အခန်း (၂၅၈၅-၂၅၈၆)
Vol. 199 Ch. 2585-2586
အခန်း(၂၅၈၅)
ကျန်းချန်က ဟွမ်ယွမ်ဓားဂိုဏ်း၏ အပြင်ဘက်တွင် ဝင့်ကြွားစွာ ရပ်ကာ ဓားအစီအရင်ကို ငြိမ်သက်စွာ စောင့်ကြည့်နေခဲ့သည်။
သူက အဆ ၁၀၀ စနစ်၏ စွမ်းအားကို အသုံးပြု၍ အဆ ၁၀၀ သိမြင်မှုကို လှုံ့ဆော်လိုက်ရာ ဟွမ်ယွမ်ဓားဂိုဏ်း၏ ကာကွယ်ရေး အစီအရင်က ဟွမ်ယွမ်ကောင်းကင် ဓားအစီအရင် ဖြစ်ကြောင်း သိရှိလိုက်ရသည်။
အဆ ၁၀၀ စနစ်၏ ထိုးထွင်းသိမြင်မှုဖြင့်ပင် သူဆင်ခြင်သုံးသပ်သည့် အကြိမ်တိုင်းတွင် တစ်သောင်းပုံ တစ်ပုံခန့်သာ နားလည်နိုင်၏။
တစ်နည်းအားဖြင့် ဆိုရလျှင် လအနည်းငယ် အတွင်း ဟွမ်ယွမ်ကောင်းကင်ဓားအစီအရင်ကို အပြည့်အဝ နားလည်ရန်မှာ သူ့အတွက် လုံးဝမဖြစ်နိုင်ပေ။
သို့သော် အင်မော်တယ် စိတ်ကူးယဥ် ဟင်းလင်းပြင် ဖွင့်လှစ်သည့်အချိန်မှာ အကန့်အသတ် ရှိနေသဖြင့် သူ၏ ရှေ့ရှိ အစီအရင်ကို နားလည်အောင် လုပ်ရန် ထိုမျှလောက် အချိန်အများကြီး မရှိပေ။
ကျန်းချန်က ခေါင်းကို ခါရမ်းလိုက်ပြီး အစီအရင်ကို ဆက်လက် ဆင်ခြင်ရန် စိတ်မပါတော့ဘဲ ဟွမ်ယွမ်ဓားဂိုဏ်းမှ တပည့်များ ရောက်ရှိလာမည့် အချိန်ကိုသာ စောင့်ဆိုင်းနေလိုက်တော့သည်။
သူက အချိန်ကြာမြင့်စွာ မစောင့်ဆိုင်းလိုက်ရပေ။
အမွှေးတိုင်တစ်တိုင် လောင်ကျွမ်းစာခန့် အချိန်တွင် ငွေရောင်ဓားအလင်း တစ်ခုသည် ကောင်းကင်ယံကနေ ဟွမ်ယွမ်ဓားဂိုဏ်း ရှိရာဘက်သို့ အရှိန်အဟုန်ဖြင့် ပျံသန်းလာခဲ့သည်။
မျက်တောင်တစ်ခတ် အတွင်းမှာပင် ထိုဓားအလင်းသည် ကျန်းချန်၏ အနောက်ရှိ ပေပေါင်းထောင်ချီ အကွာတွင် ပေါ်ထွက်လာခဲ့၏။
ထိုဓားအလင်းတန်း အထက်တွင် အေးစက်သော မျက်နှာထားရှိပြီး သိမ်းငှက်ကဲ့သို့ စူးရှသော မျက်ဝန်းများကို ပိုင်ဆိုင်ထားသည့် ငွေရောင်ဝတ်ရုံဝတ် လူငယ်တစ်ဦး ရှိနေခဲ့သည်။
ငွေရောင်ဝတ်ရုံဝတ် လူငယ်သည် ဟွမ်ယွမ်ဓားဂိုဏ်း၏ အပြင်ဘက်တွင် ရပ်နေသော ကျန်းချန်ကို ကြည့်ကာ အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့သည်။
“မင်းဘယ်သူလဲ.. ငါတို့ ဟွမ်ယွမ်ဓားဂိုဏ်းရဲ့ အပြင်ဘက်မှာ ဘာလို့ ရောက်နေရတာလဲ”
အင်မော်တယ် စိတ်ကူးယဥ် ဟင်းလင်းပြင်ထဲတွင် ပြန်လည် ပုံဖော်ထားသော ဟွမ်ယွမ်ဓားဂိုဏ်းသည် လူသူမရှိသည်မှ လွဲ၍ လက်တွေ့ကမ္ဘာမှ ဟွမ်ယွမ်ဓားဂိုဏ်းနှင့် တထေရာတည်း တူညီနေခဲ့သည်။
ထို့ကြောင့် ဟွမ်ယွမ်ဓားဂိုဏ်း၏ ဂိုဏ်းကာကွယ်ရေးအစီအရင်ဖြစ်သော ဟွမ်ယွမ်ကောင်းကင် ဓားအစီအရင်သည်လည်း အပြည့်အဝပင် ပုံရိပ် ထင်ဟပ်နေခဲ့၏။
ဟွမ်ယွမ်ကောင်းကင်ဓားအစီအရင် ကဲ့သို့ မြင့်မြတ်သော အင်မော်တယ်အစီအရင် ရှိနေသဖြင့် သူတို့ ဟွမ်ယွမ်ဓားဂိုဏ်း၏ တပည့်များမှ လွဲ၍ မဟာယာန အထွတ်အထိပ်အဆင့် ကျင့်ကြံသူများပင်လျှင် အတင်းအကျပ် ထိုးဖောက်ဝင်ရောက်နိုင်မည် မဟုတ်ပေ။
ရှေးခေတ်ကာလက အင်မော်တယ် စိတ်ကူးယဥ် ဟင်းလင်းပြင်ကို ဖွင့်လှစ်စဥ်အခါကဆိုလျှင် လူအများအပြားသည် ဟွမ်ယွမ်ဓားဂိုဏ်း ထဲသို့ အတင်းအကျပ် ဝင်ရောက်ရန် ကြိုးစားခဲ့ကြသည်။
သို့သော်လည်း ထိုသို့ ဝင်ရောက်ရန် ကြိုးစားသူ အားလုံးသည် ဟွမ်ယွမ်ကောင်းကင်ဓားအစီအရင်ကြောင့် ချက်ချင်းဆိုသလို အသတ်ခံခဲ့ရ၏။
ထို့ကြောင့်ပင် အင်မော်တယ် စိတ်ကူးယဥ် ဟင်းလင်းပြင် ဖွင့်လှစ်သည့် အကြိမ်တိုင်းတွင် ဤနေရာရှိ ဟွမ်ယွမ်ဓားဂိုဏ်းသည် ပိုင်ရှင်မဲ့နယ်မြေ ဖြစ်နေသည်ကို လူတိုင်းသိကြသော်လည်း မည်သူကမျှ ဟွမ်ယွမ်ဓားဂိုဏ်း၏ အရင်းအမြစ်များကို လာရောက် ထိပါးဝံ့ခြင်း မပြုရဲကြပေ။
ထိုအတွက်ကြောင့် ငွေရောင်ဝတ်စုံဝတ် လူငယ်သည် ယခုတစ်ကြိမ်တွင် ဟွမ်ယွမ်ဓားဂိုဏ်း ဆီသို့ တစ်စုံတစ်ဦး လာရောက်လိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။
ကျန်းချန်က ငွေရောင်ဝတ်စုံဝတ် လူငယ်ကို ကြည့်ကာ ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။
“မင်းက ဟွမ်ယွမ်ဓားဂိုဏ်းရဲ့ တပည့်ဖြစ်မယ် ထင်တယ်.. ငါ မင်းကို ဒီမှာစောင့်နေတာ အတော်ကြာပြီ”
ထိုစကားကို ကြားလျှင် ငွေရောင်ဝတ်စုံဝတ် လူငယ်က မျက်ခုံးကို ပင့်လိုက်သည်။
“ငါလည်း မင်းကို မသိဘဲ မင်း ငါ့ကို ဒီမှာဘာလို့ စောင့်နေတာလဲ”
“ပွင့်ပွင့်လင်းလင်း ပြောရရင် ငါက မင်းတို့ ဟွမ်ယွမ်ဓားဂိုဏ်းထဲကို ဝင်ဖို့ အတွက် မင်းကို စောင့်နေတာပဲ.. ငါ့ရဲ့ ခန့်မှန်းချက်သာ မမှားဘူးဆိုရင် မင်းတို့ ဟွမ်ယွမ်ဓားဂိုဏ်းရဲ့ တပည့်တွေမှာ အထဲကို ဝင်နိုင်တဲ့ နည်းလမ်းရှိတယ် မဟုတ်လား”
ကျန်းချန်က ရှည်ရှည်ဝေးဝေး မပြောချင်တော့၍ တိုက်ရိုက်ပင် ပြောလိုက်သည်။
“ဟွမ်ယွမ်ဓားဂိုဏ်းထဲကို ဘယ်လိုဝင်ရမလဲဆိုတာ ပြောပြစမ်း.. ဒါဆိုရင် ငါ မင်းအသက်ကို ချမ်းသာပေးမယ်”
ကျန်းချန် ထိုသို့ ပြောလိုက်သည်နှင့် တစ်ပြိုင်နက် ငွေရောင်ဝတ်ရုံဝတ် လူငယ်၏ မျက်နာက ချက်ချင်းပင် ခက်ထန်သွားခဲ့သည်။
ဟွမ်ယွမ်ဓားဂိုဏ်းသည် အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာ၏ နံပါတ်တစ် အင်မော်တယ်ဂိုဏ်းကြီး ဖြစ်သည်။
ဝူကျိ အင်မော်တယ်ဂိုဏ်းနှင့် ထိုက်ယီ အင်မော်တယ်ဂိုဏ်းတို့ ပင်လျှင် ဟွမ်ယွမ်ဓားဂိုဏ်းနှင့် ယှဥ်လျှင် များစွာ နိမ့်ကျ၏။
အင်မော်တယ်ဂိုဏ်းပေါင်းစုံ ညီလာခံ ဖွင့်လှစ်သည့် အကြိမ်တိုင်းတွင် အခြားသော အင်အားစုများသည် ဟွမ်ယွမ်ဓားဂိုဏ်းမှ တပည့်များကို အသုံးချပြီး ဂိုဏ်းထဲ ဝင်ရောက်ရန် ကြံစည်ဖို့ မပြောနှင့်၊ ဟင်းလင်းပြင်ထဲတွင် ဟွမ်ယွမ်ဓားဂိုဏ်းမှ တပည့်များနှင့် ဆုံတွေ့လျှင်ပင် ရှောင်လွဲသွားကြသည်က များသည်။
သို့သော်လည်း သူ၏ ရှေ့မှ လျှို့ဝှက်ဆန်းကြယ်သော လူငယ်ကမူ ဟွမ်ယွမ်ဓားဂိုဏ်း ဆီသို့ တိုက်ရိုက်ပင် လာရောက်၍ သူ့ကို စောင့်ဆိုင်းနေပြီး ဟွမ်ယွမ်ဓားဂိုဏ်း၏ တပည့်များ ထံမှ တစ်ဆင့် ဂိုဏ်းထဲသို့ ဝင်ရောက်ရန် ကြိုးစားနေခဲ့သည်။
ဆိုရလျှင် အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာတွင် အင်မော်တယ် စိတ်ကူးယဥ် ဟင်းလင်းပြင် စတင် ပေါ်ပေါက်လာစဥ်ကတည်းကပင် သူ့ရှေ့မှ အနက်ရောင်ဝတ်စုံဝတ် လူငယ်သည် ဤကဲ့သို့ လုပ်ဆောင်ဝံ့သည့် သမိုင်းတစ်လျှောက် ပထမဆုံးပုဂ္ဂိုလ် ဖြစ်နိုင်ပေသည်။
“ဟွမ်ယွမ်ဓားဂိုဏ်းနဲ့ သက်ဆိုင်တဲ့ အရာမှန်သမျှကို အပြင်လူတွေ မျက်စောင်းတောင် ထိုးခွင့်မရှိဘူး”
ငွေရောင်ဝတ်စုံဝတ် လူငယ်က ကျန်းချန်ကို လှောင်ပြုံး ပြုံးကာ ကြည့်လိုက်သည်။
“နာမည်မရှိတဲ့ကောင် တစ်ကောင်က ငါ့ရှေ့မှာ လာပြီး ရမ်းကားချင်နေတာပဲ.. မင်းက သေတွင်းထဲ ကိုယ်တိုင် ခုန်ဆင်းချင်နေမှတော့ ငါ ယွမ်ဟောင်ယွီက ဒီနေ့ မင်းဆန္ဒကို ဖြည့်ဆည်းပေးမယ်”
ယွမ်ဟောင်ယွီက အေးစက်စက် ကြုံးဝါးလိုက်သည်။
ထိုခဏဝယ် သူ၏ ခန္ဓာကိုယ်ကနေ တောက်ပသော ငွေရောင်ဓားအလင်း တစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့၏။
ထိုငွေရောင်ဓားအလင်းသည် အလွန်တရာပင် အစွမ်းထက်ပြီး ဟင်းလင်းပြင်ကို တိုက်ရိုက်ပင် ထိုးခွဲကာ ကျန်းချန် ဆီသို့ သက်ရောက်လာခဲ့သည်။
ကျန်းချန်က ခြေတစ်လှမ်းလှမ်းကာ မျက်တောင်တစ်ခတ်အတွင်း ပေပေါင်းထောင်ချီ ရွေ့လျားသွားခဲ့ပြီး ထိုငွေရောင်ဓားအလင်းကို ရှောင်တိမ်းလိုက်သည်။
ငွေရောင်ဓားအလင်းသည် ကျန်းချန် အစောပိုင်းက ရှိနေခဲ့သည့် နေရာကို ချက်ချင်းပင် သက်ရောက်သွားခဲ့ပြီး ထိုနေရာရှိ ဟင်းလင်းပြင်ကို နှစ်ခြမ်းကွဲသွားစေခဲ့၏။
ကြောက်မက်ဖွယ် ငွေရောင်ဓားအလင်းသည် ဟွမ်ယွမ်ဓားဂိုဏ်း၏ ပတ်ဝန်းကျင်အထိ ပျံ့နှံ့သွားခဲ့ပြီးနောက်တွင် မမြင်နိုင်သော ဓားအစီအရင် တစ်ခုကြောင့် လုံးဝ ပျောက်ကွယ်သွားခဲ့သည်။
“မင်းက ဘယ်ဆိုးလို့လဲ.. ဒါကြောင့်လည်း ငါတို့ ဟွမ်ယွမ်ဓားဂိုဏ်းအထိ လာပြီး ရမ်းကားရဲတာကိုး”
သူ၏ ဓားချက်ကို ကျန်းချန်က ဤမျှအထိ အလွယ်တကူ ရှောင်ရှားနိုင်သည်ကို မြင်လျှင် ယွမ်ဟောင်ယွီ၏ မျက်ဝန်းထဲတွင် အံ့အားသင့်သော အရိပ်အယောင်များ ယှက်သန်းသွားခဲ့သည်။
ဟွမ်ယွမ်ဓားဂိုဏ်းသည် အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာ၏ နံပါတ်တစ် အင်မော်တယ်ဂိုဏ်းကြီး ဖြစ်ပြီး ဓားလမ်းစဥ်ကို အထူးပြု ကျင့်ကြံကြ၏။
ဟွမ်ယွမ်ဓားဂိုဏ်းမှ တပည့်များသည် တိုက်ခိုက်ရေးစွမ်းရည်တွင် ထူးချွန်ကြပြီး အဆင့်တူ အတွင်း ပြိုင်ဘက်ကင်းဟုပင် ဆို၍ ရသည်။
ယွမ်ဟောင်ယွီသည် ဟွမ်ယွမ်ဓားဂိုဏ်း၏ မဟာယာန တစ်ပိုင်းအဆင့် ပါရမီရှင်တစ်ဦး ဖြစ်သည့်အလျောက် မဟာယာန တစ်ပိုင်းအဆင့် ပါရမီရှင်များထဲတွင်ပင် သူ့ကို ယှဥ်နိုင်သူ အနည်းငယ်မျှသာ ရှိ၏။
သာမန် ကပ်ဘေး အထွတ်အထိပ်အဆင့် ပါရမီရှင် ပင်လျှင် အစောပိုင်းက သူ၏ ဓားချက်ကို ရှောင်ရှားရန် လွယ်ကူမည် မဟုတ်ပေ။
သို့သော်လည်း သူ၏ရှေ့မှ လူက သူ၏ ဓားချက်ကို ရှောင်ရှားနိုင်သည်ဖြစ်ရာ သေချာပေါက် အရည်အချင်းတချို့ ရှိနေခဲ့၏။
“မင်းက မဟာယာန တစ်ပိုင်းအဆင့် ဓားလမ်းစဥ်ပါရမီရှင်ကိုး.. ကြည့်ရတာ မင်းတို့ ဟွမ်ယွမ်ဓားဂိုဏ်းမှာ မဟာယာန တစ်ပိုင်းအဆင့် ပါရမီရှင်က တစ်ယောက်ထက်မက ရှိနေပုံပဲ”
ကျန်းချန်၏ မျက်ဝန်းများက ကျဥ်းမြောင်းသွားခဲ့သည်။
ထို့နောက်တွင် သူက ခေါင်းခါရမ်းကာ ပြောလိုက်၏။
“ဒါပေမဲ့ မင်းရဲ့စွမ်းရည်က ငါ့ရှေ့မှာတော့ မလုံလောက်သေးဘူး.. အခြေအနေကို နားလည်တယ် ဆိုရင် အပင်ပန်းခံမနေဘဲ ဟွမ်ယွမ်ဓားဂိုဏ်း ထဲကို ဝင်ရောက်နိုင်မဲ့ နည်းလမ်းကိုသာ ပေးလိုက်ပါ”
“ဟမ့်.. တော်တော် အရှက်မရှိတဲ့ကောင်ပဲ”
ယွမ်ဟောင်ယွီက မထီမဲ့မြင် ပြောလိုက်သည်။
ထိုခဏဝယ် သူ၏ အရှိန်အဝါသည် ရုတ်တရက် ပြောင်းလဲသွားခဲ့၏။
သူ၏ အသွင်အပြင်က လောကကို ငုံ့ကြည့်နေသည့် အမြင့်မြတ်ဆုံး ဓားအင်မော်တယ် တစ်ပါးနှင့်ပင် ဆင်တူနေခဲ့သည်။
သူ၏ လက်ထဲရှိ နတ်ဓားထံကနေ ခန့်ညားသော ဓားအရှိန်အဝါများ ထွက်ပေါ်လာခဲ့၏။
ယခုတစ်ကြိမ် ကျင်းပသည့် အင်မော်တယ် ဂိုဏ်းပေါင်းစုံ ညီလာခံသည် အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာတွင် မကြုံစဖူး ကြီးကျယ်ခမ်းနားသော ပြိုင်ပွဲ ဖြစ်သည့်အလျောက် အဓိက အင်အားစုများမှ ပြိုင်ဘက်ကင်းပါရမီရှင် အားလုံးနီးပါး ပေါ်ထွက်လာကြ၏။
သို့သော်လည်း ဟွမ်ယွမ်ဓားဂိုဏ်းမှ မဟာယာန တစ်ပိုင်းအဆင့် ပါရမီရှင် ဖြစ်သည့် ယွမ်ဟောင်ယွီသည် သူ၏ စွမ်းရည် အပေါ်တွင် အလွန်အမင်း ယုံကြည်မှု ရှိနေဆဲပင်။
ဆိုရလျှင် ဤအင်မော်တယ် ဟင်းလင်းပြင်ထဲတွင် သူ့ကို ခြိမ်းခြောက်နိုင်သည့် အရေအတွက်မှာ လက်ချိုးရေတွက်၍ပင် ရ၏။
ယခုအခါတွင်မူ အညတရကောင်လေး တစ်ယောက်က သူ၏ ရှေ့တွင် စကားကြီးစကားကျယ် ပြောဆိုနေသည် ဖြစ်ရာ ယွမ်ဟောင်ယွီသည် အဘယ်ကဲ့သို့ ဒေါသမထွက်ဘဲ နေနိုင်ပါမည်နည်း။
ယွမ်ဟောင်ယွီက ခန္ဓာကိုယ်မှ စွမ်းအားများကို အစွမ်းကုန်ထုတ်ဖော်လိုက်ရာ မဟာယာန တစ်ပိုင်းအဆင့် စွမ်းအားများသည် အရှိန်အဟုန်ဖြင့် ပေါက်ကွဲထွက်လာခဲ့၏။
ထို့နောက်တွင် သန်မာသော ငွေရောင်ဓားပုံရိပ် တစ်ခုသည် သူ၏ ကျောဘက်တွင် ပေါ်ထွက်လာခဲ့ပြီး ယွမ်ဟောင်ယွီကို ဓားအင်မော်တယ်တစ်ပါးလို အရှိန်အဝါမျိုး ထင်ဟပ်စေခဲ့သည်။
“သေဖို့သာ ပြင်ထားလိုက်တော့”
ယွမ်ဟောင်ယွီက ကျန်းချန်ကို အေးစက်စက် ကြည့်ကာ ကြုံးဝါးလိုက်သည်။
ယင်းနောက်တွင် ကြောက်မက်ဖွယ် ငွေရောင်ဓားအလင်းသည် ကျန်းချန် ဆီသို့ ရုတ်တရက် သက်ရောက်လာခဲ့ရာ ကျန်းချန်၏ ဦးခေါင်းအထက်ရှိ ဟင်းလင်းပြင်သည်ပင် ပြိုကျသွားခဲ့သည်။
“ပုရွက်ဆိတ်လေး တစ်ကောင်ကများ..”
ကျန်းချန်က မထီမဲ့မြင်လှောင်ပြုံး ပြုံးကာ ရေရွတ်လိုက်သည်။
သူက လက်နှစ်ဖက်ကို နောက်ပစ်ကာ ဝင့်ကြွားစွာ ရပ်နေရင်း နတ်ခန္ဓာပုံရိပ် ဖြစ်သည့် လူသားဧကရာဇ်ဓားကို ထုတ်ဖော်လိုက်သည်။
အခန်း(၂၅၈၅)ပြီး၏။
အခန်း(၂၅၈၆)
ယခုအချိန်တွင် သူ၏ တိုက်ခိုက်ရေးစွမ်းရည်က မည်မျှအထိ အစွမ်းထက်နေပြီးမှန်း ကျန်းချန် ကိုယ်တိုင်ပင်လျှင် အသေအချာ မသိတော့ပေ။
သူ၏ ခန္ဓာကိုယ်ထဲတွင် စနစ်တစ်ခု ရှိနေခဲ့ပြီး ကျင့်ကြံခြင်းလမ်းစဥ် တစ်လျှောက်လုံးတွင် အဆင့်တိုင်း၏ အခြေခံအုတ်မြစ်သည် အလွန်တရာပင် နက်ရှိုင်းလှသည် ဖြစ်ရာ သူ၏ တိုက်ခိုက်ရေးစွမ်းရည်သည် အဆင့်တူအတွင်း ပြိုင်ဘက်ကင်းသလောက် ဖြစ်နေခဲ့၏။
ထို့အပြင် သူက ထူးခြားသော အင်မော်တယ်နည်းစနစ် ဖြစ်သည့် အပြာရောင်ဧကရာဇ် သက်ရှည်ကျင့်စဥ်ကို လေ့ကျင့်ထားပြီး အပြာရောင်ဧကရာဇ်ဓားသိုင်းနှင့် အင်မော်တယ် ဖျက်ဆီးခြင်းဓားသိုင်းများကိုပါ တတ်မြောက်ထားခဲ့သည်။
သူ၏ စွမ်းရည် တစ်ဆင့် တက်လာတိုင်းတွင် ထိုအင်မော်တယ်ကျင့်စဥ်များ၏ စစ်မှန်သောစွမ်းအားကို ပိုမို၍ ထုတ်ဖော်နိုင်စွမ်း ရှိလာခဲ့သည်။
ယခုအခါတွင် သူ၏ ကျင့်ကြံခြင်းအဆင့်သည် အုပ်စိုးသူနှောင်းပိုင်းအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
သူ့အနေဖြင့် အစွမ်းကုန် ထုတ်ဖော်လိုက်လျှင် မည်ကဲ့သို့ တိုက်ခိုက်ရေးစွမ်းရည်မျိုး ထွက်ပေါ်လာမည်ကို ကိုယ်တိုင် မစမ်းသပ်ကြည့်ရသေးပေ။
သို့ရာတွင် ကျန်းချန်သည် သူ့ကိုယ်သူ မည်မျှ သန်မာနေမှန်း မသိသေးသော်လည်း ယွမ်ဟောင်ယွီ ကဲ့သို့ မဟာယာန တစ်ပိုင်းအဆင့် ပါရမီရှင်သည် သူ၏ မျက်လုံးထဲတွင် ပုရွက်ဆိတ် တစ်ကောင်နှင့် မခြားပေ။
ကျန်းချန်က နတ်ခန္ဓာပုံရိပ် ဖြစ်သည့် လူသားဧကရာဇ်ဓားကို ထုတ်ဖော်ပြီးနောက်တွင် သူ့ထံသို့ သက်ရောက်လာသည့် ငွေရောင် ဓားအလင်းကို ထိပ်တိုက် ရင်ဆိုင်လိုက်၏။
ယွမ်ဟောင်ယွီ၏ ထုတ်ဖော်ထားသော ငွေရောင်ဓားအလင်းသည် လူသားဧကရာဇ်ဓားနှင့် ထိပ်တိုက် ရင်ဆိုင်မိသည်နှင့် စက္ကူစုတ် ကဲ့သို့ ဖြစ်သွားခဲ့ပြီး အလွယ်တကူပင် ချေမှုန်းခံလိုက်ရသည်။
လူသားဧကရာဇ်ဓားသည် ငွေရောင်ဓားအလင်းကို ချေမှုန်းပြီးနောက်တွင် အရှိန်အနည်းငယ်မျှပင် တန့်မသွားဘဲ တောက်ပသော ရွှေရောင်အလင်းကို သယ်ဆောင်ကာ ယွမ်ဟောင်ယွီ ထံသို့ သက်ရောက်သွားခဲ့သည်။
“ဝုန်း..”
ယွမ်ဟောင်ယွီ၏ ပုံရိပ်က တုန်ယင်သွားခဲ့ပြီး ခန္ဓာကိုယ် တစ်ခုလုံးသည် ဟင်းလင်းပြင်ထဲတွင် မီတာထောင်ချီ အကွာအဝေးအထိ လွင့်စင်သွားခဲ့ကာ သွေးတစ်လုတ်ကိုပင် အန်ထုတ်လိုက်ရသည်။
သူ၏ ခန္ဓာကိုယ်ထဲမှ မတည်မငြိမ် ဖြစ်နေသော စွမ်းအားများကို ဖိနှိပ်လိုက်ပြီးနောက်တွင် ကျန်းချန်ကို ကြည့်နေသော သူ၏ အကြည့်ထဲ၌ ထိတ်လန့်သော အရိပ်အယောင်များ အဆုံးသတ်တွင် ဖြစ်ပေါ်လာခဲ့သည်။
“မင်း.. မင်းဘယ်သူလဲ”
သူက သူ့ရှေ့မှ အနက်ရောင်ဝတ်စုံဝတ် လူငယ်၏ တိုက်ကွက်တစ်ကွက်တည်းဖြင့်ပင် ဒဏ်ရာအပြင်းအထန် ရရှိသွားခဲ့သည်။
သိထားရမည့်အချက်မှာ သူက ဟွမ်ယွမ်ဓားဂိုဏ်း၏ မဟာယာန တစ်ပိုင်းအဆင့် ဓားကျင့်ကြံသူ ဖြစ်ပြီး မဟာယာန တစ်ပိုင်းအဆင့် ကျင့်ကြံသူများထဲတွင် သူနှင့် ယှဥ်ပြိုင်နိုင်သူ အနည်းငယ်မျှသာ ရှိ၏။
သို့သော်လည်း ယခုအခါတွင်မူ သူ့ရှေ့မှ အနက်ရောင်ဝတ်စုံဝတ် လူငယ်၏ တိုက်ကွက်တစ်ကွက်ကိုပင် မခုခံနိုင်ဘဲ ရှုံးနိမ့်သွားခဲ့ရ၏။
“ဒါ.. ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”
သူ့ရှေ့မှ အနက်ရောင်ဝတ်စုံဝတ် လူငယ်သည် သူတို့ ဟွမ်ယွမ်ဓားဂိုဏ်းမှ ယွမ်ထျန်းကျီ ကဲ့သို့ပင် မဟာယာနအဆင့် ပါရမီရှင် ဖြစ်နေမှသာ ထိုသို့ တတ်နိုင်လိမ့်မည် ဖြစ်သည်။
သို့ဆိုလျှင် သူတို့ ဟွမ်ယွမ်ဓားဂိုဏ်း အပြင် မဟာယာနအဆင့်ပါရမီရှင်ကို မွေးဖွားပေးနိုင်သည့် အခြားအင်အားစုများ အမှန်တကယ်ပင် ရှိနေပါသလော။
“ငါက မင်းတို့ အပြစ်မလုပ်သင့်တဲ့လူပဲ”
ကျန်းချန်က ယွမ်ဟောင်ယွီကို အေးစက်စက် စိုက်ကြည့်ကာ စိတ်မရှည်သော အမူအရာဖြင့် ပြောလိုက်သည်။
“ငါ မင်းနဲ့ အချိန်ဖြုန်းဖို့ စိတ်မပါဘူး.. နောက်ဆုံးအနေနဲ့ ငါ မင်းကို အခွင့်အရေးတစ်ခု ပေးမယ်.. ဟွမ်ယွမ်ဓားဂိုဏ်းထဲကို ဘယ်လိုဝင်ရမလဲဆိုတာ ငါ့ကို ပြောပြစမ်း”
ကျန်းချန်၏ လက်ရှိ စွမ်းရည်ဖြင့်ဆိုလျှင် ယွမ်ဟောင်ယွီ ကဲ့သို့ မဟာယာန တစ်ပိုင်းအဆင့် ပါရမီရှင်ကို လက်ညှိုးတစ်ချောင်းဖြင့်ပင် အလွယ်တကူ သတ်ဖြတ်နိုင်၏။
သူက ဟွမ်ယွမ်ဓားဂိုဏ်းထဲကို ဝင်ရောက်နိုင်မည့် နည်းလမ်းကို ရရှိလိုသောကြောင့်သာ သူ၏ ခွန်အားကို ထိန်းချုပ်ထားခြင်း ဖြစ်သည်။
သို့မဟုတ်လျှင် အစောပိုင်းက တိုက်ခိုက်မှုသည် ယွမ်ဟောင်ယွီကို လေထဲတွင် ပျောက်ကွယ်သွားစေရန် လုံလောက်၏။
“မင်းက ဟွမ်ယွမ်ဓားဂိုဏ်းထဲကို ဝင်ချင်တာလား.. အိပ်မက်သာမက်နေလိုက်”
ယွမ်ဟောင်ယွီက ဒေါသတကြီး ကြုံးဝါးလိုက်ပြီး သူ၏ လက်ထဲမှ ငွေရောင်နတ်ဓားဖြင့် ချက်ချင်းပင် တိုက်ခိုက်လိုက်သည်။
ကြောက်မက်ဖွယ်ရာကောင်းသော ဓားအလင်းသည် သူ၏ လက်ထဲရှိ ငွေရောင်နတ်ဓားထံကနေ ကောင်းကင်ယံသို့ ထိုးတက်သွားခဲ့၏။
ဓားအလင်းတွင် သတ်ဖြတ်လိုသော အငွေ့အသက်များ ပြည့်နှက်နေခဲ့ပြီး ငွေရောင်အလင်းများ လျှံထွက်နေခဲ့ကာ ဟင်းလင်းပြင်ကိုပင် တုန်ခါစေပြီး လောကကို မှေးမှိန်သွားစေ၏။
“မင်းရဲ့ဓားက ဘယ်ဆိုးလို့လဲ”
ကျန်းချန်က လက်နှစ်ဖက်ကို နောက်ပစ်ကာ အေးစက်စက်ရေရွတ်လိုက်သည်။
သူ၏ အမူအရာက အလွန်ပင် တည်ငြိမ်အေးဆေးနေခဲ့၏။
“ဒါက ငါတို့ ဟွမ်ယွမ်ဓားဂိုဏ်းက ဘိုးဘေးတစ်ဦး ချန်ထားရစ်ခဲ့တဲ့ လက်နက်ပဲ.. အဲဒီဘိုးဘေးက ခေတ်တစ်ခေတ်ကို လွှမ်းမိုးနိုင်ခဲ့တဲ့ ပြိုင်ဘက်ကင်း ဓားလမ်းစဥ် ကျင့်ကြံသူ ဖြစ်ခဲ့ပြီး တစ်လောကလုံးမှာ ပြိုင်ဘက်မရှိခဲ့ဘူး.. ဒီဓားရဲ့ စွမ်းအားကို ထုတ်သုံးလာအောင် ဖိအားပေးနိုင်ခဲ့တဲ့ အတွက် မင်းကိုယ်မင်း ဂုဏ်ယူလို့ရပြီ”
ယွမ်ဟောင်ယွီက နတ်ဓားကို ကိုင်စွဲကာ ရပ်နေခဲ့သည်။
သူ၏ ခွန်အားက မဟာယာန တစ်ပိုင်းအဆင့်၏ အထွတ်အထိပ်သို့ ရောက်လုနီးပါးအထိ မြင့်တက်လာခဲ့သည်။
“ဒါက တကယ်ကို ကောင်းမွန်တဲ့ ဓားတစ်လက်ပါပဲ.. ဒီဓားရဲ့ ပိုင်ရှင်က တကယ်ကို အစွမ်းထက်ပါတယ်.. ဒါပေမဲ့ နှမြောဖို့ကောင်းတာက ဒီဓားကို ဆက်ခံတဲ့သူက အသုံးမကျလွန်းတာပဲ”
ကျန်းချန်က အေးစက်စက် ရေရွတ်လိုက်သည်။
သူ၏ မြင်နိုင်စွမ်းဖြင့် ဤဓား၏ ထူးခြားမှုကို သဘာကျစွာပင် မြင်နိုင်ခဲ့သည်။
ယင်းက မဟာယာန အထွတ်အထိပ် အဆင့်ရှိ ပြိုင်ဘက်ကင်း ဓားလမ်းစဥ် ကျင့်ကြံသူတစ်ဦး၏ နတ်ဓား ဖြစ်သည်။
နှစ်ပေါင်းများစွာ ကြာပြီးနောက်မှာပင် ဤပြိုင်ဘက်ကင်း နတ်ဓားတွင် လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားတစ်ခု ကိန်းအောင်းနေခဲ့၏။
အကယ်၍ မဟာယာနအဆင့် ဓားသမား တစ်ဦးကသာ ဤစွမ်းအားကို အသုံးပြုမည် ဆိုလျှင် သူ့အနေဖြင့် အနည်းငယ် ရင်ဆိုင်ရခက်ပေလိမ့်မည်။
ယွမ်ဟောင်ယွီ ကဲ့သို့ မဟာယာန တစ်ပိုင်းအဆင့် ကျင့်ကြံသူကမူ ဤစွမ်းအားကို အသုံးပြုလျှင်ပင် သူ့အတွက် မည်သို့မျှ ခြိမ်းခြောက်မှု ဖြစ်လာနိုင်လိမ့်မည် မဟုတ်ပေ။
“သေဖို့သာ ပြင်ထားလိုက်တော့”
ကျန်းချန်က အစမှ အဆုံးတိုင် သူ့ကို လုံးဝ ဂရုမစိုက်သည်ကိုမြင်လျှင် ယွမ်ဟောင်ယွီ၏ မျက်နှာသည် ချက်ချင်းဆိုသလို ခက်ထန်သွားခဲ့သည်။
သူက ငွေရောင်နတ်ဓားမှ စွမ်းအားကို အစွမ်းကုန် ထုတ်ဖော်လိုက်ပြီး ကျန်းချန်ကို ဓားဖြင့် ခုတ်ပိုင်းလိုက်၏။
ဤဓားချက်သည် လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားတစ်ခုကို သယ်ဆောင်လာခဲ့ပြီး မဟာယာန အစောပိုင်းအဆင့် ကျင့်ကြံသူများပင်လျှင် ဤဓားချက်အောက်တွင် အပိုင်းပိုင်းခုတ်ဖြတ်ခံရလိမ့်မည် ဖြစ်သည်။
“ဟွမ်ယွမ်ဓားဂိုဏ်းက အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာရဲ့ နံပါတ်တစ် အင်မော်တယ်ဂိုဏ်းဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ထိုက်တန်ပါပေတယ်.. ဒီဓားရဲ့ အရင်ပိုင်ရှင်က စိတ်ဝင်စားစရာပဲ”
ယွမ်ဟောင်ယွီ၏ ခုတ်ပိုင်းလိုက်သည့် ဓားချက်ကို ကြည့်ရင်း ကျန်းချန်၏ မျက်ဝန်းထဲတွင် အံ့အားသင့်သည့် အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။
ယွမ်ဟောင်ယွီ၏ ဓားစွမ်းအားသည် သူ၏ အပြာရောင်ဧကရာဇ်ဓားသိုင်းမှ လူသားအဖြစ် ပြောင်းလဲစေသော ဓားချက်၏ စွမ်းအားနှင့် အလွန်ပင် တူညီနေခဲ့ပြီး ပြိုင်ဘက်၏ ကျင့်ကြံခြင်း အဆင့်ကို ဖြတ်တောက်နိုင်စွမ်း ရှိပုံရှိသည်။
သို့သော်လည်း ကျန်းချန်၏ လူသားအဖြစ် ပြောင်းလဲစေသော ဓားချက်နှင့် နှိုင်းယှဥ်လျှင်မူ ယွမ်ဟောင်ယွီ၏ ဓားချက်သည် အလှမ်းဝေးလွန်းနေပါသေးသည်။
ကျန်းချန်၏ အုပ်စိုးသူနှောင်းပိုင်းအဆင့် စွမ်းအားကြောင့် ဤဓားစွမ်းအားသည် ကျန်းချန်၏ ကိုယ်ပေါ်သို့ ကျရောက်လာသော်လည်း လုံးဝ ထိခိုက်ခြင်း မရှိခဲ့ပေ။
“ဒါ.. ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”
သူ၏ တိုက်ခိုက်မှုကို ခံယူပြီးနောက်တွင် ကျန်းချန်၏ အရှိန်အဝါက အနည်းငယ်မျှပင် ပြောင်းလဲသွားခြင်း မရှိသည်ကို မြင်လျှင် ယွမ်ဟောင်ယွီသည် သူ့မျက်လုံးကိုပင် သူ ကိုယ်တိုင် မယုံကြည်နိုင် ဖြစ်နေခဲ့သည်။
သူက ချက်ချင်းဆိုသလိုပင် ထိတ်လန့် တုန်လှုပ်သွားခဲ့၏။
ဟွမ်ယွမ်ဓားဂိုဏ်းမှ ဘိုးဘေး၏ ဓားထဲတွင် ချန်ထားရစ်ခဲ့သော စွမ်းအားသည် မည်မျှ ကြောက်မက်ဖွယ်ရာကောင်းမှန်း သူကောင်းစွာ သိရှိထားခဲ့သည်။
သူ ကပ်ဘေးအဆင့်တွင် ရှိနေစဥ်ကပင် ထိုစွမ်းအားကို အသုံးပြု၍ မဟာယာန တစ်ပိုင်းအဆင့် ကျင့်ကြံသူ၏ ကျင့်ကြံခြင်းအဆင့်ကို ဓားချက် တစ်ချက်တည်းဖြင့် ဖြတ်တောက်နိုင်ခဲ့သည်။
ယခုအခါတွင် သူ၏ ကျင့်ကြံခြင်းအဆင့်က မဟာယာန တစ်ပိုင်းအဆင့်သို့ပင် ရောက်ရှိနေပြီ ဖြစ်ရာ ထိုစွမ်းအားကို ထုတ်သုံးနိုင်လျှင် မဟာယာနအဆင့် ကျင့်ကြံသူ တစ်ဦးပင်လျှင် အလွယ်တကူ ခုခံနိုင်လိမ့်မည် မဟုတ်ဟု သူထင်ထားခဲ့သည်။
သူ့ရှေ့မှ ကောင်လေးသည် ထိုဓားချက်ကို မည်ကဲ့သို့ လျစ်လျူရှုနိုင်မှန်း ယွမ်ဟောင်ယွီ လုံးဝ မတွေးတတ်တော်ပေ။
“ယွမ်ဟောင်ယွီ.. မင်းရဲ့ဓားစွမ်းအားက မဆိုးပါဘူး.. ဒါပေမဲ့ အဲဒီ ဓားစွမ်းအားက ငါ့အတွက်တော့ အရမ်းကို အားနည်းလွန်းနေတယ်.. ငါ့ရဲ့ကျင့်ကြံခြင်းအဆင့်ကို ဖြတ်တောက်ချင်တယ် ဆိုရင်တော့ အများကြီး လိုပါသေးတယ်”
ကျန်းချန်က ခေါင်းခါရမ်းလိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။
“မင်းက ဒီလို ဓားချက်ကို အသုံးပြုခဲ့တာ ဆိုတော့ ဒီနေ့ ငါ မင်း အမြင်ကျယ်အောင် လူသားအဖြစ် ပြောင်းလဲစေသောဓားချက်ရဲ့ စစ်မှန်တဲ့စွမ်းအားကို ပြသပေးမယ်”
စကားဆုံးသည်နှင့် ကျန်းချန်သည် လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်ရာ ရှေးဟောင်းရွှေရောင်ဓားသည် သူ၏ လက်ထဲတွင် ပေါ်လာခဲ့သည်။
ကျန်းချန်က လူသားဧကရာဇ်ဓားတစ်ဖြစ်လဲ ရှေးဟောင်းရွှေရောင်ဓားကို ဝှေ့ယမ်းကာ ဓားကွက် တစ်ကွက်ကို ထုတ်ဖော်လိုက်သည်။
တစ်ခဏအတွင်းမှာပင် လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားနှင့် နိယာမများ ပါဝင်နေသည့် ဓားစွမ်းအင် တစ်ခုသည် အရာအားလုံးကို ဖောက်ထွက်သွားခဲ့သည်။
ယွမ်ဟောင်ယွီသည် တုံ့ပြန်ရန်ပင် အချိန်မရလိုက်ဘဲ ထိုဓားစွမ်းအား၏ သက်ရောက်မှုကို ခံလိုက်ရ၏။
မကြာမီမှာပင် ယွမ်ဟောင်ယွီ၏ မဟာယာန တစ်ပိုင်းအဆင့် အရှိန်အဝါသည် တစ်ခဏအတွင်း ကျဆင်းသွားခဲ့ပြီး မျက်တောင်တစ်ခတ် အတွင်း ကပ်ဘေးအဆင့်သို့ ကျဆင်းသွားခဲ့သည်။
ယင်းအပြင် ထိုကျဆင်းမှုသည် ရပ်တန့်သွားခြင်း မရှိသေးပေ။
အဆုံးသတ်တွင် ယွမ်ဟောင်ယွီ၏ ခန္ဓာကိုယ်ထဲတွင် စွမ်းအားတစ်စက်မျှ မကျန်ရှိတော့ဘဲ ခန္ဓာကိုယ် တစ်ခုလုံးသည် သာမန်လူသားတစ်ဦး အဖြစ်သို့ လုံးလုံးလျားလျား ပြောင်းလဲသွားခဲ့သည်။
မဟာယာန တစ်ပိုင်းအဆင့် ကျင့်ကြံသူကနေ သာမန်လူသားတစ်ဦး အဖြစ်သို့ ပြောင်းလဲရန်မှာ မိနစ်ဝက်ပင် မကြာလိုက်ပေ။
ကျန်းချန်၏ လက်ရှိစွမ်းရည်ဖြင့်သာ ထိုဓားကွက်ကို ထပ်မံအသုံးပြုလိုက်မည် ဆိုလျှင် ယွမ်ဟောင်ယွီ ကဲ့သို့ မဟာယာန တစ်ပိုင်းအဆင့် ကျင့်ကြံသူများကို မပြောနှင့်၊ မဟာယာနအဆင့် ကျင့်ကြံသူများထဲတွင်ပင် ထိုဓားချက်ကို တားဆီးနိုင်သူမှာ အလွန်တရာ ရှားပါးပေလိမ့်မည် မဟုတ်ပါလော။
အခန်း(၂၅၈၆)ပြီး၏။