← Chapters

အဖွားအို ဝမ် ပြန်ရောက်လာခြင်း

Vol. 7 Ch. 96

အဖွားအို ဝမ် ပြန်ရောက်လာခြင်း

Vol. 7 Ch. 96

ချင်ဟွိုင်သည် အားယွီလေးအား သကြားလုံးများ ပေးချင် နေခဲ့သည်မှာ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ ယခု တစ်ကြိမ်တွင်မူ နောက်ဆုံးတွင် သူမထံသို့ ပေးအပ်နိုင်ခဲ့ပြီ ဖြစ်သည်။ အားယွီလေး ဖွင့်ကြည့် လိုက်သောအခါ ကြီးမားလှသည့် သကြားလုံး ထုပ်ကြီး နှစ်ထုပ် ဖြစ်နေသည်အား တွေ့လိုက်ရသည်။ သကြားလုံးတိုင်းအား သကြားလုံးထုပ် စက္ကူလေးများဖြင့် လှပစွာ ထုပ်ပိုးထားလေသည်။

မည်သည့်ကလေးကမျှ သကြားလုံး၏ သွေးဆောင်မှုအား မခံနိုင်ကြချေ။ခ အားယွီလေးမှာလည်း သဘာဝကျစွာပင် ချွင်းချက် မဟုတ်ခဲ့ပေ။ သူမသည် သကြားလုံး တစ်လုံးအား ချက်ချင်းခွာ၍ ပါးစပ်ထဲသို့ ထည့်လိုက်လေသည်။

"အရမ်းချိုတာပဲ ကျေးဇူးတင်ပါတယ် ကိုကိုအားယို"

အားယွီလေးသည် ကျန်ရှိသော သကြားလုံးများကို ပြန်ပေးလိုက်သည်။ ခဏမျှ စဉ်းစားပြီးနောက် သူမက သကြားလုံးများအား ပြန်ယူလိုက်ကာ စတင်၍ ရေတွက်တော့သည်။

"အဘွား မေမေ ကိုကိုငါး ကိုကိုခြောက်၊ ကိုကိုခုနစ်"

ချီကျားသည် ရယ်ချင်စိတ်အား မနည်းထိန်းထားရလေသည်။

"အားယွီ မင်း ရေတွက်နေစရာ မလိုတော့ပါဘူး ဒါတွေအကုန်လုံး မင်းအတွက်ပါ အိမ်ပြန်ယူသွားပြီး မိသားစုနဲ့ ဝေစားလိုက်လေ"

"အရမ်းများလွန်းတယ် အားယွီ အကုန်မစားနိုင်ပါဘူး"

အားယွီလေးမှ ခေါင်းခါလိုက်လေသည်။

"သူများပစ္စည်းတွေကို မယူရဘူးလို့ အဘွားက မှာထားသေးတယ်"

သူမတစ်လုံးစားပြီးနောက် မိသားစုဝင် တစ်ယောက်စီအား တစ်လုံးစီပေးခြင်းမှာမူ ပြဿနာမရှိဟု အားယွီလေးမှ တွေးမိလိုက်သည်။ သို့သော် အားလုံးအား ယူသွားခြင်းမှာမူ မသင့်တော်ပေ။ ချီကျားမှ ချင်ဟွိုင်အား တစ်ချက်ကြည့်ပြီးနော်က ဆက်လက်၍ ပြောလိုက်လေသည်။

"မင်းအတွက် သီးသန့်ဝယ်လာပေးတာပါကွာ မင်းရဲ့ ကိုကိုအားယိုက ဝယ်ခိုင်းလိုက်တာလေ"

"ကိုကိုတို့က သဘောကောင်းပေမဲ့ ဒီလောက်အများကြီး မလိုပါဘူး"

အားယွီလေးမှ ဆက်လက်၍ ငြင်းဆန်နေဆဲ ဖြစ်လေသည်။ ချင်ဟွိုင်သည် ကျန်ရှိနေသော သကြားလုံးများအား တိတ်ဆိတ်စွာပင် ပြန်ယူလိုက်ရာ သူ၏မျက်နှာတွင် အနည်းငယ် မကျေမနပ်ဖြစ်နေဟန် ပေါ်နေခဲ့သည်။

"မနက်ဖြန်ကျရင် အားယွီ ဒီကိုလာပြီး သကြားလုံး လာစားဦးမယ်နော် ရမလားဟင်"

အားယွီလေးသည် မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ်လုပ်ရင်း မျှော်လင့်ချက် အပြည့်ပါသည့် လေသံဖြင့် မေးလိုက်လေသည်။ ထိုနေရာသို့ လာကာ လာသောက်မည် ဆိုပါက ယူသွားခြင်းဟု မသတ်မှတ်နိုင်ချေ။ ချင်ဟွိုင်သည် လှည့်ထွက်သွားပြီးနောက် သူ၏မျက်နှာပေါ်ရှိ အပြုံးကိုအား အစွမ်းကုန် ဖိနှိပ်ထားလိုက်ရတော့သည်။

" အင်း"

အားယွီလေးမှာ သုံးပေခန့်အထိ ခုန်ပေါက် သွားလောက်အောင်ပင် ဝမ်းသာ ပျော်ရွှင်သွားတော့သည်။

[...]

‘တကယ့် အရူးမလေးပဲ မင်း သူ့ကို ပေးခဲ့တဲ့ ဝိဉာဉ်စမ်းရေက တန်ဖိုးဖြတ်လို့မရဘူး အဲဒါက သူ့အသက်ကို တိုက်ရိုက် ကယ်တင်ပေးခဲ့တာလေ သကြားလုံး နှစ်ထုပ်ဆိုတာ ထားလိုက်ဦး သကြားလုံး အထုပ် နှစ်သောင်းတောင် မလောက်သေးဘူး’

‘ထားလိုက်ပါတော့ ဒီကလေးစုတ်လေး ပျော်နေရင် ပြီးတာပါပဲ’

‘ထို ကလေးစုတ်မှ ဤကောင်လေး၏ အသက်ကို ကယ်တင်ပြီးချိန်မှ စ၍ ထိုလူငယ်လေး၏ သဘောကျနှစ်သက်မှု သည် လည်း ပေါ်လာခဲ့လေသည်။ အပြင်ပန်းတွင် ကလေးလေးအပေါ် အလွန် အေးစက်ပုံ ရသော်လည်း သူ၏ နှစ်သက်မှုအမှတ်မှာ ၉၀ အထိ တက်လာခဲ့ပြီ ဖြစ်သည်။ ဤကလေးမလေး တွေ့ဖူးသမျှ လူများထဲတွင် သူသည် လျိုရှီပြီးလျှင် ဒုတိယလိုက်လေသည်။ လျိုရှီ၏ နှစ်သက်မှုအမှတ်မှာ ၉၈ ဖြစ်သည်။

သူ၏ နှစ်သက်မှုအမှတ် ၉၀ သို့ ရောက်ရှိ သွားပြီးနောက် သူမအပေါ် ရင်းနှီး ဖော်ရွေရုံသာမက သူမကို အလွန်ပင် ယုံကြည်လာခဲ့ပြီ ဖြစ်သည်။ အကယ်၍ ဤကလေးမလေးသည် ယခု ၁၆ နှစ် သို့မဟုတ် ၁၈ နှစ်အရွယ်ဆိုလျှင် သူမအတွက် သူ၏ အသက်ကိုပင် ပေးဝံ့ပေလိမ့်မည်။

သို့ရာတွင် ဤလူငယ်လေးသည် ထိုကလေးစုတ်နှင့် ထူးခြားသော ဆက်ဆံရေးမျိုး မရှိပုံရသော်လည်း သူ၏နှစ်သက်မှုအမှတ်မှာ ဤမျှလောက် မြင့်မားနေသည်မှာ အမှန်တကယ်ပင် အံ့သြစရာကောင်းလှပေသည်။

သူတို့နှစ်ဦး သကြားလုံး ဝေစားပြီးနောက် ချီကျားမှ သူတို့အား တောငှက်ကင် စားရန် ခေါ်လိုက်တော့သည်။ အားယွီလေး တစ်ကိုက် စားကြည့် လိုက်သောအခါ အလွန်အမင်း အံ့သြသွားတော့သည်။

‘အရမ်း အရသာရှိလွန်းတယ်’

ထို့ကြောင့် သူမသည် နေရာလွတ်ထဲရှိ အသားလုံးလေးအား တိတ်တဆိတ် မေးလိုက်လေသည်။

"နတ်သူငယ်လေး ငါတို့ ဒါမျိုး ဖမ်းလို့ရမလားဟင် ဦးလေး ချီကျားကို နောက်ထပ် ကင်ပေးဖို့ အကူအညီတောင်းပြီး မေမေနဲ့ တခြားလူတွေကို ကျွေးဖို့ အိမ်ပြန်ယူသွားချင်လို့"

[ဒါက လုပ်ဖို့ မလွယ်ဘူးနော်]

ထိုငှက်များမှာ ကောင်းကင်တွင် ပျံသန်းနေခြင်း ဖြစ်သည်။ ကလေးမလေးမှာ အတောင်ပံများ ပေါက်လာလျှင်တောင် လိုက်မီနိုင်လိမ့်မည် မဟုတ်ပေ။

"ဟုတ်ပါပြီလေ"

အားယွီလေးသည် တံတွေးမြိုချလိုက်ပြီး ကြက်ပေါင် တစ်ဖက်အား ချန်ထားလိုက်သည်။ သူမသည် ထိုအသားအား မစားရက်ဘဲ မိသားစုဝင်များ စားရန်အတွက် အိမ်ပြန်ယူသွားချင်သည်ဟု ပြောလေသည်။ ချင်ဟွိုင်မှ ချီကျားအား တစ်ချက်လှမ်းကြည့်လိုက်တော့သည်။

ချီကျား တစ်ယောက် ဆွံအသွားခဲ့ကာ သူသည် ရုတ်တရက် သူ့ကိုယ်သူ အနည်းငယ် မုန်းတီးသွားမိတော့သည်။ သခင်လေး၏ အကြည့်တွင် ပါဝင်သော အဓိပ္ပာယ်ကို သူ နားလည်နိုင်ပေသည်။

‘သခင်လေးရယ် ကျွန်တော်က သခင်လေးရဲ့ ကိုယ်ရံတော်ဆိုတာ မေ့သွားပြီလား ကျွန်တော်က မုဆိုးမှ မဟုတ်တာဗျာ’

ချင်ဟွိုင် မှ ပြောလိုက်လေသည်။

"သွားလေ"

သခင်လေး စကားပြော လာပြီဆိုလျှင် ပြီးမြောက်အောင် လုပ်ဆောင်ရမည်အား ချီကျား သိထားလေသည်။

" ဟုတ်ကဲ့ပါ သခင်လေး"

သူသည် မိမိကံကြမ္မာကို လက်ခံလိုက်ပြီးနောက် တောငှက်များအား ဆက်လက် အမဲလိုက်ရန် ထွက်လာခဲ့တော့သည်။ တောင်နောက်ဘက်သို့ လျှောက်သွားရင်း ချီကျားသည် သူ၏လက်များအား ပြင်းပြင်းထန်ထန် ရိုက်ပုတ်လိုက်မိသည်။

"ဒီ လက်ယားတဲ့ လက်တွေ ငါ ဘာလို့များ တောကောင် သွားဖမ်းမိပါလိမ့်"

ယခုတွင်မူ သူ လိုချင်သလောက် ဖမ်းနိုင်ပြီ ဖြစ်သည်။ သခင်လေး၏ ရည်ရွယ်ချက်မှာ ဝမ်မိသားစုဝင် တစ်ဦးချင်းစီ အတွက် တစ်ကောင်စီ ပေးချင်ပုံရလေသည်။ ဂုဏ်သိက္ခာရှိသည့် သိုင်းပညာရှင် တစ်ယောက်အနေဖြင့် မုဆိုးများနှင့် အလုပ် လု လုပ်ရလိမ့်မည်ဟု သူ မထင်ထားခဲ့ချေ။ ဤကိစ္စအား သေချာပေါက် လျှို့ဝှက်ထားမှ ဖြစ်ပေမည်။ ယခုလို အခြေအနေများအား သူ၏ လက်အောက်ငယ်သားများ လုံးဝ သိသွား၍မဖြစ်ပေ။

ဝမ်မိသားစု တစ်စုလုံးသည် အဖွားအို ဝမ် ပြန်အလာအား စောင့်ဆိုင်းနေကြခြင်း ဖြစ်သည်။ နောက်ဆုံးတွင် အဒေါ်ကျန်း ပြန်ရောက် လာချိန်၌ အဖွားအို ဝမ်၏ အရိပ်အယောင်ကိုမျှ မမြင်ရသေးချေ။ အဖွားအို ဝမ်အား တွေ့ခဲ့သလားဟု အားလုံးသည် အဒေါ်ကျန်းအား ကမန်းကတမ်း ဝိုင်းမေးကြလေသည်။ အဒေါ်ကျန်းမှာ အံ့သြမှင်တက်သွားခဲ့သည်။

"အမေလည်း သွားလို့လား ကျွန်မ မတွေ့ခဲ့ပါဘူး အဒေါ်တို့အိမ်ဘက် ကျွန်မ မသွားဖြစ်ခဲ့ဘူး"

မူလတွင် အဒေါ်ကျန်းသည် အဖွားအို ဝမ်၏ တူမ တစ်ဦး ဖြစ်သည်။ မိသားစုနှစ်ခုမှာ အနည်းငယ် ဝေးကွာလှကာ ဟူမိသားစုရွာနှင့် အနည်းငယ် ပိုနီးသည် ဟုသာ ဆိုနိုင်ပေသည်။ သို့သော် အဖွားအို ဝမ်မှာ ယခင်တွင် သူမအား သွားခွင့် မပြုခဲ့သောကြောင့် သူမ၏မိဘများကိုသာ ပစ္စည်းအချို့ ကူညီပို့ပေးရန် တောင်းဆိုခဲ့ခြင်း ဖြစ်ပေသည်။

"ဒါဆို အမေ သွားတာလား မသွားတာလား"

ဝမ်ချွမ်းဖူ စိုးရိမ်စိတ် ဝင်လာတော့သည်။

"အဘွားတို့အိမ်ဘက် သွားကြည့်ရင် ကောင်းမလား"

တကယ်တမ်းတွင် ဝမ်မိသားစုသည် အဖွားအို ဝမ်၏ မိဘအိမ်သို့ မသွားရသေးချေ။ နှစ်စဉ်နှစ်တိုင်း အမျိုးသမီးများ မိဘအိမ် ပြန်ကြသည့် အချိန်ရောက်လျှင် အဖွားအို ဝမ်သည် အိမ်သို့ မပြန်ခဲ့ချေ။ ပုံမှန်အားဖြင့် အခြား မည်သူ့ကိုမျှလည်း သွားခွင့်မပြုခဲ့ချေ။

ပထမနှစ် အနည်းငယ်အတွင်း လူအချို့မှ အခွင့်အရေးယူရန် ရံဖန်ရံခါ လာရောက်တတ်ကြသေးသည်။ သို့သော် နောက်ဆုံးတွင် ဝမ်မိသားစုသည် သူတို့ထက်ပင် ဆင်းရဲနေသည်အား မြင်သောအခါ အချိန် အတော်ကြာ လာသည်နှင့်အမျှ အဆက်အသွယ် သိပ်မရှိကြတော့ချေ။

...

သို့သော်လည်း ပွဲတော် ကာလများတွင်မူ အဖိုးအို ဝမ်သည် ရံဖန်ရံခါ လူတစ်ယောက်အား လွှတ်၍ ယဉ်ကျေးမှုအရ လက်ဆောင် ပစ္စည်းအချို့ ပေးပို့လေ့ရှိပေသည်။ အဘိုးအိုဝမ်မှ တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။

"မင်းတို့အမေမှာ အကြောင်းရှိလို့် နေမှာပေါ့ သူမ သွားဖို့ ဆုံးဖြတ် ထားပြီးပြီဆိုတော့ အဆင်ပြေမှာပါ ပြဿနာမရှာကြနဲ့"

အားလုံးသည် စိုးရိမ်နေကြသော်လည်း အဖိုးအို ဝမ်၏ စကားအား မလွန်ဆန်ရဲကြချေ။ မည်သို့ပင်ဆိုစေ အဖိုးအို ဝမ်သည် မိသားစု၏ ဦးစီးခေါင်းဆောင် မဟုတ်ပါလော။ မွန်းလွဲပိုင်းတွင် အဖိုးအို ဝမ်သည် စွန်တစ်လက်ဖြင့် ထွက်လာခဲ့လေသည်။

အားယွီလေးသည် ထိုစွန်အား မြစ်ကမ်းဘေးသို့ ယူသွားလိုက်ကာ လွှတ်၍ ဆော့နေလေတော့သည်။ ရွာထဲရှိ အခြားကလေးများ ဤသည်အား မြင်သောအခါ သူတို့၏ လူကြီးများကို စွန်လုပ်ပေးရန် ပူဆာကြ ကုန်တော့သည်။ စွန်လုပ်ရန်မှာ အလွန်ရိုးရှင်းလှပေသည်။

အပြင်ဘက်ရှိ ဝါးပစ္စည်းများမှာ သဘာဝအတိုင်း ဈေးပေါကာ အလယ်ရှိ စက္ကူပါးပါးလေးမှာသာ အဖိုးအထိုက် တန်ဆုံး ဖြစ်လေသည်။ နွေဦးရာသီတိုင်းတွင် အဘိုးကြီးဟူသည် စက္ကူအချို့အား ထုတ်ယူကာ လူတိုင်းအား စွန်လုပ်ခွင့် ပေးလေ့ရှိပေသည်။

အားယွီလေး စွန်ရပြီးနောက် တစ်ရက်သာ ကြာသေးသော်လည်း ရွာတစ်ခုလုံးတွင် ကလေးများ စွန်လွှတ်နေကြလေပြီ ဖြစ်သည်။ အားယွီလေး၏ စွန်မှာ လိပ်ပြာစွန် ဖြစ်သော်လည်း လိပ်ပြာ ပုံသဏ္ဌာန်သာ ရှိလေသည်။ ၎င်းတွင် မျက်လုံး၊ နှာခေါင်း မရှိသည့်အပြင် မည်သည့် ပုံစံ ဒီဇိုင်းမျှလည်း မရှိပေ။

နောက်နေ့ နံနက်စောစောတွင် အားယွီလေးသည် ချင်ဟွိုင်အား ဖိတ်ခေါ်ရန် စွန်ကို ယူဆောင် လာခဲ့သည်။ ချင်ဟွိုင်သည် ထိုစွန်ကို မထီမဲ့မြင် အကြည့်ဖြင့် ကြည့်လိုက်မိသည်။

"အရုပ်ဆိုးလိုက်တာ"

ချင်ဟွိုင်က စွန်လွှတ်ရန် ငြင်းဆန်လိုက်လေသည်။ လွန်ခဲ့သော နှစ်ရက်အတွင်း သူ၏ ရုပ်ပိုင်းဆိုင်ရာ အခြေအနေ အများကြီး တိုးတက်လာသည်ဟု ခံစားရသောကြောင့် သေဆုံးသွား ပြီးနောက် နောင်တမရစေရန် ဤအချိန်အား အသုံးချ၍ စာအုပ်အနည်းငယ် ထပ်ဖတ်ချင်နေမိသည်။

...

"အဘိုး လုပ်ပေးထားတာလေ အရမ်းလှတာပဲကို"

အားယွီလေးမှ နှုတ်ခမ်းဆူလိုက်ကာ အနည်းငယ် မကျေမနပ်ဖြစ်သွားခဲ့သည်။

"နည်းနည်းလေးတောင် အရုပ်မဆိုးပါဘူးနော်"

ချင်ဟွိုင် စကား ဆက်မပြောတော့ဘဲ စွန်ကိုယူကာ ခြံဝင်းအတွင်းရှိ စားပွဲပေါ်တွင် တင်လိုက်လေသည်။ ဘေးတွင် ရှိနေသည့် ချီကျားမှ သဘောပေါက်စွာဖြင့် အခန်းထဲမှ စုတ်တံ၊ မှင် စက္ကူနှင့် မှင်သွေးကျောက်တို့ကို ယူဆောင်လာခဲ့လေသည်။

ချီကျားမှ ချင်ဟွိုင် အတွက် မှင်သွေးပေးလေသည်။ အားယွီလေးသည် ဘေးမှနေ၍ ခဏမျှ ကြည့်ပြီးနောက် ကူညီချင်သည်ဟု ကပျာကယာ ပြောလေရာ ချီကျားသည်လည်း သူမလေးအား စုတ်တံ ပေးလိုက်သည်။

အားယွီလေးသည် မှင်တုံးအား ကောက်ယူလိုက်ကာ သွေးပေးလေသည်။ ချင်ဟွိုင်သည် စုတ်တံအား မှင်ရည်တွင် စိမ်ပြီး နောက် စွန်ပေါ်တွင် ပန်းချီဆွဲလေတော့သည်။

စုတ်ချက် အနည်းငယ် ဆွဲပြီး ခဏတွင် ဗလာ ဖြစ်နေသော လိပ်ပြာလေးသည် ချက်ချင်းပင် အသက်ဝင်သော အငွေ့အသက်များ ရရှိသွားတော့သည်။ အနီးကပ် ကြည့်မည်ဆိုပါက လှပ သေသပ်သော လိပ်ပြာနက်ကြီး တစ်ကောင် ဖြစ်နေပြီး ကောက်ရိုးစက္ကူ၏ အဝါရောင်နှင့် ပေါင်းစပ် လိုက်သောအခါ အလွန်လှပသော ပုံစံများအား ဖန်တီး ပေးနေခဲ့သည်။ ၎င်းမှာ အသက်ဝင်နေ သယောင်ပင် ဖြစ်ပေါ်နေခဲ့သည်။

"ဝိုး အရမ်းလှတာပဲ ကိုကိုအားယိုက တကယ်တော်တာပဲ အားလုံးကို လုပ်တတ်တယ်နော်"

အားယွီလေး ချက်ချင်းပင် ပျော်ရွှင်သွားတော့သည်။ သူမသည် ချင်ဟွိုင်အား ဆွဲခေါ်လိုက်ကာ သူမ၏ အထူးစွန်လေးအား ကိုင်ဆောင်ပြီးနောက် ရွာထဲရှိ သူငယ်ချင်းများအား ချက်ချင်း ပြသကာ ကြွားချင်နေမိတော့သည်။

နောက်ဆုံးတွင် လူတိုင်းသည် ထိုစွန်အား မြင်သောအခါ သူတို့၏ စွန်များကိုလည်း ကူညီဆွဲပေးရန် ချင်ဟွိုင်အား ဝိုင်းဝန်း၍ တောင်းဆိုကြလေတော့သည်။ ချင်ဟွိုင်မှ အေးစက်သော မျက်နှာထားဖြင့် ချက်ချင်း ငြင်းပယ် လိုက်တော့သည်။ ရွာထဲရှိ ကလေးများသည်လည်း ထိုသို့ ဆိုကြကုန်၏။

"မင်းက ပျင်းစရာကောင်းလိုက်တာငွာ ငါတို့က မင်းနဲ့ သူငယ်ချင်းဖြစ်ချင်လို့ အကူအညီတောင်းတာလေ"

အားယွီလေးသည် ချင်ဟွိုင်၏ ရှေ့တွင် ခါးထောက်လျက် ရပ်တည်လိုက်သည်။ သူမသည် အဘွားဖြစ်သူ၏ ပုံမှန်အမူအရာအား အတုခိုးကာ မေးစေ့အား မော့ထားလိုက်ရင်း ပြောဆိုလိုက်သည်။

"အကူအညီတောင်းတယ်ဆိုရင် တစ်ဖက်လူကလည်း ကူညီချင်စိတ် ရှိရမယ်လို့ အဘွားက ပြောဖူးတယ် တခြားလူက မပျော်ဘူးဆိုရင် အတင်းအကျပ် သွားခိုင်းလို့မရဘူးလေ နင်တို့ အခုလို လုပ်တာ မမှန်ဘူးနော်"

အားယွီလေး၏ စကားများကြောင့် လူတိုင်း၏ မျက်နှာများ နီမြန်းသွားကြကာ ချင်ဟွိုင်အား အတင်းအကျပ် ဆက်လက်၍ တောင်းဆိုရန် ရှက်ရွံ့သွားကြလေသည်။

သို့သော်လည်း သူမမှာမူ ချင်ဟွိုင်၏ စုတ်တံနှင့် မှင်အား ငှားရမ်းကာ သူမ၏စွန်ပေါ်တွင် ရမ်းသန်း၍ ဆွဲနေလေတော့သည်။ ဆွဲချက်တိုင်းမှာ တစ်ခုထက်တစ်ခု ပို၍ အရုပ်ဆိုးနေတော့သည်။

ဘေးမှနေ၍ ကြည့်နေသော ချီကျား၏ မျက်ခုံးများပင် တွန့်ကွေးသွားခဲ့ရသည်။ ထိုစုတ်တံအား ငွေ ၂၀ တေး ပေး၍ ဝယ်ထားရခြင်း ဖြစ်ပေသည်။ ယခုမူ စုတ်တံအမွေးများမှာ ပြဲလန် ပျက်စီးလု နီးပါး ဖြစ်နေချေပြီ။ ငွေ ၁၀ တေး ပေးဝယ်ထားရသည့် မှင်များမှာလည်း တစ်ဝက်ခန့် ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သည်။

လူတိုင်း ပျော်ရွှင်စွာ ပန်းချီဆွဲနေကြသည်အား မြင်သောအခါ အားယွီလေးလည်း လိပ်ပြာလေး တစ်ကောင်ကဲ့သို့ ဝင်လိုက် ထွက်လိုက် ပြုလုပ်နေခဲ့သည်။ ချင်ဟွိုင်သည် ဘေးမှနေ၍ အားယွီလေးအား အပြုံးများ ပြည့်နှက်နေသော မျက်လုံးများဖြင့် ကြည့်နေခဲ့လေသည်။ သူသည်လည်း ပျော်ရွှင်နေခဲ့သည်မှာ အသိအသာပင် ဖြစ်သည်။

ချီကျား တစ်ယောက် ကြောင်အနေခဲ့ကာ မည်သည့် စကားမှ မပြောနိုင်တော့ချေ။

‘ထားလိုက်ပါတော့ ဒီကလေးတွေ ပျော်နေရင် ပြီးတာပါပဲ’

မွန်းလွဲပိုင်းတွင် အဖွားအို ဝမ် နောက်ဆုံးတော့ ပြန်ရောက်လာခဲ့ပြီ ဖြစ်သည်။ ဤတစ်ကြိမ်တွင် သူမ၏ နောက်တွင် တုတ်ရှည် တစ်ချောင်းအား အတူတူ ကိုင်ဆောင်လာသည့် အဘိုးအိုတစ်ဦး ပါလာခဲ့သည်။

ဟူမိသားစုရွာမှ လူများက ထိုအဘိုးအိုအား မြင်သောအခါ စပ်စုချင်စရာ အကြည့်များဖြင့် ဝိုင်းကြည့်ကြကုန်တော့သည်။

အထူးသဖြင့် တတိယဒေါ်လေးဟူ ပင်ဖြစ်သည်။ သူမသည် အဝေးမှနေ၍ အော်ဟစ်နှုတ်ဆက်လိုက်တော့သည်။

"အမယ်လေး မြည်းမကြီးကျန်း ဒီရည်းစားသစ်ကို ဘယ်ကနေ ရလာတာတုန်းဟဲ့"

All Chapters