သူ ခြေထောက်ရိုက်ချိုးတာ သွားကြည့်ကြစို့
Vol. 7 Ch. 100
ဒုတိယနေ့သို့ ရောက်သောအခါ အဘိုးအိုဝမ်နှင့် ဝမ်ချွမ်းကွေ့တို့၏ ခြေထောက်များအား တရားဝင် ရိုက်ချိုးတော့မည် ဖြစ်သည်။ ရွာထဲရှိ အခြားသူများမှာလည်း ထိုသတင်းအား ကြားသိထားပြီး ဖြစ်သောကြောင့် ပွဲလာကြည့်ရန် အပြေးအလွှား ရောက်ရှိ လာကြကုန်လေသည်။ ခြေထောက်အား ပြန်ဆက်ရန်အတွက် အရင်ဆုံး ရိုက်ချိုးရမည်ဆိုသည့် စကားအား ယခုမှပင် ပထမဆုံးအကြိမ် ကြားဖူးကြခြင်း ဖြစ်ပေသည်။
"ဝမ်မိသားစုရဲ့ ဒုတိယသားက လေဖြတ်နေတာ နှစ်အတော်ကြာပြီမလား အခု ဘယ်လိုနေလဲ မသိဘူး ဝမ်ကတော်လည်း စိတ်ပူနေလောက်ပြီ ဆိုတော့ မတတ်သာတဲ့အဆုံး ဒီလို ထူးဆန်းတဲ့နည်းကို သုံးရတာနေမှာပါ ဒါပေမဲ့ လူတစ်ယောက်ရဲ့ ခြေထောက်ကို ရိုက်ချိုးပြီးမှ ဘယ်လိုလုပ် ပြန်ဆက်လို့ ရမှာတဲ့လဲ"
"အဘိုးအိုဝမ်လည်း လွန်ခဲ့တဲ့နှစ် အနည်းငယ်က ခြေထောက် ဒဏ်ရာရခဲ့တယ် မဟုတ်လား အဲဒီကတည်းက ခြေဆိုင်းနေတာ အပြင်ဘက်က လယ်အလုပ်တွေတောင် သိပ်မလုပ်နိုင်တော့ဘူး တကယ်လို့ သူ့ခြေထောက်တွေကို ထပ်ရိုက်ချိုး လိုက်မယ်ဆိုရင် မိသားစုထဲမှာ လေဖြတ်နေတဲ့သူ နောက်တစ်ယောက် ထပ်တိုးလာသလို ဖြစ်ပြီးတော့ ဝမ်မိသားစုရဲ့ နေ့ရက်တွေက ပိုပြီးတော့တောင် ခက်ခဲသွားဦးမယ် ထင်တယ်”
"တကယ်လို့ သူက တကယ့် နာမည်ကြီး သမားတော် ဖြစ်နေရင်ရော"
"အဲဒါလည်း ဟုတ်တာပဲ တဝမ်ရဲ့ မိန်းမက အသိဉာဏ်ရှိတဲ့သူပါ ပုံမှန်ဆိုရင် သူက မိုက်မဲတဲ့ အလုပ်တွေကို လုပ်လေ့မရှိဘူး"
"မင်းတို့က ဘာလို့ ဒီလောက်တောင် စကားများနေကြတာလဲ တကယ် ဟုတ် မဟုတ် သွားကြည့်လိုက်ကြရင် သိရမှာပဲဟာကို"
လူအုပ်ကြီးသည် စကားတပြောပြောနှင့် ဝမ်မိသားစုအိမ်ဆီသို့ လျှောက်သွား ကြကုန်တော့သည်။ ထိုအချိန်တွင် အဘိုးအိုဝမ်မှာ နောက်ဆုံး အနေဖြင့် ရုန်းကန်ရန် ကြိုးစားနေဆဲ ဖြစ်လေသည်။
"အဘွားကြီး ငါတို့ ဒီကိစ္စကို ခဏလောက် မေ့ထားလိုက်ရင် ကောင်းမယ်ထင်တယ် ဒုတိယသားရဲ့ ခြေထောက်ကိုပဲ အရင်ကုလိုက်ရင် မကောင်းဘူးလား သူ့ခြေထောက်တွေ ပြန်ကောင်းလာမှ ငါ့အလှည့်ကို လုပ်တာပေါ့"
အဘိုးအိုဝမ်မှ အလေးအနက် ပြောလိုက်လေသည်။ ထို့နောက် ဆက်လက်၍ ပြောလိုက်ပြန်လေသည်။
“စဉ်းစားကြည့်စမ်းပါအုန်း ငါတို့ နှစ်ယောက်စလုံးရဲ့ ခြေထောက်တွေသာ ကျိုးသွားရင် ကုတင်ပေါ်မှာပဲ လဲလျောင်းနေမှာ ပြီးတော့ ငါတို့ကို ပြုစုဖို့ လူလွှတ် ပေးနေရလိမ့်မယ် မိသားစုထဲမှာ အလုပ်လုပ်မယ့်သူတွေ ပိုလျော့သွားမှာပေါ့ကွာ နွေဦးရာသီ မျိုးစေ့ချ ပြီးတာနဲ့ လယ်ထဲမှာ အလုပ်ပြန် လုပ်ကြရဦးမယ်မလား ကြက်ပေါက်လေးတွေ ဝယ်ပြီး မွေးရဦးမယ် ပြီးတော့ အုတ်ဖုတ်ဖို့ အတွက်လည်း မင်းက ငါ့ကို လိုအပ်သေးတယ်လေ"
အဘွားအိုဝမ်၏ မျက်နှာပေါ်တွင် မည်သည့်ခံစားချက်မျှ မရှိချေ။
"ရှင်က တွေးလွန်းနေတာပါ ရှင်တို့ နှစ်ယောက်စလုံး လေဖြတ်သွားရင်လည်း အတူတူ လဲနေကြပေါ့ ရှင်တို့နှစ်ယောက် တစ်ယောက်ကို တစ်ယောက် ပြုစုနေကြလေ မိသားစုထဲကနေ ရှင့်ကို လာပြုစုဖို့ လူလွှတ် ပေးဖို့ဆိုတာ မဖြစ်နိုင်ဘူး"
အဘိုးအိုဝမ် စကားပြန်မပြောနိုင်မီ အဘွားအိုဝမ်မှ ဆက်၍ ပြောလိုက်လေသည်။
"ကိုယ့်ကိုယ်ကိုယ် အထင် သိပ်မကြီးစမ်းပါနဲ့ အုတ်ဖုတ် နိုင်တဲ့သူတွေ အများကြီးရှိတယ် ရှင်ရှိရှိ မရှိရှိ အရေးမကြီးပါဘူး ရှင် ဘာတွေးနေလဲဆိုတာကို ကျုပ် မသိဘူးလို့ မထင်လိုက်နဲ့နော် ရှင် မလုပ်ချင်ရင်လည်း ကျုပ် အတင်းအကျပ် မခိုင်းပါဘူး ဒါပေမဲ့ နောင်ကျရင် ရှင့်ကို ကျုပ် ဂရုစိုက်မှာ မဟုတ်တော့ဘူး တစ်နေ့လုံး နာတယ် ကျင်တယ်ဆိုပြီး ကျုပ်ရှေ့ လာမညည်းနဲ့"
အဘိုးအိုဝမ်သည် ပါးစပ်ဟ လိုက်သော်လည်း ငြင်းဆန်ခြင်း မပြုတော့ချေ။
မိုးရွာသည့်အခါတိုင်း သူ၏ခြေထောက်များမှာ လမ်းလျှောက်၍ မရနိုင်လောက်အောင် နာကျင် ကိုက်ခဲလှပေသည်။ သူ၏ဇနီးဖြစ်သူမှ သူ့အား ဆူပူ ကြိမ်းမောင်းပြီးသည့် အခါတိုင်း သူ၏ ခြေထောက်များအား တစ်ညလုံး နှိပ်နယ် ပေးလေ့ရှိပေသည်။ တကယ်တမ်းတွင် သူ၏ဇနီးသည်ပင် သူ့အတွက် ရင်နာနေရခြင်း ဖြစ်သည်။ သူ ကြောက်ရွံ့နေရုံမျှဖြင့် သူ၏ ဇနီးအိုကြီးအား စိတ်ပျက်အောင် မလုပ်နိုင်ပေ။
ထို့ပြင် စိုးရိမ်ပူပန်နေသည့် ဒုတိယသား နှင့်ယှဉ်လျှင် အဘိုးအိုဝမ်သည် အမှန်တကယ်ပင် ယုံကြည်မှု အပြည့်ရှိနေခဲ့သည်။ အကြောင်းမှာ သူ၏ဇနီးသည် အားယွီ့ထံမှ တစ်ခုခု ရထားကြောင်းအား သူ သိထားသောကြောင့် ဖြစ်လေသည်။ ထိုအရာသည် နတ်ဘုရား တစ်ပါးထံမှ လက်ဆောင် တစ်ခု ဖြစ်လေသည်။ သူ၏ ခြေထောက် ကျိုးသွားသရွေ့ သေချာပေါက် ပြန်ကောင်းလာလိမ့်မည် ဖြစ်သည်။
"ကောင်းပြီလေ ငါ ကုသမှုခံယူပါ့မယ် ခြေထောက် အချိုးခံရရုံပဲ မဟုတ်လား အရင်က ငါ ခြေထောက် မကျိုးဖူးတာ ကျနေတာပဲ"
အဘိုးအိုဝမ်သည် အံတင်းတင်းကြိတ်လိုက်ကာ ကြောက်ရွံ့ခြင်း ကင်းမဲ့သော မျက်နှာထားဖြင့် ပြောလိုက်တော့သည်။ အဘွားအိုဝမ်သည် ခြံဝင်းအတွင်း၌ တဖြည်းဖြည်း များပြားလာသည့် လူအုပ်ကြီးအား ကြည့်ကာ လျစ်လျူရှု ထားလိုက်တော့သည်။ ၎င်းနောက် အဘိုးအိုဝမ်အား အိမ်ထဲသို့ တွန်းပို့လိုက်ပြီးနောက် ဝမ်ချွမ်းကွေ့နှင့် ဘေးချင်းယှဉ်လျက် လှဲလျောင်းစေလေသည်။
သမားတော်ရွှယ်သည်လည်း အဘွားအိုဝမ် နှင့်အတူ အိမ်ထဲသို့ ဝင်လာခဲ့လေသည်။ ဝမ်ချွမ်းကွေ့သည် သူ၏ မိခင်လက်ထဲရှိ တုတ်ထူထူကြီးအား ကြည့်ကာ အကြောင်းရင်းမရှိဘဲ တုန်လှုပ်သွားလေတော့သည်။
"အမေ ထမ်းပိုးကြီးကို ကိုင်ပြီး ဘာလုပ်မလို့လဲ"
အဘွားအိုဝမ်သည် ထမ်းပိုးအား ဝမ်ချွမ်းကွေ့၏ လည်ပင်းပေါ်တွင် တင်ကာ ဟန်ရေးပြလိုက်လေသည်။ ထို့နောက် ပြောလိုက်လေသည်။
"နင့်ကို ခေါင်းရိုက်ခွဲရမလား ဒါမှမဟုတ် ဂုတ်ပိုးကိုပဲ ရိုက်ရမလား တစ်ချက်တည်းနဲ့ သတိလစ်သွားအောင် နင့်ကို ဘယ်လိုရိုက်ရမလဲ နင့်ကို အရင် သတိလစ်အောင် လုပ်ပြီးမှ ခြေထောက်တွေကို ရိုက်ချိုးလိုက်ရင် နာကျင်မှုကို ခံစားရမှာ မဟုတ်ဘူးလေ"
ဝမ်ချွမ်းကွေ့သည် တံတွေး မျိုချလိုက်ပြီးနောက် ရိုးရိုးသားသားပင် ပြန်ပြောလိုက်လေသည်။
"ဒီတုတ်ကြီးသာ သားခေါင်းနား ရောက်လာရင် သားသေသွားမယ် ထင်တယ်နော် အမေ အဲဒီအခါကျရင် ခြေထောက်ကို ရိုက်ချိုးဖို့ဆိုတာ ထားလိုက်တော့ ဘယ်နေရာကိုပဲရိုက်ရိုက် နာတော့မှာ မဟုတ်ဘူး"
အဘွားအိုဝမ်သည်လည်း အနည်းငယ် မသေချာ ဖြစ်သွားခဲ့သည်။ သူမအနေဖြင့် ခြေထောက် ရိုက်ချိုးခြင်းအား ထိန်းချုပ်နိုင်စွမ်း ရှိသေးသည်ဟု ခံစားရသော်လည်း ခေါင်းအား တုတ်နှင့်ရိုက်မည်ဆိုပါက အမှန်တကယ်ပင် နည်းစနစ်များစွာ လိုအပ်ပေလိမ့်မည်။
"ဒါဆိုလည်း ထားလိုက်တော့ ဒီအတိုင်းပဲ ရိုက်လိုက်ကြတာပေါ့"
အဘွားအိုဝမ်သည် တစ်နေရာရာမှ အဝတ်စတစ်ခုအား ရှာတွေ့သွားခဲ့ကာ ဝမ်ချွမ်းကွေ့၏ ပါးစပ်ထဲသို့ ထိုးထည့်လိုက်တေ့ာသည်။ ထို့နောက် ကြိုး အနည်းငယ်အား ရှာကာ ဝမ်ချွမ်းကွေ့၏ ခြေလက်များအား ကုတင်နှင့် ချည်နှောင်လိုက်လေတော့သည်။ ဝမ်ချွမ်းကွေ့သည် တစ်စုံတစ်ခု မှားယွင်းနေကြောင်း ဝေဝါးစွာ ခံစားလိုက်ရလေသည်။
"အမေ ဘာလို့ သားကို ချည်ထားတာလဲ"
"နင် နာလွန်းလို့ ငိုပြီး ထွက်ပြေးချင်နေမှာစိုးလို့လေ"
ထိုအချိန်တွင် သမားတော်ရွှယ်သည် သူ၏ ဘေးရှိ ကုတင်စွန်းတွင် ထိုင်နေခဲ့ပြီ ဖြစ်သည်။ သူသည် ခွေးရိုက်တုတ်အား ဝမ်ချွမ်းကွေ့၏ ခြေကျင်းဝတ်တွင် ဖိထားပြီးနောက် ရှေ့သို့ ခုန်အုပ်ကာ ဝမ်ချွမ်းကွေ့၏ ခြေထောက်အား ဖိချထားလိုက်လေသည်။ သမားတော်ရွှယ်မှ အဖွားအို ဝမ်အား ပြောလိုက်လေသည်။
"ကျုပ်တို့ သဘောတူညီချက် ရထားတယ်နော် ကျုပ် သူ့ကို ဖိထားပေးမယ် ခင်ဗျား ကျုပ်ကို အသားတစ်ဖဲ့ ပေးရမယ်"
အဘွားအိုဝမ် မှ ပြန်ဖြေလိုက်လေသည်။
"အေးပါ ရှင့်ကို မလိမ်ပါဘူး"
ဝမ်ချွမ်းကွေ့ ခဏတာမျှ ဆွံအသွားခဲ့လေသည်။ နောက် တစ်ခဏ၌ အဘွားအိုဝမ်သည် ဝမ်ချွမ်းကွေ့၏ ခြေထောက်အား သူမ၏ ညာလက်ဖြင့် စမ်းလိုက်နောက် ပုံပျက်ပန်းပျက် အစွန်းထွက်နေသည့် နေရာကို ကြမ်းတမ်းစွာ စမ်းသပ်လိုက်လေသည်။ ၎င်းနောက် ထမ်းပိုးအား မြှောက်ကာ ရိုက်ချလိုက်လေတော့သည်။
"အွန်းး"
‘အရမ်းနာတယ်ဟ’
အဘွားအိုဝမ်သည် အောက်သို့ ထပ်ကြည့်လိုက်ရာ သူ၏ ခြေထောက် ကျိုးသွားသော်လည်း သေချာ မဆက်ရသေးသည့် အစိတ်အပိုင်းများ ကျန်ရှိနေသေးကြောင်း သတိပြုမိသွားခဲ့သည်။ သူမသည် တုံ့ဆိုင်းနေခြင်းမရှိဘဲ ထမ်းပိုးအား မြှောက်ကာ နောက်တစ်ကြိမ် ထပ်မံ၍ ရိုက်ချလိုက်ပြန်လေသည်။
ဝမ်ချွမ်းကွေ့ မှာမူ နာကျင်လွန်းသဖြင့် အော်ဟစ်လိုက်သည့်တိုင် အဖွားအိုဝမ်မှ ပါးစပ်အား အဝဝ်စဖြင့် ဆို့ထားခဲ့သဖြင့် အသံ သိပ်မထွက်နိုင်ခဲ့ချေ။
"ဝူး ဝူး ဝူး"
‘နာလိုက်တာကွာ’
သူ၏ မျက်လုံးများမှ မျက်ရည်များ စီးကျလာပြီးနောက် ဝမ်ချွမ်းကွေ့ တစ်ယောက် နာကျင်လွန်းလှသဖြင့် သတိလစ် သွားလေတော့သည်။
အဘွားအိုဝမ်သည် ဝမ်ချွမ်းကွေ့၏ ပါးစပ်အားဟကာ မျိုးဗီဇပြုပြင်ရေးဆေးရည် အနည်းငယ်အား လောင်းထည့် ပေးလိုက်လေသည်။ ထို့နောက် ကျိုးသွားသည့် ဝမ်ချွမ်းကွေ့၏ ခြေထောက်ပေါ်သို့ ထိုဆေးရည်ကို သုတ်လိမ်းပေးလိုက်ပြန်သည်။
"မဆိုးပါဘူး ငါ့လက်စ မသေသေးပါဘူး"
အဘွားအိုဝမ်သည် တစ်ချက် ကြည့်လိုက်လေသည်။ သူမသည် ဝမ်ချွမ်းကွေ့၏ ခြေထောက်အား ရိုက်ချိုး လိုက်သော်လည်း အပြင်ဘက်ရှိ အရေပြားမှာ အနည်းငယ်သာ သွေးထွက်နေခဲ့ကာ အတွင်းဘက်ရှိ အရိုးများမှာလည်း အစိတ်စိတ်အမွှာမွှာ ဖြစ်မသွားခဲ့ချေ။ သမားတော်ရွှယ်သည် ဝမ်ချွမ်းကွေ့အား ဖိထားဆဲဖြစ်ကာ အပေါ်သို့ မော့ကြည့်ရန်ပင် ရည်ရွယ်ထားပုံမရချေ။
အဘွားအိုဝမ်တစ်ယောက် ဝမ်ချွမ်းကွေ့၏ ခြေထောက်အား မည်သို့မည်ပုံ ရိုက်ချိုးလိုက်သည် ဆိုသည့် ဖြစ်စဉ်တစ်ခုလုံးအား အဘိုးအိုဝမ် စောင့်ကြည့်နေခဲ့ခြင်း ဖြစ်သည်။ သူ၏ တစ်ကိုယ်လုံး နာကျင်နေသကဲ့သို့ပင် ခံစားလိုက်ရတော့သည်။
"တကယ်တော့ ကျုပ် ဒီအတိုင်း လေးနေရတာ အဆင်ပြေပါတယ် ကျုပ် တကယ်ပဲ"
အဘွားအိုဝမ်မျ ခပ်ဖျော့ဖျော့ ပြုံးလိုက်ပြီး ပြောလိုက်လေသည်။
"ရှင့်ကို ငြင်းဖို့ အခွင့်အရေး ပေးခဲ့ပြီးပြီလေ"
ခြံဝင်းအတွင်း ဆောင့်ကြောင့်ထိုင်နေသည့် လူများသည် တုံးတိလှသည့် အရာဝတ္ထုတစ်ခုဖြင့် အရိုးအား ရိုက်ခတ်လိုက် သကဲ့သို့ တုံးအိအိအသံ အနည်းငယ်အား ရုတ်တရက် ကြားလိုက်ရလေသည်။ နောက်တစ်ခဏတွင် အဘိုးအိုဝမ်၏ အော်သံကြီးအား သူတို့ ကြားလိုက်ကြရလေသည်။ ထို့နောက် အဘွားအိုဝမ်မှ ပြန်ပြောသံ ထွက်ပေါ်လာခဲ့သည်။
"အသံ တိုးတိုး တိတ်တိတ်နဲ့ နေစမ်းပါ အိမ်မှာ ရှင့်ပါးစပ်ကို ဆို့ထားဖို့ အဝတ်စ ပိုမရှိတော့ဘူး"
လူတိုင်း သူတို့၏ သွားများ ကျင်တက်သွားသကဲ့သို့ ခံစားလိုက်ကြရကုန်တော့သည်။
"ငါ့ခြေထောက်တွေ နည်းနည်းနာလာသလို ခံစားရတယ်"
"တိုက်ဆိုင်လိုက်တာ ငါလည်း အဲဒီလိုပဲ"
...
"ဒါဆိုရင် ငါတို့ သူတို့ကို သွားကြည့်သင့်သလား"
"ထားလိုက်ပါတော့ကွာ နောက်ရက် နည်းနည်း လောက်နေမှပဲ ကြည့်ကြတာပေါ့"
အရေးအကြီးဆုံးမှာ သားအဖနှစ်ယောက်၏ သနားစရာ ကောင်းလှသော အခြေအနေအား မြင်တွေ့ရမည်ကို သူတို့ ကြောက်ရွံ့နေကြခြင်း ဖြစ်သည်။ သူတို့၏ အသားများ စုတ်ပြတ်သတ်နေခဲ့ကာ ခြေထောက်များပင် လွင့်စင် ထွက်သွားနိုင်သည် ဟူသော အတွေးကြောင့် လူတိုင်း စိတ်မချမ်းမသာ ဖြစ်သွားကြလေသည်။ အဓိကအချက်မှာ သမားတော်ရွှယ်သည် အမှန်တကယ်ပင် ယုံကြည် စိတ်ချရပုံ မပေါ်သောကြောင့်ပင်တည်း။
သူသည် အမှန်တကယ်ပင် လျှို့ဝှက်ဆန်းကြယ်သည့် ရုပ်သွင်ရှိလေသည်။ သို့ရာတွင် ရူးသွပ်သည့် လျှို့ဝှက်ဆန်းကြယ်မှုမျိုးလည်း ဖြစ်နေပြန်သည်။
ရွာလူကြီးဟူသည် စာရွက်စာတမ်းများအား ယူဆောင်လာချိန်တွင် ဝမ်မိသားစုမှာ ပြန်လည် တည်ငြိမ်နေခဲ့ပြီ ဖြစ်သည်။ ဝမ်ချွမ်းဖူ ဝမ်ချွမ်းယွမ်နှင့် ဝမ်ချွမ်းမန်တို့သည် တံခါးဝတွင် တန်းစီ၍ ထိုင်နေကြလေသည်။ အကယ်၍ သေချာစွာ အကဲခတ်ကြည့်ပါက သူတို့၏ ခြေလက်များ တုန်ယင်နေသည်အား တွေ့ရှိရမည် ဖြစ်သည်။
သူတို့အားလုံးသည် အိမ်ထဲမှ ထွက်ပေါ်လာသည့် အသံများနှင့် သူတို့၏ ကိုယ်ပိုင် စိတ်ကူးယဉ် အတွေးများကြောင့် ထိတ်လန့်နေကြခြင်း ဖြစ်သည်။
"မင်းတို့အားလုံး ဒီမှာ ဘာလုပ်နေကြတာလဲ"
ရွာလူကြီးဟူသည် စာရွက်စာတမ်းများအား ကိုင်လျက် လျှောက်လာခဲ့ကာ ပတ်ဝန်းကျင်အား ဝေ့ကြည့်လိုက်တော့သည်။
"မင်းတို့အမေရော ဘယ်မှာလဲ"
"အိမ် အိမ်ထဲမှာပါ"
ဝမ်ချွမ်းဖူသည် ပုံမှန်အတိုင်း အသံထွက်နိုင်ရန် အစွမ်းကုန် ကြိုးစား၍ ပြောလိုက်သည်။
...
"ဒါတွေက မင်းတို့မိသားစု ဝယ်ထားတဲ့ မြေအတွက် စာရွက်စာတမ်းတွေပဲ အချိန်တန်ရင် မင်းအမေကို ပေးလိုက်ပါ"
ရွာလူကြီးဟူသည် စာရွက်စာတမ်းများအား ဝမ်ချွမ်းဖူထံသို့ ကမ်းပေးလိုက်ပြီးနောက် လှည့်ထွက်သွားတော့သည်။ သူသည် နောက်နှစ်ရက်အတွက် အုတ်ဖုတ်ရန် အလုပ်များ နေသေးသော်လည်း ဝမ်မိသားစု၏ မြေကိစ္စအား ဖြေရှင်းရန်အတွက် အချိန်ယူခဲ့ခြင်း ဖြစ်လေသည်။
အဓိကအကြောင်းရင်းမှာ ရက်အနည်းငယ် ကြာအောင် နှောင့်နှေးနေပါက ထိုနေရာရှိ မြေအား ဝယ်ရန် ခက်ခဲသွားမည်ကို စိုးရိမ်သောကြောင့် ဖြစ်လေသည်။ ဝမ်ညီအစ်ကို သုံးယောက်မှာ အံ့အားသင့်သွားကြကုန်သည်။
"ဘာမြေလဲ ငါတို့မိသားစုက မြေဝယ်လိုက်တယ်လို့ ပြောလိုက်တာလား"
သူတို့မိသားစုတွင် မည်သည့် နေရာမှ ပိုက်ဆံရလေသနည်း။ ထိုအချိန်တွင် အားယွီလေးသည် ချင်ဟွိုင်အား အိမ်သို့ စိတ်လှုပ်ရှားစွာ ဆွဲခေါ်လာခဲ့သည်။
"အစ်ကိုကြီးအာယို သွားကြစို့ ဘိုးဘိုးနဲ့ ဦးလေး၂တို့ရဲ့ ခြေထောက်တွေ အချိုးခံရတာကို သွားကြည့်ရအောင်နော် အရမ်း စိတ်ဝင်စားဖို့ ကောင်းတယ်"
ချင်ဟွိုင်သည် မည်သို့မှ ပြန်လည် မတုန့်ပြန်နိုင်တော့ချေ။