← Chapters

အခန်း (၂၅၈၉-၂၅၉၀)

Vol. 199 Ch. 2589-2590

အခန်း (၂၅၈၉-၂၅၉၀)

Vol. 199 Ch. 2589-2590

အခန်း(၂၅၈၉)

"မဟာယာန အဆင့်ပါရမီရှင်လား"

သူတို့၏ ဟွမ်ယွမ်ဓားဂိုဏ်းအပြင် မဟာယာန အဆင့် ပါရမီရှင်ကို မွေးထုတ်ပေးနိုင်သည့် အခြားသော အင်အားစုများ အမှန်တကယ် ရှိနေပါသလော။

"ယွမ်ဟောင်ယွီ.. ခုနက အင်မော်တယ် စိတ်ကူးယဉ် ဟင်းလင်းပြင်ထဲမှာ မင်း ရမှတ် ဘယ်လောက် ရခဲ့လဲ"

ယွမ်ထျန်းဟွာသည် ကောင်းကင်ယံရှိ အဆင့်သတ်မှတ်ချက်စာရင်းကို မော့ကြည့်ရင်း ရုတ်တရက် မေးလိုက်သည်။

ယွမ်ဟောင်ယွီ ခဏမျှ မှင်တက်သွားပြီးမှ ပြန်ဖြေလိုက်သည်။

"ကျွန်တော် အင်မော်တယ် စိတ်ကူးယဉ် ဟင်းလင်းပြင်ထဲကို ဝင်ပြီးတဲ့နောက်မှာ ရမှတ်ရှာဖို့ အားမထုတ်ခဲ့ပါဘူး.. ဒါပေမဲ့ ဟွမ်ယွမ်ဓားဂိုဏ်းကို လာတဲ့လမ်းမှာ လူငါးယောက်ကိုတော့ သတ်ခဲ့ပါတယ်"

အဆင့်သတ်မှတ်ချက်စာရင်း၏ ဒုတိယနေရာကို စိုက်ကြည့်နေသည့် ယွမ်ဟောင်ယွီ၏ အိုမင်းသော မျက်ဝန်းထဲတွင် ထက်ရှသော အလင်းတန်း တစ်ခု လင်းလက်သွားခဲ့သည်။

"မင်းတွေ့ခဲ့တဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ လူငယ်က ကျန်းချန် ဆိုတဲ့ကောင် ဖြစ်ဖို့များတယ်.. သူက ခုနကတင် ရမှတ်ခြောက်မှတ် ရုတ်တရက် တက်လာပြီး အဆင့် သတ်မှတ်ချက်စာရင်းရဲ့ ဒုတိယနေရာကို တစ်ကျော့ပြန် ရောက်လာတာပဲ"

"ကျန်းချန်လား"

ယွမ်ဟောင်ယွီသည် အဆင့်သတ်မှတ်ချက် စာရင်းပေါ်ရှိ ထိုနာမည်ကို စိုက်ကြည့်လိုက်သည်။

သူ၏ မျက်ဝန်းထဲတွင် အေးစက်သော အလင်းတန်း တစ်ခု လက်သွားကာ ထိုနာမည်ကို သူ၏ မှတ်ဉာဏ်ထဲတွင် စွဲမြဲစွာ မှတ်သားထားလိုက်သည်။

အင်မော်တယ် စိတ်ကူးယဉ် ဟင်းလင်းပြင် စတင်ချိန်မှာပင် ကျန်းချန် ဆိုသောကောင်ကြောင့် သူက စောစီးစွာ ထွက်ခဲ့ရပြီး မဟာယာန အဆင့်ကို တက်လှမ်းနိုင်မည့် အခွင့်အရေးအား ဆုံးရှုံးခဲ့ရသည် မဟုတ်ပါလော။

သူက အနှေးနဲ့အမြန် ဆိုသလိုပင် ကျန်းချန်ကို ပြင်းထန်သော တန်ဖိုး ပေးဆပ်စေမည် ဖြစ်သည်။

"မထင်မှတ်ထားဘဲ ဒီကောင်က မဟာယာန အဆင့် ပါရမီရှင် ဖြစ်နေတာကိုး.. အဆင့်သတ်မှတ်ချက် စာရင်းမှာ ဒုတိယနေရာ ချိတ်တာ မဆန်းတော့ဘူး.. ဒီကောင်က ဝူကျိအင်မော်တယ်ဂိုဏ်းကလား ဒါမှမဟုတ် ထိုက်ယီအင်မော်တယ်ဂိုဏ်းကများလား"

ကူယွမ်ယန်က တီးတိုး ရေရွတ်လိုက်သည်။

သူ၏ အမြင်အရ သူတို့ ဟွမ်ယွမ်ဓားဂိုဏ်း အပြင် အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာ တစ်ခုလုံးတွင် အသက်တစ်ထောင်အောက် မဟာယာန အဆင့် ပါရမီရှင်တစ်ဦးကို မွေးထုတ်ပေးနိုင်သည်မှာ ဝူကျိအင်မော်တယ်ဂိုဏ်း နှင့် ထိုက်ယီအင်မော်တယ်ဂိုဏ်း တို့သာ ရှိနိုင်၏။

"ငါတော့ အဲဒီလိုမထင်ဘူး"

ယွမ်ထျန်းဟွာက အေးစက်စက် ပြောလိုက်သည်။

"ဒီနှစ်တွေ တစ်လျှောက်လုံး အင်မော်တယ် စိတ်ကူးယဉ် ဟင်းလင်းပြင် ပွင့်ခဲ့တာ အကြိမ် မရေမတွက်နိုင်တော့ဘူး.. အကြိမ်တိုင်းမှာ ဝူကျိအင်မော်တယ်ဂိုဏ်းရော ထိုက်ယီအင်မော်တယ်ဂိုဏ်းရောက ဟွမ်ယွမ်ဓားဂိုဏ်းရဲ့ ကိစ္စတွေမှာ ဘယ်တုန်းကမှ ဝင်မပါခဲ့ဖူးဘူး.. သူတို့တွေက ဟွမ်ယွမ်ဓားဂိုဏ်းကို စော်ကားပြီး အရင်းအမြစ်တွေကို ကျူးကျော်ဖို့ အလွယ်တကူ စွန့်စားမှာ မဟုတ်ဘူး

"အကြီးအကဲ ပြောသလိုပဲ.. အဲဒီကောင်က ဟွမ်ယွမ်ဓားဂိုဏ်းက တပည့်တွေကို ပေါ်တင်စောင့်နေတာတင် မကဘူး.. ကျွန်တော့် မှတ်ဉာဏ်ကိုပါ အတင်းအကျပ် ဝါးမျိုပြီး ဟွမ်ယွမ်ဓားဂိုဏ်းထဲ ဝင်ဖို့ ကြိုးစားခဲ့တယ်.. ဝူကျိ အင်မော်တယ်ဂိုဏ်းနဲ့ ထိုက်ယီ အင်မော်တယ်ဂိုဏ်းက အဲဒီလောက်ထိ သတ္တိရှိမှာ မဟုတ်ဘူး

ယွမ်ဟောင်ယွီက အလျင်အမြန်ပင် ခေါင်းညိတ် ထောက်ခံလိုက်သည်။

"ဘာ.. အဲဒီကောင်က မင်းရဲ့မှတ်ဉာဏ်ကို အတင်းအကျပ် ဝါးမျိုပြီး ဟွမ်ယွမ်ဓားဂိုဏ်းထဲ ဝင်သွားပြီ.. ဟုတ်လား

ယွမ်ဟောင်ယွီ၏ စကားကို ကြားလိုက်ရလျှင် ယွမ်ထျန်းဟွာ၏ မျက်နှာအမူအရာက ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။

သူ၏ အိုမင်းနေသော မျက်ဝန်းထဲတွင် အေးစက်စက် အလင်းတန်း တစ်ခု ယှက်သန်းသွား၏။

အင်မော်တယ် စိတ်ကူးယဉ် ဟင်းလင်းပြင်သည် ဟွမ်ယွမ်ကောင်းကင် နယ်မြေကို ပုံတူ ကူးထားသော ကမ္ဘာတစ်ခု ဖြစ်သည်။

ထိုနေရာရှိ အရာရာတိုင်းသည် ပိုင်ရှင်မဲ့ဟု ဆိုနိုင်သော်လည်း ဟွမ်ယွမ်ဓားဂိုဏ်းသည် မည်သူ တစ်ဦးတစ်ယောက်ကိုမျှ ဂိုဏ်းထဲမှ အဖိုးတန် အရင်းအမြစ်များကို ကျူးကျော်ခွင့်ပြုမည် မဟုတ်ပေ။

သေချာသောအချက်မှာ ဟွမ်ယွမ်ဓားဂိုဏ်းတွင် ဟွမ်ယွမ်ကောင်းကင်ဓားအစီအရင်၏ အကာအကွယ် ရှိနေပြီး ပုံမှန်အခြေအနေတွင် မည်သူမျှ လွယ်လွယ်နှင့် မကျူးကျော်ရဲခြင်းပင်။

ဤနှစ်ပေါင်းများစွာအတွင်း ဝူကျိအင်မော်တယ်ဂိုဏ်း နှင့် ထိုက်ယီ အင်မော်တယ်ဂိုဏ်းတို့ သည်ပင် အင်မော်တယ် စိတ်ကူးယဉ် ဟင်းလင်းပြင်ထဲရှိ ဟွမ်ယွမ်ဓားဂိုဏ်း၏ အရင်းအမြစ်များကို ကျူးကျော်ရန် မည်သည့် စိတ်ကူးမျှ မရှိခဲ့ဖူးပေ။

သို့သော် ဤတစ်ကြိမ်တွင်မူ တစ်စုံတစ်ဦးက ယွမ်ဟောင်ယွီ၏ မှတ်ဉာဏ်ကို အတင်းအကျပ် ဝါးမျိုကာ ဟွမ်ယွမ်ဓားဂိုဏ်းကို ကျူးကျော်ရန် ကြိုးစားလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

သိထားရမည့် အချက်မှာ အင်မော်တယ် စိတ်ကူးယဉ် ဟင်းလင်းပြင်ထဲရှိ ဟွမ်ယွမ်ဓားဂိုဏ်းသည် လက်တွေ့ကမ္ဘာရှိ ဟွမ်ယွမ်ဓားဂိုဏ်းနှင့် ထပ်တူနီးပါး တူညီနေသောအချက်ပင်။

ထိုကောင်လေးက ယွမ်ဟောင်ယွီ၏ မှတ်ဉာဏ်ကို ဝါးမျိုလိုက်ခြင်းသည် ဟွမ်ယွမ်ဓားဂိုဏ်း၏ လျှို့ဝှက်ချက်များစွာကို ပေါက်ကြားသွားစေခြင်းပင် ဖြစ်ရာ ယင်းကို ဟွမ်ယွမ်ဓားဂိုဏ်းသည် လုံးဝ ခွင့်ပြုနိုင်မည် မဟုတ်ပေ။

ထိုကောင်လေးက မည်သူပင်ဖြစ်ပါစေ၊ ဟွမ်ယွမ်ဓားဂိုဏ်းက အကြီးအကျယ် ပေးဆပ်စေမည် ဖြစ်၏။

ကူယွမ်ယန်က အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်လိုက်ပြီး လေးနက်စွာ ပြောလိုက်သည်။

"အကြီးအကဲ.. အဲဒီကောင်က ယွမ်ဟောင်ယွီရဲ့ မှတ်ဉာဏ်ကို ဖတ်ပြီး ဟွမ်ယွမ်ဓားဂိုဏ်းထဲကို ဝင်သွားလောက်ပြီ.. ကျွန်တော်တို့ ဟွမ်ယွမ်ဓားဂိုဏ်း ပိုင်ဆိုင်တဲ့ အရာတွေကို အပြင်လူတွေ အသုံးချခွင့် ပေးလို့မဖြစ်ဘူး.. အဲဒီကောင်ကို ဘယ်လို တားဆီးရမလဲ ဆိုတာ စဉ်းစားမှဖြစ်မယ်"

"ဟွမ်ယွမ်ဓားဂိုဏ်းထဲမှာ ယွမ်ထျန်းချီရဲ့ ကိုယ်ပွားတစ်ခု ကျန်နေသေးတယ်.. ကိုယ်ပွားကို သူ့ရဲ့ မူလခန္ဓာနဲ့ ဆက်သွယ်ဖို့ ငါအကြောင်းကြားထားပြီးပြီ"

ယွမ်ထျန်းဟွာက တည်ငြိမ်စွာ ပြောလိုက်သည်။

မဟာယာန အဆင့် ပါရမီရှင် ဆိုသည်မှာ သာမန်လူများ ယှဉ်ပြိုင်နိုင်သည့်သူ မဟုတ်ပေ။

အင်မော်တယ် စိတ်ကူးယဉ် ဟင်းလင်းပြင်ထဲတွင် ထိုကောင်လေးက သူတို့ ဟွမ်ယွမ်ဓားဂိုဏ်း၏ အရင်းအမြစ်များကို ကျူးကျော်ခြင်းမှ တားဆီးရန်မှာ ယွမ်ထျန်းချီ ကိုယ်တိုင် လုပ်ဆောင်မှသာ ဖြစ်နိုင်ပေလိမ့်မည်။

----------------------

အင်မော်တယ် စိတ်ကူးယဉ် ဟင်းလင်းပြင်ထဲရှိ ဟွမ်ယွမ်ဓားဂိုဏ်း အပြင်ဘက်မှ ကျန်းချန်သည် ယွမ်ဟောင်ယွီ၏ မှတ်ဉာဏ်ကို အတင်းအကျပ် ရယူပြီးနောက် ကောင်းကင်ဓား တံဆိပ်ပြားကို အလျင်အမြန် ထုတ်ဖော်ကာ ဟွမ်ယွမ်ဓားဂိုဏ်းထဲသို့ ဝင်ရောက်လာခဲ့သည်။

ယွမ်ဟောင်ယွီ၏ မှတ်ဉာဏ်မှတစ်ဆင့် ကျန်းချန်သည် ဟွမ်ယွမ်ဓားဂိုဏ်း၏ အခြေအနေကို အလွန် ပြည့်စုံစွာ နားလည်သွားခဲ့သည်။

ဟွမ်ယွမ်ဓားဂိုဏ်းသည် အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာ၏ နံပါတ်တစ် အင်မော်တယ်ဂိုဏ်းကြီး ဖြစ်သည့်အတိုင်း အလွန်ကြွယ်ဝသော အရင်းအမြစ်များ ရှိသည်။

ဟွမ်ယွမ်ဓားဂိုဏ်းတွင် အဓိကနေရာ သုံးခုရှိ၏။

တစ်ခုမှာ အမွေအနှစ် အင်မော်တယ်ခန်းမ ဖြစ်ပြီး ထိုနေရာတွင် ဟွမ်ယွမ်ဓားဂိုဏ်းမှ နှစ်ပေါင်းများစွာ စုဆောင်းထားသော ဓားသိုင်း အမွေအနှစ်များ ရှိသည်။

နောက်တစ်ခုမှာ ရတနာတိုက် ဖြစ်ပြီး ထိုအထဲတွင် ဟွမ်ယွမ်ဓားဂိုဏ်းမှ စုဆောင်းထားသော မရေမတွက်နိုင်သည့် အရင်းအမြစ်များ ရှိသည်။

ဤနေရာနှစ်ခုတွင်မူ အင်မော်တယ် စိတ်ကူးယဉ် ဟင်းလင်းပြင် မပွင့်မီ အချိန်တိုင်းတွင် ဟွမ်ယွမ်ဓားဂိုဏ်းသည် အထူး အစီအရင် အချို့ကို စီစဉ်ထားလေ့ ရှိရာ ဟွမ်ယွမ်ဓားဂိုဏ်း၏ အဓိက တပည့်များ မဟုတ်လျှင် ဝင်ရောက်နိုင်မည် မဟုတ်ပေ။

ထိုနေရာနှစ်ခုမှ လွဲ၍ ဟွမ်ယွမ်ဓားဂိုဏ်း၏ ကျန်ရှိသော အဓိကနေရာမှာ ဟွမ်ယွမ်ဓားရေကန် ဖြစ်သည်။

ဟွမ်ယွမ်ဓားရေကန်သည် ဟွမ်ယွမ်ဓားဂိုဏ်း၏ အံ့ဖွယ်ဓားရေကန် တစ်ခု ဖြစ်သည်။

ဒဏ္ဍာရီများအရ ဤဓားရေကန်ကို အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာရှိ ရှေးဟောင်းဓားအင်မော်တယ်က ချန်ထားခဲ့ခြင်း ဖြစ်ပြီး ရေကန်ထဲတွင် မယုံကြည်နိုင်စရာ ကောင်းသော စွမ်းအားများ ကိန်းအောင်းနေ၏။

ဟွမ်ယွမ်ဓားဂိုဏ်းတွင် ပါရမီရှင် တပည့် အနည်းငယ်သာလျှင် ဟွမ်ယွမ် ဓားရေကန်သို့ ဝင်ရောက်ပြီး ကျင့်ကြံခွင့် ရရှိကြသည်။

ဟွမ်ယွမ် ဓားရေကန်သို့ တစ်ကြိမ် ဝင်ရောက်နိုင်သည်နှင့် တစ်ကျော့ပြန် မွေးဖွားလာသကဲ့သို့ ဖြစ်ကာ အကျိုးကျေးဇူး အမြောက်အမြားကို ရရှိနိုင်မည် ဖြစ်သည်။

ကျန်းချန်သည် တုံ့ဆိုင်းမနေဘဲ ဟွမ်ယွမ်ဓားရေကန် ဆီသို့ ဦးတည်လိုက်၏။

ဟွမ်ယွမ်ဓားဂိုဏ်း၏ မဟာယာန တစ်ပိုင်းအဆင့် ပါရမီရှင် ဖြစ်သော ယွမ်ဟောင်ယွီ၏ မှတ်ဉာဏ်ကြောင့် ကျန်းချန်သည် ယခုအခါ ဟွမ်ယွမ်ဓားဂိုဏ်းနှင့် ပတ်သက်သမျှ အရာအားလုံးနီးပါးကို သိရှိနေခဲ့ချေပြီ။

ထိုအကြောင်းကြောင့်ပင် သူက များစွာ အားစိုက်စရာ မလိုဘဲ ဟွမ်ယွမ် ဓားရေကန် ရှိရာ တည်ငြိမ်အေးချမ်းသော နေရာလွတ် ကမ္ဘာငယ်လေး အတွင်းသို့ ရောက်ရှိလာခဲ့သည်။

ဤနေရာက နူးညံ့သိမ်မွေ့သော အငွေ့အသက်များ ရှိသည့် အင်မော်တယ်နယ်မြေ တစ်ခုလိုပင်။

အချင်း မီတာ တစ်ရာခန့်ရှိသည့် ကြီးမားသော ရေကန်ကြီးတစ်ခုသည် ကျန်းချန်ရဲ့ ရှေ့တည့်တည့်တွင် ပေါ်လာခဲ့သည်။

ရေကန်ထဲမှ ရေက ကောင်းကင်ရှိ ကြယ်တာရာများကို ရောင်ပြန်ဟပ်ပြီး ကြယ်အလင်းများဖြင့် တောက်ပနေ၏။

ရေကန်၏ အထက်တွင်မူ ရောင်စုံအလင်းတန်းများ ထွက်ပေါ်နေသော မြူများ ဖုံးအုပ်နေခဲ့သည်။

ဤရောင်စုံမြူများသည် ရေကန်၏ အထက် ကောင်းကင်ယံတွင် ရှေးဟောင်း ဟွမ်ယွမ်ဓား တစ်လက် အဖြစ် ခပ်ရေးရေး ပုံဖော်နေပြီး စေ့စေ့ပင် မကြည့်ရဲလောက်အောင် လျှို့ဝှက်ဆန်းကြယ်သည့် အရှိန်အဝါများ ထုတ်လွှတ်နေ၏။

"ဒါက ဟွမ်ယွမ်ဓားဂိုဏ်းရဲ့ ဟွမ်ယွမ် ဓားရေကန်လား.. တကယ်ကို ထူးခြားတာပဲ"

သူ့ရှေ့ရှိ ရေကန်ကို ကြည့်ကာ ကျန်းချန်၏ မျက်လုံးထဲတွင် အံ့သြသော အရိပ်အယောင်များ ရှိနေခဲ့သည်။

"ဒီရေကန်ထဲမှာ ဟွမ်ယွမ်ရဲ့ စွမ်းအားတွေ ပါဝင်နေတာ စိတ်ဝင်စားစရာပဲ.. အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာက ဟွမ်ယွမ်ဓားဂိုဏ်းက ဒဏ္ဍာရီလာ ဟွမ်ယွမ်ဓားဧကရာဇ်နဲ့ ပတ်သက်နေတာများလား"

ထိုအချိန်တွင် အင်မော်တယ် ကျောက်တိုင်၏ တအံ့တသြ ရေရွတ်လိုက်သော စကားသံက ကျန်းချန်၏ စိတ်ထဲတွင် မြည်ဟည်းလာခဲ့သည်။

ကျန်းချန် အံ့အားသင့်သွားခဲ့သည်။

"ဟွမ်ယွမ်ဓားဧကရာဇ်.. ဟုတ်လား"

"တစ်ချိန်က အင်မော်တယ်လောကရဲ့ ထိပ်ဆုံးမှာ ရှိခဲ့တဲ့ အင်အားကြီး ပုဂ္ဂိုလ်တစ်ဦးပေါ့.. မင်းရဲ့ လက်ရှိအဆင့်နဲ့က တအား အလှမ်း ဝေးလွန်းတဲ့ အတွက် အများကြီး သိဖို့ မလိုအပ်သေးဘူး"

အင်မော်တယ်ကျောက်တိုင်က လေးနက်စွာ ပြောလိုက်သည်။

"ဟွမ်ယွမ်ရဲ့ စွမ်းအားက အင်မော်တယ်လောကမှာတောင် ထိပ်တန်း အဆင့်ရှိတယ်.. ဒီဓားရေကန်က ဟွမ်ယွမ်စွမ်းအားရဲ့ အစအနလေးတွေလောက်ပဲ ပါဝင်နေတယ် ဆိုပေမဲ့ အနည်းငယ်လောက် စုပ်ယူနိုင်မယ် ဆိုရင်တောင် မင်းအတွက် အဆုံးမဲ့ အကျိုးကျေးဇူးတွေ ရစေဖို့ လုံလောက်တယ်.. ဒီနေရာမှာ အမြန်ဆုံး ကျင့်ကြံဖို့ လုပ်တော့"

အခန်း(၂၅၈၉) ပြီး၏

အခန်း(၂၅၉၀)

ထိုစကားကိုကြားလျှင် ကျန်းချန် ဆက်လက်၍ မမေးတော့ပေ။

သူက ဟွမ်ယွမ်ဓားရေကန်ထဲသို့ မျက်တောင်တစ်ခတ် အတွင်း ဝင်ရောက်လိုက်ပြီး စတင် ကျင့်ကြံလိုက်သည်။

မကြာမီမှာပင် ကျန်းချန်၏ စိတ်ထဲတွင် စနစ်၏ သတိပေးသံများ ထွက်ပေါ်လာခဲ့သည်။

"ဒင်.. သင်က ဟွမ်ယွမ်ရဲ့ အင်မော်တယ်စွမ်းအားကို စုပ်ယူပြီး အုပ်စိုးသူစွမ်းအား အတွေ့အကြုံရမှတ် ၁၀၀၀ကို အဆ ၁၀၀ ရရှိပါတယ်"

"ဒင်.. သင်က ဟွမ်ယွမ်ရဲ့ အင်မော်တယ် စွမ်းအားကို စုပ်ယူလိုက်တာကြောင့် သင့်ရဲ့ သွေးမျိုးဆက် သန်မာလာပြီး နတ်ခန္ဓာကိုယ်ပုံရိပ် ဆင့်ကဲပြောင်းလဲလာပါတယ်.. လက်ရှိ ဆင့်ကဲပြောင်းလဲမှု တိုးတက်နှုန်းက တစ်ထောင်ပုံတစ်ပုံ ဖြစ်ပါတယ်"

"တကယ်ကို အစွမ်းထက်လွန်းတဲ့ ဟွမ်ယွမ် အင်မော်တယ်စွမ်းအားပါလား"

သူ့စိတ်ထဲမှ စနစ်၏ သတိပေးသံကို ကြားလိုက်ရချိန်တွင် ကျန်းချန်သည် အသက်ပင် မရှူနိုင်ဘဲ တအံ့တဩ ဖြစ်သွားခဲ့သည်။

ဟွမ်ယွမ် အင်မော်တယ်စွမ်းအားက သူ၏ စွမ်းရည်ကို မြှင့်တင်ပေးသည့် အရှိန်အဟုန်သည် အင်မော်တယ် ခရစ်စတယ် အပိုင်းအစထက်ပင် ဆယ်ဆမျှ ပိုမို မြန်ဆန်နေခဲ့သည်။

တစ်နည်းအားဖြင့်ဆိုရလျှင် သူက အင်မော်တယ် ခရစ်စတယ် အပိုင်းအစများကို စုပ်ယူပြီး အုပ်စိုးသူ နှောင်းပိုင်းအဆင့်ကနေ အထွတ်အထိပ် အဆင့်သို့ ရောက်ရန် ခြောက်လခန့် ကြာမြင့်မည် ဖြစ်သော်လည်း ဤဟွမ်ယွမ်ဓားရေကန်တွင် ကျင့်ကြံမည် ဆိုလျှင်မူ ဆယ်ရက် သို့မဟုတ် ရက်ပေါင်းနှစ်ဆယ်သာ လိုအပ်မည် ဖြစ်သည်။

ထို့အပြင် ဟွမ်ယွမ် အင်မော်တယ်စွမ်းအားသည် သူ၏ သွေးမျိုးဆက်ကို သန်မာစေရုံသာမက သူ၏ နတ်ခန္ဓာကိုယ်ပုံရိပ်ကိုပါ ဆင့်ကဲ ပြောင်းလဲစေနိုင်၏။

"ဟွမ်ယွမ်ဓားဂိုဏ်းကို လာဖို့ ဆုံးဖြတ်ခဲ့တာ တကယ်ကို မှန်သွားခဲ့ပြီ"

ကျန်းချန် အလွန် စိတ်လှုပ်ရှားနေခဲ့သည်။

ဟွမ်ယွမ်ဓားဂိုဏ်း၏ အခြားသော အရင်းအမြစ်များကို ထည့်မတွက်လျှင်ပင် သူ့ရှေ့ရှိ ဟွမ်ယွမ်ဓားရေကန် တစ်ခုတည်းဖြင့်ပင် ကျန်းချန်အတွက် ဤခရီးစဥ်က ထိုက်တန်နေပြီ ဖြစ်သည်။

အင်မော်တယ် ဟင်းလင်းပြင် ဖွင့်လှစ်ချိန်သည် လက်တွေ့ကမ္ဘာတွင် သုံးရက် ဖြစ်သော်လည်း အင်မော်တယ် ဟင်းလင်းပြင်ထဲရှိ အချိန်စီးဆင်းမှုသည် ပြင်ပကမ္ဘာထက် ဆယ်ဆ ပိုမြန်၏။

ယင်းက အင်မော်တယ် စိတ်ကူးယဉ် ဟင်းလင်းပြင်ထဲတွင် တစ်လတိတိ အချိန်ရှိနေသည်ဟု ဆိုလိုနေပြီး ဟွမ်ယွမ်ဓားရေကန်၏ စွမ်းအားကို အသုံးပြု၍ အုပ်စိုးသူ အထွတ်အထိပ် အဆင့်သို့ တက်လှမ်းရန်နှင့် နတ်ခန္ဓာပုံရိပ် ဆင့်ကဲပြောင်းလဲမှု ပြီးမြောက်ရန် အတွက် လုံလောက်သော အချိန်ပင် ဖြစ်သည်။

ထိုအချိန်သို့ရောက်လျှင် အင်မော်တယ်တစ်ပါး လောကထဲသို့ ဆင်းသက် မလာသရွေ့ အင်မော်တယ်ကျင့်ကြံခြင်း စကြဝဠာ တစ်ခုလုံးတွင် သူ့ကို ယှဉ်နိုင်မည့်သူ ရှိတော့မည် မဟုတ်ပေ။

ကျန်းချန်သည် ထိုအခိုက်အတန့်တွင် တုံ့ဆိုင်းမနေတော့ဘဲ ဟွမ်ယွမ် ဓားရေကန်တွင် အစွမ်းကုန် ကျင့်ကြံခဲ့သည်။

-------------------------

ဟွမ်ယွမ်ဓားရေကန်တွင် ကျန်းချန် ကျင့်ကြံနေစဉ်မှာပင် အင်မော်တယ် ဟင်းလင်းပြင်ထဲရှိ ဟွမ်ယွမ်ဓားဂိုဏ်းနှင့် မိုင်ပေါင်း တစ်သန်းခန့် ဝေးကွာသော နေရာတစ်ခုတွင် ဓားသွားကဲ့သို့ မျက်ခုံးအစုံနှင့် ကြယ်တာရာ ကဲ့သို့ မျက်ဝန်းအစုံ ရှိသည့် ဝတ်စုံဖြူဝတ် လူငယ် တစ်ဦးသည် ဓားတစ်လက်ကို ကိုင်ကာ ဂုဏ်ယူဝင့်ကြွားစွာ ရပ်နေခဲ့သည်။

ထိုဝတ်စုံဖြူနှင့်လူငယ်မှာ အခြားသူ မဟုတ်ဘဲ ဟွမ်ယွမ်ဓားဂိုဏ်း၏ နံပါတ်တစ် ပါရမီရှင် ယွမ်ထျန်းချီပင် ဖြစ်သည်။

ဤအခိုက်အတန့်တွင် သူက သူ့ရှေ့ရှိ ဖြူဖျော့နေသော မျက်နှာနှင့် ကပ်ဘေးအဆင့် ပါရမီရှင်ကို အေးစက်စက် ကြည့်လိုက်ပြီး ဓားချက် တစ်ချက်ကို ထုတ်ဖော်လိုက်ရာ ဓားအလင်းသည် ထိုပါရမီရှင်ကို တုံ့ပြန်ရန် အခွင့်အရေးပင် အနည်းငယ်မျှ မပေးဘဲ နှစ်ပိုင်းဖြတ်ပစ်လိုက်သည်။

ယင်းနောက်တွင် ချက်ချင်းဆိုသလို ထိုပါရမီရှင်၏ ပုံရိပ်သည်လည်း အင်မော်တယ် စိတ်ကူးယဉ် ဟင်းလင်းပြင်ထဲတွင် လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့သည်။

"နှစ်ဆယ့်ခုနစ်ယောက်မြောက်"

ဓားချက် တစ်ချက်တည်းနှင့် သူ့ရှေ့က ပါရမီရှင်ကို သတ်ဖြတ်လိုက်ပြီးနောက်တွင် ယွမ်ထျန်းချီ၏ အေးစက်စက် ရေရွတ်သံက ပတ်ဝန်းကျင်အနှံ့ ပဲ့တင်ထပ်သွားခဲ့သည်။

အင်မော်တယ် စိတ်ကူးယဉ် ဟင်းလင်းပြင်သည် ဟွမ်ယွမ်ကောင်းကင်နယ်မြေ တစ်ခုလုံးကို ပြန်လည် ဖော်ဆောင်ထားသော ကမ္ဘာတစ်ခု ဖြစ်သည်။

အင်မော်တယ် စိတ်ကူးယဉ် ဟင်းလင်းပြင်ထဲသို့ ဝင်ရောက်လာသူတိုင်း၏ တည်နေရာမှာ ပုံသေ မဟုတ်ဘဲ ကျပန်းသာ ဖြစ်သည်။

ယွမ်ထျန်းချီ၏ ကံတရားမှာ မကောင်းလှပေ။

အင်မော်တယ် စိတ်ကူးယဉ် ဟင်းလင်းပြင်ထဲသို့ ဝင်ရောက်ပြီးနောက်တွင် ဟွမ်ယွမ်ဓားဂိုဏ်းနှင့် အလွန်တရာ ဝေးကွာသော နေရာ တစ်ခုတွင် ပေါ်လာခဲ့သည်။

သူက အင်မော်တယ် စိတ်ကူးယဉ် ဟင်းလင်းပြင်ထဲသို့ ဝင်ပြီးကတည်းက ဟွမ်ယွမ်ဓားဂိုဏ်း ဆီသို့ အပြေးအလွှား လာနေခဲ့သော်လည်း ယခုထက်တိုင် မရောက်ရှိသေးပေ။

ဤလမ်းတစ်လျှောက်လုံးတွင် ယွမ်ထျန်းချီသည် အခြားအင်အားစုများမှ ပါရမီရှင် တပည့်များနှင့် တွေ့ဆုံသည့်အခါတိုင်း အားလုံးကို ဓားချက် တစ်ချက်တည်းဖြင့်သာ ရက်ရက်စက်စက် သတ်ဖြတ်ခဲ့သည်။

ယခုလေးတင် သူသတ်လိုက်သော ပါရမီရှင် အပါအဝင် ယွမ်ထျန်းချီ၏ ဓားအောက်တွင် သေဆုံးခဲ့ရသည့် ပါရမီရှင်တပည့် စုစုပေါင်းမှာ ၂၇ ဦး ရှိပြီ ဖြစ်၏။

"တကယ်ကို ငြီးငွေ့ဖို့ ကောင်းတာပဲ.. ငါနဲ့ ရွယ်တူတွေထဲမှာ ငါ့ရဲ့ ဓားချက် တစ်ချက်ကိုတောင် ခံနိုင်မယ့်သူ မရှိတော့ဘူး ထင်တယ်.. ဒီနေရာက ဟွမ်ယွမ်ဓားဂိုဏ်းနဲ့ သိပ်မဝေးတော့ဘူး ဆိုတော့ ဂိုဏ်းဆီ တိုက်ရိုက်ပဲ သွားလိုက်တော့မယ်"

ယွမ်ထျန်းချီသည် သူ့ဘာသာသူ တီးတိုး ရေရွတ်လိုက်ပြီး ဟွမ်ယွမ်ဓားဂိုဏ်း ဆီသို့ ဦးတည်ရန် ပြင်လိုက်သည်။

သို့သော်လည်း ယွမ်ထျန်းချီသည် ထွက်ခွာတော့မည့် အခိုက်အတန့်တွင် တစ်စုံတစ်ခုကို ရုတ်တရက် အာရုံခံမိလိုက်ပြီး အမူအရာ ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။

"တစ်စုံတစ်ယောက်က ဟွမ်ယွမ်ဓားဂိုဏ်းထဲကို ဝင်ပြီး ယွမ်ဟောင်ယွီကို ဓားချက် တစ်ချက်တည်းနဲ့ သတ်လိုက်တဲ့ အပြင် မှတ်ဉာဏ်ကိုတောင် အတင်းအကျပ် ဝါးမျိုဖတ်ရှုပြီး ဂိုဏ်းထဲဝင်သွားတယ် ဆိုပါလား.. တကယ်ကို သတ္တိကောင်းတဲ့ကောင်ပဲ"

ယွမ်ထျန်းချီသည် တစ်ကိုယ်တည်း တီးတိုး ရေရွတ်လိုက်သည်။

သူ၏ မျက်ဝန်းထဲတွင် ထက်ရှသော ဓားအလင်းများ ပေါက်ကွဲထွက်လာခဲ့၏။

ယွမ်ထျန်းချီသည် ယွမ်ဟောင်ယွီ၏ ခွန်အားကို အလွန်ရှင်းလင်းစွာ သိထားခဲ့သည်။

ယွမ်ဟောင်ယွီသည် သူ့ထက် အနည်းငယ် အားနည်းသော်လည်း ဟွမ်ယွမ်ဓားဂိုဏ်းတွင် ဓားနတ်ဘုရား အဖြစ် တင်စားခံထားရသူ ဖြစ်သည်။

ယွမ်ထျန်းချီသည် ယခုအခါတွင် မဟာယာန တစ်ပိုင်းအဆင့်သာ ရှိသော်လည်း ဟွမ်ယွမ်ဓားဂိုဏ်း၏ ပြိုင်ဘက်ကင်း ဓားကျင့်ကြံသူ တစ်ဦးထံမှ အမွေအနှစ်ကိုပါ ရရှိထားသူ ဖြစ်၍ ခွန်အား အလွန်ပင် ကြီးမားသည်။

အခြားအင်အားစုများမှ မဟာယာန တစ်ပိုင်းအဆင့် ပါရမီရှင်များပင် ယွမ်ဟောင်ယွီကို အနိုင်ယူရန်မှာ လွယ်ကူသော အလုပ် မဟုတ်ပေ။

ယွမ်ဟောင်ယွီကို ဓားချက် တစ်ချက်တည်းဖြင့် သတ်နိုင်သည့် တည်ရှိမှုမျိုး ဆိုလျှင် ထိုလူ၏ ကျင့်ကြံမှုက မဟာယာန ပါရမီရှင် အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ဖို့ များ၏။

"မထင်မှတ်ဘဲ လက်ရှိ အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာမှာ အခြား မဟာယာနအဆင့် ပါရမီရှင်တွေ ရှိနေသေးပါလား.. ဒီတစ်ကြိမ် အင်မော်တယ် ဂိုဏ်းပေါင်းစုံ ညီလာခံက တကယ်ကို ပိုပိုပြီး စိတ်ဝင်စားဖို့ ကောင်းလာပြီ"

ယွမ်ထျန်းချီ၏ နှုတ်ခမ်းထောင့်တွင် လျှို့ဝှက်ဆန်းကြယ်သော အပြုံးတစ်ခု ပေါ်လာခဲ့သည်။

ထို့နောက် ချက်ချင်းပင် သူ၏ တစ်ကိုယ်လုံးသည် ဓားအလင်းတန်း တစ်ခု အဖြစ် ပြောင်းလဲသွားခဲ့ပြီး ဟွမ်ယွမ်ဓားဂိုဏ်း ရှိရာ ဘက်သို့ အရှိန်အဟုန်ဖြင့် ပျံသန်းသွားခဲ့သည်။

မိုင်ပေါင်း တစ်သန်းခန့် အကွာအဝေးသည် ယွမ်ထျန်းချီ အတွက်မူ အလွန်ဝေးကွာသော အကွာအဝေး မဟုတ်ပေ။

မျက်တောင်တစ်ခတ် အတွင်းမှာပင် ယွမ်ထျန်းချီ၏ ပုံရိပ်သည် ဟွမ်ယွမ်ဓားဂိုဏ်း၏ အပြင်ဘက်သို့ ရောက်ရှိလာခဲ့သည်။

သူက တုံ့ဆိုင်းမနေဘဲ လျှို့ဝှက်နည်းစနစ်ကို အသုံးပြု၍ ကောင်းကင်ဓား တံဆိပ်ပြားကို ထုတ်ဖော်ကာ ဟွမ်ယွမ်ဓားဂိုဏ်းထဲသို့ လှမ်းဝင်လိုက်သည်။

"ဟွမ်ယွမ်ဓားဂိုဏ်းရဲ့ အဓိကနေရာ သုံးခုထဲက အမွေအနှစ်ခန်းမ နဲ့ ရတနာတိုက်ကိုတော့ ဒီကောင် အလွယ်တကူ ဝင်လို့မရလောက်ဘူး.. ဒါကြောင့် ဟွမ်ယွမ်ဓားရေကန် ဆီကိုပဲ ဒီကောင် အရင်သွားဖို့ များတယ်"

ယွမ်ထျန်းချီက တခဏမျှ စဥ်းစားလိုက်ပြီးနောက်တွင် ဟွမ်ယွမ်ဓားဂိုဏ်း၏ အနက်ရှိုင်းဆုံး နေရာ ဆီသို့ တိုက်ရိုက်ပင် ဦးတည်သွားခဲ့သည်။

အလွန်လျင်မြန်စွာပင် ယွမ်ထျန်းချီသည် ဟွမ်ယွမ်ဓားဂိုဏ်း၏ အနက်ရှိုင်းဆုံး နေရာရှိ ဟွမ်ယွမ်ဓားရေကန် တည်ရှိရာ ကမ္ဘာငယ်လေး အတွင်းသို့ ရောက်ရှိလာခဲ့သည်။

ဟွမ်ယွမ်ဓားရေကန်ထဲတွင် တင်ပျဉ်ခွေ၍ ထိုင်နေသည့် အနက်ရောင် ဝတ်စုံဝတ် လူငယ်ကို မြင်လိုက်ရလျှင် သူ၏ မျက်ဝန်းများက အနည်းငယ် ကျဉ်းမြောင်းသွားခဲ့သည်။

ကျန်းချန်သည် ဟွမ်ယွမ်ဓားရေကန်ထဲသို့ ဝင်ရောက် ကျင့်ကြံချိန်တွင် ဟွမ်ယွမ်ဓားဂိုဏ်းမှ တပည့်တစ်ဦးဦး အချိန်မရွေး ရောက်လာနိုင်သည်ကို သိရှိထားသဖြင် ချက်ချင်း သိရှိနိုင်ရန် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားခဲ့သည်။

ထို့ကြောင့် ယွမ်ထျန်းချီ ဤနေရာသို့ ရောက်ရှိလာသည်နှင့် ကျန်းချန်သည် ယွမ်ထျန်းချီ၏ တည်ရှိမှုကို အာရုံခံမိလိုက်၏။

သူက ကျင့်ကြံမှုကို ရပ်ဆိုင်းလိုက်ပြီး မျက်လုံးများကို ရုတ်တရက် ဖွင့်လိုက်ရာ သူ၏ အကြည့်သည် ယွမ်ထျန်းချီ၏ ခန္ဓာကိုယ်ပေါ်သို့ တန်းတန်းမတ်မတ်ပင် ကျရောက်သွားခဲ့သည်။

"မဟာယာနအဆင့် ပါရမီရှင်လား"

ကျန်းချန်၏ မျက်ဝန်းများက အနည်းငယ် ကျဉ်းမြောင်းသွားခဲ့သည်။

သူ့ရှေ့က တစ်ယောက်က ဟွမ်ယွမ်ဓားဂိုဏ်း၏ အစွမ်းထက်ဆုံး ပါရမီရှင် ယွမ်ထျန်းချီမှန်း တွေးနေစရာပင် မလိုခဲ့ပေ။

"မင်းက ငါတို့ ဟွမ်ယွမ်ဓားဂိုဏ်းက တပည့်ရဲ့ မှတ်ဉာဏ်ကို အတင်းအကျပ် ဝါးမျိုဖတ်ရှုပြီး ငါတို့ ဂိုဏ်းထဲကိုတောင် ကျူးကျော်ဝင်ရောက်ရဲတယ်.. မင်း ဘယ်သူလဲ"

ယွမ်ထျန်းချီ၏ အေးစက်စက် စကားသံက ပတ်ဝန်းကျင်တွင် ပဲ့တင်ထပ်သွားခဲ့သည်။

ကျန်းချန်က တည်ငြိမ်စွာ ကြည့်၍ ပြောလိုက်သည်။

"မင်း မှားနေပြီ.. ဒီ အင်မော်တယ် ဟင်းလင်းပြင်က အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာက လူအားလုံး ပိုင်ဆိုင်တဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ နေရာလွတ် နယ်မြေပဲ.. ဒီနေရာက မင်းတို့ ဟွမ်ယွမ်ဓားဂိုဏ်း တစ်ဂိုဏ်းထဲ ပိုင်တာ မဟုတ်ဘူး"

"ကောင်းတယ်.. သိပ်ကောင်းတယ်"

ယွမ်ထျန်းချီက ကျန်းချန်ကို စူးစိုက်ကြည့်လိုက်သည်။

သူ၏ တစ်ကိုယ်လုံးတွင် ပြင်းထန်သော သတ်ဖြတ်လိုစိတ်များ ပြည့်နှက်သွားခဲ့၏။

"ဒီလောက် နှစ်ပေါင်းများစွာအတွင်းမှာ.. အင်မော်တယ် စိတ်ကူးယဉ် ဟင်းလင်းပြင်ထဲက ဟွမ်ယွမ်ဓားဂိုဏ်းကို လာရဲတာ မင်းပထမဆုံးပဲ"

"အဲဒီတော့ ဘာဖြစ်လဲ"

ကျန်းချန်က ယွမ်ထျန်းချီကို တစ်ချက်ကြည့်ကာ တည်ငြိမ်စွာ ပြောလိုက်သည်။

"ယွမ်ထျန်းချီ.. မင်း အသိတရားရှိတယ် ဆိုရင် ငါ့နားကနေ ခုချက်ချင်း ထွက်သွားစမ်း.. ငါကျင့်ကြံနေတာကို မနှောင့်ယှက်နဲ့.. မဟုတ်ရင် မင်းကို ရှင်းပစ်ဖို့ ငါဝန်လေးနေမှာ မဟုတ်ဘူး"

အခန်း(၂၅၉၀) ပြီး၏

All Chapters