← Chapters

ခြေထောက်ချိုးရန် လိုအပ်ခြင်း

Vol. 7 Ch. 97

ခြေထောက်ချိုးရန် လိုအပ်ခြင်း

Vol. 7 Ch. 97

တတိယဒေါ်လေးဟူမှ ထိုသို့ ပြောလိုက်သည်နှင့် လူတိုင်းသည် မကြည့်ဘဲ မနေနိုင် ဖြစ်သွားကြကုန်တော့သည်။ ထိုအခါ အဖွားအို ဝမ်သည် အဘိုးအို၏ တုတ်အား ဆွဲယူကာ တတိယဒေါ်လေးဟူ နောက်သို့ လိုက်ရိုက် လေတော့သည်။

"ပန်းပွင့်ကြီးကျန်း အခုချက်ချင်း ရပ်လိုက်စမ်း နင့်သင်္ချိုင်းကို လာမယ့်နှစ် ဒီလိုနေ့မှာ ငါလာကန်တော့မယ် စိတ်မပူနဲ့ နင့်အတွက် နံ့သာတိုင် သုံးတိုင်ကို သေချာပေါက် ပူဇော်ပေးမယ်"

"မြည်းမကျန်း နင်က အသက်ရှင်ရတာ ငြီးငွေ့နေပြီလား ဘာလို့ ဒီလောက်တောင် မြန်မြန်ပြေးနေတာလဲ နင့်ခါးအိုကြီး ကျိုးသွားဦးမယ်ဟဲ့"

တတိယဒေါ်လေးဟူမှာ အမှန်တကယ်ပင် ဆက်လက်၍ မပြေးနိုင်တော့ချေ။ သူမသည် သူမ၏ခင်ပွန်း ပြန်လာသည်အား တွေ့လိုက်ရသဖြင့် ဟူဆန်း၏ နောက်ကွယ်သို့ ကမန်းကတမ်း ဝင်ပုန်းလိုက်တော့သည်။ သူမသည် ခါးအား လက်ဖြင့် ထောက်ကာ နွားတစ်ကောင်ကဲ့သို့ တဟဲဟဲ အသက်ရှူ နေရရှာလေသည်။

အဖွားအို ဝမ်မှ အနားသို့ ပြေးလာပြီး လှောင်ပြုံးပြုံးလိုက်တော့သည်။

"ပန်းပွင့်ကြီးကျန်း နင့်မှာ အစွမ်းရှိရင် ယောက်ျားနောက်မှာ ပုန်းမနေနဲ့ ဒီကိုလာစမ်း ငါတို့ နှစ်ယောက်ချင်း အသေအလဲ တိုက်ခိုက်ကြရအောင်"

"ဘယ်သူက နင့်ကို တိုက်ရဲမှာလဲ နင်က အရူးမလေ"

တတိယဒေါ်လေးဟူမှ ကြောက်ကြောက်လန့်လန့်ဖြင့် ပြောလိုက်သည်။

"နင်က ဘာလို့ ဒီလောက်တောင် စိတ်တိုနေရတာလဲ ငါက နင့်အမြီးကို နင်းမိလို့လား ကောင်မရဲ့"

ဟူဆန်းသည် ဤသည်မှာ သူ၏ဇနီး အမှားမှန်း သိလိုက်တော့သည်။ သူမသည် အဖွားအို ဝမ်အား ထပ်မံ၍ သွားရောက် ရန်စခဲ့ခြင်း ဖြစ်ပေလိမ့်မည်။ သူသည် သက်ပြင်းချကာ ဖျန်ဖြေလိုက်လေသည်။

"ရန်မဖြစ်ကြနဲ့တော့"

"ကျွန်မက သူ့ကို စနောက်ပြီး ပြောလိုက်တာပါ သူကပဲ အလေးအနက် ထားပြီး စိတ်တိုနေတာ"

အဖွားအို ဝမ်၏ လူသတ်တော့မည့် အလား စိုက်ကြည့်နေသည့် အကြည့်အား မြင်သောအခါ တတိယဒေါ်လေးဟူသည် လည်ပင်းအား ပုဝင်လိုက်ကာ ဆက်မပြောရဲတော့ချေ။

ထိုအချိန်တွင် အဘိုးအိုသည် နောက်မှလိုက်လာခဲ့ကာ အဖွားအို ဝမ် ရွှံ့ထဲသို့ ပစ်ချခဲ့သော တုတ်အား ကြည့်ကာ နှမြောတသ ဖြစ်နေရှာတော့သည်။

"အို ငါ့ရဲ့ ဒီခွေးရိုက်တုတ်လေးက သိဒ္ဓိတင်ထားတဲ့ ရတနာလေးပါဆို"

အဘိုးအိုမှာ အလွန်ပင် နှမြောနေပုံရလေသည်။ ဤအချိန်တွင် အဖိုးအို ဝမ်သည်လည်း ဆူညံသံများအား ကြားရသဖြင့် အပြင်သို့ ဖြည်းဖြည်းချင်း လျှောက်ထွက်လာခဲ့သည်။

အဝေးမှနေ၍ သူ၏ဇနီးဖြစ်သူ၏ ဒေါသတကြီး ဖြစ်နေသော အမူအရာကို မြင်လိုက်ရလေသည်။ သူသည် အသံကိုမြှင့်၍ လှမ်းပြောလိုက်လေသည်။

"စိတ်လျှော့ပါ ထပ်ပြီး ဒေါသမထွက်ပါနဲ့တော့

အဖိုးအို ဝမ်သည် အဖွားအို ဝမ်ဆီသို့ ခြေဆွံ့ဆွံ့ဖြင့် လျှောက်သွား လိုက်တော့သည်။ သူမ၏ ရင်ဘတ်မှာ ဒေါသကြောင့် နိမ့်ချည်မြင့်ချည် ဖြစ်နေသည်အား မြင်သောအခါ သူသည် သူမ၏ကျောအား အသာအယာ ပုတ်ပေးလိုက်တော့သည်။

တတိယဒေါ်လေးဟူသည် ဟူဆန်း၏နောက်ကွယ်မှနေ၍ တိုးတိုးလေး ပြောလိုက်သည်။

"အဖိုးကြီးဝမ် ကြည့်စမ်း မြည်းမကျန်းက ရှင့်အတွက် အဘိုးကြီး တစ်ယောက် ခေါ်လာပေးတယ်နော်"

အဖိုးအို ဝမ်သည်လည်း ထိုအဘိုးအိုအား မြင်လိုက်ရပြီးနောက် ချက်ချင်း ပြောလိုက်လေသည်။

"ဪ ဒါက ငါကူညီပြီး ပင့်ခိုင်းလိုက်တဲ့ သမားတော်လေ ဘာဖြစ်လို့လဲ"

ဤစကားအား ကြားလိုက်ရသောအခါ လူတိုင်း စိတ်ပျက် သွားကြကုန်တော့သည်။

‘ဪ ဒီလိုဖြစ်နေတာကိုး...’

သို့သော်လည်း ပြန်စဉ်းစား ကြည့်သောအခါ တစ်ခုခု မှားနေသကဲ့သို့ ခံစားရလေသည်။ သူတို့ရွာတွင် သမားတော်ဟူ ရှိနေသည် မဟုတ်ပါလား။ အဘယ်ကြောင့် အပြင်မှ သမားတော်အား သွားပင့်ရလေသနည်း။

ထို့ပြင် ဤအဘိုးအိုအား ကြည့်ရသည်မှာ လုံးဝ မယုံကြည်ရချေ။ ဝတ်ထားသည်မှာလည်း အဝတ်စုတ်များ ဖြစ်ကာ အပေါက်များကိုပင် ဖာထေးထားခြင်း မရှိချေ။

သူတို့ကိုယ်တိုင်သည်လည်း ဆင်းရဲသဖြင့် အဝတ်များမှာ ဖာရာများဖြင့် ပြည့်နေသော်လည်း အနည်းဆုံးတော့ အပေါက်များအား သေချာဖာထားကြသေးသည်။ အဒေါ်ကြီး တစ်ယောက်သည်လည်း တတိယဒေါ်လေးဟူအား ပြောလိုက်လေသည်။

"တော်ပါတော့ နင့်ကြောင့် စတုတ္ထကောင်လေး မိန်းမ မရနိုင် ဖြစ်သွားခဲ့တဲ့ ကိစ္စ ကြုံခဲ့ရတာ မေ့နေပြီလား အခုလည်း ဘာလို့ သူ့ဂုဏ်သိက္ခာကို ထပ်ဖျက်နေရတာလဲ"

တတိယဒေါ်လေးဟူသည် အပြင်တွင် အဖွားအို ဝမ်နှင့် ပတ်သက်သည့် ကောလာဟလအချို့မှာ သူမကြောင့် ဖြစ်ခဲ့ရသည်အား ချက်ချင်း သတိရသွားခဲ့သည်။ သူမသည် အမှန်တကယ်ပင် အားနာစိတ် ဖြစ်သွားရှာလေသည်။

"နင်တို့က ဒီစကားတွေကို အပြင်မှာ လိုက်ဖြန့်မယ်လို့ ငါက ဘယ်သိမလဲ"

သူမသည်လည်း ခုနတွင် စကားပြော စောသွားခဲ့သည်အား အမှားတစ်ခု အဖြစ် ခံစားလိုက်ရတော့သည်။ သို့သော်လည်း သူမအနေဖြင့် မြည်းမကျန်းအား တောင်းပန်ရန်မှာမူ လုံးဝ မဖြစ်နိုင်ပေ။

"ငါက နောက်လိုက်တာပါ"

အဖွားအို ဝမ်၏ အသံမှာ တဖြည်းဖြည်း တိုးသွားသည်အား ကြည့်ရင်း သူမ ညည်းတွားလိုက်မိသည်။

‘ဟူး ငါ့ရဲ့ ဒီပါးစပ်စုတ်က မြည်းမကျန်းကို မြင်လိုက်တာနဲ့ စကားတစ်ခွန်းစနှစ်ခွန်းစ မပြောရရင်ကို မနေနိုင်ဘူး’

အဖွားအို ဝမ်မှာမူ တတိယဒေါ်လေးဟူ မည်သို့ တွေးသည်အား လုံးဝ ဂရုမစိုက်ချေ။ သူမသည် အဖိုးအို ဝမ်နှင့် ထိုအဘိုးအိုအား အိမ်ထဲသို့ ခေါ်ဆောင် သွားလိုက်လေသည်။

အဖွားအို ဝမ်သည် သူမ၏ မိဘအိမ်သို့ လုံးဝ မသွားခဲ့ပေ။ သူမသည် တောင်ဘက်သို့ တစ်လျှောက်လုံး လျှောက်သွားခဲ့ပြီးနောက် လူသူမရှိ သလောက်ဖြစ်နေသည့် ရွာတစ်ရွာအား တွေ့ခဲ့ရလေသည်။

ထိုနေရာတွင် ဤအဘိုးအို အပါအဝင် တောင်းစားသူများစွာ ရှိနေကြလေသည်။ ထိုအဘိုးအိုမှာ စကားပြောရာတွင် ဆန်းကြယ်နေခဲ့ကာ စိတ်ပိုင်းဆိုင်ရာ ပြဿနာအချို့ ရှိနေပုံရသောကြောင့် အဖွားအို ဝမ်သည် သူမ၏ မိသားစုဝင်များအား လှည့်စားနိုင်ရန်အတွက် သူ့အား ခေါ်ဆောင်လာခဲ့ခြင်း ဖြစ်လေသည်။

အဖိုးအို ဝမ်မှာမူ အမှန်အတိုင်း သိထားသကဲ့သို့ နေရာလွတ်ထဲရှိ အသားလုံးလေးသည်လည်း သိနေခဲ့လေသည်။ အဘယ်ကြောင့်ဆိုသော် အသားလုံးလေးသည် ထိုအဘိုးအို၏ စိတ်အခြေအနေမှာ မူမမှန်ကြောင်း ရှင်းလင်းစွာ သိနိုင်သောကြောင့် ဖြစ်ပေသည်။

ထို့ပြင် အဖွားအို ဝမ်နှင့် အဖိုးအို ဝမ်တို့သည် အခြားမိသားစုဝင်များအား ဖုံးကွယ်ထားသည့် အစီအစဉ်အချို့ ရှိနေကြောင်းလည်း ၎င်းမှ သိနေခဲ့သည်။

ဝမ်အိမ်သို့ ပြန်ရောက်သောအခါ အဖွားအို ဝမ်သည် အဘိုးအိုအား ဝမ်ချွမ်းကွေ့၏ ကုတင်နားသို့ ခေါ်သွားလေသည်။ လမ်းတွင် အဘိုးအိုသည် အဖွားအို ဝမ် ကျွေးသည့် မုန့်ကြမ်းအား စားရသဖြင့် အဖွားအို ဝမ် ခိုင်းသမျှကို ချက်ချင်း လုပ်ဆောင်လေတော့သည်။

"မင်းရဲ့ ခြေထောက်ကို ကုလို့ရတယ်"

အဘိုးအိုမှ သူ၏မုတ်ဆိတ်ရှည်အား သပ်ရင်း ခေါင်းညိတ်ပြလိုက်လေသည်။

"ငါ့ရဲ့ ခွေးရိုက်တုတ်ကျင့်စဉ်ကို သုံးပြီး မင်းရဲ့ခြေထောက်ကို ခုနစ်အလီ ခုနစ်ခါ ၉၁ ကြိမ် ရိုက်ရမယ် အဲဒီနောက် ရှစ်အလီ ရှစ်ခါ ၂၈ ရက်လောက် စောင့်လိုက်ရင် ပြန်ကောင်းသွားလိမ့်မယ်"

ဝမ်ချွမ်းကွေ့သည် ပထမဆုံးစကားအား ကြားလိုက်ရသောအခါ မျက်လုံးများ အရောင်တောက် သွားသော်လည်း နောက်ဆုံးစကားအား ကြားသောအခါ သူ၏ဘဝကိုပင် သံသယ ဝင်လာခဲ့တော့သည်။ ခုနစ်အလီ ခုနစ်ခါသည် ထိုမျှလောက် မများဘူးဟု သူ ဝေဝေဝါးဝါး မှတ်မိနေသေးပေသည်။ သူသည် စာမသင်ရသည်မှာ ဆယ်နှစ်ကျော်ပြီ ဖြစ်ရာ သူ၏ မှတ်ဉာဏ်များ ချို့ယွင်းသွားခဲ့ပြီလား မသိတော့ချေ။

နောက်ဆုံးစကားမှာ အဖွားအို ဝမ် သင်ပေးထားခြင်း မဟုတ်ပေ။ သူမသည် အဘိုးအိုအား စကားမပြောနိုင်လောက်အောင် ကြည့်လိုက်မိသည်။

‘ထားလိုက်ပါတော့ သူ ပေးချင်သော သတင်းစကားကို ပါးပေးနိုင်လျှင် လုံလောက်ပါပြီပဲ’

"အမေ ဒီလူက ဘယ်က ရောက်လာတာလဲ သူက တကယ့် သမားတော်ရော ဟုတ်ရဲ့လား"

ဝမ်ချွမ်းကွေ့သည် အဘိုးအိုနှင့် သူ၏လက်ထဲက သစ်သားတုတ်ရှည်ကြီးအား မြင်သောအခါ သူ၏ခြေထောက်များမှာ ကြိုတင်၍ နာကျင်လာသကဲ့သို့ ခံစားလိုက်ရလေသည်။ ခြေထောက်အား အကြိမ်ပေါင်းများစွာ အရိုက်ခံ ပြီးနောက် အမှန်တကယ်ပင် ကောင်းနိုင်ပါ့မည်လား။ ထိုမျှ အရိုက်ခံရပါမူ ခြေထောက်သည် မုန့်နှစ်လို ကြေမွသွားမှာ မဟုတ်ပေဘူးလား။

"ဘာလဲ ငါက နင့်ကို ဒုက္ခပေးမယ်လို့ သံသယရှိနေတာလား"

အဖွားအို ဝမ်သည် အမူအရာမရှိဘဲ ပြောလိုက်လေသည်။

"သူ့ကို ပင့်လာနိုင်ဖို့ ငါတို့မိသားစုရဲ့ ပိုင်ဆိုင်မှုအားလုံးကို ငါ ပေးခဲ့ရတာနော် ကုမှာလား မကုဘူးလားဆိုတာ နင်ပဲ ဆုံးဖြတ်လိုက်တော့"

ဝမ်ချွမ်းကွေ့သည် မကုဘူးဟု သူမ၏ ရှေ့မှောက်တွင် မပြောရဲပါချေ။

"ကျွန်တော်က အဲဒီလို ပြောချင်တာ မဟုတ်ပါဘူး"

‘ဒါပေမဲ့ ဒီအဘိုးကြီးက ကြည့်ရတာ လုံးဝ မယုံကြည်ရဘူးလေ အမေရ’

"မင်းရဲ့အမေကို ယုံလိုက်ပါ ငါလည်း မင်းနဲ့အတူ ခြေထောက် ကုသခံမှာပါကွာ’

အဖိုးအို ဝမ်မှ ရဲရဲဝံ့ဝံ့ ဝင်ပြောလိုက်လေသည်။ အမှန်တကယ်တွင် အဖိုးအို ဝမ်သည်လည်း အလွန်ပင် မရေမရာ ဖြစ်နေရှာလေသည်။ အဘယ်ကြောင့်ဆိုသော် ဤအဘိုးအိုမှာ သူ၏ဇနီးဖြစ်သူမှ လမ်းဘေးမှ ကျပန်း ခေါ်လာသူ ဖြစ်ကာ သူ့အား အမှန်တကယ် ကုသမည့်သူမှာ သူ၏ဇနီး ဖြစ်ကြောင်း သူ သိနေသောကြောင့်ပင် ဖြစ်ချေသည်။

အဖွားအို ဝမ်နှင့် နှိုင်းယှဉ်ပါက အဘိုးအိုသည် သူ၏ခြေထောက်အား ရိုက်ပေးခြင်းသာလျှင် ပို၍ကောင်းမည်ဟုပင် သူ ခံစားလိုက်ရတော့သည်။ အဘယ်ကြောင့်ဆိုသော် အဘိုးအိုအား ကြည့်ရသည်မှာ အစွမ်းထက်သူ တစ်ယောက်နှင့် တူနေသောကြောင့်ပင် ဖြစ်ခေသည်။ သူ၏ဇနီးမှာမူ ယခင်တွင် ဆေးပညာအား လုံးဝ မလေ့လာဖူးခဲ့ဖူးချေ။

မိသားစုဝင် အခြားသူများကလည်း ဝမ်ချွမ်းကွေ့အား ဝိုင်းဝန်း၍ ဖျောင်းဖျကြလေသည်။ ဝမ်ချွမ်းဖူမှ ပြောလိုက်လေသည်။

"ဒုတိယညီလေး အမေ့စကားကို နားထောင်လိုက်ပါကွာ အမေက ငါတို့ကို ဘယ်တုန်းက ဒုက္ခပေးဖူးလို့လဲဟ အခုလည်း အမေက နှစ်ရက်တောင် အပြင်မှာ ပင်ပင်ပန်းပန်း သွားပြီး ဒီသမားတော်ကြီးကို ပင့်လာပေးတာ မလား အားလုံးက မင်းအတွက်ပဲလေ ကုလို့ ပျောက်တာ မပျောက်တာထက် အမေ့ရဲ့ စေတနာကို ငါတို့ အသိအမှတ် ပြုသင့်တယ် မဟုတ်လား"

ဝမ်ချွမ်းမန်မှလည်း ပြောလိုက်လေသည်။

"ဟုတ်တယ် ဒုတိယအစ်ကို အမေ့ကို စိတ်မပူစေပါနဲ့တော့"

ဝမ်ချွမ်းကွေ့သည်လည်း ခေါင်းညိတ် လိုက်ရလေတော့သည်။ သူသည်လည်း သူ၏ခြေထောက်များ ပြန်လည်သက်သာချင်လှပြီ ဖြစ်သည်။ နေ့တိုင်း လယ်ကွင်းထဲတွင် ထွန်ယက် နေရပါစေဦးတော့ ဤကုတင်ပေါ်မှာ လဲနေပြီး သေခြင်းထက် ဆိုးသည့် ဘဝမျိုးဖြင့် နေထိုင်ရသည်ထက် များစွာ ပိုကောင်းပေလိမ့်မည် ဖြစ်သည်။

အားယွီလေးနှင့် အခြားကလေးများသည် သဘာဝကျစွာပင် အိမ်ထဲသို့ ဝင်မလာကြချေ။ သူမသည် လွန်ခဲ့သော နှစ်ရက်လုံး စွန်လွှတ်ရသည်အား အလွန်စိတ်ဝင်စားနေခဲ့ကာ လူကြီးများနားတွင် မကပ်ချင်တော့ပေ။ အဖွားအို ဝမ်သည် ဝမ်ချွမ်းကွေ့အား နားချပြီးနောက် အခြားကိစ္စတစ်ခု သွားလုပ်ရန် ပြင်ဆင်တော့သည်။ ထိုကိစ္စမှာ ရွာလူကြီး ဟူထံမှ မြေဝယ်ရန် ဖြစ်ပေသည်။

"အရင်ဆုံး သမားတော်ကြီးရွှယ်ကို သေချာပြုစုထားကြ ငါ အလုပ် ကိစ္စလေးတစ်ခု သွားလုပ်လိုက်ဦးမယ် မနက်ဖြန်ကျမှ မင်းတို့ ခြေထောက်တွေကို တရားဝင် ကုပေးမယ်"

အဖွားအို ဝမ်သည် မှာကြားပြီးနောက် ထွက်ခွာသွားခဲ့တော့သည်။ ဝမ်ချွမ်းဖူသည် သမားတော်ကြီးရွှယ်ဟု ခေါ်သော ထိုလူအား ဧည့်ခံရန် တာဝန်ယူရပြီး ဝမ်ချွမ်းယွမ်နှင့် ဝမ်ချွမ်းမန်တို့မှာမူ လယ်ကွင်းထဲတွင် ဆက်လက် အလုပ်လုပ်ကြလေသည်။ အိမ်ရှိ မျိုးစေ့အသစ်များမှာ ယခုအချိန်တွင် အပင်ပေါက်လောက်ပြီ ဖြစ်ရာ သူတို့ သွားကြည့်ကြရမည် ဖြစ်သည်။

၁၅ မိနစ်ခန့်အကြာတွင် ...

ဝမ်ချွမ်းယွမ်နှင့် ဝမ်ချွမ်းမန်တို့သည် လယ်ကွင်းထဲတွင် တစ်ဦးကို တစ်ဦး ကြောင်ကြည့်နေခဲ့ကြတော့သည်။

"ဒါ အပင်ပေါက်တာ အရမ်းမမြန်လွန်းဘူးလား"

"ရက်ပိုင်းပဲ ရှိသေးတာလေ"

ထိုအချိန်တွင် အဖွားအို ဝမ်အား ဧည့်ခံနေသည့် ရွာလူကြီး ဟူသည် ရုတ်တရက် လက်ဖက်ရည်များ ပန်းထွက်သွားလေတော့သည်။

"တဝမ်မိန်းမ မင်း အခု ဘာပြောလိုက်တာလဲ မင်းတို့မိသားစုက ငွေ ၅၀၀ တေး တန်တဲ့ မြေကို ဝယ်ချင်တယ် ဟုတ်လား"

သူ အသက်ကြီးသွားသည့် အတွက် နားများ လေးသွားခြင်းများ ဖြစ်နေသည်လား။ မည်ကဲ့သို့ ယခုလို မဖြစ်နိုင်သည့် အရာမျိုးအား နားကြားလွဲ၍ ကြားမိလိုက်သည် ဟု ထင်မှတ်မိလေသနည်း။

All Chapters