိုအခါမှသာ လီယန်ချူးက တိတ်ဆိတ်သွားတော့သည်။

​သူတို့နှစ်ဦးစလုံးမှာ အဆင့်မြင့် လွတ်မြောက်အတတ်များကို အသုံးပြုကာ တောတောင်အနှံ့ တိုက်ခိုက်ရင်း ပြေးလွှားခဲ့ကြခြင်း ဖြစ်သည်။ အမှန်တကယ်တွင်မူ သူတို့ ရောက်ရှိနေသည့် အကွာအဝေးမှာ အလွန်အမင်း မဝေးလှပါချေ။

​မင်ဟော်သည်လည်း ထပ်ကြပ်မကွာ လိုက်ပါလာပြီး ခရမ်းရောင် ဇီရင်းဓားကို စီးနင်းလျက် ရောက်ရှိလာသည်။ သူမ၏ ပုံစံမှာ အင်မတန်မှ ကျော့ရှင်းလှပသော ဓားနတ်သမီး တစ်ပါးကဲ့သို့ပင်။

​ဓားပျံစီးအတတ်

လီယန်ချူးက သူမကို အံ့ဩတကြီး တစ်ချက်ကြည့်လိုက်မိသည်။ ဓားပျံစီးပြီး ပျံသန်းနိုင်သည်လား

​မင်ဟော် ရောက်ရှိလာချိန်တွင် လီယန်ချူးက ဓားကို ကိုင်လျက် မြေခွေးဖြူအား ဖိနှိပ်ထားသည်ကို မြင်မှ စိတ်သက်သာရာ ရသွားတော့သည်။ လီယန်ချူးက မြေခွေးဖြူကို ကြည့်ကာ စောစောက မေးခွန်းကိုပင် ထပ်မံ မေးမြန်းလိုက်ပြန်သည်။

​မြေခွေးဖြူမှာ နားမလည်သလို ဖြစ်နေသော်လည်း၊ လီယန်ချူး၏ ကိုယ်ပေါ်မှ ပြင်းထန်လှသော သွေးချီစွမ်းအားများနှင့် အင်မတန် ထက်မြက်လှသော ဓားကြီးကို ကြည့်ကာ ရိုးရိုးသားသားပင် ထပ်မံ ဖြေကြားရှာသည်။

​“ကျွန်မက ဟူယွဲ့ပါ၊ ကောင်းလင်ခရိုင် မြေခွေးနတ်စင်ရဲ့ အစောင့်နတ်ပါရှင်။”

​“ငါ မေးမယ်... မင်းက နတ်စင်စောင့်နတ်ဆိုရင် ဘာလို့ ငါ့ကို မမြင်ဖူးတာလဲ ပြီးတော့ ကိုယ်ပေါ်မှာ ကုသိုလ်အလင်းတန်းတွေရှိတဲ့ ဟူမယ်မယ်နဲ့ မင်းနဲ့ ဘယ်လို ပတ်သက်သလဲ ”

​လီယန်ချူး၏ အကြည့်မှာ ထက်မြက်လှသော ဓားတစ်လက်အလား ထိုမြေခွေးဖြူကို စူးစိုက်ကြည့်နေ၏။

​“ရှင့်ကို မြင်ဖူးတယ် ဟုတ်လား”

“ဘာကို ဆိုလိုတာလဲ ကျွန်မ ဒီတာအိုဆရာကို တစ်ခါမှ မမြင်ဖူးပါဘူး။”

“ပြီးတော့ ကုသိုလ်အလင်းတန်းတွေနဲ့ ဟူမယ်မယ်ဆိုတာ ဘာလဲ ဒီနတ်စင်မှာ ကျွန်မ တစ်ယောက်တည်းပဲ ရှိတာပါ၊ လူတွေခေါ်တဲ့ ဟူမယ်မယ်ဆိုတာ ကျွန်မပါပဲ ”

မြေခွေးဖြူက ဘာမှ နားမလည်သည့်အလား ဝေခွဲမရစွာ ပြောလိုက်သည်။

​လီယန်ချူးက မင်ဟော်ကို တစ်ချက် ကြည့်လိုက်ပြီး “ဘယ်လိုလဲ” ဟု မေးလိုက်၏။

​မင်ဟော်က မျက်ခုံးကို အတင်းတွန့်ထားကာ သူ၏ ဆိုလိုရင်းကို နားလည်လိုက်သည်။ ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် သူမက ဖြည်းညှင်းစွာ ပြောသည်။

“သူမ လိမ်မပြောဘူး... ပြောတာတွေက အမှန်တွေပဲ။”

​“...” လီယန်ချူး တိတ်ဆိတ်သွားရသည်။

​“ငါ မေးမယ်... မင်း ဒီနေ့ နေ့ခင်းက မိန်းကလေးငယ်တစ်ယောက်ရဲ့ အမေကို ကုသပေးရင်း သူမရဲ့ စစ်မှန်တဲ့ ဝိညာဉ်အနှစ်သာရကို လုယူခဲ့တာ ရှိလား ”

​မြေခွေးဖြူက ကြောင်တောင်တောင်ဖြင့် ခေါင်းခါပြသည်

“ဝိညာဉ်အနှစ်သာရ အဲဒါက ဘာလဲ”

​မင်ဟော်က သက်ပြင်းတစ်ချက်ကို ဖြည်းညှင်းစွာ ချလိုက်ရင်း “သူမ လိမ်မပြောဘူး ” ဟု ဆိုပြန်သည်။

​လီယန်ချူး၏ မျက်ခုံးများမှာ ပို၍ တွန့်ချိုးသွားရသည်။ သူက ဆက်မေးသည်။

“ဒါဆိုရင် လင်းကျန်းခရိုင်က ကျိုးမိသားစု၊ ဒါမှမဟုတ် ရှန်းဟိုင်လောင် နဲ့ လူသားတွေကို အရောင်းအဝယ် လုပ်ခဲ့တဲ့ ကိစ္စကော ဘယ်လိုလဲ ”

​မြေခွေးဖြူမှာ ကြောင်အသွားသည်

“ဘယ်တုန်းက လူသားတွေကို အရောင်းအဝယ် လုပ်ခဲ့လို့လဲ တာအိုဆရာ ပြောတာတွေကို ကျွန်မ တစ်ခွန်းမှ နားမလည်ဘူး ”

​မင်ဟော်မှာ အမူအရာ ကင်းမဲ့နေသော စက်ရုပ်တစ်ရုပ်အလား “သူမ လိမ်မပြောဘူး ” ဟုသာ ထပ်ပြောနေတော့သည်။

​သူမ၏ ပင်ကိုစွမ်းအားများ ချို့ယွင်းသွားသလားဟု သူမ ကိုယ်တိုင်ပင် သံသယ ဝင်လာမိသည်။ ဘာကြောင့် မကြာသေးခင်က တွေ့ရသမျှ ဟူမယ်မယ်တွေတိုင်းက ဘာပြဿနာမှ မရှိသလို ဖြစ်နေရတာလဲ။

​လီယန်ချူး တိတ်ဆိတ်သွားသော်လည်း လက်ကမူ သွက်လက်လှသည်။ သူသည် တရားသူကြီးကလောင်တံ ကို ထုတ်ယူလိုက်၏။ ထို့နောက် မြေခွေးဖြူ၏ နဖူးတည့်တည့်သို့ ထောက်လိုက်တော့သည်။

​မြေခွေးဖြူမှာ မမျှော်လင့်ဘဲ ထောက်ခံလိုက်ရသဖြင့် ကိုယ်တွင်းရှိ ကျင့်ကြံခြင်းစွမ်းအားများမှာ ချက်ချင်းပင် ထိန်းချုပ်မှု ကင်းမဲ့သွားတော့သည်။ အမြီးတစ်ချောင်းနှင့် ခြေထောက်တစ်ဖက်မှာ အဖြတ်ခံထားရသဖြင့် သွေးများမှာလည်း ရွဲရွဲစိုနေပြီး ကြည့်ရသည်မှာ အင်မတန် သနားစရာ ကောင်းလှသည်။

​“သူမရဲ့ စွမ်းအားတွေကို ချိပ်ပိတ်ပြီး ဘေးမှာ ခေါ်ထားလို့ ရပေမဲ့၊ နည်းနည်းတော့ အလုပ်ရှုပ်စရာ ကောင်းတယ်... ဒါမှမဟုတ် အပြတ်ပဲ သတ်လိုက်ရမလား”

လီယန်ချူးက ရုတ်တရက် ဆိုလိုက်သည်။

​လီယန်ချူး၏ စကားကို ကြားလိုက်ရသောအခါ မြေခွေးဖြူ၏ မျက်လုံးများမှာ ထိတ်လန့်တကြား ပြူးကျယ်သွားတော့သည် မင်း ဘာတွေ ပြောနေတာလဲ။

​ထိုစဉ်မှာပင် နတ်သံကဲ့သို့သော အသံတစ်ခု ထွက်ပေါ်လာသဖြင့် မြေခွေးဖြူမှာ အမြီးအဖြတ်ခံရသည့် ရန်ငြိုးကိုပင် ခဏတာ မေ့သွားရသည်။

​“ကျွန်မမှာ မိစ္ဆာတွေကို ထည့်ထားလို့ရတဲ့ ရတနာတစ်ခု ရှိတယ်။ ဒီမြေခွေးဖြူက အရေးကြီးတဲ့ အချက်အလက်တွေ ရှိနေနိုင်လို့ သူ့ကို အရင် သိမ်းထားရအောင်၊ ဇွတ်အတင်း မလုပ်တာ ပိုကောင်းမယ်”

ဟု မင်ဟော်က ဆိုသည်။

​လီယန်ချူးက ခေါင်းတစ်ချက် ငြိမ့်ပြကာ

“ကောင်းပြီ၊ ဒါဆိုရင်လည်း သူ့ကို ခဏ ချန်ထားပေးလိုက်တာပေါ့ ”

ဟု ဆိုသည်။

​အနိမ့်အမြင့် အတက်အကျ မြန်လှသော စိတ်အခြေအနေကြောင့် မြေခွေးဖြူမှာ စိတ်ရှုပ်ထွေးသွားရ၏။ မသိစိတ်ထဲမှလည်း သက်ပြင်းတစ်ချက်ကို အသာအယာ ချလိုက်မိသည်။

​မင်ဟော်သည် သားရေအိတ် တစ်လုံးကို ထုတ်ကာ အဝကို ဖွင့်ပြီး မန္တန်များကို ရွတ်ဆိုလိုက်သည်။

​ရှူးးး

အလင်းတန်းတစ်ခု ပန်းထွက်လာပြီး မြေခွေးဖြူကို ဝန်းရံကာ အိတ်ထဲသို့ ဆွဲသွင်းသွားတော့သည်။ ထိုအခါ သားရေအိတ်ပေါ်တွင် အသက်ဝင်လှသော မြေခွေးဖြူပုံရိပ်တစ်ခု ပေါ်လာသည်။

​“မင်းမှာ နည်းလမ်းတွေ တကယ် စုံတာပဲ ”

လီယန်ချူးက မင်ဟော်ကို ချီးကျူးလိုက်သည်။

​မင်ဟော်က အသာအယာ ပြုံးပြ၏။

​လီယန်ချူးမှာမူ အနည်းငယ် စူးစမ်းလိုစိတ် ဖြစ်သွားသည်။ မြို့တော်က မင်ဝမ်စံအိမ်ဆိုတာ တကယ်တော့ ဘယ်လိုနေရာမျိုးလဲ မင်ဟော်က ဘာကြောင့် ဤမျှ ဆန်းကြယ်လှသော မှော်အတတ်များနှင့် တစ်ခါမှ မမြင်ဖူးသော ရတနာတွေကို ပိုင်ဆိုင်ထားရတာလဲ။

​မင်ဟော်၏ စကားက သူ၏ အတွေးများကို ပြန်လည် ဆွဲခေါ်လာသည်။

“ကျွန်မရဲ့ ပင်ကိုစွမ်းအားတွေ တစ်ခုခု မှားနေတာလား သူတို့ရဲ့ လိမ်ညာမှုကို မမြင်နိုင်ဘူး ဖြစ်နေတယ် ”

​ဟူမယ်မယ် နှစ်ယောက်စလုံးက သူမကို ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ပျောက်ဆုံးအောင် လုပ်နေသလိုပင်။ ယခင်ကဆိုလျှင် ယန်ဝိညာဉ်ပညာရှင်တွေတောင် သူမရှေ့မှာ လိမ်မပြောရဲပါချေ...

​“သူတို့ကိုယ်ပေါ်မှာ စုံစမ်းတာကို ပိတ်ဆို့ထားတဲ့ မှော်အတတ် တစ်ခုခု ရှိနေလို့လည်း ဖြစ်နိုင်တယ်။ မိစ္ဆာတွေက ကောက်ကျစ်တယ်၊ အထူးသဖြင့် မြေခွေးမျိုးနွယ်က လူတွေကို လှည့်စားတာ အရမ်းကျွမ်းကျင်တာမို့ လွယ်လွယ်နဲ့ မယုံသင့်ဘူး”

လီယန်ချူးက လေးနက်စွာ ဆိုလိုက်သည်။

​သို့သော်လည်း လီယန်ချူး မျက်မှောင်ကြုတ်လိုက်မိသည်။

“ဒါပေမဲ့ ဒီလိုမျိုး အလွယ်တကူ အပေါက်ပေါ်မယ့် အလိမ်အညာမျိုးကို ပြောနေတာကကော ဘာအဓိပ္ပာယ် ရှိလို့လဲ ”

​သူနှင့် မင်ဟော်တို့ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။ မင်ဟော်ကလည်း ဤပြဿနာကို သတိပြုမိပုံရသည်။

​“ဒီကိစ္စက တကယ်ကို ထူးဆန်းလွန်းတယ် ”

မင်ဟော်က ညည်းတွားလိုက်၏။

​“တကယ်လို့ ကျိုးမိသားစုနဲ့ အရောင်းအဝယ် လုပ်ခဲ့တဲ့ ဟူမယ်မယ်က ဒီအစောင့်နတ်ရဲ့ နာမည်ကို အသုံးချခဲ့တာဆိုရင် အဓိပ္ပာယ်ရှိသေးတယ်။ ဒါပေမဲ့ ကုသိုလ်အလင်းတန်းတွေနဲ့ ဟူမယ်မယ်အကြောင်းကို ငါပြောနိုင်တာက ငါကိုယ်တိုင် မြင်ခဲ့လို့ပဲလေ၊ ဒီမြေခွေးဖြူက ဒါကို ငြင်းနေစရာ မလိုဘူး ”

​“ပြီးတော့ နတ်စင်ထဲမှာ မိန်းကလေးငယ်ရဲ့ ဝိညာဉ်အနှစ်သာရကို လုပ်ကြံတဲ့ ဟူမယ်မယ်နဲ့ ငါတို့ ပထမဆုံးတွေ့ခဲ့တဲ့ ဟူမယ်မယ်ကလည်း တစ်ယောက်တည်း မဟုတ်တာ သေချာတယ်။ ဒါပေမဲ့ နတ်စင်ထဲမှာ အဲဒီလို လုပ်ခဲ့တာကိုတောင် ဒီမြေခွေးဖြူက မသိသလို ငြင်းနေတာကတော့ မဖြစ်သင့်ဘူး”

လီယန်ချူးက မျက်မှောင်ကြုတ်ထားသည်။

​ထိုမြေခွေးဖြူတွင် တိရစ္ဆာန်တစ်ကောင်၏ ကြမ်းတမ်းသော ဗီဇ ရှိနေသည်။ လူသားကို စားသည့်ကိစ္စကို ဖုံးကွယ်ရန် ကြိုးစားသော်လည်း၊ ပေါ်သွားသည့်အခါတွင်လည်း လုံးဝ ဝန်ခံရဲသည်။ သူမအတွက် လူသားကို စားခြင်းမှာ ထူးဆန်းသည့် ကိစ္စမဟုတ်သလို၊ ထျန်းရှောင်လင်း သားအမိကို သတ်လိုက်ခြင်းမှာလည်း သူမအတွက် အသေးအဖွဲ ကိစ္စသာ ဖြစ်ရမည်။ ထို့ကြောင့် ငြင်းဆန်နေစရာ အကြောင်းမရှိပေ။

​“ဒါမှမဟုတ် စစ်မှန်တဲ့ ဝိညာဉ်အနှစ်သာရကို လုယူတဲ့ အတတ်မှာ တစ်ခုခု ရှောင်ကြဉ်ရမှာမို့လို့ သူမက တမင်လိမ်တာများလား ”

မင်ဟော်က ခန့်မှန်းလိုက်သည်။

​“ဖြစ်နိုင်တာပဲ။ ကဲ... မြေခွေးနတ်စင်ဆီကို ပြန်သွားကြည့်ရအောင် ”

လီယန်ချူးက ဆိုသည်။

​“ငါတို့ ပထမဆုံးတွေ့ခဲ့တဲ့ ဟူမယ်မယ်ကို ခေါ်ထုတ်ပြီး သူတို့ကို မျက်နှာချင်းဆိုင် ထိပ်တိုက်တွေ့ခိုင်းကြည့်ရင် သိရမှာပဲ ”

​မင်ဟော်၏ မျက်လုံးများ ဝင်းလက်သွားသည်

ဟုတ်တယ် ဒါက အကောင်းဆုံး နည်းလမ်းပဲ

​လီယန်ချူးကို ကြည့်နေသော သူမ၏ အကြည့်မှာလည်း ပို၍ နူးညံ့သွားရသည်။ လီယန်ချူးက ရုပ်ရည် ချောမောရုံတင်မကဘဲ ဦးနှောက်လည်း ဤမျှ ကောင်းလိမ့်မည်ဟု သူမ မထင်ထားခဲ့မိပေ။ အင်မတန်မှ ရှားပါးလှသည်။

​လီယန်ချူးမှာမူ မသိလိုက်ဘဲနှင့် မင်ဟော်၏ ကြည်ညိုမှုကို နောက်တစ်ကြိမ် ရရှိသွားပြန်သည်။

​သူတို့နှစ်ဦးသည် အလျင်အမြန်ပင် မြေခွေးနတ်စင်ဆီသို့ ပြန်လာခဲ့ကြသည်။ ယခုအခါ ကောင်းလင်ခရိုင်တွင် ညမထွက်ရအမိန့် ထုတ်ထားသော်လည်း၊ လီယန်ချူးနှင့် မင်ဟော်တို့အတွက်မူ သာမန် ကင်းစောင့်များကို ရှောင်ကွင်းရန်မှာ အသေးအဖွဲ ကိစ္စသာ ဖြစ်ပေသည်။

​မကြာခင်မှာပင် သူတို့သည် နတ်စင်အတွင်းသို့ ရောက်ရှိလာကြသည်။ ယခုအခါ နတ်စင်အတွင်းတွင် နေ့ခင်းဘက်ကဲ့သို့ လူစည်ကားခြင်း မရှိတော့ဘဲ၊ ဆီမီးများလည်း ငြိမ်းသေနေပြီ ဖြစ်သည်။ နတ်စင်စောင့်များလည်း မရှိကြတော့ချေ။

​ခြောက်ကပ်နေသော နတ်စင်ကြီးမှာ အကြောင်းရင်းမရှိဘဲ ကြောက်မက်ဖွယ်ကောင်းလောက်အောင် အေးစိမ့်နေ၏။ ကျေးလက်ဒေသမှ နတ်စင်အများစုမှာ ဤသို့ပင် ဖြစ်တတ်သည်။ လီယန်ချူးသည် ယခင်ဘဝက ကျေးလက်နတ်စင်များစွာသို့ ရောက်ဖူးသည်။ နေ့ခင်းကြောင်တောင်မှာပင် ထိုကဲ့သို့ အေးစိမ့်သော ခံစားချက်မျိုး ပေးတတ်၏။ ဘုရားကျောင်းများနှင့် တာအိုကျောင်းများမှလွဲ၍ ကျန်သည့်နေရာများမှာ ထိုအတိုင်းပင်။

​“ခဏနေဦး”

​လီယန်ချူးက မင်ဟော်ကို လှမ်းတားလိုက်သည်။

သူ၏ မျက်ဝန်းများအတွင်း ဝိညာဥ်အလင်းများ ဝင်းလက်သွားကာ အရှိန်အဝါကြည့်အတတ် ဖြင့် လှမ်းကြည့်လိုက်၏။ မင်ဟော်က ခြေလှမ်းရပ်လိုက်ပြီး လီယန်ချူးကို ကြည့်လိုက်သည်။ သူ၏ မျက်ဝန်းအတွင်းမှ အလင်းတန်းကို မြင်လိုက်ရချိန်တွင် သူမ ချက်ချင်း နားလည်သွားသည်။

​လီယန်ချူး၏ အမြင်အာရုံထဲတွင် ယခု မြင်နေရသော မြေခွေးနတ်စင်မှာ ယခင်က မြင်ခဲ့ရသော ငြိမ်းချမ်းတည်ငြိမ်သည့် အရှိန်အဝါမျိုး မရှိတော့ပါချေ။

အမှန်တကယ်ပင် သရဲတစ္ဆေ အငွေ့အသက်နှင့် မိစ္ဆာအငွေ့အသက်များ မရှိသော်လည်း၊ မိစ္ဆာအငွေ့အသက် မှာမူ အလွန်ပင် ထူထပ်လွန်းနေသည်။

​“ဒီနတ်စင်က တစ်ခုခုတော့ မှားနေပြီ၊ ခဏနေရင် သတိထားနော်"

လီယန်ချူးက ဖြည်းညှင်းစွာ ဆိုလိုက်တော့သည်။

All Chapters