← Chapters

မျိုးဗီဇ ပြုပြင်ရေး ဆေးရည်

Vol. 7 Ch. 93

မျိုးဗီဇ ပြုပြင်ရေး ဆေးရည်

Vol. 7 Ch. 93

[ဂုဏ်ယူပါတယ် ကလေးရေ မင်း မျိုးဗီဇ ပြုပြင်ရေး ဆေးရည်ကို မဲပေါက်သွားပြီ]

အားယွီလေးမှ နားမလည်နိုင် ဖြစ်သွားခဲ့လေသည်။

"မျိုးဗီဇ ပြုပြင်ရေး ဆေးရည်ဆိုတာ ဘာလဲဟင်"

[ဒါက စိတ်ဝိဉာဉ် စမ်းရေရဲ့ အဆင့်မြင့် ဗားရှင်းပဲ]

စိတ်ဝိဉာဉ် စမ်းရေသည် သက်စောင့် စွမ်းအားကိုသာ ပြုပြင် ပေးနိုင်သော်လည်း ကျိုးသွားသည့် အရိုးများအား မပြုပြင် ပေးနိုင်ချေ။ မည်သို့ပင်ဆိုစေ အရိုးတစ်ပိုင်းသည် လေထဲမှ အလိုအလျောက် ပေါက်မလာနိုင်ချေ။ အားယွီလေး နားမလည်သေးသဖြင့် အသားလုံးလေးမှ သူမအား ရှင်းပြလိုက်သည်။

[ဥပမာ- မင်းရဲ့ ဦးလေး ၂နဲ့ အဘိုးမှာ ခြေထောက်နဲ့ ခါး ပြဿနာတွေ ရှိတယ် အထူးသဖြင့် မင်းရဲ့ ဦးလေး ၂ပေါ့ အရင်တုန်းက သူ့ရဲ့ ခါးနဲ့ ခြေထောက်က အာရုံကြောတွေ ပြဿနာဖြစ်ခဲ့တယ် စိတ်ဝိဉာဉ် စမ်းရေက သူ့အာရုံကြောတွေကို ပြုပြင် ပေးခဲ့ပေမယ့် အရိုးတွေကိုတော့ မပြုပြင်ပေးနိုင်ဘူးလေ]

[အခု ငါတို့ဆီမှာ မျိုးဗီဇ ပြုပြင်ရေး ဆေးရည် ရှိနေပြီဆိုတော့ မင်းရဲ့ ဦးလေး ၂နဲ့ အဘိုးရဲ့ ခြေထောက်တွေကို ချိုးပြီး ပြုပြင်ရေးဆေးရည်ကို သုံးလိုက်တာနဲ့ သူတို့ မြန်မြန်ဆန်ဆန် အဒေါ်ကျန်းာလာလိမ့်မယ်]

"အာ သမီးက သူတို့ခြေထောက်တွေကို ချိုးပစ်ရမှာလား အဲဒါ နာမှာပေါ့"

အားယွီလေးမှ မျက်မှောင်ကြုတ်မိသွားတော့သည်။ အားယွီလေး မျက်မှောင်ကြုတ် သွားသည်အား မြင်သောအခါ ချင်ဟွိုင်သည် သူမ နေမကောင်း ဖြစ်နေသည်ဟု ထင်လိုက်သော်လည်း တိုက်ရိုက် မမေးနိုင်သဖြင့် သူမအား မျက်လုံးဖြင့်သာ စစ်ဆေး ကြည့်လိုက်လေသည်။

ကလေးမလေး၏ မျက်နှာမှာ အလွန်နီရဲနေခဲ့ကာ သူမ၏ လှုပ်ရှားမှုများသည်လည်း အတော်လေး သန်မာ သွက်လက်နေသည်။ သူသည် တည်တည်ငြိမ်ငြိမ်ဖြင့် လျှောက်သွားလိုက်ကာ အားယွီလေး၏ ညာဘက်လက်အား ကိုင်လိုက်ပြီးတောက် သူမ၏ သွေးခုန်နှုန်းအား စမ်းသပ်ကြည့်လိုက်လေသည်။

အလွန်အဒေါ်ကျန်းာပြီး အားအင်ပြည့်ဝသည့် သွေးခုန်နှုန်း ဖြစ်လေသည်။ အားယွီလေးသည် သူမ၏ လက်ကောက်ဝတ်အား ချင်ဟွိုင်မှ ဖမ်းကိုင်လိုက်သဖြင့် အသားလုံးလေးနှင့် စကားပြောနေခြင်းအား ချက်ချင်း ရပ်တန့်လိုက်လေသည်။

"ကိုကိုအားယို အပြင်ထွက်ကစားမလို့လား"

အားယွီလေးမှ အနည်းငယ် စိတ်ရှုပ်ထွေးသွားခဲ့သည်။

"ဒါပေမယ့် အခု ညီမလေး အဘွားကို အရေးတကြီး ပြောစရာလေး ရှိနေလို့"

ထိုစဉ် ချီကျားမှ ရေနွေးများ ယူဆောင်လာခဲ့သည်။

"သခင်လေး ရေနွေးရပါပြီ"

ချင်ဟွိုင်မှ အားယွီလေး၏ လက်အား လွှတ်လိုက်ပြီးနောက် သူမအား အပြင်သို့ ညင်သာစွာ တွန်းထုတ်လိုက်လေသည်။ ချင်ဟွိုင်မှ ပြောလိုက်လေသည်။

"သွားတော့"

"ဒါဆို ညီမလေး သွားပြီနော် နောက်မှ အတူတူ ဆော့ကြမယ် သစ်သီးစားဖို့ မမေ့နဲ့နော်"

အားယွီလေးမှ လက်ပြကာ ပြေးထွက်သွားတော့သည်။ ချီကျားမှ ရေနွေးအား စည်ပိုင်းထဲသို့ လောင်းထည့် လိုက်သည်။ ထို ရေချိုး စည်ပိုင်းအား ယမန်နေ့တွင်မှ ကမန်းကတန်း လုပ်ထားခဲ့ကြခြင်း ဖြစ်သည်။

"သကြားလုံး သွားဝယ်ချေ"

ချင်ဟွိုင်မှ သူ၏ လက်ထဲရှိ အဝါရောင် သစ်သီးအား ကြည့်ရင်း အေးစက်စက် လေသံဖြင့် ပြောလိုက်လေသည်။ ချီကျား ဆွံအသွားခဲ့တော့သည်။

‘သခင်လေး တကယ်ကို ဒီကိစ္စကို မမေ့သေးဘူးပဲ’

"သခင်လေး ရေချိုးပြီးရင် သွားလိုက်ပါ့မယ်"

"အင်း"

ချင်ဟွိုင် ကိုယ်လက် သန့်စင်ပြီးနောက် ချီကျားမှ အဝတ်အစားများအား လျှော်ရန် ယူသွားချင်သော်လည်း ချင်ဟွိုင်မှ လွှင့်ပစ်ရန်သာ ပြောလိုက်လေသည်။ ထိုအဝတ်အစားများအား သူ မမြင်ချင်တော့ချေ။

ချင်ဟွိုင်၏ ကိစ္စများအား စီစဉ်ပေး ပြီးနောက် ချီကျားမှ ကိုယ်ဖော့ပညာအား သုံးကာ ပြေးထွက်သွားတော့သည်။ သို့သော် သူသည် မြို့ထဲသို့ တိုက်ရိုက် မသွားခဲ့ချေ။ ထိုအစား ၁၀ ကီလိုမီတာ ကျော် အကွာတွင် အချက်ပြ သင်္ကေတတစ်ခုအား ပြုလုပ်လိုက်လေတော့သည်။

မကြာမီတွင် အနက်ရောင်ဝတ်စုံနှင့် လူတစ်ယောက် ပျံသန်း ဆင်းသက်လာခဲ့သည်။ အနက်ရောင်ဝတ်လူမှ မေးလိုက်လေသည်။

"ခေါင်းဆောင် ကျွန်တော့်ကို ဘာခိုင်းစရာရှိလို့လဲ"

ချီကျား မှ ပြောလိုက်လေသည်။

"မြို့ထဲသွားပြီး သကြားလုံး အထုပ်နည်းနည်း ဝယ်ခဲ့"

အနက်ရောင်ဝတ်လူမှာ သူ အကြားအာရုံ မှားယွင်းသွားသည်ဟု သံသယဝင်သွားခဲ့သည်။

"ဗျာ သကြားလုံး ဝယ်ဖို့သက်သက်လေးကိုလား"

‘ခေါင်းဆောင် ခင်ဗျား ရူးနေပြီလား သကြားလုံး ဝယ်ဖို့အတွက် အရေးပေါ် ဆက်သွယ်ရေး အချက်ပြသင်္ကေတကို သုံးဖို့ လိုလို့လား ဗျာ’

အနက်ရောင်ဝတ်လူ၏ မျက်လုံးထဲတွင် ဖုံးကွယ်ထားသည့် ခံစားချက်များစွာအား မြင်သွား၍လားမသိချေ။ ချီကျားမှ အမူအရာကင်းမဲ့စွာဖြင့် ပြောလိုက်လေသည်။

"ငါ့ရဲ့ အတွင်းအားကို ချွေတာချင်လို့ ကျန်တဲ့ ခရီးကို မင်းရဲ့ ကိုယ်ဖော့ပညာ သုံးပြီး သွားလိုက်တော့"

သကြားလုံးဝယ်ရန် ဤသို့လုပ်ခြင်းမှာ အမှန်တကယ် လွန်ကဲလွန်းသည်ဟု ချီကျား စဉ်းစားမိသွားခဲ့သည်။

"ဒီလိုလုပ် မြို့ထဲသွားရင် ခြင်းတောင်းတစ်လုံး ဝယ်ခဲ့ ပြီးရင် စုတ်တံ မင် စက္ကူ မင်သွေးကျောက် အဝတ်အစား လေးစုံ စောင် နှစ်ထည် ဝါဂွမ်း အိပ်ရာတစ်လုံး ဝက်သား ၁၀ ကတ်တီ သိုးသား ၁၀ ကတ်တီနဲ့ ယိုမျိုးစုံ ၁၀ ကတ်တီ ဝယ်ခဲ့"

သူသည် အများကြီး ပြောလိုက်သဖြင့် အနက်ရောင်ဝတ်လူမှာ မိမိဘဝကိုပင် သံသယဝင်သွားမိတော့သည်သည်။ အနက်ရောင် ဝတ်လူသည် တံတွေးမြိုချလိုက်ကာ ခြင်းတောင်းအား ကျောပိုး၍ ကိုယ်ဖော့ပညာအား သုံးနေရမည့် မိမိကိုယ်ကို မြင်ယောင်ရင်း အကြောင်းပြချက် မရှိဘဲ တုန်လှုပ်သွားခဲ့တော့သည်။

"ခေါင်းဆောင် တကယ် ပြောနေတာလား"

ချီကျားမှ သူ့အား အေးစက်စက် ကြည့်လိုက်မိသည်။

"ငါက မင်းကို နောက်နေတဲ့ပုံ ပေါက်နေလို့လား"

သူသည် ထိုသို့ ပြောရင်း သစ်ကိုင်းအား သစ်ပင်ဆီသို့ ပစ်ပေါက်လိုက်ရာ သစ်စည်တွင် စိုက်ဝင်သွားခဲ့သည်။ ထို့နောက် သူသည် ပျံတက်သွားပြီးနောက် သစ်ကိုင်းပေါ်တွင် ထိုင်လိုက်လေသည်။ သူသည် လက်ကိုပိုက်ကာ ပြောလိုက်သည်။

"ငါ မင်းကို တစ်နာရီပဲ အချိန်ပေးမယ် တစ်နာရီအတွင်း မင်းကို မမြင်ရဘူးဆိုရင် မင်း ပြန်လာစရာ မလိုတော့ဘူး"

အနက်ရောင်ဝတ်လူမှ ခါးသီးသော အမူအရာဖြင့် ပြောလိုက်သည်။

"ဒါပေမယ့် ခြင်းတောင်းက..."

"ငါ သတိလက်လွတ် ဖြစ်သွားတယ်"

အနက်ရောင်ဝတ်လူ၏ အံ့သြနေသည့် မျက်နှာထား အောက်တွင် ချီကျားမှ ထပ်ဖြည့် ပြောလိုက်လေသည်။

"ခြင်းတောင်းက တကယ်ကို သေးလွန်းတယ် မင်း လှည်းတစ်စီး ဆွဲလာခဲ့သင့်တယ်"

အနက်ရောင်ဝတ်လူ မှာ ပြောစရာစကားပင် ပျောက်ရှ သွားလေတော့သည်။ အနက်ရောင်ဝတ်လူ မြို့ထဲသို့ သွားရန် ကိုယ်ဖော့ပညာအား အသုံးပြုနေစဉ် မကျေမနပ် တွေးနေခဲ့မိလေသည်။

"ငါ တစ်ယောက်တည်းတော့ အလှည့်စား မခံနိုင်ဘူး ခရိုင်မြို့မှာရှိတဲ့ ညီအစ်ကိုတွေနဲ့ အလှည့်ကျ တာဝန်လဲရမယ်"

‘စကားမစပ် ချီပင်းရဲ့ ဒဏ်ရာတွေလည်း သက်သာတော့မှာ မဟုတ်လား’

ချီကျားမှ တိတ်ဆိတ်စွာ စောင့်ဆိုင်းနေစဉ် အားယွီလေးသည် အဘွားအိုဝမ်အား ရှာရန် သွားနှင့်ပြီ ဖြစ်သည်။

"ဘွားဘွား အဘိုးနဲ့ ဦးလေး ၂ရဲ့ ရောဂါတွေကို ကုသလို့ရတယ်လို့ နတ်သူငယ်လေးက ပြောတယ်"

အားယွီလေးမှ အဘွားအိုဝမ်အား တိတ်တဆိတ် ရှာဖွေပြီးနောက် သူမ၏ နားထဲသို့ တိုးတိုးလေး ပြောလိုက်လေသည်။ အဘွားအိုဝမ်မှာ လက်ထဲမှ ပစ္စည်းကိုပင် လွတ်ကျလုမတတ် ဖြစ်သွားခဲ့ရသည်။

"တကယ်လား"

အဘွားအိုဝမ်မှ ထပ်မေးလိုက်ပြန်သည်။

"အဲဒီ နတ်သူငယ်လေးက ဘယ်လို အခြေအနေတွေ တောင်းဆိုလဲဆိုတာ ပြောသေးလား"

အကြောင်းပြချက်မရှိဘဲ ပစ္စည်းတစ်ခုကို အလကား ထုတ်ပေးရန် လုံးဝမဖြစ်နိုင်ပေ။ အားယွီလေး ခေါင်းခါပြတော့မည့် ဆဲဆဲတွင် အသားလုံးလေးမှ အလောတကြီး ပြောလိုက်သည်အား ကြားလိုက်ရလေသည်။

[မင်းအဘွားကို မင်း စိုက်ပျိုးရေးလုပ်ဖို့ သဘောတူခိုင်းလိုက် တောင်ပေါ်က နေရာသေးသေးလေး မဟုတ်ဘူး အဲဒီ စပါးတွေကို စိုက်ဖို့ မြေနေရာ အကျယ်ကြီး လိုချင်တယ်လို့ ပြောလိုက်]

[မစ်ရှင် ပြီးအောင်လုပ်ဖို့ မမေ့နဲ့နော်]

ထိုအခါမှသာ သူမတွင် နောက်ထပ် စိုက်ပျိုးရေး မစ်ရှင် တစ်ခု ရှိသေးကြောင်း အားယွီလေး သတိရသွားတော့သည်။ သို့သော် သူမသည် ချက်ချင်းပင် ပြန်မေ့သွားခဲ့ပြန်သည်။ အားယွီလေးမှ သူမ၏ လက်လေးများသည် တစ်ခုခုအား ဖက်ထားချင်သကဲ့သို့ လှုပ်ရှားသွားခဲ့သည်။

"အဘွား နတ်သူငယ်လေးက သမီးကို စိုက်ပျိုးရေး လုပ်စေချင်တယ်တဲ့ သူက မြေနေရာ အများကြီး လိုချင်တယ်လို့ ပြောတယ်"

အဘွားအိုဝမ် မှ ထပ်မေးလိုက်သည်။

"မြေ ဘယ်လောက်တောင်လဲ"

[ငွေ ၅၀၀တေး တန်တဲ့ မြေနေရာ လိုချင်တယ်]

အားယွီလေးမှ ရိုးသားစွာဖြင့် ထပ်ပြောလိုက်သည်။

"ငွေ ၅၀၀ တန် လိုချင်တယ်တဲ့"

...

[ငွေ ၅၀၀ မဟုတ်ဘူး စိုက်ပျိုးမယ့် အစားအစာတွေရဲ့ တန်ဖိုးက ငွေတေး ၅၀၀ ဖြစ်ရမှာဟ]

အားယွီလေးမှ ဆက်လက်၍ ယုံကြည်မှုရှိစွာဖြင့် ထပ်ပြောလိုက်ပြန်သည်။

"နတ်သူငယ်လေးက ငွေ ၅၀၀ ကုန်မယ်လို့ ပြောတယ်"

အသားလုံးလေသည် အားယွီလေး၏ အပြောအဆိုတတ်မှုကြောင့် ဆွံအသွား ရလေတော့သည်။ ဤကိန်းဂဏန်းအား ကြားသောအခါ အဘွားအိုဝမ်သည် သူမ ယခုလေးတင် ရရှိခဲ့သော ငွေတေး ၅၅၀ ကို ချက်ချင်း သတိရသွားသည်။ သူတို့ လင်မယား နှစ်ယောက်နှင့် သမားတော်ဟူ မှလွဲ၍ အားယွီလေးသည် ဤကိန်းဂဏန်းအား မသိသင့်ချေ။

အဘယ်ကြောင့် ဤမျှ တိုက်ဆိုင်နေရသနည်း။ အမှန်ပင် ကံကြမ္မာ၏ ဖန်တီးမှုများ ဖြစ်နေသည်လား။ ထိုသို့ဆိုလျှင် ငွေစ ၅၀ သာ သူမ၏ စီမံခန့်ခွဲမှုအောက်တွင် ရှိတော့မည် ဖြစ်သည်။ အဘွားအိုဝမ်က ချက်ချင်းပင် ပြောလိုက်လေသည်။

"အဘွား နားလည်ပါပြီ"

အခြားတစ်ဖက်မှ ငွေတေး ၅၀၀ တန် မြေနေရာ လိုချင်သည်ဆိုမှတော့ သူမသည် ရွာလူကြီးနှင့် စကားပြောပြီးနောက် ရွာတွင် ရောင်းချရန် ကျန်ရှိနေသေးသည့် မြေအားလုံးအား ဝယ်ယူလိုက်မည် ဖြစ်သည်။

မိသားစုတိုင်းတွင် ပိုင်ဆိုင်သည့် မြေနေရာ အလွန် နည်းပါးသော်လည်း ရွာတွင် အလွတ် ဖြစ်နေသေးသည့် အများပိုင်မြေ အလွတ်များ အများအပြား ရှိနေသေးလေသည်။ များသောအားဖြင့် ရွာသားများသည် ထိုနေရာများတွင် စိုက်ပျိုးရေး မလုပ်ရဲကြချေ။ အဘယ်ကြောင့်ဆိုသော် အများပိုင်မြေ ဖြစ်သည့်အတွက် အာဏာပိုင်များမှ သီးစားချထားမည့် သူများ စေလွှတ်ကာ လာရောက် သိမ်းဆည်း ရှင်းလင်း ခိုင်းနိုင်မည် ဖြစ်သောကြောင့် ဖြစ်ပေသည်။

လူတိုင်းသည်လည်း သီးစားချခံရသည့် လယ်သမားများ ဖြစ်လာရန် မလွယ်ကူလှပါချေ။

အားယွီလေးမှ သတင်းစကားအား ရှင်းလင်းစွာ ပြောပြပြီးပြီဟု ခံစားရသဖြင့် အဘွားအိုဝမ်အား မျိုးဗီဇ ပြုပြင်ရေး ဆေးရည်အကြောင်းကို လေးလေးနက်နက် ပြောပြလိုက်လေသည်။

"နတ်သူငယ်လေးက အဲဒီရေက အရမ်းစွမ်းတယ်လို့ ပြောတယ် ဒါပေမယ့် အဘိုးနဲ့ ဦးလေး ၂ရဲ့ ခြေထောက်တွေကို ချိုးလိုက်ရင် နာနေမလားဟင်"

အားယွီလေးသည် သူမ၏ ခြေထောက်များ ကျိုးသွားခဲ့စဉ်မှ အကြောင်းအား တွေးမိသောအခါ ခြေထောက်များ နာကျင်လာသကဲ့သို့ ခံစားလိုက်ရလေသည်။ သူမသည် ခြေထောက်လေးအား စမ်းကြည့်လိုက်မိသည်။ ထိုမြင်ကွင်းအား တွေးမိသောအခါ သူမ ကြောက်ရွံ့သွားခဲ့လေသည်။ အဓိကအားဖြင့် နာကျင်မှုအား ကြောက်ရွံ့ခြင်း ဖြစ်ပေသည်။

"သူတို့ခြေထောက်တွေကို ချိုးရမှာလား"

အဘွားအိုဝမ်သည် ရုတ်တရက် သတိရသွားသည်မှာ အစောပိုင်းတွင် သူမသည်လည်း ထိုအကြောင်းအား စဉ်းစားခဲ့မိသည်ကိုပင် ဖြစ်ချေသည်။ ထိုနတ်ရေစင်သည် ခန္ဓာကိုယ်အား ပြုပြင် ပေးနိုင်သည်ဆိုလျှင် သူတို့၏ ခြေထောက်များအား ချိုးပြီး ပြန်ပြုပြင်သင့်သည် မဟုတ်ပါလော။

(** အဖိုးအိုဝမ်နဲ့ ဝမ်ချွမ်းကွေ့တို့ သားအဖအတွက် မျက်ရည်နှစ်စက် ပေါက် ပေါက်...ခိခိ ချစ်တူမလေးနဲ့ ချစ်မေမေတို့က လုပ်ကြံနေတာကို မသိရှာဖူး ဟဟ **)

အားယွီလေးမှ အဘွားအိုဝမ် မည်သည့်အရာများ တွေးနေသည်အား ဂရုမစိုက်ပါချေ။ သူမသည် နတ်သူငယ်လေးထံမှ မျိုးဗီဇ ပြုပြင်ရေး ဆေးရည်အား တောင်းလိုက်ပြီးနောက် အဘွားအိုဝမ် ရှေ့တွင် လေထဲမှ ဖန်တီးကာ ထုတ်ယူလိုက်လေသည်။

ဤကဲ့သို့ ဖန်တီးပြခြင်းအား ယခင် အချိန်များတွင်လည်း မြင်ဖူးသည့်တိုင် အဘွားအိုဝမ်မှာ အနည်းငယ် တုန်လှုပ်သွားဆဲ ဖြစ်လေသည်။ သူမသည် အားယွီလေး၏ ရင်ဘတ်ရှေ့ရှိ အိတ်ကပ်အား ကြည့်လျှက် ပြောလိုက်လေသည်။

"အားယွီ နောက်ဆိုရင် သမီး အိတ်ကပ်ထဲကပဲ ပစ္စည်းတွေကို ယူရမယ်နော် အဘွား သမီးအတွက် အထူး အိတ်ကလေး တစ်ခု ချုပ်ပေးမယ်"

ထိုကလေးသည် ဤကိစ္စ၏ ကြီးလေးမှုအား နားမလည်ချေ။ ဤကဲ့သို့ ပစ္စည်းများအား ရုတ်တရက် ထုတ်ယူခြင်းသည် မျက်စိနောက်စရာ ကောင်းလွန်းလှပေသည်။ ချက်ချင်းပင် ပေါ်လွင်သွားပေလိမ့်မည်။

"နောက်ဆိုရင် ပစ္စည်းတွေကို တိုက်ရိုက် မထုတ်ရဘူးနော် အိတ်ကပ် ထဲကနေပဲ ထုတ်ရမယ် နားလည်လား"

"အားယွီ နားလည်ပါတယ်"

အားယွီလေးမှ ခေါင်းအား ဆက်တိုက် ညိတ်ပြလိုက်လေသည်။ မျိုးဗီဇ ပြုပြင်ရေး ဆေးရည်ဆိုသည်မှာ ရေပုလင်း တစ်ပုလင်းသာ ဖြစ်သည်။ ပုလင်း၏ ကိုယ်ထည်အား ဖန်နှင့်တူသော ပစ္စည်းတစ်ခုဖြင့် ပြုလုပ်ထားခြင်း ဖြစ်သည်။ အထဲရှိ ရေမှာ အစိမ်းရောင်ဖြစ်ကာ အဆိပ်ရှိသည့်ပုံ ပေါက်နေလေသည်။

"ဒါက သောက်ဖို့လား အပြင်ကနေ လိမ်းဖို့လား"

All Chapters