အခန်း (၂၅၈၇-၂၅၈၈)
Vol. 199 Ch. 2587-2588
အခန်း(၂၅၈၇)
“မင်း.. မင်း ဒီလိုဓားသိုင်းကို ဘယ်လိုလုပ်ပြီး တတ်ကျွမ်းနေရတာလဲ”
ယွမ်ဟောင်ယွီက ဖြူဖျော့သော မျက်နှာဖြင့် ကျန်းချန်ကို ကြည့်ကာ ပြောလိုက်သည်။
သူ၏ မျက်ဝန်းထဲတွင် မယုံကြည်နိုင်လောက်အောင် အံ့ဩထိတ်လန့်သော အရိပ်အယောင်များ ပြည့်နှက်နေခဲ့၏။
ဓားချက်တစ်ချက်တည်းဖြင့် ကျင့်ကြံခြင်းအဆင့်ကို ဖြတ်တောက်နိုင်သည့် ဤကဲ့သို့ ဆန်းကြယ်သော ဓားသိုင်းမျိုးသည် အလွန်တရာပင် ရှားပါးသည်။
အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာတွင် အလွန်တရာရှည်လျားသော သမိုင်းကြောင်းရှိသည့် ဟွမ်ယွမ်ဓားဂိုဏ်းတွင်ပင် ဤကဲ့သို့ ဓားသိုင်းကို တတ်မြောက်ထားသည့် ဘိုးဘေးတစ်ဦးသာ ပေါ်ထွန်းခဲ့ဖူး၏။
ယင်းအပြင် ထိုဘိုးဘေး ကျင့်ကြံခဲ့သော ဓားသိုင်းသည် ဓားချက် တစ်ချက်တည်းဖြင့် ကျင့်ကြံခြင်းအဆင့် တစ်ဆင့်ကိုသာ ဖြတ်တောက်နိုင်သည်။
ယခု သူ့ရှေ့မှ လျှို့ဝှက်ဆန်းကြယ်သော လူငယ်ကမူ ဓားချက်တစ်ချက်တည်းဖြင့် သူ၏ ကျင့်ကြံခြင်းအဆင့်ကို အကုန်အစင် ဖြတ်တောက်လိုက်ခြင်း ဖြစ်သည်။
ယင်းကဲ့သို့သော ဓားသိုင်းသည် အမှန်တကယ်ပင် ကြောက်မက်ဖွယ်ရာ ကောင်းနေခဲ့၏။
ကျန်းချန်က လက်နှစ်ဖက်ကို နောက်ပစ်ကာ ဝင့်ကြွားစွာ ရပ်နေပြီး ယွမ်ဟောင်ယွီကို အေးစက်စက် စိုက်ကြည့်လိုက်သည်။
“ငါ မင်းနဲ့ အချိန်ဖြုန်းဖို့ စိတ်မပါဘူး.. ဟွမ်ယွမ်ဓားဂိုဏ်းထဲကို ဘယ်လိုဝင်ရမလဲဆိုတာ ငါ့ကို ပြောပြစမ်း”
“ငါတို့ ဟွမ်ယွမ်ဓားဂိုဏ်း ပိုင်ဆိုင်သမျှကို အပြင်လူတွေ ထိပါးခွင့်မရှိဘူး.. ငါတို့ ဟွမ်ယွမ်ဓားဂိုဏ်းကို စော်ကားမိရင် ဘယ်လိုအန္တရာယ်နှင့် ရင်ဆိုင်ရမလဲ ဆိုတာ မင်းသိလား”
ယွမ်ဟောင်ယွီက ကျန်းချန်ကို ကြည့်ကာ ခြိမ်းခြောက်လိုက်သည်။
သူ၏ အမူအရာက အလွန်တရာပင် သုန်မှုန်နေခဲ့၏။
သူက ဟွမ်ယွမ်ဓားဂိုဏ်း၏ ပါရမီရှင် တပည့်တစ်ဦး ဖြစ်ပြီး ဂိုဏ်းအတွင်း သူ၏ အဆင့်အတန်းက မနိမ့်သော်လည်း ဟွမ်ယွမ်ဓားဂိုဏ်းတွင် သူ့ထက် ပိုမိုထူးချွန်သော ပါရမီရှင်များ မရှိသည်တော့ မဟုတ်ပေ။
ထို့ကြောင့် သူက ဟွမ်ယွမ်ဓားဂိုဏ်းမှ အရင်းအမြစ်များကို အကန့်အသတ်ဖြင့်သာ ရရှိခဲ့သည်။
သို့သော်လည်း အင်မော်တယ် စိတ်ကူးယဥ် ဟင်းလင်းပြင်ထဲတွင်မူ သူက ဟွမ်ယွမ်ဓားဂိုဏ်းထဲသို့ ဝင်ရောက်နိုင်သရွေ့ ဂိုဏ်း၏ အရင်းအမြစ်အားလုံးကို စိတ်ကြိုက် အသုံးပြုနိုင်မည် ဖြစ်၏။
အကယ်၍ သူသာ ဤအခွင့်အရေးကို ကောင်းစွာ အသုံးချနိုင်ခဲ့လျှင် မဟာယာန တစ်ပိုင်းအဆင့်ကို ကျော်ဖြတ်ပြီး စစ်မှန်သော မဟာယာနအဆင့် ပါရမီရှင် ဖြစ်လာရန်မှာ မဖြစ်နိုင်သည်တော့ မဟုတ်ချေ။
ဤအကြောင်းကြောင့်ပင် ယွမ်ဟောင်ယွီသည် အင်မော်တယ်စိတ်ကူးယဥ် ဟင်းလင်းပြင်ထဲသို့ ဝင်ရောက်ပြီးနောက်တွင် ရမှတ်များကို ရရှိရန် အခြားသော အင်အားစုများမှ ပါရမီရှင်များကို သတ်ဖြတ်ရန် မစဥ်းစားဘဲ ဟွမ်ယွမ်ဓားဂိုဏ်း ဆီသို့ တိုက်ရိုက်ပင် အပြေးအလွှား လာရောက်ခဲ့ခြင်း ဖြစ်သည်။
သို့သော်လည်း ဟွမ်ယွမ်ဓားဂိုဏ်းသို့ ရောက်ရှိလာပြီးနောက်တွင် လျှို့ဝှက်ဆန်းကြယ်သော လူငယ်နှင့် ဆုံတွေ့ကာ ဓားချက် တစ်ချက်တည်းဖြင့် သူ၏ ကျင့်ကြံခြင်းအဆင့်က ဖြတ်တောက်ခံလိုက်ရမည်ဟု ယွမ်ဟောင်ယွီ လုံးဝ ထင်မှတ်မထားခဲ့ပေ။
ကျန်းချန်က ခံစားချက်ကင်းမဲ့သော အမူအရာဖြင့် လေထဲရှိ ယွမ်ဟောင်ယွီကို ကြက်ကလေး၊ငှက်ကလေး ဖမ်းသကဲ့သို့ တိုက်ရိုက်ပင် လှမ်းဖမ်းလိုက်ပြီး ယွမ်ဟောင်ယွီ၏ ခန္ဓာကိုယ်ကို ဖမ်းချုပ်ထားလိုက်သည်။
“မင်းက တော်တော်ခေါင်းမာတာပဲ.. မင်းမပြောတာနဲ့ပဲ ဟွမ်ယွမ်ဓားဂိုဏ်းထဲ ဝင်တဲ့နည်းလမ်းကို မင်းဆီကနေ ငါမသိရဘူး မထင်နဲ့”
စကားဆုံးသည်နှင့် ကျန်းချန်၏ နတ်အသိစိတ်သည် ယွမ်ဟောင်ယွီ၏ အသိစိတ်ပင်လယ်ထဲသို့ ဝင်ရောက်သွားခဲ့သည်။
သူက ယွမ်ဟောင်ယွီနှင့် အချိန်ဖြုန်းရန် ငြီးငွေ့သဖြင့် ယွမ်ဟောင်ယွီ၏ မှတ်ဥာဏ်ကို အတင်းအကျပ် ဝါးမျိုကာ ဟွမ်ယွမ်ဓားဂိုဏ်းထဲသို့ ဝင်ရောက်နိုင်မည့် နည်းလမ်းအား ရယူရန် ရည်ရွယ်ထားခဲ့၏။
ဟွမ်ယွမ်ဓားဂိုဏ်းသည် အင်မော်တယ် ဂိုဏ်းပေါင်းစုံ ညီလာခံတွင် နတ်ဘုရားနယ်မြေကို ထပ်မံ ကျူးကျော်မည့်ကိစ္စအား ဆွေးနွေးရန် စီစဥ်ထားခဲ့သည်။
သို့ဖြစ်ရာ သူနှင့် ဟွမ်ယွမ်ဓားဂိုဏ်းတို့၏ ကြားတွင် ကောင်းမွန်သော ဆက်ဆံရေး ရှိနိုင်မည် မဟုတ်၍ ဟွမ်ယွမ်ဓားဂိုဏ်းအား စော်ကားမိမည်ကို အဘယ်ကြောင့် ဂရုစိုက်နေရပါမည်နည်း။
ကျန်းချန်အတွက်မူ အင်မော်တယ် စိတ်ကူးယဥ် ဟင်းလင်းပြင်ထဲရှိ ဟွမ်ယွမ်ဓားဂိုဏ်း၏ အရင်းအမြစ်များကို အသုံးပြု၍ သူ၏ ကျင့်ကြံခြင်းအဆင့်ကို မြှင့်တင်ရန်မှာ အရေးအကြီးဆုံး ဖြစ်၏။
အကယ်၍ သူ၏ ကျင့်ကြံခြင်းအဆင့်သာ ပိုမို မြင့်မားသောအဆင့် ဖြစ်သည့် အုပ်စိုးသူ အထွတ်အထိပ်အဆင့်သို့ ရောက်ရှိသွားခဲ့လျှင် အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာ၏ မဟာယာန အထွတ်အထိပ် အဆင့်ရှိ ပြိုင်ဘက်ကင်း မွန်းစတားအိုကြီးများနှင့် ရင်ဆိုင်ရလျှင်ပင် အလွယ်တကူ အနိုင်ယူနိုင်စွမ်း ရှိလာပေလိမ့်မည်။
ထိုအချိန်သို့ရောက်လျှင် ဟွမ်ယွမ်ဓားဂိုဏ်းသည် အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာ တစ်ခုလုံးရှိ အင်အားများကို စုစည်းခဲ့လျှင်ပင် နတ်ဘုရားနယ်မြေကို ဒုက္ခပေးနိုင်တော့မည် မဟုတ်ပေ။
“နေပါဦး.. ငါမင်းကို ဟွမ်ယွမ်ဓားဂိုဏ်းထဲ ခေါ်သွားပေးဖို့ ဆန္ဒရှိပါတယ်”
ကျန်းချန်ထံမှ သူ့ထက်ပင် အဆပေါင်းမျာစွာ ပိုမို အားကောင်းသော နတ်အသိစိတ်ကို ခံစားမိလျှင် ယွမ်ဟောင်ယွီ ထိတ်လန့်တုန်လှုပ်စွာဖြင့် အော်ဟစ်လိုက်သည်။
ထိုလူငယ် ပြသခဲ့သော ခွန်အားအရ ထိုလူငယ်သည် မဟာယာနအဆင့် ပါရမီရှင်တစ်ဦး ဖြစ်သည်မှာ ထင်ရှားနေခဲ့၏။
ယင်းအတွက်ကြောင့် ထိုလူငယ်သာ ဆန္ဒရှိလျှင် သူ၏ မှတ်ဉာဏ်ကို အတင်းအကျပ် ဝါးမျိုကာ ဟွမ်ယွမ်ဓားဂိုဏ်းထဲသို့ ဝင်ရောက်ရန် နည်းလမ်းကို ရရှိနိုင်သည် ဖြစ်၍ သူ၏ ခုခံမှုသည် အဓိပ္ပါယ်မရှိပေ။
ဆိုရလျှင် ကျန်းချန်က သူ၏ မှတ်ဥာဏ်ကို အတင်းအကျပ် ဝါးမျိုလိုက်သည်နှင့် သူ့အနေဖြင့် သေဆုံးသွားရလိမ့်မည်ဖြစ်သည်။
ဤအင်မော်တယ် စိတ်ကူးယဥ် ဟင်းလင်းပြင်တွင် သေဆုံးခြင်းသည် မူလခန္ဓာကိုယ်အပေါ်တွင် မည်သည့် သက်ရောက်မှုမှ မရှိသော်လည်း အင်မော်တယ် စိတ်ကူးယဥ် ဟင်းလင်းပြင်ထဲကနေ ဖယ်ထုတ်ခံရလိမ့်မည် ဖြစ်သည်။
ယခုအခါတွင် အင်မော်တယ် စိတ်ကူးယဥ် ဟင်းလင်းပြင်သည် စတင် ဖွင့်လှစ်ကာစသာ ရှိသေးရာ ယွမ်ဟောင်ယွီသည် ဖယ်ထုတ်ခံရရန် မည်ကဲ့သို့ ဆန္ဒရှိပါမည်နည်း။
သူ့ရှေ့မှ လူ့ကို ဟွမ်ယွမ်ဓားဂိုဏ်း၏ အမည်ဖြင့် ခြောက်လှန့်၍ မရသောကြောင့် ထိုလူကို အရင်ဆုံး တည်ငြိမ်အောင် ထိန်းထားနိုင်မည့် နည်းလမ်းအား ရှာဖွေကာ ဟွမ်ယွမ်ဓားဂိုဏ်း၏ နည်းလမ်းအချို့ကို အသုံးပြု၍ ထိုလူကို ဖြေရှင်းရန်သာ တတ်နိုင်တော့၏။
အင်မော်တယ် စိတ်ကူးယဥ် ဟင်းလင်းပြင်ထဲတွင် သူ၏ လက်ရှိ ကျင့်ကြံခြင်းအဆင့်သည် ကျန်းချန်၏ ဓားချက်ကြောင့် ဖြတ်တောက်ခံလိုက်ရသော်လည်း သူ့အနေဖြင့် ဟွမ်ယွမ်ဓားဂိုဏ်း ထဲသို့ ဝင်ရောက်နိုင်သရွေ့ ဂိုဏ်း၏ အရင်းအမြစ်များကို အသုံးပြုကာ အထွတ်အထိပ်အခြေအနေသို့ ပြန်လည် ရောက်ရှိနေပြီး ပိုမို မြင့်မားသော အဆင့်သို့ပင် တက်လှမ်းနိုင်လိမ့်မည် ဖြစ်သည်။
ထိုအကြောင်းကြောင့်ပင် ယွမ်ဟောင်ယွီသည် ကျန်းချန်နှင့် အပေးအယူလုပ်ရန် ရွေးချယ်ခဲ့ခြင်း ဖြစ်၏။
ဆိုရလျှင် သူ့အနေဖြင့် အင်မော်တယ် စိတ်ကူးယဥ်ဟင်းလင်းပြင် ထဲတွင် ရှိနေသရွေ့ အခွင့်အရေး ရှိနေသေးပြီး အကယ်၍ ဖယ်ထုတ်ခံလိုက်ရလျှင်မူ အခွင့်အရေး ရှိတော့မည် မဟုတ်ပေ။
သိထားရမည့်အချက်မှာ ဟွမ်ယွမ်ဓားဂိုဏ်းတွင် ပါရမီရှင် တပည့်အများအပြား ရှိပြီး ပြိုင်ဆိုင်မှု အလွန်တရာ ပြင်းထန်ကာ ကပ်ဘေး အထွတ်အထိပ် အဆင့်ကို ရောက်ရှိနေသည့် ပါရမီရှင် တစ်ဦးထက်မက ရှိနေခြင်းပင်။
ဤတစ်ကြိမ် အင်မော်တယ် စိတ်ကူးယဥ် ဟင်းလင်းပြင်ထဲတွင် သူတို့အားလုံးသည် မဟာယာန တစ်ပိုင်းအဆင့် ပါရမီရှင်များ ဖြစ်လာနိုင်သည့် အလားအလာ အလွန်များ၏။
အကယ်၍ အင်မော်တယ် စိတ်ကူးယဥ် ဟင်းလင်းပြင်ထဲတွင် သူ၏ စွမ်းအားကို မြှင့်တင်နိုင်ခဲ့လျှင် ယင်းသည် ဟွမ်ယွမ်ဓားဂိုဏ်းရှိ သူ၏ အဆင့်အတန်းကို အနာဂတ်တွင် သက်ရောက်လာပေလိမ့်မည်။
“မင်းရဲ့ မှတ်ဥာဏ်ကို ငါဝါးမျိုနိုင်သရွေ့ ဟွမ်ယွမ်ဓားဂိုဏ်းထဲကို ဝင်နိုင်နေတာပဲ.. လမ်းပြပေးဖို့ မင်းကို ဘာအတွက် လိုအပ်မှာလဲ”
ကျန်းချန်က အေးစက်စက် ပြုံးကာ ပြောလိုက်သည်။
သူက ယွမ်ဟောင်ယွီကို အလွှတ်ပေးရန် အစီအစဥ်မရှိခဲ့ပေ။
ယွမ်ဟောင်ယွီ၏ စိတ်ထဲတွင် မည်ကဲ့သို့ တွက်ချက်မှုမျိုး ရှိနေသည်ကို ကျန်းချန်သည် သဘာဝကျစွာပင် ခန့်မှန်းမိခဲ့သည်။
မည်သို့ပင် ဆိုစေကာမူ ဟွမ်ယွမ်ဓားဂိုဏ်းသည် အင်မော်တယ်ကျင့်ကြံခြင်း စကြဝဠာ၏ နံပါတ်တစ် ဂိုဏ်းကြီး ဖြစ်ပြီး ယွမ်ဟောင်ယွီသည် ဟွမ်ယွမ်ဓားဂိုဏ်း၏ ပါရမီရှင်တပည့်တစ်ဦး ဖြစ်သည်။
ယွမ်ဟောင်ယွီကို လမ်းပြခိုင်းခြင်းသည် သူ့အတွက် ပြဿနာများစွာကို ဖြစ်ပေါ်စေနိုင်၏။
ထို့ကြောင့် ယွမ်ဟောင်ယွီကို ဟွမ်ယွမ်ဓားဂိုဏ်းထဲသို့ ဝင်ရောက်ရန် လမ်းပြခိုင်းမည့်အစား ယွမ်ဟောင်ယွီ၏ မှတ်ဥာဏ်ကို အတင်းအကျပ် ရယူခြင်းသည် သူ့အတွက် ပိုမိုဘေးကင်းလိမ့်မည် မဟုတ်ပါလား။
“ဟွမ်ယွမ်ဓားဂိုဏ်းမှာ အရေးကြီးတဲ့ နေရာတချို့ရှိတယ်.. အဲဒီနေရာတွေကို ဟွမ်ယွမ်ဓားဂိုဏ်းရဲ့ တပည့် မဟုတ်ရင် မဖွင့်နိုင်ဘူး.. မင်းက ဟွမ်ယွမ်ဓားဂိုဏ်းထဲ ဝင်ရောက်နိုင်မဲ့ နည်းလမ်းကို ရရှိခဲ့ရင်တောင် ဟွမ်ယွမ်ဓားဂိုဏ်းရဲ့ တပည့် တစ်ဦးဦး အကူအညီ မပါရင် မင်းအနေနဲ့ အကျိုးကျေးဇူး အများအပြား ရရှိမှာမဟုတ်ဘူး”
ယွမ်ဟောင်ယွီ၏ အမူအရာက ပြောင်းလဲသွားခဲ့ပြီး အလျင်အမြန်ပင် ပြောလိုက်သည်။
ထိုစကားကိုကြားလျှင် ကျန်းချန်၏ မျက်ဝန်းများက အနည်းငယ် မှေးကျဥ်းသွားခဲ့၏။
အင်မော်တယ် စိတ်ကူးယဥ် ဟင်းလင်းပြင်သည် ဟွမ်ယွမ်ဓားဂိုဏ်း တစ်ခုလုံးကို အကုန်အစင် ပြန်လည် ပုံဖော်ထားမှန်း ကျန်းချန် ကောင်းစွာ သိရှိထားခဲ့သည်။
ဟွမ်ယွမ်ဓားဂိုဏ်း၏ ကာကွယ်ရေး အစီအရင်သည် အလွန်တရာပင် အစွမ်းထက်ပြီး သာမန်လူများ ကျူးကျော်ဝင်ရောက်ရန် မဖြစ်နိုင်ပေ။
သို့ရာတွင် ယွမ်ဟောင်ယွီ၏ မှတ်ဥာဏ်ကို အတင်းအကျပ် ဖတ်ရှုပြီးလျှင်မူ ကျန်းချန်အနေဖြင့် ဟွမ်ယွမ်ဓားဂိုဏ်းထဲသို့ မဝင်ရောက်နိုင်စရာ အကြောင်းမရှိပေ။
ဟွမ်ယွမ်ဓားဂိုဏ်းသည် ၎င်းတို့၏ အရင်းအမြစ်များကို အခြားသော အင်အားစုများ၏ လက်ထဲသို့ မကျရောက်စေရန်အတွက် ပြင်ဆင်မှုအချို့ ပြုလုပ်ထားနိုင်သည့်အချက်အလက်ကိုလည်း ချန်လှပ်ထား၍ မဖြစ်ပေ။
ကျန်းချန်က ဆုံးဖြတ်ချက်ချရန် အတွက် တစ်ခဏမျှ စဥ်းစားလိုက်သည်။
ခဏအကြာတွင်မူ သူက သူ၏လက်ထဲမှ ယွမ်ဟောင်ယွီကို ကြည့်ကာ အေးစက်စက် ပြောလိုက်သည်။
“စိတ်မကောင်းပါဘူး.. ငါ မင်းကို မယုံနိုင်ဘူး.. မင်းရဲ့မှတ်ဥာဏ်ကို ဝါးမျိုလိုက်တာကပဲ ငါ့အတွက် ပိုပြီး ဘေးကင်းမယ်လို့ ငါထင်တယ်”
စကားဆုံးသည်နှင့် ကျန်းချန်၏ အားကောင်းသော နတ်အသိစိတ်သည် ယွမ်ဟောင်ယွီ၏ အသိစိတ်ပင်လယ်ထဲသို့ အလုံးစုံ ကျရောက်သွားခဲ့သည်။
“မလုပ်ပါနဲ့”
ယွမ်ဟောင်ယွီက ရုတ်တရက် စိတ်ပျက်အားငယ်သွားခဲ့ပြီး ထိတ်လန့် တုန်လှုပ်သွားခဲ့သည်။
သူက ကျန်းချန်၏ အသိစိတ်အား သူ၏ အသိစိတ်ပင်လယ်ထဲကနေ မောင်းထုတ်ရန် အစွမ်းကုန် ကြိုးစားခုခံခဲ့သည်။
သို့သော်လည်း ယခုအခါတွင် သူက ကျင့်ကြံခြင်းအဆင့် မရှိတော့သည့် သာမန် လူတစ်ယောက် ဖြစ်နေခဲ့ရာ ကျန်းချန်၏ ပြိုင်ဘက် မည်ကဲ့သို့ ဖြစ်နိုင်ပါအံ့နည်း။
မျက်တောင်တစ်ခတ် အတွင်းမှာပင် သူ၏ အသိစိတ်သည် ကျန်းချန်၏ အားကောင်းသော နတ်အသိစိတ်၏ ဝါးမျိုခြင်းကို အကုန်အစင် ခံလိုက်ရသည်။
အခန်း(၂၅၈၇)ပြီး၏။
အခန်း(၂၅၈၈)
ကျန်းချန်က ယွမ်ဟောင်ယွီ၏ အသိစိတ်ကို ဝါးမျိုပြီးနောက်တွင် ယွမ်ဟောင်ယွီ၏ ခန္ဓာကိုယ်သည် ချက်ချင်းပင် အလင်းစက်ကလေးများ အဖြစ် ပြောင်းလဲသွားပြီး လေထဲ၌ပင် ပျောက်ကွယ်သွားခဲ့သည်။
အင်မော်တယ် စိတ်ကူးယဉ် ဟင်းလင်းပြင်ထဲသို့ ဝင်ရောက်လာသော ပါရမီရှင်များသည် ကျဆုံးသွားသည်နှင့် ချက်ချင်းပင် ပျောက်ကွယ်သွားမည် ဖြစ်ပြီး အင်မော်တယ် စိတ်ကူးယဉ် ဟင်းလင်းပြင်ထဲတွင် မည်သည့် သဲလွန်စမှ ကျန်ရစ်မည် မဟုတ်ပေ။
ကျန်းချန်က သူ၏လက်ဖဝါးထဲမှ ပျောက်ကွယ်သွားသော ယွမ်ဟောင်ယွီကို ဂရုမစိုက်ခဲ့ပေ။
သူက မျက်လုံးများကို မှိတ်လိုက်ပြီး ယွမ်ဟောင်ယွီ၏ မှတ်ဉာဏ်များကို စီစစ်လိုက်သည်။
ခဏအကြာတွင် သူက မျက်လုံးများကို ရုတ်တရက် ဖွင့်လိုက်ရာ သူ၏ မျက်ဝန်းထဲတွင် ထက်ရှသော အလင်းတန်းတစ်ခု လင်းလက်သွားခဲ့၏။
ကံကောင်းထောက်မစွာဖြင့် သူက အစောပိုင်းတွင် ယွမ်ဟောင်ယွီကို ယုံကြည်ရန် မရွေးချယ်ခဲ့မိပေ။
ယွမ်ဟောင်ယွီ ထံတွင် အမှန်တကယ်ပင် ဆိုးရွားသော ရည်ရွယ်ချက် ရှိနေခဲ့၏။
ယွမ်ဟောင်ယွီ၏ မှတ်ဉာဏ်မှတစ်ဆင့် ကျန်းချန်သည် ဟွမ်ယွမ်ဓားဂိုဏ်းထဲသို့ ဝင်ရောက်နိုင်မည့် နည်းလမ်းကို အလျင်အမြန်ပင် ရှာဖွေတွေ့ရှိခဲ့သည်။
ယေဘုယျအားဖြင့် ဆိုရလျှင် ဟွမ်ယွမ်ကောင်းကင်ဓား အစီအရင်ကို ကျော်ဖြတ်ကာ ဟွမ်ယွမ်ဓားဂိုဏ်းသို့ ဝင်ထွက်နိုင်သည့် နည်းလမ်း နှစ်မျိုးသာ ရှိသည်။
ပထမနည်းလမ်းမှာ ဟွမ်ယွမ်ကောင်းကင်ဓား အစီအရင်ကို ထိန်းချုပ်ထားသော ဟွမ်ယွမ်ဓားဂိုဏ်းမှ အကြီးအကဲက အစီအရင်ကို ဖွင့်လှစ်ပေးရန် ဖြစ်သည်။
သို့ရာတွင် ဤအင်မော်တယ် စိတ်ကူးယဉ် ဟင်းလင်းပြင်ထဲတွင်မူ ဟွမ်ယွမ်ကောင်းကင်ဓား အစီအရင်ကို ထိန်းချုပ်မည့်သူ မရှိသောကြောင့် အစီအရင်ကို ဖွင့်လှစ်ပေးရန်မှာ မဖြစ်နိုင်သလောက်ပင်။
နောက်ထပ် နည်းလမ်းတစ်ခုကမူ ဟွမ်ယွမ်ဓားဂိုဏ်း၏ လျှို့ဝှက်နည်းစနစ်ကို ကျင့်ကြံ၍ ကျော်ဖြတ်ရန် ဖြစ်သည်။
ထိုလျှို့ဝှက်နည်းစနစ်သည် ကောင်းကင်ဓားတံဆိပ်ဟု ခေါ်သော တံဆိပ်ပြား တစ်ခုကို ထုတ်ဖော်ပေးနိုင်၏။
ကောင်းကင်ဓားတံဆိပ်သည် ဟွမ်ယွမ်ဓားဂိုဏ်းကို လွတ်လပ်စွာ ဝင်ထွက်နိုင်သည့် ခွင့်ပြုချက် လက်မှတ်ပင် ဖြစ်သည်။
ဟွမ်ယွမ်ဓားဂိုဏ်းတွင် ယေဘုယျအားဖြင့် ပါရမီရှင်တပည့်များနှင့် အကြီးအကဲများ သာလျှင် ထိုလျှို့ဝှက်နည်းစနစ်ကို လေ့ကျင့်ရန် အရည်အချင်း ပြည့်မီကြ၏။
ယွမ်ဟောင်ယွီသည် ဟွမ်ယွမ်ဓားဂိုဏ်း၏ မဟာယာန တစ်ပိုင်းအဆင့် ပါရမီရှင် တစ်ဦး ဖြစ်သည့်အတွက် ဤလျှို့ဝှက်နည်းစနစ်ကို တတ်မြောက်ထားခဲ့သည်။
အကယ်၍ သူက ယွမ်ဟောင်ယွီကို တိုက်ရိုက် ဝါးမျိုပြီး မှတ်ဉာဏ်ကို မဖတ်ဘဲ ယွမ်ဟောင်ယွီကို ဟွမ်ယွမ်ဓားဂိုဏ်းထဲသို့ ခေါ်သွားခိုင်းခဲ့လျှင် ယွမ်ဟောင်ယွီက ထိုလျှို့ဝှက်နည်းစနစ်ကို အသုံးပြု၍ လှည့်ကွက်တချို့ လုပ်လိုက်သည်နှင့် သူက ဟွမ်ယွမ်ကောင်းကင်ဓား အစီအရင်၏ တိုက်ခိုက်ခြင်းကို သေချာပေါက် ခံရပေလိမ့်မည်။
ထိုအချိန်သို့ရောက်လျှင် မဟာယာန အထွတ်အထိပ်နှင့် နှိုင်းယှဉ်နိုင်သော သူ၏ လက်ရှိခွန်အားဖြင့်ပင် မသေဆုံးလျှင်ပင် ဒဏ်ရာအပြင်းအထန် ရရှိသွားမည် ဖြစ်သည်။
သေချာသောအချက်မှာ ယွမ်ဟောင်ယွီသည် သူ့ကို လုံးဝလိမ်ညာခဲ့ခြင်း မဟုတ်ပေ။
ဟွမ်ယွမ်ဓားဂိုဏ်းတွင် အရေးကြီးသော နေရာနှစ်ခု ရှိပြီး ထိုနေရာနှစ်ခုကို ဖွင့်လှစ်ရန် အတွက် ဟွမ်ယွမ်ဓားဂိုဏ်း၏ တပည့်များကို အမှန်တကယ် လိုအပ်သည်။
သို့သော် ကျန်းချန်သည် ထိုအရာကို သိပ်ဂရုမစိုက်ခဲ့ပေ။
ဟွမ်ယွမ်ဓားဂိုဏ်းသည် အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာ၏ နံပါတ်တစ် အင်မော်တယ်ဂိုဏ်းကြီး ဖြစ်၍ ဂိုဏ်းအတွင်း၌ ကျင့်ကြံခြင်း အရင်းအမြစ် များစွာ ရှိ၏။
ဆိုရလျှင် ထိုနေရာနှစ်ခုသို့ မဝင်ရောက်နိုင်ခဲ့လျှင်ပင် ဟွမ်ယွမ်ဓားဂိုဏ်းတွင် အကျိုးကျေးဇူးများစွာ ရရှိနိုင်ပါသေးသည်။
ထို့အပြင် အင်မော်တယ် စိတ်ကူးယဉ် ဟင်းလင်းပြင်ထဲသို့ ဝင်ရောက်လာသော ဟွမ်ယွမ်ဓားဂိုဏ်း၏ တပည့်မှာ ယွမ်ဟောင်ယွီ တစ်ယောက်တည်း မဟုတ်ပေ။
ဟွမ်ယွမ်ဓားဂိုဏ်းသို့ လာရန် အခြားသော တပည့်များကလည်း အလွယ်တကူ လက်လျှော့မည် မဟုတ်မှန်း သူယုံကြည်ခဲ့သည်။
သူက ဟွမ်ယွမ်ဓားဂိုဏ်းသို့ ဝင်ရောက်ပြီးနောက်တွင် အနှေးနှင့်အမြန် ဆိုသလို ဟွမ်ယွမ်ဓားဂိုဏ်း၏ တပည့်တစ်ဦးသည် ထိုနေရာနှစ်ခုကို သူ့အတွက် ဖွင့်လှစ်ပေးလာလိမ့်မည် မဟုတ်ပါလား။
ယင်းသို့ တွေးမိပြီးနောက်တွင် ကျန်းချန်သည် တုံံ့ဆိုင်းမနေတော့ဘဲ ယွမ်ဟောင်ယွီ၏ မှတ်ဉာဏ်ထဲမှ လျှို့ဝှက်နည်းစနစ်ကို စတင် လေ့ကျင့်တော့သည်။
ဤလျှို့ဝှက်နည်းစနစ်သည် အုပ်စိုးသူအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သော ကျန်းချန် အတွက် မခက်ခဲပေ။
မကြာမီမှာပင် လက်ဖဝါး အရွယ်အစားရှိ ရိုးရှင်းသော တံဆိပ်ပြား တစ်ခုသည် ကျန်းချန်၏ လက်ဖဝါးထဲတွင် ပေါ်လာခဲ့သည်။
ကျန်းချန်က တံဆိပ်ပြားကို ထိန်းချုပ်ကာ ဟွမ်ယွမ်ကောင်းကင်ဓား အစီအရင် အနီးသို့ ဂရုတစိုက် ချဉ်းကပ်သွားခဲ့သည်။
မည်သည့် ပြဿနာမျှ မရှိကြောင်း အတည်ပြုပြီးနောက်တွင် သူက ဟွမ်ယွမ်ကောင်းကင်ဓား အစီအရင်ကို ဖြတ်ကျော်ကာ ဟွမ်ယွမ်ဓားဂိုဏ်း၏ အတွင်းပိုင်း ဆီသို့ ပြေးဝင်သွားခဲ့၏။
ကျန်းချန်က ယွမ်ဟောင်ယွီကို သတ်ဖြတ်ပြီး ဟွမ်ယွမ်ဓားဂိုဏ်းထဲသို့ ဝင်ရောက်သွားချိန်နှင့် တစ်ပြိုင်နက်တည်းမှာပင်
ဟွမ်ယွမ်သူတော်စင်မြို့၏ မြို့စားစံအိမ် အလယ်ဗဟိုရှိ ခမ်းနားထည်ဝါသော ရှေးဟောင်းခန်းမကြီး တစ်ခုတွင် ခါးကုန်းကုန်း ဆံဖြူ အဖိုးအိုတစ်ဦးသည် ခန်းမအလယ်တွင် ငြိမ်သက်စွာ ထိုင်နေခဲ့သည်။
အဖိုးအို၏ ခန္ဓာကိုယ်တွင် မည်သည့် အရှိန်အဝါမျှ မရှိပေ။
အဖိုးအိုက သေခါနီးအချိန်သို့ ရောက်ရှိနေသော သာမန် အဖိုးအို တစ်ဦးနှင့်ပင် တူနေခဲ့၏။
သို့ရာတွင် သူ၏ နက်ရှိုင်းသော မျက်ဝန်းအစုံကမူ တစ်ချက်မျှ ကြည့်လိုက်ရုံဖြင့် လူတစ်ဦး၏ ဝိညာဉ်ကို ထိုးဖောက်သွားသလို ခံစားချက်မျိုးအား ပေးစွမ်းနေခဲ့သည်။
ဆံဖြူအဖိုးအို၏ ဘေးတွင် ဝတ်ရုံရှည်ကို ဝတ်ဆင်ထားသော လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးလည်း ရှိနေ၏။
ထိုအမျိုးသား၏ ကျင့်ကြံခြင်း အဆင့်သည် မဟာယာန အစောပိုင်းအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
ဤဝတ်ရုံရှည်နှင့် လူလတ်ပိုင်းအရွယ် အမျိုးသားသည် အခြားသူ မဟုတ်ဘဲ ဟွမ်ယွမ်သူတော်စင်မြို့၏ မြို့စားမင်း ကူယွမ်ယန် ပင်ဖြစ်သည်။
သူ၏ နံဘေးရှိ အဖိုးအိုကမူ ဟွမ်ယွမ်ဓားဂိုဏ်း၏ အကြီးအကဲ ယွမ်ထျန်းဟွာ ဖြစ်ပြီး အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာရှိ လက်ချိုးရေတွက်၍ရသော မဟာယာန အထွတ်အထိပ် ကျင့်ကြံသူများ ထဲမှ တစ်ဦး ဖြစ်ကာ အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာ၏ ထိပ်သီးပုဂ္ဂိုလ် ဆယ်ဦး စာရင်းတွင် ထိပ်ဆုံးသုံးဦးထဲ၌ ပါဝင်သော အစွမ်းထက် ပုဂ္ဂိုလ် တစ်ဦးလည်း ဖြစ်သည်။
"အကြီးအကဲ.. ယွမ်ထျန်းချီက ကျွန်တော်တို့ ဟွမ်ယွမ်ဓားဂိုဏ်းမှာ အချိန်အတော်ကြာ မတွေ့ခဲ့ရတဲ့ မဟာယာန အဆင့်ပါရမီရှင်လို့ မပြောရဘူး.. သူက ဒုတိယနေရာမှာ ရှိနေတဲ့သူထက် အများကြီး ရှေ့ရောက်နေခဲ့ပြီ.. ဒီတစ်ကြိမ် အဆင့်သတ်မှတ်ချက် စာရင်းရဲ့ ထိပ်ဆုံးနေရာက သူ့အတွက်ပဲ ဖြစ်မယ် ထင်တယ်"
ကူယွမ်ယန်က အဆင့်သတ်မှတ်ချက် စာရင်းပေါ်ရှိ အဆင့် သတ်မှတ်ချက်များကို ကြည့်ရင်း ပြုံး၍ ပြောလိုက်သည်။
"ဟွမ်ယွမ်ဓားဂိုဏ်း အတွက်တော့ အင်မော်တယ် စိတ်ကူးယဉ် ဟင်းလင်းပြင်ရဲ့ အဓိပ္ပာယ်က အဆင့်သတ်မှတ်ချက်စာရင်းပေါ်မှာပဲ ရှိနေတာ မဟုတ်ဘူး.. သူတို့တွေ တကယ့် အရေးပါတာကို ပစ်ပယ်ပြီး အသေးအဖွဲ နောက်ကို မလိုက်ကြဖို့ပဲ ငါ မျှော်လင့်မိတယ်"
ယွမ်ထျန်းဟွာသည် ခန်းမထဲတွင် လှုပ်ရှားမှု မရှိဘဲ ကျောက်ရုပ်လို ရပ်နေသော ဟွမ်ယွမ်ဓားဂိုဏ်းမှ တပည့်တစ်ဒါဇင်ကျော်ကို ကြည့်လိုက်သည်။
သူ၏အကြည့်က ယွမ်ထျန်းချီ၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားသောအခါ သူအနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။
အင်မော်တယ် ဟင်းလင်းပြင်သည် ဟွမ်ယွမ်ကောင်းကင်နယ်မြေကို ပြန်လည် ဖော်ဆောင်ထားသော မှန်သားကမ္ဘာ တစ်ခု ဖြစ်သည်။
အင်မော်တယ် စိတ်ကူးယဉ် ဟင်းလင်းပြင်ထဲရှိ ဟွမ်ယွမ်ဓားဂိုဏ်း အတွင်းမှ အရာအားလုံးမှာ အစစ်အမှန်များ ဖြစ်၏။
ထို့ကြောင့် အင်မော်တယ် စိတ်ကူးယဉ် ဟင်းလင်းပြင်ထဲတွင် ဟွမ်ယွမ်ဓားဂိုဏ်း၏ တပည့်များသည် ဂိုဏ်း၏ အရင်းအမြစ်များကို စိတ်ကြိုက် အသုံးပြုနိုင်ပြီး ၎င်းတို့၏ ခွန်အားကို အမြင့်မားဆုံး အထိ မြှင့်တင်နိုင်ကြသည်။
ဆိုရလျှင် ဟွမ်ယွမ်ဓားဂိုဏ်းသည် အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာတွင် အမြဲတစေ နံပါတ်တစ် အင်မော်တယ်ဂိုဏ်းကြီး အဖြစ် ရပ်တည်နိုင်ခဲ့ပြီး အခြားသော အင်မော်တယ်ဂိုဏ်းကို နောက်ကောက်ချ၍ ချန်ထားနိုင်ခဲ့ခြင်းမှာ ဤအင်မော်တယ် စိတ်ကူးယဉ် ဟင်းလင်းပြင်နှင့် ခွဲခြား၍မရသော ဆက်စပ်မှု ရှိနေခြင်းကြောင့်ပင်။
ဤနှစ်များတစ်လျှောက်တွင် သူတို့သည် အင်မော်တယ် စိတ်ကူးယဉ် ဟင်းလင်းပြင်ကို အသုံးပြု၍ မရေမတွက်နိုင်သော အင်အားကြီး ပုဂ္ဂိုလ်များကို မွေးထုတ်နိုင်ခဲ့သည်။
ယင်းက ဟွမ်ယွမ်ဓားဂိုဏ်း၏ ခွန်အားကို မကြုံစဖူး အားကောင်းသော အဆင့်သို့ ရောက်ရှိစေခဲ့၏။
သူတို့နှစ်ဦး စကားပြောဆိုနေစဉ်မှာပင် ခန်းမထဲတွင် ရုတ်တရက် ထူးဆန်းသော ဟင်းလင်းပြင် စွမ်းအင်လှိုင်း တစ်ခု ဖြစ်ပေါ်လာခဲ့သည်။
မကြာမီမှာပင် ဟွမ်ယွမ်ဓားဂိုဏ်းမှ တပည့်တစ်ဦး၏ ခန္ဓာကိုယ်သည် အနည်းငယ် တုန်ယင်သွားခဲ့ပြီး နှစ်ခြိုက်စွာ အိပ်ပျော်နေသည့် အခြေအနေကနေ နိုးထလာခဲ့သည်။
ဤဟွမ်ယွမ်ဓားဂိုဏ်းမှ တပည့်သည် အခြားသူ မဟုတ်ဘဲ ကျန်းချန်၏ ရှင်းပစ်ခြင်းကို ခံလိုက်ရသည့် ယွမ်ဟောင်ယွီပင် ဖြစ်သည်။
"ယွမ်ဟောင်ယွီ.. မင်း.. မင်း ဘယ်လိုဖြစ်ပြီး ဖယ်ထုတ်ခံလိုက်ရတာလဲ"
ကူယွမ်ယန်က ယွမ်ဟောင်ယွီကို ကြည့်ကာ မှင်တက်သွားခဲ့သည်။
သူ၏ အကြည့်ထဲတွင် မယုံကြည်နိုင်သော အမူအရာများ ပေါ်လာခဲ့၏။
ယွမ်ဟောင်ယွီသည် သူတို့ ဟွမ်ယွမ်ဓားဂိုဏ်း၏ မဟာယာန တစ်ပိုင်းအဆင့် ပါရမီရှင် ဖြစ်သည်။
ယွမ်ဟောင်ယွီကို ဤမျှအထိ မြန်မြန်ဆန်ဆန် အင်မော်တယ် စိတ်ကူးယဉ် ဟင်းလင်းပြင်ထဲကနေ ဖယ်ထုတ်ခံရအောင် သတ်နိုင်သည့် စွမ်းရည်မျိုး မည်သူ့တွင် ရှိနေပါသနည်း။
သူက စစ်မှန်သော ကမ္ဘာသို့ ပြန်ရောက်လာပြီ ဖြစ်ကြောင်း မြင်လျှင် ယွမ်ဟောင်ယွီ၏ မျက်နှာထက်တွင် ချက်ချင်းဆိုသလို ဒေါသရိပ်များ ထွက်ပေါ်လာခဲ့သည်။
သူက အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်လိုက်ပြီးနောက် လေးနက်စွာ ပြောလိုက်သည်။
"ကျွန်တော် အင်မော်တယ် စိတ်ကူးယဉ် ဟင်းလင်းပြင်ထဲကို ဝင်ပြီးတဲ့နောက်မှာ ဟွမ်ယွမ်ဓားဂိုဏ်း ဆီကို တိုက်ရိုက် သွားခဲ့တယ်.. အဲဒီကို ရောက်တော့ ဟွမ်ယွမ်ဓားဂိုဏ်းရဲ့ အပြင်ဘက်မှာ လျှို့ဝှက်ဆန်းကြယ်တဲ့ လူငယ်တစ်ယောက်နဲ့ တွေ့ခဲ့တယ်"
ယွမ်ဟောင်ယွီသည် အနည်းငယ်မျှပင် ဖုံးကွယ်ထားခြင်း မရှိဘဲ သူက ပြိုင်ဘက်၏ ဓားချက် တစ်ချက်တည်းဖြင့် မည်ကဲ့သို့ သတ်ဖြတ်ခြင်း ခံလိုက်ရကာ ပြိုင်ဘက်က သူ့ကို မည်ကဲ့သို့ အလွယ်တကူ သတ်ပစ်ခဲ့ကြောင်း ရှင်းပြခဲ့သည်။
ယွမ်ဟောင်ယွီ၏ ရှင်းပြမှုကို ကြားလျှင် ဟွမ်ယွမ်ဓားဂိုဏ်း၏ အကြီးအကဲ ယွမ်ထျန်းဟွာ ဖြစ်စေ၊ ဟွမ်ယွမ်သူတော်စင်မြို့၏ မြို့စားမင်း ကူယွမ်ယန် ဖြစ်စေ၊ သူတို့၏ မျက်နှာထက်တွင် အံ့သြထိတ်လန့်သော အမူအရာများ ဖုံးဖိမရစွာ ဖြစ်ပေါ်လာကြသည်။
ယွမ်ဟောင်ယွီ၏ ပါရမီသည် ဟွမ်ယွမ်ဓားဂိုဏ်းတွင်ပင် ထိပ်ဆုံးသုံးဦး စာရင်း၌ ပါဝင်သည်။
သူ၏ မဟာယာန တစ်ပိုင်းအဆင့် ခွန်အားဖြင့်ဆိုလျှင် အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာ တစ်ခုလုံးတွင် သူ့ကိုယှဥ်နိုင်သော ရွယ်တူပြိုင်ဘက်မှာ လက်ချိုးရေတွက်၍ပင် ရ၏။
ဤတစ်ကြိမ် အင်မော်တယ် ဂိုဏ်းပေါင်းစုံ ညီလာခံတွင် ပါရမီရှင် အများအပြား ပေါ်ထွက်လာခဲ့သော်လည်း ယွမ်ဟောင်ယွီ၏ ခွန်အားသည် သေချာပေါက် ထိပ်တန်းအဆင့်တွင် ရှိသည်။
ထိုလျှို့ဝှက်ဆန်းကြယ်သော လူငယ်သည် ယွမ်ဟောင်ယွီကို ဓားချက် တစ်ချက်တည်းဖြင့် သတ်နိုင်သည် ဆိုလျှင် မဟာယာန အဆင့် ပါရမီရှင် တစ်ဦး ဖြစ်နေနိုင်ခြေ အလွန်များနေခဲ့၏။
အခန်း(၂၅၈၈) ပြီး၏