ညီအစ်ကိုများကြားက ကွာခြားချက်
Vol. 7 Ch. 104
အဘိုးဝမ်တို့ မိသားစုသည် ကံကြမ္မာ ပြောင်းလဲသွားကာ ကြီးပွားသွားကြပြီ ဖြစ်သည်။ လယ်ဧက ၃၀ ပိုင်ဆိုင်သွားခဲ့ချေပြီ။ ဟူမိသားစုရွာတွင် ဤကဲ့သို့သော ကိစ္စမျိုး ဖြစ်ပွားခြင်းသည် ဤသည်မှာ ပထမဆုံး အကြိမ်ပင် ဖြစ်လေသည်။
နွေဦးရာသီ ကုန်ဆုံးပြီးနောက်တွင် မိသားစုများ၏ ပိုလျှံသော ငွေများအား စားနပ်ရိက္ခာနှင့် မျိုးစေ့များ ဝယ်ယူရာတွင် သုံးစွဲလိုက်ရသဖြင့် လူအများစုမှာ ဆင်းရဲ ကြပ်တည်း နေကြသည်။ အချို့ဆိုလျှင် လယ်ယာ စိုက်ပျိုးရန်အတွက် မြို့ဈေးထဲမှ မျိုးစေ့များကိုပင် ဝယ်ယူရသေးသည်။ အခြားသော အသေးစိတ် ကိစ္စရပ်များတွင် ငွေကုန်ကြေးကျ ရှိသူများလည်း ရှိကြပေသည်။ အဆုံးတွင်မူ မည်သူ တစ်ဦးတစ်ယောက်တွင်မှ ဘာတစ်ခုမှ မကျန်တော့ပါချေ။
ယုတ္တိကျကျ တွေးကြည့်မည်ဆိုလျှင် ဟူမိသားစုရွာတွင် အဆင်းရဲဆုံး ဖြစ်သည့် ဝမ်မိသားစုသည် ခါးပတ်အား တင်းတင်းကျပ်ကျပ် စည်းထားရမည့် အချိန်ဖြစ်လေသည်။
သို့သော် အဆုံးတွင်မူ သူတို့၏ ကလေးများသည် တစ်နေ့တခြား ပို၍ပို၍ ဖွံ့ဖြိုးလာကြကုန်သည်။ ယခင်တွင် စပါးကြီးမြွေသားများအား မစားရသေး၍ဟု ထင်ခဲ့ကြသော်လည်း ယခု ပြန်လည်၍ တွေးကြည့်မိကြသောအခါ အဘိုးဝမ်တို့ မိသားစု သူဌေး ဖြစ်သွား၍များလားဟု သံသယဝင်စရာ ရှိလာတော့သည်။ သူတို့သည် ထို ငွေများအား မည်သည့်နေရာမှ ရလာခဲ့ကြလေသနည်း။
ရွာသားများသည် စူးစမ်းချင်စိတ်ဖြင့် ဆွေးနွေးနေကြကာ သဘာဝကျစွာပင် မေးမြန်းခြင်းအားလည်း မရှောင်လွှဲနိုင်ကြပေ။ ဝမ်ချွမ်းမန်မှာမူ သူတို့ထက်ပင် ပို၍ ဇဝေဇဝါ ဖြစ်နေရတော့သည်။
"ကျနော်လည်း သေချာတော့ မသိဘူး ကျနော့်အမေက ဒီမြေကွက်တွေကို ဝယ်ခဲ့တာလေ ကျနော်က ဒီကို လာကြည့်ရုံ သက်သက်ပါ"
ဟု ဝမ်ချွမ်းမန်မှ ဖြေဆိုလိုက်လေသည်။ လယ်ယာမြေ အားလုံးကို သူ၏ အမည်ဖြင့် မှတ်ပုံတင် ထားကြောင်းကို လျှို့ဝှက်ထားရမည် ဆိုသည်အားလည်း သူ သိထားပေသည်။ ပြောင်းလဲမှုများ ထပ်ဖြစ်လာမည်ကို စိုးရိမ်ရသဖြင့် ဤကိစ္စအား လူသိရှင်ကြား ဖြစ်အောင် လုပ်ရန် မလိုအပ်ချေ။
မုဆိုးမကျိုးသည် ယခုအခါ သူမမိသားစု၏ အဓိက လုပ်အားစု ဖြစ်နေခဲ့ပြီ ဖြစ်သည်။ အခြားသူများမှ ရှက်ရွံ့နေကြသော်လည်း သူမမှာမူ အလွန်အမင်း တွေးတော မနေခဲ့ချေ။
ထို့ကြောင့် မုဆိုးမကျိုးသည် အဘိုးဝမ်၏ အိမ်သို့ တိုက်ရိုက်သွားခဲ့ကာ အဖွားအိုဝမ်အား မေးမြန်းလိုက်သည်။
"ဒေါ်လေးဝမ် ဒေါ်လေးတို့ မိသားစုက ဒီလောက်များတဲ့ လယ်တွေကို တစ်ပြိုင်တည်း စိုက်ပျိုးနိုင်ပါ့မလား လယ်တွေ ပိုနေတယ်ဆိုရင် ကျမတို့ မိသားစုကို လယ်နှစ်မူး လောက် ခွဲပေးလို့ရမလား မြေရှင်တွေ ယူသလိုမျိုး ကျမတို့ဆီက သီးစားခ ကောက်လို့ရပါတယ် ဘယ်လိုသဘောရလဲ"
အဘိုးဝမ်မိသားစု ဝယ်ယူထားသော လယ်များ အားလုံးသည် မြေဆီဩဇာ ပြည့်ဝသော လယ်ယာကောင်းများ ဖြစ်ကြလေသည်။ ထိုလယ်များမှ ထွက်ရှိနိုင်သော အထွက်နှုန်းမှာ မိမိတို့ ကိုယ်ပိုင်လယ်များမှ ထွက်ရှိသည်ထက် များစွာ ပိုမို၍ အထွက်နှုန်း မြင့်မားပေမည်။
သို့သော် ထိုလယ်များ အတွက် အခွန်ပေး ဆောင်ရမည် ဖြစ်သည်။ လယ်ယာမြေ အခွန်အခမှာ အမှန်တကယ်တွင် အလွန် နည်းပါးလှကာ အခွန်အများစုမှာ လူတစ်ဦးချင်းစီ အပေါ် ကောက်ခံသော အခွန်များသာ ဖြစ်ကြလေသည်။
ဤသည်ကို ကြည့်ခြင်းဖြင့် မြေပိုင်ရှင်များ ပို၍ပို၍ ချမ်းသာလာကာ ဆင်းရဲသားများ ပို၍ပို၍ ဆင်းရဲလာရခြင်း၏ အကြောင်းရင်းလည်း ဖြစ်ပေသည်။ ဆင်းရဲသော မိသားစုများတွင် များသောအားဖြင့် မိသားစုဝင် များပြားကာ လယ်ယာမြေ နည်းပါးကြလေသည်။ အခွန်အခများကိုလည်း ပိုင်ဆိုင်မှုအပေါ် အခြေခံ၍ မတွက်ဘဲ အိမ်ထောင်စု အတွင်းရှိ လူဦးရေအပေါ် မူတည်၍ တွက်ချက်ကြသောကြောင့် သူတို့သည် အခွန်ပိုမို ပေးဆောင်ရပေသည်။ ဤသို့ဖြင့် သူတို့သည် ပိုမို၍ ဆင်းရဲလာကြမည် မဟုတ်ပါလော။
သို့သော် ဆင်းရဲသော မိသားစုများတွင် မိသားစုဝင် နည်းပါးနေပါကလည်း လုပ်အား မလုံလောက်မှု ဖြစ်ပေါ်လာမည် ဖြစ်သည်။ စိုက်ပျိုးထားသော ရိက္ခာ မလုံလောက်ပါကလည်း ဆင်းရဲကြမည်သာ ဖြစ်ပေသည်။ ထို့ကြောင့် မည်သို့ပင်ဖြစ်စေ ဆင်းရဲသားများသည် ဆင်းရဲမွဲတေမှု တွင်းထဲသို့ ကျရောက်နေကြကာ ရုန်းထွက်နိုင်စွမ်း မရှိကြတော့ပေ။
အဖွားအိုဝမ်မှ မုဆိုးမကျိုးသည် သူတို့ မည်သို့ ကြီးပွား လာသနည်းဟု လာရောက် မေးမြန်းခြင်း ဖြစ်မည်ဟု ထင်မှတ်ထားခဲ့ခြင်း ဖြစ်သည်။ သို့သော် လယ်ယာမြေ ငှားရမ်းခြင်းနှင့် ပတ်သက်၍ သူမမှ ပထမဆုံး လာရောက် မေးမြန်းသူ ဖြစ်လာလိမ့်မည်ဟု မထင်ထားခဲ့ပေ။
"ငါတို့ မိသားစုက ကိုယ်တိုင်စိုက်ပျိုးဖို့ မူး ၂၀ ပဲ ချန်ထားမှာ ကျန်တဲ့ ၁၀ မူးကိုတော့ ခွဲဝေပေးမယ် နင် ဘယ်နှစ်မူး ယူချင်လဲဆိုတာ စတုတ္ထကောင်နဲ့ သွားတိုင်ပင်လိုက်လေ လယ်ထွက်နှုန်းနဲ့ ပတ်သက်လို့ကတော့ နင်ကိုယ်တိုင် မျိုးစေ့ သုံးမယ်ဆိုရင် ၅၀-၅၀ ခွဲဝေမယ် ငါတို့က မျိုးစေ့ ပေးမယ်ဆိုရင် ၇၀-၃၀ ခွဲဝေကြမယ်"
အဖွားအိုဝမ်သည် ရွာထဲမှ မည်သူကမှ မျိုးစေ့ စိုက်ပျိုးသည် ဖြစ်စေ ကိစ္စမရှိဟု ခံစားရခြင်း ဖြစ်သည်။
"ကျမ သတိထားရမယ့် အချက်တွေများ ရှိသေးလား"
"ထူးထူးခြားခြားတော့ မရှိပါဘူး နင့်သဘောကျ ရွေးချယ်နိုင်ပါတယ် ငါတို့မှာ ဘာတောင်းဆိုချက်မှ မရှိဘူး"
အဖွားအိုဝမ်မှ သာမာန်ကာလျှံကာ ဆက်ပြောလိုက်လေသည်။
"ဒါပေမဲ့ နင် သေသေချာချာ စဉ်းစားရလိမ့်မယ် ဘာလို့လဲဆိုတော့ ငါတို့က စာချုပ်ချုပ်မှာဖြစ်လို့ နောက်ပိုင်း ပြောင်းလဲလို့ မရတော့ဘူး"
ဤစကားအား ကြားသောအခါ မုဆိုးမကျိုးသည် ၅၀-၅၀ ခွဲဝေခြင်းမှာ သေချာပေါက် ပို၍ တွက်ခြေကိုက်လိမ့်မည်ဟု ခံစားလိုက်ရတေ့ာသည်။ မျိုးစေ့များအား မိမိဘာသာ ငွေကုန်ခံ၍ ဝယ်ယူလိုက်ခြင်းသည် ပို၍ ကောင်းပေမည်။ ထိုအချိန်တွင် ကုန်ကျစရိတ်မှာ အမှန်တကယ်တွင် ၁၀ ရာခိုင်နှုန်းအောက်သာ ရှိလိမ့်မည် ဖြစ်သည်။
မုဆိုးမကျိုးသည် ယခုအချိန်အထိ တစ်ကိုယ်တည်း ရပ်တည် ရှင်သန်နိုင်ခဲ့သူ ဖြစ်လေရာ သဘာဝကျစွာပင် သူမသည် အလွယ်တကူ လှည့်စား၍ ရသူ တစ်ဦး မဟုတ်ပေ။ ၃၀-၇၀ ခွဲဝေခြင်းသည် အနည်းငယ် ရက်စက်လွန်းသည်ဟု သူမ ခံစားရလေသည်။ အဘယ်ကြောင့်ဆိုသော် မည်သူ တစ်ဦးတစ်ယောက်မှ လယ်လုပ်သည် ဖြစ်စေ လယ်ခွန်အား ပေးဆောင်ရမည် ဖြစ်သောကြောင့်ပင်တည်း။ အလွန် နည်းပါးသော်လည်း ၎င်းသည် ကုန်ကျစရိတ် တစ်ခုပင် ဖြစ်လေသည်။
ထိုသို့ဆိုလျှင် ၇၀-၃၀ သည် အနည်းငယ် မတရားသလို ဖြစ်နေခဲ့ပေသည်။ သို့သော် အဘိုးဝမ်၏ မိသားစုသည် သူတစ်ပါးအား လိမ်လည်မည့် မိသားစုမျိုး မဟုတ်ပြန်ချေ။ မုဆိုးမကျိုးမှ ခေတ္တမျှ စဉ်းစားပြီးနောက် မေးလိုက်လေသည်။
"ဒေါ်လေးဝမ် ဒေါ်လေးတို့ မျိုးစေ့တွေကို မြို့ထဲက ဝယ်လာတာလား"
အကယ်၍ သူတို့ နှစ်ဦးစလုံး မြို့ထဲမှ မျိုးစေ့များအား ဝယ်ယူမည်ဆိုပါမူ ၅၀-၅၀ ခွဲဝေခြင်းကိုသာ ရွေးချယ်ရပေမည်။ အဖွားအိုဝမ်မှ မုဆိုးမကျိုးအား အပြုံးလေးဖြင့် ကြည့်လိုက်လေတော့သည်။ ဤမိန်းမမှာ အတော်လေး ဉာဏ်ကောင်းလှပေသည်။
သေချာသည်မှာ အဖွားအိုဝမ်သည် ယခုလေးတင် တမင် သက်သက် ထိုသို့ ပြောလိုက်ခြင်း ဖြစ်ပေသည်။ အခြား ရွာသားများသာဆိုလျှင် အဖွားအိုဝမ်မှ သတိပေးလိမ့်မည် မဟုတ်ပေ။
အရင်ချိန်များတွင် ရှန်းယန်ရွာမှ လူများ အားယွီအား လာရောက် ဖမ်းဆီးစဉ်တွင် ဝမ်ဆန်းဖန်သည် သူတို့အား သတင်းပေးခဲ့သူ ဖြစ်သည်။ အဖွားအိုဝမ်သည် ထိုကျေးဇူးကို မှတ်သားထားခဲ့ခြင်း ဖြစ်သည်။
ယခုမူ ကျေးဇူးဆပ်သည်ဟု ယူဆ၍ ရနိုင်လောက်ပေသည်။ သို့သော် လူသားများ ကြားရှိ ခင်မင်ရင်းနှီးမှု ဆိုသည်မှာ ကျေးဇူးဆပ်ရုံဖြင့် ချေဖျက်၍ ရနိုင်သောအရာ တစ်ခု မဟုတ်ပေ။ ယင်းအစား 'နင် ငါ့ကို ကူညီဖူးတဲ့ အတွက် ငါလည်း နင့်ကို ပြန်ကူညီမယ်' ဟူသော သဘောမျိုးသာ ဖြစ်သင့်ပေသည်။ ဤနည်းအားဖြင့် သူတို့၏ ခင်မင်ရင်းနှီးမှုမှာ ပိုမို ခိုင်မာလာလိမ့်မည် ဖြစ်သည်။
"ငါတို့ မိသားစုက မျိုးစေ့တွေကို ကိုယ်တိုင် စိုက်ပျိုးထုတ်လုပ်တာ ငါ ပြောနိုင်တာကတော့ မြို့မှာ ရောင်းတဲ့ဟာတွေထက် ပိုကောင်းလိမ့်မယ်ဆိုတာပဲ"
အဖွားအိုဝမ်မှ စကားဖြတ်လိုက်လေတော့သည်။
"ဒါဆိုရင် ဒေါ်လေး စကားကိုပဲ နားထောင်ပြီး ၃၀-၇၀ ခွဲဝေတာကိုပဲ ရွေးချယ်လိုက်ပါ့မယ် ဒါပေမဲ့ မြေဆီဩဇာ ကောင်းတဲ့ လယ်တွေမှာ စိုက်ပျိုးဖို့ မစရသေးဘူးလို့ ကျမထင်တယ် မျိုးစေ့တွေကို ကျမတို့ကို ဘယ်တော့လောက် ပေးမှာလဲ ဒီနေ့ကစပြီး စိုက်ရတော့မှာမို့လို့ပါ"
ယခုအခါ မျိုးစေ့ စိုက်ပျိုးရန် ကောင်းမွန်သော ရာသီလွန်သွားခဲ့ပြီ ဖြစ်သဖြင့် မျိုးစေ့များမှာ အညှောက် မထွက်နိုင်တော့ဘဲ လယ်ကွင်းထဲတွင် တိုက်ရိုက် စိုက်ပျိုးရမည် ဖြစ်ပေသည်။ သေချာသည်မှာ စောစော စိုက်လေ ပိုကောင်းလေပင် ဖြစ်ချေသည်။ အဖွားအိုဝမ်မှ ပြောလိုက်လေသည်။
"မလောပါနဲ့ စာချုပ်ကို လက်မှတ်ထိုးလိုက် ပြီးရင် ငါ နင့်ဆီ မျိုးစေ့တွေ ပို့ပေးလိုက်မယ်"
အားယွီ ပေးထားသည့် မျိုးစေ့ပုံကြီးမှာ အနည်းဆုံး ပိဿာ ၇၀ မှ ၈၀ အထိ ရှိမည် ဖြစ်သည်။ အဖွားအိုဝမ်သည် မျိုးစေ့များ၏ အရည်အသွေး ကောင်းမွန်သည်ဟု ယူဆထားလေသည်။ ထိုအချိန်တွင် လယ်တစ်မူး အတွက် မျိုးစေ့ ငါးပိဿာမှ ခြောက်ပိဿာခန့်ဆိုလျှင် လုံလောက်မည် ဖြစ်သည်။ မုဆိုးမကျိုးမှာ ရဲရင့်ကာ လျင်မြန် ပြတ်သားသူ ဖြစ်လေသည်။ သူမသည် အဖွားအိုဝမ်အား စာချုပ်ချုပ်ရန် အတွက် ချက်ချင်း ဆွဲခေါ် သွားလေတော့သည်။
"နင် လယ်ကွင်းတွေကို သွားကြည့်ဖို့ စတုတ္ထကောင်နဲ့ လိုက်သွားလိုက်အုန်းလေ စကားမစပ် ရွာထဲက တခြားဘယ်သူတွေ ငါတို့လယ်ကို စိုက်ချင်သေးလဲဆိုတာ မေးကြည့်လိုက်ဦး အလုပ်ရှုပ် သက်သာအောင် သူတို့ကိုပါ တစ်ခါတည်း ခေါ်လာခဲ့လိုက်"
အဖွားအိုဝမ်မှာ ဤကဲ့သို့သော အသေးအဖွဲ ကိစ္စများအား လုပ်ဆောင်ရသည်ကို အနည်းငယ် စိတ်မရှည်ဖြစ်နေခဲ့သည်။ ထို့နောက် မုဆိုးမကျိုးသည် ဝမ်းမြောက်ဝမ်းသာဖြင့် ထွက်ခွာ သွားလေတော့သည်။ အဖွားအိုဝမ်သည် သူမ၏ နဖူးအား ပွတ်သပ် လိုက်မိသည်။ ခြံဝင်းထဲမှ ထွက်လာသည် နှင့်တစ်ပြိုင်နက် အားယွီလေးသည် သူမ၏ အိတ်ထဲသို့ တစ်ခုခုအား အတင်းထိုးထည့်နေသည်ကို မြင်လိုက်ရလေသည်။
"အားယွီ ဒီကိုလာခဲ့ပါဦး"
အဖွားအိုဝမ်မှ အားယွီလေးအား လှမ်းခေါ်လိုက်လေသည်။ အားယွီလေးမှ ခုန်ဆွခုန်ဆွဖြင့် လာရောက်ကာ မေးလိုက်လေသည်။
"ဖွားဖွား ဘာဖြစ်လို့လဲ နေမကောင်းလို့လားဟင် သမီး နှိပ်ပေးမယ်လေ"
သူမသည် အဖေဖြစ်သူမှ အမေ့ခေါင်းအား ပွတ်သပ်ပေးသည်ကို မြင်ဖူးထားလေသည်။ အမေ ဖြစ်သူမှ မျက်မှောင်ကြုတ်တိုင်း အဖေ ဖြစ်သူမှ အမေ့ခေါင်းအား ပွတ်သပ် ပေးလေ့ရှိပေသည်။
"ဖွားဖွား အဆင်ပြေပါတယ် သမီး အပြင်ထွက် ကစားမလို့လား တစ်ယောက်တည်း မထွက်နဲ့လေ သမီးရဲ့ ပဉ္စမအစ်ကိုကို အဖော်ခေါ်သွား"
အဖွားအိုဝမ်မှ အားယွီလေး၏ အဝတ်အစားများအား သေသပ်အောင် လုပ်ပေးရင်းဖြင့် အားယွီလေး၏ အိတ်ထဲတွင် ထိုးထည့် ထားသော စားလက်စ မုန့်တစ်ဝက်အား မတော်တဆ မြင်သွားခဲ့လေတော့သည်။ ထိုနောက် သူမ၏ အကြည့်များ ရပ်တန့်သွားခဲ့လေသည်။
"အဲဒါက ဘယ်သူ့ကို ပေးမလို့လဲ"
"အားယွီ ဗိုက်ဝသွားပြီလေ အဲဒါကြောင့် ဒါကို ကိုကိုအားယုဆီ သွား ပေးမလို့"
အဖွားအိုဝမ်မှ ယခင်တွင် အားယွီအား သကြားလုံးတစ်ဆုပ် ပြန်၍ သယ်လာခွင့်ပြုခဲ့သော ချင်ဟွိုင်အား သံယောဇဉ်ရှိသော ကလေးတစ်ယောက်ဟု မှတ်ယူထားခြင်း ဖြစ်သည်။ ထို့ကြောင့် မီးဖိုချောင်မှ လတ်လတ် ဆတ်ဆတ် မုန့်နှစ်ချပ်ကိုပါ ယူဆောင်ကာ သစ်ရွက်ခြောက် တစ်ရွက်ဖြင့် ထုပ်ပြီးနောက် အားယွီလေးထံ ကမ်းပေး လိုက်လေတော့သည်။
"အားယွီ ကိုယ်စားလက်စ အရာတွေကို တခြားသူကို ပေးတာက ရိုင်းရာကျတယ် အကယ်လို့ သမီးက တစ်ယောက်ယောက်ကို ပေးချင်တယ်ဆိုရင် မစားရသေးတဲ့ အသစ်ကို ပေးရမယ်လေ"
အဖွားအိုဝမ်သည် အားယွီလေး၏ နားမလည်နိုင်သော အကြည့်အား မြင်သောအခါ သေချာ ရှင်းပြပေး လိုက်သည်။
"ကိုယ့်မိသားစုကို ပေးတာက ကိစ္စမရှိပေမယ့် အပြင်လူတွေကို ပေးတဲ့အခါမှာတော့ ပိုပြီး သတိထားရမယ်လေ သမီးရဲ့"
ဤအခွင့်အရေးအား ယူဆောင်၍ အဖွားအိုဝမ်မှ အားယွီလေးအား နားလည်စေရန် ရှင်းပြပေးလိုက်လေသည်။ ကိုကိုအားယုနှင့် ပဉ္စမအစ်ကို နှစ်ယောက်စလုံးအား "ကိုကို" ဟု ခေါ်ဝေါ်သော်လည်း ကွာခြားချက် ရှိနေသေးကြောင်းကို ဖြစ်လေသည်။
...
အားယွီလေးမှာ နားရှုပ် သွားခဲ့သည်။ မည်သည့်အတွက် သူမ၏ ကိုကိုနှင့် ကိုကိုမှာ ကွာခြားနေရသနည်း။ အဖွားအိုဝမ်မှ ဆက်ပြောလိုက်လေသည်။
"ကြည့်လေ... သမီးရဲ့ ကိုကိုငါး ကိုကိုခြောက်တို့က သမီးနဲ့ အဘိုးအဘွားတွေ တူညီမှု ရှိတယ်လေ သူကတော့ မဟုတ်ဘူးလေ ဟုတ်တယ်မလား"
ဤရှင်းပြချက်သည် အလွန်ပင ရှင်းလင်းလှပေသည်။
"အားယွီ အခု သိသွားပြီ"
ထို့နောက် အားယွီလေးသည် သူမ၏ အိတ်ထဲမှ စားလက်စ မုန့်တစ်ဝက်အား ထုတ်ယူလိုက်ကာ မီးဖိုချောင်မှ ယခုလေးတင် ထွက်လာသော ဝမ်ဝူလန်ထံ ကမ်းပေး လိုက်လေတော့သည်။
"ကိုကိုငါး ဒီမုန့်က အစ်ကို့အတွက်"
ဝမ်ဝူလန်မှာ အလွန် ကြည်နူးသွားခဲ့ကာ မျက်ရည်များပင် ဝဲတက် လာမိလေတော့သည်။
"ညီမလေးအားယွီက ကိုကို့ကို အချစ်ဆုံးမလား ကိုကိုငါး အရမ်းပျော်တာပဲ"
ထိုအခါမှ အားယွီလေး ရင်ခွင်ထဲရှိ အရာအား သူ မြင်လိုက်ရတော့သည်။ သူမှ မေးလိုက်လေသည်။
"ဒီအိတ်ထဲမှာက ဘာတွေလဲ"
"မုန့်တွေလေ အားယွီ မစားရသေးဘူး လတ်လတ်ဆတ်ဆတ် မုန့်တွေ"
အားယွီလေးမှ နတ်သမီးလေး တစ်ပါးကဲ့သို့ ပြုံးပြလိုက်ကာ အပြစ်ကင်းစင်စွာဖြင့် ဖြေလိုက်လေသည်။
"အားယွီ စားလက်စ မုန့်တစ်ဝက်ကို ကိုကိုငါးကို ကျွေးပြီးတော့ မုန့်အသစ်တွေကိုကျတော့ ကိုကိုအားယုကို ပေးရမယ်လို့ ဖွားဖွားက ပြောတယ် ဘာလို့လဲဆိုတော့ ကိုကိုအားယုက အရမ်း ထူးခြားလို့တဲ့"
ထိုစကားအား ကြားလိုက်သော ဝမ်ဝူလန်နှင့် အဖွားအိုဝမ်တို့မှာ ဆွံအ သွားကြကုန်လေတော့သည်။
‘ဒီကလေးမလေးရဲ့ နားလည်နိုင်စွမ်းက တကယ့်ကို အံ့သြစရာပါလား’
ယခုလေးတင် ကြည်နူးနေခဲ့သော်လည်း ယခုမူ အဆုံးမရှိသော နာကျင်မှုများသာ ကျန်ရစ်တော့သည့် ဝမ်ဝူလန် မှာမူ ပြောစရာစကားလုံးများ ပျောက်ကွယ် သွားခဲ့တော့သည်။ တစ်နည်းအားဖြင့် သူ၏ နှလုံးသားတစ်ခုလုံး အေးစက် သွားလေတော့သည်။