← Chapters

ဗိုက်ဝအောင်စားပြီးမှ ခြေထောက်ချိုးတာ ပိုကောင်းတယ်

Vol. 7 Ch. 99

ဗိုက်ဝအောင်စားပြီးမှ ခြေထောက်ချိုးတာ ပိုကောင်းတယ်

Vol. 7 Ch. 99

အဖွားအို ဝမ်သည် သူမ၏ စကားများအား ပြောပြီးနောက် ရွာလူကြီး ဟူ မည်သို့ တွေးတောနေသည်အား ဂရုမစိုက်တော့ချေ။ သူမ လုပ်ဆောင်ရမည့် အလုပ်များစွာ ကျန်ရှိနေသေးပေသည်။

ဝမ်ချွမ်းယွမ်နှင့် ဝမ်ချွမ်းမန်တို့သည် မြေပေါ်တွင် အပင်ပေါက် ကလေးများအား မြင်သောအခါ သူတို့သည် အပင်များအား ဝိုင်းကြည့်ကာ အချိန်အတော်ကြာ ဆွေးနွေးကြသော်လည်း နောက်ဆုံးတွင် မည်သည့်ကြောင့်မှန်း မသိနိုင်ကြချေ။

"ငါတို့ဦးနှောက်တွေက အလုပ် မလုပ်တော့ဘူး ထင်တယ် အမေ့ကို ပြန်မေးကြည့်ရင် ကောင်းမလား"

ဝမ်ချွမ်းယွမ်မှ ခေါင်းအား ကုတ်လိုက်လေသည်။ သူသည် လယ်ထဲတွင် အလုပ်လုပ်ရသည်အား စိတ်မရှိသော်လည်း ဤကဲ့သို့သော အရာများကို စဉ်းစားရလျှင် ခေါင်းကိုက် လာတတ်ပေသည်။ ဤ အပင်ပေါက်များ ဤမျှလောက် ကြီးမြင့်လာသည်မှာ ပုံမှန်မဟုတ်ကြောင်းကိုသာ သူ သိနေလေသည်။

ဝမ်ချွမ်းမန်မှ ဆက်ပြောလိုက်လေသည်။

"အစ်ကိုသုံး အမေ့ကို အရင်သွားရှာကြည့်လိုက်ပါ ကျွန်တော် ဒီမှာပဲ စောင့်နေမယ် ဘယ်လိုပဲဖြစ်ဖြစ် ဒီအပင်ပေါက်တွေကို စိုက်ရတော့မယ်လေ ဒီအတိုင်းသာ ဆက်ထားရင် သူတို့က တစ်ပင်နဲ့ တစ်ပင် အာဟာရတွေ လုကြပြီး ဆက်မကြီးထွားတော့ဘဲ နေလိမ့်မယ်"

"ကောင်းပြီလေ"

သို့သော် ဝမ်ချွမ်းယွမ် အလုပ်လုပ်နေသည်မှာ တစ်ဝက်ခန့်ပင် မရှိသေးမီ ဝေးကွာလှသော နေရာမှ လျှောက်လာသည့် အဖွားအို ဝမ်အား မြင်လိုက်ရသဖြင့် သူမဆီသို့ ကပျာကယာ ပြေးသွားလေတော့သည်။

"အမေ ကျွန်တော်တို့ မြေတွေကလေ"

ဝမ်ချွမ်းယွမ်မှ အကျယ်ကြီး အော်ပြောလိုက်လေသည်။

"ဘာလို့ ဒီလောက်တောင် အကျယ်ကြီး အော်နေရတာလဲ နင့်အမေ ငါက နားမလေးသေးဘူး ဟဲ့ကောင်ရဲ့"

အဖွားအို ဝမ်မှ သူမ၏နားအား ထိလိုက်ရင်း သူ့အား ဘုကြည့် ကြည့်လိုက်လေသည်။

"ငါတို့မိသားစု မြေတွေက ဘာဖြစ်လို့လဲ နေ့တိုင်း နေ့တိုင်း ဒီလောက်တောင် တုန်လှုပ်မနေစမ်းပါနဲ့ နင်က လူကြီးတန်မဲ့ နည်းနည်း တည်တည်ငြိမ်ငြိမ် နေစမ်းပါဟယ်"

"ဟာဗျာ အမေကလည်း ကျုပ်ဆို ပြောမယ်ဆိုတာကြီးပဲ ကိုယ်တိုင် သွားကြည့်လိုက်ပါဦး ဗျာ"

ဝမ်ချွမ်းယွမ်က သူ၏ပါးစပ်မှာ စကားပြောရာတွင် သိပ်မသွက်သဖြင့် အဖွားအို ဝမ်အား လယ်ကွင်းထဲသို့သာ တိုက်ရိုက် ခေါ်သွားလိုက်တော့သည်။ ဝမ်မိသားစု၏ မြေ ၁၅ ဧက အများစုမှာ သာမန် ဒုတိယတန်းစား မြေများဖြစ်ကာ အချို့မှာ တတိယတန်းစား မြေများပင် ဖြစ်လေသည်။ မြေဆီလွှာ မကောင်းသဖြင့် သီးနှံအထွက်နှုန်းမှာ အလွန် နည်းပါးလှသည်။ ပုံမှန်အားဖြင့် အခွန်အခများ ပေးဆောင် ပြီးနောက် မိသားစုအတွက် သုံးလစာခန့်သာ ဖူလုံလေ့ရှိပေသည်။

ဝမ်ညီအစ်ကိုများသည် အဖွားအို ဝမ်၏ လမ်းညွှန်မှု အောက်တွင် အလွန်ပင် ကြိုးစား အားထုတ်ကြပေသည်။ အခြားမိသားစုများ၏ လယ်ကွင်းများတွင် ပေါင်းပင်များ ပြည့်နှက်နေသော်လည်း သူတို့၏ လယ်ကွင်းများမှာမူ တစ်နှစ်ပတ်လုံး သန့်ရှင်းနေခဲ့ကာ ကောက်ပဲသီးနှံများသာ ရှိသည်အား အဝေးမှပင် မြင်နိုင်ပေသည်။ သို့သော်လည်း မြေအမျိုးအစား ညံ့ဖျင်းပါမူ မည်မျှပင် ကြိုးစားပါစေ အချည်းနှီးသာ ဖြစ်လေသည်။

လယ်ကွင်းသို့ ရောက်သောအခါ ဝမ်ချွမ်းမန်သည် မြေဧက ဝက်ခန့်အား ရှင်းလင်းထားပြီး ဖြစ်ကြောင်း အဖွားအို ဝမ် မြင်လိုက်ရတော့သည်။ ဘေးနားတွင်မူ စိမ်းစိုနေသော အပင်ပေါက်များစွာ ရှိနေကြလေသည်။ ၎င်းမှာ ကြည့်ရသည်မှာ အလွန်ပင် စိတ်ကြည်နူးစရာ ကောင်းလှပေသည်။

"အမေ ဒီအပင်ပေါက်တွေ တစ်ခုခု မှားနေတယ်လို့ မထင်ဘူးလား"

ဝမ်ချွမ်းယွမ်မှ ကပျာကယာ မေးလိုက်တော့သည်။ အဖွားအို ဝမ်မှ မျက်တောင်အား ဖြည်းဖြည်းချင်း ပုတ်ခတ်လိုက်ရင်း ခပ်အေးအေးပင် ပြောလိုက်လေသည်။

"ဒါက တော်တော်လေး ကောင်းတာပဲ မဟုတ်ဘူးလား ဒီနှစ်တော့ နင်တို့ ငါ့စကားကို နားထောင်ပြီး မြေဩဇာ သေချာ ကျွေးပုံရတယ် အရင်တုန်းကသာ ငါ့စကားကို အခုလို နားထောင်ခဲ့ရင် နင်တို့ ဒီလောက် နှစ်တွေအများကြီး ငတ်ပြတ်နေမှာ မဟုတ်ဘူး"

ထိုစကားကြောင့် ဝမ်ချွမ်းယွမ်နှင့် ဝမ်ချွမ်းမန်တို့မှာ ကြောင်အမ်း သွားကြကုန်တော့သည်။ ဤသည်မှာ မြေဩဇာကြောင့် ဖြစ်နိုင်ပါမည်လော။ အမှန်ကိုဆိုလျှင် ယခင်တွင် သူတို့၏ မိခင်ဖြစ်သူမှာ မြေဩဇာ ကိစ္စများအား ဂရုမစိုက်ခဲ့သည့် အပြင် သူတို့အားလုံးမှာလည်း ဖခင်ဖြစ်သူ၏ စကားကိုသာ နားထောင်ခဲ့ကြခြင်း ဖြစ်ပေသည်။

ယခုနှစ်တွင်မှ သူတို့၏ မိခင်ဖြစ်သူမှ မြေကြီးထဲသို့ တစ်စုံတစ်ခု ထည့်ရမည်ဟု သင်ပေးခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း သူတို့ ဤသို့လုပ်ခဲ့သည်မှာ ၁၀ ရက်ကျော်ရုံသာ ရှိသေးသော်လည်း အမှန်တကယ်ပင် ဤမျှလောက် အစွမ်းထက်နေပါသည်လား။ နှစ်ပေါင်းများစွာ သူတို့ ဗိုက်မဝခဲ့ကြသည့်အပြင် လယ်ယာလုပ်ငန်း မအောင်မြင်ခဲ့ကြသည်မှာ သူတို့၏ မိခင်စကားအား နားမထောင်ဘဲ ဖခင်စကားကိုသာ နားထောင်ခဲ့သောကြောင့် ဖြစ်နိုင်ပါမည်လား။

"အမေ ဒါဆိုလည်း ဘာလို့ ကျွန်တော်တို့ကို စောစော မသင်ပေးခဲ့တာလဲ”

ဝမ်ချွမ်းမန်မှ မေးလိုက်လေသည်။

"နင်တို့ရဲ့ အမှားတွေကနေ နင်တို့ သင်ခန်းစာ ယူတတ် လာအောင်လို့ပေါ့ဟဲ့ ငါက နင်တို့ကို ဘဝသင်ခန်းစာတွေ သင်ပေးနေတာလေ"

အဖွားအို ဝမ်သည် ညီအစ်ကို နှစ်ယောက်၏ အမူအရာအား ကြည့်ကာ အထင်အမြင်သေးသည့် အကြည့်ဖြင့် ကြည့်လိုက်တော့သည်။

"နင်တို့လို ခေါင်းမာတဲ့ ငတုံးတွေက ကောင်းကင်ကို ဖောက်ထွက်နိုင်မယ့် နည်းလမ်းကိုတောင် စဉ်းစားနိုင်မှာ မဟုတ်ဘူး အရင်တုန်းကတော့ ငါ နင်တို့ကို ဂရုမစိုက်နိုင်ခဲ့ဘူး အခုတော့ အိမ်မှာ လူအပို တစ်ယောက် တိုးလာပြီလေ အားယွီလေးကိုတော့ ငါတို့နဲ့အတူ ငတ်မခံနိုင်ဘူး နင်တို့လို သားတွေက မလိမ္မာတော့ ငါ့ကို ဗိုက်ဝအောင် မကျွေးချင်ကြဘူးပေါ့ ငါကတော့ နင်တို့လို ရက်စက်တဲ့လူ မဟုတ်ပါဘူး နင်တို့ကို ဗိုက်ဝအောင် ကျွေးရဦးမယ် ငါ့စကားကို လိမ်လိမ်မာမာ နားထောင်ကြစမ်း ဒါဆိုရင် နင်တို့ရဲ့ အနာဂတ်ဘဝက ကောင်းမွန်လာပါလိမ့်မယ် ကြားလား"

ဤစကားများကြောင့် ညီကိုကိုနှစ်ယောက်စလုံးမှာ အားနာစိတ်ဖြင့် မျက်နှာလေးများ ငိုက်ကျသွားကြကုန်တော့သည်။ သူတို့ လုံလောက်အောင် မတော်မတတ်ခဲ့သည်မှာ သူတိူ့၏ အမှားသာ ဖြစ်ပေလိမ့်မည်။ သူတို့သည် အများကြီး မတွေးနိုင်ခဲ့သလို လယ်ယာလုပ်ငန်းအားလည်း သေသေချာချာ မလုပ်နိုင်ခဲ့ကြချေ။

ထို့ကြောင့်သာ သူတို့၏ မိခင်မှာ ဆာလောင်လွန်းသဖြင့် မျက်နှာလေးမှာ ဝါဖျော့ကာ ပိန်လှီသွားခဲ့ရခြင်း ဖြစ်ပေလိမ့်မည်။ သူတို့ တောထဲသို့ ထွက်ပြေးခဲ့စဉ်တွင်လည်း သူတို့၏ ဘဝမှာ သိပ်မကောင်းခဲ့သော်လည်း ယခုလောက်အထိတော့ မဆိုးရွားခဲ့ဖူးသည်အား သူတို့ ဝေဝေဝါးဝါး မှတ်မိနေကြသေးသည်။

"အမေ. ကျွန်တော်တို့ နောင်ကျရင် အမေ့စကားကို သေချာပေါက် နားထောင်ပါ့မယ်"

"ကောင်းပြီလေ ဒီအပင်ပေါက်တွေကို အမြန်စိုက် လိုက်ကြတော့ နွေဦးရာသီရဲ့ အချိန်တွေကို အလဟဿ မဖြုန်းကြနဲ့ မနက်ဖြန်ကျရင် မျိုးစေ့အသစ်တွေ ထပ်စိုက်ရဦးမယ်"

ထိုသို့ ပြောပြီးသည်နှင့် အဖွားအို ဝမ်သည်လည်း ထွက်ခွာသွားခဲ့ရာ ညီအစ်ကို နှစ်ယောက်မှာ သူတို့ကိုယ် သူတို့ ပြန်လည် သုံးသပ်ရင်း လယ်ယာအလုပ်များအား လုပ်ကိုင်ရန် ကျန်ရစ်နေခဲ့ကြတော့သည်။

၁၅ မိနစ်ခန့် ကြာ ပြီးနောက် ဝမ်ချွမ်းယွမ်မှ ရုတ်တရက် မေးလိုက်လေသည်။

"ဒါတွေက ငါတို့မှာ ကျန်နေသေးတဲ့ အပင်တွေ မဟုတ်ဘူးလား ဘာလို့ အမေက မနက်ဖြန် မျိုးစေ့အသစ်တွေ ထပ်စိုက်ရမယ်လို့ ပြောတာလဲ"

သူ့၏ အမေးအား ပြန်လည် တုံ့ပြန်လိုက်သည်မှာ အေးမြသော လေပြေလေးသာ ဖြစ်လေတော့သည်။ အဖွားအို ဝမ် အိမ်ပြန် ရောက်သောအခါ အဖိုးအို ဝမ်အား မြေဝယ်ခဲ့သည့် အကြောင်းနှင့် စတုတ္ထသားအမည်ဖြင့် မှတ်ပုံတင်ခဲ့သည့် အကြောင်းအား ပြောပြလိုက်လေသည်။ အဖိုးအို ဝမ်သည် ဤသည်အား ကြားသောအခါ အမူအရာမှာ ရှုပ်ထွေးသွားခဲ့ကာ အနည်းငယ်ပင် စိတ်မကောင်းဖြစ်သွားဟန် ပေါ်နေခဲ့လေသည်။

"အဲဒီကလေးက အခု ငါ့ထက်တောင် မြေတွေ ပိုများနေပြီပေါ့"

"ဒါက ဘယ်သူ့အပြစ်လဲ ဘယ်သူက ရှင့်ကို အဲဒီလို သားမျိုးတွေကို မွေးခိုင်းလို့လဲ ချွမ်းမန်က သူ့ဘာသာသူ အားကိုးခဲ့တာလား သူက သူ့သမီးကို အားကိုးခဲ့တာလေ ရှင်သာ အဲဒီလို သမီးမျိုး ရခဲ့ရင်... "

ဤနေရာတွင် အဖွားအို ဝမ်သည် စကားပြောနေစဉ် ရုတ်တရက် စကားရပ်သွားခဲ့လေသည်။ သူမ မည်သည်မျှ ထပ်မံ၍ မပြောတော့ဘဲ အခန်းထဲတွင် တစ်ဦးတည်း သွားထိုင်နေလိုက်တော့သည်။ အဖိုးအို ဝမ်သည် သူမ၏ နောက်သို့ လိုက်သွားခဲ့ကာ သက်ပြင်းချလိုက်လေသည်။ သူ တိုးတိုးလေး ရေရွတ်လိုက်သည်။

"ငါက သူ့ကို မပေးစေချင်ဘူးလို့ မပြောပါဘူးကွာ ဘာပဲဖြစ်ဖြစ် ငါတို့အဘိုးကြီး အဘွားကြီးနှစ်ယောက်ရဲ့ ပစ္စည်းတွေက နောင်ကျရင် သူတို့အတွက်ပဲ မဟုတ်ဘူးလား အခု ပေးပေး နောက်မှ ပေးပေး အတူတူပါပဲ ဒါပေမဲ့ သူ့ အစ်ကို သုံးယောက်က ဘယ်လိုတွေးမလဲဆိုတာကိုပဲ ငါ မသိတာ"

"ဒါက အားယွီလေး ရှာထားတဲ့ ငွေတွေလေ သူတို့ ဘာတွေးတွေး ဂရုမစိုက်ဘူး သူတို့ နားမလည်နိုင်ဘူးဆိုရင်လည်း အဲဒီစိတ်နဲ့ပဲ အသက်ရှူကျပ်ပြီး သေသွားလိုက်ကြပါစေပေါ့"

အဖွားအို ဝမ်မှ စောင်ထဲသို့ ဝင်လိုက်တော့သည်။

"ကျုပ် ပင်ပန်းနေပြီ အရင် အိပ်လိုက်ဦးမယ် ထမင်းစားချိန်ကျရင် ကျုပ်ကို လာနှိုးလိုက်ဦး"

အဖိုးအို ဝမ်မှ သူမအား စောင်သေချာ ခြုံပေးလိုက် ပြီးနောက် တံခါးဝရှိ လိုက်ကာအထူကြီးအား ချပေး လိုက်လေသည်။

"အိပ်လိုက်ပါဦး မင်းလည်း ပင်ပန်းနေရှာပြီ"

အိမ်ထဲတွင် အရူး အဘိုးကြီး တစ်ယောက် ရှိနေသည်အား အားယွီလေးသည် နောက်ပိုင်းမှသာ သိလိုက်ရလေသည်။ ဤအဘိုးကြီးမှာ အရူး တစ်ယောက် ဖြစ်သည်။ တစ်ခါတစ်ရံတွင် သူပြောသည့် စကားများမှာ အလွန်ပင် စနစ်တကျ ရှိလှပေသည်။ သို့သော်လည်း သူသည် ပုံမှန် လူတစ်ယောက်ဟု ပြောရန်မှာမူ မဖြစ်နိုင်ချေ။

ယခုအခါ လူတိုင်းသည် ဤအဘိုးကြီးအား သမားတော်ကြီးရွှယ်ဟု ခေါ်ကြလေသည်။ သူတို့ တကယ် ယုံသည် ဖြစ်စေ မယုံသည် ဖြစ်စေ ဂရုမစိုက်တော့ချေ။ မည်သို့ပင် ဆိုစေကာမူ မိသားစု အကြီးအကဲဖြစ်သူမှ ဝန်ခံထားပြီး ဖြစ်ရာ သူတို့လည်း မယုံကြည်ဘဲ မနေနိုင်ကြတော့ချေ။ အားယွီလေးမှ အသားလုံးလေးအား မေးလိုက်လေသည်။

"နတ်သူငယ်လေး အဲဒီအဘိုးကြီးက တကယ်ပဲ အဘိုးနဲ့ ဦးလေး ၂ ကို ကုပေးနိုင်မှာလားဟင်"

[ဒီအဘိုးကြီးရဲ့ ဦးနှောက်က တစ်ခုခု မှားနေတာ သူက တကယ့် အရူးကြီးပဲ]

[သူက ဘယ်သူ့ကိုမှ ကုပေးနိုင်မှာ မဟုတ်တာတော့ သေချာပါတယ် ဒီလူက မင်းရဲ့အဘွား လမ်းဘေးကနေ ကျပန်းခေါ်လာတဲ့ လူပဲ ဖြစ်ရမယ်]

[ဘာပဲဖြစ်ဖြစ် မင်းရဲ့အဘွားက အဘိုးနဲ့ ဦးလေး ၂အတွက် အဲဒီ မျိုးဗီဇပြုပြင်ရေး ဆေးရည်ကို ထုတ်သုံးချင်နေတာလေ ဒါပေမဲ့ အဲဒါကို မိသားစုဝင်တွေကို မသိစေချင်ဘူး မဟုတ်လား]

အသားလုံးလေး၏ ရှင်းပြချက်ကြောင့် ဤအဘိုးကြီးသည် အရေးကြီးသော ဇာတ်ပို့တစ်ယောက် ဖြစ်ကြောင်း အားယွီလေး နောက်ဆုံးတော့ သိလိုက်ရတော့သည်။ အားယွီလေး သဘောပေါက်သွားခဲ့ကာ ရေရွတ်လိုက်လေသည်။

"ဪ သမီး နားလည်ပါပြီ"

အဒေါ်ဖန်နှင့် အဒေါ်မာတို့သည် သူတို့၏ မိဘအိမ်မှ ပြန်မရောက်ကြသေးချေ။ ယခုအခါ အဒေါ်ကျန်းနှင့် လျိုရှီတို့သည်သာ တစ်လှည့်စီ ထမင်းချက်နေကြရခြင်း ဖြစ်သည်။ မုန့်အမျိုးမျိုးနှင့် နှိုင်းယှဉ်ပါက ဝမ်မိသားစုသည် ဆန်ပြုတ်သောက်ရသည်အား ပို၍ အသားကျနေကြပြီ ဖြစ်သည်။

ထို့ကြောင့် ထိုညတွင် သူတို့ ဆန်ပြုတ်သောက်ကြလေသည်။ ဆန်ပြုတ်မှာ အလွန်ကျဲကာ လတ်ဆတ်လှသည့် မှိုစိမ်းများနှင့် ရောစပ်ထားသဖြင့် အလွန် နူးညံ့ ချောမွေ့လှပေသည်။

သမားတော်ကြီးရွှယ်သည်လည်း ပန်းကန်လုံးတစ်လုံး ရရှိခဲ့ပြီး ဖြစ်ကာ အငမ်းမရ တစ်ကြိမ်တည်း သောက်လိုက်လေသည်။

"ဒါက တကယ့်ကို အရသာရှိတာပဲ"

သမားတော်ကြီးရွှယ်သည် သူ၏ပန်းကန်လုံးထဲရှိ ဆန်ပြုတ်အား တစ်ကျိုက်တည်းနှင့် အကုန်သောက်လိုက်လေသည်။ အားယွီလေးသည် သူမ၏ ပန်းကန်လုံးအား ကပျာကယာ တွန်းပေးလိုက်ရင်း ပြောလိုက်လေသည်။

"အဘိုးသမားတော်ကြီး အားယွီရဲ့ ပန်းကန်လုံးကို အဘိုးကို ပေးမယ်နော် အဘိုး ဗိုက်ဝမှ ဦးလေး ၂ရဲ့ ခြေထောက်တွေကို ချိုးပေးနိုင်မှာ မဟုတ်လား"

အားယွီလေး၏ စကားကို ကြားသောအခါ အဖိုးအို ဝမ်သည် အော်ဟစ် ရယ်မောမိလေတော့သည်။

"ဒါနဲ့ ဘိုးဘိုးရဲ့ ခြေထောက်တွေလည်း ရှိသေးတယ်နော်။"

အားယွီလေးမှ လေးလေးနက်နက် ပြောလိုက်လေသည်။

"ဟင်းသီးဟင်းရွက်တွေက ရင့်သွားရင် ဝါးရတာ အရမ်းခက်သွားတယ်လေ ဘိုးဘိုးက ဦးလေး ၂ထက် ပိုကြီးတာဆိုတော့ ဘိုးဘိုးရဲ့ ခြေထောက်တွေက သေချာပေါက် ရိုက်ချိုးရတာ ပိုခက်လိမ့်မယ် အဘိုးသမားတော်ကြီး အများကြီး စားထားနော် အားယွီက ဘေးကနေ အားပေးနေမယ်"

သမားတော်ကြီးရွှယ်သည် သဘာဝကျစွာပင် သူမ၏ကမ်းလှမ်းမှုအား မငြင်းပယ်ခဲ့ချေ။ အဖိုးအို ဝမ် နှင့် ဝမ်ချွမ်းကွေ့ တို့ သားအဖ နှစ်ယောက်မှာမူ ကြက်သေသသွားခဲ့ကာ မရီမောနိုင်တော့ပေ။

All Chapters