← Chapters

အခန်း (၂၅၈၁-၂၅၈၂)

Vol. 199 Ch. 2581-2582

အခန်း (၂၅၈၁-၂၅၈၂)

Vol. 199 Ch. 2581-2582

အဆတစ်ရာစနစ် စာစဥ်(၁၉၉)

အခန်း(၂၅၈၁)

“စိတ်ဝင်စားဖို့ကောင်းသားပဲ မထင်မှတ်ဘဲ အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာထဲမှာ ဒီရတနာ ရှိနေလိမ့်မယ်လို့ မထင်ထားမိဘူး.. ကြည့်ရတာ အင်မော်တယ်ကျင့်ကြံခြင်း စကြဝဠာမှာ လျှို့ဝှက်ချက်တွေ အများကြီး ဖုံးကွယ်နေပုံပဲ”

ကျန်းချန်က သူ၏ ရှေ့မှ အင်မော်တယ် စိတ်ကူးယဥ် ဟင်းလင်းပြင်ကြောင့် အံ့အားသင့်နေစဥ်မှာပင် အင်မော်တယ်ကျောက်တိုင်ထံမှ ချီးကျူးစကားသံသည် ကျန်းချန်၏ စိတ်ထဲတွင် ချက်ချင်းဆိုသလို ထွက်ပေါ်လာခဲ့သည်။

ကျန်းချန်က အံ့အားသင့်သွားခဲ့ပြီး အလျင်အမြန်ပင် မေးလိုက်သည်။

“စီနီယာက ဒီအင်‌မော်တယ် စိတ်ကူးယဥ် ဟင်းလင်းပြင်ရဲ့ ဇာစ်မြစ်ကို သိထားတာလား”

“ဒါက အင်မော်တယ်လောကက အစွမ်းထက် ပုဂ္ဂိုလ်တစ်ပါး ပိုင်ဆိုင်တဲ့ အင်‌မော်တယ်ရတနာပဲ.. အဲဒီရတနာက တကယ့်ကမ္ဘာနဲ့ တထေရာတည်း တူတဲ့ ကမ္ဘာတစ်ခုကို ဖန်တီးပြီး ပြန်လည် ပုံဖော်နိုင်စွမ်းရှိတယ်.. ဒါပေမဲ့ အင်မော်တယ်ကျင့်ကြံခြင်းစကြဝဠာက အင်မော်တယ်လမ်းစဥ် နိယာမတွေ မပြည့်စုံတော့တဲ့ အတွက် ဟွမ်ယွမ်ကောင်းကင်နယ်မြေ တစ်ခုစာကိုပဲ ပြန်လည်ပုံဖော်နိုင်တယ်"

"တကယ်လို့ ဒီအင်‌မော်တယ် ကျင့်ကြံခြင်းစကြဝဠာမှာ အင်မော်တယ် နိယာမတွေသာ ပြည့်စုံခဲ့မယ် ဆိုရင် အင်မော်တယ်ကျင့်ကြံခြင်း စကြဝဠာ တစ်ခုလုံးကို ပြန်လည်ပုံဖော်ဖို့က ဒီရတနာအတွက် လွယ်လွယ်လေးပဲ”

အင်‌မော်တယ်ကျောက်တိုင်က အကျယ်တဝံ့ ရှင်းပြလိုက်သည်။

“..........”

အင်မော်တယ်ကျောက်တိုင်၏ ရှင်းပြချက်ကို ကြားလျှင် ကျန်းချန် အချိန်အတော်ကြာ မှင်တက်သွားခဲ့သည်။

စကြဝဠာတစ်ခုလုံးကိုပင် ပြန်လည် ပုံဖော်နိုင်စွမ်းရှိသည်ဟု ဆိုခြင်းသည် လောကကို တုန်လှုပ်စေပြီး ကောင်းကင်ကိုပင် ဆန့်ကျင်နေသည့် အမြင့်မြတ်ဆုံးသော မှော်စွမ်းအားပင် ဖြစ်သည်။

ကျန်းချန်က အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်လိုက်ပြီး သူ၏ စိတ်ထဲမှ တုန်လှုပ်မှုများကို ဖိနှိပ်လိုက်သည်။

ယင်းနောက်တွင် သူ၏ ခန္ဓာကိုယ်ကို လျင်မြန်စွာ စုစည်းလိုက်သည်။

ထိုအခါ ကျန်းချန်သည် အင်‌မော်တယ် စိတ်ကူးယဥ်ဟင်းလင်းပြင်ထဲသို့ ဝင်ရောက်လာသည့် ခန္ဓာကိုယ်မှာ ကိုယ်ပွားပုံရိပ်ယောင် မဟုတ်ဘဲ မူလခန္ဓာကိုယ်နှင့် တထေရာတည်း တူညီနေသည်ကို တအံ့တဩ တွေ့ရှိလိုက်ရသည်။

သူ၏ ကျင့်ကြံခြင်းအဆင့်၊ သူ၏ နည်းစနစ် နှင့် သူ၏ လက်နက် ဖြစ်သည့် လူသားဧကရာဇ်ဓား ကဲ့သို့ ပစ္စည်းအမျိုးမျိုးသည်လည်း အပြည့်အဝ ပုံရိပ် ထင်ဟပ်နေခဲ့၏။

ဆိုရလျှင် ဤအင်‌မော်တယ်စိတ်ကူးယဥ် ဟင်းလင်းပြင် ထဲတွင် သူ၏ မူလ ခန္ဓာကိုယ်နှင့် တထေရာတည်း တူညီနေခဲ့၍ မူလခန္ဓာကိုယ်၏ စွမ်းရည်ကို အပြည့်အဝ ထုတ်ဖော်နိုင်မည် ဖြစ်သည်။

“အင်မော်တယ်လောကရဲ့ အင်မော်တယ်ရတနာ ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ထိုက်တန်ပါပေတယ်.. တကယ်ကို မယုံကြည်နိုင်စရာပဲ”

ကျန်းချန်က ခပ်တိုးတိုး ရေရွတ်လိုက်သည်။

ဤအင်‌မော်တယ် စိတ်ကူးယဥ် ဟင်းလင်းပြင်ကို ဖန်တီးခဲ့သည့် အင်မော်တယ်လောကမှ အစွမ်းထက် ပုဂ္ဂိုလ်ကြီးသည် မည်ကဲ့သို့သော တည်ရှိမှုမျိုး ဖြစ်နေမည်ကို ကျန်းချန် တွေးပင် မတွေးရဲတော့ပေ။

လက်တွေ့ဘဝနှင့် တထေရာတည်း တူညီနေသော ပတ်ဝန်းကျင်ကို ကြည့်ရင်း ကျန်းချန်သည် အချက်တစ်ချက်ကို ရုတ်တရက် သတိရသွားခဲ့သည်။

ဤအင်‌မော်တယ် စိတ်ကူးယဥ် ဟင်းလင်းပြင်သည် သူပိုင်ဆိုင်သမျှ အရာအားလုံးကို အပြည့်အဝ ပြန်လည် ပုံဖော်နိုင်သည်ဆိုလျှင် ဟွမ်ယွမ်သူတော်စင်မြို့တော် အတွင်းရှိ အရာအားလုံးကိုလည်း ပုံဖော်ထားနိုင်မည် မဟုတ်ပါလော။

စဥ်းစားကြည့်လျှင် ဟွမ်ယွမ်သူတော်စင် မြို့တော်တွင် နာမည်ကျော်ဆေးတိုက်နှင့် စိမ်းလန်းသောမြစ် ကုန်သွယ်ရေးအဖွဲ့၏ ငွေတိုက်တစ်ခုပင် ရှိသည်။

အကယ်၍သာ အင်‌မော်တယ် စိတ်ကူးယဥ် ဟင်းလင်းပြင်သည် ဆေးတိုက် နှင့် ငွေတိုက်မှ ပစ္စည်းအားလုံးကိုပါ ပုံဖော်ထားမည်ဆိုလျှင် ဤဟွမ်ယွမ်သူတော်စင်မြို့တော်ထဲတွင် ရတနာများဖြင့် ပြည့်နှက်နေမည် မဟုတ်ပါလား။

“မင်းရဲ့ခန့်မှန်းချက်က မှန်တယ်.. ဒီကမ္ဘာက တကယ့်ကမ္ဘာမှာ ရှိတဲ့ ရတနာတွေကို အမှန်တကယ် ပွားထားနိုင်စွမ်းရှိတယ်.. ဒါ့အပြင် မင်းအနေနဲ့ ဒီနေရာက ရတနာတွေကို အသုံးပြုပြီး ခွန်အားတိုးပွားအောင် လုပ်မယ်ဆိုရင် မင်း ပြင်ပကို ပြန်လည်ထွက်ခွာသွားတဲ့အခါ မူလခန္ဓာကိုယ်ရဲ့အင်အားကလည်း တိုးပွားလာလိမ့်မယ်.. ဒါပေမဲ့ ဒီနေရာမှာ ပုံဖော်ထားတဲ့ အရာတွေကို ဒီမှာပဲ သုံးလို့ရမယ်.. အပြင်ကို ယူသွားလို့တော့ မရဘူး”

အင်မော်တယ်ကျောက်တိုင်၏ စကားသံက ကျန်းချန်၏ စိတ်ထဲတွင် ထပ်မံ၍ ပဲ့တင်ထပ်လာခဲ့သည်။

ကျန်းချန်က အံ့ဩ တုန်လှုပ်သွားခဲ့သည်။

သူက တုံ့ဆိုင်းမနေတော့ဘဲ လမ်းဘေးရှိ လက်နက်ဆိုင်တစ်ဆိုင် ထဲသို့ ဝင်သွားလိုက်ရာ ဆိုင်ထဲတွင် အစီအရီ ရှိနေသော လက်နက်များနှင့် မှော်ရတနာများကို အမှန်တကယ်ပင် တွေ့လိုက်ရ၏။

သို့သော်လည်း ဤဆိုင်မှာ သာမန် လက်နက်ဆိုင် တစ်ဆိုင်သာ ဖြစ်ပြီး အတွင်းရှိ လက်နက်နှင့် မှော်ရတနာ အများစုသည် ကပ်ဘေးအဆင့်အောက်ရှိ ကျင့်ကြံသူများ အတွက်သာ ဖြစ်ရာ ကျန်းချန်ကို စိတ်တိုင်းမကျစေခဲ့ပေ။

ဤပစ္စည်းများက ကျန်းချန်ကို စိတ်တိုင်းမကျစေသော်လည်း အချက်တစ်ချက်ကိုမူ ကျန်းချန်အား ယုံကြည်သွားစေခဲ့သည်။

ယင်းမှာ အင်‌မော်တယ် စိတ်ကူးယဥ် ဟင်းလင်းပြင်သည် တကယ့်ကမ္ဘာမှ လူသားများကိုသာ ပြန်လည် ပုံဖော်မထားခြင်း ဖြစ်ပြီး ကျန်အရာအားလုံးသည် တကယ့်ကမ္ဘာနှင့် တထေရာတည်း တူညီနေခြင်းပင်။

ကျန်းချန်၏ မျက်ဝန်းများက အနည်းငယ် လင်းလက်သွားခဲ့သည်။

အင်‌မော်တယ် စိတ်ကူးယဥ် ဟင်းလင်းပြင်သည် ဟွမ်ယွမ်သူတော်စင် မြို့တော်ကိုသာမက ဟွမ်ယွမ်ကောင်းကင်နယ်မြေ တစ်ခုလုံးကိုပါ ပုံဖော်ထားခြင်း ဖြစ်ရာ ဟွမ်ယွမ်ဓားဂိုဏ်းကိုပါ ဤအင်‌မော်တယ် စိတ်ကူးယဥ် ဟင်းလင်းပြင်သည် ပုံဖော်ထားနိုင်ခြေ ရှိသည် မဟုတ်ပါလော။

ဟွမ်ယွမ်ဓားဂိုဏ်းသည် အင်မော်တယ် ကျင့်ကြံခြင်းစကြဝဠာ၏ နံပါတ်တစ် အင်မော်တယ်ဂိုဏ်းကြီး ဖြစ်သည့်အလျောက် အံ့ဖွယ် ရတနာများနှင့် အမွေအနှစ်များစွာကို ပိုင်ဆိုင်ထားသော ဂိုဏ်းလည်း ဖြစ်သည်။

အကယ်၍ သူသာ ဟွမ်ယွမ်ဓားဂိုဏ်းကို သွားနိုင်မည် ဆိုလျှင် ဟွမ်ယွမ်ဓားဂိုဏ်းမှ အရင်းအမြစ်များကို အသုံးပြုပြီး အုပ်စိုးသူအဆင့်၏ အထွတ်အထိပ် အဆင့်ကို တစ်ထိုင်တည်းဖြင့် တက်လှမ်းနိုင်ကောင်း တက်လှမ်းနိုင်လိမ့်မည် မဟုတ်ပါလော။

အုပ်စိုးသူအဆင့်ကို ကျော်ဖြတ်ပြီး ဒဏ္ဍာရီလာ အင်မော်တယ်အဆင့်ကို ရောက်ရှိဖို့ပင် မဖြစ်နိုင်ဟု ဆို၍ မရပေ။

“မင်းရဲ့စိတ်ကူးက ဘယ်ဆိုးလို့လဲ.. ဒီကမ္ဘာမှာ ဟွမ်ယွမ်ဓားဂိုဏ်းကို ပုံဖော်ထားတယ်ဆိုပေမဲ့ အင်မော်တယ်ကျင့်ကြံခြင်းစကြဝဠာရဲ့ နံပါတ်တစ်အင်မော်တယ်ဂိုဏ်းကြီးဖြစ်တဲ့အတွက် ဘယ်သူကမှ အဲဒီနေရာမှာ ကင်းစောင့်မနေဘူးဆိုရင်တောင် အဲဒီနေရာက သာမန်လူတွေ ကျူးကျော် ဝင်ရောက်နိုင်တဲ့ နေရာ မဟုတ်ဘူး”

အင်မော်တယ် ကျောက်တိုင်က ကျန်းချန်၏ စိတ်ကူးကို ရေအေးနှင့် ပက်ချလိုက်သကဲ့သို့ ပြောလိုက်သည်။

“ဘယ်လိုပဲဖြစ်ဖြစ် စမ်းတော့ စမ်းကြည့်ရမှာပဲ”

ကျန်းချန်၏ မျက်ဝန်းများတွင် ထက်ရှသော အလင်းတန်း တစ်ခု လင်းလက်သွားခဲ့သည်။

အင်‌မော်တယ် စိတ်ကူးယဥ် ဟင်းလင်းပြင်တွင် ဟွမ်ယွမ်ဓားဂိုဏ်းကို ပုံဖော်ထားသော်လည်း ထိုနေရာတွင် ဟွမ်ယွမ်ဓားဂိုဏ်းမှ အစွမ်းထက် ကျင့်ကြံသူများ ရှိမနေခဲ့ပေ။

ဟွမ်ယွမ်ဓားဂိုဏ်း၏ အခြေခံအုတ်မြစ်အရ မည်သူမှ မစောင့်ကြပ်ထားသည့်တိုင် မဟာယာန အထွတ်အထိပ်အဆင့် ကျင့်ကြံသူများ ပင်လျှင် အလွယ်တကူ ကျူးကျော်နိုင်မည်မဟုတ်သော်လည်း ကျန်းချန်၏ ခန္ဓာကိုယ်ထဲတွင် အဆ ၁၀၀ စနစ် ရှိနေသဖြင့် ဟွမ်ယွမ်ဓားဂိုဏ်းထဲသို့ ဝင်ရောက်နိုင်မည့်အခွင့်အရေး မရှိဟု ဆို၍မရပေ။

ထို့အပြင် အင်‌မော်တယ် စိတ်ကူးယဥ် ဟင်းလင်းပြင်ထဲသို့ ဟွမ်ယွမ်ဓားဂိုဏ်းမှ တပည့် အများအပြားသည်လည်း ဝင်ရောက်လာကြ၏။

ကျန်းချန်၏ ခန့်မှန်းချက်သာ မမှားလျှင် ထိုဟွမ်ယွမ်ဓားဂိုဏ်းမှ တပည့်များသည်လည်း ဟွမ်ယွမ်ဓားဂိုဏ်း အတွင်းသို့ သေချာပေါက် ဝင်ရောက်ကြလိမ့်မည် ဖြစ်သည်။

သူက ဟွမ်ယွမ်ဓားဂိုဏ်း၏ အပြင်ဘက်ကနေ ပုန်းအောင်း၍ စောင့်ဆိုင်းနေရုံမျှဖြင့် ဟွမ်ယွမ်ဓားဂိုဏ်း၏ တပည့်တစ်ဦးထံကနေ ဂိုဏ်းထဲသို့ ဝင်ရောက်နိုင်မည့် နည်းလမ်းကို ရရှိနိုင်ပေ၏။

ထိုသို့ တွေးမိလျှင် ကျန်းချန်သည် ဟွမ်ယွမ်သူတော်စင် မြို့တော်တွင် အချိန်အကြာကြီး ဆက်လက်နေရန် အစီအစဥ်မရှိတော့ပေ။

ဤဟွမ်ယွမ်သူတော်စင် မြို့တော်တွင် အရင်းအမြစ်နှင့် ရတနာများစွာ ရှိသော်လည်း အများစုသည် ကျန်းချန်၏ မျက်စိထဲဝင်ရန် ခဲယဥ်းလှပြီး ဟွမ်ယွမ်ဓားဂိုဏ်းနှင့် ယှဥ်လျှင် များစွာ ကွာခြားနေခဲ့သည်။

ကျန်းချန်က တုံ့ဆိုင်းမနေတော့ဘဲ ကောင်းကင်ယံသို့ ခုန်တက်လိုက်ပြီး ဟွမ်ယွမ်ဓားဂိုဏ်းရှိရာ အရပ်ဆီသို့ လျင်မြန်စွာ ပျံသန်းသွားခဲ့သည်။

ကျန်းချန်နှင့် အခြားသူများ အင်မော်တယ် စိတ်ကူးယဥ်ဟင်းလင်းပြင် ထဲသို့ ဝင်ရောက်သွားချိန်မှာပင် ဟွမ်ယွမ်သူတော်စင် မြို့တော်၏ အထက် ကောင်းကင်ယံတွင် ဧရာမရွှေရောင်စာလိပ်ကြီး တစ်ခုသည် ဖြည်းဖြည်းချင်း ထွက်ပေါ်လာခဲ့သည်။

မျက်တောင်တစ်ခတ် အတွင်းမှာပင် ထိုရွှေရောင်စာလိပ်ကြီးသည် လေဟာနယ်ထဲတွင် မိုင်ပေါင်းထောင်ချီ ကျယ်ပြန့်သွားခဲ့ပြီး စကြဝဠာ ပန်းချီကားတစ်ချပ်နှယ် ဖြစ်နေခဲ့သည်။

အလွန်လျင်မြန်စွာပင် ခမ်းနားသော ရွှေရောင်စာလုံးများသည် ရွှေရောင်စာလိပ်ကြီးပေါ်တွင် ဆက်တိုက်ဆိုသလို ထွက်ပေါ်လာခဲ့၏။

ထိုရွှေရောင်စာလုံးများမှာ အင်မော်တယ်ကျင့်ကြံခြင်းစကြဝဠာရှိ လူငယ်ပါရမီရှင်များ၏ နာမည်များကို ရေးထိုးထားခြင်း ဖြစ်သည်။

နာမည်များနှင့်အတူ ရမှတ်ကော်လံတစ်ခု ရှိနေခဲ့ပြီး လူတိုင်း၏ ရလဒ်သည် လောလောဆယ်တွင် တစ်မှတ်စီသာ ရှိနေသေး၏။

ဤရွှေရောင်စာလိပ်ကြီးသည် အင်မော်တယ် စိတ်ကူးယဥ် ဟင်းလင်းပြင်ထဲသို့ ဝင်ရောက်လာသူ အားလုံး၏ အချက်အလက်ကို မှတ်တမ်းတင်ထားခြင်း ဖြစ်သည်မှာ ထင်ရှားနေခဲ့သည်။

အင်‌မော်တယ်ဂိုဏ်းပေါင်းစုံ ညီလာခံ၏ ပထမအဆင့်ပြိုင်ပွဲ အဆင့်သတ်မှတ်ချက်ကို ဤရွှေရောင်စာလိပ်ပေါ်ရှိ စာရင်းအရ သတ်မှတ်မည် ဖြစ်သည်။

“ဒီတစ်ကြိမ် ကျင်းပတဲ့ အင်မော်တယ် ဂိုဏ်းပေါင်းစုံ ညီလာခံက တကယ့်ကို မကြုံစဖူး ထူးကဲပြီး ခမ်းနားလွန်းတာပဲ.. စာလိပ်ပေါ်က နာမည် အရေအတွက်က သောင်းချီလောက်မယ် ထင်တယ်”

“အမှန်ပဲ.. ငါမှတ်မိသလောက် နောက်ဆုံးအကြိမ် ကျင်းပခဲ့တဲ့ညီလာခံတုန်းက လူငါးထောင်ထက်တောင် မပိုခဲ့ဘူး.. ကြည့်ရတာ ဒီတစ်ကြိမ် ကျင်းပတဲ့ အင်မော်တယ် ဂိုဏ်းပေါင်းစုံ ညီလာခံမှာ အံ့ဖွယ်ပါရမီရှင်တွေ အများအပြား ပေါ်ထွက်လာလိမ့်မယ် ထင်တယ်.. ဒီဂိုဏ်းပေါင်းစုံ ညီလာခံ ပြီးရင် အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာရဲ့ အခင်းအကျင်းလည်း အကြီးအကျယ် ပြောင်းလဲသွားနိုင်တယ်”

“.........”

ဟွမ်ယွမ်သူတော်စင်မြို့တော် အတွင်းရှိ မရေမတွက်နိုင်သော လူများသည် ရွှေရောင်စာလိပ်ပေါ်ရှိ နာမည်များကို ကြည့်ရင်း မချီးကျူးဘဲ မနေနိုင်အောင် ဖြစ်နေခဲ့ကြသည်။

အခန်း(၂၅၈၁)ပြီး၏။

အခန်း(၂၅၈၂)

“ယနေ့ခေတ် အင်မော်တယ်ကျင့်ကြံခြင်းစကြဝဠာရဲ့ အင်အားက အရင်နဲ့မတူဘဲ အတော်လေး တောင့်တင်းတဲ့အဆင့်ကို ရောက်နေပြီပဲ.. အဓိကအင်မော်တယ်ဂိုဏ်းတွေရဲ့ တကယ့်အင်အားက အပေါ်ယံမှာ ပြသထားတာထက် အများကြီး ပိုသန်မာပုံရတယ်”

ဟွမ်ယွမ် သူတော်စင်မြို့တော်၏ အထက် ကောင်းကင်ယံတွင် ကန့်လန့်ဖြတ် ချိတ်ဆွဲထားသည့် ရွှေရောင်စာလိပ်ပေါ်မှ နာမည်စာရင်းကို ကြည့်ရင်း ရွှယ်ယွင်ထျန်း၏ မျက်ဝန်းများတွင် အံ့အားသင့်သော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။

လွန်ခဲ့သော နှစ်ပေါင်းထောင်ချီက သူကိုယ်တိုင် အင်မော်တယ် ဂိုဏ်းပေါင်းစုံ ညီလာခံတွင် ပါဝင်ခဲ့စဥ်တွင် ရွှေရောင်စာလိပ်ပေါ်ရှိ နာမည်စာရင်းသည် လူသုံးထောင်ခန့်သာ ရှိခဲ့သည်။

ယခုတစ်ကြိမ်တွင်မူ အင်မော်တယ် ဂိုဏ်းပေါင်းစုံ ညီလာခံသို့ တက်ရောက်လာကြသည့် ပါရမီရှင် တပည့်များသည် အရေအတွက် တစ်သောင်းကိုပင် ကျော်လွန်သွားခဲ့ချေပြီ။

ဤအချက်ကို ကြည့်ခြင်းအားဖြင့် ယနေ့ခေတ် အင်မော်တယ်ကျင့်ကြံခြင်း စကြဝဠာ၏ အင်အားသည် လွန်ခဲ့သော နှစ်ပေါင်း ထောင်ချီကထက် စာလျှင် အဆပေါင်းများစွာ ပိုမို အားကောင်းလာသည်မှာ ထင်ရှားနေခဲ့၏။

သို့ရာတွင် အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာ၏ လက်ရှိအင်အားသာ သူစိတ်ကူးထားသည်ထက် အနည်းငယ် ပိုမို သာလွန်နေသော်လည်း ရွှယ်ယွင်ထျန်းသည် အင်မော်တယ်ဂိုဏ်းပေါင်းစုံ ညီလာခံ၏ ပထမအဆင့်အတွက် အနည်းငယ်မျှပင် စိုးရိမ်ပူပန်ခြင်း မရှိခဲ့ပေ။

အကယ်၍ ရွှယ်ချန်ကျဲ တစ်ယောက်တည်းသာ ပထမအဆင့်တွင် ပါဝင်မည် ဆိုလျှင် လက်ရှိအခြေအနေအရ ထိပ်ဆုံးအယောက် နှစ်ဆယ်တွင် ပါဝင်နိုင်ပါ့မလားဟု သူအနည်းငယ် စိုးရိမ်မိမည် ဖြစ်သည်။

သို့သော်လည်း ယခုတစ်ကြိမ်တွင် ရွှယ်ချန်ကျဲ အပြင် သွေးနတ်ဆိုးဂိုဏ်းတွင် ကျန်းချန်ကဲ့သို့ ကောင်းကင်ကိုပင် ဆန့်ကျင်နေသော တည်ရှိမှုမျိုး ရှိနေသေး၏။

ကျန်းချန်၏ လက်ရှိခွန်အားကို ရွှယ်ယွင်ထျန်း အတိအကျ မသိသော်လည်း သူကဲ့သို့ မဟာယာနနှောင်းပိုင်းအဆင့် ကျင့်ကြံသူပင်လျှင် ကျန်းချန်၏ ပြိုင်ဘက်မဖြစ်နိုင်မှန်း အလိုလို သိနေခဲ့သည်။

ကျန်းချန်၏ စွမ်းရည်ဖြင့်သာ ဆိုလျှင် အင်မော်တယ်ဂိုဏ်းပေါင်းစုံညီလာခံ၏ ပထမအဆင့်တွင် သူတို့ သွေးနတ်ဆိုးဂိုဏ်းသည် အနိုင်မရစရာအကြောင်း လုံးဝမရှိပေ။

ကျန်းချန်သာ အလိုရှိမည်ဆိုလျှင် ထိပ်ဆုံး အယောက်နှစ်ဆယ် စာရင်းအတွင်း ဝင်ရန်မပြောနှင့်၊ ထိပ်ဆုံးသုံးနေရာအတွက် ယှဥ်ပြိုင်ရန်ပင်လျှင် မဖြစ်နိုင်စရာ အကြောင်းမရှိချေ။

ကျန်းချန်က ဟွမ်ယွမ်သူတော်စင်မြို့တော်မှ ထွက်ခွာလာပြီးနောက်တွင် ဟွမ်ယွမ်ဓားဂိုဏ်းရှိရာ အရပ်သို့ တန်းတန်းမတ်မတ်ပင် ပျံသန်းသွားခဲ့သည်။

သို့သော်လည်း ဟွမ်ယွမ်သူတော်စင်မြို့တော်ကနေ ထွက်ခွာလာပြီး သိပ်မကြာခင်မှာပင် အောက်ဘက်မှ အစွမ်းထက်အရှိန်အဝါ ငါးခုသည် ရုတ်တရက် ကောင်းကင်ယံသို့ ထိုးတက်လာခဲ့ပြီး ကျန်းချန်ကို အလယ်ဗဟိုတွင် ထားကာ အခိုင်အမာ ဝိုင်းရံထားလိုက်ကြသည်။

ကျန်းချန်က ထိုလူငါးဦးကို တစ်ချက်ဝေ့ကြည့်ကာ အကဲခတ်လိုက်သည်။

သူ၏ ရှေ့တွင် ပေါ်လာသော လူငါးဦးစလုံးသည် ကပ်ဘေးအဆင့် လူငယ်ပါရမီရှင်များ ဖြစ်ကြသည်။

ထိုငါးဦးထဲတွင် အစွမ်းအထက်ဆုံးသူမှာ ကပ်ဘေးအထွတ်အထိပ် အဆင့်သို့ပင် ရောက်ရှိနေပြီ ဖြစ်၏။

ငါးဦးစလုံးက အပြာရောင် ဝတ်ရုံများကို ဆင်တူ ဝတ်ဆင်ထားကြပြီး ဝတ်ရုံပေါ်တွင် လျှို့ဝှက်ဆန်းကြယ်သည့် လျှပ်စီးသင်္ကေတကို ရေးဆွဲထား၏။

“ဝမ်လဲ့အင်မော်တယ်ဂိုဏ်းက လူတွေပါလား”

ယခုအခါတွင် ကျန်းချန်က အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာ၏ ထိပ်တန်း အင်မော်တယ်ဂိုဏ်းကြီး ဆယ်ဂိုဏ်းအကြောင်းကို ကောင်းစွာ နားလည်ထားပြီ ဖြစ်ရာ သူ့ရှေ့မှ လူငါးဦးကို တစ်ချက် ဝေ့ကြည့်လိုက်သည်နှင့် ၎င်းတို့၏ အထောက်အထားကို သိရှိလိုက်သည်။

ဝမ်လဲ့အင်မော်တယ်ဂိုဏ်းသည် အင်‌မော်တယ် ကျင့်ကြံခြင်းစကြဝဠာ၏ ထိပ်တန်း အင်မော်တယ်ဂိုဏ်းကြီး ဆယ်ဂိုဏ်းစာရင်းတွင် အဆင့်ငါးနေရာ၌ ရှိပြီး ထိပ်တန်း အင်မော်တယ်ဂိုဏ်းကြီး သုံးဂိုဏ်းနှင့် ကျိုလီအင်မော်တယ်ဂိုဏ်းတို့ ပြီးလျှင် အင်အားအကြီးဆုံး ဖြစ်ကာ ၎င်း၏ အင်အားသည် သွေးနတ်ဆိုးဂိုဏ်း အထွတ်အထိပ်ရောက်စဥ် ကာလကထက်ပင် များစွာ သာလွန်၏။

ဤအင်‌မော်တယ် စိတ်ကူးယဥ် ဟင်းလင်းပြင်ထဲရှိ သူ၏ ပထမဆုံးတိုက်ပွဲတွင် ဝမ်လဲ့အင်မော်တယ်ဂိုဏ်းမှ လူများနှင့် ထိပ်တိုက် ဆုံတွေ့ရလိမ့်မည်ဟု ကျန်းချန် မထင်မှတ်ထားခဲ့ပေ။

“ဟေ့ရောင် မင်းဘာသာမင်း အရှုံးပေးမလား.. ဒါမှမဟုတ် ငါကိုယ်တိုင် ဒီနေရာကနေ မင်းကို မောင်းထုတ်ပေးရမလား”

ကပ်ဘေး အထွတ်အထိပ် အဆင့်ကို ရောက်ရှိနေသည့် သာမန်ထွားကျိုင်းသော လူငယ်က ကျန်းချန်ကို အေးစက်စက်ကြည့်ကာ ပြောလိုက်သည်။

ထိုလူငယ်၏ မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သော အသံသည် ကျန်းချန်၏ နားထဲတွင် ဟိန်းထွက်သွားခဲ့၏။

“ငါ့အထင်တော့ ထွက်သွားရမှာက မင်းတို့ပဲ ဖြစ်မယ်ထင်တယ်”

ကျန်းချန်က ခပ်ယဲ့ယဲ့ပြုံးကာ အေးအေးလူလူပင် ပြောလိုက်သည်။

“မင်းတို့က ငါ့အနားကို ကိုယ့်ဘာသာကိုယ် ရောက်လာတာဆိုတော့ မင်းတို့ကို ပြိုင်ပွဲကနေ မောင်းထုတ်ပေးရတာပေါ့”

“ခွေးကောင်.. သေခါနီးတောင် စကားကြီးစကားကျယ်ပြောရဲသေးတယ်.. သေဖို့သာ ပြင်ထားလိုက်တော့”

ကပ်ဘေးအစောပိုင်း အဆင့်ရှိ ဝမ်လဲ့အင်မော်တယ်ဂိုဏ်းမှ တပည့်တစ်ဦးသည် နှာခေါင်းရှုံ့ကာ အေးစက်စက်‌ ရေရွတ်လိုက်ပြီး လောကကြီးကိုပင် ဖိနှိပ်နိုင်လောက်သည့် အရှိန်အဝါဖြင့် ကျန်းချန်ကို ချက်ချင်းဆိုသလို လှမ်းနင်းလိုက်သည်။

သူ၏ ဘယ်ဘက်ခြေထောက်က ချက်ချင်းဆိုသလို ပေတစ်ထောင် အရွယ်အစားခန့် ကြီးမားသွားခဲ့ပြီး ကြောက်မက်ဖွယ်လျှပ်စီးစွမ်းအင်များဖြင့် တောက်ပနေခဲ့သည်။

ယင်းက လျှပ်စီးနတ်ဘုရား၏ ဧရာမ ခြေထောက်တစ်ဖက်ကဲ့သို့ ကောင်းကင်ယံကနေ ကျဆင်းလာခဲ့ကာ ကျန်းချန်နှင့်ပတ်ဝန်းကျင် နေရာလွတ် တစ်ခုလုံးကို မှုန့်ချေတော့မည့်အလား ဖိနှိပ်လာခဲ့သည်။

ကျန်းချန်ကမူ တည်ငြိမ်သော အမူအရာဖြင့် နေရာမှာပင် မားမားမတ်မတ် ရပ်နေခဲ့၏။

ထိုအခိုက်အတန့်မှာပင် သူ၏ ခန္ဓာကိုယ်ကနေ ကြောက်မက်ဖွယ် ဓားအရှိန်အဝါတစ်ခုသည် ကောင်းကင်ယံသို့ ထိုးတက်သွားခဲ့ပြီး ဧရာမ ခြေ‌ထောက်ကြီးကို မျက်တောင်တစ်ခတ်အတွင်း အပိုင်းပိုင်း ဖြတ်တောက်ပစ်လိုက်သည်။

“အား..”

ဝမ်လဲ့အင်မော်တယ်ဂိုဏ်းမှ တပည့်က ရုတ်တရက် နာကျင်စွာ အော်ဟစ်လိုက်ရပြီး သူ၏ ခန္ဓာကိုယ် တစ်ခုလုံးသည် ကြောက်မက်ဖွယ်ဓားစွမ်းအင်ကြောင့် ချက်ချင်းဆိုသလိုပင် အစိတ်စိတ်အမြွှာမြွှာ ကွဲထွက်သွားခဲ့ကာ အင်မော်တယ်စိတ်ကူးယဥ် ဟင်းလင်းပြင်ထဲကနေ လုံးဝကို ပျောက်ကွယ်သွားခဲ့သည်။

“ဒါ.. ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”

ဤမြင်ကွင်းကို မြင်လိုက်ရလျှင် ကျန်ရှိသော ဝမ်လဲ့အင်မော်တယ်ဂိုဏ်းမှ တပည့်လေးဦး စလုံးသည် အကြီးအကျယ် မျက်နှာပျက်သွားခဲ့ကြသည်။

သူတို့ရှေ့မှ အညတရ လူငယ်လေးသည် သာမန် လှုပ်ရှားမှုလေး တစ်ခုဖြင့်ပင် သူတို့ ဝမ်လဲ့အင်မော်တယ်ဂိုဏ်းမှ ထူးချွန်သောပါရမီရှင်တစ်ဦးကို သတ်ဖြတ်ပစ်နိုင်လိမ့်မည်ဟု သူတို့ လုံးဝ ထင်မထားခဲ့ကြပေ။

“မင်း.. မင်းဘယ်သူလဲ”

ဝမ်လဲ့အင်မော်တယ်ဂိုဏ်းမှ လူများကို ဦးဆောင်လာသော သန်မာထွားကျိုင်းသော လူငယ်လေး၏ မျက်နှာထက်တွင် ထိတ်လန့်သော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။

ထိုကောင်လေး၏ သာမန် လှုပ်ရှားမှုတစ်ခုကပင် သူ၏အဖော်တစ်ဦးကို လျင်မြန်စွာ ကျဆုံးသွားစေခဲ့သည်။

ဤကဲ့သို့သော ပါရမီရှင်မျိုးသည် အင်မော်တယ် ကျင့်ကြံခြင်းစကြဝဠာ၏ ကပ်ဘေးအဆင့် ပါရမီရှင်များထဲတွင်ပင် အဆင့်သတ်မှတ်ချက် တစ်ခု သေချာပေါက် ရှိနေမည့်သူ ဖြစ်သည်။

ကျန်းချန်က ထိုလူငယ်ကို တစ်ချက်ကြည့်လိုက်ကာ အေးစက်စက် ပြောလိုက်သည်။

“ငါက မင်းတို့ကို ဒီနေရာကနေ မောင်းထုတ်ပေးမဲ့သူပဲ”

“ဟမ့်.. ငါတို့ကို မောင်းထုတ်ချင်ရင် မင်းမှာ အဲဒီလို စွမ်းရည်ရှိမရှိ အရင်ကြည့်ရသေးတာပေါ့.. အားလုံးပဲ အတူတူတိုက်ကြစို့”

သန်မာထွားကျိုင်းသော လူငယ်လး၏ မျက်ဝန်းထဲတွင် ထက်ရှသော လျှပ်စီးအလင်းတန်း တစ်ခု ရုတ်တရက် လင်းလက်သွားခဲ့သည်။

ယင်းနောက်တွင် သူက ကပ်ဘေး အထွတ်အထိပ် အဆင့်၏ အစွမ်းထက် အရှိန်အဝါများကို အစွမ်းကုန် ထုတ်ဖော်လိုက်၏။

ကျန်ရှိသော ဝမ်လဲ့အင်မော်တယ်ဂိုဏ်းမှ တပည့် သုံးဦးသည်လည်း အနည်းငယ်မျှပင် တုံ့ဆိုင်းမနေဘဲ သူတို့၏ စွမ်းရည်များကို အစွမ်းကုန် ထုတ်ဖော်လိုက်ကြကာ ထိုလူငယ်နှင့်ပူးပေါင်း၍ ကျန်းချန်ကို တိုက်ခိုက်ရန် ပြင်ဆင်လိုက်ကြသည်။

“တက်ကြ”

သန်မာထွားကျိုင်းသော လူငယ်က အမိန့်ပေးလိုက်သည်နှင့် တစ်ပြိုင်နက် တိုက်ပွဲသည် ချက်ချင်းဆိုသလို စတင်ခဲ့သည်။

အနက်‌ရောင်ဝတ်စုံဝတ် လူငယ်၏ အင်အားသည် လျှို့ဝှက်ဆန်းကြယ်ပြီး ခန့်မှန်းရခက်ခဲ၏။

အကယ်၍ တစ်ဦးချင်းသာ တိုက်ခိုက်မည်ဆိုလျှင် ထိုလူငယ်ကို အနိုင်ယူနိုင်ရန် သူ မသေချာပေ။

သူတို့အနေဖြင့် အင်မော်တယ် စိတ်ကူးယဥ် ဟင်းလင်းပြင်ထဲတွင် အနည်းငယ်မျှပင် ပေ့ါဆ၍ မရချေ။

အနည်းငယ်မျှ သတိလက်လွတ် ဖြစ်သွားသည်နှင့် တိုက်ပွဲမှ ထွက်သွားရမည့် ရလဒ်နှင့် ရင်ဆိုင်ရလိမ့်မည် မဟုတ်ပါလား။

သူတို့က အင်မော်တယ် စိတ်ကူးယဥ် ဟင်းလင်းပြင်ထဲသို့ ယခုလေးတင် ဝင်ရောက်လာခြင်း ဖြစ်ပြီး မည်သည့် အကျိုးကျေးဇူးကိုမှ မရရှိသေးသဖြင့် အင်မော်တယ် စိတ်ကူးယဥ် ဟင်းလင်းပြင်ထဲကနေ လွယ်လွယ်နှင့် မထွက်ခွာလိုကြပေ။

ထို့ကြောင့်ပင် သန်မာထွားကျိုင်းသော လူငယ်လေးသည် ကျန်းချန်ကို တစ်ဦးချင်း စိန်ခေါ်တိုက်ခိုက်ရန် အစီအစဥ်မရှိတော့ဘဲ ကျန်ရှိသော ဝမ်လဲ့အင်မော်တယ်ဂိုဏ်းမှ တပည့်သုံးဦးနှင့်အတူ ကျန်းချန် ဆီသို့ ပြေးဝင်လာခဲ့သည်။

တစ်ခဏအတွင်းမှာပင် စွမ်းအားနှင့် အရှိန်အဝါ မတူညီသော လျှပ်စီးလမ်းစဥ် မှော်စွမ်းအား လေးမျိုးသည် ကျန်းချန် ထံသို့ တစ်ပြိုင်နက်တည်း နီးပါး ကျရောက်လာခဲ့၏။

အထူးသဖြင့် ကပ်ဘေး အထွတ်အထိပ် အဆင့်ကို ရောက်ရှိနေသော လူငယ်လေး၏ လက်သီး ပတ်ပတ်လည်တွင် ကြောက်မက်ဖွယ်ရာကောင်းသော လျှပ်စီးအလင်းတန်းများ တောက်ပနေခဲ့သည်။

ထိုလူငယ်၏ လက်သီးချက်နှင့်အတူ ကြောက်မက်ဖွယ်လျှပ်စီးများသည် ကောင်းကင်ယံကို ချက်ချင်းဆိုသလို ထိုးဖောက်သွားခဲ့ပြီး ဟင်းလင်းပြင်ကို အက်ကွဲသွားစေခဲ့ရာ လောကကြီး တစ်ခုလုံးသည် ထိုအခိုက်အတန့်တွင် လျှပ်စီးငရဲဘုံတစ်ခု အဖြစ် ပြောင်းလဲသွားသကဲ့သို့ပင် ထင်မှတ်ရ၏။

ဝမ်လဲ့အင်မော်တယ်ဂိုဏ်းသည် အဓိကအားဖြင့် လျှပ်စီးလမ်းစဥ်ကို ကျင့်ကြံကြ၍ ဝမ်လဲ့အင်မော်တယ်ဂိုဏ်းမှ တပည့်များသည် သာမန်ထက် သန်မာ ထွားကျိုင်းကြသည်။

သန်မာထွားကျိုင်းသော လူငယ်လေး အပါအဝင် ပါရမီရှင်လေးဦး၏ ပူးပေါင်း တိုက်ခိုက်မှုသည် အလွန်အမင်း ကြောက်မက်ဖွယ်ရာ ကောင်းနေခဲ့သည်။

ကံဆိုးစွာဖြင့် သူတို့ ယခုတစ်ကြိမ် ရင်ဆိုင်မိသူမှာ ကျန်းချန် ဖြစ်နေခဲ့သည်။

“ပိုးစုန်းကြူးရဲ့ အလင်းရောင်ကများ လမင်းကြီးနဲ့အပြိုင်တောက်ပချင်နေတယ်လား”

ဝမ်လဲ့အင်မော်တယ်ဂိုဏ်းမှ လူငယ်လေးဦး၏ ပူးပေါင်းတိုက်ခိုက်မှုကို မြင်လျှင် ကျန်းချန်သည် မထီမဲ့မြင်ပြုံးကာ ခနဲ့လိုက်သည်။

မကြာမီမှာပင် လူသားဧကရာဇ်ဓားသည် လေထဲကနေ တစ်ဆင့် သူ၏ လက်ဖဝါးထဲတွင် ပေါ်ထွက်လာခဲ့၏။

“အင်မော်တယ်ဖျက်ဆီးခြင်းဓားသိုင်း.. အင်မော်တယ်များကို သတ်ဖြတ်ခြင်း”

ကျန်းချန်က ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင် သင်ကြားပေးထားသော အင်မော်တယ်ဖျက်ဆီးခြင်း ဓားသိုင်းကို အသုံးပြုလိုက်ရာ သတ်ဖြတ်ခြင်း အရှိန်အဝါများဖြင့် ပြည့်နှက်နေသော အနှိုင်းမဲ့ ဓားအလင်း တစ်ခုသည် လူသားဧကရာဇ်ဓားကို ဗဟိုပြု၍ ဟင်းလင်းပြင် တစ်ခုလုံးကို ချက်ချင်းဆိုသလို ဖုံးလွှမ်းသွားခဲ့သည်။

အရာအားလုံးကို ဖျက်ဆီးပစ်နိုင်သော သယ်‌ဆောင်လာသော အနှိုင်းမဲ့ ဓားအလင်းသည် သန်မာထွားကျိုင်းသော လူငယ်လေးဦး၏ တိုက်ကွက်များနှင့် ၎င်းတို့၏ ခန္ဓာကိုယ်များကိုပါ မျက်တောင်တစ်ခတ် အတွင်း ရှင်းလင်းပစ်လိုက်သည်။

ကျန်းချန်၏ တိုက်ကွက် တစ်ကွက်တည်းဖြင့်ပင် ဝမ်လဲ့အင်မော်တယ်ဂိုဏ်းမှ ပါရမီရှင် လေးဦးသည် တုံ့ပြန်ရန်ပင် အခွင့်အရေး မရရှိလိုက်ဘဲ အားလုံး ကျဆုံးသွားခဲ့ကြ၏။

အခန်း(၂၅၈၂)ပြီး၏။

All Chapters