← Chapters

အခန်း (၃၃၁)

Vol. 34 Ch. 331

အခန်း (၃၃၁)

Vol. 34 Ch. 331

အခန်း။ ၃၃၁

“တိုက်ရိုက်ပဲ ပြောလိုက်ရမှာလား ကျွန်တော် ဘာစာသားမှ ပြင်မထားဘူး။ ဘာပြောရမလဲ”

ယဲ့ဖျင်က “အားလုံး စိတ်ဓာတ်တက်ကြွသွားအောင် စကားနည်းနည်းလောက် ပြောပေးလိုက်ပါ။ ပြီးခဲ့တဲ့ ခြောက်လအတွင်းမှာ စစ်တုရင်မြို့တော်က ပြည်သူတွေ တကယ့်ကို ပင်ပန်းခဲ့ကြတာ။ အမြဲတမ်း ထိတ်လန့်ကြောက်ရွံ့နေရသလို ညစ်ညမ်းမှုတွေရဲ့ တိုက်စားမှုကို ခံနေရတော့ စိုးရိမ်စိတ်တွေလည်း ပိုများနေကြတာလေ...”

ရွှီရန် ခေတ္တမျှ စဉ်းစားလိုက်ပြီး “အားလုံးပဲ မင်္ဂလာပါ။ အခု စစ်တုရင်မြို့တော်မှာ မြင်တွေ့နေရတဲ့ ရွှေရောင်အလင်းတန်း အကာအကွယ်ကြီးကို သန့်စင်ခြင်းအစီအရင်လို့ ခေါ်ပါတယ်။ သူက ညစ်ညမ်းမှုတွေကို ခြေဖျက်ပြီး ဝိညာဉ်စွမ်းအင်တွေအဖြစ် ပြောင်းလဲပေးသွားမှာပါ။ နောက်ပိုင်းမှာတော့ စစ်တုရင်မြို့တော်ဟာ ညစ်ညမ်းမှုတွေ ကင်းစင်တဲ့ မြေထူးမြေမြတ်တစ်ခု ဖြစ်လာတော့မှာပါ။ လူတိုင်းရဲ့ ဒဏ်ရာတွေနဲ့ ရောဂါဝေဒနာတွေလည်း တဖြည်းဖြည်း သက်သာပျောက်ကင်းသွားပါလိမ့်မယ်”

“ဝိညာဉ်စွမ်းအင်တွေရဲ့ အာဟာရကို ရရှိတာကြောင့် နောင်မှာမွေးဖွားလာမယ့် ကလေးတွေက ကျင့်ကြံသူတွေဖြစ်လာဖို့ အခွင့်အလမ်း ပိုများလာပါလိမ့်မယ်။ ဝိညာဉ်စွမ်းအင် ကြွယ်ဝတဲ့နေရာမှာ နေထိုင်သူတွေကလည်း ခန္ဓာကိုယ်တွေ တစ်နေ့ထက်တစ်နေ့ ပိုပြီး သန်မာလာမှာပါ”

ရွှီရန်၏ လူငယ်ဆန်သော်လည်း တည်ငြိမ်လှသောအသံမှာ စစ်သေနာပတိတံဆိပ်မှတစ်ဆင့် မြို့လုံးကျွတ် အသံလွှင့်စနစ်အတွင်းသို့ ပျံ့နှံ့သွားတော့သည်။

ပြည်သူများမှာ တစ်ယောက်ပြီးတစ်ယောက် ခေါင်းမော့ကြည့်လိုက်ကြရာ လေထုထဲတွင် တဖျပ်ဖျပ်တောက်ပနေသော်လည်း ထိတွေ့၍မရသော ရွှေရောင်လိုက်ကာပါးလေးကို မြင်တွေ့လိုက်ရသည်။ နေရောင်ခြည်မှာ ပုံမှန်အတိုင်း ဖြတ်သန်းဝင်ရောက်နိုင်ပြီး မီးခိုးရောင်

တိမ်တိုက်များလည်း ဖြတ်သန်းသွားနိုင်သော်လည်း အစီအရင်အတွင်းသို့ ရောက်ရှိသွားသည်နှင့် ထိုညစ်ညမ်းတိမ်တိုက်များမှာ ဆုတ်ဖြဲခံလိုက်ရသကဲ့သို့ တရစပ် လည်ပတ်သွားကြတော့သည်။

“သန့်စင်ခြင်းအစီအရင် ဟုတ်လား”

“ငါတို့အိမ်က လူကြီးလည်း အခုဆိုရင် ပြန်ကျန်းမာလာတော့မှာပေါ့နော်”

“ဖြစ်မှာပါ... တစ်မြို့လုံးကို ကြေညာနေတာပဲ မှားစရာမရှိပါဘူး”

“ဟိုမှာကြည့်စမ်း... မှုန်မှိုင်းနေတဲ့ မြူတွေက အဖြူရောင်မြူစင်လေးတွေအဖြစ် ပြောင်းသွားပြီ”

“ကျေးဇူးတင်ပါတယ်”

ခဏချင်းမှာပင် မြို့တော်တစ်ခုလုံးမှာ ဝမ်းသာအားရအော်ဟစ်သံများဖြင့် ပြည့်နှက်သွားပြီး ပျော်ရွှင်မှုတို့ လွှမ်းခြုံသွားတော့သည်။

ရွှီရန်က လှည့်၍ ယဲ့ဖျင်ကို ကြည့်လိုက်သည်။

ယဲ့ဖျင်က ကျေနပ်စွာ ခေါင်းညိတ်ပြရင်း တံဆိပ်ကို လှမ်းယူလိုက်သည်။

“ကျွန်တော် စစ်ဆေးရေးမှူး ယဲ့ဖျင်ပါ။ ကျေးဇူးတင်ပါတယ် ရွှီရန်။ ဒါက တကယ့်ကို အရေးကြီးတဲ့ အခိုက်အတန့်ပါပဲ။ ဒီနေ့ကစပြီး အန္တရာယ်ရှိတဲ့ ညစ်ညမ်းမှုတွေကို အသက်ဓာတ်ပြည့်ဝတဲ့ ဝိညာဉ်စွမ်းအင်တွေအဖြစ် ကျွန်တော်တို့ ပြောင်းလဲနိုင်ပါပြီ။ ညစ်ညမ်းမှုတွေရဲ့ ဘေးအန္တရာယ်ကိုလည်း နောက်ထပ် ခံစားရတော့မှာ မဟုတ်ပါဘူး”

“ဒါက လူသားမျိုးနွယ်အတွက် ကြီးမားတဲ့ ခုန်ပျံကျော်လွှားမှုတစ်ခုပါပဲ။ နောက်ဆုံးတော့ ငါတို့ လုပ်နိုင်ခဲ့ပြီ”

ယဲ့ဖျင်က အားရပါးရ ရယ်မောလိုက်ပြီး တံဆိပ်ကို နှိပ်ကာ အသံလွှင့်မှုကို ရပ်လိုက်သည်။

“ဒီသတင်းက စစ်တုရင်မြို့တော်က ပြည်သူတွေကို ဒီည ကောင်းကောင်း အိပ်ပျော်စေမှာပါ”

“နောက်ပိုင်းမှာ ဝိညာဉ်စွမ်းအင်တွေ ပေါများလာရင် ညစ်ညမ်းမှုကြောင့်ဖြစ်တဲ့ ဝေဒနာတွေလည်း ပျောက်ကွယ်သွားမှာ မဟုတ်လား”

ယဲ့ဖျင်က ရုတ်တရက် စိုးရိမ်စိတ်ဖြင့် “သန့်စင်ပြီးသား ဝိညာဉ်စွမ်းအင်တွေက စစ်တုရင်မြို့တော်ထဲမှာပဲ ကျန်နေပါ့မလား တခြားနေရာတွေကို မြန်မြန်ဆန်ဆန် လွင့်စင်ပျောက်ကွယ်မသွားဘူးလား” ဟု မေးလိုက်သည်။

ရွှီရန်က နွေးထွေးစွာ ပြုံးပြလိုက်သည်။

“မပျောက်ပါဘူး။ ကျွန်တော်က ဝိညာဉ်စုစည်းခြင်းအဆောင်တွေကို ထည့်သွင်းပေးထားလို့ပါ။ တကယ်လို့ မလုံလောက်ဘူးဆိုရင်လည်း မြို့ထဲမှာ ဝိညာဉ်စုစည်းခြင်းအစီအရင်တွေ ထပ်ပြီး တည်ဆောက်လို့ ရပါသေးတယ်”

ယဲ့ဖျင် “ဝိညာဉ်စုစည်းခြင်းအစီအရင်ဆိုရင် အကောင်းဆုံးပေါ့ ဒါဆိုရင် အဲဒါကို လုပ်ပေးဖို့ မင်းကိုပဲ အားကိုးရတော့မှာပဲ”

ရွှီရန်၏ မျက်ဝန်းများမှာ တောက်ပသွားသည်။

“အကြီးဆုံး အစီအရင်ကို အရင်ဆုံး ထွင်းထုပြီးမှ အဲဒီအကြောင်း ဆက်ပြောကြတာပေါ့”

ယဲ့ဖျင်က ခေါင်းညိတ်သည်။

“ဟုတ်သားပဲ မင်းက အမြင့် မီတာ ၅၀၀ ရှိတဲ့ ကျောက်တိုင် ၁၀၈ တိုင်တောင် သယ်လာတာဆိုတော့ အဲဒါက တကယ့်ကို ဧရာမ စီမံကိန်းကြီးပဲ မဟုတ်လား”

ရွှီရန် ခေတ္တစဉ်းစားလိုက်ပြီး “ရပါတယ် ကျွန်တော် အခု အတော်လေး လက်ဝင်နေပါပြီ။ မီတာ ၅၀၀ မြင့်တဲ့ ကျောက်တိုင်တွေကိုတောင် တစ်နေ့ကို သုံးလေးတိုင်လောက် ထွင်းနိုင်နေပြီဆိုတော့ ရက်ပေါင်း နှစ်ဆယ်ကျော်လောက်ဆို ပြီးစီးသွားမှာပါ”

ထိုသို့ဖြင့် ရွှီရန်သည် လယ်ယာစိုက်ပျိုးရေးနတ်ဘုရား၏ စစ်မြေပြင်ဆီသို့ ဦးတည်၍ ထွက်ခွါသွားတော့သည်။

နေ့ရက်တိုင်းမှာ အစီအရင်ယဇ်ပလ္လင်ကို ထွင်းထုခြင်းနဲ့ပဲ အချိန်ကုန်ဆုံးနေခဲ့သည်။

တစ်ခါတစ်ရံတွင်လည်း ထူးချွန်ထက်မြက်လှသည့် ပါရမီရှင်များကို သင်ခန်းစာများ ပို့ချပေးလေ့ရှိသည်။

သူ၏ ပညာရှင်လမ်းညွှန်မှုစွမ်းရည်မှာ ပြီးပြည့်စုံခြင်းအဆင့်ကို ကျော်လွန်သွားပြီဖြစ်ပြီး နောက်ထပ် ရက်ပေါင်းတစ်ရာကျော်လျှင် ဉာဏ်အလင်းပွင့်ခြင်းအဆင့်သို့ တက်လှမ်းတော့မည်ဖြစ်သည်။ သူရှင်းပြလိုက်သည့် တိုက်ခိုက်ရေးစွမ်းရည်များကို ထိုပါရမီရှင်များက အလွယ်တကူပင် နားလည်သဘောပေါက်သွားကြသည်။

ရွှီရန်၏ လမ်းညွှန်မှုအောက်တွင် အထက်တန်းကျောင်းမှ ထိပ်တန်းကျောင်းသားများ၏ တိုက်ခိုက်ရေးပညာရပ်များမှာ အတော်လေး သပ်ရပ်ကျနလာခဲ့ပြီး ဆန်းကြယ်ခြေလှမ်းများမှာလည်း ဖျတ်လတ်ပေါ့ပါးလာသည်။ အင်အားထုတ်ဖော်ပုံများမှာလည်း ရွှီရန်၏ ပြီးပြည့်စုံသော အစီအစဉ်အတိုင်း လိုက်ပါနိုင်စွမ်း ရှိလာကြသည်။

နတ်ဘုရားတစ်ပိုင်း မူကြိုကျောင်းမှ ပါရမီရှင်များမှာမူ ပို၍ပင် ကြောက်မက်ဖွယ်ကောင်းလှသည်။

အတိအကျ ကိန်းဂဏန်းများဖြင့် ပြောရလျှင် သူတို့ထဲမှ အများစုမှာ နည်းပညာပိုင်းတွင် ၄၀ ရာခိုင်နှုန်း ကျွမ်းကျင်မှု ရရှိထားကြပြီး အချို့မှာ ၅၀ ရာခိုင်နှုန်း သို့မဟုတ် ၅၀ ရာခိုင်နှုန်းအထက်အထိပင် ရောက်ရှိနေကြပြီဖြစ်သည်။

ချင်ရိဟို့နှင့် အခြားသူများမှာမူ လွန်ခဲ့သော ရက်ပေါင်း ၃၀၀ က တိုက်ခိုက်ရေးစွမ်းရည် ၃၅ ရာခိုင်နှုန်းသာ ရှိခဲ့သော်လည်း ရက်ပေါင်း ၃၀၀ ကြာ ပြင်းပြင်းထန်ထန် ကျင့်ကြံပြီးနောက်တွင် ၇၀ ရာခိုင်နှုန်းအထိ ရောက်ရှိသွားကြပြီဖြစ်သည်။

ကျူးယွီဟန်မှာ ၇၅ ရာခိုင်နှုန်းအထိ ရောက်ရှိသွားသည်။

သူတို့ထဲတွင် ကျားမလေး၏ တိုက်ခိုက်ရေးစွမ်းရည်မှာ အမြင့်ဆုံးဖြစ်ပြီး ၈၀ ရာခိုင်နှုန်းအထိ ရှိနေသည်။ ၎င်းမှာ ရွှီရန်က မီးခိုးရောင်ပုံရိပ်ယောင်နှင့် တိုက်ခိုက်စဉ်က ရှိခဲ့သည့် အဆင့်အတန်းမျိုးပင်။

ကျားမလေးသည် ၈၀ ရာခိုင်နှုန်းအဆင့်တွင် နှစ်လခန့် ရပ်နေခဲ့သော်လည်း သူမ၏ တိုက်ခိုက်ရေးဆိုင်ရာ နားလည်သဘောပေါက်မှုမှာ အလွန်ပင် အံ့အားသင့်ဖွယ် ကောင်းလှဆဲဖြစ်ရာ ကောင်းကင်ဘေးဒုက္ခသုံးကြိမ်တိုင်တိုင် ခံယူရမည့် ပါရမီရှင်တစ်ဦးနှင့် ထိုက်တန်သည်။

ရွှီရန်နှင့် နှိုင်းယှဉ်လျှင်မူ သူမမှာ အဆင့်တစ်ခု နိမ့်နေသေးသည်။

ရွှီရန်မှာ ယခုအခါ ၉၉ ရာခိုင်နှုန်းသို့ ရောက်ရှိနေပြီဖြစ်သည်။ အနည်းငယ်မျှ ထပ်မံပြုပြင်မွမ်းမံရုံဖြင့် ၁၀၀ ရာခိုင်နှုန်း ပြည့်တော့မည်ဖြစ်သည်။ ၁၀၀ ရာခိုင်နှုန်း ပြည့်သွားသောအခါ ဘာဖြစ်လာမည်ကို သူ မသိသော်လည်း၊ အလွန်တရာ ကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်ရေးအဆင့်သို့ သူ့ကို တွန်းပို့ပေးလိမ့်မည်ဟု သူ ခံစားနေရသည်။

ဒါက အသွင်ပြောင်းလဲခြင်း ပြီးမြောက်သွားခြင်းမျိုးများ ဖြစ်နေမလား။

ထိုသို့ သင်ကြားပို့ချပေးနေရင်း အလွန်အမင်း အစွမ်းထက်လှသည့် ပါရမီရှင်အုပ်စုတစ်စု မွေးဖွားလာနေပြီဖြစ်သည်...

မဝေးတော့သော အနာဂတ်တွင် သူတို့သည် ရွှီရန်၏ နောက်မှ လိုက်ပါရင်း ကောင်းကင်ဘေးဒုက္ခ ညစ်ညမ်းနယ်မြေအတွင်းသို့ ထိုးဖောက်ဝင်ရောက်ကာ ရွှီရန် ဦးဆောင်သည့် အဆုံးစွန်သော တိုက်စစ်တပ်ဦးကြီးအဖြစ် ဝေးလံလှသော အရပ်များအထိ မဆုတ်မနစ် လိုက်လံနှိမ်နင်းကြပေလိမ့်မည်။

ဤမျိုးနွယ်စုများအကြား စစ်ပွဲသည် ဆန်းကြယ်ရှေးဟောင်းအုတ်ချပ်များမှ သူမြင်တွေ့ခဲ့ရသည့် ပုံရိပ်များကို ပြန်လည်အမှတ်ရစေသည် မီတာသောင်းချီ ရှည်လျားသော နဂါးကြီးအဖြစ် ပြောင်းလဲကာ မိစ္ဆာများကို တိုက်ခိုက်နေသည့် မဟာတံတိုင်းကြီးမှာ အလွန်ပင် အစွမ်းထက်လှသော်လည်း ထိုကဲ့သို့သော ယဉ်ကျေးမှုမျိုးပင် မည်သည့်ခြေရာလက်ရာမျှမကျန် ပျောက်ကွယ်သွားခဲ့ရသည်။

ကျူးယွီဟန် မြင်တွေ့ခဲ့ရသည့် ကျန်းကျောက်မှာလည်း တစ်ပါးဂြိုဟ်ကို ကျူးကျော်နိုင်ပြီး ၎င်းတို့၏ နတ်ဘုရားသစ်ပင်ကို မီးရှို့နိုင်လောက်အောင် အစွမ်းထက်ခဲ့သော်လည်း အခြေအနေကို ပြောင်းပြန်မလှန်နိုင်ခဲ့ချေ...

ထို့ကြောင့် နောက်ဆုံးရန်သူမှာ မတွေးဝံ့စရာကောင်းလောက်အောင် အစွမ်းထက်နေပေလိမ့်မည်။

အပြာရောင်ဂြိုဟ်ပေါ်တွင် အစွမ်းထက်သူများ ပိုမိုများပြားလာလေလေ အောင်ပွဲအတွက် မျှော်လင့်ချက် ပိုကြီးမားလာလေလေပင်။

ထို့ကြောင့်လည်း ရွှီရန်က အလွန်တရာ အလေးအနက်ထား၍ သင်ကြားပေးနေခြင်းပင်။

နောက်ထပ် ရက်ပေါင်း ၂၀ ကုန်လွန်သွားခဲ့ပြန်သည်။

စစ်တုရင်မြို့တော်ရှိ ညစ်ညမ်းမှုများ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ လူတို့၏ ခန္ဓာကိုယ်အတွင်းရှိ ညစ်ညမ်းမှုများကို ပိုမိုပေါများလာသော ဝိညာဉ်စွမ်းအင်များက တွန်းထုတ်ပေးလိုက်ပြီးနောက် အစီအရင်ကြီးက ၎င်းတို့ကို ခြေဖျက်သုတ်သင်ပစ်လိုက်သည်။

မြို့အတွင်းရှိ အပင်များမှာ ကျောက်စိမ်းရုပ်တုများအလား စိမ်းစိုလာခဲ့သည်။

လူတို့၏ ခန္ဓာကိုယ်များမှာလည်း တဖြည်းဖြည်း ပြန်လည်ကျန်းမာလာကြသည်...

အဓိက ဆေးရုံကြီးများတွင်လည်း မကြာသေးမီက မွေးဖွားလာသည့် ကလေးငယ်များမှာ ပိုမိုကျန်းမာလာပြီး အသားအရေများမှာလည်း ပန်းရောင်သမ်းကာ ကျန်းမာရေးဆိုင်ရာ အညွှန်းကိန်းများ သိသိသာသာ မြင့်မားလာသည်ကို စတင်တွေ့ရှိလာရသည်။

ကလေးငယ်များအကြား အအေးမိခြင်းနှင့် အခြားဝေဒနာများမှာလည်း လျော့နည်းသွားခဲ့သည်။

သိပ်ပြီးမကောင်းသည့် တစ်ခုတည်းသောအချက်မှာ ပိုးဟပ်များနှင့် ကြွက်များကဲ့သို့သော သတ္တဝါများမှာလည်း ပိုမိုတက်ကြွလာခြင်းပင်။

သို့သော် ကံကောင်းထောက်မစွာဖြင့် မြို့အတွင်း၌ ဖမ်းဆီးရေးအဖွဲ့များနှင့် ပိုးမွှားနှိမ်နင်းရေးအဖွဲ့များက အလုပ်ရှုပ်နေကြကာ မြွေ၊ ပိုးမွှားနှင့် ကြွက်များ၏ အဆမတန် တိုးပွားလာမှုကိုလည်း ထိန်းချုပ်နိုင်ခဲ့သည်။

All Chapters