အခန်း (၆၁၅-၆၁၆)
Vol. 62 Ch. 615-616
အခန်း (၆၁၅) - မြေခွေးနတ်စင်အတွင်း ထိပ်တိုက်တွေ့ခြင်း ၊ သူမက ငါ့ရဲ့ နတ်ရာထူးကို လုချင်နေတာ
မင်ဟော်သည် လီယန်ချူး၏ စကားကို ကြားသောအခါ ခေါင်းတစ်ချက် ငြိမ့်ပြလိုက်ပြီး တိတ်တဆိတ်ပင် မှော်အတတ်ကို အသုံးပြုကာ ဤမြေခွေးနတ်စင်ကို အကဲခတ်လိုက်သည်။
စောစောက နတ်စင်အတွင်းသို့ ခြေလှမ်းလှမ်းလိုက်ကတည်းက သူမ၏ စိတ်ထဲတွင် တစ်စုံတစ်ရာ မသိုးမသန့်ဖြစ်ကာ မသက်မသာ ခံစားချက်မျိုး ဝိုးတဝါး ရရှိနေခဲ့ခြင်း ဖြစ်သည်။ ယခု လီယန်ချူးက သတိပေးလိုက်သောအခါ သူမ၏ ရင်ထဲတွင် ပို၍ ဂရုတစိုက် ရှိသွားတော့သည်။
သူတို့နှစ်ဦးသည် နတ်စင်အတွင်းပိုင်းသို့ ဆက်လက် လျှောက်လှမ်းသွားကြရာ နတ်စင်၏ ပင်မခန်းမဆောင်ကြီးသို့ ရောက်ရှိလာခဲ့သည်။ ခန်းမဆောင်ကြီးအတွင်း၌မူ ကြင်နာသနားတတ်ပြီး တည်ငြိမ်သော အသွင်ရှိသည့် မြေခွေးနတ်စင်မယ်မယ်၏ ရုပ်တုကြီးကို ပူဇော်ထားရှိ၏။
လီယန်ချူးသည် ထိုမြေခွေးနတ်စင်မယ်မယ် ရုပ်တုကို မော့ကြည့်ရင်း မျက်မှောင်ကြုတ်လိုက်မိသည်။ သူ မိစ္ဆာများကို သုတ်သင်လာခဲ့သည့် သက်တမ်းတစ်လျှောက် ဤကဲ့သို့သော ထူးဆန်းသည့် အဖြစ်အပျက်မျိုးကို ပထမဆုံး ကြုံတွေ့ဖူးခြင်းပင်။
ပင်မခန်းမဆောင်အတွင်း၌ အလင်းရောင် ကွယ်ပျောက်နေပြီး အင်မတန် အေးစိမ့်ကာ မှောင်မိုက်နေတော့သည်။
ရှူးးး
လီယန်ချူး၏ လက်ထဲမှ ကျောက်ထျန်းတံဆိပ် မှာ ပျံတက်သွားပြီး ဖြူဖွယ်သော နတ်အလင်းတန်းများမှာ မြေခွေးနတ်စင်မယ်မယ် ရုပ်တုပေါ်သို့ ချက်ချင်း ကျရောက်သွားတော့သည်။ သူသည် အသံအကျယ်ကြီး မထွက်အောင် ထိန်းထား၏။ မဟုတ်ပါက နတ်စင်အတွင်းရှိ နတ်စင်စောင့်များကို ဆွဲဆောင်မိပြီး အလုပ်ပိုများသွားနိုင်သောကြောင့် ဖြစ်သည်။
ကျောက်ထျန်းတံဆိပ်၏ အလင်းတန်းမှာ ရုပ်တုပေါ်သို့ ကျရောက်နေသော်လည်း ယခုအချိန်တွင်မူ တိုက်ခိုက်ခြင်း မရှိဘဲ ရှာဖွေရေး မီးမောင်းတစ်ခုအဖြစ်သာ သုံးစွဲထားခြင်း ဖြစ်သည်။
“လူကို ခေါ်ထုတ်ပြီး မေးကြည့်ရအောင်”
လီယန်ချူးက ဆိုသည်။
မင်ဟော်က ခေါင်းငြိမ့်ပြကာ လက်မှ မုဒြာများကို ဖော်ဆောင်လိုက်သည်။ ထို့နောက် မှော်တံဆိပ် အစီအရင်များကို မြေခွေးနတ်စင်မယ်မယ် ရုပ်တုပေါ်သို့ ရိုက်သွင်းလိုက်၏။
ယခင်အကြိမ်ကလည်း မင်ဟော်သည် ထိုနည်းလမ်းဖြင့်ပင် မြေခွေးနတ်စင်မယ်မယ်၏ မူလကိုယ်ကို ခေါ်ထုတ်ခဲ့ခြင်း ဖြစ်သည်။ ထိုမှော်အတတ်မှာ နတ်စင်စောင့်နတ်များ၊ တောင်စောင့်နတ်များနှင့် မြေစောင့်နတ်များအတွက် အထူး ရည်ရွယ်ထားခြင်း ဖြစ်၏။ သို့သော်လည်း ယခုခေတ်တွင်မူ တရားဓမ္မလမ်းစဉ်များ ပြတ်တောက်နေပြီး နတ်ဘုရားပုံပြင်များ ပျောက်ကွယ်နေပြီ ဖြစ်သောကြောင့် ထိုအတတ်ကို တတ်မြောက်သူ အလွန်ပင် ရှားပါးလှသည်။
၎င်းမှာ မင်ဟော် ပိုင်ဆိုင်ထားသော မှော်အတတ် အမွေအနှစ်မှာ အင်မတန် ရှေးကျလှကြောင်းကို တစ်ဖက်တစ်လမ်းမှ သက်သေပြနေခြင်းပင်။
သူတို့နှစ်ဦးသည် နတ်စင်အတွင်း တိတ်ဆိတ်စွာ စောင့်ဆိုင်းနေကြသည်။ အမွှေးတိုင် တစ်ဝက်ခန့် ကုန်ဆုံးသွားသောအခါ မြေခွေးနတ်စင်မယ်မယ် ရုပ်တုမှာ အသာအယာ တုန်ခါလာ၏။
ရွှံ့ရုပ်တုကြီးမှာ အသက်ဝင်လာသကဲ့သို့ပင်။ အမှောင်ထုထဲတွင်ဆိုလျှင် ထိုအပြောင်းအလဲမှာ သတိထားမိရန် ခက်ခဲသော်လည်း၊ ယခုအခါ ကျောက်ထျန်းတံဆိပ်၏ အလင်းတန်းအောက်တွင်မူ လီယန်ချူးနှင့် မင်ဟော်တို့မှာ ထိုမြင်ကွင်းကို အတိုင်းသား မြင်နေရသည်။
“လာပြီ။” လီယန်ချူးက စိတ်ထဲမှ ရေရွတ်လိုက်၏။
တည်ငြိမ်သော အမူအရာနှင့် ကြင်နာသော မျက်နှာထားရှိသည့် အမျိုးသမီးတစ်ဦးသည် မြေခွေးနတ်စင် ရုပ်တုပေါ်မှ ဖြည်းညှင်းစွာ ဆင်းသက်လာသည်။ ထိုအမျိုးသမီး၏ အငွေ့အသက်မှာ မြင့်မြတ်လှပြီး မျက်ဝန်းများမှာလည်း နူးညံ့နေကာ စောစောက မြေခွေးဖြူနှင့်မူ လုံးဝကို ကွဲပြားခြားနားလှပေသည်။
စောစောက မြေခွေးဖြူတွင်မူ နတ်ဘုရား အငွေ့အသက် မရှိသည့်အပြင် လူသားဗီဇတောင် အင်မတန် နည်းပါးလှသည်။ တိရစ္ဆာန်တစ်ကောင်၏ ကြမ်းတမ်းသော ဗီဇနှင့် အင်မတန်မှ ရက်စက်ကောက်ကျစ်သော မျက်ဝန်းများသာ ရှိသည်။
ဤဟူမယ်မယ်မှာမူ မြင်ရသူကို စိတ်အေးချမ်းစေသည့် ခံစားချက် ပေးစွမ်းနေ၏။
“ငါတို့ ထပ်တွေ့ကြပြန်ပြီပေါ့”
လီယန်ချူးက ခပ်အေးအေးပင် ပြောလိုက်သည်။
ဟူမယ်မယ်က အသာအယာ ပြုံးလိုက်ပြီး
“ဟုတ်ကဲ့ပါရှင် ”
“ရှင်တို့နှစ်ယောက် ကျွန်မဆီကို လာတာ ဘာကိစ္စများ ရှိလို့လဲ ”
လီယန်ချူးက မင်ဟော်ကို တစ်ချက်ကြည့်လိုက်ရာ မင်ဟော်သည် သားရေအိတ်ကို ထုတ်ကာ မန္တန်များကို ရွတ်ဆိုလိုက်သည်။ ခြေထောက်တစ်ဖက်နှင့် အမြီးတစ်ချောင်း ပြတ်တောက်နေပြီး အင်မတန် သနားစရာကောင်းသော မြေခွေးဖြူတစ်ကောင်မှာ မြေပြင်ပေါ်သို့ ပြုတ်ကျလာတော့သည်။
“တာအိုမိတ်ဆွေက သူမကို သိသလား ”
လီယန်ချူးက မေးလိုက်၏။
ဟူမယ်မယ်မှာ ခေတ္တမျှ ကြောင်သွားပြီး မျက်မှောင်ကြုတ်ကာ
“မသိပါဘူး။ ရှင်တို့နှစ်ယောက်က ညသန်းခေါင်ကြီး ဒီကိုလာတာ ကျွန်မရဲ့ မျိုးနွယ်တူကို ရှင်တို့ ညှဉ်းပန်းနှိပ်စက်ထားတာကို လာပြဖို့လား”
ဟု သူမ၏ လေသံမှာ အနည်းငယ် မာထန်သွားသည်။
လီယန်ချူးက တစ်ချက် ပြုံးလိုက်ပြီး မြေပြင်ပေါ်ရှိ မြေခွေးဖြူကို
“ကဲ... မင်းရဲ့ လူအသွင်ကို ပြန်ပြောင်းလိုက်ဦး။” ဟု ဆိုလိုက်သည်။
မြေခွေးဖြူသည် ဟူမယ်မယ်ကို မြင်သောအခါ အံ့ဩတကြီးဖြင့် ငေးကြည့်နေမိသည်။ လီယန်ချူး၏ စကားကို ကြားမှ သတိပြန်ဝင်လာပြီး...
သူမက လီယန်ချူးကို ရန်ငြိုးတကြီး ကြည့်ကာ
“ကျင့်ကြံခြင်းစွမ်းအားတွေ ချိပ်ပိတ်ခံထားရတာ... ပြောင်းလို့မရဘူး။”
လီယန်ချူးက ခပ်အေးအေးပင် ပြုံးလိုက်ပြီး
“ငါ့အမှားပါပဲ။”
မြေခွေးဖြူ၏ စိတ်ထဲတွင် အတွေးတစ်ခု ပေါ်လာ၏ လီယန်ချူးက သူမကိုယ်ပေါ်က ချိပ်ပိတ်မှုကို ဖယ်ရှားပေးလိုက်ပြီး ထိုထူးဆန်းသော ချုပ် စာလုံးကင်းစင်သွားသည်နှင့် သူမ ချက်ချင်း ထွက်ပြေးရမည်။
သို့သော် နောက်တစ်စက္ကန့်တွင်မူ လီယန်ချူးက ခပ်အေးအေးပင် ပြောလိုက်သည်။
“ဒါဆိုရင်လည်း မပြောင်းနဲ့တော့၊ အဆင့်တစ်ခု သက်သာသွားတာပေါ့ ”
“............” မြေခွေးဖြူမှာ ဆွံ့အသွားရတော့သည်။
လီယန်ချူးသည် ရုပ်တုပေါ်မှ ဆင်းလာသော ဟူမယ်မယ်ကို မော့ကြည့်ကာ
“ဒီမြေခွေးဖြူရဲ့ မိစ္ဆာစွမ်းအားတွေကို ငါ ချိပ်ပိတ်ထားတယ်။ တာအိုမိတ်ဆွေက သူမ ဘယ်သူလဲဆိုတာ သိလား ”
ဟူမယ်မယ်က ခေါင်းခါပြလိုက်ပြီး သူမ၏ အကြည့်များမှာ အေးစက်လာသည်။
“ရှင်တို့နှစ်ယောက် ညသန်းခေါင်ကြီး ကျွန်မရဲ့ နတ်စင်ထဲကို ကျူးကျော်ဝင်ရောက်လာတယ်၊ ကျွန်မရဲ့ မျိုးနွယ်တူကိုလည်း ဒဏ်ရာရအောင် လုပ်ထားတယ်၊ အဲဒီအတွက် ကျွန်မကို ရှင်းပြချက်တစ်ခု ပေးသင့်တယ်။”
လီယန်ချူးက ခေါင်းတစ်ချက် ငြိမ့်ပြကာ မြေပြင်ပေါ်ရှိ မြေခွေးဖြူကို လက်ညှိုးထိုးပြပြီး
“သူမက ပြောတာကတော့ သူမက ကောင်းလင်ခရိုင်ရဲ့ မြေခွေးနတ်စင်မယ်မယ် ဟူယွဲ့ ပါတဲ့။”
ဟူမယ်မယ်မှာ ခေတ္တမျှ ကြောင်သွားပြီးနောက် တည်ကြည်လေးနက်စွာ
“လျှောက်မပြောနဲ့ ကျွန်မကမှ ဒီမြေခွေးနတ်စင်ရဲ့ အစောင့်နတ်ပါ။”
“ဒါဆိုရင်တော့ ဟုတ်ပြီ၊ ဒီမြေခွေးဖြူက လူသားတွေကို စားသောက်ပြီး ဒုက္ခပေးနေတာ၊ ကိုယ်ပေါ်မှာ သွေးညှီနံ့တွေနဲ့ နာကျည်းဝိညာဉ်တွေ ဝန်းရံနေတာ၊ သူမက ဘယ်လိုလုပ် မြေခွေးနတ်စင်ရဲ့ အစောင့်နတ် ဖြစ်နိုင်မှာလဲ။ မဟုတ်ဘူးဆိုမှတော့ သူမကို အခုပဲ ငါ သတ်လိုက်တော့မယ်”
လီယန်ချူးက ခပ်အေးအေးပင် ဆိုလိုက်သည်။
သူ၏ မျက်ဝန်းများအတွင်း သတ်ဖြတ်လိုသော အရှိန်အဝါများ ပေါ်ထွက်လာပြီး အေးစက်လှသော သတ်ဖြတ်ခြင်း အငွေ့အသက်များက မြေပြင်ပေါ်ရှိ ဒဏ်ရာရနေသော မြေခွေးဖြူအား ချက်ချင်း ဖုံးလွှမ်းသွားတော့သည်။
မြေခွေးဖြူမှာ ရေခဲတိုက်ထဲ ရောက်သွားသကဲ့သို့ လက်ခြေများ အေးစက်သွားကာ ထိတ်လန့်တကြား အော်ဟစ်လိုက်တော့သည်။
“တာအိုဆရာ... မလုပ်ပါနဲ့ ကျွန်မကမှ တကယ်တမ်း ဒီမြေခွေးနတ်စင်ရဲ့ အစောင့်နတ်ပါ၊ နှစ်ပေါင်းများစွာ လူတွေရဲ့ ဆီမီးအမွှေးတိုင်ကို ခံယူပြီး နယ်မြေအေးချမ်းအောင် စောင့်ရှောက်ပေးခဲ့တာပါ၊ ဒီမိန်းမက အတုကြီးပါ ”
မူလက သူမ၏ မျိုးနွယ်တူကို ကာကွယ်ပေးချင်ဟန်ရှိသော ဟူမယ်မယ်မှာမူ ယခုအခါ မျက်လုံးများ အေးစက်သွားကာ ဒေါသတကြီး ကြိမ်းမောင်းလိုက်တော့သည်။
“မင်း ဘာတွေ လျှောက်ပြောနေတာလဲ စောစောက ငါက မင်းအတွက် ရှေ့ထွက်ကာကွယ်ပေးဖို့ ကြိုးစားနေတာကို၊ မင်းက ငါ့နေရာကို ဟန်ဆောင်ချင်နေတာလား ”
“မင်းကမှ လျှောက်ပြောနေတာ၊ ငါကမှ ဒီမြေခွေးနတ်စင်ရဲ့ အစောင့်နတ်အစစ်ပဲ၊ ဒီနတ်စင်မှာပဲ အမြဲနေခဲ့တာ၊ မင်းကို တစ်ခါမှ မမြင်ဖူးဘူး ”
မြေခွေးဖြူက လည်ပင်းကို ဆန့်ကာ ပြန်လည် အော်ဟစ်ဆဲဆိုလိုက်သည်။
“ရိုင်းစိုင်းလိုက်တာ... ဘယ်ကလာတဲ့ မြေခွေးမလေးလဲ”
“ကျွန်မက တောင်ပေါ်မှာ နှစ်ပေါင်း သုံးရာ ကျင့်ကြံခဲ့ပြီးမှ ဒီကောင်းလင်ခရိုင်ရဲ့ မြေခွေးနတ်စင်မှာ အစောင့်နတ်အဖြစ် လာရောက် တာဝန်ယူခဲ့တာပါ၊ လူတွေရဲ့ ဆီမီးကို အမြဲခံယူနေတဲ့သူပါ။ မင်းက ငါ့ကို အတုလုပ်ရဲတယ်ပေါ့ ”
ဟူမယ်မယ်မှာ တကယ်ပင် ဒေါသထွက်သွားပုံရပြီး သူမ၏ လက်ထဲတွင် ဆီမီးအမွှေးတိုင် စွမ်းအားများဖြင့် ဖွဲ့စည်းထားသော ဓားရှည်တစ်လက် ပေါ်ထွက်လာကာ မြေခွေးဖြူအား ထိုးစိုက်ရန် ပြင်တော့သည်။
မြေခွေးဖြူမှာ ဆဲဆိုသည့်နေရာတွင် ပြဿနာမရှိဘဲ ခံတွင်းကြမ်းလှသော်လည်း၊ လီယန်ချူး၏ ချိပ်ပိတ်ခြင်း ခံထားရသည့်အပြင် အမြီးနှင့် ခြေထောက်တစ်ဖက် ပြတ်နေသဖြင့် ယခုအချိန်တွင်မူ မည်သို့မျှ ခုခံနိုင်စွမ်း မရှိချေ။ ဟူမယ်မယ်က နတ်စွမ်းအားများ ပါဝင်သော ဓားကို ထုတ်လိုက်သည်ကို မြင်သောအခါ သူမ အလွန်ပင် ထိတ်လန့်သွားတော့သည်။
“တာအိုဆရာ... ကယ်ပါဦး ဒီမိန်းမက သက်သေဖျောက်ပြီး ကျွန်မရဲ့ နတ်ရာထူးကို လုချင်နေတာ ”
မြေခွေးဖြူက အသည်းအသန် အော်ဟစ်လိုက်၏။
လီယန်ချူးက ဟူမယ်မယ်ကို တားဆီးလိုက်ပြီး ပြုံးလျက်
“တာအိုမိတ်ဆွေ... ဘာလို့ ဒီလောက် ဒေါသထွက်နေရတာလဲ”
“စကားပုံရှိတယ်မဟုတ်လား... အတုက အစစ်မဖြစ်နိုင်ဘူး၊ အစစ်ကလည်း အတုမဖြစ်နိုင်ဘူးတဲ့။ ဒီမြေခွေးဖြူကို ဒီအတိုင်း သတ်လိုက်ရင် ဒီကိစ္စက ဘယ်တော့မှ ရှင်းမှာ မဟုတ်တော့ဘူးလေ။”
ဟူမယ်မယ်က ဒေါသတကြီးဖြင့်
“ဒီလို လူသားစားတဲ့ မိစ္ဆာမျိုးနဲ့ ကျွန်မက တစ်အုပ်စုတည်း အဖြစ်မခံနိုင်ဘူး။ သူမကမှ မြေခွေးနတ်စင်ရဲ့ အစောင့်နတ်ပါလို့ လိမ်ပြောနေသေးတာ၊ မသတ်ဘဲ ဘာလို့ ချန်ထားမှာလဲ ”
“ဒီလိုလည်း ပြောလို့မရသေးဘူး၊ ငါ သူမကို မေးခွန်းထုတ်တဲ့ မှော်အတတ်နဲ့ မေးကြည့်ပြီးပြီ၊ ဒီမြေခွေးဖြူက လိမ်မပြောဘူး။ ဒါကို တာအိုမိတ်ဆွေက ငါ့ကို ဘယ်လို ရှင်းပြချင်လဲ”
လီယန်ချူးက လေးနက်စွာ မေးလိုက်သည်။
“ကျွန်မက ဒီမြေခွေးနတ်စင်ရဲ့ အစောင့်နတ်ပါလို့ သက်သေပြနေရတာကကို ရယ်စရာကြီးပါ။ ကျွန်မက ကျွန်မပါလို့ သက်သေပြရတာက ရယ်စရာ မကောင်းဘူးလား တာအိုဆရာရဲ့ မှော်အတတ်ကော အမှားမရှိနိုင်ဘူးလား ဒီကိစ္စကို ကျွန်မက ဘယ်လို ရှင်းပြရမှာလဲ”
ဟူမယ်မယ်၏ မျက်ဝန်းများထဲတွင် ဒေါသရိပ်များ ပြည့်နှက်နေသည်။
လီယန်ချူးကမူ တုန်လှုပ်ခြင်းမရှိဘဲ တည်ငြိမ်စွာပင်
“အမှန်တရားဆိုတာ ငြင်းခုံမှ ပေါ်လာတာပါ။ ဒီနေ့ နတ်စင်ထဲမှာ မိန်းကလေးငယ်တစ်ယောက် သေဆုံးသွားခဲ့တယ်၊ သူမတွေ့ခဲ့တဲ့ မြေခွေးနတ်စင်မယ်မယ်ရဲ့ လှည့်စားမှုကို ခံရပြီး သားအမိနှစ်ယောက်စလုံး သေဆုံးခဲ့ရသလို၊ ဝိညာဉ်အနှစ်သာရလည်း လုယူခံရပြီး ဝိညာဉ်ပါ ပျက်စီးခဲ့ရတယ်။ ဒီကိစ္စကိုတော့ ငါ အသေအချာ စုံစမ်းရမှာပဲ ”
“ကျွန်မ တာအိုဆရာ ပြောတာတွေကို နားမလည်ဘူး”
“ဒီကိစ္စနဲ့ ကျွန်မနဲ့ ဘာမှ မပတ်သက်ဘူး၊ တာအိုဆရာအနေနဲ့ ကျွန်မအပေါ် အခြေအမြစ်မရှိ စွပ်စွဲတာမျိုး မလုပ်ပါနဲ့ ”
ဟူမယ်မယ်က အင်မတန်မှ တရားမျှတသည့် ပုံစံဖြင့် ဒေါသတကြီး တုံ့ပြန်လိုက်သည်။
သူမ၏ တည်ကြည်သော ပုံစံနှင့် ယှဉ်လိုက်လျှင် မိစ္ဆာအရှိန်အဝါ ပြင်းထန်သော မြေခွေးဖြူကသာ ပြဿနာရှိသူဟု ထင်ရပေမည်။ သို့သော်လည်း လီယန်ချူးသည် သူ၏ ဘေးရှိ မင်ဟော်၏ မျက်ဝန်းများ အကြီးအကျယ် ပြောင်းလဲသွားပြီး ကြောင်အသွားသည်ကို သတိထားမိလိုက်သည်။
“ဘာဖြစ်လို့လဲ” လီယန်ချူးက မေးလိုက်၏။
“သူမ လိမ်ပြောနေတာ”
မင်ဟော်၏ ပင်ကိုစွမ်းအားက ခံစားမိလိုက်ပြီ ဖြစ်သည်။ တည်ကြည်လေးနက်သော ပုံစံဖြင့် ပြောနေသည့် ဟူမယ်မယ်ကို သူမ လက်ညှိုးထိုးပြလိုက်ရင်း၊ သူမ၏ ရင်ထဲတွင် ရုတ်တရက် အေးစိမ့်သော ခံစားချက်ကြီးတစ်ခု ထွက်ပေါ်လာလေတော့သည်။
အခန်း (၆၁၆) - မိစ္ဆာမျိုးနွယ်တို့၏ ကောက်ကျစ်မှု ၊ဟူမယ်မယ်၏ မည်သူမည်ဝါဖြစ်ကြောင်း ၊ ရွှေကိုယ်ထည်ကို ချေဖျက်ခြင်း
မင်ဟော်၏ စကားကြောင့် မူလကပင် အေးစိမ့်ခြောက်ခြားနေသော မြေခွေးနတ်စင်မယ်မယ် နတ်စင်အတွင်းဝယ်... ချက်ချင်းပင် အေးစိမ့်သော အငွေ့အသက်များ ပိုမိုတိုးပွားလာတော့သည်။
“မင်း ဘာပြောလိုက်တာလဲ”
လီယန်ချူးမှာ ခေတ္တမျှ ကြောင်အသွားကာ ထိုဟူမယ်မယ်အား လှည့်ကြည့်လိုက်မိသည်။
စောစောက သူသည် မင်ဟော်၏ မေးခွန်းထုတ်ခြင်း ပင်ကိုစွမ်းအားများ ချို့ယွင်းသွားလေသလား၊ သို့မဟုတ် ထိုဟူမယ်မယ်၏ ကိုယ်ပေါ်တွင် တစ်စုံတစ်ရာသော အစီအရင်များ ရှိနေသလားဟုပင် ဝေခွဲမရ ဖြစ်နေခဲ့ခြင်းဖြစ်သည်။ သို့သော် ယခုအခါတွင်မူ မင်ဟော်က ပြဿနာရှိကြောင်း ချက်ချင်း အာရုံခံမိသွားခဲ့ပြီ ဖြစ်သည်။
လီယန်ချူးသည် မျက်မှောင်ကြုတ်လျက် ဟူမယ်မယ်အား စူးစိုက်ကြည့်ကာ အသံကို နှိမ့်၍ မေးလိုက်သည်။
“တာအိုမိတ်ဆွေ... ဒါက ဘာကို ဆိုလိုတာလဲ”
“ဘာ ဘာကို ဆိုလိုတာလဲ ဆိုတာလဲ”
“ရယ်စရာပဲ သူမရဲ့ စကားတစ်ခွန်းတည်းနဲ့တင် ကျွန်မက လိမ်ပြောနေတယ်လို့ ဆိုရမှာလား”
“သူမ ပြောသမျှက အမှန် ဖြစ်သွားရောလား”
ဟူမယ်မယ်က တုံ့ပြန်လိုက်၏။
လီယန်ချူးက တိတ်ဆိတ်သွားပြီး ဟူမယ်မယ်အား ကြည့်ကာ
“ဒီနေ့ နတ်စင်ကို လာပြီး သူမရဲ့ အမေအတွက် ဆေးတောင်းခဲ့တဲ့ ထျန်းရှောင်လင်းကို မင်းပဲ သတ်လိုက်တာလား” ဟု မေးလိုက်သည်။
“ဒါပေါ့... မဟုတ်ပါဘူး ကျွန်မက ဒီနတ်စင်မှာပဲ အမြဲ ရှိနေတာ မဟုတ်ဘူး၊ တစ်ခါတစ်ရံမှာ အပြင်ထွက် လှည့်လည်တာမျိုး ဒါမှမဟုတ် တခြားနေရာမှာ ကျင့်ကြံတာမျိုး ရှိတယ်လေ။ တချို့ မိစ္ဆာတွေက ကျွန်မရဲ့ အသွင်ကို ယူပြီး အဲဒီမိန်းကလေးကို လှည့်စားတာလည်း ဖြစ်နိုင်တာပဲ မဟုတ်လား”
ဟူမယ်မယ်က ဆိုသည်။
အမှန်တကယ်ပင် ထိုသို့ ဖြစ်နိုင်ခြေ ရှိပေသည်။
မြေပြင်ပေါ်တွင် သက်သေအဖြစ် မြေခွေးဖြူက ရှိနေသည် မဟုတ်ပါလား။ သို့သော် ယခုအခါ ၎င်းတို့နှစ်ဦးအနက် မည်သူက အစစ်အမှန် ဟူမယ်မယ် ဖြစ်သည်ဆိုသည်မှာ အဓိက ပြဿနာ ဖြစ်နေဆဲပင်။
မြေပြင်ပေါ်ရှိ မြေခွေးဖြူနှင့် နှိုင်းယှဉ်ပါက ကိုယ်ပေါ်တွင် ကုသိုလ်အလင်းတန်းများ ရှိနေသည့် ဤဟူမယ်မယ်က ပို၍ ယုံကြည်ရဖွယ် ရှိနေသည်။ အခြားအချက်များကို ထားလိုက်ဦးတော့၊ ထိုနတ်စင်အတွင်းရှိ အေးချမ်းသော အငွေ့အသက်များမှာပင် ဟူမယ်မယ်၏ ကုသိုလ်အလင်းတန်းများနှင့် အင်မတန် လိုက်ဖက်နေသည်။
သို့သော်... မင်ဟော်၏ မေးခွန်းထုတ်ခြင်း ပင်ကိုစွမ်းအားက မည်သို့ ဖြစ်နိုင်မည်နည်း။
“သူမ လိမ်ပြောနေတာ” ဟု မင်ဟော်က ထပ်မံ ဆိုလိုက်ပြန်သည်။
ရှေ့မှ ဟူမယ်မယ်အား ကြည့်ရင်း မင်ဟော်၏ ရင်ထဲတွင် အေးစိမ့်သော ခံစားချက်ကြီးတစ်ခုကို မထိန်းနိုင်အောင် ဖြစ်နေရ၏။ လီယန်ချူးသည်လည်း ထိုစကားကို ကြားသောအခါ မျက်နှာက ပို၍ လေးနက်သွားကာ ဟူမယ်မယ်အား အေးစက်စွာ စိုက်ကြည့်လိုက်တော့သည်။
“ကျွန်မကို မစွပ်စွဲပါနဲ့ စောစောက ကျွန်မ ပြောခဲ့တာတွေ အကုန်လုံးက အမှန်တွေပဲ ”
ဟူမယ်မယ်က မင်ဟော်အား အေးစက်စွာ ပြန်လည် စိုက်ကြည့်လိုက်၏။
မြေပြင်ပေါ်ရှိ မြေခွေးဖြူမှာ ဒဏ်ရာ အလွန်ပြင်းထန်လှသော်လည်း ယခုအခါတွင်မူ ဘာတွေဖြစ်နေမှန်း မသိဘဲ ဝေခွဲမရ ဖြစ်နေရှာသည်။ သို့သော် ၎င်းမှာ သူမ ဆဲဆိုရန်အတွက်မူ အနှောင့်အယှက် မဖြစ်ပါချေ။
“နင်ကမှ ငါ့အသွင်ကို ဟန်ဆောင်ပြီး ငါ့နတ်စင်ကို လုတယ်၊ တာအိုဆရာကိုလည်း လှည့်စားနေသေးတယ်၊ တကယ်ကို အပြစ်ကြီးလှတယ် ”
“တာအိုဆရာ... သူမကို သတ်လိုက်တော့၊ စကားတွေ အများကြီး ပြောမနေနဲ့ ”
မြေခွေးဖြူက အံကြိတ်ကာ အသံနိမ့်နိမ့်ဖြင့် ဟိန်းဟောက်လိုက်၏။
ဟူမယ်မယ်၏ မျက်ဝန်းများအတွင်း သတ်ဖြတ်လိုစိတ်များ ပေါ်ထွက်လာသည်။
“ငါက မင်းအသွင်ကို ဟန်ဆောင်တယ် ဟုတ်လားမင်းလို မိစ္ဆာက တကယ်ပဲ သေချင်နေတာပဲ ငါကမှ ဒီနတ်စင်ရဲ့ အစောင့်နတ် အစစ်ဟဲ့ ”
သူမ၏ လက်ထဲရှိ ဆီမီးအမွှေးတိုင် စွမ်းအား ဓားမှာ တောက်ပသော အလင်းတန်းများ ဖြာထွက်လာပြီး မြေခွေးဖြူအား ထိုးစိုက်ရန် ပြင်လိုက်သည်။
မင်ဟော်၏ မျက်ခုံးများမှာ ပို၍ပင် တွန့်ချိုးသွားရသည်။
“ဒီစကားကတော့ သူမ လိမ်မပြောဘူး”
သူမ အနည်းငယ် အံ့အားသင့်သွားရသည်။ မူလက သူမ၏ မေးခွန်းထုတ်ခြင်း ပင်ကိုစွမ်းအားအပေါ် အလွန်ပင် ယုံကြည်မှု ရှိခဲ့သည်။ ၎င်းမှာ ဗုဒ္ဓဘာသာ၏ သူ့စိတ်ကို သိနိုင်သော အဘိညာဉ် နှင့် ဆင်တူပြီး လိမ်ညာမှု ရှိမရှိကို ခွဲခြားနိုင်စွမ်း ရှိသည်။ သို့သော် ယခုအခါတွင်မူ မင်ဟော်လည်း နားမလည်နိုင်အောင် ဖြစ်နေရ၏။
အစောင့်နတ် ဖြစ်ကြောင်း ပြောဆိုချက်က လိမ်ညာမှု မဟုတ်သော်လည်း၊ မိန်းကလေးငယ်ကို သတ်လိုက်သည်မှာလည်း သူမပင် ဖြစ်နေပြန်သည်။
လီယန်ချူးသည် သတ်ဖြတ်လိုစိတ် ပြင်းထန်နေသော ဟူမယ်မယ်အား ကြည့်ရင်း ရုတ်တရက် စိတ်ထဲတွင် တစ်စုံတစ်ခုကို သတိပြုမိသွားသည်။ စောစောက သူ အနည်းငယ် ပေါ့ဆသွားခဲ့ခြင်းပင်။
သူ၏ မျက်ဝန်းများအတွင်း ဝိညာဥ်အလင်းများ ဝင်းလက်သွားကာ အရှိန်အဝါကြည့်အတတ် ဖြင့် အသေအချာ ကြည့်လိုက်တော့သည်။
ဤဟူမယ်မယ်၏ ကိုယ်ပေါ်တွင် ဆီမီးအမွှေးတိုင် စွမ်းအား များ ရှိနေသော်လည်း၊ တစ်ဖက်တွင်လည်း အင်မတန် အားကောင်းသော မိစ္ဆာအငွေ့အသက်များ ရှိနေသည့်အပြင် ၎င်းတို့အတွင်းဝယ် သွေးညှီနံ့များလည်း ကိန်းအောင်းနေ၏ သူမမှာ အမှန်တကယ်ပင် စိတ်ကောင်းရှိသူ မဟုတ်ပါချေ။
နတ်စင်၏ နယ်မြေအတွင်း ဖြစ်နေသည့်အပြင် ဆီမီးအမွှေးတိုင် နတ်စွမ်းအားများဖြင့် ဖုံးကွယ်ထားသောကြောင့် လီယန်ချူးနှင့် မင်ဟော်တို့မှာ ပထမဆုံးအကြိမ်တွင် သတိမထားမိခဲ့ခြင်း ဖြစ်သည်။
လီယန်ချူး၏ အကြည့်များမှာ အေးစက်သွားကာ ဦးနှောက်အတွင်း လျှပ်စစ်စီးသွားသကဲ့သို့ တစ်စုံတစ်ခုကို သိရှိသွားတော့သည်။
“ဟူမိတ်ဆွေ... ဒေါသမထွက်ပါနဲ့ဦး၊ မနေ့က ငါတို့တွေ စကားကောင်းကောင်း ပြောခဲ့ကြတာပဲ၊ မိစ္ဆာတစ်ကောင်အတွက်နဲ့ ငါတို့ကြားက သံယောဇဉ်ကို မပျက်စီးစေနဲ့လေ။”
“ဒီမိစ္ဆာက မင်းအသွင်ကို ဟန်ဆောင်တာဟာ တစ်ခုခု ကြံစည်နေတာပဲ၊ ငါ အသေအချာ စစ်ဆေးမေးမြန်းပြီးမှ မင်းဆီကို ပြန်အပ်ပေးပါ့မယ်။”
ဟူမယ်မယ်သည် မကျေမနပ်ဖြစ်လျက်ပင် ဆီမီးအမွှေးတိုင်ဖြင့် ဖွဲ့စည်းထားသော ဓားပျံကို ပြန်လည် သိမ်းဆည်းလိုက်သည်။
“ဒါဆိုရင်လည်း ဒီတိရစ္ဆာန်ရဲ့ အသက်ကို ခဏတော့ ချန်ထားပေးလိုက်တာပေါ့ ”
သူမက လီယန်ချူးအား လှည့်ကြည့်လိုက်ရာ သူမ၏ အကြည့်များမှာ ပြန်လည် နူးညံ့သွားသည်။
“တာအိုမိတ်ဆွေ ပြောတာ အဓိပ္ပာယ်ရှိပါတယ်၊ ငါတို့ကြားက သံယောဇဉ်ကို မထိခိုက်စေတာ အကောင်းဆုံးပါပဲ ”
ဟူမယ်မယ်က ပြုံးလျက် ဆိုလိုက်၏။
စောစောက ရှိခဲ့သော သတ်ဖြတ်လိုသည့် အရှိန်အဝါများမှာ ပျောက်ကွယ်သွားသကဲ့သို့ပင် ဖြစ်သွားကာ ပြန်လည်၍ တည်ငြိမ်ကြင်နာသော အသွင်သို့ ပြောင်းလဲသွားပြန်သည်။ သို့သော် လီယန်ချူးမှာမူ တစ်ခွန်းမှ မပြောဘဲ တိတ်ဆိတ်နေတော့သည်။
ဟူမယ်မယ်မှာ ခေတ္တမျှ ကြောင်အသွားကာ
“ဘာဖြစ်လို့လဲ” ဟု မေးလိုက်၏။
မင်ဟော်သည် နောက်သို့ တစ်လှမ်းဆုတ်ကာ လီယန်ချူး၏ အနောက်တွင် တိတ်တဆိတ် ရပ်လိုက်တော့သည်။
“မင်းက ငါတွေ့ခဲ့တဲ့ ဟူမယ်မယ် မဟုတ်ဘူး၊ မင်းက ထျန်းရှောင်လင်းကို သတ်လိုက်တဲ့သူပဲ ”
လီယန်ချူး၏ အသံမှာ အေးစက်လှသည်။
“တာအိုမိတ်ဆွေ... ရှင် ဘာတွေ ပြောနေတာလဲ”
ဟူမယ်မယ်က နားမလည်သလို မေးလိုက်၏။
“မိစ္ဆာမ နေ့လယ်ကမှ ငါတို့ တွေ့ခဲ့ကြတာကို၊ ဘယ်လိုလုပ်ပြီး မနေ့က ဖြစ်သွားရတာလဲ”
မင်ဟော်က အေးစက်သော လေသံဖြင့် ဆိုလိုက်သည်။
ဟူမယ်မယ်မှာ ခေတ္တမျှ မှင်တက်သွားပြီးနောက် ရုတ်တရက် ရယ်မောလိုက်တော့သည်။ ထိုရယ်သံအတွင်းဝယ် သတ်ဖြတ်လိုစိတ်များ အတိုင်းသား ပေါ်ထွက်နေ၏။
“မြေခွေးမျိုးနွယ်က ကောက်ကျစ်တယ်လို့ အားလုံးက ပြောကြတယ်၊ ငါ့အမြင်မှာတော့ လူသားတွေက ပိုပြီး ကောက်ကျစ်တာပဲ ”
လီယန်ချူး၏ အမူအရာမှာ အေးစက်နေသည်၊ အမှန်တကယ်ပင် ဟူမယ်မယ်မှာ တစ်ယောက်တည်း မဟုတ်ပါချေ ထို့အပြင် ၎င်းတို့အချင်းချင်းကြားတွင်လည်း သတင်းဖလှယ်မှု မရှိကြပါချေ။
စောစောက ထိုဟူမယ်မယ်အား မြင်လိုက်ရကတည်းက သူ တစ်စုံတစ်ခု မှားယွင်းနေကြောင်း ခံစားမိသော်လည်း အတိအကျ မပြောနိုင်ခဲ့ခြင်းဖြစ်သည်။ ယခုမှပင် သူ နားလည်သွားတော့သည်၊ ဤဟူမယ်မယ်သည် သူ့ကို မြင်လိုက်ရကတည်းက ဟန်ဆောင်နေခြင်းပင်။
သူမသည် သူ့အား တစ်ခါမှ မမြင်ဖူးပါချေ။ သို့သော် သူ၏ စကားနောက်သို့သာ လိုက်၍ ပြောဆိုနေခြင်း ဖြစ်သည်။
ထိုအချက်မှာပင် မင်ဟော်၏ မေးခွန်းထုတ်ခြင်း အပေါ် သူမ ဘာကြောင့် ထိုမျှ ပြင်းထန်စွာ တုံ့ပြန်ခဲ့ရသနည်းဟူသော အဖြေပင်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူမသည် မင်ဟော်၏ စစ်ဆေးမှုကို တစ်ခါမှ မခံယူခဲ့ဖူးဘဲ၊ ယခုမှ မင်ဟော်အား ပထမဆုံးအကြိမ် တွေ့ဖူးခြင်းကြောင့် မေးခွန်းထုတ်ခြင်း နှင့် ပတ်သက်၍ ဘာမှ မသိရှိခဲ့ခြင်း ဖြစ်သည်။
“ဟန်မဆောင်တော့ဘူးလား မင်း ထျန်းရှောင်လင်းကို သတ်ပြီး သူမရဲ့ ဝိညာဉ်အနှစ်သာရကို လုယူခဲ့တာကို ဝန်ခံလိုက်ပြီပေါ့”
လီယန်ချူးက လေးနက်စွာ ဆိုလိုက်သည်။
“မှန်တယ်”
“အဲဒီမိန်းကလေးနာမည်က ထျန်းရှောင်လင်းတဲ့လား နာမည်လေးကလည်း မဆိုးပါဘူး ”
“သူမက ဘယ်လောက်တောင် ထူးခြားသလဲဆိုတာ မင်းတို့ မသိဘူး၊ အဲဒီ သန့်စင်လှတဲ့ ဝိညာဉ်အရှိန်အဝါကို ငါ ရုပ်တုထဲမှာ ရှိနေတုန်းကတည်းက အာရုံခံမိခဲ့တာ ”
ဟူမယ်မယ်၏ မျက်နှာပေါ်တွင် စိတ်မနှံ့သူတစ်ဦးကဲ့သို့ စိတ်လှုပ်ရှားမှုများ ပေါ်ပေါက်လာသည်။
“သူမရဲ့ ဝိညာဉ်အနှစ်သာရကို လုယူဖို့အတွက်၊ ဖျားနာနေတဲ့ အမေအတွက် ဆုတောင်းပေးနေတဲ့ မိန်းကလေးငယ်တစ်ယောက်ကို မင်းက သတ်ခဲ့တယ်ပေါ့”
လီယန်ချူး၏ လေသံမှာ အေးစက်လှသည်။
ဟူမယ်မယ်ကမူ ဂရုမစိုက်သလိုပင်
“သာမန် လူသားတစ်ယောက်ပဲ မဟုတ်လား ဘာများ အရေးကြီးလို့လဲ”
“ဒါနဲ့ပဲ မင်းက ငါနဲ့ ရန်ငြိုးဖွဲ့ချင်တာလား”
“ရန်ငြိုးဖွဲ့မယ် ဟုတ်လား” လီယန်ချူးက အေးစက်စွာ ပြုံးလိုက်၏။
သူသည် ဟူမယ်မယ်အား ကြည့်ကာ လေးနက်စွာ ဆိုလိုက်သည်။
“သူမနဲ့ အပေးအယူ လုပ်ရုံနဲ့ ဝိညာဉ်အနှစ်သာရကို ရနိုင်မယ်ဆိုရင်၊ မင်း ဒီလောက်အထိ အပင်ပန်းခံ စဉ်းစားနေစရာ မလိုဘူး။ လူတစ်ယောက်ကို မျှော်လင့်ချက်ပေးပြီးမှ အဲဒီမျှော်လင့်ချက်ကို ဖျက်ဆီးပစ်တာဟာ၊ သူမရဲ့ စိတ်ဝိညာဉ်ကို လုံးဝ ပျက်စီးသွားအောင် လုပ်ချင်လို့ မဟုတ်လား”
ဟူမယ်မယ်က လီယန်ချူးအား အံ့ဩတကြီး ကြည့်လိုက်မိသည်။
“မင်းလို တာအိုဆရာလေးက ဦးနှောက်တော့ ရှိသားပဲ။”
“ဝိညာဉ်အနှစ်သာရကို လုယူတဲ့ နည်းလမ်းက မင်းထင်ထားတာထက် အများကြီး ပိုရှုပ်ထွေးတယ်။ ဒါပေမဲ့ မင်းပြောတာလည်း မမှားပါဘူး၊ သူမရဲ့ စိတ်ဝိညာဉ်က အတိုင်းအတာတစ်ခုအထိ မပြိုကွဲသွားဘူးဆိုရင်၊ သူမရဲ့ ဝိညာဉ်အနှစ်သာရကို ထုတ်ယူဖို့က တကယ်ပဲ မလွယ်ဘူးလေ။”
“မင်းကတော့ တကယ်ကို သေသင့်တဲ့သူပဲ ”
လီယန်ချူး၏ လေသံမှာ အေးစက်လှသည်။
ဟူမယ်မယ်မှာ ရုတ်တရက် ရိုင်းစိုင်းစွာ ရယ်မောလိုက်ပြီး အမူအရာမှာလည်း မောက်မာလာတော့သည်။
“ဘယ်ကလာတဲ့ အသိတရားမဲ့တဲ့ လူငယ်နှစ်ယောက်က ငါ့ရဲ့ နယ်မြေထဲမှာ လာပြီး တရားမျှတမှု လုပ်နေရတာလဲ ”
“မင်းတို့ကို လှည့်စားပြီး မောင်းထုတ်မလို့ပဲ၊ ဒါပေမဲ့ မင်းတို့ကမှ သေချင်နေမှတော့... ဒီမှာပဲ ကျန်ခဲ့ကြတော့ ”
ဟူမယ်မယ်က ဒေါသတကြီး ဟောက်လိုက်ကာ လက်ထဲရှိ ဆီမီးအမွှေးတိုင် နတ်စွမ်းအား ဓားရှည်ဖြင့် လီယန်ချူး၏ နဖူးတည့်တည့်သို့ ထိုးစိုက်လိုက်တော့သည်။
လီယန်ချူး၏ ကိုယ်ရှေ့တွင် အင်မတန် ပြင်းထန်လှသော ယန် အရှိန်အဝါ အကာအကွယ်များ ထွက်ပေါ်လာ၏ တစ်ပြိုင်နက်တည်းမှာပင် သူသည် ခြေတစ်လှမ်း တိုးလိုက်ရာ၊ ကိုယ်ပေါ်မှ သွေးချီအရှိန်အဝါများမှာ မီးခိုးတန်းကြီးအလား ကောင်းကင်သို့ ထိုးတက်သွားတော့သည်။
ခန်းမဆောင် တစ်ခုလုံးမှာ ပြင်းထန်လှသော အနီရောင် အလင်းတန်းများဖြင့် ပြည့်နှက်သွားတော့သည်။
ဒုန်း
လက်သီး တစ်ချက်တည်းဖြင့်ပင် ဟူမယ်မယ်၏ ဆီမီးအမွှေးတိုင် နတ်ဓားကို ရိုက်ချေလိုက်သည့်အပြင်၊ သူမ၏ ကိုယ်ပေါ်ရှိ ကျင့်ကြံခြင်း စွမ်းအားများကိုပါ အကုန်အစင် ဖျက်ဆီးပစ်လိုက်တော့သည်။
ဟူမယ်မယ်၏ မူလကိုယ်မှာ ပေါက်ကွဲပျက်စီးသွားကာ၊ သူမကိုယ်တိုင်လည်း အရှိန်ပြင်းစွာဖြင့် လွင့်ထွက်သွားတော့သည်။
သူမသည် ဤလူငယ် တာအိုဆရာအား ထိတ်လန့်တကြား ကြည့်လိုက်မိတော့သည်။
“ဒီတာအိုဆရာလေးက ဒီလောက်တောင် ကြမ်းတာလား ”
သူမသည် ပျက်စီးသွားသော မိမိ၏ ရွှေကိုယ်ထည်ကို ကြည့်ကာ အင်မတန်မှ အံ့အားသင့်သွားရလေတော့သည်။