← Chapters

အဘိုးဝမ်တို့ မိသားစု သူဌေးဖြစ်ပြီ

Vol. 7 Ch. 103

အဘိုးဝမ်တို့ မိသားစု သူဌေးဖြစ်ပြီ

Vol. 7 Ch. 103

ဝမ်ချွမ်းကွေ့သည် အိမ်ထဲမှနေ၍ နားထောင် နေသော်လည်း များစွာ တွေးတော မနေတော့ချေ။ သူ၏မိခင် ဤသို့ လုပ်ဆောင်ရခြင်းတွင် သဘာဝကျသော အကြောင်းပြချက် တစ်ခု ရှိနေမည်ဟုသာ သူ တွေးလိုက်မိလေသည်။

သို့သော် သူ၏မိခင်သည် မိသားစုဝင်များနှင့် အကျိုးအကြောင်း ရှင်းပြနေလေ့မရှိဘဲ ခေါင်းထဲ ရှိသည့်အတိုင်း တိုက်ရိုက် လုပ်ဆောင်တတ်သူ ဖြစ်ပေသည်။ အဆုံးတွင်မူ အဖွားအို၌ ခိုင်မာသော အစီအစဉ် တစ်ခု ရှိနေတတ်ကြောင်းအား သူတို့ အမြဲတမ်း တွေ့ရှိခဲ့ရစမြဲပင် ဖြစ်ချေသည်။

အခြားတစ်ဖက်တွင်မူ အဖွားအိုဝမ်သည် သူမ၏ သားများအား ခြောက်လှန့်နေခြင်း မဟုတ်ချေ။ သူမ၏ သားများသည် အလွန် ပေါ့ပေါ့တန်တန် ဖြစ်နေသည်ဟု အမှန်ပင် ခံစားနေရခြင်း ဖြစ်လေသည်။

"နင်တို့အားလုံးက အမြော်အမြင် နည်းလွန်းတယ် အရင်တုန်းကတော့ နင်တို့တွေ အရည်အချင်းတွေကို ဖုံးကွယ် ထားကြတာလို့ ငါထင်ခဲ့မိသေးတာ ခု ပြန်တွေးကြည့်တော့မှ ကယ်တင်လို့ မရနိုင်လောက်အောင် တုံးအနေတဲ့ ငတုံးတွေမှန်း သိတော့တယ် အိမ်သာကျင်းထဲက အုတ်ခဲ တစ်လုံးကို တူးဖော်ပြီး ပန်းခင်းထဲမှာ ဆယ်စုနှစ်ချီ ထားလိုက်ရင်တောင်မှ မွှေးပျံ့သွားသေးတယ် ဒါပေမဲ့ နင်တို့ကတော့ နံစော်နေတုန်းပဲ"

အဖွားအိုဝမ်မှ ဒေါသတကြီး ပြောဆိုလိုက်ရင်း အဘိုးဝမ်အား သတ်ပစ်ချင်သည့် အကြည့်မျိုးဖြင့် စိုက်ကြည့် လိုက်လေတော့သည်။ အဘိုးဝမ်မှာမူ အလွန်တရာ မတရားခံရသည်ဟု ခံစားလိုက်ရတော့သည်။

"သူတို့ ဘာလို့ ဒီလောက်တုံးမှန်း ငါက ဘယ်လိုလုပ် သိမှာလဲကွ စောစောစီးစီးသာ သိရရင် မစင်ကျင်းထဲပဲ သွားမွေးထားလိုက်တယ်"

ဤအချိန်တွင် သူသည် ဇနီးဖြစ်သူ၏ ဘက်မှ မားမား မတ်မတ် ရပ်တည်ရမည်မှာ သဘာဝပင် ဖြစ်လေသည်။ အဖွားအိုဝမ်မှ လှောင်ပြုံး ပြုံးလိုက် ပြီးနောက် ပြောလိုက်လေသည်။

"ဒါဆိုလည်း အခု သွားပစ်ထားရင်လည်း နောက်မကျသေးပါဘူး"

သားများအားလုံး ထိုစကားအား ကြားချိန်တွင် ကြောင်အသွားခဲ့ကြကာ ပြောစရာစကားများ ပျောက်ဆုံး သွားခဲ့ကြ ကုန်တော့သည်။

‘ဒါက နည်းနည်းလေးများ စော်ကားလွန်းရာ မကျပေဘူးလား’

အခြား တစ်ဖက်တွင်မူ လျူရှီမှာ စိတ်ပူနေခဲ့လေသည်။ သူမသည် မီးဖိုချောင်တွင် မုန့်ဖုတ်နေရင်းဖြင့် ဧည့်ခန်းမဆောင်မှ ဆူညံသံများအား နားစွင့်နေခဲ့လေသည်။

ဝမ်တလန်နှင့် အခြားသူများမှာမူ အဆင်ပြေနေကြဆဲ ဖြစ်လေသည်။ သူတို့သည် မုန့်အား စားချင်နေကြသော်လည်း ညီအစ်ကိုများ၏ မျက်နှာအား ထောက်ထား နေကြရသေးသည်။ သို့သော် ဝမ်စီလန် ဝမ်ဝူလန်နှင့် အခြားကလေးများမှာမူ သွားရည်ကျနေကြသည်မှာ ကြာမြင့်လှပြီ ဖြစ်သည်။။

အကြောင်းရင်းခံမှာ တခြားမဟုတ်ချေ။ ဤမုန့်သည် ဆီများ ဝင်းနေခဲ့ကာ ပုံမှန်စားနေကျ ခြောက်ကပ်ကပ် မုန့်များနှင့် လုံးဝ ကွာခြားနေသောကြောင့်ပင် ဖြစ်ချေသည်။

အဖွားအိုဝမ် ဝယ်လာသည့် အသားနှင့် အဆီများအား ဆီကြိတ် ထားပြီး ဖြစ်သည်။ အဖွားအိုဝမ်၏ ညွှန်ကြားချက်များ အရ လျူရှီသည်လည်း ဆီအား ရက်ရက်ရောရော သုံးစွဲဝံ့လေသည်။ မုန့်ထဲတွင် နုတ်နုတ် စင်းထားသော အသား အနည်းငယ်နှင့် တို့ဟူးတုံးလေးများလည်း ပါဝင်သေးသည်။ မီးဖိုပေါ် မတင်ရသေးခင်မှာပင် အလွန် မွှေးကြိုင်လှသည့်် ရနံ့များမှာလည်း လှိုင်တက်နေခဲ့ပြီ ဖြစ်သည်။

ဝမ်တလန်မှ မီးမွှေးပေးနေခဲ့ကာ ဒယ်အိုးပူလာသောအခါ လျူရှီမှ မုန့်နှစ်များအား တစ်ချပ်ချင်းစီ ဖြန့်ထည့်လျှက် ကြော်လိုက်လေသည်။ မွှေးရနံ့များ ပေါက်ကွဲ ထွက်လာ ပြီးနောက် မုန့်များအား ဆယ်ယူကာ ဒယ်အိုးဘေးတွင် ကပ်ထားလိုက်လေတော့သည်။

မုန့်များသည် ဒယ်အိုးဘေးတွင် လျင်မြန်စွာ ပြည့်နှက်သွားခဲ့သည်။ အဝါနုရောင် မုန့်များသည် တဖြည်းဖြည်း ကြွပ်ရွသော ရနံ့ နှင့်အတူ ရွှေဝါရောင်သို့ ပြောင်းလဲ သွားကြကုန်တော့သည်။ မြင်ရုံမျှဖြင့်ပင် သွားရည် ကျစေလောက်အောင် စွမ်းဆောင်နိုင်လေသည်။

နောက်ဆုံးတွင် အားလုံးမှ မျှော်လင့်တကြီး ကြည့်နေကြစဉ် လျူရှီမှ ပထမဆုံးမုန့်ချပ်အား အားယွီလေးထံ ကမ်းပေးလိုက်လေသည်။ ထို့နောက် သူတို့အားလုံး တစ်ချပ်စီ ယူလိုက်ကြတော့သည်။ အားယွီလေးသည် မုန့်အား တစ်ကိုက် ကိုက်လိုက်သည်နှင့် မွှေးပျံ့သော ရနံ့အား ရှူရှိုက်မိသွားလေသည်။

အသား၏ ရနံ့သည် သင်းပျံ့နေခဲ့ကာ မုန့်နှစ်၏ ရနံ့နှင့် ပေါင်းစပ် သွားသောအခါ အသားနှင့် ဆီ၏ အီစိမ့်သော အရသာအား ပြေပျောက် သွားစေခဲ့သည်။ မုန့်သား၏ အထိအတွေ့များမှာလည်း နူးညံ့ကာ ကြွပ်ရွနေခဲ့လေသည်။ တစ်ကိုက် ကိုက်လိုက်တိုင်း 'ကြွပ်' ခနဲ မြည်သံလေးပင် ထွက်ပေါ်လာခဲ့သည်။ ထပ်မံ၍ ဝါးစားလိုက်သောအခါ ပါးစပ်တစ်ခုလုံး နူးညံ့မှုများ ပြည့်နှက်သွားသကဲ့သို့ ခံစားလိုက်ရလေသည်။

"မေမေ မေမေလုပ်တဲ့ မုန့်က သိပ်စားလို့ကောင်းတာပဲ အားယွီ သိပ်ကြိုက်တာပဲ"

အားယွီလေးသည် သေးငယ်သော အကိုက်လေး တစ်ကိုက်သာ ကိုက် ပြီးနောက် မုန့်အား လျူရှီ ရှေ့သို့ မြှောက်ပြလိုက်လေသည်။

"မေမေ အားယွီ ဗိုက်ဝသွားပြီ ကျန်တာ မေမေ စားလိုက်နော်"

အရင် အချိန်များမှ ဆိုလျှင် အားယွီလေးသည် အစားအသောက်များအား လျူရှီအား အမြဲ အရင် ပေးတတ်သော်လည်း လျူရှီမှ မည်သည့်အခါမှ အရင်စားလေ့မရှိချေ။ ယခုမူ အားယွီလေးသည် သေးငယ်သော အကိုက်လေး တစ်ကိုက် အရင်ကိုက်ပြီးမှသာ လျူရှီအား ပေးလေတော့သည်။

လျူရှီမှ ပြုံး၍ ခေါင်းငုံ့လိုက်လေသည်။ သူမသည်လည်း သေးငယ်သော တစ်ကိုက်အား ကိုက်လိုက်လေသည်။ လျှာဖျားထက်ရှိ အရသာ ရှိသော အထိအတွေ့အား လောဘတကြီး ခံစားလိုက်ရသော်လည်း သူမ၏ ဆန္ဒကို လျင်မြန်စွာပင် ထိန်းချုပ်လိုက်လေတော့သည်။

အားယွီလေး၏ မျှော်လင့်တကြီး ကြည့်နေသော အကြည့်များ အောက်တွင် လျူရှီမှ လိမ်ပြောလိုက်လေသည်။

"အားယွီပဲ စားလိုက်ပါကွယ် မေမေက ဒါမျိုး သိပ်မကြိုက်ဘူး"

အားယွီလေး၏ လမ်းပြမှုအောက်တွင် မိသားစုထဲရှိ အခြားသော ယောက်ျားလေးများလည်း သူတို့တွင် မိဘများ ရှိသေးကြောင်း နောက်ဆုံးတွင် သတိရသွားကြလေသည်။ သို့သော် သူတို့သည် မုန့်များအား ဧည့်ခန်းမဆောင်သို့ ယူသွားသောအခါ လူကြီးများအားလုံးသည် သူတို့ မကြိုက်ကြောင်းသာ ပြောဆိုကြလေသည်။

မုန့်များထဲတွင် ပါဝင်ပစ္စည်းများ အပြည့်အသိပ် ပါဝင်နေသည်အား သူတို့ မြင်တွေ့နိုင်သဖြင့် နောက်ထပ် မုန့်များ ပြုလုပ်ရန် ပါဝင်ပစ္စည်း အလုံအလောက် မကျန်တော့သည်မှာ သေချာလှပေသည်။ လူကြီးများ အနေဖြင့် အနည်းငယ် စားလိုက်မိပါက ထပ်မံ၍ စားချင်စိတ်များ ပေါ်လာမည်မှာ အသေအချာပင် ဖြစ်ပေသည်။ မိမိ၏ ဆန္ဒအား မျိုသိပ်ရသည့် နာကျင်မှုသည် အလွန်ပင် ဆိုးရွားလှသဖြင့် အစတည်းမှ မစားဘဲ နေလိုက်ခြင်းသည်သာ အကောင်းဆုံး ဖြစ်ပေမည်။

လူတိုင်း၏ အကြည့်များအား မြင်သောအခါ အဖွားအိုဝမ်မှ သူတို့၏ အကျင့်များအား ပြောင်းလဲပစ်ရန် လိုအပ်နေပြီဟု ခံစားလိုက်ရတော့သည်။

နောင်တစ်ချိန်တွင် မိသားစု၏ အခြေအနေသည် သေချာပေါက် ကောင်းမွန်လာမည် ဖြစ်သည်။ အကယ်၍ သူတို့သာ ဤကဲ့သို့ ဆက်လက်၍ ပြုမူနေမည်ဆိုပါက သူတောင်းစားစိတ် ပေါက်နေမည်သာ ဖြစ်ပေသည်။ သို့သော် အရာအားလုံးအား ချက်ချင်းလက်ငင်း ပြောင်းလဲပစ်ရန် မဖြစ်နိုင်ကြောင်းကိုလည်း သူမ သိထားလေသည်။ ထို့ကြောင့် ဖြည်းဖြည်းချင်းသာ လုပ်ဆောင်ရပေတော့မည်။ ထိုသူများ၏ အကျင့်စရိုက်များအား သိမ်မွေ့စွာ ပြောင်းလဲပေးရအုန်းပေမည်။

"အကြီးကောင် ဒီကိုလာခဲ့"

အဖွားအိုဝမ်မှ အားလုံး၏ ရှေ့တွင် အိမ်ထဲမှ လေးလံသော ငွေတုံးနှစ်တုံးအား ထုတ်ယူလိုက်ကာ ဝမ်ချွမ်းဖူထံ ကမ်းပေးလိုက်တော့သည်။

"ဒီငွေတေး ၂၀ ကို ရွာလူကြီးဟူဆီ ယူသွားပြီး ငါတို့ကို ကူညီပေးခဲ့တဲ့ အတွက် ကျေးဇူးတင်စကား သွားပြောချေ"

ရွာလူကြီးဟူသည် သူတို့အတွက် မြေများအား တိုက်ရိုက် ဝယ်ယူပေးခဲ့သဖြင့် ဤကျေးဇူးကို ပြန်ဆပ်ရမည်သာ ဖြစ်သည်။ ထို့အပြင် စီစဉ် ဆောင်ရွက်မှုများ အတွက် ငွေကုန်ကြေးကျ များစွာ ရှိခဲ့မည်မှာ သေချာလှပေသည်။ ရွာလူကြီးဟူမှ မည်သည့် အပိုစကားမှ မပြောရုံမျှဖြင့် သူတို့သည်လည်း မသိချင်ယောင် ဆောင်နေ၍ မရချေ။ ဝမ်ချွမ်းဖူသည် ဤမျှ များပြားလှသော ငွေကြေးများအား တစ်ခါမှ မမြင်ဖူးခဲ့သဖြင့် သူ၏လက်များမှာ တုန်ယင်နေခဲ့သည်။

"ရင်ကို ကော့ထားစမ်း နင်က အကြီးဆုံးသားလေ အဲဒီလောက်တောင် သတ္တိကြောင်မနေစမ်းနဲ့"

အဖွားအိုဝမ်မှ ပြင်းထန်စွာ ဆူပူလိုက်လေသည်။

"ငွေတေး ၂၀ လေးကိုများ နင်က အဲဒီလောက်တောင် လန့်နေရလား ဒါတောင် တခြားသူကို ပေးရမှာနော် ငါသာ နင့်ကို တိုက်ရိုက် ပေးလိုက်ရင် သတိလစ်သွားမလားပဲ နင် ဒါလေးတောင် မလုပ်နိုင်ဘူးဆိုရင် နင့်ညီ တတိယကောင့်ကို ပေးလိုက် ဒီလောက် အသုံးမကျတဲ့ ပုံစံမျိုး လာမလုပ်ပြနဲ့"

ညီအစ်ကို မောင်နှမများရှေ့တွင် မိခင်ဖြစ်သူ၏ ဆူပူ ကြိမ်းမောင်းမှုအား ခံလိုက်ရ ပြီးနောက် ဝမ်ချွမ်းဖူ၏ မျက်နှာမှာ စိမ်းလိုက် ဖြူလိုက် ဖြစ်သွားလေတော့သည်။ အဆုံးတွင်မူ သူသည် ငွေများအား တတိယညီဖြစ်သူထံ လွှဲပြောင်းပေးရန် ဆုံးဖြတ်လိုက်လေတော့သည်။

"သားပဲ သွားလိုက်ပါ့မယ်"

ဝမ်ချွမ်းဖူသည် ခေါင်းငိုက်စိုက်ချကာ အနည်းငယ် စိတ်ပျက်လက်ပျက်ဖြင့် ထွက်ခွာ သွားလေတော့သည်။ အဖွားအိုဝမ်မှ နောက်ထပ် ငွေစနှစ်စအား ထုတ်ယူကာ သူမ၏ တတိယသားထံ ကမ်းပေးလိုက်လေသည်။

"စောပါသေးတယ် ဒီငွေနှစ်တေး ကို ယူသွားပြီး မြို့ကိုပဲသွားမလား ဘေးရွာက သားသတ်သမားဟွမ်အိမ်ပဲ သွားမလား စဉ်းစား အသား ပိဿာ ၂၀ ဝယ်ခဲ့ ပြီးရင် ဝက်အူ ၅ ပိဿာပါ ထည့်ပေးဖို့ ပြောလိုက် ဒါ့အပြင် တံစဉ်နှစ်လက် ဓားမတစ်ချောင်း ကြက် ၁၀ ကောင်နဲ့ ဘဲပေါက်လေး ၁၀ ကောင် ဝယ်လာခဲ့"

ဤသည်ကို ကြားသောအခါ ဝမ်ချွမ်းယွမ်မှာ အနည်းငယ် ခေါင်းမူး သွားသကဲ့သို့ ခံစားလိုက်ရလေသည်။ ထိုအခါမှသာ အဖွားအိုဝမ်မှ ဆက်ပြောလေသည်။

"ငါ နင့်ကို ငွေ ၂တေး ပေးမယ် ငါပြောခဲ့တဲ့ ပစ္စည်းတွေကို ပြန်ဝယ်ခဲ့ ပိုဝယ်လို့ပဲ ရမယ် လျော့ဝယ်လို့ မရဘူး ထပ်ပြီး စိုက်ထုတ် ပေးစရာ ငွေမရှိဘူး အကယ်လို့ ငွေပိုကျန်ခဲ့ရင် အဲဒါ နင့်ရဲ့ စွမ်းရည်ပဲ ငါ့ကို ပြန်ပြီး အစီရင်ခံနေစရာ မလိုဘူး"

ကျန်းရှီ၏ မျက်လုံးများ အရောင်လက်သွားခဲ့သည်။ အကယ်၍ ဤကိစ္စအား သေချာ လုပ်ဆောင်နိုင်ပါက သူတို့အတွက် ငွေစ အနည်းငယ် စုဆောင်းနိုင်ပေမည်။ ထို့အပြင် ၎င်းသည် သူတို့၏ သီးသန့် စုဆောင်းငွေ ဖြစ်လာလိမ့်မည် ဖြစ်သည်။ သူတို့၏မိခင်မှ သေချာပေါက် ပြန်ယူမည် မဟုတ်ပေ။ ကျန်းရှီမှ အလျင်စလို ပြောလိုက်လေသည်။

"အမေ ပစ္စည်းတွေက များလွန်းတယ် ကျမယောက်ျား မျက်စိလည်သွားမှာ စိုးလို့ ကျမပါ လိုက်သွားပေးပါ့မယ်"

အဖွားအိုဝမ်မှ ပြောလိုက်သည်။

"နင့်သဘောပဲ ဒါပေမဲ့ အိမ်က အလုပ်တွေကိုတော့ ခိုကပ်ဖို့ မစဉ်းစားနဲ့"

"ကျမ အလုပ်တွေ ပြီးတာနဲ့ လိုက်သွားလိုက်ပါ့မယ် အခုတောင် ပြီးတော့မှာပါ"

ဟု ပြောပြောဆိုဆိုနှင့်ပင် ကျန်းရှီသည် တံခါးဝမှ ကမန်းကတန်း ထွက်ပြေး သွားလေတော့သည်။ ယနေ့ သူမ၏ တာဝန်မှာ ခြံဝင်းအား တံမြက်လှည်းရန်သာ ဖြစ်လေသည်။ လယ်ကွင်းထဲတွင် အလုပ်လုပ်ရန် သူမ၏အလှည့် မရောက်သေးချေ။

အခြားသူများအား တာဝန်များ ခွဲဝေ ပေးပြီးနောက် ဝမ်ချွမ်းမန်သည် အဖွားအိုဝမ်အား မျှော်လင့်တကြီး ကြည့်နေခဲ့သည်။ အဖွားအိုဝမ်မှ ပြောလိုက်လေသည်။

"ရွာပြင်က လယ်တွေကိုတော့ အပြင်လူတွေကို သီးစားချပေးလိုက်မယ် ဒါပေမဲ့ နင် အဲဒီကို တစ်ခေါက် သွားကြည့်ပြီး ဒီလယ်တွေက ဘယ်သူ့ လယ်တွေလဲဆိုတာ သူတို့ သိအောင် လုပ်ရမယ် ရွာထဲက လယ်တွေကိုတော့ ကိုယ့်ဘာသာကိုယ် စိုက်ပျိုးဖို့ မိုက်ရူးရဲ မဆန်နဲ့ ကိုယ့်အတွက် ဧက ၂၀ ပဲ ချန်ထား ရွာထဲက တခြား ဘယ်သူတွေက ကျန်တဲ့ လယ်တွေကို စိုက်ချင်လဲဆိုတာ သွားမေးကြည့်ချေ"

ဝမ်ချွမ်းမန် မှ ပြန်မေးလိုက်သည်။

"အမေ ရွာသားတွေက မစိုက်ချင်ဘူးဆိုရင်ကော"

အချို့သော ရွာသားများသည် မျက်နှာအား ဂရုစိုက်ကြကာ ရွာသား အချင်းချင်းအတွက် အလုပ် မလုပ်ပေးချင်ကြပေ။ ဤသည်ကိုလည်း နားလည်ပေး၍ ရနိုင်ပါသည်။

"အဲဒါ နင်ဖြေရှင်းရမယ့် ကိစ္စလေ လမ်း ဘယ်လို လျှောက်ရမလဲ ထမင်း ဘယ်လို စားရမလဲ ဆိုတာကအစ ငါက သင်ပေးနေရဦးမှာလား"

ဝမ်ချွမ်းမန် တစ်ကိုယ်လုံး ချွေးစေးများ ထွက်လာခဲ့တော့သည်။

"သား စဉ်းစားကြည့်ပါ့မယ်"

"ရွာထဲက မြေဆီဩဇာ ကောင်းတဲ့ လယ်တွေမှာ မစိုက်ရသေးဘူး မနက်ဖြန် စတင် စိုက်ပျိုးနိုင်ဖို့ အတွက် ဒီနေ့ အချိန်ဇယား တစ်ခု ဆွဲရမယ် ဒီနေ့ နင့်အလုပ်ကို သေသေချာချာ မလုပ်နိုင်ရင် ဒီည အိမ်မပြန်ခဲ့နဲ့တော့ အပြင်မှာပဲ နေပြီး ကိုယ့်အပြစ်ကိုယ် ပြန်သုံးသပ်နေလိုက်တော့ ငါပြောတာ ကြားလား"

ဝမ်ချွမ်းမန် တစ်ယောက် သူ၏ အမေဖြစ်သူ စကားအား ကြားလိုက်ရချိန်တွင် အပြစ်ပေးခံနေရသကဲ့သို့ ခံစားလိုက်ရလေသည်။ မည်သည့် အတွက် သူ၏ အစ်ကိုနှစ်ယောက် အပြစ်မပေးခံရဘဲ သူတစ်ယောက်တည်း အပြစ်ပေးခံရသနည်းဟု သူ မေးချင်နေမိသည်။ အဖွားအိုဝမ်မှ ဝမ်ချွမ်းမန်အား စူးစိုက် ကြည့်လိုက်လေသည်။

"သီအိုရီအရ ပြောရရင် ဧက ၃၀ လုံးက နင်လုပ်ရမယ့် အလုပ်တွေချည်းပဲ ဘာလဲ နင်က အရမ်းကို မတရားခံ နေရတယ်လို့ ခံစားနေရလို့လား"

"မဟုတ်ပါဘူး"

...

နောက်ပိုင်းတွင် ဝမ်ချွမ်းမန်သည် ရွာထဲရှိ မြေဆီဩဇာ ကောင်းသော လယ်ဧက ၃၀ အား အရင်ဆုံး သွားရောက် ကြည့်ရှုခဲ့လေသည်။ ထို့နောက် ဖြတ်သွားဖြတ်လာ ရွာသားများနှင့် စကားစမြည်ပြောဆိုကာ ဤလယ်များသည် သူ၏လယ်များ ဖြစ်လာပြီ ဖြစ်ကြောင်း ပြောပြလိုက်လေတော့သည်။ ထိုအချိန်တွင် အဘိုးဝမ်တို့ မိသားစု သူဌေး ဖြစ်သွားပြီ ဆိုသည့် သတင်းသည် ရွာတစ်ရွာလုံးသို့ ပျံ့နှံ့သွားခဲ့လေပြီ ဖြစ်သည်။

"ဒါက တကယ့်ကို အံ့သြစရာပဲ အဘိုးဝမ်တို့ မိသားစုတော့ ကြီးပွားသွားကြပြီ"

"သူတို့မိသားစုက မြေပိုင်ရှင်တွေ ဖြစ်သွားပြီဟေ့"

All Chapters