အခန်း (၂၅၈၃-၂၅၈၄)
Vol. 199 Ch. 2583-2584
အခန်း(၂၅၈၃)
အင်မော်တယ်ဂိုဏ်းပေါင်းစုံညီလာခံ၏ ပထမအဆင့်ကို တရားဝင် ကျင်းပလိုက်သည်နှင့်အမျှ အဓိကအင်အားစုအသီးသီးမှ အကြီးအကဲများသည် လေထုထဲရှိ ရွှေရောင်စာလိပ်ကို စူးစိုက်ကြည့်နေခဲ့ကြသည်။
ဟွမ်ယွမ်သူတော်စင်မြို့တော်တွင် အင်မော်တယ် ဂိုဏ်းပေါင်းစုံ ညီလာခံကို ကြည့်ရှုရန် စုဝေးနေကြသော လူအများအပြားသည်လည်း ဆွေးနွေးပြောဆိုနေခဲ့ကြ၏။
“အင်မော်တယ် ဂိုဏ်းပေါင်းစုံ ညီလာခံရဲ့ ပထမအဆင့်ကတော့ စတင်နေပြီ.. ဒီတစ်ကြိမ် စာရင်းရဲ့ထိပ်ဆုံးနေရာကို ဘယ်သူရမလဲ မသိဘူး”
“ဒါက မေးနေစရာ လိုသေးလို့လား.. စာရင်းရဲ့ထိပ်ဆုံးနေရာက ဟွမ်ယွမ်ဓားဂိုဏ်းက ယွမ်ထျန်းချီ အတွက်ဆိုတာ သေချာနေတာပဲ”
“အဲဒီလိုတော့ တထစ်ချကြီး ပြောလို့မရသေးဘူး.. ယွမ်ထျန်းချီက အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာရဲ့ နံပါတ်တစ်ပါရမီရှင်လို့ သတ်မှတ်ခံထားရပေမဲ့ ဝူကျိ အင်မော်တယ်ဂိုဏ်းနဲ့ ထိုက်ယီ အင်မော်တယ်ဂိုဏ်းတို့ရဲ့ ပါရမီရှင်တွေကလည်း အဲဒီလောက်အထိ ညံ့မနေဘူး.. ဒါ့အပြင် အခုတစ်ကြိမ် အင်မော်တယ် ဂိုဏ်းပေါင်းစုံ ညီလာခံက မကြုံစဖူး ခမ်းနားနေတာဆိုတော့ တခြား ပြိုင်ဘက်ကင်း ပါရမီရှင်တွေလည်း ပေါ်ထွက်လာနိုင်ပါသေးတယ်”
“...........”
လူတိုင်းက အသီးသီး မှတ်ချက်မျိုးစုံ ပေးနေကြသော်လည်း အများစုသည် ဟွမ်ယွမ်ဓားဂိုဏ်းမှ ယွမ်ထျန်းချီကိုသာ စာရင်း၏ ထိပ်ဆုံးနေရာအတွက် ထင်ကြေးပေးခဲ့ကြ၏။
မည်သို့ပင်ဖြစ်စေကာမူ ဟွမ်ယွမ်ဓားဂိုဏ်းသည် အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာ၏ နံပါတ်တစ် အင်မော်တယ်ဂိုဏ်းကြီး ဖြစ်သည်။
ယွမ်ထျန်းချီသည် အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာ၏ နံပါတ်တစ် ဓားလမ်းစဥ် ပါရမီရှင် ဖြစ်ရုံသာမက ထူးခြားသော ခန္ဓာကိုယ် သွေးမျိုးဆက်ကိုပါ ပိုင်ဆိုင်ထားသူလည်း ဖြစ်သည်။
သူနှင့် ရွယ်တူများထဲတွင် သူ့ကို ယှဥ်နိုင်သူမှာ အမှန်တကယ်ပင် ရှားပါးလှ၏။
“ဟိုမှာကြည့်စမ်း.. စာရင်းမှာ အပြောင်းအလဲတွေ ဖြစ်နေခဲ့ပြီ”
ထိုအခိုက်အတန့်တွင် ကျင့်ကြံသူ တစ်ဦးက ဟွမ်ယွမ်သူတော်စင်မြို့တော် အထက်ရှိ ရွှေရောင်စာလိပ်ကို မော့ကြည့်ရင်း တအံ့တဩ ရေရွတ်လိုက်သည်။
လူတိုင်းက ရွှေရောင်စာလိပ်ဆီသို့ ကြည့်လိုက်ကြရာ စာရင်းပေါ်ရှိ အဆင့်သတ်မှတ်ချက်များက ပြောင်းလဲသွားသည်ကို တွေ့လိုက်ရ၏။
စာလိပ်၏ ထိပ်ဆုံး နေရာတွင် ဟွမ်ယွမ်ဓားဂိုဏ်းမှ ယွမ်ထျန်းချီ ရှိနေခဲ့ပြီး သူ၏ ရမှတ်မှာ ၁၁မှတ်အထိပင် ရောက်နေပြီ ဖြစ်သည်။
“အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာရဲ့ နံပါတ်တစ် ပါရမီရှင်ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ထိုက်တန်ပါပေတယ်.. တစ်ခဏအတွင်း ၁၀မှတ်တောင် တက်သွားတာပဲ”
“ကြည့်စမ်းပါဦး.. ဒုတိယနေရာကလူက ကျန်းချန်တဲ့.. အဲဒီလူက ဘယ်သူလဲ.. ငါလည်း တစ်ခါမှမကြားဖူးပါလား”
“ကြည့်ရတာ ဒီတစ်ကြိမ် အင်မော်တယ် ဂိုဏ်းပေါင်းစုံ ညီလာခံမှာ ဖျက်မြင်းတွေ အတော်များများ ပါဝင်လာပုံပဲ"
"အင်မော်တယ် ဂိုဏ်းပေါင်းစုံ ညီလာခံရဲ့ ပထမအဆင့်က အခုမှ စရုံပဲ ရှိသေးတာလေ.. တစ်ယောက်ယောက်က ကံကောင်းပြီး ရှေ့ကို ရောက်နေတတ်တာက ပုံမှန်ပါပဲ.. ပြိုင်ပွဲအဆုံးထိ အဲဒီနေရာမှာ မြဲနေမှသာ တကယ့်ဖျက်မြင်းလို့ သတ်မှတ်လို့ ရလိမ့်မယ်”
သေချာစဥ်းစားကြည့်လျှင် အင်မော်တယ် စိတ်ကူးယဥ်ဟင်းလင်းပြင်ကို ဖွင့်လှစ်မည့်အချိန်မှာ သုံးရက် ဖြစ်ပြီး အင်မော်တယ် စိတ်ကူးယဥ် ဟင်းလင်းပြင်နှင့် ပြင်ပကမ္ဘာ၏ အချိန် အချိုးအစားသည် ၁၀အချိုး၁ ဖြစ်သည်။
တစ်နည်းအားဖြင့် ဆိုရလျှင် ပြင်ပကမ္ဘာမှ သုံးရက်သည် အင်မော်တယ် စိတ်ကူးယဥ်ဟင်းလင်းပြင် အတွင်း ရက်ပေါင်းသုံးဆယ်နှင့် ညီမျှ၏။
လုံလောက်သော ခွန်အားမရှိဘဲ ဤမျှ ရှည်လျားသော အချိန်တစ်လျှောက်လုံး စာရင်း၏ ထိပ်ပိုင်းတွင် ရပ်တည်ရန်မှာ သေချာပေါက် မလွယ်ကူသော အလုပ်ပင်။
ဟွမ်ယွမ်သူတော်စင်မြို့တော်ရှိ လူတိုင်းက ထိုအကြောင်းကို ပြောဆိုနေကြစဥ်မှာပင် ဟွမ်ယွမ်သူတော်စင်မြို့တော်၏ မြို့စားစံအိမ် အတွင်းရှိ ဝမ်လဲ့အင်မော်တယ်ဂိုဏ်း တည်းခိုရာ သီးသန့်ခြံဝန်းထဲတွင် လျှပ်စီးဝတ်စုံကို ဝတ်ဆင်ထားပြီး ကြောက်မက်ဖွယ် အရှိန်အဝါများကို ထုတ်လွှတ်နေသည့် အဘိုးအို နှစ်ဦးသည် ခြံဝန်းအတွင်း၌ တင်ပျဥ်ခွေ၍ ထိုင်နေခဲ့ကြသည်။
ထိုလျှပ်စီးဝတ်ရုံဝတ် အဘိုးအိုနှစ်ဦးသည် ဝမ်လဲ့အင်မော်တယ်ဂိုဏ်းကို ဦးဆောင်၍ အင်မော်တယ် ဂိုဏ်းပေါင်းစုံ ညီလာခံကို တက်ရောက်လာကြသည့် မဟာယာနအဆင့် ကျင့်ကြံသူများ ဖြစ်ကြ၏။
ထိုနှစ်ဦး၏ ရှေ့တွင် လျှပ်စီးဝတ်ရုံဝတ် လူငယ် ခုနစ်ဦး၊ရှစ်ဦး ခန့်သည် ကျောက်ရုပ်များကဲ့သို့ မလှုပ်မယှက် ရပ်နေခဲ့ကြသည်။
ထိုလူငယ်များသည် ယခုတစ်ကြိမ် အင်မော်တယ်ဂိုဏ်းပေါင်းစုံ ညီလာခံတွင် ပါဝင်ရန် ရောက်ရှိလာကြသည့် ဝမ်လဲ့အင်မော်တယ်ဂိုဏ်းမှ လူငယ် ပါရမီရှင်များ ဖြစ်သည်။
ယခုအခါတွင် သူတို့သည် အင်မော်တယ် စိတ်ကူးယဥ်ဟင်းလင်းပြင် ထဲသို့ ရောက်ရှိနေခဲ့ကြချေပြီ။
“ဒီတစ်ကြိမ် အင်မော်တယ် ဂိုဏ်းပေါင်းစုံ ညီလာခံက မကြုံစဖူး ခမ်းနားလွန်းတာပဲ.. ငါတို့ ဝမ်လဲ့အင်မော်တယ်ဂိုဏ်း အနေနဲ့ ဒီထက် ပိုမြင့်တဲ့အဆင့်ကို တက်လှမ်းဖို့က မလွယ်လောက်ဘူး ထင်တယ်”
အနည်းငယ်ပို၍ အိုမင်းပုံရသည့် ဘယ်ဘက်မှ အဘိုးအိုက လေထုထဲရှိ အင်မော်တယ် စိတ်ကူးယဥ် ဟင်းလင်းပြင်ကို ကြည့်ကာ သက်ပြင်းချ၍ ရေရွတ်လိုက်သည်။
သူ၏ နံဘေးရှိ ဆံဖြူအဘိုးအိုက ပြုံး၍ ပြောလိုက်၏။
“ဟွမ်ယွမ်ဓားဂိုဏ်း၊ ဝူကျိအင်မော်တယ်ဂိုဏ်းနဲ့ ထိုက်ယီအင်မော်တယ်ဂိုဏ်း ဆိုတဲ့ ဂိုဏ်းကြီးသုံးဂိုဏ်းရဲ့ နေရာကို လုယူဖို့က ဘယ်လွယ်ကူပါ့မလဲ.. ဒါပေမဲ့ ငါတို့ ဝမ်လဲ့အင်မော်တယ်ဂိုဏ်း အနေနဲ့ ကျိုလီအင်မော်တယ်ဂိုဏ်းကိုတော့ ယှဥ်ပြိုင်လို့ရပါသေးတယ်”
လက်ရှိအချိန်တွင် ဝမ်လဲ့အင်မော်တယ်ဂိုဏ်းသည် အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာ၏ ထိပ်တန်းအင်မော်တယ်ဂိုဏ်းကြီး ဆယ်ဂိုဏ်းတွင် အဆင့်ငါးနေရာ၌ ရှိ၏။
ထိပ်တန်း အင်မော်တယ် ဂိုဏ်းကြီး သုံးဂိုဏ်း၏ နေရာကို ဝမ်လဲ့အင်မော်တယ်ဂိုဏ်း အနေဖြင့် လုယူရန် ခက်ခဲနိုင်သော်လည်း အဆင့်လေးနေရာမှ ကျိုလီ အင်မော်တယ်ဂိုဏ်းနှင့် သူတို့ ဝမ်လဲ့အင်မော်တယ်ဂိုဏ်းတို့၏ အင်အားကမူ သိပ်မကွာပေ။
အင်မော်တယ် ဂိုဏ်းပေါင်းစုံ ညီလာခံ၏ ပထမအဆင့်တွင် ဝမ်လဲ့အင်မော်တယ်ဂိုဏ်းသည် မဟာယာန တစ်ပိုင်းအဆင့် ပါရမီရှင် တစ်ဦးနှင့် ကပ်ဘေးအဆင့် ပါရမီရှင် ခုနစ်ဦးကို စေလွှတ်ထားသဖြင့် ကောင်းမွန်သော ရလဒ်တစ်ခုကို သေချာပေါက် ရရှိနိုင်မည်ဟု မျှော်လင့်နေခဲ့သည်။
သို့သော်လည်း ဆံဖြူအဘိုးအို၏ စကားဆုံးသည်နှင့် တစ်ပြိုင်နက် ခြံဝန်းအတွင်း၌ ဆန်းကြယ်သော ဟင်းလင်းပြင် စွမ်းအင်လှိုင်း တချို့ ရုတ်တရက် ပျံ့လွင့်လာခဲ့သည်။
နောက်ထပ် တစ်ခဏတွင် သူတို့ရှေ့၌ ကျောက်ရုပ် ရှစ်ရုပ်ကဲ့သို့ ငြိမ်သက်စွာ ရှိနေသော ဝမ်လဲ့ အင်မော်တယ်ဂိုဏ်း တပည့်များထဲမှ ငါးဦးသည် တစ်ပြိုင်နက်တည်း နီးပါး နိုးထလာကြသည်ကို တွေ့လိုက်ရသည်။
ဤမြင်ကွင်းကို မြင်လိုက်ရလျှင် လျှပ်စီးဝတ်ရုံဝတ် အဘိုးအို နှစ်ဦးစလုံးသည် ရုတ်တရက် မျက်နှာ အမူအရာ ပြောင်းလဲသွားခဲ့သည်။
မူလခန္ဓာကိုယ် ပြန်လည် နိုးထလာခြင်းသည် အင်မော်တယ် စိတ်ကူးယဥ် ဟင်းလင်းပြင်ထဲရှိ ကိုယ်ပွားပုံရိပ် အသတ်ခံလိုက်ရပြီး အင်မော်တယ် ဂိုဏ်းပေါင်းစုံ ညီလာခံ၏ ပထမအဆင့်မှ ထွက်လိုက်ရပြီ ဖြစ်ကြောင်း ဆိုလိုနေသည် မဟုတ်ပါလား။
အင်မော်တယ် စိတ်ကူးယဥ် ဟင်းလင်းပြင်ကို ဖွင့်လှစ်သည်မှာ အမွှေးတိုင်တစ်တိုင် လောင်ကျွမ်းစာခန့် မရှိသေးမီမှာခင် ဝမ်လဲ့အင်မော်တယ်ဂိုဏ်းမှ တပည့်ငါးဦးသည် ပြိုင်ပွဲမှ ထွက်လိုက်ရမည်ဟု သူတို့ လုံးဝ ထင်မထားခဲ့ကြပေ။
ထိုအထဲတွင် ဝမ်လဲ့ အင်မော်တယ်ဂိုဏ်း၏ ကပ်ဘေး အထွတ်အထိပ်အဆင့် ပါရမီရှင်နှစ်ဦး အနက် တစ်ဦး ဖြစ်သော လဲ့ခွမ်းလည်း ပါဝင်နေခဲ့၏။
ယင်းမှာ အမှန်တကယ်ပင် မယုံကြည်နိုင်စရာ ကောင်းလွန်းနေခဲ့သည်။
“လဲ့ခွမ်း ဘယ်လိုဖြစ်ရတာလဲ.. ဘာလို့ ချက်ချင်း ပြိုင်ပွဲက ထွက်လာရတာလဲ”
ဆံဖြူအဘိုးအိုက မယုံကြည်နိုင်သော အကြည့်ဖြင့် လဲ့ခွမ်းတို့ ငါးဦးကို ကြည့်ကာ မေးလိုက်သည်။
လဲ့ခွမ်းသည် သူတို့ ဝမ်လဲ့ အင်မော်တယ်ဂိုဏ်း၏ ကပ်ဘေး အထွတ်အထိပ် အဆင့် ပါရမီရှင် ဖြစ်သည်။
ကပ်ဘေးအဆင့် ပါရမီရှင်များထဲတွင် လဲ့ခွမ်း၏ တိုက်ခိုက်ရေးစွမ်းရည်သည် သေချာပေါက် ထိပ်တန်း အဆင့်တွင် ရှိရာ အဘယ်ကြောင့် ဤမျှအထိ လျင်မြန်စွာ အရေးနိမ့်သွားရပါသနည်း။
လဲ့ခွမ်း၏ မျက်နှာက အလွန်ပင် သုန်မှုန်နေခဲ့သည်။
“ကျွန်တော်တို့ အင်မော်တယ် စိတ်ကူးယဥ် ဟင်းလင်းပြင်ထဲမှာ အနက်ရောင်ဝတ်စုံဝတ် လူငယ်တစ်ယောက်နဲ့ မတော်တဆ ဆုံတွေ့ခဲ့တယ်.. ဒါပေမဲ့ အဲဒီ အနက်ရောင်ဝတ်စုံဝတ် လူငယ်ရဲ့ စွမ်းရည်က ခန့်မှန်းလို့ မရလောက်အောင် နက်ရှိုင်းနေလိမ့်မယ်လို့ ကျွန်တော်တို့ မထင်ထားခဲ့ဘူး.. သူက ဓားချက် တစ်ချက်တည်းနဲ့တင် ကျွန်တော်တို့ အားလုံးကို သတ်ဖြတ်ပစ်လိုက်တယ်”
ထိုစကားကိုကြားလျှင် ဆံဖြူအဘိုးအို ရုတ်တရက် မျက်မှောင်ကြုတ်သွားခဲ့သည်။
“ဘယ်လို.. ဓားချက်တစ်ချက်တည်းနဲ့ မင်းတို့ကို သတ်ဖြတ်လိုက်တယ် ဟုတ်လား.. ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”
လဲ့ခွမ်း၏ အင်အားနှင့် သူ၏ နံဘေးမှ ပါရမီရှင်အချို့၏ အင်အားကို ပူးပေါင်းလိုက်လျှင် မဟာယာန တစ်ပိုင်းအဆင့် ပါရမီရှင်တစ်ဦးနှင့် ရင်ဆိုင်ရလျှင်ပင် အနည်းဆုံး အချိန်တချို့ အထိ ခုခံနိုင်ရလိမ့်မည် မဟုတ်ပါလော။
“ကြည့်ရတာ ဒီတစ်ကြိမ် အင်မော်တယ် ဂိုဏ်းပေါင်းစုံ ညီလာခံမှာ မဟာယာနအဆင့် ပါရမီရှင်တွေ ပါဝင်နေပုံရတယ်”
ထိုအခိုက်အတန့်တွင် အိုမင်းသော မျက်နှာပေါက် ရှိသည့် အခြားအဘိုးအိုက လေထဲတွင် အသစ် ပြန်လည်ထွက်ပေါ်လာသည့် စာရင်းကို မော့ကြည့်ကာ လေးနက်စွာ ပြောလိုက်သည်။
“မင်းတို့ကို ဓားချက် တစ်ချက်တည်းနဲ့ သတ်ဖြတ်လိုက်တာက စာရင်းရဲ့ အဆင့်နှစ် နေရာမှာ ရှိနေတဲ့ ကျန်းချန်ပဲ ဖြစ်ရမယ်”
လဲ့ခွမ်းတို့ အဖွဲ့က တစ်ခဏမျှ အံ့အားသင့်သွားခဲ့ပြီး အလျင်အမြန်ပင် လေထဲရှိ စာရင်းကို မော့ကြည့်လိုက်ကြသည်။
စာရင်း၏ ဒုတိယနေရာတွင် ရမှတ်ခြောက်မှတ် ရရှိထားသော ကျန်းချန် ဟူသည့် အမည်ကို မြင်လိုက်ရလျှင် သူတို့၏ မျက်နှာများသည် ချက်ချင်းဆိုသလိုပင် အလွန်တရာ သုန်မှုန်သွားခဲ့၏။
“ဟုတ်တယ် ဒီကောင်ပဲ”
ယနေ့ စာရင်းပေါ်တွင် ရမှတ်ခြောက်မှတ်ထက် ပို၍ ရရှိထားသူမှာ ပထမနေရာမှ ယွမ်ထျန်းကျီနှင့် ဒုတိယနေရာမှ ကျန်းချန်တို့သာ ရှိကြသည်။
ယွမ်ထျန်းကျီကိုမူ လဲ့ခွမ်းတို့သည် သေချာပေါက် သိထားကြသည်။
အစောပိုင်းက ဟင်းလင်းပြင်ထဲတွင် သူတို့ကို ဓားချက်တစ်ချက်တည်းဖြင့် သတ်ဖြတ်လိုက်သူမှာ ဟွမ်ယွမ်ဓားဂိုဏ်းမှ ယွမ်ထျန်းကျီ မဟုတ်သည်ဖြစ်ရာ သံသယဖြစ်ဖွယ်ရာမရှိ ကျန်းချန်ဆိုသော လူသာ ဖြစ်ပေလိမ့်မည်။
“ဒီကျန်းချန် ဆိုတဲ့ကောင်လေးက မဟာယာနအဆင့် ပါရမီရှင် တစ်ယောက်ဆိုတာ သေချာသလောက်ပဲ.. ဒီကောင်လေးက ထိပ်တန်း အင်မော်တယ်ဂိုဏ်းကြီး သုံးဂိုဏ်းထဲက ဘယ်ဂိုဏ်းကများလဲ မသိဘူး”
အိုမင်းသော မျက်နှာပေါက်ရှိသည့် လျှပ်စီးဝတ်ရုံဝတ် အဘိုးအိုက လေထုထဲရှိ စာရင်းကို စူးစိုက်ကြည့်နေခဲ့သည်။
သူ၏ မျက်ဝန်းထဲတွင် ထက်ရှသော အလင်းတန်းတစ်ခု လင်းလက်သွားခဲ့၏။
နှစ်တစ်ထောင်ပင် မပြည့်သေးသော အချိန်အတွင်း မဟာယာန အထွတ်အထိပ် အဆင့်အထိ ကျင့်ကြံနိုင်သော ပါရမီရှင်ကို မွေးထုတ်ရန်မှာ မလွယ်ကူပေ။
အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာ တစ်ခုလုံးတွင် ထိုကဲ့သို့ လုပ်ဆောင်နိုင်သည့် အင်အားသည် ထိပ်တန်း အင်မော်တယ်ဂိုဏ်းကြီး သုံးဂိုဏ်းတွင်သာ ရှိပေလိမ့်မည်။
“အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာမှာ မဟာယာနအဆင့် ပါရမီရှင် ပေါ်ထွက်လာပြီပဲ.. ကြည့်ရတာ ဒီတစ်ကြိမ် အင်မော်တယ် ဂိုဏ်းပေါင်းစုံ ညီလာခံက ပိုပြီး စိတ်ဝင်စားဖို့ ကောင်းလာခဲ့ပြီ”
အခန်း(၂၅၈၃)ပြီး၏။
အခန်း(၂၅၈၄)
“အစ်ကိုကြီး.. အင်မော်တယ် စိတ်ကူးယဥ် ဟင်းလင်းပြင်ဖွင့်တာ သိပ်မကြာသေးဘူး.. ဒါပေမဲ့ ကျွန်တော်တို့ ဝမ်လဲ့အင်မော်တယ်ဂိုဏ်းက တပည့်ငါးယောက် ပြိုင်ပွဲက ထွက်လိုက်ရပြီ.. ကြည့်ရတာ ထိပ်တန်း အင်မော်တယ်ဂိုဏ်းကြီး ဆယ်ဂိုဏ်းထဲမှာ ကျွန်တော်တို့ ဝမ်လဲ့အင်မော်တယ်ဂိုဏ်းက အခြေအနေတော်တော်ဆိုးနေပုံပဲ”
လဲ့ခွမ်းတို့ ငါးဦးကို ကြည့်ရင်း ဆံဖြူအဘိုးအို၏ မျက်ဝန်းထဲတွင် စိုးရိမ်ပူပန်သော အမူအရာများ သိသိသာသာပင် ထွက်ပေါ်လာခဲ့သည်။
ကျန်အဘိုးအိုက အေးစက်စက် ပြောလိုက်သည်။
“ငါတို့ဂိုဏ်းက တပည့်သုံးယောက် အင်မော်တယ် စိတ်ကူးယဥ်ဟင်းလင်းပြင်ထဲမှာ ကျန်သေးတာပဲ.. ပထမအဆင့်မှာ ဝမ်လဲ့အင်မော်တယ်ဂိုဏ်းက တစ်ယောက်မှ မပါခဲ့ရင်တောင် ဝမ်လဲ့အင်မော်တယ်ဂိုဏ်းရဲ့ နေရာကို ဘယ်သူအစားထိုးချင်တာလဲ.. အစားထိုးချင်ရင် ငါသဘောတူ မတူ အရင်မေးရလိမ့်မယ်”
အင်မော်တယ် ဂိုဏ်းပေါင်းစုံ ညီလာခံ၏ ပထမအဆင့်သည် အမှန်တကယ်ပင် ထိပ်တန်း အင်မော်တယ်ဂိုဏ်းကြီး ဆယ်ဂိုဏ်း ပြင်ပရှိ အင်အားစုများ အတွက် ထိပ်တန်း အင်မော်တယ်ဂိုဏ်းကြီး ဆယ်ဂိုဏ်းဝင်ရန် အခွင့်အရေးတစ်ခု ဖြစ်သည်။
သူတို့ စေလွှတ်လိုက်သော ပါရမီရှင် တပည့်များက စာရင်း၏ ထိပ်ဆုံးအယောက်နှစ်ဆယ် အတွင်း ဝင်ရောက်နိုင်မှသာလျှင် ထိပ်တန်း အင်မော်တယ်ဂိုဏ်းကြီး ဆယ်ဂိုဏ်းကို တိုက်ခိုက်ရန် အရည်အချင်း ပြည့်မီမည် ဖြစ်သည်။
သို့သော်လည်း ဤပထမအဆင့်သည် ထိပ်တန်း အင်မော်တယ်ဂိုဏ်းကြီးဆယ်ဂိုဏ်း အတွက်မူ သက်ရောက်မှု ကြီးကြီးမားမား မရှိပေ။
မည်သို့ပင်ဖြစ်စေကာမူ အင်မော်တယ်ကျင့်ကြံခြင်းစကြဝဠာ၏ ထိပ်တန်း အင်မော်တယ်ဂိုဏ်းကြီး ဆယ်ဂိုဏ်းကို အဓိကအားဖြင့် မဟာယာနအဆင့် ကျင့်ကြံသူများ၏ ခွန်အားဖြင့်သာ ဆုံးဖြတ်ခြင်း ဖြစ်သည်။
ပထမအဆင့်၏ ထိပ်ဆုံး အယောက်နှစ်ဆယ် အတွင်းတွင် ထိပ်တန်း အင်မော်တယ် ဂိုဏ်းကြီးဆယ်ဂိုဏ်းမှ တပည့်တစ်ဦးမျှ မပါဝင်ခဲ့လျှင်ပင် ဒုတိယအဆင့်တွင် အနိုင်ရသရွေ့ သူတို့၏ အဆင့်အတန်းကို ဆက်လက် ထိန်းသိမ်းထားနိုင်ဦးမည်ဖြစ်သည်။
ဆိုရလျှင် အင်မော်တယ် ဂိုဏ်းပေါင်းစုံ ညီလာခံ၏ ပထမအဆင့် ပြိုင်ပွဲ ကျင်းပရာနေရာ ဖြစ်သည့် အင်မော်တယ် စိတ်ကူးယဥ် ဟင်းလင်းပြင်သည် တကယ်တမ်းတွင် ထိပ်တန်း အင်မော်တယ်ဂိုဏ်းကြီး ဆယ်ဂိုဏ်းမှ ပါရမီရှင် တပည့်များအတွက် လေ့ကျင့်ရေးကွင်းပြင် တစ်ခုမျှသာ ဖြစ်သည်။
သေချာစဥ်းစားကြည့်မည်ဆိုလျှင် အင်မော်တယ် စိတ်ကူးယဥ် ဟင်းလင်းပြင် ဆိုသည်မှာ ဟွမ်ယွမ်ကောင်းကင်နယ်မြေကို ပြန်လည် ပုံဖော်ထားသည့် ကမ္ဘာတစ်ခုသာ ဖြစ်၏။
အင်မော်တယ် စိတ်ကူးယဥ် ဟင်းလင်းပြင်ထဲတွင် ဟွမ်ယွမ်ကောင်းကင်နယ်မြေတစ်ခုလုံး၏ အရင်းအမြစ် အားလုံးသည် ပိုင်ရှင်မဲ့ အခြေအနေတွင် ရှိနေခဲ့ပြီး ဟင်းလင်းပြင်ထဲသို့ ဝင်ရောက်လာသူ မည်သူမဆို ရယူနိုင်၏။
ဆိုရလျှင် အင်မော်တယ် စိတ်ကူးယဥ် ဟင်းလင်းပြင်ထဲရှိ ကျင့်ကြံခြင်းအရင်းအမြစ်များကို ရယူခြင်းသည် အင်မော်တယ်ကျင့်ကြံခြင်း စကြဝဠာ၏ ပါရမီရှင်တပည့် အများစုက အင်မော်တယ် စိတ်ကူးယဥ် ဟင်းလင်းပြင်ထဲသို့ ဝင်ရောက်လာရသည့် တကယ့် ရည်ရွယ်ချက် ဖြစ်သည်။
ထိုစကားကို ကြားလျှင် ဆံဖြူအဘိုးအိုသည် ဘာစကားမျှ ထပ်မပြောတော့ပေ။
အင်မော်တယ်ဂိုဏ်းပေါင်းစုံ ညီလာခံ၏ ပထမအဆင့်သည် အင်အားစု အများစု အတွက် တပည့်များကို ဟင်းလင်းပြင်ထဲသို့ စေလွှတ်၍ အခွင့်အလမ်းများ ရှာဖွေခိုင်းခြင်းသာ ဖြစ်ပြီး အဆင့်သတ်မှတ်ချက်ကိုမူ သိပ်ဂရုမစိုက်ကြပေ။
ပထမအဆင့်၏ စာရင်းတွင် ဝမ်လဲ့အင်မော်တယ်ဂိုဏ်းမှ တပည့်တစ်ဦးမျှ ထိပ်ဆုံး အယောက်နှစ်ဆယ် အတွင်း မပါဝင်ခဲ့လျှင် မျက်နှာငယ်ရရုံမှလွဲ၍ ထိပ်တန်း အင်မော်တယ်ဂိုဏ်းကြီး ဆယ်ဂိုဏ်းအတွင်းရှိ ဝမ်လဲ့အင်မော်တယ်ဂိုဏ်း၏ နေရာကို ထိခိုက်မည် မဟုတ်ပေ။
ထို့အပြင် ဝမ်လဲ့အင်မော်တယ်ဂိုဏ်းတွင် အင်မော်တယ်စိတ်ကူးယဥ် ဟင်းလင်းပြင်ထဲ၌ မဟာယာန တစ်ပိုင်းအဆင့် ပါရမီရှင် တစ်ဦး ကျန်ရှိနေသေးသည်။
မတော်တဆမှု တစ်စုံတစ်ရာ မရှိသရွေ့ ထိုမဟာယာန တစ်ပိုင်းအဆင့် ပါရမီရှင်အတွက် စာရင်း၏ ထိပ်ဆုံးအယောက် နှစ်ဆယ်အတွင်း ဝင်ရန်မှာ ပြဿနာ ကြီးကြီးမားမား မရှိပေ။
ပြင်ပကမ္ဘာတွင် ကျန်းချန်၏ နာမည်ကြောင့် လှုပ်လှုပ်ရှားရှားဖြစ်နေချိန်တွင် အင်မော်တယ် စိတ်ကူးယဥ် ဟင်းလင်းပြင် အတွင်းရှိ ကျန်းချန်သည် ဝမ်လဲ့အင်မော်တယ်ဂိုဏ်းမှ ပါရမီရှင် တချို့ကို ဓားချက် တစ်ချက်တည်းဖြင့် သတ်ဖြတ်ပြီးနောက် ဟွမ်ယွမ်ဓားဂိုဏ်း တည်ရှိရာ အရပ်ဆီသို့ အလျင်အမြန်ပင် ပျံသန်းသွားခဲ့သည်။
လမ်းတစ်လျှောက်တွင် ကျန်းချန်သည် အခြားသောအင်အားစုများမှ ပါရမီရှင်တပည့် တချို့နှင့်လည်း ရင်ဆိုင်ခဲ့ရ၏။
သို့သော်လည်း ထိုပါရမီရှင် တပည့်များ၏ အင်အားသည် သန်မာသည်ဟု မဆိုနိုင်ဘဲ အစွမ်းအထက်ဆုံးသူပင် ကပ်ဘေး အဆင့်မျှသာ ရှိသည်။
ယင်းကဲ့သို့ ပါရမီရှင်များသည် ကျန်းချန်၏ မျက်စိထဲတွင် ပုရွက်ဆိတ်နှင့် မခြားပေ။
ကျန်းချန်က ထိုပါရမီရှင် တပည့်အားလုံးကို အားစိုက်စရာပင် မလိုဘဲ အလွယ်တကူ သတ်ဖြတ်နိုင်ခဲ့၏။
ဤသို့ဖြင့် အလွန်လျင်မြန်စွာပင် ကျန်းချန်၏ ရလဒ်သည် ဆယ်မှတ်ကျော်သွားခဲ့သည်။
ကျန်းချန်က လမ်းတစ်လျှောက် ဆုံတွေ့သမျှ ပါရမီရှင် တပည့်များကို သတ်ဖြတ်ရင်း အလျင်အမြန်ပင် ခရီးနှင်လာခဲ့သည်။
မိနစ်သုံးဆယ်ခန့်ကြာပြီးနောက်တွင် ကြောက်မက်ဖွယ်အရှိန်အဝါများ လွှမ်းခြုံထားသည့် ရှေးဟောင်းတောင်တန်းကြီးတစ်ခုသည် ကျန်းချန်၏ မြင်ကွင်းထဲတွင် အဆုံးသတ်၌ ပေါ်ထွက်လာခဲ့သည်။
“ဒါက ဟွမ်ယွမ်ဓားဂိုဏ်း တည်ရှိတဲ့ ဟွမ်ယွမ်တောင်တန်းလား”
ကျန်းချန်က သူ၏ရှေ့မှ ရှေးဟောင်းတောင်တန်းကြီးကို ကြည့်ကာ ခပ်တိုးတိုး ရေရွတ်လိုက်သည်။
သူက အနည်းငယ်မျှပင် တုံ့ဆိုင်းမနေဘဲ သူ့ရှေ့မှ ရှေးဟောင်းတောင်တန်းကြီး ဆီသို့ အရှိန်အဟုန်မြှင့်ကာ ပျံသန်းလာခဲ့၏။
ဟွမ်ယွမ်ဓားဂိုဏ်းနှင့် ပို၍ နီးကပ်လာလေလေ ကျန်းချန်သည် အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာ၏ နံပါတ်တစ် အင်မော်တယ်ဂိုဏ်းကြီး ထံမှ ကြောက်မက်ဖွယ် အရှိန်အဝါများကို ပို၍ မြင်တွေ့ရလေလေ ဖြစ်သည်။
ထိုနေရာတွင် ဟွမ်ယွမ်ဓားဂိုဏ်း၏ ပြိုင်ဘက်ကင်းဓားကျင့်ကြံသူ အမြောက်အများ ချန်ထားရစ်ခဲ့သည့် ဉာဏ်အလင်း စကားသံများပင် ရှိနေခဲ့သည်။
ယင်းက ထိုနေရာ၌ တစ်ထိုင်တည်း ကျင့်ကြံချင်စိတ်များ တဖွားဖွား ဖြစ်ပေါ်လာစေသည်အထိ ဆွဲဆောင်နေခဲ့၏။
“အင်မော်တယ် ကျင့်ကြံခြင်းစကြဝဠာရဲ့ နံပါတ်တစ် အင်မော်တယ်ဂိုဏ်းလို့ မပြောရဘူး.. တကယ်ကို သန့်စင်မြင့်မြတ်တဲ့ နယ်မြေပဲ”
ကျန်းချန်သည် ဟွမ်ယွမ်ဓားဂိုဏ်းနှင့် မိုင်ပေါင်း ရာချီဝေးကွာသော လေဟာနယ်ထဲတွင် လက်နှစ်ဖက်ကို နောက်ပစ်ကာ ဝင့်ကြွားစွာ ရပ်နေခဲ့သည်။
သူ၏ မျက်နှာထက်တွင် ချီးကျူးသော အရိပ်အယောင်များ ဖုံးဖိမရစွာ ဖြစ်ပေါ်နေခဲ့၏။
ကျန်းချန်က ဟွမ်ယွမ်ဓားဂိုဏ်း ပတ်ဝန်းကျင်ကို အသေအချာပင် စူးစမ်းလိုက်သည်။
အလွန်လျင်မြန်စွာပင် ဟွမ်ယွမ်ဓားဂိုဏ်း၏ ပတ်ဝန်းကျင်တွင် အလွန်တရာ ကြီးကျယ်သော ဓားအစီအရင် တစ်ခု ရှိနေသည်ကို သူခံစားမိခဲ့၏။
ထိုဓားအစီအရင်သည် ကောင်းကင်နှင့်မြေကြီး၏ စွမ်းအားများနှင့် ကောင်းကင်ယံမှ ကြယ်တာရာများ၏ စွမ်းအားများကို စုစည်းထားခြင်း ဖြစ်ပြီး အလွန်တရာပင် ရှုပ်ထွေးနက်နဲကာ ကောင်းကင်နှင့်မြေကြီးနှင့်ပင် တစ်သားတည်း ဖြစ်နေသကဲ့သို့ ရှိနေခဲ့သည်။
ကျန်းချန်၏ မျက်စိဖြင့်ပင် မည်သည့် အရိပ်အယောင်မျှ ရှာမတွေ့နိုင်အောင် ဖြစ်နေခဲ့၏။
သို့ရာတွင် ကျန်းချန်သည် ဟွမ်ယွမ်ဓားဂိုဏ်း၏ ဂိုဏ်းကာကွယ်ရေး အစီအရင်ကို ထိုးဖောက်မမြင်နိုင်သော်လည်း ထိုအစီအရင်သည် မည်မျှ ကြောက်မက်ဖွယ်ရာကောင်းမည်ကို အလိုလို သိနေခဲ့သည်။
မဟာယာန အထွတ်အထိပ်အဆင့်ရှိ ကျင့်ကြံသူတစ်ဦးသည်ပင် ဟွမ်ယွမ်ဓားဂိုဏ်းထဲသို့ အတင်းအကျပ် ဝင်ရောက်ရန် ကြိုးစားခဲ့လျှင် ထိုဓားအစီအရင်ကြောင့် ချက်ချင်းဆိုသလို အသတ်ခံရလိမ့်မည် ဖြစ်သည်။
“ဟွမ်ယွမ်ဓားဂိုဏ်းရဲ့ အုတ်မြစ်က တကယ်ကို နက်ရှိုင်းလွန်းတာပဲ”
ကျန်းချန်က အသက်ကို ခပ်ပြင်းပြင်းရှူရှိုက်လိုက်ပြီး ဟွမ်ယွမ်ဓားဂိုဏ်းကို ကြည့်နေသော သူ၏ အကြည့်သည် ပို၍ပင် လေးနက်သွားခဲ့သည်။
“ကောင်လေး.. ဟွမ်ယွမ်ဓားဂိုဏ်းက လူမရှိဘဲ ဟာလာဟင်းလင်းဖြစ်နေရင်တောင် ဝင်ဖို့ မလွယ်ဘူးလို့ ငါမင်းကို ပြောခဲ့သားပဲ.. ဟွမ်ယွမ်ဓားဂိုဏ်းရဲ့ ဂိုဏ်း ကာကွယ်ရေး အစီအရင်က အင်မော်တယ်အဆင့် အစီအရင်ပဲ.. အစစ်အမှန် အင်မော်တယ်တစ်ပါး ဆင်းသက်မလာဘူးဆိုရင် ဘယ်သူပဲဖြစ်ဖြစ် ဟွမ်ယွမ်ဓားဂိုဏ်းထဲကို ကျူးကျော်ဝင်ရောက်ဖို့ ကြိုးစားလိုက်တာနဲ့ ရလာမဲ့ရလဒ်က တစ်ခုတည်းပဲ ရှိတယ်.. အဲဒါက ဝိညာဥ်ပါမကျန် သေဆုံးသွားမဲ့ရလဒ်ပဲ”
ထိုအခိုက်အတန့်တွင် အင်မော်တယ်ကျောက်တိုင်၏ သတိပေးသံသည် ကျန်းချန်၏ စိတ်ထဲတွင် ထွက်ပေါ်လာခဲ့သည်။
အင်မော်တယ်ကျောက်တိုင်က ကျန်းချန် စိတ်လက်မာန်ပါ ဖြစ်ကာ ဟွမ်ယွမ်ဓားဂိုဏ်း ထဲသို့ အတင်းအကျပ် ဝင်ရောက်ရန် ကြိုးစားမည်ကို အမှန်တကယ်ပင် စိုးရိမ်နေခဲ့သည်။
ထိုသို့ လုပ်ဆောင်ခြင်းသည် ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်းခြင်းနှင့် မခြားပေ။
“စိတ်မပူပါနဲ့ ကျွန်တော် အဲဒီလောက်အထိ မအပါဘူး”
ဟွမ်ယွမ်ဓားဂိုဏ်း၏ ဂိုဏ်းကာကွယ်ရေး အစီအရင်သည် ထျန်းယွိ အမွေအနှစ်နယ်မြေထဲရှိ ထျန်းယွိ စီစဥ်ထားသည့် အစီအရင်များထက် များစွာပို၍ အားကောင်းသည်။
ထို့အပြင် ဤအစီအရင်သည် လုံးဝ ပြီးပြည့်စုံနေခဲ့ပြီး မည်သည့် အားနည်းချက်မျှ မရှိသလောက်ပင်။
ထိုကဲ့သို့ အမြင့်မြတ်ဆုံး ဓားအစီအရင်ကို ကျူးကျော်ဝင်ရောက်လျှင် မည်သို့သော ရလဒ်များ ဖြစ်ပေါ်လာမည်ကို ကျန်းချန် သေချာပေါက် သိရှိထားခဲ့သည်။
ထို့ကြောင့် သူက ဟွမ်ယွမ်ဓားဂိုဏ်း အတွင်းသို့ အတင်းအကျပ် ဝင်ရောက်ရန် တစ်ခါမျှ မစဥ်းစားခဲ့ပေ။
ယခုအခါတွင် သူ့အနေဖြင့် ဟွမ်ယွမ်ဓားဂိုဏ်းထဲသို့ ဝင်ရောက်ရန် နည်းလမ်းနှစ်လမ်းသာ ရှိသည်။
ပထမနည်းလမ်းမှာ သူ့ရှေ့ရှိ ဓားအစီအရင်ကို ဆင်ခြင်သုံးသပ်၍ အဆ ၁၀၀ စနစ်ကို အသုံးပြုကာ ဓားအစီအရင်ကို နားလည်အောင် ကြိုးစားခြင်း ဖြစ်သည်။
သို့သော်လည်း ဟွမ်ယွမ်ဓားဂိုဏ်း၏ အစီအရင်သည် အင်မော်တယ် အစီအရင်ဖြစ်၍ အပြည့်အဝနားလည်ရန် အချိန်များစွာ ယူရပေလိမ့်မည်။
သူအစီအရင်ကို အပြည့်အဝ နားမလည်မီမှာပင် အင်မော်တယ် စိတ်ကူးယဥ် ဟင်းလင်းပြင် လုံးဝ ပိတ်သွားမည်ကို သူ စိုးရိမ်မိသည်။
နောက်တစ်နည်းမှာ ဤနေရာ၌ ဟွမ်ယွမ်ဓားဂိုဏ်းမှ တပည့်များကို စောင့်ဆိုင်းပြီး တပည့်တစ်ဦးဦး ထံမှ ဂိုဏ်းထဲသို့ ဝင်ရောက်နိုင်မည့် နည်းလမ်းကို ရယူရန် ဖြစ်သည်။
ဟွမ်ယွမ်ဓားဂိုဏ်းသည် အင်မော်တယ် ကျင့်ကြံခြင်းစကြဝဠာ၏ နံပါတ်တစ် အင်မော်တယ်ဂိုဏ်းကြီး ဖြစ်သည့် အလျောက် အင်မော်တယ်စိတ်ကူးယဥ်ဟင်းလင်းပြင် ထဲသို့ အနည်းဆုံး ပါရမီရှင် တပည့် ဆယ်ဦးခန့် စေလွှတ်ထားလောက်၏။
ထို ဟွမ်ယွမ်ဓားဂိုဏ်းမှ ပါရမီရှင် တပည့်များသည် ဟွမ်ယွမ်ဓားဂိုဏ်း၏ အရင်းအမြစ်များကို ကျင့်ကြံရန် အတွက် စိတ်ကြိုက် အသုံးပြုနိုင်မည့် အခွင့်အရေးအား သေချာပေါက် လက်လွှတ်ခံလိမ့်မည် မဟုတ်ပေ။
ယင်းကြောင့် ဟွမ်ယွမ်ဓားဂိုဏ်းမှ တပည့်များသည် သိပ်မကြာမီ ဤနေရာသို့ ရောက်ရှိလာမည်ဟု ကျန်းချန် ကောက်ချက်ချလိုက်သည်။
ထိုသို့ တွေးမိပြီးနောက် ကျန်းချန်၏ မျက်ဝန်းများတွင် တောက်ပသော အလင်းတန်းများ လင်းလက်သွားခဲ့သည်။
သူက ဟွမ်ယွမ်ဓားဂိုဏ်း၏ ဓားအစီအရင်ကို ကြည့်ရင်း ဟွမ်ယွမ်ဓားဂိုဏ်းမှ တပည့်များ ရောက်ရှိလာမည်ကိုသာ စောင့်ဆိုင်းနေလိုက်တော့သည်။
အခန်း(၂၅၈၄)ပြီး၏။