ကံစမ်းမဲ နှိုက်ခြင်း
Vol. 7 Ch. 92
အဘိုးအိုဝမ်မှာ မှိုနက်များနှင့် ပတ်သက်၍ ဘာဆိုဘာမှ မသိခဲ့ချေ။ အဘွားအိုဝမ်မှ အကြောင်းစုံအား သူ့အား ရှင်းပြလိုက်လေသည်။ အဘိုးအိုဝမ်သည် နားထောင်နေရင်းဖြင့် တစ်ခုခု မှားယွင်းနေသည်ဟု ခံစားလိုက်ရတော့သည်။
"ဒီလောက် တန်ဖိုးကြီးတဲ့ မှိုနက်တွေကို အားယွီလေးက ရှာတွေ့ခဲ့တာလို့ မင်း တကယ်ထင်လို့လား"
အဘိုးအိုဝမ်မှ နားမလည်နိုင်စွာဖြင့် မေးလိုက်လေသည်။
"ငါတို့ ဟူမိသားစုရွာကို ရောက်လာတာ နှစ်ပေါင်း ၁၇ နှစ်တောင် ရှိနေပြီ ဘာလို့ အရင်တုန်းက ဘယ်သူမှ တူးတာ မတွေ့ခဲ့ရတာလဲ"
အဘွားအိုဝမ်မှ သူ့အား တစ်ချက် စိုက်ကြည့်လိုက်လေသည်။
"အဲဒါက ရှာချင်တိုင်း ရှာလို့ရတဲ့ အရာများ မှတ်နေသလား"
ထို့ပြင် အားယွီလေးသည်သာ သူမအား ပြသရန် အတင်းအကြပ် ယူမလာခဲ့ပါက အိမ်ရှိ အခြားငတုံးလေးများသည် ထိုအရာအား မြည်းချေးဟု ထင်ကာ ဝေးဝေးသို့ ကန်ထုတ် ပစ်လောက်ပြီ ဖြစ်သည်။ ၎င်းသည် တန်ဖိုးကြီး ပစ္စည်းဖြစ်မည်ဟု မည်သူက ထင်လိမ့်မည်နည်း။
သမားတော်ဟူ အနေဖြင့်လည်း ပုံမှန်အားဖြင့် ဤအရာအား တွေးမိလိမ့်မည် မဟုတ်ချေ။ ထိုသို့သော တန်ဖိုးကြီး ဆေးဘက်ဝင် အပင်များသည် ရှင်သန်ရန် အလွန်တိကျလှသည့် အခြေအနေများ လိုအပ်ပေသည်။ ၎င်းတို့ ပေါက်ရောက်သင့်သည့် နေရာတွင်သာ ပေါက်ရောက်တတ်သည်။ လိုက်ရှာလျှင်ပင် တွေ့ချင်မှ တွေ့နိုင်မည် ဖြစ်သည်။ အဘိုးအိုဝမ်မှ ပြောလိုက်သည်။
"ငါတို့ရဲ့ အားယွီလေးက နည်းနည်းတော့ ထူးခြားနေတယ်"
"တော် အခုမှ သိတာလား"
အဘွားအိုဝမ်မှ ကျွမ်းကျင်စွာ မျက်စောင်း ထိုးလိုက်လေသည်။
"သူ့မျက်လုံးလေးတွေတင် ထူးခြားနေတာ ဒါပေမယ့် ဘာဖြစ်လဲ အခု အားယွီက ကျွန်မတို့ ဝမ်မိသားစုဝင် ဖြစ်နေပြီ ကျွန်မတို့အတွက် အကျိုး ကျေးဇူးတွေ အများကြီး ယူဆောင် လာပေးတယ် ဒါကြောင့် ကျွန်မတို့ အရိုးဆွေးနေတဲ့ လူအိုကြီး နှစ်ယောက်က အသက်ကို ရင်းရရင်တောင်မှ သူ့ကို ကာကွယ်ပေးရမယ် တော် အဲ့ဒါကို သိထား "
အဘိုးအိုဝမ်မှ သက်ပြင်းချလိုက်လေသည်။
"ငါတို့ အားယွီလေးကို ပြန်မပို့ပေးသင့်ဘူးလား ကလေးကို ငါတို့အိမ်မှာ ဒုက္ခခံနေရမဲ့ အစား ပိုချမ်းသာတဲ့ မိသားစုကို ရှာပေးလိုက်တာက ပိုကောင်းမယ်လို့ ထင်တယ်"
"ရှင်ကတော့ ခေါင်းမာလိုက်တာ ချမ်းသာတဲ့ မိသားစုတွေက ဆက်ဆံရ လွယ်တယ်လို့ ရှင်ထင်နေတာလား မိသားစုကြီးတွေမှာ ညစ်ပတ်တဲ့ လုပ်ရပ်တွေ အများကြီးရှိတယ် ကလေးကို ဒုက္ခ ရောက်စေချင်ရင်တော့ အဲဒီလို လုပ်ကြည့်လိုက်လေ"
"ဒါပေမယ့် အားယွီက သာမန်ကလေး ဖြစ်နေရင် ကိစ္စမရှိပါဘူး သူ့မှာ လျှို့ဝှက်ချက်တစ်ခု ရှိနေတာ သေချာတယ်။ ငါတို့က"
အဘွားအိုဝမ်သည် စားပွဲပေါ်ရှိ ငွေ ၅၀၀ နှင့် ငွေတုံး ၅ တုံးအား ကြည့်လိုက်လေသည်။ ထို့နောက် သူမ၏ မျက်လုံးထဲရှိ အမူအရာများသည် တစ်ခုပြီး တစ်ခု ပြောင်းလဲသွားခဲ့သည်။ သူမ မေးလိုက်လေသည်။
"ဝမ်တဝမ် ကျွန်မ ရှင့်ကို လက်ထပ်ခဲ့တာ ဘယ်နှနှစ်ရှိပြီလဲ"
ဟု မေးလိုက်လေသည်။ အဘိုးအိုဝမ် အံ့သြသွားခဲ့သည်။
"ဘာလို့ ရုတ်တရက်ကြီး ဒီအကြောင်းကို ပြောရတာလဲ"
"ကျွန်မ ရှင့်ကို လက်ထပ်ခဲ့တာ နှစ်တွေအများကြီး ကြာခဲ့ပြီ ဒါပေမယ့် အေးချမ်းတဲ့ နေ့ရက်တွေ သိပ်မရှိခဲ့ဘူး ကျွန်မ ဒီနှစ်ဆို အသက် ၅၂ နှစ် ရှိပြီ ဘဝရဲ့ အချိန်အများစုကို ဖြတ်သန်းခဲ့ပြီးပြီမို့ ကျေနပ်ပါပြီ"
အဘွားအိုဝမ်မှ ရုတ်တရက် ဆိုလိုက်လေသည်။
"ဒါပေမယ့် အသက်ကို ရင်းပြီးတော့တောင် ကလေးတစ်ယောက်ကို မကာကွယ်ပေးနိုင်ဘူး ဆိုတာကိုတော့ ကျွန်မ မယုံဘူး"
အဘိုးအိုဝမ်၏ မျက်နှာမှာ မသာမယာ ဖြစ်သွားခဲ့ရလေသည်။
"ဘာလို့ အကြောင်းအရင်းမရှိဘဲ ဒီစကားတွေကို ပြောနေရတာလဲကွာ ငါက အားယွီကို မမွေးစားတော့ဘူးလို့ ပြောမနေပါဘူး သူ့မှာ ဘယ်လို လျှို့ဝှက်ချက်တွေပဲရှိရှိ ကလေး ကိုယ်တိုင်မှာ ဘာအမှားမှ မရှိဘူး သူ့ကို နှင်ထုတ်ချင်စိတ်လည်း မရှိပါဘူး မင်းပြောပုံက ငါကပဲ လူဆိုးကြီး ကျနေတာပဲ"
ထို့ပြင် မိသားစုအတွက် ဤမျှ များပြားလှသော ငွေကြေးများအား ရှာဖွေပေးခဲ့သည့် ကလေး တစ်ယောက်အား မည်သို့ နှင်ထုတ်နိုင်လိမ့်မည်နည်း။ ယင်းက အဓိပ္ပာယ်မရှိပေ။
သူသည် စိုးရိမ်ရုံ သက်သက်သာ ဖြစ်လေသည်။ ဝမ်မိသားစု ဒုက္ခရောက်မည်အား စိုးရိမ်ခြင်း မဟုတ်ဘဲ ထိုကလေး အတွက်သာ စိုးရိမ်မိခြင်း ဖြစ်လေသည်။ အဘွားအိုဝမ်မှ အဘိုးအိုဝမ်၏ အမူအရာအား ဂရုမစိုက်ချေ။ ယင်းအစား သူမမှ ထပ်ပြောလိုက်လေသည်။
"ဒီငွေကို ကျွန်မ သုံးချင်တယ် ကျွန်မတို့ အကြွေးတင်နေတဲ့ ငွေ ၂၀၀၀ ကျော်ကို ဒီငွေနဲ့ ဆပ်မှာမဟုတ်ဘူး အဲဒီအစား ဒီငွေကို သုံးပြီး ငွေပိုရှာမယ်"
အဘိုးအိုဝမ်မှ တစ်စုံတစ်ရာ ပြောရန် ပါးစပ်ဟ လိုက်သော်လည်း နောက်ဆုံးတွင် နှုတ်ဆိတ်နေလိုက်တော့သည်။
"အရင်က ငါတို့ သဘောတူ ထားပြီးသား မဟုတ်လား အိမ်ကိစ္စ အားလုံးကို မင်းပဲ တာဝန်ယူမယ် မင်းလုပ်ချင်တာကို လုပ်နိုင်တယ်လို့"
အဘိုးအိုဝမ်မှ အဘွားအိုဝမ်၏ နဖူးပေါ်တွင် ရုတ်တရက် ပေါ်လာသည့် ဆံပင်ဖြူအနည်းငယ်အား ကြည့်ရင်း မိမိ၏ ဇနီးသည်မှာ မသိမသာ အိုမင်းလာပြီ ဖြစ်ကြောင်း ခံစားလိုက်ရလေသည်။
ငယ်စဉ်အချိန်တွင် သူမသည် အလွန် လှပခဲ့သည်မှာ ထင်ရှားလှသည်။ သို့သော် ယခုအခါ မိသားစုအတွက် အစစ်အမှန် လယ်သမားတစ်ဦးကဲ့သို့ ပင်ပင်ပန်းပန်း အလုပ် လုပ်နေရရှာသည်။ သူသည် သူမအပေါ် တာဝန်မကျေခဲ့ချေ ဟု အဘိုးအိုဝမ် ရုတ်တရက် တွေးမိလိုက်လေသည်။
သူ ထိုသို့တွေးနေစဉ် အဘွားအိုဝမ်မှ အဘိုးအိုဝမ်၏ ပခုံးအား ရိုက်လိုက် ပြီးနောက် အပြစ်တင်စကား ဆိုလိုက်လေသည်။
"ကျွန်မတို့ အားလုံး ပြောပြီးသွားပြီ ဘာလို့ ဒီမှာ ရပ်နေသေးတာလဲ။ မြန်မြန်သွားပြီး အလုပ်လုပ်တော့လေ တော့် မိသားစုကို တစ်နေကုန် ကျုပ်ကို ပြုစုခိုင်းစေချင်နေတာလား ကျုပ်ကို စောစော သေအောင်သာ လုပ်လိုက်ပါတော့"
အဘိုးဝမ် ဆွံအသွားခဲ့ရပြန်တော့သည်။
သူ မှားသွားခြင်းသာ ဖြစ်သည်။ မိမိ၏ ဇနီးသည်အိုကြီး ဝမ်းနည်းနေမည်ဟု သူ မထင်သင့်ခဲ့ပေ။
အဘိုးအိုဝမ်သည် စိတ်ပျက် လက်ပျက်ဖြင့် ထွက်သွား ပြီးနောက် အဘွားအိုဝမ်မှ ငွေများနှင့် ငွေစက္ကူများအား သိမ်းဆည်းလိုက်သည်။ သူမသည် အဘိုးဝမ်၏ ခြေဆွံ့နေသော ခြေထောက်အား ဘေးတိုက် ကြည့်ကာ နှုတ်ခမ်းအား စုလိုက်လေသည်။ နောက်ဆုံးတွင် အားယွီလေး၏ နတ်ရေစင်သည် သူ၏ ခြေထောက်အား ကုသပေးနိုင်ကောင်းသည် ဟူသော အချက်အား သူ့အား မပြောပြရန် ဆုံးဖြတ်လိုက်လေတော့သည်။
မည်သို့ပင်ဆိုစေ ထိုနတ်ရေစင်သည် သေလုမျောပါး ဖြစ်နေသူများကိုပင် အသက်ပြန်ရှင်စေနိုင်ရာ ခြေဆွံ့နေသည်အား ကုသရန် မဖြစ်နိုင်စရာ အကြောင်းမရှိချေ။ သို့သော်လည်း သူမ ထင်ထားသလောက် ရိုးရှင်းလိမ့်မည် မဟုတ်ချေ။ အိမ်တွင် လုပ်စရာများ ရှိနေသေးသဖြင့် သေချာ စီစဉ်ရမည် ဖြစ်သည်။ အဘိုးကြီး၏ ခြေထောက်ကိစ္စအား နောက်သို့ ရွှေ့ထားရပေတော့မည်။
အားယွီလေးသည် ကိုယ်လက် သန့်စင် ပြီးနောက် ချင်ဟွိုင်အား ရှာရန် ကမန်းကတန်း ခုန်ပေါက် ထွက်လာခဲ့လေသည်။ ကိုကိုအားယို သက်သာလာပြီလား ဆိုသည်ကို သူမ သိချင်မိသည်။
ချီကျားသည် ချင်ဟွိုင် နှင့်အတူ ပြန်ရောက်နေခဲ့ပြီ ဖြစ်သည်။ သူသည် ရစ်ငှက်တစ်ကောင်အား လက်ထဲတွင် ကိုင်ထားဆဲ ဖြစ်ကာ တတိယအဒေါ် ဟူထံသို့ ပစ်ပေးလိုက်လေသည်။
"ဒီည ဟင်းတစ်ခွက် ထပ်ထည့်လိုက်"
တတိယအဒေါ် ဟူမှာ ဝမ်းသာအားရ ဖြစ်သွားခဲ့သည်။
"ဒါ ကျွန်မတို့အတွက်လား"
သို့သော် ဘေးမှ ဟူဆန်းမှ ဝင်မေးလိုက်သည်။
"ဘယ်လောက်ပေးရမလဲ"
ယခု သူတို့မိသားစုတွင် ငွေသိပ်မရှိတော့ချေ။
"မလိုပါဘူး ချက်ပြီးရင်သာ ကျွန်တော်တို့ကို တစ်ပွဲလောက် ခွဲပေးတာနဲ့ ရပါပြီ"
ထိုသို့ပြောပြီးနောက် ချီကျားသည် ချင်ဟွိုင်အား အခန်းထဲသို့ ခေါ်သွားလိုက်သည်။ ချီကျားသည် ကြမ်းတမ်းသော ယောက်ျားတစ်ဦး ဖြစ်လေသည်။ တတိယအဒေါ် ဟူ၏ အိပ်ခန်းမှာ ရှုပ်ပွနေခဲ့သည်။ ချီကျားမှ အိပ်ရာခင်းအား နောက်ထပ်တစ်ထပ် ထပ်ခင်းပေးရုံသာ လုပ်ထားခဲ့သဖြင့် အနံ့ဆိုးများ ကျန်ရှိနေဆဲ ဖြစ်သည်။
"ငါ ရေချိုးချင်တယ်"
ချင်ဟွိုင် အမှန်တကယ်ကို သည်းမခံနိုင်တော့ချေ။ သူသည် အမှန်တကယ် ဝမ်းလျှောခဲ့ခြင်း ဖြစ်သည်။ ဤကဲ့သို့ တစ်ခါမှ မဖြစ်ခဲ့ဖူးပေ။ ယခု သူသည် မိမိကိုယ်ကို အလွန်ရွံရှာနေမိလေသည်။
သူ၏ အခြေအနေအား အာရုံခံရန်ပင် မေ့နေခဲ့လေသည်။ သူ၏ ခန္ဓာကိုယ်သည် ယခင်ကထက် များစွာ ပေါ့ပါးနေသည်အား ခံစားလိုက်ရသည်။ ချီကျားမှ သူ့အတွက် ရေနွေးအား အမြန် သွားပြင် ပေးလိုက်တော့သည်။
အားယွီလေး၏ ခေါင်းလေးသည် အိပ်ခန်းတံခါးဝမှ ထွက်လာခဲ့လေသည်။ သူမလေးသည် မျက်လုံးနှစ်ဖက်အား လက်နှစ်ဖက်ဖြင့် ကွယ်ထားကာ သူ့အား မေးလိုက်လေသည်။
"ကိုကိုအားယို ညီမလေးက ဘယ်သူလဲဆိုတာ ခန့်မှန်းကြည့်ပါဦး"
ချင်ဟွိုင်သည် မည်သည်ကိုမှ မပြောပဲ အားယွီလေးကိုသာ စိုက်ကြည့်နေလိုက်လေသည်။
"ဟီး ဟီး ချစ်စရာအကောင်းဆုံး အားယွီလေးပေါ့"
အားယွီလေးမှ အရှေ့သို့ ပြေးလာပြီးနောက် သူမ၏ ရှေ့ရှိ ပန်းနုရောင် လွယ်အိတ်ငယ်လေးအား ချင်ဟွိုင်အား လက်ညှိုးထိုး ပြလိုက်တော့သည်။
"ကိုကိုအားယို ကြည့်ပါဦး ဒါ မေမေ ချုပ်ပေးထားတဲ့ လွယ်အိတ်အသစ်လေ အရင်တစ်ခုထက် ပိုကြီးပြီး ပိုလှတယ်နော်"
ချင်ဟွိုင် တစ်ချက်မျှ ကြည့်လိုက်သော်လည်း ကြည့်စရာ ဘာမှမရှိဟုသာ ထင်လိုက်မိသည်။ အဝတ်အစမှာ အလွန်ကြမ်းတမ်းလှကာ အပ်ချုပ်ရိုးများသည်လည်း သပ်ရပ်လှသည်ဟု မဆိုနိုင်ချေ။ အဝတ်မှာ ဗလာကျင်းနေခဲ့ပြီး ပန်းထိုးထားခြင်း လုံးဝမရှိချေ။ အိမ်တော်ရှိ အညံ့ဆုံး ပန်းထိုးသမား ချုပ်ထားသည့် အရာများကပင် ဤအရာထက် များစွာ ပို၍ ကြည့်ကောင်းနေသေးလေသည်။
သို့သော်လည်း အားယွီလေး၏ မျှော်လင့်တကြီး အကြည့်များနှင့် ရင်ဆိုင်ရချိန်တွင် သူ၏ သိစိတ်အား ဆန့်ကျင်ကာ ခေါင်းညိတ် ပြလိုက်ရတော့သည်။ အားယွီလေးသည် သူမ၏ အိတ်ကပ်ထဲမှ သစ်သီးနှစ်လုံးအား ထုတ်ယူလိုက်လေသည်။ ဘယ်ဘက်မှ အသီးက အဝါရောင် ဖြစ်ကာ ညာဘက်မှ အသီးက အနီရောင် ဖြစ်လေသည်။ သူမလေးသည် မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ်ဖြင့် ချင်ဟွိုင်အား မေးလိုက်သည်။
"ကိုကိုအားယို ကိုကိုသာဆိုရင် ဘယ်ဘက်ကို ရွေးမလဲ ညာဘက်ကို ရွေးမလဲ"
[ကလေး မင်းဘာသာမင်း ရွေးသင့်တာပေါ့]
...
အသားလုံးလေးသည် ဤကလေးမလေးအား အလွန်ပင် လေးစားသွားမိသည်။ အစောပိုင်းတွင် သူသည် ဆုလာဘ်အား သူမဘာသာ ရွေးချယ်ရန် ပြောခဲ့သော်လည်း ကလေးမလေးမှ ထိုအစား ဤနေရာသို့ ပြေးလာခဲ့လေသည်။
သူမသည် ထိုကိစ္စအား မေ့သွားပြီဟု ထင်ခဲ့သော်လည်း ရွေးချယ်ပေးရန် ချင်ဟွိုင်အား လာရှာလိမ့်မည်ဟု သူမထင်ထားခဲ့ချေ။
[မင်းက အရမ်းကံကောင်းတယ် မင်းကိုယ်တိုင် ရွေးချယ်လိုက်တာက ပိုကောင်းမှာ သေချာတယ်]
သို့သော် အားယွီလေးမှာမူ နားမထောင်ခဲ့ချေ။ ကံစမ်းမဲမှ မည်သည့်အရာကိုမျှ သူမ အသုံးမပြုရသေးသဖြင့် မည်သည့်အရာအား နှိုက်နှိုက် အတူတူပင် ဖြစ်သည်ဟု သူမ ခံစားရလေသည်။ ထို့ပြင် ကိုကိုအားယို၏ ကံမကောင်းဘူးဆိုသည်ကိုလည်း ၎င်းသည် မည်ကဲ့သို့ သိမည်နည်း။
အားယွီလေး မည်သည်အား ဆိုလိုချင်မှန်း ချင်ဟွိုင် နားမလည်သော်လည်း အားယွီလေးမှ သူ့အား အသီးတစ်လုံး ရွေးခိုင်းပြီး ကျန်တစ်လုံးအား သူမကိုယ်တိုင် စားချင်၍ ဖြစ်မည်ဟု ထင်လိုက်မိသည်။
ထို့ကြောင့် သူသည် အဝါရောင် အသီးကိုသာ ရွေးလိုက်လေသည်။ အဝါရောင် သစ်သီးများသည် များသောအားဖြင့် ချဉ်တတ်လေသည်။ သူမအတွက် အနီရောင်အား ချန်ထားပေးသင့်သည်။
"ဝိုး တကယ်တော့ ညီမလေးလည်း အဝါရောင်ကို ရွေးချင်နေတာ စားချင်စရာလေးနော်"
အားယွီလေးမှ ထိုသို့ပြောသော်လည်း သူမ၏ ဘယ်ဘက်လက်ရှိ အသီးအား ချင်ဟွိုင်အား ရက်ရက်ရောရော ကမ်းပေးလိုက်ပြီးနောက် ညာဘက်အသီးကို ရွေးချင်ကြောင်း အသားလုံးလေးကို စိတ်ထဲမှ ပြောလိုက်လေသည်။
ဘယ်ဘက်မှ အသီးအား ကိုကိုအားယိုမှ ရွေးချယ်ခဲ့ပြီး ညာဘက်မှ အသီးအား သူမအတွက် ချန်ထားခဲ့လေသည်။ သူမ ထိုအသီးအား ရွေးမည် ဖြစ်သည်။
...
အသားလုံးလေးသည် ညာဘက်မှ အလင်းလုံးအား ရွေးချယ်လိုက်ရာ ဘယ်ဘက်မှ အလင်းလုံး ချက်ချင်း ပျောက်ကွယ် သွားတော့သည်။ ၎င်းသည် အလင်းလုံးထဲမှ သေတ္တာတစ်လုံးအား ထုတ်ယူလိုက်လေသည်။ အထဲရှိ အရာအား မြင်ပြီးနောက် ၎င်းမှ သက်ပြင်း ချလိုက်တော့သည်။
‘ကောင်းပြီလေ အနည်းဆုံးတော့ အသုံးမဝင်တဲ့ အရာတော့ မဟုတ်ဘူးပဲ’
[ဒီတစ်ခါ မင်းမဲပေါက်တဲ့ ပစ္စည်းတွေကို မကြာခင် အသုံးပြုနိုင်တော့မယ် ထင်တယ်]