တန်ဖိုးကြီးမှိုနက်များ ရောင်းထွက်သွားပြီ
Vol. 7 Ch. 91
ငိုသံများကြောင့် အားယွီလေး လန့်နိုးလာခဲ့လေသည်။ သူမ သည် မျက်လုံးများ ဖွင့်ကြည့် လိုက်သောအခါ အစ်ကိုဖြစ်သူများ၏ မျက်နှာပေါ်တွင် မျက်ရည်များ နှာရည်များဖြင့် ပေပွနေကြသည်အား တွေ့လိုက်ရလေသည်။ တစ်ယောက် ထက် တစ်ယောက် ပို၍ပင် အသည်းအသန် ငိုကြွေးနေကြခြင်း ဖြစ်သည်။
"ကိုကိုငါး ကိုကိုခြောက် ကိုကိုခုနစ်နဲ့ ကိုကိုဝတုတ်"
အားယွီလေးမှ သူတို့အား လှမ်းခေါ်လိုက်လေသည်။ ထိုအခါမှ ဝမ်ဝူလန်နှင့် အခြားသူများသည်လည်း မော့ကြည့်လာခဲ့ကြပြီး အားယွီလေး မျက်လုံးပွတ်ကာ ထိုင်နေသည်အား မြင်လိုက်ရသောအခါ သတိလစ်မတတ် လန့်ဖျပ်သွားကြလေသည်။
"အားယွီ ညီမလေး မသေသေးဘူးပေါ့"
ဝမ်ဝူလန်မှ အော်ဟစ်လိုက်လေသည်။ ထို့နောက် ချက်ချင်းပင် ပြေးလာကာ အားယွီလေးအား ဖက်ထားလိုက်တော့သည်။
"ဝူး ဝူး ညီမလေး မသေသေးဘူး တော်ပါသေးရဲ့ကွာ အဘွားရိုက်တာကို ငါတော့ မခံရတော့ဘူး"
[...]
ဤအရာအားလုံးသည် မျက်စိ တစ်မှိတ်အတွင်း ဖြစ်ပျက်သွားခဲ့ခြင်း ဖြစ်သည်။ ထိုစဉ် ချင်ဟွိုင်သည်လည်း နိုးလာခဲ့ကာ ချီကျား၏ အကြည့်များနှင့် ဆုံသွားလေသည်။
"သခင်လေး"
ချီကျားမှ စိုးရိမ်တကြီးဖြင့် ပြောလိုက်လေသည်။
"ဒီတစ်ခါ ရောဂါဖောက်တာ ဘာလို့ ဒီလောက် မြန်ရတာလဲ"
ဤမျှမြန်ဆန်မည်မှန်း ကြိုသိခဲ့လျှင် သခင်လေးအနားမှ သူ လုံးဝခွာခဲ့လိမ့်မည် မဟုတ်ချေ။ ထို့ပြင် ယခုတစ်ကြိမ် ရောဂါပြန်ထပုံသည် အလွန် ပြင်းထန်လှသည်။ သခင်လေးအနေဖြင့် သုံးလပင် ဆက်လက် ရှင်သန်နိုင်ပါတော့မည်လား သူမသိချေ။ မျက်နှာပေါ်ရှိ ဒွါရာ ခုနစ်ပေါက်လုံးမှ သွေးများ စီးကျနေခဲ့ခြင်း ဖြစ်သည်။ ချင်ဟွိုင်၏ မျက်နှာမှာ စိမ်းပုပ်နေခဲ့သည်။ သူသည် အံကြိတ်လျှက် ပြောလိုက်သည်။
"ငါ့ကို ပွေ့ချီစမ်း"
"ဗျာ"
ချီကျားမှ နားမလည်နိုင်စွာဖြင့် ရေရွတ်လိုက်မိသည်။
"ငါ့ကို ချီလို့ ပြောနေတယ်"
ချင်ဟွိုင်မှ ထပ်ပြောလိုက်သည်။
"ငါ အိမ်သာသွားချင်တယ်"
သခင်လေး၏ အံကြိတ်လျှက် သည်းခံနေရသော မျက်နှာအမူအရာအား မြင်လိုက်ရသဖြင့် နှစ်ပေါင်းများစွာ အမှုထမ်းခဲ့သဖြင့် အပြန်အလှန် နားလည်မှု ရှိခဲ့သည့် ချီကျားအနေဖြင့် အကြောင်းအရင်းအား ဆက်မမေးသင့်တော့မှန်း သိလိုက်လေသည်။
သူသည် ချင်ဟွိုင်အား ချက်ချင်းပင် ပွေ့ချီလိုက်ကာ တောင်တန်း၏ အခြားတစ်ဖက်သို့ လျှပ်တစ်ပြက် ကိုယ်ဖော့ပညာအား သုံးကာ ပြေးလွှား သွားလေတော့သည်။
ထိုနေရာတွင် ဟူမိသားစုရွာမှ ရွာသားများ အမဲလိုက် ပြီးနောက် ယာယီ အနားယူရန် ဆောက်လုပ် ထားသော တဲအိမ်လေး တစ်လုံး ရှိလေသည်။ ကံကောင်း ထောက်မစွာဖြင့် ဘေးတွင် တွင်းတူး အိမ်သာလေး တစ်ခု ရှိနေခဲ့သည်။
ဝမ်ဝူလန်တို့အဖွဲ့မှာမူ ချီကျားတို့ မည်သည့်အရာများ လုပ်နေသည်အား ဂရုစိုက်နေရန် အချိန်မရှိကြတော့ချေ။ သူတို့ကိုယ်တိုင် ရစ်ငှက် တစ်ကောင်စီ ဖမ်းမိထားသည်ကိုပင် ဝမ်းသာရန် မေ့လျော့နေကြတေ့ာသည်။
"ညီမလေး အားယွီ တစ်ခုခု ထိခိုက်မိသေးလား"
ဝမ်ဝူလန်မှ အားယွီလေးအား ပွေ့ချီလိုက်ကာ ဟိုလှည့်ဒီလှည့်ဖြင့် စစ်ဆေးကြည့်လိုက်လေသည်။ ထင်ရှားလှသည့် ဒဏ်ရာတစ်စုံတစ်ရာကိုမျှ မတွေ့ရချေ။
"ကိုကိုအားယို ဒဏ်ရာရသွားတယ် သွေးတွေ အများကြီး အန်ချလိုက်တာ"
အားယွီလေးမှာ အလွန်ပင် စိုးရိမ်နေသဖြင့် ကိုကိုအားယို သက်သာသွားခဲ့ပြီလား ဆိုသည်ကိုပင် သွားကြည့်ရန် မေ့နေခဲ့လေသည်။
"ဘယ်က ကိုကိုအားယိုလဲ"
‘ မိမိ၏ ညီမလေးတွင် နောက်ထပ် ကိုကိုတစ်ယောက် မည်သည့် အချိန်တုန်းကများ ရသွားရလေသနည်း’
"ကိုကိုချင်ဟွိုင်က သူ့ကိုယ်သူ ကိုကိုအားယိုလို့ ခေါ်တယ်လေ"
ဟု အားယွီလေးမှ ရှင်းပြလေသည်။
"ထားလိုက်တော့ အဲဒါ အရေးမကြီးဘူး အိမ်ကို အရင်ပြန်ကြရအောင် ညီမလေးရဲ့ အဝတ်တွေလည်း ပေပွနေပြီဆိုတော့ အိမ်ပြန်ပြီး အဝတ်လဲရမယ်"
ဝမ်ဝူလန်မှ လက်ကာပြရင်း အားယွီလေးအား ကောက်ချီလိုက်လေသည်။ ထို့နောက် ရစ်ငှက်အား ဝမ်လျိုလန်ထံသို့ ကမ်းပေးလိုက်လေသည်။
ကလေးတစ်သိုက်သည် ချီကျားတို့ကိုပင် မစောင့်တော့ဘဲ တောင်အောက်သို့ သုတ်ခြေတင် ပြေးဆင်းသွားကြကုန်တော့သည်။ အမှန်တွင် ချီကျားသည် သူတို့အား ရစ်ငှက်တစ်ကောင်စီ ဖမ်းပေးရန် အတွက် ခေါ်ဆောင် လာခဲ့ခြင်း ဖြစ်သည်။ ကလေးများ အားလုံးမှာ ဝမ်းသာလုံး ဆို့နေခဲ့ကြသော်လည်း ယခု အားယွီလေး ဤသို့ဖြစ်နေသည်အား မြင်သောအခါ သူတို့၏ တင်ပါးများ ကျိန်းစပ်လာသကဲ့သို့ ခံစားလိုက်ကြရလေသည်။
‘သူတို့ အရိုက်ခံရတော့မည်လား’
နောက်တစ်ကြိမ်တွင် အားယွီအား တောင်ပေါ်သို့ ဆော့ရန် မခေါ်လာသင့်တော့ဟု သူတို့ တွေးမိကြသည်။ သာမန်အားဖြင့် ယောက်ျားလေးများ တောင်ပေါ် တက်ကစားလျှင် လူကြီးများသည် ဂရုမစိုက်ကြချေ။ မည်သူကများ သူတို့အား အချိန်ကုန်ခံ၍ ဂရုစိုက်နေလိမ့်မည်နည်း။ တောင်တော အနက်ထဲသို့ မဝင်ရန်သာ သတိပေးလေ့ ရှိကြသည်။ ဤတစ်ကြိမ်တွင်မူ သူတို့ တောင်ပေါ်သို့ နောက်ထပ် တစ်ကြိမ် ထပ်မံ၍ တက်ခွင့်ရတော့မည် မဟုတ်ချေ။
“ဟူး”
"အားယွီ ကိုကိုတို့ ညီမလေးကို ပစ်ထားခဲ့တယ်လို့ အိမ်ပြန်ရောက်ရင် အဘွားကို မပြောရဘူးနော်"
ဝမ်လျိုလန်မှ အခွင့်အရေးရခိုက် အားယွီလေးအား ကပျာကယာ မှာလိုက်လေသည်။ ဝမ်ချီလန်မှလည်း အလောတကြီး ဝင်၍ ထောက်ခံလိုက်လေသည်။
"ဟုတ်တယ် ဟုတ်တယ် ဘာမှမပြောနဲ့နော် မဟုတ်ရင် နောက်ဆို အတူတူ ကစားလို့ ရတော့မှာမဟုတ်ဘူး"
အားယွီလေးမှ ခေါင်းညိတ်ပြရင်း ပြောလိုက်လေသည်။
"အားယွီ သိပါတယ်"
တောင်ခြေသို့ ရောက်သောအခါ ကလေးများသည် အိမ်အသီးသီးသို့ ပြန်သွားကြတော့သည်။ ဝမ်ဝူလန်တို့ အဖွဲ့ ဝမ်မိသားစု အိမ်သို့ ပြန်ရောက် လာသောအခါ အားယွီလေး တစ်ကိုယ်လုံး သွေးများ ပေကျံနေသည်အား မြင်လိုက်ရသဖြင့် အဘွားအိုဝမ်မှာ အမှန်ပင် လန့်ဖျပ်သွားခဲ့လေသည်။
သို့သော်လည်း သေချာ မေးမြန်းကြည့် ပြီးနောက် ထိုသွေးများမှာ အားယွီလေး၏ သွေးများ မဟုတ်ကြောင်း သိရမှသာလျှင် အဘွားအိုဝမ် သက်ပြင်းချနိုင်လေတော့သည်။ သို့ဖြစ်စေကာမူ ဝမ်ဝူလန်တို့အဖွဲ့မှာ ဝါးရင်းတုတ်ဖြင့် ရိုက်နှက်ခံရမည့် ဘေးမှ မလွတ်ကင်းနိုင်ခဲ့ကြချေ။
"ရစ်ငှက်သုံးကောင် ဖမ်းမိလာရုံနဲ့ မင်းတို့အပြစ်တွေ လွတ်သွားပြီလို့ မထင်လိုက်နဲ့ မင်းတို့ အားယွီကို တစ်နေရာမှာ ပစ်ထားခဲ့ပြီးတော့ လျှောက် ကစားနေကြတာမလား"
အဘွားအိုဝမ်မှ ဝမ်ဝူလန်အား စူးစိုက်ကြည့်လိုက်ကာ ပြောလိုက်လေသည်။
"ငါ မင်းတို့ကို ဘာပြောလိုက်လဲ ညီမလေးကို သေချာဂရုစိုက်လို့ ပြောလိုက်တာကို တောင်ပေါ်ထိ ခေါ်သွားပြီး ကစားကြတယ် မင်းတို့ ညီမလေး ထိခိုက် ဒဏ်ရာ ရသွားနိုင်တယ် ဆိုတာကို မတွေးမိကြဘူးလား ဒီတစ်ခါ ဒဏ်ရာ မရဘူးဆိုရင်တောင် နောက်တစ်ခါ ဆိုရင်ကော ဘယ်လိုလုပ်မလဲ မြွေတွေ အင်းဆက်တွေ သားရဲတွေနဲ့ တွေ့ရင်ကော အားယွီလေး လန့်သွားရင် ဘယ်လိုလုပ်ကြမလဲ"
ဝမ်ဝူလန်တို့ တသိုက်မှာမူ ထိုအရာများအား မတွေးမိခဲ့သဖြင့် ငြိမ်ငြိမ်လေး အရိုက်ခံနေရုံသာ တတ်နိုင်လေတော့သည်။ သို့သော်လည်း သူတို့သည် ရစ်ငှက်များအား အမှန်တကယ် ယူဆောင် လာနိုင်ခဲ့သောကြောင့် အဘွားအိုဝမ်မှ အနည်းငယ်မျှသာ အပြစ်ပေးခဲ့ကာ အင်အား အပြည့်မသုံးခဲ့ချေ။
လျိုရှီမှ အားယွီလေးကို ရေချိုးပေးရန် အလျှင်အမြန် ခေါ်သွားခဲ့ကာ အဝတ်အစားများ လဲလှယ် ပေးလိုက်လေသည်။ ကံကောင်းသည်မှာ အားယွီလေးမှ လူကောင်သေးငယ်ပြီး ချင်စီ ပေးထားသည့် အဝတ်အစများဖြင့် အဝတ်လေးစုံ ချုပ်ထားနိုင်ခဲ့၍သာ အဆင်ပြေသွားခဲ့ခြင်း ဖြစ်သည်။ သို့မဟုတ်ပါက သူမတွင် ဝတ်စရာ အဝတ်သစ် ရှိလိမ့်မည် မဟုတ်ပေ။
ဝမ်ချွမ်းမန်သည် အပြင်တွင် အလုပ်လုပ်နေစဉ် ကလေးများထံမှ အားယွီလေး အိမ်ပြန်ရောက်ချိန်၌ တစ်ကိုယ်လုံး သွေးများ ပေကျံနေကြောင်း ကြားလိုက်ရသဖြင့် လန့်ဖြန့်သွားကာ ပေါက်ပြားကိုပင် ပစ်ချ၍ ပြေးလာခဲ့လေတော့သည်။ အိမ်ပြန်ရောက်မှသာ အထိတ်တလန့် ဖြစ်မှုသည် အချည်းနှီး ဖြစ်သွားမှန်း သိလိုက်ရလေသည်။
"ချင်ဟွိုင်ဆိုတဲ့ ကလေးက ဒီမှာ အဒေါ်ကျန်းာရေး ကောင်းအောင် လာလုပ်တာဆိုတော့ သူ့ရောဂါက သိပ်တော့ မရိုးရှင်းဘူး ထင်တယ် သွေးတွေတောင် အန်သေးတယ်ဆိုပဲ"
လျိုရှီမှ ဝမ်ချွမ်းမန်အား စိုးရိမ်တကြီးဖြင့် ပြောလိုက်လေသည်။
"ကူးစက်တတ်တဲ့ ရောဂါများ ဖြစ်နေမလား"
သူတို့၏ အားယွီလေးသည် အလွန် ငယ်ရွယ်လှသေးသည်။ ဖျားနာမှုနှင့် နာကျင်မှု ဒဏ် အနည်းငယ်မျှ ခံစားရလျှင်ပင် အသက်အန္တရာယ် ရှိသွားနိုင်လေသည်။ ဝမ်ချွမ်းမန်မှ လက်အား ပွတ်သပ်ကာ ပြောလိုက်လေသည်။
"ဒါကိုတော့ ငါလည်း သေချာမသိဘူး သမားတော်ဟူကို သွားမေးကြည့်လိုက်မယ်"
သူ တံခါးဝမှ အထွက်တွင် သူတို့အိမ်ဆီသို့ လျှောက်လာသည့် သမားတော်ဟူအား မြင်လိုက်ရလေသည်။ ထို့ပြင် သူ၏ မျက်နှာတွင် အရေးအကြောင်းများ ပေါ်လာသည်အထိ ပြုံးရွှင်နေသဖြင့် ဝမ်းသာစရာ ကိစ္စတစ်ခုခု ရှိနေပုံရလေသည်။
"သမားတော်ဟူ ဘယ်လိုလုပ် ဒီရောက်လာတာလဲ"
ဝမ်ချွမ်းမန်မှ အလျင်အမြန် ဆီးကြိုလိုက်လေသည်။
"ဘာကိစ္စများ ရှိလို့လဲဗျ"
...
"သတင်းကောင်း သတင်းကောင်းဟ မင်းအမေ ရှိလား သူ့ကို လာရှာတာ"
သမားတော်ဟူမှ ပြောပြီးနောက် တစ်ခုခု မှားနေသည်ဟု ခံစားလိုက်ရသဖြင့် ထပ်ဖြည့် ပြောလိုက်လေသည်။
"သူ မရှိလည်း ကိစ္စမရှိပါဘူး မင်းအဖေ ရှိရင်လည်း ရပါတယ်"
"ရှိပါတယ် ရှိပါတယ် အဖေရော အမေရော နှစ်ယောက်လုံး ရှိပါတယ်"
ဝမ်ချွမ်းမန်မှ သူ့အား အိမ်ထဲသို့ ကမန်းကတန်း ခေါ်သွင်းသွားခဲ့ကာ အသံကုန်ဟစ်ကာ အော်ခေါ်လိုက်လေသည်။
"အဖေရေ အမေရေ သမားတော်ဟူ ရောက်နေတယ် ဗျို့"
အဘွားအိုဝမ်သည် သမားတော်ဟူ ရောက်လာသည်အား ကြားသောအခါ မှိုနက် ကိစ္စအတွက် ဖြစ်ရမည်ဟု အကြမ်းဖျင်း ခန့်မှန်းမိလိုက်လေသည်။
ယခင်တွင် အားယွီလေး တောင်ပေါ်မှ ခူးယူးလာသည့် မှိုနက်များအား ကောက်ရလာစဉ်တွင် အဘွားအိုဝမ်မှ သမားတော်ဟူအား ပေးကာ ရောင်းချခိုင်းခဲ့လေသည်။ လွန်ခဲ့သော ရက်အနည်းငယ်ခန့်က အဘွားအိုဝမ်မှ ထိုကိစ္စအား မမေးမြန်း ဖြစ်ခဲ့သော်လည်း ယခုမူ တိုးတက်မှု တစ်စုံတစ်ရာ ရှိလာပုံရလေသည်။
အဘွားအိုဝမ်သည် ချွေးမများအား ရစ်ငှက်များ ကိုင်ခိုင်း ထားခဲ့ပြီး သူမသည် သမားတော်ဟူအား ဧည့်ခန်းဆီသို့ ခေါ်သွားလျှက် အဘိုးအိုဝမ်ကိုပါ နောက်မှ လိုက်လာရန် ခေါ်လိုက်လေသည်။ သမားတော်ဟူမှ စကားအား လိုရင်းသာ ပြောလိုက်လေတော့သည်။
"အစ်မကြီးဝမ် ကျွန်တော် ဆေးဘက်ဝင် အပင်တွေ ဝယ်တဲ့ ကုန်သည် တစ်ယောက်နဲ့ တွေ့ခဲ့တယ် အစ်မကြီး ရောင်းခိုင်းထားတဲ့ မှိုနက်တွေ အားလုံးကို ငွေစ ၅၅၀ နဲ့ သူက ဝယ်ချင်တယ်တဲ့ ဈေးကလည်း သင့်တော်တယ် ထင်လို့ အားလုံးကို ရောင်းလိုက်တယ် ဒီမှာ ငွေစက္ကူတွေ"
သမားတော်ဟူမှ ငွေစက္ကူများအား စားပွဲပေါ်တင်ကာ အဘွားအိုဝမ် ဘက်သို့ တွန်းပေးလိုက်လေတော့သည်။ ငွေတုံး ၅ တုံးလည်း ပါသေးသည်။
အဘွားအိုဝမ်မှ ငွေစက္ကူများအား ကောက်ကိုင်လိုက် ပြီးနောက် တစ်ချက် ကြည့်လိုက်လေသည်။ ထို့နောက် ပြုံးကာ ပြောလိုက်လေသည်။
"ကျေးဇူးတင်ပါတယ် သမားတော်ဟူရယ် ဒီတစ်ခေါက်တော့ ပင်ပန်းသွားပါပြီ ဒီငွေစ ၅၀ ကိုတော့ ခရီးစရိတ်အဖြစ် ယူထားလိုက်ပါ"
"မဖြစ်ဘူး မဖြစ်ဘူး အရင်က ခင်ဗျားတို့အိမ်က ကလေးတွေ ကျွန်တော့်ကို မှိုနက် သွားတူးဖို့ ခေါ်သွားတုန်းကလည်း ကျွန်တော် နည်းနည်း ရခဲ့ပါသေးတယ် ခင်ဗျားတို့လောက် မများပေမယ့် ဈေးကောင်းရခဲ့ပါတယ်ဗျာ အဲဒါကပဲ ခရီးစရိတ်အတွက် လုံလောက်နေပါပြီ"
သမားတော်ဟူမှ အလျှင်အမြန် ခေါင်းရမ်းပြလိုက်လေသည်။
"အစ်မကြီးက ကျွန်တော့်ကို ယုံယုံကြည်ကြည်နဲ့ ရောင်းခိုင်းတာတင် ကျေးဇူးတင်စရာ ကောင်းနေပါပြီ တခြား ဘာမှ ပြောနေစရာ မလိုတော့ပါဘူး"
သမားတော်ဟူသည် လူမှုဆက်ဆံရေး သိပ်ကောင်းသူ လှသူ တစ်ဦး မဟုတ်ချေ။ အဘွားအိုဝမ်မှ သူ့အား ငွေပေးရန် အတင်းအကြပ် လုပ်မည်အား စိုးရိမ်သဖြင့် ပစ္စည်းများအား ချထားပေးခဲ့ပြီးနောက် အလျှင်အမြန် ထွက်ခွာ သွားလေတော့သည်။
...
"အစ်မကြီးဝမ် နောက်နောင် ဆေးဘက်ဝင် အပင်တွေပဲ ဖြစ်ဖြစ် ကိုယ်မသိတဲ့ တခြားအရာတွေပဲ ဖြစ်ဖြစ် ရလာခဲ့ရင် ကျွန်တော့်ကို လာမေးလို့ရပါတယ် ကျွန်တော် ကူရောင်းပေးပါ့မယ်"
ထိုသို့ပြောပြီးနောက် သမားတော်ဟူ ထွက်သွားလေတော့သည်။ အဘွားအိုဝမ်သည် ငွေစက္ကူများအား ကိုင်ရင်း စဉ်းစားခန်း ဝင်နေခဲ့သည်။ သူမ နောက်သို့ လှည့်ကြည့် လိုက်သောအခါ ကြက်သေ သေနေသည့် အဘိုးအိုဝမ်၏ မျက်နှာအား မြင်လိုက်ရလေသည်။ သူသည် ထို ငွေစက္ကူများအား မြင်ပြီးနောက် လန့်ဖျပ်နေသည်မှာ ထင်ရှားလှပေသည်။
"အ ဖွား ကြီး အ အဖွားကြီး"
သူတို့၏ မိသားစုတွင် ဤမျှ များပြားလှသော ငွေကြေးများ မည်သည့် အချိန်ကတည်းမှ ရသွားရလေသနည်း။ သူကရော ဘာကြောင့် ဘာမှမသိခဲ့ရလေသနည်း။
"ဘာဖြစ်တာလဲ ဒီလောက်များတဲ့ ငွေတွေကို တစ်ခါမှ မမြင်ဖူးလို့လား"
အဘွားအိုဝမ်မှ မျက်စောင်း ထိုးလိုက်လေသည်။
"ဒီငွေတွေက အိမ်က ကလေးတွေ ရှာလာတာ ရှင်ပြောကြည့်စမ်း ရှင်က ကလေးတွေကိုတောင် မယှဉ်နိုင်ဘူး ရှင့်ရဲ့ အသက်ကြီးလှပြီ ဖြစ်တဲ့ မျက်နှာကို ဘယ်နား သွားထားမလဲ"
အဘိုးဝမ် တစ်ယောက် ဆွံအသွားလေတော့သည်။
‘ စကားပြောချင်လျှင်လည်း ကောင်းကောင်း ပြောပါလား ကွာ လူကိုပါ ခနဲ့တဲ့တဲ့နဲ့ ထိခိုက်အောင် ပြောစရာ လိုလို့လား ဟ’