အဖိုးအို ဝမ် မိသားစု မြေဝယ်ခြင်း
Vol. 7 Ch. 98
အဖွားအို ဝမ်သည် ရွာလူကြီး ဟူ၏ ပါးစပ်မှ ရေများ သူမအပေါ်သို့ ထပ်မံ၍ စင်မလာစေရန် အတွက် ဘေးသို့ တိတ်တဆိတ် တိုးလိုက်လေသည်။ သူမမှ ခပ်အေးအေးပင် ရှင်းပြပြောဆိုလိုက်လေသည်။
"ရှင် နားမကြားမှားပါဘူး ကျွန်မတို့ ငွေ ၅၀၀ တေးနဲ့ ရမဲ့ မြေဝယ်ချင်လို့ပါ အခု ရွာမှာ ရောင်းဖို့ရှိတဲ့ အစိုးရမြေ ဘယ်လောက်ရှိသလဲ ဒီမှာ မလောက်ရင် တခြားရွာကနေ ဝယ်လည်း အတူတူပါပဲ"
"ရှိတာပေါ့ ဘာလို့ မရှိရမှာလဲ"
ရွာလူကြီး ဟူသည် စိတ်ထဲတွင် ခဏမျှ တွက်ချက် လိုက်ပြီးနောက် မေးမြန်းလိုက်လေသည်။
"မင်းတို့က ဘယ်လိုမြေမျိုးကို ဝယ်ချင်တာလဲ ရွာမှာ မြေဧက ရာနဲ့ချီပြီး ရှိသေးတယ်လေ"
အညံ့ဆုံး မြေအမျိုးအစားမှာ တစ်ဧကလျှင် ငွေ ၂ တေးခန့်သာ ရှိရာ ငွေ ၅၀၀ တေး အတွက် မြေမှာ အလုံအလောက် ရှိနေသည်မှာ သေချာလှပေသည်။
"ကျွန်မက ပထမတန်းစား လယ်မြေကိုပဲ လိုချင်တာပါ ဒုတိယတန်းစား မြေတွေကို မလိုချင်ဘူး အညံ့စားတွေ အကြောင်းတော့ ထည့်ပြီး ပြောမနေပါနဲ့တော့"
အဖွားအို ဝမ် စိတ်ထဲမှ တွေးလိုက်မိလေသည်။ အားယွီလေး နောက်ကွယ်မှ ကာကွယ် စောင့်ရှောက်သည့် နတ်ဘုရားသည် ငွေစ ၅၀၀ တေးတန် မြေအား လိုချင်သည်ဟု ဆိုရာ ၎င်းသည်လည်း အကောင်းဆုံးမြေကိုသာ လိုချင်ပေလိမ့်မည် ဖြစ်သည်။ နတ်ဘုရား တစ်ပါး အနေဖြင့် သာမန် လယ်ကွင်းများအား သဘောကျလိမ့်မည် မဟုတ်သည်မှာ သေချာလှပေသည်။
ထို့ပြင် အားယွီလေး ပေးထားသည့် အရည်အသွေးမြင့် ကောက်ပဲသီးနှံများအား ဤအဆင့်မြင့် လယ်မြေများတွင်သာ စိုက်ပျိုးမည်ဟု အဖွားအို ဝမ် ကြိုတင် စဉ်းစားထားပြီး ဖြစ်လေသည်။
အစပိုင်းတွင် အဖွားအို ဝမ်သည် အားယွီလေး၏ ဝိဉာဉ်စမ်းရေအား သုံးရခြင်းအပေါ် အနည်းငယ် စိတ်မသက်မသာ ဖြစ်မိသော်လည်း ယခုအခါ ဤ မြေကွက်များအား ကာကွယ် စောင့်ရှောက်သူ နတ်ဘုရားမှ ဝယ်ယူလိုက်ခြင်း ဖြစ်ရာ ၎င်းသည် အားယွီလေး၏ မြေနှင့် အတူတူပင် ဖြစ်လေသည်။ မိမိ ပိုင်ဆိုင်သည့် မြေပေါ်တွင် ဝိဉာဉ်စမ်းရေအား အသုံးပြုခြင်းမှာ သဘာဝကျ လှပေသည်။
သို့သော်လည်း အဖွားအို ဝမ်အနေဖြင့် သူမ၏ မိသားစုအား မည်သို့ ပြောပြရမည်အား စဉ်းစားရဦးမည် ဖြစ်သည်။ အခြားသူများမှ အားယွီလေးအား အလွန်အမင်း သံသယ မဝင်စေရန်နှင့် အခြားရွာသားများ မသိစေရန် သေချာစွာ စီစဉ်ရဦးမည် ဖြစ်ပေသည်။
စကားပုံတစ်ခု ရှိသည်မဟုတ်ပါလား။ "ရှားပါးခြင်းက ပြဿနာ မဟုတ်သော်လည်း မညီမျှခြင်းမှာမူ ပြဿနာဖြစ်လေသည်" ဟူ၏။ ရွာသားများသည် ဝမ်မိသားစု ကောင်းကောင်းမွန်မွန် နေထိုင်သွားသည်အား မြင်ချင်ကြသော်လည်း သူတို့ထက် အဆပေါင်းများစွာ သာလွန် ချမ်းသာသွားသည်ကိုမူ မလိုလား ဖြစ်ကြပေလိမ့်မည်။ အဖွားအို ဝမ်သည် ဤငွေများအား ရွာသားများနှင့် ဝေမျှရန် လုံးဝ မစဉ်းစားခဲ့ပေ။ သူမသည် ထိုမျှလောက် သဘောထားမကြီးလှချေ။
အားယွီလေး၏ ဝိဉာဉ်စမ်းရေအား ဝေမျှရန်မှာမူ ပို၍ပင် မဖြစ်နိုင်တော့ပေ။ ဖြစ်နိုင်လျှင် အားယွီလေး အနေဖြင့် ဤ ဝိဉာဉ်စမ်းရေ၏ တည်ရှိမှုအား ထာဝရ ဖုံးကွယ် ထားစေချင်ခဲ့ကာ ထိုကဲ့သို့ အရာမျိုး မရှိသကဲ့သို့ ဟန်ဆောင်စေချင်သည်။
"မင်းက မြေဆီလွှာ ကောင်းတဲ့ လယ်ကွင်းတွေကိုပဲ လိုချင်တာလား"
ရွာလူကြီး ဟူသည် အနည်းငယ် အခက်တွေ့ သွားဟန်ဖြင့် ပြောလိုက်လေသည်။
"ငါတို့ရွာမှာ အခု မြေဆီလွှာကောင်းတဲ့ လယ်ကွင်း ၈၀ ပဲ ရှိတော့တယ် အဲဒီထဲက ၅၀ က ရောင်းခွင့်မရှိဘူး အစိုးရက လွန်ခဲ့တဲ့ နှစ်ရက်ကပဲ သီးစား ချထားပေးပြီးပြီ ရွာထိပ် မြစ်နားက မြေတွေကို မင်းသိမှာပါ"
ပထမတန်းစား လယ်မြေများ၏ ဈေးနှုန်းမှာ အမြင့်ဆုံးဖြစ်ပြီး ယခုအခါ တစ်ဧကလျှင် ငွေ ၁၀ တေးခန့် ရှိပေသည်။ ဒုတိယတန်းစား မြေမှာ ၆ တေး တတိယတန်းစားမြေမှာ ၃ တေးနှင့် တောင်ကုန်း ဒေသများမှာ ၂ တေးခန့် ရှိလေသည်။
ရွာလူကြီး ဟူနှင့် အဖွားအို ဝမ်တို့ ခဏမျှ ဆွေးနွေး လိုက်ကြပြီးနောက် ရွာလူကြီး ဟူသည် ရွာတွင် ရရှိနိုင်သော မြေဧက ၃၀ကို အဖွားအို ဝမ်အား ရောင်းချပေးရန် ဆုံးဖြတ်လိုက်တော့သည်။ ဈေးနှုန်းမှာ ငွေ ၃၀၀ တေး ဖြစ်လေသည်။ ကျန်ရှိသော ငွေ ၂၀၀ တေးမှာ မြေယာ စာရွက်စာတမ်း ကြေးများ အတွက် အသုံးပြုရဦးမည် ဖြစ်ရာ အားလုံးအား မြေဝယ်ရန် အတွက် မသုံးနိုင်ချေ။ အကယ်၍ သူမသည် ပထမတန်းစားမြေကိုသာ ထပ်မံ၍ ဝယ်ယူလိုပါမူ ၁၅ ဧကခန့် ထပ်မံရရှိနိုင်မည် ဖြစ်ပေသည်။
"မင်း ပြသာနာမရှိဖူးဆိုရင်တော့ ငါ အိမ်နီးနားချင်းရွာတွေမှာ သွားမေးပေးမယ် မြစ်ကြီးရွာမှာ မြေကွက်တွေ အများကြီး ရှိသေးတယ်လို့ ကြားတယ် အဲဒီရွာက မြစ်နဲ့နီးတော့ မြေဆီလွှာက ငါတို့ဆီထက်တောင် ပိုကောင်းသေးတယ်"
အမှန်တကယ်တွင် ရှန်ယန်းရွာ တွင်လည်း မြေများစွာ ရှိသော်လည်း ရွာလူကြီး ဟူသည် ရှန်ယန်း ရွာသားများနှင့် မပတ်သက်ချင်ပေ။ လက်ရှိတွင် သူတို့၏ ဆက်ဆံရေးမှာ အလွန်ပင် ဆိုးရွားနေသောကြောင့်ပင် ဖြစ်ချေသည်။
အဖွားအို ဝမ်သည် ငွေ ၅၀၀ တေးကို ရွာလူကြီး ဟူ၏ရှေ့တွင် ချပေးလိုက်လေသည်။
"ရှင်က ရွာလူကြီးပဲ ရှင့်စကားအတိုင်း ကျွန်မ နားထောင်ပါ့မယ် ဒါတွေ အားလုံး အတွက် ရှင့်ကိုပဲ အားကိုးရတော့မယ် ဒါက ငွေတေး ၅၀၀ ပါ ရွာထဲက မြေ ဧက ၃၀ ကို ကျွန်မ ဆုံးဖြတ်ပြီးပါပြီ မြစ်ကြီးရွာဘက်ကိုလည်း သွားပြီး ရနိုင်သလောက် ဝယ်ပေးပါဦးတော် စာရွက်စာတမ်း ကိစ္စတွေကိုလည်း ကူညီပေးပါဦး"
"ငါတို့က ရွာသူရွာသားချင်းတွေပဲဟာ အားနာစရာ မလိုပါဘူးဟ”
အဖွားအို ဝမ်သည် ကျန်ရှိသော ငွေ ၅၀ တေးအကြောင်းအား စဉ်းစားလိုက်ပြီး စီမံခန့်ခွဲမှု ကိစ္စရပ်များ အတွက် ရွာလူကြီး ဟူအား အခကြေးငွေအဖြစ် ၂၀ တေး ပေးလိုက်လေသည်။ ရွာလူကြီး ဟူသည် ငွေ ၅၀၀ တေးအား လက်ခံရရှိသောအခါ သူ၏လက်များမှာ တုန်ယင်နေလေတော့သည်။ ဤသည်မှာ တကယ့်ကို ငွေ ၅၀၀ တေး မဟုတ်ပါလော။
သို့သော်လည်း သူသည် မြို့ရှိ ဘဏ်သို့ သွားကာ ဤငွေများအား အရင်ဆုံး ထုတ်ယူရဦးမည် ဖြစ်သည်။ အကယ်၍ သူ သေသေချာချာ လုပ်ဆောင်နိုင်ပါမူ ဝမ်မိသားစု အတွက် မြေဧက အနည်းငယ် ပို၍ ရရှိအောင် စီစဉ်ပေးနိုင်ပေလိမ့်မည်။ အဖွားအို ဝမ်မှ ရွာလူကြီး ဟူအား အကျိုးအမြတ် ပေးမည်ဟု မပြောခဲ့သလို ရွာလူကြီး ဟူသည်လည်း ဤသည်အား ဂရုမစိုက်ပါချေ။
ပုံမှန်အားဖြင့် ရွာသားများသည် ဆင်းရဲကြသောကြောင့် ရွာလူကြီး ဟူအနေဖြင့် လက်ဆောင် ပေးရမည်ဟူသော စည်းကမ်းမျိုး မသတ်မှတ်ထားခဲ့ပေ။ သို့သော်လည်း ရွာသားများသည် သူ့အား အချည်းနှီး အလုပ်မခိုင်းခဲ့ကြချေ။ ငွေရှိသူသည် ငွေပေးကြကာ ပစ္စည်းရှိသူသည် ပစ္စည်းပေးကြစမြဲ ဖြစ်လေသည်။
"ဒါနဲ့ ရွာထဲက မြေတွေကိုတော့ ကျွန်မရဲ့ စတုတ္ထသားနာမည်နဲ့ မှတ်ပုံတင်ပေးပါအုန်း ရွာပြင်က မြေတွေကိုတော့ အားယွီလေး နာမည်နဲ့ မှတ်ပုံတင်ပေးပါ"
ဟု အဖွားအို ဝမ်မှ ပြောလိုက်လေသည်။ ဤစကားသည် ရွာလူကြီး ဟူအား အမှန်တကယ် အံ့အားသင့် သွားစေခဲ့သည်။
"မင်းရဲ့ စတုတ္ထသားနာမည်နဲ့ ထားတာကိုတော့ ငါနားလည်ပါတယ် ဒါပေမဲ့ အားယွီလေးနာမည်နဲ့ ထားတယ်ဆိုတာ ဘာကို ဆိုလိုတာလဲ ငါတို့ရွာမှာ မိန်းမသား တစ်ယောက်က မြေပိုင်ဆိုင်တယ်ဆိုတာမျိုး မရှိဖူးဘူးနော်"
ရွာလူကြီး ဟူ ပြောသည်မှာလည်း အမှန်ပင် ဖြစ်ပေသည်။ လက်ရှိ တာ့ချန်းခေတ် တွင် အမျိုးသမီးများသည် သူတို့၏ အမည်ဖြင့် ပိုင်ဆိုင်မှုများ မရှိကြသကဲ့သို့ မည်သူကမျှ အမျိုးသမီး တစ်ဦး၏ အမည်ဖြင့် ပိုင်ဆိုင်မှုများအား မှတ်ပုံတင်လေ့ မရှိကြပေ။
မှန်ပေသည်။ အဆင့်မြင့် အရာရှိကြီးများမှ သူတို့၏ အမျိုးသမီးများ အတွက် ပိုင်ဆိုင်မှုများ ချန်ထားပေးခြင်း ရှိမရှိမှာမူ တစ်ကဏ္ဍ ဖြစ်ပေသည်။
ရွာလူကြီး ဟူတွင် မြေးမလေး တစ်ယောက်သာ ရှိလေသည်။ သူမသည်လည်း ချစ်စရာကောင်းသော အရွယ်ဖြစ်ရာ သူသည် မိန်းကလေးများအား အထင်မသေးတတ်ချေ။ သို့သော် မိသားစုတွင် သားယောက်ျားလေး မရှိလျှင်သာ အမျိုးသမီးများအား အမွေပေးလေ့ရှိကာ ကျန်သည့် အချိန်များတွင်မူ အမျိုးသမီးများအား မြေယာနှင့် ပိုင်ဆိုင်မှုများ ပေးလေ့မရှိခြင်းမှာ အလွန်ပင် ထုံးစံဖြစ်နေခဲ့ချေပြီ ဖြစ်သည်။ အဖွားအို ဝမ်မှ ပြောလိုက်သည်။
"ကျွန်မတို့ရလာတဲ့ ငွေတွေက အားယွီလေး ရှာပေးထားတာပါ ဒါကြောင့် မြေတွေအားလုံးကို သူမနာမည်နဲ့ ထားတာက သဘာဝကျပါတယ် ဒါပေမဲ့ အကုန်လုံး သူမနာမည်နဲ့ ဆိုရင် လူသိများလွန်း သွားမှာ စိုးလို့လေ"
"ဒါတွေက အားယွီလေး ရှာထားတာ တကယ်ပဲလား"
"ရှင့်ကို လိမ်ပြောလို့ ဘာအကျိုးရှိမှာမို့လို့လဲ"
ဟု အဖွားအို ဝမ်မှ ပြန်မေးလိုက်လေသည်။ ရွာလူကြီး ဟူသည် ရွာထဲက မဖြေရှင်း နိုင်သေးသည့် ပဟေဠိဖြစ်သည့် ဧရာမ မြွေကြီး အကြောင်းအား စဉ်းစားလိုက်မိလေသည်။ အမှန်အတိုင်းသာ ဆိုလျှင် ဝမ်မိသားစုမှ ကိုယ်တိုင်မြင်ခဲ့သည်ဟု မပြောခဲ့ပါမူ အသက် နှစ်နှစ်အရွယ် မိန်းကလေး တစ်ယောက်သည် ထိုမျှ ကြီးမားလှသော မြွေကြီးအား သတ်နိုင်လိမ့်မည်ဟု မည်သူကမျှ ယုံကြည်ကြလိမ့်မည် မဟုတ်ပေ။
သို့သော်လည်း ရွာထဲတွင် အားယွီလေးသည် သူတို့ရွာအား ကယ်တင်ရန် ကောင်းကင်ဘုံမှ စေလွှတ်လိုက်သော "ကောင်းချီးကလေးငယ်လေး" ဖြစ်သည်ဟူသည့် ကောလာဟလများ ပျံ့နှံ့နေခဲ့ပြီ ဖြစ်လေသည်။ လူတိုင်းသည် သူမအား ချစ်ခင်ကာကွယ် ရမည်ဟု ခံယူထားကြလေသည်။ သူတို့သည် သူမအား သာမန် မိန်းကလေး တစ်ယောက်ကဲ့သို့ မဆက်ဆံကြတော့ချေ။ ထို့ကြောင့် သူမမှ ငွေစ ၅၀၀ တေး ရှာနိုင်သည်မှာ သာမာန်သာ ဖြစ်လိမ့်မည်။ ထိုသည်မှာပင် အလွန် ထူးဆန်းလွန်းနေခဲ့ပြီ ဖြစ်သည်။
"ရွာပြင်က မြေတွေ အကြောင်းကိုတော့ ဘယ်သူ့ကိုမှ မပြောပါနဲ့ဦး ဒါကို ကျွန်မတို့ကြားမှာပဲ လျှို့ဝှက်ထားပေးပါ"
အဖွားအို ဝမ်မှ ဆက်၍ ပြောလိုက်လေသည်။
"အဲဒီမြေတွေကို အားယွီလေး နာမည်နဲ့ ထားတာက နောင်ကျရင် ပြဿနာမရှိအောင်လို့ပါ"
အဖွားအို ဝမ်သည် အားယွီလေး ကြီးပြင်း လာသောအခါ ထိုမြေကွက်များအား သူမ၏ တင်တောင်းပစ္စည်း အဖြစ် ပေးရန် စဉ်းစားထားခြင်း ဖြစ်ပေသည်။ မြေယာဟူသည် ထာဝရ တည်ရှိနေမည်သာ ဖြစ်သည်။ အားယွီလေး အနေဖြင့် မိသားစု တစ်ခုလုံး အဖမ်းခံရကာ အသတ်ခံရမည့် အဆင့်မျိုးအထိ ကြီးလေးသည့် ပြစ်မှုမျိုးအား မကျူးလွန်သရွေ့ ထိုမြေများသည် သူမအတွက် ထာဝရ ကျန်ရှိနေမည် ဖြစ်ကာ သားစဉ်မြေးဆက် အမွေ ဆက်ခံနိုင်လိမ့်မည် ဖြစ်သည်။
"စိတ်မပူပါနဲ့ ငါ ဘယ်သူ့ကိုမှ သွားမပြောပါဘူး ဒါပေမဲ့ အပြင်က လယ်ကွင်းတွေမှာ တစ်ခုခု စိုက်ပျိုးထားတာ ရှိမရှိတော့ ငါမသိဘူး လယ်ကွင်းတွေက ဒီအတိုင်း လွတ်နေတယ်ဆိုရင် မင်းတို့ သွားပြီး စိုက်ပျိုးရဦးမယ် အဲဒီအခါကျရင် သူများတွေ သိကုန်မှာ မဟုတ်လား"
ရွာလူကြီး ဟူမှ သုံးသပ်ပြလိုက်လေသည်။
"မင်းတို့ မိသားစုက လူအင်အား အများကြီး ရှိပေမဲ့ တစ်ခါတည်းနဲ့ ဒီလောက် ဧက အများကြီးကို စိုက်ဖို့ဆိုတာ မလွယ်ဘူးနော် အကူအညီ ထပ်ရှာရလိမ့်မယ်"
အဖွားအို ဝမ်မှ ဆိုလိုက်လေသည်။
"ဒါနဲ့ ပတ်သက်လို့လည်း ရွာလူကြီးကိုပဲ အားကိုးရလိမ့်မယ် အပြင်က စည်းမျဉ်းတွေအတိုင်းပဲ အပြင်လူတွေကိုပဲ အဲဒီလယ်ကွင်းတွေမှာ ဆက်ပြီး စိုက်ခိုင်းထားလိုက်ပါ ကျွန်မတို့က ရနိုင်သလောက် အမြတ်ကိုပဲ ယူပါ့မယ် အရင်ဆုံး ရွာထဲက မြေယာ စည်းမျဉ်းတွေကိုပဲ အရင်စီစဉ်ရအောင်"
အဖွားအို ဝမ်သည် ဤကိစ္စအား ကြိုတင်၍ စဉ်းစားထားပြီး ဖြစ်လေသည်။ ရွာသားများသည် အစိုးရမြေပေါ်တွင် စိတ်တိုင်းကျ မစိုက်ပျိုးနိုင်သော်လည်း ရွာသား အချင်းချင်း မြေငှား၍ စိုက်ပျိုးနိုင်ကြပေသည်။ သူတို့ မိသားစုသည် ဟူမိသားစုရွာမှ မြေဧက ၃၀ တစ်ခါတည်း ဝယ်ယူထားခြင်း ဖြစ်ရာ နောင်တွင် ဤလယ်ကွင်းများအား သူတို့ကိုယ်တိုင် စိုက်ပျိုးကြနိုင်ကြမည် ဖြစ်သည်။
ပုံမှန်အားဖြင့် အိမ်ရှိ သာမန် လယ်ကွင်းများအား မစိုက်ပျိုးနိုင်ပါက ရွာရှိ အခြားသူများအား အသုံးပြုခွင့် ပေးလိုက်မည် ဖြစ်သည်။ လူတိုင်းသည် ကျေးဇူးတုံ့ပြန်သည့် အနေဖြင့် အစားအစာ အနည်းငယ် ပေးလျှင်ပင် လုံလောက်လှပြီ ဖြစ်ရာ မြေကွက်များ လဟာပြင် ဖြစ်မနေလျှင်ပင် အဆင်ပြေပြီ ဖြစ်သည်။
အဖွားအို ဝမ်သည် သူမ၏ အကြံအစည်များအား ရွာလူကြီး ဟူကို အကြမ်းဖျင်း ပြောပြ ပြီးနောက် ရွာလူကြီး ဟူသည်လည်း သူ၏အလုပ်များအား လုပ်ဆောင်ရန် အတွက် ထွက်ခွာ သွားခဲ့လေတေ့ာသည်။
နောက်ဆုံးတွင် သူသည် သိချင်စိတ်အား အောင့်ထားခဲ့ကာ အားယွီလေးမှ ငွေများစွာ မည်သို့ရှာခဲ့သည်အား မမေးခဲ့ချေ။ ဝမ်မိသားစုအနေဖြင့် ဤမျှလောက် ငွေရရန်မှာ မလွယ်ကူလှပေ။ သူ အနည်းငယ် မနာလို ဖြစ်မိသော်လည်း အနည်းဆုံး ဤသည်မှာ အခြားသူများ၏ ကံတရားဖြစ်ကြောင်း သူ သိထားပေသည်။ သို့သော်လည်း အဖွားအို ဝမ်သည် မထွက်ခွာမီ ပြောသွားခဲ့ပေသည်။
"သမားတော်ဟူကတော့ ကျွန်မတို့မိသားစု ဒီငွေတွေကို ဘယ်လို ရခဲ့တယ်ဆိုတာ သိပါတယ် အခု ရာသီဥတု ကောင်းနေတုန်းမို့လို့ အခွင့်အလမ်းတွေက ရှိနေဦးမှာပါ"
လတ်တလောတွင် အဖွားအို ဝမ်သည် အားယွီလေးအား တောင်ပေါ်သို့ ထိုမှိုများအား သွားရှာခိုင်းရန် အစီအစဉ် မရှိချေ။ ဤသည်မှာ ကလေး၏ ကံကောင်းမှုနှင့် လဲလှယ်ထားရခြင်း ဖြစ်မည်အား သူမ စိုးရိမ်နေသည့်အတွက် ဖြစ်သည်။ ဝမ်မိသားစုသည် အလွန် လျင်မြန်စွာ ချမ်းသာလာခဲ့ခြင်း ဖြစ်ရာ ၎င်းကြောင့် ကလေးငယ်၏ ကံတရားအား ထိခိုက်မည်ဆိုပါက မကောင်းနိုင်ပေ။